လက်သင့်ခံနိုင်စရာမရှိသော စျေးနှုန်း
Vol. 88 Ch. 876
စုချန်းတယောက် မိခင်နတ်ဘုရားမဂိုဏ်းကို လုယက်နေချိန်မှာပင် အိပ်မက်ကြာပန်းသရဖူနှင့် ကျန်ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များသည် ခီလစ်ဒါရှိရာသို့ ဦးတည်ပျံသန်းလျက်ရှိကြသည်။
ခီလစ်ဒါသည် ကောင်းကင်နိုင်ငံတော်၏ အလိုအရှိဆုံးပုဂ္ဂိုလ်ဖြစ်လေရာ အိပ်မက်ကြာပန်းသရဖူအတွက် အဓိကပစ်မှတ်ဟု ဆိုနိုင်သည်။ သူ့ကိုရှင်းပစ်နိုင်ရန် အိပ်မက်ကြာပန်းသရဖူအနေနှင့် မည်သည့်အရင်းအနှီးမျိုးကိုမဆို စိုက်ထုတ်ပေလိမ့်မည်။ သို့သော် သူမ မည်သည့်အဖိုးသားနားမျိုး ပေးရမည်မှန်း ကြိုတင်သိခဲ့ပါမူ ထိုသဘောထားကို အိပ်မက်ကြာပန်းသရဖူ ပြန်လည်သုံးသပ်ကောင်း သုံးသပ်မိပေလိမ့်မည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် ခီလစ်ဒါသည်ကား သူမ၏ အဓိကပစ်မှတ်ပေတည်း။
ခီလစ်ဒါသည်ကား တောင်ခြေတွင် ခပ်တည်တည်နှင့်ပင် စောင့်ဆိုင်းနေ၏။ တကယ်တမ်းတော့ ခီလစ်ဒါက ရုပ်ပြောင်းထားသေးသည်။ သို့သော် အိပ်မက်ကြာပန်းသရဖူ၏ ရှေ့မှောက်တွင် ရုပ်ပြောင်း၍ ဘာထူးမည်နည်း။
ခီလစ်ဒါဘက်မှကြည့်လျင် သူ့အခြေအနေက မည်မျှ အန္တရာယ်ကြီးနေစေကာမူ ခီလစ်ဒါ အလွယ်တကူ လက်လျှော့သွားလိမ့်မည်မဟုတ်။ စုချန်းအပေါ် သူ့မုန်းတီးမှုက အရိုးစွဲသွားခဲ့ပြီ ဖြစ်လေရာ ကောင်းကင်မြို့တော်သို့ လာရောက်ခြင်းက သူ့အတွက် အကြီးအကျယ်အန္တရာယ်ရှိကြောင်း သိစေကာမူ သူကတော့ အရဲစွန့်နေအုံးမည်သာ။
သို့သော် သူသည် ဒေါသကိုရှေ့ထားပြီးဇွတ်တိုးတတ်သူတော့ မဟုတ်။ စုချန်းကို မုန်းတီးလွန်း၍ ခနတဖြုတ် စိတ်ပျံ့လွင့်သွားစေကာမူ ယခုအချိန်တွင် စိတ်
နှင့်ကိုယ် ပြန်ကပ်သွားပြီ ဖြစ်လေရာ ခီလစ်ဒါအဖို့ မည်သို့ချည်းကပ်သင့်ကြောင်းကို အကျိုးသင့်အကြောင်းသင့် ပြန်လည်တွေးတောနိုင်စွမ်း ရှိနေခဲ့လေပြီ။ ထို့ကြောင့် သူသည် တောင်ခြေမှာပင် မိခင်နတ်ဘုရားမဂိုဏ်း ရောက်အလာကို စောင့်ဆိုင်းနေခဲ့၏။ စုချန်းအနေနှင့် မိခင်နတ်ဘုရားမဂိုဏ်းကို အသုံးချပြီး သူ့နှင့်ရင်ဆိုင်ရန် ကြိုးစားလိမ့်မည်မှန်း သူ ကြိုတင်တွေးတောထားပြီး မဟုတ်ပါလား။
သိပ်မကြာမီ အိပ်မက်ကြာပန်းသရဖူနှင့် မိခင်နတ်ဘုရားမဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ ထိုနေရာသို့ ရောက်လာကြ၏။ ခီလစ်ဒါကို မြင်သည်နှင့် ဘုန်းတော်ကြီးတပါးက အောက်ပါအတိုင်း ထအော်လိုက်လေသည်။
"နတ်ဘုရားအလင်းဖော်ထုတ်ခြင်း"
စက္ကန့်ပိုင်းအတွင်းမှာပင် စစ်မှန်သောအလင်းရောင်အောက်တွင် ခီလစ်ဒါ၏ တကယ့်မျက်နှာအမှန် ချက်ချင်းပေါ်ထွက်လာ၏။
"သူပဲ"
ခီလစ်ဒါ၏မျက်နှာကို မြင်သည်နှင့် မိခင်နတ်ဘုရားမဂိုဏ်းဝင်များ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်ကြသည်။
သူတို့ စတင်တိုက်ခိုက်ရန်ဟန်ပြင်နေစဥ်မှာပင် ခီလစ်ဒါက ပြောလိုက်၏။
"ကျုပ်အနေနဲ့ တိုက်ခိုက်ရမှာ ကြောက်နေလို့တော့ မဟုတ်ဘူး ဒါပေမဲ့ မတိုက်ခိုက်ခင် ကျုပ်ပြောမယ့်စကားကို မင်းတို့ နားမထောင်သင့်ဘူးလား"
ဘုန်းတော်ကြီးတဦးက ပြန်ပြောလိုက်သည်။
"ဘာမှနားထောင်နေစရာမလိုဘူးကွ"
သို့သော် သူတို့ ချက်ချင်းမတိုက်ခိုက်ခဲ့ကြပဲ ခီလစ်ဒါ၏ အရှိန်အဝါကို ဟန့်နေကြ၏။
ခီလစ်ဒါဟူသည် ဒဏ္ဍာရီလာအာကင်နာပညာရှင်ဖြစ်လေရာ လွယ်လွယ်နှင့် အနိုင်ယူ၍ရသည့် လူစားမျိုး မဟုတ်ချေ။ သူတို့၏ စုပေါင်းထားစွမ်းအားဖြင့်သာ ခီလစ်ဒါကို အနိုင်ယူနိုင်ပေလိမ့်မည်။ သို့သော် ခီလစ်ဒါကလည်း သူတို့ထဲမှ တချို့ကို သေရွာအတူခေါ်သွားမည်မှာ သေချာနေ၏။
ထို့ပြင် ခီလစ်ဒါသည် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် နေခဲ့ဖူးသည်မဟုတ်ချေ။ ယခုတော့ သူ့ကို တိမ်တိုက်တောင်ထွတ်၏အောက်ခြေတွင် အတိုင်းသားတွေ့နေရသည်မှာ ပုံမှန်မအခြေအနေ မဟုတ်ချေ။ ထို့ကြောင့် မိခင်နတ်ဘုရားမဂိုဏ်းအနေနှင့်လည်း အတော်လေး သတိကြီးကြီးထားပြီး ချည်းကပ်နေရသည့် အခြေအနေမျိုးပင်တည်း။
ထိုအချိန်မှာပင် ခီလစ်ဒါက အိပ်မက်ကြာပန်းသရဖူကို ကြည့်ပြီး ပြောလိုက်၏။
"အိပ်မက်ကြာပန်းသရဖူ ခင်ဗျားနဲ့ ကျုပ်ဟာ သာမာန်အဆင့်တွေ မဟုတ်ဘူး ဒါကြောင့် တိုက်ခိုက်ရမယ်ဆိုရင်တောင် အနည်းဆုံးတော့ အရင်ဆွေးနွေးသင့်တယ်"
အိပ်မက်ကြာပန်းသရဖူ၏မျက်ခုံးများ အပေါ်သို့ မြင့်တက်သွား၏။
"ရှင်က ဘာပြောချင်တာလဲ"
ခီလစ်ဒါ စိတ်အေးလက်အေးနိုင်သော အမူအရာနှင့် စကားစလိုက်သည်။
"ခင်ဗျားကို တခုမေးမယ် ကျုပ် ဒီမှာရှိနေတယ်ဆိုတာကို ဟဲယွန်လေစီးကြောင်း ပြောပြခဲ့တာဖြစ်ရမယ် ဟုတ်တယ်မလား"
လူပျံတော်များအားလုံး အံ့အားသင့်သွားကြသည်။ အိပ်မက်ကြာပန်းသရဖူကလည်း တစ်ခုခုမှားနေပြီမှန်း ချက်ချင်း သိလိုက်၏။
"ရှင်က သူ့ကိုသိနေတာလား"
"အနောက်တောင်ဘက်မှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် နိုးနေပြီဆိုတာလဲ သူပဲပြောခဲ့တာမလား"
အိပ်မက်ကြာပန်းသရဖူ၏ မျက်နှာ တင်းမာသွား၏။
"သူက ရှင်ကိုယ်တိုင်ပဲ သားရဲကြီးကို နိုးထစေခဲ့တာလို့ ပြောတယ် ခီလစ်ဒါ ရှင် တော်တော်ယုတ်မာတာပဲ ရှင် ဘာတွေလုပ်လိုက်မိသလဲဆိုတာ သိရဲ့လား ရှင်ဟာ ကျွန်မတို့ရဲ့ ကောင်းကင်နိုင်ငံတော်ကြီးကို သေရေးရှင်ရေးအခြေအနေတခုထဲ တွန်းပို့လိုက်တာပဲရှင့်"
"ဘာကွ ကျုပ်က သားရဲကြီးကို နိုးထစေခဲ့တယ် ဟုတ်လား"
ခီလစ်ဒါ ဒေါသအမျက်ချောင်းချောင်းထွက်လာ၏။ ထို့နောက်သူ ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်လေသည်။
"အဲဒီခွေးမသားက အဲဒီအတိုင်း ပြောလိုက်တာလား ကမ္ဘာဦးမတိုင်မီသားရဲကြီးနိုးထလာတဲ့အချိန်မှာ ကံကြမ္မာလက်ချောင်းများရဲ့ဌာနချုပ်တခုလုံးကို ပျက်စီးသွားပြီး အသက်ပေါင်းများစွာ ပျက်သုန်းကုန်ပြီဆိုတာကိုရော သူပြောခဲ့သေးလား"
"ဘာ"
မိခင်နတ်ဘုရားမဂိုဏ်းမှ ဘုန်းတော်ကြီးများအားလုံး ခီလစ်ဒါ၏စကားကြောင့် အံ့အားသင့်ကုန်ကြ၏။
အိပ်မက်ကြာပန်းသရဖူသာလျင် တည်တည်ငြိမ်ငြိမ်နှင့် ရှိနေလေသည်။
"ဒါဆို ကံကြမ္မာလက်ချောင်းများအဖွဲ့ ပြိုကွဲသွားပြီလို့ ရှင်ပြောနေတာလား"
ခီလစ်ဒါ၏ မျက်နှာတွင် စိတ်ပျက်ဟန်ပေါ်လာသည်။
"မှန်တယ် ပြင်ပတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်တချို့ကလွဲလို့ အကုန်သေကုန်ပြီ ကျုပ်အဖွဲ့လဲ ပြိုကွဲသွားပြီ ဒါတွေအားလုံးက ခွေးမသားဟဲယွန်လေစီးကြောင်းကြောင့်ဖြစ်ရတာ"
"သူ...လူသားတွေရဲ့အရှက်ခွဲတာခံလိုက်ရတဲ့ ကောင်လေးကြောင့်ပေါ့ ဟုတ်လား"
ဂိုဏ်းချုပ်ဘုန်းတော်ကြီးတယောက်က ထိုအချက်ကို ယုံကြည်နိုင်ပုံမပေါ်ချေ။
"ဟုတ်တယ် အဲဒီကောင်လေးပဲ အဲဒီကောင်လေးဟာ ကျောက်စိမ်းမြူရဲ့လျှို့ဝှက်ရတနာကို ရသွားခဲ့ပြီ ဒါတင်မကသေးဘူး နဝမအဆင့်အာကင်နာပညာရှင်အဆင့်ကို တက်လှမ်းပြီး ဓာတ်ကြီးလေးပါးနဲ့ သဘာဝစွမ်းအင်ကိုပါ ထိန်းချုပ်နိုင်သွားပြီ"
"မဖြစ်နိုင်တာ"
လူပျံတော်များအားလုံး ပြိုင်တူအော်လိုက်ကြ၏။
အိပ်မက်ကြာပန်းသရဖူ၏မျက်နှာသည်ပင် တင်းမာသွား၏။
"စိတ်ကူးမဲ့"
သူမနောက်တွင်ရပ်နေသော ဂိုဏ်းချုပ်ဘုန်းတော်ကြီးတပါးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟဲယွန်လေစီးကြောင်းဟာ ဟဲယွန်လေမျိုးနွယ်ကလာတာပါ သူဟာ လွန်ခဲ့တဲ့ခုနစ်နှစ်က ကျောက်စိမ်းနဂါးနယ်စပ်မှာ လူသားတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှစ်နှစ်အကြာမှာ ဓားစာခံလဲလှယ်ခြင်းကြောင့် ပြန်ရောက်လာခဲ့တယ် အဲ့ဒီအချိန်တုန်းက သူ ပဥ္စမလက်စွပ်အဆင့် အာကင်နာပညာရှင်ပဲရှိသေးတယ် အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အဝေးကိုထွက်ခွာသွားခဲ့တယ် အဲ့ဒီနောက်ပိုင်း သူ့ရဲ့သတင်းအစအန ပျောက်သွားပါတယ်"
စိတ်ကူးမဲ့ဟုဟူသည့် ဤဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန်အတွက် အဓိကတာဝန်ရှိသူ ဖြစ်သည်။ သူသည် မှတ်ဥာဏ်ကောင်းပြီး နိုင်ငံတစ်ဝှမ်းရှိ လူပျံတော်အများအပြား၏အကြောင်းကို မှတ်မိနိုင်စွမ်းရှိနေ၏။
"ဒီတော့ နှစ်နှစ်အတွင်းမှာ ပဥ္စမလက်စွပ်အဆင့်ကနေ နဝမလက်စွပ်အဆင့်ကို ရောက်လာတာတဲ့လား ပြီတော့ သဘာဝစွမ်းအင်ကိုပါ ထိန်းချုပ်နိုင်သတဲ့လား"
အိပ်မက်ကြာပန်းသရဖူ တီးတိုးရေရွတ်လိုက်၏။
"ဒါ ဖြစ်နိုင်ပါ့မလား ရှင်တို့ ဘယ်လိုသဘောရသလဲ"
"မဖြစ်နိုင်ဘူး"
ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအားလုံး ခေါင်းခါလိုက်ကြ၏။
ခီလစ်ဒါက ဝင်ပြောလိုက်ပြန်သည်။
"ကျုပ်ကိုယ်တိုင်လဲ အဲဒီလို ယုံကြည်ခဲ့တာပဲ ဒါပေမဲ့ ကျုပ် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ ဘာမှန်းတော့ ကျုပ် သိတယ် ကျုပ် သူ့ကို တနှစ်လောက် အချိန်ယူပြီး သိခဲ့တာ ကျုပ်လောက် ဘယ်သူမှ သူ့စွမ်းအားကို ပိုမသိနိုင်ဘူး ဒီကောင်ဟာ အင်မတန် ဉာဏ်ရည်ထက်မြက်ပြီး အသိပညာဗဟုသုတ ကြွယ်ဝလွန်းတယ် ရိုးရိုးလူပျံတော်တယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ဆန့်ကျင်ဘက်လားရာကိုယ်စီနှင့် ဘက်မတူကြသော်လည်း ဤနေရာရှိ လူပျံတော်အားလုံး ခီလစ်ဒါ၏သဘာဝကို ကောင်းစွာနားလည်ထားကြ၏။
သူ ပုံမှန်အားဖြင့် မည်မျှမာနကြီးကြောင်း လူတိုင်းနားလည်ထားကြလေရာ လူငယ်တဦးနှင့်ပတ်သက်၍ သူ့ချီးမွမ်းစကားမှာ "မဆိုးဘူး" ဟူသောစကားက အလွန်ဆုံးပင်။ တကယ်တော့ ထိုစကားမျိုးပင် ခီလစ်ဒါက တော်ရုံတန်ရုံ ပြောလေ့မရှိ။
ယခုတော့ သူက ဟဲယွန်လေစီးကြောင်းကို ဤသို့ပြောနေသည်ဆိုလျင်...
ခီလစ်ဒါမှ ဟုတ်သေးရဲ့လား...
သူ့စကားကိုကြားပြီးနောက် လူတိုင်းအံ့အားသင့်ကုန်ကြ၏။
ထိုအခါ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတဦးက မှတ်ချက်ပြုလိုက်ပြန်သည်။
"ဘယ်သူမဆို နှစ်နှစ်အတွင်းမှာ ပဥ္စမလက်စွပ်အဆင့်ကနေ နဝမလက်စွပ့်အဆင့်ထိ ရောက်ဖို့ဆိုတာ အခြေခံအားဖြင့် ဘယ်လိုမှမဖြစ်နိုင်ဘူး"
"အခြေခံအားဖြင့် ဟုတ်လား"
အိပ်မက်ကြာပန်းသရဖူက ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို လှမ်းကြည့်လိုက်၏။
"ဒါဆို ရှင်ပြောချင်တာက ဖြစ်နိုင်ခြေတော့ရှိတယ်ပေါ့ ဟုတ်လား"
"မှန်ပါတယ်... ပုံမှန်အားဖြင့် မဖြစ်နိုင်ပေမယ့် ပြင်ပအကူအညီကို အားကိုးမယ်ဆိုရင်တော့ ဖြစ်နိုင်ချေပါတယ်"
"ပြင်ပအကူအညီတွေ..."
အိပ်မက်ကြာပန်းသရဖူ အထက်ပါအတိုင်း ရေရွတ်ရင်း စဥ်းစားနေ၏။
အတန်ကြာသော် သူမက ခေါင်းခါရင်း ပြောလိုက်၏။
"အခြေခံဓာတ်လေးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ပြီး နှစ်နှစ်အတွင်းမှာ နဝမလက်စွပ်အဆင့်ထိ ရောက်ဖို့ဆိုရင် နတ်ဘုရားအဆင့်ဆေးဆယ့်ခုနစ်မျိုး ဒါမှမဟုတ် ဒဏ္ဍာရီအဆင့်ဆေးအမျိုးပေါင်း ရာနဲ့ချီပြီး လိုအပ်လိမ့်မယ် ကောင်းကင်နိုင်ငံတော်ရဲ့ဘဏ္ဍာတိုက်ထဲမှာတောင် အဲဒီလောက်များတဲ့ဆေးတွေ ရှာဖို့ခက်လိမ့်မယ်"
"မဟုတ်သေးဘူး တခြားဆေးဝါးတွေထက်တောင် ပိုပြီးအကျိုးသက်ရောက်မှုကြီးမားတဲ့အရာတခု ရှိနေသေးတယ်"
ဂိုဏ်းချုပ်ဘုန်းတော်ကြီးတဦးက အသာအယာ ထောက်ပြလိုက်သည်။
အိပ်မက်ကြာပန်းသရဖူ တကိုယ်လုံး ဆတ်ခနဲ တုန်ယင်သွား၏။
"အသက်စွမ်းအင်ဖယောင်းတိုင်တွေလား"
အသက်စွမ်းအင်ဖယောင်းတိုင်များဟူသည် ဒဏ္ဍာရီအဆင့်ဆေးများထက်ပင် ပိုထိရောက်သော်လည်း လက်ရှိကာလမှာ ဒဏ္ဍာရီအဆင့်ဆေးများပင် ရှာဖွေရခက်ခဲနေသည့်အချိန်ဖြစ်သည်။ ထို့ပြင် အသက်စွမ်းအင်ဖယောင်းတိုင်များကို လူသားများကသာ ထုတ်လုပ်နိုင်၏။
တကယ်လည်း အသက်စွမ်းအင်ဖယောင်းတိုင်တမျိုးတည်းသာလျှင် ထိုကဲ့သို့သော အဆင့်မြင့်အာကင်နာပညာရှင်တဦးကို အချိန်တိုအတွင်း မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
"လူသားတွေ..."
အိပ်မက်ကြာပန်းသရဖူ၏ မျက်လုံးများ တောက်ပလာ၏။
"ဟဲယွန်လေစီးကြောင်းဟာ လူသားနယ်မြေကနေ ပြန်ရောက်လာတာမကြာသေးဘူး ဒါဆိုရင်..."
"သူက ကျုပ်တို့ကို လူသားတွေဆီ ရောင်းစားခဲ့တာဖြစ်မယ်"
အိပ်မက်ကြာပန်းသရဖူ ကန့်ကွက်လိုက်သည်။
"ရာနဲ့ချီတဲ့အသက်စွမ်းအင်ဖယောင်းတိုင်တွေနဲ့လဲလောက်တဲ့ တန်ဖိုးကြီးတဲ့သတင်းအချက်အလက်မျိုး ရှိနိုင်ပါ့မလား"
အသက်စွမ်းအင်ဖယောင်းတိုင်များသည် လူသားများ၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း လူသားများကြားမှာပင် အလွန်ရှားပါး၏။ သာမာန်အားဖြင့် ထိပ်တန်းအဆင့်ချီစွမ်းအားပညာရှင်များပင်လျင် အသက်စွမ်းအင်ဖယောင်းတိုင် တချောင်းတလေသာလျင် ပိုင်ဆိုင်ထားကြပြီး ပိုမိုအားကောင်းသောပြိုင်ဘက်ကို အနိုင်ယူရန် ၎င်း၏စွမ်းအားကို အသုံးပြုလေ့ရှိကြ၏။ ဆိုလိုသည်မှာ ၎င်းသည် ယာယီတိုးတက်မှုတစ်ခုသာဖြစ်ပေသည်။ ထို့ကြောင့် ဤသို့ ရှားပါးပြီး တန်ဖိုးကြီးကာ ယာယီအဆင့်မြင့်တက်မှုမျှသာ ပေးစွမ်းနိုင်သည့် အသက်စွမ်းအင်ဖယောင်းတိုင် ရာပေါင်းများစွာကို ဖြုန်းတီးပစ်ဖို့ဟူသည်မှာ ဧကရာဇ်ကြီးပင် တတ်နိုင်လိမ့်မည်မဟုတ်။
"ဒါမှမဟုတ် သူဟာ လူသားတဦးများ ဖြစ်နေမလား"
ဂိုဏ်းချုပ်ဘုန်းတော်ကြီးတဦးက သံသယဝင်လာဟန်တူသည်။
"မဟုတ်ဘူး သူ လူပျံတော်ဆိုတာ သေချာတယ် ကျုပ် သူ့အတောင်ပံတွေကို မြင်ခဲ့ရတယ် အဲဒါ သေချာပေါက် အစစ်တွေ"
ခီလစ်ဒါ၏ စကားတခွန်းဖြင့် သံသယများကို ချေဖျက်လိုက်၏။
သို့ဆိုလျင် လူပျံတော်တဦးက အသက်စွမ်းအင်ဖယောင်းတိုင်အများအပြားကို မည်သို့ရယူနိုင်ခဲ့သနည်း။
၎င်းမှာ နောက်ထပ်ပဟေဠိတခုဖြစ်နေပြန်၏။
"ဒါမှမဟုတ် အသက်စွမ်းအင်ဖယောင်းတိုင်မဟုတ်ပဲ တခြားနတ်ဘုရားနဲ့ဆိုင်တဲ့ အရာတခုခုများ ဖြစ်နေမလား"
လူပျံတော်တချို့က အခြားအကြောင်းပြချက်တခုကို တွေးမိကြပြန်၏။
စုချန်း မည်သို့ ဤအရာကို ပြီးမြောက်ခဲ့သည်ကို သူတို့ အချိန်အတော်ကြာအောင် ငြင်းခုံခဲ့ကြသော်လည်း အဖြေကား ထွက်မလာချေ။
နောက်ဆုံးတော့ အိပ်မက်ကြာပန်းသရဖူက ဝင်ပြောလိုက်၏။
"တော်လောက်ပြီ ဟဲယွန်လေစီးကြောင်း ဘယ်လိုတိုးတက်လာတယ်ဆိုတာ အရေးမကြီးဘူး အခုအရေးကြီးတာက... ရှင်ပဲ ခီလစ်ဒါ"
လူတိုင်း ခီလစ်ဒါဘက်သို့ တစ်ဖန်ပြန်လှည့်လာကြပြန်သည်။
အိပ်မက်ကြာပန်းသရဖူက ထပ်ပြောလိုက်လေသည်။
"ခီလစ်ဒါ ရှင်ပြောချင်တာ ဒါပဲဆိုရင် ကျွန်မတို့ သိပြီးသားပဲ တခြားပြောချင်တာ ဘာရှိသေးလဲ"
"ရှိတာပေါ့"
ခီလစ်ဒါ အေးစက်စက်အသံဖြင့် ရယ်မောလိုက်၏။
"အချက်သုံးချက်ရှိတယ် ပထမဆုံးအချက်ကတော့ သားရဲကြီးကို နိုးထစေခဲ့တာ ဒီကောင်ပဲ"
အိပ်မက်ကြာပန်းသရဖူက ခီလစ်ဒါ၏ စကားကို စိတ်ထဲက ကြိတ်၍ ထောက်ခံလိုက်သည်။ ထိုအချက်ကို သူမ ကြိုတင် ခန့်မှန်းပြီးသားပင် မဟုတ်ပါလား။
သို့သော် သူမအနေနှင့် ပထမဆုံးတချက်ကိုသာ ခန့်မှန်းနိုင်၏။ ကျန်အချက်များကိုတော့ မခန့်မှန်းနိုင်ချေ။
ခီလစ်ဒါက စကားဆက်လိုက်သည်။
"ဒုတိယအချက်ကတော့ ကံကြမ္မာလက်ချောင်းများဌာနချုပ်က ဘဏ္ဍာတော်တွေကို ဒီကောင် လုယက်သွားခဲ့တယ်"
ထိုစကားကိုကြားသောအခါ မိခင်နတ်ဘုရားမဂိုဏ်းမှ လူပျံတော်များအားလုံး အံ့အားသင့်သွားကြသည်။ သူတို့ထဲမှ မည်သူမှ လူမိုက်များမဟုတ်ချေ။ ဟဲယွန်လေစီးကြောင်း ဂိုဏ်းထဲတွင် ကျန်ခဲ့ခြင်းမှာ မည်မျှအန္တရာယ်ရှိကြောင်း သူတို့အားလုံး တချိန်တည်းမှာပင်သဘောပေါက်လိုက်ကြ၏။
အိပ်မက်ကြာပန်းသရဖူကိုယ်တိုင်လည်း အခြေအနေကို သဘောပေါက်လိုက်ပေပြီ။
"ဂိုဏ်းကိုပြန်ရင်ကောင်းမယ်..."
ဘုန်းတော်ကြီးတချို့က စိတ်ပူလာကြ၏။
အိပ်မက်ကြာပန်းသရဖူက အော်ဟစ်လိုက်၏။
"အားလုံး စိတ်မပူကြနဲ့ အဲ့ဒီကောင်လေးရဲ့ တကယ့်ရည်ရွယ်ချက် ဘယ်လိုပဲရှိရှိ ဂိုဏ်းမှာ အစောင့်တွေ ရှိနေတာပဲ သူတို့က နဝမအဆင့်အာကင်နာပညာရှင်တယောက်တည်းကို မယှဥ်နိုင်ဘူးဆိုတာကို ကျွန်ုပ်မယုံဘူး"
ထို့နောက် သူမက ခီလစ်ဒါကို ကြည့်ရင်း ပြောလိုက်လေသည်။
"ကျွန်မတို့ရဲ့ ဂိုဏ်းသားတွေက ဒီသူခိုးကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ထားတယ် တကယ်လို့ မနိုင်ဘူးဆိုရင်တောင် ရသေးတယ် သူ ယူချင်တာယူသွားပါစေ ဒါပေမဲ့ ခီလစ်ဒါ ရှင်ကတော့မတူဘူး မိခင်နတ်ဘုရားမဂိုဏ်းဟာ ရှင့်လုပ်ရပ်တွေကြောင့် ပေးဆပ်မှုများခဲ့တာ နှစ်ပေါင်းအတော်ကြာသွားပြီ ဒါကြောင့် ဒီနေ့မှာ ရှင့်ကိုရှင်းပစ်ဖို့ဟာ ကျွန်မတို့ဂိုဏ်းရဲ့ နံပါတ်တစ်ရည်ရွယ်ချက်ပဲ ဒီတော့ ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်မ ဒီနေရာက ထွက်သွားလိမ့်မယ်လို့ ယောင်လို့တောင် မထင်လိုက်နဲ့"
ထိုစကားကြောင့် ခီလစ်ဒါ ပြုံးစေ့စေ့ဖြစ်သွား၏။
"တတိယအချက်ကို ကျုပ် ပြောလို့ရပြီလား"
"ပြော"
တချိန်တည်းမှာပင် အိပ်မက်ကြာပန်းသရဖူ၏စွမ်းအားများ စတင်ထွက်ပေါ်လာလေသည်။
သို့သော် ခီလစ်ဒါက ၎င်းကို ဂရုပင်မစိုက်ပဲ ခပ်တည်တည်နှင့် ပြောလိုက်၏။
"ကမ္ဘာဦးမတိုင်မီသားရဲ အဆိပ်တထောင်ဖားကြီးဟာ... အခု ဒီကို ဦးတည်လာနေပြီ"
(မှတ်ချက်။ စာစဥ်၈၇ကတည်းက ရှင်းပြမှာကို မေ့သွားလို့ ဒီမှာပဲ ရှင်းပြလိုက်ပါတယ် စုချန်းဟာ သူ့ကိုယ်သူနဲ့တဖက်လူတွေကို နာမ်စားသုံးတဲ့နေရာမှာ ကျုပ် ခင်ဗျား မင်း ငါ ကျွန်တော် သခင်မလေး စသဖြင့် အမျိုးမျိုး ပြောင်းလဲသုံးစွဲသွားတာကို မိတ်ဆွေတို့ မြင်ရမှာပါ တသမတ်တည်း သူ မသုံးဘူးဆိုတာ တဖက်လူ၊ ကြုံတွေ့နေရတဲ့အခြေအနေ ဒါတွေပေါ်မူတည်ပါတယ် ဥပမာ ကျောက်စိမ်းမွှေးရနံ့နဲ့ ပထမတွေ့စဥ်မှာ စုချန်း သူ့ကိုယ်သူ ကျွန်တော်လို့သုံးပါတယ် သူ ကျောက်စိမ်းမွှေးရနံ့ကို ထိန်းချုပ်ပြီးတဲ့နောက်မှာတော့ ကျုပ် လို့ပြောင်းလဲသုံးစွဲသွားပါတယ် ဒါဟာ အခြေအနေကြောင့် ဖြစ်ပါတယ် ခီလစ်ဒါနဲ့ စကားပြောတဲ့နေရာမှာတော့ စုချန်းဟာ ကျုပ် ခင်ဗျားလို့သုံးပါတယ် ကျုပ် မင်း လို့မသုံးပါဘူး ဒါဟာ ခီလစ်ဒါနဲ့ အသက်အရွယ်ကြောင့်သာမကပဲ စုချန်းကိုယ်တိုင်က ခီလစ်ဒါကို လေးစားလို့ ဖြစ်ပါတယ် ကျုးရှန်းယောင် ကုချိန်းလွှာတို့နဲ့စကားပြောရင်တော့ စုချန်းက အမြဲတမ်း ကျုပ် မင်း လို့ပဲသုံးတတ်ပါတယ်)