မင်းပြောင်းလဲသွားပြီ
Vol. 10 Ch. 136
~
အရူး ချီဖုန့်ပို ပြန်သွားပြီးနောက် လင်းမို့သည် ကျောင်းကို လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။
ကျန်းနန်တက္ကသိုလ်အား နယ်မြေများစွာ ခွဲခြားထားသည် ။
ကျောင်းသားအဆောင်...
သင်ကြားရေးနေရာများ...
လေ့ကျင့်ရန်နေရာများ...
ဆရာများ နေထိုင်ရာ နေရာများ...
မာစတာတန်းနှင့် ပါရဂူတန်း ကျောင်းသားများနေထိုင်ရာ နေရာများ...
လင်းမို့သည် ကျောင်းပတ်ဝန်းကျင်ကို သိရှိရန်နှင့် တက်ကြွအညွှန်းကိန်း အများဆုံးနေရာကို ရှာဖွေရန် လှည့်ပတ်ကြည့်နေခြင်းဖြစ်သည် ။
သူက မာစတာတန်းနှင့် ပါရဂူတန်းကျောင်းသားများ နေထိုင်ရာနေရာကို မျှော်လင့်ချက်အကြီးကြီးထားခဲ့သော်လည်း ထိုနေရာတွင် တက်ကြွအညွှန်းကိန်းက ၁၀၀၀ မကျော်ပေ ။
' အရေအတွက် နည်းလို့လား.. ဒါမှမဟုတ် ဆရာကြီးတွေ ဖြစ်ပြီဆိုပြီး ပျင်းကုန်ကြပြီလား..'
နောင်တွင် မည်သည့်အကြောင်းနှင့်မျှ ဤနေရာတွင် မနေရန် ဆုံးဖြတ်လိုက်သည် ။ ပြန်ထွက်မလာခင် ကျန်ဆဲခဲ့သေး၏ ။
" ထွီ.. အမှိုက်ကောင်တွေ.."
လင်းမို့သည် အချိန်အတော်ကြာအောင် ပတ်ကြည့်ပြီးသည့်နောက် အဆောင်ဧရိယာ ၊ လေ့ကျင့်ရေးနေရာနှင့် သင်ကြားရေးနေရာများက အညွှန်းကိန်း အမြင့်ဆုံး ဖြစ်ကြောင်း သိရှိသွားသည် ။
အဆောင် ဧရိယာက ကျောင်းသားများ နေထိုင်ရာ ဖြစ်သောကြောင့် အတန်း မရှိလျှင် အဆောင်တွင်သာ လေ့ကျင့်ကြသည် ။ လူဦးရေ အထူထပ်ဆုံး ဖြစ်သည် ။
သင်ကြားရေး နေရာက ဆရာများ ဟောပြောပွဲလုပ်ရန်နှင့် ကျောင်းသားများ၏ မေးခွန်းများကို ဖြေရှင်းပေးသည့် နေရာပင် ။ ထိုနေရာတွင် ရှိသော လူဦးရေက နေ့အချိန်တွင် အဆောင်ဧရိယာပြီးနောက် ဒုတိယ ဖြစ်သည် ။ ကျောင်းသားများ နားမလည်သည်ကို ထောက်ပြရန် ဆရာများ ရှိသဖြင့် တက်ကြွအညွှန်းကိန်းမှာ ပိုမို မြင့်မားလာသည် ။
လေ့ကျင့်ရန် နေရာက အရှုပ်ဆုံးပင် ။ မြေဆွဲအား အခန်းများ ၊ ညဏ်အလင်းအခန်းများ နှင့် လက်နက် လေ့ကျင့်ရန်နေရာ များ ရှိပြီး ဝင်ကြေးပေးဆောင်ရသည် ။ ဝင်ကြေးမှာ မြင့်မားပြီး တခြားနေရာ နှစ်ခုထက် လူဦးရေ နည်းပါးသော်လည်း အသေအလဲ ကြိုးစားရာ နေရာဖြစ်သဖြင့် တက်ကြွအညွှန်းကိန်းမှာ ကျန်နေရာ နှစ်ခုနှင့် သိပ်မကွာပေ ။
ထိုနေရာများ၏ အလယ်ဗဟိုက အညွှန်းကိန်း အမြင့်ဆုံးဖြစ်သည် ။
' ငါသေချာ လေ့လာမှ ဖြစ်မယ်.. '
လင်းမို့သည် တက်ကြွအညွှန်းကိန်းများကို စိတ်ပူနေရသဖြင့် ပျင်းရိရန်ပင် အချိန်မရှိခဲ့ ။
' ငါ ကြိုးစားနေရတယ်လို့ မထင်ဘူးလား..'
သူ့ကိုသူ မေးခွန်းပြန်ထုတ်လိုက်မိသည် ။
" ဘေးဖယ်ကြ...ဘေးဖယ်ကြ...အရေးပေါ် အရေးပေါ်.."
ကုတ်အဖြူရောင် ဝတ်ဆင်ထားသော ဆရာဝန်လေးယောက်က အပြေးလာနေကြသည် ။
" ဘာဖြစ်လို့လဲ.."
လင်းမို့ လှမ်းမေးလိုက်မိ၏ ။
" ကျောင်းသားတစ်ယောက် ကျင့်စဥ်ဖောက်ပြန်သွားလို့ ..."
ဆရာဝန်က ပြေးရင်း ရှင်းပြသွားသည် ။
" ငါတို့ မြန်မြန်သွားကယ်ရမယ်.. "
' ချီ သွေဖည် သွားတာလား..'
လင်းမို့အံ့သွားသည် ။
' တက္ကသိုလ်မှာတောင် အသက်ကိုရင်းပြီး ကြိုးစားတဲ့သူ ရှိနေမယ်လို့ ထင်မထားဘူး.. '
သူ၏ အိမ်နီးချင်း လျို့ရှားကို တွေးမိသွားသည် ။ အသက်ကိုရင်း၍ ကြိုးစားခဲ့ပြီး ချီဖောက်ပြန် သွားသောကြောင့် စာမေးပွဲပင် ဝင်မဖြေနိုင်ခဲ့ချေ ။ ဤဂြိုလ်ပေါ်တွင် လျို့ရှားကဲ့သောသူ များစွာရှိနိုင်ပေသည် ။
လင်းမို့ အရင်က အတွေးကို ရှက်ရွံ့သွား၏ ။ သူကျောင်းကို လှည့်ပတ်ကြည့်နေရုံကို ကြိုးစားနေရသည်ဟု ထင်မြင်မိခဲ့သည် ။ သူ ပျင်းရိသူ ဖြစ်သော်လည်း ကြိုးစားနေသူများကို ဘယ်သောအခါမှ နှိမ့်ချ မကြည့်ဘူးပေ ။ ထိုသူတို့ကြောင့် သူပျင်းရိနေနိုင်ခြင်း ဖြစ်သည် ။
' ငါနောက်ကြရင် ဒီလို တွေးလို့ မဖြစ်ဘူး ကြိုးစားဖို့ဆိုတာ ငါလက်လှမ်းမမီနိုင်တဲ့ အရာပဲ..'
ထိုစဥ် ဖုန်းမြည်လာ၏ ။
' ဟောက်ရန်.. '
လင်းမို့က တွေးလိုက်မိ၏ ။ ဟောက်ရန်က ကျန်းနန် တက္ကသိုလ်သို့ ရောက်လာကတည်းက အပြင်တွင် ပျော်ရွှင်နေပြီး သူနှင့်အတူ ပျင်းရိရန် မကြိုးစားတော့ချေ ။
" အကိုမို့... "
ဟောက်ရန်က တည့်တည့်ပြောလိုက်သည် ။
" အပြင်ထွက်ရအောင်.. "
" အပြင်ထွက်မှာလား.."
လင်းမို့ မေးလိုက်မိ၏ ။
" ဘယ်ကိုလဲ.."
" ဟီးဟီး မင်းသိပြီးသားပဲကို.. "
ဟောက်ရန်က ရယ်လိုက်ပြီး ...
" သွားရအောင် အကိုမို့.. လီကျားရွှမ်က ဟိုကစောင့်နေတယ်.. "
လင်းမို့ နားလည်သွားပြီး ဆွံ့အသွားသည် ။
" ဟောက်ရန် မင်းပြောင်းလဲသွားပြီ.. "
အဝါရောင်ကစားခြင်းက ရှက်စရာကောင်းလှသည် ။ ဟောက်ရန်ကဲ့သို့ အတွေ့အကြုံမရှိသည့် လူငယ်လေး လမ်းမှားရောက်သွားချေပြီ ။ သူမနေ့က ကမ္ဘာသစ်ကြီးကို တံခါးဖွင့်ဝင်ပြီးနောက် ပြန်လမ်း ရှာမတွေ့တော့ ။ မူးယစ်ဆေးထက်ပင် ကြောက်စရာကောင်းလှပါတကား ။
" အကိုမို့ မင်းလည်းပြောင်းလဲသွားပြီ.."
ဟောက်ရန်က ပြန်ရန်တွေ့၏ ။
" အရင်က မင်းပဲ ဦးဆောင်ပြီး ခေါ်နေတာ ခုကြ မင်းက ကြိုးစားနေပြီး ငါတို့နဲ့ မလိုက်တော့ဘူး.."
" မင်းဘာတွေ ပြောနေတာလဲ.. "
လင်းမို့က ဆွံ့အသွားပြီး ဖြောင့်မတ်သည့်အသံဖြင့်...
" ငါက အဲ့လိုကောင်လား.. "
" အဲ့လိုကောင် ဟုတ်မဟုတ်က စမ်းကြည့်ပြီးမှ သိမှာလေ.. ဟီးဟီးဟီး... "
ဟောက်ရန်က ရယ်လိုက်ပြီး...
" အကိုမို့ အတူတူသွားမယ်.. တစ်ခါလောက်ပဲ စမ်းကြည့် ငါမလိမ်ဘူးဆိုတာ သိသွားလိမ့်မယ်.. တကယ်ကောင်းတာ.."
" ဟောက်ရန်.. "
လင်းမို့က ရုတ်တရက် အော်လိုက်ပြီး..
" မင်းရဲ့ သိုင်းပညာအိမ်မက်ကို မေ့သွားပြီလား.."
' သိုင်းပညာအိမ်မက်.. '
ဟောက်ရန် အား ထိုအသံက လှုပ်နိုးလိုက်သလို ဖြစ်သွားသည် ။ မှတ်ညဏ်မြင်ကွင်းများက သူ့စိတ်ထဲတွင် ပြန်ပေါ်လာ၏ ။
ညအတန်းတွင် အသေအလဲ ကြိုးစားခဲ့ရသည့်အချိန်များ...
အံကြိတ်၍ ထပ်ကာထပ်ကာ လေ့ကျင့် ခဲ့ရသည့်အချိန်များ...
သူ သိုင်းပညာအိမ်မက်ကို လက်မလျော့ ခဲ့သည့် အချိန်များ...
ဟောက်ရန် အနည်းငယ် ရှက်သွား၏ ။
" အကိုမို့ သတိပေးတာ ကျေးဇူးတင်ပါတယ်.. "
" အဲ့တာဆို မင်းမသွားတော့ဘူးပေါ့.. "
လင်းမို့ အလွန်ကျေနပ်သွားသည် ။ ဟောက်ရန်သာ လမ်းမှားရောက်သွားပါက ကောင်းဖန်းကို မည်သို့ ရင်ဆိုင်ရမည်နည်း ။
" ဒါ.. "
ဟောက်ရန်က တုံ့ဆိုင်းသွားပြီး...
" ဒါပင်မဲ့ အကိုလီက အားလုံးစီစဥ်ထားပြီးပြီ မသွားလို့ မကောင်းဘူး.."
" မသွားလို့ မကောင်းဘူးလား.."
လင်းမို့ သွေးအန်လုနီးပါး ဖြစ်သွား၏ ။
" ပြီးတော့.. "
ဟောက်ရန်က ဆင်ခြေဆက်ပေးသည် ။
" ကျောင်းက မနက်ဖြန်မှ စဖွင့်မှာလေ.. ကျောင်းဖွင့်တာနဲ့ ငါကြိုးစားမှာ... ငါဓားကြီး နောက်ထပ်မကစားတော့ဘူး.. "
" ကျောင်းဖွင့်ရင် မသွားတော့ဘူးလား.."
လင်းမို့ မယုံ ။
" သေချာတာပေါ့ မနက်ဖြန် ကျောင်းဖွင့်တာနဲ့ ငါကြိုးစားတော့မှာ.. "
ဟောက်ရန်က ရင်ဘက်ကို ပုတ်၍ ကတိပေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည် ။
" ချီး.. မနက်ဖြန် ကြိုးစားရတော့မှာ ဆိုတော့ ဒီနေ့ည မလှုပ်နိုင်တဲ့အထိ ကစားရမယ်.. "
ဖုန်းတဖက်မှ လင်းမို့က ဘာဆက်ပြောရမှန်း မသိတော့၍ သတိသာပေးလိုက်သည် ။
" မနက်ဖြန်က ကျောင်းပထမဆုံးရက်နော် နောက်ကျမနေနဲ့အုံး.. "
" ငါက ကျောင်းနောက်ကျမယ့်ကောင်လား .. "
ဟောက်ရန်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဖုန်းချလိုက်သည် ။
Chapter 137