← Chapters

အပိုင်း ၉-၁၂

Vol. 1 Ch. 9-12

အပိုင်း ၉-၁၂

Vol. 1 Ch. 9-12

အပိုင်း (၉)

ကံကြမ္မာညွှန်ကြားချက်စတင်ခြင်း၊ လက်ထပ်လက်စွပ်။

လင်းကျွင်းကျွင်းခေါင်းငြိမ့်သည်။

အဲ့တာက လျှို့ဝှက်ချက်မဟုတ်တာကြောင့် သူမ ယဲ့ဖန်ကို ပေါ့ပေါ့ပါးပါးဘဲပြောပြလိုက်သည်။

စံအိမ်နံပါတ်(၃)မှာနေတဲ့အဘိုးကြီးမှ သူ့ရဲ့လက်ထပ်လက်စွပ်ပျောက်သွားခြင်းဖြစ်နေသည်။

ထိုအဘိုးကြီးနှင့် သူ့ဇနီးတို့က အလွန်ကိုချစ်မြတ်နိုးကြသည်။ အခက်ခဲဆုံးနေ့ရက်တွေမှ ယနေ့အထိ နှစ်ပေါင်းများစွာ အတူတူအလုပ်ကြိုးစားလာခဲ့ကြတာဖြစ်သည်။

ထိုမင်္ဂလာလက်စွပ်က သူတို့ရဲ့သေခြင်းရှင်ခြင်းကို မျှဝေတဲ့သင်္ကေတဖြစ်သည်။ အများကြီးတန်ဖိုးမကြီးပေမဲ့ ထိုအဘိုးကြီးအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ရတနာတစ်ခုဖြစ်လေသည်။

" ဆံဖြူတဲ့အချိန်ထိအတူတူရှိကြတာဘဲ။ ဒီလိုချစ်ခြင်းမျိုးက လူတွေကို တကယ်အားကျစိတ်ဖြစ်စေတယ် "

ရှန်ဟိုင်းလို ဖြားယောင်းမှုတွေအပြည့်ရှိတဲ့နေရာကို ထည့်မပြောတောင်မှ သာမန်လူတွေအတွက်တောင် မဆုတ်နစ်တဲ့အချစ်မျိုးက ရှားပါးလွန်းသည်။

ယဲ့ဖန် ဒီအတွက်များများစားစား မခံစားရပေ။

သူသိချင်တာသိပြီးတဲ့နောက် အချိန်ကြာကြာမနေတော့ဘဲ လင်းကျွင်းကျွင်းကို နှုတ်ဆက်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒါ ကျွန်မရဲ့ဖုန်းနံပါတ်ပါ။ တစ်ခုခုလိုအပ်တာရှိတာနဲ့ အချိန်မရွေးဆက်သွယ်လို့ရပါတယ် "

ယဲ့ဖန်ထွက်သွားတော့မည်ကို မြင်တဲ့အခါ လင်းကျွင်းကျွင်း သူမရဲ့လိပ်စာကတ်ကို မြန်မြန်ဘဲထုတ်ပေးလိုက်သည်။

ယဲ့ဖန်ယူပြီးတဲ့နောက် စံအိမ်ဝန်းထဲမှထွက်သွားသည်။

လင်းကျွင်းကျွင်းက ပျောက်နေတဲ့မင်္ဂလာလက်စွပ်ကိုရှာဖို့ လုံခြုံရေးတွေကို ဆက်ပြီးဦးဆောင်ခိုင်းနေသည်။

[ အခွင့်အရေးနယ်မြေသစ်ကို ရှာဖွေ့တွေ့ရှိထားပါသည်။ လက်ခံသူအတွက် လမ်းကြောင်းစတင်ပြသပေးပါမည်။ ]

[ လက်ခံသူ၊ ကျေးဇူးပြုပြီး လက်ရှိလမ်းကြောင်းမှ မီတာ၁၀၀လျှောက်ပါ။ အဲ့ဒီနောက် ဘယ်ဘက်ကိုကွေ့ပြီး မီတာ ၃၀၀ တည့်တည့်ဆက်လျှောက်ပါ။ နောက်ဆုံးမှာတော့ ညာဘက်ကို မီတာ ၅၀၀ဆက်သွားပါ။ ခရီးစဉ်တွင် စုစုပေါင်း မီတာ၉၀၀ရှိပါသည်။ သင့်ရဲ့ခရီးဆုံးကို ၁၀မိနစ်အတွင်းရောက်ပါလိမ့်မည်။ ]

အခွင့်အရေးအသစ်။

ယဲ့ဖန် နည်းနည်းအံ့ဩသွားသည်။

အဲ့နောက်မှာတော့ ချက်ချင်းဘဲ ခရီးပန်းတိုင်သို့ လျှောက်သွားသည်။

ဆယ်မိနစ်ကြာတဲ့နောက် ယဲ့ဖန် ဦးတည်ရာသို့ရောက်သွားခဲ့သည်။

ထိုနေရာမှာ လူလုပ်ရေကန်တစ်ခုရှိနေသည်။ ရေကန်ထဲကရေဟာ အတော်လေးကိုကြည်လင်နေပြီး ကန်ထဲမှာကူးခတ်နေတဲ့ငါးကြင်းတွေကိုပင် မြင်နေရသည်။

ရေကန်နားတွင် မြက်ခင်းပြင်ကျယ်ကြီးရှိပြီး အနီးနားတွင် ဂင်ကိုပင်တစ်ချို့နှင့် ချုံပုတ်ပင်အပုတို့ရှိသည်။

ပတ်ဝန်းကျင်က မဆိုးဘူးဘဲ။

ဒါပေမဲ့ .... သူ့အခွင့်အရေးနဲ့ ဘာများဆိုင်နေလို့လဲ။

ဒီမှာ ဘယ်သူမှလည်းမရှိသလို၊ ဘာမှလည်းမရှိဘူးဆိုတော့ သူ့အခွင့်အရေးက ဘာလဲ။

ယဲ့ဖန် ခေါင်းကိုက်လာသည်။

ရုတ်တရက် မြက်ခင်းပေါ်မှ ဖျတ်ခနဲအလင်းတစ်ခုကိုတွေ့လိုက်သည်။

အာ?

ယဲ့ဖန် အံ့ဩသွားသည်။ ဆောင့်ကြောင့်ထိုင်ချပြီး သေချာကြည့်ပြီး ခဏအကြာမှာတော့ သူ့လက်ထဲကို ပလက်တီနမ်လက်စွပ်လေးတစ်ကွင်းကောက်ယူလိုက်သည်။

လက်စွပ်က နည်းနည်းဟောင်းနေပြီး ပုံစံက ၁၉၇၀၊ ၈၀ ဝန်းကျင်လောက်ကပုံစံမျိုးဖြစ်သည်။

ဒါပေမဲ့ လက်စွပ်ကို သေချာလေးထိန်းသိမ်းထားပုံရပြီး အသစ်အတိုင်း ပွန်းရာလေးတစ်ခုတောင်မရှိချေ။

ဒါက သူ့ရဲ့ကံကောင်းတဲ့အခွင့်အရေးလား။

ဒါကိုကြည့်ရတာ ဘာမှထူးခြားမယ့်ပုံလည်းမပေါ်ပါဘူး။

ဟောင်းနေတာမဟုတ်ရင်တောင် သိပ်အများကြီးတန်ဖိုးကြီးမယ့်ပုံမပေါ်ဘူး .......

နေပါဦး။

မင်္ဂလာလက်စွပ်။

ရုတ်တရက် လင်းကျွင်းကျွင်းရဲ့စကားလုံးတွေက ယဲ့ဖန်စိတ်ထဲပြန်ပေါ်လာသည်။

ဒီလက်စွပ်က အဲ့ဒီအဘိုးကြီးပျောက်သွားတဲ့လက်စွပ်များဖြစ်နေမလား။

ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ယဲ့ဖန်မထင်ပေ။

ဒီတစ်ခါ စနစ်က သူ့ကိုအရိပ်အမြွက်မပြောတာက လင်းကျွင်းကျွင်းက သူ့ကိုပြောပြပြီးတာကြောင့်ဖြစ်ရမည်။ ဒီအတိုင်းသာဆို ဒီလက်စွပ်က ထိုအဘိုးကြီးပျောက်သွားတဲ့လက်စွပ်ဖြစ်ဖို့များသည်။

အဲ့ဒီနောက် သူ့ဖုန်းကိုထုတ်ပြီး လင်းကျွင်းကျွင်းကို ဖုန်းခေါ်လိုက်သည်။

ယဲ့ဖန်က စံအိမ်နံပါတ်(၃)ကပိုင်ရှင်ရဲ့ လက်စွပ်ကိုရှာတွေ့ကြောင်းကြားတဲ့အခါ လင်းကျွင်းကျွင်းအရမ်းကိုပျော်ရွှင်သွားသည်။

စံအိမ်နံပါတ်(၃)က အဘိုးကြီးက သာမန်လူမဟုတ်မှန်း ယဲ့ဖန်ကို သူမ မပြောခဲ့ပေ။

ထန်းပေါဟုန်၊ အကြီးအကဲထန်က ကျုံးဟိုင်မြို့ရဲ့စီးပွားရေးလောကမှာ အကောင်ကြီးတစ်ယောက်ဖြစ်သည်။

သူက အထူးတလည်လေးစားခံပုဂ္ဂိုဟ်ဖြစ်ရုံသာမက တစ်နိုင်ငံလုံးမှာလည်း ကျယ်ကျယ်ပြန့်ပြန့်အချိတ်အဆက်တွေရှိသည်။

ကြီးကျယ်ခမ်းနားလှတဲ့ကျုံးဟိုင်မြို့ကြီးရဲ့ ခရိုင်အစိုးရလူကြီးတွေကတောင်မှ သူ့ကို ရိုသေလေးစားကြရသည်။

သူ့ရဲ့အထိမ်းအမှတ်ပစ္စည်းကိုရှာပေးရတာက ကိစ္စကြီးတစ်ခုဖြစ်သည်။

ထိုအတွေးနဲ့အတူ လင်းကျွင်းကျွင်းက ချက်ချင်းပြောသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မကို ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ၊ ချက်ချင်းပြန်လာခဲ့ပါ့မယ် "

" ကောင်းပါပြီ "

သဘောတူပြီးတဲ့နောက် ယဲ့ဖန် ထိုင်ခုံမှာထိုင်ပြီး လင်းကျွင်းကျွင်းကိုစောင့်နေခဲ့သည်။

အခြားတစ်ဖက်မှာတော့ လင်းကျွင်းကျွင်းက အကြီးအကဲထန်းကို အပြေးအလွှားခေါ်သည်။

စံအိမ်နံပါတ်(၃)။

ထန်းပေါဟုန်က လက်စွပ်ရှာတွေ့တဲ့အကြောင်းကြားတဲ့အခါ သူ့ရဲ့ပုံမှန်တည်ငြိမ်အေးဆေးတဲ့အမူအရာကပျောက်သွားသည်။ သူက စိတ်လှုပ်ရှားလွန်းသည့်အတွက် ဆိုဖာပေါ်မှ ငေါက်ခနဲထရပ်လိုက်သည်။

" ဥက္ကဌလင်း၊ ကျေးဇူးအများကြီးတင်ပါတယ် "

လွန်ခဲ့တဲ့နှစ်ရက်လုံး ဒီလက်စွပ်ပျောက်သွားတာကြောင့် သူ့မှာ စားမဝင်အိပ်မပျော်ဖြစ်နေခဲ့ရသည်။

နောက်ဆုံးမှာတော့ သူသတင်းကောင်းကြားရပြီဖြစ်သည်။

လင်းကျွင်းကျွင်းက လက်စွပ်ကိုရှာတွေ့တာမဟုတ်ဘဲ အခြားတစ်ယောက်ယောက်က ရေကန်နားမှာရှာတွေ့တာဖြစ်ကြောင်း သိရတဲ့အခါ ထန်းပေါဟုန် ရေကန်ရှိရာသို့အပြေးသွားသည်။

.....….......

လေးငါးမိနစ်ကြာပြီးတဲ့နောက် လင်းကျွင်းကျွင်းက ယဲ့ဖန်ကိုမြင်ပြီး နှုတ်ဆက်မလို့လုပ်နေချိန်မှာဘဲ သူမ လျှာလိပ်ပြီး ဗလုံးဗထွေးတွေပြောမိသွားသည်။

အကြောင်းအရင်းမှာ မှော်ဆန်ဆန်ဇာတ်လမ်းတစ်ပုဒ်လို့ထင်ရတဲ့မြင်ကွင်းတစ်ခုကို မြင်လိုက်ရတာကြောင့်ဖြစ်သည်။

ဆံပင်တစ်ခေါင်းလုံးဖြူနေတဲ့ အကြီးအကဲထန်းဟာ ဖိနပ်ပါးကိုသာစီးပြီး ဒီကိုပြေးလာနေသည်။

စိတ်လှုပ်ရှားပြီး တစ်ယောက်ယောက်ကိုမျှော်နေတဲ့အကြည့်မျိုး အကြီးအကဲထန်းရဲ့မျက်နှာမှာပေါ်နေပြီး ရေကန်တစ်ဝိုက်ကိုလိုက်ရှာနေတာမြင်တဲ့အခါ ဘာတွေဖြစ်နေလဲ သူမချက်ချင်းသဘောပေါက်သွားသည်။

ယဲ့ဖန်ကို လှမ်းကြည့်မိလိုက်ပြီး သူမ အမူအရာက မနာလိုခြင်းအပြည့်ဖြစ်သွားသည်။

အကြီးအကဲထန်းရဲ့အမူအရာကိုကြည့်ရုံနဲ့ ထိုလက်စွပ်က အကြီးအကဲထန်းရဲ့နှလုံးသားထဲမှာ ဘယ်လောက်အရေးပါလဲဆိုတာသိနိုင်တာကြောင့်ဖြစ်သည်။

ထိုလက်စွပ်တစ်ကွင်းထဲနဲ့ အကြီးအကဲထန်းက ယဲ့ဖန်အပေါ် ကျေးဇူးအကြီးကြီးရှိသွားပြီဖြစ်သည်။

အပိုင်း (၁၀)

ငါလည်း အဲ့လိုအရေးတယူဆက်ဆံတာမျိုးလိုချင်တယ်။

ဒီနားမှာ ရုတ်ရုတ်သဲသဲဖြစ်နေတာကို ဖြတ်သွားဖြတ်လာတွေကတွေ့တဲ့အခါ အတော်လေးအံ့ဩနေကြသည်။

သူတို့က အကြီးအကဲထန်းကို သေချာပေါက်သိကြသည်။

ပြီးတော့ အကြီးအကဲထန်းရဲ့ပုံစံကိုလည်းကြားဖူးကြသည်။

ဒါပေမဲ့ ဒီအချိန်မှာတော့ အကြီးအကဲထန်းက သူ့ရဲ့တည်ငြိမ်အေးဆေးမှုတွေ တကယ်ကြီးပျောက်ကုန်တာလား။

ဘာတွေဖြစ်နေတာလဲ။

အဲ့လူငယ်လေးနဲ့ပတ်သက်ပြီး ဘာထူးခြားတာရှိလို့လဲ။

လူတိုင်းအကြည့်က ယဲ့ဖန်ဆီမှာရောက်နေသည်။

...............

ရေကန်ဘေး။

လင်းကျွင်းကျွင်း အသိစိတ်ပြန်ကပ်လာတဲ့နောက် ချက်ချင်းမိတ်ဆက်ပေးလိုက်သည်။

" ထန်းအကြီးအကဲ၊ ဒါက လက်စွပ်ကို ကောက်ရတဲ့ လူကြီးမင်းယဲ့ဖန်ပါ "

" ယဲ့လူကြီးမင်း၊ ဒါက ထန်းအကြီးအကဲ ထန်းပေါဟုန်ပါ "

ထိုမိတ်ဆက်သံကိုကြားတဲ့အခါ ဒီလူကြီးကို ဘာကြောင့်ရင်းနှီးသလိုခံစားနေရမှန်း ယဲ့ဖန်နောက်ဆုံးမှာ နားလည်သွားသည်။

ထန်းပေါဟုန်။

သူ ဘယ်လိုလုပ်ပြီး မသိတာဖြစ်ရမှာလဲ။

နဂါးတိုင်းပြည်က လူငယ်ကြားမှာ ထန်းပေါဟုန်ကိုမသိတာ အနည်းငယ်လောက်သာရှိသည်။

ချန်းသကုန်တိုက်ရဲ့ဥက္ကဌထန်းပေါဟုန်က တရုတ်ပြည်တောင်ပိုင်း လက်လီရောင်းဝယ်ရေးနဲ့ ကုန်တိုက်လုပ်ငန်းမှာ အကောင်ကြီးတစ်ယောက်ဖြစ်သည်။ သူက ကျုံးဟိုင်မြို့ရဲ့ထိပ်တန်းကုန်တိုက်တစ်ခုဖြစ်တဲ့ ' World City 'ရဲ့သူဌေးလည်းဖြစ်သည်။

သူ့ရဲ့ ငွေရှာပုံသမိုင်းကြောင်းက ဒဏ္ဍာရီတစ်ခုလို့တောင် တင်စားလို့ရသည်။

လက်စွပ်ပျောက်သွားတဲ့သူက သူဖြစ်နေလိမ့်မယ်လို့ ယဲ့ဖန်မထင်ထားပေ။

ယဲ့ဖန်က စံအိမ်နံပါတ်(၁)ပိုင်ရှင်မှန်း ထန်းပေါဟုန်သိရတဲ့အခါ အနည်းငယ်အံ့ဩသွားသည်။

ဒါပေမဲ့ သူဒီနေ့လက်စွပ်အတွက်ကြောင့်သာ ဒီကိုရောက်နေတာဖြစ်တဲ့အတွက် ထပ်ပြီးများများစားစားမမေးလိုက်ချေ။

" ယဲ့လူကြီးမင်းလေး၊ လက်စွပ်လေးပြလို့ရမလား "

ပုံမှန်ဆို သူ ဒီလောက်မယဉ်မကျေးမဖြစ်ပေမဲ့ ဒီတစ်ခါမှာတော့ လက်စွပ်က သူ့အတွက်အရမ်းကိုအရေးကြီးသည်။

သူက သူ့အပြုအမူအတွက် တောင်းပန်ဖို့ပြင်လိုက်ချိန်မှာဘဲ ယဲ့ဖန်က သူ့ကို လက်စွပ်ပေးလိုက်သည်။

ယဲ့ဖန်က စိတ်မဆိုးတာကိုမြင်တဲ့အခါမှ ထန်းပေါဟုန်း စိတ်သက်သာရာရသွားသည်။ သူ ချက်ချင်းဘဲ လက်စွပ်ကိုစစ်ကြည့်သည်။

ခဏအကြာမှာတော့ ထန်းပေါဟုန်က ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

" ဒါဟုတ်တယ်၊ ဒါဟုတ်တယ်။ ဒါ ပျောက်သွားတဲ့ မင်္ဂလာလက်စွပ်ဘဲ "

" ယဲ့လူကြီးမင်းလေး၊ ကျေးဇူးတင်ပါတယ် "

ထန်းပေါဟုန် လက်စွပ်ကို သေချာသိမ်းလိုက်ပြီး သူကအရင် လက်စလှမ်းလိုက်သည်။

ယဲ့ဖန်နဲ့လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် သူက လေးလေးနက်နက်ဖြင့်ပြောသည်။

" ဒီလက်စွပ်က ငါ့အတွက်သာမန်ထက်ပိုထူးကဲတဲ့အဓိပ္ပာယ်ရှိတယ် "

" ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်ကို ထပ်ပြီးကျေးဇူးတင်ပြီးတဲ့နောက် ထန်းလူကြီးမင်းကတစ်ခုခုကိုတွေးမိသွားပြီး အင်္ကျီလက်ထဲက ချက်လက်မှတ်တစ်စောင်ထုတ်လိုက်သည်။

ချက်လက်မှတ်ပေါ်မှာ ပမာဏရေးမထားချေ။

ပြောရမယ်ဆိုရင် ယဲ့ဖန်လိုချင်သလောက်ငွေပမာဏချရေးလိုက်လို့ရသည်။

" ယဲ့လူကြီးမင်းလေး၊ ဒါက လက်ဆောင်လေးတစ်ခုပါ "

ယဲ့ဖန်ခေါင်းခါပြီး ငြင်းလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လင်းကျွင်းကျွင်းလည်း အံ့ဩသွားသည်။

သူလိုချင်သလောက်ပမာဏရေးလို့ရတဲ့အခွင့်အရေးကို သူက တကယ်ကြီးငြင်းလိုက်တာလား။

ယဲ့ဖန်က သူ့ချက်လက်မှတ်ကိုငြင်းလိုက်တာကြောင့် ထန်းပေါဟုန်အံ့ဩသွားပေမဲ့ ချက်ချင်းသူ့အပြုအမူက ရိုင်းသွားမှန်းသိလိုက်သည်။

ယဲ့ဖန်က စံအိမ်နံပါတ်(၁)ကိုတောင်ဝယ်နိုင်တာ ငွေပြတ်လပ်နေတာဖြစ်နိုင်နေပါ့မလား။

ဒါကြောင့် ထန်းပေါဟုန်က ချက်လက်မှတ်ကိုပြန်သိမ်းပြီး အနက်ရောင်ရွှေကတ်နှင့် သူ့ရဲ့လိပ်စာကတ်ပေးလိုက်သည်။ သူက ယဲ့ဖန်ကို လေးလေးနက်နက်နဲ့ပေးသည်။

" မင်းကအများကြီးကူထားဘဲ။ ဒါကိုလက်ခံပေးပါ "

" အနာဂတ်မှာ တစ်ခုခုလိုအပ်ရင်လည်း ခေါ်လိုက်ပါ "

" ကျေးဇူးတင်ပါတယ် "

ယဲ့ဖန် ပြုံးလိုက်သည်။

" အကြီးအကဲထန်း၊ ပျူငှာလွန်းနေပါပြီ "

" လုပ်သင့်တာပါ "

အကြီးအကဲထန်းကပြောရင်းနဲ့ ယဲ့ဖန်ကိုပေးပြီးနောက် ဖုန်းကိုထုတ်ပြီး ဘေးကိုသွားကာ သူ့ဇနီးကိုဖုန်းခေါ်ပြီး စိတ်မပူဖို့ပြောသည်။

အဲ့တာကိုမြင်တဲ့အခါ ယဲ့ဖန် ထပ်ပြီးအချိန်ဖြုန်းမနေတော့ပေ။ သူက အကြီးအကဲထန်းကိုနှုတ်ဆက်ပြီးနောက် ထွက်သွားသည်။

ရေကန်ဘေးမှ လင်းကျွင်းကျွင်းအပါအဝင်အခြားသူတွေက မနာလိုတာကြောင့် ယဲ့ဖန်နောက်ကျောကို မျက်လုံးပေါက်ထွက်မတတ်ကြည့်နေကြသည်။

World Cityရဲ့ အကန့်သတ်ရှိတဲ့ အနက်ရောင်ရွှေကတ်အပြင်၊ အကြီးအကဲထန်းရဲ့ကိုယ်ပိုင်နာမည်ကတ်။

World City တစ်ခုလုံးမှာ အနက်ရောင်ရွှေကတ်က ဆယ်ကတ်သာရှိသည်။ ထိုအနက်ရောင်ရွှေကတ်နဲ့သာဆိုရင် ဘာမဆိုလျှော့ဈေးနဲ့ဝယ်နိုင်တဲ့အပြင် World Cityမှာ တမူကွဲပြားတဲ့အရေးပေးဆက်ဆံမှုမျိုးခံစားနိုင်မည်ဖြစ်သည်။

ပြီးတော့ ကျုံးဟိုင်မြို့တစ်ခုလုံးမှာ ထိုကတ်ရှိသူက နှစ်ယောက်သာရှိခဲ့သည်။

အခုတော့ ယဲ့ဖန်က သုံးယောက်မြောက်ဖြစ်သည်။

အကြီးအကဲထန်းရဲ့ကိုယ်ပိုင်နာမည်ကတ်ကတော့ ထည့်ပြောစရာပင်မလိုချေ။

ပုံမှန်အားဖြင့် ထန်းပေါဟုန်က သူ့လုပ်ငန်းကတ်ကို အခြားသူတွေအား အလွယ်တကူမပေးတတ်ချေ။ အခု ယဲ့ဖန်ကိုပေးလိုက်ခြင်းက ယဲ့ဖန်ရဲ့ဖြစ်တည်မှုကို သူက လက်ခံလိုက်တယ်လို့ဆိုလိုခြင်းဖြစ်သည်။

ယဲ့ဖန်က သာမန်လူတစ်ယောက်ဖြစ်နေရင်တောင်မှ ထိုကတ်နှစ်ကတ်ရှိရုံနဲ့ ကျုံးဟိုင်မြို့မှာ သူက နာမည်ကြီးတစ်ယောက်ဖြစ်နိုင်သည်။

လူတော်တော်များများ မထိန်းနိုင်ဘဲ သက်ပြင်းချမိကြသည်။

" ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး "

" ငါ့ထက်ပိုပြီးထူးချွန်တဲ့သူတွေက ပိုပြီးကံကောင်းနေကြတာဘဲ "

" ငါ့ရဲ့အားကျတဲ့အသွင်အပြင်ကြောင့် အထင်မမှားကြပါနဲ့။ ငါတကယ်ကြီးကို မနာလိုနေတာ "

အပိုင်း (၁၁)

အရမ်းလှတဲ့နာမည်ကြီးကြယ်ပွင့်တစ်ယောက်ဆီကဖိတ်ကြားချက်။

ဘယ်အချိန်မှာ စနစ်ရဲ့ဆုရောက်လာမလဲဆိုတာကို ယဲ့ဖန်တွေးနေရင်း သူ့စိတ်ထဲမှရင်းနှီးတဲ့အသံကပေါ်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ကံကြမ္မာညွှန်ကြားချက်ကို ပြီးမြောက်သွားပြီဖြစ်ပါသည်။ Ferraris Enzo တစ်စီးကို ဆုအဖြစ်ရရှိပါသည်။ ဂိုဒေါင်ထဲမှာ သင့်အတွက်ထည့်ပေးထားပါသည်။ ]

ဒီတစ်ခေါက်ဆုက ပြိုင်ကားဖြစ်နေသည်။

ယဲ့ဖန်အရမ်းကိုအံ့ဩသွားရသည်။

ယောက်ျားတိုင်းက ပြိုင်ကားထဲကမိန်းမလှလေးတွေကိုကြိုက်တတ်တယ်လို့ဆိုကြပြီး သူကလည်း ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်သည်။

ယဲ့ဖန်က ပြိုင်ကားများနဲ့ အတော်လေးကိုအကျွမ်းတဝင်ရှိပြီး အထူးသဖြင့် Ferraris အမျိုးအစားပေါင်းစုံကိုသိလေသည်။

Enzo series က Ferraris ထည်ထောင်သူ Enzo Ferraris ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ထားသည့် ဒီဇိုင်းဖြစ်သည်။

ကိုယ်ထည်တစ်ခုလုံးကို Carbon Fiber ၊ ပျားအိမ်ပုံ အလူမီနီယံ sandwich plates တို့ကို လက်ဖြင့်သေချာတပ်ထားသည်။

6.0 IT မှာ 12 liter အင်ဂျင်၊ အင်ဂျင်ထိပ်ခန်း၊ ကြောက်စရာကောင်းလောက်တဲ့ မြင်းကောင်ရေအား ၆၆၀၊ တစ်နာရီ ၃၆၂ ကီလိုမီတာအလျင်နှုန်း ........

ဒီမော်ဒယ်ကို တစ်ကမ္ဘာလုံးမှာ အစီး ၄၀၀ သာထုတ်ပြီး တစ်စီးကို သန်း၃၀ အနည်းဆုံးရောင်းကြသည်။

အဲ့ဒီအပြင် ပိုက်ဆံရှိရုံနဲ့ဝယ်မရပေ။

Ferrari Enzo က Ferrai ရဲ့ အကောင်းဆုံးဘုရင်လို့ ပြောကြသည်။

ဒီလိုကားမျိုးပိုင်ဆိုင်ရဖို့ ယဲ့ဖန်မမျှော်လင့်ထားပေ။

ယဲ့ဖန် တော်တော်လေးစိတ်လှုပ်ရှားနေသည်။

...........

ဆယ်မိနစ်ကြာတဲ့နောက်။

ယဲ့ဖန် မြေအောက်ကားပါကင်ကိုရောက်လာသည်။

အနက်ရောင်ပြိုင်ကားက ဂိုဒေါင်ထဲမှာ တိတ်တိတ်ကလေးရှိနေပြီး အေးစက်တဲ့အလင်းရောင်ထုတ်လွှတ်နေသည်။ ကြည့်ရတာနဲ့ကို အရှိန်အဝါအပြည့်ဖြစ်သည်။

" ဘယ်လောက်တောင် ခန့်ညားလိုက်လဲ "

ယဲ့ဖန်မထိန်းနိုင်ဘဲ ချီးကျူးမိတော့သည်။

ဒီကားနဲ့ပတ်သက်ပြီး အတော်လေးစိတ်ကျေနပ်ကာ တွန့်ဆုတ်မှုမရှိဘဲ စံအိမ်ထဲမှမောင်းထွက်လာသည်။

လွန်ခဲ့တဲ့တစ်လကမှ ယဲ့ဖန် ကားလိုင်စင်ရထားပေမဲ့ ဒါက သူ့ရဲ့ပထမဆုံးအကြိမ် ပြိုင်ကားမောင်းခြင်းဖြစ်နေသည်။ ဘာလို့မှန်းမသိပေမဲ့ အရမ်းကို အဆင်ချောလွန်းနေသည်။

သူ အနည်းငယ်မရေမရာဖြစ်နေချိန်မှာဘဲ စနစ်အကြောင်းကြားစာရောက်လာသည်။

[ လက်ခံသူအတွက် ပိုကောင်းသောကားမောင်းခြင်းအတွေ့အကြုံရရှိစေရန် ဆုထဲတွင် နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ကိုပါ ထည့်သွင်းပေးထားပါသည်။ ]

အဲ့တာကြောင့်ကိုး။

ယဲ့ဖန် စနစ်ကို တိတ်တိတ်ကလေး လက်မထောင်ပြလိုက်ပြီးနောက် အငှားအိမ်သို့ မောင်းသွားသည်။

ငွေသား ၈သန်းကို အရင်ရွှေ့ပြီးမှ ကျောင်းကို မနက်ဖြန်မှ သွားပြီး အဆောင်ကပစ္စည်းတွေယူမည်ဟု စီစဉ်ထားသည်။

သူ့မှာအခုပိုက်ဆံရှိနေပြီဆိုပေမဲ့ အသုံးဝင်သေးတဲ့ပစ္စည်းတွေကိုတော့ လွှင့်ပစ်ဖို့စိတ်ကူးမရှိချေ။

.......…........

နှစ်နာရီကြာပြီးနောက်

ယဲ့ဖန် စံအိမ်သို့ပြန်ရောက်လာသည်။

ပိုက်ဆံတွေကိုရွှေ့ရတာ အရမ်းမကြာပေမဲ့ အိမ်ပိုင်ရှင်ဆီက ထွက်ရတာက အတော်လေးအချိန်ကုန်သွားသည်။

အိမ်ပိုင်ရှင်က အစမှာတော့ ထွက်သွားဖို့ ခွင့်မပြုချင်ပေမဲ့ ပေးချေပြီးသားငှားရမ်းခနဲ့ စရံကို ပြန်မယူဘူးလို့ကြားတဲ့အခါမှာတော့ ပြုံးပြုံးကြီးလက်ခံလိုက်တော့သည်။

တကယ်ကိုပင်ပန်းတာဘဲ။

ပိုက်ဆံအပုံလိုက်ကို စတိုခန်းထဲထည့်ပြီးတဲ့နောက် ယဲ့ဖန် ဆိုဖာပေါ်မှာလှဲလိုက်ပြီး ပိုက်ဆံတွေကို ဘယ်လိုလုပ်ရမလဲတွေးတော့သည်။

ရုတ်တရက် သူ့ဖုန်းကမြည်လာသည်။

ဖုန်းနံပါတ်စိမ်းဖြစ်နေသည်။

" ဟယ်လို "

ယဲ့ဖန် ဖုန်းကိုင်လိုက်သည်။

" ဘယ်သူပါလဲ "

" ဟယ်လို၊ လူကြီးမင်းယဲ့ဖန်ဟုတ်ပါသလား "

အသံကရင်းနှီးနေတယ်လို့ ယဲ့ဖန်ခံစားမိသည်။ အဲ့တာကြောင့် မေးလိုက်သည်။

" ဟုတ်ပါတယ် ....... မိန်းကလေးရှချူးလား "

" ဟုတ်ပါတယ်။ ယဲ့ဖန်၊ ရှင် ဒီညအားလား။ ကျွန်မရှင့်ကို ထမင်းလိုက်ကျွေးချင်လို့ပါ "

ထိုအကြောင်းကြားတဲ့အခါ ယဲ့ဖန် အနည်းငယ်အံ့ဩသွားသည်။

ဒီနှစ်ရက်အတွင်း ရှချူးက သူ့ကို ထမင်းလိုက်ကျွေးမယ်ဆိုပြီးပြောတာ ဒီအတိုင်းစကားအဖြစ်တရိုတသေပြောလိုက်ခြင်းဟုသာ ယဲ့ဖန်ထင်ခဲ့သည်။ အမှန်တကယ်ဖြစ်မယ်မှန်း ယဲ့ဖန်မထင်ထားပါ။

" အလှလေးက ဖိတ်ခေါ်မှတော့ သေချာပေါက်အားရမှာပေါ့ "

ယဲ့ဖန်စနောက်လိုက်သည်။

" Grand Phoenix Hotel ကိုလာခဲ့ပါ။ ယဲ့ဖန်၊ ရှင်အခုကျောင်းမှာလား။ ကျွန်မ ရှင့်အတွက် လာခေါ်ဖို့ကားစီစဉ်ပေးပါ့မယ် "

" ရပါတယ်၊ ဒုက္ခမခံပါနဲ့။ ကျွန်တော့်ဘာသာလာခဲ့ပါမယ်။ ဒါနဲ့ ဘယ်အချိန်လာရမလဲ "

" အစ်မဝမ်ကို ဒီည ၆နာရီကျ လာကြိုခိုင်းလိုက်ပါ့မယ် "

" ကောင်းပါပြီ၊ ညကျမှတွေ့ပါမယ် "

" ညကျမှတွေ့ပါမယ် "

ဖုန်းချပြီးတဲ့နောက် ယဲ့ဖန် အချိန်ကိုကြည့်လိုက်သည်။

နေ့လယ်ခင်းလေးနာရီသာရှိသေးသည်။

သွားဖို့ တစ်နာရီကျော်လိုသေးသည်။

နည်းနည်းပျင်းဖို့ကောင်းနေသည်။

ရုတ်တရက်ဘဲ ယဲ့ဖန် သူ့အဝတ်အစားတွေကို သတိထားမိလိုက်သည်။

ရှချူးကိုသွားတွေ့ဖို့ ဒါတွေဝတ်ရမှာ မသင့်တော်ဘူး။

အဲ့တာကြောင့် သင့်တော်တဲ့အဝတ်တစ်ချို့သွားဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ ကားဂိုဒေါင်ကိုရောက်တဲ့အခါမှာဘဲ ဖုန်းကထပ်မြည်လာသည်။

ဝတုတ်ချူးဖြစ်သည်။

ဝတုတ်ချူးရဲ့နာမည်အရင်းက ချူးပါဝမ်ဖြစ်ပြီး အနောက်တိုင်းနယ်ပိုင်ရှင်ချူးဆိုတဲ့အဓိပ္ပာယ်မှဆင်းသက်လာတာဖြစ်သည်။ ဒါပေမဲ့ သူ့မှာက နယ်ပိုင်ရှင်ဆိုတဲ့အတိုင်းရှည်ရှည်မောင်းမောင်းမဟုတ်ဘဲ။ ပေါင်နှစ်ရာကျော်လောက်သာဝတဲ့သူဖြစ်နေသည်။

သူ့မိသားစုက အနည်းငယ်ချမ်းသာပုံပေါ်ပေမဲ့ သူကတော့ အတော်လေးသစ္စာရှိသည်။ သူက အဆောင်မှာ ယဲ့ဖန်နဲ့အရင်းနှီးဆုံးဖြစ်သည်။

ဝတုတ်ချူးဖုန်းခေါ်တာကိုကြည့်ပြီး တုန့်ဆိုင်းမနေဘဲ ယဲ့ဖန်ဖုန်းကိုင်လိုက်သည်။

" ဝတုတ်၊ ဘာကိစ္စလဲ "

" ဖန်ညီအစ်ကို၊ အိမ်ရှာမတွေ့သေးဘူးလား "

" ရှာတွေ့ပါပြီ "

" အဲ့တာဆိုကောင်းတယ်။ ဖန်ညီအစ်ကို၊ ဒီည အဆောင်ကို သွားဦးမှာလား။ လင်းကျယ်က ကောင်မလေးတွေသွားခေါ်ဖို့သွားတယ်။ သူက ဒီညပြန်လာမှာမဟုတ်ဘူး "

လင်းကျယ်ရဲ့နာမည်ကြားတဲ့အခါ ယဲ့ဖန်မျက်မှောင်ကြုတ်သည်။

သူနဲ့ လင်းကျယ်က အမြဲတမ်းအမြင်တစ်ဖက်စီဖြစ်နေတတ်သည်။

လင်းကျယ်မိသားစုက နည်းနည်းလေးချမ်းသာတာနဲ့ သူက တခြားသူတွေထက်သာတယ်ဆိုပြီး သူ့ကိုယ်သူတွေးနေတာဖြစ်သည်။ ယဲ့ဖန်၊ ဝတုတ်ချူးနဲ့ သာမန်မိသားစုကလာတဲ့ နောက်ထပ်အခန်းဖော် မားဟုန်းဖေးကို သူက အထင်သေးသည်။ အမြဲတမ်းပြဿနာလည်းရှာသည်။

သူက ရိုးသားတဲ့ဝတုတ်ချူးကို အနိုင်ကျင့်လေ့ရှိသည်။

ယဲ့ဖန် ရပ်ကြည့်မနေနိုင်ဘဲ သူ့ကို အကြိမ်အနည်းငယ်ဆူပူလိုက်သည်။ အဲ့ကစပြီး လင်းကျယ်က သူ့ကိုမုန်းတော့သည် .....

ယဲ့ဖန်အိမ်ငှားရှာတာက အဲ့ဒီကောင်နဲ့ဆက်ပြီးတစ်ခန်းထဲမနေချင်တာကြောင့်ဖြစ်သည်။

အသိပြန်ကပ်လာတဲ့နောက် ယဲ့ဖန်က ဝတုတ်ချူးကိုပြန်ဖြေသည်။

" ပြန်မလာဖြစ်ဘူး "

သူ့မှာ စံအိမ်ကြီးရှိနေမှတော့ ဘာလို့ အဲ့လိုအဆောင်မှာနေရဦးမှာလဲ။

" ဖန်ညီအစ်ကို၊ မင်းငှားထားတဲ့အိမ်က ဘယ်မှာလဲ "

" ကျောင်းကနေ သိပ်မဝေးပါဘူး "

" အဲ့တာဆို ငါနောက်နေ့တွေကျ လာဆော့လို့ရလား "

" ကိစ္စမရှိပါဘူး " ယဲ့ဖန်ဖြေလိုက်သည်။

" .......... "

ဝတုတ်ချူးကို အနည်းငယ်ညွှန်ကြားပြီးတဲ့နောက် ယဲ့ဖန်ဖုန်းချပြီး Ferrari Enzo ကိုစီးပြီး စံအိမ်ကထွက်လာသည်။

ဒီနေ့ ကားလမ်းအရမ်းမကြပ်ပေ။

ဆယ်မိနစ်ကြာပြီးနောက် ယဲ့ဖန် World City သို့ရောက်လာသည်။

ကားပါကင်ထိုးပြီးတဲ့နောက် ကုန်တိုက်ထဲသို့ဝင်သွားသည်။

အပိုင်း (၁၂)

ဘယ်အချိန်ဒီကိုလာမလဲဆိုတာ အကြောင်းကြားဖို့လိုသေးတာလား။

‘World City’

Cartier ကျောက်မျက်ရတနာဆိုင်။

လင်းကျယ်က လက်ဝတ်လက်စားရွေးဖို့ ကောင်မလေးတစ်ယောက်ကိုခေါ်လာသည်။

ထိုကောင်မလေးနာမည်က ရှုမန်ဖြစ်ပြီး သူမကလည်း ကျုံးဟိုင်တက္ကသိုလ်က ပထမနှစ်ကျောင်းသူဖြစ်သည်။

ရှုမန်ရဲ့ပုံစံက ကျက်သရေရှိပြီးတော့ သူမမျက်နှာအနေအထားက ၈၅မှတ်လောက်ရှိသည်။ သူမက တရုတ်စာဌာနရဲ့အလှဆုံးမိန်းကလေးဖြစ်သည်။

လင်းကျယ်က ရှုမန်ကို ပထမဆုံးတွေ့တွေ့ချင်းမှာဘဲ ကြိုက်သွားပြီး မရမကလိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

အစမှာတော့ ရှုမန်က သူ့ကိုစိတ်ထဲတောင်မထားပေမဲ့ လင်းကျယ်က လက်မလျှော့ဘဲ သူမကို လက်ဆောင်ပေါင်းစုံဆက်ပေးခဲ့တယ်။

အဆုံးမှာ ရှုမန်က ငွေရဲ့သွေးဆောင်ဖြားယောင်းမှုကြောင့် သူနဲ့တွဲဖို့လက်ခံခဲ့တယ်။

ဒီနေ့ သူ ရှုမန်နဲ့ ရှေ့ဆက်တိုးချင်တဲ့စိတ်ကူးကြောင့် ဇိမ်ခံပစ္စည်းတွေဝယ်ပေးပြီး မျက်နှာယူချင်တဲ့အတွက် World City ကိုခေါ်လာခဲ့သည်။

တဖြည်းဖြည်းနဲ့ လင်းကျယ်ရဲ့ ရှုမန်အပေါ်အမြင်ဟာ တဏှာဖုံးလွှမ်းလာတော့သည်။

ရှုမန်က အဲ့တာကိုသတိထားမိတဲ့အခါ နည်းနည်းမပျော်မရွှင်ဖြစ်သွားသည်။

လင်းကျယ်ရဲ့ရက်ရောမှုကြောင့်သာမဟုတ်ရင် သူမလည်း သူ့လို အရပ် ၁.၇မီတာလောက်သာရှိပြီး သာမန်ရုပ်ရည်ရှိတဲ့သူတစ်ယောက်နဲ့ အတူတွဲရှိနေဖို့ စိတ်ကူးထဲတောင်ထည့်မည်မဟုတ်ပေ။

သူ့လိုသာဆိုရင် သူမအနားကပ်ဖို့ ဖြစ်တောင်မဖြစ်နိုင်ပေမဲ့ ........

ကောင်းကျိုးတွေရှိမနေရင်တော့ သူမလည်း အလိုလိုက်နေမည်မဟုတ်။

ရှုမန် သူမရဲ့ခါးသွယ်သွယ်လေးကိုမတ်လိုက်ပြီး လင်းကျယ်ကိုမေးသည်။

" လင်းကျယ်၊ ဒါလေးကောင်းလားဟင် "

သူမက Cartier မှ နောက်ဆုံးထွက်လက်ကောက်ကိုဝတ်ဆင်ထားသည်။

လင်းကျယ်က ရှုမန်ရဲ့မေ့မောစရာကောင်းလောက်တဲ့အပြုံးလေးကိုကြည့်ပြီး ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

" ကြည့်လို့ကောင်းတာပေါ့၊ ကောင်းတာပေါ့။ မန်မန်၊ မင်းလေးက ဘယ်အရာနဲ့မဆို ကြည့်လို့ကောင်းတယ် "

" တကယ်လား "

" ဒါပေါ့၊ အမှန်ဘဲလေ "

လင်းကျယ်ခေါင်းငြိမ့်ပြီး ဝန်ထမ်းကိုခေါ်ဖို့လှည့်လိုက်သည်။

" ဒီလက်ကောက်ကိုထုတ်ပေး "

" ဟုတ်ကဲ့ပါ "

ဝန်ထမ်းက မြန်မြန်ခေါင်းငြိမ့်သည်။

ရှုမန်ရဲ့အပြုံးက ပိုမိုတောက်ပလာသည်။

ခဏကြာပြီးတဲ့နောက် ဝန်ထမ်းက လက်ကောက်ကိုထုတ်ပိုးပြီး လင်းကျယ်ကိုပြုံး၍ပြောသည်။

" မင်္ဂလာပါ၊ လူကြီးမင်း။ စုစုပေါင်း ယွမ် ၆၅,၀၀၀ ကျသင့်ပါတယ် ..... "

" ဘယ်လောက် "

လင်းကျယ် မယုံနိုင်စွာမေးလိုက်သည်။

ဝန်ထမ်းက ယဉ်ယဉ်ကျေးကျေးပြုံးထားဆဲဖြစ်ပြီး ပြောသည်။

" ယွမ် ၆၅,၀၀၀ ပါ "

ထိုဈေးကိုကြားပြီး လင်းကျယ်အပြုံးတို့ အေးခဲသွားသည်။

အဲ့တာက အရမ်းကိုဈေးကြီးလွန်းသည်။

ဒီလက်ကောက်က အလွန်ဆုံးမှ ယွမ် ၁၀,၀၀၀ လောက်လို့သာ သူထင်ထားတာဖြစ်သည်။

ဝန်ထမ်းက လင်းကျယ်ရဲ့အမူအရာမကောင်းတော့မှန်းတွေ့တဲ့အခါ သူက ချက်ချင်း ပြုံးလျက်ရှင်းပြသည်။

" လူကြီးမင်း၊ ဒီလက်ကောက်က Cartierရဲ့နောက်ဆုံးမော်ဒယ်ပါ၊ ဒီလက်ကောက်မှာ ...... "

လင်းကျယ်က ဝန်ထမ်းပြောတာကို နားမထောင်ပေ။ သူက ရှုမန်ကို ပြုံးကြည့်ပြီးပြောသည်။

" မန်မန်၊ ဒီလက်ကောက်က မင်းနဲ့လိုက်တယ်မထင်ဘူး။ တခြားပုံစံလေးထပ်ရွေးပါလား "

သူ့လစဉ်မုန့်ဖိုးက ယွမ်၁၀,၀၀၀သာဖြစ်သည်။

မိန်းမတစ်ယောက်အတွက်နဲ့ သူ့နှစ်ဝက်စာမုန့်ဖိုးတွေကိုသုံးပစ်လိုက်ဖို့ မတန်ပေ။

အရေးအကြီးဆုံးကတော့ သူ့မှာ လတိုင်းပိုက်ဆံမရှိဘဲဖြစ်သွားလိမ့်မည်။ အဲ့တာကြောင့် သူ ဒီဈေးကြီးတဲ့လက်ကောက်ကို ဝယ်မပေးနိုင်ပါ။

ရှုမန် မကျေမနပ်ဖြစ်သွားသည်။

" ဒါပေမဲ့ အဲ့တာလိုချင်တာကြီးကို "

" လင်းကျယ်၊ ရှင် ကျွန်မကို ဝယ်မပေးချင်တာလို့တော့ မပြောနဲ့နော် "

" မဟုတ်ပါဘူး၊ မဟုတ်ပါဘူး "

ရှုမန်မျက်နှာပျက်သွားတာကို လင်းကျယ်တွေ့တာကြောင့် မြန်မြန်ခေါင်းကိုခါသည်။

သူ ရှူမန်ကို တကယ်ကြိုက်တာဖြစ်သည်။

သူ ရှုမန်ကိုလိုက်ဖို့ ငွေတွေအများကြီးသုံးထားရတာဖြစ်ပြီး ဒီအတွက်နဲ့ ဆက်ဆံရေးပျက်ပြားသွားမယ်ဆို တန်မှာမဟုတ်တော့ချေ။

ဒါပေမဲ့ သူ့မှာ ဝယ်ပေးဖို့ ပိုက်ဆံမရှိပေ။

ဘယ်လိုလုပ်ရမလဲ။

လင်းကျယ် စိတ်နှစ်ခွဖြစ်နေချိန်မှာဘဲ ရင်းနှီးတဲ့ပုံရိပ်ကပေါ်လာသည်။

သူလား။

လင်းကျယ် မျက်လုံးအိမ်တို့ အံ့ဩမှုကြောင့် ကျုံ့သွားရသည်။

သူ ဒီမှာ ဘာလုပ်နေတာလဲ။

ဒါပေမဲ့ ချက်ချင်းဘဲ လင်းကျယ် ရှောင်ထွက်ဖို့ နည်းလမ်းရသွားတော့သည်။

" မန်မန်၊ ကိုယ့်အသိတစ်ယောက်ကိုတွေ့လို့ သွားပြီးနှုတ်ဆက်ရအောင် "

သူပြောပြီးတာနဲ့ လင်းကျယ်က ခြေလှမ်းကာ ဆိုင်ထဲမှထွက်လာခဲ့သည်၊

ရှုမန် မျက်မှောင်ကြုတ်သွားသည်။

ဒါဟာ လင်းကျယ်က သူမကို လက်ကောက်ဝယ်မပေးချင်တာကြောင့် အကြောင်းပြချက်ပေးမှန်း ရှုမန်ခံစားမိသည်။

ဒါပေမဲ့ လင်းကျယ်ကထွက်သွားပြီဖြစ်၍ သူမလည်း နေခဲ့စရာအကြောင်းမရှိပေ။ အဲ့ဒီအပြင် လင်းကျယ်မရှိပါက သူမဘဝလည်း ဒီလောက်အဆင်ပြေမည်မဟုတ်ပါ။

ကောင်းကျိုးဆိုးကျိုးတွေကို သုံးသပ်ပြီးတဲ့နောက် ရှုမန် လင်းကျယ်နောက်ကို လိုက်သွားခဲ့သည်။

...................

" ယဲ့ဖန် "

အနောက်ကနေ အသံကြားလိုက်ရသည်။

ယဲ့ဖန်ခြေလှမ်းတွေကိုရပ်လိုက်ပြီး နောက်လှည့်ကြည့်စရာတောင်မလိုဘဲ ဘယ်သူလဲဆိုတာသိလိုက်သည်။ ဒီအသံပိုင်ရှင်က စိတ်ရှုပ်စရာကောင်းလွန်းသည်။

ယဲ့ဖန် လှည့်လိုက်သည်၊

ထင်တဲ့အတိုင်း လင်းကျယ်က အိတ်ကပ်ထဲကိုလက်ထည့်ထားပြီး သူ့ဆီသို့ လျှောက်လာနေသည်။

လင်းကျယ်အနောက်မှာတော့ ရိုးသားဖြူစင်တဲ့ကောင်မလေးတစ်ယောက်ရှိနေသည်။

လင်းကျယ်က ယဲ့ဖန်ကို သိသိသာသာအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေသည်။

ဒါပေမဲ့ ရှုမန်ကတော့ ယဲ့ဖန်ကို မြင်ပြီးတအံ့တဩဖြစ်နေသည်။

သူက ချောလိုက်တာ။

ဒါပေမဲ့ ယဲ့ဖန်ရဲ့ သာမန်အဝတ်အစားတွေကိုမြင်တဲ့အခါ သူမမျက်နှာထားက ပြန်ပြီးအေးစက်သွားသည်။

ယဲ့ဖန် လင်းကျယ်ကို ဒီမှာတွေ့မယ်လို့ မထင်ထားပေ။

ဝတုတ်ချူးက လင်းကျယ် ကောင်မလေးတွေကိုသွားခေါ်တယ်လို့ပြောထားပေမဲ့ ဒီလောက်မြန်မြန်ကြီးတွေ့မယ်လို့ မထင်ထားချေ။ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ကံလဲ။

ယဲ့ဖန် ဟန်ဆောင်ဖို့ ပျင်းတဲ့အတွက် တည့်ဘဲ အေးစက်စက်မေးလိုက်သည်၊

" ဘာလို့ ငါ့ကိုခေါ်တာလဲ။ ဘာကိစ္စလဲ "

" ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း မိတ်ဆွေဟောင်းကြီးကိုတွေ့တာကြောင့် လာနှုတ်ဆက်တာပါ "

" ငါတို့က ရင်းနှီးလို့လား "

" ငါတို့က အဆောင်တစ်ခုတည်းကလေ။ ဘယ်လိုဖြစ်ပြီးမရင်းနှီးရမှာလဲ "

" ဒါနဲ့ ယဲ့ဖန် မင်းဒီကို ဘာလို့ရောက်နေတာလဲ "

ယဲ့ဖန်က သူ့ကို မကြိုက်မှန်း လင်းကျယ်သိသည်။ သူ ယဲ့ဖန်နဲ့ နီးနီးကပ်ကပ်ရှိမနေချင်ပေမဲ့ ယဲ့ဖန် ဘာလို့ဒီရောက်နေလဲဆိုတာကို သူသိချင်သည်။

ထိုအမေးကိုကြားတဲ့အခါ ယဲ့ဖန်ပြုံးလိုက်သည်၊

" ဒီနေရာက မင်းမိသားစုပိုင်တဲ့နေရာမလို့လား။ ငါ ဘယ်အချိန်လာမလဲဆိုတာ တင်ပြဖို့လိုသေးလို့လား "

" .......... "

လင်းကျယ် ပြန်မပြောနိုင်တာကိုမြင်တဲ့အခါ ယဲ့ဖန်လည်း သူနဲ့ ဆက်ပြီးစကားများမနေချင်တဲ့အတွက် ချက်ချင်းလှည့်ပြီးထွက်သွားသည်။

လင်းကျယ်အမူအရာက နည်းနည်းရုပ်ပျက်သွားသည်။

သူက ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ဖြစ်တာတောင်မှ သူက ယဲ့ဖန်ကို စပြီးနှုတ်ဆက်လိုက်တာကြောင့် ယဲ့ဖန်က သူ့ကိုယ်သူအထင်ကြီးပြီး လင်းကျယ်ကို မျက်နှာသာမပေးချေ။

ဒါတရားလွန်သွားပြီ။

ယဲ့ဖန်က အကောင်းစားအင်္ကျီဆိုင်ထဲဝင်သွားတဲ့အခါ လင်းကျယ်ပိုပြီးသိချင်သွားသည်။

သူသိသလောက်ဆိုရင် ယဲ့ဖန်မိသားစုအနေအထားနဲ့ အဲ့ဒီဆိုင်ထဲက ဘာကိုမှဝယ်ဖို့တတ်နိုင်မှာမဟုတ်ချေ။

ယဲ့ဖန်က အချိန်ပိုင်းအလုပ်ရှာနေတာများလား။

All Chapters