← Chapters

ပြေးသူလိုက်သူ

Vol. 87 Ch. 869

ပြေးသူလိုက်သူ

Vol. 87 Ch. 869

ဝုန်း!!! ဝုန်း!!! ဝုန်း!!!

တလောကလုံး သိမ့်သိမ့်တုန်သွားစေသည့် အော်သံ၏ နောက်တွင် မဟာပထဝမြေထုကြီးသည် အက်ကွဲသံများ စတင်ထွက်ပေါ်လာ၏။

ထို့နောက် ရေကြောကို ထိုးဖောက်မိ၍ မြေအောက်ရေများ ပန်းထွက်လာသကဲ့သို့ အဆိပ်တထောင်တောင်၏ မျက်နှာပြင်မှ ထောင်ပေါင်းများစွာသော ကျောက်တုံးများသည် လေထဲသို့ လွင့်စဉ်ပေါက်ကွဲထွက်ကုန်၏။ တချိန်တည်းမှာပင် အနက်ရောင်ရေလှိုင်းကြီးတလုံး မြေပြင်ရှိ အပေါက်များမှ ပန်းထွက်လာတော့သည်။

သာမာန်ရေလှိုင်းတော့မဟုတ်။ ကြောက်စရာကောင်းလှသော အဆိပ်လှိုင်းပေတည်း။

အဆိပ်များသည် မြေအောက်မှ ကောင်းကင်ဆီသို့ တရှိန်ထိုးပန်းထွက်လာပြီး အရာအားလုံးကို မြန်မြန်ဆန်ဆန်ပင် ဖုံးလွှမ်းသွား၏။ အပြာရောင် ကောင်းကင်သည်လည်း ချက်ချင်းပင် အနက်ရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

“ဟာ”

ခီလစ်ဒါ၏ နှုတ်မှ ကြောက်လန့်တကြား ရေရွတ်လိုက်၏။ စုချန်းပင်လျင် အတော်လေး တုန်လှုပ်ချောက်ချားသွားသည်။

ဤအရာသည် ကမ္ဘာမြေကြီးကိုပင် တုန်ဟီးစေလောက်သော စွမ်းအားမျိုးရှိနေ၏။ ဒဏ္ဍာရီလာအာကင်နာပညာရှင်တဦး ထုတ်လွှတ်လိုက်သည့် တားမြစ်နည်းစနစ်မျိုးသည်ပင်လျှင် ဤမျှလောက် အင်အားကြီးလိမ့်မည်မဟုတ်။

လျှပ်စီးလှံကို ထုတ်လွှတ်လိုက်သော ခီလစ်ဒါ၏ ကောင်းကင်ပေါ်မှ ပုံရိပ်သည်ပင် ဤအဆိပ်လှိုင်းနှင့် ရင်ဆိုင်ရပါက အရည်ပျော်ပြီး အမှိုက်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ နိုးထမှုသည် တားမြစ်ထားသည့် နည်းစနစ်ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်ထက် ပို၍အစွမ်းထက်နေသည်ဟု ဆိုနိုင်၏။

ဤတချက်သည် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ကို ရှင်းပစ်ရန် ဉာဏ်ရည်မြင့်မျိုးစိတ် အုပ်စုကြီးတစုစာခန့် လိုအပ်ကြောင်း ရှင်းပြနေ၏။ အင်အားကြီးလှချေသည်တကား။

ထိုသို့ ကမ္ဘာဦးမတိုင်မီသားရဲတကောင်ကို ထိန်းချုပ်ရန်ပင် ဤမျှ အားထုတ်နေရလျင် မူလသားရဲကြီးများဆိုပါက ပြောစရာပင် မလိုတော့ချေ။

သို့သော် လက်ရှိအခြေအနေအရ ကမ္ဘာဦးမတိုင်မီသားရဲကြီးများသည် မူလသားရဲကြီးများထက် ပို၍ကြောက်စရာကောင်းနေ၏။ အကြောင်းမှာ မူလသားရဲများဟူသည် နိုးထရန် အလွန်ခက်ခဲပြီး နိုးလာပြီးနောက် မကြာမီပင် သေဆုံးသွားတတ်ကြသည်။ ကမ္ဘာဦးမတိုင်မီသားရဲများသည်ကား မူလသားရဲများထက် အားနည်းသော်လည်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနိုင်စွမ်းမှာ ပို၍သာလွန်၏။

ယခုလည်း စုချန်းသည် အဆိပ်တထောင်တောင်အောက်တွင် အိပ်ပျော်နေသည့် ကမ္ဘာဦးမတိုင်မီသားရဲကြီးကို နိုးထလာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့လေပြီ။ ၎င်း မည်မျှကြာကြာ နိုးထနေမည်ကို မည်သူမျှ မသိသည့်တိုင် ကံကြမ္မာလက်ချောင်းများအဖွဲ့အဖို့ကား အကြီးအကျယ် ဒုက္ခရောက်တော့မည်မှာ သေချာနေခဲ့လေပြီ။

မြေအောက်ရှိ သားရဲကြီးသည် ဟိုမှသည်မှ ရွေ့လျားနေသဖြင့် တောင်ကြီးတတောင်လုံး သိမ့်သိမ့်တုန်နေ၏။

အကြမ်းဖျင်းပြောရလျင် အဆိပ်တထောင်တောင်သည် သားရဲကြီးကို ဖုံးအုပ်ထားသည့် စောင်နှင့် အလားသဏ္ဍာန်တူ၏။ ယခု ၎င်း နိုးထလာပြီဖြစ်၍ စောင်ကို ဖယ်လိုက်ခြင်းမှာသဘာဝကျပေသည်။ ထိုအခါ စောင်ပေါ်ရှိ သန်းကလေးများကို မည်သူက ဂရုစိုက်နေမည်နည်း။

ကနဦးက “ဟိန်းသံ” သည် သားရဲကြီး၏ မကျေမနပ် မြည်တွန်တောက်တီးသံမျှသာဖြစ်ပြီး ၎င်းမှာ ခြင်ကိုက်၍ အိပ်ယာမှ နိုးသွားခြင်းနှင့် တူပေသည်။

မှန်ပါသည်။ နိုးလာပြီးနောက် ၎င်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုခြင်ကို ရိုက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုတုံ့ပြန်မှုသည် အနည်းငယ် နှေးနေသေးသည့်တိုင် တိုက်ခိုက်မှုကတော့ ရောက်ရှိလာခဲ့ပေပြီ။

ဘုန်း!!!

ကြီးမားသော လက်တံကဲ့သို့ အစိတ်အပိုင်းတခုသည် တိုင်ကြီးတတိုင်ကဲ့သို့ မြေအောက်မှ တိုးထွက်လာပြီး စုချန်းနှင့် ခီလစ်ဒါတို့ ရပ်နေသည့်နေရာကို ရိုက်ချလိုက်၏။

စုချန်းနှင့် ခီလစ်ဒါတို့လည်း ပြိုင်တူပင် ရှောင်တိမ်းလိုက်ရ၏။ တကယ်တော့ ထိုသို့ ရှောင်တိမ်းရန်မှာ သိပ်မခက်လှ။အကြောင်းမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ လှုပ်ရှားမှုများက အတော်လေး နှေးကွေးသောကြောင့်ပင်။

နှေးမည်ဆိုလျင်လည်း နှေးလောက်စရာပင်။ ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ ကိုယ်ခန္ဓာသည် အလွန်ကြီးမားလွန်းနေသည် မဟုတ်ပါလား။ ၎င်းသည် အလွန်ကြီးမား၍ အမြန်နှုန်းမှာလည်း သာမန် ဉာဏ်ရည်မြင့်မျိုးစိတ်များထက် နိမ့်ကျနေ၏။ လူသားများသည်လည်း ခြင်များထက် နှေးကွေးကြသည် မဟုတ်ပါလား။ ထို့ကြောင့် လေထဲတွင် ပျံသန်းနေသည့် ခြင်တကောင်ကို လူတစ်ယောက်က သတ်နိုင်ရန်မှာ မလွယ်လှ။ ခြင်ကိုသတ်နိုင်သည်ဆိုရာဝယ် အများစုမှာ သွေးစုပ်နေဆဲ အချိန်တွင် သတ်ပစ်နိုင်ကြခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ခီလစ်ဒါနှင့် စုချန်းတို့အဖို့လည်း သားရဲကြီး၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန်မှာ ဘာမှသိပ်မခက်လှ။

သားရဲကြီး၏ တိုက်ခိုက်မှု တခုတည်းကပင် ၎င်းတို့ပတ်လည်တွင် ကြမ်းတမ်းသောမုန်တိုင်းတခုကို ပေါ်ပေါက်လာစေ၏။ စုချန်းတို့ကား ယခုတိုင် လုံခြုံနေဆဲပင်။

သို့သော် စုချန်းတို့နှစ်ဦးသား လုံခြုံနေရုံဖြင့် ကျန်လူများ လုံခြုံမည်ဟု မဆိုလို။

ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ဌာနချုပ်သည် ဤပတ်ဝန်းကျင်မှာပင် တည်ရှိလေရာ ၎င်းတို့၏ အဖွဲ့ဝင် အများအပြားမှာလည်း ဤနေရာမှာပင် နေထိုင်ကြ၏။ ကျန်တိုက်ခိုက်မှုများကို မဆိုထားနှင့် မြေအောက်မှ ထွက်လာသော မြူများကပင် အဖွဲ့ဝင်အများအပြားကို သတ်ပစ်ရန် လုံလောက်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကံကြမ္မာလက်ချောင်းများအဖွဲ့၏ အဖွဲ့ဝင်များစွာမှာ အရိုးစုဘဝသို့ ရောက်ကုန်ကြ၏။ သေသွားသူတချို့မှာ အလွန်ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် မြူများကြောင့် ချက်ချင်းမသေဘဲ ဖုတ်ကောင်ဘဝပြောင်းသွားသူတချို့မှာ ၎င်းတို့၏ ရဲဘော်ရဲဘက်များကိုပင် ပြန်လည်တိုက်ခိုက်လာကြသောကြောင့် ဖြစ်သာ်။ အဆိုပါ ဖုတ်ကောင်များ၏ တကိုယ်လုံးမှာ အဆိပ်များ ပျံ့နှံ့နေ၍ ၎င်းတို့ကို ထိတွေ့မိရုံဖြင့် သေဆုံးသွားနိုင်၏။ ကုရာနတ္တိဆေးမရှိချေ။

ကံကြမ္မာလက်ချောင်းများအဖွဲ့ဌာနချုပ်တခုလုံးကို အဆိပ်လှိုင်းကြီးက ဝါးမျိုသွား၏။ အဖွဲ့ဝင် ဘယ်ရွေ့ဘယ်မျှ သေဆုံးသွားသည်ကို မည်သူမျှ မသိနိုင်ချေ။

“ခွေးမသား”

ခီလစ်ဒါ၏ နှလုံးသားသည် ပြင်းစွာနာကျင်သွား၏။ ခံစားချက်မှာ ဆိုးရွားလွန်း၍ သူ ငိုပင်ငိုချင်လာသည်။

နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သမျှ တစ်ခနချင်းမှာပင် ပျက်စီးသွားခဲ့ရချေပြီတကား။

သူ မည်သို့ ဝမ်းမနည်းပဲ နေနိုင်မည်နည်း။

သူ စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်နေ၏။

စုချန်း ပခုံးတွန့်လိုက်လေသည်။

"ခင်ဗျားကို ကျုပ် အစောကြီးကတည်းက သတိပေးခဲ့တယ်လေ”

မှန်ပါသည်။ သူ ခီလစ်ဒါကို သတိပေးခဲ့၏။ သို့သော် ခီလစ်ဒါကား သူ့စကားကို အလေးမနက်မထားခဲ့ချေ။

ယခုတော့ များစွာ နောက်ကျသွားခဲ့လေပြီ။ ခီလစ်ဒါအနေနှင့် နောက်ပြန်လှည့်၍ မရတော့။

သူ စုချန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်၏။

“မင်း ကျုပ်ဘဝတခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဒီတော့ ကျုပ်လည်း မင်းကို ပြန်ဖျက်ဆီးပစ်ရလိမ့်မယ်”

သူ အထက်ပါအတိုင်းပြောရင်း စုချန်းဆီသို့ လက်လှမ်းလိုက်၏။ ယခုအချိန်တွင် သူလုပ်ချင်သည့်တခုတည်းသောအရာမှာ စုချန်းကို သတ်ပစ်ရန်သာတည်း။

သို့သော် စုချန်းကတော့ ခီလစ်ဒါနှင့် ရင်ဆိုင်တိုက်ခိုက်ရန် လားလားမျှရည်ရွယ်ချက်မရှိ။ ခီလစ်ဒါ၏ တိုက်ခိုက်မှု စတင်ထွက်ပေါ်လာသည်နှင့် စုချန်း၏ ပုံရိပ်သည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး အဆိပ်ငွေ့များကြားထဲတွင် ပြန်ပေါ်လာ၏။ သို့သော် သားရေလိပ်ကြောင့် စုချန်းအနေနှင့် မည်သည့်အဆိပ်ကိုမှ ကြောက်ရွံခြင်းမရှိ။ တနည်းအားဖြင့် ဤအချက်သည်ပင် သူ့အတွက် အကြီးမားဆုံးသော အားသာချက်ဟု ဆိုနိုင်သည်။

စုချန်း၏ အဆိပ်နိုင်နင်းပုံကို ကြည့်ရင်း ဦးရေပြားတခုလုံး ထုံကျင်သွားသကဲ့သို့ ခီလစ်ဒါ ခံစားလိုက်ရသည်။ ဤလူငယ်သည် ကိုင်တွယ်ရ အလွန်ခက်ခဲသည့်ပြိုင်ဘက် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် စုချန်း အဆိပ်ငွေ့များထဲတွင် ပုန်းအောင်းနေရုံဖြင့် ခီလစ်ဒါ လက်ပိုက်ကြည့်နေရမည်ဟု မဆိုလိုချေ။

မျက်စေ့တမှိတ်အတွင်းမှာပင် ဒဏ္ဍာရီလာ အာကင်နာနည်းစနစ်တခု ချက်ချင်းပေါ်ထွက်လာ၏။ ဤတကြိမ် ခီလစ်ဒါ၏ အာကင်နာနည်းစနစ်မှာ လျှပ်စီးဖြင့် ပြုလုပ်ထားသော တူရွင်းတခု၏ ပုံစံနှင့် ဖြစ်လေသည်။ ၎င်းတူရွင်းသည် ပုံစံအပြည့်အဝပေါ်လာသည်နှင့် စုချန်းဆီသို့ နိမ့်ဆင်းလာ၏။ တူရွင်း၏အားကောင်းလှသော စွမ်းအားများက အဆိပ်ငွေ့များကိုပင် နောက်သို့ တွန်းထုတ်လိုက်လေသည်။

ထိုအခါ စုချန်း၏ ပုံရိပ်က ဖြတ်ခနဲ ပျောက်သွားပြီး နောက်ထပ် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသည့် တနေရာတွင် ပြန်ပေါ်လာပြန်သည်။ ပတ်ဝန်းကျင်တခုလုံး အဆိပ်ငွေ့များ ဖုံးလွှမ်းနေသရွေ့ စုချန်းအနေနှင့် ခီလစ်ဒါကို ဘက်ပြိုင်နေရန် မလိုအပ်။ သူလုပ်ရမည့်အရာမှာ အချိန်ဆွဲရန်သာ ဖြစ်လေသည်။

ထိုအချိန်တွင် မြေအောက်မှ သားရဲကြီးကား ထွက်လာရန် ပြင်ဆင်နေဆဲပင်။

မြေပြင်သည် ပို၍ပြင်းထန်စွာ တုန်ခါလာပြီး ကျောက်တုံးများ လေထဲသို့ လွင့်စဉ်သွား၏။ အဆိပ်ငွေ့များ လေထဲသို့ တလူလူထွက်ပေါ်လာပြီး ကြီးမားသော မိုးတိမ်များကို ဖြစ်ပေါ်စေကာ ဧရိယာတခုလုံး အမှောင်တိ ဖုံးသွားစေ၏။

ကံကြမ္မာလက်ချောင်းများအဖွဲ့အဖို့ကား အကြီးအကျယ် ဒုက္ခများနေကြလေပြီ။ အဆိပ်ဖြေဆေး ရှိသော်လည်း ဤကပ်ဆိုးမှ အသက်ရှင်ရန်မှာ အင်မတန်ကံကောင်းမှသာ ဖြစ်ပေလိမ့်မည်။ ကပ်ဆိုးသည် ကံကြမ္မာလက်ချောင်းများအဖွဲ့သားအများစုကို သတ်ပစ်နိုင်ဖွယ်ရာ ရှိနေ၏။ စုချန်းသည် ကောင်းကင်နိုင်ငံကို များစွာ အကျိုးပြုခဲ့ချေပြီတည်း။

သူတို့အောက်ရှိ မြေကြီးမှာ ပို၍ အက်ကွဲလာပုံရ၏။ အဆိပ်ငွေ့များ လေထဲသို့ တိုးဝင်လာလေရာ ခီလစ်ဒါတယောက် ထပ်မံရှောင်ရှားလိုက်ရပြန်သည်။

မြေအောက်မှ ကြီးမားလှသည့် သတ္တဝါတကောင် တွားသွားနေသည်ကို ကောင်းကင်ပေါ်မှနေ၍ ခီလစ်ဒါ မြင်နေရသည်။ သိပ်မကြာမီ ထိုသားရဲကြီး၏ တခေါင်းလုံး မြေပေါ်ရောက်လာဖွယ်ရာ ရှိပေသည်။

သို့သော် ခီလစ်ဒါကား စုချန်းကို ငြိုးနေဆဲပင်။

“ဟဲယွန်လေစီးကြောင်း မင်း သေကိုသေရမယ်”

ခီလစ်ဒါ ဒေါသတကြီးနှင့် အော်ဟစ်ကြုံးဝါးလိုက်၏။

သို့သော် စုချန်းကတော့ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းကိုသာမက ကိုယ်ပွားများကိုပါ အသက်သွင်းပြီး ခီလစ်ဒါ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေလေသည်။

ခီလစ်ဒါအနေနှင့်မူ စုချန်း၏ လှုပ်ရှားမှုများကို ပိတ်ဆို့ရန် သူ ယခင်အသုံးပြုခဲ့သည့် သတ္တုသဘာဝစွမ်းအင်ကို အသုံးပြုရန် မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ သားရဲကြီးနိုးထလာခြင်းက အနီးအနားရှိ မူလစွမ်းအင်များကို များစွာ ပြောင်းလဲသွားစေသည် မဟုတ်ပါလား။

ထို့ကြောင့် စုချန်း အဝေးသို့ ထွက်ပြေးသွားပါစေဟု သူ ကြိတ်၍ မျှော်လင့်နေ၏။ ဤဧရိယာနှင့် အဝေးသို့ရောက်မှ သူ့အနေနှင့် စုချန်းကို ယခင်နည်းလမ်းအတိုင်း ထပ်မံဖမ်းဆီးနိုင်မည် မဟုတ်ပါလား။

သို့သော် စုချန်းကတော့ အဝေးသို့ ထွက်ပြေးရန် ကြိုးစားခြင်း မရှိ။ ထိုအစား သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးကာ အဆိပ်မြူများအကြား လှည့်ပတ်ရှောင်တိမ်းနေ၏။ ဤအခြေအနေတွင် ခီလစ်ဒါလုပ်နိုင်သည်မှာ ဘာမှမရှိချေ။

ဤနည်းအားဖြင့် သူတို့နှစ်ဦးလုံးသည် အချိန်ဆွဲရန်သာ ကြိုးစားနေကြ၏။

စုချန်း အချိန်ဆွဲနေခြင်းမှာကား ခီလစ်ဒါ ဖိအားကို မခံနိုင်ပဲ ဆုတ်ခွာသွားမှ သူ လွတ်မြောက်ရန် အခွင့်အရေး ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။ တဖက်တွင်လည်း ခီလစ်ဒါသည် စုချန်း ထွက်ပြေးမည့်အချိန်ကို စောင့်ရင်း အချိန်ဆွဲနေ၏။

ဤအခြေအနေတွင် နောက်ဆုံးအချိန်ထိ စိတ်ရှည်သူက အနိုင်ရသွားပေလိမ့်မည်။

သို့သော် တဖက်တွင်လည်း ရေရှည်အချိန်ဆွဲ၍ မရနိုင်သည့် အကြောင်းတရားတခုက ရှိနေ၏။

ကမ္ဘာဦးမတိုင်မီသားရဲကြီးကား သိပ်မကြာမီ ထွက်ပေါ်လာတော့မည်။

မြေပြင်ရှိ အက်ကွဲကြောင်းများသည် ပိုမိုကြီးမားလာပြီး သတ္တဝါကြီးတကောင် နက်ရှိုင်းလှသော ချောက်ထဲမှ ထွက်ပေါ်လာ၏။

ဒုန်းဒုန်း! ဒုန်းဒုန်း! ဒုန်းဒုန်း!

စည်းချက်ကျကျ ပေါ်ထွက်နေသည့် အသံတခုက စုချန်းနှင့်ခီလစ်ဒါတို့ နှစ်ဦးလုံး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွား၏။

၎င်းမှာ သားရဲကြီး၏ နှလုံးခုန်သံပေတည်း။

ဤနှလုံးခုန်သံတခုတည်းကပင် ကြားရသူတိုင်းအပေါ် အံ့မခန်း ဖိအားတခု ဖြစ်ပေါ်လာစေ၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုဖိအားမှာ ပို၍သာ တိုးလာနေလေသည်။

“အား”

အဆိပ်လှိုင်းကို ကံကောင်းထောက်မစွာ ရှောင်ရှားနိုင်ခဲ့သော ကံကြမ္မာလက်ချောင်းများအဖွဲ့၏အဖွဲ့ဝင်တဦး ရုတ်တရက်ထအော်လိုက်ပြီး တစစီ ပေါက်ကွဲသွား၏။ သားရဲကြီးထံမှ လာသောဖိအားက သူ့ကို သတ်လိုက်ခြင်းပေတကား။

ထိပ်တန်းဆေးမင်ထိုးစစ်သည်တော်တဦး၏ ရုပ်ပိုင်းဆိုင်ရာမျိုးကို ပိုင်ဆိုင်ထားသော စုချန်းပင်လျှင် ထိုဖိအားကို ခံနိုင်ရည်မရှိတော့ဟု ခံစားလိုက်ရ၏။

သို့သော် စုချန်းကတော့ ယခုအချိန်ထိ ထွက်ပြေးရန် စိတ်ကူးမရှိသေးချေ။ တဖက်မှ ခီလစ်ဒါသည်လည်း စုချန်းနှင့် သဘောတထပ်တည်း ရှိနေပုံရ၏။

သို့နှင့် သူတို့နှစ်ဦးလုံးသည် အဆိပ်ငွေ့များကြားတွင် လှည့်ပတ်ပျံသန်းရင်း အသက်ကိုလောင်းကြေးထပ်ထားရသည့် သေခြင်းတရား၏ ပြေးတမ်းလိုက်တမ်းကစားပွဲတခုကို ကစားနေကြလေသည်။

ပို၍ကြာကြာ ခံနိုင်ရည်ရှိသူက ဤကစားပွဲကို အနိုင်ရသွားပေလိမ့်မည်။

ထိုအချိန်တွင် သားရဲကြီး၏ ခေါင်းပိုင်းသည် မြေပြင်ကို ဖောက်ထွက်လာ၏။ အနှီခေါင်းကြီးသည် စိမ်းပြာရောင်ဖြစ်ပြီး ထိုခေါင်းမှ ထွက်ပေါ်လေသော ပုံသဏ္ဌာန်မဲ့ဖိအားတခုက စုချန်းကို ခနတာမျှ ရပ်တန့်သွားစေ၏။ တချိန်တည်းမှာပင် ခီလစ်ဒါသည်လည်း အလားတူ သက်ရောက်မှုကို ခံစားလိုက်ရ၍ စုချန်း ကံကောင်းသွားလေသည်။

ထို့နောက်တွင်တော့ အရှိန်အဝါကြီးလှသော သားရဲကြီးသည် ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။

အဆိုပါ ဟိန်းဟောက်သံ တခုတည်းနှင့် စုချန်းနှင့် ခီလစ်ဒါတို့နှစ်ဦးသား ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ မြေပြင်သို့ ပြုတ်ကျကုန်ကြတော့သည်။

All Chapters