← Chapters

အပိုင်း ၁၃-၁၆

Vol. 1 Ch. 13-16

အပိုင်း ၁၃-၁၆

Vol. 1 Ch. 13-16

အပိုင်း (၁၃)

ဒီလက်ပတ်နာရီက အရမ်းဈေးကြီးတယ်၊ ထပ်ပြီးမကြည့်တော့ဘူးလား။

ထိုအတွေးနဲ့အတူ လင်းကျယ် မြန်မြန်အနောက်ကလိုက်သွားသည်။

ရှုမန် သူ့နောက်ကမလိုက်ခင် ခဏတွန့်ဆုတ်နေခဲ့သည်။

ယဲ့ဖန် အရှက်ကွဲတာကိုမြင်ချင်တဲ့ လင်းကျယ်လိုမဟုတ်ဘဲ ယဲ့ဖန်ရဲ့ချောမောတဲ့အသွင်အပြင်ရဲ့ဆွဲဆောင်မှုကြောင့်သာ ရှုမန်က လိုက်သွားတာဖြစ်သည်။

' ချောရဲ့သားနဲ့ ဘာလို့ပိုက်ဆံမရှိတာလဲ '

ရှုမန် သက်ပြင်းချလိုက်သည်။

သူ့နောက်ကိုလိုက်နေတဲ့ လင်းကျယ်နဲ့ရှုမန်ကို ယဲ့ဖန်မြင်ပေမဲ့ ဂရုမစိုက်ဘဲ အထက်တန်းစားအင်္ကျီဆိုင်ထဲသာဝင်သွားသည်။

" မင်္ဂလာပါ၊ လူကြီးမင်း။ ကြိုဆိုပါတယ်၊ ဘာများကူညီပေးရပါမလဲ "

ချက်ချင်းဘဲ ဆိုင်အကူက ယဲ့ဖန်ကိုမြင်ပြီး ကူညီပေးရန်လာသည်။

ယဲ့ဖန်က သာမန်အဝတ်အစားတွေဝတ်ထားသော်လည်း သူမက အထင်သေးခြင်းမပြုမူဘဲ ပြုံးပြုံးလေးဆက်ဆံသည်။

ယဲ့ဖန် ဆိုင်အကူဝန်ထမ်းအပေါ်အကောင်းမြင်သွားသည်။ သူကလည်းပြုံးပြီးမေးသည်။

" အင်္ကျီအစုံအနည်းငယ်လောက်ဝယ်ချင်ပေမဲ့ ဘယ်လိုမျိုးက ကျွန်တော်နဲ့လိုက်ဖက်မလဲဆိုတာကိုမသိဘူး။ ကူပြီး အကြံပေးနိုင်မလား "

ဆိုင်ထဲကိုဝင်လာတဲ့ လင်းကျယ်က ထိုစကားကိုကြားတဲ့အခါ အံ့ဩလန့်ဖျပ်သွားသည်။

ယဲ့ဖန်က တကယ်ကြီး ဒီမှာအင်္ကျီဝယ်မလို့လား။

သူ ဝယ်ဖို့ရော တတ်နိုင်လို့လား။

သူနဲ့ထပ်တူ ရှုမန်လည်း အံ့ဩသွားသည်။

' ယဲ့ဖန်က ပုံစံအမှန်ကို ဖုံးကွယ်ထားတဲ့သူဌေးဖြစ်နေမလား '

ချက်ချင်းဘဲ ရှုမန်စိတ်ထဲအတွေးများလာရတော့သည်၊

ယဲ့ဖန်က လင်းကျယ်နဲ့ ရှုမန်ကိုလှမ်းကြည့်လိုက်ပြီးနောက် အကူဝန်ထမ်းကို ပြန်ကြည့်လိုက်သည်။

ထိုအရောင်းဝန်ထမ်းအမျိုးသမီးကပြုံး၍ ခေါင်းငြိမ့်သည်။

" ရတာပေါ့ရှင်။ လူကြီးမင်းကြည့်ရတာ ငယ်သေးတဲ့ပုံပါဘဲ။ ဒီလို A version ဝတ်စုံပြည့်က အရမ်းကိုလူကြီးလူကောင်းဆန်ပြီး သမားရိုးကျပုံပေါ်တာကြောင့် လူကြီးမင်းနဲ့ မလိုက်ဖက်ပါဘူး။ ကျွန်မတို့ရဲ့ဆိုင်ထဲမှာ ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ချို့ရှိပါတယ်။ ကြည့်ချင်လားမသိဘူးရှင့် "

" ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန် ခေါင်းငြိမ့်သည်။

မကြာခင်မှာဘဲ ဆိုင်အကူဝန်ထမ်းက ပေါ့ပေါ့ပါးပါးရှပ်အင်္ကျီတစ်ချို့ယူလာသည်။

ယဲ့ဖန်စမ်းဝတ်ကြည့်ပြီးတဲ့နောက် လိုက်ဖက်တယ်လို့ထင်မိသည်။

" ဒါတွေကို ထုတ်ပေးပါ။ ပြီးတော့ ဒါတွေနဲ့လိုက်မယ့် ဘောင်းဘီတွေလည်း ကူရွေးပေးပါဦး "

" ဟုတ်ကဲ့ပါ၊ ဘောင်းဘီဘယ်ဆိုဒ်ဝတ်ပါသလဲ လူကြီးမင်း "

" ......... "

လင်းကျယ်နဲ့ရှုမန်တို့ဟာ ယဲ့ဖန်နဲ့ ထိုဆိုင်ဝန်ထမ်းတို့ကြားက စကားဝိုင်းကိုနားထောင်ပြီး အံ့ဩနေကြသည်။

အင်္ကျီတွေရဲ့ဈေးကိုမသိရရင်တောင် ဒီလိုဆိုင်မျိုးထဲကအင်္ကျီတွေက ဈေးပေါမှာမဟုတ်ကြောင်း သူတို့သိသည်။

ဒါတောင်မှ ယဲ့ဖန်က တုန့်ဆိုင်းခြင်းမရှိဘဲ ဝယ်နေသည်။

သူ ဘယ်တုန်းက အဲ့လောက်ချမ်းသာလာတာလဲ။

လင်းကျယ်မျက်နှာက မယုံနိုင်ခြင်းတို့ပြည့်နှက်နေသည်။

ရှုမန်အကြည့်တို့က ယဲ့ဖန်ဆီမှာသာရှိနေသည်။

ဒါပေမဲ့ ငွေမရှင်းရသေးတာဖြစ်တဲ့အတွက် ယဲ့ဖန်က တကယ်ချမ်းသာတာလားမသိရသေးတာကြောင့် ရှုမန် မဆင်မခြင်မလုပ်သေးပေ။

တစ်ဖက်မှာတော့ ဆိုင်ဝန်ထမ်းက ယဲ့ဖန်အတွက် ဝတ်စုံကို ကူရွေးပေးနေသည်။

အင်္ကျီတွေကိုကြည့်လိုက်ပြီး မဆိုးဘူးဟု ယဲ့ဖန်ထင်သည်။ သူ ငွေချေဖို့အသင့်ဖြစ်နေပြီဖြစ်သည်။

ဒါပေမဲ့ နှစ်လှမ်းလောက်လျှောက်ပြီးတဲ့နောက် ရပ်လိုက်သည်။

သူ့လက်က .......

တစ်ခုခုလိုနေသလိုဘဲ။

ယဲ့ဖန်ရဲ့မူမမှန်တဲ့အမူအရာကိုတွေ့တဲ့အခါ ဆိုင်ဝန်ထမ်းက နားမလည်သည့်အမူအရာဖြင့်မေးသည်။

" ယဲ့လူကြီးမင်း၊ ပြဿနာများရှိလို့လား "

" မရှိပါဘူး "

ယဲ့ဖန် ခေါင်းခါပြီးနောက်မေးသည်။

" ဒီမှာ လက်ပတ်နာရီတွေရောရောင်းလား "

ဆိုင်ဝန်ထမ်းဟာ အင်္ကျီနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူးဆိုတာကိုကြားလိုက်ရတဲ့အခါမှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

အဲ့ဒီနောက်မှာတော့ သူမ မျက်နှာပေါ်က အပြုံးက ပိုပြီးတောက်ပလာကာ မြန်မြန်ခေါင်းငြိမ့်ပြသည်။

" ရပါတယ်။ ကျွန်မတို့ဆိုင်က ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းထားပါတယ်။ ဘယ်အမှတ်တံဆိပ်ထဲကများလိုချင်ပါသလဲ "

ယဲ့ဖန် ခဏတွေးပြီးတဲ့နောက်မှ

" အရင်ဆုံးကြည့်ဦးမယ် " ဟုပြောလိုက်သည်။

ဘယ်တံဆိပ်အမျိုးအစားလဲဆိုတာ ယဲ့ဖန်ဂရုမစိုက်ချေ။

ဘယ်လိုဘဲဖြစ်ဖြစ် အခုသူ့မှာ ပိုက်ဆံတွေအများကြီးရှိနေပြီဖြစ်တာကြောင့် ဘယ်လောက်ဘဲဈေးကြီးနေပါစေ သူကြိုက်သရွေ့ ဝယ်နိုင်ပြီဖြစ်သည်။

" ဟုတ်ကဲ့ ခဏလေးစောင့်ပါ "

ထိုအရောင်းဝန်ထမ်းက ယဲ့ဖန်ကို အရင်ဆုံးရေတစ်ခွက်ငှဲ့ပေးပြီးတဲ့နောက် ဖိုင်သုံးခုယူလာသည်။

" ယဲ့လူကြီးမင်း၊ ဒါတွေက ကျွန်မတို့ဆိုင်က နာရီတွေအကုန်ပါဘဲ။ အချိန်ယူပြီးကြည့်ပါ။ တစ်ခုခုကြိုက်တာရှိရင် ခေါ်လိုက်ပါ "

ယဲ့ဖန် ခေါင်းငြိမ့်ပြသည်။

ဝန်ထမ်းထွက်သွားတဲ့အခါ ယဲ့ဖန် စာရင်းကိုကြည့်လိုက်သည်။

ပထမဆုံးတစ်ခုက Patek Phillippe နာရီဖြစ်သည်။

ကြည့်ပြီးတဲ့နောက် ယဲ့ဖန်အကြိုက်မတွေ့တာကြောင့် နောက်ထပ်စာရင်းတစ်ခုကိုကြည့်လိုက်သည်။

ဒီစာအုပ်မှာတော့ Bulgari ပုံစံမျိုးစုံရှိသည်။

စီးပွားရေး၊ ဇိမ်ခံ၊ အားကစား ....... စသည်ဖြင့် မျိုးစုံရှိသည်။

ဈေးနှုန်းက သိန်းဂဏန်းမှ သန်းဂဏန်းထိ အစားစားရှိသည်။

ယဲ့ဖန် စာမျက်နှာအနည်းငယ်ကြည့်ပြီးနောက် နေ့စဉ်ဝတ်နာရီတစ်ခုကို မျက်စိကျသွားသည်။

Bulgari Octo Crystal 103195

ဒီလက်ပတ်နာရီက ရှုပ်ထွေးပြီးလက်ရာမြောက်တဲ့လက်မှုပညာရပ်တစ်ခုဖြစ်သည်။

နီလာကျောက်မှန်၊ မီးခိုးမှိုင်းရောင် နီလာပုံစံနာရီဒိုင်ခွက်နှင့် စိန်စီထားသောဘောင် ......

ဒါဘဲ။

ယဲ့ဖန် ကြည့်လိုက်တာနဲ့ ဒီနာရီကို တန်းကြိုက်သွားသည်။

၆သန်းကျော်ကျော်လောက်က လက်ရှိ သူ့အတွက် ဘာမှမဟုတ်ပေ။

ယဲ့ဖန် ဝန်ထမ်းကို ချက်ချင်းခေါ်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဘယ်တစ်ခုကိုကြိုက်ပါသလဲ "

ဝန်ထမ်းက ပြုံးလျက်မေးသည်။

ယဲ့ဖန်စာရင်းစာအုပ်ထဲက ပုံကိုညွှန်ပြပြီးမေးသည်။

" ဒါ ဆိုင်မှာရှိသေးလား "

" ယဲ့လူကြီးမင်းက အမြင်ကောင်းရှိတာဘဲ။ ဒီနာရီက Bulgari Octo series ရဲ့ အကောင်းဆုံးဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ ၈ခုဘဲရှိပါတယ် .... "

" ဒီမှာ၊ ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနာရီက ဒီဆိုင်မှာ ပစ္စည်းရှိလားဘဲသိချင်တာပါ "

ယဲ့ဖန် မထိန်းနိုင်ဘဲ ဝန်ထမ်းကို စကားဖြတ်ပြောလိုက်သည်။

သူ လက်ပတ်နာရီတွေအကြောင်း ကောင်းကောင်းမသိသလို များများစားစားလည်းမသိချင်ပါ။ ဒီပုံစံက သူ့အကြိုက်နဲ့ကိုက်လားဆိုတာကိုဘဲ သိချင်တာဖြစ်သည်။

" ရှိပါတယ် "

ဝန်ထမ်းက ခေါင်းငြိမ့်ဖြေသည်။

ဒီပုံစံ သူတို့ဆိုင်မှာရှိတာ တိုက်ဆိုင်မှုဘဲဖြစ်သည်။

" ကြည့်လို့ရမလား "

ဆိုင်ဝန်ထမ်းက တွေးကြည့်ပြီးတဲ့နောက် ခေါင်းငြိမ့်ပြသည်။

" ရပါတယ်၊ ခဏလေးစောင့်ပါ "

နာရီကို မြန်မြန်ဘဲယူလာသည်။ ယဲ့ဖန် ခမ်းနားလှတဲ့ဘူးကိုဖွင့်လိုက်တဲ့အခါ နာရီက သူ့အရှေ့မှာပေါ်လာသည်။ ပုံထဲကနဲ့တစ်ပုံစံတည်းဖြစ်သည်။

ယဲ့ဖန်ကြည့်ပြီး အရမ်းကိုစိတ်ကျေနပ်သွားသည်။

" ဒါကိုထုတ်ပေးပါ "

" ရှင်? "

" ကျွန်တော် ဒီနာရီကိုယူမယ် "

" ဒါက ... လူကြီးမင်းထပ်ပြီးတော့များ မကြည့်တော့ဘူးလား "

အရောင်းဝန်ထမ်းက စေတနာနဲ့သတိပေးလိုက်သည်။ ဘယ်လိုဘဲပြောပြော ဒီနာရီက ယွမ်၆သန်းတောင်ကျော်တဲ့ကိစ္စကြီးကို။

အပိုင်း (၁၄)

ရှင် ဒီလောက်ချမ်းသာတဲ့အတန်းဖော်ကို သိတာလား။

ယဲ့ဖန် ခေါင်းခါလိုက်သည်။

" ရပါတယ်၊ ဒါကိုဘဲထုတ်ပေးပါ "

" ကောင်းပါပြီ။ ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ "

ဆိုင်ဝန်ထမ်းက အရမ်းကိုစိတ်လှုပ်ရှားသွားသည်။ သူမက ယဲ့ဖန်ကို ငွေရှင်းကောင်တာသို့ မြန်မြန်ခေါ်သွားသည်။

သိပ်မဝေးတဲ့နေရာမှာ လင်းကျယ်နဲ့ရှုမန်တို့ အံ့ဩမှင်သက်နေကြသည်။

ယဲ့ဖန်နောက်ကျောဘက်ကိုကြည့်ပြီး လင်းကျယ်သံသယဝင်နေသည်၊

ရှုမန်အကြည့်ကတော့ တလက်လက်တောက်နေသည်။

သူမ နာရီတွေအကြောင်းမသိရင်တောင်မှ Bulgari က ထိပ်တန်းဇိမ်ခံနာရီတစ်လုံးဖြစ်မှန်းသိသည်။

ဈေးအပေါဆုံးကတောင်မှ ယွမ်သိန်းချီတန်လေသည်။

ဒါပေမဲ့ ယဲ့ဖန်ကတော့ နှစ်ခါလောက်ဘဲကြည့်ပြီး ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ ဒါက ရက်ရောလွန်းတာဘဲ။

" လင်းကျယ်၊ ရှင် ဒီလောက်ချမ်းသာတဲ့အတန်းဖော်ကိုသိတာလား "

ရှုမန်အသိစိတ်ကပ်လာပြီးတဲ့နောက် လင်းကျယ်ကိုမေးသည်။

ရှုမန်အကြည့်က တစ်ခုခုမှားနေမှန်း လင်းကျယ်ခံစားမိလိုက်သည်။ ဒါပေမဲ့ ဘာမှ မူမမှန်တာ မတွေ့ရတဲ့အတွက် ခေါင်းကိုသာခါလိုက်သည်။

" ကိုယ်တို့က အဆောင်တစ်ခုတည်းမှာအတူတူနေတာ၊ အဲ့တော့ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ ပြီးတော့ သူက ဘယ်လိုဖြစ်လို့ ပိုက်ဆံရှိရမှာလဲ။ သူ့မိဘတွေက တစ်လမှ လခ ယွမ်၁၀၀၀၊ ၂၀၀၀ လောက်ဘဲရတဲ့ သာမန်ဝန်ထမ်းတွေ "

သူအရမ်းကိုစိတ်ရှုပ်ထွေးနေသည်။

ယဲ့ဖန်ရဲ့ ငွေကြေးအခြေအနေနဲ့သာဆို သူ ဒီမှာသုံးဖြုန်းဖို့ တတ်နိုင်မှာမဟုတ်ချေ။

ဒါပေမဲ့ ယဲ့ဖန်ကိုကြည့်ရတာ အရမ်းကိုယုံကြည်မှုရှိနေပုံပေါ်သည်။

ယဲ့ဖန်ရူးသွားတာများလား။

ဒါမှမဟုတ် ထီပေါက်သွားလို့လား။

လင်းကျယ်လည်း မတွေးနိုင်တော့ဘဲ သွားပြီးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှုမန်ကလည်း ယဲ့ဖန်တကယ်ချမ်းသာတာလားသိချင်တဲ့အတွက် လင်းကျယ်နောက်လိုက်ကာ ငွေရှင်းကောင်တာနားလျှောက်သွားသည်။

...............

ငွေရှင်းကောင်တာရှေ့။

" မင်္ဂလာပါ၊ လူကြီးမင်း၊ စုစုပေါင်း ယွမ် ၇.၆၅သန်းကျသင့်ပါတယ် "

" Membership card ရှိပါသလား။ ရှိရင် ၁၀ရာခိုင်နှုန်းလျှော့ဈေးရနိုင်ပါတယ် "

ဆိုင်မန်နေဂျာက ယဲ့ဖန်ကို ပြုံးလျက်ပြောသည်။

ပုံမှန်ဆိုလျှင် ဆိုင်မန်နေဂျာတွေက သာမန်ကိစ္စလေးအတွက် ငွေကိုယ်တိုင်ရှင်းမပေးကြပေ။

ဒါပေမဲ့ ယဲ့ဖန်က အရမ်းကိုချမ်းသာသူဖြစ်သည်။

မိနစ်၂၀အတွင်းမှာဘဲ ယွမ်၇သန်းဖိုး ပစ္စည်းမှာယူလိုက်တာဖြစ်သည်။

ဒီလိုနတ်ဘုရားကဲ့သို့ဝယ်ယူသူအတွက် ဆိုင်မန်နေဂျာက ကိုယ်တိုင်ထွက်လာပြီး ယဲ့ဖန်အတွက် တရိုတသေငွေတွက်ပေးရသည်။

" မရှိ .... "

ယဲ့ဖန်ခေါင်းခါဖို့ပြင်နေချိန်မှာဘဲ World City ရဲ့ အနက်ရောင်ရွှေကတ်သူ့မှာရှိမှန်း ရုတ်တရက် သတိရလိုက်သည်။

ဒါကြောင့် အဲ့ဒီကတ်ကိုထုတ်ပြီး ဆိုင်မန်နေဂျာကိုပေးလိုက်သည်။

ဆိုင်မန်နေဂျာက ထိုကတ်ကိုမြင်တဲ့အခါ အရင်ဆုံးလန့်သွားရသည်။ အဲ့ဒီနောက် မျက်လုံးတွေပြူးကျယ်လာပြီး မယုံနိုင်သည့်အမူအရာပေါ်လာသည်။

" ဒါက ...... "

သူမ သေချာပေါက် World City က အနက်ရောင်ရွှေကတ်ကိုသိသည်။

ဒါပေမဲ့ ဒီကတ်က နှစ်ယောက်ဆီမှာဘဲရှိတယ်လို့သိထားပြီး သူတို့ကလည်း တခြားသူကိုပေးလိုက်တယ်လို့ မကြားမိချေ။

ဒါမှမဟုတ် ယဲ့လူကြီးမင်းက တတိယမြောက်လူလား။

မန်နေဂျာက မမေးရဲဘဲ ယဲ့ဖန်ကို ကတ်ပြန်ပေးသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မရဲ့ရာထူးနဲ့ ဒီငွေပေးချေမှုကို လုပ်ဆောင်ပေးလို့မရလို့ပါ။ ဒီမှာ ခဏလောက်စောင့်ပေးနိုင်မလား "

ယဲ့ဖန်ကို စော်ကားမိသွားမှာကိုလည်း မန်နေဂျာက ကြောက်ရွံ့နေသည်။

အချိန်လည်းစောနေသေးသည့်အတွက် ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

မန်နေဂျာ သက်ပြင်းချလိုက်သည်။

ဆိုင်ဝန်ထမ်းကို ယဲ့ဖန်အား ဂရုစိုက်ပေးရန်မှာပြီးတဲ့နောက် မန်နေဂျာက World City စီမံခန့်ခွဲရေးဌာနက အတွင်းရေးမှူးကို ဖုန်းလှမ်းဆက်သည်၊

...........

World City ထိပ်ဆုံးအလွှာ

အထက်တန်းစားရုံးခန်း။

World City မှာ တာဝန်ရှိသူ ထန်းယွမ်က နောက်ဆုံးလရဲ့ငွေကြေးတွေကို စစ်ဆေးနေသည်။

ဒေါက်၊ ဒေါက်၊ ဒေါက်။

တံခါးပေါ်မှ ရုတ်တရက်ခေါက်သံပေါ်လာသည်။

" ဝင်ခဲ့ပါ "

ထန်းယွမ် မော့မကြည့်ဘဲဖြေလိုက်သည်။

တစ်ခဏကြာတဲ့နောက် အတွင်းရေးမှူးရှောင်ယွဲ့က တံခါးဖွင့်ပြီးဝင်လာသည်။

" ထန်းဥက္ကဌ "

" ဘာကိစ္စလဲ "

" အနက်ရောင်ရွှေကတ်နဲ့တစ်ယောက်ယောက်က World City ကိုရောက်လာပါတယ် ...... "

အတွင်းရေးမှူးကဖြစ်ကြောင်းကုန်စင်ရှင်းပြသည်။

အနက်ရောင်ရွှေကတ်နဲ့ပတ်သက်တဲ့အကြောင်းကိုကြားတဲ့အခါ ထန်းယွမ် မယုံနိုင်ဘဲ မျက်လုံးတို့ပြူးကျယ်ကုန်သည်။

အနက်ရောင်ရွှေကတ်တွေအားလုံးဟာ ထန်းပေါဟုန်ရဲ့လက်ထဲမှာသာရှိသည်။

ထန်းပေါဟုန်ဆီက ထိုကတ်ရဖို့အတွက် တစ်ဖက်သူရဲ့အနေအထားဟာ သာမန်အဆင့်လုံးဝမဖြစ်နိုင်ပေ။ သူမတောင်မှ အဲ့လိုလူကို စော်ကားမိတဲ့အပြုအမူမျိုးမလုပ်ရဲပေ။

" သွားပြီးကြည့်ကြတာပေါ့ "

အဲ့ဒီနောက် ထန်းယွမ် ထရပ်ပြီး ရုံးခန်းထဲမှ ထွက်လာသည်။ သူမရဲ့အတွင်းရေးမှူး ရှောင်ယွဲ့ကလည်း အနောက်ကနေ နီးနီးကပ်ကပ်လိုက်လာသည်။

ချက်ချင်းဘဲ သူတို့နှစ်ယောက် ထိုဆိုင်သို့ အပြေးသွားသည်။

ဆိုင်မန်နေဂျာက ထန်းယွမ်ကိုမြင်တဲ့အခါ ရိုရိုသေသေနဲ့ ချက်ချင်းထနှုတ်ဆက်သည်။

" ဥက္ကဌထန်း "

" သူက ဘယ်မှာလဲ "

ထန်းယွမ်မေးပြီး ဆိုင်ထဲကို လှမ်းကြည့်သည်။

ပတ်လည်ကိုကြည့်ပြီးတဲ့နောက် နားနေတဲ့နေရာက လူငယ်လေးပေါ် အကြည့်ရောက်သွားသည်။

ထိုအချိန်မှာဘဲ ဆိုင်ဝန်ထမ်းရဲ့အသံကထွက်လာသည်။

" နားနေတဲ့နေရာမှာထိုင်နေတဲ့ ယဲ့လူကြီးမင်းပါ "

ထန်းယွမ်ခေါင်းငြိမ့်ပြီး ထိုနေရာသို့သွားလိုက်သည်။

တစ်ယောက်ယောက်က နီးကပ်လာတာကို ယဲ့ဖန်သတိထားမိ၍ ခေါင်းမော့ပြီးကြည့်လိုက်တဲ့အခါ ဆိုင်မန်နေဂျာနဲ့ အမျိုးသမီးနှစ်ယောက်က သူ့ဆီလျှောက်လာတာကိုတွေ့ရသည်။

အရှေ့ဆုံးကအမျိုးသမီးက အသက်နှစ်ဆယ်နောက်ပိုင်းအရွယ်ရှိပုံပေါ်သည်။ ဆံပင်တိုတိုနဲ့ ဝတ်စုံပြည့်ဝတ်ထားသည်။ သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါက လင်းကျွင်းကျွင်းနဲ့ဆင်တူပေမဲ့ အနည်းငယ်ကွဲပြားသည်။

လင်းကျွင်းကျွင်းက အားကြီးတဲ့ဝက်ဝံတစ်ကောင်လို အမြင်ပေးပြီး သူ့ရှေ့က အမျိုးသမီးကလည်း သူမ နည်းတူ လုပ်နိုင်စွမ်းနှင့် အတွေ့အကြုံပြည့်ဝပုံပေါ်သော်လည်း ပိုပြီးသိမ်မွေ့သည်။

နောက်ထပ်အမျိုးသမီးကတော့ ရုပ်ရည်အမှတ်၈၀လောက်ရှိပြီး ပိန်သည် .....

သူမပုံစံက ယဲ့ဖန်အကြိုက်မဟုတ်ပေ။

ဒါကြောင့်တစ်ချက်ဘဲကြည့်ပြီး အခြားကိုအကြည့်လွှဲလိုက်သည်။

အဲ့အချိန်မှာဘဲ ထန်းယွမ်က သူ့ဆီလျှောက်လာပြီး ပြုံးကာ လက်လှမ်းလိုက်သည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက World City ရဲ့တာဝန်ရှိသူ ထန်းယွမ်ပါ "

" မင်္ဂလာပါ၊ ဥက္ကဌထန်း "

ယဲ့ဖန်ပြုံးပြီး ထန်းယွမ်နဲ့လက်ဆွဲနှုတ်ဆက်သည်။

" ယဲ့လူကြီးမင်း၊ အနက်ရောင်ရွှေကတ်ကို ကြည့်လို့ရမလား "

" ရတာပေါ့ "

အဲ့ဒီနောက် ယဲ့ဖန် ကတ်ကိုထုတ်ပေးသည်။

ထန်းယွမ်က ပြုံးလျက်ယူလိုက်သည်။

ခဏအကြာမှာ သူမက အသေအချာအာရုံစိုက်စစ်နေသည်။

သူမက ဒီကတ်နဲ့အများကြီးရင်းနှီးကျွမ်းဝင်ပြီး ဒီကတ်ပေါ်မှာ တုပလို့မရတဲ့သင်္ကေတတွေအများကြီးရှိတာကြောင့် ဒါကအစစ်ဖြစ်သည်။

ချက်ချင်းဘဲ ကတ်ကို ယဲ့ဖန်ဆီပြန်ပေးပြီး တောင်းပန်လိုက်သည်။

" ယဲ့လူကြီးမင်း၊ အခု ကျွန်မရဲ့သံသယဝင်မိတာအတွက် တောင်းပန်ပါတယ် ...... "

အပိုင်း (၁၅)

စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ။

ရဲတင်းတဲ့အကြံဉာဏ်။

" ရပါတယ် "

ယဲ့ဖန် လက်ယမ်းပြလိုက်ပြီး နားလည်ကြောင်းဖော်ပြလိုက်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် အနက်ရောင်ရွှေကတ်က အရေးကြီးလေသည်။ ဒါကြောင့် ထန်းယွမ်က သတိထားတာနဲ့ပတ်သက်ပြီး သူစိတ်ထဲမထားပါ။ အဲ့ဒီနောက် ဒီအတိုင်းမေးလိုက်သည်။

" အခု ငွေရှင်းလို့ရပြီလား "

" ရပါပြီ "

ထန်းယွမ် မြန်မြန်ခေါင်းငြိမ့်ပြီး ယဲ့ဖန်အစားရှင်းပေးဖို့သွားသည်။

ယဲ့ဖန်က ငွေအများကြီးသုံးနိုင်မယ်လို့ သူမ သိသော်လည်း ၇.၆၅သန်းဆိုတဲ့ ငွေပမာဏကိုမြင်တဲ့အခါ သူမ အံ့ဩသွားရသည်။

" ယဲ့လူကြီးမင်း၊ ရှင့်မှာ ဒီကတ်ရှိတာကြောင့် World City က ဝယ်သမျှပစ္စည်းတိုင်းအတွက် ၆၀% လျှော့ဈေးရနိုင်ပါတယ် "

" လျှော့ဈေးဖြတ်ပြီးတဲ့ဈေးက ၅.၀၄၉သန်းဖြစ်ပြီး ကျွန်မက ယွမ် ၉၀,၀၀၀ ထပ်လျှော့ပေးပါ့မယ်။ ကျွန်မကို ၅.၀၄သန်းဘဲ ပေးပါ "

ယဲ့ဖန် နည်းနည်းအံ့ဩရသည်။

ဒီအနက်ရောင်ရွှေကတ်ရဲ့ဦးစားပေးဆက်ဆံပုံက ဒီလောက်ကောင်းမယ်မှန်း မထင်ထားပေ။

သူ ယွမ်၂သန်းကျော်တောင် စုလိုက်နိုင်သည်။

သူမှာ ငွေပြတ်လပ်နေတာမဟုတ်ပေမဲ့ ငွေလျှော့သုံးလိုက်ရတဲ့အတွက် ဝမ်းသာနေသည်။

" ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်က ထန်းယွမ်ကိုပြုံးပြီး ဘဏ်ကတ်ကို သူမအားပေးလိုက်သည်။

အနီးနားမှာဘဲရှိနေတဲ့ လင်းကျယ်နဲ့ ရှုမန်က ထိုစကားတွေကိုကြားပြီး အကြီးအကျယ်ကို အံ့ဩနေကြသည်။

ယဲ့ဖန်ရဲ့အနက်ရောင်ရွှေကတ်က အစစ်ဖြစ်နေမယ်လို့ လင်းကျယ် ထင်မထားချေ။

ယဲ့ဖန်ကလွဲပြီး ကျုံးဟိုင်မြို့တစ်ခုလုံးမှာ ထိုအနက်ရောင်ရွှေကတ်ရှိတဲ့သူက နှစ်ယောက်တည်းသာရှိမှန်း လူတိုင်းသိသည်။

သူတို့နှစ်ယောက်ကလည်း ကျုံးဟိုင်မြို့ရဲ့အထက်တန်းစားလူကုန်ထုံတွေဖြစ်ကြသည်။

ဘယ်အရာက ယဲ့ဖန်ကို အဲ့ဒီကတ်ရဲ့ တတိယမြောက်ပိုင်ရှင်ဖြစ်စေတာလဲ။

အဓိပ္ပာယ်မရှိပေ။

ရှုမန် ထိုအနက်ရောင်ရွှေကတ်အကြောင်းကိုမသိပေ။ သူမအာရုံက ဈေးနှုန်းပေါ်မှာသာရှိနေသည်။

ယဲ့ဖန်က ဒီဆိုင်ထဲမှာနာရီဝက်လောက်သာရှိနေပြီး ယွမ်၅သန်းမက သုံးပြသွားသည်။

ဒါက အတိုင်းထက်အလွန်ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့အကြည့်အောက်ကနေ ထန်းယွမ်က ယဲ့ဖန်ဆီမှ ဘဏ်ကတ်ကိုယူလိုက်သည်။

ငွေပေးချေမှုက စက္ကန့်ပိုင်းအတွင်းပြီးသွားသည်။

ထန်းယွမ်က ပြုံးပြီး ယဲ့ဖန်ကို ဘဏ်ကတ်ပြန်ပေးလိုက်သည်။

ယဲ့ဖန်က ယွမ်၅သန်းသုံးလိုက်တာကို ယွမ်၅၀၀ဘဲသုံးလိုက်သည့်အလား တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ယူသည်။

လင်းကျယ်နဲ့ရှုမန်တို့ ပိုလို့တောင်လန့်သွားကြသည်။

" သူက ဘယ်လိုလုပ်ပြီး အဲ့လောက်ချမ်းသာရမှာလဲ ... "

လင်းကျယ်စိတ်ထဲ ပိုပြီးရှုပ်ထွေးလာသည်။

သူအရင်တုန်းက ယဲ့ဖန်အပေါ်အထင်သေးခဲ့တာတွေ တွေးမိတဲ့အခါ ......

သူမျက်နှာပျက်ရသည်။

ရှုမန်အကြည့်တို့က ယဲ့ဖန်ဆီမှာသာရောက်နေသည်။

ငယ်ရွယ်ပြီး ချောမောတဲ့အပြင် ချမ်းလည်းချမ်းသာသည် ......

သူက ဒီအတိုင်းကို စိတ်ကူးယဉ်ကောင်လေးပုံစံဖြစ်နေသည်။

သူမသာ ယဲ့ဖန်ရဲ့အရေးပေးမှုကိုရမယ်ဆိုရင် သူမ ကျန်တဲ့ဘဝတစ်လျှောက်လုံး အစားအသောက်နဲ့အဝတ်အစားတွေအတွက် စိတ်ပူစရာမလိုတော့ပေ။

ရုတ်တရက် ရှုမန်ဆီမှာ ရဲတင်းတဲ့အကြံတစ်ခုပေါ်လာသည်။

ယဲ့ဖန်သည် လင်းကျယ်နှင့် ရှုမန်တို့ရဲ့အကြည့်တွေကို သတိထားမိသည်။

အထူးသဖြင့် ရှုမန်ကြည့်ပုံက သူ့ကို ထူးဆန်းတဲ့ခံစားချက်ဖြစ်စေသည်။

ဒါပေမဲ့ အများကြီးတွေးမနေဘဲ ဘဏ်ကတ်ကိုပြန်ယူပြီးနောက် World City ထဲမှထွက်ဖို့ပြင်သည်။

ထန်းယွမ်က ရုတ်တရက်မေးသည်။

" ယဲ့လူကြီးမင်း၊ ရှင့်ကိုဆက်သွယ်ရမဲ့အချက်အလက်လေးများ ရနိုင်မလား "

သူမ ယဲ့ဖန်အကြောင်း အရမ်းကိုသိချင်နေသည်။

သူက အရမ်းကိုချမ်းသာပေမဲ့ သာမန်လိုဘဲဝတ်စားထားသည်။

သူမ ပိုပြီးစိတ်ဝင်စားတာကတော့ ယဲ့ဖန်နဲ့ ထန်းပေါဟုန်တို့ကြားက ဆက်ဆံရေးဖြစ်သည်။

သူမက ထန်းပေါဟုန်ရဲ့ သွေးဝေးတဲ့ဆွေမျိုးတစ်ယောက်ဖြစ်ပြီး သူက သာမန်လူတစ်ယောက်ကို အနက်ရောင်ရွှေကတ် ဘယ်တော့မှ ပေးမှာမဟုတ်မှန်း သူမသိသည်။

သူမသာ ယဲ့ဖန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မယ်ဆို သူမ ဒီစီးပွားရေးလောကမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နေရာရနိုင်လိမ့်မည်။

ထိုအမေးကိုကြားတဲ့အခါ ယဲ့ဖန်နည်းနည်းစိတ်ရှုပ်သွားသည်။

" ရှင်က World City ရဲ့ VIP ဝယ်ယူသူတစ်ယောက်မလို့ပါ "

ထန်းယွမ် မြန်မြန်ရှင်းပြသည်။

" ရှင့်မှာ သိချင်တာများရှိရင် နောက်ဆို ကျွန်မကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ် .... "

ထန်းယွမ်က မြန်မြန်ထပ်ပြီးရှင်းပြနေတာမြင်တဲ့အခါ ယဲ့ဖန်ပိုလို့တောင် နားမလည်ဖြစ်လာသည်။

ထန်းယွမ်ရဲ့ရည်ရွယ်ချက်ကို သူ မသိပေမဲ့ သူ့အတွက်ဘာအန္တရာယ်မှမရှိတာကြောင့် မငြင်းလိုက်ပေ။

ထန်းယွမ်နဲ့ ဆက်သွယ်ဖို့အချက်အလက်ဖလှယ်ပြီးတဲ့နောက် ငါးနာရီကျော်သွားပြီမှန်း ယဲ့ဖန်မြင်လိုက်၍ စံအိမ်ကိုပြန်နေပါက ပိုနောက်ကျမည်စိုးရိမ်ပြီး ဆိုင်မှာဘဲအင်္ကျီလဲသွားဖို့ ဆုံးဖြတ်လိုက်သည်။

ထန်းယွမ်ကိုနှုတ်ဆက်ပြီးတဲ့နောက် ယဲ့ဖန်ပေါ့ပေါ့ပါးပါးတစ်စုံကိုထုတ်ပြီး အဝတ်လဲခန်းထဲဝင်သွားသည်။

မိနစ်အနည်းငယ်ကြာတဲ့နောက် ယဲ့ဖန် အဝတ်လဲခန်းထဲမှထွက်လာသည်။

ထိုအချိန်မှာ ထန်းယွမ်၊ ရှုမန်နဲ့ လင်းကျယ်တို့ရဲ့အာရုံက ယဲ့ဖန်ဆီမှာသာရောက်နေကြသည်။

တောင်းမှာအကွတ်၊ လူမှာအဝတ်ဆိုသည့်ဆိုရိုးအတိုင်းပင်ဖြစ်သည်။

အရင်က ယဲ့ဖန်က ကြည့်ကောင်းရုံလောက်ဟုသာထင်ရလျှင် ဝတ်စုံပြည့်ဝတ်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါတို့ပါ မြင့်တက်သွားတော့သည်။

သူက အမှောင်ထဲက အလင်းတစ်ခုအလား လူတိုင်းက သူ့ဆီကနေ အကြည့်မလွှဲနိုင်ဖြစ်ကုန်ကြသည်။

ထန်းယွမ်၊ ရှုမန်နဲ့ အခြားမိန်းကလေးတွေအားလုံးက ယဲ့ဖန်ကြောင့် မေ့မြောနေကြပြီး သူ့ကို ရူးရူးမူးမူးကြည့်နေကြသည်။

တစ်ဖက်မှာ လင်းကျယ်ကတော့ သူ့ကိုယ်သူ နည်းနည်းအရှက်ရနေသည်။

အရင်တုန်းက သူ ယဲ့ဖန်ကို အငြှိုးထားခြင်းက ယဲ့ဖန်အပေါ်အထင်သေးတဲ့အပြင် ယဲ့ဖန်က သူ့ထက် ပိုချောတာကြောင့်လည်းပါသည်။

အခုတော့ ယဲ့ဖန်က ပိုချောရုံတင်မကဘဲ ပိုပြီးတောင်ချမ်းသာ .......

ဒါက မထင်မှတ်ထားတဲ့အလှည့်အပြောင်းဖြစ်သည်။

ဖြတ်သွားဖြတ်လာတစ်ချို့ကလည်း ယဲ့ဖန်ရှိရာ အာရုံရောက်လာသည်။

" ကြည့်ပါဦး၊ ချောလိုက်တာ "

" ချောလိုက်တာ၊ နာမည်ကြီးလား "

" အဲ့လောက်ချောတဲ့သူနဲ့ သိတဲ့သူဖြစ်ချင်လိုက်တာ "

" ....... "

မိန်းကလေးတိုင်းက ယဲ့ဖန်ရဲ့ကြည့်ကောင်းမှုမှာ စွဲလမ်းကုန်ကြသည်။

တစ်ချို့ရဲတင်းတဲ့သူတွေက ယဲ့ဖန်ရဲ့ WeChat အကောင့်ကိုတောင် လာတောင်းကြသည်။

ယဲ့ဖန်က ယဉ်ယဉ်ကျေးကျေးလေးငြင်းသည်။

ကြည့်ကောင်းတဲ့ကောင်မလေးတစ်ချို့ပါပေမဲ့ ရှချူးနဲ့တွေ့ပြီးတဲ့နောက် သူ့ရဲ့အမြင်က အတော်လေးချေးများသွားသည်။ အမှတ် ၆၀-၇၀ လောက်သာရှိတဲ့ကောင်မလေးတွေကို မျက်လုံးထဲမတိုးတော့ပေ။

အဲ့ဒီနောက် သူ ထန်းယွမ်ဆီလျှောက်သွားသည်။ နှုတ်ဆက်ပြီးနောက် ပစ္စည်းတွေယူကာ ထွက်သွားတော့သည်။

ထန်းယွမ်နဲ့ အတွင်းရေးမှူးက ယဲ့ဖန်ကို တံခါးဆီသို့ တရိုတသေလိုက်ပို့ကြသည်။

သူတို့နောက်မှာ လင်းကျယ်နဲ့ရှုမန်ရှိနေသည်။

ရှုမန်က အခွင့်အရေးရှာပြီး ယဲ့ဖန်က တိုက်ရိုက်စကားပြောဖို့ ခွင်ဖန်ချင်ပေမဲ့ လင်းကျယ်က သူမနောက်မှာပါနေတာကြောင့် နောက်ကြုံမယ့်အခွင့်အရေးကိုသာစောင့်ရတော့မည်ဖြစ်သည်။

သက်ပြင်းချပြီး ရှုမန်ပြန်တော့မယ့်အချိန်တွင် ကားပါကင်မှာ လူတွေအများကြီးဝိုင်းအုံနေတာကို မြင်လိုက်သည်။

အပိုင်း (၁၆)

Ferrari Enzo

" ဘာတွေဖြစ်နေတာလဲ "

ရှုမန် သိချင်သွားသည်။

လင်းကျယ်လည်း စိတ်ဝင်စားနေသည်။

တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အတူတူလူအုပ်ရှိရာသို့ သွားကြသည်။

သူတို့နီးလာတဲ့အခါ လူတွေပြောနေတဲ့စကားကို ကြားရသည်။

" ဘယ်လောက်တောင် ဟိတ်ဟန်ကြီးတဲ့ကားလဲကွာ "

" မိုက်လိုက်တာ "

" ဒီကားက ဈေးမပေါလောက်ဘူး၊ ဟုတ်တယ်မလား "

" ဒါပေါ့ဟ။ Ferrari က ဈေးပေါမယ်ထင်လား။ ပြီးတော့ ဒါ Ferrari Enzo ကြီးကွ "

" Ferrari Enzo က စောက်ရမ်းဈေးကြီးလို့လား "

" ဟုတ်တယ်၊ Ferrari Enzo က Ferrari ကားတွေထဲမှာဘုရင်ဘဲ။ တခြား series က ကားတွေက သူ့ရှေ့က ညီလေးသာသာလောက်ဘဲရှိတာ "

" ဒါ ဘယ်သူ့ကားလဲ "

" .......... "

လူတိုင်းက ပြောဆိုနေကြတုန်းမှာဘဲ ယဲ့ဖန်က လူအုပ်ထဲမှ တိုးထွက်လာသည်။

" ညီလေး၊ ဒီကားက စောက်ရမ်းဈေးကြီးတာနော်။ အဲ့နားမသွားဖို့ အကြံပေးချင်တယ်။ ကားကိုမတော်တဆခြစ်မိသွားရင် မင်းတစ်ဘဝလုံးအလုပ်လုပ်ပြီး အကြွေးဘဲဆပ်နေရလိမ့်မယ် "

အစ်ကိုကြီးတစ်ယောက်ကမြင်တဲ့အခါ ယဲ့ဖန်ကို ကြင်ကြင်နာနာသတိပေးသည်။

ကားပါကင်မှာရှိနေလူတိုင်းက အဲ့ဒီကားနားကပ်ပြီး ကြွားဖို့ ဓာတ်ပုံရိုက်ချင်ကြပေမဲ့ ကားရဲ့ဈေးနှုန်းကြောင့် အနားမကပ်ရဲကြပေ။

" ရပါတယ် "

ယဲ့ဖန် ထိုစကားကြားတဲ့အခါ သဘောတကျရယ်လိုက်သည်။

အဲ့ဒီနောက် ကားသော့ကိုထုတ်ပြီး Ferrari Enzo ကိုဖွင့်လိုက်သည်။

ချက်ချင်းဘဲ စင်ယော်တောင်ပံတံခါးကပွင့်လာသည်။

ထိုမြင်ကွင်းကိုတွေ့တဲ့အခါ လူတိုင်းက အံ့ဩသွားကြသည်။

" ဘာလဲ။ ဒီကားက ဒီကညီလေးဟာလား "

" အားကျလိုက်တာကွာ။ ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုအပျံစားထိပ်တန်းကားကိုစီးနိုင်နေတာ "

" ကားအမိုက်စားရှိတာမရှိတာအရေးမကြီးပါဘူး။ အရေးကြီးတာက အရမ်းချောတယ်ဆိုတာဘဲ။ သူနဲ့ WeChat မှာ add လို့ရမလားမသိဘူး "

" ......... "

ယဲ့ဖန်တခြားသူတွေရဲ့တုန့်ပြန်ချက်ကို ဂရုမစိုက်ဘဲ ကားစက်ကိုနှိုးလိုက်သည်။

Ferrari Enzo မှ အင်ဂျင်သံတိုးတိုးက ထွက်လာသည်။

လူတိုင်းက သူ့အတွက်လမ်းဖယ်ပေးလိုက်သည်။

Ferrari Enzo ကားက ဝေးဝေးကိုမောင်းထွက်သွားပြီး လူတိုင်းရဲ့မြင်ကွင်းမှ ချက်ချင်းဘဲပျောက်သွားတော့သည်။

ရှုမန် သူမအကြည့်ကို ပြန်ရုတ်လိုက်သည်။

Ferrari Enzo က ဘာလဲမသိပေမဲ့ Ferrari တံဆိပ်ကိုကြည့်ရုံနဲ့ ယဲ့ဖန်ရဲ့ကားက ဈေးမပေါမှန်း သူမ သိသည်။

ယဲ့ဖန်က သူမ ထင်ထားတာထက်ကို ပိုချမ်းသာနေသည်။

သူမ ဒီလူချမ်းသာကို အပိုင်ဖမ်းမှရမည်။

ရှုမန်က သူမရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်အသွင်အပြင်ပေါ် ယုံကြည်မှုရှိသည်။

သူမသာ အရင် ခြေလှမ်းစမယ်ဆို ယဲ့ဖန်က သူမကို လုံးဝငြင်းမှာမဟုတ်ပေ .......

လင်းကျယ်က ရှုမန်ရဲ့ထူးဆန်းနေတဲ့အမူအရာကို သတိမထားမိဘဲပြောသည်။

" မန်မန်၊ ကိုယ်မင်းကို Pines and Cranes အဆောက်အဦးဆီခေါ်သွားပြီး ညစာလိုက်ကျွေးမယ် "

Pines and Cranes အဆောက်အဦးဟာ ကျုံးဟိုင်မြို့ရဲ့အကောင်းဆုံးစားသောက်ဆိုင်ထဲကတစ်ခုဖြစ်သည်။

ရှုမန်က အဲ့ဒီကို အမြဲသွားချင်ခဲ့ပေမဲ့ သူ ပိုက်ဆံမသုံးချင်။ အခုတော့ ယဲ့ဖန်ကြောင့် အလှလေးရှေ့မှာ ကပ်စီးကုတ်တယ်လို့ အထင်မခံချင်တာကြောင့် ခေါ်သွားမှာဖြစ်သည်။

အရင်တုန်းကသာဆိုရင် အဲ့စကားကြားတဲ့အခါ ရှုမန်အတော်လေးပျော်သွားမှာဖြစ်သည်။

ဒါပေမဲ့ အခုတော့ သူမ ခေါင်းကိုခါလိုက်သည်။

" မလိုပါဘူး "

" ဘာလို့လဲ မန်မန် ...... "

" လင်းကျယ်၊ ရှင့်ရဲ့အဆောင်ကိုလိုက်ကြည့်ဖို့ ခေါ်သွားပေးလို့ရမလား "

လင်းကျယ် ဆက်မပြောနိုင်ခင်မှာဘဲ ရှုမန်ကဖြတ်ပြောသည်။

" အာ? " လင်းကျယ် အံ့အားသင့်သွားသည်။

" တစ်စုံတစ်ယောက်ကိုနားလည်ချင်ရင် သူနေတဲ့ပတ်ဝန်းကျင်ကို အရင်နားလည်သင့်တယ်လို့ပြောကြတယ်မလား "

ရှုမန် ရှက်သွေးဖြာလျက်ပြောသည်။

ထိုစကားကြားတဲ့အခါ လင်းကျယ်နည်းနည်းစိတ်ရှုပ်သွားရသည်။

သူမကို အဆောင်ကိုခေါ်သွားပြီး လိုက်ကြည့်ဖို့ ပြောဖူးပေမဲ့ သူမက ဘယ်တုန်းကမှ သဘောမတူခဲ့ပေ။ ဒီနေ့မှ ဘာလို့လဲ .....

ရှုမန်က လင်းကျယ်တွန့်ဆုတ်နေတာမြင်တဲ့အခါ မျက်မှောင်ကြုတ်သည်။

" ဘာလဲ။ လင်းကျယ်၊ ရှင့်ကို ကျွန်မက ပိုသိမှာ မလိုလားဘူးလား "

" မဟုတ်တာ၊ မဟုတ်တာ ...... "

ရှုမန်စိတ်ဆိုးတော့မှာကို လင်းကျယ်တွေ့တဲ့အခါ ချက်ချင်းခေါင်းကိုခါသည်။

" ဒါဆို ကျောင်းကိုပြန်သွားရအောင် "

" ဟုတ်ပြီ " လင်းကျယ်ခေါင်းငြိမ့်ကာ ရှုမန်လက်ကိုကိုင်ဖို့ လက်လှမ်းလိုက်သည်။

ရှုမန် ချက်ချင်းရှောင်လိုက်သည်။

လင်းကျယ် နည်းနည်းဒေါသထွက်တာမြင်တဲ့အခါ သူမက ချက်ချင်း မှားသွားတဲ့အမူအရာလုပ်ပြီးပြောသည်။

" လင်းကျယ်၊ ကျွန်မရှင့်ကိုမသိသေးခင် မြန်မြန်ကြီးအဆင့်မကျော်ချင်သေးဘူး ...... ကျွန်မကိုနားလည်ပေးမယ်မလားဟင် "

" ဟုတ်ပါပြီ၊ ကိုယ် မန်မန့်ရဲ့ရွေးချယ်မှုကို အလေးထားပါ့မယ် "

လင်းကျယ် နည်းနည်းစိတ်ဓာတ်ကျသွားပေမဲ့ ရှုမန်ကိုဖြဲခြောက်လိုက်မိမှာစိုးတာကြောင့် ခေါင်းငြိမ့်လိုက်သည်။

အဲ့ဒီနောက် သူ့ကားရှိရာသို့လျှောက်သွားသည်။

သူ မမြင်လိုက်ချိန်မှာ ရှုမန်ရဲ့မျက်နှာပေါ်ကနူးညံ့တဲ့အမူအရာက ချက်ချင်း အထင်သေးခြင်းနဲ့အစားထိုးသွားသည်။

လင်းကျယ်က တကယ်ကိုအရူးဘဲ။

သူမ လင်းကျယ်အဆောင်ကိုသွားတာက ယဲ့ဖန်အကြောင်းပိုသိချင်တာကြောင့်ဖြစ်ပေမဲ့ လင်းကျယ်ကတော့ သူမရဲ့အကြောင်းပြချက်ကို ယုံသွားသည်။ လင်းကျယ်ကိုလှည့်ဖြားဖို့လွယ်ကူလွန်းသည်။

လင်းကျယ် တစ်စုံတစ်ခုကိုခံစားမိတာကြောင့် ရှုမန်ဘက်ကို လှည့်ကြည့်လိုက်သည်။

ရှုမန်မျက်နှာက နူးညံ့နေဆဲဖြစ်သည်။

သူထင်ယောင်ထင်မှားဖြစ်တာလား။

လင်းကျယ်ခေါင်းကိုကုတ်လိုက်သည်။ တစ်ခုခုမှားနေမှန်းခံစားမိပေမဲ့ ဘာမှားနေလဲထောက်ပြမရဖြစ်နေသည်။

...............

Grand Phoenix Hotel က မြို့လည်ခေါင်မှာရှိပြီး အထပ် ၃၀ ရှိသည်။ Hotel ဝန်ဆောင်မှုမှအစ အသုံးအဆောင်တွေအပြည့်ရှိပြီး ကျုံးဟိုင်မြို့ရဲ့ ကြယ်ငါးပွင့်Hotel များထဲမှ အကောင်းဆုံးတစ်ခုဖြစ်သည်။

ကျုံးဟိုင်မြို့ကိုလာတဲ့ နာမည်ကြီးတိုင်းက ဒီမှာတည်းဖို့ ရွေးချယ်ကြသည်။

ရှချူးက Grand Phoenix Hotel ထိပ်ဆုံးထပ်က ဇိမ်ခံအဆင့်မြင့်အခန်းမှာနေသည်။

ထိုအချိန်မှာ သူမက အစ်မဝမ်ကို သတိပေးသည်။

" အစ်မဝမ်၊ ယဲ့ဖန်ကို ခဏနေသွားခေါ်ရင် ညင်ညင်သာသာဆက်ဆံနော်။ သူ့ကို ဖြဲမခြောက်နဲ့ဦး "

" သူ့အဝတ်တွေကိုကြည့်တာနဲ့ သာမန်မိသားစုကမှန်းသိသာပါတယ်။ စကားပြောရင် ဂရုစိုက်ပြီး သူ့မာနကို မထိခိုက်စေနဲ့ "

" ပြီးတော့ ...... "

အစ်မဝမ်က ယဲ့ဖန်ကို သဘောမကျပေမဲ့ သူက သူမတို့အားလုံးရဲ့အသက်ကိုကယ်ထားတာကြောင့် ရှချူးရဲ့စကားတွေကို မှတ်ထားလိုက်သည်။

အချိန်နီးပြီဖြစ်တာကြောင့် ရှချူးကိုနှုတ်ဆက်ပြီး အောက်ကိုဆင်းသွားသည်။

သူအောက်ရောက်တဲ့အခါ ၅:၅၅မိနစ်ရှိပြီဖြစ်သည်။

နှစ်မိနစ် သုံးမိနစ်လောက် စောင့်ပြီးတဲ့နောက် ယဲ့ဖန်ကို မတွေ့ရသေးပေ။

" သူက အချိန်မတိကျဘူးဘဲ "

အစ်မဝမ်က မတတ်နိုင်ဘဲ ယဲ့ဖန်အပေါ် မကျေမနပ်ဖြစ်မိပြီး ဖုန်းကိုထုတ်ကာ ယဲ့ဖန်ကိုခေါ်ဖို့ပြင်သည်။

All Chapters