နိုးထလာခြင်း
Vol. 87 Ch. 868
မိမိရွေးချယ်မှုသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်နှင့် တူနေခဲ့လျင်ပင် လူဆိုသည်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးကြရသည့် အမျိုးသာ ဖြစ်သည်။
ခီလစ်ဒါသာ ကတိတည်ခဲ့လျင် စုချန်းအနေနှင့် ဤစိတ်ကူးမျိုးကို တွေးပင်တွေးမိလိမ့်မည်မဟုတ်ချေ။ သူ့ခြေထောက်အောက်တွင် အိပ်ပျော်နေသော ကမ္ဘာဦးမတိုင်မီ သားရဲကြီးတကောင်ကို နိုးထလာအောင်လုပ်ခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
သို့သော် စုချန်းအနေနှင့် တခြားရွေးချယ်စရာဟူ၍ များများစားစား မရှိချေ။
အကယ်၍ ခီလစ်ဒါသာ မလှုပ်ရှားသေးပဲ အချိန်ဆွဲနေခဲ့လျင် စုချန်းသည် သူ့ကိုယ်ပွားကို ဦးစွာသွားစေပြီးမှ အလင်းတုန်ခါခြင်းတစ္ဆေကိုသုံးကာ ကိုယ်ပွားဆီသို့ နေရာရွှေ့ပြောင်း၍ ရနိုင်သေးသည်။
သို့သော် ယခုတော့ ခီလစ်ဒါက စတင်လှုပ်ရှားလိုက်လေပြီ။ ထို့ကြောင့် စုချန်းအနေနှင့် မတုံ့ပြန်ပဲ နေ၍မရတော့။
ရှိရှိသမျှအားလုံး ပုံအောရမည့်အချိန် ရောက်လာခဲ့ချေပြီတည်း။
အိပ်စက်နေသော ကမ္ဘာဦးသားရဲကြီး နိုးထလာအောင် သူ ကြိုးပမ်းရပေလိမ့်မည်။ ကျန်သောကိစ္စများကတော့ ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းသာ။
ခီလစ်ဒါသည် ကြောက်စရာကောင်းလှအောင် အစွမ်းထက်၏။ သို့သော် ကမ္ဘာဦးမတိုင်မီ သားရဲကြီးတကောင်နှင့် ရင်ဆိုင်နိုင်သည်အထိ အစွမ်းထက်နိုင်မည်တဲ့လား။
စုချန်း၏ အတွေးအခေါ်နှင့် လုပ်ဆောင်ပုံမှာ ကြမ်းတမ်းပြီး ရိုးရှင်းလှ၏။ထို့ကြောင့် သူ့လုပ်ရပ်မှာ သေကြောင်းကြံသောလုပ်ရပ်ဟု စုချန်းကိုယ်တိုင်ကပင် ထင်မိလေသည်။
သို့သော် သေခါမှသေရော ဤအလုပ်ကိုတော့ သူ လုပ်ရပေလိမ့်မည်။ လောကဝယ် မည်သူမှ ထာဝရ ရှင်သန်နိုင်သည်မဟုတ်။ တစ်ခါတလေတွင် လူတယောက်သည် ကိုယ့်အသက်ကို ပုံအောရသည့်အချိန်ဟူ၍ ကြုံရတတ်သည် မဟုတ်ပါလား။
ထို့ကြောင့် စုချန်းအနေနှင့် ဤဆုံးဖြတ်ချက်မျိုးချမှတ်ရန် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိချေ။
လေမိုးကြိုးမီးလျံနဂါးသည် စုချန်း ကြိုတင်တူးထားသည့် ဥမင်အတိုင်း တဟုန်ထိုး ပျံသန်းသွား၏။ မှန်ပါသည်။ ဤဥမင်ကို လွန်ခဲ့သောသုံးလကတည်းက စုချန်း ကြိုတင်တူးထားခြင်းပင်။ ဤသို့တူးလိုက်၍လည်း မြေကြီးအောက်တွင် အိပ်စက်နေသော ကမ္ဘာဦးမတိုင်မီသားရဲကြီးတစ်ကောင် ရှိနေကြောင်း သူ အတည်ပြုနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သူ ဤဥမင်မှတဆင့် ထွက်မပြေးရခြင်းမှာလည်း ခီလစ်ဒါအပေါ် စုချန်း မျှော်လင့်ချက်တချို့တလေ ရှိနေသောကြောင့်ပင်။ တကယ်လည်း ခီလစ်ဒါအနေနှင့် သူ့ကို ထွက်သွားရန် အခွင့်အရေးပေးလေမည်လားဟူသည့် မျှော်လင့်ချက်မျိုး စုချန်းတွင် ရှိနေခဲ့၏။ ထို့ပြင် ဥမင်မှတဆင့် ထွက်ပြေးပါက ခီလစ်ဒါ ခြေရာခံလိုက်လာနိုင်သည့် အန္တရာယ်ကလည်း ရှိနေသေးပေသည်။
မည်သို့ဆိုစေ ခီလစ်ဒါသည် အခွင့်အရေးကို လက်လွှတ်လိုက်ပေပြီ။ ထိုအခါ စုချန်းအနေနှင့်လည်း လက်ခံပြီး ဆက်လက် ကစားရန်သာ ရှိတော့၏။
ကမ္ဘာဦးမတိုင်မီသားရဲကြီးသည် အဆိပ်တထောင်တောင်အောက် ပေပေါင်းတစ်သောင်းနီးပါး အနက်တွင် အိပ်ပျော်နေခြင်း ဖြစ်သည်။ထို့ကြောင့် မြေမျက်နှာပြင်ပေါ်မှ အသေးစားလှုပ်ရှားမှုများက သူ့ကို အနှောင့်အယှက် ပေးနိုင်လိမ့်မည်မဟုတ်။
သို့သော် စုချန်း၏ လေမိုးကြိုးမီးနဂါးကတော့ တနှစ်လုံး အချိန်ယူစုဆောင်းတည်ဆောက်ခဲ့သည် စွမ်းအင်ထု ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဒဿမမြောက်လက်စွပ်အဆင့် အာကင်နာနည်းစနစ်နီးပါးမျှပင် အစွမ်းထက်နေ၏။ ထို့ကြောင့် ဤနဂါးကြီးက သားရဲကြီးကို နိုးထစေရန် လုံလောက်မည်ဟု စုချန်း ယူဆထားလေသည်။
“မဟုတ်ဘူး”
ဘာတွေဖြစ်နေမှန်း သဘောပေါက်လိုက်သည်နှင့် ခီလစ်ဒါ အလန့်တကြား အော်ဟစ်လိုက်၏။ ထိုအခါ သူ့အော်ဟစ်သံများမှာ အလိုအလျောက် တိုက်ခိုက်မှုများကို ဖြစ်ပေါ်လာစေ၏။ စာလုံးများသည် လေမိုးကြီးမီးလျံနဂါးကို ရိုက်ခတ်သွား၏။ ခီလစ်ဒါအနေနှင့် လမ်းခုလတ်မှာပင် နဂါးကြီးကို ပျက်စီးသွားစေချင်သည်မှာ မြင်သာနေသည်။
လေမိုးကြိုးမီးလျံနဂါးသည် လွန်စွာ မြန်ဆန်၏။ သို့သော် ခီလစ်ဒါ၏ စကားလုံးများက ပို၍မြန်ဆန်ပေသည်။ ၎င်းတို့သည် အသံ၏ အလျင်နှုန်းဖြင့် နဂါးနောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။
သို့သော် အနှီစကားလုံးများသည် ဤတကြိမ်တွင်တော့ နဂါးကို လိုက်မမီခဲ့ချေ။ အကြောင်းမှာ စုချန်းကလည်း ပြိုင်တူလှုပ်ရှားလိုက်သောကြောင့်ပင် ဖြစ်သည်။
စကားလုံးများ ထွက်ပေါ်လာသည်နှင့် စုချန်းကလည်း “ဟုတ်တယ်”ဟု ပြန်အော်လိုက်၏။ ထိုအခါ စုချန်း၏ စကားလုံးနှစ်လုံးသည် အသံဖြတ်မသွားနိုင်အောင် တားဆီးထားသည့် ဧရိယာတစ်ခုကို ဖန်တီးလိုက်တော့သည်။
အဆိုပါဧရိယာထဲတွင် အရာအားလုံးသည် တိတ်ဆိတ်နေ၏။ လေသည်ပင် ရွေ့လျားခြင်းမရှိတော့သည့်အတွက် အသံသည်လည်း မည်သည့်နေရာကိုမှ ဖြတ်သွားနိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် ခီလစ်ဒါ ဖန်တီးလိုက်သည့် စကားလုံးများ၏ နောက်ကွယ်မှ စွမ်းအင်များက အကျိုးသက်ရောက်ခြင်းမရှိတော့ပဲ သဲထဲရေသွန် ဖြစ်ကုန်တော့သည်။
ဤသည်မှာလည်း သဘာဝစွမ်းအင်တမျိုးပင် ဖြစ်သည်။
လေဟာနယ်ဆိုင်ရာ သဘာဝစွမ်းအင်။
စုချန်းသည် လွန်ခဲ့တဲ့တစ်နှစ်လုံးလုံး လေဟာနယ်ဆိုင်ရာ နည်းစနစ်များကို သုတေသန လုပ်နေခဲ့၏။ ထို့ကြောင့် လေဟာနယ်စွမ်းအင်အပေါ် သူ့နားလည်မှုသည် ကိုယ်ပိုင်အမြင်မှ လာသည်ဖြစ်၍ အလုံးစုံထိန်းချုပ်နိုင်ခြင်း မရှိသေးစေကာမူ ထိန်းချုပ်နိုင်ရန်တော့အတော်လေး နီးစပ်နေခဲ့လေပြီ။ အရေးအကြီးဆုံးမှာ ဤစွမ်းအင်သည် သူလွတ်မြောက်နိုင်ရန် အကူအညီပေးနိုင်ဖွယ်အရှိဆုံး သဘာဝစွမ်းအင် ဖြစ်နေခြင်းပေတည်း။
ကံမကောင်းသည်မှာ သူသည် ဤနယ်ပယ်၏ အထွတ်အထိပ်သို့ မရောက်သေးလေရာ သူ မသိသေးသောအရာများကို နားလည်ရန်မှာကား များစွာခက်ခဲနေသေး၏။
မည်သို့ဆိုစေ စုချန်းသည် ခီလစ်ဒါ အားကိုးနေသည့်စွမ်းရည်ကို အကျိုးသက်ရောက်မှုမဲ့သွားအောင် စွမ်းဆောင်လိုက်နိုင်၏။ ဤဧရိယာထဲတွင် ခီလစ်ဒါ၏ မိုးကြိုးသဘာဝစွမ်းအင်မှာလည်း အသုံးမဝင်တော့ချေ။
ထိုအချိန်တွင် နဂါးသည် ဥမင်၏ သုံးပုံတပုံအထိ ရောက်ရှိသွားလေပြီ။
ခီလစ်ဒါ အကြီးအကျယ် ဒေါသထွက်လာ၏။
“ဖျက်ဆီးစမ်း"
ခီလစ်ဒါ၏ ပါးစပ်မှ ကျယ်လောင်သော အော်သံ နောက်တကြိမ် ထွက်ပေါ်လာ၏။ အော်သံနှင့်အတူ စကားလုံးများသည် အံ့မခန်းအရှိန်အဝါနှင့် အတူ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် စုချန်း၏ အသံအတားအဆီးထံမှ ကွဲအက်သံများ ထွက်ပေါ်လာလေသည်။ သတ္တုသဘာဝစွမ်းအင်သည် ဤတစ်ကြိမ်တွင် စုချန်း၏ အသံအတားအဆီးကို လုံးဝ ဖုံးအုပ်လိုက်လေပြီ။
အသံအတားအဆီး ကွဲသွားသည်နှင့် “ဖျက်ဆီးစမ်း” ဟူသောစကားလုံးသည် သူ့အစွမ်းအစကို ဆက်လက်ထုတ်ဖော်ပြသလိုက်ပြန်၏။ စကားလုံးများသည် ပတ်ဝန်းကျင်တခုလုံးကို ဖျက်ဆီးပစ်လိုက်လေရာ မြေပြင်တွင် ကြီးမားတဲ့ အစင်းကြောင်းကြီးတခု ပေါ်ပေါက်လာတော့သည်။
“ပိတ်ပစ်စမ်း”
စုချန်းကလည်း အားကျမခံပဲ ပြန်အော်လိုက်၏။
အပြည့်အဝ မထိန်းချုပ်နိုင်သေး၍ စုချန်း၏ မိုးကြိုးသဘာဝစွမ်းအင်သည် ခီလစ်ဒါ၏ စွမ်းအင်ထက် များစွာ အားနည်း၏။ သို့သော် စုချန်းတွင် ကျန်အားသာချက်တခု ရှိနေပြန်သည်။ ၎င်းမှာ စုချန်းသည် လေနှင့်မိုးကြိုးဝိညာဥ်ဆေးမင်များကို စုပ်ယူထားနိုင်သည်ဖြစ်၍ သူ့ကိုယ်ပိုင်နားလည်မှုတခုတည်းကို မှီခိုနေစရာ မလိုခြင်းပင်။
အထက်ပါအတိုင်း အော်ဟစ်ရင်း တောင်ပံဖြန့်လိုက်သည်နှင့်တပြိုင်နက် မိုးကြိုးနှင့်လေ၏ မိုးကြိုးများ၊ လေလှုင်းများသည် "ဖျက်ဆီးစမ်း"ဟူသော စကားလုံးများကို ပစ်ခတ်တိုက်ခိုက်ကြတော့၏။
သဘာဝစွမ်းအင်များ ထိတွေ့ပေါက်ကွဲမှုကြောင့် မီးစမီးပွားများ နေရာအနှံ့ ပြန့်ကျဲကုန်လေသည်။ တချိန်တည်းမှာပင် သဘာဝစွမ်းအင်၏ မမြင်နိုင်သော လျှပ်စီးကြောင်းများသည် ရုပ်ပိုင်းဆိုင်ရာပုံစံအဖြစ် ပေါ်ပေါက်လာ၏။
ဤသို့နှင့် ခီလစ်ဒါ၏ ဒုတိယတိုက်ခိုက်မှုမှာလည်း အဟောသိကံ ဖြစ်သွားရပြန်သည်။
ထိုအချိန်တွင် စုချန်း၏ နဂါးကြီးသည် ဥမင်၏ သုံးပုံနှစ်ပုံသို့တိုင် ရောက်နေခဲ့လေပြီ။
ခီလစ်ဒါ ဒေါသထွက်နေ၏။ ထို့အတူတုန်လှုပ်နေ၏။ ဤအချိန်သည် သူ့အတွက် သေရေးရှင်ရေးအချိန် ဖြစ်နေခဲ့လေပြီ။
ထိုအခါ ခီလစ်ဒါသည် မိုးကြိုးသဘာဝစွမ်းအင်နှင့်မူလစွမ်းအင်ကို ပေါင်းစပ်ပြီး ပိတ်ပင်ထားသည့် အာကင်နာနည်းစနစ်တရပ်ကို ဖော်ထုတ်လိုက်တော့၏။
ဘုရားသခင်ကိုကွပ်မျက်သောမိုးကြိုးလှံ။
ဤလှံသည် ဘုရားသခင်ကို ကွပ်မျက်နိုင်လောက်အထိ အစွမ်းထက်ကြောင်း နာမည်အရပင် သိသာနေ၏။
ဘုရားသခင်ကိုကွပ်မျက်သောလှံ စတင်ထွက်ပေါ်လာသည်နှင့် ကောင်းကင်တခုလုံးပင် မဲမှောင်ကုန်၏။ ထို့နောက် အဆိပ်တစ်ထောင်တောင်ပေါ်တွင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ထို့နောက် ထိုပုံရိပ်သည် သူ့လက်ကို ကောင်းကင်ဆီ ဆန့်ထုတ်ပြီး မိုးကြိုးနဲ့ လျှပ်စီးများကို ကြီးမားသော လှံတစ်ချောင်းအဖြစ် စုစည်းလိုက်သည်။ တဖန် ထိုပုံရိပ်သည် လှံကြီးကို မြေပြင်ဆီ ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။
လျှပ်စီးလှံသည် လေမိုးကြိုးမီးလျံနဂါးနောက်သို့ ဒေါသတကြီးနှင့် လိုက်ပါသွားချေပြီ။
၎င်းကိုမြင်သည်နှင့် စုချန်း၏ မျက်လုံးအစုံမှာ တောက်ပသွား၏။
“တယ်လည်း အံ့ဩစရာ ကောင်းတဲ့ စွမ်းရည်ပါလား"
ထို စွမ်းရည်မျိုးကို စုချန်း မည်သို့မျှ မခုခံနိုင်သည်မှာ သေချာနေ၏။ သို့သော် စုချန်းတွင်လည်း ထိုစွမ်းရည်ကို တားဆီးရန် အနည်းငယ်မှ စိတ်ကူးထားခြင်းမရှိ။
သူသည် ခီလစ်ဒါ၏ လျှပ်စီးလှံကို မတားဆီးရုံသာမက အကျိုးသက်ရောက်မှုကိုပင် ချဲ့ထွင်ပေးလိုက်သေး၏။
“ခင်ဗျားက ကျုပ်ရဲ့နဂါးကို ဖျက်ဆီးချင်တယ်ပေါ့ ဟုတ်လား ရတယ်လေ ကျုပ် ကူညီပေးမယ်"
တချိန်တည်းမှာပင် သူက လျှပ်စီးလျံကို မိုးကြိုးသဘာဝစွမ်းအင်ဖြင့် ထပ်မံပံ့ပိုးပေးလိုက်၏။
“သေစမ်း”
စုချန်းဘာလုပ်လိုက်မှန်း စက္ကန့်ပိုင်းခန့်ကြာသွားမှ ခီလစ်ဒါ သတိထားမိလိုက်သည်။ သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။
သူသည် အဆိုပါလှံကို ထုတ်ဖော်ခဲ့သူဖြစ်ပြီး သူ့စွမ်းအင်များအားလုံးကို လှံထဲတွင် ပေါင်းစပ်ပါဝင်နေ၏။ ယခု စုချန်းကပါ ထပ်၍ မိုးကြိုးသဘာဝစွမ်းအင်များ ဖြည့်သွင်းပေးလိုက်သောအခါ လှံသည် သူတားဆီးနိုင်သည့် ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့လေပြီ။ လျှပ်စီးလှံက်ို ခီလစ်ဒါ မည်သို့မှ ရပ်တန့်နိုင်ခြင်းမရှိတော့။
လျှပ်စီးလှံသည် လေမိုးကြိုးမီးလျံနဂါးကို အရှိန်အဟုန်နှင့် ထိုးဖောက်သွား၏။
နဂါးကြီး နာကျင်စွာ ဟိန်းအော်လိုက်၏ ။ တကယ်တော့ လေမိုးကြိုးမီးလျံနဂါးမှာ စုချန်း၏ အသက်စွမ်းအင်မှ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်းသည်လည်း သူ့ကိုယ်တွင်းသို့ လှံတချောင်းဖောက်ဝင်သွားသည့်ပမာ ခံစားလိုက်ရ၏။ ထို့နောက် စုချန်း၏ ပါးစပ်ထဲမှ သွေးများပွက်ခနဲ အန်ချလိုက်လေသည်။
လေမိုးကြိုးမီးလျံနဂါးမှာ ပျက်စီးသွားခဲ့လေပြီ။ သို့သော် လျပ်စီးလှံမှာ အရှိန်မှပင်လျော့မသွားပဲ ရှေ့သို့ဆက်လက်တိုးဝင်နေ၏။
“မဟုတ်ဘူး”
ခီလစ်ဒါ ထပ်အော်လိုက်၏။ ဤတကြိမ် ခီလစ်ဒါ၏ အော်သံတွင် မည်သည့်သဘာဝစွမ်းအင်မှ မပါချေ။ သာမာန်အတိုင်း စိတ်ပျက်လက်ပျက်နှင့် အော်လိုက်ခြင်းမျှသာ။ အခြားတစ်ဖက်မှာတော့ စုချန်းကတော့ ပြုံးလျက်သားရှိနေ၏။
ဘုန်း!!!
ဘုရားသခင်ကို ကွပ်မျက်သော လှံသည် မြေကြီးအောက် အနက်ရှိင်းဆုံးနေရာထိ ဖောက်ဝင်သွားပြီး သူ့ပစ်မှတ်ကို ကျကျနနပင် ထိမှန်သွား၏။ လှံမှ ထွက်ပေါ်လာသော စွမ်းအင်များသည် တခြားထွက်ပေါက်မရှိလေရာ ဝင်လာသည့်လမ်းအတိုင်း ပြန်ထွက်လာပြီး ကောင်းကင်တခွင်အား မျက်စေ့ကျိန်းလောက်ဖွယ်ရာ လျှပ်စီးများနှင့် ပြည့်နှက်သွားစေ၏။
သို့တိုင်အောင် ခီလစ်ဒါနှင့်စုချန်းတို့နှစ်ဦးလုံးသည်ပင် ဤမြင်ကွင်းကို ဂရုမစိုက်နိုင်ကြချေ။
သူတို့တကယ်တမ်း ဂရုစိုက်နေသည်မှာကား တစုံတရာ၏ တုံ့ပြန်မှုပေတည်း။
ဟင်...ဘာမှ မဖြစ်ခဲ့ဘူးလား...
ဒီအတိုင်းပဲ ပြီးသွားတာလား...
ဘာတုံ့ပြန်မှုမှ မရှိဘူးလား...
သူတို့နှစ်ဦးလုံး တုန်လှုပ်သွားကြ၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
လှံက ပစ်မှတ်ကို ထိမှန်သွားတာ ရှင်းနေတာပဲ...
ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ...
သူတို့နှစ်ယောက် တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ခီလစ်ဒါတယောက် မပြုံးပဲ ဝါးလုံးကွဲရယ်မောလိုက်လေသည်။
“ဟားဟားဟားဟား"
စုချန်း သက်ပြင်းချလိုက်၏။
နောက်ဆုံးတော့ သူ ရှုံးနိမ့်ခဲ့ရလေပြီ။
သို့သော်...
ထိုအချိန်မှာပင် အဆိပ်တစ်ထောင်တောင်သည် ရုတ်တရက်ဆိုသလို တုန်ခါသွား၏။
ခီလစ်ဒါနှင့် စုချန်းတို့နှစ်ဦးလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။
ခီလစ်ဒါ အကြီးအကျယ် မျက်နှာပျက်သွား၏။ ထို့နောက် သူ တတိယအကြိမ် အော်လိုက်မိပြန်သည်။
“မဟုတ်ဘူး”
“ဝူး"
မြေကြီးကို တုန်ခါသွားစေသည့် ဒေါသတကြီး အော်ဟစ်သံ အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့လွင့်သွားလေသည်။