← Chapters

စူးစမ်းရှာဖွေခြင်း

Vol. 87 Ch. 865

စူးစမ်းရှာဖွေခြင်း

Vol. 87 Ch. 865

မျက်တောင်တခတ်အတွင်းမှာပင် တစ်နှစ်ဟူသောအချိန် မြန်မြန်ဆန်ဆန်ပင်ကုန်ဆုံးသွားခဲ့၏။ ဤတနှစ်လုံးတွင် စုချန်းသည် အဆိပ်တထောင်တောင်တားမြစ်နယ်မြေပြင်ပသို့ ခြေတစ်လှမ်းမျှပင် မထွက်ခဲ့ချေ။

သူ့မူလလက်စွပ်ထဲတွင် စားနပ်ရိက္ခာများ ပြည့်နှက်နေ၏။ ၎င်းမှာ လူပျံတော်နယ်မြေသို့ ခရီးထွက်ရမည်ဆိုကတည်းက ဖြစ်နိုင်ချေများကို မျှော်တွေး၍ စုချန်း ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် ဤအခြေအနေမျိုးနှင့် တကယ်တမ်းရင်ဆိုင်ရလိမ့်မည်ဟုတော့ သူ လားလားမျှ ထင်မထားချေ။

ဤသို့နှင့် အချိန်များမှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။ အချိန်ကုန်နေသည်နှင့်မျှ လွန်ခဲ့သောတနှစ်အတွင်း စုချန်း၏ သဘာဝစွမ်းအားအပေါ် နားလည်နိုင်စွမ်းမှာလည်း သိသိသာသာပင် တိုးတက်လာခဲ့လေသည်။

အထူးသဖြင့် သူ၏ လေဟာနယ်ဆိုင်ရာနည်းစနစ်များသည် အရည်အသွေးပိုင်းဆိုင်ရာတွင် သိသာစွာ ပြောင်းလဲသွားခဲ့၏။ အတိအကျပြောရလျင် စုချန်း၏လေဟာနယ်ခုန်ထွက်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းမှာ ယခင်ထက်များစွာ မြင့်မားလာခဲ့သည်မှာ အမှန်ပင်။

သို့သော် စုချန်းအနေနှင့် သူ့စွမ်းရည် မည်ရွေ့မည်မျှ မြင့်မားလာသည်ကို အတိအကျတော့ အတည်မပြုနိုင်သေးချေ။ အကယ်၍ သူသာ တားမြစ်နယ်မြေအပြင်ကို ရောက်သွားခဲ့ပြီး ခီလစ်ဒါလက်မှ လွတ်အောင်မပြေးနိုင်ခဲ့လျင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ခီလစ်ဒါလက်မှ မည်သို့လွတ်အောင်ပြေးရမည်ကို စုချန်း တကယ်မသိသေးချေ။ မည်သို့ဆိုစေအရေးပေါ်အခြေအနေ မရောက်သရွေ့တော့ စုချန်းကိုယ်တိုင်ကလည်း ဇွတ်ထွက်ပြေးရန် စိတ်ကူး အနည်းငယ်မျှ မရှိဟု ဆိုနိုင်ပေသည်။

အမှန်အတိုင်းပြောရလျင် သူကိုယ်တိုငိက ထိုသို့ပြုရန် အတော်လေး ဝန်လေးနေမိ၏။ ဒဏ္ဍာရီလာ အာကင်နာပညာရှင်တယောက်နှင့် အတူရှိနေရခြင်းမှာ ရှာမှရှားအခွင့်အရေးတခု ဖြစ်ပေသည်။ ထို့ပြင် သူတို့နှစ်ယောက်ကိုယ်တိုင်က တယောက်နှင့်တယောက် အတော်လေး အပေးအယူမျှနေကြ၏။

စုချန်းတွင် စိတ်ဝိညာဥ်သလင်းပိုင်ဆိုင်ထား၍ အံ့မခန်းခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမျိုးကို ပိုင်ဆိုင်ထား၏။ ခီလစ်ဒါကတော့ ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက် ဖြစ်သည်နှင့်အညီမကုန်ခန်းနိုင်သော အတွေ့အကြုံများ ရှိနေသည်။ ထို့ကြောင့် သူသည် စုချန်း၏ အတွေးအခေါ်အများစုကို လက်တွေ့အဖြစ်သို့ ပြောင်းလဲပေးနိုင်၏။ ဤနည်းအားဖြင့် သူတို့နှစ်ယောက်သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသည့်ပမာ ရှိနေကြလေသည်။

အချိန်ကာလတခုကြာပြီးနောက်တွင်တော့ သူ၏ ပိတ်ဆို့နေသောကျင့်ကြံခြင်းလမ်းကြောင်း အရှိန်အဟုန်နှင့် ပွငိ့လာနေသည်ကို ခီလစ်ဒါ တွေ့ရှိခဲ့ရ၏။ ၎င်းမှာ နောက်ထပ်အောင်မြင်မှုတခု ရတော့မည့်ပုံပေါ်နေသည်။ သို့သော်ဒဏ္ဍာရီလာ အာကင်နာပညာရှင်တစ်ယောက် နောက်ထပ်အောင်မြင်မှုတစ်ခု ရခဲ့လျင် ဘာဖြစ်လာမည်ကို မည်သူမှ မသိနိုင်ချေ။ ဖြစ်နိုင်သည်မှာ သူတို့သည် ဒဏ္ဍာရီလာအဆင့်မှာပင် ဆက်ရှိနေနိုင်ပြီး သူတို့၏ ခွန်အားကတော့ အကြီးအကျယ် တိုးပွားလာနိုင်၏။

ထို့ကြောင့် ခီလစ်ဒါသည် စုချန်းအပေါ် အကြီးအကျယ် မျှော်လင့်ချက်ထားမိနေတော့သည်။

"နာမည်မသိတဲ့သူငယ်ချင်း မနေ့က မင်းရဲ့ အကြံပြုချက်ကို ကျုပ် စမ်းကြည့်တယ် လျှပ်စစ်သံလိုက်မုန်တိုင်း နဲ့ပတ်သက်ပြီး မင်း တွက်ထားတာ မှန်ပါတယ် ဒါပေမဲ့ လက်တွေ့အသုံးချရာမှာတော့ ပြဿနာနည်းနည်း ရှိသေးတယ်..."

ခီလစ်ဒါက သူစမ်းသပ်ထားသည့်ရလဒ်များကို စုချန်းထံ အစီရင်ခံလိုက်၏။ ထိုအချိန်တွင် စုချန်းကား ဂူထဲတွင်ထိုင်ပြီး အရေးကြီးအချက်အလက်များကို မှတ်စုထုတ်နေသည်။ ဂူထဲတွင်တော့ နေ့စဉ်သုံးပစ္စည်းများနှင့် အပြည့်ပင်။ ထိုပစ္စည်းအများစုကို ခီလစ်ဒါက ပေးထားခြင်း ဖြစ်သည်။ သို့သော် ထ်ိုပစ္စည်းများထဲတွင် စုချန်း ထွက်ပြေးရန် အထောက်အကူပြုနိုင်သော ပစ္စည်းဟူ၍ တမျိုးမှမပါချေ။

ခီလစ်ဒါ၏ ရလဒ်ကို နားထောင်ပြီး စုချန်း နောက်တကြိမ် ထပ်မံတွက်ချက်လိုက်ပြန်၏။ သူ့စိတ်ဝိညာဥ်သလင်း၏ အကူအညီနှင့် စုချန်းသည် ရလဒ်မှန်သမျှကို လျင်မြန်စွာ ပြင်ဆင်တွက်ချက်နိုင်ပြီး ခီလစ်ဒါ စမ်းသပ်ရန် နောက်ထပ်လမ်းညွှန်ချက်များကို အမြဲပေးနိုင်ခဲ့လေသည်။

ဤလုပ်ငန်းစဉ်တစ်လျှောက်လုံး စုချန်းအနေနှင့် သူတွေးမိသမျှအားလုံးကို ခီလစ်ဒါအား ပြောပြလိမ့်မည်မဟုတ်။ ထိုအထဲမှ တချို့ကိုတော့ နောင်တချိန်တွင် သူကိုယ်တိုင် လေ့လာစမ်းသပ်ရန် ချန်ထားခဲ့၏။ အလားတူပင် ခီလစ်ဒါကလည်း သူ့စမ်းသပ်မှုရလဒ်တိုင်းကို မပြောပြပဲ ထိန်ချန်ထား၏။ ဤနည်းအားဖြင့် သူတို့နှစ်ယောက်သည် လျှို့ဝှက်ချက်အသီးသီးထားကြသော်လည်း ၎င်းမှာ တစ်ဖက်လူ၏ လုပ်ဆောင်မှုကိုတော့ ထိခိုက်ခြင်းမရှိချေ။

လက်ရှိအခြေအနေအရ ပြောရလျင် စုချန်းဆီမှ ခီလစ်ဒါ သိထားရသမျှထက် ခီလစ်ဒါထံမှ စုချန်း သိထားရသည်က ပို၍များပြားနေ၏။ ၎င်းမှာ ခီလစ်ဒါ၏ စိတ်ဓာတ်က ပိုကောင်းနေ၍ မဟုတ်။ ခီလစ်ဒါ၏ စိတ်ထဲတွင် စုချန်း ဘယ်သောအခါမှ မလွတ်မြောက်နိုင်ဟု ယုံကြည်ထားလေရာ သူ့လျှို့ဝှက်ချက်များကို ပြောပြလိုက်၍ မည်သို့မှ ပြသနာမရှိနိုင်ဟု ယုံကြည်နေသောကြောင့်ပင်။

ခီလစ်ဒါပြောသမျှကို ချရေးထားရင်း စုချန်း ပြောလိုက်၏။

"ကောင်းပြီ ကျုပ် နားလည်ပြီ ကျုပ်ထင်ထားတာနဲ့ အတော်လေး ဆင်တူနေသားပဲ နောက်ကျမှ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတာ ကျုပ် တွက်ပေးမယ်"

ခီလစ်ဒါ ဘာမှထပ်မမေးတော့။ တစ်နှစ်ဟူသောအချိန်က စုချန်းအကြောင်းကို နားလည်ရန် လုံလောက်ခဲ့လေပြီ။

သို့သော် သူက ချက်ချင်းထွက်မသွားသေးပဲ မေးလိုက်ပြန်သည်။

"နာမည်မသိတဲ့သူငယ်ချင်း အချိန်က တနှစ်တောင်ပြည့်သွားပြီ မင်းမှာ ရိက္ခာကော ကျန်သေးရဲ့လား ကျုပ် ရိက္ခာ ဖြည့်ပေးရမလား"

"သိပ်တော့ မကျန်တော့ဘူး ဒါပေမဲ့ ခင်ဗျားပေးတာတွေ ကျုပ် မယူရဲဘူးဗျ စားဖို့မပြောနဲ့ ပါးစပ်ထဲထည့်ဖို့တောင် ခပ်ခက်ခက်ပဲ"

စုချန်း ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်လေသည်။

ခီလစ်ဒါ သက်ပြင်းချလိုက်၏။

"သူငယ်ချင်း မင် ဘာလို့ ဒီလိုဆက်လုပ်နေတာလဲ ဒီတနှစ်အတွင်း မင်းရဲ့တန်ဖိုးကို ကျုပ် ကောင်းကောင်းသိခဲ့ရပြီ ကျုပ်အနေနဲ့ မင်းကို မသတ်ဘူးလို့ ကတိပေးနိုင်တယ် ကျုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ မစဥ်းစားမိဘူးလား..."

"ဒါပေမဲ့ ကျုပ် ဘယ်တော့မှ ထွက်သွားလို့မရဘူး ဟုတ်တယ်မလား"

ခီလစ်ဒါ ပါးစပ်ပိတ်သွား၏။

မှန်ပါသည်။ စုချန်း၏ တန်ဖိုးကို သိသွားပြီးနောက် စုချန်းကို ခီလစ်ဒါ သတ်လိုစိတ်မရှိတော့။ သို့သော် စုချန်းကို လွှတ်ပေးရန်ကတော့... ခီလစ်ဒါအနေနှင့် သူ့ကို သတ်လိုက်သည်ကမှ ပိုကောင်းပေအုံးမည်။

အတန်ကြာစဥ်းစားပြီးနောက် ပြောနေကျစကားကိုပင် သူ ထပ်ပြောလိုက်၏။

"မင်း ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူးကွာ"

သူ ဤစကားကို တနှစ်အတွင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပြီ ဖြစ်သည်။ စုချန်းကလည်း အကြိမ်တိုင်းလိုလိုတွင် "ကျုပ် ထွက်ပြေးနိုင်တယ်" ဟုသာ ပြန်ဖြေခဲ့၏။

နောက်ဆုံးတော့ ခီလစ်ဒါတယောက် ရယ်မောရင်း ထွက်ခွာသွားတော့၏။

စုချန်းကတော့ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိပဲ သုတေသနဆက်လုပ်နေခဲ့၏။ တချိန်တည်းမှာပင် သူ တခြားသူများနှင့်လည်း စကားပြောနေခဲ့လေသည်။

မှန်ပါသည်။ သူ တခြားသူများနှင့် စကားပြောနေခဲ့၏။

စုချန်းနှင့်ပတ်သက်၍ ခီလစ်ဒါသည် စကတည်းက အမှားကြီးတခု လုပ်ခဲ့မိ၏။ ထိုအမှားမှာကား သူသည် စုချန်း၏ ဆက်သွယ်ပြောဆိုနိုင်စွမ်းကို ကန့်သတ်ထားရန် မေ့လျှော့နေခဲ့ခြင်းပင်။

ပိတ်လော့ခ်။

ပိတ်လော့ခ်သည် ယခုဆိုလျင် ဆက်သွယ်ရေးရုပ်သေးရုပ်တရုပ်၏ ကိုယ်ထဲတွင် ရှိနေပြီး အကွာအဝေး ကန့်သတ်ချက်မရှိပဲ ဆက်သွယ်နိုင်၏။ စုချန်းသည် ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေအကြောင်း အချုပ်အနှောင်မဲ့ဂိုဏ်းကို အကြောင်းကြားရန် ပိတ်လော့ခ်ကို အသုံးပြုခဲ့၏။ ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် လွန်ခဲ့သောတနှစ်ကတည်းက စုချန်း ဖမ်းဆီးခံထားရကြောင်း သိထားပြီးလေပြီ။ သူတို့ မဆင်မခြင် ဝင်မလာခဲ့ခြင်းမှာ အဆိပ်တထောင်တောင်သည် မိတ်ဆွေမရှိသော နယ်မြေဖြစ်နေသည့်အပြင် စုချန်းကလည်း သူ့ကို လာမခေါ်ရန် ညွှန်ကြားထားသောကြောင့်ပေတည်း။ စုချန်း လိုအပ်သည်မှာ သူပေးထားသည့် ညွှန်ကြားချက်များအတိုင်း အပြင်မှ ပူးပေါင်းဆောင်ရွက်ပေးရန်ပင်။

"သခင် ဒီနေ့ အခြေအနေ ဘယ်လိုလဲ"

ပိတ်လော့ခ်က မေးလိုက်၏။

"ခီလစ်ဒါက ကျုပ်ရဲ့ လျှပ်စစ်သံလိုက်သီအိုရီကို အတည်ပြုပေးလိုက်တယ် ဒီသဘာဝစွမ်းအားဟာ ပရမ်းပတာနိုင်တဲ့ သဘာဝရှိတာကို ကျုပ် အခုဆိုရင် အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ ဒါဟာ ကျုပ်ဘဝမှာ ကြုံဖူးတဲ့ စွမ်းအားတိုင်းထက် အများကြီး ပိုပြီးနက်ရှိုင်းနေတယ် ပြီးတော့ အင်မတန် အစွမ်းထက်ပြီး ကြမ်းတမ်းတယ် ဒါနဲ့ပဲ ဒီစွမ်းအားကို ကျုပ် တသက်လုံး နားမလည်ဘူးလို့ ပြောလို့ဘယ်ဖြစ်ပါ့မလဲ"

စုချန်းက အထက်ပါအတိုင်း ပြန်ဖြေလိုက်၏။

"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် သခင်"

ပိတ်လော့ခ်က ငြင်းလိုက်၏။

"သဘာဝစွမ်းအားကို စိတ်ကူးနဲ့ နှလုံးသားကပဲ နားလည်နိုင်တာ သမားရိုးကျနည်းလမ်းတွေနဲ့ နားလည်အောင် လုပ်လို့မရဘူး"

"ဒါက ကျုပ်တို့မှာ ဒီစွမ်းအား နားလည်ဖို့ လုံလောက်တဲ့ အခြေခံအုတ်မြစ် မရှိသေးလို့ပဲ"

စုချန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

တနှစ်ခန့်အကြာ သုတေသနလုပ်ခဲ့ပြီးနောက် စုချန်း၏ သဘာဝစွမ်းအားအပေါ် နားလည်နိုင်စွမ်းမှာ အဆင့်တခုသို့တိုင် ရောက်ရှိနေခဲ့ပေပြီ။

ဤကမ္ဘာလောကကြီးတွင် မူလစွမ်းအင် သည် ငွေကြေးနဲ့ တူ၏။ ငွေကြေးအနည်းငယ်ခန့် စုဆောင်းမိလျင် သင်သည် ထိုငွေကြေးကို အခြေခံကာ ပွားများလာစေရန် စီးပွားရေးလုပ်နိုင်၏။ မူလစွမ်းအင်သည်လည်း ဤအတိုင်းပင်။ သင်ကိုယ်ထဲတွင် မူလစွမ်းအင်တချို့ စုဆောင်းမိသည်နှင့် ထိုမှတဆင့် ဆင့်ကဲတုံ့ပြန်မှုများ ဖြစ်ပေါ်လာပြီး အာကင်နာနည်းစနစ် သို့မဟုတ် မူလစွမ်းရည်များ ထပ်မံဖြစ်ပေါ်လာတော့သည်။

သို့သော် သဘာဝစွမ်းအားကတော့ မတူချေ။ ၎င်းစွမ်းအားသည် မူလစွမ်းအင်ထက် အများကြီး ပိုနက်ရှိုင်းပြီး ပိုကျယ်ပြန့်၏။ ဥပမာပေးရလျင် သဘာဝစွမ်းအားသည် ရှုပ်ထွေးသော စက်ကိရိယာတမျိုးနှင့် ပိုတူ၏။ စက်၏ အစိတ်အပိုင်းတခုတည်းကို ကျွမ်းကျင်ခြင်းသည် ဘယ်နေရာမှ အသုံးမဝင်ချေ။ ထိုအစား သင့်အနေနှင့် အဓိကနေရာများဖြစ်သည့် အဖွင့်အပိတ်ခလုတ်၊ ပတ္တာများနှင့် တခြားနေရာများကို ထိန်းချုပ်နိုင်မှသာ စက်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

သို့သော် ဤဥပမာက အလုံးစုံ ပြည့်စုံသည်တော့ မဟုတ်ချေ။

ခီလစ်ဒါနှင့် အပြန်အလှန်စကားပြောပြီးနောက် စုချန်းအနေနှင့် အမှန်တရားတခုကို သိလာခဲ့၏။ ထိုအမှန်တရားမှာကား သဘာဝစွမ်းအင်နှင့် မူလစွမ်းအင်သည် တိုက်ရိုက်ဆက်စပ်နေသေးသည်ဟူသော အချက်ကိုပင် ဖြစ်သည်။ ဆိုလိုသည်မှာ လူတယောက်သည် သဘာဝစွမ်းအင်ထံမှ စိတ်ကူးဉာဏ်များကို စတင်လက်ခံနိုင်ရန်မှာ မူလစွမ်းအင်သည် အဆင့်တခုတွင် ရှိနေရန် လိုပေသည်။ ထို့ကြောင့် သဘာဝစွမ်းအားကို နားလည်သဘောပေါက်ခြင်းဟူသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် အင်မတန်နီးကပ်စွာ ဆက်စပ်နေ၏။

ထိုမျှသာမကသေး ထိုလူသည် သူကျွမ်းကျင်သည့် အရာတမျိုးမျိုးကို အဆုံးစွန်သောအဆင့်ထိ ကျွမ်းကျင်ပေါက်ရောက်သွားရန်လည်း လိုအပ်နေသေး၏။ ဥပမာပေးရလျင် ခီလစ်ဒါသည် မိုးကြိုးနှင့်ပတ်သက်၍ အဆုံးစွန်သော အဆင့်ထိ ပေါက်ရောက်သွားရာမှ မိုးကြိုးသဘာဝစွမ်းအားနှင့်ပတ်သက်သည့် ထိုထွင်းသိမြင်ညဏ်များ ပေါ်ပေါက်လာပြီး အသံကို ထိန်းချုပ်နိုင်ခဲ့လေသည်။

ထိုထက်ပိုရှင်းအောင်ပြောရလျင် မူလစွမ်းရည်များနှင့် အာကင်နာနည်းစနစ်တိုင်းတွင် ပုံသေနည်းကိုယ်စီ ရှိနေကြ၏။ လူတယောက်က မိုးကြိုးမုန်တိုင်းတခု ဖန်တီးချင်သည်ဆိုလျင် ထိုလူအနေနှင့် သက်ဆိုင်ရာ မူလစွမ်းအင်ပုံစံကို ဦးစွာရွေးချယ်ရပေလိမ့်မည်။ မိုးကြိုးမုန်တိုင်း ဖန်တီးရန် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းပုံစံကို အသုံးပြုရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

သို့သော် သဘာဝစွမ်းအားကတော့ ဤမျှ မရိုးရှင်းချေ။ အကြောင်းမှာ ဤစွမ်းအားသည် စိတ်ဝိညာဉ်ကို နာခံသည်ဖြစ်လေရာ လူတယောက်ကသဘာဝစွမ်းအားကို ထိန်းချုပ်နိုင်သည်နှင့် အတွေးတချက်နှင့်ပင် ထိုစွမ်းအားကို အသုံးပြုနိုင်လာပေလိမ့်မည်။

သို့သော် ထိန်းချုပ်နိုင်သည်၊ အသုံးပြုနိုင်သည်ဆိုရုံနှင့် ထင်တိုင်းကြဲနိုင်ပြီဟု မဆိုလိုချေ။ နည်းစနစ်တိုင်းတွင် ၎င်းတို့၏ သက်ဆိုင်ရာ ဝိသေသလက္ခဏာများ ရှိနေကြ၏။ ဥပမာ ခီလစ်ဒါ၏ မိုးကြိုးသဘာဝစွမ်းအားသည် သူ့ကို အသံတမျိုးတည်းသာ ထိန်းချုပ်နိုင်သော စွမ်းရည်မျိုး ပေးထား၏။ ခီလစ်ဒါအနေနှင့် တခြားဘယ်အရာကိုမှ ထိန်းချုပ်နိုင်စွမ်းမရှိချေ။ ထိိုသို့လုပ်ဆောင်နိုင်ရန်မှာလည်း သက်ဆိုင်ရာ မူလစွမ်းအင်ကို ရာနှုန်းပြည့် ကျွမ်းကျင်နေရန် လိုအပ်ပေသည်။

ထို့ကြောင့် မူလစွမ်းအင်သည် သဘာဝစွမ်းအား၏ အခြေခံဟုဆိုသည်မှာ မှားတော့မမှားချေ။

ဤနေရာတွင် အဓိကပြဿနာမှာ မူလစွမ်းအင်အမျိုးအစားတခုကို ကျွမ်းကျင်သည်နှင့် ညဏ်အလင်းပွင့်ခြင်းကြားတွင် ကြီးမားသည့်ကွာဟချက်တခု ရှိနေခြင်းပင်။ ထိုကွာဟချက်ကို ကျင့်ကြံခြင်းဖြင့် ချုံ့ပစ်၍ မရ။ သင်သည် ညဏ်အလင်းပွင့်သွားရန် ဦးစွာလိုအပ်ပြီး ထို့နောက်တွင်မှ သဘာဝစွမ်းအားကို ထိန်းချုပ်သွားနိုင်ရန် သင်ယူသွားရပေလိမ့်မည်။

ထို့ကြောင့် ဤလုပ်ငန်းစဉ်သည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာအပေါ် လုံးဝနီးပါး မှီခိုနေ၏။ ထိုထက်ပိုရှင်းအောင်ပြောရလျင် ဤလုပ်ငန်းစဥ်ကို အောင်မြင်ရန်မှာ သင့် အရည်အချင်းပေါ်တွင် မူတည်နေ၏။

ဤသည်ကိုက ခီလစ်ဒါနှင့် စုချန်းကြားမှ အကြီးမားဆုံး ကွာခြားချက် ဖြစ်နေလေသည်။ စုချန်းအနေနှင့် သဘာဝစွမ်းအားကို ပေါက်ရောက်အောင်မြင်ရန်မှာ ကောင်းကင်ဘုံနှင့်ဆိုင်သည်ဟု လားလားမျှ မထင်ချေ။ သူ့စိတ်ထဲတွင်မူလစွမ်းအင်အမျိုးအစားတခုကို ကျွမ်းကျင်ခြင်းနှင့် ညဏ်အလင်းပွင့်ခြင်းကို ဆက်စပ်ပေးနေသည့် လမ်းကြောင်းတခု ရှိကိုရှိရမည်ဟု စွဲစွဲမြဲမြဲပင် ယုံကြည်ထား၏။

သို့သော် ခီလစ်ဒါကတော့ စုချန်း၏ အတွေးအခေါ်ကို မည်သို့မှ နားမလည်နိုင်ရှာ။ ခီလစ်ဒါအဖို့ကတော့ သဘာဝစွမ်းအားကို ကောင်းကင်ဘုံက ပေးအပ်ထားခြင်းဖြစ်သည်ဟုသာ ယုံကြည်နေ၏။ ညဏ်အလင်းပွင့်သည့် လူအများစုကလည်း ဤအတိုင်းပင် ယုံကြည်ထားကြလေသည်။

သဘာဝစွမ်းအားသည် နာမည်နှင့်လိုက်အောင်ပင် ကမ္ဘာကြီးကို အုပ်ချုပ်နေသည့် အခြေခံမူများနှင့် သက်ဆိုင်နေ၏။

ဤသို့သော အခြေခံမူများသည် သင် မည်သို့ တွက်ချက်နိုင်မည်နည်း။ မည်သို့ ခွဲခြမ်းစိတ်ဖြာနိုင်မည်နည်း။ မည်သို့ သုတေသနလုပ်နိုင်မည်နည်း။

အထက်ပါအတွေးအခေါ်ကို ကြားသောအခါ စုချန်း အတွေးလွန်လွန်းနေပြီဟု ပိတ်လော့ခ်ပင် ခံစားမိလာ၏။

ထိုအခါ သူ သက်ပြင်းချရင်း ပြောလိုက်လေသည်။

"တကယ်တော့ သဘာဝစွမ်းအားဆိုတာ သဘာဝတရားကြီးရဲ့စွမ်းအားကိုယ်တိုင်ပဲသခင်..အဲဒီစည်းမျဥ်းတွေကို တွက်ချက်အဖြေထုတ်ဖို့ စဥ်းစားရင် သခင့်အနေနဲ့ ဒီကမ္ဘာကြီးရဲ့ အခြေခံစည်းမျဉ်းတွေကို ကျကျနနကြီး နားလည်ထားမှ ရလိမ့်မယ်"

စုချန်း ချက်ချင်းပင် ပြန်ဖြေလိုက်၏။

"မင်းပြောတာမှန်ပါတယ် ဒါ ဘယ်လိုမှမလွယ်ဘူး ဒါပေမဲ့ မလွယ်ဘူးဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ ကျုပ်ပြောတာ ဟုတ်တယ်မလား"

ပိတ်လော့ခ် နှုတ်ဆိတ်သွား၏။

စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"မူလစွမ်းအင်နဲ့ သဘာဝစွမ်းအားကြားက ကွာခြားချက်ဟာ ကျုပ်တို့ ကောင်းကောင်းနားလည်ထားတဲ့စနစ်နဲ့ နားမလည်သေးတဲ့စနစ်ကြားက ကွာခြားချက်လောက်ပဲ ရှိတယ် မင်းအနေနဲ့ မသိသေးတဲ့အရာတခုကို စူးစမ်းတော့မယ်ဆိုရင် အခုလက်ရှိ ကျုပ်တို့ သိပြီးနားလည်ထားပြီးသားအရာရဲ့ အမြင့်ဆုံးအဆင့်မှာ ရပ်တည်နေဖို့ လိုအပ်တယ် ဒါ ကျုပ်တို့နေထိုင်တဲ့ကမ္ဘာကြီးရဲ့ သတိပေးစကားပဲ ဒါ့ကြောင့် ကျုပ်တို့အနေနဲ့ မရေရာတဲ့အနာဂတ်ကို ကြောက်နေဖို့ မလိုဘူး ကျုပ်တို့ လုပ်ရမှာက မရပ်မနား ရှေ့ဆက်သွားနေဖို့ပဲ"

All Chapters