အပြန်အလှန်မာယာများကြသည်
Vol. 88 Ch. 877
ပင်မခန်းမဆောင်ထဲမှ ရန်သူများကို ရှင်းလင်းပြီးနောက် အပြင်ထွက်ရန်ဟန်ပြင်နေစဥ်မှာပင် မိခင်နတ်ဘုရားမဂိုဏ်းမှ ဂိုဏ်းဝင်တချို့ သူ့ထံ ဦးတည်လာနေကြောင်း စုချန်း မြင်လိုက်ရသည်။ သူတို့အဖွဲ့မှာ အိပ်မက်ကြာပန်းသရဖူနှင့် လိုက်ပါသွားသည့်အဖွဲ့မှမဟုတ်ပဲ ဆူဆူညံညံအသံများကြောင့် ရောက်လာကြသည့် အနီးအနားရှိ အဖွဲ့ဝင်များ ဖြစ်ပုံရသည်။
၎င်းကိုမြင်သည်နှင့် စုချန်း ချက်ချင်းပင်ဝေးရာသို့ ဦတည်ပျံသန်းလိုက်၏။ သူ့အနေနှင့် ဤနေရာမှာ အမြန်ဆုံးလစ်ထွက်ရန် လိုအပ်နေခဲ့လေပြီ။ အိပ်မက်ကြာပန်းသရဖူနှင့် တခြားလူများ အချိန်မရွေး ပြန်ရောက်လာနိုင်၏။ အပြင်ဘက်တွင် ကိုယ်ပွားတကောင်ရှိနေ၍ စုချန်းအနေနှင့် လိုအပ်သလို ရွှေ့ပြောင်းနိုင်သော်ငြား ထိုစွမ်းရည်ကိုထုတ်သုံးလိုစိတ်မရှိသေးချေ။
သေရေးရှင်ရေးအခြေအနေမရောက်သရွေ့ စုချန်းသည် ကောင်းကင်မြို့တော်တွင် တတ်နိုင်သမျှ အချိန်ကြာကြာနေလိုသေး၏။ တန်ဖိုးရှိပစ္စည်းများအား လုယက်လိုသေး၏။
လူသားများနှင့် လူပျံတော်များဟူသည် ဘယ်သောအခါမှ ဆက်ဆံရေးကောင်းမွန်ခဲ့သည် မဟုတ်ချေ။ ထို့ကြောင့် နှစ်ဖက်စလုံးသည် တဖက်ကို တဖက် ဒုက္ခပေးရန် အမြဲတမ်း ကြိုးစားနေတတ်ကြ၏။ တနည်းအားဖြင့် ဤကိစ္စသည် လူမျိုးတမျိုး၏ ရှင်သန်မှုနှင့် သက်ဆိုင်သောကိစ္စဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် လူပျံတော်များအတွက်မူ စုချန်း၏ လုပ်ရပ်က ဆိုးရွားကောင်းဆိုးရွားနေပေလိမ့်မည်။ သို့သော် လူသားများအတွက်တော့ ဤလုပ်ရပ်မျိုးက လုပ်ကောင်းသည်ဟု သတ်မှတ်ကြပေလိမ့်မည်။
စုချန်းသည် မိခင်နတ်ဘုရားမ မဟုတ်ချေ။ သူ့အနေနှင့် မျိုးစိတ်ပေါင်းများစွာအတွက် ငြိမ်းချမ်းရေးဖန်တီးရန် စိတ်ကူးမျိုး လားလားမျှမရှိ။ သူ့အဓိကရည်ရွယ်ချက်မှာ မူလကမ္ဘာကြီးတခုလုံးကို လူသားများလက်အောက်တွင် စုစည်းနိုင်ရန်သာဖြစ်သည်။ ထို့ကြောင့် ရရှိလာသမျှ အခွင့်အရေးတိုင်းကို အသုံးချပြီး ပြိုင်ဘက်မျိုးစိတ်များကို အားနည်းစေကာ လူသားများ ပိုမိုသန်မာအားကောင်းလာစေရန် လုပ်ဆောင်ခြင်းမှာ သူ့အတွက် ဘာမှမထူးဆန်းလှချေ။ ယုတ်စွအဆုံး ကမ္ဘာဦးမတိုင်မီသားရဲကြီး ကောင်းကင်မြို့တော်သို့ ဦးတည်လာသည်မှာ တခြားကြောင့်မဟုတ်။ စုချန်း၏ ကိုယ်ပွားက မျှားခေါ်နေခဲ့ခြင်းသာ ဖြစ်လေသည်။ အကြောင်းမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးသည် ကောင်းကင်မြို့တော်အတွက် ကပ်ဆိုးကြီးကို သယ်ဆောင်လာပြီး တဖက်တွင်လည်း သူ့အတွက် အခွင့်အရေးအများအပြားကို ဖန်တီးပေးနိုင်မည် ဖြစ်သောကြောင့်ပေတည်း။
ထို့ကြောင့် စုချန်း၏ အစီအစဉ်မှာ ခီလစ်ဒါကို အသုံးပြုပြီး မိခင်နတ်ဘုရားဂိုဏ်းကို ပြုတ်ပြုတ်ပြုန်းစေရန်နှင့် အဆိပ်တထောင်ဖားကြီးကို အသုံးပြုပြီး ကောင်းကင်နိုင်ငံတော်ကြီးကို ကြေမွသွားစေရန်ပင် ဖြစ်လေသည်။
ဘုရားကျောင်းမှ လစ်ထွက်လာပြီးသည်နှင့် စုချန်းခေါင်းထဲ ပထမဆုံးဝင်လာသည့်အတွေးမှာ မည်သည့်အတွက် တိုက်သံခိုက်သံဆူညံသံများကို မကြားရလေသနည်းဟူသည့် အတွေး ဖြစ်သည်။ ဒဏ္ဍာရီလာ ပြိုင်ဘက်နှစ်ဦးကြား တိုက်ပွဲသည် ကောင်းကင်ကြီးကိုပင် သွက်သွက်ခါသွားစေသင့်သည် မဟုတ်ပါလား။ သို့ဆိုလျင် သူတို့ မတိုက်ခိုက်ရသေး၍ပေလေလာ။ ထိုအတွေးဝင်လာသည်နှင့် စုချန်း၏ စိတ်ထဲတွင် ချက်ချင်းပင် ကသိကအောင့် ဖြစ်သွားတော့သည်။
ဤအတိုင်းဆိုလျင် ခီလစ်ဒါ အရှင်လတ်လတ်ကြီး ရှိနေသေးသည်ဟူသော သဘောသက်ရောက်နေ၏။ ခီလစ်ဒါသာ အသက်ရှင်နေသေးလျင် သူသည်လည်း အမြဲတမ်း ပြေးလွှားပုန်းရှောင်နေရပေတော့မည်။ ၎င်းမှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှ၏။ သို့သော် အစီအစဥ်ဟူသည် အမြဲတမ်းမချောမွေ့တတ်လေရာ မတော်တဆမှုတချို့ကတော့ ကြုံရနိင်သည်ပင် မဟုတ်ပါလား။
-------------------------------------
တိမ်တိုက်တောင်ထွတ်၏ အောက်ခြေတွင် ဖြစ်သည်။ ခီလစ်ဒါ၏ စကားတွေက အိပ်မက်ကြာပန်းသရဖူနှင့်ကျန်လူတိုင်း၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေ၏။
“ဒါ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ...ဟုတ်ပါ့မလား”
ဂိုဏ်းချုပ်ဘုန်းတော်ကြီးများ၏ တီးတိုးရေရွတ်သံများ တမုဟုတ်ချင်း ထွက်ပေါ်လာ၏။ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် ကောင်းကင်မြို့တော်သို့ ဦးတည်လာသည်ဟူသည်မှာ သေးသေးမွှားမွှားကိစ္စမဟုတ်ချေ။
ခီလစ်ဒါကလည်း အေးဆေးတည်ငြိမ်သောအမူအရာဖြင့် မယုံရင် ကိုယ့်အဖွဲ့သားများကို ကိုယ် မေးမြန်းနိုင်ကြောင်း စုချန်းကို လိုက်နေရင်း သူ ဖမ်းမိခဲ့သည့် မိခင်နတ်ဘုရားအဖွဲ့၏အဖွဲ့သားများကို ထုတ်ပြရင်း သက်သေပြလိုက်ပြန်သည်။
အဖွဲ့သားများကလည်း မျက်ကလဲဆန်ပြာနှင့် အော်ဟစ်နေကြ၏။
"ဂိုဏ်းချုပ်ကြီး...ဘုန်းတော်ကြီးသက်တန့်အလင်း... ဒီမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်ရှိနေတယ် သူ ကောင်းကင်မြို့တော်ကို ဦးတည်လာနေပြီ"
အိပ်မက်ကြာပန်းသရဖူ အကြီးအကျယ် စိတ်မသက်မသာဖြစ်သွား၏။
“ကမ္ဘာဦးမတိုင်မီသားရဲကြီးဟာ ခြေဦးတည့်ရာသွားနေသင့်တာ မဟုတ်ဘူးလား ဘာကြောင့် ကောင်းကင်မြို့တော်ကို တိုက်ရိုက်ဦးတည်နေရတာလဲ”
“တစုံတရာက သူ့ကို ဆွဲဆောင်နေလို့ပေါ့”
အသက်ကြီးကြီးလူပျံတော်တဦးက မှတ်ချက်ပြုလိုက်လေရာ ကျန်လူပျံတော်များအားလုံး အံ့သြသွားကြလေသည်။ ဤမျှအကြံပက်စက်သူမှာ မည်သူများ ဖြစ်လေသနည်း။ သူတို့အားလုံး၏ စိတ်ထဲတွင်လည်း ခီလစ်ဒါကို သံသယဝင်ကုန်ကြသည်။ သို့သော် ထိုအချိန်မှာပင် အဖွဲ့သားများက ဟဲယွန်လေစီးကြောင်း၏ ပုံရိပ်ကို ဖော်ပြရင်း ပြောလိုက်ကြ၏။
“ဒီကောင်...ဒီကောင်ပဲ ..သားရဲကြီးကို လျပ်စီးလှိုင်းတွေနဲ့ ပစ်ပေါက်ပြီး မျှားခေါ်နေတာ”
ထိုအခါ အိပ်မက်ကြာပန်းသရဖူက သူ့လူများကို စုချန်းအား သွားဖမ်းရန် အမိန့်ပေးမည့်ဟန်ပြင်နေစဥ်မှာပင် ခီလစ်ဒါက ဝင်ပြောလိုက်သည်။
“သွားဖမ်းမနေနဲ့ အလကားပဲ ဖမ်းမိမှာမဟုတ်ဘူး သူ့ကို ကျုပ် တလမ်းလုံး လိုက်ဖမ်းတာတောင် အဆိပ်တထောင်တောင်ကနေ ဒီနေရာကို ဒီကောင် ရောက်အောင်ထွက်ပြေးလာနိုင်သေးတယ်"
လူတိုင်း အံ့အားသင့်သွားရပြန်သည်။
ဟိုကောင့်နောက်ကို သူ လိုက်နေတယ်လဲ ပြောသေးတယ်...ဒီကြားထဲ ဟိုကောင်က ဘယ်လိုလုပ် သားရဲကြီးကို မျှားခေါ်နိုင်မှာတဲ့လဲ
တဆက်တည်းမှာပင် ခီလစ်ဒါ၏ စကားကို လူတိုင်း သံသယဝင်ကုန်ကြတော့သည်။
ခီလစ်ဒါကလည်း ထိုသံသယအတွေးများကို ချက်ချင်းသဘောပေါက်လိုက်၏။ ထိုအခါ သူက အောက်ပါအတိုင်း ရှင်းပြလိုက်ပြန်သည်။
“ကမ္ဘာဦးမတိုင်မီသားရဲကြီးကို မျှားခေါိနေတာ သူကိုယ်တိုင်မဟုတ်ဘူး သူ့ကိုယ်ပွားပဲ ဒီကောင့်မှာ သွေးအဆီအနှစ်ကနေ ကိုယ်ပွားတွေ ဖန်တီးနိုင်တဲ့ နည်းစနစ်တခုရှိတယ် ပြီးတော့ အဲဒီကိုယ်ပွားတွေဟာလဲ စွမ်းအင်ကို ဆေးဝါးတွေကနေ ပြန်ရယူနိုင်သေးတယ် ဒါတင်မကသေးဘူး ဒီကောင်ဟာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းဆိုတဲ့ နည်းစနစ်ကိုသုံးပြီး ကိုလည်း သိထားပြီး ကိုယ်ပွားတွေဆီကို နေရာရွှေ့ပြောင်းခုန်ကူးနိုင်သေးတယ်"
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက နဝမလက်စွပ်အဆင့်မှာပဲ ရှိသေးတာမလား ဒဏ္ဍာရီလာအာကင်နာပညာရှင်မှ မဟုတ်သေးတာပဲ"
လူတိုင်း မယုံနိုင်ကြဟန်ဖြင် ပွက်လောရိုက်ကုန်ကြတော့သည်။ ထိုအခါ အိပ်မက်ကြာပန်းသရဖူက လေဟာနယ်စွမ်းရည်မြင့်မားလျင် ကိုယ်ပွားများနှင့် ပေါင်းစပ်ကာ ထိုအကျိုးသက်ရောက်မှုမျိုးကို ရသွားနိုင်ကြောင်း ဝင်ရောက်ဖြေရှင်းပေးလိုက်ရ၏။
ခီလစ်ဒါကလည်း ဝင်ရောက်ထောက်ခံလိုက်လေသည်။
“ဒါကြောင့်မို့ သူ့ကို ကျုပ် တနှစ်ကျော်လောက် အကျဥ်းချထားခဲ့တာပေါ့ ဒီကောင်လေးမှာ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတယ် အရှင်းဆုံးပြောရရင် ကျုပ်အတွက် ဒီကောင်လေးဟာ ဆုံးရှုံးသွားတဲ့ ဘယ်ရတနာမျိုးထက်မဆို ပိုပြီးတန်ဖိုးရှိတယ်”
ထိုအခါကျမှ စုချန်းကို မိခင်နတ်ဘုရားမဂိုဏ်းတွင် တယောက်တည်း ထားခဲ့ခြင်းမှာ မည်မျှ အန္တရာယ်ရှိမှန်း လူတိုင်း နားလည်ကုန်ကြတော့သည်။ သူတို့စိတ်ထဲတွင်လည်း တောင်ပေါ်သို့ ပြေးတက်ချင်စိတ်များ ပေါ်ပေါက်လာကြတော့သည်။
သို့သော် အိပ်မက်ကြာပန်းသရဖူကတော့ အခြေအနေမှန်ကို နားလည်သဘောပေါက်ထား၏။
“ခုပြန်သွားလို့လဲ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး အချိန်တွေ ဒီလောက်ကြာနေပြီဆိုတော့ သူလိုချင်တာတွေ ရသွားလောက်ပြီ သူ့ကို ကျွန်မတို့ ဘယ်လိုမှ ဖမ်းမိတော့မှမဟုတ်ဘူး”
အထက်ပါအတိုင်းပြောပြီး သူမက ခီလစ်ဒါကို လှည့်ကြည့်လိုက်လေသည်။
"ဒါပေမဲ့ ရှင်ကတော့ သူ ဘယ်နေရာမှာရှိလောက်သလဲဆိုတာ သိမဲ့ပုံပဲ ဟုတ်တယ်မလား"
ခီလစ်ဒါ ပြုံးလိုက်၏။
"ဟုတ်တယ် ဒီလောကကြီးမှာ ကျုပ်ကလွဲပြီး ဒီကောင် ဘယ်မှာရှိသလဲဆို ဘယ်သူမှမသိဘူး ကျုပ်အနေနဲ့ ဟဲယွန်လေစီးကြောင်းရဲ့ တည်နေရာကို ရှာဖွေပြီး သူ့ကို ဖမ်းဖို့ ကူညီပေးနိုင်တယ်”
ဤအချက်သည်ပင် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေက်ို စွန့်စားပြီး မိခင်နတ်ဘုရားဂိုဏ်းကို ခီလစ်ဒါ လာရောက်တွေ့ဆုံရသည့် အကြောင်းရင်းပေတည်း။