← Chapters

အပိုင်း ၂၁-၂၄

Vol. 2 Ch. 21-24

အပိုင်း ၂၁-၂၄

Vol. 2 Ch. 21-24

အပိုင်း (၂၁)

မသိသာအောင် ဟန်ဆောင်ထားတဲ့ကောင်တွေက ကြောက်စရာအကောင်းဆုံးဘဲ။

" ဖန်ညီအစ်ကို၊ ဒီနေ့ပြောင်းမှာလား "

ဝတုတ်ချူးက ယဲ့ဖန်အထုတ်အပိုးပြင်နေတာကိုတွေ့သည့်အခါ မေးသည်။

" ဟုတ်တယ် "

ယဲ့ဖန်ခေါင်းငြိမ့်ပြသည်။

" အစ်ကိုမားနဲ့ ငါတို့ ကူညီပေးရဦးမလား "

" မလိုဘူး၊ ရတယ်။ ရွှေ့ပြောင်းရေးကုမ္ပဏီကားကိုခေါ်ထားတယ် "

ယဲ့ဖန် ခေါင်းခါပြရင်း ဆိုလိုက်သည်။

" ဒါဆို အောက်က ကုန်တင်ကားကိုခေါ်ထားတာ မင်းပေါ့ "

" ဟုတ်တယ် "

" သူဌေးလေးဘဲ "

ဝတုတ်ချူး အနည်းငယ်ဆွံ့အသွားရသည်။

ရွှေ့ပြောင်းရေးကုမ္ပဏီကားတွေကို ငှားရတာ ဈေးမကြီးသော်လည်း ဒီလို ကားအကြီးကြီးနဲ့ သယ်ပေးမယ့်လူတွေအများကြီးကိုပါ အပါခေါ်ရင်တော့ အနည်းငယ် ယွမ်ထောင်ကျော်ကုန်လိမ့်မည်။

ထိုငွေပမာဏက သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ လစဉ်သုံးစရိတ်ထက် ပိုများသည်။

ယဲ့ဖန် ပြုံးလိုက်ပြီး ဘာမှတော့မပြောချေ။

ဝတုတ်ချူးကလည်း စိတ်ထဲမထားပါ။ သူက ယဲ့ဖန်ကို ထုတ်ပိုးဖို့သာ စတင်ကူညီလေသည်။

မားဟုန်းဖေးကလည်း ထကူသည်။

သူတို့ သုံးဦးသား အထုပ်တွေသိမ်းဆည်းရင်း စကားပြောနေခဲ့ကြသည်။

သူတို့ပြောနေကြရင်း ရှချူးရဲ့ဖျော်ဖြေပွဲအကြောင်းပြောကြသည်။

ဝတုတ်ချူးက ထိုအကြောင်းစပြောတာနဲ့ သိသိသာသာကို စိတ်လှုပ်ရှားလာပုံရသည်။

" ဖန်ညီအစ်ကို၊ မားအစ်ကို၊ အခုဆို ရှချူးရဲ့ဖျော်ဖြေပွဲလက်မှတ်က ဘယ်လောက်တောင်ဈေးကြီးလဲဆိုတာသိကြလား "

ယဲ့ဖန် ခေါင်းခါသည်။ မားဟုန်းဖေးက မေးသည်။

" ဘယ်လောက်တောင် ဈေးကြီးတာမလို့လဲ "

" အနိမ့်ဆုံးအဆင့်လက်မှတ်ဈေးကတောင်မှ ယွမ်၁၀၀၀နီးပါးနဲ့ရောင်းတာ "

ဝတုတ်ချူးရဲ့အမူအရာက မယုံနိုင်လောက်သည့်ပုံစံဖြစ်နေကာ ထစ်ထစ်အအနဲ့ပြောနေသည်။

ရှချူး ဖျော်ဖြေပွဲတွင် လက်မှတ်အမျိုးအစား သုံးမျိုးရှိသည်။

၁၊ သာမန်လက်မှတ်

၂၊ အထူးလက်မှတ်

၃၊ သီးသန့်ခန်းလက်မှတ်

သာမန်လက်မှတ်အမျိုးအစားတွင်ပင် စင်မြင့်နှင့် အကွာအဝေးအပေါ်လိုက်ပြီး လေးမျိုးထပ်ရှိသေးသည်။

ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း နှင့် နောက်ဆုံးတန်း

နောက်ဆုံးတန်းသာမန်လက်မှတ်ဟာ စင်မြင့်နဲ့အတော်လေးကိုဝေးပြီး ဈေးအသက်သာဆုံးလက်မှတ်ဖြစ်သည်။ တရားဝင်လက်မှတ်ဈေးသည် ယွမ် ၅၀၀ ကျပ်သာ ကျသင့်သော်လည်း ဦးသူဝယ်ပြီးပြန်ရောင်းကြသူများဈေးကွက်မှာတော့ အနည်းဆုံး ယွမ်၁၀၀၀ထိ တိုးမြှင့်ရောင်းကြသည်။

' တကယ်ကို တော်တော်လေးဈေးကြီးတာဘဲ '

ယဲ့ဖန်တွေးသည်။

မားဟုန်းဖေးကလည်း ဈေးနှုန်းကိုကြားတဲ့အခါ လန့်သွားသည်။

" ဈေးအရမ်းကြီးတာဘဲ။ အဲ့လောက်ဈေးတင်တာကို ဘယ်သူမှ ဝယ်လိမ့်မယ်မထင်ဘူး၊ ဟုတ်တယ်မလား "

" မားအစ်ကို၊ ခင်ဗျားမှားတယ်။ အဲ့လိုဈေးတင်ထားတာကိုပြန်ဝယ်ချင်တဲ့သူတွေတောင် အများကြီးဘဲ။ ပြီးတော့ ယွမ် ၁၀၀၀ လောက်က ယွမ် ၃၀၀၀တန် ပထမတန်းသာမန်လက်မှတ်နဲ့ယှဉ်ရင် ဈေးပေါတယ်လေ "

" ထိပ်ဆုံးတန်းကအထူးလက်မှတ်တွေဆိုရင် ပြောကိုမနေနဲ့တော့ ယွမ် ၁၀၀၀ နဲ့က ဘယ်လိုမှမရနိုင်ဘူး "

" ျီးဘဲဟ "

မားဟုန်းဖေး ခေါင်းသာခါနေတော့သည်။

မားဟုန်းဖေးက နာမည်ကြီးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်မဟုတ်သည့်အတွက် အဲ့လိုဝယ်ကြတဲ့ပရိတ်သတ်တွေရဲ့အတွေးကို သူနားမလည်နိုင်ပေ။ အဲ့လောက်ပိုက်ဆံအများကြီးကိုသုံးပြီး တစ်စုံတစ်ယောက်က သီချင်းလေးအပုဒ်ရေအနည်းငယ်ဘဲဆိုပြတာကို နားထောင်ရတာ တန်ရဲ့လား။

မားဟုန်းဖေးရဲ့ပုံစံကိုတွေ့တဲ့အခါ ဝတုတ်ချူး မတတ်နိုင်ဘဲ မျက်လုံးကိုသာဝေ့မိသည်။

" အဲ့လောက်ကလေးနဲ့ လန့်အောင်ခြောက်မိသွားပြီလား။ နေပါဦး၊ အစ်ကိုမား သီးသန့်ခန်းနဲ့စိန်ကတ်ရဲ့ ဈေးကိုမသိသေးပါဘူး "

" အဲ့တာကရော ဘယ်လောက်တောင် ဈေးကြီးတာလဲဟ "

" တစ်စုံတစ်ယောက်ကတော့ အဲ့လက်မှတ်ကို ယွမ်တစ်သိန်းပေးပြီးကို အလိုက်ဝယ်ချင်နေတယ်လို့ကြားတယ် "

" ဟ ...... "

မားဟုန်းဖေး ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။

ယွမ် ၁သိန်းနဲ့သာဆိုလျှင် ကျုံးဟိုင်မြို့မှာ အိမ်တစ်လုံးကို လက်ငင်းငွေချေပြီးဝယ်ယူလို့ ရနိုင်သည်။ ဒီ နာမည်ကြီးနောက်လိုက်တွေကတော့ တကယ်ကို ........ ရူးနေကြတာဘဲ။

ဝတုတ်ချူး ရယ်သည်။

" ဒါပေမဲ့ အဲ့ဒီ စိန်ကတ်က ရောင်းဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ ကျောင်းက ဖြစ်သွားတဲ့ကိစ္စ ပြောပြမယ် "

" ပထမတန်းသာမန်လက်မှတ်နဲ့ အလဲအလှယ်လုပ်ဖို့ တစ်ညအိပ်ပေးမယ်ဆိုတဲ့ ကောင်မလေးတွေရှိတယ်လို့ကြားတယ်။ ကျစ် ကျစ် ...... "

ပြောရင်းနဲ့ ဝတုတ်ချူးရဲ့အပြုံးက မှိန်သွားသည်။

မားဟုန်းဖေးကလည်း ထိုစကားကြားတဲ့အခါ ခေါင်းတစ်ခါခါလုပ်သည်။ သူ ဒီမိန်းကလေးတွေရဲ့အတွေးတွေကို နားမလည်နိုင်တော့ပါ။

ယဲ့ဖန်သည်လည်း သူ့ရဲ့ဖြစ်သင့်တဲ့အတွေးတွေ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။

ဒီလို ပထမတန်းသာမန်လက်မှတ်နဲ့တောင် သူ့အတွက် ကောင်မလေးချစ်သူတစ်ယောက်ရနိုင်မယ်ဆိုရင် စိန်ကတ်နဲ့သာဆို မရေမတွက်နိုင်တဲ့ကောင်မလေးတွေက လိုလိုလားလားကြီး သူ့လက်မောင်းထဲကို ပစ်ဝင်လာကြမှာမလား။

ဒါပေမဲ့ ရှချူးရဲ့အလှကိုမြင်ပြီးတဲ့နောက် ယဲ့ဖန်အမြင်ထဲမှာ ကျောင်းကမိန်းကလေးတွေအပေါ် စိတ်ဝင်စားမှုမရှိတော့ပေ။

ဝတုတ်ချူးက ဖျော်ဖြေပွဲအကြောင်းပြောနေရင်း သိသိသာသာစိတ်လှုပ်ရှားနေတာကိုမြင်တဲ့အခါ ယဲ့ဖန်မေးလိုက်သည်။

" ဝတုတ်၊ မင်းလည်း အဲ့ဒီဖျော်ဖြေပွဲကို သွားချင်လို့လား "

" သေချာပေါက်သွားချင်တာပေါ့ "

ဝတုတ်ချူး မြန်မြန်ဆန်ဆန်ခေါင်းငြိမ့်သည်။

သူတင်သာမက ကျောင်းက ဘယ်သူမဆို သွားချင်ကြသည်။

ဒါပေမဲ့ လက်မှတ်မရလိုက်တဲ့အပြင် ဈေးတင်ပြီးပြန်ရောင်းတဲ့သူတွေဆီက မဝယ်ချင်ကြတာကြောင့်သာ သူတို့က အဲ့လိုမကောင်းတဲ့အတွေးတွေတွေးကြတာဖြစ်သည်။

ယဲ့ဖန် ရယ်လိုက်ပြီး ခေါင်းငြိမ့်သည်။

" ကောင်းပြီလေ၊ မနက်ဖြန်ညကျ ခေါ်သွားပေးမယ် "

ထိုစကားကိုကြားတဲ့အခါ ဝတုတ်ချူးတင်မက မားဟုန်းဖေးပါ နှစ်ယောက်လုံး လန့်သွားကြသည်။

သူတို့နှစ်ယောက်သား ယဲ့ဖန်ကို မယုံကြည်နိုင်သည့်အကြည့်ဖြင့်ကြည့်နေကြသည်။

ခဏကြာတဲ့နောက်မှာမှ ဝတုတ်ချူးက အသိပြန်ကပ်လာပြီး မေးသည်။

" ဖန်ညီအစ်ကို၊ လက်မှတ်ဝယ်လို့ရသွားတာလား။ ဘယ်အဆင့်လက်မှတ်လဲ "

ယဲ့ဖန်မဖြေဘဲ စားပွဲပေါ်ကို အနက်ရောင်ကတ်တစ်ကတ်တင်လိုက်သည်။

ဝတုတ်ချူးက သေချာစူးစိုက်ကြည့်ပြီးတဲ့နောက် ချက်ချင်း မျက်လုံးတွေပြူးကျယ်လာတော့သည်။

" ျီး၊ ျီး၊ ဒီကတ် .... ဒီ ...... ဒီကတ်ကြီးက စိန်အဆင့်ကတ်ဘဲ "

ထိုစကားကြားတဲ့အခါ မားဟုန်းဖေးကလည်း သူ့ကို သရဲမြင်လိုက်ရသည့်အတိုင်းလာကြည့်သည်။

" ဝတုတ်၊ မင်း မှားမြင်တာ မလား "

ဝတုတ်ချူးက စိန်အဆင့်ကတ်က ယွမ်တစ်သိန်းရှိတယ်လို့ပြောတယ်မဟုတ်လား။ ယဲ့ဖန် ဘယ်လိုရတာလဲ။

ဝတုတ်ချူး ခေါင်းကို ခါသည်။

" မှားစရာမရှိဘူး။ ဒါ စိန်အဆင့်ကတ်ကြီးဘဲ "

သူ နေ့တိုင်းတရားဝင်ဝက်ဆိုက်ထဲဝင်ပြီး လက်မှတ်ဝယ်ဖို့လုပ်တာကြောင့် လက်မှတ်အဆင့်တွေရဲ့ပုံစံကို အလွတ်ရနေပြီဖြစ်သည်။ သူ မှားတာ လုံးဝမဖြစ်နိုင်ပါ။

" ဖန် ညီအစ်ကို၊ ဒီကတ်ကို ဘယ်ကရလာတာလဲ "

ဝတုတ်ချူးမေးသည်။

" မှန်းကြည့်လေ "

" ........... "

ဝတုတ်ချူးရဲ့နှုတ်ခမ်းထောင့်တို့တွန့်သွားရသည်။ ဘယ်လိုလုပ်ပြီး မှန်းကြည့်ရမှာလဲ။

ဒါပေမဲ့လည်း ဝတုတ်ချူးက ဘယ်ကရလဲဆိုတဲ့အပေါ် သိပ်တွေးမနေဘဲ သတိကပ်လာတဲ့အချိန်မှာ ယဲ့ဖန်ကို ချက်ချင်း ကျေးဇူးတင်လိုက်သည်။

" ဒီလောက်ကြီးမားတဲ့ကြင်နာမှုကို ပြန်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ........ "

ယဲ့ဖန်က ဘာဆက်ပြောမလဲ နားထောင်နေတယ်ဆိုတဲ့ အကြည့်နဲ့သာ ကြည့်နေလိုက်သည်။

ဝတုတ်ချူးကလည်း ဝေ့ဝိုက်မနေတော့ပေ။

ရယ်လိုက်ပြီး မားဟုန်းဖေးဘက်ကိုလှည့်ကာမေးသည်။

" အစ်ကိုမား၊ မင်းရောလိုက်မှာလား "

" ဖန် ညီအစ်ကိုကိုကျေးဇူးတင်ပေမဲ့ မသွားတော့ပါဘူး "

မားဟုန်းဖေး ခါးသပ်သပ်ပြုံးလိုက်ပြီး ခေါင်းကိုခါသည်။

သူ့မိသားစုရဲ့ငွေရေးကြေးရေးအခြေအနေက အရမ်းအကောင်းကြီးမဟုတ်ပေ။ သူ အားလပ်တဲ့အချိန်တိုင်း အချိန်ပိုင်းအလုပ်လုပ်ပြီး သူ့ကျောင်းလခနဲ့ နေစားရိတ်စားစရိတ်ရှာရသည်။ ပျော်စရာရှာတာက သူ့အတွက် ဖြုန်းရာကျလေသည်။

ယဲ့ဖန်ကလည်း မားဟုန်းဖေးရဲ့အခက်အခဲကိုသိတာကြောင့် ဆက်ပြီးမဆွဲဆောင်တော့ပေ။

သူတို့ဆက်ပြီး သိမ်းဆည်းကြသည်။

သို့ပေမဲ့ တစ်ဖက်မှာ ဝတုတ်ချူးကတော့ ဖုန်းကိုထုတ်ပြီး စိန်အဆင့်ကတ်ကို ဓာတ်ပုံရိုက်နေသည်။ ယဲ့ဖန်ရဲ့ခွင့်ပြုချက်ရပြီးတဲ့နောက် ဝတုတ်ချူးက ပုံတစ်ချို့ကို သူ့ရဲ့ WeChat စာမျက်နှာပေါ်မှာတင်ခဲ့သည်။

အပိုင်း(၂၂)

မမှီရာကို လက်လှမ်းချင်နေကြတာလား။

ဝတုတ်ချူးက သူ့ရဲ့ WeChat ပို့စ်ဟာ နာမည်ကြီးသွားလိမ့်မယ်လို့ မထင်ထားပေ။

သူ့ရဲ့ WeChat ထဲမှာ သူငယ်ချင်းတွေရှိပြီး ' ဖျော်ဖြေပွဲ၊ စိန်အဆင့်ကတ် ' စတဲ့ စကားလုံးတွေရေးပြီးတင်လိုက်တဲ့အခါ မြန်မြန်ဘဲ like နဲ့ comment တွေ ရာချီရသွားသည်။

ဝတုတ်ချူးနဲ့ သိကြတဲ့သူတစ်ချို့ကတောင်မှ သူ့ကို သီးသန့်မက်ဆေ့ချ်ပို့ပြီး အတုလား အစစ်လား မေးကြသေးသည်။

သို့ပေမဲ့ ဝတုတ်ချူးက ဖုန်းကိုအသံပိတ်ထားပြီး ယဲ့ဖန်အထုပ်ပြင်တာကူနေတဲ့အတွက်ကြောင့် WeChat မှာ ဘာတွေဖြစ်နေလဲ သူ မသိပေ။

သူ့အသိတွေကလည်း ဝတုတ်ချူးဆီက ပြန်စာမရတော့ screenshot တွေရိုက်ပြီး ပြန်တင်၊ အခြား group တွေထဲမှာ ပို့ကာ အစစ်ဟုတ်မဟုတ်မေးတော့သည်။

[ ျီးဘဲဟ။ စိန်အဆင့်ကတ်ကြီး ]

[ တကယ်ကြီးလား ]

[ ကြည့်ရသလောက်တော့ တရားဝင်ဝက်ဘ်ဆိုက်ကပုံနဲ့ တစ်ပုံစံတည်းဘဲ ]

[ ဒီပုံကို ဘယ်ကရလာတာလဲ ]

[ ကျောင်းထဲကတစ်ယောက်ရဲ့သူငယ်ချင်းဆီက ]

[ ဟ၊ ငါတို့ကျောင်းကတဲ့လား။ ငါတို့ကျောင်းကနေ စိန်အဆင့်ကတ်ရသွားတဲ့သူရှိတာလား ]

[ မဖြစ်နိုင်လိုက်တာ။ ရှချူးဖျော်ဖြေပွဲအတွက်စိန်ကတ်က သုံးခုတည်းရှိတာ။ ပြီးတော့ သေအောင်ဈေးကြီးတာ။ ငါတို့ကျောင်းထဲက အဲ့လိုအနေအထားကိုတတ်နိုင်တဲ့အရည်အချင်းရှိတဲ့သူက ဘယ်သူလဲ ]

[ ပြောရခက်တယ်။ သူက သိုသိုသပ်သပ်နေတာမျိုးဆိုရင်ရော ]

[ သုံးမိနစ်အတွင်း ငါ ဝတုတ်ချူးရဲ့အခန်းဖော်အချက်အလက်တွေသိချင်တယ်။ မဟုတ်လို့ကတော့ အကုန်လုံးရိုက်သတ်ပစ်မယ်ဟေး ]

[ 36D Missy: ဝတုတ်ချူးရဲ့ အချက်အလက်တွေ ငါလိုင်းပေါ်ကနေရှာနေတယ် ]

[ ......... ]

တစ်ခဏဆွေးနွေးကြပြီးတဲ့နောက် ဝတုတ်ချူးရဲ့စိန်ကတ်က အစစ်ဖြစ်မှန်း ယုံလိုက်ကြတော့သည်။

အဲ့တာကြောင့် တစ်ကျောင်းလုံးက ပွက်ပွက်ညံသွားတော့သည်။

ဆယ်မိနစ်အတွင်းမှာဘဲ ' ကျောင်းမှာ စိန်အဆင့်ကတ်ပေါ်လာတယ် ' ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းက ကျုံးဟိုင်တက္ကသိုလ်တစ်ခုလုံးတွင် ရေပန်းအစားဆုံးဖြစ်လာတော့သည်။

ပိုပိုများတဲ့လူတွေက ထိုသတင်းကိုသိသွားကြသည်။

သိသိချင်းမှာဘဲ လူတိုင်းက ဒီကိစ္စဟာမဖြစ်နိုင်ဘူးလို့ ထင်ကြေးပေးကြသည်။

သို့ပေမဲ့ ပုံထဲက စိန်အဆင့်ကတ်ကိုတွေ့ပြီးတဲ့နောက်မှာ လူအများစုက အစစ်ဆိုတာကို လက်ခံလိုက်ကြပြီး မနာလိုအားကျစိတ်ဖြစ်လာကြတော့သည်။

သူ့ကိုမုန်းကြတဲ့သူတွေလည်းရှိလာတော့သည်။

သူတို့မှာ အဲ့လိုကြွားစရာကတ်မရှိတဲ့အပြင် ချမ်းသာတဲ့အခန်းဖော်မရှိတာကြောင့် သူတို့ကိုယ်သူတို့လည်းမုန်းကြသည်။

သို့ပေမဲ့ စိန်ကတ်ရှိကြတဲ့ ဝတုတ်ချူးနဲ့ သူ့အခန်းဖော်အကြောင်းကို သိရဖို့ တစ်ချို့လူတွေက အချက်အလက်လိုက်စုနေကြပြီး ထိုသူများက အထူးသဖြင့် ဖျော်ဖြေပွဲကို သွားချင်နေသည့် မိန်းကလေးများဖြစ်ကြသည်။

စိန်အဆင့်ဖျော်ဖြေရေးကတ်က သူတို့အတွက် သေစေနိုင်လောက်တဲ့အထိညှို့အားပြင်းဆွဲဆောင်မှုတစ်ခုဖြစ်လေသည်။

.....................................

ယောက်ျားလေးအဆောင်။

ယဲ့ဖန်၊ ဝတုတ်ချူးနှင့် မားဟုန်းဖေးတို့က သူတို့ဘာသာ အထုတ်ထုပ်နေရင်း အဆောင်အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို တစ်စက်မှမသိကြပေ။

မိနစ်အနည်းငယ်ကြာပြီးနောက်။

ယဲ့ဖန်က သူ့ရဲ့ခရီးဆောင်အိတ်ကို သိမ်းပြီးသွားပြီဖြစ်သည်။

ဖုန်းကိုထုတ်လိုက်ပြီး ရွှေ့ပြောင်းရေးကုမ္ပဏီကို ဆက်လိုက်သည်။

မကြာခင်မှာဘဲ ရွှေ့ပြောင်းရေးကုမ္ပဏီဝန်ထမ်းများက အပေါ်တက်လာပြီး ယဲ့ဖန်ပစ္စည်းတွေကို အောက်သို့ချတော့သည်။

ယဲ့ဖန်က ဝတုတ်ချူးနဲ့ မားဟုန်းဖေးကို နှုတ်ဆက်ပြီးတဲ့နောက် ကုန်တင်ကားနဲ့ဘဲ စံအိမ်သို့ပြန်သွားခဲ့သည်။

သူပြန်သွားပြီးမကြာခင်မှာဘဲ အခန်းနံပါတ် ၅၀၉ရှေ့မှာ မိန်းကလေးတွေအများကြီးစုဝေးလာခဲ့ကြတော့သည်။

" ဘယ် ....... ဘယ်သူ့ကိုရှာတာပါလဲ "

ဝတုတ်ချူး အခန်းရှေ့ရောက်လာတဲ့မိန်းကလေးအုပ်လိုက်ကြီးကိုကြည့်ပြီး အရမ်းကိုအံ့ဩနေသည်။

" မင်းက ဂျူနီယာချူးမလား "

" ဟုတ်ပါတယ်။ ကျွန်တော်က ဂျူနီယာချူးပါ။ တရုတ်ဘာသာဌာနကပါ ...... "

" ဂျူနီယာချူး၊ မင်းကို တစ်ခုမေးလို့ရမလား။ မင်း WeChat စာမျက်နှာပေါ်မှာတင်လိုက်တဲ့ စိန်အဆင့်ကတ်ရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းသိလား "

" .......... "

ရောက်လာတဲ့မိန်းကလေးတွေထဲမှာ ကြည့်ကောင်းတဲ့သူတွေတော်တော်လေးများသည်။

ဝတုတ်ချူးရဲ့ခေါင်း ချာချာလည်မူးလာပြီး ယဲ့ဖန်ရဲ့နာမည်ကို ထုတ်ပြောမိသွားသည်။

ထိုမိန်းကလေးတွေက ယဲ့ဖန်နာမည်ကိုသိရတဲ့အခါ မျက်လုံးတွေက တလက်လက်တောက်လာပြီး ယဲ့ဖန်အကြောင်းကို အတင်းမေးကြတော့သည်။

ဝတုတ်ချူးက အခုလေးတင် အမှားလုပ်မိသွားတာဖြစ်တဲ့အတွက် နောက်တစ်ခါထပ်ပြီးအမှားမလုပ်ရဲပါ။ အဲ့တာကြောင့် အခန်းတံခါးကို အမြန်ပိတ်လိုက်တော့သည်။

ကောင်မလေးတွေက နည်းနည်းစိတ်ပျက်သွားကြသည်။

သို့ပေမဲ့ ယဲ့ဖန်ကလည်း အခန်းထဲမှာရှိမနေတဲ့အတွက်ကြောင့် သူတို့လည်း ဒီမှာဆက်နေစရာအကြောင်းမရှိတော့ပေ။

အဲ့ဒီအပြင် ဝတုတ်ချူးတစ်ယောက်တည်းကသာ ယဲ့ဖန်ကိုသိတာမဟုတ်ပေ။ အကယ်၍ ဝတုတ်ချူးက မပြောပြလျှင်တောင်မှ သူတို့ အခြားသူတွေကို မေးလို့ရသေးသည်။

ချောင်းကြည့်ပေါက်ကနေကြည့်လိုက်ပြီး မိန်းကလေးတွေမရှိတော့မှ ဝတုတ်ချူး သက်ပြင်းချရတော့သည်။

အဲ့ဒီနောက် ယဲ့ဖန်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

....................

ကုန်တင်ကားပေါ်မှယဲ့ဖန်သည် ဝတုတ်ချူးဆီမှ ဖုန်းဝင်လာတာမြင်တဲ့အခါ ဖုန်းကိုင်လိုက်သည်။

ဖုန်းဝင်လာတဲ့အခါ အရေးကြီးကိစ္စတစ်ခုခုဖြစ်မယ်မှန်း ယဲ့ဖန်သိလိုက်သည်။

ဘာဖြစ်သွားလဲဆိုတာကို တောင်းတောင်းပန်ပန်ရှင်းပြနေသည့် ဝတုတ်ချူးရဲ့စကားသံကိုကြားရသည်။

သူက ထပ်ပြီးတောင်းပန်သည်။

" ဖန်ညီအစ်ကို၊ တောင်းပန်ပါတယ် ....... "

သူ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး

" ဒါဘဲမလား " ဟုဆိုသည်။

ထိုသို့ပြောပြီးတဲ့နောက် ဖုန်းတစ်ဖက်က ဝတုတ်ချူးထိတ်လန့်နေတာကို ဂရုမစိုက်တော့ဘဲ စကားအနည်းငယ်ထပ်ပြောပြီး ဖုန်းချလိုက်တော့သည်။

ဖုန်းချပြီးတဲ့အခါ ယဲ့ဖန် ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်ဖို့ပြင်နေရင်း မမျှော်လင့်တဲ့ WeChat မက်ဆေ့ချ်တစ်ခုကိုရလိုက်သည်။

ဖွင့်ကြည့်လိုက်တဲ့အခါ သူ့ကို လာ add ထားတဲ့ သူငယ်ချင်းလက်ခံစာတွေကို တွေ့လိုက်ရသည်။

သူ့အကြောင်းကိုသိတဲ့ ကျောင်းထဲကအခြားတစ်ယောက်ယောက်က အချက်အလက်ကို ပြောပြလိုက်တာဖြစ်မှန်း သိသာပါသည်။

လာ add ထားတဲ့လူအရေအတွက်ကိုကြည့်ရင်း တစ်ချို့က သူတို့ကို သူတို့ ရဲရဲတင်းတင်းမိတ်ဆက်ထားကြတာကိုတွေ့လိုက်သည်။ ယဲ့ဖန် ခေါင်းကိုသာခါလိုက်သည်။

သူတို့က ရှချူးလောက်တောင်မလှဘဲ သူ့ကို မြှူဆွယ်ချင်နေကြတာဘဲ။

သူတို့ မမှီရာကို လက်လှမ်းချင်နေကြတာလား။

သူတို့ရဲ့ သူငယ်ချင်းပို့စာတွေကို လျစ်လျှူရှုပြီး သူငယ်ချင်းတွေရဲ့ သီးသန့်စာတွေကိုသာ ဝင်ကြည့်လိုက်တော့သည်။

အပိုင်း (၂၃)

ကျိကျိတက်ချမ်းသာတဲ့သူဌေးကြီးက လိမ်စရာလိုတယ်ထင်လို့လား။

ထင်ထားတဲ့အတိုင်း သူ့ဆီက စာပို့တဲ့သူတိုင်းက ရှချူးပေးတဲ့ကတ်က အစစ်ဟုတ်မဟုတ် လာအတည်ပြုကြတာချည်းဖြစ်သည်။

ကတ်က အစစ်ဖြစ်ကြောင်းသိသွားတဲ့အခါမှာလည်း သနားကမားပုံစံလုပ်ပြီး ယဲ့ဖန် မနက်ဖြန်ည ဖျော်ဖြေပွဲသွားရင် သူတို့ကိုပါခေါ် စေရန် မျှော်လင့်ကြသည်။

ကျုံးဟိုင်တက္ကသိုလ်က သူတို့အခန်းရဲ့အလှဆုံးကောင်မလေးကတောင်မှ ယဲ့ဖန်နဲ့အရင်က စကားမပြောဖူးသော်လည်း အခုတော့ သူမက အရင်စပြီး ဒီနေ့အတူတူထမင်းသွားစားဖို့ဖိတ်ခေါ်နေသည်။

ထိုဖိတ်ခေါ်ချက်ကိုမြင်တဲ့အခါ ယဲ့ဖန် ပြုံးရုံသာပြုံးသည်။

မင်းတို့တွေ အရင်တုန်းက ဘာတွေများလုပ်နေလို့လဲ။

ဒီလူတွေ သူနဲ့ပတ်သက်ပြီး ဒီလောက်စိတ်အားထက်သန်နေတာကို ယဲ့ဖန်တစ်ခါမှမမြင်ဖူးပေ။ အခု သူတို့က သူ့ဆီကိုချဉ်းကပ်ချင်တာကလည်း အကျိုးမြင်လို့မဟုတ်လား။ နောက်ကျသွားပြီ။

ခေါင်းကိုခါလျက် ယဲ့ဖန် ဖုန်းကိုဘေးချလိုက်သည်။ သူ ဒီလူတွေကြောင့် ဆက်ပြီးစိတ်မရှုပ်ချင်ပါ။

မကြာခင်မှာဘဲ ကုန်ကားက ကျုံးထျန်းကန်သာယာစံအိမ်ဝန်းပေါက်သို့ရောက်လာသည်။

အခုဖြစ်သွားတဲ့ကိစ္စတွေကို ယဲ့ဖန်မေ့သွားပြီး ရွှေ့ပြောင်းကုမ္ပဏီဝန်ထမ်းတွေနဲ့အတူ သူ့ရဲ့အထုပ်အပိုးတွေကို ရွှေ့တော့သည်။

...............................

ကျုံးဟိုင်တက္ကသိုလ်ဝင်း။

ရှချူးဖျော်ဖြေပွဲအတွက် စိန်အဆင့်ကတ်အကြောင်းက ယောက်ျားလေးအဆောင်ကြားမှာ ပိုပိုအုတ်အုတ်ကြွပ်ကြွပ်ဖြစ်လာသည်။

အဖွဲ့လိုက်စကားပြောအုပ်စုတစ်ခု(Group Chat)ဖွဲ့လိုက်ကြသည်။

တစ်နှစ်ပတ်လုံးပုန်းလျှိုးကွယ်လျှိုးနေသူတစ်ယောက်ကပြောသည်။

[ ငါ့အထင် ယဲ့ဖန်က မင်းကိုငြင်းလိုက်တာ သူ့ကတ်က အတုမလို့နေမှာ ]

[ အာ........ ]

[ တကယ်ကြီးလား ]

[ သူ့ကတ်က အတုမှန်း မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ ]

[ ...... ]

လူတိုင်းက မေးလာတဲ့အခါ ထိုလူက တောက်လျှောက်ပြန်ဖြေသည်။

[ ယဲ့ဖန် မိသားစုက တကယ်တော့ သာမန်ဘဲ။ သူ့အဆင့်နဲ့ အဲ့လိုကတ်မျိုးရဖို့က မဖြစ်နိုင်ဘူး ]

[ မင်းတို့က ငါ့ကိုမယုံဘူးလား။ ငါ့မှာ ဓာတ်ပုံရှိတယ်။ ယဲ့ဖန်အိမ်က ဒီရပ်ကွက်မှာဘဲ ]

[ ငါ ဘယ်လိုသိတာလဲဟုတ်လား။ ယဲ့ဖန်နဲ့ငါနဲ့က အတန်းဖော်ဟောင်းတွေ။ မူလတန်းကတည်းကဘဲ ]

[ ......... ]

သက်သေတွေ တစ်ခုပြီးတစ်ခုထွက်လာတဲ့အခါ အုပ်စုလိုက်စကားပြောမက်ဆေ့ချ်က ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပြီး တစ်ချို့က စက်ခရင်ရှော့ရိုက်ကာ ကျောင်းစာမျက်နှာမှာ တင်ကြတော့သည်။

မကြာခင်မှာဘဲ ထိုပို့စ်က ကျောင်းစာမျက်နှာရဲ့ထိပ်စည်းပိုင်းဖြစ်လာတော့သည်။

ထိုသတင်းကိုမြင်တဲ့အခါ မရေတွက်နိုင်တဲ့သူတွေက အံ့ဩကုန်ကြတော့သည်။

[ ျီးဘဲ။ ယဲ့ဖန်က ဒုတိယမျိုးဆက်သခင်လေးမဟုတ်ဘူးလား ]

[ သူက သာမန်မိသားစုကလား ]

[ သူ့မှာ အာဏာရှိဆွေမျိုးရှိတာရောမဟုတ်ဘူးပေါ့ ]

[ အဲ့တာဆို ရှချူးဖျော်ဖြေပွဲစိန်အဆင့်ကတ်ကို သူဘယ်လိုရလာတာလဲ ]

[ အတုကြီးလေ၊ သေချာပေါက်အတုကြီးပေါ့ဟ ]

[ ငါ့ကို ဘာလို့ငြင်းလဲဆိုတာ မထူးဆန်းတော့ပါဘူး။ အဲ့ကတ်ကအတုကြီးဆိုတော့ ပေါ်သွားမှာကြောက်နေတာနေမှာ ]

[ ကတ်က အတုကြီးဆို သူ မနက်ဖြန်ညကျ ဖျော်ဖြေပွဲကို ဘယ်လိုသွားမှာလဲ ]

[ ရှင်းပါတယ်၊ ကတ်ပျောက်သွားတာလို့ပြောမှာပေါ့ဟ ]

[ ဟ၊ အဲ့အကောင် ရွံစရာအကောင်ဘဲ ]

[ ......... ]

ကျုံးဟိုင်တက္ကသိုလ်၊ လူထုဆက်ဆံရေးဌာနကျောင်းသားရေးရာရုံးခန်း။

" နင်တို့ဘာတွေပြောနေကြတာလဲ "

ရှုမန်က အခုလေးတင် ကျောင်းသားရေးရာရုံးခန်းကိုရောက်လာတာဖြစ်သည်။ လူတွေက ဘာတွေပြောနေ ရယ်နေကြလဲဆိုတာကိုသိဖို့ သူမ မေးလိုက်သည်။

" ရှုဂျူနီယာလေး၊ ငါတို့က ရှချူးဖျော်ဖြေပွဲရဲ့ စိန်အဆင့်ကတ်အတုအကြောင်းကိုပြောနေကြတာ "

ယောက်ျားလေးထဲကတစ်ယောက်က ပြုံးလျက်ဖြေသည်။

" ?????? "

ရှုမန် အူကြောင်ကြောင်ဖြစ်သွားသည်။

" အဲ့လောက်ကြီးတဲ့ကိစ္စကို ရှုဂျူနီယာလေးက မသိဘူးလား "

ရှုမန် ခေါင်းခါပြသည်။

သူမက ယဲ့ဖန်အကြောင်းပိုသိရဖို့ လင်းကျယ်နဲ့ တစ်ချိန်လုံးအတူရှိနေခဲ့တာဖြစ်သည်။ အတင်းတုပ်နေဖို့ သူမမှာ အချိန်မရှိပေ။

သူမ မသိတာကို မြင်တဲ့အခါ ရုံးခန်းထဲကသူတွေက ရှုမန်ကို အကြောင်းစုံရှင်းပြသည်။

ရှုမန်က အားလုံးသိပြီးတဲ့အခါမှာ နှာမှုတ်လိုက်သည်။

" မဖြစ်နိုင်တာ။ ဒီနေ့ခေတ်ကြီးမှာ လူတွေကို ကတ်အတုပြပြီးလိမ်စားတာတွေရှိနေသေးတာလား။ ပြီးတော့ လူတွေကရော ယုံကြတာဘဲလား "

" မဟုတ်ဘူးလား၊ အရမ်းလုပ်ဇာတ်ဆန်လွန်းတယ်လေ "

" ဒီလိုတွေဖြစ်လာမယ်လို့ မထင်ထားဘူး "

" ဟာကွာ။ ရှက်စရာဘဲ၊ အဲ့အကောင်က ငါတို့တက္ကသိုလ်ကို အရှက်ရအောင်လုပ်နေတာ .... "

ယောကျ်ားလေးတစ်ယောက်က စက်ဆုပ်တဲ့မျက်နှာထားဖြင့်ပြောသည်။

သူ့စကားမဆုံးသေးခင်မှာဘဲ ရှုမန်က စကားဖြတ်လိုက်သည်။

" စီနီယာဝမ်၊ အခုပြောလိုက်တဲ့သူရဲ့နာမည်ကဘာလဲ "

အဲ့ဒီနောက် သူက ဓာတ်ပုံပြသည်။

" ရှုညီမလေး၊ သေချာကြည့်။ ဒီအကောင်ဘဲ။ ဒီလိုအကောင်အရူးလုပ်တာမခံရစေနဲံ "

" တကယ် သူဘဲ "

ရှုမန် ပုံကိုကြည့်ရင်း မျက်လုံးတွေပြူးကျယ်လာသည်။

ပုံကဝါးနေပေမဲ့ သူတို့ပြောနေတဲ့ လိမ်စားတဲ့သူက လင်းကျယ်ရဲ့အခန်းဖော်ယဲ့ဖန်ဖြစ်သည်။

ယဲ့ဖန်က လူတွေကိုလှည့်စားဖို့ ကတ်အတုလိုပါ့မလား။

မဖြစ်နိုင်တာ။

" တကယ်လို့ သူသာဆို ကတ်ကအစစ်ဖြစ်မှာ "

သူမက အခန်းထဲရှိသူများကိုပြောသည်။

ကျောင်းသားရေးရာအခန်းထဲကလူတွေအားလုံးတိတ်ဆိတ်သွားကြသည်။

ရှုမန်ကို လူတိုင်းက အံ့ဩတကြီးကြည့်နေကြသည်။

" မနေ့က သူ အင်္ကျီနဲ့နာရီကို ယွမ်၅သန်းဖို့ဝယ်နေတာမြင်ခဲ့တယ်။ သူ့မှာ World City က အနက်ရောင်ရွှေကတ်လည်းရှိတယ် "

ရှုမန်ရှင်းပြသည်။

" အဲ့လိုလူတစ်ယောက်က လူတွေကိုလှည့်စားဖို့ စိန်အဆင့်ကတ်အတုကို သုံးဖို့လိုပါ့မလား "

အပိုင်း (၂၄)

ရှုနတ်သမီးလေးရဲ့စင်မြင့်၊ ရှချူးရဲ့ ကျေးဇူးသိတတ်မှု။

" တကယ်ကြီးလား "

" ရှုဂျူနီယာညီမလေး၊ လူမှားတာများလား "

" ဒီပို့စ်ထဲကအရဆို သူ့မိသားစုနောက်ခံက သာမန်ဘဲတဲ့ "

" ........... "

ရှုမန်စကားကိုကြားပြီးတဲ့အခါ အခန်းထဲကလူတွေကမယုံနိုင်ကြပေ။

" သေချာတယ် မမှားဘူး "

ရှုမန် အခိုင်အမာပြောသည်။

ယဲ့ဖန်မိသားစုက သာမန်ဖြစ်ပေမဲ့ သူဘယ်လို အနက်ရောင်ရွှေကတ်ရလာလဲဆိုတာမသိသော်ငြား သူမ မမှားကြောင်းကတော့ သေချာသည်။

ရှုမန် ဒီလိုမလျှော့တမ်းပြောတာ မြင်ရခဲသည်။ ဒါကြောင့် ရုံးခန်းထဲကလူတွေက သူမပြောစကားကို အနည်းငယ်ယုံကြည်လာသည်။

သို့ပေမဲ့ ရှုမန်က ယဲ့ဖန်ဘက်လိုက်ပြောပေးနေခြင်းဟာ ယဲ့ဖန်ရုပ်ရည်ကကြည့်ကောင်းတာကြောင့်ဖြစ်တယ်ဟု

ထင်ကြသူများလည်းရှိသည်။

ရှုမန် ဆက်ရှင်းပြမနေတော့ပေ။ ဖုန်းကိုထုတ်ပြီး ကျောင်းစာမျက်နှာကိုသွားကာ ပို့စ်တစ်ချို့ကိုဖတ်နေလိုက်သည်။

လူတိုင်းနီးပါးက ယဲ့ဖန်ကို အပြစ်တင်ပြောဆိုနေတာမြင်တဲ့အခါ ရှုမန် ကြိတ်ပျော်သွားသည်။

ယဲ့ဖန်ကို လူတကာမုန်းနေချိန်တွင် သူမက သူ့ဘေးမှာ ခိုင်ခိုင်မာမာရပ်တည်ပေးရင် သူမကို ယဲ့ဖန် ခိုက်သွားလောက်မည်မဟုတ်လား။

သူ ခိုက်မသွားရင်တောင် သူမကို သေချာပေါက်အကောင်းမြင်သွားမှာဖြစ်သည်။

ထိုအတွေးနဲ့အတူ ရှုမန်က ချက်ချင်း ယဲ့ဖန်ဘက်ကရပ်တည်ပြောပေးပြီး သူ့မှာ World City က အနက်ရောင်ရွှေကတ်တောင်ရှိကြောင်း သူ့လိုလူက အတုနဲ့လှည့်စားစရာမလိုကြောင်း စသည်ဖြင့် ကောမန့်ရေးတင်ပြောသည်။

ရှုမန်က လှပကာ လုပ်ရည်ကိုင်ရည်ရှိသူဖြစ်ပြီး ကျုံးဟိုင်တက္ကသိုလ်တွင် အတော်လေးနာမည်ကြီးသည်။

အဲ့တာကြောင့် သူမ အခိုင်အမာပြောဆိုပေးတဲ့အကြောင်း တစ်ဆင့်စကားတစ်ဆင့်ကြားပြီးကြတဲ့အခါ ထိုကိစ္စက လူတော်တော်များများကို စိတ်ဝင်စားသွားစေသည်။

[မဖြစ်နိုင်တာ။ ရှုနတ်သမီးလေးက ယဲ့ဖန်ဘက်က လိုက်ပြောပေးတာလား]

[ရှုနတ်သမီးလေးအကောင့်ဟက်ခံလိုက်ရတာလား]

[မင်းတို့တွေ အရေးကြီးတဲ့ကိစ္စကိုဘဲ အာရုံစိုက်လို့မရဘူးလား]

[အနက်ရောင်ရွှေကတ်လား။ ယဲ့ဖန်မှာ World City က အနက်ရောင်ရွှေကတ်ရှိတာလား]

[မဖြစ်နိုင်ဘူး။ အဲ့အနက်ရောင်ရွှေကတ်က ရှချူးဖျော်ဖြေပွဲကစိန်အဆင့်ကတ်ထက် အဆတစ်ထောင်မကတန်ဖိုးကြီးတာကွ။ ယဲ့ဖန်လို သာမန်လူက ဘယ်လိုလုပ်ရနိုင်မှာလဲ]

[အဲ့တာရော အတုတော့မဟုတ်ဘူးမလား]

[ဟားဟားဟားဟား၊ ဖြစ်နိုင်တယ်ကွ]

[နတ်သမီးလေးရေ၊ မင်းရူးနေပြီလား။ ယဲ့ဖန်ကိုကူချင်ရင်တောင် ပိုပြီးလက်တွေ့ကျတဲ့အကြောင်းပြချက်ပေးသင့်တယ်]

[ ........... ]

ပွဲစောင့်ကြည့်သူတွေကြောင့် ရှုမန်ရဲ့ကောမန့်က ပိုစ့်ရဲ့ထိပ်ဆုံးကိုရောက်လာတော့သည်။

ပိုများတဲ့လူတွေက သူမ ကောမန့်ကိုမြင်သွားကြသည်။ တော်တော်များများက အနက်ရောင်ရွှေကတ်ရဲ့အရှိန်အဝါကြောင့် အံ့ဩနေကြပေမဲ့ တစ်ချို့ကလည်း ရှုမန်ပေါက်တက်ကရပြောနေတယ်လို့ ထင်နေကြသည်။

...................

ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)

ယဲ့ဖန် ကျောင်းမှာ ဘာတွေဖြစ်နေလဲမသိပေ။ သူ့အိမ်အသစ်ကို နေရာချပြီးတဲ့နောက် ထိုင်ပြီး ခဏနားနေပြီးတဲ့နောက်မှ ကျောင်းကိုပြန်သွားသည်။

သူ အိမ်အသစ်အတွက်ပစ္စည်းသိမ်းနေတုန်း တစ်ချို့ပစ္စည်းလေးတွေကျန်ခဲ့လေသည်။

သူ့ရဲ့ Ferrari Enzo ကြီးကိုစီးကာ ကျုံးဟိုင်တက္ကသိုလ်ဆီသို့ ချက်ချင်းမောင်းသွားတော့သည်။

..................

ထိုအချိန်၊ ကျုံးဟိုင်မြို့ ရှန်ဟိုင်းကလပ်ရှိ သီးသန့်အခန်းတစ်ခု။

ထန်းပေါဟုန်က စာရွက်စာတမ်းအထပ်လိုက်ကိုဖတ်နေသည်။

သူနဲ့မျက်နှာချင်းမှာထိုင်နေတဲ့ ရှချူးဟာ ပုံမှန်မျက်နှာအမူအရာရှိသော်လည်း သူမခြေထောက်ပေါ်တင်ထားတဲ့လက်တွေဟာ တင်းတင်းဆုပ်ထားပြီး သူမရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြနေသည်။

သူမနောက်မှာရပ်နေတဲ့ အစ်မဝမ်ကလည်း ချွေးပျံနေပြီဖြစ်သည်။

ရှချူးသရုပ်ဆောင်မယ့်ဇာတ်ကားနဲ့ပတ်သက်သမျှအချက်အလက်ကို ထန်းပေါဟုန်ဖတ်နေသည်။

ထိုစာရွက်စာတမ်းတွေက ရှချူးသရုပ်ဆောင်လောကထဲ ဝင်နိုင်မလားဆိုတဲ့နဲ့ပတ်သက်နေသည်။ အဲ့တာကြောင့် သူမ အရမ်းကိိုစိတ်လှုပ်ရှားနေသည်။

အခန်းထဲက လေထုက အတော်လေးကို ပြင်းထန်နေသည်။

ကံကောင်းစွာနဲ့ သိပ်မကြာလိုက်ပေ။

ထန်းပေါဟုန် စာရွက်စာတမ်းတွေကို ပြန်ချလိုက်ပြီး ရှချူးကို နူးညံ့စွာပြုံးလျက်ကြည့်သည်။

ထိုအပြုံးကိုမြင်တဲ့အခါ ရှချူးနဲ့အစ်မဝမ်တို့ စိတ်အေးသက်သာရာရသွားကြသည်။

ထန်းပေါဟုန်က ဇာတ်ညွှန်းကိုဖတ်ပြီးပြီးချင်း ထထွက်မသွားခဲ့ပေ။ ဆိုလိုခြင်းက သူတို့က ဆက်ပြီးဆွေးနွေးဖို့ဖြစ်နိုင်သည်။

" ထန်းဥက္ကဌကြီး၊ ဒီဇာတ်ညွှန်းက ...... "

ရှချူး ထန်းပေါဟုန်ရဲ့အမြင်ကိုသိချင်တာကြောင့် စကားစလိုက်သည်။

ထန်းပေါဟုန်ပြုံးလိုက်သည်။

" ရှမိန်းကလေး၊ မင်းမှာ အမြင်ကောင်းရှိတယ်။ ဇာတ်ညွှန်းက တကယ်ဘဲ မဆိုးဘူး "

ထိုစကားကြားတဲ့အခါ ရှချူးအပြုံး ပိုတောက်ပလာသည်။

" ဘာကိုများ ဆိုလိုချင်တာပါလဲ၊ ထန်းဥက္ကဌကြီး "

" ဇာတ်ညွှန်းက မဆိုးပေမဲ့ ထင်ထားသလောက်လည်းမကောင်းဘူး .......... "

ရှချူးအပြုံးအေးစက်သွားရသည်။

ထန်းပေါဟုန်က မကူညီချင်တာများလား။

သူမ စိတ်ပူနေတုန်းမှာဘဲ ထန်းပေါဟုန်က ဆက်ပြောသည်။

" ဒါပေမဲ့ ရှမိန်းကလေးက ရှောင်ယဲ့လူကြီးမင်းလေးရဲ့မိတ်ဆွေဆိုမှတော့ ဒီတစ်ခါကူညီပေးလိုက်ပါ့မယ် "

ထိုစကားကြောင့် ရှချူးနဲ့ အစ်မဝမ် နောက်ဆုံးမှာ စိတ်ချသွားရသည်။

" ကျေးဇူးတင်ပါတယ်၊ ထန်းဥက္ကဌကြီး "

သူတို့နှစ်ယောက်လုံး သူ့ကို ချက်ချင်းမြန်မြန်ကျေးဇူးတင်ကြသည်။

သူ့ကိုကျေးဇူးတင်နေရင်း ထန်းပေါဟုန်စကားတွေကိုပြန်ကြားယောင်ကာ ယဲ့ဖန်ပုံရိပ်က စိတ်ထဲပေါ်လာသည်။

မျက်ဝန်းထဲမှာ ထူးဆန်းတဲ့အရိပ်အယောင်ပေါ်လာပေမဲ့ ချက်ချင်းအတွေးကိုဖျောက်ပစ်လိုက်သည်။

ထန်းပေါဟုန်က သူတို့ရဲ့စိတ်နေစိတ်ထားကို အရမ်းကျေနပ်သွားကာ နူးညံ့စွာပြုံးသည်။

အားလုံးစီစဉ်ကာ စာချုပ်ချုပ်ဆိုပြီးချိန်တွင် နေ့လယ် ၁၁နာရီကျော်ပြီဖြစ်သည်။

ရှချူးက ထန်းပေါဟုန်ကို နေ့လယ်စာ ဧည့်ခံချင်ပေမဲ့ ထန်းပေါဟုန်ကငြင်းသည်။

အဲ့ဒီနောက် သီးသန့်ခန်းထဲမှ ထွက်သွားသည်။

ရှချူးနဲ့ အစ်မဝမ်တို့က မြန်မြန်ထရပ်ပြီး နှုတ်ဆက်ကြသည်။

ထန်းပေါဟုန်ရဲ့ အခြွေအရံအပြည့်နဲ့ ထွက်သွားတာကိုကြည့်ပြီးတဲ့နောက် ရှချူး သူမရဲ့ Mercedes Benz RV ကားပေါ်မြန်မြန်တက်သည်။

" ကျုံးဟိုင်တက္ကသိုလ်ကိုသွားရအောင် "

ကားသမားကိုပြောပြီးတဲ့နောက် သူမ အစ်မဝမ်ကိုကြည့်လိုက်သည်။

အစ်မဝမ်က ထိုစကားကြားတဲ့အခါ ရှချူးရဲ့ရည်ရွယ်ချက်ကိုနားလည်ပြီး နည်းနည်းအံ့ဩသွားရသည်။

သို့ပေမဲ့ သူမ အံ့ဩနေတုန်းမှာဘဲ နည်းနည်းလည်း စိတ်ရှုပ်ထွေးသွားသည်။

ရှချူးက ထိုအမူအရာကိုမြင်ပြီး တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့ မပြောလိုက်တော့ဘဲ အဲ့အစားမေးလိုက်သည်။

" အစ်မဝမ်၊ ပြောစရာများရှိလို့လား "

အစ်မဝမ် တစ်ခဏတုန့်ဆိုင်းပြီးတဲ့နောက် ခေါင်းငြိမ့်သည်။

" ရှိတယ်၊ ယဲ့လူကြီးမင်းနဲ့ ပတ်သက်တာ ...... "

All Chapters