မတုန်မလှုပ်
Vol. 88 Ch. 878
အရည်အချင်းရှိသော သံတမန်တယောက်ဟူသည် စိတ်ခံစားမှုနှင့်စိတ်အားထက်သန်မှုတို့ကို ထိန်းချုပ်ထားတတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ပြဿနာတခုကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခြင်းဟူသည် မိမိ၏ စိတ်ခံစားချက်များကို စီမံခန့်ခွဲခြင်းမှာ လာသည်မဟုတ်ပဲ အခွင့်အရေးတခုကို ရယူနိုင်ခြင်းမှသာ ပေါ်ပေါက်လာတတ်သောကြောင့်ပေတည်း။
ကောင်းကင်နိုင်ငံတော်၏ မျက်လုံးထဲတွင် ခီလစ်ဒါသည် အကြမ်းဖက်သမားတယောက်ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ သို့သော် ခီလစ်ဒါအဖို့ကတော့ သူသည် သူ့မျိုးနွယ်စု၏ ရှေးအတီတေဆီမှ ခမ်းနားကြီးကျယ်မှုများကို ပြန်လည်အသက်သွင်းရန် အိပ်မက်မက်နေသူတယောက်ဟုသာ ယူဆထား၏။ အကြမ်းဖက်သမားအများစုသည် သူတို့၏ စံနှုန်းများနှင့်သတ်မှတ်ချက်များကို ယုံကြည်ထားကြ၏။ သို့မဟုတ်လျင် အစကတည်းက သူတို့အနေနှင့် အကြမ်းဖက်သမားများ ဖြစ်လာမည်မဟုတ်ချေ။
ကမ္ဘာဦးမတိုင်မီသားရဲကြီးကို သုံးကာ ကံကြမ္မာလက်ချောင်းများကို ဖျက်ဆီးခဲ့သည့်လုပ်ရပ်အတွက် ခီလစ်ဒါသည် စုချန်းကို အသည်းအသန် မုန်းတီးခဲ့၏။ ဒေါသထွက်လွန်း၍ သူ ရူးမတတ်ပင်ဖြစ်ခဲ့ရ၏။
သို့သော် အချိန်အတော်ကြာပြီးနောက် ခီလစ်ဒါ၏ ဒေါသများသည်လည်း အနယ်ထိုင်သွားခဲ့လေသည်။ သူသည်လည်း မူလအတိုင်း စဥ်းစားတွေးခေါ်နိုင်သူတယောက် ပြန်ဖြစ်လာခဲ့၏။
ထို့နောက်တွင်တော့ ကံကြမ္မာလက်ချောင်းများအဖွဲ့ ပြိုကွဲသွားပြီးနောက် သူ့ရှေ့ရေးကို ခီလစ်ဒါ ပြန်လည်တွေးတောမိလာတော့သည်။
သူ့အိပ်မက်များကို ဤပုံစံအတိုင်း လက်လျှော့သင့်ချေပြီလား။
ခီလစ်ဒါ မည်သို့မှ လက်လျှော့လိုစိတ်မရှိ။
စစ်မှန်သော စစ်သည်တော်တယောက်သည် ဘယ်သောအခါမှ အလွယ်တကူ လက်မလျှော့တတ်ချေ။ တကြိမ် ရှုံးနိမ့်သွားခဲ့လျင် နောက်တကြိမ် ပြန်လည်ကြိုးစားသင့်သည် မဟုတ်ပါလား။
ကံကြမ္မာလက်ချောင်းများအဖွဲ့ကား ပြိုကွဲသွားလေပြီ။ သို့သော် ၎င်းမှာ အရေးမကြီး။ သူရှိနေသေးပေသည်။
သူ အသက်ရှင်နေသရွေ့ ကံကြမ္မလက်ချောင်းများအနေနှင့် နောက်တကြိမ် ပြန်လည်ရှင်သန်လာရန် အခွင့်အရေး ရှိနေသေး၏။ သို့မဟုတ်ပဲအနာဂတ်တွင် ပိုမိုကောင်းမွန်သော အခြေအနေမျိုးကိုလည်း ပိုင်ဆိုင်ကောင်းပိုင်ဆိုင်လာနိုင်သေး၏။
မှန်ပါသည်။ သူတို့အနေနှင့် ပိုမိုကောင်းမွန်သော အခြေအနေမျိုးကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိနေသည်မှာ အမှန်ပင်။
ဟဲယွန်လေစီးကြောင်းသည် ဤကိစ္စရပ်များအားလုံးကို ဖြစ်ပျက်စေခဲ့သည့် အကြမ်းဖက်သမားတဦးဖြစ်သည်။ သူသည် ကံကြမ္မာလက်ချောင်းများကို ပျက်စီးစေခဲ့သော်ငြား သူကြောင့်ပင် ကံကြမ္မာလက်ချောင်းများအတွက် နောက်ထပ်အခွင့်အရေးတခုက်ို ဖြစ်တည်စေခဲ့ပေသည်။
အကြောင်းမှာ ဟဲယွန်လေစီးကြောင်းကြောင့် ခီလစ်ဒါသည် ကောင်းကင်နိုင်ငံနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် အခွင့်အရေးရရှိလာခဲ့သည်မဟုတ်တုံလော။
အနာဂတ်တွင် ကံကြမ္မာလက်ချောင်းများအဖွဲ့အနေနှင့် ကောင်းကင်နိုင်ငံ၏ ရန်သူအဖြစ် ရှုမြင်ခံရခြင်းမရှိသော အခြေအနေမျိုးသို့ ရောက်ရှိကောင်းရောက်ရှိလာနိုင်၏။ ထိုအစား သူတို့အဖွဲ့သည် သတ်ဖြတ်သူနယ်မြေရှိ ရှင်သန်ထမြောက်ခြင်းတံခါးပေါက်ကဲ့သို့ လူပျံတော်များနှင့် ဆက်သွယ်အလုပ်လုပ်နိုင်မည့် အဖွဲ့အစည်းတခု ဖြစ်လာနိုင်ပေသည်။
ဤအတိုင်းသာဖြစ်လာခဲ့လျင် ကံကြမ္မာလက်ချောင်းများအဖွဲ့သည် အဆိပ်တထောင်တောင်တွင် သီးသန့်နေထိုင်ရန် မလိုတော့ချေ။
၎င်းမှာ ကံကြမ္မာလက်ချောင်းများအဖွဲ့အတွက် အခွင့်အရေးကြီးတရပ်ပေတည်း။
ဖျက်ဆီးမှုမရှိလျင် တည်ဆောက်မှုဟူသည် မရှိနိုင်။ သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်ရာမှ အမတနိဗ္ဗာန်ဟူ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤသို့နှင့် စုချန်းကို လိုက်လံဖမ်းဆီးနေသော ကာလတလျှောက် ခီလစ်ဒါ၏ အတွေးများသည် ပို၍ ပြတ်သားရှင်းလင်းလာ၏။ သူသည် ရှေ့ရေးအတွက် အစီအစဥ်တခုကို စတင်အကောင်အထည်ဖော်ရန် ဟန်ပြင်နေခဲ့လေပြီ။
အစီအစဥ်၏ ပထမခြေလှမ်းမှာ မိခင်နတ်ဘုရားမဂိုဏ်းနှင့် လက်တွဲရန်ပင် ဖြစ်သည်။ သို့သော် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများကို စည်းရုံးဖို့ဟူသည်မှာ လွယ်ကူသောကိစ္စတော့ မဟုတ်ချေ။
“မဟာမိတ်ဖွဲ့မယ် ဟုတ်လား”
ခီလစ်ဒါ၏ စကားက်ိုကြားသည်နှင့် အလွန်ရယ်စရာကောင်းသည့် ဟာသတခု ကြားလိုက်ရသလို ဘုန်းတော်ကြီးများ ဟားတိုက်ရယ်မောကြတော့သည်။
ကောင်းကင်နိုင်ငံ၏ အလိုရှိဆုံး ရာဇဝတ်သားက သူတို့နှင့် မဟာမိတ်ဖွဲ့ဖို့ အဆိုပြုနေသည် ဆိုပါကလား။ ဤစကားမှာ ရယ်ဖွယ်ရာကောင်းလွန်းလှ၏။
ခီလစ်ဒါက ခပ်တည်တည်နှင့် ပြောလိုက်လေသည်။
"ဟုတ်တယ် မဟာမိတ်ဖွဲ့ရလိမ့်မယ် ကျုပ်တို့ မဟာမိတ်ဖွဲ့မှသာ ဟဲယွန်လေစီးကြောင်းကို ဖမ်းနိုင်လိမ့်မယ် ခင်ဗျားတို့ ကျုပ်စကားကိုမယုံရင် အရင်ဆုံး ဒီကောင့်ကို လိုက်ဖမ်းကြည့်စမ်းပါအုံးလေ”
“ကျွန်မတို့ ဖမ်းမမိရင်တောင် ရှင်နဲ့တော့ မဟာမိတ်မဖွဲ့ဘူး ကောင်းကင်နိုင်ငံဟာ ရန်သူလူပျံတော်တယောက်ကို ဖမ်းဖို့အတွက် နောက်ရန်သူလူပျံတော်တယောက်နဲ့ ဘယ်တော့မှ မဟာမိတ်မဖွဲ့ဘူး”
အိပ်မက်ကြာပန်းသရဖူက အတိအလင်းပင် ကြေငြာလိုက်၏။
ခီလစ်ဒါကား အမူအရာပင်် မပျက်ချေ။
"ပထမဆုံးအနေနဲ့ ခင်ဗျားဟာ မိခင်နတ်ဘုရားမဂိုဏ်းကိုပဲ ကိုယ်စားပြုတယ် ကောင်းကင်နိုင်ငံကို ကိုယ်စားမပြုပါဘူး အရှင်မင်းကြီးထာဝရညကသာ ကောင်းကင်နိုင်ငံရဲ့ဘုရင်ဖြစ်တယ် ဒါ့အပြင် ကျုပ်ဟာလဲ ရန်သူလူပျံတော်တယောက်မဟုတ်ဘူး ကျုပ်ဟာ အာကင်းနစ်တယောက် လူပျံတော်မဟုတ်တဲ့အတွက် လူပျံတော်တွေကို သစ္စာဖောက်တယ်ဆိုတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူး နောက်တချက်ပြောရရင် ကံကြမ္မာလက်ချောင်းများအဖွဲ့ဟာ ပြိုကွဲသွားပြီ ခင်ဗျားတို့ အချိန်အတော်ကြာအောင် ချေမှုန်းချင်နေခဲ့တဲ့ ကံကြမ္မာလက်ချောင်းများအဖွဲ့ဟာ သားရဲကြီးတကောင်ကြောင့် အပြီးအပိုင် ပြိုကွဲသွားခဲ့ပါပြီ"
အထက်ပါအတိုင်း ပြောနေရင်း ခီလစ်ဒါ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။ ထိုမျက်ရည်များမှာ အတုအယောင်မဟုတ်။ စစ်မှန်သောမျက်ရည်များ ဖြစ်သည်။ သူနှစ်ပေါင်းများစွာ ရုန်းကန်ရင်း တည်ဆောက်ခဲ့ရသောအဖွဲ့တဖွဲ့ ပြိုကွဲသွားခြင်းဖြစ်လေရာ ခီလစ်ဒါ ဝမ်းနည်းမနေပဲ မည်သို့ နေနိုင်မည်နည်း။
ခီလစ်ဒါကိုကြည့်ရင်း အိပ်မက်ကြာပန်းသရဖူးပင် စိတ်ထိခိုက်သွား၏။ ဤအချိန်တွင် ခီလစ်ဒါ၏ ခံစားချက်ကို သူမ အပြည့်အဝ နားလည်၏။ အကြောင်းမှာ ကောင်းကင်နိုင်ငံသည်ပင် ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ ခြိမ်းခြောက်မှုကို ခံနေရပြီ မဟုတ်ပါလား။
ခီလစ်ဒါက ဆက်ပြောလိုက်ပြန်သည်။
"နောက်ဆုံးအချက်ကတော့ သားရဲကြီးပဲ ခုဆိုရင် ကမ္ဘာဦးမတိုင်မီသားရဲကြီးဟာ ဒီဘက်ကို ဦးတည်လာနေပြီ အဆိပ်တထောင်ဖားကြီးဆိုတာ အလွန်အဆိပ်ပြင်းတယ် ဒီကောင် သူ့ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ် ဒီမယ် အိပ်မက်ကြာပန်းသရဖူ... အဆိပ်တထောင်တောင်မှာရှိတဲ့ အဆိပ် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ခင်ဗျားလဲသိပါတယ် ဒါ ခင်ဗျားတို့ ဖြေရှင်းနိုင်မဲ့ ပြသနာမျိုး မဟုတ်ဘူး ဒီသားရဲကြီးသာ ကောင်းကင်နိုင်ငံနဲ့ အနီးဆုံးနေရာကို ရောက်လာမယ်ဆိုရင်”
အိပ်မက်ကြာပန်းသရဖူနှင့်ဘုန်းတော်ကြီးများ အားလုံး ထိတ်လန့်ကုန်ကြ၏။
အဆိပ်တထောင်ဖားကြီးသာ ကောင်းကင်နိုင်ငံကို ရောက်လာခဲ့လျင် ရလဒ်မှာကား မတွေးဝံ့စရာပင်။ ဖားကြီးအနေနှင့် မြို့ကိုပင် ဖျက်ဆီးစရာမလို။ အနီးအနားတွင် အဆိပ်များ ပန်းထုတ်လိုက်သည်နှင့် ကောင်းကင်မြို့တော်တမြို့လုံး ချက်ချင်းဆိုသလို သရဲမြို့တမြို့ ဖြစ်သွားပေလိမ့်မည်။
ခီလစ်ဒါ၏ အသံ ထပ်မံထွက်ပေါ်လာသည်။
"ကျုပ်မှာ အဆိပ်တထောင်ဖားကြီးရဲ့အဆိပ်တွေကို ကာကွယ်နိုင်တဲ့ ဆေးတမျိုး ရှိတယ် သူထုတ်လွှတ်တဲ့ အဆိပ်အားလုံးကို မကာကွယ်နိုင်ရင်တောင် အများစုကိုတော့ ဒီဆေးက ကာကွယ်နိုင်တယ် ဒီတော့ အဲဒီဆေး၊ ကျုပ်တို့ရဲ့စုပေါင်းအင်အား၊ ကောင်းကင်မြို့တော်ရဲ့ စွမ်းအားတွေပေါင်းလိုက်ရင် အဲဒီသားရဲ မြို့ကို မရောက်ခင်မှာ ကျုပ်တို့အနေနဲ့ သူ့ကို သတ်နိုင်လိမ့်မယ်"
ခီလစ်ဒါ ပိုင်ဆိုင်ထားသည့် ဆေးသည် သူ၏ အကြီးမားဆုံး အားသာချက်ပင်။
ဤအနေအထားတွင် ခီလစ်ဒါသည် လူပျံတော်များနှင့် အပေးအယူလုပ်နိုင်သည့် တဦးတည်းသောသူ ဖြစ်လာတော့သည်။
အိပ်မက်ကြာပန်းသရဖူအနေနှင့် စုချန်းကို ကိုင်တွယ်ဖို့ ခီလစ်ဒါ၏ အကူအညီကို မလိုချင်ပေ။ သို့သော် ခီလစ်ဒါလက်ထဲရှိ ဆေးကို လိုအပ်သည်မှာ အမှန်ပင်။
အဆိပ်တထောင်ဖားကြီး၏ အန္တရာယ်က ကြောက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။
အထက်ပါအတိုင်း တွေးမိသည့်ခနမှာပင် ခီလစ်ဒါနှင့် မလွဲမသွေ ညှိနှိုင်းရတော့မည်မှန်း အိပ်မက်ကြာပန်းသရဖူ သဘောပေါက်လိုက်၏။ ထိုအခါ ခီလစ်ဒါအား သတ်ဖြတ်ချင်စိတ်များလည်း ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော် ဟန်ကိုယ့်ဖို့အနေနှင့် သူမသည် ခီလစ်ဒါကို အေးစက်စက်အကြည့်နှင့် စိုက်ကြည့်နေဆဲပင်။
သို့သော် အိပ်မက်ကြာပန်းသရဖူ၏ အတွေးကို မရိပ်စားမိကြသော ဘုန်းတော်ကြီးများကား ခီလစ်ဒါကို သတ်ပစ်ရန် အော်ဟစ်တောင်းဆိုနေကြလေသည်။
အိပ်မက်ကြာပန်းသရဖူက ၎င်းတို့ကို ဂရုမစိုက်ပဲ ခီလစ်ဒါက်ို မေးလိုက်၏။
"ရှင် ဘာကိုလိုချင်တာလဲ တိတ်ိကျကျ ပြောပါ”
သို့သော် ခီလစ်ဒါက ခေါင်းခါပြလိုက်၏။
“ကျုပ်လိုချင်တဲ့အရာကို အခုချိန်မှာ ခင်ဗျား မပေးနိုင်ပါဘူး ကျုပ်အနေနဲ့ ခင်ဗျားရဲ့ သဘောတူညီချက်နဲ့ အရှင်မင်းကြီးထာဝရညရဲ့ သဘောတူညီချက် နှစ်မျိုးလုံး လိုအပ်နေတယ်”
“ရှင်..…”
အိပ်မက်ကြာပန်းသရဖူ ဒေါသထွက်လွန်း၍ ကတုန်ကယင် ဖြစ်သွား၏။
တကယ်လည်း ခီလစ်ဒါထံတွင် တောင်းဆိုစရာ အများအပြား ရှိနေ၏။ထို့ကြောင့် မိခင်နတ်ဘုရားဂိုဏ်းချုပ်သည်ပင် တချို့ဆုံးဖြတ်ချက်များကို အဖြေပေးနိုင်လိမ့်မည်မဟုတ်။
သို့သော် ၎င်းမှာ တကယ်တမ်းတွင် အရေးမကြီးလှချေ။
ခီလစ်ဒါနှင့် မည်သည့်သဘောတူညီချက်မျိုးကို ယူလိုက်ရသည်ဖြစ်စေ သမိုင်းတွင် ဤဖြစ်ရပ်မှာ အရှက်ရစရာ တခုအဖြစ် သမိုင်းဝင်သွားပေတော့မည်။
မှန်ပါသည်။ အရှက်ရစရာ သမိုင်းမှတ်တမ်းတခုပေတည်း။
မည်မျှခက်ခဲသော အခြေအနေများနှင့် ကြုံရစေကာမူ အကြမ်းဖက်သမားတယောက်နှင့် မဟာမိတ်ဖွဲ့ခြင်းအတွက် သမိုင်းမှတ်တမ်းစာအုပ်များတွင် လှောင်ပြောင်ခြင်းခံရပေလိမ့်မည်။
သူမသည် သူမ၏ မျိုးစိတ်အတွက် ထိုလုပ်ရပ်ကို တာဝန်ခံရန် ဆန္ဒရှိသော်ငြားသမိုင်းဆရာများကတော့ သူမကို ဂုဏ်ယူဖွယ်လုပ်ရပ်တခု ဆောင်ရွက်ခဲ့သည်ဟု ရေးလိမ့်မည်မဟုတ်။
သို့ဆိုလျင် ထိုအမှားမျိုးကိုတာဝန်ခံရန် သူမတွင် အဖော်တယောက်ရှိခြင်းမှာ ပို၍ကောင်းသည်မဟုတ်ပါလား။
အထက်ပါအတိုင်းတွေးရင်း နောက်ဆုံးတွင် အိပ်မက်ကြာပန်းသရဖူက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ ကျွန်မတို့ အရှင်မင်းကြီးထာဝရညနဲ့ အခုပဲ တွေ့ဆုံခွင့်တောင်းခံလိုက်ပါမယ်”
“ကောင်းပြီ”
ထိုအဖြေကိုကြားလိုက်ရသည့်နောက် ခီလစ်ဒါ သက်ပြင်းရှည်ကြီးချမိလိုက်၏။
ယခုတော့ အစီအစဉ်၏ သုံးပုံတစ်ပုံကို ပြီးမြောက်ခဲ့ချေပြီတည်း။
ထိုအချိန်မှာပင် မိခင်နတ်ဘုရားဂိုဏ်းဝင်တချို့ အပြေးအလွှားနှင့် ရောက်လာကြ၏။ ထို့နောက် သူတို့အားလုံး အိပ်မက်ကြာပန်းသရဖူရှေ့တွင် ဒူးထောက်လိုက်ကြလေသည်။
“ဂိုဏ်းချုပ်ကြီး ဂိုဏ်းမှာ ဘေးအန္တရာယ်ကြီး ကျရောက်ကုန်ပါပြီ"
“ပြော”
သူတို့ ဘာပြောမည်ကိုကြိုသိထားသော အိပ်မက်ကြာပန်းသရဖူ၏ အမူအရာမှာ စိတ်အေးလက်အေး ရှိလှ၏။
“ဟဲယွန်လေစီးကြောင်း ကျွန်တော်တို့ရဲ့သိုလှောင်ရုံ လုယက်သွားခဲ့ပါတယ်”
“နားလည်ပြီ”
အိပ်မက်ကြာပန်းသရဖူ ခေါင်းညိတ်ပြလိုက်၏။
ဒီကောင်လေးက တကယ်ပဲ ဒါကို လုပ်ခဲ့တယ်ဆိုပါတော့..ပြီးတော့ လူယုတ်မာခီလစ်ဒါက သူ့အတွက် အချိန်ဆွဲပေးခဲ့တယ်...
အိပ်မက်ကြာပန်းသရဖူက ခီလစ်ဒါကို ဒေါသတကြီးနှင့် လှမ်းကြည့်လိုက်၏။
ခီလစ်ဒါကတော့ သူဘာမှမသ်ိထားသည့်အမူအရာဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေလေသည်။
သူ့စိတ်ကူးကို အိပ်မက်ကြာပန်းသရဖူ သိထားပြီးမှန်း သူ ကနဦးကတည်းက နားလည်ခဲ့ပြီးလေပြီ။
သာမာန်တွင် တိုက်ပွဲဆင်နွဲရမည့်အခြေအနေမျိုးဖြစ်သော်လည်း ယခုတော့ နှစ်ဖက်လုံးက မသ်ိဟန်ဆောင်နေကြ၏။ အကြောင်းမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးကြောင့်ပင် ဖြစ်သည်။ ဤသားရဲကြီး ရောက်ရှိလာခြင်းသည် ကျန်အခြေအနေမှန်သမျှကို သေးသိမ်မှုန်မွှားသွားစေ၏။ သာမာန်သိုလှောင်ရုံတခုကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။
ဟဲယွန်လေစီးကြောင်းကို ဖမ်းမိနိုင်ရန်သာလိုသည်။ သူ့ကိုဖမ်းမိခဲ့လျင် သူတို့ဆုံးရှုံးခဲ့သော အရာမှန်သမျှကို ပြန်လည်ရရှိပေလိမ့်မည်။
အိပ်မက်ကြာပန်းသရဖူ၏ အမူအရာကိုကြည့်ရင်း အပြေးတပိုင်း သတင်းလာပို့သည့် ဂိုဏ်းဝင်များ အံ့သြသင့်နေကြ၏။
ထိုအခါ အိပ်မက်ကြာပန်းသရဖူက ရှင်းပြလိုက်လေသည်။
“သိုလှောင်ရုံ လုယက်ခံရတာ စိတ်ပူနေစရာမလိုပါဘူး မိခင်နတ်ဘုရားမရဲ့အလင်းဟာ သူခိုးကို ဖော်ထုတ်ပေးလိမ့်မယ် သူ့ကို ကျွန်မတို့ဖမ်းနိုင်ပြီဆိုရင် သူယူသွားတဲ့ရတနာမှန်သမျှကို ကျွန်မတို့ ပြန်ရမှာပဲလေ"
“ဂိုဏ်းချုပ်ကြီးပြောတာ မှန်ပါတယ်”
ဂိုဏ်းဝင်များကား သဘောတူနိုင်ရုံသာ ရှိတော့၏။
“ဟုတ်ပြီ ဒါဆို တခြားအထိအခိုက်အပျက်အစီးတွေ ရှိသေးလား"
“ဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောက်စိမ်းမွှေးရနံ့အပါအဝင် ပင်မဘုရားကျောင်း အစောင့်အားလုံး သေဆုံးကုန်ပါပြီ"
အိပ်မက်ကြာပန်းသရဖူ သက်ပြင်းချလိုက်သည်။
“ကျောက်စိမ်းမွှေးရနံ့ သေဆုံးတာ ကျွန်မရဲ့အပြစ်မကင်းဘူး"
သူမကိုယ်တိုင်ကပင် ဟဲယွန်လေစီးကြောင်းကို သိုလှောင်ရုံသို့လိုက်ပို့ရန် ကျောက်စိမ်းမွှေးရနံ့အား အမိန့်ပေးခဲ့သည် မဟုတ်ပါလား၏။ ထို့ကြောင့် သူမသေဆုံးသည့်သတင်းမှာ သူမအတွက် အံ့အားသင့်စရာ မဟုတ်ချေ။
ဟင်...ဒါနဲ့...နေပါအုံး...
ပင်မဘုရားကျောင်းရဲ့ အစောင့်တွေအားလုံး....
ဒါ ဘယ်လိုဖြစ်ရတာလဲ...
အိပ်မက်ကြာပန်းသရဖူ မျက်မှောင်ကုတ်ရင်း ချက်ချင်းမေးခွန်းထုတ်လိုက်၏။။
“ဘာလို့ ပင်မဘုရားကျောင်းရဲ့ အစောင့်တွေပါ သေကုန်တာလဲ”
ဂိုဏ်းဝင်များက အောက်ပါအတိုင်း တင်ပြလိုက်၏။
“ဘာဖြစ်လို့လဲဆိုတော့ ဟဲယွန်လေစီးကြောင်းက ပင်မဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ပါ ဂိုဏ်းချုပ်ကြီး သိုလှောင်ရုံကို လုယက်ပြီးတာနဲ့ သူ ပင်မဘုရားကျောင်းကို သွားပြီး နတ်ဘုရားသားမွှေးတောင်ကို ခိုးယူသွားခဲ့ပါတယ် အစောင့်တွေကိုလဲ သတ်သွားပါတယ် ဒါတင်မကသေးဘူး မိခင်နတ်ဘုရားမရဲ့ ရုပ်တုကိုပါ ဖျက်ဆီးပစ်ခဲ့ပါတယ်”
“ဘာ...ဘာပြောလိုက်တယ်"
အိပ်မက်ကြာပန်းသရဖူ၏ အသံ ရုတ်ချည်းကျယ်လောင်လာ၏။
မေးခွန်းအားဖြေလိုက်သူဂိုဏ်းဝင်က လုံးဝသတိမမူမိပဲ ထပ်မံပြောလိုက်ပြန်သည်။
“ဟဲယွန်လေစီးကြောင်းဟာ ပင်မဘုရားကျောင်းရဲ့ အစောင့်အားလုံးကို သတ်ပြီး နတ်ဘုရားသားမွှေးတောင်ကို ခိုးသွားပါတယ် ပြီးတော့ မိခင်နတ်ဘုရားမရုပ်တုကိုပါ ဖျက်ဆီးပစ်ခဲ့ပါတယ်”
ဝုန်း!!!
အိပ်မက်ကြာပန်းသရဖူ၏ လက်သီးချက်ကြောင့် ထိုဂိုဏ်းဝင် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။
တချိန်တည်းမှာပင် သူမပါးစပ်မှ သွေးများ ပွက်ခနဲ အန်ချလိုက်လေသည်။
မူလစွမ်းအင်ပြန်ကန်အားကြောင့် အိပ်မက်ကြာပန်းသရဖူ ဒဏ်ရာရရှိသွားလေပြီ။