← Chapters

သဘာဝစွမ်းအား ၂

Vol. 87 Ch. 864

သဘာဝစွမ်းအား ၂

Vol. 87 Ch. 864

အချိန်များ နောက်ပြန်လည်၍ စစ်မြေပြင်သို့ နောက်တကြိမ် ပြန်လည်ရောက်ရှိသွားသည့်နှယ် စုချန်း ခံစားလိုက်ရပြန်၏။

တချိန်က စုချန်းတယောက် အနီရောင်နှလုံးသားနှင့် တိုက်ခိုက်နေစဉ် အသက်စွမ်းအားဆေးမင်သည် သူ့ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားဖူးသည်။ သို့သော် အသက်စွမ်းအားဆေးမင်၏ ပြောင်းလဲမှုမှာကား ယခင်ကတည်းက စတင်နေခဲ့ကြောင်း စုချန်း သဘောပေါက်လာ၏။ ထိုသို့ ပေါင်းစည်းသွားခြင်းမှာ နောက်ဆုံးရလဒ်သာဖြစ်ပြီး ကြားအဆင့်များကို စုချန်း သတိမထားမိလိုက်ခြင်းမျှသာတည်း။

တကယ်တမ်းတွင် ပြောင်းလဲမှုသည် သတ်ဖြတ်သူများနှင့် တိုက်ခိုက်ခဲ့စဥ်ကတည်းက ပေါ်ပေါက်လာခဲ့ပုံရသည်။

အရူးဘုရင်အနူဘီ၏ လက်များကိုဖြတ်၍ အားကောင်းလှသောစွမ်းအင်တခု အသက်စွမ်းအားဆေးမင်မှ ထုတ်လွှတ်ခဲ့ဖူးကြောင်းကို စုချန်း တွေ့မြင်ခဲ့၏။ ထိုအလင်းရောင်ကို စကားလုံးများဖြင့် စုချန်း မည်သို့မှ ဖော်ပြနိုင်စွမ်းမရှိချေ။ အစပိုင်းကာလများ၌ ထိုအလင်းရောင်သည် အသက်စွမ်းအင်မှ လာသည်ဟု စုချန်း ယူဆခဲ့ဖူးပေသည်။

သို့သော် ယခုတော့ ထိုယူဆချက် မှားနေကြောင်း စုချန်း သဘောပေါက်သွားခဲ့လေပြီ။ တကယ်တော့ ထိုအလင်းရောင်သည် သဘာဝစွမ်းအားမှ ဖြစ်တည်လာခြင်းပေတကား။

သဘောသဘာဝအရ အသက်စွမ်းအင်ဆေးမင်၏ သဘာဝစွမ်းအားမှာ ၎င်းကို အသုံးပြုသည့် မည်သည့် သက်ရှိကိုမဆို ကာကွယ်ပေးနိုင်သော သဘောကိုဆောင်၏။ အနှီသဘာဝစွမ်းအား မည်သည့်နေရာမှ ရောက်လာကြောင်း စုချန်း မသိချေ။ သို့သော် ထိုတိုက်ပွဲအတွင်း ပေးဆပ်ခဲ့ရသည့် အသက်ပေါင်းမှာ မရေမတွက်နိုင်လောက်အောင် များပြားကြောင်းကိုတော့ သူသိထား၏။

ထိုအချိန်ကတည်းက အသက်စွမ်းအားဆေးမင်အနေနှင့် လိုအပ်နေသော စတေးမှုများကို အပြည့်အဝရရှိခဲ့ပုံပေါ်နေ၏။ သို့သော် ၎င်းမှာ ချက်ချင်းပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ အကြောင်းမှာ စတေးမှု နည်းပါး၍ မဟုတ်။ အခြားအရေးကြီးသော အဆင့်တခုတွင် လွဲချော်နေသောကြောင့်သာ ဖြစ်လေသည်။

ဤအဆင့်တွင် လွဲချော်နေ၍ အသက်စွမ်းအားဆေးမင်သည် နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့၏။ ၎င်းမှာ စုချန်းပေါ်လာသည့်အချိန်အထိပင်တည်း။

သို့ဆိုလျင် သူ တခြားသူများနှင့် မည်သို့ကွာခြားနေသနည်း။

အဘယ်ကြောင့် တခြားသူများအနေနှင့် သူ့ကဲ့သို့ မကြုံရလေသနည်း။

စုချန်း အတွေးကမ္ဘာထဲ ပြန်လည်နစ်မြုပ်သွားပြန်၏။ အသက်စွမ်းအင်နိုးထလာသည့်အချိန်၌ သူ့တွင် တခြားလူများနှင့် မတူပဲ တစုံတရာထူးခြားနေခဲ့သည်မှာ သေချာနေခဲ့လေပြီ။

၎င်းသည် သူ၏ ပရမတ်မျက်လုံးများပေလား။ မဖြစ်နိုင်။ ပရမတ်မျက်လုံးများသည် အသက်စွမ်းအင်နှင့် မည်သို့မှ မသက်ဆိုင်၍ မဖြစ်နိုင်ချေ။

စိတ်ဝိညာဥ်စွမ်းအားကြောင့်ဟုဆိုရန်မှာလည်း ယုတ္တမရှိပဲ ဖြစ်နေပြန်၏။

စိတ်ဝိညာဥ်သလင်းကြောင့်ပေလား။ လုံးဝမဖြစ်နိုင်။

သို့မဟုတ် အားကောင်းလှသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့်ပေလား။ မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် စုချန်းတယောက် တစုံရာကို ရုတ်တရက် သတိရသွား၏။

သူ၏ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ပုံသည် မူလစွမ်းအင်ဘုရားကျောင်းကို ဖြတ်သန်းပြီးနောက် လုံးဝကွဲပြားသောအဆင့်သို့ ရောက်သွားခဲ့၏။ ထိုအခြေနေသည် သူ့ကို တခြားသူများနှင့် ကွဲပြားသွားစေခဲ့ပေသည်။

သို့သော် ၎င်းမှာ အသက်စွမ်းအားဆေးမင် နိုးထလာရန် လုံလောက်ပြီလားဟု ဆိုလျင် မလုံလောက်သေးဟု ဖြေရပေလိမ့်မည်။

သို့သော် အနီရောင်နှလုံးသားနှင့်တိုက်ပွဲတွင် အသက်စွမ်းအားဆေးမင်သည် သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထပ်မံမြှင့်တင်ပေးခဲ့ကြောင်း စုချန်း မှတ်မိလာ၏။ ထိုတိုက်ပွဲတွင် အနီရောင်နှလုံးသားက စုချန်းကိုကြည့်ကာ ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်သို့ ရောက်သွားပြီဟု အံ့သြတကြီးနှင့် ရေရွတ်ခဲ့၏။

ထိုစကားမှာ သတ်ဖြတ်သူဆေးမင်ထိုးစစ်သည်များ ရောက်ရှိနိုင်သည့် ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်ကို ရည်ညွှန်းနေခြင်းပင်။

ထိုမှတ်ချက်ကို ထိုအချိန်က စုချန်း ဂရုမစိုက်ခဲ့ချေ။ အကြောင်းမှာ သူသည် ဆေးမင်ထိုးစစ်သည်တဦး မဟုတ်၍ ၎င်းတို့ကျင့်ကြံခြင်းနယ်ပယ်နှင့် ပတ်သက်သည့် အသုံးအနှုံးများကို နားမလည်ခဲ့သောကြောင့်ပင်။ ယခုတော့ ထိုမှတ်ချက်ကအားလုံး၏ အဓိကသော့ချက် ဖြစ်နေခဲ့ချေပြီတကား။

ဤအတိုင်းဆိုလျင် အသက်စွမ်းအားဆေးမင်က စုချန်းကို ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်သို့ တွန်းပို့ခဲ့ခြင်းပေလား။

ထိုအချိန်မှာပင် စုချန်း တစုံတရာကို နားလည်သွားတော့၏။

အသက်စွမ်းအင်ဆေးမင်၏ ကျေးဇူးကြောင့် သူ ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းမဟုတ်ချေ။ အသက်စွမ်းအင်ဆေးမင်ကို မစုပ်ယူမီကပင် သူသည် ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်ဆေးမင်ထိုးစစ်သည်တော်တဦး၏ အဆင့်သို့ ရောက်ရှိနေခဲ့ခြင်းပေတကား။

၎င်းကို ဤမတိုင်မီက စုချန်း သဘောမပေါက်ခဲ့ချေ။ အကြောင်းမှာ သူ့ကိုယ်ပေါ်တွင် မည်သည့် ဆေးမင်ကမ္ဗည်းစာမျိုးမှ ရေးထွင်းထားခြင်းမရှိသောကြောင့်ပင်။ ထို့ကြောင့် စုချန်းအနေနှင့် ကိုယ့်ကိုယ်ကို ဆေးမင်ထိုးစစ်သည်တော်တဦးအဖြစ် ဘယ်သောအခါမှ မယူဆခဲ့ချေ။ စုချန်းအနေနှင့် အသက်စွမ်းအင်ဆေးမင်ရုပ် ကွဲကြေသွားပြီးနောက်မှသာလျှင် ၎င်း၏ စွမ်းအားကို သူ ရရှိခဲ့သည်ဟု လွဲမှားစွာ ယူဆနေခဲ့၏။ သို့သော် သူ့ထင်မြင်ယူဆချက်မှာ မှားယွင်းနေခဲ့ချေပြီ။

တကယ့်အမှန်တရားမှာ အောက်ပါအတိုင်း ဖြစ်လေသတည်း-

အသက်စွမ်းအင်ဆေးမင်ရုပ်သည် မကွဲကြေမီကပင် တစုံတယောက်ကို ဆေးမင်ထိုးစစ်သည်တော်တဦး၏ စွမ်းပကားမျိုး မြှင့်တင်ပေးနိုင်၏။ သတ်ဖြတ်သူပိုင်နက်အတွင်း တိုက်ပွဲတွင် ထိုမြင်ကွင်းကို ရှင်းလင်းစွာ တွေ့မြင်နိုင်၏။ အကြောင်းမှာ ၎င်းသည် ကွဲမသွားမီကတည်းက လူတိုင်းကို ကြီးမားသည့် စွမ်းပကားမျိုး ပေးခဲ့သည်မဟုတ်ပါလား။

ထို့ကြောင့် စုချန်းသည်ပင် အသက်စွမ်းအင်ဆေးမင်၏ စွမ်းအင်နှစ်ကြိမ်တိုင်တိုင် သွပ်သွင်းပေးခြင်းကို ခံခဲ့ရည် မဟုတ်ပါလား။ ပထမတကြိမ်တွင် အသက်စွမ်းအင်ဆေးမင်သည် သူ့၏ အားကောင်းပြီးသား ခန္ဓာကိုယ်ကို ထပ်မံအင်အားဖြည့်တင်းပေးခဲ့၏။ ထိုအချိန်မှာပင် အဆင့်မြင့်ဆေးမင်ထ်ိုးစစ်သည်တော်ဘဝသို့ စုချန်း တက်လှမ်းသွားနိုင်ခဲ့ခြင်းပင်။

သို့သော် ဤလုပ်ငန်းစဉ်သည် အလွန်တိုတောင်းလှ၏။ ထိုအချိန်တွင် စုချန်းသည် အသက်စွမ်းအင်ဆေးမင်ကြောင့် ဒုတိယအကြိမ် ပြောင်းလဲမှုများကို အံ့အားသင့်နေလေရာ သူ့ခန္ဓာကိုယ်၏ အသေးစိတ်အပြောင်းအလဲများကိုအပြည့်အဝ နားလည်ရန်ပင် အချိန်မရလိုက်ချေ။

ထို့နောက် အသက်စွမ်းအင်ဆေးမင်ရုပ်သည် ကွဲကြေသွားကုန်၏။ အကြောင်းမှာ စုချန်းက ဆေးမင်ရုပ်၏ ဒုတိယလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သောကြောင့်ပင်။ တနည်းအားဖြင့် ၎င်းသည် အသက်သဘာဝစွမ်းအားနှင့်ပတ်သက်၍ ဉာဏ်အလင်းပွင့်ခြင်းကို စုချန်း ကြုံလိုက်ရခြင်းပေတည်း။

ထို့နောက် အသက်စွမ်းအားဆေးမင်၏ သဘာဝစွမ်းအားသည် စုချန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ တစ်ချိန်တည်းမှာပင် သဘာဝစွမ်းအားကို ဆုံးရှုံးလိုက်ရသော ဆေးမင်ရုပ်သည်လည်း ကွဲကြေသွားခဲ့လေသည်။

ဤအဖြစ်အပျက်များအားလုံးသည် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သောကြောင့် ထိုဖြစ်စဥ်များကို တခုတည်းဟု စုချန်း မှားယွင်းစွာ ယုံကြည်နေခဲ့မိ၏။

သို့သော် တကယ်တမ်းတွင်တော့ ဖြစ်စဥ်များမှာ သီးခြားစီ ဖြစ်ပျက်သွားခဲ့ခြင်းပင် ဖြစ်သည်။

သူသည် အသက်စွမ်းအင်ဆေးမင်ကို အပြည့်အဝ မစုပ်ယူမီကပင် အဆင့်မြင့်ဆေးမင်ထိုးစစ်သည်တော်တဦး ဖြစ်လာခဲ့သည်မှာ သေချာနေ၏။ ထိုအချက် မှန်ကန်ကြောင်း ခီလစ်ဒါ၏ စကားနှင့် စုချန်း အတည်ပြုနိုင်သည်။

ဤတချက်တည်းကသာ စုချန်း အသက်စွမ်းအင်ဆေးမင်ကို မည်သို့အောင်အောင်မြင်မြင်စုပ်ယူနိုင်ခဲ့သည်ကို ရှင်းပြနိုင်လိမ့်မည်တည်း။

လောကကြီးဝယ် ကြီးကျယ်သောပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သူ အလွန်နည်းလှ၏။ အကယ်၍ ၎င်းတို့ထဲမှတချို့ ထိုနယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့ပင်လျင် အသက်စွမ်းအင်ဆေးမင်ရုပ်နှင့် တိုက်ရိုက်ထိတွေ့နိုင်ရန်မှာကား ခဲယဥ်းလှ၏။ အကယ်၍ အသက်စွမ်းအင်ဆေးမင်နှင့် တိုက်ရိုက်ထိတွေ့နိုင်ခဲ့လျှင်ပင် သဘာဝစွမ်းအားနှင့်ပတ်သက်၍ ဉာဏ်မပွင့်ခဲ့လျင် အသက်စွမ်းအင်ဆေးမင်ရုပ်တွင်ပါရှိသော စွမ်းအားကိုသာ စုပ်ယူနိုင်ပေလိမ့်မည်။ လက်တလောတွင်တော့ ညဏ်ပွင့်သွားရန် မည်သို့သောအခြေအနေများ လိုအပ်သည်ကို စုချန်း မသ်ိနိုင်သေး။ သို့သော် ခီလစ်ဒါ၏ မှတ်ချက်အရ ကျင့်ကြံခြင်းနယ်ပယ်ထိပ်ဆုံးအလွှာသို့ ရောက်ရှိခြင်းသည် ဉာဏ်ပွင့်ရန်အတွက် အရေးပါသော လိုအပ်ချက်ဖြစ်ကြောင်းတော့ သူ သိရပေပြီ။ ထိပ်ဆုံးသို့ ရောက်ရှိရုံတချက်တည်းနှင့် ဉာဏ်ပွင့်ခြင်းမရှိကြောင်းကိုလည်း စုချန်း နားလည်သွားခဲ့ပေပြီ။

စုချန်းအဖို့ကား ထိပ်ဆုံးအလွှာသို့ ရောက်သည်နှင့် တပြိုင်နက်တည်း ဉာဏ်ပွင့်သွားခဲ့သောကြောင့် သူ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကြောင်းကို လုံးဝသတိမထားမိခဲ့ချေ။ ထို့ပြင် အသက်စွမ်းအင်ဟူသည် ကျန်စွမ်းအင်များနှင့်မတူပဲ ပြင်းထန်သော ဖိအားအောက်တွင်သာ ကြီးထွားနိုင်လေရာ စုချန်းကဲ့သို့ အရာရာကို ကြိုတင်ပြင်ဆင်တတ်ပြီး သေရေးရှင်ရေးတိုက်ပွဲများကို ရှောင်လေ့ရှိသူမျိုးက ဤစွမ်းအားကို စမ်းသပ်ရန် အခွင့်အရေးမျိုး မည်သို့ရနိုင်တော့မည်နည်း။

ထို့ကြောင့်ပင် သူသည် သွေးဗီဇမပါပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်သည့် မဟာနည်းလမ်းတခုကို တီထွင်နိုင်ခဲ့သည့်တိုင် ဆေးမင်များ၏ လျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ မဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဤဆေးမင်များကို သမားရိုးကျနည်းလမ်းများနှင့် သုတေသနပြု၍မရနိုင်ချေ။ ၎င်းသည် ရုတ်တရက် ဉာဏ်ပွင့်ခြင်းနှင့် ဆက်နွယ်နေလေရာ သာမာန်စဥ်းစားတွေးခေါ်ပုံမျိုးနှင့် မည်သို့မှ အဖြေရှာနိုင်ဖွယ်ရာ မရှိ။

ယခုလည်း စုချန်းသည် အဖြေကိုရှာတွေ့ခဲ့သည့်တိုင် သူ ရှေ့ဆက်လျှောက်ရမည့်လမ်းမှာတော့ ဝိုးတဝါးမျှသာ ရှိနေသေး၏။

သို့သော် ပြသနာမရှိ။ သူ့ဘေးနားတွင် ခီလစ်ဒါ ရှိနေ၏။

ထိုအခါ သဘာဝစွမ်းအားနှင့်ပတ်သက်၍ အချက်အလက်များ ပိုမိုရရှိနိုင်ရန် စုချန်းတယောက် ခီလစ်ဒါနှင့် စတင်စကားစစ်ထိုးတော့သည်။ အချိန်အတန်ကြာသော ခီလစ်ဒါကိုယ်တိုင်ပင် သဘာဝစွမ်းအားနှင့်ပတ်သက်၍ ရေရေရာရာနားမလည်သေးကြောင်း စုချန်း တွေ့လာရ၏။

ထိုအခါ စုချန်း ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ အဖြေများမှာ ရေရေရာရာမရှိသောကြောင့် သူ တခုခုမှားနေကြောင်း သံသယဝင်သွားမည်ကို စုချန်း ကြောက်စရာမလိုတော့။ ထို့အပြင် စုချန်းသည် သဘာဝစွမ်းအားကို ကိုယ်တိုင်ပိုင်ဆိုင်ထားပြီးဖြစ်လေရာ အချိန်ကြာလာသည်နှင့်အမျှ ဤစွမ်းအင်အပေါ် သူ့နားလည်နိုင်စွမ်းမှာ တစထက်တစ ပို၍ နက်ရှိုင်းလာ၏။ သို့နှင့် သူသည် ခီလစ်ဒါနှင့်ပင် စကားအချေအတင် ပြောဆိုလာနိုင်တော့သည်။

နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ထဲတွင် အမျိုးမျိုးသော သဘာဝစွမ်းအားများရှိနေကြောင်းကို စုချန်း နားလည်သွားခဲ့ပေပြီ။ ထိုစွမ်းများနှင့်ပတ်သက်၍ ပိုမိုနားလည်အသုံးချလာနိုင်ရန်တော့ အချိန်ယူရပေအုံးမည်။

ထို့ပြင် သူနှင့်သက်ဆိုင်သည့် နောက်ထပ်သဘာဝစွမ်းအားတမျိုးလည်း စုချန်းကိုယ်ထဲတွင် ရှိနေသေး၏။ ထိုစွမ်းအားမှာ တခြားမဟုတ်။ အာကာသ(သို့) လေဟာနယ်သဘာဝစွမ်းအားပင် ဖြစ်လေသတည်း။

မှန်ပါသည်။ မူလအလင်းရဲတိုက်တွင် စုချန်း ရရှိခဲ့သည့် ဉာဏ်အလင်းပွင့်ခြင်းမှာ လေဟာနယ်ဆိုင်ရာသဘာဝစွမ်းအား ညဏ်အလင်းပွင့်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ ညဏ်အလင်းပွင့်ရာတွင်လည်း ထိုစွမ်းအားထုကြီးတခုလုံးကို ညဏ်အလင်းပွင့်သွားခြင်းမျိုးမဟုတ်။ ထိုစွမ်းအား၏ ပြင်ပအသွင်သဏ္ဍာန်တခုကို အမှတ်တမဲ့ မြင်လိုက်ရသည့် သဘောမျိုးပင် ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ လေဟာနယ်စွမ်းအားနှင့်ပတ်သက်၍ စုချန်း၏ အခြေအနေမှာ ထိပ်ဆုံးအဆင့်သို့ မရောက်သေးသောကြောင့်ပင်။ ထို့ကြောင့် စုချန်းအနေနှင့် လေဟာနယ်သဘာဝစွမ်းအားကို အမှန်တကယ် ထိန်းချုပ်လိုပါက လေဟာနယ်ဆိုင်ရာ နည်းစနစ်များ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်နှင့် ကျင့်ကြံခြင်းထိပ်ဆုံးအလွှာသို့ ရောက်ရှိရန် ပထမဦးစွာ လိုအပ်လိမ့်မည်။

၎င်းသည် ပန်းတိုင်ဆိုပါစို့။ စုချန်းအနေနှင့် မရောက်နိုင်စရာမရှိသည့် ပန်းတိုင်မျိုး ဖြစ်သည်။ စုချန်း၏ လက်ထဲတွင် အသက်စွမ်းအင်ဖယောင်းတိုင်များနှင့် ကျောက်စိမ်းမြူ၏ စာအုပ်များ၊ ကံကြမ္မာလက်ချောင်းများနှင့် ဝိညာဥ်အလင်းကျောင်းတော်၏ စာကြည့်တိုက်တခုလုံးအပြင် သူနှင့် စကားလက်ဆုံပြောဆိုနိုင်ရန်အတွက် ဒဏ္ဍာရီလာ အာကင်နာပညာရှင်ဖြစ်သည့် ခီလစ်ဒါကိုယ်တိုင်ပင် ရှိနေသည် မဟုတ်ပါလား။

သို့ဆိုလျင် စုချန်းအတွက် ဦးတည်ချက်လေးမျိုးအထိ ရှိလာခဲ့ပေပြီ။

နံပါတ်တစ်ဦးတည်ချက်မှာ သဘာဝစွမ်းအားများပင် ဖြစ်သည်။ သဘာဝစွမ်းအားများ သူ့ကိုယ်ထဲတွင် အိပ်ပျော်နေစေခြင်းသည် များစွာ နှမြောစရာကောင်းလှ၏။ ထို့ကြောင့် ဤစွမ်းအားတိုင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်လာသည်အထိ သူ ကြိုးပမ်းရပေလိမ့်မည်။

ဒုတိယဦးတည်ချက်မှာကား သူ့ပင်မရည်ရွယ်ချက်ဖြစ်သည့် လူသားများအတွက် သွေးဗီဇမလိုသည့် ကျင့်ကြံခြင်းစနစ်ကြီးကို ပြီးပြည့်စုံအောင် တည်ဆောက်ရန်ပင်။ ထို့ကြောင့် စုချန်းအနေနှင့် သွေးဗီဇမလိုပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်မည့် နည်းစနစ်တရပ်ကို ဖန်တီးရပေအုံးမည်။

တတိယဦးတည်ချက်မှာ စိတ်ဝိညာဥ်စွမ်းအင်ကို ပို၍အားကောင်းသန်မာလာစေရန် အားထုတ်ရန်ပင် ဖြစ်သည်။ ထို့ပြင် သက်ရှိပုံစံပြောင်းလဲမှုကို လေ့လာရာတွင်လည်း စုချန်းအနေနှင့် သိသာထင်ရှားသော တိုးတက်မှုတချို့ တွေ့ထား၏။ ထို့ကြောင့် သူက နံပတ်လေးဦးတည်ချက်အနေနှင့် သက်ရှိပုံစံပြောင်းလဲမှုကို ဆက်လက်လေ့လာသွားရန် ဆုံးဖြတ်လိုက်လေသည်။

ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ အလွန်လုပ်များနေသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။ သို့ဆိုလျင် သူ့အတွက် အချိန်ဖြုန်းနေ၍ အကျိုးမရှိ။ သူ အလုပ်ပြန်လုပ်သင့်၏။

ထို့နောက်တွင်တော့ စုချန်း၏ ဘဝမှာ မူလပုံစံခွက်ထဲသို့ ပြန်လည်ကျရောက်သွားပြန်၏။ နေ့စဥ်နေ့တိုင်း သူသည် သုတေသနလုပ်ငန်းများထဲတွင်သာ နှစ်မြှုပ်နေပြီး ဖြစ်နိုင်ခြေများအားလုံးကို ရှာဖွေစူးစမ်းနေခဲ့လေသည်။

တဖက်တွင်လည်း ခီလစ်ဒါရှိနေသောကြောင့် သူ့ သုတေသနလုပ်ငန်းများမှာ ပို၍ပင် လွယ်ကူသွား၏။

ခီလစ်ဒါအဖို့ကား သူ့အကျဉ်းသားသည် ထွက်ပြေးရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပဲ တားမြစ်နယ်မြေထဲတွင် ပျော်ပျော်ကြီး စခန်းချနေကြောင်း တွေ့လိုက်ရ၏။ နေ့စဥ်နေ့တိုင်းလိုလိုပင် စုချန်းသည် သုတေသနရလဒ်များကို သူ့နှင့် ဆွေးနွေးလေ့ရှိသည်။

အံ့အားသင့်စရာကောင်းသည်မှာ သူ့အကျဉ်းသားသည် အံ့သြဖွယ်ကောင်းလောက်အောင် ညဏ်ကောင်းနေခြင်းပင်။ သူ့နှင့် စကားပြောဆိုခြင်းသည် ခီလစ်ဒါအတွက် များစွာ အကျိုးရှိစေ၏။ အချိန်တခုကြာလာသောအခါ သူ ယခင်က နားမလည်နိုင်ခဲ့သည့် တချို့နယ်ပယ်များသည်ပင် စုချန်း၏ လမ်းညွှန်မှုကြောင့် ရှင်းလင်းသွားကြောင်း ခီလစ်ဒါ တွေ့လာရလေသတည်း။

All Chapters