← Chapters

သဘာဝစွမ်းအား ၁

Vol. 87 Ch. 863

သဘာဝစွမ်းအား ၁

Vol. 87 Ch. 863

ထိုသဘောတရားကို နားလည်သွားသည်နှင့် သူ ဘာလုပ်သင့်မှန်း စုချန်း နားလည်သွား၏။ ထိုအခါ သူသည် အနှီစွမ်းအားများ ရုန်းကန်တိုးထွက်လာတိုင်း ၎င်းစွမ်းအားကို ထိန်းချုပ်ရန် မကြိုးစားတော့ပဲ စိတ်ကြိုက်ကြီးထွားခွင့်ပေးလိုက်၏။ တဖက်တွင်လည်း သူ့ခံစားချက်ကို တည်ငြိမ်အောင် ထိမ်းသိမ်းထားလိုက်လေသည်။

တကယ်လည်း ဤတစ်ကြိမ်တွင် အနှီစွမ်းအားများ ပျောက်ကွယ်သွားခြင်း မရှိတော့ချေ။ သို့သော် အနေအထားမှာ စကားလုံးအပိုင်းအစမှ အလင်းတန်းများ ထွက်ပေါ်နေသည့်အခြေအနေသာ ရှိနေသေး၏။ စုချန်းအနေနှင့် စွမ်းအားဖွဲ့စည်းပုံနှင့်ပတ်သက်၍ များများစားစား သုံးသပ်နိုင်ခြင်းမရှိသေးချေ။

အနှီ ထူးခြားဆန်းကြယ်ပြီး တိုင်းဆမရနိုင်သည့် စွမ်းအားများသည် ရုပ်ပိုင်းဆိုင်ရာ သဘောသဘာဝ မရှိသည့်အပြင် ဖွဲ့စည်းပုံအရလည်း ခွဲခြမ်းစိတ်ဖြာ၍ မရချေ။ ယုတ်စွအဆုံး ပရမတ်မျက်လုံးများနှင့်ပင် စွမ်းအား၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာ၍ မရ။ ထို့ကြောင့် ထိုစွမ်းအားကို မည်သို့ထိန်းချုပ်ရမည်ကို စုချန်းအနေနှင့် မတွေးတတ်အောင်ပင် ရှိလေသည်။

သို့သော်လည်း စုချန်းအနေနှင့် စာသားအပိုင်းအစ၏ အသေးစိတ်အချက်အလက်များကို ထိုးဖောက်မြင်နိုင်စွမ်းမရှိသည့်တိုင် အနည်းဆုံးအနေနှင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကိုတော့ လေ့လာနိုင်ကြောင်း တွေ့လာရ၏။ မှန်ပါသည်။ အပြောင်းအလဲများ။ အနည်းဆုံးတော့ ဤစွမ်းအင်သည် ပြောင်းလဲနေသည်မဟုတ်ပါလား။

ထို့ပြင် ဤစွမ်းအင်၏ ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ်သည် စုချန်း၏ စိတ်ခံစားချက်ပေါ်တွင် မူတည်နေပြန်၏။ အကြောင်းမှာ စုချန်း၏ ခန္ဓာကိုယ်ထဲတွင် အဆိုပါတိုင်းဆမရနိုင်သော စွမ်းအားများ ရှိနှင့်ပြီးသား ဖြစ်နေသောကြောင့်ပင်။

အရိုးရှင်းဆုံးပြောရလျှင် စုချန်း၏ ခန္ဓာကိုယ်ထဲရှိ တိုင်းဆမရနိုင်သော စွမ်းအားများနှင့် စကားလုံး အပိုင်းအစများသည် သူ့စိတ်ခံစားချက်များနှင့် တနည်းတဖုံ ဆက်စပ်နေခြင်းပင်။ ထိုအတွက်ကြောင့် စုချန်း၏ စိတ်ခံစားချက်က စကားလုံးအပိုင်းအစကို လွှမ်းမိုးနေနိုင်ခြင်းပင်တည်း။

"ကြည့်ရသလောက်တော့ ဒီစွမ်းအင်ဟာ မူလစွမ်းအင်နဲ့ဖွဲ့စည်းထားတာ မဖြစ်နိုင်ဘူး ဘယ်မူလစွမ်းအင်နည်းစနစ်နဲ့မှ ဒီစွမ်းအင်ကို ထိန်းချုပ်လို့မရဘူး လူတစ်ယောက်ရဲ့စိတ်ခံစားချက်နဲ့ပဲ ဒီစွမ်းအင်ကို ထိန်းချုပ်နိုင်တယ် ဒါဆို… ဒီလိုတွေးလိုက်ရင်ကော... ငါ့ရဲ့ အတွေးတွေဟာ ဒီစွမ်းအင်ကို ထိန်းချုပ်ဖို့ အဓိကသော့ချက်များ ဖြစ်နေမလား”

စုချန်း အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်မိ၏။ သို့သော် ဤမျှနှင့် လုံလောက်မှု မရှိသေးသည်မှာ ထင်ရှားနေ၏။

သို့ဆိုလျှင် ဝိညာဥ်ဆိုင်ရာအာကင်နာပညာရှင်များသည် ဤတိုင်းဆမရနိုင်သော စွမ်းအားကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားဖို့သင့်၏။ သို့သော် လက်တွေ့တွင်တော့ ဝိညာဉ်ဆိုင်ရာ အာကင်နာပညာရှင် အနည်းငယ်မျှသာ ဤစွမ်းအားမျိုးကို ထိန်းချုပ်နိုင်ကြလေသည်။ ထိုအစားမူလစွမ်းအင်လမ်းကြောင်းကို အဆုံးထိ လျှောက်လှမ်းနိုင်သူအများစုသည်သာ ထိုစွမ်းအားမျိုးကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိကြောင်း တွေ့ရ၏။

ထိုလူစားမျိုးထဲတွင် ခီလစ်ဒါသည်လည်း တယောက်အပါဝင် ဖြစ်လေသည်။

မြင်ရုံနှင့် ခီလစ်ဒါသည် ဝိညာဉ်ဆိုင်ရာအာကင်နာပညာရှင် မဟုတ်မှန်း သိသာနေ၏။

ထိုအချက်ကို မည်သို့နားလည်ရအံ့နည်း။

စုချန်း စဥ်းစားရင်း ခေါင်းရှုပ်လာလေသည်။

ထိုသို့ စိတ်ရှုပ်လာခြင်းကြောင့် စုချန်း၏ ခံစားချက်များမှာ တနည်းတဖုံ ပြောင်းလဲသွားပုံရသည်။ ထိုအခါ သူ့ကိုယ်တွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည်လည်း ထပ်တူပင် တုံ့ပြန်လာ၏။ သူ့လက်ထဲရှိ စကားလုံးအပိုင်းအစမှ ထွက်ပေါ်နေသောအလင်းရောင်မှာလည်း အရောင်ပြောင်းလဲသွားကြောင်း စုချန်း တွေ့လိုက်ရလေသည်။

စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်ရီသွား၏။

“ဒီတော့ ထိန်းချုပ်နိုင်တာနဲ့ အသုံးချနိုင်တာကပဲ မတူတာများလား"

ဤစွမ်းအားနှင့် ပတ်သက်သည့် သီအိုရီများမှာ ပို၍ စိတ်ဝင်စားစရာကောင်းလာသည်မှာ အမှန်ပင်။ သို့သော် စုချန်း နားနလည်နိုင်သေးသည့် အချက်အလက်များစွာ ကျန်ရှိနေသေး၏။ ထို့ကြောင့် သူ့အနေနှင့် ဤစွမ်းအားကို အသုံးချနိုင်ဖို့ဟူသည်ကား များစွာ ဝေးနေပေသေးသည်။

ဟင်...နေပါအုံး...

ဒီအနားမှာ ကျွမ်းကျင်တဲ့ နည်းပြတယောက် ရှိနေတာပဲ မဟုတ်ဘူးလား...

ထိုအချိန်မှာပင် စုချန်းက ခီလစ်ဒါကို သတိရလိုက်မိ၏။

ခီလစ်ဒါသည် ယခုတိုင် အပြင်တွင် ထိုင်နေသေးသည် မဟုတ်လား။ အဘယ်ကြောင့် သူ့အနေနှင့် ခီလစ်ဒါထံမှ အကြံဉာဏ်တချို့ မတောင်းခံရမည်နည်း။ သို့သော် ရိုးရိုးသားသား သွားမေးလျင် ခီလစ်ဒါအနေနှင့် သူ့မေးခွန်းများကို ဖြေလိမ့်မည်မဟုတ်ချေ။

စုချန်းအနေနှင့် ခီလစ်ဒါကို ခိုင်လုံသော အကြောင်းပြချက်တခုတော့ ပေးရပေလိမ့်မည်။

သူ အထက်ပါအတိုင်း စဥ်းစားနေစဥ်မှာပင် ခီလစ်ဒါ၏အသံ ထွက်ပေါ်လာ၏။

“လူငယ်လေး မင်းကို ကျုပ် မေးချင်တာတခုရှိတယ်"

“ဟင်”

စုချန်း အံ့အားသင့်သွား၏။

“မေးပါ”

“မင်း ဘယ်လိုများ သဘာဝစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့တာလဲ”

သဘာဝစွမ်းအားဆိုပါလား...အဲဒါက ဘာလဲ...

စုချန်း ပြန်မေးရန်ဟန်ပြင်နေစဥ်မှာပင် ခီလစ်ဒါ ရည်ရွယ်နေသည်မှာ တိုင်းဆမရနိုင်သော စွမ်းအားမှန်း သဘောပေါက်လိုက်၏။

ခီလစ်ဒါက ဒါကို သဘာဝစွမ်းအားဟု ခေါ်သည်တဲ့လား...

သူ ဒီစွမ်းအားကို ဘယ်လိုထိန်းချုပ်ခဲ့သလဲဆိုတာ ခီလစ်ဒါကိုယ်တိုင်လည်း သိချင်နေတာတဲ့လား...

စုချန်း ကြိတ်၍ ရယ်မောလိုက်၏။

တစ်ဖက်လူကိုယ်တိုင်က စုချန်းကို မေးချင်စိတ်ပြင်းပြနေသောအခါ အခြေအနေမှာ များစွာ လွယ်ကူသွားခဲ့လေပြီ။

ထိုအခါ စုချန်းက အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။

“ကျင့်ကြံရင်းနဲ့ပေါ့ဗျာ တခြားဘာများရှိရအုံးမှာလဲ”

စုချန်း၏ အဖြေသည် အတော်ပင် ဝါးတားတားနိုင်လွန်း၏။ သူ့အနေနှင့် မည်သို့ကျင့်ကြံရမည်ကို တိတိကျကျ ပြောထားခြင်းမရှိ။ အဖြေကို ခီလစ်ဒါကိုယ်တိုင် စိတ်ကြိုက်တွေးတောခွင့်ပြုထား၏။

သို့သော် မထင်မှတ်ပဲ ခီလစ်ဒါကိုယ်တိုင်က အံ့အားသင့်သွားပုံရ၏။

"ကျင့်ကြံတယ် ဟုတ်လား သဘာဝစွမ်းအားဆိုတာ နားလည်သဘောပေါက်ခြင်းကမှ ပေါက်ဖွားလာတဲ့အရာ ဒါကို မင်းဘယ်လိုများ ကျင့်ကြံခဲ့တာလဲ”

နားလည်သဘောပေါက်ခြင်းဖြင့်သာ ပိုင်ဆိုင်နိုင်သည်။ ကျင့်ကြံ၍မရ။

စုချန်း အကြီးအကျယ် အံ့အားသင့်သွား၏။

လက်စသတ်တော့ ဒီလိုကိုး...

ထိုအခါ စုချန်းက လှုပ်ရှားနေသောစိတ်ကို ထိန်းချုပ်ပြီး ခပ်တည်တည်နှင့် ပြန်ဖြေလိုက်ပြန်သည်။

“နားလည်သဘောပေါက်ခြင်းဆိုတာကလည်း ကျင့်ကြံခြင်းပုံစံတစ်မျိုးပဲမလား ခင်ဗျားဟာ ခင်ဗျားရဲ့ဝိညာဉ်ကို ကျင့်ကြံရင်းနဲ့ အဆင့်မြှင့်တင်နေတာပဲလေ ဒီသဘောတရားလေးကိုမှ ခင်ဗျား နားမလည်ဘူးလား”

စုချန်း၏ စကားလုံးများသည် အလွန်နက်ရှိုင်းပြီး နက်နဲနေ၏။ ခီလစ်ဒါပင် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

သို့သော် ဤရှင်းပြချက်က အတော်လေး ထိရောက်သွားပုံရ၏။

ခီလစ်ဒါ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ထောက်ခံလိုက်၏။

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ကျုပ်ချဉ်းကပ်ပုံက အရမ်းကို ရိုးလွန်းအားကြီးနေပုံပဲ"

“သိပ်လဲနှိမ့်ချမနေပါနဲ့ဗျာ"

စုချန်း နှစ်သိမ့်လိုက်၏။ တကယ်တမ်းတွင် သူကိုယ်တိုင်လည်း ခီလစ်ဒါ ဤစွမ်းအားကို မည်သို့နားလည်ခဲ့သလဲဟု မေးချင်ခဲ့သော်လည်း အလိမ်ပေါ်သွားမည်စိုး၍ မမေးရဲပဲ ဖြစ်နေ၏။ ထို့ကြောင့် ခီလစ်ဒါဘက်မှ စတင်မေးမြန်းလာသည်အထိ စောင့်ဆိုင်းနေရန်သာ သူဆုံးဖြတ်လိုက်၏။

စုချန်းကိုယ်တိုင်က သူ့မေးခွန်းများကို လိုလိုလားလား ဖြေနေသဖြင့် ခီလစ်ဒါ အားတက်လာဟန်ပေါ်သည်။

“ဒါပေမဲ့ မင်းက ဒဏ္ဍာရီအဆင့်တောင် ရောက်သေးတာ မဟုတ်ဘူးလေ ဒီစွမ်းအားကို မင်း ဘယ်လိုများ ထိန်းချုပ်လိုက်တာလဲ"

ဟင်...

လူတယောက် သဘာဝစွမ်းအားကို နားလည်သဘောပေါက်ဖို့အတွက် ဒဏ္ဍာရီအဆင့် ရောက်နေဖို့ လိုအပ်သတဲ့လား...

ဒါက ဘယ်လို အယူအဆမျိုးလဲ...

စုချန်း ခေါင်းရှုပ်သွား၏။ သို့သော် သူက အောက်ပါအတိုင်း ပြန်ဖြေလိုက်လေသည်။

"ကျုပ် အခြေအနေက တခြားလူတွေနဲ့ မတူဘူး ဒါကြောင့်မ်ို့ တခြားလူတွေထက် သဘာဝစွမ်းအားကို သဘောပေါက်စောနေတာမျိုး ဖြစ်ပါလိမ့်မယ်”

ဤစကားကတော့ အမှန်တရားပင်။ စုချန်း၏ အခြေအနေမှာ သူများထက် ထူးခြားနေသည် မဟုတ်ပါလား။ သို့သော် မည်သည့်အခြေအနေပေါ်မူတည်ပြီး သူ နားလည်သဘောပေါက်လာသည်ဆိုသည့်အချက်ကိုတော့ စုချန်း မပြောပဲ ချန်ထားခဲ့၏။

ခီလစ်ဒါ ပို၍ စိတ်လှုပ်ရှားလာ၏။

“မင်းပြောတဲ့ အထူးအခြေအနေဆိုတာ ဘာများဖြစ်နေမလဲ ကျုပ်ကိုပြောပြနိုင်မလား”

စုချန်း နှုတ်ဆိတ်သွား၏။ သူ့မေးခွန်းအနည်းငယ် လွန်ကဲနေမှန်း ခီလစ်ဒါ သဘောပေါက်သွားဟန်တူသည်။ စုချန်းအနေနှင့် ဤမျှအရေးကြီးသော လျှို့ဝှက်ချက်ကို မည်သို့ဖွင့်ဟနိုင်မည်နည်း။

သူ သက်ပြင်းချလိုက်ပြန်၏။

"ကျုပ် သိပါတယ် ဒါက မင်းအတွက် လျှို့ဝှက်ချက် ဖြစ်နေတယ်နဲ့တူတယ် ဒါကြောင့် မင်း မပြောချင်ရင်လဲ မပြောပါနဲ့ ဒါပေမဲ့…”

ခီလစ်ဒါ၏ နှုတ်မှ စုချန်းကို သူတို့ဝန်းရံပိတ်ဆို့ထားကြောင်း ပြောမိမလိုဖြစ်သွား၏။ သို့သော် စုချန်းကို ခြိမ်းခြောက်၍ ဘာအကျိုးမှ မရှိမှန်း သဘောပေါက်ထားလေရာ သူ နှုတ်ဆိတ်သွားပြန်သည်။

စုချန်း ရယ်မောလိုက်၏။

"ခင်ဗျားကို အမှန်အတိုင်း ပြောပြဖို့ ကျုပ် မကြောက်ပါဘူး ဒါပေမဲ့ ကျုပ်ကို ခြိမ်းခြောက်လို့ ခင်ဗျားအတွက် ဘာအကျိုးမှရှိမယ်မဟုတ်ဘူး ကံကြမ္မာလက်ချောင်းများဆီက ခိုးဝံ့တယ်ဆိုကတည်းက ကျုပ် သေဖို့ပြင်ဆင်ထားပြီးသားဆိုတာ ခင်ဗျား သဘောပေါက်မယ်ထင်တယ် ကျုပ်ဆီကနေ တခုခုသိချင်တယ်ဆိုရင်တော့ ခင်ဗျားအနေနဲ့ စိတ်ရင်းမှန်ကို အရင်သက်သေပြဖို့ လိုလိမ့်မယ်”

စုချန်း၏ ဆိုလိုရင်းကို ခီလစ်ဒါ ချက်ချင်းသဘောပေါက်လိုက်၏။

"မင်းဘာလိုချင်လဲ”

စုချန်းက ပြန်ဖြေလိုက်၏။

“ကျုပ်ကို ချမ်းသာပေးဖို့ တောင်းဆိုတာဟာ ယုတ္တိမရှိဘူး ပြီးတော့ ခင်ဗျားသဘောတူရင်တောင် ကျုပ်က ဒါကို ယုံမှာမဟုတ်ဘူး ဒီတော့ ဒီလိုလုပ်ရအောင် ကျုပ်အနေနဲ့ သဘာဝစွမ်းအားကို ဘယ်လို နားလည်ခဲ့သလဲသိချင်တယ်ဆိုရင် ခင်ဗျားရဲ့အကြောင်း ကျုပ်ကို အရင်ပြောပြသင့်တာပေါ့”

ထိုစကားကို ကြားသောအခါ ခီလစ်ဒါ သက်ပြင်းချလိုက်၏။

"ဒီအကြောင်းကို ပြောပြဖို့က ပြသနာမရှိပါဘူးကွာ တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်လောက်ကမှသဘာဝစွမ်းအားကို ကျုပ် နည်းနည်းပါးပါး သိလာခဲ့တယ်လို့ ဆိုရမယ် အဲဒီညက မုန်တိုင်းတွေအရမ်းထန်နေခဲ့တယ်ကွ အဲဒီညမှာ ကျုပ်ဟာ မိုးကြိုးမူလစွမ်းအင်နဲ့ပတ်သက်ပြီး သုတေသနလုပ်နေခဲ့တယ် အဲဒီအချိန်မှာပဲ သဘာဝစွမ်းအားရဲ့တည်ရှိမှုကို ကျုပ် အာရုံခံမိလာတယ် ဒါမှမဟုတ် သဘာဝစွမ်းအားက ကျုပ်ကို လှုံ့ဆော်တယ်လို့ ပြောရမလားပဲ အဲဒီနောက်မှာတော့ အသံတွေကို ပေါင်းစပ်ပြီး မိုးခြိမ်းသံဖြစ်အောင်ဘယ်လိုလုပ်မလဲ အလင်းကိုကွေးညွတ်ပြီး အလင်းစီးကြောင်းတွေ ဖြစ်အောင် ဘယ်လိုလုပ်မလဲ စတဲ့နည်းလမ်းတွေကို ကျုပ် နားလည်သဘောပေါက်သွားခဲ့တယ်”

ခီလစ်ဒါ၏ ရှင်းလင်းချက်သည် အလွန်ရိုးရှင်းနေသော်လည်း နောက်ကွယ်မှ အဓိပ္ပာယ်များမှာ ထင်သလောက် မရိုးရှင်းကြောင်း စုချန်း ရုတ်တရက် သဘောပေါက်လိုက်၏။

လှုံ့ဆော်မှု။ ထို့နောက် နားလည်သဘောပေါက်ခြင်း။

စုချန်း အတွေးကမ္ဘာထဲ နစ်ဝင်သွား၏။

သူ နှုတ်ဆိတ်သွားခြင်းကြောင့် ခီလစ်ဒါ အံ့သြသွား၏။

“မင်း ဘာလို့ စကားမပြောတော့တာလဲ”

စုချန်း ပြန်ဖြေလိုက်သည်။

“ကျုပ် စဉ်းစားနေတာ”

ဒါသည်လည်း နောက်ထပ် အမှန်တရားတစ်ခုပင်။

သို့သော် ခီလစ်ဒါက ချီးကျူးလိုက်ပြန်၏။

“ဒီမယ် လူငယ်သူငယ်ချင်းလေး မင်းဟာ အတော်လေးကို ညဏ်ကောင်းတဲ့ကောင်ပဲ ကျုပ်ရဲ့သာမာန်အတွေ့အကြုံကတောင် မင်းကို ဉာဏ်အလင်းပွင့်သွားစေဖို့ လုံလောက်နေတယ်”

ခီလစ်ဒါက သူ့ကို “လူငယ်သူငယ်ချင်း” ဟု ရည်ညွှန်းလိုက်ခြင်းကြောင့် စုချန်း အံ့သြသွား၏။ သူတို့သာ သူငယ်ချင်းများ ဖြစ်နေခဲ့လျှင် ခီလစ်ဒါအနေနှင့် သူ့ကို အဘယ်ကြောင့် မလွှတ်ပေးရလေသနည်း။

ထိုစဥ် ခီလစ်ဒါ၏ အသံ ထပ်မံထွက်ပေါ်လာပြန်၏။

"အဲဒီနေ့ကစပြီး ကျုပ်ဆီမှာ ဘယ်လှုံ့ဆော်မှုမှ ထပ်ပြီးရှိမလာတော့ဘူး ဒါပေမဲ့ ရသလောက်နားလည်မှုလေးကိုပဲ အခြေခံပြီး ကျုပ်ဟာ အသံကို ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရ ပေးနိုင်တဲ့အဆင့်အထိ လေ့ကျင့်နိုင်ခဲ့တယ် ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျုပ်အဖို့ ဘာတိုးတက်မှုမှ မရှိတော့ဘူးလေ"

လက်စသတ်တော့ ဒီလိုကိုး...

စုချန်း သူ့လက်ထဲရှိ စကားလုံးအပိုင်းအစကို တချက်ကြည့်လိုက်၏။

သို့ဆိုလျင် စကားလုံးများကို ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ ခီလစ်ဒါ၏ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းအား လေ့လာခြင်းမှ လာခဲ့လေသလား။

စုချန်းသည် မိုးကြိုးဝိညာဥ်ဆေးမင်၏ အစွမ်းများကို ပိုင်ဆိုင်ထားပြီးဖြစ်၍ မိုးကြိုးစွမ်းအင်အကြောင်းကို အတော်အသင့် နားလည်ထားပြီး ဖြစ်သည်။ သို့ဆိုလျင် အသံကို ရုပ်ပိုင်းဆိုင်ရာအနှစ်သာရအဖြစ်သို့ သူ မည်သည့်အတွက် မပြောင်းလဲနိုင်ရလေသနည်း။ သူသည် မှန်ကန်သော သဘာဝစွမ်းအားကို ပိုင်ဆိုင်ထားပြီးသားပင် မဟုတ်တုံလော။ သို့မဟုတ် ကိုယ်ပိုင် လှုံ့ဆော်မှု သို့မဟုတ် ညဏ်အလင်းပွင့်သွားခြင်းမျိုး မဟုတ်၍ အသုံးမပြုနိုင်သေးခြင်းပေလား။

သို့သော် သူသည် အသက်စွမ်းအားဆေးမင်ကို အခြေခံ၍ ကျန်ဆေးမင်များကို စုပ်ယူနိုင်ခဲ့၏။

စုချန်း ဟက်ဟက်ပက်ပက် ရယ်မောမိလေပြီ။

လေနှင့် မိုးကြိုးဝိညာဉ်ဆေးမင်ရုပ်များကို သူ စုပ်ယူနိုင်ခဲ့ခြင်းမှာ သူ့ကိုယ်တွင်းရှိ အသက်စွမ်းအင်တိုးပွားလာခြင်းကြောင့်ဖြစ်ကြောင်း ယခုတော့ စုချန်း အတည်ပြုနိုင်ခဲ့လေပြီ။

ဟင်...ဒါနဲ့ နေပါအုံး...

သူ အသက်စွမ်းအားဆေးမင်ကို စုပ်ယူခဲ့စဉ်က မည်သည့်သဘာဝစွမ်းအားမှ ရှိမနေခဲ့ကြောင်းကို စုချန်း ပြန်လည်သတိရလာပြန်၏။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

သူ ရေရေရာရာ နားမလည်ခင်ကတည်းကပင် သဘာဝစွမ်းအား၏ လှုံ့ဆော်မှု ရရှိခဲ့ခြင်းပေလား။ ညဏ်အလင်းပွင့်သွားခဲ့ခြင်းပေလား။

သေစမ်း...အသက်သဘာဝစွမ်းအား... မင်း ငါ့ကို လှုံ့ဆော်ခဲ့တုန်းက နည်းနည်းပါးပါး သတိပေးခဲ့သင့်တာပေါ့ကွာ...

ဟင်...ဒါနဲ့...အသက်သဘာဝစွမ်းအား...

All Chapters