← Chapters

မယ်တော်နတ်ဘုရားမဘုရားကျောင်း (၃)

Vol. 88 Ch. 874

မယ်တော်နတ်ဘုရားမဘုရားကျောင်း (၃)

Vol. 88 Ch. 874

အိပ်မက်ကြာပန်းသရဖူ ထွက်ခွာသွားသည်နှင့် ကျောက်စိမ်းမွှေးရနံ့က စုချန်းကိုကြည့်ရင်း ပြောလိုက်သည်။ သူမ၏အကြည့်ထဲတွင်ကား စုချန်းကို မနှစ်မြို့ဟန်များ အတိုင်းသား ပေါ်လွင်နေဆဲပင်။

“မယ်တော်ကြီး အမိန့်ပေးလိုက်ပြီ ရှင် ကျွန်မနောက် လိုက်ခဲ့ပါ”

သို့သော် စုချန်းက လိုက်မသွားသေးပဲ မေးခွန်းထုတ်လိုက်၏။

“မိခင်နတ်ဘုရားမဂိုဏ်းမှာ စိတ်အနှောင့်အယှက်တွေကို ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ဆေးတစ်မျိုး ရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်”

“ရှင်ပြောနေတာ ကြည်လင်နှလုံးသားဆေး ဖြစ်လိမ့်မယ် ရှင်လိုချင်ရင် အခု ယူပေးလိုက်လို့ ရတယ်”

သို့သော် စုချန်းက ခေါင်းခါလိုက်၏။

"မဟုတ်ဘူး ကျွန်တော်ပြောနေတာ ကြည်လင်နှလုံးသားဆေးလုံး မဟုတ်ဘူး ဒီဆေးက အရမ်းပျော့လွန်းတယ် ကျွန်တော်ရှာနေတာ ကျောက်စိမ်းသစ်ရွက်အဆီအနှစ်"

ကျောက်စိမ်းမွှေးရနံ့က စုချန်းကို စိုက်ကြည့်လိုက်၏။

“အဲဒါ ပထမအဆင့် လှုဒါန်းငွေမျိုး လှုဒါန်းနိုင်သူတွေပဲ ရနိုင်တဲ့ဆုလာဘ် ရှင် ဒါကို ရနိုင်ဖို့ အဆင့်မမှီသေးဘူး"

စုချန်း ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။

“ကျွန်တော်သိရသလောက် ကျွန်တော့်ရဲ့အဆင့်ကို လှုဒါန်းငွေပေးပြီး တိုးမြှင့်လို့ရတယ်ဆို ဒီတော့ အဆင့်တစ်ကိုရောက်ဖို့ ကျွန်တော် ဘယ်လောက် လှူရမလဲ"

ကျောက်စိမ်းမွှေးရနံ့က စုချန်းကို သေသေချာချာပင် စိုက်ကြည့်လိုက်၏။

“ကြည့်ရတာ ရှင် သေသေချာချာ ပြင်ဆင်လာတဲ့ပုံပဲ”

စုချန်း ပြန်ဖြေလိုက်သည်။

“ဒီကိုလာတဲ့လမ်းတလျှောက်လုံး ဒါကို စဉ်းစားလာတာကိုးဗျ ဘယ်လိုပဲဖြစ်ဖြစ် ဒီစိတ်အနှောင့်အယှက်ကို ဖယ်ရှားပစ်မှရမယ် အဲဒါမှ ကျွန်တော့်ရဲ့ အရှက်ရမှုတွေကို ပျောက်ကွယ်သွားပြီး ကျွန်တော့်နှလုံးသားကို ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဖြတ်တောက်နိုင်မှာ”

ထိုစကားကို ကြားလိုက်သည်နှင့် ကျောက်စိမ်းမွှေးရနံ့၏စိတ် အတော်အသင့် ပျော့ပြောင်းသွားလေသည်။ သူမက ခေါင်းညိတ်ပြီး ဖြေလိုက်၏။

“ကောင်းပြီ ရှင်ရဲ့အလှူငွေကို အဆင့်တစ်အထိ တိုးမြှင့်ချင်တယ်ဆိုရင် မူလကျောက်တုံးဆယ်သိန်း လိုမယ်"

စုချန်း မူလလက်စွပ်တကွင်းကို ဆွဲထုတ်လိုက်၏။

မူလကျောက်တုံးဆယ်သိန်းတဲ့လား...

ထိုပမာဏမှာ စုချန်းအတွက် ဘာမှမဟုတ်ချေ။ လူတိုင်း လှုဒါန်းခွင့်မရှိ၍သာ စုချန်းအနေနှင့် အိပ်မက်ကြာပန်းသရဖူနှင့် တွေ့ဆုံရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ ထိုလုပ်ရပ်မှာ အလွန်အန္တရာယ်များ၏။ အိပ်မက်ကြာပန်းသရဖူသည်လည်း ဒဏ္ဍာရီလာအာကင်နာပညာရှင်တဦးပင် ဖြစ်လေရာ စုချန်းအနေနှင့် သတိတချက်လွတ်ပါက အလိမ်ပေါ်ကာ အသတ်ခံရနိုင်ပေသည်။

စုချန်း၏ မူလလက်စွပ်ကို ဖွင့်ကြည့်လိုက်သည်နှင့် ကျောက်စိမ်းမွှေးရနံ့ မျက်လုံးပြူးသွား၏။

“ရှင်……”

“ကျွန်တော် ဒီတနှစ်အတွင်း ငုတ်တုတ်ထိုင်နေခဲ့တာ မဟုတ်ဘူးလေ”

“ရှင် အရမ်းကြိုးစားထားတဲ့ပုံပဲ”

ထို့နောက် သူမက မူလကျောက်တုံးဆယ်သိန်းဖိုးကို ယူလိုက်ပြီး ကျန်မူလကျောက်တုံးများကို စုချန်းလက်ထဲ ပြန်ထည့်ပေးလိုက်၏။

“ဒီမှာ ခဏစောင့်နေပါ”

“ကျွန်တော်လဲ သခင်မလေးနဲ့အတူ သိုလှောင်ရုံကို လိုက်ခဲ့လို့ရမလား ပြောချင်တာကဗျာ တခြားအသုံးဝင်တာတွေ ရှိသေးလားဆိုတာ ကျွန်တော် ကြည့်ချင်တယ်လေ ပိုက်ဆံလဲ ပိုနေသေးတယ်ဆိုတော့……”

ခေတ္တစဉ်းစားပြီးနောက် သူမ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ ကျွန်မနဲ့ လိုက်ခဲ့”

အလှူငွေများကို ဆုလာဘ်များနှင့်လဲလှယ်ခြင်းမှာ မိခင်နတ်ဘုရားမဂိုဏ်း၏ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်သည်။

ဟဲယွန်လေစီးကြောင်းအနေနှင့် ရှိသမျှ ပိုက်ဆံအားလုံးကို ဤနေရာတွင် အကုန်သုံးရန် ဆန္ဒရှိနေခဲ့လျင် ကျောက်စိမ်းမွှေးရနံ့အနေနှင့် မည်သည့်အတွက် တားမြစ်နေရမည်နည်း။

ထိုအခါသူမက စုချန်းကို သိုလှောင်ရုံဆီသို့ ခေါ်ဆောင်သွားလေသည်။

သိုလှောင်ရုံသည် မိခင်နတ်ဘုရားမဘုရားကျောင်း၏ နောက်ဘက်တွင် တည်ရှိ၏။ အစောင့်တချို့က ကျောက်စိမ်းမွှေးရနံ့ကို မြင်သည်နှင့် ဦးညွှတ်အရိုအသေပေးကြ၏။

အစောင့်သာဖြစ်သော်ငြား အားလုံး အနည်းဆုံး အလင်းတုန်ခါခြင်းနယ်ပယ်အဆင့်တွင် ရှိနေကြကြောင်း စုချန်း မြင်ရုံနှင့် သိလိုက်သည်။ ဤအချက်ကိုထောက်လျင် သိုလှောင်ရုံထရှိ ပစ္စည်းများ မည်မျှ တန်ဖိုးရှိမည်ကို မြင်သာနေသည်။

မှန်ပါသည်။ စုချန်းအနေနှင့် မိခင်ဘုရားမဂိုဏ်းအား အလှူအတန်းများ ပြုရန်အတွက် ဤမျှ အပင်ပန်းခံကြိုးစားနေခြင်းမဟုတ်။ တကယ်တော့ သူ့ရည်ရွယ်ချက်မှာ အဆိပ်တထောင်တောင်တွင် သူဖန်တီးခဲ့သည့် ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူပြီး မိခင်နတ်ဘုရားမဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ဝင်ရောက်လုယက်ရန်သာတည်း။

ဤနေရာတွင် ခီလစ်ဒါသည် ပြီးပြည့်စုံသော တည်ကြက် ဖြစ်သည်။ ခီလစ်ဒါအနေနှင့် မိခင်နတ်ဘုရားမဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူများကို ကောင်းကောင်းကြီး မျှားခေါ်နိုင်ပေလိမ့်မည်။

ဤသည်မှာ စုချန်းအတွက် အခွင့်အရေးကောင်းတခုပင် မဟုတ်ပါလား။

သူတို့ သိုလှောင်ရုံကို ရောက်သည်နှင့် ကျောက်စိမ်းမွှေးရနံ့က အောက်ပါအတိုင်း ပြောလိုက်၏။

"ဒီမှာ ခနစောင့်နေပါ ကျွန်မ အရင်ဆုံး သိုလှောင်ရုံစာရင်း သွားယူပေးမယ် စာရင်းကိုကြည့်ပြီး တခြားလဲလှယ်ချင်တာ ရှိလားဆိုတာ ရှင် ကြည့်လို့ရတယ် ရှင် စာရင်းကြည့်နေတုန်း ကျွန်မ ဆေးသွားယူပေးမယ်”

အထက်ပါအတိုင်းပြောပြီး သူမ တံခါးဆီသို့ ဦးတည်လိုက်၏။

ထိုအခိုက်မှာပင် စုချန်းက ပြောလိုက်၏။

"ခနလေးပါသခင်မလေး”

“ဟင်”

ကျောက်စိမ်းမွှေးရနံ့ အံ့သြတကြီးနှင့် လှည့်ကြည့်လိုက်သည်။

ထိုစဥ် စုချန်း တိုးညှင်းသောအသံဖြင့် ထပ်ပြောလိုက်လေသည်။

“ကျွန်တော့် မျက်လုံးကို ကြည့်လိုက်စမ်း"

စုချန်းနှင့် အကြည့်ချင်းဆုံလိုက်သည့်ခနမှာပင် သူမ၏ နှလုံးသား ဒိန်းခနဲ တုန်ခါသွား၏။ ထို့နောက်တွင်တော့ ကျောက်စိမ်းမွှေးရနံ့သည် စုချန်း၏ အလုံးစုံထိန်းချုပ်ခြင်းကို ခံလိုက်ရတော့သည်။

“ဟူး”

ကျောက်စိမ်းမွှေးရနံ့၏ အခြေအနေကို မြင်တော့မှ စုချန်း သက်ပြင်းချနိုင်တော့သည်။

ဒဏ္ဍာရီလာအာကင်နာပညာရှင်တဦးဖြစ်သည့် ခီလစ်ဒါကို လှည့်စားနိုင်ခဲ့လေရာ ကျောက်စိမ်းမွှေးရနံ့ကို လှည့်စားရန်မှာ သူ့အတွက် သိပ်မခက်လှ။ သို့သော် ကျောက်စိမ်းမွှေးရနံ့တွင်အထူးလျှို့ဝှက်နည်းစနစ်တမျိုးမျိုး ရှိမရှိကို သူ မသိ။ ထ်ို့ပြင် မ်ိခင်နတ်ဘုရားမဂိုဏ်းဝင်များ၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ပုံမှန်ထက် ပိုအားကောင်းတတ်ကြ၏။ မည်သို့ဆိုစေ ကျောက်စိမ်းမွှေးရနံ့ကို မထိန်းချုပ်နိုင်ခဲ့လျင်ပင် အဖိုးတန်ပစ္စည်းတချို့ကို အတင်းအဓမ္မလုယက်ပြီး ထွက်ပြေးရန် စုချန်း စိတ်ပိုင်းဖြတ်ထားပေသည်။

သို့သော် လက်ရှိအချိန်ထိ သူ ကံကောင်းနေပုံရသည်။

ထို့နောက် စုချန်းက ကျောက်စိမ်းမွှေးရနံ့ကို အမိန့်ပေးလိုက်၏။

"ကဲ အခု ကျုပ်ကို သိုလှောင်ရုံထဲ ခေါ်သွားပေတော့”

ကျောက်စိမ်းမွှေးရနံ့လည်း ခေါင်းညိတ်ပြီး စုချန်းကို သိုလှောင်ရုံထဲသို့ ခေါ်သွား၏။

သိုလှောင်ရုံထဲရောက်သည်နှင့် စုချန်းက သူ့အကြံအစည်ကို စတင်အကောင်အထည်ဖော်လိုက်လေသည်။

သိုလှောင်ရုံထဲတွင် တန်ဖိုးကြီးပစ္စည်းတချို့ တကယ်ပင် ရှိနေ၏။ အရင်းအမြစ်မဲ့ရေ ၊ ပင်လယ်သဲ ၊ နေမင်းတထောင်သစ်သီး ၊ရေပြာနှင်းပန်း စသည့်ပစ္စည်းများအားလုံးမှာ သူ့အတိုင်းအတာနှင့်သူ တန်ဖိုးအသီးသီး ရှိနေကြ၏။ အဆိုပါပါဝင်ပစ္စည်းများအားလုံးနီးပါးမှာ ရှားပါးအဆင့်ရှိပြီး တချို့မှာ ရှာရခက်လှပေသည်။ အဆင့်လေးနှင့်အထက် မူလကိရိယာတချို့ကိုလည်း သူ တွေ့ရှိရ၏။

သို့သော် စုချန်း ရှာတွေ့သမျှ ပစ္စည်းများကား ဤမျှသာ ဖြစ်သည်။ ဒဏ္ဍာရီလာပစ္စည်းများနှင့် ပညာရှင်အဆင့် ဆေးဝါးများကို သိုလှောင်ရုံထဲတွင် လုံးဝမတွေ့ရချေ။ ထိုမျှသာမကသေး အဆင့်နှစ်မူလကိရိယာများကိုလည်း သူ ရှာမတွေ့။

ဤသည်မှာလည်း အဓိပ္ပာယ်တော့ ရှိနေသည်။ အကြောင်းမှာ ဤသိုလှောင်ရုံသည် လှုဒါန်းငွေနှင့် ပစ္စည်းများ လှဲလှယ်ရန် သိုလှောင်ထားသည့် သိုလှောင်ရုံသာ ဖြစ်ပြီး မိခင်နတ်ဘုရားဂိုဏ်း၏ပင်မသိုလှောင်ရုံ မဟုတ်ချေ။

ထို့နောက်တွင်တော့ စုချန်းလည်း လေလှိုင်းရေဘဝဲလက်တံများကိုသုံးပြီး ရသမျှပစ္စည်းများကို သိမ်းယူကာ ကျောက်စိမ်းမွှေးရနံ့ကို မေးလိုက်ပြန်သည်။

“ပင်မသိုလှောင်ရုံ ဘယ်မှာလဲ”

ကျောက်စိမ်းမွှေးရနံ့ မေးလိုက်၏။

"ကျွန်မ မသိဘူး”

ထိုအခါ သူက မေးလိုက်ပြန်သည်။

“ဒါဆို မင်း နတ်ဘုရားသားမွှေးတောင်ဘယ်မှာရှိမှန်းလဲ သိပုံမပေါ်ဘူး”

စုချန်းက အလေးအနက်မထားပဲ မေးလိုက်သော်လည်း ကျောက်စိမ်းမွှေးရနံ့က အတည်ပေါက်ပင် ပြန်ဖြေလိုက်သည်။

“ဘုရားကျောင်း ပင်မခန်းမထဲက မိခင်နတ်ဘုရားမရုပ်တုလက်ထဲမှာ ရှိတယ်"

“ဟေ”

စုချန်း အံ့အားသင့်သွားသည်။

ဤအတိုင်းဆိုလျင် နတ်ဘုရားသားမွှေးတောင် ဘယ်နေရာတွင် ရှိမှန်း လူအများစု သိနေသည့်သဘောပင်။

စုချန်းကိုယ်တိုင်လည်း နတ်ဘုရားသားမွှေးတောင်များနှင့်ပတ်သက်၍ အတော်အသင့် နားလည်ထား၏။ အချိန်ကြာမြင့်လာသည်နှင့်အမျှ နတ်ဘုရားသားမွှေးတောင်များ၏နတ်ဘုရားစွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်၏။ ထို့ကြောင့် ညနေမင်းသည် နောက်ဆုံးအချိန်ရောက်မှ နတ်ဘုရားသားမွှေးတောင်ကို ထုတ်သုံးခဲ့ခြင်းပင်။ ထိုအတွက်ကြောင့်လည်း စုချန်းအနေနှင့် သူပိုင်ထားသည့် နတ်ဘုရားသားမွှေးတောင်များကို ကျောက်စိမ်းမြူ၏ ဘုရားကျောင်းမှ ရရှိခဲ့သည့် သလင်းထဲတွင် သိမ်းဆည်းထားရခြင်း ဖြစ်သည်။

သို့သော် မိခင်နတ်ဘုရားမရုပ်တုပေါ်ရှိ နတ်ဘုရားသားမွှေးတောင်မှာကား သိသိသာသာပင် ကွဲပြားနေ၏။ ကြည့်ရသလောက် ၎င်းသားမွှေးတောင်သည်မိခင်နတ်ဘုရားမနှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး နတ်ဘုရားစွမ်းအားများ အဆက်မပြတ် ရရှိနေပုံပေါ်သည်။ ထို့ကြောင့်လည်း မိခင်နတ်ဘုရားမဂိုဏ်းသည် ၎င်းတို့ပိုင်ဆိုင်သော သားမွှေးတောင်များကို လူမြင်ကွင်းတွင် ထင်သာမြင်သာ ထားထားခြင်းပင်။ ထိုမျှသာမကသေး ဤသို့ထားခြင်းကြောင့် သားမွှေးတောင်သည် နတ်ဘုရားစွမ်းအားကိုပင် တိုက်ရိုက် စုပ်ယူနိုင်သေး၏။ အပြင်ဘက်ကမ္ဘာတွင် စွမ်းအင်ဆုံးရှုံးကုန်သော နတ်ဘုရားသားမွှေးတောင်မှန်သမျှသည်လည်း ရုပ်တုလက်ပေါ်တွင် တင်ထားလိုက်ရုံနှင့် စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာနိုင်ပေသည်။

ညနေမင်းသေဆုံးပြီးနောက် မယ်တော်နတ်ဘုရားမဂိုဏ်းတွင် နတ်ဘုရားသားမွှေးတောင်နှစ်ချောင်းသာ ကျန်တော့၏။ ထိုနှစ်ချောင်းအနက် တချောင်းမှာ အပြင်ဘက်ကမ္ဘာတွင် ရှိနေပြီး ကျန်တချောင်းမှာမူ မိခင်နတ်ဘုရားမဂိုဏ်းတွင် ခင်းကျင်းပြသထားလေသည်။

သို့သော် မိခင်နတ်ဘုရားမဂိုဏ်း၏ ပင်မဘုရားကျောင်းဆောင်မှာ လုံခြုံရေးအတော်လေး တင်းကျပ်၏။

ကျောက်စိမ်းမွှေးရနံ့သည်ပင် ခွင့်ပြုချက်မရှိပဲ ထိုနေရာကို ဝင်ခွင့်မရှိချေ။

ပုံမှန်အခြေအနေသာဆိုလျင် စုချန်း ပင်မဘုရားကျောင်းဆောင်အနီးသို့ပင် သီနိုင်လိမ့်မည်မဟုတ်။ သို့သော် လက်ရှိအခြေအနေမှာ ပုံမှန်မဟုတ်။ မိခင်နတ်ဘုရားမဂိုဏ်းမှ ကျွမ်းကျင်သူအများစုမှာ ခီလစ်ဒါအရေးနှင့် အလုပ်ရှုပ်နေကြလေပြီ။ ခွင့်သာခိုက်မှမလိုက်လျင် စုချန်း တသက်လုံး တနုံ့နုံ့ ဖြစ်နေရပေလိမ့်မည်။

အထက်ပါအတိုင်း တွေးတောပြီး စုချန်း ဆုံးဖြတ်ချက်ချလိုက်၏။

"ပင်မခန်းမကို သွားမယ်”

မည်သည့်အခြေအနေမျိုးနှင့် ကြုံရစေကာမူ အလင်းတုန်ခါခြင်းတစ္ဆေကိုသုံးကာ သူ ထွက်ပြေးလွတ်မြောက်နိုင်သေး၏။ သို့ဆိုလျင် သူ ဘာကို ကြောက်နေအုံးမည်နည်း။

“ဟုတ်ကဲ့”

ကျောက်စိမ်းမွှေးရနံ့ကား စုချန်း၏ အမိန့်ကို ရာနှုန်းပြည့်ပင် နာခံနေ၏။ ထို့နောက် သူမက စုချန်းကို ပင်မခန်းမဆီသို့ ခေါ်သွားလေသည်။

ကြိုတင်မျှော်လင့်ထားသည့်အတိုင်း ပင်မခန်းမဆောင်တွင် ထိပ်တန်းအာကင်နာပညာရှင်ဟူ၍ တယောက်မှ မရှိ။

တကယ်တော့ ၎င်းမှာ လုံးဝဥသုံအမှန်တရားတော့ မဟုတ်ချေ။ မိခင်နတ်ဘုရားမဂိုဏ်းသည် ခီလစ်ဒါနှင့် ရင်ဆိုင်နေရသော်ငြား ပင်မခန်းမကိုတော့ လုံးဝလစ်လျူရှုထားသည်မဟုတ်။ အတိအကျပြောရလျင် ပင်မခန်းမဆောင်၏ အဓိက ကာကွယ်ရေးစွမ်းအားသည် ခီလစ်ဒါပြသနာကြောင့် လျော့ရဲသွားခြင်းမရှိချေ။ သို့သော် စုချန်းသည် ရှေးယခင်ကထက် များစွာ အင်အားကြီးမားလာသည်ဖြစ်လေရာ အင်အားနှင်ပတ်သက်၍ သူ့အမြင်ကလည်း များစွာ ပြောင်းလဲသွားခဲ့လေပြီ။

လက်ရှိတွင် စုချန်းသည် နဝမအဆင့် အာကင်နာပညာရှင်ဖြစ်သည့်အပြင် လေ၊ မီး၊ မိုးကြိုးနှင့် စိတ်ဝိညာဥ် စွမ်းအင်များ ပေါင်းစပ်လိုက်လျင် ဒသမအဆင့် အာကင်နာပညာရှင်အများစုကိုပင် သူ အနိုင်ယူနိုင်စွမ်းရှိ၏။

ထို့ကြောင့် ဒဏ္ဍာရီလာအာကင်နာပညာရှင်သာမဟုတ်လျင် စုချန်းအနေနှင့် ပြိုင်ဘက်ဟုပင် မသတ်မှတ်တော့ချေ။

ယခုလည်း မိခင်နတ်ဘုရားမဂိုဏ်း၏ ပင်မခန်းမဆောင်တွင် အဆင့်အမြင့်ဆုံး အစောင့်ဟူ၍ အဌမအဆင့်အာကင်နာပညာရှင်တဦးနှင့် ဘုရားကျောင်းစစ်သည်တော်ခေါင်းဆောင်တဦးသာ ရှိနေသည်။ သူတို့နှစ်ဦးအပြင် ဘုရားကျောင်းစစ်သည်တော်နှင့်အာကင်နာပညာရှင် အယောက်သုံးဆယ်တို့လည်း ပင်မခန်းမဆောင်ကို စောင့်ကြပ်နေကြ၏။

“မဆိုးဘူးပဲ နည်းနည်းပါးပါး စမ်းကြည့်လိုက်အုံးမှပါ”

စုချန်း မသိမသာပြုံးရင်း ရေရွတ်လိုက်၏။

တချိန်တည်းမှာပင် စုချန်း၏ မျက်လုံးအစုံသည် စတင်တောက်ပလာပြီး သူ၏အကြည့်မှာ အစောင့်များအားလုံးအပေါ် သို့ ဖြန့်ကျက်သွားတော့၏။

ဤတကြိမ်တွင်တော့ စုချန်းသည် အစောင့်များအားလုံးကို တပြိုင်နက်တည်း ထိန်းချုပ်ရန် ကြိုးစားလိုက်ခြင်းပေတည်း။

All Chapters