မိခင်နတ်ဘုရားဘုရားကျောင်း ၁
Vol. 88 Ch. 872
စုချန်းတယောက် လေထဲတွင် အလင်းတန်းတခုကဲ့သို့ လျင်မြန်စွာ ပျံသန်းနေ၏။
သူ နောက်ဆုံးတော့ လွတ်မြောက်လာခဲ့လေပြီ။ သေမလားရှင်မလားလောင်းကြေးထပ်ခဲ့ရသည့်အခြေအနေတွင် သူ ခီလစ်ဒါ၏ အာရုံကို လမ်းလွှဲနိုင်ခဲ့သည် မဟုတ်ပါလား။
ခီလစ်ဒါကို မျှားခေါ်သွားသည့်ကိုယ်ပွားတွင် စုချန်း၏ သွေးအဆီအနှစ်အများအပြား ပါဝင်နေ၏။ ထို့ကြောင့် ထိုကိုယ်ပွားအနေနှင့် ခီလစ်ဒါကို ခနတဖြုတ် ထိမ်းထားနိုင်လိမ့်မည်ဟုတော့ ယူဆရ၏။ ကိုယ်ပွား၏ စွမ်းအင်ကုန်သွားချိန်တွင် စုချန်းတယောက် အဝေးသို့ ရောက်နေလောက်ပေပြီ။
အဆိပ်တထောင်ဖားကိုတော့ စုချန်း အနည်းငယ်မျှ စိတ်ပူခြင်းမရှိ။ အကြောင်းမှာ သူ့အနေနှင့် ဖားကြီးကို ခြိမ်းခြောက်မှုတခုဟု ဘယ်သောအခါမှ ယူဆထားခြင်းမရှိ၍ပင်။
သို့သော် ဤမျှနှင့် စုချန်း လွတ်ပြီဟုဟရာနှုန်းပြည့်ဆို၍မရချေ။ ခီလစ်ဒါ၏ စွမ်းရည်ကိုလည်း သူ ထည့်တွက်ထားရပေသည်။ သူ လိုက်လံတိုက်ခိုက်နေသူမှာ စုချန်းမဟုတ်ပဲ ကိုယ်ပွားမှန်း သိသွားပါက ခီလစ်ဒါ နောက်ကြောင်းပြန်ခေါက်လာမည်မှာ အသေအချာပင်။
တကယ်တမ်းတွင်တော့ သူ့ကိုယ်ပွား လွန်ခဲ့သော နာရီဝက်လောက်ကတည်းက သေသွားမှန်း စုချန်း သိပြီးခဲ့လေပြီ။ ဤအခြေအနေတွင် ခီလစ်ဒါ သူ့ကို ခြေရာမခံမိစေရန်သာ စုချန်းအဖို့ ဆုတောင်းရန်ရှိတော့သည်။ ဆုတောင်းသာမပြည့်ခဲ့လျင် သူ အကြီးအကျယ် ဒုက္ခရောက်ပေတော့မည်။
အထက်ပါအတိုင်းတွေးရင်း တဟုန်ထိုး ပျံသန်းနေစဥ်မှာပင် နှလုံးသားထဲမှ စူးခနဲ နာကျင်မှုကို စုချန်း ခံစားလိုက်ရ၏။ သူ ဖြတ်ခနဲ နောက်လှည့်ကြည့်လိုက်သည်။
လူတယောက်။ အတိအကျပြောရလျင် ခီလစ်ဒါ။
သွားပြီ။ ခီလစ်ဒါ သူ့ကို ခြေရာခံမိသွားလေပြီ။
“သေလိုက်ပါတော့ကွာ”
စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။
ခီလစ်ဒါ၏ ခြေရာခံနိုင်စွမ်းမှာ အံ့မခန်းပင်။ ဤမျှသော အကွာအဝေးကြီးတွင် ခီလစ်ဒါ သူ့ကို မည်သို့များ ခြေရာခံမိသွားလေသနည်း။
“ဟဲယွန်လေစီးကြောင်း မင်းပြေးလို့ မလွတ်ဘူးကွ”
ခီလစ်ဒါ အဝေးမှနေ၍ လှမ်းအော်ဟစ်လိုက်၏။
စုချန်း ခေါင်းခါလိုက်လေသည်။
“ခင်ဗျားကို ကျုပ် တကယ်လေးစားပါတယ် ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ဘယ်လိုမှဖမ်းမမိနိုင်ပါဘူးလေ"
စကားဆုံးသည်နှင့် သူ့ပုံရိပ်သည် တုန်ခါလာပြီး စုချန်း ထိုနေရာမှ ပျောက်ကွယ်သွား၏။
အလင်းတုန်ခါခြင်းတစ္ဆေ။
အဆိပ်တထောင်တောင်မှ ထွက်ပြေးလာပြီးနောက် ခီလစ်ဒါ လိုက်လာနိုင်သည်ကို ကြိုတွေးပြီး စုချန်းသည် ကိုယ်ပွားတချို့ကို ထပ်မံ ဖန်တီးထားခဲ့၏။
အဆိုပါကိုယ်ပွားတိုင်းသည် လိုသလို ပျံသန်းနိုင်သည် ဖြစ်လေရာ ၎င်းတို့သည် စုချန်းကဲ့သို့ပင် ဦးတည်ရာအသီးသီးသို့ ပျံသန်းသွားကြ၏။ ခီလစ်ဒါ သူ့အနီးသို့ရောက်သည်နှင့် စုချန်းကလည်း ကိုယ်ပွားများဆီသို့ ခုန်ကူးသွားလေသည်။
စုချန်း လျတ်တပြက်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်သည်နှင့် ခီလစ်ဒါ အံ့အားသွား၏။ ထိုအခါ သူက မူလလက်စွပ်ထဲမှ ကျောက်တုံးတတုံးကိုဆွဲထုတ်လိုက်လေရာ ပြေးလွှားနေသော စုချန်းအစစ်၏ ပုံရိပ်ကို သူအတိုင်းသား မြင်နေရလေသည်။
“တွေ့ပြီ ခွေးမသားလေ"
ခီလစ်ဒါ ချက်ချင်းပင် ဦးတည်ချက်ပြောင်းလိုက်၏။ ထိုအခါ စုချန်းကလည်း နောက်ထပ်ကိုယ်ပွားတကောင်ဆီ ထပ်မံခုန်ကူးရင်း ခီလစ်ဒါကို ထပ်မံရှောင်တိမ်းလိုက်ရပြန်သည်။
သူ့ ပတ်ဝန်းကျင်တခုလုံး ရှင်းလင်းနေသည်ကို မြင်လိုက်ရမှ စုချန်း စိတ်သက်သာရသွား၏။ ထို့နောက် သူက ကိုယ်ပွားတချို့ကို ရှေးနည်းကအတိုင်း နေရာဖြန့်ထားပြီး ရှေ့သို့ဆက်လက်ပျံသန်းလာခဲ့ပြန်သည်။ သိပ်မကြာမီ ဤနေရာသို့ ခီလစ်ဒါ ရောက်လာအုံးမည်မှန်း သူ ရှင်းရှင်းလင်းလင်း သိနေခဲ့သည် မဟုတ်ပါလား။
တကယ်လည်း နှစ်နာရီ၊ သုံးနာရီခန့်အကြာတွင် ခီလစ်ဒါ သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်လာပြန်သည်။ စုချန်းကလည်း ခီလစ်ဒါကို မြင်သည်နှင့် လှစ်ခနဲပင် ထပ်မံပျောက်ကွယ်သွားပြန်၏။
အလင်းတုန်ခါခြင်းတစ္ဆေသည် အလှမ်းကွာဝေးသော နေရာမျိုးသို့ ခုန်ကူးလေလေ စွမ်းအင်ပိုကုန်လေလေ ဖြစ်သည်။ သို့သော် ခီလစ်ဒါကိုယ်တိုင်သည်လည်း သူ့နောက်သို့လိုက်ရန် သုံးနာရီခန့်ကြာမြင့်နေ၍ စုချန်းအဖို့ အနားယူချိန် ရခဲ့သည်ဟု ဆိုနိုင်၏။
သို့သော် ဤတချက်တည်းနှင့် စုချန်းတယောက် ခီလစ်ဒါလက်မှ လွတ်မြောက်ရန်မှာ အတော်လေး ခက်ခဲနေသေး၏။
ယခုတော့ ခီလစ်ဒါက စုချန်းကို အမြဲခြောက်လှန့်နေမည့် အိပ်မက်ဆိုးနှင့်ပင် တူနေခဲ့လေပြီ။
အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦး၏ ကြောင်နှင့်ကြွက်ပြဇာတ်မှာ အရှိန်ရလာပြီး အပြန်အလှန်နားလည်မှု ရှိနေသည့်ပုံစံမျိုးပင် ပေါ်နေခဲ့လေပြီ။
စုချန်းသည် ခီလစ်ဒါကို မမြင်ရသေးသည့်တိုင် အချိန်ပြည့်ခါနီးသည်နှင့် အလင်းတုန်ခါခြင်းတစ္ဆေကို နှိုးဆွလိုက်၏။ ခီလစ်ဒါသည်လည်း ဘာဆက်ဖြစ်မည်မှန်း ကြိုသိနေ၍ စုချန်းကို မြင်သည်နှင့် သူ့အရှိန်ကို အလိုအလျောက် လျှော့ချလိုက်၏။
သို့တိုင်အောင် စုချန်းကိုတော့ ခီလစ်ဒါ အလွတ်ပေးလိမ့်မည်မဟုတ်။
ကံကြမ္မာလက်ချောင်းများအဖွဲ့ ပျက်စီးသွားခြင်းသည် ခီလစ်ဒါကို အဆုံးမရှိသော နာကျင်မှုများ ပေါ်ပေါက်လာစေ၏။ မူလကမ္ဘာကြီး၏ အနားစွန်းထိ စုချန်းကို လိုက်ဖမ်းရမည်ဆိုလျင်ပင် သူကတော့ စုချန်းနောက်ကို လိုက်နေအုံးမည်သာ။
ထိုအချိန်တွင် စုချန်းလည်း ဒေါသထွက်စပြုလာ၏။ ခီလစ်ဒါ ခေါင်းမာလွန်းလှနေသည် မဟုတ်ပါလား။
ကောင်းပြီလေ...ငါသွားတဲ့နေရာတိုင်း မင်း တကယ်လိုက်မလား ကြည့်ရသေးတာပေါ့...
အထက်ပါအတိုင်း အတွေးပေါက်သွားသည်နှင့် စုချန်းသည် ကိုယ်ပွားအားလုံးကို ကောင်းကင်မြို့တော်သို့ ဦးတည်စေလိုက်၏။
မင်း သိပ်ပြီးသတ္တိကောင်းရင် ကောင်းကင်မြို့တော်မှာ ငါတို့ ဆက်ပြီးတိုက်ကြတာပေါ့ကွာ...
စကားလုံးမပါသော စုချန်း၏ စိန်ခေါ်မှုက ခီလစ်ဒါထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိသွား၏။
ခီလစ်ဒါကလည်း လက်ခံလိုက်သည့်ပုံပင်။
ကောင်းကင်မြို့တော်။
ဤမြို့တော်သည် မူလကမ္ဘာကြီး၏ သမိုင်းတလျှောက်လုံး မည်သူမျှ မတိုက်ခိုက်နိုင်သည့် မြို့တော်အဖြစ် သတ်မှတ်ခြင်း ခံထားရ၏။
ဤခံတပ်မြို့တော်သည် အင်အားအများအပြားကို အသုံးပြု၍ တည်ဆောက်ထားပြီး ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိ၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မြို့တော်သည် တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့၏။ ပို၍ ကြီးမားလာခဲ့၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း တောင်များ၊ မြစ်များ၊ လယ်ကွင်းများနှင့် ကျေးရွာများ အသီးသီး ပေါ်ပေါက်လာ၏။ ဤနည်းအားဖြင့် ကောင်းကင်မြို့တော်သည် အသေးစား နိုင်ငံတနိုင်ငံသဖွယ်ဖြစ်လာခဲ့လေသည်။ တကယ်တမ်းတွင် မြို့တမြို့စာမျှကိုသာ ထိန်းသိမ်းထားနိုင်သော ဤနယ်မြေသည် နှစ်ပေါင်းများစွာ ကြာသောအခါ တနိုင်ငံလုံးကို လွှမ်းခြုံထားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားတော့သည်။
ထို့ကြောင့် ကောင်းကင်နိုင်ငံဟူသည် အခြေခံအားဖြင့် ကောင်းကင်မြို့တော်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခင်က မည်သူမျှ မကျူးကျော်နိုင်ခဲ့သော ကောင်းကင်မြို့တော်သည် အလယ်ရှိ တိုက်ခိုက်ရေးခံတပ်ကို ဗဟိုပြု၍ စည်ကားသိုက်မြိုက်သော ဘုရင့်နိုင်ငံတော်ကြီးဖြစ်လာခဲ့သည်မှာ အမှန်ပင်။
ကောင်းကင်မြို့တော်၏ ဗဟိုချက်မှာကား မြို့တော်ထိပ်ဖျားရှိ မိခင်နတ်ဘုရားမဂိုဏ်း၏ ဘုရားကျောင်းပင် ဖြစ်လေသည်။
မိခင်နတ်ဘုရားမဘုရားကျောင်းသည် မိခင်နတ်ဘုရားမဂိုဏ်း၏ မြင့်မြတ်သောနေရာ၊ အထွတ်အထိပ်နေရာပင် ဖြစ်သည်။ ကောင်းကင်မိခင်ကြီးကိုလူပျံတော်နတ်သမီးအသွင် ရုပ်တုဖြင့် ထုဆစ်ထားပြီး ထိုရုပ်တုသည် အပြောကျယ်လှသော တိမ်တိုက်တောင်ထွတ်တွင် မားမားရပ်လျက်ရှိ၏။ မရေမတွက်နိုင်သော လူပျံတော်များစွာသည် ထိုနေရာတွင် ဘာသာရေးဆိုင်ရာအထိမ်းအမှတ်များ ဆောင်ရွက်ကြ၏။ ထုံးတမ်းစဥ်လာနှင့်ရိုးရာအစဥ်အလာများကို ပြုလုပ်ကြ၏။
ထို့ကြောင့် မိခင်နတ်ဘုရားမဂိုဏ်းသည် ကောင်းကင်နိုင်ငံတော်ကြီးကို တစုတစည်းတည်းဖြစ်စေသည့် ရင်းမြစ်ဟု ဆိုနိုင်သည်။
လက်ရှိ မိခင်နတ်ဘုရားမဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ အိပ်မက်ကြာပန်းသရဖူသည် တနိုင်ငံလုံးတွင် အရေးပါဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။ သူမသည် ထာဝရညနှင့်အတူ ကောင်းကင်မြို့တော်ကို ထိထိရောက်ရောက်ပင် အုပ်ချုပ်ထားနိုင်၏။ ထို့ပြင် သူမ၏ ဦးစီးဦးဆောင်စိတ်ဓာတ်ကလည်း အတော်လေး အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်၏။
ယခုအချိန်တွင် မိခင်နတ်ဘုရားမဂိုဏ်းသည် တစ်နေ့လျှင် ထောင်ပေါင်းများစွာသော ဧည့်သည်များကို ဧည့်ဝတ်ပြုနေရ၏။ ထိုဧည့်သည်များမှာ တခြားမဟုတ်။ လူပျံတော်နယ်မြေအနှံ့အပြားမှ ဘုရားဖူးလာကြသည့် ဧည့်သည်တော်များပင်။ ဘုရားဖူးဧည့်သည်များကား တောင်ပေါ်တက်ရာလမ်းတလျှောက်တွင် ဘာသာရေးအစဥ်အလာအရ ခြေလှမ်းသုံးလှမ်းတိုင်း တကြိမ်စီ ဒူးထောက်ပြီး ငါးလှမ်းလျှင် တကြိမ်စီဦးညွှတ်တတ်ကြ၏။
ဤတောင်တော်သို့ ဘုရားဖူးလာကြသူတိုင်းသည် ယုံကြည်မှုပြင်းပြကြသူများ ဖြစ်လေရာ ရင်ပြင်တော်တွင် ဧည့်ပရိသတ်များ စည်ကားလှသည့်တိုင် ပြသနာတက်လေ့မရှိပဲ များစွာ စည်းကမ်းသေဝပ်ကြကုန်၏။ ထို့ကြောင့် ဤအဝိုင်းအဝန်းလေးသည် မည်သည့်ရှုပ်ထွေးမှုမှ ပေါ်ပေါက်လာခြင်းမရှိပဲ များစွာ ငြိမ်းချမ်းလှတော့သည်။
ယခုတော့ အနှီအေးချမ်းသော အခြေအနေသည် နှောင့်ယှက်ခံရပေတော့မည်တည်း။
စုချန်း ရောက်ရှိလာချိန်တွင် လူပျံတော်အုပ်လိုက်ကြီးသည် တောင်ပေါ်သို့ လမ်းလျှောက်ချီတက်နေကြ၏။ ထိုအခါ စုချန်းလည်း တောင်တက်လမ်းပေါ်သို့ ခပ်မြန်မြန်ပင် ဆင်းသက်ပြီး အဝတ်အစားတချို့ကို သွက်သွက်လေးဝတ်ဆင်ကာ ကျန်လူပျံတော်အုပ်ထဲသို့ ရောနှောဝင်ရောက်ပြီး တောင်ထိပ်သို့ တက်လာခဲ့လေသည်။
သို့သော် သူသည် သုံးလှမ်းတိုင်း တကြိမ်စီ ဒူးထောက်နေရခြင်းကို စိတ်မရှည်လေရာ တောင်ထိပ်သို့ အမြန်ဆုံးရောက်အောင်သာ တက်လာခဲ့၏။ ကံကောင်းသည်မှာ ဤစည်းကမ်းက တင်းကျပ်သည့် စည်းကမ်းမျိုးမဟုတ်ပဲ ထိုသို့မလိုက်နာသည့် လူပျံတော်တချို့လည်း ဧကန်ရှိနေကြခြင်းပင်။ သို့သော် စည်းကမ်းမလိုက်နာဆုံးဟု ဆိုရမည့် လူပျံတော်များပင် တောင်ပေါ်သို့တက်စဉ် ခြေလှမ်းကို အလွန်နှေးကွေးစွာ လှမ်းနေကြလေရာ အလွန်လျင်မြန်စွာ ခြေလှမ်းနေသော စုချန်းမှာ လူပျံတော်များကြားထဲတွင် ထင်းထင်းကြီး ဖြစ်နေတော့သည်။
ထိုအခါ မိခင်နတ်ဘုရားမဂိုဏ်း၏ တပည့်တဦးက စုချန်းကိုဟန့်တားပြီး အောက်ပါအတိုင်း ပြောလိုက်၏။
"ခင်ဗျားရဲ့လုပ်ရပ်တွေကို မိခင်နတ်ဘုရားမက အမြဲတမ်း စောင့်ကြည့်နေတယ် ဒီတောင်ပေါ်မှာတော့ ပြသင့်တဲ့လေးစားမှုလေးတွေ ပြပါအုံးဗျာ”
စုချန်းက ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"ကျုပ်ဟာ မိခင်နတ်ဘုရားမရဲ့ရှေ့မှာ အမြဲတမ်း နှိမ့်နှိမ့်ချချ နေတတ်သူပါ ဒါပေမဲ့ ဒီနေ့မှာတော့ ကျုပ် ဘယ်လိုမှအချိန်မရဘူး ကျုပ်အနေနဲ့ ဘုန်းတော်ကြီး လမရှိမျက်နှာနဲ့ အမြန်ဆုံးတွေ့ရမှ ဖြစ်မယ်"
အထက်ပါအတိုင်း ပြောရင်း စုချန်းက သူ့မျက်နှာဖုံးကို ချွတ်ပြလိုက်၏။
“ကျုပ် ဘုန်းတော်ကြီးလမရှိမျက်နှာရဲ့တပည့် ဟဲယွန်လေစီးကြောင်းပါ"
စုချန်း၏ စကားကြောင့် ထိုတပည့် အံ့အားသင့်သွား၏။
“ဘုန်းတော်ကြီးလမရှိမျက်နှာ လောလောဆယ် ဒီမှာ မရှိပါဘူး သူ ညဝိညာဉ်မြို့တော်ကို သွားနေတယ်”
ညဝိညာဉ်မြို့သည် ညနှင်းအသိုက် မင်းမူနေသော မြို့ဖြစ်သည်။ လမရှိမျက်နှာသည် မူလက ညနှင်းအသိုက်၏ ခေါင်းဆောင် ဖြစ်ခဲ့သော်လည်း လူသားများ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ရာထူးချခံလိုက်ရ၏။ ကြည့်ရသလောက် လမရှိမျက်နှာသည် ယခင်ရာထူးကို ပြန်လည်ရရှိရန် အသည်းအသန် ကြိုးစားနေဟန်ပေါ်သည်။
အမှန်တော့ စုချန်းအနေနှင့်လည်း လမရှိမျက်နှာနှင့် လုံးဝတွေ့လိုစိတ်မရှိ။ လမရှိမျက်နှာ ရှိမရှိသိလို၍ ကနဦးစကားကို သူ ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။ အကြောင်းမှာ လမရှိမျက်နှာသည် ဟဲလ်ယွန်လေစီးကြောင်းကို ကောင်းကောင်းနားလည်ထားသူ ဖြစ်လေရာ သူရှိနေလျင် စုချန်း အချိန်မရွေး အလိမ်ပေါ်သွားနိုင်၏။
လမရှိမျက်နှာ မရှိကြောင်း သိလိုက်ရ၍ စုချန်း ကြိတ်၍ သက်ပြင်းချလိုက်၏။ သို့သော် သူက စိတ်ပျက်သွားသော အမူအရာနှင့် ထပ်မေးလိုက်ပြန်သည်။
"ကျုပ်မှာ အရေးကြီးတဲ့ သတင်းတခု ပါလာတယ် ခု ကျုပ် ဘယ်သူ့ကို သတင်းပို့ရမှာလဲ"
“ဒီက လက်ရှိ တာဝန်ခံကတော့ သခင်မလေး ကျောက်စိမ်းမွှေးရနံ့ပဲ”
“ကောင်းပြီ”
စုချန်း ဆက်သွားရန် ဟန်ပြင်လိုက်၏။ ဤတကြိမ်တွင်တော့ စုချန်းကို ဟန့်တားသည့်တပည့်က ဘာမှမပြောတော့ပဲ လွှတ်ပေးလိုက်၏။
ထိုအချိန်တွင် ကျောက်စိမ်းမွှေးရနံ့မှာကား ဘုရားကျောင်းထဲရှိ ဘာသာရေးပွဲတော်တခုကို ကြီးကြပ်နေ၏။
အလွန်ငယ်ရွယ်သော ဂိုဏ်းချုပ်ဘုန်းတော်ကြီးတဦးအနေနှင့် ကျောက်စိမ်းမွှေးရနံ့၏ ရာထူးမှာ ခိုင်မာမှုမရှိသေးချေ။ ထို့ကြောင့် သူမသည် ပြောသမျှလုပ်သမျှတိုင်းကို အလွန်သတိထားလေ့ရှိ၏။ အမှားအယွင်းတခုခု ဖြစ်ပေါိလာပါကလည်း သည်းခံလေ့မရှိချေ။
သို့သော် ဤယနေ့တွင်တော့ သူမကို စိတ်ဆိုးအောင်လုပ်မည့်သူ ပေါ်ပေါက်လာပေတော့မည်တည်း။
အသက်ငယ်ငယ်လူပျံတော်တဦးသည် ရုတ်ချည်းပင် ပင်မဘုရားကျောင်းထဲသို့ ဝင်လာ၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး သူမထံသို့ ဦးတည်လာနေလေသည်။
ကျောက်စိမ်းမွှေးရနံ့ မသိမသာ မျက်မှောင်ကုတ်သွား၏။ သို့သော် သူမ ဘာမှ မပြောရသေးခင်မှာပင် အစောင့်နှစ်ဦးက သူ့ကို ဟန့်တားထားလိုက်လေသည်။
သို့သော် မကြာမီမှာ အစောင့်များ ထိုလူငယ်လူပျံတော်ကို လွှတ်ပေးလိုက်ကြောင်း သူမ တွေ့လိုက်ရသည်။ အစောင့်တဦးက သူမကို သတင်းပို့ရန် နောက်သို့ပြန်လှည့်လာ၏။
အရေးကြီးကိစ္စပေါ်လာပြီမှန်း ကျောက်စိမ်းမွှေးရနံ့ ချက်ချင်း သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် အစောင့်က သူမထံသို့ ချည်းကပ်လာပြီး အောက်ပါအတိုင်း သတင်းပို့လိုက်၏။
"ဘုန်းတော်ကြီး လမရှိမျက်နှာရဲ့ တပည့် ဟဲယွန်လေစီးကြောင်း ရောက်လာပါတယ် သူ့မှာ ခေါင်းဆောင်ကို သတင်းပို့စရာရှိတယ်လို့ ပြောပါတယ်"
“သူလား လူသားတွေကြောင့် အရှက်ရခဲ့တဲ့ တယောက်ပဲမလား”
ကျောက်စိမ်းမွှေးရနံ့ အံ့သြသွား၏။ သူမအနေနှင့် ဟဲယွန်လေစီးကြောင်းကို တစ်ခါမှ မတွေ့ဖူး။ သို့သော် သူ အဖမ်းခံရသည့်သတင်းကတော့ ကောင်းကင်မြို့တော်အနှံ့ ပျံ့နှံ့နေသည် မဟုတ်ပါလား။
တလောက ဟဲယွန်လေစီးကြောင်း မြို့တော်မှ ထွက်ခွာသွားသည်ဟု သူမ ကြားလိုက်ရသေး၏။ သို့ဆိုလျင် သူ အဘယ်ကြောင့် မြို့တော်ကို ပြန်ရောက်လာသနည်း။
“ဘယ်လောက်တောင် အသိဉာဏ်ကင်းမဲ့လိုက်သလဲဆိုတာ"
ကျောက်စိမ်းမွှေးရနံ့ မနှစ်မြို့ဟန်ဖြင့် ရေရွတ်လိုက်၏။
သူမ၏အမြင်အရဆိုလျင် ဤမျှအရှက်ကွဲပြီးနောက်တွင်တော့ ဟဲယွန်လေစီးကြောင်းသည် ကိုယ့်ကိုယ်ကို သတ်သေလိုက်သင့်၏။
ဤမျှ ညစ်ပတ်သည့်လူပျံတော်တယောက်က ဂိုဏ်းချုပ်နှင့်တွေ့ဖို့ မည်သို့များ စဉ်းစားရဲလေသနည်း။ သူ့ကိုယ်ပေါ်မှာရှိသော လူသားအနံ့အသက်များကို ဂိုဏ်းချုပ်ဆီသို့ ပျံ့နှံ့စေလို၍ပေလား။
သို့သော် ကျောက်စိမ်းမွှေးရနံ့က အောက်ပါအတိုင်း မေးလိုက်လေသည်။
"ဂိုဏ်းချုပ်ရှေ့မှာပဲ ပြောရလောက်အောင် ဘယ်လောက်များ အရေးကြီးနေလို့လဲ”
“ဒီကိစ္စဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အနောက်တောင်ဘက်မှာ ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုတွေနဲ့ ပတ်သက်နေပါတယ်”