ဝင်ပေါက်
Vol. 87 Ch. 867
တစ်ရာမြောက်သောခြေလှမ်းကို စုချန်း လှမ်းလိုက်သည့်အခိုက်အတန့်မှာပင် အခြေအနေတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွား၏။
ရုတ်တရက် ဖြစ်ပေါ်လာသော ထိုပြောင်းလဲမှုသည် ကမ္ဘာမြေကြီးတုန်လှုပ်သွားသည်အထိတော့ မပြင်းထန်လှချေ။ စုချန် ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တွင် ထူးခြားသည့်လေဟာနယ်တခု ရုတ်တရက် ပေါ်ပေါက်လာခြင်းမျှသာ ဖြစ်လေသည်။
ရုတ်တရက်ဆိုသလိုပင် သူ့ပတ်ပတ်လည်ရှိ လေထု အစိုင်အခဲဖြစ်သွားသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။ အဆိုပါစွမ်းရည်သည် ဆူမာရုလေဟာနယ်၊ အလင်းစက်ဝန်း သို့မဟုတ် တခြားသော လေဟာနယ်ဆိုင်ရာ နည်းစနစ်များနှင့် ဆင်တူသော်လည်း အနှစ်သာရမှာကား ကွဲပြားလှ၏။
ယေဘုယျအားဖြင့် ဆိုရလျင် လေဟာနယ်ဆိုင်ရာ ပိတ်လှောင်စွမ်းရည်များသည် လေထုကို စုစည်းမာကျောစေပြီး ရန်သူကို ရွေ့လျားရန် ခက်ခဲစေတတ်သော သဘောကို ဆောင်၏။ အရှင်းဆုံးပြောရလျင် ဤသို့သော လေဟာနယ်စွမ်းရည်များသည် တကယ်တမ်းတွင် လေဟာနယ်နှင့်ပင် သက်ဆိုင်ခြင်းမရှိချေ။ ထိုအစား ၎င်းစွမ်းရည်/နည်းစနစ်တို့သည် အနုအမှုန်များကို ထိန်းချုပ်ခြင်းအပေါ်တွင်သာ မှီခိုနေ၏။ ဆူမာရုလေဟာနယ်နှင့် အလင်းစက်ဝန်းတို့သည်လည်း ဤအတိုင်းသာတည်း။၎င်းနည်းစနစ်တို့သည် အနုအမှုန်များကို မူလစွမ်းအင်နှင့် ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရန်သူ၏ လှုပ်ရှားမှုကို ကန့်သတ်ဟန့်တားနိုင်သည့် စွမ်းရည်များ ပေါ်ပေါက်လာကြခြင်းပင်။ ထို့ကြောင့် ဤနည်းစနစ်များသည် တကယ်တမ်းတွင် လေဟာနယ်အပေါ် အခြေခံသည်ဟု ဆိုခြင်းထက် လေအပေါ်တွင် အခြေခံသည်ဟုဆိုလျင် ပို၍မှန်ကန်ပေလိမ့်မည်။
လေဟူသည်မှာ တနည်းအားဖြင့် လေထု၏ ရွေ့လျားမှုမျှသာဖြစ်ပေသည်။ ထိုနည်းစနစ်များသည် လေကို ငြိမ်သက်ပြီး စီးဆင်းမှုကို ရပ်တန့်စေလိုက်ခြင်းအားဖြင့် သက်ရောက်မှုများကို ပေါ်ပေါက်လာစေခြင်းပင်။ လေအနုမှုန်များကို တင်းတင်းကျပ်ကျပ် ဖိသိပ်လိုက်သောအခါ သိပ်သည်းသည့် လေထုအပိုင်းအစများ ဖြစ်ပေါ်လာစေသည့် သဘော ဖြစ်လေသည်။
သို့သော် စုချန်း၏အခြေအနေကတော့ အတော်လေးပင် ကွဲပြားခြားနားနေ၏။
အကြောင်းမှာ သူ့ပတ်လည်တွင် မည်သည့်လေမှ တိုက်ခတ်ခြင်း မရှိသောကြောင့်တည်း။
သူ့ပတ်လည်တွင် လေတိုက်ခတ်သံကို မကြားရသလို ရေမြုပ်နေသည့် ခံစားချက်မျိုးလည်း အလျင်းပင်မရှိချေ။ သတ္တုတုံးကြီးထဲတွင် ရုတ်တရက် ပိတ်မိသွားသကဲ့သို့သာ စုချန်း ခံစားနေရလေသည်။
ဆူမာရုလေဟာနယ်သည် ဓာတ်ငွေ့ကို ရေအဖြစ်သို့ ပြောင်းလဲလိုက်သည်နှင့် အလားသဏ္ဍာန်တူ၏။ ဆူမာရုလေဟာနယ်ထဲတွင် ပိတ်မိနေသောသူသည် ရေအောက်တွင် နစ်မြုပ်နေသကဲ့သို့ ခံစားရတတ်ကြ၏။ ထိုအခါ သူတို့၏လှုပ်ရှားမှုများမှာလည်း အလွန်ပင် နှေးကွေးသွားတော့သည်။ သို့သော် စုချန်းမှာကား သူ့ပတ်လည်ရှိ လေထုသည် ရုတ်တရက် အစိုင်အခဲဖြစ်သွားသကဲ့သို့ ခံစားနေရ၏။
အကယ်၍ သင်သည် သတ္တုတုံးကြီးထဲတွင် ပိတ်လှောင်ခံထားရပါက မည်သို့ ရွေ့လျားနိုင်တော့မည်နည်း။
စုချန်း၏ ပတ်လည်ရှိ လေထုသိပ်သည်းဆမှာ အလွန်ပင် မြင့်မားလှ၏။ ထိုသို့ မြင့်မားလွန်းသဖြင့် ယုတ္တိမတန်၊ မဖြစ်နိုင်၊ ကျိုးကြောင်းခိုင်လုံမှုမရှိဟုပင် မှတ်ထင်ရ၏။
မှန်ပါသည်။ မူလကမ္ဘာကြီးတွင် ကျိုးကြောင်းခိုင်လုံမှုအပေါ် များစွာ အလေးထားကြ၏။ သို့မဟုတ်လျင် စုချန်းအနေနှင့် မည်သည့်အရာကို သုတေသနပြုနေတော့မည်နည်း။ သို့သော် လက်ရှိ စုချန်းထံတွင် ဖြစ်ပျက်နေသည့်အရာကတော့ တကယ်ကြီးပင် ယုတ္တိမတန်ပဲ ဖြစ်နေ၏။ သို့မဟုတ် နားလည်ရန်၊ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်ဟု ဆိုနိုင်ပေသည်။
ဖြစ်ပျက်နေသည့်ပုံစံမှာ စုချန်း ပတ်လည်ရှိ လေထုကို ဖိသိပ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ချေ။ ၎င်းမှာ လေ၏ အနုမှုန်များ ရုတ်တရက် အခြေအနေပြောင်းလဲသွားသည်နှင့် ပို၍တူနေ၏။ ၎င်းမှာ ကြီးမားလှသည့် ပြောင်းလဲမှုတခုပင် ဖြစ်လေသည်။ တနည်းအားဖြင့် ဤဖြစ်ရပ်မှာ ခီလစ်ဒါ၏ သဘာဝစွမ်းအင်မှ ပေါက်ဖွားလာခြင်းပေတည်း။
ယခုတော့ စုချန်းတယောက် ရွေ့လျားရန် မဖြစ်နိုင်တော့ပဲ အလုံးစုံ ပိတ်မိနေခဲ့လေပြီ။
စုချန်း၏ အဖြစ်ကိုကြည့်ရင်း ခီလစ်ဒါ တဟဲဟဲနှင့် ရယ်မောလိုက်၏။
"မင်း ဒါကို မမျှော်လင့်ခဲ့ဘူးမလားမိုးကြိုးသဘာဝစွမ်းအင်အပြင် ကျုပ်မှာ လူတဦးချင်းစီကို ပိတ်လှောင်နိုင်တဲ့ စွမ်းရည်လည်း ရှိနေသေးတယ်ကွ"
"ဒါ လေဟာနယ်ဆိုင်ရာစွမ်းအင်လား... မဟုတ်ဘူး လုံးဝမဟုတ်ဘူး ဒါ ဒြပ်မှုန်တွေရဲ့ အခြေအနေကို ပြောင်းလဲလိုက်လို့ ပေါ်ပေါက်လာတာပဲ ဒါကြောင့်အခြေခံအားဖြင့်ဆိုရင် ငါ သတ္တုတုံးထဲမှာ ပိတ်မိနေတယ်လို့ ပြောလို့ရတယ်"
စုချန်း အထက်ပါအတိုင်း တီးတိုး ရေရွတ်လိုက်၏။ ထိုအချိန်မှာပင် သူပြောလိုက်သော စကားလုံးများသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေအဖြစ် ပြောင်းလဲသွားကြောင်း စုချန်း တွေ့လိုက်ရ၏။ ၎င်းမှာ ခီလစ်ဒါနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဥ်နှင့် အတော်လေးဆင်တူနေ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ စကားလုံးများမှာ တည်ငြိမ်မှုမရှိပဲ ပေါ်လာပြီး တခနအကြာမှာပင် ပြန်လည်ပျောက်ကွယ်သွားတော့၏။
"မင်း အခုထိ စကားပြောနိုင်သေးတာလား"
ခီလစ်ဒါ အံ့သြတုန်လှုပ်သွားလေသည်။
အခြေအနေအများစုတွင် ဤသို့သော သတ္တုစည်းတံဆိပ်သည် မူလချီစွမ်းအားပညာရှင်အများစုအတွက် စွမ်းအားကြီးမားလှသည်မဟုတ်။ သို့သော် အဓိကပြဿနာမှာ အစိုင်အခဲလေဟာနယ်ပေါ်ပေါက်လာပြီးနောက်တွင် မူလစွမ်းအင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် သတ္တုလေဟာနယ်အတွင်း ပိတ်လှောင်ခံရသော မည်သည့်မူလချီစွမ်းအားပညာရှင်မှ မူလစွမ်းအင်ကို အသုံးမပြုနိုင်တော့ချေ။ ထို့ကြောင့် သူတို့အားလုံးသည် ရုတ်တရက်ဆိုသလိုပင် သာမန်လူတဦး ဖြစ်သွားပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပေါ်တွင်သာ အားကိုးရတော့မည့် အခြေနေသို့ ဆိုက်ရောက်သွားတော့၏။
ထို့ကြောင့် အာကင်နာပညာရှင်များအတွက် ဤစွမ်းရည်ကို အသက်ကိုပင် ချွေသွားနိုင်၏။ အကြောင်းမှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အားမကောင်းလှသောကြောင့်ပင်။
ထို့ကြောင့် ဤအနေအထားမှာ စုချန်းအတွက် ထင်သလောက် ကြောက်စရာမကောင်းလှချေ။ စုချန်းသည် အထွတ်အထိပ်သတ်ဖြတ်သူစစ်သည်တော်တဦး၏ ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ့အဖို့မူကားစကားပြောနိုင်ရုံသာမက လှုပ်ပင်လှုပ်ရှားနိုင်သေးသည်။
စုချန်း ယခုတိုင် လှုပ်ရှားနိုင်သေးသည်ကို မြင်သောအခါ ခီလစ်ဒါ ထပ်မံ တုန်လှုပ်သွားရပြန်၏။
"မင်း ဒါကို ဘယ်လိုများလုပ်လိုက်တာလဲ မင်းဟာ အတော့ကို သန်မာလွန်တဲ့ကောင်ပါလားကွာ ကံကောင်းတာက မင်းအနေနဲ့ ကျုပ်ရဲ့ပိတ်လှောင်မှုကနေလွတ်မြောက်ဖို့ နည်းလမ်းမရှိသေးတာပဲ"
"ဒါ ဘယ်ကလာ ပိတ်လှောင်နိုင်တဲ့ နည်းစနစ်ဖြစ်ရမှာလဲ ဒါ သတ္တုရဲ့သဘာဝစွမ်းအင်မှန်း ကျုပ် သိပါတယ်ဗျာ ဒီတော့ ဒါ ခင်ဗျား ဒီတစ်လျှောက်လုံး ဖုံးကွယ်ထားတဲ့ အဖိုးတန်ဝှက်ဖဲပေါ့လေ ဟုတ်လား ဒါပေမယ့် ကြည့်ရသလောက် ဒီနည်းစနစ်က အနီးအနားမှာရှိတဲ့ ပစ်မှတ်တွေပေါ်မှာပဲ အသုံးပြုနိုင်ပုံရတယ် မဟုတ်ရင် ပထမတကြိမ်တည်းက ခင်ဗျား ဒါကို ထုတ်သုံးခဲ့မှာပေါ့ ဟုတ်သလား ကျုပ်ပြောတာ"
စုချန်း အထက်ပါအတိုင်း ပြန်ပြောလိုက်၏။
"မင်းဟာ တကယ်ကို ဉာဏ်ကောင်းလွန်းပါတယ်ကွာ"
ခီလစ်ဒါ ရယ်မောရင်း စုချန်းကို ချီးကျူးလိုက်၏။
"ဒါပေမယ့် မင်းဟာ မာနကြီးလွန်းတယ် ကိုယ့်ကိုယ်ကိုလဲ အရမ်းယုံကြည်မှုရှိတဲ့ပုံပဲ ဒီကနေ မင်း ဘယ်လိုများ လွတ်မြောက်အောင်လုပ်မလဲဆိုတာ ကျုပ်ဖြင့် တွေးလို့တောင်မရတော့ဘူး"
စုချန်းက ပြန်ပြောလိုက်ပြန်သည်။
"အမှန်အတိုင်းပြောရရင် ဒီကနေ ထွက်ပြေးဖို့ ကျုပ်မှာ ဘာနည်းလမ်းမှ ရှိမနေဘူးဗျ ဘာကြောင့်လဲဆိုတော့ ဒီမတိုင်ခင်ထိ ခင်ဗျားရဲ့ဝှက်ဖဲ ဘာလဲဆိုတာ ကျုပ် မသိခဲ့လို့ပဲ ခင်ဗျားရဲ့ဝှက်ဖဲကို မသိပဲ ဒါကိုတန်ပြန်ဖို့ ကျုပ် ဘယ်လိုလုပ်ပြီး ပြင်ဆင်နိုင်မလဲ ဒါကြောင့် ဒီကနေ ထွက်ပြေးဖို့ ကျုပ်မှာ ဘာနည်းလမ်းမှ မရှိဘူးလို့ ပြောတာပေါ့"
ခီလစ်ဒါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
"ဒီလိုတော့လဲ မင်း သဘောပေါက်ထားသားပဲကွ"
စုချန်းက ဆက်ပြောလိုက်၏။
"ဒါပေမယ့် အဲဒီလိုပဲ ကျုပ်မှာ ဘာဝှက်ဖဲရှိနေမှန်း ခင်ဗျားကိုယ်တိုင်လဲ သိမနေပြန်ဘူး တကယ်တော့ ကျုပ်မှာလဲ ကိုယ်ပိုင်ဝှက်ဖဲတချို့ ရှိနေပါသေးတယ်လေ"
စကားဆုံးသည်နှင့် စုချန်း၏ တကိုယ်လုံးသည် တွန့်လိန်ကောက်ကွေးကာ အလွန်ထူးခြားသည့် မူလစွမ်းအင်ပုံစံတခုအဖြစ် ပြောင်းလဲသွားတော့၏။
သတ္တုလေဟာနယ်အတွင်း၌ မူလစွမ်းအင်သည် တကယ်ကြီး ပေါ်ပေါက်လာခဲ့ချေပြီတကား။ ထို့ပြင် အဆိုပါမူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်းထဲမှ လာခြင်းဖြစ်ပြီး ခီလစ်ဒါ လုံးဝပြောင်းလဲပစ်နိုင်ခြင်းမရှိသည့် တခုတည်းသော စွမ်းအင်လည်း ဖြစ်ပေသည်။
ထို့ပြင် အဆိုပါမူလစွမ်းအင်၏ပမာဏမှာ ခီလစ်ဒါ မျှော်မှန်းထားသည်ထက် များစွာပိုနေ၏။ တချိန်တည်းမှာပင် စုချန်း၏ ခန္ဓာကိုယ်ဆီမှ ပြင်းထန်သော အပူလှိုင်းကြီး စတင်ထွက်ပေါ်လာပြီး သူ့ပတ်လည်ရှိ သတ္တုကို အရည်ပျော်သွားစေကာ နောက်ဆုံးတွင် ပွက်ပွက်ဆူနေသော ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
စုချန်းကား သူ့ကိုယ်သူ မီးလျှံလူသားအဖြစ် ပြောင်းလဲလိုက်ခြင်းပေတည်း။ သူ့ကိုယ်ထဲရှိ မူလစွမ်းအင်သည်လည်း မီးဒြပ်စင်အဖြစ် ဟုန်းဟုန်းထ လောင်ကျွမ်းနေတော့၏။
ထို့နောက် ထူးထူးဆန်းဆန်းပင် လေများတိုက်ခတ်လာကာ ချော်ရည်များကို မွှေနှောက်လိုက်ပြီး ကြီးမားသည့် မီးလျှံနဂါးအဖြစ် ပြောင်းလဲသွားစေပြန်သည်။ ဤသည်မှာ လေနှင့် မီးဒြပ်စင်များကို ပေါင်းစပ်လိုက်ခြင်း၏ ရလဒ်ပင် ဖြစ်လေသည်။ ထိုမျှသာမကသေး မိုးကြိုးရောင်ခြည်များသည်လည်း မီးလျှံနဂါး၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ကခုန်နေကြသေး၏။
မီး၊ လေနှင့် မိုးကြိုးဟူသော ဒြပ်စင်သုံးမျိုးသည် အချင်းချင်း ပေါင်းစပ်ပြီး ဒေါသထွက်နေသောနဂါးကြီးတကောင်ကို ဖန်တီးလိုက်ချေပြီတည်း။
မိုးကြိုးမီးလျံနဂါး၏စွမ်းအားမှာ မယုံနိုင်လောက်အောင် အားကောင်းလှ၏။
သို့သော် ခီလစ်ဒါကို အကြီးအကျယ် တုန်လှုပ်စေသည်မှာ မိိုးကြိုးမီးလျံနဂါး မဟုတ်။
သူသည် စွမ်းအားကြီးသည့် မည်သည့်အာကင်နာနည်းစနစ်ကိုမှ မကြောက်ချေ။ သူကိုယ်တိုင်သည်လည်း ဒဏ္ဍာရီလာ အာကင်နာပညာရှင်တဦးဖြစ်လေရာ မည်သည့်နည်းစနစ်ကိုမဆို သူ ရင်ဆိုင်ဖြေရှင်းနိုင်၏။
ခီလစ်ဒါ မြင်လိုက်ရသည်မှာကား မိုးကြိုးမီးလျံနဂါးကြီးကို ဖော်ထုတ်နေသည်မှာ စုချန်း၏ မူလခန္ဓာကိုယ် ဟုတ်မနေခြင်းပင်။ အတိအကျပြောရလျှင် ၎င်းသည် ဟဲယွန်လေစီးကြောင်းမဟုတ်။ ဟဲယွန်လေစီးကြောင်း၏ ကိုယ်ပွားမျှသာ ဖြစ်နေ၏။
ဤအချက်သည် ခီလစ်ဒါကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။
စုချန်း၏ ကိုယ်ပွားများသည် အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးနေရလေသနည်း။ သူ ဤကိုယ်ပွားများကို မည်သည့်အတွက် မမြင်နိုင်ခဲ့ရလေသနည်း။
ခီလစ်ဒါကား အကြီးအကျယ် ခေါင်းရှုပ်သွားလေပြီ။
"မင်း ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ ဒါ မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး"
"ကျုပ် ဘယ်လိုလုပ်ခဲ့တာလဲ ဟုတ်လား ဒီစွမ်းရည်ကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ကျုပ် ထုတ်သုံးခဲ့တာကို ခင်ဗျား မမြင်ဘူးလား"
ကန့်သတ်နယ်မြေအတွင်းမှ စုချန်း၏ ကြည်လင်သောအသံ ထွက်ပေါ်လာ၏။
တကယ်တော့ ကန့်သတ်နယ်မြေအပြင်ဘက်သို့ ထွက်လာသည့်စုချန်းမှာ သူ့ကိုယ်ပွားမျှသာ ဖြစ်သည်။ ဤကိုယ်ပွားသည်ပင် ခီလစ်ဒါက်ို လှည့်စားနိုင်ခဲ့
၏။
စုချန်း၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
"ကျုပ် ခင်ဗျားကို အခွင့်အရေးပေးခဲ့တယ် ခီလစ်ဒါ ဒါပေမယ့် ခင်ဗျား ဒီအခွင့်အရေးကို မယူခဲ့ဘူး ဒီတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ခင်ဗျား စောင့်သာကြည့်နေပေတော့"
စကားဆုံးသည်နှင့် လေမိုးကြိုးမီးလျံနဂါးကြီးသည် အောက်သို့ နိမ့်ဆင်းလာ၏။ သို့သော် နဂါးကြီး၏ ပစ်မှတ်မှာ ခီလစ်ဒါမဟုတ်။ အဆိပ်တထောင်တောင်ကြီးသာ ဖြစ်နေလေသည်။
ဘုံး!!!
အရည်ပျော်နေသော ချော်ရည်များ မြေကြီးကို ဖောက်ထွင်းသွားပြီး လမ်းကြောင်းတလျှောက်ရှိ ကျောက်တုံးများကို အရည်ပျော်သွားစေကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွား၏။
တုန်လှုပ်ဖွယ်ရာကောင်းသည်မှာ တခနအကြာတွင် မြေကြီးအောက်မှ ကြီးမားသည့် ဥမင်လိုဏ်ခေါင်းများ ရုတ်တရက်ဆိုသလိုပေါ်ပေါက်လာခြင်းပင်။
လေမိုးကြိုးမီးလျံနဂါး၏ စွမ်းအားနှင့်ပင် ဤမျှနက်ရှိုင်းသောတွင်းပေါက်ကြီး ဖောက်ထွင်းနိုင်ရန် အတော်လေးအချိန်ယူရလိမ့်မည်။ ပေတစ်ရာခန့် အနက်သို့ရောက်သည်နှင့် နဂါးကြီး၏ စွမ်းအင်များ ကုန်ဆုံးသွားဖွယ်ရာရှိနေ၏။
ယခုတော့ သဘာဝအတိုင်း တည်ရှိနေသည့် ဥမင်လှိုဏ်ခေါင်းကို ရှာတွေ့လိုက်လေရာ အသုံးပြုရသည့် စွမ်းအင်ပမာဏမှာ များစွာ အကုန်အကျ သက်သာသွားတော့သည်။
နဂါးကြီးကား လမ်းကြောင်းအတိုင်း အောက်သို့ ထိုးဖောက်ဝင်ရောက်သွားလေပြီ။
ထိုအခါကျမှ ဘာတွေဖြစ်နေမှန်း ခီလစ်ဒါ ရုတ်တရက် သဘောပေါက်သွား၏။
တချိန်တည်းမှာပင် သူ အကြီးအကျယ် မျက်နှာပျက်သွားလေသည်။
"မလုပ်နဲ့"