အပိုင်း ၅၃-၅၆
Vol. 3 Ch. 53-56
အပိုင်း (၅၃)
ငါ အစကတည်းက မင်းတို့နဲ့အတူ သာမန်လူအဖြစ်ဘဲရှိနေချင်တာ။
လုကျဲက ပထမဆုံးအသိစိတ်ပြန်ကပ်လာသည်။ သူက သူ့ဘေးကသူကို ချက်ချင်းလှည့်ကြည့်သည်။
" ငါနားကြားမှားတာလား။ အဲ့ဝန်ထမ်းက ဘာပြောလိုက်တာလဲ "
" ငါ့အထင် Li Kan ဆိုလားဘဲ "
အဲ့တစ်ယောက်က မရေမရာပြန်ဖြေသည်။
" Li Kan လား။ ပြည်တွင်းကားအသစ်လား။ ယွမ်သောင်းချီလောက်ဘဲရှိတာမလား "
တစ်ယောက်ယောက်က ကြားဖြတ်ပြောသည်။
" Li Kan လား Lykan လား "
လုကျဲ စဉ်းစားခန်းဝင်နေပြီး ရုတ်တရက်ထရပ်ပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်သည်။
" အပြင်က စူပါကားအကောင်းစား Lykan က မင်းဟာလား "
လူတိုင်းက လုကျဲစကားကို သိချင်နေကြကာ သူတို့အကြည့်က ယဲ့ဖန်ဆီရောက်နေကြသည်။
ယဲ့ဖန် သက်ပြင်းရှည်ချလိုက်သည်။
" ငါက အစကတည်းက မင်းတို့နဲ့ သာမန်လူအဖြစ်ဘဲ ဆက်ရှိနေချင်ပေမဲ့ ဒီလိုဖြစ်သွားမယ်မထင်ထားဘူး။ အေးကွာ၊ ငါက သန်းကြွယ်သူဌေး၊ အဲ့တော့ ငါ့ကတ်တွေ စားပွဲပေါ်တင်ပေးမယ် "
လူတိုင်းက အခုထိ မယုံနိုင်ဖြစ်နေသည်။
ယဲ့ဖန်ရဲ့ရွှတ်နောက်နောက်အသံကြောင့် သူတို့အားလုံး ပြန်ငြိမ်သွားပြီး ထိုင်လိုက်ကြသည်။
" သေချာပေါက် သူ့ဟာမဟုတ်ဘူးပေါ့။ သူက ဘယ်လိုလုပ် Lykan မောင်းနိုင်မှာလဲ "
" ဟုတ်တယ် အဲ့ကားက ယွမ်သန်း ၆၀-၇၀ကြားပေးရတာ။ အဲ့လိုကားမောင်းဖို့ဆို အနည်းဆုံးယွမ်သန်းရာချီရှိရမှာကွ "
" အထင်မှားတာဘဲ။ ငါတို့က မိသားစုထဲမှာ ဘီလီယံနာကြီးရှိပြီထင်သွားတာ "
သူတို့က ယဲ့ဖန်အပေါ်အထင်သေးကြတာမဟုတ်ပေ။
အကြောင်းအရင်းမှာ ယဲ့ဖန်မိသားစုက ဆင်းရဲလွန်းပြီး သူတို့ထဲမှာ ယဲ့ဖန်ကအဆိုးဆုံးအခြေအနေဖြစ်သည်။
အဲ့ဒီအပြင် သူက အခုမှ တက္ကသိုလ်ပထမနှစ်ကျောင်းသားဘဲရှိသေးတာ။ ဘယ်လိုလုပ်ပြီး သန်းချီတန်တဲ့ကားကိုစီးနိုင်မှာလဲ။
ဒါက အိပ်မက်မဟုတ်ဘူးလား။
ယဲ့ဖန်က ဆက်ပြီးအများကြီးရှင်းပြဖို့ ရည်ရွယ်မထားပေ။
သူ အစောပိုင်းကပြောခဲ့သည့်အတိုင်း သူ ဒီငယ်သူငယ်ချင်းအုပ်စုနဲ့ သာမန်လူအဖြစ်သာအတူရှိနေချင်သည်။
အခြားရှုပ်ထွေးတဲ့ကိစ္စတွေ မပါဝင်စေချင်ပေ။
သို့ပေမဲ့လည်း ကောင်းကင်ဘုံက သူ့အလိုကိုမလိုက်ချေ။
သူက သရုပ်မှန်ဖုံးပြီးနေချင်သော်လည်း အခြေအနေတွေက ခွင့်မပြုပေ။
ထိုကိစ္စလေးကိုရှင်းပြီးပြီဟုထင်လိုက်ချိန်မှာဘဲ အနောက်ကနေ တစ်ယောက်ယောက်ကခေါ်လိုက်သံကိုကြားရသည်။
" ယဲ့ဖန်လား "
ယဲ့ဖန်လှည့်ကြည့်တဲ့အခါ သူချက်ချင်းခေါင်းနပန်းကြီးသွားတော့သည်။
ထိုလူသည် အရင်နေ့တုန်းက ရှန်းမိသားစုမွေးနေ့စားပွဲမှာတွေ့ခဲ့သည့် ကျောင်းဖုလင်ဖြစ်သည်။
" တကယ်ကြီးမင်းလား။ အမြင်မှားတယ်ထင်နေတာ "
ကျောင်းဖုလင်က ချက်ချင်းလာနှုတ်ဆက်သည်။
" ဟုတ်တယ်၊ တိုက်ဆိုင်တာဘဲ "
ယဲ့ဖန်က သူ့ကိုထပြီးနှုတ်ဆက်သည်။
စားပွဲက ငယ်သူငယ်ချင်းတွေက ဘယ်သူမှန်းမသိတာကြောင့် နည်းနည်းကြောင်အနေကြသည်။
သို့ပေမဲ့ ထိုလူတွေကိုကြည့်လိုက်ပုံအရ သူတို့က သာမန်လူတွေလုံးဝမဖြစ်နိုင်ပါ။
ထိုအချိန်မှာ လုကျဲက ရုတ်တရက်ခေါ်လိုက်သည်။
" သူဌေး "
ခေါ်ပြီးတဲ့နောက် လုကျဲသည် ကျောင်းဖုလင်အနောက်က သက်လတ်ပိုင်းလူတစ်ယောက်ကို ခါးညွတ်နှုတ်ဆက်လိုက်သည်။
ထိုသက်လတ်ပိုင်းလူက ယဲ့ဖန်နှင့်ကျောင်းဖုလင်ကိုကြည့်သည်။ သူတို့ကြားမှာတော်တော်ကောင်းတဲ့ဆက်ဆံရေးရှိပုံရမှန်းသူသိလိုက်သည်။
ပြီးတော့ လုကျဲက ယဲ့ဖန်နဲ့အတူတစ်ဝိုင်းထဲမှာစားနေတာကိုတွေ့ရသည်။
ထိုအတွေးနဲ့အတူ သူက လုကျဲကို ခါးပြန်မတ်ဖို့ကူပေးလိုက်သည်။
" အို၊ ရှောင်လုဘဲ။ မင်းသူငယ်ချင်းတွေနဲ့ ညစာစားနေကြတာလား။ ဘာစားချင်လဲမှာလေ ငါ့ကတ်ထဲထည့်ရှင်းလိုက် "
လုကျဲက သူ့သူဌေးရဲ့ စိတ်အားထက်သန်မှုပုံစံကြောင့် စိတ်ရှုပ်ထွေးသွားသည်။
သူနဲ့သူဌေးတွေ့တဲ့အခါတိုင်း သူဌေးကအထက်စီးဆန်ပြီး သူနဲ့မျက်လုံးချင်း ဘယ်တော့မှမဆုံပေ။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။
ကျောင်းဖုလင်က လုကျဲကိုကြည့်ပြီး ယဲ့ဖန်ဘက်ပြန်လှည့်လိုက်သည်။
" ဒါ မင်းရဲ့ သူငယ်ချင်းလား "
ယဲ့ဖန်ခေါင်းငြိမ့်ပြသည်။
" ငယ်သူငယ်ချင်းပါ "
ကျောင်းဖုလင်က ချက်ချင်းသဘောပေါက်သွားပြီး သက်လတ်ပိုင်းသူဌေးကိုပြောသည်၊
" လုသူဌေး၊ မင်းရဲ့လက်အောက်ငယ်သားက ငါ့ညီလေးနဲ့ သူငယ်ချင်းဖြစ်နေမယ်လို့မထင်ထားဘူး။ ငါတို့တွေက အတော်ရေစက်ပါတယ်ဖြစ်မယ် "
လုလူကြီးမင်းက ချက်ချင်းသဘောပေါက်ကာ ခေါင်းငြိမ့်သည်။
" ကျွန်တော်လည်း ရှောင်လုက ကုမ္ပဏီမှာအတော်လေးလုပ်ရည်ကိုင်ရည်ရှိတာကြောင့် သူ့ကို ဌာနမန်နေဂျာအဖြစ်ရာထူးတိုးပေးဖို့စီစဉ်နေတာပါ "
လုကျဲထိုစကားကြားတဲ့အခါ ပျော်လွန်းလို့ထခုန်မတတ်ဖြစ်သွားသည်။
ပုံမှန်အခြေအနေအတိုင်းသာဆို သူ ဌာနမန်နေဂျာနေရာကိုရဖို့ အနည်းဆုံးဆယ်နှစ်မျှကြိုးစားရပေမည်။
အဲ့တာတောင်မှ သူအမှားမရှိမှရာထူးတက်မှာဖြစ်သည်။
အခုတော့ သူက အဆင့်တွေအများကြီးကျော်တက်သွားနိုင်ခဲ့သည်။
ကောင်းကင်ကပြုတ်ကျလာသည့် အသင့်စားမုန့်တစ်ခုဖြစ်သည်။
သူ အံ့ဩနေစဉ်မှာဘဲ ယဲ့ဖန်မိတ်ဆွေရဲ့နောက်ခံကိုစိတ်ဝင်စားလာသည်။
သူ့သူဌေးကတောင် ထိုလူအရှေ့မှာ လက်ပါးစေလိုမျိုး ဘာလို့နေနေရတာလဲ၊
တစ်ဖက်လူရဲ့သာမန်စကားကတောင်မှ သူ့သူဌေးအတွက်အမိန့်လိုဖြစ်နေသည်။
ကျောင်းဖုလင်ကတော့ ကိစ္စအသေးလေးတွေကိုစိတ်ထဲမထားပါ။ သူက ယဲ့ဖန်ဘက်ကိုပြန်လှည့်ကြည့်သည်။
" ယဲ့ညီလေး၊ ဘာလို့ဒီလိုနေရာမျိုးမှာစားနေရတာလဲ။ ဒီစားသောက်ဆိုင်ရဲ့ ထိပ်ဆုံးကောင်းကင်အထပ်မှာ ငါ သီးသန့်ခန်းကြိုအမှာယူထားတယ်။ ဘာလို့ မင်းနဲ့ မင်းသူငယ်ချင်းတွေ အတူလိုက်မစားတာလဲ "
သူက ကြွားဝါချင်တာမဟုတ်ဘဲ ယဲ့ဖန်ကို ထမင်းဖိတ်ကျွေးချင်တာဖြစ်သည်။
သူက ယဲ့ဖန်ကို ဂျင်ဆင်းအတွက် အမှန်တကယ်ကျေးဇူးတင်ချင်တာဖြစ်သည်။
စားပွဲကလူတိုင်းက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်နေသည်။
ထိုထိပ်ဆုံးကောင်းကင်အထပ်ဟာ ဒီဟိုတယ်၏ပရီမီယမ်အခန်းဖြစ်သည်။
သာမန်အားဖြင့် ထိုအထပ်မှာစားသူတွေက ချမ်းသာပြီးမြင့်မြတ်ကြသူတွေဖြစ်သည်။
အဲ့ဒီအပြင်သူတို့က သာမန်ချမ်းသာပြီးအာဏာရှိကြတာမဟုတ်ဘဲ အလွန်ကိုချမ်းသာပြီးအာဏာကြီးကျတဲ့သူတွေဖြစ်သည်။
အဲ့ဒီအပြင်လုကျဲသူဌေးကလည်း သူ့ကိုအလွန်လေးစားနေရသည်။
လူတိုင်းက ထိုလူရဲ့နောက်ခံက ဘယ်လောက်အင်အားကြီးလဲဆိုတာကို ခန့်မှန်းမိကြပြီးဖြစ်သည်။
ထိုအချိန်မှာ လူတိုင်းစိတ်ထဲတွင် မေးခွန်းအကြီးကြီးပေါ်လာသည်။
ပိုက်ဆံမရှိ နောက်ခံမရှိတဲ့ သူတို့ရဲ့ဆင်းရဲတဲ့သူငယ်ချင်းလေးယဲ့ဖန်က အဲ့လိုအချီကြီးကို ဘယ်လိုလုပ်သိတာလဲ။
ပြီးတော့ သူတို့ဆက်ဆံရေးကလည်း သာမန်မဟုတ်ပေ။
ယဲ့ဖန်က ကျောင်းဖုလင်ရဲ့ဖိတ်ကြားချက်ကိုကြားတဲ့အခါ ချက်ချင်းခေါင်းခါလိုက်သည်။
" အစ်ကိုကျောင်းရဲ့ကြင်နာတဲ့ဖိတ်ခေါ်မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်တို့က စားလို့ပြီးတော့မှာမလို့ အစ်ကိုတို့ကို မနှောင့်ယှက်တော့ပါဘူး "
ကျောင်းဖုလင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်သည်။
" အဲ့တာဆိုလည်းကောင်းပြီ။ နောက်တစ်ခါကျရင်တော့ သေချာပေါက်ထမင်းကျွေးမယ် "
ခြေလှမ်းအနည်းငယ်ထွက်သွားပြီးတဲ့နောက်မှ သူက ပြန်လှည့်လာပြီးထပ်ဖြည့်ပြောသည်။
" ဒါနဲ့ မင်း လင်းယွမ်အိမ်ခြံမြေရှယ်ယာ၆၀%ကိုဝယ်လိုက်တယ်ကြားတယ်။ ငါအနေနဲ့ လင်းယွမ်အိမ်ခြံမြေကုမ္ပဏီကိုအတော်လေးမျှော်မှန်းတယ်။ ကြိုးစား၊ နောက်ကျ ပိုကောင်းတဲ့အနာဂတ်ရှိလာလိမ့်မယ် "
အဲ့ဒီနောက် သူက နောက်လိုက်လူတွေနဲ့အပေါ်ထပ်ကိုတက်သွားသည်။
ယဲ့ဖန်သူငယ်ချင်းတို့စားပွဲက ရုတ်တရက်သုဿန်တစပြင်အလားတိတ်ဆိတ်သွားသည်။
လင်းယွမ်အိမ်ခြံမြေလုပ်ငန်းစု။
ရှယ်ယာ ၆၀%။
ယဲ့ဖန်ကလား။
အပိုင်း (၅၄)
ငါတို့က လူရွှင်တော်လား။
ယဲ့ဖန် နှစ်လုတ်လောက်အပြည့်စားလိုက်ပြီး လူတိုင်းက သူ့ကို တအံ့တဩကြည့်နေဆဲဖြစ်နေတာကို တွေ့လိုက်သည်။
" ဘာလဲ။ ငါ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား။ ဘာလို့ အဲ့လိုကြည့်နေကြတာလဲ "
လုကျဲက ခက်ခက်ခဲခဲပါးစပ်ဟကာ ပြောလိုက်သည်။
" ရှောင်ဖန်၊ အဲ့ဒီသူဌေးကြီးပြောသွားတာအမှန်ဘဲလား။ မင်း တကယ် လင်းယွမ်အိမ်ခြံမြေလုပ်ငန်းစုရှယ်ယာ ၆၀%ကို ဝယ်ထားတာလား "
ယဲ့ဖန်က သာမန်ဘဲပြုံးလိုက်သည်။
" အဲ့တာက ဒီအတိုင်းအသေးစားစီးပွားရေးပါ၊ ထည့်ပြောမနေပါနဲ့။ စားကြစို့ "
ငယ်သူငယ်ချင်းအုပ်စုက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြရင်း ကြောင်အအဖြစ်ကုန်သည်။
သူတို့က ယဲ့ဖန်ကို အစ်ကိုကြီးတွေအနေနဲ့ သင်ခန်းစာတွေပေးခဲ့ကြပြီး သူ့ကို ဘွဲ့ရရင် အလုပ်ကောင်းကောင်းရှာဖို့ပြောနေခဲ့ကြသည်။
ယဲ့ဖန်က လင်းယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ သူဌေးကြီးဖြစ်နေမယ်လို့ သူတို့မထင်ထားကြပေ။
သူတို့က လူရွှင်တော်တွေဖြစ်ကုန်တာလား။
" အာ၊ အဲ့တာဆို ဒါယုံးက ရှောင်ဖန်ရဲ့ဝန်ထမ်းပေါ့ "
သူ့ငယ်သူငယ်ချင်းတစ်ယောက်က ရုတ်တရက်ဆက်စပ်သဘောပေါက်သွားသည်။
လူတိုင်းက အဲ့အခါမှ အသိပြန်ကပ်လာတော့သည်။
ဟုတ်တယ်မလား။
မားဒါယုံးက အခုလက်ရှိတွင် လင်းယွမ်အိမ်ခြံမြေလုပ်ငန်း၏အရောင်းဌာနခေါင်းဆောင်ဖြစ်သည်။
ယဲ့ဖန်က လင်းယွမ်အိမ်ခြံမြေလုပ်ငန်းသူဌေးကြီးဖြစ်သည်။
ပြောရမည်ဆိုလျှင် သူတို့က အထက်လူကြီးနှင့်လက်အောက်ငယ်သားဆက်ဆံရေးဖြစ်နေသည်။
သို့ပေမဲ့ သူတို့ကြားတွင် ကြီးမားတဲ့ကွာခြားချက်ကြီးရှိနေသည်။
ရယ်စရာကောင်းတာက သူတို့က အခုလေးတင် မားဒါယုံကို မြှောက်ပင့်နေခဲ့ကြတာဖြစ်သည်။
သူတို့အခုတွေးကြည့်ကြတဲ့အခါမှ လောကကြီးက အပြင်မှာဘာတွေဖြစ်နေလဲဆိုတာကို သူတို့တကယ်မသိကြပေ။
" ညီလေးရေ၊ မင်းခြေထောက်လေးကိုဖက်ပါရစေကွာ။ ငါ အနာဂတ်မှာ မင်းနောက်ဘဲလိုက်ပါရစေ "
လုကျဲက ရွှတ်နောက်နောက်လေသံစနောက်ပြီး နေရခက်နေတဲ့အနေအထားကို ဖြေလျှော့လိုက်သည်။
ယဲ့ဖန်နားက အခြားသူတွေကလည်း သူ့ကို အရှင်လတ်လတ်အရေခွံစုတ်တော့မည်ပုံပေါ်နေသည်။
ယဲ့ဖန်လည်းဘဲ သူတို့ကိုနောက်ပြောင်နေသည်။
ဘေးမှာထိုင်နေတဲ့ ကျိုးရှုယောင်းကတော့ အခြေအနေကိုသာကြည့်နေသည်။
ယဲ့ဖန်ကိုကြည့်တဲ့အခါ သူမဖိနှိပ်ထားတဲ့ခံစားချက်တို့က အသစ်တစ်ဖန်ပြန်ပြီးပေါ်ထွက်လာနေပြီဖြစ်သည်။
ရှုယောင်းက ယဲ့ဖန်ငွေကြေးအခြေအနေအဆင်မပြေဖြစ်ပြီး သူမ မိဘတွေကငြိုငြင်မှာကို စိတ်ပူနေခဲ့သည်။
အခုတော့ သူတို့နှစ်ဦးကြားက နောက်ဆုံးအတားအဆီက ဖယ်ရှားပြီးသွားပြီဖြစ်သည်။
သူမမှာ ဘာများပူပင်စရာလိုသေးလို့လဲ။
သူမမိဘတွေ မိတ်ဆက်ပေးတဲ့သူတွေထဲက ဘယ်သူကများ ယဲ့ဖန်ကိုယှဉ်နိုင်မှာတဲ့လဲ။
သူက ဇိမ်ခံစူပါကားကြီးကိုမောင်းသည်။
ထိပ်တန်းသူဌေးကြီးတွေကို သူ့ညီအစ်ကိုအဖြစ်ခေါ်သေးသည်။
သူက အိမ်ခြံမြေကုမ္ပဏီကြီး၏ သူဌေးကြီးတောင်မှဖြစ်နေသေးသည်။
သူ့အရည်အချင်းတွေနဲ့သာဆိုရင် သူမရဲ့ဇီဇာကြောင်တဲ့မိဘတွေက ဆန္ဒရှိတာထက်ကိုပိုပြီး မျက်နှာသာပေးမှာဖြစ်ပြီး သူတို့က ယဲ့ဖန်ကို အထင်သေးရဲပါတော့မလား။
သူတို့ကိုသာ အထင်သေးခံရမှာကို သူမက ကြောက်လာတော့သည် မဟုတ်ပါလား။
အခုသူ့လက်ရှိအနေအထားနဲ့သာဆိုရင် ဘယ်လိုမိန်းကလေးကိုမဆို ရှာနိုင်နေသည်။
' သူက ငါ့ကိုစိတ်မဝင်စားမှာဘဲစိုးရတယ် '
ကျိုးရှုယောင်းရင်ထဲမှာ ခံစားချက်တွေရောပြွန်းနေသည်။
..…........................
စားသောက်ပြီးကျတဲ့အခါ လုကျဲက စကားပြောခန်းလေးတစ်ခုဖွဲ့ဖို့အကြံပေးသည်။
လူတိုင်းကလည်း အလိုအလျောက်သဘောတူကြသည်။
ယဲ့ဖန်ကလည်း မငြင်းဘဲ စကားပြောခန်းထဲမှာ ပါလိုက်သည်။
ယဲ့ဖန်က အစကတည်းက ငွေရှင်းဖို့စီစဉ်ခဲ့တာဖြစ်သည်။
သို့ပေမဲ့ စဉ်းစားပြီးတဲ့နောက် ပေးဖို့ကိုလက်လျှော့လိုက်သည်။
ယဲ့ဖန်သည် ကြွယ်ဝမှုကို လိုလိုလားလားကြီးထုတ်ပြနေတယ်လို့ လုကျဲနှင့်အခြားသူများကို မထင်ချင်စေပေ။
ပိုက်ဆံရှင်းပြီးတဲ့နောက် သူငယ်ချင်းအုပ်စုက စားသောက်ဆိုင်ထဲမှထွက်ပြီး သူတို့ကားရှိရာသို့သွားကြသည်။
ယဲ့ဖန်က တလက်လက်တောက်ပနေတဲ့ Lykan စူပါဇိမ်ခံကားကြီးကိုစီးတာမြင်တဲ့အခါ လူတိုင်းကထပ်အံ့ဩရပြန်သည်။
ဒီစူပါကားကြီးက ယဲ့ဖန်ဟာမှန်းသိကြသော်လည်း သူကိုယ်တိုင်မောင်းတာမြင်တဲ့အခါ ယုံကြည်ဖို့ခက်ခဲနေကြသေးသည်။
" ယဲ့ဖန်၊ နင် ငါ့ကိုလိုက်ပို့ပေးလို့ရမလား။ ဒီကနေဆို တက္ကစီငှားမရလို့ "
ထိုအချိန်တွင် လမ်းဘေးမှာရပ်နေတဲ့ကျိုးရှုယောင်းက အားမွေးပြီး သူမဘက်ကအရင်စပြီး လျှောက်သွားသည်။
" ဝိုး "
ငယ်သူငယ်ချင်းအုပ်စုက ပူညံပူညံထပ်ဖြစ်ကုန်ကြပြီး သူတို့နှစ်ယောက်ကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေကြပြန်သည်။
ကျိုးရှုယောင်းရဲ့ မျက်နှာလှလှလေးက နီရဲနေပြီး သူမကို ပိုပြီးလှပစေသည်။
ယဲ့ဖန်က သူ့နှာခေါင်းကိုထိလိုက်သည်။
" ငါ့လိုက်ပို့ကြေးက အရမ်းဈေးကြီးတာနော်။ နင့်ရဲ့အချိန်ပြည့်ကားသမားဖြစ်စေချင်ရင် တစ်ခုခုပြန်ပေးရမယ်မထင်ဘူးလား "
ကျိုးရှုယောင်းမျက်လုံးလေးတွေပြူးကုန်သည်။
" ဘယ်လိုကျေးဇူးဖော်ပြစေချင်လို့လဲ "
ယဲ့ဖန်ပြန်မဖြေနိုင်ခင်မှာဘဲ သူ့ဘေးကအကောင်တွေက အုပ်လိုက်ကြီးတစ်ညီတည်းအော်ကြသည်။
" နမ်းပါ၊ နမ်းပါ "
ကျိုးရှုယောင်းမျက်နှာက လုံးဝကိုရဲတွတ်နေသည်။
" ထားလိုက်တော့၊ တက္ကစီဘဲစီးတော့မယ် "
အဲ့ဒီနောက် သူမက မြင်ကွင်းထဲကထွက်သွားဖို့ပြင်နေသည်။
ယဲ့ဖန်က သူမကို မြန်မြန်တားလိုက်သည်။
" ငါကနင့်ကို စနေတာပါ။ အလှလေးကျိုးကို အိမ်ပြန်လိုက်ပို့ရလို့ ငါကတောင်ဂုဏ်ယူရပါသေးတယ်။ ကားပေါ်မြန်မြန်တက်လေ "
ကျိုးရှုယောင်းက သူမရဲ့ဂုဏ်ယူတဲ့မျက်နှာလေးကို မော်ချီလိုက်သည်။
" အဲ့လိုမှပေါ့ "
အဲ့ဒီနောက် သူမက အရှေ့ခန်းမှာ မထိုင်ချင်ဘဲထိုင်လိုက်သည်။
" ညီအစ်ကိုတို့၊ နောက်မှတွေ့မယ် "
ယဲ့ဖန်က သူ့ငယ်သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး လီဗာနင်းလိုက်သည်။
ဘရွန်း။
Lykan စူပါကားကြီးရဲ့အင်ဂျင်သံကထွက်လာသည်။
အဲ့ဒီနောက် အနီရောင်မိုးကြိုးတန်းအဖြစ်နဲ့ လူတိုင်းမျက်စိရှေ့ကပျောက်သွားတော့သည်။
....................
ယဲ့ဖန်က ကျိုးရှုယောင်းရဲ့တိုက်ခန်းကိုလိုက်ပို့တဲ့အခါ အလွန်နောက်ကျနေပြီဖြစ်သည်။
" အခုဒီမှာနေတာလား "
ယဲ့ဖန်က အပြင်ကို သိချင်စိတ်ကြောင့်လှည့်ပတ်ကြည့်သည်။
ဒီပတ်ဝန်းကျင်က အရမ်းမကောင်းပေ။ လမ်းမပေါ်မှာလည်း ဘယ်သူမှမရှင်းတဲ့ အမှိုက်ပုံကြီးရှိနေသည်။
တစ်ခါတစ်ခါ အင်္ကျီမပါဘဲ တတ်တူးအပြည့်နဲ့ လမ်းဘေးကလေကချေတွေက ဖြတ်သွားပြီး လူထုလုံခြုံရေးစနစ်ကလည်း အရမ်းမကောင်းချေ။
" အဲ့တာကတော့ ဒီကျုံးဟိုင်လိုမြို့ကြီးမှာက မြေတစ်လက်မတိုင်းကတောင် ရွှေလိုတန်ဖိုးကြီးနေမှတော့ ဒီလိုနေရာမျိုးမှာ နေရတာနဲ့တင် ကောင်းနေပါပြီ "
ကျိုးရှုယောင်းက နည်းနည်းကူကယ်ရာမဲ့နေသည်။
" မေးဖို့မေ့နေတာ။ နင်အခုဘာလုပ်နေတာလဲ "
ယဲ့ဖန်က သူမဘက်ကိုလှည့်မေးသည်။
သူမရဲ့ဘေးတစ်စောင်းပုံရိပ်က အတော်လေးလှသည်ဆိုတာကိုတော့ ဝန်ခံရပေမည်။
သူမရဲ့ပါးမို့မို့လေးတွေက ဂျယ်လီတုံးလေးတွေလိုရှိနေပြီး မြင်သူတစ်ကာတစ်ကိုက်လောက်ကိုက်ချင်စိတ်ဖြစ်စေသည်။
" တက္ကသိုလ်မှာ စတုတ္ထနှစ်လေ။ ပြီးတော့ ဟိုတယ်တစ်ခုမှာအလုပ်သင်လုပ်နေတယ်။ ငါ့လစာက အိမ်ငှားခပေးဖို့တောင် အနိုင်နိုင်ပါဟာ "
ကျိုးရှုယောင်းက သူမအခြေအနေကို ဖုံးကွယ်မထားပေ။
ယဲ့ဖန်က ဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြီး ဆက်မမေးတော့ပေ။
" အင်းပါ၊ အဲ့တာဆို ငါအပေါ်တက်တော့မယ်။ လိုက်ပို့ပေးလို့ကျေးဇူးဘဲ "
ကျိုးရှုယောင်းရဲ့အမူအရာကနည်းနည်းလေးတွန့်ဆုတ်နေသည်။
" ငါ့ကို တစ်ခုခုလိုက်သောက်ဖို့ မဖိတ်တော့ဘူးလား "
ယဲ့ဖန်က စနောက်သည့်လေသံဖြင့်ပြောလိုက်သည်။
" သောက်ပြီးတာနဲ့ နင်က ရေမိုးချိုးပြီးရင် တစ်ညနေဖို့စိတ်ကူးနေတာမလား "
ကျိုးရှုယောင်းကလည်း ပြန်စနောက်သည်။
" ဟာ အတွေးတွေကိုသိသွားတာလား။ မိန်းကလေးတွေက အဲ့လိုကြီးဉာဏ်ကောင်းနေရင်မဖြစ်ဘူးလေ "
ယဲ့ဖန်က သူမကို နတ်ဆိုးအပြုံးဖြင့်ပြုံးပြီးကြည့်သည်။
ကျိုးရှုယောင်းက သူမခေါင်းကိုတစ်ခဏမျှငုံ့ထားပြီးတဲ့နောက် သူမခေါင်းကို နည်းနည်းနီးကပ်အောင်တိုးလိုက်သည်။
သူမက ယဲ့ဖန်မျက်နှာပေါ်ကို ဖွဖွလေးနမ်းလိုက်ပြီး ပြေးဖို့ကြံသည်။
သို့ပေမဲ့ ယဲ့ဖန်က သူမကို အနောက်ကနေဆွဲဖမ်းလိုက်သည်။
" ငါ့ကိုနမ်းပြီးတာနဲ့ပြေးတော့မလို့လား "
ကျိုးရှုယောင်းရဲ့ကြီးမားပြီးမျက်ရည်ဝေ့နေတဲ့မျက်လုံးလေးတွေက သူ့ကိုစိတ်လှုပ်ရှားစွာကြည့်နေသည်။
" ငါက ........ "
သူမ ဆုံးအောင်မပြောနိုင်ခင်မှာဘဲ ယဲ့ဖန်က အရင်စပြီးတိုက်ခိုက်လိုက်သည်။
" အွန်း ဝူး .......... "
ကျိုးရှုယောင်းက ရှော့တိုက်ခံရသလိုခံစားရသည်။ သူမတစ်ကိုယ်လုံးက ထုံသွားပြီး ဆန့်ကျင်ဖို့တောင် မလှုပ်နိုင်တော့ပေ။
ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးနိုးထလာသလို ခံစားရသည်။
သူ့လက်တွေက စရွေ့တော့သည်။
သူက သူမကို ကားထဲမှာ အပြစ်ပေးဖို့ဆုံးဖြတ်ထားသည်။
ကျိုးရှုယောင်းက နောက်ဆုံးမှာတော့ အသိပြန်ကပ်လာပြီး သူ့ကို မြန်မြန်တွန်းထုတ်လိုက်သည်။
" ဒီကောင်စုတ်ကတော့ "
အဲ့ဒီနောက် သူမပ ကားတံခါးကိုဖွင့်ပြီး ဖရိုဖရဲဖြင့် ပြေးထွက်သွားသည်။
ယဲ့ဖန်က တုန်လှုပ်နေတဲ့သူမနောက်ကျောကိုကြည့်ပြီး ပြုံးလိုက်သည်။
ဟက်၊ မိန်းမတွေကတော့ စိတ်ထဲမပါတာတွေပြောပြန်ပြီ။
အပိုင်း (၅၅)
ဒီကောင်က သူ့ကားကိုတကယ်ကြီးထပ်လဲလိုက်တာလား။
ကျုံးဟိုင်တက္ကသိုလ်စာသင်ဆောင်။
ယဲ့ဖန်နှင့် ရှန်းပိုင်ထျန်းတို့သတင်းက တစ်ခါတစ်ခါပြန်ပေါ်လာပေမဲ့ ကျော်ကြားမှုကတော့ လျော့ကျမသွားပေ။
ပျင်းစရာကောင်းတဲ့စာသင်ခန်းထဲတွင် အတင်းတုပ်ခြင်းက အပန်းဖြေဖို့နည်းလမ်းကောင်းဖြစ်သည်။
" ငါ့အထင် ရှန်းပိုင်ထျန်းက ယဲ့ဖန်နဲ့မလိုက်ဘူးလို့ထင်တယ်။ ယဲ့ဖန်က ချောပြီးချမ်းသာတယ်လေ။ အဲ့တာကြောင့် သူမက သူ့ကိုအရင်မြှူဆွယ်လိုက်တာနေမှာ "
မျက်နှာပေါ်မှာ မှဲ့ခြောက်တွေနဲ့ကောင်မလေးက အသေအချာကိုပြောဆိုသည်။
" ပေါက်တက်ကရနဲ့။ နင် ရှန်းပိုင်ထျန်းရဲ့မိသားစုနောက်ခံကို နင်မသိလို့ပါ။ ယဲ့ဖန်နောက်ခံထက်အများကြီးပိုသာတယ်။ သူက မကောင်းတဲ့နည်းတွေသုံးပြီး ရှန်းပိုင်ထျန်းကို အပိုင်ဖမ်းလိုက်တာဖြစ်မှာ "
ကောင်လေးတွေထဲကတစ်ယောက်က သူတို့ရဲ့နတ်ဘုရားမလေးကို ကာကွယ်ပြောဆိုလိုက်သည်။
" ဟုတ်တယ်၊ ရှန်းပိုင်ထျန်းရဲ့ ဘယ်နားကများ ယဲ့ဖန်နဲ့တန်လို့လဲ။ သူ့မှာက ပိုက်ဆံကလွဲပြီး ဘာများရှိလို့လဲ။ သူက ငါ့လောက်တောင်စာတော်လို့လား။ ငါ့လောက်ရောချောလို့လား "
" ဟူး၊ ရှန်းပိုင်ထျန်းကတကယ်ကို မမြင်တာဘဲ "
ဘရွန်း။
ထိုအချိန်တွင် မော်တော်ကားအင်ဂျင်သံကိုကြားလိုက်ရသည်။
ချက်ချင်းဘဲ အနီရောင်အလင်းတန်းက ရုတ်တရက်ဖြတ်သွားသည်။
ကျွီ.......
ဘရိတ်အုတ်လိုက်တဲ့အသံနဲ့အတူ အလွန်ကိုခံ့ညားတဲ့အနီရောင် Lykan စူပါပြိုင်ကားကြီးက ခမ်းနားတဲ့ဝင်ပုံနဲ့အတူ ပါကင်နေရာမှာရောက်ရှိလာသည်။
ဖြတ်သွားတဲ့ကျောင်းသားတွေက ရပ်ကြည့်ကြသည်။
" ဝါး၊ ဒီပြိုင်ကားကမိုက်လိုက်တာ။ အနည်းဆုံးတော့ ယွမ်သန်းချီလောက်တယ်နဲ့တူတယ်၊ ဟုတ်တယ်မလား "
" ယွမ်သန်းချီဟုတ်လား။ အိပ်မက်သာမက်နေလိုက်။ အဲ့တာက Lykan စူပါကားကွ၊ အနည်းဆုံးယွမ်သန်း ၆၀-၇၀ကျော်ဘဲ "
" အဲ့ကားက Fast and Furious 7 ထဲမှာ မိုးမျှော်တိုက်ပေါ်ကခုန်တဲ့ကားမလား "
" ဟုတ်တယ်။ ဒီကားက ယောက်ျားတိုင်းရဲ့အိပ်မက်ကွ "
" သူ့ကားကိုကြည့်လိုက်။ သူ့ကားက ယဲ့ဖန်ကားထက်မိုက်တယ်ကွ "
" အဲ့တာက.......... "
လူတိုင်းက ကားပိုင်ရှင်ကို ခန့်မှန်းနေဆဲမှာဘဲ Lykan စူပါကားကြီးရဲ့တံခါးတို့က ဖြည်းဖြည်းချင်းပွင့်သွားပြီး ရင်းနှီးတဲ့ပုံရိပ်က လူတိုင်းရှေ့မှာပေါ်လာသည်။
သူက အခုတလော လူတိုင်းရဲ့အာရုံကိုဖမ်းစားထားတဲ့ ယဲ့ဖန်ဘဲ။
ယဲ့ဖန်လား။
တကယ်ကြီးယဲ့ဖန်လား။
ဒီကောင်က သူ့ကားကိုထပ်လဲလိုက်တာလား။
နောက်ဆုံးတစ်ခေါက်ကလည်း သန်းချီတဲ့ Ferrari Enzo ကိုမောင်းလာသည်။
ဒီနေ့တော့ သူက ပိုပြီးတောင်ဈေးကြီးဇိမ်ကျတဲ့ Lykan စူပါကားကိုမောင်းလာသည်။
ဒီကောင်နည်းနည်းလေးမချမ်းသာလွန်းဘူးလား။
ရဲတင်းတဲ့မိန်းကလေးတစ်ချို့က သူ့နားဝိုင်းလာသည်။
" ဖန်သခင်လေး၊ ကားအသစ်ကမိုက်လိုက်တာ။ ဒီနေ့လယ်ကျောင်းဆင်းရင် အိမ်လိုက်ပို့ပေးလို့ရမလား "
" ဖန်သခင်လေး၊ ဒီနေ့ညစာအတူစားလို့ရမလား။ သမီးရည်းစားကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းလေးတစ်ချို့မေးချင်လို့ပါ "
" ဖန်သခင်လေး၊ ဒီညအတူရုပ်ရှင်ကြည့်ကြမလား။ သက်တောင့်သက်သာရှိတဲ့အိပ်ရာကြီးတွေပါတဲ့ သီးသန့်ရုပ်ရှင်ရုံတစ်ခုကိုသိတယ် "
ယဲ့ဖန်၏အာရုံစိုက်မှုကိုရရန် မိန်းကလေးတစ်ချို့ကအရူးအမူးအီစီကလီလုပ်ကြတော့သည်။
ဘေးကကောင်လေးတွေက ထိုမြင်ကွင်းကြောင့် မနာလိုဖြစ်ကြသည်။
ဒီမိန်းကလေးတွေက သူတို့အရှေ့မှာဆိုရင်တော့ နတ်ဘုရားမတွေလို မာနကြီးကြသည်။
ဒါပေမဲ့ ယဲ့ဖန်ရှေ့မှာတော့ သူတို့က အပူတက်နေတဲ့ခွေးမတွေနဲ့တူနေသည်။
ယဲ့ဖန်က အဲ့လိုသာမန်မိန်းကလေးတွေကိုစိတ်မဝင်စားပေ။
သူက ထိုမိန်းကလေးတွေကို ငြင်းဆန်သည့်အပြုံးပြုံးပြပြီးတဲ့နောက် လှည့်ထွက်လာသည်။
" ဝိုး၊ ယဲ့ဖန်သခင်လေးက ငါ့ကိုပြုံးပြသွားတာ။ ငါ့ကိုပြုံးပြသွားတာ "
" အတွေးများမနေနဲ့။ ငါ့ကိုပြုံးပြသွားတာ၊ ဟုတ်ပြီလား "
" သခင်လေးဖန်ရဲ့အပြုံးကို ကြုံရတယ်၊ ဟီးဟီး "
ယဲ့ဖန်သည် ကျုံးဟိုင်တက္ကသိုလ်ရဲ့အဓိကအာရုံစိုက်ခံရသူဖြစ်သည်။ သူဘာယ်သွားသွား သူကချက်ချင်းကိုအာရုံစိုက်ခံရမှုရဲ့အလယ်ဗဟိုဖြစ်လာသည်။
သူက အခန်းထဲလျှောက်ဝင်လာတဲ့အခါ။
အခန်းဖော်တွေနဲ့တွတ်ထိုးနေတဲ့ ဝတုတ်ချူးက ချက်ချင်းအရှေ့ရောက်လာသည်။
" ဖန်ညီအစ်ကို၊ မင်း ရှန်းပိုင်ထျန်းနဲ့တွဲနေတာဆို။ အမှန်ဘဲလား "
အခြားအတန်းထဲကသူတွေကလည်း သူ့ကိုစိတ်ဝင်တစားကြည့်နေကြသည်။
ယဲ့ဖန်က သူ့ကိုစိုက်ကြည့်လိုက်သည်။
" ဘယ်တုန်းကအဲ့လောက်အတင်းတွေကိုအာရုံစိုက်တတ်သွားတာလဲ "
ဝတုတ်ချူးကရယ်သည်။
" ဒီအတိုင်းသိချင်လို့ပါ။ ရှန်းပိုင်ထျန်းက ကျုံးဟိုင်တက္ကသိုလ်ရဲ့အလှဆုံးကောင်မလေးလေ။ တကယ်သူနဲ့တွဲနေတာဆို ငါလည်းမျက်နှာရတာပေါ့ကွ "
ယဲ့ဖန် ပြောစရာစကားမဲ့သွားသည်။
" မဟုတ်တာမပြောနဲ့၊ ငါတို့က ဒီအတိုင်းသာမန်သူငယ်ချင်းတွေပါ "
ဝတုတ်ချူးက သူ့ကိုမယုံပေ။
" တကယ်ဘဲ ဒီအတိုင်းသူငယ်ချင်းလား "
ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ကတိပေးလိုက်သည်။
" ကတိပေးတယ်၊ ငါတို့က ဒီအတိုင်းသူငယ်ချင်းသက်သက်ဘဲ ......... "
သူ စကားပြောလို့မပြီးခင်မှာဘဲ ဖုန်းဝင်လာသည်၊
ဖုန်းနံပါတ်က ရှန်းပိုင်ထျန်းဆီမှဖြစ်နေသည်။
ယဲ့ဖန်ချက်ချင်းခေါင်းတွေပါကိုက်လာသည်။ ဒီဖုန်းကတော့ 'အချိန်ကိုက်'ဘဲဟေး။
သို့ပေမဲ့ ဖုန်းမချလိုက်ပေ။ မဟုတ်ပါက ရှင်းပြဖို့ပိုခက်ခဲလိမ့်မည်။
ထိုအတွေးကြောင့် သူဖုန်းကိုင်လိုက်သည်။
" ဟေး၊ ယဲ့ဖန်၊ အခုဘယ်မှာလဲ "
ရှန်းပိုင်ထျန်းအသံချိုချိုလေးကဖုန်းထဲကထွက်လာသည်။
အခန်းတစ်ခုလုံးကတိတ်ဆိတ်နေတာကြောင့် ပင်အပ်ကျသံတောင်ကြားရနိုင်သည်။ လူတိုင်းက အသက်ရှူပါအောင့်ပြီးနားထောင်နေကြသည်။
" ကျောင်းမှာပါ "
ယဲ့ဖန်က ခြောက်အက်အက်ချောင်းဟန့်လိုက်သည်။
" ငါလည်းကျောင်းမှာဘဲ။ နေ့လယ်အားလား။ အရင်တစ်ခေါက်တုန်းက အဘိုးမွေးနေ့ကိုလာပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးချင်လို့ပါ "
ရှန်းပိုင်ထျန်းက ချက်ချင်းဖိတ်ကြားလိုက်သည်။
အခန်းထဲကလူတွေကကြားတဲ့အခါ ' ငါသိသားဘဲ ' ဆိုတဲ့ မျက်နှာပေးတွေဖြစ်ကုန်သည်။
ဒါဆို ယဲ့ဖန်က ရှန်းပိုင်ထျန်းအဘိုးရဲ့မွေးနေ့စားပွဲကိုတောင် သွားပြီးပြီပေါ့။ အဲ့တာဆိုနှစ်ဖက်မိဘတွေ့တယ်လို့ပြောလို့ရမလား။
ယဲ့ဖန်က အခုလေးတင်သူတို့ကငြင်းထားတာလေ၊ သူက ငါတို့ကို လှည့်စားဖို့လွယ်ကူတယ်လို့တကယ်ကြီးထင်နေတာလား။
ယဲ့ဖန် ကူကယ်ရာမဲ့နေသည်။
" အကြီးဆုံးမမလေး၊ ကျွန်တော်က အခုလေးတင် ကျွန်တော်တို့ဆက်ဆံရေးကိုရှင်းပြနေတာပါ။ သူတို့ကိုအခုရှင်းရပိုခက်အောင်လုပ်နေတာလား "
ရှန်းပိုင်ထျန်းကရယ်သည်။
" ဘာရှင်းပြစရာလိုလို့လဲ။ ငါနဲ့သတင်းထွက်တာရှက်လို့လား "
ယဲ့ဖန်လည်းရယ်လိုက်သည်။
" မိန်းကလေးရှန်းနဲ့သတင်းထွက်တာဘာမှမဖြစ်ပေမဲ့ ကျွန်တော်ကောင်မလေးရှာတဲ့အခါ အခက်အခဲဖြစ်စေတာကြောင့် တာဝန်ယူပေးရပါမယ် "
ရှန်းပိုင်ထျန်းကလည်း စနောက်သည်။
" အဲ့တာဆိုလည်း နင်နောက်ဆုံးလူပျိုကြီးအဖြစ်ကျန်နေရင် ငါက အားနာနာနဲ့ယူပေးပါ့မယ်။ ဟီးဟီး "
သူတို့နှစ်ဦးရယ်မောပြီးစကားတစ်ခဏကြာပြောပြီးတဲ့နောက် တစ်နေရာရာမှာတွေ့ဖို့ချိန်းပြီး ဖုန်းချလိုက်သည်။
" ဖန်ညီအစ်ကို၊ ရှန်းပိုင်ထျန်းနဲ့မင်းနဲ့က သာမန်သူငယ်ချင်းတွေဘဲလို့ပြောရဲသေးတယ်နော်။ ငါ့အထင်မင်းတို့က လက်ထပ်ဖို့တောင်လက်တစ်ကမ်းဘဲလိုတော့တာမလား "
ဝတုတ်ချူးက စနောက်သည်။
အခြားကျောင်းသားတွေလည်း ဝင်စသည်။
ယဲ့ဖန်ခေါင်းကိုက်လာသည်။
သူနဲ့ရှန်းပိုင်ထျန်းရဲ့အချစ်ရေးက ရှင်းမပြဘဲ ၀◌က်အူလိုလည်နေသည်။
ယဲ့ဖန်တကယ်ဘဲအားနာလာသည်။
သူကဖြင့် သူမလက်ကိုတောင်ကိုင်ဖူးတာမဟုတ်ပေ။
အပိုင်း (၅၆)
မင်းက တကယ်ခွေးနှစ်မှာမွေးတဲ့သူလား။
မနက်ခင်းအတန်းပြီးတဲ့အခါ ယဲ့ဖန်က သူ့ Lykan ကားကိုစီးပြီး ကျောင်းအပြင်ထွက်သည်။
သူနဲ့ရှန်းပိုင်ထျန်းတို့ ချိန်းဆိုထားသည့်နေရာက ကျောင်းအပြင်မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။
သူရောက်တဲ့အခါ ဂါဝန်အဖြူလေးဝတ်ထားသော ကျောင်းအလှလေးရှန်းကို အဝေးကနေတွေ့လိုက်သည်။
လေပြည်တိုက်တဲ့အခါ သူမက လွင့်နေတဲ့တိမ်ဖြူလေးနှင့်တူသည်။
ယဲ့ဖန်က ကားကို သူမဘေးမှာရပ်လိုက်ပြီး ကားပြတင်းပေါက်ကိုချလိုက်သည်။
" မိန်းမလှလေး၊ အပြင်ထွက်ကစားဖို့ ခေါ်သွားပေးရမလား "
ရှန်းပိုင်ထျန်းက လှည့်တောင်မကြည့်ဘဲ ရွံရှာတဲ့အနေနဲ့နောက်တွန့်သွားသည်။
" မလိုဘူး "
ယဲ့ဖန်က ရယ်ချင်စိတ်ကိုအောင့်ထားလိုက်သည်။
" တကယ်ကားထဲမဝင်တော့ဘူးလား "
ထိုအခါမှ ရှန်းပိုင်ထျန်းက ခေါင်းမော့ကြည့်သည်။
ကားထဲက ယဲ့ဖန်မှန်းသိတဲ့အခါမှ သူမ လန့်သွားရသည်။
" ကားအသစ်ထပ်ဝယ်လိုက်တာလား "
ရှန်းပိုင်ထျန်းသည် သူမရှေ့ကကားဟာ Lykan စူပါကားဖြစ်မှန်း အလိုအလျောက်မှတ်မိလိုက်သည်။
သူမ သိရသလောက်ဆိုလျှင် ဒီကားဟာ အလွန်ကိုဈေးကြီးသည်။
ယဲ့ဖန်အရင်ကစီးသည့် Ferrari Enzo ထက်တောင် ဒီကားကပိုဈေးကြီးလေသည်။
ဒီတစ်ယောက် ဘယ်ကနေပိုက်ဆံတွေရနေတာလဲ။
ယဲ့ဖန်က နှုတ်ခမ်းကို အသာအယာဘဲလှုပ်ကာဖြေလိုက်သည်။
" တစ်ယောက်ယောက်ကပေးလိုက်တာ "
ရှန်းပိုင်ထျန်း မျက်လုံးကိုဝေ့လိုက်သည်။
" နင်က တမင်ကြွားနေတာဘဲ "
ဘယ်သူကများ သူ့ကို ဒီလောက်ဈေးကြီးတဲ့ကား ပေးမှာမလို့လဲ။
သူမ မယုံကြည်ပေ။
အဲ့ဒီနောက် ရှန်းပိုင်ထျန်း ကားရှေ့ခန်းကမောင်းသူဘေးခုံမှာ ချက်ချင်းဘဲဝင်ထိုင်လိုက်သည်။
ကားအတွင်းပိုင်း၏အဆင့်မြင့်ပုံကိုကြည့်ပြီး ယဲ့ဖန်ရဲ့ လူမဆန်မှုကို သက်ပြင်းချလိုက်သည်။
" ဒီကားက ယွမ်တစ်သန်းတန်တဲ့ Cyrus Klepgys နာရီပါ ပါတယ်မလား "
ယဲ့ဖန် အထင်ကြီးသွားသည်။
" အဲ့လောက်သိမယ်လို့မထင်ထားဘူး "
ယဲ့ဖန်က လက်ကောက်ဝတ်ပေါ်ကနာရီကို ချက်ချင်းချွတ်လိုက်ကာ ပြောသည်။
" စီနီယာကြိုက်တယ်ဆို ကျွန်တော်ပေးမယ်လေ "
ရှန်းပိုင်ထျန်းတစ်ခဏသာကြည့်ပြီးနောက် သူ့ကိုပြန်ပေးလိုက်သည်။
" အဲ့လောက်ဈေးကြီးတဲ့ဟာ မလိုချင်ပါဘူး။ နင်မှာ ငါ့ကို မဟုတ်တဲ့အတွေးမျိုးရှိနေရင် ဘယ်လိုလုပ်မလဲ "
ယဲ့ဖန်က မျက်လုံးကိုဝေ့လိုက်သည်။
" မလိုချင်လည်းထားလိုက်တော့။ လူကောင်းတစ်ယောက်ရဲ့ကြင်နာမှုကို ခွေးလေးတွေကနားမလည်ကြဘူးဘဲ "
" နင် ဘယ်သူ့ကို ခွေးလို့ခေါ်နေတာလဲ "
" ဝန်ခံရင်တော့ မပြောတတ်ဘူးနော် "
" ငါနင့်ကိုသေအောင်ကိုက်ပစ်မယ် "
" အာ့၊ တကယ်ကြီးခွေးနှစ်မှာမွေးတာမလို့လား "
" ................ "
ယဲ့ဖန်နှင့်ရှန်းပိုင်ထျန်းတို့ တစ်ခဏကြာ ရယ်မောကာစကားပြောခဲ့ကြပြီး ကားစက်ကိုစနှိုးတော့မယ့်အချိန်မှာဘဲ စနစ်အကြောင်းကြားစာက ရုတ်တရက် နားထဲမှာမြည်လာတော့သည်။
[ ပီကာဆိုရဲ့နာမည်ကြီးပန်းချီကားဖြစ်တဲ့ 'ဦးထုပ်အနီနဲ့ကောင်မလေး' ပန်းချီကားကိုရှာတွေ့ထားပါတယ်။ ရတနာရှာဖွေခြင်းစနစ်က သင့်ကိုလမ်းညွှန်ပေးပါတော့မယ်။ ]
[ ညွှန်ကြားရေးစနစ်စတင်ပါပြီ။ ရှေ့တည့်တည့်ကို မီတာ၆၀သွားပြီး ဘယ်ဘက်ကိုကွေ့ပါ။ ]
ယဲ့ဖန်က ချက်ချင်းဘဲဘရိတ်အုပ်လိုက်သည်။
ဘာတွေဖြစ်နေမှန်းမသိတဲ့ ရှန်းပိုင်ထျန်းက သူ့ကို နားမလည်ဖြစ်နေတဲ့အကြည့်ဖြင့်ကြည့်သည်။
" ဘာဖြစ်လို့လဲ "
ယဲ့ဖန်က တွေ့ကရာအကြောင်းပြချက်ပေးလိုက်သည်။
" တစ်ခုခုကိုတွေးမိလို့၊ တခြားလမ်းကနေမောင်းလိုက်မယ် "
ရှန်းပိုင်ထျန်းရဲ့အဖြေကိုတောင်စောင့်မနေဘဲ ကားစက်ကိုပြန်နှိုးလိုက်သည်။
စနစ်ရဲ့ညွှန်ကြားချက်အတိုင်းမောင်းရင်း သူဌေးရပ်ကွက်တစ်ခုကိုရောက်လာသည်။
[ လမ်းလျှောက်ခြင်းစနစ်ညွှန်ကြားချက်စတင်ပါပြီ။ လက်ရှိနေရာမှ တောင်ဘက်သို့၁၂မီတာခန့်သွားပြီးနောက် ညာဘက်ကွေ့ပါ။ ]
ယဲ့ဖန် ကားပေါ်ကဆင်းလာပြီး ရှန်းပိုင်ထျန်းနဲ့အတူ ဆင်းလျှောက်လာသည်။
ရှန်းပိုင်ထျန်းက နားမလည်ဖြစ်နေပေမဲ့ ယဲ့ဖန်ကိုစိတ်လိုလက်ရယုံကြည်ကာ ဘာမေးခွန်းမှမမေးပေ။
တစ်ခဏလောက်လမ်းလျှောက်ပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ဇိမ်ခံစံအိမ်ကြီးတစ်ခုရှေ့ကိုရောက်လာခဲ့သည်။
ဒီနေရာဘဲ။
ယဲ့ဖန် နည်းနည်းစိတ်လှုပ်ရှားလာသည်။
ကုန်တင်ကားတစ်စီးက စံအိမ်ဝင်ပေါက်ရှေ့တွင်ရပ်ထားသည်။
ဝဖိုင့်ဖိုင့်သက်လတ်ပိုင်းယောက်ျားတစ်ယောက်က ရွှေ့ပြောင်းလုပ်သားတွေကို အိမ်ထဲမှ ပရိဘောဂတွေကိုရွှေ့ရန် ညွှန်ကြားနေသည်။
ယဲ့ဖန်က ချက်ချင်းသူ့ဆီကို လျှောက်သွားသည်။
" မင်္ဂလာပါ၊ ခင်ဗျားက ဒီအိမ်ပိုင်ရှင်လား။ "
ထိုသက်လတ်ပိုင်းယောက်ျားရဲ့အသံက စိတ်မရှည်သံပေါက်နေသည်။
" ဟုတ်တယ်။ ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန်က ဆက်၍ပြုံးနေသည်။
" ခင်ဗျားရဲ့အိမ်ကိုကြိုက်လို့ပါ။ ရောင်းဖို့စိတ်ကူးများရှိလား "
ထိုသက်လတ်ပိုင်းယောက်ျားကြီးက ထိုစကားကြောင့် ယဲ့ဖန်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
သို့ပေမဲ့ သူတို့နှစ်ယောက်ရဲ့အသက်အရွယ်ကိုကြည့်လိုက်ပါက ဘွဲ့မရသေးတဲ့ကောလိပ်ကျောင်းသားတွေမှန်းသိသာသည်။
သူတို့က ဒီအိမ်ကို ဘယ်လိုလုပ်တတ်နိုင်မှာလဲ။
" စိတ်မရှိပါနဲ့၊ ငါမရောင်းပါဘူး "
သက်လတ်ပိုင်းယောက်ျားကြီးက အေးစက်စက်နဲ့ပြန်ဖြေလိုက်သည်။
" ယဲ့ဖန်၊ ထားလိုက်။ နင် အိမ်ဝယ်ချင်တယ်ဆို တခြားနေရာသွားရအောင် "
ထိုသက်လတ်ပိုင်းယောက်ျားက ငြင်းလိုက်တာကြောင့် ရှန်းပိုင်ထျန်းက ယဲ့ဖန်ကိုလှည့်ပြောသည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ မလျှော့ပေ။ သူကဆက်ပြီးပြောသည်။
" နောက်တစ်ခေါက်လောက်ထပ်စဉ်းစားပေးပါဦး။ ကျွန်တော် ဒီအိမ်ကိုတကယ်ကြိုက်လို့ပါ "
ယဲ့ဖန်က အလေးအနက်ပြောနေတာမြင်ရသည့်အတွပ် ထိုယောက်ျားကြီးက တွန့်ဆုတ်သွားပြီးနောက်ဖြေသည်။
" တကယ်တော့ ငါဒီအိမ်ကိုရောင်းပြီးသားဖြစ်နေလို့ပါ "
" မဖြစ်ဘူး "
ယဲ့ဖန်က အဲ့ဒီနောက်တုံ့ဆိုင်းမနေဘဲ ဆက်ပြောသည်။
" တစ်ဖက်က ဘယ်လောက်ပေးပေး၊ ကျွန်တော်ကနှစ်ဆပေးမယ် "
ထိုယောက်ျားရဲ့မျက်လုံးတို့က ချက်ချင်းအရောင်တောက်သွားတော့သည်။
" သူ့ဘက်က ၁၅သန်းကမ်းလှမ်းထားတာ "
ယဲ့ဖန်က သူ့ရဲ့ချက်လက်မှတ်စာအုပ်ကိုထုတ်ပြီး ယွမ်သန်း၃၀စာ ချက်လက်မှတ်ရေးပေးလိုက်သည်။
ထိုလူကြီးသည် ချက်လက်မှတ်ကိုယူပြီး စိတ်လှုပ်ရှားမှုကြောင့် လက်တွေတုန်ရီနေသည်။
" ခဏလေး၊ လက်မှတ်ကိုအတည်ပြုလိုက်ဦးမယ် "
အဲ့ဒီနောက် သူက ချက်လက်မှတ်အတည်ပြုပေးသူဆီကို မြန်မြန်ဖုန်းဆက်သည်။
ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို ဘေးဆွဲခေါ်သည်။
" နင်ရူးနေလား။ ဒီအိမ်က အများဆုံးမှ သန်း၂၀လောက်ဘဲတန်တာကို။ ဘာလို့ သူ့ကိုအများကြီးပေးလိုက်ရတာတုန်း "
ယဲ့ဖန်က ဂရုမစိုက်သလို ပြုံးလိုက်သည်။
" ကျွန်တော်ကြိုက်ရင် ဝယ်လိုက်တယ်။ အချိန်ဖြုန်းနေစရာမလိုဘူး "
ရှန်းပိုင်ထျန်း လုံးဝကိုပြောစရာစကားမဲ့သွားသည်။
ဒီတစ်ယောက်က တကယ်ကိုလက်ဖွာတာဘဲ။ သူ အနာဂတ်မှာ လက်ထပ်ရင် ဘယ်လောက်တောင်ဆိုးလိုက်မလဲ။
အယ်။ သူမကရော ဘာလို့ လက်ထပ်တဲ့အကြောင်းတွေးမိရတာလဲ။
ဘယ်က သူ့ကိုလက်ထပ်ချင်နေလို့လဲ။
တစ်ခဏကြာပြီးနောက် အိမ်ပိုင်ရှင်က ချက်လက်မှတ်ကို အတည်ပြုပြီး၍ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာသည်။
" ငါတို့ အခု စာရွက်စာတမ်းကိစ္စလုပ်လို့ရပြီ "
ယဲ့ဖန်က ခေါင်းငြိမ့်ပြပြီးနောက် ရိုးသားချင်ဟန်ဆောင်ကာ ပြောလိုက်သည်။
" အိုး ဒါနဲ့၊ အထဲက ပရိဘောဂတွေကို မရွှေ့ပါနဲ့တော့။ ကျွန်တော် အသစ်မဝယ်ချင်တော့လို့ပါ "
အိမ်ပိုင်ရှင်ကလည်း တွန့်ဆုတ်မနေဘဲ ချက်ချင်းခေါင်းငြိမ့်သဘောတူလိုက်သည်။
အခန်းထဲမှာကျန်ခဲ့သည့်ပစ္စည်းများမှာ ပရိဘောဂအဟောင်းများဖြစ်ပြီး တစ်ချို့ကအလှချိတ်ခေတ်သစ်ပန်းချီကားများနှင့် အနုပညာလက်ရာဆန်စွာအလှဆင်ရန်ဝယ်ထားသည့် လက်မှုပစ္စည်းတစ်ချို့သာဖြစ်သည်။ တန်ဖိုးအများကြီးမရှိပေ။
အဲ့ဒီနောက် အိမ်ပိုင်ရှင်က ယဲ့ဖန်ကို အိမ်သော့နှင့်စာအုပ်ကိုပေးပြီး ကျေနပ်စွာဖြင့်ထွက်သွားသည်။
ထိုအခါမှ ယဲ့ဖန်က ရှန်းပိုင်ထျန်းနဲ့အတူ အိမ်ထဲကိုဝင်လာသည်။
စံအိမ်ဟာ နှစ်ထပ်ရှိပြီး တန်ဖိုးကြီးအလှဆင်ပစ္စည်းများဖြင့် အိမ်တွင်းအလှဆင်ထားသည်။
သို့ပေမဲ့ ယဲ့ဖန်က အဲ့တာတွေကို လုံးဝဂရုမစိုက်ပေ။ စနစ်ရဲ့ညွှန်ကြားရေးနောက်ကိုလိုက်ပြီး စာကြည့်ခန်းထဲကိုဝင်သွားသည်။
[ သင့်ရဲ့ခရီးပန်းတိုင်ကိုရောက်ပါပြီ။ ညွှန်ကြားရေးစနစ်ပြီးဆုံးပါပြီ။ ]