ရတနာများ
Vol. 88 Ch. 879
စုချန်းသည် ရှေ့သို့တဟုန်ထိုး ပျံသန်းနေ၏။ ထိုသို့ပျံသန်းနေသည့်တိုင် မိခင်နတ်ဘုရားမဂိုဏ်းမှ ရရှိခဲ့သည့် ရတနာများကို ပြန်လည်ဆန်းစစ်ရန်ကိုတော့ စုချန်း မေ့လျော့နေခြင်းမရှိချေ။
အကြောင်းမှာ သူ့အနေနှင့် လုယက်ခဲ့သည့် ပစ္စည်းများကို အသေးစိတ်စစ်ဆေးရန် အချိန်ရရှိနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။
မိခင်နတ်ဘုရားမရုပ်တုထဲမှ ရရှိခဲ့သော ရတနာများမှာ သိပ်များများစားစားမရှိ။ နတ်ဘုရားသားမွှေးတောင်များအပြင် တခြားရတနာပစ္စည်း၅မျိုးသာ ဖြစ်သည်။
ပထမတမျိုးမှာ အလင်းရောင်အားလုံးကို စုပ်ယူနိုင်ပုံရသည့် သတ္တုတုံးတတုံးပင် ဖြစ်သည်။
စူးချန်သည် ထိုသတ္တုအား အချိန်အတော်ကြာ ဂရုတစိုက် စစ်ဆေးကြည့်သည့်တိုင် မည်သည့်အရာမှန်း ရေရေရာရာ မသိနိုင်ပဲ ဖြစ်နေ၏။ ထိုအခါ သူက ပိတ်လော့ကိုခေါ်ကာ ထိုသတ္တုအကြောင်း ပြောပြလိုက်တော့သည်။
အနှီသက်ကြီးရွယ်အို ပုဂ္ဂိုလ်သည် ဤကမ္ဘာလောကကြီးတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပေပြီ။ ထို့ကြောင့် သူ့ဗဟုသုတမှာ နှယ်နှယ်ရရ မဟုတ်ချေ။
ခေတ္တ စဉ်းစားပြီးနောက် ပိတ်လော့က စုချန်းကို ပြောလိုက်၏။
“သခင်ပြောပြတဲ့အချက်အလက်တွေနဲ့ကိုက်ညီတဲ့ သတ္တုတွေ အများကြီးရှိတယ် ဒါပေမဲ့ မိခင်နတ်ဘုရားမဂိုဏ်းက သာမန်သတ္တုတစ်မျိုးကိုတော့ ဒီလောက်အချိန်အကြာကြီး ထိန်းသိမ်းထားမှာ မဟုတ်ဘူး ဒါကြောင့် ကျုပ်စိတ်ထင် ဒီသတ္တုဟာ ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ကြယ်သတ္တု ဖြစ်လိမ့်မယ်လို့ထင်တယ်”
“ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ ကြယ်သတ္တု ဟုတ်လား အဲဒါ ဘာလဲ”
“ကျုပ် သိထားသလောက်ကတော့ ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ကြယ်သတ္တုကို ရှေးဦးသက်ရှိတွေက ထုတ်လုပ်ခဲ့တာတဲ့ အဲဒီစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေဟာ ကြယ်တွေကို သတ္တုအဖြစ် ပြန်လည်ပြုပြင်နိုင်တယ်လို့ ဆိုရိုးရှိဖူးတယ်”
“ကြယ်တွေကို ပြန်လည်ပြုပြင်နိုင်တယ် ဟုတ််လား”
ထိုစကားကို ကြားလိုက်ရ၍ စုချန်း အတော်လေး အံ့အားသင့်သွား၏။
လက်ရှိကမ္ဘာကြီးတွင် တစုံတဦး အဝေးဆုံးသွားလာနိုင်သည့်အကွာအဝေးမှာ ကီလိုမီတာတစ်ထောင်ထက်မပိုချေ။ ထိုမျှလောက်အကွာအဝေးသို့ သွားလာနိုင်လျင်ပင် အံ့မခန်းစွမ်းဆောင်ရည်အဖြစ် သတ်မှတ်ခံထားရလေပြီ။ထို့ကြောင့် အာကင်နာနိုင်ငံတော်ကဲ့သို့ ရှေးလူများနှင့် နှိုင်းယှဉ်လျင် လက်ရှိခေတ်၏ တိုးတက်ထွန်းကားမှုမှာ အတော်လေး နိမ့်ကျနေသေးသည်ဟု ဆိုနိုင်ပေသည်။
ဆိုလိုသည်မှာ မူလကမ္ဘာကြီး၏ နှစ်ထောင်ချီသမိုင်းတစ်လျှောက်တွင် သက်ရှိများ၏ပျမ်းမျှဉာဏ်ရည်သည် မြင့်မားလာခဲ့သော်လည်း တကယ့်စွမ်းအားကတော့ နိမ့်ကျလာခဲ့သည်ဟု ဆိုလိုနေခြင်းပင်။
ဥပမာပေးရလျင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဤလမ်းကြောင်းမျိုးနှင့် အတိုင်းသား ဆန့်ကျင်နေ၏။ လူသားတို့သည် ရှေးယခင် လုံးဝမကျင့်ကြံနိုင်သည့် အနေအထားမှ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဦးစွာ တက်လှမ်းနိုင်ခဲ့ကြ၏။ ထိုမှတစ်ဆင့် ယနေ့ခေတ်တွင် အနှိုင်းမဲ့ကျင့်ကြံခြင်းနယ်ပယ်သို့တိုင် လူသားများ ရောက်ရှိလာနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသို့သော ကျင့်ကြံခြင်းလမ်းကြောင်းသည် လူသားများ ယနေ့ကမ္ဘာကြီးတွင် နေထိုင်သည့် အဓိကမျိုးစိတ်ကြီးငါးစိတ်အနက် တစိတ်ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းများအနက် တခုဟု ဆိုနိုင်၏။
သို့သော် ရှေးခေတ်ညဏ်ရည်မြင့်သက်ရှိများ၏ တိုးတက်ထွန်းကားခြင်းအဆင့်သို့ ရောက်ရှိရန်မှာကား လူသားများအဖို့ များစွာဝေးကွာနေသေးပေသည်။
ကြယ်များကို ပြန်လည်ပြုပြင်ခြင်း။
ဤအရာမှာ စုချန်းလိုလူစားမျိုးအတွက်ပင် စိတ်ကူး၍ပင်မရနိုင်။
“ဟုတ်တယ် ဒါပေမဲ့ သူတို့ တကယ်ပဲ ကြယ်တွေကို သတ္တုအဖြစ် ပြုပြင်ခဲ့သလားဆိုတာတော့ ကျုပ် အသေအချာ မသိဘူးသခင် ဒါပေမဲ့ ဒီသတ္တုရဲ့ ခိုင်မာမှုနဲ့ ခံနိုင်ရည်ဟာ ဒီလိုသမိုင်းနောက်ခံနဲ့ ထိုက်တန်အောင် ရှာမှရှားဖြစ်နေရမယ်”
ပိတ်လော့က ထပ်ပြောလိုက်ပြန်၏။
“ဒါပေမဲ့ သတ္တုက အလေးကြီးဖြစ်နေရမှာမဟုတ်ဘူးလား ခုကျတော့ ဒီသတ္တုဟာ တအားပေါ့ပါးလွန်းနေတယ် ဒါ ဘယ်လိုဖြစ်ရတာလဲ”
စုချန်းက မေးခွန်းထုတ်လိုက်ပြန်၏။
သို့သော် ပိတ်လော့ ဘာမှပြန်မဖြေရသေးခင်မှာပင် အဖြေကို စုချန်း သိရှိသွားလေသည်။
“ခနလေး...ဒီသတ္တုရဲ့ မျက်နှာပြင်မှာ လေဟာနယ်စွမ်းအားတချို့ရှိနေတာကို ကျုပ် ခံစားမိနေတယ် လက်စသတ်တော့ ဒီသတ္တုတုံးကို လေဟာနယ်စွမ်းအားတစ်မျိုးနဲ့ ပိတ်ဆို့ထားတာကိုး ပိတ်လော့ ခင်ဗျားပြောတာ မှန်တယ် ဒီသတ္တုရဲ့ တကယ့် ဒြပ်ထုက ကျုပ်တို့နဲ့ မတူညီတဲ့ လေဟာနယ်တခုမှာ ရှိနေတာဖြစ်လိမ့်မယ် မဟုတ်ရင် ဒီလိုပေါ့နေစရာ အကြောင်းမရှိဘူး ဒါပေမဲ့ ဒီသတ္တုက မတူညီတဲ့ နယ်ပယ်နှစ်မျိုးထဲမှာ ဘယ်လိုလုပ်ပြီး အတူတူရှိနေတာလဲ ပြီးတော့ မူလလက်စွပ်ထဲမှာလဲ အလွယ်တကူ ထည့်ထားလို့ရသေးတယ် အံ့သြစရာပဲပိတ်လော့... ဒါဟာ နက်ရှိုင်းလှတဲ့... လေဟာနယ်သဘာဝစွမ်းအားကို တဖက်ကမ်းခတ်နားလည်ထားလို့ပဲ ဖြစ်ရမယ် ဒီလိုဆိုတော့ ဒီသတ္တုဟာ ရတနာတမျိုးတည်းမှ မဟုတ်တော့တာပဲဗျ သတ္တုတုံးပေါ်မှာ တည်ရှိနေတဲ့ သဘာဝစွမ်းအားဟာ နောက်ထပ်ရတနာတပါး ဖြစ်နေတဲ့သဘောပဲ"
စုချန်း အကြီးအကျယ်စဥ်းစားနေပြီမှန်းသိ၍ ပိတ်လော့က ချိူချိုသာသာပင် သတိပေးလိုက်၏။
"သခင့်အနေနဲ့ ဒီပစ္စည်းကို လေ့လာနိုင်တဲ့အဆင့်ထိ မရောက်သေးဘူးထင်တယ်"
“အိုး ဟုတ်သားပဲ ခင်ဗျားပြောတာ မှန်ပါတယ်"
ပိတ်လော့၏ စကားကြောင့် စုချန်း စိတ်ကူးယဉ်အိပ်မက်မှ လန့်နိုးလာသလို ဖြစ်သွား၏။
“ဟုတ်ပြီ ဒါဆို ပြောစမ်းပါအုံး ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ကြယ်သတ္တုကို တခြားဘယ်နေရာတွေမှာ သုံးလို့ရမလဲ”
" ရှေးခေတ်သက်ရှိတွေကတော့ ကြယ်သတ္တုကို သူတို့လက်နက်တွေ ပုံသွင်းတဲ့နေရာမှာ အသုံးပြုခဲ့ကြတယ် ရှေးဦးသက်ရှိတဦးသာလျင် ဒီသတ္တုကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်တဲ့အတွက် ကျုပ်တို့အနေနဲ့ သတ္တုရဲ့စွမ်းအင်ကို အပြည့်အဝ ထုတ်ယူဖို့ဆိုတာကတော့ တော်တော်ကြီးကို ခက်လိမ့်မယ်သခင်”
"ဒါဆို ကြယ်သတ္တုက ကျုပ်အတွက် အသုံးမဝင်ဘူးတော့ဘူးလား”
ပိတ်လော့၏ စကားကြောင့် စုချန်း စိတ်ပျက်သွား၏။
မှန်ပါသည်။ အကယ်၍ တစုံတရာသည် အကောင်းလွန်နေပါက တစ်ခါတစ်ရံ ၎င်း၏တန်ဖိုးကို အပြည့်အဝ ထုတ်ယူရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
စုချန်းတွင် ယခင်ကတည်းက ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ သွေးနှင့် မူလသားရဲကြီး၏ အဆီအနှစ်တို့ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကို အသုံးပြုရန် မည်သည့်နည်းလမ်းမှ မရှိခဲ့။ ကြည့်ရသလောက် ထိုအုပ်စုထဲသို့ ကြယ်သတ္တုကိုပါ ထပ်မံပေါင်းထည့်ရတော့မည့်ပုံပေါ်နေ၏။
“ဒီစကားက အတိအကျ မှန်ချင်မှလဲ မှန်မယ်သခင်”
ပိတ်လော့ ထပ်ပြောလိုက်သည့်စကားကြောင့် စုချန်း အားတက်သွားပြန်သည်။
“သခင့်ဆီမှာ စီးဆင်းရွှေဓားရှိနေတာပဲ ဟုတ်တယ်မလား"
"ဟေ ကျုပ်က စီးဆင်းရွှေဓားနဲ့ ကြယ်သတ္တုကို စုပ်ယူသင့်တယ်လို့ ခင်ဗျား ပြောနေတာပေါ့ ဟုတ်လား”
စုချန်း အံ့အားသင့်သွားရပြန်သည်။
"ဒါ ဖြစ်နိုင်လို့လား"
စီးဆင်းရွှေဓား၏ စွမ်းအားသည် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှပြီး စုချန်းပိုင်ဆိုင်ထားသည့် လက်နက်များအနက် အပြင်းထန်ဆုံးလက်နက်များထဲမှ တခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်စရာမရှိချေ။
"ဖြစ်နိုင်တာပေါ့သခင် ဒါပေမဲ့ ကြယ်သတ္တုကို အကောင်းဆုံးအသုံးချနိုင်မဲ့နည်းလမ်းကိုသိဖို့အတွက် အချိန်တော့ယူသင့်တယ် ဘယ်လိုပဲနေနေ ဒါဟာ သတ္တုတမျိုးဆိုတော့ အသုံးချနိုင်မဲ့နည်းလမ်းကို သခင် တွေ့ကိုတွေ့မှာပါ"
"ဒါဆို ကြယ်သတ္တုနဲ့ပတ်သက်ပြီး ခင်ဗျားက ကျုပ်ကို ဘာမှမကူညီနိုင်တော့ဘူးပေါ့"
ပိတ်လော့ပြုံးလိုက်၏။
“မူလအရိုးတောင်ဝှေးတချောင်းလုံး ရှိနေသားပဲသခင်ရယ် တခုခု ထူးလာမှာသေချာပါတယ်လေ"
ပိတ်လော့၏ စကားကြောင့် စုချန်း ပြုံးစေ့စေ့ဖြစ်သွား၏။
မှန်ပါသည်။ မူလအရိုးတောင်ဝှေး၏အကူအညီဖြင့် သူ အဖြေတခုကို သေချာပေါက် ရှာတွေ့ပေလိမ့်မည်။
သတ္တုကို သိမ်းဆည်းပြီးနောက် နောက်ထပ်ရတနာတမျိုးကို စုချန်း ထုတ်ယူလိုက်ပြန်သည်။
ထိုရတနာမှာကား ကျောက်စိမ်းတတုံးထဲတွင် တည်ရှိနေသည့် အပင်တပင်ဖြစ်သည်။ ကျောက်စိမ်းတုံးကိုယ်တိုင်ပင် အလွန်တန်ဖိုးရှိပြီး ပျစ်ခဲအဆီကျောက်တုံးဟု လူသိများ၏။ ဤသို့ ကျောက်စိမ်းတုံးထဲတွင် ထည့်သွင်းသိမ်းဆည်းထားသည့် အပင်မျိုးကို ယခင်တကြိမ်ကလည်း စုချန်း မြင်ဖူး၏။ ၎င်းမှာ အနီရောင်နှလုံးသား၏ မြစ်အရင်းအမြစ်မြက်ပင်ပင် ဖြစ်လေသည်။ မြစ်အရင်းအမြစ်မြက်ပင်ကို စုချန်းက အချုပ်အနှောင်မဲ့ဂိုဏ်းတည်ဆောက်ရာတွင် အသုံးချခဲ့၏။
ယခု သူတွေ့နေရသည့် အပင်ကတော့ မြစ်အရင်းအမြစ်မြက်ပင်ထက် ပို၍တန်ဖိုးကြီးမားမည်မှာ မြင်ရုံနှင့်သိသာနေ၏။ ၎င်းသည် နတ်ဘုရားအဆင့် ဆေးဖက်ဝင်ပစ္စည်းဟု စုချန်း သံသယဝင်နေမိလေသည်။
မူလကမ္ဘာကြီးတွင် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးဝါးများကို အဆင့်ငါးမျိုးနှင့် ခွဲခြားထား၏။ ထိုအဆင့်ငါးမျိုးမှာ သာမာန်၊ သာမာန်မဟုတ်၊ရှားပါး၊ဒဏ္ဍာရီလာနှင့်နတ်ဘုရားအဆင့်တို့ ဖြစ်ကြသည်။
သူ လွန်ခဲ့သောနှစ်များစွာက ကုန်ကြမ်းအဖြစ် အသုံးပြုခဲ့သော အလောင်းကောင်ဝိညာဥ်ပန်းများသည် ဒဏ္ဍာရီလာအဆင့် ပါဝင်ပစ္စည်းများ ဖြစ်သည်။ ရှင်သန်ခြင်းကျောင်းတော်သည် ထိုအတွက် အချိန်နှင့် စွမ်းအင်များစွာ စိုက်ထုတ်ခဲ့ရ၏။ သို့တိုင်အောင် အလောင်းကောင်ဝိညာဥ်ပန်းတချို့တလေသာလျင် ရရှိနိုင်ခဲ့၏။
ထို့ကြောင့် နတ်ဘုရားအဆင့်ဆေးဖက်ဝင်ပစ္စည်းများမှာ လက်ရှိခေတ်တွင် ရရှိရန်မဖြစ်နိုင်သလောက် ရှားပါးသွားခဲ့လေပြီ။
သို့သော် ဤသို့အရင်းအမြစ်များကို ရှာဖွေရန် မျှော်လင့်နိုင်သည့် တနေရာတော့ ကျန်နေသေး၏။ ၎င်းမှာ သားရဲနယ်မြေများ၏အနက်ရှိုင်းဆုံး၊ အတွင်းဘက်အကျဆုံး တောနက်ကြီးများထဲမှာပင် ဖြစ်သည်။ အဆိုပါတောနက်ကြီးများထဲတွင် တန်ဖိုးကြီးအရင်းအမြစ်များစွာ သဘာဝအတိုင်း ကျန်ရှိနေနိုင်သေး၏။ ဉာဏ်ရည်မြင့်မျိုးစိတ်များ အဆိုပါနေရာများကို မဖျက်ဆီးနိုင်သေးသည်မှာလည်း သားရဲကြီးများကြောင့်ပင်။
လူပျံတော်များ ဤအပင်ကို မည်သို့ရခဲ့ကြောင်း စုချန်း မသိ။ သို့သော် ၎င်းအပင်သည် နတ်ဘုရားအဆင့်ဆေးဖက်ဝင်ပစ္စည်းဟု သူ တထစ်ချယုံကြည်ထား၏။
“ဒီအပင်ကတော့ လမင်းရွှန်းလဲ့အပင် ဖြစ်နိုင်တယ်”
စုချန်း၏ စကားကိုနားထောင်ပြီး ပိတ်လော့ မြန်မြန်ဆန်ဆန်ပင် ကောက်ချက်ချလိုက်သည်။
“သူ့မျက်နှာပြင်မှာ သခင် ဘယ်လိုပဲလှုပ်လှုပ် ဖယ်လို့မရတဲ့ ရေစက်တစက် ရှိနေသလား"
“ဟုတ်တယ် ရှိနေတယ်”
စုချန်းက သူ့လက်ထဲမှ အပင်ကို လှုပ်ခါလိုက်ရင်း ပြောလိုက်၏။ တကယ်လည်း အပင်မျက်နှာပြင်တွင် မြဲမြံစွာ တည်ရှိနေသည့် နှင်းစက်တစက် ရှိနေ၏။
ထိုအခါ ပိတ်လော့က အောက်ပါအတိုင်း ရှင်းပြလိုက်၏။
“အဲဒါ ရေမဟုတ်ဘူး လနှင်းရည်ပဲသခင် ဒီအပင်ကို လတိုင်းလိုလို ညဘက်ရောက်ရင် လရောင်အောက်မှာ ထားပြီး လရောင်ကို စုပ်ယူခိုင်းရတယ် ရက်တရာလောက်ကြာရင် သူက လနှင်းရည်တစက်ကို ထုတ်လုပ်ပေးလိမ့်မယ် ပြီးရင် နောက်ထပ်ရက်တရာလောက် ထပ်စောင့်ရတယ် ဒီတော့ သခင်ထင်တာအမှန်ပဲ လနှင်းရည်ဟာ နတ်ဘုရားအဆင့်ဆေးဝါးတချို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတမျိုးပဲ”
“ဒီတော့ ဒီအပင်က အချိန်သဲနာရီနဲ့ အတူတူပဲပေါ့ ဟုတ်လား"
“တထပ်တည်းတူညီပါတယ်သခင်"
ထိုအဖြေကို ကြားလိုက်သည်နှင့် စုချန်း အားရပါးရ ရယ်မောလိုက်မိ၏။
ကြက်တကောင်ရခြင်းသည် ကြက်ဥတလုံးရခြင်းထက် အမြဲတမ်းပိုကောင်းတတ်သည် မဟုတ်ပါလား။
ယခုတော့ စုချန်းအနေနှင့် လနှင်းရည်ကိုသုံးကာ နတ်ဘုရားအဆင့်ဆေးဝါးတချို့ ဖန်တီးနိုင်ပေတော့မည်။ သူသည် ယခင်က အလောင်းကောင်ဝိညာဥ်ပန်းများကိုသုံးပြီး စိတ်ဝိညာဥ်စွမ်းအားကို မြှင့်တင်နိုင်ခဲ့၏။ ဤအတိုင်းဆိုလျင် လနှင်းရည်နှင့်အတူ သူ့အနာဂတ်အလားအလာမှာ များစွာ စိတ်လှုပ်ရှားဖွယ်ကောင်းနေပေတော့မည်။
တတိယရတနာမှာကား သံချပ်ကာအင်္ကျီတခု ဖြစ်သည်။
ဤသံချပ်ကာအင်္ကျီသည် မီးလျှံကဲ့သို့ နီရဲနေပြီး အလွန်လှပသော စာလုံးများဖြင့် တန်ဆာဆင်ထား၏။ တချိန်တည်းမှာပင် နတ်ဘုရားဆန်သောအရှိန်အဝါတမျိုးဖြင့် ဖျော့တော့စွာ တောက်ပနေလေသည်။ ကံမကောင်းသည်မှာ သံချပ်ကာအင်္ကျီသည် အမျိုးသမီးဝတ်ဆင်ရန်အတွက်သာ ပုံစံထုတ်ထားမှန်း ရှင်းရှင်းလင်းလင်း သိသာနေ၏။
သံချပ်ကာအင်္ကျီကိုကြည့်ရင်း စုချန်း အတော်လေး စိတ်ပျက်သွား၏။ ဤသံချပ်ကာ မည်မျှစွမ်းအားကြီးကြောင်း သူ ခံစားသိရှိနေရသည် မဟုတ်ပါလား။ ကြည့်ရသလောက် အဆင့်တစ်မူလကိရိယာတခုထက်ပင် သံချပ်ကာအင်္ကျီက ပို၍အားကောင်းဖွယ်ရှိနေ၏။ မည်သို့ဆိုစေ အမျိုးသမီးဝတ်စုံဖြစ်နေ၍ စုချန်းအနေနှင့် ဤသံချပ်ကာအင်္ကျီကို အသုံးပြုရန်မှာ မဖြစ်နိုင်တော့ချေ။
၎င်းမှာ တကယ်တော့ ဘာမှမဆန်းလှ။ လူပျံတော်များကမ္ဘာတွင် အမျိုးသမီးများကို ပို၍ဦးစားပေးတတ်ကြသည် မဟုတ်ပါလား။ မိခင်နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင် အမျိုးသမီးတဦး ဖြစ်နေ၏။
ထို့ကြောင့် ဤသံချပ်ကာအင်္ကျီသည် သူမအတွက် ဖြစ်ဖို့ရန်ရှိပေသည်။
သို့သော် ပိတ်လော့က ခေတ္တစဥ်းစားပြီးနောက် ပြောလိုက်ပြန်သည်။
“ဒါ မိခင်နတ်ဘုရားမဂိုဏ်းရဲ့ ကောင်းကင်သံချပ်ကာ ဖြစ်နိုင်ပေမဲ့ အပြီးမသတ်ရလောက်သေးဘူး သခင်"
“ဟေ ဒီသံချပ်ကာက မပြီးသေးဘူးလား”
“ဟုတ်တယ်သခင် သိရသလောက် ကောင်းကင်သံချပ်ကာကို ဟိုးအရင်တုန်းက မိခင်နတ်ဘုရားမကိုယ်တိုင် ဝတ်ဆင်ခဲ့တာဖြစ်ပြီး သူမနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ် ဒါပေမဲ့ သံချပ်ကာရဲ့ ပုံစံမူကြမ်းတွေကိုတော့ ချန်ထားခဲ့တယ် မိခင်နတ်ဘုရားမဂိုဏ်းက အဲဒီပုံစံမူကြမ်းတွေကိုကြည့်ပြီး သံချပ်ကာကို ပြန်လည်တည်ဆောက်ခဲ့တယ်လို့ ကြားဖူးတယ် ဒါပေမဲ့ သံချပ်ကာအင်္ကျီရဲ့ ပုံစံငယ်ကိုတောင် ပုံသွင်းဖို့ သူတို့မှာ အတော်လေးအခက်တွေ့ခဲ့ရတယ်"
ထို့နောက် ပိတ်လော့က သံချပ်ကာနှင့်ပတ်သက်၍ စုချန်း၏ နောက်ထပ်မေးခွန်းများ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။
သို့သော် စုချန်းကတော့ သံချပ်ကာအင်္ကျီနှင့် လားလားမျှမဆိုင်သည့်မေးခွန်းကို မေးချလိုက်လေသည်။
“ဒါနဲ့ ပိတ်လော့... ဒီကမ္ဘာလောကကြီးထဲမှာ တကယ်ပဲ နတ်ဘုရားတပါးရှိနေတယ်လို့ ခင်ဗျား ထင်သလား”