← Chapters

နက်ရှိုင်းသော စွမ်းအား

Vol. 87 Ch. 862

နက်ရှိုင်းသော စွမ်းအား

Vol. 87 Ch. 862

သစ်တောထဲ အချိန်အတော်ကြာ လှည့်ပတ်သွားလာရင်း လှိုဏ်ဂူတဂူကို စုချန်း တွေ့လိုက်ရ၏။ ထိုအခါ သူ အထဲသို့ လှမ်းဝင်လိုက်လေသည်။

လတ်တလောအခြေအနေအရ သူ့အနေနှင့် အလွန်အလှမ်းကွာဝေးသော နေရာများသို့ လျှောက်မသွားရဲချေ။ အကြောင်းမှာ နေရာကွာခြားမှုပေါ်မူတည်၍ အဆိပ်၏အာနိသင်များကလည်း ကွဲပြားခြားနားနေကြသောကြောင့်ပင်။ အခန့်မသင့်လျင် အသက်အန္တရာယ်ပင် ရှိနိုင်သည်မဟုတ်ပါလား။ တကယ်တော့ ဤသို့ အန္တရာယ်ကြီးလှသောနေရာမျိုးတွင် ဒဏ္ဍာရီလာအာကင်နာပညာရှင်များပင်လျှင် သတိလက်လွတ် မသွားရဲ။

မည်သည့်အဆိပ်အန္တရာယ်မျိုးမှ မကြုံရပဲ လွတ်မြောက်လာသည်ကို တွေ့ရမှ စုချန်း သက်ပြင်းချမိ၏။ ကြည့်ရသလောက် တကိုယ်လုံးကို သိုးအရေခွံနှင့် ပတ်ထား၍သာ သူ အဆိပ်မသင့်ခြင်း ဖြစ်ပေလိမ့်မည်။

ဤသိုးရေခွံသည်ကား အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှ၏။ ၎င်းသည် စုချန်းအပေါ် ကျရောက်လာသည့် အဆိပ်မျိုးစုံကို မြိန်ရေယှက်ရေပင် စားသုံးနေလေသည်။

ထို့ကြောင့် စုချန်း၏ ပတ်ဝန်းကျင်၌ မည်သည့်အဆိပ်မှ ရှိမနေတော့။သို့သော် ဤသိုးရေခွံကို အသုံးပြု၍ တတောင်လုံးရှိ အဆိပ်များကို စုပ်ယူပစ်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း စုချန်း တွေ့လိုက်ရ၏။

အဆိပ်တထောင်တောင်သည် နာမည်နှင့်လိုက်အောင် ထူးဆန်းနေသည့်ပုံပင်။ တတောင်လုံးရှိ အဆိပ်များသည် အမျိုးအမည်မသိသော ရင်းမြစ်တခုမှ အဆုံးမရှိ ထွက်ပေါ်နေပုံပေါ်နေချေသည်။ မည်သို့ဆိုစေ သိုးရေခွံအတွက်မူအဆိပ်တထောင်တောင်မှာ ရတနာများ ပြည့်နှက်နေသော တောင်တလုံးဟု ဆိုရပေလိမ့်မည်။

သို့သော် စုချန်းကား တောင်ကြားထဲတွင် ပိတ်မိနေဆဲပင်တည်း။

ကံကြမ္မာလက်ချောင်းများခေါင်းဆောင်သည် တားမြစ်နယ်မြေအတွင်းသို့ မဝင်ရဲသည့်တိုင် စုချန်းကိုလည်း အလွယ်တကူ ထွက်ပြေးခွင့်ပေးလိမ့်မည်မဟုတ်။ သူသည် အနီးအနားတစ်နေရာမှ စောင့်ဆိုင်းနေဖွယ်ရာ ရှိနေ၏။ ထို့ကြောင့် စုချန်းတယောက် မည်သို့ထွက်ပြေးရမည်ကို တွေးတောရင်း ခေါင်းပင်ကိုက်လာတော့သည်။

စုချန်း ဘာမှမတတ်နိုင်။ အချိန်တခုထိ စောင့်ဆိုင်းနေရန်သာ ရှိတော့၏။ သို့သော် တဖက်တွင်လည်း ပါလာသော ရိက္ခာနှင့်ရေပမာဏကို စုချန်း ထည့်တွက်နေရသေးသည်။ ရန်သူသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး သူ့လက်အောက်ငယ်သားများကလည်း အသင့်အနေအထားတွင် ရှိနေကြ၍ စုချန်း၏ အခြေအနေမှာ သိပ်တော့မဟန်လှချေ။

အထက်ပါအတိုင်း အတွေးနယ်ချဲ့နေစဉ် စုချန်းနားထဲသို့ ရုတ်တရက် အသံတသံ တိုးဝင်လာ၏။

"မင်းရဲ့စွမ်းရည်ကိုတော့ ကျုပ်လေးစားမိတယ် တားမြစ်နယ်မြေအတွင်းပိုင်းထိ ဝင်ပြီး ဒီလောက်ထိ သက်ဆိုးရှည်နေတာပဲကိုး"

စုချန်း ပြုံးလိုက်၏။

"ခင်ဗျားလဲ အတူတူပဲ မလား အသက်ရှင်ဖို့ အဆိပ်တထောင်တောင်ကို မှီခိုနေရတာလေ ကျုပ်က ကံကြမ္မာလက်ချောင်းများအဖွဲ့ကို အတုခိုးလိုက်တဲ့သဘောပါပဲ ဒါမှမဟုတ် ကံတရားကိုက ဒီလိုဖြစ်လာဖို့ စီမံထားသလား မဆိုနိုင်ဘူး"

တဖက်လူ ဒေါသထွက်သွားဟန်တူသည်။ သို့သော် သူက ဒေါသကို ချုပ်တည်းပြီး မေးလိုက်ပြန်၏။

"မင်း ဘယ်သူလဲ"

စုချန်း မေးခွန်းကို ပြန်မဖြေပဲ ရယ်ရုံမျှသာ ရယ်လိုက်သည်။ သူ့မေးခွန်းများ အရာမရောက်ကြောင်း သိလိုက်သည်နှင့် ကံကြမ္မာလက်ချောင်းများခေါင်းဆောင်က ထပ်ပြောလိုက်၏။

"မင်း ဒီတားမြစ်နယ်မြေထဲက အဆိပ်ကို မမှုဘူးဆိုရင်တောင် ဒီအထဲမှာတော့ ပိတ်မိနေတာပဲလေ မင်းတဘဝလုံးကို ဒီထဲမှာပဲ ကုန်ဆုံးသွားဖို့တော့ မမျှော်လင့်ထားဘူးမလား"

စုချန်း ရယ်မောလိုက်ပြန်၏။

"ကျုပ် ခံနိုင်ရည်ရှိအောင် နေထိုင်သွားရမှာပေါ့ဗျာ ဒါနဲ့ ကျုပ် ဒီမှာရှိနေသရွေ့ ခင်ဗျားလည်း ကျုပ်ကို အဖော်လုပ်ပေးရတော့မှာပေါ့ ဟုတ်တယ်မလား"

ခေါင်းဆောင်က ထပ်မံကလိလိုက်ပြန်သည်။

"မင်းက ကျုပ်တို့အဖွဲ့ရဲ့ပစ္စည်းတွေ အများကြီး ခိုးသွားတယ် ဒီတော့ ကျုပ်အနေနဲ့ မင်းကို အဖော်လုပ်ပေးရတော့ကော ဘာဖြစ်သလဲ အဆိပ်တထောင်တောထဲမှာ အဆိပ်ပင်တွေကလွဲလို့ ဘာမှမရှိဘူးလေ ကျုပ်ကမှ အပြင်မှာ သာသာယာယာ ရှိသေးတယ်"

စုချန်း အားရပါးရ ရယ်မောလိုက်၏။

"ခင်ဗျားတို့အဖွဲ့ရဲ့ အဖိုးတန်ပစ္စည်းမှန်ငမျှ ကျုပ်လက်ထဲ ရောက်နေပြီ အခုဆိုရင် ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ကပါ အဖော်လုပ်ပေးအုံးမယ် ဒီတော့ ဒီအထဲမှာ ပိတ်မိနေတော့ရော ဘာဖြစ်သလဲ ကျုပ်ရဲ့ မူလလက်စွပ်ထဲမှာ ရတနာတွေ အတော်များများ ရှိနေတယ် တကယ်လို့ ကျုပ်သာ ဒီမှာသေဆုံးသွားရင် ကံကြမ္မာလက်ချောင်းများရဲ့ ရတနာတွေလည်း ကျုပ်နဲ့အတူ ထာဝရပျောက်ဆုံးသွားတော့မှာပဲ"

ခေါင်းဆောင် ကျွဲမြီးတိုလာဟန်ရှိသည်။

"ဒီလို လုပ်တာ ဘယ်သူ့အတွက်များအကျိုးမှာမို့လိုလဲကွာ ဒီတော့ ဒီလိုလုပ်ရအောင်... မင်းအနေနဲ့ ကံကြမ္မာလက်ချောင်းများရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးမယ်ဆိုရင်..."

"ဘာလဲ ခင်ဗျားက ကျုပ်ကို လွှတ်ပေးမယ်ပေါ့ ဟုတ်လား"

စုချန်း တဟားဟားနှင့် ရယ်မောလိုက်၏။

"ခင်ဗျား ဒီလိုပြောမယ်ဆိုတာ ကျုပ် သိပြီးသားပါလေ ဒီလို အရေမရအဖတ်မရစကားတွေပြောနေတာက ကျုပ်အချိန်ကို ဖြုန်းတီးနေတာနဲ့ အတူတူပဲ"

ခေါင်းဆောင် ရယ်မောလိုက်၏။

"မှန်ပါတယ် ကျုပ်ဘက်က စိတ်ရင်းမှန်ကြောင်းကို အရင်ပြဖို့ လိုမယ်ဆိုတာ ကျုပ် သိတယ် ဒီလိုဆိုရင်ကောကွာ ကျုပ် ခီလစ်ဒါ မင်းကို ဘယ်လိုမှ မထိခိုက်စေဘူးလို့ သစ္စာဆိုလိုက်မယ်"

စုချန်း ပျင်းရိလေးတွဲ့သော လေသံနှင့် ပြန်ပြောလိုက်သည်။

"ကံကြမ္မာလက်ချောင်းများအဖွဲ့ရဲ့ ခေါင်းဆောင်ဆီက သစ္စာစကားဆိုတာ... ဟားဟား ဟား...ကျုပ်က ယုံစရာလားဗျ"

ပါးစပ်ကသာ ဤသို့ပြောလိုက်သော်လည်း တကယ်တမ်းတွင် စုချန်း အကြီးအကျယ် စိတ်လှုပ်ရှားသွား၏။

ခီလစ်ဒါလား ဒါဆို ဒီလူက တကယ်ပဲ ခီလစ်ဒါ ဖြစ်နေတာကိုး...

ဤအတိုင်းဆိုလျင် ဤလူ သူ့ကို ခြေရာခံနိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။

ခီလစ်ဒါဟူသည် သူ့ဘဝ၏ အထွတ်အထိပ်ကာလများတွင် အစွမ်းအထက်ဆုံး နာမည်ကျော်တဦး ဖြစ်ခဲ့၏။ သူသည် သေခြင်းကြယ်၊ အမှောင်ထုသင်္ချိုင်း၊ မိုးကြိုးသခင်အစရှိသည့် နာမည်ပြောင်များစွာကိုလည်း ပိုဆိုင်ထားသေးသူ ဖြစ်သည်။

ကြားဖူးသလောက်ပြောရလျင် ခါလစ်ဒါ၏ အာကင်နာပညာရပ်အပေါ်လေ့လာမှုသည် ရှေးခေတ်အာကင်နာများထက် မနိမ့်လှ။ တချို့ရှုထောင့်များတွင် ခီလစ်ဒါသည် ရှေးအာကင်နာများထက်ပင် သာလွန်နေသည်ဟု ဆိုကြ၏။ ထို့ကြောင့် သူ့အင်အားမှာလည်း အတိုင်းအဆမရှိ နက်ရှိုင်းလှပေသည်။

စုချန်းအဖို့တော့ ဤအချက်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ဖူးလေပြီ။

ရှေးအခါကဆိုလျင် ခီလစ်ဒါသည် မူလကမ္ဘာကြီးတစ်ခွင်လုံးသို့ ခရီးနှင်ပြီး မတူညီသော ဉာဏ်ရည်မြင့် မျိုးစိတ်များအကြားတွင် နေထိုင်ခဲ့ဖူး၏။ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ခီလစ်ဒါအဖို့ကား နာမည်ကောင်းတခု အမြဲကျန်ရစ်ခဲ့သည်သာ။ ထို့ပြင် ခီလစ်ဒါသည် အစွမ်းထက်အာကင်နာပညာရှင်တဦးသာမကပဲ လူသားများနှင့် သတ်ဖြတ်သူများ၏ ကျင့်ကြံခြင်းစနစ်များကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ လေ့လာခဲ့ဖူး၏။

အတိုချုပ်ပြောရလျင် ခီလစ်ဒါသည် လူတိုင်းက လေးစားခြင်းခံရသည့် အာကင်နာလက်ကျန်အနည်းငယ်ထဲမှ တဦးဟု ဆိုနိုင်၏။ သူ့ တိုက်ခိုက်မှုပုံစံသည် အလွန်ထူးဆန်းသည်နှင့်အမျှ သက်ရောက်မှုကြီးမားလှ၏။ ထို့ကြောင့် သူသည် စစ်မှန်သော ပါရမီရှင်တဦးပင် ဖြစ်သည်။

ခီလစ်စ်ဒါ၏ နာမည် လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ချေပြီ။ ယခုတော့ ကံကြမ္မာလက်ချောင်းများအဖွဲ့ခေါင်းဆောင်က သူ့ကိုယ်သူ ခီလစ်ဒါဟု မိတ်ဆက်နေသည်ဆိုပါကလား။

မယုံနိုင်စရာကောင်းတဲ့ တိုက်ဆိုင်မှုပါပဲလား...

စုချန်း အထက်ပါအတိုင်း တွေးတောမိနေ၏။

တဖက်တွင်လည်း ခီလစ်ဒါသည်ကံကြမ္မာလက်ချောင်းများအဖွဲ့ခေါင်းဆောင်ဖြစ်ရုံမျှနှင့် သူ့စကားက ယုံစရာမရှိကြောင်း စုချန်း မြန်မြန်ဆန်ဆန် ကောက်ချက်ချလိုက်ခြင်းကြောင့် အံ့သြသွား၏။

ခီလစ်ဒါတယောက် သူ့နာမည်ကို တမင်တကာ ထုတ်ပြောလိုက်သည်မှာ တဖက်လူ ယုံကြည်သွားစေရန် ရည်ရွယ်၏။ ခီလစ်ဒါ၏ သမိုင်းတွင် ကတိဖျက်သည်ဟု ဘယ်သောအခါမှ မရှိခဲ့။

သူ့လိုလူစားမျိုးကို စုချန်း အဘယ်ကြောင့် မယုံကြည်ရသနည်း။၎င်းမှာ မည်သို့မှ ယုတ္တိမတန်ချေ။

ခီလစ်ဒါ ဒေါသထွက်လာ၏။ သို့သော် သူ ဘာမှ မတတ်နိုင်။ ထိုအခါ သူက မေးလိုက်ပြန်သည်။

"ဒါဆို မင်းလိုချင်တာ ဘယ်လိုကတိမျိုးလဲ ကျုပ်ကို ပြောစမ်းပါအုံး"

စုချန်း စိတ်မဝင်စားသည့်လေသံနှင့် ပြန်ပြောလိုက်၏။

"ချည်နှောင်မှုရှိတဲ့ ဘယ်ကတိကဝတ်မျိုးမှ အသုံးမဝင်ပါဘူးဗျာ ဒီတော့ မေ့လိုက်ပါ ကျုပ်လဲ ပင်ပန်းနေလို့ ခင်ဗျားနဲ့ ဆက်ပြီး စကားမပြောချင်တော့ဘူး ခနတဖြုတ် အနားယူလိုက်အုံးမယ်"

ခီလစ်ဒါ အသံပြုနေသေး၏။ သို့သော် စုချန်းကတော့ တခွန်းမှ ပြန်မဖြေတော့။

သူ တကယ်ကြီး ပင်ပန်းနေခဲ့လေပြီ။

သိပ်မကြာမီ စုချန်း အိပ်ပျော်သွား၏။ သူ အိပ်ယာမှ ပြန်နိုးလာချိန်တွင်ကား တလောကလုံး အမှောင်ထုဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။

စုချန်း မှောင်မည်းနေသော ကောင်းကင်ကို မော့ကြည့်ပြီး ရေရွတ်လိုက်၏။

"ဒီလိုအခြေအနေ ဒီလိုပတ်ဝန်းကျင်မျိုးမှာ အိပ်ပျော်နိုင်တယ်ဆိုတော့ ငါဟာ အတော်လေးကို စိတ်ချမ်းသာနေတဲ့သဘောပဲ"

သို့သော် ယခုတော့ သူ အိပ်ယာမှ နိုးလာခဲ့လေပြီ။ သူ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။ မည်သို့ အချိန်ဖြုန်းရမည်နည်း။

ထိုအချိန်မှာပင် သူ့လက်ထဲရှိ တစုံတရာကြောင့် စုချန်း အံ့သြသွား၏။ ထိုတစုံတရာမှာ တခြားမဟုတ်။ သူ ဖမ်းဆွဲယူခဲ့သည့် "စိုးရိမ်" ဟူသော စကားလုံး၏ အပိုင်းအစတခုပင် ဖြစ်သည်။ ၎င်းသည် ခီလစ်ဒါ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အံ့သြစရာကောင်းလောက်အောင် မပြိုကွဲသေးပဲရှိနေ၏။

စုချန်း ဒိန်းခနဲ ရင်ခုန်သွားပြီး စာလုံးအပိုင်းအစကို အနီးကပ် စစ်ဆေးကြည့်လိုက်၏။ သူ့မျက်လုံးများသည် တဖြတ်ဖြတ် တောက်ပလာပြီး ပရမတ်အမြင်အာရုံ နိုးထလာလေသည်။

အံ့အားသင့်စရာကောင်းနေသည်မှာကား အပိုင်းအစ၏ ဖွဲ့စည်းပုံကို ပရမတ်အမြင်အာရုံဖြင့် မြင်နိုင်စွမ်းမရှိခြင်းပင်။ ကြည့်ရသလောက် သူ့ရှေ့မှအပိုင်းအစသည် မည်သည့်ပရမတ်ပစ္စည်းနှင့်မှ ဖွဲ့စည်းထားပုံမရချေ။ ထို့ကြောင့် စုချန်းအနေနှင့် ၎င်းကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိခြင်းပင်။

သို့သော် ထိုသို့ မမြင်နိုင်ရုံနှင့် မသိနိုင်၊ မခံစားနိုင်ဟုတော့ ဆိုလိုခြင်းမရှိချေ။

လေဟာနယ်ထဲမှာပင် စုချန်းသည် ဖြစ်တည်မှုတချို့ကို ခံစားနိုင်စွမ်းရှိ၏။ သို့ဆိုလျင် ဤတည်ရှိမှုသည် လက်တွေ့ဘဝနှင့် လေဟာနယ်များကြား ထူးခြားစွာ တည်ရှိနေပုံရ၏။

"ဒီတော့ ဒီစွမ်းအားမျိုးက ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရမရှိဘူးပေါ့လေ"

စုချန်း တီးတိုးရေရွတ်လိုက်မိ၏။

ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ပိုမိုနက်ရှိုင်းသော၊ နားလည်ရန်ခက်ခဲသော သဘောတရားဆိုင်ရာ အဆင့်တဆင့်မှ ပေါက်ဖွားလာခြင်းဖြစ်ပေလိမ့်မည်။ ၎င်း၏လျှို့ဝှက်ချက်များကို နားလည်ခံစားနိုင်သူများသာ စွမ်းအားကို ထုတ်ယူအသုံးပြုနိုင်လိမ့်မည်။

သူ ယခင်က ဒဏ္ဍာရီဟုသာ ထင်မှတ်ခဲ့သောအရာကို စုချန်းတယောက် နောက်ဆုံးတော့ ခံစားမိလိုက်ချေပြီတည်း။

လက်စသတ်တော့ အနှီဒဏ္ဍာရီသည် အမှန်တရားဖြစ်နေခဲ့၏။

ဤသို့သော စွမ်းအားမျိုးသည် ရုပ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ရန် မည်သို့မှ မဖြစ်နိုင်ချေ။ သို့သော် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပြန်၏။ တနည်းအားဖြင့် ၎င်းသည် အလင်းဖြစ်သည်၊ လှိုင်းဖြစ်သည်၊ လေဟာနယ်ဖြစ်သည် စသဖြင့် စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်သည့် ထူးခြားဆန်းကြယ်စွမ်းအားတမျိုး ဖြစ်ပေသည်။ သို့သော် လူသားများအဖို့ကား ဤစွမ်းအားမျိုးနှင့် ထိတွေ့နေနိုင်ဆဲပင်တည်း။

သို့ဆိုလျင် ဤစွမ်းအားကို စုချန်း မည်သို့ထိန်းချုပ်မည်နည်း။ မူလစွမ်းအင်နှင့် မဟုတ်သည်မှာတော့ သေချာနေ၏။ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် မူလစွမ်းအင်ထက် ပိုမိုမြင့်မားသောအဆင့်တခုတွင် တည်ရှိနေ၏။

အထက်ပါအတိုင်း တွေးတောရင်း စိတ်လှုပ်ရှားလာသဖြင့် စုချန်း ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင် မနည်းထိမ်းသိမ်းထားရ၏။

နောက်ဆုံးတော့ ဤစွမ်းအားကို မည်သို့မည်ပုံ ထိန်းချုပ်ရမည်ကို စုချန်း တွေးမိလာ၏။ သူ့အနေနှင့် ဤစွမ်းအားကို ဆေးမင်များမှတစ်ဆင့် ထိန်းချုပ်ရပေလိမ့်မည်။

မှန်ပါသည်။ ဓာတ်သဘောဆေးမင်များနှင့် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား နီးနီးကပ်ကပ် ဆက်စပ်နေကြောင်း စုချန်းတယောက် နောက်ဆုံးတော့ အတည်ပြုနိုင်ခဲ့ပေပြီ။

အသက်၊ လေနှင့် မိုးကြိုး စသော ဆေးမင်သုံးမျိုး၏ စွမ်းအားများကို ရရှိပြီးနောက် စုချန်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ခံစားမိလာနိုင်၏။ သို့သော် ထိုသို့ သက်ဝင်ခံစားမိရုံနှင့် ဤစွမ်းအားကြီးကို သူပိုင်ဆိုင်သွားပြီဟု မဆိုလိုချေ။ ပိုင်ဆိုင်ဖို့နေနေသာသာ ဤစွမ်းအားသည် စင်စစ် သူနှင့်ပင် မဆိုင်သေး။

သို့သော် ဤတကြိမ်တွင်မူ အခြေအနေမှာ ကွဲပြားနေ၏။

စကားလုံးအပိုင်းအစမှတဆင့် ရုပ်ပိုင်းဆိုင်ရာပုံစံကို ယူဆောင်ထားသည့် ဤဆန်းကြယ်စွမ်းအားကို သူ မြင်တွေ့နိုင်ခဲ့ချေပြီမဟုတ်ပါလား။ ဤသည်မှာ နှစ်ထောင်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးမျိုး ဖြစ်ကောင်းဖြစ်နေနိုင်၏။ တဖန် စုချန်းသည် ဆေးမင်များနှင့် ပရမတ်မျက်လုံးများကြောင့် ၎င်းတို့ကို ပိုမိုလေ့လာနိုင်ခဲ့၏။

အထက်ပါအတိုင်းတွေးတောရင်း စုချန်းတယောက် စကားလုံးအပိုင်းအစကို ဂရုတစိုက် စစ်ဆေးနေ၏။ ထိုအချိန်မှာပင် စုချန်း၏ ကိုယ်တွင်းမှ ဆေးမင်များ၏ စွမ်းအားကလည်း အလိုအလျောက် နိုးကြားလာပုံရပြီး စကားလုံးအပိုင်းအစများသည် တဖြည်းဖြည်း အရောင်တောက်ပလာလေသည်။

စုချန်း အကြီးအကျယ် စိတ်လှုပ်ရှားလာပြီး သူ့ကိုယ်တွင်း၌ စွမ်းအားကို အဆက်မပြတ် မြှင့်တင်ရန် ကြိုးစားလိုက်၏။

သို့သော်...

ဟင်...ဘာဖြစ်သွားတာလဲ...

စုချန်း အံ့အားသင့်သွားသည်။ သူသည် အပိုင်းအစကို ထပ်၍ စစ်ဆေးကြည့်လိုက်သည်။ သို့သော် အပိုင်းအစမှ ထွက်ပေါ်နေသော အလင်းရောင်များ ပျောက်ကွယ်သွားခဲ့လေပြီ။

စုချန်း စိတ်ပျက်သွား၏။ ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သူ့ကိုယ်တွင်းရှိ ဆေးမင်များ ထပ်မံအသက်ဝင်လာပြီး သူ့လက်ထဲရှိ အပိုင်းအစသည်လည်း တောက်ပလာပြန်သည်။

စုချန်း ဝမ်းမြောက်သွားပြန်၏။

ထိုစဥ်...

တောက်ပနေသောအလင်းသည် ရေနှင့်အပက်ခံလိုက်ရသော မီးတောက်ကဲ့သို့ ရုတ်တရက်ပျောက်ကွယ်သွားပြီး သူ၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဤသို့နှင့် စုချန်း မျှော်လင့်ချက်မရှိတော့ဟု တွေးမိလိုက်တိုင်း အပိုင်းအစသည် သူ၏ ကိုယ်တွင်းရှိ ဆေးမင်များနှင့် စတင်ချိတ်ဆက်နိုးထလာတတ်၏။ တဖန် ထိုစွမ်းအားကို သူ ထိန်းချုပ်ရန် ကြိုးစားလိုက်တိုင်း အပိုင်းအစမှ ထွက်ပေါ်နေသောအလင်းရောင်မှာ ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

အချိန်အတော်ကြာအောင် အထက်ပါအတိုင်း သံသရာလည်နေပြီးနောက် စုချန်း နောက်ဆုံးတော့ နားလည်သွားခဲ့၏။

အနှီနက်နဲသောစွမ်းအားသည် စုချန်း၏ စိတ်ခံစားချက်ကို အာရုံခံနိုင်ပုံရ၏။

သဘောတရားအရ ၎င်းမှာ မြည်းတကောင်နှင့် တူလေသည်။

စုချန်းအနေနှင့် ထိုစွမ်းအားကို ဖျားယောင်းရန် ကြိုးစားတိုင်း ၎င်းသည် အမိန့်ကို မနာခံပဲ ပေကတ်ကတ် ဂျစ်ကန်ကန် လုပ်နေတတ်၏။ သို့သော် စုချန်းက ထိုစွမ်းအားကို လစ်လျုရှုထားလိုက်ပါက ၎င်းသည် အပြင်သို့ ရုန်းကန်ထွက်ရန် ကြိုးစားလာတတ်လေသည်။

All Chapters