← Chapters

ထွက်ပြေးမည့်နည်းလမ်း

Vol. 88 Ch. 871

ထွက်ပြေးမည့်နည်းလမ်း

Vol. 88 Ch. 871

စုချန်းကို စိုက်ကြည့်နေသည့် အဆိပ်တထောင်ဖားကြီး၏ မျက်လုံးမှာ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်တစီးထက်ပင် ပို၍ကြီးနေသေး၏။ အနှီမျက်လုံးကြီးနှင့် စိုက်ကြည့်ခံလိုက်ရချိန်တွင် စုချန်းတယောက် ကျင်ခနဲဖြစ်သွားသလို ခံစားလိုက်ရသည်။

သို့သော် စုချန်း ထပ်ရွေ့လိုက်သည့်နောက်တကွက်မှာ ခီလစ်ဒါကို သွေးအန်မိမတတ် ဖြစ်သွားစေ၏။ အကြောင်းမှာ စုချန်းက သူ့ကိုယ်သူ ခီလစ်ဒါအဖြစ် ပုံစံပြောင်းလိုက်သောကြောင့်ပင်။

တကယ်တော့ အဆိပ်တထောင်ဖားကြီးအနေနှင့် သူတို့ မည်သူဘယ်ဝါဟူသည်ကို ဂရုစိုက်သည်မဟုတ်။ သူ့ကို ကိုက်သွားသည့် ခြင်ပေါက်စလေး မည်သူမှန်း ဆန်းစစ်နေရန်လည်း ဖားကြီးအနေနှင့် စိတ်မဝင်စားချေ။

သို့သော် တဖက်မှ ခီလစ်ဒါကတော့ စုချန်း သူ့ကိုပါ ဆွဲခေါ်သွားရန် ကြံစည်နေမှန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။

သိပ်မကြာမီ အဆိပ်တထောင်ဖားကြီးသည် ခေါင်းကိုမော့ပြီး စုချန်းဆီသို့ အဆိပ်ရည်များဖြင့် အဆက်မပြတ် မှုတ်ထုတ်လိုက်တော့၏။ မူလကတော့ အနှီဖားရုပ်ဆိုးကြီးတွင် ပစ်မှတ်ဟူ၍ သတ်သတ်မှတ်မှတ်မရှိပဲ ကြုံရာကျပန်း အဆိပ်ရည်များကို မှုတ်ထုတ်နေခဲ့ခြင်းပင်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူက သူ့ရှေ့ရှိ မျက်စေ့နောက်စရာ ခြင်နှစ်ကောင်ကို ပစ်မှတ်ထားပြီး တည့်တည့်ကြီးပင် ပန်းထုတ်တိုက်ခိုက်လိုက်တော့သည်။

စုချန်းနှင့် ခီလစ်ဒါတို့ နှစ်ဦးလုံး အသည်းအသန်ပင် ခုန်ထွက်ရှောက်တိမ်းလိုက်ကြရ၏။ သို့သော် ကမ္ဘာဦးမတိုင်မီ သားရဲကြီးတကောင်၏ တိုက်ခိုက်မှုကို ဤမျှ အလွယ်တကူရှောင်တိမ်းနိုင်လျင် ဖားကြီးကို ကမ္ဘာဦးမတိုင်မီသားရဲကြီးဟု မည်သို့သတ်မှတ်နိုင်အံ့နည်း။

တခနအကြာမှာပင် အဆိပ်စီးကြောင်းကြီးသည် ပင်လယ်လှိုင်းလုံးကြီးပမာ ကျယ်ပြန့်လာ၏။ ဤတိုက်ခိုက်မှုသည် တိကျမှုမရှိသော်လည်း ကြီးမားကျယ်ပြန့်သော ဧရိယာကြီးတခုလုံးအပေါ်တွင်တော့ သက်ရောက်မှု ကြီးမားပေသည်။ ဖားကြီးအနေနှင့် သဘာဝစွမ်းအား၏ကန့်သတ်မျဥ်းကို ဖြတ်မကျော်သရွေ့ သဘောရှိ ထင်တိုင်းကြဲနိုင်သည့်ပုံပင်။

သို့တိုင်အောင် ဤတိုက်ခိုက်မှုသည် စုချန်း (သို့) ခီလစ်ဒါအတွက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတော်လေးမြင့်မားလွန်းနေ၏။ အဆိပ်လှိုင်းလုံးကြီးများကား မိုးကုပ်စက်ဝိုင်းသို့တိုင် ပြန့်ကားသွားသည်ကို သူတို့ အတိုင်းသား တွေ့မြင်နေရလေသည်။

“တောက် ခွေးမသားလေး"

ခီလစ်ဒါ ဆဲဆိုပြီး နောက်တကြိမ် နေရာပြောင်းလိုက်ရပြန်သည်။ ဤသို့နှင့် အဆိပ်စီးကြောင်းကြီးတခုတည်းကို ရှောင်တိမ်းရန် ခီလစ်ဒါတယောက် သုံးကြိမ်တိုင်တိုင် ခုန်ထွက်ရှောင်တိမ်းပေးခဲ့ရလေသည်။

သို့သော် စုချန်း၏ လေဟာနယ်စွမ်းရည်မှာ ခီလစ်ဒါထက် များစွာ မြင့်မား၏။ ထို့ကြောင့် သူ၏ ခုန်ထွက်နိုင်သောစွမ်းရည်မှာလည်း ခီလစ်ဒါထက် ပို၍သာလွန်ပေသည်။ သို့နှင့် စုချန်းသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကာ တကြိမ်တည်းနှင့် ဖားကြီး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တော့သည်။ စွမ်းအင်ကိုတော့ စုချန်း ပိုမိုသုံးစွဲလိုက်ရ၏။

တကယ်တော့ စုချန်းအနေနှင့် အဆိပ်ကို မကြောက်။ သို့သော် လှိုင်းလုံးကြီး၏အားသက်သက်နှင့်ပင် သူ့တကိုယ်လုံး ကြေမွသွားနိုင်မှန်းကိုတော့ သူ ကောင်းကောင်းသိထားပေသည်။

ကမ္ဘာဦးမတိုင်မီသားရဲကြီးများသည် ကြောက်မက်ဖွယ် စွမ်းအားကြီးမားလွန်းချေသည်တကား။ သူတို့အနေနှင့် ထိပ်တန်းအာကင်နာပညာရှင်နှစ်ယောက်ကို ရှင်းပစ်ရန် မည်သည့်ထူးထူးခြားခြားနည်းစနစ်မှပင် အသုံးပြုရန် မလို။ သို့သော် တဖက်တွင်လည်း ၎င်းတို့အနေနှင့် ပစ်မှတ်တခုတည်းကို ဦးတည်တိုက်ခိုက်ရန်မှာတော့ ခက်ခဲနေတတ်၏။ ၎င်းမှာ ခြင်တကောင် မရပ်နားသေးသရွေ့ ထိုခြင်ကို သတ်ပစ်ရန် ခက်ခဲသည်နှင့် တူလေသည်။

စုချန်းနှင့် ခီလစ်ဒါတို့သည် ပုံမှန်ခြင်တကောင်ထက် ပိုမိုရွေ့လျားနိုင်သလို ပို၍ ဉာဏ်ကောင်းကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက် မနားတမ်း ပျံသန်းနေခဲ့ကြခြင်းပင်။

အခွင့်အရေးရသည်နှင့် စုချန်းက ခီလစ်ဒါကို လှမ်း၍ လှောင်ပြောင်လိုက်၏။

"ဒါ ခင်ဗျား ကိုယ့်ဒုက္ခကိုယ်ရှာလို့ ဖြစ်ရတာပဲဗျ"

“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ မင်းကို လွှတ်ပေးမှာမဟုတ်ဘူးကွ"

ခီလစ်ဒါ ဒေါသတကြီး အော်ဟစ်ပြီး လျှပ်စစ်လှံတချောင်းကို စုချန်းထံ ပစ်လွှတ်လိုက်ပြန်သည်။

ထိုအခါ စုချန်းလည်း ကမန်းကတန်း ရှောင်တိမ်းလိုက်ရပြန်၏။

ဤသို့နှင့် သူတို့နှစ်ယောက်သည် ကနဦးကအတိုင်း ကြောင်နှင့်ကြွက် ပြဇာတ်ကို ဆက်လက် ကပြကြပြန်၏။

အဆိပ်လှိုင်းစီးကြောင်းများကား ရေဘဝဲလက်တံကြီးများသဖွယ် မကြာခနဆိုသလို မိုးပေါ်သို့ ထိုးတက်လာတတ်၏။ အဆိုပါရေဘဝဲလက်တံကြီးများကြားတွင် အဆိပ်တထောင်ဖားကြီးမှ တောင်ကြီးတတောင်ကဲ့သို့ မားမားမတ်မတ် တည်နေလေသည်။ သတိတချက်လွတ်သည်နှင့် အသက်ပျောက်သွားနိုင်သည့် အန္တရာယ်များ ပြည့်နေသော အဆိပ်ပင်လယ်ပြင်ကြီးထဲတွင် ခီလစ်ဒါနှင့် စုချန်းတို့နှစ်ယောက်မှာ လှေငယ်လေးများပမာ ရှိနေကြ၏။

ဤမျှ စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲမျိုးကို စုချန်း တစ်ခါမှ မကြုံဖူးချေ။ လက်ရှိ သူ့အခြေအနေမှာ သေခြင်းတရား၏ နှုတ်ခမ်းပေါ်တွင် ကခုန်နေသည်နှင့်ပင် တူနေသေး၏။ တချက်မှားသည်နှင့် မရဏခံတွင်းဝသို့ သက်ဆင်းရပေလိမ့်မည်။

သို့တိုင်အော် စိတ်လှုပ်ရှားစရာကောင်းသော အခြေအနေကို စုချန်း သဘောကျမိနေသေး၏။

ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း အဆိပ်မြူများအကြား ဖြတ်သန်းပျံသန်းနေချိန်သည် သူ့ကို အရင်ကထက် နိုးကြားတက်ကြွ အသက်ဝင်စေသည်ဟု စုချန်း ခံစားနေရသည် မဟုတ်ပါလား။ ဤခံစားမှုမျိုးက သုတေသနလုပ်နေရုံနှင့် သူ မရနိုင်။ သေရေးရှင်ရေးတိုက်ပွဲနှင့် နဖူးတွေ့ဒူးတွေ့ကြုံရမှသာ ဤခံစားချက်မျိုးကို ရနိုင်ပေသည်။

ယခင်ကလည်း ဆိုးရွားသောအခြေအနေမျိုးနှင့် စုချန်း ကြုံတွေ့ဖူး၏။ သို့သော် ရာခိုင်နှုန်းအားဖြင့်ကား နည်းပါလှသည်။ ဤသ်ို့ သူ့အသက်ကို ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းခြိမ်းခြောက်နေသည့် တိုက်ပွဲမျိုးမှာ သာ၍ပင် ရှားသေး၏။

သူ့ခန္ဓာကိုယ်ထဲရှိ ကလပ်စည်းတခုစီတိုင်း၊ စွမ်းအင်တစက်ချင်းစီတိုင်း၊အာရုံစိုက်မှုတိုင်းကို ညှစ်ထုတ်ခံနေရသကဲ့သို့ စုချန်း ခံစားနေရ၏။ ထိုအခါ သူ့အဖို့မှာလည်း ဘယ်တုန်းကမှ မခံစားဖူးသည့် ခံစားချက်များနှင့် အသက်ဝင်နေလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ခီလစ်ဒါကိုယ်တိုင်ပင် တခုခု လွဲမှားနေကဲ့သို့ တွေးမိလာ၏။

ဒီကောင်က ဘာကောင်လဲဟ...

ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ဖြစ်တဲ့ငါတောင် ဒီကောင့်ကို ဘာမှမလုပ်နိုင်တော့ဘူးလား...

ထိုအခါ ခီလစ်ဒါ၏ စိတ်ထဲတွင် စုချန်းကို ပို၍ပင် သတ်ပစ်ချင်လာသေး၏။

"သေရမယ် မင်း သေကိုသေရမယ်ကွ”

ခီလစ်ဒါ အဆက်မပြတ်တိုက်ခိုက်ရင်း အထက်ပါအတိုင်း အော်ဟစ်နေ၏။

သူ့ပုံစံမှာ အသိစိတ်မဲ့သွားသည့်ဟန်ပင်။

ခီလစ်ဒါ၏ ပုံစံကိုကြည့်ရင်း တခုခု မှားနေပြီမှန်း စုချန်းကိုယ်တိုင်လည်း ခံစားမိလိုက်၏။

သို့သော် ခီလစ်ဒါရူးသွား၍ သူ့အတွက် ဘာအကျိုးမှမရှိ။ အကြောင်းမှာ ခီလစ်ဒါသာ တကယ်ရူးသွားလျင် စုချန်းအနေနှင့် မည်သည့်အခြေအနေမျိုးတွင်မှ နောက်ဆုတ်ရန် အခွင့်အရေးမရှိတော့သောကြောင့်ပင်။

ထိုအချိန်တွင် အဆိပ်တထောင်ဖားကြီးသည်လည်း သူ့ခေါင်းနားတွင် တဝီဝီလုပ်နေသည့် ခြင်နှစ်ကောင်ကြောင့် စိတ်အနှောင့်အယှက်ပို၍ဖြစ်လာ၏။

သူပါးစပ်ကို ထပ်မံဟလိုက်ပြန်သည်။သို့သော် ဤတကြိမ်တွင်တော့ ဖားကြီး၏ ပါးစပ်ထဲမှာ အဆိပ်ရည်များ ထွက်မလာတော့။ ထိုအစား သူ့ပါးစပ်ထဲမှ လျှာကြီးတချောင်း တိုးထွက်လာတော့သည်။

ဖားက ခြင်ကို စားသည်မှာ ဘာဆန်းသနည်း။

ထိုလျှာကြီးသည် စုချန်းနှင့်ခီလစ်ဒါတို့ထံသို့ အံ့မခန်း အမြန်နှုန်းဖြင့် တိုးဝင်လာ၏။

ခြင်များအဖို့ ကံကောင်းသည်မှာ သူတို့သည် ပုံမှန်ခြင်များ ဟုတ်မနေခြင်းပင်။ ဖားကြီး၏လျှာထွက်လာသည်နှင့် ရူးသည်ဆိုသော်လည်း အလုံးစုံရူးမသွားသေးသော ခီလစ်ဒါက ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။ ထိုနည်းတူစွာ စုချန်းကလည်း အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးပြီး ရှောင်တိမ်းလိုက်လေသည်။

လျှာကြီးသည် လေထုကိုသာ ထိုးဖောက်သွား၏။ သို့သော် တိုးဝင်လာသော အရှိန်အဟုန်မှာ ပြင်းထန်လွန်း၍ ပတ်ဝန်းကျင် လေထုသည်ပင် သွက်သွက်ခါသွားလေသည်။

နောက်ဆုံးတော့ ကမ္ဘာဦးမတိုင်မီသားရဲကြီးများ သဘာဝစွမ်းအင်ကို အသုံးမပြုတတ်မှန်း သဘောပေါက်လိုက်၏။ သို့သော် တဖက်တွင် ၎င်းတို့မှာ အင်အားကြီးမားလွန်း၍ သဘာဝစွမ်းအင် သုံးခြင်းမသုံးခြင်းမှာ အရေးမကြီးလှချေ။

တကယ်လည်း ကမ္ဘာဦးမတိုင်မီသားရဲကြီးများအနေနှင့် သဘာဝစွမ်းအင်ကို နားလည်ရန် မလိုလှချေ။ ၎င်းတို့၏ သန်မာအားကောင်းလှသော ရုပ်ခန္ဓာနှင့် သမုဒ္ဒရာထုပမာဏခန့် သိုလှောင်ထားနိုင်သည့် မူလစွမ်းအင်ကြောင့် မည်သည့်ရန်သူကိုမဆို စိစိညက်ကြေအောင် ချေမှုန်းနိုင်သည် မဟုတ်ပါလား။

သို့သော် ဤသားရဲကြီးများသည် အနှိုင်းမဲ့မဟုတ်၊ မရှုံးနိမ့်နိုင်သူများမဟုတ်ဟု စုချန်း သဘောပေါက်လိုက်ပေပြီ။

၎င်းတို့အပေါ် သက်ရောက်နိုင်သည့် တခုတည်းသော အရာမှာ သဘာဝစွမ်းအင်ပေတည်း။ ဤစွမ်းအင်သည် မူလစွမ်းအင်ထက် ပို၍ အဆင့်မြင့်၏။

ယခင်ကဆိုလျင် စုချန်း၏ ပန်းတိုင်မှာ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်မျှသာ ဖြစ်ခဲ့၏။ သို့သော် ယခုတော့ ပို၍မြင့်မားသည့် ပန်းတိုင်တခုကို စုချန်း တွေ့ခဲ့ရလေပြီ။

မည််သို့ဆိုစေ စုချန်းအဖို့လောလောဆယ် ဤနေရာမှ လစ်ထွက်သွားနိုင်ရန် လိုအပ်နေသေး၏။

အဆိပ်တထောင်ဖားကြီးကား ယခုအချိန်ထိ ထင်တိုင်းကြဲနေဆဲပင်။ သို့သော် ဖားကြီးထက်စာလျင် စုချန်းအတွက် ခီလစ်ဒါကမှ ပိုကြီးသောပြသနာ ဖြစ်နေ၏။ စိတ်ပိုင်းဆိုင်ရာအခြေအနေအရ မတည်မငြိမ်ဖြစ်နေသော ခီလစ်ဒါသည် စုချန်းကို မသတ်ရမချင်း နောက်ကလိုက်နေပေလိမ့်မည်။ ဖားကြီးလက်မှ လွတ်အောင်ထွက်ပြေးနိုင်သည့်တိုင်အောင် ခီလစ်ဒါကို မျက်ချေဖြတ်နိုင်ရန်မှာ အတော်လေး မရေရာသောကိစ္စ ဖြစ်လေသည်။

သို့ဆိုလျင် သူ ဘာလုပ်ရမည်နည်း။

အချိန်အတန်ကြာအောင် စဥ်းစားတွက်ချက်ပြီးနောက် ဖြစ်နိုင်ဖွယ်နည်းလမ်းတခုကို စုချန်း တွေးမိလိုက်၏။

“အင်း ဒီတနည်းပဲကျန်တော့တယ်”

အထက်ပါအတိုင်း ရေရွတ်ရင်း စုချန်းက ခီလစ်ဒါကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ တချက်ပြုံးပြီး အသက်စွမ်းအင်ဖယောင်းတိုင်တချောင်းကိုထုတ်ကာ မီးရှို့လိုက်လေသည်။

ဤတကြိမ်တွင်တော့ စုချန်းသည် အသက်စွမ်းအင်ဖယောင်းတိုင်ကိုသုံးကား စိတ်ဝိဉာဉ်စွမ်းအင်ကို အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် စုချန်းသည် ကျောက်စိမ်းမြူ၏လျှို့ဝှက်နယ်မြေမှ သင်ယူနိုင်ခဲ့သမျှ အသိပညာများကို စိတ်ဝိညာဥ်နှင့် ပေါင်းစပ်လိုက်လေသည်။ ရလဒ်မှာကား စိတ်ဝိညာဥ်စွမ်းအင် အဆင့်ကိုးထိ စုချန်း တက်လှမ်းနိုင်ခဲ့ခြင်းပင်။ အသက်စွမ်းအင်ဖယောင်းတိုင် လက်ကျန်မှာလည်း အတော်နည်းသွားခဲ့လေပြီ။ သို့သော် စုချန်းကတော့ ဂရုမစိုက်ပဲ ဖယောင်းတိုင်ကို မီးဆက်ရှို့နေ၏။ သို့သော် သူ့စိတ်ဝိညာဥ်စွမ်းအင်သည် အဆင့်ကိုးမှာပင် ရပ်တန့်နေတော့မည့် ပုံပေါ်နေသည်။

ထိုအခါ စုချန်းလည်း အသက်စွမ်းအင်ဖယောင်းတိုင်တချောင်းကို ချန်ထားပြီး ကျန်လက်ကျန်ဖယောင်းတိုင်များကို သိမ်းထားလိုက်၏။ သူချန်ထားခဲ့သည် ဖယောင်းတိုင်ကိုသုံး၍ သူ့အနေနှင့် စိတ်ဝိညာဥ်စွမ်းအင်ကို အဆင့်တစ်ဆယ်သို့ ယာယီတိုးမြှင့်ရပေလိမ့်မည်။

သိပ်မကြာမီ စုချန်း၏ စိတ်ဝိဉာဉ်စွမ်းအင်သည် အဆင့်ကိုးမှ အဆင့်တစ်ဆယ်သို့ ရောက်ရှိသွား၏။

ထိုအချိန်မှာပင် စုချန်းက ခီလစ်ဒါကို စိုက်ကြည့်၏။

သေစေနိုင်သောစုန်းမပေတည်း။

သာမာန်အခြေအနေသာဆိုလျင် စိတ်ဝိညာဥ်စွမ်းအင် အဆင့်တစ်ဆယ်ထိ တိုးမြှင့်ထား၍ ထင်ယောင်ထင်မှားဖြစ်စေသော စွမ်းအား ဆထက်တံပိုး မြင့်မားလာသည့်တိုင်အောင် ဒဏ္ဍာရီလာအာကင်နာပညာရှင်တယောက်ကို လှည့်စားရန် စုချန်းအနေနှင့် ဤနည်းစနစ်ကို သုံးရဲလိမ့်မည်မဟုတ်။ သို့သော် လက်ရှိအခြေအနေမှာ သာမာန်အခြေအနေမဟုတ်။ ရန်သူဖြစ်သည့် ခီလစ်ဒါ၏ စိတ်အခြေအနေမှာ ပြင်းထန်စွာ နာကျင်နေ၏။ အသိစိတ်တချို့ ပျောက်ဆုံးနေ၏။ ဆင်ခြင်သုံးသပ်နိုင်စွမ်း လျော့ကျနေ၏။ ဒေါသအလွန်ကြီးနေ၏။ ဤသို့သော အကြောင်းတရားများကြောင့် စုချန်းက သေစေနိုင်သောစုန်းမကို အရဲကိုးသုံးလိုက်ခြင်းပင်။

တဖက်တွင်လည်း စုချန်းသည် သူ့သွေးအဆီအနှစ်မှနေ၍ အားကောင်းလှသော ကိုယ်ပွားတကောင်ကို ဖန်တီးထားလိုက်၏။

ထို့နောက်တွင်တော့....

စုချန်း၏ မျက်လုံးအစုံမှာ အရောင်တချက် ဝင်းလက်သွား၏။

“ဒီတကောင်က ကိုယ်ပွားပဲ ဟိုတကောင်က တကယ့်အစစ်…”

စုချန်းနှင့် အကြည့်ချင်းဆုံလိုက်သည့်ခနမှာပင် ခီလစ်ဒါ ရုတ်ချည်းငြိမ်သက်သွား၏။

ထိုအချိန်တွင် စုချန်းကား အကြီးအကျယ် စိတ်လှုပ်ရှားနေခဲ့လေပြီ။

သူ အောင်မြင်သွားမည်လား၊ သို့မဟုတ် ရှုံးနိမ့်မည်လား။

အဖြေကို သူ မသိ။

သူ အသက်ရှူရန်ပင် မေ့နေပြီး ခီလစ်ဒါကိုသာ မျက်ချေမပြတ် စိုက်ကြည့်နေ၏။

စုချန်းအဖို့မှာ သေစေနိုင်သောစုန်းမကို နှိုးဆွလိုက်ခြင်းသည် ရွေးချယ်ခွင့်ကို စွန့်လွှတ်လိုက်သည်နှင့် အတူတူသာ။ ထိုအချိန်မှစ၍ သူ့ကံကြမ္မာသည် ခီလစ်ဒါ၏ လက်ထဲသို့ ကျရောက်သွားခဲ့လေပြီ။

ဤအခြေအနေမျိုးကို စုချန်း သဘောမကျ။ သို့သော် ဤတကြိမ်တွင် စုချန်းအတွက် ရွေးစရာတခြားလမ်း မရှိတော့ချေ။

သို့စေကာမူ ဤယနေ့တွင်လည်းကံကြမ္မာသည် စုချန်းဘက်တွင် ရှိနေပုံပေါ်၏။

ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခီလစ်ဒါတယောက် စုချန်း၏ ကိုယ်ပွားနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။

သို့တိုင်အောင် သူ "ကိုယ်ပွား"ဟု ထင်နေသည့် စုချန်းထံသို့ လျှပ်စီးလှံတချောင်းကို ခီလစ်ဒါ လွှတ်ဖြစ်အောင်လွှတ်လိုက်သေး၏။

All Chapters