အပိုင်း ၄၉-၅၂
Vol. 3 Ch. 49-52
အပိုင်း (၄၉)
ကျွန်တော့်မှာ နှစ်ငါးဆယ်သက်တမ်းရှိတဲ့ဟာတော့မရှိပေမဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ဟာတော့ရှိတယ်။
ယဲ့ဖန်က ထိုင်စရာနေရာရှာဖို့လုပ်ချိန်မှာ ရှန်းကွမ်းလင်းတားမြစ်တာကို ခံလိုက်ရသည်။
" ရှောင်ဖန်လေး၊ ဒီလာထိုင်လေ "
အဘိုးရှန်းရဲ့စကားကြောင့် လူတိုင်းရဲ့အကြည့်က ယဲ့ဖန်ဆီကို ရောက်နေကြကာ အားကျမှုတွေအပြည့်ဖြစ်နေသည်။
အဓိကစားပွဲဝိုင်းတွင် အဓိကရှန်းမိသားစုဝင်အချို့နှင့် သီးသန့်ဖိတ်ကြားထားသောဧည့်သည်တစ်ချို့ထိုင်နေကြသည်။
ရှန်းပိုင်ထျန်းပင် ထိုစားပွဲမှာထိုင်ခွင့်မရှိပေ။
အဘိုးရှန်းက ယဲ့ဖန်ကို ဘယ်လောက်နေရာပေးလဲဆိုတာသိသာသည်။
ယဲ့ဖန်ကတော့ ဒီလိုကိန်းကြီးခမ်းကြီးနိုင်တာမျိုးကို မလိုချင်ပါ။
သို့ပေမဲ့ အဘိုးရှန်းကသူ့ကိုဖိတ်ကြားတဲ့အတွက် သူက ငြင်းဆန်စရာမရှိဘဲ ထိုင်လိုက်သည်။
သူက ထိုစားပွဲဆီလျှောက်သွားတဲ့အခါ ယဲ့ဖန်က ရှန်းကွမ်းလင်းဘေးမှာထိုင်နေတဲ့ ကျောင်းသခင်လေးကို လှမ်းကြည့်လိုက်သည်။
ကျောင်းသခင်လေးမျက်နှာမှာ အပြုံးတစ်ခုရှိနေပါသော်လည်း သူ့မျက်လုံးတွေက စိတ်ထဲမှာတစ်ခုခုရှိနေသည့်အလား တစ်စုံတစ်ရာကိုစိုးရိမ်နေပုံရသည်။
ယဲ့ဖန်ကတောင်သတိထားမိတာကို ရှန်းကွမ်းလင်းက သတိမထားမိဘူးလား။
သုံးခါမြောက်သောက်ပြီးတဲ့အခါ ...........
" ဖုလင်၊ မင်းမှာစိတ်ထဲတစ်ခုခုရှိနေလို့များလား "
အဘိုးရှန်းက ရုတ်တရက်မေးသည်။
ကျောင်းဖုလင်က တစ်ခဏအံ့ဩသွားသည်။
အဲ့ဒီနောက်သူက ချက်ချင်းခါးသက်သက်ပြုံးသည်။
" အဘိုးရှန်းတောင် သိသွားတာလား။ ကျွန်တော် အမှန်တိုင်းပြောရမယ်ဆိုရင် အဖေက လတ်တလောမှာ ပြင်းထန်တဲ့အဖျားရောဂါဝေဒနာတစ်ခုကို ခံစားနေရပြီး ကယ်တင်လို့မရဖြစ်နေပါတယ် "
ရှန်းကွမ်းလင်းက ပြောသည်။
" အဲ့လောက်တောင်ဘဲလား။ မင်းအဖေမှာ ဘယ်လိုအဖျားရောဂါများရှိနေတာလဲ။ ဒီအဘိုးအိုကြီးက ထူးချွန်တဲ့ဆရာဝန်တစ်ချို့ကိုသိတော့ မိတ်ဆက်ပေးနိုင်ပါတယ် "
ကျောင်းဖုလင်က ခေါင်းကိုခါသည်။
" ကျွန်တော်တို့ပြည်နယ်ထဲက အကောင်းဆုံးဆရာဝန်ကိုရှာထားပြီးပါပြီ။ အဖေ့အခြေအနေကလည်း တည်ငြိမ်သွားပေမဲ့ အဲ့ဒီအဖျားရောဂါပြင်းက အဖေ့ရဲ့ကိုယ်ခံအားတွေကို အတော်လေးပြင်းပြင်းထန်ထန်ထိခိုက်သွားတာပါ။ ဆရာဝန်ပြောကြားချက်အရဆို နှစ်ငါးဆယ်သက်တမ်းရှိတဲ့အကောင်းဆုံးဂျင်ဆင်းရိုင်းကိုရမှ အခြေခံကိုယ်ခံအားနဲ့တက်ကြွမှုကို အစကနေပြန်ပြီးတည်ငြိမ်အောင်လုပ်နိုင်မှာလို့ပြောတယ်။ မဟုတ်ရင် အဖေက အကြာကြီးတောင့်မခံနိုင်မှာစိုးရိမ်ရတယ် "
ရှန်းကွမ်းလင်းက ချက်ချင်းတိတ်ဆိတ်သွားတော့သည်။
တခြားကိစ္စဆိုရင်တော့ သူကူညီကောင်း ကူညီပေးနိုင်သည်။
သို့ပေမဲ့ နှစ်ငါးဆယ်သက်တမ်းရှိဂျင်ဆင်းရိုင်းကတော့ ပိုက်ဆံဖြင့်ဝယ်ယူလို့ရသည့်အရာမဟုတ်ပေ။
နှစ်ငါးဆယ်သက်တမ်းရှိမပြောနှင့် နှစ်သုံးဆယ်ကတောင်မှ အတော်လေးရှားပါးသည်။
ကျောင်းဖုလင်က တဒင်္ဂတိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။
" အဘိုးရှန်းမှာက မိတ်ဆွေတွေအများကြီးရှိတာဘဲ။ ဒီသတင်းကို တစ်ဆင့်စကားတစ်ဆင့်ကြားပြီးရအောင်ကူညီပေးပါဦး။ တကယ်လို့တစ်စုံတစ်ယောက်မှာသာ နှစ်ငါးဆယ်သက်တမ်းရှိဂျင်ဆင်းရိုင်းရှိနေမယ်ဆိုရငါ ကျွန်တော် ယွမ်၃သန်းပေးဝယ်ဖို့ ဆန္ဒရှိပါတယ်။ အဲ့ဒီအပြင် ကျောင်းမိသားစုဘက်ကို အချိန်မရွေးတောင်းဆိုလို့ရမယ့် တောင်းဆိုအကြီးကြီးတစ်ခုကိုဖြည့်စည်းပေးပါ့မယ် "
ထိုစကားကိုပြောလိုက်တာနဲ့ မွေးနေ့စားပွဲတစ်ခုလုံးကျ ချက်ချင်း ပွက်ပွက်ညံသွားသည်။
တကယ်တော့ ယွမ်၃သန်းလောက်က စာဖွဲ့စရာမဟုတ်ပေ။
ရှန်းကွမ်းလင်းရဲ့မွေးနေ့ပွဲကိုတောင် တက်ရောက်နိုင်တဲ့သူတွေက အဲ့လောက်ငွေပမာဏလေးကို ဘယ်သူကများဂရုစိုက်မှာလဲ။
စိတ်ဝင်စားစရာကောင်းတာက ကျောင်းမိသားစုဘက်က ဖြည့်ဆည်းပေးမည့်တောင်းဆိုမှုကြီးဖြစ်သည်။
ကျောင်းမိသားစုဟာ ကျုံးရှန်းပြည်နယ်ရဲ့အချမ်းသာဆုံးဖြစ်ပြီး သူတို့ရဲ့အာဏာက ပြိုင်ဘက်ကင်းသည်။
သူတို့ဆီက မျက်နှာသာအကြီးကြီးရဖို့ဆိုတာ ငွေနဲ့တောင်နှိုင်းယှဉ်လို့မရသည့် သာမန်ကိစ္စလေးမဟုတ်ပေ။
နှစ်ငါးဆယ်သက်တမ်းရှိဂျင်ဆင်းရိုင်းသည် ရှားပါးနေတာကြောင့် နှမြောစရာအခွင့်အရေးဖြစ်သွားသည်။
သူတို့က ကျောင်းမိသားစုနဲ့ မိတ်ဆွေဖွဲ့ချင်လျှင်တောင်မှ လုပ်နိုင်စွမ်းမရှိပေ။
ထိုအချိန်တွင် တစ်လျှောက်လုံးတိတ်တိတ်နေခဲ့တဲ့ယဲ့ဖန်က ရုတ်တရက်ထပြောသည်။
" နှစ်ငါးဆယ်ဂျင်ဆင်းရိုင်းကိုရမှဖြစ်မှာလား "
ကျောင်းဖုလင်က ထိုလူငယ်လေးကို ပထမဆုံးကြည့်လိုက်သည်။
" ဆရာဝန်ကတော့ အနည်းဆုံးနှစ်ငါးဆယ်ရှိရမယ်ပြောတယ်။ မဟုတ်ရင် သက်ရောက်မှုရှိမှာမဟုတ်ဘူးတဲ့။ မင်းမှာက နှစ်ဘယ်လောက်သက်တမ်းရှိလို့လဲ "
ယဲ့ဖန်က ခေါင်းခါသည်။
" ကျွန်တော့်မှာ နှစ်ငါးဆယ်သက်တမ်းရှိတဲ့ဂျင်ဆင်းရိုင်းမရှိပါဘူး "
သူ့စကားမဆုံးခင်မှာဘဲ နောက်စားပွဲတစ်ခုမှာထိုင်နေတဲ့ ကျန်းရှောင်ကျဲက အခွင့်အရေးယူပြီး သူ့ကို လှောင်ပြောင်သည်။
" ကျောင်းသခင်လေး၊ ခင်ဗျားက သူ့ကိုအထင်ကြီးလွန်းနေပါပြီ။ ဒီလိုဆင်းဆင်းရဲရဲပုံစံနဲ့ သူ့မှာ နှစ်ငါးဆယ်သက်တမ်းရှိတဲ့ဂျင်ဆင်းရိုင်းရှိမယ်ထင်လို့လား။ ဟားဟားဟား "
ယဲ့ဖန်က သူ့ကိုလျစ်လျူရှုလိုက်သည်။
" ကျွန်တော့်နှစ်ငါးဆယ်သက်တမ်းဂျင်ဆင်းတော့မရှိပေမဲ့ နှစ်တစ်ရာသက်တမ်းဂျင်ဆင်းတော့ရှိပါတယ်။ သုံးလို့ရနိုင်ပါ့မလား "
" ဘာ "
ကျောင်းဖုလင်က ထိုင်ခုံကနေ ချက်ချင်းထရပ်သည်။
အဲ့ဒီနောက် သူက ယဲ့ဖန်ရှိရာလျှောက်လာပြီး အသက်ကယ်ပိုက်ကို ကိုင်လိုက်သည့်အလား လက်ကိုတင်းကြပ်စွာကိုင်လိုက်သည်။
" မင်းတကယ်ပြောတာလား "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ကျောင်းသခင်လေး၊ ကျွန်တော့်လက်နာနေပြီ "
ကျောင်းဖုလင်က လက်ကိုချက်ချင်းလွှတ်ပေးပြီး တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်၊ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ။ မင်းမှာ တကယ်နှစ်တစ်ရာဂျင်ဆင်းရှိတာလား "
ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။
" ကားထဲမှာပါ၊ အခုဘဲသွားယူလိုက်ပါ့မယ် "
" ငါပါလိုက်ခဲ့မယ် "
ကျောင်းဖုလင်က နည်းနည်းလေးမှထပ်မစောင့်ချင်တာကြောင့် မြန်မြန်အနောက်ကနေလိုက်သွားသည်။
ရှန်းကွမ်းလင်းကလည်း သိချင်တာကြောင့် ထပြီး အနောက်ကလိုက်သွားသည်။
ပွဲရဲ့စီစဉ်သူက ထမှတော့ စားပွဲထဲကဧည့်သည်တွေကလည်း အလိုလျောက်ထလာကြသည်။
လူအုပ်ကြီးက ကားပါကင်ဆီသို့ရောက်လာကြသည်။
ယဲ့ဖန်ရဲ့ Ferrari Enzo ကိုတွေ့တဲ့အခါ သူတို့တော်တော်များများက အံ့ဩသွားကြသည်။
သူတို့က ဒီလူငယ်လေးကို ဒီလောက်ချမ်းသာမယ်မထင်ထားကြပေ။
ယွမ်သန်းဆယ်ချီတဲ့ ကားအကောင်းစားမျိုးကို သာမန်လူတစ်ယောက်က ဝယ်ဖို့တတ်နိုင်မှာမဟုတ်ပေ။
ယဲ့ဖန်က အခြားသူတွေရဲ့အတွေးကိုဂရုမစိုက်ဘဲ ကားအဖုံးကိုဖွင့်ကာ ရွှံ့တွေပေနေတဲ့ပလက်စတစ်အိတ်ကိုထုတ်လိုက်သည်။
လူတိုင်းက ထိုအိတ်ကိုမြင်တဲ့အခါ ကြောင်အသွားသည်။
ဒီကောင်လေးက အဖိုးဖြတ်မရတဲ့ဂျင်ဆင်းရိုင်းကို အမှိုက်အိတ်ထဲမှာထည့်ထားတာလား။
ယဲ့ဖန်က ချက်ချင်း သူတို့စိတ်ထဲကမေးခွန်းကို အဖြေပေးလိုက်သည်။
သူက ပလတ်စတစ်အိတ်ကိုဖွင့်လိုက်တဲ့အခါ လက်တစ်ဖဝါးအရွယ်ဂျင်ဆင်းရိုင်းကထွက်လာပြီး လူတိုင်းက အသက်ရှူတွေမှားကုန်ကြသည်။
သူတို့ကမ္ဘာပေါ်က ဘာမဆိုမြင်ဖူးပေမဲ့ ကြီးမားပြီး လုံးဝကိုအရိုင်းဖြစ်တဲ့ဂျင်ဆင်းကိုမတွေ့ဖူးကြပေ။
ကျောင်းဖုလင်က စိတ်လှုပ်ရှားပြီး ဂျင်ဆင်းရိုင်းကို ချက်ချင်းဆွဲယူလိုက်သည်။
အဲ့ဒီနောက် သူက ဖုန်းကိုထုတ်ပြီး ကျောင်းမိသားစုငှားရမ်းထားတဲ့အစွမ်းထက်ဆရာဝန်ကို ခေါ်လိုက်သည်။
မကြာခင်မှာ ပညာရှိတရုတ်ဆေးဒေါက်တာကြီးက ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်လာသည်။
ထိုလူအိုကြီးက ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းသောက်သည်။
" ကျောင်းသခင်လေး၊ ကျွန်တော့်ကို ဘာအတွက်များအလိုရှိပါသလဲ "
ကျောင်းဖုလင်က မြန်မြန်ပြောသည်။
" ဆရာသခင်ကြီးရှု၊ ကျုံးဟိုင်မှာ ဂျင်ဆင်းကိုတွေ့ခဲ့ပါပြီ။ အဖေ့ရဲ့အဖျားရောဂါကို ကုပေးလို့ရနိုင်မလား "
ဆရာသခင်ကြီးရှုက ပညာရှိပမာ သူ့မုတ်ဆိတ်ကိုပွတ်နေသည်။
" ကျွန်တော်ကတော့ သခင်လေးကို အချိန်မဖြုန်းဖို့ပြောချင်ပါတယ်။ နှစ်ငါးဆယ်သက်တမ်းရှိဂျင်ဆင်းက အခုဆို မျိုးတုန်းနေပါပြီ။ တကယ်လို့ရောင်းတဲ့သူက နှစ်ငါးဆယ်သက်တမ်းလို့ပြောတယ်ဆိုရင် သူက သခင်လေးကို လိမ်စားနေတာပါ "
ကျောင်းဖုလင်က ချက်ချင်းဖုန်းကနေ ဂျင်ဆင်းရိုင်းကိုပြလိုက်သည်။
" သူပြောတာတော့ ဒါကနှစ်တစ်ရာတဲ့ "
ဆရာသခင်ကြီးရှုက ဂျင်ဆင်းရိုင်းကို အလေးမထားဟန်ဖြင့်ကြည့်လိုက်သည်။
" ဟားဟား၊ နှစ်တစ်ရာတဲ့လား။ ဘယ်လိုအဓိပ္ပာယ်မရှိတာလဲ ....... "
သူ့စကားတစ်ဝက်ဘဲရှိသေးပေမဲ့ ရေနွေးကြမ်းတွေပြန်ထွက်ကြလာတော့သည်။
အပိုင်း (၅၀)
မင်းက ခွေးလိုကောင်၊ ရှင်းထုတ်ပစ်လိုက်။
" အဲ့တာက တကယ်ဘဲ နှစ်တစ်ရာဂျင်ဆင်းလား "
ဆရာသခင်ကြီးရှုရဲ့အသံက တစ္ဆေတစ်ကောင်ကိုမြင်ရသည့်အတိုင်း တုန်လှုပ်နေသည်။
" ဝယ်လိုက်၊ ချက်ချင်းဝယ်လိုက်။ ဘယ်လောက်ပေးရပေးရ၊ ကျွန်တော်တို့ဝယ်ရပါမယ်။ ဒါက ဘုရားပေးတဲ့အသက်ကယ်ဆေးပါ။ "
ဆရာသခင်ကြီးဒေါက်တာရှုက ပညာရှိတစ်ယောက်ပြယုဂ်ကို မထိန်းနိုင်တော့ပေ။
" ဒါဆို၊ ဒီဂျင်ဆင်းက အမှန်တကယ်ဘဲ နှစ်တစ်ရာသက်တမ်းရှိတာလား။ "
ကျောင်းဖုလင်အသံက စတင်ပြီး တုန်လာသည်။
ဒီဂျင်ဆင်းရိုင်းက သူ့အဖေအတွက် အသက်ကယ်ဆေးဖြစ်သည်။
တစ်ချိန်တည်းမှာဘဲ ကျောင်းမိသားစုတစ်ခုလုံးရဲ့ အသက်ကယ်ဆေးလည်းဖြစ်နေပြန်သည်။
သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲနေမှာလဲ။
" ကျွန်တော်က နှစ်ငါးဆယ်လောက်ဆရာဝန်ဖြစ်ခဲ့တာပါ။ ကျွန်တော့်မှာ ဒီလိုအမြင်မျိုးမရှိဘူးလို့တော့ မထင်ပါနဲ့။ ဒါက နှစ်တစ်ရာဂျင်ဆင်း သေချာပေါက်ဖြစ်ကြောင်းကို ဘဝနဲ့ရင်းပြီး အာမခံရဲပါတယ် "
ဆရာသခင်ကြီးရှုက သူ့ကို နားချပြောဆိုသည်။
ကျောင်းဖုလင်က ဖုန်းကိုချလိုက်ပြီး ယဲ့ဖန်ဘက်ကိုလှည့်ကြည့်သည်။
" ဒီကညီလေး၊ ငါက မင်းကို ဒီဂျင်ဆင်းရိုင်းအတွက် ယွမ်၁၀သန်းပေးဖို့ဆန္ဒရှိပါတယ်။ နည်းတယ်လို့ထင်ရင် ဈေးပြောလို့ရပါတယ်။ ဈေးမဆစ်ပါဘူး "
ယဲ့ဖန် သိပ်အရေးမထားဘဲပြုံးလိုက်သည်။
" ဒါဆိုလည် ယွမ်၁၀သန်းဆိုရပါတယ်။ ကျွန်တော့်လက်ထဲမှာဆို ဒီဂျင်ဆင်းက အသုံးမဝင်ပေမဲ့ ကျောင်းသခင်လေးကိုတော့ အကူအညီဖြစ်စေမှာကြောင့် တန်ဖိုးရှိပါလိမ့်မယ် "
ကျောင်းဖုလင်ရဲ့ ယဲ့ဖန်အပေါ်အထင်ကြီးမှုက ပိုတိုးလာသည်။
" ကောင်းပြီ၊ မင်းရဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် ငါ ကျောင်းဖုလင်က မင်းကို သွေးသောက်ညီအစ်ကိုအဖြစ်သတ်မှတ်တယ်။ ဒီအချိန်ကစပြီး ကျောင်းမိသားစုက မင်းအပေါ်မှာ အကြွေးတင်နေပြီဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ ကျောင်းမိသားစုဆီက အကူအညီလိုလာရင် ဘာမဆိုပြောပါ "
ကျောင်းဖုလင်ရဲ့ကတိစကားကို လူတိုင်းက မနာလိုဖြစ်သွားသည်။
ကျောင်းမိသားစုရဲ့အကာအကွယ်နဲ့သာဆိုရင် ယဲ့ဖန်က ကျုံးဟိုင်မြို့မှာ ဘာမဆိုလုပ်နိုင်တော့မှာမဟုတ်လား။
ရှန်းပိုင်ထျန်းမျက်ဝန်းတို့က ယဲ့ဖန်ကိုကြည့်ရင်း ကြယ်လေးများကဲ့သို့တလက်လက်တောက်ပလာသည်။
ဒီလူကတော့ တစ်နေ့ထက်ကိုတစ်နေ့ ပိုပြီးအင်အားကြီးလာနေတာဘဲ။
သို့ပေမဲ့ ကျန်းရှောင်ကျဲကတော့ မနာလွန်းလို့ လွတ်ထွက်သွားတော့သည်။ သူက စိတ်အချဉ်ပေါက်ကာပြောလိုက်သည်။
" အောင်မြင်မှုရသွားတဲ့လူရမ်းကားဘဲ "
ကျောင်းဖုလင်က သူ့ကိုသတိထားမိသွားသည်။
ကျောင်းဖုလင်က သူ့ညီအစ်ကိုယဲ့ဖန်ကို အဲ့ဒီတစ်ယောက်က ခဏခဏတိုက်ခိုက်ပြီး စော်ကားပြောဆိုကာ ခက်ခဲအောင်လုပ်နေတာကို သူက ဒီအတိုင်းထိုင်ကြည့်နေရမှာတဲ့လား။
" မင်းလိုခွေးကောင်က ငါ့အရှေ့မှာ ပြဿနာရှာရဲတာလား "
ကျန်းရှောင်ကျဲက ကျောင်းဖုလင်ရဲ့အပြောကိုခံရတဲ့အခါ မျက်နှာဖြူစုတ်သွားသည်။
ကျန်းမိသားစုက ကျုံးဟိုင်မြို့မှာ အတော်လေးကောင်းမွန်တဲ့အနေအထားမှာရှိပေမဲ့ ကျုံးရှန်းပြည်နယ်နှင့်ယှဉ်ပါက ဘာမှမပြောပလောက်ပေ။ အထူးသဖြင့် ကျောင်းမိသားစုလို အကောင်ကြီးနဲ့ယှဉ်ပါက ပုရွက်ဆိတ်နှင့် ဆင်လို ကွာခြားလွန်းသည်။
" ကျောင်းသခင်လေး၊ ကျွန်တော်က သခင်လေးကိုပြောတာမဟုတ်ပါဘူး။ ဒီကလေးကိုပြောတာပါ "
ကျန်းရှောင်ကျဲက ရှင်းပြချင်သေးသည်။
သို့ပေမဲ့ ကျောင်းဖုလင်က လက်ယမ်းကာ လုံခြုံရေးတွေကိုခေါ်လိုက်သည်။
" ဒီခွေးကို အပြင်ထုတ်လိုက် "
လုံခြုံရေးတွေက စကားတစ်လုံးမှမပြောဘဲ ကျန်းရှောင်ကျဲကို တိုက်ရိုက် သွားဆွဲကာ မ'ပြီး ခေါ်ထုတ်သွားသည်။
သနားစရာကောင်းတဲ့ကျန်းသခင်လေးကို သေနေတဲ့ခွေးတစ်ကောင်အလားဆွဲထုတ်သွားကြသည်။
ပွဲခင်းထဲသူတွေထဲမှာ ကျန်းရှောင်ကျဲကို မသိတဲ့သူမရှိကြပေ။
သို့ပေမဲ့ အခု သူ့အတွက် ဘယ်သူကများရှေ့နေလိုက်ပြောဆိုပေးရဲသလဲ။
ကျုံးရှန်းပြည်နယ်၏အချမ်းသာဆုံးသူဌေးကြီးရဲ့သားအရှေ့တွင် သခင်ကြီးရှန်းတောင်မှ လေးစားသမှုပြသရသည်။
အခြားသူတွေကတော့ ပြောပိုင်ခွင့်တောင်မရှိပေ။
ကျောင်းဖုလင်က ယဲ့ဖန်ကို ယွမ်၁၀သန်းချက်လက်မှတ်ပေးလိုက်သည်။
ပြီးတော့ ယဲ့ဖန်ကလည်းလက်မှတ်ကို မငြင်းလိုက်ပါ။
" ယဲ့ညီလေး၊ အခု ငါက အမြန်ပြန်ပြီး ဆေးကိုပို့ပေးရမှာပါ။ နောက်တစ်ကြိမ်ဆုံတဲ့အခါတော့ သေချာပေါက်သေရည်ကောင်းလိုက်တိုက်ပါ့မယ် "
ကျောင်းဖုလင်က ယဲ့ဖန်ကို ဆက်သွယ်နိုင်မည့်အချက်အလက်အား မေးပြီးနောက် အလျင်အမြန်ထွက်သွားသည်။
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန် စနစ်မှ အကြောင်းကြားစာရောက်သံကြားလိုက်ရသည်။
[ ကံကြမ္မာညွှန်ကြားရေးစနစ်ပြီးမြောက်သွားပါပြီ။ ဆုအဖြစ် Lykan ကားအကောင်းစားတစ်စီးရရှိပါမည်။ လက်ခံသူ၏ဂိုဒေါင်ထဲတွင် ပါကင်ထိုးပြီးပါပြီ။ စစ်ဆေးပေးပါ။ ]
ခံစားလို့ကောင်းလိုက်တာ။
ယဲ့ဖန် စိတ်ပျော်ရွှင်နေသည်။
သူ ဂျင်ဆင်းရိုင်းကို ယွမ်၁၀သန်းနဲ့ရောင်းနိုင်လိုက်ရုံသာမက ကျောင်းမိသားစုကပါ သူ့အပေါ်ကျေးဇူးကြွေးတင်သွားလေသည်။
အခုတော့ သူက ကားအကောင်းစားနောက်တစ်စီးထပ်ရလေသည်။
Lykan ကားအကြောင်းတွေးမိတဲ့အခါ ' Fast and Furious 7 ' ဇာတ်ကားထဲက မိုးမျှော်တိုက်ပေါ်ဖြတ်သွားတဲ့ဇာတ်ဝင်ခန်းကို ယဲ့ဖန်တွေးမိသည်။
သူ အဲ့ကားကိုကြည့်တုန်းက တစ်နေ့မှာ သူ အဲ့လိုကားအကောင်းစားကြီးကိုစီးနိုင်ရန်ရမယ်လို့ စိတ်ကူးယဉ်ခဲ့သည်။ အခုတော့ သူ နောင်တမရဘဲ သေနိုင်ပြီဖြစ်သည်။
ဒီလိုနေ့မျိုးက မြန်မြန်ရောက်လာလိမ့်မယ်လို့ သူထင်မထားပါ။
ဒီလိုကားမျိုးက ကမ္ဘာပေါ်မှာ ခုနှစ်စီးသာရှိသည်ဟုပြောကြပြီး ယွမ်သန်း၆၀ကနေ ၇၀ကြားတန်ဖိုးရှိသည်။
ဒီကားကို ယောက်ျားလေးတိုင်းက လိုချင်ပြီးစိတ်ကူးယဉ်ကြသည်။
ထိုအတွေးကြောင့် သူ့စိတ်လှုပ်ရှားမှုကို ယဲ့ဖန်ဖုံးကွယ်မထားနိုင်တော့ပါ။
သူ့ဆီကိုဖြားယောင်းတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့သူတွေကို အကုန်လျစ်လျူရှုပြီး ရှန်းကွမ်းလင်းဆီကို သွားကာ နှုတ်ဆက်လိုက်သည်။
အဘိုးရှန်းက အနည်းငယ်အိုးတိုးအန့်တန့်ဖြစ်သွားပေမဲ့ ယဲ့ဖန်ကို သူကိုယ်တိုင် အပြင်ထိလိုက်ပို့ပေးပြီး မျက်နှာယူသည်။
ဒီနေ့စားပွဲပြီးတဲ့အခါမှာတော့ ကျုံးဟိုင်မြို့ရဲ့အထက်တန်းလွှာကလူတိုင်းက 'ယဲ့ဖန်'ဆိုတဲ့နာမည်ကို သိသွားကြတော့မှာဖြစ်သည်။
ရှန်းမိသားစုရဲ့ဂုဏ်ယူရတဲ့ဧည့်သည်က ကျောင်းမိသားစုဆီက အခွင့်အရေးအကြီးကြီးပေးခံရတယ်ဆိုတဲ့အကြောင်းကိုဖြစ်သည်။
သူ့ကို ဘယ်သူကမှ လျစ်လျူရှုရဲမှာမဟုတ်တော့ပေ။
........................
ယဲ့ဖန်က အိမ်ကိုအမြန်ပြန်ပြီး ဂိုဒေါင်ကိုဖွင့်လိုက်တဲ့အခါ ထိုနေရာမှာ အရမ်းကိုမိုက်တဲ့အနီရောင်ဇိမ်ခံကားကြီးကို ပါကင်ထိုးထားသည်။
ကားရဲ့ပုံစံက အလွန်ကိုခမ်းနားပြီး မြင်သူတိုင်းကို ခန့်ညားအရှိန်အဝါကြီးမားတဲ့အသွင်အပြင်ကိုပေးဆောင်သည်။
ယဲ့ဖန်ကားထဲထိုင်လိုက်တဲ့အခါ သူတို့က သွေးချင်းဆက်နွယ်နေသည့်အလား သူနဲ့ကားရဲ့လိုက်ဖက်ညီမှုကို ခံစားလိုက်ရသည်။
ဒီစူပါကားအကောင်းစားက သူ့အတွက်သီးသန့်ဖန်တီးပေးထားသည့်အလား ခံစားချက်မျိုးရစေသည်။
ခရီးသည်တင်ခုံတွင် သီးသန့်မှာပြီးလုပ်ထားတဲ့ Cyrus Klepgys နာရီတစ်လုံးရှိနေသည်။ ထိုနာရီသည် ဈေးကွက်ထဲတွင် ယွမ်တစ်သန်းမျှတန်ဖိုးရှိသည်။
ဇိမ်ခံကားနှင့် ဒီဇိုင်နာထုတ်နာရီတို့က အောင်မြင်တဲ့ယောက်ျားတိုင်းရဲ့စံနှုန်းထားဖြစ်သည်။
ယဲ့ဖန်က နာရီကိုဝတ်ပြီး လီဗာကိုနင်းကာ ကားဂိုဒေါင်ထဲမှ မောင်းထွက်လာသည်။
စံအိမ်ဧရိယာအတွင်းရှိ လမ်းမကျယ်တွင် ကောင်းကင်ကိုထိုးတက်တော့မည့်အလား အရှိန်မြင့်မောင်းနှင်နေသည်။
လမ်းမဘေးက ဖြတ်သွားဖြတ်လာလူတွေက အားကျသည့်အကြည့်ဖြင့်ကြည့်နေကြကာ အချိန်အတော်ကြာအသိပြန်မကပ်လာကြပေ။
ကျုံးထျန်းကန်သာယာအိမ်ရာအတွင်းတွင်တောင်မှ ဒီလိုဇိမ်ခံကားကို ဘယ်တုန်းကမှ မမြင်ဖူးကြပေ။
မိန်းကလေးတွေအများကြီးက သူ့ကို အရူးအမူးစွဲလမ်းကုန်ကြပြီး သူနဲ့အတူအရှေ့ခန်းကနေ လိုက်ထိုင်ချင်နေကြသည်။
သို့ပေမဲ့ သူတို့ ဘာအတွေးမှမတွေးနိုင်ခင်မှာဘဲ ထို Lykan ကားက အနီရောင်အငွေ့အသက်သာကျန်ပြီး သူတို့အရှေ့ကနေပျောက်ကွယ်သွားသည်။
ယဲ့ဖန်ဟာ သူတို့မြင်သာမြင်နိုင်ပြီး လှမ်းမထိနိုင်သည့်ဖြစ်တည်မှုမျိုးဖြစ်လာသည်။
အပိုင်း (၅၁)
ငယ်ဘဝအချစ်ကလေးဆီမှ ဖုန်းလာခြင်း။
ယဲ့ဖန်က ကားပတ်စီးပြီးနောက် ပြန်လာတဲ့အခါ မိုးချူပ်နေပြီဖြစ်သည်။
ယဲ့ဖန်သည် ရေချိုးရန် ရေစိမ်ကန်ဆီသို့သွားသည်။
ရေချိုးပြီးတဲ့နောက် တစ်ဘတ်တစ်ထည်ကိုခါးမှာပတ်ပြီး အနီရောင်ဝိုင်တစ်ခွက်ငှဲ့လိုက်ကာ ဝရန်တာက ကျောမှီခုံမှာထိုင်လိုက်သည်။
ညလေပြည်နဲ့ လရောင်ကိုခံစားနေပြီး အရမ်းကို သက်တောင့်သက်သာရှိနေသည်။
သို့ပေမဲ့ ထိုစိတ်ခံစားချက်က ကြာကြာမခံလိုက်ပေ။
ရုတ်တရက်ဖုန်းဝင်လာသံက သူ့စိတ်ခံစားချက်ကို နှောင့်ယှက်လိုက်သည်။
ဖုန်းအဝင်နာမည်တွင် ကျိုးရှုယောင်းလို့ပေါ်နေသည်။
ယဲ့ဖန် ပထမတော့ အရက်ထွေထွေနေပေမဲ့ နာမည်ကိုမြင်တဲ့အခါမှာတော့ ငေါက်ခနဲအသိစိတ်ကပ်သွားသည်။
ရှက်တတ်ပြီးဖြူစင်တဲ့မိန်းကလေးတစ်ယောက်ပုံရိပ်က သူ့မျက်စိရှေ့တွင်ပေါ်လာသည်။
သူတို့နှစ်ဦးက ငယ်စဉ်ကတည်းကသိကျွမ်းခဲ့ကြတာဖြစ်ပြီး ငယ်ဘဝအချစ်ဦးများလို့ပြောနိုင်သည်။
တကယ်တော့ ယဲ့ဖန်က သူမအပေါ်တိတ်တခိုးမြတ်နိုးခဲ့တာဖြစ်သည်။
ပြီးတော့ သူမကလည်း ယဲ့ဖန်အပေါ်ကောင်းတဲ့အမြင်ရှိမှန်း သူသိသည်။
ယဲ့ဖန်မိသားစုသည် ထိုအချိန်တုန်းက အဆင်မပြေခဲ့တာအတော်လေးဆိုးပြီး နိမ့်ကျတယ်လို့ခံစားရတာကြောင့် သူမကို ဝန်မခံခဲ့တာဖြစ်သည်။
ယဲ့ဖန် တက္ကသိုလ်ကိုရောက်ကတည်းက သူတို့အချင်းချင်း အဆက်အသွယ်ပြတ်သွားခဲ့ကြသည်။
ယဲ့ဖန်က သူမဆီမှ ဖုန်းဝင်လာ၍ ပျာယာခတ်သွားသည်။
စိတ်တည်ငြိမ်အောင်လုပ်ပြီးတဲ့နောက် ယဲ့ဖန် ဖုန်းကိုင်လိုက်သည်။
" ဟေး၊ သူငယ်ချင်းဟောင်းကြီး။ ငါ့ကိုမှတ်မိသေးရဲ့လား "
ဖုန်းချိတ်သွားတာနဲ့တစ်ဖက်ကနေချိုသာလတ်ဆတ်တဲ့အသံဆာဆာလေးကိုကြားရသည်။
ယဲ့ဖန်သည် သူ့အသံကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းသည်။
" ဘယ်လိုလုပ်ပြီး မမှတ်မိရမှာလဲ။ နင်ငါ့ကိုအခုထိကြက်သားဝက်အူချောင်းတစ်ချောင်းအကြွေးတင်နေသေးတယ်လေ "
" ဟီးဟီးဟီး ....... "
ကျိုးရှုယောင်းက သူ့ရဲ့ စနောက်တဲ့စကားလုံးတွေကြောင့်ပျော်ရွှင်နေသည်။
" ဘာလို့ဖုန်းခေါ်တာလဲ "
ယဲ့ဖန်က သူတို့ကြားထူးဆန်းနေတဲ့အခြေအနေလျော့သွားပြီလို့ခံစားရတဲ့အခါ တိုက်ရိုက်ဘဲမေးလိုက်သည်။
" ဘာလဲ၊ အကြောင်းမရှိတာနဲ့မခေါ်ရဘူးလား "
ကျိုးရှုယောင်းက စိတ်ဆိုးချင်ယောင်ဆောင်သည်။
" မဟုတ်ပါဘူး။ ဒီအတိုင်း နည်းနည်းအံ့ဩသွားလို့ပါ "
ယဲ့ဖန်က မြန်မြန်ရှင်းပြသည်။
" ဟုတ်ပါပြီ၊ ထပ်မစတော့ပါဘူး။ ငါက နင့်ကို မနက်ဖြန်ကျလုပ်မယ့်မင်္ဂလာပွဲအကြိုစုဝေးပွဲအတွက်ဖိတ်ချင်လို့ပါ "
ကျိုးရှုယောင်းက သူမရဲ့ရည်ရွယ်ချက်ကိုပြောပြလိုက်တော့သည်။
" နင်က လက်ထပ်တော့မှာလား "
ယဲ့ဖန်က ထိုသတင်းကြားတဲ့အခါ သူ့နှလုံးသားကို တစ်ခုခုကဝင်တိုက်သွားတယ်လို့ ခံစားလိုက်ရသည်။
" ဘာတွေလျှောက်ပြောနေတာလဲ။ လုကျဲက လက်ထပ်မှာ။ အဲ့တာကြောင့် သူက သူငယ်ချင်းဟောင်းတွေကို တွေ့ချင်တယ်ဆိုလို့။ နင်တို့အရင်ကရန်ဖြစ်ဖူးတယ်မလား။ အဲ့တာကြောင့် သူက နင့်ကိုဆက်ရမှာရှက်လို့ ငါ့ကိုဆက်ခိုင်းပြီးပြောခိုင်းတာ "
ကျိုးရှုယောင်းက ပြုံးလျက်ရှင်းပြသည်။
" အို၊ လုကျဲလား။ ဒီကောင်ကွာ နှစ်တွေအများကြီးကြာနေပြီကို အခုထိ အခဲမကျေသေးဘူးလား "
လုကျဲသည်လည်း ယဲ့ဖန်ရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး ယဲ့ဖန်က သူ့ထက် သုံးနှစ်ငယ်သည်။
အဲ့ဒီနောက်သူတို့နှစ်ယောက်ကြား ပဋိပက္ခအသေးလေးတစ်ခုဖြစ်သွားပြီးတဲ့နောက် အခုထိစကားမပြောကြပေ။
ကျိုးရှုယောင်းက စပြီး တခစ်ခစ်ရယ်သည်။
သူတို့နှစ်ယောက်အတော်ကြာစကားပြောပြီးတဲ့နောက် ဖုန်းချလိုက်ကြသည်။
ကျိုးရှုယောင်းကို သူ မနက်ဖြန်တွေ့ရမည်ဆိုတဲ့အတွေးကြောင့် ယဲ့ဖန်စိတ်လှုပ်ရှားလာသည်၊
သူမ ပြောင်းလဲသွားပြီလား။
သူမက အရမ်းကလှတော့ သူမကို လိုက်ပိုးပန်းတဲ့သူတွေအများကြီးရှိနေမှာမလား။
သူမမှာ အခုလက်ရှိချစ်သူကောင်လေးရှိလား ယဲ့ဖန်မသိပေ။
မေးခွန်းတွေတစ်ခုပြီးတစ်ခု ယဲ့ဖန်ခေါင်းထဲဝင်လာပြီး မသိလိုက်ခင်မှာဘဲ သူအိပ်ပျော်သွားခဲ့သည်။
.....................
နောက်တစ်နေ့မနက်။
ယဲ့ဖန်သည် ကိုယ်တိုင်းနဲ့ချုပ်ထားသော Zegna ဝတ်စုံပြည့်ကိုဝတ်လိုက်သည်။
သို့ပေမဲ့ တွေးကြည့်မှ နည်းနည်းလေးပွဲတက်ဆန်လွန်းနေသည်ဟုထင်မိသည်။
ပြီးတော့ ယဲ့ဖန်က ငယ်သူငယ်ချင်းများကို သွားတွေ့မှာဖြစ်တာကြောင့် ဟိတ်ဟန်လုပ်ဖို့မကောင်းပေ။
အဲ့တာကြောင့် လမ်းဘေးဆိုင်ကဝယ်ထားသည့် ယွမ်ဆယ်ကျပ်မျှသာကျသင့်သော သူ့ရဲ့ခပ်ဟောင်းဟောင်းအင်္ကျီတွေကိုသာ ထုတ်ဝတ်လိုက်သည်။
စံအိမ်ဧရိယာထဲမှ Lykan ကားကိုမောင်းထွက်လာသည်။
သူ့ကားဆီကိုလှမ်းကြည့်တဲ့လူတွေရဲ့ခေါင်းအရေအတွက် အတော်လေးကိုမြင့်သည်ဟုပြောရနိုင်သည်။
လမ်းတစ်လျှောက်တွင် မရေတွက်နိုင်တဲ့သူတွေရဲ့အားကျသည့်လည်ပြန်ကြည့်ခြင်းကိုခံရသည်။
လုကျဲနှင့်အခြားသူတွေက 'ရှင်းယွဲ့'ဆိုသည့် ကြယ်ငါးပွင့်ဟိုတယ်တွင် ကြိုမှာထားသည်။ ဝင်ပေါက်တွင် ဇိမ်ခံကားများစွာ ပါကင်ထိုးထားသည်။
သို့ပေမဲ့ Lykan ကားကြီးက ပါကင်ထိုးလိုက်တဲ့အခါ ကျန်တဲ့ဇိမ်ခံကားတွေအကုန် ချက်ချင်းအရောင်မှိန်ကုန်သည်။
ယဲ့ဖန် ပါကင်ထိုးပြီးတဲ့နောက် ထွက်လာကာ စားသောက်ဆိုင်ထဲဝင်လိုက်သည်။
သူ ဟိုတယ်ထဲကိုဝင်တော့မည့်အချိန်မှာဘဲ သူ့အနောက်က မိန်းကလေးတစ်ယောက်အသံကိုကြားလိုက်ရသည်။
" ယဲ့ဖန်လား "
ယဲ့ဖန်လှည့်ကြည့်လိုက်ပြီး အံ့ဩသွားရသည်။
သူ့အရှေ့မှာရောက်နေတဲ့သူက ယဲ့ဖန်တစ်ချိန်အိပ်မက်မက်ခဲ့ရတဲ့ ကျိုးရှုယောင်းဖြစ်သည်။
သူမက ဒီနေ့ အဖြူရောင်ဂါဝန်လေးဝတ်ဆင်ထားသည်။ ဈေးမကြီးပေမဲ့ သူမဝတ်ထားတဲ့အခါ ပြောမပြနိုင်အောင် လှပနေသည်။
သူမ မျက်နှာပေါ်က ခပ်ပါးပါးမိတ်ကပ်က သူမရဲ့ ဖြူစင်တဲ့မျက်နှာလေးကို ပိုပေါ်လွင်စေသည်။
မျက်နှာအမှတ်၉၂မှတ်အပြင် ကိုယ်လုံးအမှတ်၉၀နဲ့အထက်ရှိတဲ့သူမက အမှန်တကယ်ပြောင်းလဲသွားပြီး ပို၍ပင်လှပလာသည်။
" ရှု ........ ရှု "
ဘာကြောင့်မှန်းမသိပေမဲ့ ယဲ့ဖန် ရုတ်တရက်စကားတွေထစ်ကုန်သည်။
" ဦးလေးတဲ့လား။ ငါကအခုထိအန်တီပါနော် "
ကျိုးရှုယောင်းက သူ့ကိုစနောက်တော့သည်။
(Note - တရုတ်လို ကိုယ့်အမျိုးဦးလေးကိုခေါ်တဲ့အခါ ရှုရှုလို့ခေါ်ပါတယ်။ အဲ့တာကြောင့် ယဲ့ဖန်က ရှုရှုလို့ခေါ်လိုက်လို့ ရှုယောင်းလေးက စတာပါ)
" ရှုယောင်း၊ မတွေ့ရတာကြာပြီ "
သူမအရှေ့တွင် ယဲ့ဖန်က ရှက်တတ်တဲ့ကောင်လေးကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။
" ဟုတ်တယ်၊ ကြာလှပြီဆိုပေမဲ့ နင်ကတော့ ငါ့ကိုတစ်ခါမှမခေါ်ဘူးလေ "
ကျိုးရှုယောင်းအသံက မကျေမနပ်သံလေးပေါက်နေသည်။
သူမရဲ့အပြစ်ကင်းစင်တဲ့မျက်လုံးကြည်ကြည်လေးတွေကိုမြင်တဲ့အခါ ယဲ့ဖန် သူ့ကိုယ်သူ အပြစ်ရှိသူကြီးအဖြစ်ခံစားလိုက်ရသည်။
သူ ဘယ်လိုရှင်းပြရမလဲမသိပေ။
သူအရင်ကနိမ့်ကျတယ်လို့ခံစားရတာကြောင့် သူမနဲ့မတန်ဘူးထင်ပြီး ရှေ့ကို ထွက်မလာရဲတာလို့ မပြောနိုင်ချေ။
ကျိုးရှုယောင်းကလည်း သူ့ကိုရှက်မနေစေချင်တာကြောင့် ချက်ချင်းထိုအကြောင်းကနေပြောင်းပြောသည်။
" ငါကနင့်ကိုစနေတာပါ။ ဘာလို့ ဟာသဉာဏ်လေးတောင်မရှိရတာလဲ။ နင်ကအရင်အတိုင်းကျောက်တုံးကြီးဘဲ "
သူမက ပြောပြီးတဲ့အခါ အရှေ့ကဦးဆောင်ပြီး ဟိုတယ်အတွင်းထဲကိုလျှောက်သွားသည်။
ယဲ့ဖန်လည်း သူမအနောက်က အမြန်လိုက်သည်။
လုကျဲကြိုမှာထားသည့်အခန်းက ပထမထပ်ကခန်းမဟောကြီးဖြစ်သည်။
သာမန်ငွေကြေးတတ်နိုင်တဲ့သူအတွက်တော့ ဒါကအတော်လေးဈေးကြီးနေပြီဖြစ်သည်။
သီးသန့်အခန်းဆိုပါက တွေးတောင်မတွေးသင့်ပေ။ သာမန်လူတန်းစားတွေတတ်နိုင်သည့်နေရာမဟုတ်ပါ။
ယဲ့ဖန်ရောက်တဲ့အခါ စားပွဲမှာ လူတော်တော်များများရောက်နှင့်နေပြီဖြစ်သည်။
သူတို့က အတူတူကြီးပြင်းလာကြသည့် ငယ်သူငယ်ချင်းတွေဖြစ်သည်။
ယဲ့ဖန်နှင့် အခြားမိန်းကလေးအတူရောက်လာတဲ့အခါ လူအုပ်ကြီးက စတင်တီးတိုးပြောကြတော့သည်။
" အို၊ နင်တို့နှစ်ယောက်အတူတူလာကြတာလား။ နင်တို့မှာ ဘယ်သူ့ကိုမှမပြောပြနိုင်တဲ့လျှို့ဝှက်ချက်တွေရှိနေကြတာလား "
" အခုလေးတင် ဘယ်သူကိုမှပြောလို့မရဘူးလို့ပြောလိုက်ပေမဲ့ မင်းတို့ညတုန်းက အတူတူအိပ်ကြတာလား "
" ငါငယ်ငယ်လေးကတည်းက မင်းတို့အချင်းချင်းကြိုက်နေတယ်ထင်ခဲ့တာ။ ဒီလောက်နှစ်တွေကြာတာတောင် မင်းတို့ ခံစားချက်တွေက ပြန်ပေါင်းစည်းသွားမယ်လို့ ငါ မထင်ထားဘူး "
" ငါတို့တော့ နှစ်ဆပျော်ရတော့မယ်ထင်တယ် "
" ....... "
လူတိုင်းက စနောက်ကြတဲ့အခါ ကျိုးရှုယောင်းမျက်နှာကရဲတက်လာသည်။
" ပေါက်တက်ကရမပြောနဲ့။ ယဲ့ဖန်မှာကောင်မလေးရှိနေရင် ဘယ်လိုလုပ်မလဲ။ သူ့ကောင်မလေးသိသွားရင်ကောင်းမှာမဟုတ်ဘူး "
ထိုစကားကြောင့် ယဲ့ဖန်က ချက်ချင်းခေါင်းခါသည်။
" ငါ့မှာကောင်မလေးမရှိဘူး "
ထိုစကားကြောင့် တစ်ခန်းလုံးကထပ်ပြီး ဝိုင်းအော်ကာ လှော်ပေးကြသည်။
ကျိုးရှုယောင်းမျက်နှာက ပိုနီရဲလာသည်။
သို့ပေမဲ့ သူမ မျက်ဝန်းထဲမှာ စိုးရိမ်စိတ်ရှိနေပုံရသည်။
အပိုင်း (၅၂)
ငါတို့ပြောတာဘယ်ရောက်သွားလဲ။ ဆက်ပြောကြလေ။
တကယ်တော့ ကျိုးရှုယောင်းက ယဲ့ဖန်ကိုတွေ့လိုက်တဲ့အခါ သူမနှစ်ပေါင်းများစွာ စိတ်ထဲသိမ်းထားတဲ့ခံစားချက်တို့က တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
သို့ပေမဲ့ သူမစိတ်ထဲမှာ တခြားပူပင်စရာကိစ္စရှိနေလေသည်။
ဒီနေ့ဝတ်လာတဲ့ယဲ့ဖန်ရဲ့အဝတ်အစားတွေအရ သူ့မှာ ငွေရေးကြေးရေးအခက်အခဲရှိကောင်းရှိနေနိုင်သည်။
သေချာပေါက် သူမက ထိုအရာတွေကို ဂရုမစိုက်ပါ။
ဂရုစိုက်တာက သူမ မိဘတွေသာဖြစ်သည်။
ဒီအချိန်တွေအတွင်းမှာ သူမ မိဘတွေက အောင်မြင်နေတယ်ဆိုတဲ့လူတွေနဲ့ မိတ်ဆက်ပေးနေခဲ့သည်။
ပြီးတော့ သူတို့က သေချာပေါက်ယဲ့ဖန်ရဲ့အခြေအနေကို လက်ခံကြမည်မဟုတ်ပါ။
ကျိုးရှုယောင်းသည် ငယ်စဉ်ကတည်းက သူမ မိဘတွေစကားကို အမြဲတမ်းနားထောင်ခဲ့သည်။ သူမ မိဘတွေရဲ့ဆန္ဒကို မဆန့်ကျင်ရဲပါ။
အဲ့တာကြောင့် သူမ အတော်လေးစိတ်ရှုပ်ထွေးနေရသည်။
သူတို့ သူငယ်ချင်းတွေ ရယ်မောနေကြတုန်းမှာဘဲ စားပွဲရဲ့အဓိကဇာတ်ဆောင် လုကျဲကနောက်ဆုံးမှရောက်လာသည်။
ယဲ့ဖန်ကိုတွေ့တဲ့အခါ သူကရောက်လာပြီး တင်းတင်းဖက်သည်။
" ငါ့ရဲ့ညီအစ်ကိုကောင်း။ ငါက မင်းအငြိုးထားပြီး မလာမှာစိုးရိမ်နေတာ "
ယဲ့ဖန်က သူ့ရင်ဘတ်ကိုထိုးလိုက်သည်။
" အတိတ်ကကိစ္စတွေပါကွ။ အခုထိမှတ်မိနေတာလား။ ငါကမေ့လိုက်တာကြာပြီ "
သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့အမုန်းအာဃာတတရားတွေမရှိပါ။
အဲ့တုန်းက လုကျဲက ယဲ့ဖန် ကျိုးရှုယောင်းအတွက်ပြင်ထားတဲ့ပန်းကို တက်နင်းမိသွားခဲ့သည်။ အဲ့ဒီနောက် သူတို့ရန်ဖြစ်ကြပြီး စကားမပြောကြတော့ပေ။
သူတို့ငယ်စဉ်တုန်းကဖြစ်ခဲ့တဲ့အကြောင်းတွေကို အခုတွေးကြည့်တဲ့အခါ ရူးကြောင်ကြောင်နိုင်သည်ဟုထင်သည်။
လုကျဲသည်လည်း သူ့သူငယ်ချင်းဟောင်းကြီးကိုနှုတ်ဆက်ပြီးတဲ့နောက် နေရာမှာပြန်ထိုင်ကြသည်။
" ဒါနဲ့၊ ငါလာတုန်းက အောက်ထပ်မှာ ဘာတွေ့ခဲ့လဲသိလား "
လုကျဲက ထိုင်ပြီးတဲ့နောက် စကားစလိုက်သည်။
" အလှလေးလား "
တစ်ယောက်ယောက်က စနောက်သည်။
" သွားစမ်းပါဟာ။ ဒီအစ်ကိုကြီးက မကြာခင်လက်ထပ်တော့မှာ။ လှတဲ့မိန်းကလေးတွေက ငါ့မျက်လုံးထဲမှာ လွင့်နေတဲ့တိမ်သာသာဘဲကွ "
လုကျဲက ဂုဏ်ယူနေတဲ့လေသံဖြင့်ပြောသည်။
" အေးပါ၊ တော်ရုံဘဲကြွား။ ဘာမြင်ခဲ့တာလဲသာပြော "
တစ်ယောက်ယောက်က ပြောဖို့ဆော်ဩသည်။
" ငါ Lykan ကားကြီးကိုတွေ့ခဲ့တာဟ။ Fast and Furious 7 ဇာတ်ကားထဲကလိုကားလေ။ စောက်ရမ်းလန်းတာဟေး "
လုကျဲက အားကျနေတဲ့မျက်နှာပေးဖြင့်ပြောနေသည်၊
" တကယ်ကြီးလား။ အဲ့လောက်ချမ်းသာတဲ့သူ ကျုံးဟိုင်မှာရှိတယ်လား။ အဲ့ကားက ဈေးမပေါဘူးမဟုတ်ဘူး "
" ဘာကိုဈေးမပေါရမှာလဲ။ အဲ့တာက ယွမ်သန်း ၆၀-၇၀ကြားဘဲ။ အဲ့လောက်ဆို စံအိမ်သုံးလေးလုံးလောက်တောင်ဝယ်ရတယ် "
" ကျစ်၊ ဒီအတိုင်း ဘီးလေးလုံးလေးဘဲမလား။ ပကာသနများနေမယ့်အစား အဲ့ကားနဲ့ငါ့ Mazdaလေးနဲ့ ဘာကွာလို့လဲ "
" မစားရတိုင်း စပျစ်သီးကချဉ်တယ်လို့မပြောနဲ့။ တခြားသူနဲ့ နင့်ရဲ့ Mazda အပျက်ကြီး ကို ယှဉ်ရဲသေးတယ်ပေါ့လေ "
" ကျစ်ကျစ်ကျစ်၊ ချမ်းသာတဲ့လူ့အသိုင်းအဝိုင်းက လူသားမဆန်ကြဘူးဘဲ "
" ......... "
ဘေးမှာထိုင်ပြီး တိတ်တိတ်ကလေးရေသောက်နေတဲ့ယဲ့ဖန် ရေသီးမတတ်ဖြစ်သွားသည်။
သူ့မှာ ပိုက်ဆံရှိတော့ဘာဖြစ်လဲ။
ဘယ်လိုနေရာကများ လူမဆန်လို့လဲ။
ဒီကောင်တွေ လူချမ်းသာတွေကိုမုန်းတာတော့မဟုတ်လောက်ဘူးမလား။
သူ့ဘေးမှာထိုင်နေတဲ့ကျိုးရှုယောင်းက သူ့အမူအရာကထူးဆန်းတယ်လို့ထင်မိသည်။
သူတို့စကားတွေက ယဲ့ဖန်ရဲ့မာနကိုထိခိုက်တယ်လို့ သူမတွေးမိတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
" ဒါနဲ့ ဘာလို့ မားဒါယုံးက မလာသေးတာလဲ။ သူ့ကို မခေါ်ထားဘူးလား "
လုကျဲက ထိုစကားကြားတော့ မထိန်းနိုင်ဘဲ သူ့ကိုယ်သူရယ်သည်။
" သူက အခုအရမ်းချမ်းသာနေတာလေ။ ငါသူ့ကို မနေ့ဆက်သွယ်ပေမဲ့ သူက ဒီရက်ပိုင်းအလုပ်ရှုပ်နေလို့ မလာနိုင်ဘူးတဲ့။ အနီရောင်အိတ်ကြီးကြီးနဲ့ယွမ်၂၀၀၀ပို့ပေးတယ် "
ထိုစကားကိုကြားတဲ့အခါ တစ်စုံတစ်ယောက်ကထပြောသည်။
" ဟ၊ ယွမ်၂၀၀၀တောင်လား။ ဒါယုံးက အခုဘာလုပ်နေတာလဲ။ အရမ်းကို ကျိကျိတက်ချမ်းသာနေပြီလား "
လုကျဲမျက်လုံးက အားကျမှုအပြည့်ဖြစ်သွားသည်၊
" သူက လင်းယွမ်အိမ်ခြံမြေရဲ့အရောင်းဌာနအသင်းခေါင်းဆောင်တဲ့လေ။ သူ့ရဲ့အခြေခံလစာရောအပိုကြေးရောဆို ယွမ်နှစ်သောင်း၊ သုံးသောင်းလောက်ရတယ်တဲ့ "
" ဟ၊ လင်းယွမ်အိမ်ခြံမြေလား။ အဲ့တာက ကျုံးဟိုင်ရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဘဲလေ "
" ငါလည်း အဲ့ကိုအလုပ်သွားလျှောက်သေးတယ်။ ဒါပေမဲ့ပထမတစ်သုတ်မှာတင်အဖြုတ်ချခံလိုက်ရတာ "
" ဒါယုံးက ငါတို့ထဲအဆင်အပြေဆုံးထင်တယ်ကွာ "
" အာ၊ လူတွေအချင်းချင်းယှဉ်ရတာ စိတ်တိုစရာကောင်းပါတယ်ကွာ၊ ဟားဟား "
လုကျဲက ယဲ့ဖန်စကားမပြောတာကိုတွေ့တဲ့အခါ သူကအရင်စပြောလိုက်သည်။
" ရှောင်ဖန်၊ မင်းက ငါတို့ထဲအငယ်ဆုံးလေ။ မင်းအစ်ကိုကြီးအနေနဲ့ အကြံပေးမယ်။ တက္ကသိုလ်ပြီးလို့ အလုပ်ရှာရင် လင်းယွမ်အိမ်ခြံမြေလို ကုမ္ပဏီအကြီးကြီးတွေရှာကွ "
အခြားသူတွေကလည်း အတွေ့အကြုံရှိတဲ့လေသံတွေနဲ့ အကြံပေးကြသည်။
" လုကျဲပြောတာမှန်တယ်။ အလုပ်လိုချင်ရင် ကုမ္ပဏီကြီးကြီးရှာ။ လစာကောင်းရင် အနာဂတ်လှပြီဘဲ။ အဲ့တာဆို ဂုဏ်လည်းတက်လိမ့်မယ် "
" ဟုတ်တယ်။ ငါတို့လို ကုမ္ပဏီသေးသေးလေးကလူတွေကတော့ ဘယ်အချိန် ဘယ်နေရာနေနေ မျက်နှာဖွက်ထားရတယ်။ စိတ်ညစ်စရာပါကွာ "
" ဒါယုံးကိုဘဲကြည့်။ သူဆို တစ်လယွမ်နှစ်သောင်း၊ သုံးသောင်း။ ငါတို့လောက်မဆိုးဘူးလေ "
" ရှောင်ဖန်အကြောင်းပြောနေတာမဟုတ်ဘူးလား။ ဘာလို့ ဒါယုံးအကြောင်းထပ်ပြောနေရတာလဲ "
" သူက ကောင်းကောင်းနေနေတာဘဲ၊ ဘာလို့လက်မခံနိုင်နေရတာလဲ "
လူတိုင်းက ဟိုကြွားဒီကြွားလုပ်နေစဉ်မှာဘဲ စားပွဲထိုးတစ်ယောက်က ယဲ့ဖန်နားကိုရောက်လာသည်။
" ဆရာ၊ အပြင်က Lykanကားက ဆရာ့ကားဟုတ်ပါသလား "
ယဲ့ဖန် တခဏကြောင်သွားပေမဲ့ ဖြေလိုက်သည်။
" ဟုတ်တယ်၊ ဘာလို့လဲ "
ထိုစားပွဲထိုးရဲ့လေသံက အရမ်းကိုရိုကျိုးနေသည်။
" ဒီလိုပါဆရာ။ လူကြီးမင်းတစ်ယောက်ရဲ့ကားက ဆရာ့ကားနဲ့ပိတ်နေလို့ပါ။ ကားရွှေ့ပေးလို့ရပါသလား "
ယဲ့ဖန်ကတွေးပြီးတဲ့နောက် အိတ်ကပ်ထဲက ကားသော့ကိုထုတ်လိုက်သည်။
" ငါ့ကိုကူရွှေ့ပေးပါ၊ ကျေးဇူးဘဲ "
ထိုစားပွဲထိုးကပျော်လွန်းလို့ ထခုန်မိမတတ်ဖြစ်သွားသည်။
သူက ကားသော့ကို ရတနာကိုင်တဲ့အလား လက်နှစ်ဖက်ဖြင့်ရိုရိုသေသေကိုင်သည်။
သူက ဒီလောက်အဆင့်ရှိတဲ့ကားကို ထိဖို့တောင် အိပ်မက်မမက်ဖူးပေ။
အခုတော့ မောင်းပေးဖို့ တကယ်ကြီးမေးခံရတာလား။
ဒီခံစားချက်က ယွမ်၅သန်းလောက် ထီပေါက်တာနဲ့ဆင်တူသည်။
စားပွဲထိုးက ချက်ချင်းပြေးထွက်သွားသည်။
ယဲ့ဖန်က စားပွဲထိုးကိုပြန်လွှတ်ပြီးတဲ့နောက် စားပွဲဘက်ပြန်လှည့်လာသည်။
စားပွဲနားကလေထုက အရမ်းကိုထူးဆန်းတယ်လို့ သူထင်မိသည်။
လူတိုင်းက သူ့ကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြောင်ငေးနေကြသည်။
သရဲကိုတွေ့လိုက်ရသည့်အလား။
ယဲ့ဖန် ကိုးယိုးကားယားဖြင့် ချောင်းဟန့်လိုက်သည်၊
" ဘာလို့စကားမပြောကြတာလဲ။ ငါတို့ပြောတာ ဘယ်ရောက်နေပြီလဲ။ ဟုတ်သားဘဲ၊ ဒါယုံးအကြောင်းမလား။ ဆက်ပြောလေ "