မထူးဇာတ်
Vol. 87 Ch. 870
ကမ္ဘာဦးမတိုင်မီ သားရဲကြီးတကောင် အော်ဟစ်လိုက်ရုံနှင့် အရာအားလုံး ပျက်သုန်းကုန်ပြီဟု ထင်ရ၏။ မည်သည့်အရာမှ သားရဲကြီး၏ အစွမ်းကို တောင့်ခံနိုင်စွမ်းမရှိချေ။
ထိုအထဲတွင် စုချန်းလည်း ပါဝင်နေ၏။ သို့မဟုတ် လက်ရှိအချိန်ထိ ပါဝင်နေသေးပေသည်။
သို့သော် မြေပြင်ပေါ် ပြုတ်ကျလာသည့် အချိန်မှာပင် စုချန်းက မူလကိရိယာတခုကို ထုတ်ယူလိုက်၏။ ထိုကိရိယာမှာ တခြားမဟုတ်။ လေပေါ်ခြေနင်းပင် ဖြစ်သည်။
လေပေါ်ခြေနင်းဟူသည် ပျံသန်းနိုင်သည့် မူလကိရိယာတမျိုးဖြစ်ပြီး လူတယောက်သည် ခြေနင်းကိုသုံးပြီး ပျံသန်းနိုင်၏။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားရှင်များ ဒါမှမဟုတ် လူပျံတော်အာကင်နာပညာရှင်အများစုအတွက်မူ ဤကိရိယာမျိုးမှာ အသုံးမဝင်လှတော့ချေ။
လေပေါ်ခြေနင်းဟူသည်မှာ အဆင့်နိမ့် မူလကိရိယာမျှသာ မဟုတ်ပါလား။
ဤလောကကြီးဝယ် ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ စွမ်းအားသည် သက်ရှိတိုင်း၏ အသက်စွမ်းအင်များအပေါ် လွှမ်းမိုးနိုင်ပြီး ၎င်းတို့၏ မူလစွမ်းအင်စီးဆင်းမှုကိုပါ နှောင့်ယှက်နိုင်ပေသည်။
သို့သော် သားရဲကြီး၏ ဤအစွမ်းသည် သက်မဲ့ကိရိယာတခုအပေါ်တွင်တော့ မည်သည့်သက်ရောက်မှုမှ ရှိမနေချေ။
အကြောင်းမှာ ဤကိရိယာများတွင် အသက်မရှိသောကြောင့်ပင်။ ထို့ပြင် ဤသို့သော မူလကိရိယာများသည် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု အနည်းဆုံးမျှသာ ခံရလေ့ရှိ၏။
စုချန်းနှင့် ပိတ်လော့ခ်တို့သည် လွန်ခဲ့တဲ့ သုံးလတာကာလအတွင်း ဤယနေ့အတွက် ကျကျနန ပြင်ဆင်ခဲ့ကြ၏။ မူလကမ္ဘာကြီး၏ သမိုင်းတွင် လူသားများနှင့် ကမ္ဘာဦးမတိုင်မီ သားရဲကြီးမျအကြား ပဋိပက္ခမှာ ကိုးခုအထိ ရှိနေပြီး အတွေးသစ်အမြင်သစ်များရရှိစေရန် သူတို့နှစ်ယောက်လုံး ဤမှတ်တမ်းများကို အသေးစိတ်လေ့လာခဲ့ကြ၏။ ထိုမှတ်တမ်းများတွင် တွေ့ရှိခဲ့ရသည့် အရအကြီးဆုံးအချက်မှာ လူတယောက်သည် သားရဲကြီး၏ စွမ်းအားကို မိမိအင်အားနှင့် မခုခံနိုင်သောအခါ မူလကိရိယာများသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့ကြောင်းပင်။
ရှေးအတီတေကာလများတွင် လူသားများသည် အရေအတွက်သာလွန်ခြင်းကိုသာ အားကိုးခဲ့ရုံမကပဲ သားရဲကြီးများကို အမဲလိုက်ရန် မူလကိရိယာများစွာကိုလည်း အားကိုးခဲ့ကြရ၏။ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်၏ အင်အားကို မခုခံနိုင်သည့်အခါ လူသားများသည် မူလကိရိယာများကို ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်ကြရ၏။ ဤအချက်မှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးနှင့် ရင်ဆိုင်ရန် စုချန်း ရှာတွေ့သည့်နည်းလမ်းများအနက် အရေးကြီးသော နည်းလမ်းတခုပင်။
မှန်ပါသည်။ စုချန်းအနေနှင့် မူလကိရိယာတမျိုးတည်းနှင့် သားရဲကြီးကို အနိုင်ယူနိုင်မည်ဟု တွေးထားခြင်းမရှိ။ သို့သော် အနည်းဆုံးတော့ သူ လေပေါ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့၏။
တချိန်တည်းမှာပင် ခီလစ်ဒါကလည်း အော်ဟစ်လိုက်၏။ သူ့အော်သံသည် သားရဲကြီး၏ ဟိန်းသံလောက်တော့ ပြင်းထန်ခြင်းမရှိ။ သို့သော် သူ့ပတ်ပတ်လည်ရှိ လေထုကို ရုတ်တရက် အေးခဲသွားစေ၏။
မိုးကြိုးသဘာဝစွမ်းအား။
ဤတကြိမ်တွင် ခီလစ်ဒါသည် သူ့မူလစွမ်းအင်ကို တည်ငြိမ်စွာ ထိန်းထားနိုင်ရန် မိုးကြိုးသဘာဝစွမ်းအားကို ထုတ်သုံးလိုက်၏။ ဤနည်းအားဖြင့် ခီလစ်ဒါသည်လည်း စုချန်းကဲ့သို့ပင် ကိုယ့်အနေအထားကို ပြန်လည်ထိမ်းသိမ်းထားနိုင်လိုက်၏။
သို့သော် မြေအောက်မှ ဆက်လက်တိုးထွက်နေဆဲဖြစ်သည့် သားရဲကြီးထံမှ အဆက်မပြတ် ထွက်ပေါ်နေသော ဖိအားများ၏ ဒဏ်ကိုတော့ သူတို့နှစ်ဦး ဆက်လက်ခံစားနေရဆဲပင်။ အနှီကြီးမားလှသည့် သားရဲကြီးနှင့် ရင်ဆိုင်မိချိန်တွင် သူတို့နှစ်ဦးအဖို့မှာ ခြင်နှစ်ကောင်နှင့်သာ ဆင်တူနေတော့၏။
သို့သော် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည့် ညဏ်ရည်မြင့်မျိုးစိတ်များပီပီ စုချန်းနှင့် ခီလစ်ဒါတို့ကား ဖိအားများကို ဆက်လက်တောင့်ခံထားနိုင်ဆဲပင်တည်း။
ထိုအချိန်တွင် ကမ္ဘာဦးမတိုင်မီ သားရဲကြီး၏ အစိတ်အပိုင်းအများစု မြေကြီးထဲမှ ပေါ်ထွက်လာခဲ့လေပြီ။ ၎င်းမှာ ဧရာမဖားကြီးတစ်ကောင် ဖြစ်နေမှန်း မြင်သာနေ၏။ ပြားချပ်နေသည့် သုံးထောင့်ပုံခေါင်း၊ ကြမ်းတမ်းသည့် ကျောကုန်းနှင့် အကျည်းတန်လှသည့် အော်သံများအားလုံးက ဤသားရဲကြီးမှာ ဖားကြီးတကောင်မှန်း သံသယဖြစ်ဖွယ်ရာမရှိပဲ မြင်သာနေခဲ့လေပြီ။
အလွန်အဆိပ်ပြင်းလှသည့် ဖားတကောင်ပေတည်း။
ထိုမျှသာမကသေး အနှီဖားကြီးပိုင်ဆိုင်ထားသည့် အဆိပ်၏ သဘောသဘာဝက သူ၏ ကြောက်စရာအကောင်းဆုံးအချက် ဖြစ်နေ၏။ သူ့ကျောကုန်းပေါ်က ချွေးပေါက်တိုင်းသည် အဆိပ်ထွက်ပေါက်များဖြစ်ပြီး ချွေးပေါက်တခုစီတိုင်းတွင် အမျိုးအစားမတူသော အဆိပ်များ ပါဝင်နေပေသည်။ ထိုအဆိပ်များ အားလုံးကို ရောစပ်သွားသည့်အခါ ဆေးတမျိုးတည်းနှင့် ကုသ၍မရနိုင်တော့သည် အဆိပ်ရောအနှောကြီး ဖြစ်ပေါ်လာတော့၏။ ဤအဆိပ်ထုကြီးသည်ပင် အဆိပ်တထောင်တောင်ရှိအဆိပ်အားလုံး၏ အရင်းအမြစ်ဖြစ်ပြီး ဤအဆိပ်မျိုးကို ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်သည်ပင် ခံနိုင်ဖွယ်ရာမရှိချေ။
သို့သော် ယခုအချိန်တွင် ကမ္ဘာဦးမတိုင်မီသားရဲဖားကြီးသည် စွမ်းအားအပြည့်နှင့် ပေါ်ထွက်လာခဲ့ပြီဖြစ်လေရာ ဤအချိန်တွင် သူ့အဆိပ်က အကြီးမားဆုံးပြဿနာမဟုတ်တော့ချေ။ သူ့အင်အားနှင့်စွမ်းအင်က အဆိပ်ထက် များစွာကြောက်စရာကောင်းနေသည် မဟုတ်ပါလား။
မည်သို့ဆိုစေ ကမ္ဘာဦးမတိုင်မီ သားရဲကြီး၏ ကြီးမားလှသည့် စွမ်းအားကို စုချန်းနှင့် ခီလစ်ဒါတို့ နှစ်ယောက် မည်သို့မှ ယှဥ်ပြိုင်နိုင်စရာမရှိချေ။
အဆိပ်ပြင်းဖားကြီးသည် မြေပြင်ပေါ်ရောက်သည်နှင့် တပြိုင်တည်း ကောင်းကင်ကိုမော့ကြည့်ကာ အော်ဟစ်လိုက်ပြန်၏။ ပျော်စရာကောင်းသည့် အိပ်မက်မှ နိုးထလာ၍ ဒေါသတကြီး အော်ဟစ်လိုက်ရုံသက်သက်သာဖြစ်ပြီး ထိုအော်သံမှာ စုချန်းနှင့်ခီလစ်ဒါကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်။ သေးမွှားလှသည့် ခြင်နှစ်ကောင်ကို သူ မည်သည့်အတွက် အရေးစိုက်ရမည်နည်း။
အဆိပ်ဖားကြီးအတွက် ထိုလုပ်ရပ်မျိုးမှာ သဘာဝကျ၏။ သို့သော် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်သည့်အော်သံသည်ပင် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်၏ အရှိန်အဝါကို ပြသနေပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။
ကောင်းကင်နိုင်ငံတော် ထိပ်တန်းအာကင်နာပညာရှင်တိုင်း၏ နှလုံးသားထဲတွင် ထူးဆန်းသည့်ခံစားချက်တရပ်ကို ပြိုင်တူခံစားလိုက်ရ၏။
အော်သံကြောင့် ခီလစ်ဒါနှင့်စုချန်းတို့နှစ်ယောက်လုံး မူးမေ့မတတ် ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ အဆိုပါအော်သံတွင် သဘာဝစွမ်းအား မပါဝင်လေရာ စုချန်းက နှလုံးသားနံရံများနှင့် ကာကွယ်နိုင်ခဲ့၏။ ခီလစ်ဒါသည်လည်း သူ့ကိုယ်သူ မိုးကြိုးသဘာဝစွမ်းအားနှင့် ကာကွယ်ထားနိုင်ခဲ့သည်။ သို့တိုင်အောင် ဖားကြီး၏ စွမ်းအားမှာ သူတို့ကို အံ့သြသွားစေ၏။
ထိုအခါ စုချန်းက ပြောလိုက်၏။
"ခီလစ်ဒါ ခင်ဗျား ဆက်ပြီးတိုက်နေအုံးမှာလား ဒါမှမဟုတ် ကျုပ်တို့နှစ်ယောက် ပေါင်းပြီး အသက်ရှင်ဖို့ ကြိုးစားကြမလား”
ခီလစ်ဒါ ဒေါသတကြီးနှင့် ပြန်ဖြေလိုက်သည်။
“ကျုပ် သေတောင်မှ မင်းနဲ့ ဘယ်တော့မှ မပူးပေါင်းဘူးကွ"
ထို့နောက် သူ နောက်ထပ် မိုးကြိုးတခုကို စုချန်းထံ ပစ်လွှတ်လိုက်ပြန်သည်။
စုချန်း ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ ခင်ဗျားရဲ့နည်းလမ်းအတိုင်း ဆက်သွားကြတာပေါ့”
သူ ဆက်ပြောနေ၍ အကျိုးမရှိမှန်း စုချန်း သိလိုက်ပေပြီ။ သူ့အနေနှင့် ဆက်လက်တိုက်ခိုက်ရန်မှအပ တခြားရွေးချယ်စရာမရှိတော့။
ထိုအချိန်တွင် အဆိပ်တထောင်ဖားကြီးမှာလည်း ထင်တိုင်းကြဲနေတော့၏။အဆိပ်ငွေ့များ လေထဲသို့ တလူလူတိုးထွက်နေ၏။ ရုတ်တရက်ဆိုသလို အိပ်ယာမှ လှုပ်နှိုးခံရပြီး မြင်တွေ့နေရသောပတ်ဝန်းကျင်ကလည်း သူ့နှင့်မရင်းနှီးလေရာ အဆိပ်တထောင်ဖားကြီးအဖို့ အကြီးအကျယ် ဒေါသထွက်နေပုံရသည်။
မြေပြင်ပေါ်ရောက်သည်နှင့် သူသည် အဆိပ်ငွေ့အများအပြားကို ထုတ်ပစ်ပြီး သူ့ကိုယ်သူ အဆိပ်များနှင့် ဖုံးလွှမ်းသွားစေရန် ဖန်တီးလိုက်၏။ သူရင်းနှီးသော ပတ်ဝန်းကျင်မျိုး ဖြစ်လာစေရန် ဖားကြီး၏ ဗီဇအသိစိတ်အရ ကြိုးပမ်းမှုပင်။ ကံဆိုးသည်မှာကား မူလကမ္ဘာကြီးတခုလုံး၏ ပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေရန် အဆိပ်တထောင်ဖားကြီးအနေနှင့် စွမ်းဆောင်နိုင်ခြင်းမရှိ။ ထိုမျှသာမကသေး သူ့လုပ်ရပ်များကြောင့် ကမ္ဘာကြီးဆီမှ ပြင်းထန်သောတုံ့ပြန်မှုများကိုပင် ပေါ်ပေါက်သွားစေတော့သည်။
လေထဲတွင် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် ထူးထူးဆန်းဆန်း လေပွေကြီးသည် စုချန်းနှင့် ခီလစ်ဒါကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ အဆိုပါလေပွေသည် တွင်းနက်တခုသဖွယ် အဆက်မပြတ် လည်ပတ်ပြီး အဆိပ်ငွေ့များကို စုပ်ယူနေလေသည်။ ကြည့်နေရင်းနှင့်ပင် အဆိပ်ငွေ့များ အလုံးစုံ ပျောက်ကွယ်သွားခဲ့၏။ သို့နှင့် အဆိပ်တထောင် ဖားကြီး၏ ပတ်ဝန်းကျင်ကို ပြောင်းလဲရန်ကြိုးစားခဲ့သော လုပ်ရပ်မှာ အချည်းအနှီးဖြစ်သွားရရှာသည်။
သူ ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။ သို့သော် အချည်းအနှီးသာတည်း။ လေပွေသည် အဆိပ်ငွေ့များကို စုပ်ယူပြီးသည့်တိုင် ဆက်လက်လည်ပတ်နေခဲ့၏။ ၎င်းသည် မျက်လုံးစိမ်းကြီးသဖွယ် ဖားကြီးကို စိုက်ကြည့်နေပုံပင် ပေါ်နေသေးသည်။
“ဒါက…”
စုချန်း အံ့သြသွား၏။
“ဒါ သဘာဝစွမ်းအားလား”
ခီလစ်ဒါကိုယ်တိုင်လည်း ထိတ်လန့်သွား၏။
သူတို့မျက်စိရှေ့တွင် မြင်လိုက်ရသည့်အံ့မခန်းဖြစ်ရပ်မှာ သဘာဝစွမ်းအား၏ မှော်ဆန်ဆန် သရုပ်ပြမှုတစ်ခု ဖြစ်နေချေသည်တကား။
ထိုမျှသာမကသေး အဆိုပါသဘာဝစွမ်းအားသည် ခီလစ်ဒါ ထိန်းချုပ်ထားသည့် သဘာဝစွမ်းအားထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေ၏။
ကောင်းကင်ဘုံကား ဖားကြီး၏ စွမ်းအားကို ကန့်သတ်လိုက်သကဲ့သို့ပင်တည်း။
တနည်းအားဖြင့် ပိုက်ကွန်တခုက အဆိပ်တထောင် ဖားကြီး၏ စွမ်းအင်ထုထည်ကို ကန့်သတ်လိုက်သည်နှင့် တူနေသည်။ သို့သော် ပိုက်ကွန်၏ အပေါက်များမှာ ကြီးမားလွန်း၍ စုချန်းတို့နှစ်ယောက်အတွက်တော့ ထိုပိုက်ကွန်က လုံးဝမရှိသည့်အတိုင်းပင်။
တဖက်တွင်လည်း ထိုလေပွေ ပေါ်ပေါက်လာခြင်းသည် သူတို့၏ အခြေအနေကို ပို၍ဆိုးဝါးသွားစေ၏။
အကြောင်းမှာ သဘာဝစွမ်းအား၏ ကန့်သတ်ချက်ကြောင့် ဖားကြီးသည် ပိုမို စိတ်မငြိမ်မသက်ဖြစ်လာပြီး ရှေးကထက် အဆပေါင်းများစွာ သောင်းကျန်းလာသောကြောင့်ပင်။
အနီးအနားရှိ မြေပြင်သည် ဝုန်းခနဲ ဝုန်းခနဲ ပြိုကျကုန်၏။ စွမ်းအင်လှိုင်းများမှာလည်း အရပ်မျက်နှာတိုင်းသို့ ပေါက်ကွဲထွက်လာနေ၏။
ဤအခြေအနေတွင် စုချန်းတို့နှစ်ဦး အဘယ်မှာ အခြေအနေမဆိုးပဲ နေတော့မည်နည်း။
သို့တိုင်အောင် ခီလစ်ဒါကား စုချန်းကို ရလျင်ရသလို တိုက်ခိုက်နေဆဲပင် ဖြစ်လေသည်။
မိုးကြိုးလှံများ စုချန်းထံ တချောင်းပြီးတချောင်း တိုးဝင်လာ၏။ လှံတိုင်းတွင် မယုံနိုင်လောက်သော စွမ်းအင်များ ပေါင်းစပ်ပါဝင်နေသည်။
ခီလစ်ဒါကား တကယ်ပင် အစွမ်းထက်လှ၏။ ကမ္ဘာဦးမတိုင်မီသားရဲကြီး စိတ်ထင်တိုင်း သောင်းကျန်းနေသည့်အချိန်မှာပင် ခီလစ်ဒါအနေနှင့် စုချန်းကို တိုက်ခိုက်ရန် အခွင့်အရေး အများအပြားကို ရှာဖွေနိုင်ခဲ့သေး၏။
သို့သော် ပြန်တွေးကြည့်လျင် ၎င်းမှာ
ဖားကြီးက သူတို့ကို ရန်သူအဖြစ် သဘောမထား၍သာ ဖြစ်သည်။ တဝီဝီမြည်နေသော ခြင်နှစ်ကောင်အတွက် သူ့အချိန်များကို အဆိပ်တထောင်ဖားကြီးအနေနှင့် မည်သည့်အတွက် ဖြုန်းတီးပစ်ရမည်နည်း။
သို့သော် အဆိုပါ ခြင်နှစ်ကောင်သာ သူ့သွေးကို စုပ်ရန် ကြိုးစားလာမည်ဆိုလျင်တော့ ၎င်းမှာ မတူညီသော ကိစ္စဖြစ်သည်။
စုချန်း ခေါင်းတချက်ယမ်းရင်း သက်ပြင်းချလိုက်၏။
"ဒီတော့လဲ...ငါ့အနေနဲ့ မထူးဇာတ်ခင်းရတော့မှာပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်း၏ နောက်ကျောတွင် ကမ္ဘာဦးသွေးပုံရိပ် စတင်ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် စုချန်းအနေနှင့် သူ့ဇစ်မြစ် ပေါ်ပေါက်သွားမည်ကို လားလားမျှ ဂရုမစိုက်တော့ချေ။ မျက်နှာလေးခုရှိသော သွေးပုံရိပ်ကြီးသည် မီးခိုးရောင် မီးတောက်များ ဖုံးလွှမ်းနေသည့် ဓားတစ်ချောင်းကို ဝှေ့ယမ်းလိုက်၏။
စုချန်းသည် သူ၏ အမြင့်ဆုံးစွမ်းအားကို စတင်ဖော်ထုတ်တိုက်ခိုက်လိုက်လေပြီ။ စီးဆင်းရွှေဓားသည် ကြောက်စရာအရှိန်အဟုန်ဖြင့် လေထုကို ဖြတ်သန်းသွား၏။
သို့သော် သူ့ပစ်မှတ်မှာကား ခီလစ်ဒါ မဟုတ်ချေ။
ခီလစ်ဒါ အကြီးအကျယ် ထိတ်လန့်သွား၏။
“မလုပ်နဲ့…”
သို့သော် သူ နောက်ကျသွားလေပြီ။ စက္ကန့်ပိုင်းအတွင်းမှာပင် စီးဆင်းရွှေဓားသည် အဆိပ်တထောင်ဖားကြီး၏ ကျောပြင်ကို ပြင်းထန်စွာ ကျရောက်သွား၏။
ဓားချက်သည် တောင်များကိုပင် ကြေမွသွားစေနိုင်ပြီး အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များကိုပင် သတ်ပစ်ရန် လုံလောက်၏။ ထို့ကြောင့် စုချန်း၏ ဓားချက်က ဖားကြီးကို သွေးထွက်စေရုံမျှတော့ စွမ်းဆောငိနိုင်လောက်ပေသည်။
ဓားချက် အသားထဲ နစ်ဝင်သွားသည်နှင့် ခရမ်းနက်ရောင် သွေးများ လေထဲသို့ပန်းထွက်ကုန်၏။ သို့သော် ဤမျှသောဓားချက်က ဖားကြီးအတွက်တော့ ခြင်ကိုက်ခံရသလောက်သာ နာကျင်စေလေသည်။
သို့သော် ခြင်ကိုက်ခံရခြင်းသည် သူ့ကို ဒေါသထွက်စေရန်တော့ လုံလောက်၏။
“ဝူး”
ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ အဆိပ်တထောင် ဖားကြီး လှည့်ကြည့်လိုက်၏။
သူ့အကြည့်၏ ဦးတည်ရာမှာကား စုချန်းနှင့် ခီလစ်ဒါတို့ပင် ဖြစ်လေသတည်း။