အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း ၅၄၇- အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာအား ဖိနှိပ်ခြင်း
~လုရီသာမက နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့် ဟင်းလင်းပြင် အင်မော်တယ်အုပ်စုပါ မှင်တက်သွားကြသည်။ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသုံးကောင်က ဤကဲ့သို့ လုရီထံသို့ တိုးဝင်သွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီး၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး ဟိန်းဟောက်လိုက်သည်။
"မိစ္ဆာကောင်။ ဘယ်ပြေးမလို့လဲ။"
သူ၏ လက်ထဲမှ ကြေးနီရောင် ရှေးဟောင်းဓားဖြင့် သူသည် ကောင်းကင်ဘုံ တာအိုဓား၏ စွမ်းအားကို နောက်တစ်ကြိမ် စုစည်းလိုက်ပြီး သူ့ကိုစွန့်ပစ်ကာ လုရီထံသို့ တိုးဝင်သွားသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ချိန်ရွယ်လိုက်၏။
နောက်မှလာနေသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ခံစားမိသောအခါ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော်ငြားလည်း
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးကို ပြန်လည်ရင်ဆိုင်ရန်ပင် သူ နောက်ပြန်လှည့်ရတော့၏။
လုံယင်ဘိုးဘေးနှင့် အခြားသူများလည်း အေးစက်မှုဖြင့် မျက်နှာထားတင်းမာနေကြသည်။
ဟင်းလင်းပြင် အင်မော်တယ်များအနေဖြင့် သူတို့သည် တစ်ချိန်က ကောင်းကင်ဘုံတွင် ခေတ်တစ်ခေတ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။ ဤသို့ လျစ်လျူရှုခံရခြင်းမျိုးကို ဘယ်တုန်းက ကြုံဖူးခဲ့ပါသနည်း။
သူတို့ တစ်ဦးချင်းစီ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ အင်မော်တယ်လက်နက်များကို အသက်သွင်းကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ပူးပေါင်းတိုက်ခိုက်လိုက်ကြတော့သည်။
အင်မော်တယ်လက်နက်များ ကိုင်စွဲထားသော ဟင်းလင်းပြင် အင်မော်တယ် တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာပင်လျှင် လျစ်လျူရှု၍မရပေ။ သူလည်း နောက်ပြန်လှည့်ကာ ထိုဟင်းလင်းပြင် အင်မော်တယ် တစ်ဒါဇင်ကျော်ကို ဦးစွာ သုတ်သင်ရန် ရည်ရွယ်လိုက်၏။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်တည်းသာ မျက်လုံးများ တောက်ပလျက် လုရီကို စူးစိုက်ကြည့်နေသည်။ စိတ်လှိုင်းများက အဆက်မပြတ် ဟိန်းဟောက်ကာ ထုတ်လွှင့်နေ၏။
"လူသားမျိုးနွယ်ရဲ့ ပါရမီရှင်။ မင်းခေါင်းကို ငါယူမယ်။"
လုရီ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး လှောင်ပြောင်လိုက်သည်။
"မင်း စမ်းကြည့်လို့ရတယ်။"
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာမှာ အလွန်အမင်း အားကောင်းလှသည်။ သူ စိုးစဉ်းမျှ မပေါ့ဆရဲပါ။
လုရီသည် ချက်ချင်းပင် အစွမ်းကုန် ထုတ်သုံးလိုက်သည်။ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ သူ့ခန္ဓာကိုယ်သည် နက်ရှိုင်းသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်
ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ချီသွေးစွမ်းအားသည် နဂါးအစစ်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ကောင်းကင်သို့ တိုးတက်သွားသည်။
နက်ရှိုင်းသော ရွှေရောင် အလွှာအတွင်း၌ နဂါးအစစ်များ၏ ပုံရိပ်ယောင်များက ဝေ့ဝဲလှည့်ပတ်နေသည်။
လုရီသည် ကိုးပါး အင်မော်တယ် ခန္ဓာကိုယ်သိုင်းကို အပြည့်အဝ အသက်သွင်းလိုက်သည်။
အနက်ရောင်ဆံနွယ်များ တဖျတ်ဖျတ် လွင့်မျော၍ ဆန်းကြယ်သော တာအိုပုံစံများက လုရီ၏ နဖူးပေါ်တွင် စုဖွဲ့လာ၏။ သူ၏ ညာလက်ထဲတွင် မိစ္ဆာချေမှုန်းခြင်းဓားကို ကိုင်ထားပြီး ဘယ်လက်ကို လက်သီးဆုပ်ထားသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ နောက်မဆုတ်ဘဲ ရှေ့သို့တိုးကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာထံသို့ တိုးဝင်သွားလေသည်။
မိစ္ဆာချေမှုန်းခြင်းဓားသည် ရွှေရောင်အလင်းဖြင့် လင်းလက်နေသည်။ ကြယ်တာရာစွမ်းအားက ၎င်းအတွင်း စီးဆင်းနေကာ လုရီက အထွတ်အထိပ် အင်မော်တယ် သိုင်းစွမ်းရည်၊ ကြယ်ဖြတ်ဓား အင်မော်တယ် သိုင်းစွမ်းရည်ကို စုစည်းနေလေသည်။
သူ၏ ဘယ်ဘက်လက်သီးပေါ်တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ချီသွေးစွမ်းအားများ တိုးထွက်နေသည်။
အထွတ်အထိပ် အဆင့် ကောင်းကင်ခွဲ လက်သီးကို အသင့်ပြင်နေခြင်းပင်။
ဝိညာဉ်စွမ်းအင်နှင့် ချီသွေးစွမ်းအား နှစ်ခုလုံးကို တစ်ပြိုင်နက် အသုံးပြုလျက် လုရီသည် အင်မော်တယ် သိုင်းစွမ်းရည်နှစ်ခုကို တစ်ချိန်တည်းတွင် ထုတ်ဖော်လိုက်သည်။
သာမန်အခြေအနေအောက်တွင် သိုင်းပညာနှစ်ခုကို တစ်ချိန်တည်းတွင် အသုံးပြုခြင်းသည် အလွန်ခက်ခဲပေလိမ့်မည်။ အင်မော်တယ် သိုင်းစွမ်းရည်နှစ်ခုကို ဆိုဖွယ်ရာမရှိတော့ပေ။
သို့သော် လုရီသည် အင်မော်တယ် သိုင်းစွမ်းရည်များကို အဆုံးစွန်အဆင့်အထိ နားလည်ထားပြီးဖြစ်သည်။ ဤသိုင်းစွမ်းရည်များသည် ပင်ကိုယ်အသိစိတ်နီးပါး ဖြစ်နေပြီး အသက်ရှူသကဲ့သို့ သဘာဝကျကာ သူ သိုင်းပညာနှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်စေသည်။
သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်သွားပြီး အသံတိုးဖြင့် ဟစ်အော်လိုက်သည်။
"ခုတ်ပိုင်းစမ်း"
သူ၏ ညာလက်ထဲမှ ဓားရှည်သည် ခုတ်ချလိုက်သည်။ အဆုံးမဲ့ ကြယ်တာရာနိယာမနှင့် ဓားတာအိုနိယာမတို့ဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာ နဂါး ငွေ့တန်းတစ်ခု ဖြစ်ပေါ်လာ၏။
ကျယ်ပြောလှသော နဂါး ငွေ့တန်းသည် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာထံသို့ တိုးဝင်သွားသည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် ဟားတိုက် လှောင်လိုက်သည်။ မိစ္ဆာအလင်းတို့
မှိုင်းပျပျ လင်းလာပြီး အနက်ရောင်မြစ်များအဖြစ် စုဖွဲ့သွားသည်။ ၎င်းတို့တွင်လည်း စိတ်ကူးမမီနိုင်သော ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည်။
ထိုအရာမှာ မိစ္ဆာလမ်းစဉ်၏ စွမ်းအားပင်။
ကောင်းကင်ဘုံ မိစ္ဆာများသည် စကြာဝဠာ၏ မိစ္ဆာသဘာဝ စုပုံခြင်းမှ ဖြစ်ပေါ်လာပြီး မွေးဖွားကတည်းက မိစ္ဆာသဘာဝစွမ်းအားကို သဘာဝအတိုင်း ကျွမ်းကျင်ကြသည်။ အင်မော်တယ်အဆင့်သို့ ရောက်ရှိသူများသည် မိစ္ဆာတာအိုနိယာမ၏ စွမ်းအားကိုလည်း သဘာဝအတိုင်း ကိုင်စွဲနိုင်ကြ၏။
ဤမီတာထောင်ချီမြင့်သော ကောင်းကင်ဘုံ မိစ္ဆာသည် ကောင်းကင်ဘုံ အင်မော်တယ် အဆင့်၌သာ ရှိသေးပြီး အင်မော်တယ်များထဲတွင် အားအနည်းဆုံးဖြစ်ကာ သူ၏ မိစ္ဆာတာအိုနိယာမ ကျွမ်းကျင်မှုမှာလည်း အထူးတလည် အားမကောင်းလှပေ။ လုရီ ခံစားမိသည်မှာ ၎င်းသည် ၁၀% ခန့်သာ ရှိနေသည်။
သို့သော် ကောင်းကင်ဘုံ မိစ္ဆာ၏ တည်ရှိမှုကိုယ်၌က အင်မော်တယ်အဆင့်တွင် ရှိနေပြီး သူ ကိုင်စွဲသော စွမ်းအားမှာ အင်မော်တယ် စွမ်းအားဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို အခြေခံကျကျ ကျော်လွန်သော ဓာတ်ပြောင်းမှုတစ်ခုပင်။
လုရီ၏ အခြေခံမှာ အလွန်အမင်း ခိုင်မာလှသည်။ အင်မော်တယ်ကျမ်းကို အထွတ်အထိပ်အဆင့်အထိ ကျွမ်းကျင်ထားသဖြင့် သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးမှာ သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာကျော်လွန်၏။ အင်မော်တယ် စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သို့သော် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအခြေခံမှာ မဟာယာနနယ်ပယ်၌သာ ရှိပါသေးသည်။
အင်မော်တယ်အဆင့် စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ လုရီ၏ အင်မော်တယ် သိုင်းစွမ်းရည် ကျွမ်းကျင်မှုနှင့် နိယာမများအပေါ် နားလည်မှုကိုသာ အားကိုး၍ ကောင်းကင်ဘုံ မိစ္ဆာနှင့် ယှဉ်ပြိုင်နိုင်ပေသည်။
မိစ္ဆာလမ်းစဉ်မြစ်များနှင့် ကြယ်တာရာ နဂါး ငွေ့တန်းတို့ကြား တိုက်မိခြင်းသည် ကြယ်များ ပေါက်ကွဲနေသည့်အလား ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် နောက်ဆက်တွဲဂယက်များကို ဖြစ်ပေါ်စေသည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာက လှောင်ပြောင်လိုက်သည်။
"လူသားမျိုးနွယ်ရဲ့ ပါရမီရှင်၊ မင်းက တကယ်ပဲ မယုံနိုင်လောက်အောင် အားကောင်းတယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအခြေခံက အရမ်းနိမ့်လွန်းတာကိုး။"
သူ လုရီဘက်သို့ လှည့်ကြည့်လိုက်သည်။
လုရီမှာ နေရာမှ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ မှင်တက်သွားသည်။ ထို့နောက် နောက်မှ ထွက်ပေါ်လာသော မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ချီသွေးစွမ်းအားကို ခံစားလိုက်ရသည်။
"အလိုလေး"
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ အံ့အားသင့်သွားသည်။ ချက်ချင်း ဆုံးဖြတ်ချက်ချကာ နောက်ပြန်လှည့်လိုက်သည်။
မယုံနိုင်လောက်အောင် အားကောင်းသော စွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ လက်များဖြင့် တွင်းနက်တစ်ခုကို ဖန်တီးလိုက်၏။
တွင်းနက်၏ ရှေ့တွင် လုရီ၏ ကောင်းကင်ခွဲ လက်သီးမှာ နီးကပ်နေပြီ ဖြစ်သည်။
ဘန်း။
အထွတ်အထိပ်အဆင့် ကောင်းကင်ခွဲ လက်သီးသည် မိစ္ဆာအလင်းများ ပေါင်းစပ်ဖွဲ့စည်းထားသော တွင်းနက်ထဲသို့ ထိုးစိုက်ကျသွားသည်။
ဟင်းလင်းပြင်ကို ကြေမွသွားစေနိုင်သော စွမ်းအားသည် မည်သည့်ထိန်းချုပ်မှုမျှမရှိဘဲ ထုတ်လွှတ်လိုက်၏။
တွင်းနက်သည် လိမ်ယှက်သွားပြီးနောက် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
စက်ဝိုင်းပုံ ဝိညာဉ်စွမ်းအင်လှိုင်းများသည် ကီလိုမီတာ သန်းပေါင်းများစွာအထိ တိုးဝင်သွားသည်။ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၏ လက်များ ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ် နောက်သို့ လွင့်စင်သွားလေသည်။
"ဝူး.. ဝူး..ဝရော.."
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် အဆက်မပြတ် ဟိန်းဟောက်နေသည်။ မိစ္ဆာအလင်းသည် သူ၏ လက်များ၏ အကြွင်းအကျန်များပေါ်တွင် စီးဆင်းသွားပြီး လျင်မြန်စွာ ပြန်လည်ပေါက်ဖွားလာ၏။
အင်မော်တယ်အဆင့်တွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုမျှဖြင့် ဒဏ်ရာဟု မသတ်မှတ်နိုင်တော့ပေ။ ထို့ထက် ကောင်းကင်ဘုံ မိစ္ဆာများသည် မွေးရာပါ မိစ္ဆာသဘာဝမှ ဖြစ်ပေါ်လာခြင်းပင်။
"ဟားဟားဟား။ ကောင်းတယ်။ အားကောင်းလိုက်တာ။ ဒီလိုမှပေါ့။ တကယ်ကို စိတ်လှုပ်ရှားလာပြီဟေး"
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် အားရပါးရ ရယ်မောလိုက်သည်။
ဖျက်ဆီးခြင်းစွမ်းအားဖြင့် တောက်လောင်လျက် သူ လုရီထံသို့ နောက်တစ်ကြိမ် တိုးဝင်လာသည်။ နောက်တွန်းခံရခြင်းကြောင့် ရှုံးနိမ့်သည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မပြပေ။
ဖျက်ဆီးခြင်း မိစ္ဆာလမ်းစဉ်၏ စုစည်းမှုတစ်ခုအနေဖြင့် ကောင်းကင်ဘုံ မိစ္ဆာသည် အလွန်တိုက်ခိုက်လိုစိတ်ပြင်းပြပေသည်။
ကောင်းကင်ဘုံ မိစ္ဆာ နောက်တစ်ကြိမ် တိုးဝင်လာသည်ကို မြင်သောအခါ လုရီ၏ မျက်နှာပေါ်မှ အေးစက်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။
သူလည်း ရင်ဆိုင်ရန် ရှေ့သို့တိုးလိုက်ပြီး ကဲ့ရဲ့လိုက်သည်။ "မင်း နောက်ထပ် ဘယ်နှစ်ချက်လောက် ခံနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။"
နေရာလပ် နိယာမကို ကျွမ်းကျင်သဖြင့် သူသည် ကောင်းကင်ဘုံ မိစ္ဆာကို ပုံရိပ်ယောင်တစ်ခုကဲ့သို့ ရင်ဆိုင်လိုက်သည်။ ဖမ်းဆုပ်မရ၊ ကြိုတင်မခန့်မှန်းနိုင်ဘဲ ကောင်းကင်ခွဲ လက်သီးနှင့် ကြယ်ဖြတ်ဓားကွက်ကို အဆက်မပြတ် ထုတ်လွှတ်တိုက်ခိုက်နေ၏။
အထွတ်အထိပ်အဆင့် အင်မော်တယ် နည်းစနစ်များကို ကောင်းကင်ဘုံ မိစ္ဆာများပင် တည့်တည့်မခံဝံ့။
အရပ်ရှစ်မျက်နှာမှ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်ဘုံ မိစ္ဆာသည် ရှောင်တိမ်းရင်း အားကုန်ရုံသာမက အဆက်မပြတ် ခုခံနေရသည်။
ခုခံနေစဉ်မှာပင် မိစ္ဆာချေမှုန်းခြင်းဓား၏ မိစ္ဆာချေမှုန်းသည့် ဂုဏ်သတ္တိများက ကောင်းကင်ဘုံ မိစ္ဆာ၏ မိစ္ဆာသဘာဝကို အဆက်မပြတ် အားပျော့စေသည်။
တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံ မိစ္ဆာသည် သူ၏ မိစ္ဆာသဘာဝ အားနည်းလာသည်ကို သိရှိလိုက်ရသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသောအခါ သူ ဟိန်းဟောက်လိုက်သည်။
"မင်းရဲ့ဓားက မိစ္ဆာသဘာဝကို ချေမှုန်းနိုင်တယ် ဟုတ်လား။"
လုရီ၏ မျက်နှာအမူအရာမှာ အေးစက်တင်းမာနေသည်။ "အခုမှ သိတာလား။ အရမ်းနောက်ကျသွားပြီ။"
ဤအခိုက်အတန့်တွင် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၏ အရှိန်အဝါသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အားနည်းသွားလေ၏။ လုရီ၏ အထွတ်အထိပ် အင်မော်တယ် သိုင်းစွမ်းရည်ကို ရင်ဆိုင်ရာတွင်ပင် ခုခံရန် အနည်းငယ် မတတ်နိုင်တော့ပုံ ရသည်။
ဤသို့ဖြင့် လုရီ၏ အောင်ပွဲသည် အချိန်ကာလတစ်ခုသာ ဖြစ်တော့သည်။
ထိုအခိုက်အတန့်မှာ ..အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အဝေးတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာ၏။ ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့်အလား လုရီပင်လျှင် ပြင်းထန်သော မုန်တိုင်းကို ခံစားလိုက်ရသည်။
သူ၏ မျက်နှာအရောင် ပြောင်းသွားသည်။ သူ လှည့်ကြည့်လိုက်၏။
အဝေးတွင် လုံယင်ဘိုးဘေးနှင့် အခြားသူများသည် အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို ခုခံနေကြသည်။ ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် နောက်ဆုံးတွင် အင်မော်တယ်အဆင့် တန်ခိုးရှင်တစ်ဦးပင်။ ဟင်းလင်းပြင် အင်မော်တယ် တစ်ဒါဇင်ကျော် အင်မော်တယ်လက်နက်များ ကိုင်ဆောင်ထားသော်လည်း မခုခံနိုင်ခဲ့ပေ။
ထိုနေရာမှ တိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။
လုံယင်ဘိုးဘေးသည် သွေးများဖြင့် ရွှဲနစ်နေ၏။ သူ၏ ဘယ်ဘက်လက်မောင်းမှာ ကြေမွသွားသည်။ ချင်းချုံးယွင်ဟွား၏ အနက်ရောင်ဆံနွယ်များမှာ ဖရိုဖရဲဖြစ်နေပြီး သူမ၏ ခမ်းနားသော ဝတ်ရုံမှာ စုတ်ပြဲနေကာ သွေးများ အဆက်မပြတ် စီးကျနေသည်။ အခြား ဟင်းလင်းပြင် အင်မော်တယ်များလည်း အနည်းနှင့်အများ ဒဏ်ရာရနေကြပြီး သူတို့၏ ဒဏ်ရာများမှာ မပေါ့လှပေ။
ဤအခိုက်အတန့်တွင် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် သူ၏ လက်ထဲတွင် ခန္ဓာကိုယ်တစ်ပိုင်းတစ်စကို ကိုင်ထားသည်။ စောစောက အော်ဟစ်သံသည် ထိုဟင်းလင်းပြင် အင်မော်တယ်ထံမှ ထွက်ပေါ်လာခြင်းပင်။
လုရီ ဤလူကို မြင်ဖူးသည်။ တောင်ပိုင်းနယ်မြေမှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခု၏ ဟင်းလင်းပြင် အင်မော်တယ် ဘိုးဘေးတစ်ဦး။ စွမ်းအားမနည်းလှ၊ ကပ်ဘေး လေးထပ် ဟင်းလင်းပြင် အင်မော်တယ်တစ်ဦး ဖြစ်နေလေပြီ။ သူ ဤနေရာတွင် သေဆုံးသွားလိမ့်မည်ဟု
မမျှော်လင့်ထားခဲ့ပေ။
သူ၏ လက်ထဲမှ အင်မော်တယ်လက်နက်မှာ ရွှေရောင်ကလောင်တံတစ်ချောင်း ဖြစ်သည်။ ဟင်းလင်းပြင် အင်မော်တယ် သေဆုံးသွားသည်နှင့် ရွှေရောင်ကလောင်တံသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
ဟင်းလင်းပြင် အင်မော်တယ်တစ်ဦး သေဆုံးသွားပြီး အခြားသူများမှာလည်း အပြင်းအထန် ဒဏ်ရာရနေသဖြင့် ဤအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို မည်သူမျှ မခုခံနိုင်တော့ပေ။
အချိန်တိုအတွင်းတွင် အခြား ဟင်းလင်းပြင် အင်မော်တယ်များလည်း ဤနေရာတွင် သေဆုံးသွားမည်ကို စိုးရိမ်ရသည်။
လုရီ ခေါင်းလှည့်ကြည့်လိုက်သည်။ အခြားတစ်ဖက်တွင် နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အနိုင်အရှုံးမပေါ်သေးပေ။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည် ကြွယ်ဝသော ကောင်းကင်ဘုံ တာအို၏ အရှိန်အဝါဖြင့် ဝန်းရံထားပြီး သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေသည်။ သို့သော် သူသည် ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှင့် ယှဉ်ပြိုင်ရာတွင် အားနည်းနေပြီး ကူညီရန် အားတစ်စက်မျှ မပိုပေ။
အခြား ဟင်းလင်းပြင် အင်မော်တယ်များ သေဆုံးသွားပါက ဆရာသခင်ကြီး သို့မဟုတ် သူသည် ဤအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၏ နောက်ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာအချို့ သူ့ကို ယခင်က ကြည့်ခဲ့သည့် အကြည့်အရ သူတို့ သူ့ထံသို့ လာနေကြသည်မှာ ရှင်းလင်းနေသည်။
ဝှစ်....
ထိုအခိုက်အတန့်ဝယ်....
လုရီ သူ့ဘေးတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ပြိုင်ဘက်မှာ ရှေ့သို့ တိုးဝင်လာပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်ဘုံ မိစ္ဆာသည် မီတာသောင်းချီရှည်သော ဝိညာဉ်စွမ်းအင် အလင်းလုံးတစ်ခုကို စုဖွဲ့ကာ လုရီအပေါ်သို့ ရက်စက်စွာ ဖိနှိပ်ချလိုက်၏။
လုရီ၏ မျက်နှာခက်ထန်သွားသည်။ နေရာလပ် နိယာမကို အသုံးပြု၍ ရှောင်တိမ်းလိုက်၏။
"ဖောင်း..."
ဝိညာဉ်စွမ်းအင် အလင်းလုံး ပွင့်ထွက်သွားပြီး
လုရီ နေရာလပ်ထဲမှ တုန်ခါထွက်လာသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ကောင်းကင်ဘုံ မိစ္ဆာကို စူးစိာက် ကြည့်လိုက်လေ၏။
ကောင်းကင်ဘုံ မိစ္ဆာသည် ဟစ်အော်ရယ်မောလိုက်သည်။
"ဟားဟားဟား။ မင်းရဲ့ မဟာမိတ်တွေက သိပ်အသုံးမကျပုံပဲ။ လူသားမျိုးနွယ်ရဲ့ သူရဲကောင်း၊ မင်းရဲ့အစွမ်းက အားကောင်းပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ မင်းသေရမှာပဲ။"
လုရီ၏ မျက်နှာ အေးစက်သွားပြီး အဝေးမှ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို တစ်ချက်ကြည့်လိုက်သည်။
သူသည် ဟင်းလင်းပြင် အင်မော်တယ်၏ ခန္ဓာကိုယ်တစ်ပိုင်းတစ်စကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် ကောင်းကင်ဘုံ နန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်လူငယ်ထံသို့ နောက်တစ်ကြိမ် တိုးဝင်သွားနေသည်။
ကောင်းကင်ဘုံ နန်းတော်မှ ဟင်းလင်းပြင် အင်မော်တယ်လူငယ်၏ မျက်နှာအရောင် ပြောင်းလဲသွားသည်။ အဆက်မပြတ် ဟိန်းဟောက်ရင်း ကောင်းကင်ဘုံ အလံကို ဝှေ့ယမ်းကာ တားဆီးရန် ကြိုးစားရင်း ကောင်းကင်ဘုံ တာအို အလင်းတန်းများကို ပစ်လွှတ်လိုက်၏။
အခြား ဟင်းလင်းပြင် အင်မော်တယ်များလည်း ခုခံရန် သူတို့၏ ဝိဉာဉ် စွမအားများဖြင့်အတင်းအကျပ် အားပေးကူညီကြသည်။
အင်မော်တယ်လက်နက်များသည် သူတို့၏ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်သော်လည်း ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှင့် ယှဉ်ပြိုင်ရာတွင် ယခင်ကထက် များစွာအားနည်းနေလေသည်။ ၎င်း ဟိန်းဟောက်လိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခု တိုးထွက်လာပြီး တိုက်ခိုက်မှုအားလုံးကို ကြေမွသွားစေကာ ဟင်းလင်းပြင် အင်မော်တယ်လူငယ်ကို သွေးအန်လျက် လွင့်စင်သွားစေသည်။
ကောင်းကင်ဘုံ မိစ္ဆာသည် ရယ်မောရင်း နောက်တစ်ကြိမ် တိုးဝင်လာလေ၏။
ထိုအခိုက်အတန့်တွင် လုရီ သူ၏ မူလနေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံ မိစ္ဆာ၏ နောက်တွင် ပြန်လည်ပေါ်ထွက်လာသည်။
သူ၏ မိစ္ဆာချေမှုန်းခြင်းဓားသည် အလွန်အမင်း ထူထပ်သော ကြယ်ရောင်ဖြင့် တောက်ပနေသည်။ကောင်းကင်ဘုံ မိစ္ဆာ၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ချလိုက်၏။
"သေစမ်း။"
ကောင်းကင်ဘုံ မိစ္ဆာသည် လုရီ သူ့နောက်တွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကြယ်တာရာ နဂါး ငွေ့တန်းသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူ့ကို ခုတ်ပိုင်းကာ လွင့်စင်သွားစေသည်။ သူ၏ လည်ပင်းမှာ ခန္ဓာကိုယ်မှ တိတိရ်ိရိ ပြတ်တောက်သွား၏။
လုရီ ကောင်းကင်ဘုံ မိစ္ဆာအား လက်သီးဖြင့် အရှိန်ပြင်းပြင်း ပစ်ထိုးလိုက်သည်။
ကောင်းကင်ဘုံ မိစ္ဆာ၏ ဦးခေါင်းကို တိုက်ရိုက် ကြေမွသွားစေပြီး ခန္ဓာကိုယ်သာ လွင့်စဉ်ကျန်ရစ်တော့သည်။
အခြား ဟင်းလင်းပြင် အင်မော်တယ်များ မှင်တက်သွားကြသည်။ ထို့နောက် အရိုင်းဆန်သော ဝမ်းမြောက်မှု အမူအရာများ ပြသလာကြသည်။
"မိတ်ဆွေလေး လုရီ၊ ။ ကောင်းတယ်။"
"မိတ်ဆွေလေးလုရီ၊ ကောင်းကောင်းလုပ်ခဲ့တယ်။"
ဤသို့ဖြစ်ပျက်နေစဉ် အေးစက်သော စိတ်လှိုင်းတစ်ခု ပျံ့နှံ့လာသည်။
"ဘာလဲ။ ငါ သေပြီလို့ ထင်နေတာလား။"
ဟင်းလင်းပြင် အင်မော်တယ်အားလုံး၏ မျက်နှာပေါ်မှ အပြုံးများ ခဲသွားကြသည်။
လုရီပင်လျှင် သူ၏ နှလုံးသားထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး ကောင်းကင်ဘုံ မိစ္ဆာ၏ ဦးခေါင်းပြတ် ခန္ဓာကိုယ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဦးခေါင်းပြတ် ခန္ဓာကိုယ်သည် လေထဲတွင် မတ်တပ်ရပ်နေပြီး သက်ရှိစွမ်းအားဖြင့် ပြည့်နှက်နေသည်။ မိစ္ဆာအလင်းများ တဖျပ်ဖျပ်လင်းလက်လာစဉ်မှာပင် ဦးခေါင်းအသစ်တစ်ခု ပြန်လည်ပေါက်ဖွားလာတော့၏။
လုရီ၏ မျက်နှာသည် နက်ရှိုင်းသော အာရုံစူးစိုက်မှုဖြင့် ရေးထိုးထားသည်။
သူ ယခင်က သူ၏ဆရာ ပြောသည်ကို ကြားဖူးသည်။ ကောင်းကင်ဘုံ မိစ္ဆာသည် လောကရှိ မိစ္ဆာသဘာဝ၏ စုစည်းမှုတစ်ခုဖြစ်သဖြင့် လုံးဝသုတ်သင်ရန် အလွန်ခက်ခဲလှသည်ဟူ၍...။
မမျှော်လင့်ဘဲ ဦးခေါင်းကို ကြေမွသွားစေပြီးသော်လည်း ၎င်းက မသေပေ။
ဒါက အရမ်းခက်ခဲလွန်းနေပြီ။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် သူ၏ ဦးခေါင်းအသစ်ဖြင့် လုရီ၏ မလှမ်းမကမ်း နောက်ဘက်သို့ အကြည့်လွှဲကာ ဟစ်အော်လိုက်သည်။
"နူချီ၊ မင်းက မင်းရဲ့ပြိုင်ဘက်ကို အလွတ်ပေးလိုက်တယ် ဟုတ်လား။ ကောင်းကင်ဘုံ မိစ္ဆာတွေကို တကယ်ပဲ အရှက်ရစေတာပဲ။"
နူချီဟု အမည်ရသော ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၊ လုရီ၏ ပြိုင်ဘက်ဖြစ်ခဲ့သူသည်လည်း မိစ္ဆာအလင်းဖြင့် လင်းလက်နေပြီး သူ၏ မျက်နှာမှာ ဖော်မပြနိုင်လောက်အောင် အရုပ်ဆိုးနေသည်။ ဒေါသတကြီးဖြင့် သူ လုရီကို ကြည့်လိုက်သည်။
"နိမ့်ကျတဲ့ လူသား၊ မင်းက ငါ့ကို လျစ်လျူရှုရဲတယ် ဟုတ်လား။"
လုရီ လေပူကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး အပြင်းအထန် ဒဏ်ရာရနေသော ဟင်းလင်းပြင် အင်မော်တယ် အုပ်စုကို တစ်ချက် ကြည့်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။
"မင်းတို့နှစ်ယောက်၊ အတူတူလာခဲ့ကြလေ။"
အခန်း ၅၄၈- အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာအား ကြိတ်ချေခြင်း...
~ထိုစကားကို ကြားသောအခါ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်မှာ ခဏတာ မှင်တက်သွားသည်။ ထို့နောက် နှစ်ဦးစလုံး ရက်စက်သော မဲ့ပြုံးများ ပြုံးလိုက်ကြပြီး လုရီကို စူးစိုက်ကြည့်ကြ၏။
" ဘဝင်မြင့်လှချည်လား။"
"ဒီလိုဆိုမှတော့ ငါလည်း ညှာတာနေတော့မှာ မဟုတ်ဘူး။"
လုရီ၏ ဓားဖြင့် ဦးခေါင်းပြတ်ခဲ့သော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် နောက်ထပ်စကားများများမပြောတော့။ သူ၏ ခန္ဓာကိုယ်သည် မိစ္ဆာအလင်း ထိန်လင်းသွားပြီး လုရီထံသို့ တိုးဝင်လာသည်။
လုရီ၏ နောက်တွင် နူချီဟု အမည်ရသော ကောင်းကင်ဘုံ မိစ္ဆာကလည်း ဒေါသတကြီး ဟိန်းဟောက်ကာ လုရီထံသို့ ပြေးဝင်လာတော့သည်။
လုရီသည် ယခင်က သူ့ကို လျစ်လျူရှုရဲပြီး အခြား ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို တိုက်ခိုက်ခဲ့ခြင်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့ခြင်းသာ။
လုရီ၏ မျက်နှာထား ချက်ချင်းတည်သွား၏။ သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်အလင်းဖြင့်
တဖျပ်ဖျပ်လင်းလက်နေသည်။ နက်ရှိုင်းသော ရွှေရောင်နဂါးအရိပ်တစ်ခု ဟိန်းဟောက်လိုက်ပြီး သူ၏ စွမ်းအား အကုန် ထုတ်လွှတ်လိုက်၏။ ဘယ်လက်ဖြင့် ကောင်းကင်ခွဲ လက်သီးကို ဖော်ထုတ်ပြီး ညာလက်က မိစ္ဆာ ချေမှုန်းခြင်းဓားကို ဝှေ့ယမ်းကာ ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ထံသို့ အသီးသီး ချိန်ရွယ်လိုက်သည်။
ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် အားလှိုင်းများကြောင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်လုံး၏ မျက်နှာအမူအရာများ လေးနက်သွားကြ၏။
အဝေးတွင် ဟင်းလင်းပြင် အင်မော်တယ်များက ကူညီလိုကြသော်လည်း ထိုသို့သော လှိုင်းဂယက်များနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ မျက်နှာများ ကွက်ခနဲ ပျက်သွားပြီး အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားကြရသည်။
ဘုန်း။
မိစ္ဆာအလင်း၊ ကြယ်ဖြတ်ဓားကွက်နှင့် ကောင်းကင်ခွဲ လက်သီးတို့၏ တိုက်မိခြင်းသည် ပျက်စီးစေတတ်သော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်ပြီး မူလကတည်းက အပြင်းအထန် ဒဏ်ရာရနေသော ဟင်းလင်းပြင် အင်မော်တယ်များကို မျက်နှာများ ပို၍ပင် ဖြူဖျော့သွားစေတော့သည်။
"မိတ်ဆွေလေး လုရီက တကယ်ပဲ ဒီလောက်တောင် အားကောင်းတာလား။" လုံယင်ဘိုးဘေးမျာ အတိုင်းအဆမရှိ တုန်လှုပ်သွားတော့သည်။
သူသာမက အခြား ဟင်းလင်းပြင် အင်မော်တယ် ပညာရှင်များလည်း ထပ်တူထပ်မျှ မှင်တက်နေကြ၏။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် နောက်ဆက်တွဲအားလှိုင်းထဲတွင် ဝုန်းခနဲ လွင့်ထွက်သွားသည်။
လုရီပင်။
ဤအခိုက်အတန့်တွင် လုရီ၏ လက်များပေါ်၌ အက်ရာများ ပေါ်ထွက်လာပြီး လတ်ဆတ်သော သွေးများ ပန်းထွက်လာသည်။ ထိုသွေးများထဲတွင် နက်ရှိုင်းသော ရွှေရောင်အလင်းတန်းများ ပါဝင်နေ၏။
ဤအပြောင်းအလဲသည် ဟင်းလင်းပြင် အင်မော်တယ်အားလုံးကို ထိတ်လန့်သွားစေသည်။
"မိတ်ဆွေလေး လုရီက အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ကို မခုခံနိုင်တော့ဘူး။"
ထိုစဉ်မှာပင် လုရီ၏ ပတ်လည်မှ လတ်ဆတ်သောသွေးများသည် သူ၏ ဒဏ်ရာများထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားပြီး အသက်တစ်ရှိုက်အတွင်းမှာပင် ဒဏ်ရာများ ကျက်သွားလေ၏။
ဤအဖြစ်က ဟင်းလင်းပြင် အင်မော်တယ်အားလုံးကို မှင်တက်သွားစေပြီး အလွန်အမင်း အံ့အားသင့်သွားစေသည်။
"ဒါ နိယာမစွမ်းအားပဲ။ အင်မော်တယ် နိယာမပဲ။"
ရဟန်းအိုကြီး တစ်ပါးက လက်အုပ်ချီရင်း နက်ရှိုင်းစွာ တုန်လှုပ်လျက် ပြောလိုက်သည်။
"မိတ်ဆွေလေး လုရီဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ အင်မော်တယ် နိယာမကိုတောင် ကျွမ်းကျင်နေပြီတဲ့လား။"
တစ်ချိန်တည်းတွင် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်လည်း နောက်သို့ လွင့်စင်သွားကြသည်။
စွမ်းအားများ၏ ထိတိုက်မိခြင်းမှာ အလွန်ပြင်းထန်လှ၏။ လုရီရော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ပါ မရင်ဆိုင်နိုင်ကြပေ။
ဤကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်၏ ရုပ်ခန္ဓာများသည် လုရီထက် မနိမ့်ကျသော်လည်း အဆက်မပြတ်လင်းလက်နေသော မိစ္ဆာအလင်းမှာ အနည်းငယ် မှိန်ဖျော့သွားသည်။
မကြာမီ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်လည်း ပြန်လည်နာလန်ထူလာကြသည်။ လေထဲတွင်ရပ်လျက် အဝေးမှ လုရီကို စူးစိုက်ကြည့်နေကြ၏။
လုရီတွင် ဤမျှအားကောင်းသော ပြန်လည်ကုသနိုင်စွမ်းများ ရှိနေသည်ကို မြင်သောအခါ ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်သည် အားရပါးရ ဟားတိုက်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ တောက်လောင်လာပြီး
လုရီထံသို့ နောက်တစ်ကြိမ် တိုးဝင်လာကြတော့သည်။
"လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရကျိုးနပ်ပါပေတယ်။ စိတ်လှုပ်ရှားစရာပဲ။"
"သူ့ခေါင်းက ငါ့အပိုင်ပဲကွ"
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုရီထံသို့ ပြေးဝင်လာသည်။ ပထမဆုံးအကြိမ် ဤမျှပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော လုရီသည်လည်း သူ၏ အစစ်အမှန်မီးကို ထုတ်လွှတ်လိုက်တော့သည်။
သူ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ချက် ပြုံးလိုက်သည်။ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားပြီး နေရာလပ် နိယာမကို အသုံးပြုကာ ထိုနည်းတူပင် ရှေ့သို့ တိုးဝင်သွားသည်။
လုရီနှင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်သည် ဟင်းလင်းပြင်ထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ အကြိမ်ကြိမ် တိုက်မိကြ၏။ အသက်တစ်ရှိုက်တိုင်းနီးပါးတွင် တိုက်မိမှုနောက်ဆက်တွဲဂယက် ဒါဇင်ပေါင်းများစွာက ဖျက်ဆီးနေလေသည်။
ဟင်းလင်းပြင်တစ်ခုလုံး သိသိသာသာ တွန့်ကွေးသွားပြီး အချိန်ပင်လျှင် ခဏတာမျှ ရပ်တန့်သွားသကဲ့သို့။
ဟင်းလင်းပြင်တွင် မခန့်မှန်းနိုင်စွာ လင်းလက်နေသော ကျန်ရစ်သည့် အရိပ်သုံးခုကို မြင်သောအခါ ဟင်းလင်းပြင် အင်မော်တယ်အားလုံး၏ မျက်နှာများ ညှိုးငယ်သွားကြ၏။
"ငါတို့ ဒီအတိုင်း ကြည့်နေလို့မဖြစ်ဘူး။" လုံယင်ဘိုးဘေးက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ လက်မောင်းများ ပြန်ပေါက်လာပြီဖြစ်သည်။
ဟင်းလင်းပြင် အင်မော်တယ်အဆင့် ပညာရှင်တစ်ဦးအနေဖြင့် သူ၏ ရုပ်ခန္ဓာသည်လည်း မယုံနိုင်လောက်အောင် အားကောင်းလှ၏။ ပြတ်တောက်သွားသော ခြေလက်များပင် အချိန်ကြာလာသည်နှင့်အမျှ ပြန်ပေါက်နိုင်ပါသည်။
အခြား ဟင်းလင်းပြင် အင်မော်တယ်များသည်လည်း အသက်ရှူချောင်ခွင့်ရသွားပြီး သူတို့၏ ဒဏ်ရာများမှာလည်း အနည်းနှင့်အများ ကုသပြီးသည့် လက္ခဏာများ ပြသနေသည်။
သူတို့ သဘောတူညီစွာ ခေါင်းညိတ်ကြ၏။
"မိတ်ဆွေလေး လုရီက အားကောင်းပေမဲ့ ငါတို့လည်း ထျန်းမင်ရဲ့ ဟင်းလင်းပြင် အင်မော်တယ်တွေပဲ၊ ဂျူနီယာတစ်ယောက်ကို လုံးလုံးလျားလျား အားကိုးနေလို့ ဘယ်ဖြစ်မလဲ။ ဒီလိုဆိုရင် ငါတို့ရဲ့ ကမ္ဘာပေါင်းများစွာ ကျင့်ကြံလာတာက ဘာအသုံးဝင်တော့မှာလဲ။"
ချင်းချုံးယွင်ဟွားကလည်း သူမ၏ ဖရိုဖရဲဖြစ်နေသော အနက်ရောင်ဆံပင်များကို သပ်တင်ရင်း ပြောလိုက်သည်။
"မိတ်ဆွေလေး လုရီကို ကူညီဖို့ အခွင့်အရေးရှာရမယ်။"
တစ်ဦးပြီးတစ်ဦး ဟင်းလင်းပြင် အင်မော်တယ် ပညာရှင်များသည် သူတို့၏ အစီအစဉ်များကို ရေးဆွဲလိုက်ကြ၏။
တစ်ချိန်တည်းတွင် အဝေးမှ စစ်မြေပြင်၌ လုရီနှင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ကြားမှ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ဘုန်း။
နောက်တစ်ကြိမ် တိုက်မိပြီးနောက် လုရီ နောက်သို့ လွင့်သွားပြန်သည်။ သူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေပြီး အသက်ရှူမြန်နေသည်။ သူ၏ လက်မောင်းများမှာ မခံမရပ်နိုင်အောင် ကျင်နေ၏။
လုရီ၏ ကျင့်ကြံမှုအခြေခံမှာ မဟာယာနနယ်ပယ်၌သာ ရှိသော်လည်း အင်မော်တယ် နည်းစနစ်များကို အထွတ်အထိပ် အဆင့်အထိ ကျွမ်းကျင်ထားသော်လည်း ၎င်းတို့ကို အသုံးပြုရန် ဝိညာဉ်စွမ်းအင် အမြောက်အမြား သုံးစွဲရန် လိုအပ်နေသည်သာ။
ဤသို့ ပြင်းထန်သော တိုက်ပွဲသည် လုရီအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခုလည်း ဖြစ်သည်။
ယခုအချိန်တွင် လုရီ၏ ဝိညာဉ်စွမ်းအင်မှာ ထက်ဝက်ခန့်သာ ကျန်ရှိတော့ပြီး သူ၏ အသားထဲတွင် ထုံကျင်နေသော ခံစားမှုရှိနေကာ အင်မော်တယ် နိယာမကို အသုံးပြုပြီး သူ၏
ရုပ်ခန္ဓာ၏ အားကောင်းမှုကြောင့်ပင် ပြန်လည်ကုသရန် ခက်ခဲနေသည်။
မဟာယာနကျင့်ကြံသူ ထက်ဝက်လောက်သည် ဤနောက်ဆက်တွဲဂယက်များကို ရင်ဆိုင်ရုံမျှဖြင့်ပင် ပျက်စီးသွားပေလိမ့်မည်။
လုရီ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူ၏ မျက်လုံးများတွင် ကြမ်းတမ်းသောအလင်းတစ်ချက် လက်သွားပြီး မိစ္ဆာအလင်းတို့ လင်းလက်နေသော ကောင်းကင်ဘုံ မိစ္ဆာ
နှစ်ကောင်ကို တစ်ချက်ကြည့်လိုက်၏။
သူ နာကျင်ခံစားနေရသော်လည်း ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်မှာလည်း အလားတူပင် မသက်မသာဖြစ်နေကြသည်။
လုရီ၏ မိစ္ဆာချေမှုန်းခြင်းဓားတွင် ပါဝင်သော အလင်းသည် မိစ္ဆာချေမှုန်းခြင်း၏ တောက်ပသော ဂုဏ်သတ္တိပါဝင်ပြီး အကြိမ်ကြိမ်တိုက်မိပြီးနောက် သူတို့၏ မိစ္ဆာသဘာဝကို တိုက်စားသွားခဲ့သည်။ သူတို့သည်လည်း ယခင်ကထက် ပိုမိုအားနည်းနေကြ၏။
အထူးသဖြင့် နူချီ။ ယခင်တိုက်ပွဲတွင် နူချီ၏ မိစ္ဆာသဘာဝအချို့မှာ တိုက်စားခံခဲ့ရပြီးဖြစ်ကာ ယခု သူ၏ လှုပ်ခတ်နေသော အရှိန်အဝါမှာ အင်မော်တယ်အဆင့်အောက်သို့ အချိန်မရွေး ကျဆင်းသွားနိုင်လေ၏။
နူချီလည်း ဤသည်ကို သိရှိပြီး လုရီကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများတွင် စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ပြည့်နှက်နေ၏။
ထိုအခိုက် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များ ပျံ့နှံ့ထွက်လာပြီး နူချီထံသို့ ပစ်လွှတ်လာသည်။
ယခင်ကသာဆိုလျှင် နူချီ၏ မျက်နှာအမူအရာ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် ယခု ထိုသို့သော လှိုင်းဂယက်များကြောင့် နူချီ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ စွမ်းအင်လာရာဘက်သို့ ပြင်းထန်စွာ လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင် အခွင့်အရေးရှာတွေ့ခဲ့သော ဟင်းလင်းပြင် အင်မော်တယ်အုပ်စုက အနည်းငယ်အားနည်းနေသော နူချီအပေါ် အစွမ်းကုန်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်ခြင်းပင်။
"ယုတ်မာတဲ့ လူသားမျိုးနွယ်၊ မင်းတို့ ချောင်းမြောင်းတိုက်ခိုက်ရဲတယ်။"
နူချီ ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် မိစ္ဆာအလင်းဖြင့် လင်းလက်လာပြီး အနက်ရောင်အလင်းလုံးများကို အဆက်မပြတ် ပစ်လွှတ်လိုက်၏။
အလင်းလုံးများသည် ဟင်းလင်းပြင် အင်မော်တယ်များ၏ တိုက်ခိုက်မှုများကို ထိမှန်သွားပြီး နောက်ဆက်တွဲဂယက်များက ဖျက်ဆီးနေသည်။
ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု လုရီ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူ အတွင်းစိတ်၌ စိတ်လှုပ်ရှားသွား၏။
အခွင့်အရေးပဲ။
လုရီ ရုတ်တရက် သူ၏ နေရာမှ ပျောက်ကွယ်သွားသည်။
အဝေးတွင် နူချီသည် တိုက်ခိုက်မှုများကို ခုခံနေစဉ် မျက်နှာ ပျက်သွားသည်။
ဒုက္ခတော့ ရောက်ပြီ။
အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာလည်း ဤသည်ကို သတိပြုမိပြီး ဒေါသတကြီး ဟိန်းဟောက်ကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး နူချီထံသို့ ပြေးဝင်လာသည်။
သို့သော် လုရီသည် နေရာလပ် နိယာမကို အသုံးပြုနေသောကြောင့် သူ၏ အရှိန်မှာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ထက် များစွာကျော်လွန်နေလေပြီ။
သူ နူချီ၏ နောက်တွင် ပေါ်လာသည်။ မိစ္ဆာချေမှုန်းခြင်းဓားသည် တောက်လောင်နေသော ရွှေရောင်တောက်ပမှုဖြင့် တောက်ပနေသည်။
လုရီ၏ လက်ထဲတွင် နေတစ်စင်း ထွက်ပေါ်လာသည့်အလား။
သူသည် ဓားတာအိုနိယာမနှင့် ကြယ်တာရာနိယာမ၏ အစွမ်းအကုန်ကို ပေါက်ကွဲထွက်စေပြီး ကြယ်ဖြတ်ဓားဖြင့် ခုတ်ချလိုက်သည်။
နူချီ၏ ခန္ဓာကိုယ်သည် ကြယ်ဖြတ်ဓားသိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုအခိုက်တွင် အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ပြေးဝင်လာသည်။
"လူသားမျိုးနွယ်၊ မင်း သေလမ်းရှာနေတာပဲ။"
လုရီ၏ မျက်နှာအမူအရာမှာ အေးစက်နေကာ ဘယ်ဖက်လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ ကောင်းကင်ခွဲ လက်သီးက နေရာလပ်ကို ကြေမွသွားစေပြီး ဤအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ခုခံလိုက်လေ၏။
ထို့နောက် လုရီ၏ မိစ္ဆာချေမှုန်းခြင်းဓားက ဆက်လက်ခုတ်ပိုင်းနေသည်။ ဤတစ်ကြိမ်တွင် ကြယ်ဖြတ်ဓားကို အသုံးမပြုတော့ပေ။
ကြယ်ဖြတ်ဓားမှာ အားကောင်းသော်လည်း ယခု နူချီ၏ ခန္ဓာကိုယ်မှာ ကြယ်ဖြတ်ဓားကြောင့် ကြေမွသွားပြီး ထိရောက်သော တိုက်ခိုက်မှုများကို မစုစည်းနိုင်တော့ပေ။ ကြယ်ဖြတ်ဓားမပါဘဲပင် သူ့ကို ထိခိုက်စေနိုင်သည်။
လုရီအတွက်မူ မိစ္ဆာချေမှုန်းခြင်းဓား၏ အထူးဂုဏ်သတ္တိကို အသုံးပြုကာ မိစ္ဆာသဘာဝကို ကြိတ်ချေခြင်းသည် ယခု ပိုမိုအကျိုးရှိသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
ရွှေရောင်ဓားအလင်းတန်းသည် ဓားတာအိုနိယာမ ပါဝင်လျက် ခုတ်ပိုင်းသွားပြီး နူချီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဓားအလင်းတန်းမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
နူချီ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစများအဖြစ် စုတ်ပြဲသွားသည်။
သို့သော် အပိုင်းအစများအဖြစ်သာ ရှိနေသော်လည်း ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်အနေဖြင့် သူ၏ ပြန်လည်ရှင်သန်နိုင်စွမ်းမှာ အလွန်အားကောင်းပြီး အဆက်မပြတ် ပြန်လည်ကုသနေဆဲသာ။
ထိုသို့သော ရှင်သန်နိုင်စွမ်းမှာ မယုံနိုင်လောက်အောင် စိတ်ခြောက်ခြားဖွယ်ရာပင်။
လုရီ၏ ကြမ်းတမ်းသော မျက်နှာအမူအရာမှာ
မပြောင်းလဲဘဲ သူ အဆက်မပြတ် သူ၏ ဓားကို ဝှေ့ယမ်းနေသည်။ မိစ္ဆာချေမှုန်းခြင်းဓားပေါ်မှ ဖြောင့်မတ်မှန်ကန်မှု၏ အလင်းသည် အဆက်မပြတ် လင်းလက်နေသည်။
နူချီ၏ စိတ်လှိုင်းများ အဆက်မပြတ် အော်ဟစ်နေသော်လည်း သူ၏ မိစ္ဆာသဘာဝမှာ တည်ငြိမ်စွာ ကြိတ်ချေခံနေရသည်။ ထိုဖြစ်စဉ်မှာ ပို၍ မြန်ဆန်လာသည်။
အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်ကို ကောင်းကင်ခွဲ လက်သီးဖြင့် နောက်ပြန်လွင့်သွားစေပြီးနောက် ထိုမိစ္ဆာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နောက်တစ်ကြိမ် တိုးဝင်လာသည်။
ဤတစ်ကြိမ်တွင် လုရီ နေရာတွင်ပင် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ထိုမိစ္ဆာနောက်တွင် ပေါ်လာသည်။ ကြယ်ဖြတ်ဓားက ပြင်းထန်စွာ အောက်သို့ ခုတ်ချလိုက်၏။
ဘုန်း။
ကြယ်တာရာ နဂါးငွေ့တန်း၏ စီးဆင်းမှုသည် ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို အလေးအနက် ခုခံစေသည်။
သို့သော် သူ ခုခံနေစဉ်မှာပင် လုရီသည် သူ၏ ဘေးတွင် ပေါ်လာပြီးဖြစ်ကာ လေးလံသော ကောင်းကင်ခွဲ လက်သီးတစ်ချက်ကို မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်ကျွေးလိုက်သည်။
ဘုန်း။
မိစ္ဆာ၏ မိစ္ဆာအလင်းသည် လက်သီးတစ်ချက်ဖြင့် ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားသည်။
နူချီ၏ ပူးပေါင်းတိုက်ခိုက်မှုမရှိဘဲ ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်တည်းသာ ဖြစ်ပြီး မိစ္ဆာချေမှုန်းခြင်းဓားဖြင့် ခုတ်ပိုင်းခံရပြီး သူ၏ မိစ္ဆာသဘာဝများစွာ ဆုံးရှုံးပြီးနောက် လုရီအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ဤလက်သီးချက်က ကောင်းကင်ဘုံ မိစ္ဆာကို ကီလိုမီတာ သောင်းပေါင်းများစွာ လွင့်စင်သွားစေသည်။
သို့သော် လုရီက ၎င်းနောက်သို့ လိုက်မသွားဘဲ နူချီဖြစ်သော အပိုင်းအစများစုပုံရာသို့ ဆက်လက်သွားသည်။
ခဏတာမျှသာ ဝေးကွာသွားသော်လည်း နူချီ၏ ခန္ဓာကိုယ်မှာ သုံးပုံတစ်ပုံအထိ ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ သူ၏ ရှင်သန်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းလှသည်။
လုရီ ပြန်လာသည်ကို မြင်သောအခါ နူချီ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ သုံးပုံတစ်ပုံသာ ပြန်လည်ကောင်းမွန်သေးသော်လည်း ကြောက်မက်ဖွယ် မိစ္ဆာအလင်းတစ်ခုကို စုစည်းကာ လုရီထံသို့ ပစ်လွှတ်လိုက်သည်။
သို့သော် ထိုသို့သော မိစ္ဆာအလင်းသည် လုရီအတွက် ခြိမ်းခြောက်မှုမရှိပေ။ သူ၏ လက်ထဲတွင် ကြောက်မက်ဖွယ် ချီသွေးစွမ်းအား ပါဝင်ပြီး မိစ္ဆာအလင်းကို လက်ဝါးတစ်ချက်ဖြင့် ပုတ်ထုတ်လိုက်၏။
ထို့နောက် ဓားချက်များစွာ နူချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူ၏ ခန္ဓာကိုယ် သုံးပုံတစ်ပုံသာ ပြန်လည်ကောင်းမွန်သေးသော
နူချီသည် နောက်တစ်ကြိမ် အပိုင်းအစများအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေ၏။
ထူထပ်သော ရွှေရောင်အလင်းသည် အဆက်မပြတ် လင်းလက်နေပြီး နူချီ၏ မိစ္ဆာသဘာဝ လျင်မြန်စွာ လျော့နည်းသွားသည်။
သူ အဆက်မပြတ် အော်ဟစ်ကာ ရှောင်တိမ်းရန် ကြိုးစားသည်၊ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် လုရီက ထိုသို့သော အခွင့်အရေးကို အဘယ်သို့ ပေးမည်နည်း။
လုရီသည် နူချီကို ခိုင်မြဲစွာ ချုပ်နှောင်ထားပြီး သူ၏ မိစ္ဆာသဘာဝကို မိစ္ဆာချေမှုန်းခြင်းဓားဖြင့် ကြိတ်ချေနေသည်။
မိစ္ဆာသဘာဝ ပျောက်ကွယ်သွားသည်နှင့်အမျှ နူချီ၏ အရှိန်အဝါမှာ အားနည်းလာပြီး မျက်မြင်အားဖြင့်ပင် လျော့နည်းလာသည်။
ဤအတောအတွင်း အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်သည် နူချီကို ကယ်တင်ရန် တိုးဝင်လာရန် ကြိုးစားသော်လည်း တစ်ဦးချင်းတိုက်ပွဲတွင် သူသည် လုရီ၏ ပြိုင်ဘက်မဟုတ်ပေ။ ထို့အပြင် လုံယင်ဘိုးဘေးနှင့် အခြား ဟင်းလင်းပြင် အင်မော်တယ်များသည်လည်း ခုခံရာတွင် ကူညီနေကြသည်။
ဤအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် လုရီ၏ တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ်ခံရပြီး လွင့်စင်သွားရသည်။ လုရီမှာမူ နူချီကို မိစ္ဆာချေမှုန်းခြင်းဓားဖြင့် ဇွဲရှိရှိ ဆက်လက်ခုတ်ပိုင်းနေသည်။
မကြာမီ နူချီ၏ အရှိန်အဝါသည် မူလက အင်မော်တယ်အဆင့်တွင် ရှိရာမှ ဟင်းလင်းပြင် အင်မော်တယ်အဆင့်သို့ ဆုတ်ယုတ်သွားသည်။
ဟင်းလင်းပြင် အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် မိစ္ဆာချေမှုန်းခြင်းဓားမှ ပျက်စီးမှုမှာ ပို၍ပင် တိုးလာလေ၏။
ခဏတာမျှသာ ကြာလိုက်သည်။ နူချီ၏ အရှိန်အဝါ နောက်တစ်ကြိမ် အားနည်းသွားတော့၏။ ထို့နောက် မိစ္ဆာချေမှုန်းခြင်းဓား၏ ခုတ်ပိုင်းမှုတစ်ချက်ဖြင့် နူချီ၏ မိစ္ဆာသဘာဝအားလုံး ကြိတ်ချေခံလိုက်ရသည်။
သူ၏ စိတ်လှိုင်းများသည် လေဟာနယ်ကို ဖြတ်သန်းပျံ့နှံ့သွားသော အသံနက်ကြီးတစ်ခုတစ်ခုကို ထုတ်လွှတ်ပြီး မိစ္ဆာချီစွမ်းအင်စီးကြောင်းတစ်ခုအဖြစ် လုံးဝပျောက်ကွယ်သွား တော့သည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်အနေဖြင့် နူချီသည် ရုပ်ရော နာမ်ပါ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်ချေသည်။
လုရီ အနည်းငယ် ပင့်သက်ရှိုက်လိုက်သည်။
သူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားပြီး အခြား အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ တစ်ကောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အခန်း ၅၄၉- မိတ်ဆွေလေးလုရီ၊ မင်းက တကယ်ပဲ စွမ်းအားကြီးတယ်...
~ထိုမြင်ကွင်းကို မြင်သောအခါ ကျန်ရှိသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မပြပေ။ ထိုအစား သူ၏ ဒေါသများမှာ ပိုမိုပြင်းထန်လာ၏။ သူ၏ စိတ်လှိုင်းများက ကြောက်မက်ဖွယ် ဖျက်ဆီးလိုသော ရည်ရွယ်ချက်ကို သယ်ဆောင်လာသည်။
"လူသားမျိုးနွယ်၊ သေစမ်း။"
သူသည် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ လုရီထံသို့ တိုးဝင်လာသည်။
ဤအခိုက်အတန့်တွင် လုရီ၏ ဝိညာဉ်စွမ်းအင်မှာ အကြီးအကျယ် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေ၏။
သူ၏ အသက်ရှူသံများ မြန်ဆန်နေသည်။ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ အသံတိုးဖြင့် ဟစ်အော်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ရင်ဆိုင်လိုက်သည်။
ငါ့ဝိညာဉ်စွမ်းအင်တွေ အများကြီး ကုန်သွားပေမဲ့ ဒီကောင့်ကို ထိန်းနိုင်တာ အခု ငါတစ်ယောက်ပဲ ရှိတော့တယ်။ ဟိုဟင်းလင်းပြင် အင်မော်တယ်အဆင့် တန်ခိုးရှင်တွေက ဒဏ်ရာတွေ သက်သာသွားပေမဲ့ သူတို့လည်း အင်အားအများကြီး ကုန်ဆုံးသွားပြီ။ သူတို့ကို အားကိုးပြီး ဒီကောင့်ကို ထိန်းခိုင်းဖို့က လက်တွေ့မကျဘူး။
ဘန်း၊ ဘန်း၊ ဘန်း။
လုရီနှင့် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတို့ နောက်တစ်ကြိမ် တိုက်ပွဲထဲသို့ နစ်ဝင်သွားကြသည်။
လုရီ၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုမှာ အလွန်များပြားသကဲ့သို့ ကောင်းကင်ဘုံ မိစ္ဆာသည်လည်း သူ၏ အရင်းအမြစ်များကို အကြီးအကျယ် ကုန်ဆုံးစေခဲ့သည်။ ထို့အပြင် သူသည် မိစ္ဆာချေမှုန်းခြင်းဓားဖြင့် အကြိမ်များစွာ ခုတ်ပိုင်းခံခဲ့ရပြီး သူ၏ မိစ္ဆာသဘာဝမှာ သိသိသာသာ လျော့နည်းသွားကာ သူ၏ စွမ်းအားမှာလည်း အကြီးအကျယ် ထိခိုက်သွားခဲ့သည်။
လုရီ၏ ကုန်ဆုံးမှု မနည်းသော်လည်း သူသည် အသာစီးရနေဆဲ ဖြစ်သည်။
ထို့အပြင် ယခင်ကကဲ့သို့ နှစ်ကောင်အစား ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်တည်းနှင့်သာ တိုက်ခိုက်နေရသောကြောင့် လုရီသည် ယခင်ကထက် ဖိအားနည်းပါးသည်ဟု ခံစားရပြီး အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်ခဲ့၏။
ထို့ထက်မက ထိုဟင်းလင်းပြင် အင်မော်တယ်အဆင့် တန်ခိုးရှင်များသည် ဝိညာဉ်စွမ်းအင်အချို့ ပြန်လည်ရရှိသည်နှင့် ချက်ချင်းပင် လုရီကို ပံ့ပိုးရန် အသုံးပြုကြရာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ပို၍ပင် စိတ်ရှုပ်စေသည်။
တိုက်ခိုက်မှု အကြိမ် ဒါဇင်အနည်းငယ်အကြာတွင် လုရီ၏ လက်သီးချက် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ၏ ရင်ဘတ်ကို ထိမှန်သွားသည်။ မီတာထောင်ချီမြင့်သော သူ၏ ကြီးမားသည့် ခန္ဓာကိုယ်မှာ အက်ကွဲသွားပြီး ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာသည် အဆက်မပြတ် အော်ဟစ်နေစဉ် လုရီ၏ မျက်နှာထားမှာတော့ ရေခဲတမျှ ခံစားချက်ကင်းမဲ့နေ၏။ သူ၏ လက်ထဲမှ မိစ္ဆာချေမှုန်းခြင်းဓားသည် ကြယ်ရောင်များဖြင့် တောက်ပလာပြီး သူ့ကို ခုတ်ချလိုက်ကာ လုံးဝ ဝါးမြိုသွားသည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာမှာ လုံးဝ ဖိနှိပ်ခံလိုက်ရပြီ။ နူချီကဲ့သို့ပင် လုရီသည် မိစ္ဆာချေမှုန်းခြင်းဓားမှ လှုပ်ခတ်နေသော အလင်းများကို ထုတ်လွှတ်ကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို ခုတ်ပိုင်းလိုက်သည်။
ဤအဆင့်တွင် လုရီ၏ ကုန်ဆုံးမှုမှာပင် သိသိသာသာ လျော့ကျသွားသည်။ အဓိကအားဖြင့် သူ အင်မော်တယ် နည်းစနစ်များကိုပင် အသုံးပြုရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။
မိစ္ဆာချေမှုန်းခြင်းဓား တစ်ခုတည်းဖြင့်ပင် လုရီသည် ဖိနှိပ်မှုကို ထိန်းသိမ်းထားနိုင်၏။
အချိန်ကြာလာသည်နှင့်အမျှ ဓားတွင် ပါဝင်သော မိစ္ဆာချေမှုန်းခြင်းစွမ်းအားက သူ၏ အစွမ်းကို ပြသလာပြီး ကောင်းကင်ဘုံ မိစ္ဆာ၏ မိစ္ဆာသဘာဝကို အဆက်မပြတ် အားနည်းစေကာ သူ၏ အရှိန်အဝါမှာလည်း ဆက်လက်မှိန်ဖျော့လာသည်။ သူ အင်မော်တယ်အဆင့်မှ ဟင်းလင်းပြင် အင်မော်တယ်အဆင့်သို့ ဆက်လက်၍ ကျဆင်းသွားတော့သည်။
နောက်ဆုံးတွင် ဓားတစ်ချက်ဖြင့် လုရီ သူ့ကို အဆုံးသတ်လိုက်တော့သည်။
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာထံမှ နောက်ဆုံး မိစ္ဆာအငွေ့အသက်တစ်စ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လုရီ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံမှာ အားနည်းနေကာ ဓားကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်နေ၏။
အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်သည် သာမန်ရတနာမဟုတ်ပေ။ အင်မော်တယ်လက်နက်၏ စွမ်းအားကို အသုံးချရန် လုရီသည် ဝိညာဉ်စွမ်းအင် ပမာဏများစွာ လိုအပ်သည်။
ဤသည်မှာ လုရီ ယခုအချိန်အထိ ရင်ဆိုင်ခဲ့ရသမျှတွင် အစိန်ခေါ်ဆုံးသော တိုက်ပွဲဟု ဆိုနိုင်၏။ သူ၏ ဝိညာဉ်စွမ်းအင်အားလုံးနီးပါး ကုန်ခန်းသွားပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်၍နေသည်။
အခြားနေရာတစ်ခုတွင် လုံယင်ဘိုးဘေးကဲ့သို့သော ဟင်းလင်းပြင် အင်မော်တယ်အဆင့် တန်ခိုးရှင်များသည် အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ အသတ်ခံရသည်ကို မြင်သောအခါ စိတ်အေးသွားကြသည်။
သူတို့သည် လုရီထက်ပင် ပို၍ အားနည်းနေကြပြီး အနည်းဆုံးပြောရလျှင် အပြင်းအထန် ဒဏ်ရာရနေကြသည်။ ဟင်းလင်းပြင် အင်မော်တယ်များအနေဖြင့် အင်မော်တယ်လက်နက်များ အသုံးပြုရာတွင် သူတို့၏ စွမ်းအားကုန်ဆုံးမှုမှာ လုရီထက်ပင် ပို၍ များပြားလှသည်။
နောက်ဆုံး အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို သတ်ရန် သူတို့သည် သူတို့၏ ဝိညာဉ်စွမ်းအားတိုင်းကို နီးပါး ညှစ်ထုတ်ခဲ့ကြပြီး ဘာမျှမကျန်တော့ပေ။
သို့သော် ဤအခိုက်အတန့်တွင် သူတို့သည်လည်း အလွန်အမင်း ပျော်ရွှင်နေကြသည်။
"လုရီက တကယ်ပဲ အားကောင်းတာပဲ။"
"ဟားဟားဟား၊ ငါတို့ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာနှစ်ကောင်ကို တကယ်ပဲ အနိုင်ယူခဲ့တယ်ကွ။ ဒီအကြောင်းကို ပြောပြရင် ဘယ်သူက ယုံမှာလဲ။"
"ဒီတိုက်ပွဲမှာ ငါတို့ တကယ်ပဲ အသက်ရှင်ခဲ့တယ်။ တာအို ရောင်းရင်း မင်အတွက်တော့ တကယ်ပဲ စိတ်မကောင်းစရာပဲ။"
ဟင်းလင်းပြင် အင်မော်တယ်အဆင့် တန်ခိုးရှင်များစွာသည် ကြီးမားသော ကပ်ဘေးမှ လွတ်မြောက်လာခဲ့သည့် အပြုံးများကို ဆင်မြန်းထားကြသည်။
ထိုစဉ်မှာပင် အဝေးမှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်ရှိသော လှိုင်းဂယက်သည် ပြင်းထန်သော လေပြင်းကဲ့သို့ တိုးဝင်လာကာ ဟင်းလင်းပြင် အင်မော်တယ်အားလုံးကို လွင့်စင်သွားစေသည်။
သူတို့၏ အသက်ရှူသံများ အားနည်းနေပြီး သူတို့၏ ကိုယ်ဟန်ကို တည်ငြိမ်အောင် ထိန်းရန် အားများစွာ စိုက်ထုတ်ခဲ့ရသည်။
လုရီပင်လျှင် ကျန်ရှိသော လှိုင်းဂယက်ကြောင့် အဆက်မပြတ် ယိမ်းထိုးနေရသည်။
သူတို့အားလုံး ခေါင်းလှည့်ကာ လှိုင်းလာရာဘက်သို့ ကြည့်လိုက်ကြသည်။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးနှင့် ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာတို့၏ စစ်မြေပြင်တွင် ဆရာသခင်ကြီး၏ မျက်နှာမှာလည်း အလွန်ဖြူဖျော့နေပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေကာ သူ၏ အရှိန်အဝါမှာ ယခင်ကထက် များစွာအားနည်းနေသည်။
ထိုအင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာမှာမူ ယခင်ကထက် အနည်းငယ် အားနည်းသွားသော်လည်း နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးထက် များစွာသာနေသည်။
လုရီနှင့် ဟင်းလင်းပြင် အင်မော်တယ် တန်ခိုးရှင်အားလုံး၏ မျက်နှာများ ပြောင်းလဲသွားသည်။
"တစ်ကောင် ကျန်သေးတယ်။"
သူတို့အားလုံး၏ မျက်နှာများ ခါးသက်သော အရိပ်အယောင်ဖြင့် ညှိုးငယ်သွားသည်။
"ငါတို့မှာ တိုက်ခိုက်ဖို့ အင်အား မကျန်တော့ဘူး၊ အခု ဘယ်လိုလုပ်ကြမလဲ။"
"ကောင်းကင်ဘုံက ငါတို့ကို ဖျက်ဆီးဖို့ ရည်ရွယ်နေတာလား။"
ဟင်းလင်းပြင် အင်မော်တယ်များ၏ မျက်နှာများတွင် မျှော်လင့်ချက်ကင်းမဲ့ဟန်များ ပေါ်လာသည်။ သူတို့ အကြီးအကျယ် အားကုန်သွားခဲ့ပြီး တိုက်ခိုက်ရန် အင်အား လုံးဝနီးပါး မကျန်တော့ပေ။
လုရီသည်လည်း အလွန်အမင်း မောပန်းနေသည်။ ထိုသို့ အားကောင်းသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို မည်သူက ခုခံနိုင်မည်နည်း။
ဟင်းလင်းပြင် အင်မော်တယ်အားလုံး ခေါင်းလှည့်ကာ ဝမ်ကျန်းယွမ်၊ ဓားတာအို ပုဂ္ဂိုလ်နှင့် လင်းလောင်တောင်ထိပ် သခင်မတို့ ပို၍ပင် အားကောင်းသော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာငါးကောင်နှင့် တိုက်ခိုက်နေသည့် အဝေးသို့ ကြည့်လိုက်ကြသည်။
ထို့ထက်ဝေးသော တောက်ပသောကမ္ဘာ၏ ထင်ယောင်ထင်မှား နယ်မြေထဲတွင် အဘွား
ယွမ်လင်နှင့် အားအကောင်းဆုံး ကောင်းကင်ဘုံ မိစ္ဆာစစ်သူကြီးတို့၏ တိုက်ပွဲမှာ ပြီးဆုံးရန် ဝေးနေသေးသည်။
အင်မော်တယ်တစ်ဦးတစ်ယောက်မျှ သူတို့ကို ကူညီရန် လက်မအားပေ။
သူတို့အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
လုရီလည်း မျက်နှာမဲ့သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
သူ၏ မျက်လုံးများတွင် ကြမ်းတမ်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ နောက်တစ်ခဏတွင် သူသည် ကြွယ်ဝသော ကြယ်ရောင်ဖြင့် ပြည့်နှက်နေသော အရည်တစ်စက်ကို ထုတ်ယူလိုက်သည်။
ဤအရည် ပေါ်လာသည်နှင့် ၎င်းသည် အလွန်အမင်း အားကောင်းသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်ကို ထုတ်လွှတ်လိုက်သည်။
ဤသည်မှာ ကြယ်တာရာခြင်ဆီပင်။
၎င်းတွင် ပါဝင်သော ကြီးမားသည့် စွမ်းအားကြောင့် ၎င်းသည် အင်မော်တယ်များ ကျင့်ကြံရန် အသုံးပြုသော အထိပ်တန်းအဆင့် အရင်းအမြစ်တစ်ခုဖြစ်ပြီး လုရီ ယခုအချိန်အထိ အသုံးမပြုခဲ့ပေ။
နောက်ဆုံးတွင် နှစ်သန်းပေါင်းများစွာ သက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်းသည် သူ၏ ကျင့်ကြံမှုအတွက် လုံလောက်နေပြီးဖြစ်သည်။
သို့သော် ယခု ဝိညာဉ်စွမ်းအင် လျင်မြန်စွာ ပြန်လည်ရရှိရန် လိုအပ်သော အရေးပေါ်အခြေအနေတွင် သူသာ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်းကို အသုံးပြုမည်ဆိုလျှင် အချိန်မီ ပြန်လည်ရရှိမည်မဟုတ်ပေ။
သူ့မှာ ကြယ်တာရာခြင်ဆီပေါ်တွင် လောင်းကြေးထပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့။
လုရီသည် ယခုအချိန်တွင် ထိုသို့သော စွမ်းအားကို စုပ်ယူနိုင်မည်လား မသိပေ။
အံကြိတ်ရင်း လုရီက ကြယ်တာရာခြင်ဆီကို မျိုချလိုက်သည်။
နောက်တစ်ခဏတွင် သူ၏ မျက်နှာအရောင် ပြောင်းလဲသွား၏။ သူ၏ အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ အရေပြားကို တောက်ပသော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားစေကာ အားကောင်းသော စွမ်းအားက ဖောင်းပွလာသည်။
ရုတ်တရက် သူ၏ အရေပြားပေါ်တွင် မဖျော့တော့သော အက်ရာများ စတင်ပေါ်လာသည်။
ကြယ်တာရာခြင်ဆီ၏ စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လုရီ၏ ရုပ်ခန္ဓာပင်လျှင် အနည်းငယ် မခံနိုင်ဖြစ်နေသည်။
သူ၏ မျက်နှာအမူအရာ လေးနက်သွားပြီး သူ အင်မော်တယ် နိယာမကို အပြည့်အဝ အသုံးချလိုက်သည်။ ပေါ်လာသော အက်ရာငယ်လေးများ စတင်ကျက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားများဖြင့် ခုတ်ပိုင်းခံရသကဲ့သို့ သည်းမခံနိုင်သော နာကျင်မှုကို လျစ်လျူရှုရင်း လုရီသည် ကြယ်တာရာခြင်ဆီမှ ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် စုပ်ယူကာ သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုအခြေခံကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းလိုက်သည်။
အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် လုရီသည် အတော်အတန်များသော စွမ်းအားကို ပြန်လည်ရရှိခဲ့သည်။
ဝိညာဉ်စွမ်းအင်၏ သုံးပုံတစ်ပုံ၊ ဝိညာဉ်စွမ်းအင်၏ ထက်ဝက်၊ ဝိညာဉ်စွမ်းအင်အားလုံး…
ခဏတာအတွင်းမှာပင် လုရီသည် သူ၏ ဝိညာဉ်စွမ်းအင်ကို လုံးဝပြန်လည်ဖြည့်တင်းနိုင်ခဲ့လေပြီ။
သို့သော် လုရီ၏ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိပေ။ သူ၏ ဦးရေပြားမှာ အနည်းငယ် ထုံကျင်နေသည်။
အတွင်းမှ ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ပြန်လည်ရရှိသွားသော်လည်း ကြယ်တာရာခြင်ဆီထဲတွင် အနည်းဆုံး ထက်ဝက်ခန့် စွမ်းအား ကျန်ရှိနေသေးသည်။
သူသာ အားလုံးကို စုပ်ယူလိုက်လျှင် သူ၏ ရုပ်ခန္ဓာသည် ပေါက်ကွဲသွားဖွယ်ရှိသည်။
လုရီ၏ မျက်လုံးများ နီမြန်းလာပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်ကို ထုတ်လွှတ်လိုက်ကာ သူ ချက်ချင်းပင် ကောင်းကင်ဘုံ မိစ္ဆာထံသို့ ပျံသန်းသွားသည်။
မူလက မျှော်လင့်ချက်ကင်းမဲ့နေသော အခြား ဟင်းလင်းပြင် အင်မော်တယ်များသည် ရုတ်တရက် လုရီ၏ စွမ်းအင် လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာသည်ကို ခံစားမိပြီး အားလုံး ကြောင်ငေးသွားကြ၏။
သို့သော် မကြာမီ သူတို့သည် အလွန်အမင်း ပျော်ရွှင်သော အမူအရာများ ပြသလာကြသည်။
"ပြန်ပြည့်သွားပြီ။ လုရီရဲ့ ဝိညာဉ်စွမ်းအင်က ဒီလောက်မြန်မြန် ပြန်ပြည့်သွားတယ်တဲ့လား။"
"ဟားဟားဟား။ ကောင်းတယ်။ ငါတို့ ကယ်တင်ခံရပြီ။ ကောင်းကင်ဘုံက ငါတို့ကို မစွန့်ပစ်သေးဘူး။"
တစ်ဦးပြီးတစ်ဦး ဟင်းလင်းပြင် အင်မော်တယ်များသည် စိတ်လှုပ်ရှားလာကြသည်။
ဤအခိုက်အတန့်တွင် လုရီသည် နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီး၏ စစ်မြေပြင်သို့ နီးကပ်နေပြီဖြစ်သည်။ သူ ဟစ်အော်လိုက်၏။
"စီနီယာ၊ ကျွန်တော် ခင်ဗျားကို ကူညီဖို့လာပြီ။"
ဤအခိုက်အတန့်ဝယ် နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည် တိုက်ကွက်တစ်ချက်ဖြင့် လွင့်စင်သွားပြီး လတ်ဆတ်သောသွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရသည်။
လုရီ လာနေသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ လင်းလက်သွားပြီး အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းတယ်။"
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီးသည်လည်း ယခင်က လှုပ်ခတ်မှုများကို မြင်တွေ့ခဲ့ပြီး လုရီ၏ စွမ်းအားမှာ မယုံနိုင်လောက်အောင် အားကောင်းသည်ကို သိရှိထားသည်
လုရီ သူ၏ ဝိညာဉ်စွမ်းအင်ကို ဤမျှလျင်မြန်စွာ ပြန်လည်ရရှိသည်ကို မြင်သောအခါ ကောင်းကင်ဘုံ မိစ္ဆာ၏ မျက်နှာ ပြောင်းလဲသွားသည်။
"မင်းမှာ ကြယ်တာရာခြင်ဆီ တကယ်ရှိနေတာလား။"
လုရီက ခနဲ့ပြုံး ပြုံးလိုက်သည်။ "ကံကောင်းမှုတစ်ခုပေါ့။"
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသော အက်ရာများ ပေါ်လာသည်။ ကြေမွတော့မည့် ဖန်ရုပ်လေးတစ်ရုပ်နှင့် တူနေ၏။ သို့သော် မကြာမီ အင်မော်တယ် နိယာမ လည်ပတ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ရာများ ပျောက်ကွယ်သွားသည်။
လုရီ စကားများများမပြောတော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များ အလွန်များပြားနေသည်။ မထုတ်လွှတ်လျှင် သူ နောက်ဆုံးတွင် ဖိအားကြောင့် ပေါက်ကွဲသွားပေလိမ့်မည်။
လုရီသည် မိစ္ဆာချေမှုန်းခြင်းဓားကို ကိုင်ဆောင်ထားပြီး သူ၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲစေလိုက်သည်။ နက်ရှိုင်းသော ရွှေရောင်နေတစ်စင်းကဲ့သို့ ဟင်းလင်းပြင်တွင် ထာဝရရပ်တည်နေသည်။ ကြယ်ဖြတ်ဓားကွက်၏ ခုတ်ချက်တစ်ခုသည် နဂါးငွေ့တန်း တစ်ခုနှင့် တူလှသည်။
နဂါးငွေ့တန်း သက်ဆင်းလာသည်နှင့် ကောင်းကင်ဘုံ မိစ္ဆာ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး သူ ဟစ်အော်လိုက်သည်။
"ငါက နူချီနဲ့ ပါမူ၊ အဲ့ဒီ ရှုံးနိမ့်သူနှစ်ယောက်ထက် ပိုအားကောင်းတယ်။ ဒီလို အင်မော်တယ် နည်းစနစ်က ငါ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။"
အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ထဲတွင် တွင်းနက်တစ်ခု ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ် ဆွဲငင်အားကို ထုတ်လွှတ်ကာ နဂါးငွေ့တန်းကို စုပ်ယူလိုက်၏။
ထို့နောက် တွင်းနက်သည် ကျယ်ပြန့်လာပြီး ကျုံ့သွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုစဉ်မှာပင် နောက်ထပ် နဂါးငွေ့တန်းတစ်ခု ကျဆင်းလာသည်။ ကောင်းကင်ဘုံ မိစ္ဆာ၏ မျက်နှာအမူအရာတွင် အနည်းငယ် ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ သူ အသံတိုးတိုးဖြင့် ဟစ်အော်လိုက်ပြီး မိစ္ဆာမြူခိုးတစ်စုကို ထွေးထုတ်ကာ နဂါးငွေ့တန်းတစ်ခုလုံးကို လွှမ်းခြုံပြီး လုံးဝတိုက်စားသွားသည်။
သို့သော် နောက်ထပ် နဂါးငွေ့တန်းတစ်ခု ပေါ်လာသည်။ နောက်တစ်ခု ထပ်ပေါ်လာပြန်သည်။
တစ်ခုပြီးတစ်ခု ထူထပ်သော နဂါးငွေ့တန်းများသည် ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ် ဓားတာအိုနိယာမနှင့် ကြယ်တာရာနိယာမတို့ ပဲ့တင်ထပ်နေပြီး ဟင်းလင်းပြင်ကို လိမ်ယှက်ကာ အခြားကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား။
အတွင်းမှ ကြယ်ရောင်သည် ရပ်တန့်သွားသည်။
ထူထပ်သော ကြယ်ဖြတ်ဓားကို မြင်သောအခါ ကောင်းကင်ဘုံ မိစ္ဆာ၏ မျက်နှာမှာ လုံးဝမည်းပုပ်သွား၏။
သူ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ လည်ပတ်သွားကာ ချက်ချင်းပင် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် လုရီ၏ ဝိညာဉ်စွမ်းအင်များ
အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ နေရာလပ် နိယာမ၏ အပိုင်းလေးပိုင်း လည်ပတ်သွားပြီး ကောင်းကင်ဘုံ မိစ္ဆာ၏ အရှိန်မှာ ရွှံ့နွံထဲ နစ်နေသကဲ့သို့ ဖြစ်သွား၏။
အဆုံးမဲ့ နဂါးငွေ့တန်းသည် သူ့ကို ချက်ချင်း ဝါးမြိုသွားသည်။ ကြောက်မက်ဖွယ် နောက်ဆက်တွဲဂယက်များနှင့် နာကျင်သော စိတ်လှိုင်းများသည် ဟင်းလင်းပြင်တွင် ပျံ့နှံ့နေသည်။
လုရီ၏ မျက်လုံးများမှာ အလွန်အမင်း နီမြန်းနေပြီး သူ၏ တိုက်ခိုက်မှုကို မရပ်တန့်ပေ။ ကြယ်ဖြတ်ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေရာ ဟင်းလင်းပြင်သည် လုံးဝ ကြယ်ရောင်ဖြင့် ဖုံးလွှမ်းသွားပြီး အခြားအရာအားလုံးကို ဖုံးကွယ်သွားသည်။
နတ်ဓားဂိုဏ်း၏ ဆရာသခင်ကြီး: "..."
အဝေးမှ ဟင်းလင်းပြင် အင်မော်တယ်လူငယ်
မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။
ချင်းချုံးယွင်ဟွားလည်း လုရီ၏ ပုံရိပ်ကို မှင်တက်စွာ ကြည့်ရင်း တီးတိုးရေရွတ်နေသည်။
"ဒါက အရမ်း စွမ်းအားကြီးတာပဲ။ လုရီက တကယ်ပဲ ကြမ်းတယ်။"
"...လုရီကို ဒီလိုမြင်ရတော့ ငါ့ရဲ့ နှစ်ပေါင်းတစ်သောင်း ကျင့်ကြံလာတာတွေ အလဟဿဖြစ်သွားသလားလို့တောင် သံသယဝင်မိတယ်။"
လုရီသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပိုလျှံနေသော ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးစေရန် အားမနာတမ်း ကြိုးစားလျက် အထွတ်အထိပ် ကြယ်ဖြတ် အင်မော်တယ် သိုင်းစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။
လုရီ၏ အင်မော်တယ် နည်းစနစ်သည် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံထားပြီး ဤနည်းစနစ်ကို ပင်ကိုယ်အသိစိတ်အဖြစ်သို့ ပြောင်းလဲထားသောကြောင့်သာ သူ အင်မော်တယ် နည်းစနစ်ကို အဆက်မပြတ် မရပ်မနား အသုံးပြုနိုင်ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ဤသည်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။
လုရီ၏ ထုတ်လွှတ်မှုမှာ အချိန်အတော်ကြာမြင့်သွားပြီး သူ၏ အတွင်းမှ ပိုလျှံနေသော ဝိညာဉ်စွမ်းအင်များ မရှိတော့မှသာ ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လုရီ ရပ်တန့်လိုက်သည်နှင့် ကြယ်ရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြယ်ရောင်အလယ်တွင် ရှိနေခဲ့သော အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာမှာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အဆုံးမဲ့ အင်မော်တယ် နည်းစနစ်သည် မိစ္ဆာချေမှုန်းခြင်းဓား၏ မိစ္ဆာချေမှုန်းသည့် ဂုဏ်သတ္တိနှင့် ပေါင်းစပ်ကာ အင်မော်တယ်အဆင့် ကောင်းကင်ဘုံ မိစ္ဆာကို လုံးဝ ကြေမွပျက်စီးသွားစေခဲ့လေသည်။
လုရီ လေပူများ မှုတ်ထုတ်လိုက်ပြီး လုံးဝလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
"အားရလိုက်တာ..."