← Chapters

အပိုင်း ၆၁-၆၄

Vol. 4 Ch. 61-64

အပိုင်း ၆၁-၆၄

Vol. 4 Ch. 61-64

အပိုင်း (၆၁)

တစ်ခါကြည့်လိုက်တာနဲ့အတုမှန်းသိ။

ယဲ့ဖန်က သူ့ရဲ့ Lykan ကားကြီးကိုမောင်းလာရင်း ကျိုးရှုယောင်းကို အမီလိုက်နိုင်လာပြီး သူမနဲ့ဘေးချင်းယှဉ်မောင်းနေသည်။

" ဘယ်သွားမလို့လဲ။ ငါနင့်ကိုလိုက်ပို့ပေးမယ်လေ "

ယဲ့ဖန် ကားပြတင်းပေါ်ကိုမေးတင်ပြီး အရှက်မရှိပြုံးပြနေသည်။

" မလိုပါဘူး "

ကျိုးရှုယောင်း ခေါင်းကိုတစ်ဖက်လှည့်ပြီး ဒေါသဖြစ်ဟန်ဆောင်နေသည်။

" တကယ်ကြီးစိတ်ဆိုးသွားတာလား "

အဖြေကိုသိပေမဲ့လည်း ယဲ့ဖန်မေးလိုက်သည်။

" ဟွန့် "

ကျိုးရှုယောင်းသည် ယဲ့ဖန်ကိုလျစ်လျူရှုပြီး လမ်းဆက်လျှောက်ခဲ့သည်။

ယဲ့ဖန်ကားကို အရှိန်မြင့်မောင်းပြီး ကျိုးရှုယောင်းရှေ့တွင်ရပ်လိုက်ကာ ကားထဲမှထွက်လာသည်။

" ယဲ့ဖန်၊ နင်ငါ့ကို ဘယ်လိုလူစားထင်နေလဲ။ ဒီတိုက်ခန်းတွေကို စီမံခွင့်ပေးလိုက်တာနဲ့ဘဲ ငါ့ကိုလုပ်ချင်တာလုပ်ခိုင်းလို့ရမယ်ထင်နေတာလား "

ကျိုးရှုယောင်း အနည်းငယ်ဒေါသနေဆဲဖြစ်သည်။

" ငါသေချာပေါက်အဲ့လိုသဘောနဲ့ပြောလိုက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ....... "

ယဲ့ဖန် တွန့်ဆုတ်သွားသည်။

" ဒါပေမဲ့ ဘာဖြစ်လဲ "

ကျိုးရှုယောင်းမေးလိုက်သည်။

" ဒီအတိုင်း နင်ကအရင်လှနေတော့၊ ငါ့ကိုယ်ငါထိန်းမရဘဲ စနောက်မိတာပါ "

ယဲ့ဖန် အလွန်ကိုအကျိုးအကြောင်းဆီလျော်တဲ့ရှင်းပြချက်တစ်ခုကို ပေးလိုက်သည်။

" ဟားဟား "

ကျိုးရှုယောင်း မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်သည်။

" နင်တော်တော်လျှာပါးတဲ့သူဘဲ၊ အပြောကတော့ရှယ်ကောင်း "

သူမရဲ့ ရယ်ရလွန်းလို့မျက်ရည်ပါထွက်နေတဲ့ မျက်နှာလေးကိုမြင်ရမှ ယဲ့ဖန်စိတ်ချသွားရသည်။ သူမရှေ့ဆီသို့လျှောက်လာပြီး လက်ကိုဆွဲလိုက်သည်။

" သွားရအောင်။ တောင်းပန်တဲ့အနေနဲ့ ထမင်းလိုက်ကျွေးမယ် "

" အဲ့တာဆို နင်အဲ့အတွက်အများကြီးပေးရအောင် စားပစ်မှာ "

ကျိုးရှုယောင်းခြိမ်းခြောက်လိုက်သည်။

ခြိမ်းခြောက်သံပေါက်နေသော်လည်း သူမက ယဲ့ဖန်ရဲ့မဆင်မခြင်လုပ်မိတဲ့အပြုအမူတွေကို ခွင့်လွှတ်ပြီးမှန်းသိသာနေခဲ့သည်။

" ရတယ်။ ကျုံးဟိုင်က ဘယ်စားသောက်ဆိုင်ကိုမဆိုရွေးလိုက် "

ယဲ့ဖန်သည် ရှုယောင်းအတွက် ကားတံခါးကိုဖွင့်ပေးခဲ့သည်။

........................................................

ယဲ့ဖန်သည် ရှုယောင်းကို အနီးဆုံးမှာရှိသည့် ရှန်ဂရီလာဟိုတယ်သို့ ခေါ်လာခဲ့သည်။

ဒီဟိုတယ်တွင် ကြယ်ပွင့်အဆင့်ရှိသောစားသောက်ဆိုင်ရှိမှန်း ရှန်းပိုင်ထျန်းဆီမှကြားထားသည်။

သူတို့နှစ်ဦးသား ရှန်ဂရီလာဟိုတယ်ထဲသို့ဝင်လာချိန်မှာဘဲ စနစ်မှ အကြောင်းကြားစာရောက်ရှိလာခဲ့သည်။

[ အခွင့်အရေးတာဝန်အသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ Sotheby မှ ချမှတ်ထားသောတာဝန်ကို ဆောင်ရွက်ပါ။ ]

[ စနစ်မှညွှန်ကြားခြင်း စတင်ပါပြီ။ ကျေးဇူးပြု၍ လက်ရှိနေရာမှ ၁၂မီတာခန့်လမ်းလျှောက်ပြီး ဓာတ်လှေကားစီးဖြင့် ၁၂ထပ်မြောက်သို့သွားပါ။ ]

ယဲ့ဖန်နှလုံးခုန်သံစည်းချက်တစ်ချက်ကျော်သွားသည်။

အဲ့ဒီနောက် ချက်ချင်းပင် ကျိုးရှုယောင်းလက်ကိုဆွဲကာ ဓာတ်လှေကားထဲသို့ဝင်ခဲ့သည်။

စနစ်ညွှန်ကြားချက်အတိုင်း သူတို့နှစ်ဦး ၁၂ထပ်မြောက်သို့ရောက်သည့်အခါတွင် ခန်းမကျယ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။

ထိုခန်းမထဲတွင် လူတွေဖြင့်ပြည့်နှက်နေသည်။

" သူတို့က ဘာလုပ်နေကြတာလဲ "

ကျိုးရှုယောင်းက အနည်းငယ်စိတ်ဝင်စားကာသိချင်နေသည်။

" သွားကြည့်ကြတာပေါ့ "

ယဲ့ဖန်က ဆက်ရှင်းပြမနေဘဲ လူအုပ်ထဲသို့လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ခံ့ညားသောကိုယ်ဟန်ဖြင့်ရပ်နေကာ စတိတ်စင်ပေါ်မှ ကျယ်လောင်စွာစကားပြောနေသော သက်လတ်ပိုင်းယောက်ျားတစ်ယောက်ကိုတွေ့လိုက်သည်။

" အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော်က Sotheby လေလံဆွဲအိမ်တော်ရဲ့ တရုတ်ပြည်အတွက် အထွေထွေကိုယ်စားလှယ်မန်နေဂျာ ချန်းချုံရှန်းဖြစ်ပါတယ်။ လူကြီးမင်းတို့အားလုံးကို ဒီနေ့ဒီနေရာမှာ ဘာကြောင့်စုဝေးလဲဆိုတာကို သိထားပြီးဖြစ်မှာပါ "

" Sotheby ရဲ့နွေရာသီ လေလံတင်ပွဲက နောက်လမှာကျင်းပသွားမှာဖြစ်ပါတယ်။ သို့ပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့ လေလံတင်ဖို့အတွက်သင့်တော်ကောင်းမွန်တဲ့ပစ္စည်းမရှိသေးပါဘူး။ ကျုံးဟိုင်စုဆောင်းရေးလောကမှာ ဝပ်တွားနေတဲ့ကျားတွေနဲ့ပုန်းကွယ်နေတဲ့နဂါးတွေရှိတယ်လို့ကြားထားတာကြောင့် ကျွန်တော်ဒီကိုချက်ချင်းလာခဲ့တာပါ။ လူကြီးမင်းတို့ထဲက တစ်ယောက်ယောက်က Sotheby ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

" အဆင့်အတန်း၊ အရည်အသွေးပြည့်မီတဲ့ပစ္စည်း တစ်ယောက်ယောက်မှာရှိမယ်ဆိုရင် Sotheby ကနေမှ အခကြေးငွေမယူဘဲ လေလံတင်ပေးဖို့ကမ်းလှမ်းပါတယ်။ ကျွန်တော်တို့ဘက်က ဝန်ဆောင်မှုအတွက် အဖိုးအခတစ်ပြားတစ်ချပ်မှတောင်းဆိုမှာမဟုတ်ပါဘူး

ထိုသူ၏မိန့်ခွန်းကိုနားထောင်ပြီးတဲ့နောက် ခန်းမထဲမှလူတိုင်းက စိတ်လှုပ်ရှားလာကြတော့သည်။

Sotheby ဟာ ကမ္ဘာပေါ်မှာ လေလံတင်ပွဲကျင်းပပေးသည့်အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

ထိုကုမ္ပဏီမှကျင်းပသည့် လေလံပွဲတွင် လေလံတင်ခံပစ္စည်းများမှာ ကောင်းကင်သို့မိုးထိုးတက်နေသည့်ဈေးများဖြင့် ရောင်းချခံရသည်။ ဈေးကောင်းရသည်။

Sotheby က ကျင်းပမည့်လေလံတင်ပွဲတွင် ဘယ်ပစ္စည်းစုဆောင်းသူကများ သူတို့ရဲ့ပစ္စည်းကို လေလံမတင်စေချင်ဘဲနေမှာလဲ။

သို့ပေမဲ့ Sotheby သည် မြင့်မားသောသတ်မှတ်ချက်ရှိတာကြောင့် သာမန်အရည်အသွေးလောက်ကို မျက်စိမကျပေ။

ဒုတိယအချက်အနေဖြင့် သူတို့ကောက်ခံသည့် ဝန်ဆောင်ခဟာ အတော်လေးမြင့်တာကြောင့် ပစ္စည်းစုဆောင်းသူတွေအတွက်အတော်လေး အော့နှလုံးနာစရာဖြစ်လေသည်။

အခုတွင် မန်နေဂျာချန်းသည် သူတို့ဘက်မှ ပစ္စည်းကောင်းကို လေလံတင်ပေးနိုင်သရွေ့ ဝန်ဆောင်ခအားလုံးကို ပယ်ပေးမည်ဟု ကတိပေးလိုက်ခြင်းကြောင့် လူတိုင်းက သူ့အပြောမှာ ဆွဲဆောင်ခံလိုက်ကြရတော့သည်။

သူတို့အားလုံးက သူတို့စုဆောင်းထားသောပစ္စည်းကောင်းများကို အားတက်သရောထုတ်လိုက်ကြပြီး ပြသဖို့ တန်းစီစောင့်နေကြသည်။

ထိုနေရာတွင် Sotheby ၏ အကဲဖြတ်ပေးသူများရှိနေပြီး သူတို့က လူတိုင်းရဲ့ပစ္စည်းများကို အသေအချာစစ်ဆေးအကဲဖြတ်ပေးနေကြသည်။

ယဲ့ဖန်အတော်လေးစိတ်လှုပ်ရှားသွားသည်။ သူက ကျိုးရှုယောင်းကို ဒီမှာခဏစောင့်နေဖို့မှာခဲ့သည်။

အဲ့ဒီနောက် ယဲ့ဖန်လှည့်ထွက်ပြီး ကားထဲမှ 'ဦးထုပ်နီဖြင့်မိန်းကလေး' ပန်းချီကားကို သွားယူရန် အောက်သို့ဆင်းသွားခဲ့သည်။

သူ ခန်းမထဲသို့ပြန်ရောက်လာချိန်ထိ အကဲဖြတ်သူများက ပစ္စည်းများကို စစ်ဆေးနေဆဲဖြစ်သည်။

" နင့်လက်ထဲက ဘာကြီးကိုင်ထားတာလဲ "

ကျိုးရှုယောင်းသည် ယဲ့ဖန်လက်ထဲမှ ကိုင်ထားသောသေတ္တာကိုတွေ့တဲ့အခါ သိချင်စိတ်ကြောင့် မေးလိုက်သည်။

" မကြာခင်သိပါလိမ့်မယ် "

ယဲ့ဖန် တမင်သူမကိုမပြောဘဲ စောင့်ခိုင်းလိုက်ပြီး အကဲဖြတ်သူများစစ်ဆေးရန် တန်းစီလိုက်သည်။

Sotheby အကဲဖြတ်သူများဟာ အတော်လေးပညာရှင်ဆန်ကြပြီး စစ်ဆေးခြင်းလုပ်ငန်းစဉ်က အလွန်မြန်ဆန်သည်။

မကြာခင်မှာဘဲ ယဲ့ဖန်အလှည့်သို့ရောက်လာသည်။

ယဲ့ဖန်ပန်းချီကားကိုဖြန့်ပြလိုက်သည့်အခါ သူ့အနားတစ်ဝိုက်ကလူတိုင်းရဲ့အာရုံကို ချက်ချင်းဘဲ ဖမ်းစားလိုက်နိုင်သည်။

'ဦးထုပ်နီနဲ့ကောင်မလေး' ပန်းချီကားလား။

ထိုနေရာတွင်ရှိနေသူတိုင်းဟာ အမြင်စူးရှသူများဖြစ်တာကြောင့် ယဲ့ဖန်ယူလာသည့်ပန်းချီကား၏ မူလဇစ်မြစ်ကို သိကြသည်။ အစစ်ဟုတ်၊ မဟုတ်ကိုသာ မသိကြပေ။

" ညီငယ်လေး၊ ငါကြည့်လိုက်တာနဲ့ မင်းဟာက အတုဆိုတာ ငါပြောနိုင်တယ်။ ဒီလိုနေရာမှာ အပျော်အပြက်ဆိုရင်တော့ လာမပြတာ ပိုကောင်းလိမ့်မယ် "

ယဲ့ဖန်အနောက်က သက်လတ်ပိုင်းယောက်ျားကြီးတစ်ယောက်က သူသိသလိုပုံစံဖြင့်ပြောသည်။

" ဒါက အတုမှန်း ခင်ဗျားက ဘယ်လိုသိလဲ "

ယဲ့ဖန်မေးလိုက်သည်။

" မေးစရာလိုသေးလို့လား။ 'ဦးထုပ်နီနဲ့ကောင်မလေး' ပန်းချီကားက ပီကာဆိုရဲ့ ကိုယ်စားပြုလက်ရာတွေထဲကတစ်ခုဖြစ်မှန်း လူတိုင်းသိတယ်လေ။ အဲ့တာသာအစစ်ဆိုရင် တန်ဖိုးကတိုင်းထွာလို့တောင်မရဘူး။ ဒီလိုအဆင့်ရှိတဲ့စုဆောင်းပစ္စည်းက မင်းလို့လူငယ်လေးရဲ့လက်ထဲမှာ ဘယ်လိုလုပ်ပြီးရှိတာဖြစ်နိုင်ရမှာလဲ "

အနားတစ်ဝိုက်ကလူတွေက ထိုလူရဲ့ဆက်စပ်တွေးခေါ်ချက်ကိုနားထောင်ပြီး သဘောတူခေါင်းငြိမ့်ကြသည်။

ပီကာဆိုရဲ့လက်ရာတွေကို အလွန်ကြီးသည့်ကိန်းဂဏန်းပမာဏဖြင့်ရောင်းချနိုင်သည်။

အကယ်၍ တစ်ယောက်ယောက်ဆီမှာသာ ပီကာဆိုရဲ့လက်ရာပန်းချီကားရှိမယ်ဆိုရင် သူက ထိုပန်းချီးကားရဲ့တန်ဖိုးကိုသာ ကျေးဇူးတင်ပြီး အလှကြည့်နေသင့်သည်။ ဘာလို့ လေလံတင်မယ့်ထဲထည့်မှာလဲ။

ယဲ့ဖန်က ထိုလူတွေကို ဆက်ပြီးဂရုစိုက်မနေတော့ပါ။ Sotheby ရဲ့ပညာရှင်အကဲဖြတ်သူတွေရဲ့လက်ထဲကိုသာ ပန်းချီကားကိုထည့်ပေးလိုက်သည်။

အကဲဖြတ်သူက ပန်းချီကားကို မတုန်မလှုပ်နဲ့သေချာစစ်ဆေးနေသည်။

သေချာပေါက် သူ့မှာ မျှော်လင့်ချက်များများစားစားမရှိပေ။

သို့ပေမဲ့ သူ ပန်းချီကားရဲ့လက်ရာပေါ်ကို အကြည့်ရောက်သွားတဲ့တစ်ခဏမှာဘဲ ချက်ချင်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

" ဒီ ..... ဒီဟာက ......... "

အပိုင်း (၆၂)

လက်ရာအစစ်အမှန်။ တိတ်ဆိတ်သွားသောပွဲခင်း။

တန်းစီနေသည့်လူများက အကဲဖြတ်သူရဲ့ထူးဆန်းတဲ့အမူအရာကိုတွေ့တဲ့အခါ အနားကို အုံလာသည်။

" ဒီပန်းချီကားက အစစ်လား၊ အတုလား။ "

ယဲ့ဖန်ရဲ့ ပန်းချီကားကို အတုဟုဝေဖန်ခဲ့သည့် သက်လတ်ပိုင်းလူကြီးက လျင်မြန်စွာမေးသည်။

ထိုအကဲဖြတ်သူက နှဖူးပေါ်မှချွေးတွေကိုသုတ်ပြီး အခြားအကဲဖြတ်သူတွေကို မြန်မြန်ခေါ်ကြည့်စေသည်။

သူတို့က ပန်းချီနားမှာဝိုင်းနေပြီး အချိန်အတော်ကြာကြည့်နေခဲ့သည်။ သူတို့အမူအရာတွေက ကြာလေလေ ပိုတည်ကြည်လေးနက်လာလေဖြစ်သည်။

" ဒါက ပီကာဆိုရဲ့လက်ရာအစစ်အမှန်ဘဲ "

တစ်ခဏအကြာတွင် အကဲဖြတ်သူတစ်ယောက်က အော်လိုက်သည်။

သူ ထိုသို့ပြောလိုက်တာနဲ့ ပွဲခင်းထဲမှဆူညံနေကြသူများက တမဟုတ်ချင်း တိတ်ဆိတ်သွားကြသည်။

လူတိုင်းက သူ့စကားကြောင့် အံ့ဩသွားကြသည်။

ပီကာဆိုရဲ့လက်ရာအစစ်က တကယ်ဘဲပေါ်ထွက်လာတာလား။

" ဒီလူငယ်လေးက ဘယ်ကလဲ။ ကျုံးဟိုင်မြို့ရဲ့စုဆောင်းရေးလောကမှာ ဒီတစ်ယောက်ကို တစ်ခါမှမကြားဖူးပါဘူး "

" မင်းတို့ အဖုံးကိုဘဲကြည့်ပြီး စာအုပ်ကို ဝေဖန်လို့မရဘူး။ ဒီလောက်ငယ်တဲ့လူလေးက ဒီလိုအရည်အသွေးရှိတဲ့ ပီကာဆိုရဲ့လက်ရာအစစ်ကို စုဆောင်းနိုင်တယ်တဲ့လား "

" ဒါပေမဲ့ အဲ့တာကအစစ်ဟုတ်မဟုတ်မသေချာသေးဘူး၊ မဟုတ်လား။ အကဲဖြတ်တဲ့သူတွေကမှားရင်ရော "

လူအုပ်ကြီးက အဆက်မပြတ်ဆွေးနွေးဝေဖန်နေကြသည်။ သူတို့က အတော်လေးစိတ်ရှုပ်ထွေးနေကြသည်။

အကြောင်းအရင်းမှာ သတင်းက အတော်လေးထိတ်လန့်အံ့ဩစရာကောင်းနေတာကြောင့်ဖြစ်သည်။

လူအများစုက လက်မခံနိုင်ကြပေ။

ထိုအချိန်တွင် Sotheby လေလံကုမ္ပဏီမှ တရုတ်ပြည်နယ်ကိုယ်စားလှယ်အထွေထွေမန်နေဂျာ ချန်းချုံရှန်းမှ သတင်းကြားပြီး ရောက်လာသည်။

'ဦးထုပ်နီနှင့်မိန်းကလေး'ပန်းချီကို သူတွေ့တဲ့အခါ မိုးကြိုးပစ်ခံလိုက်ရသလိုခံစားရသည်။

ချန်းချုံရှန်း ပန်းချီအနားကို အမြန်သွားပြီး အနီးကပ်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးတဲ့နောက် သူက ယဲ့ဖန်ကို မယုံကြည်နိုင်လှည့်ကြည့်လာသည်။

" မိတ်ဆွေလေး၊ မင်း ဒီပန်းချီကို ဘယ်ကရလာတာလဲ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" အထွေထွေမန်နေဂျာချန်း၊ ကျွန်တော့်အထင် ခင်ဗျားမှာ အဲ့လိုမေးပိုင်ခွင့်စည်းမျဉ်းမရှိဘူးလို့ထင်တယ် "

ဒီလိုစုဆောင်းခြင်းတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး တစ်ဖက်လူကို ဒီလိုမေးခွန်းအား အလောတကြီးမေးလိုက်ခြင်းက မဆင်ခြင်ရာရောက်သည်။

ချန်းချုံရှန်းအသိပြန်ကပ်သွားပြီး အလျင်အမြန်တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ်။ အကျိုးအကြောင်းမဆင်ခြင်သလိုဖြစ်သွားတယ်။ အတော်လေးအံ့ဩသွားလို့ပါ။ ဒီပန်းချီကားက ပျောက်ဆုံးနေတာ နှစ်ပေါင်းအတော်လေးကြာနေပြီးတော့ ကျုံးဟိုင်မြို့မှာ ပေါ်ထွက်လာမယ် မထင်မိလို့ပါ "

သူ့စကားတွေက သေချာပေါက်အဆုံးအဖြတ်ပေးသည့်စကားတွေဖြစ်သည်။

Sotheby ကုမ္ပဏီ၏ တရားဝင်အထွေထွေမန်နေဂျာတောင်မှ ဒီပန်းချီဟာ ပီကာဆိုရဲ့လက်ရာအစစ်ဖြစ်ကြောင်း အတည်ပြုပေးပြီးမှတော့ ဘယ်သူကများ အတုလို့ လာပြောရဲမှာလား။

အဲ့လိုနဲ့ ခန်းမကြီးတစ်ခုလုံး ပွက်ပွက်ညံသွားတော့သည်။

သူတို့ဟာ သမိုင်းကြောင်းတစ်ခုကို မျက်မြင်တွေ့လိုက်ကြရသူများဖြစ်လာသည်။

ပီကာဆိုရဲ့လက်ရာအကြောင်း သတင်းပြန့်သွားပါက စုဆောင်းရေးလောကတွင် ဘယ်လိုအုတ်အော်သောင်းနင်းရိုက်ခတ်မှုမျိုးဖြစ်သွားမလဲဆိုတာကို တွေးကြည့်လို့ရနိုင်သည်။

ချန်းချုံရှန်းသည် ယဲ့ဖန်လက်ကို စိတ်လှုပ်ရှားစွာဖြင့် ကိုင်ထားသည်။

" မိတ်ဆွေလေး၊ ဒီပန်းချီကို Sotheby လေလံပွဲမှာ တင်ခွင့်ပြုရမယ်။ ကြမ်းခင်းဈေးက အနည်းဆုံး ယွမ်သန်း၅၀၀က စမှာ။ ပြီးတော့ ငါယုံတယ် လေလံအောင်ပြီးရမယ့်ဈေးက ဒီထက်တောင် သေချာပေါက်မြင့်မှာပါ "

သူ့စကားလုံးတွေကြောင့် ခန်းမထဲမှာ နောက်တစ်ကြိမ်ဗုံးချလိုက်သလို စကားသံတွေဝေါခနဲပေါက်ကွဲထွက်လာပြန်သည်။

ပီကာဆို၏ပန်းချီကားများသည် အဖိုးဖြတ်မရအောင်တန်ဖိုးကြီးမှန်းသိသော်လည်း ဤမျှလောက်မြင့်မားမယ်မှန်း သူတို့ထင်မထားခဲ့ပေ။

ကြမ်းခင်းဈေးကတောင် ယွမ်သန်း၅၀၀တဲ့လား။

ဈေးနှုန်းကြီးက နည်းနည်းလေးကြောက်စရာကောင်းမနေဘူးလား။

ယဲ့ဖန်ဘေးတွင်ရပ်နေသောကျိုးရှုယောင်းမှာ အံ့ဩလွန်း၍ ဘာစကားမှ ပြောမထွက်ချေ။

သူမ ယဲ့ဖန်ရဲ့အင်အားကို သိပြီးသားဖြစ်နေတာတောင်မှ ................

သို့ပေမဲ့ သူက ဒီလို သန်း၅၀၀နဲ့ရောင်းလို့ရမယ့် ပန်းချီကားကို သာမန်ကာလျှံကာဖြင့် ထုတ်လာပုံက သူမကို အိပ်မက်မက်နေသည်ဟု ခံစားရစေသည်။ အစစ်အမှန်နှင့်မတူပေ။

အဲ့တာက ယွမ်သန်း၅၀၀တောင်မှလေ။

သူမလိုသာမန်လူတစ်ယောက်အတွက်တော့ ထိုငွေပမာဏက စိတ်ကူးလို့တောင်မရနိုင်တဲ့ ကိန်းဂဏန်းအရေအတွက်ဖြစ်သည်။

ပွဲခင်းမှာရှိနေသောလူများထဲတွင် ဒီပန်းချီကား၏တန်ဖိုးကိုသိပြီး ဈေးနှုန်းကိုသိထားသော ယဲ့ဖန်တစ်ယောက်တည်းသာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။

" ဒီပန်းချီကို Sotheby လေလံပွဲမှာတင်ရမှာက ကျွန်တော့်ဂုဏ်ယူမှုတစ်ခုပါဘဲ "

ချန်းချုံရှန်းသည် ယဲ့ဖန်၏တည်ငြိမ်ပုံကိုတွေ့တဲ့အခါ အထင်ကြီးသွားသည်။

" ဒီမိတ်ဆွေလေးက ငယ်ပေမဲ့ စိတ်ကတော့ အတော်လေးတည်ငြိမ်တာဘဲ။ ဒါမျိုးက အတော်လေးရှားတယ်။ မင်းသာ စိတ်မရှိဘူးဆိုရင် မိတ်ဆွေဖွဲ့ကြတာပေါ့။ အနာဂတ်မှာ မင်းမှာ အကူအညီလိုရင် ငါ့ကိုဆက်သွယ်လို့ရပါတယ် "

သူအဲ့လိုပြောလိုက်သည့်အခါ သူ့အနောက်မှ Sotheby ဝန်ထမ်းတစ်ချို့က အံ့ဩထိတ်လန့်သွားကြတော့သည်။

သူတို့အားလုံးသည် ချန်းချုံရှန်း၏နောက်ခံကိုသိကြသည်။

ချန်းချုံရှန်းသည် Sotheby လေလံကုမ္ပဏီ၏တရုတ်ပြည်တာဝန်ခံကိုယ်စားလှယ်အထွေထွေမန်နေဂျာသပ်သပ်မဟုတ်ပေ။

သူ့နောက်ခံအသိုင်းအဝိုင်းက အတော်လေးကြောက်စရာကောင်းအောင်ကြီးမားသည်။

ချန်းချုံရှန်းဘက်မှ တစ်ယောက်ယောက်အား သူ့ဘက်ကစပြီးမိတ်ဆွေဖွဲ့ခြင်းကို သူတို့ပထမဆုံးမြင်ဖူးတာဖြစ်ပြီး ထိုလူက လူငယ်လေးတစ်ယောက်ဖြစ်နေသည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ ထိုမိတ်ဖွဲ့ခြင်း၏တန်ဖိုးအတိမ်အနက်ကိုမသိပေ။ ယဲ့ဖန်သည် အသာအယာခေါင်းငြိမ့်ယုံသာငြိမ့်ပြလိုက်သည်။

ယဲ့ဖန်သည် သူ့ဘက်ကအရင်စပြီးနာမည်မိတ်ဆက်ကာ ဆက်သွယ်ရမည့်အချက်အလက်တွေပေးလိုက်သည်။

တစ်ချိန်တည်းမှာဘဲ စနစ်မှအကြောင်းကြားစာရောက်လာသံ မြည်လာသည်။

[ လက်ခံသူမှ ကံကြမ္မာညွှန်ကြားရေးတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ စနစ်မှပေးအပ်သောဆုမှာ ယွမ်သန်း၅၀၀တန် ရင်းနှီးမြှုပ်နှံမှုအချက်အလက်ဖြစ်ပါသည်။ ]

အဲ့ဒီနောက်တွင် စတော့ဇယား (၃)ခုက ယဲ့ဖန်စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။

ယဲ့ဖန် အတော်လေးစိတ်လှုပ်ရှားသွားသည်။

ဒီတစ်ကြိမ်တွင် စနစ်က သူ့ကို အိမ်ခြံမြေရှယ်ယာ၊ ပြိုင်ကား၊ သို့မဟုတ် အခြားထိတွေ့ကိုင်တွယ်လို့ရသည့်ပစ္စည်းကိုမပေးပေ။ အဲ့ဒီအစား သူ့ကို စတော့ရှယ်ယာဇယား သုံးခုကိုပေးသည်။

ထိုစနစ်ကသူ့ကို ဒီတစ်ကြိမ်မှာတော့ ငွေကြေးလောကထဲကို ဝင်ဖို့ ဖန်တီးစီစဉ်ပေးနေသည်။

" ယဲ့ညီလေး၊ အဆင်ပြေမယ်ဆိုရင် ညစာလိုက်ကျွေးလို့ရမလား "

ချမှတ်ထားတဲ့တာဝန်ကိုပြီးမြောက်တဲ့နောက် ချန်းချုံရှုန်းဘက်မှအရင် ယဲ့ဖန်ကို ထမင်းစားဖိတ်ခေါ်သည်။

ယဲ့ဖန်က အားတုံ့အားနာဖြင့်ပြုံးပြလိုက်သည်။

" စိတ်မရှိပါနဲ့၊ ကျွန်တော် တောင်းပန်ပါတယ်။ ဒီမိန်းကလေးနဲ့ ချိန်းထားတာလေးရှိနေလို့ပါ "

ထို့နောက် ယဲ့ဖန် ကျိုးရှုယောင်းကို လက်ညှိုးထိုးပြလိုက်သည်။

ချန်းချုံရှန်းက ချက်ချင်းဘဲပြုံးပြသည်။

" နားလည်ပါပြီ။ နားလည်ပါပြီ။ ဒါဆို နောက်တစ်ခါအချိန်ရှိမှပေါ့ "

သူ့အနောက်မှကုမ္ပဏီဝန်ထမ်းများက ယဲ့ဖန်ကို တအံ့တဩကြည့်နေကြသည်။

ဒီတစ်ယောက်က အထွေထွေမန်နေဂျာချန်းရဲ့ဖိတ်ကြားချက်ကို မိန်းကလေးတစ်ယောက်အတွက်နဲ့ တကယ်ကြီးငြင်းချလိုက်တာလား။

ဒီလိုမိတ်ဖွဲ့ဖိတ်ခေါ်ခြင်းက ဘာကိုဆိုလိုမှန်း သူနားမလည်လောက်ဘူး၊ ဟုတ်တယ်မလား။

ဘေးမှာရပ်နေတဲ့ကျိုးရှုယောင်းလည်း မယုံနိုင်ဖြစ်နေသည်။

သူက Sotheby လေလံကုမ္ပဏီက အထွေထွေမန်နေဂျာကြီးမဟုတ်လား။

သူက ယဲ့ဖန်ကို ထမင်းစားဖို့ခေါ်တာကိုတောင် ယဲ့ဖန်ကငြင်းလိုက်တာလား။

သူ ရူးများသွားတာလား။

ယဲ့ဖန်ကတော့ တခြားသူတွေဘာတွေးနေလဲ ဂရုမစိုက်ပေ။

Sotheby လေလံကုမ္ပဏီက မန်နေဂျာကိုအသာထား အမေရိကန်သမ္မတက သူ့ကို မျက်နှာသာလာပေးရင်တောင် ယဲ့ဖန် ဂရုစိုက်မည်မဟုတ်ပါ။

ချန်းချုံရှန်းကို နှုတ်ဆက်ပြီးတဲ့နောက် ယဲ့ဖန်သည် ကျိုးရှုယောင်းကိုဆွဲပြီး ပွဲခန်းမထဲမှ ထွက်လာခဲ့သည်။

ချန်းချုံရှန်းသည် ယဲ့ဖန်ကျောကို ကြည့်ပြီး လေးစားသမှုဖြင့် ပြုံးလိုက်သည်။

" စိတ်ဝင်စားစရာဘဲ "

အပိုင်း (၆၃)

ဘေးအိမ်က ကြင်နာနွေးထွေးတတ်တဲ့အစ်မ။

ကျိုးရှုယောင်းနှင့်အတူထမင်းစားနေစဉ်မှာလည်း ယဲ့ဖန်သည် စတော့ဇယားသုံးခုနှင့်ပတ်သက်သည့်အချက်အလက်များကို တွေးနေဆဲဖြစ်သည်။

ယဲ့ဖန်စိတ်ထဲတစ်ခုခုတွေးနေတယ်ဆိုတာကို ကျိုးရှုယောင်းရိပ်မိသည်။ ထို့ကြောင့် သူမက အသေအချာလေးစဉ်းစားပြီးမေးလိုက်သည်။

" ပြဿနာတစ်ခုခုရှိလို့လား။ ငါ့ကိုပြောပြလေ၊ ငါကူချင်ကူပေးနိုင်မှာပေါ့ "

ယဲ့ဖန် တစ်ခဏမျှတွေးပြီးနောက် ပြောသည်။

" ငါ အခုတလော စတော့ရှယ်ယာတစ်ချို့ဝယ်ချင်လို့။ ဒါပေမဲ့ အဲ့တာတွေနဲ့ပတ်သက်ပြီး ငါဘာမှမသိဘူး။ အဲ့တာကြောင့် အဲ့ဒီအပိုင်းကိုကျွမ်းတဲ့သူတစ်ယောက်ယောက်က ငါ့ကို ကူပေးစေချင်ပေမဲ့ အဲ့နယ်ပယ်ထဲက တစ်ယောက်နဲ့မှငါမသိဘူး "

ယဲ့ဖန်စကားကိုနားထောင်ပြီးတဲ့နောက် ကျိုးရှုယောင်း မျက်လုံးကစားလိုက်သည်။

" ကျွမ်းတဲ့သူတစ်ယောက်ကိုငါသိတယ်။ သူမက ဒုန်းအန်းငွေကြေးအာမခံက အရောင်းအဝယ်မန်နေဂျာလေ "

ယဲ့ဖန် မျက်လုံးတို့ တောက်ပသွားသည်။

" ငါ့ကို မိတ်ဆက်ပေးပါလား "

ကျိုးရှုယောင်း သူမပါးစပ်ကိုအုပ်ပြီးရယ်လိုက်သည်။

" နင်လည်း သူမကိုသိပါတယ်ဟ "

ယဲ့ဖန် ရှုပ်ထွေးသွားသည်။

" ငါလည်းသိတယ်လား။ ဘယ်သူလဲ "

ကျိုးရှုယောင်းသည် ပါးစပ်အပြည့် မုန့်နှစ်လုတ်လောက်စားပြီး ဖြည်းဖြည်းချင်းအချိုရည်နှစ်ငုံကိုသောက်ကာ ယဲ့ဖန်အတော်လေးစိတ်လှုပ်ရှားလာတာကို ထိုင်ကြည့်နေသည်။

အဲ့ဒီနောက်မှ ထပ်ပြီးပြောသည်။

" အစ်မရှုမန်လေ၊ မေ့သွားပြီလား။ အရင်တုန်းက နင်တို့က အိမ်နီးချင်းတွေကို "

ကျိုးရှုယောင်း၏ သတိပေးစကားကို ယဲ့ဖန်ကြားတဲ့အခါ တည်ငြိမ်ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်ပုံရိပ်က မျက်လုံးထဲဖြတ်ပြေးသွားသည်။

ကျိုးရှုယောင်းပြောသည့် အစ်မရှုမန်သည် ဘေးအိမ်မှာနေပြီး ယဲ့ဖန်ထက် အသက်အားဖြင့် နှစ်အနည်းငယ်ကြီးသည်။

သူမသည် ယဲ့ဖန်ကို အစ်မကြီးတစ်ယောက်သဖွယ် ဂရုစိုက်ပေးခဲ့သည်။

ထို့နောက်တွင် သူမသည် တက္ကသိုလ်တက်ခဲ့ပြီး နွေရာသီနှင့်ဆောင်းရာသီအားလပ်ရက်များတွင် အပြင်မှာအလုပ်လုပ်ပြီး အိမ်သို့ ပြန်လာခဲသည်။

သို့ဖြင့် သူတို့နှစ်ဦးဆုံသည့်အကြိမ်ရေမှာ နည်းသထက်နည်းလာခဲ့သည်။

ကျိုးရှုယောင်းသာ သူမအကြောင်းကို အခုထည့်မပြောပါက သူမကို ယဲ့ဖန်မေ့လုမတတ်ဖြစ်နေပြီဖြစ်သည်။

ယဲ့ဖန်သည် အချိန်အတော်ကြာမခေါ်ဖြစ်ခဲ့သောဖုန်းနံပါတ်တစ်ခုကို ထုတ်လိုက်သည်။

ယဲ့ဖန် အားမွေးပြီး ဖုန်းခေါ်လိုက်သည်။

တစ်ဖက်မှ ဖုန်းကို အမြန်ကိုင်လိုက်ပြီး အနည်းငယ်ပျင်းရိတဲ့လေသံထွက်လာသည်။

" ဟယ်လို၊ ဘယ်သူလဲ "

ယဲ့ဖန် နှလုံးစည်းတစ်ချက်ကျော်ခုန်သွားသည်။

" အစ်မရှုမန်၊ ကျွန်တော်ယဲ့ဖန်ပါ "

စက္ကန့်အတော်ကြာတိတ်ဆိတ်သွားကာ ဖုန်းတစ်ဖက်မှ ရုတ်တရက်အတော်လေးမြင့်သောအသံနှုန်းဖြင့်ပြန်ဖြေလာသည်။

" ဒီနေ့ နေ ဘယ်ဘက်ကဝင်တာလဲ။ နင်ကစပြီးအရင်ဖုန်းခေါ်တယ်တဲ့လား။ ဘုရားရေ "

သူမ၏အကျယ်ချဲ့လွန်းသော အသံအနေအထားကြောင့် ယဲ့ဖန်ပြောစရာစကားမဲ့သွားသည်။

အဲ့ဒီနောက်မှဆက်ပြောသည်။

" အစ်မရှုမန်၊ ကျွန်တော် အစ်မရဲ့အကူအညီတစ်ခုလိုလို့ပါ "

ရှုမန်အသံသည် မကျေနပ်ဖြစ်နေသေးပုံပေါ်သည်။

" အကြောင်းမရှိဘဲ ငါ့ကိုသတိရမှာမဟုတ်မှန်းသိသားဘဲ။ ဘာကိစ္စလဲ။ ကြိုပြောထားမယ်နော်၊ ကြီးလွန်းတဲ့ကိစ္စဆိုလည်းမကူနိုင်ဘူး။ သေးလွန်းတဲ့ကိစ္စဆိုလည်း တကူးတက မကူပေးချင်ဘူး "

ယဲ့ဖန် နှာခေါင်းကိုထိလိုက်သည်။

" ဒီလိုပါ၊ အခုတလော ကျွန်တော် စတော့ရှယ်ယာတစ်ချို့ဝယ်ဖို့တွေးနေပေမဲ့ အဲ့တာနဲ့ပတ်သက်ပြီး ဘာမှမသိလို့လေ။ အခု အစ်မရှုမန်က အာမခံကုမ္ပဏီတစ်ခုမှလုပ်နေတယ်လို့ကြားတယ်။ အဲ့တာကြောင့် ကျွန်တော့်ကို ကူညီပေးစေချင်တာပါ "

ရှုမန်အသံကရုတ်တရက်လေးနက်တည်ကြည်သွားသည်။

" ရှောင်ဖန်လေး၊ အခုထိကျောင်းတက်နေတုန်းမလား။ မင်းအစ်မစကားကိုနားထောင်။ စတော့ဈေးကွက်ကို အထင်မသေးနဲ့၊ မဟုတ်ရင် ဒူးနဲ့မျက်ရည်သုတ်နေရလိမ့်မယ် "

ယဲ့ဖန် ခေါင်းကိုကုတ်လိုက်သည်။

" မပူပါနဲ့၊ ကျွန်တော်က ဒီအတိုင်းအပျော်လုပ်ကြည့်တာပါ။ ရှိသမျှအကုန်ပုံအောမထည့်ပါဘူး "

ရှုမန်က တစ်ခဏငြိမ်သွားပြီးနောက်မှ ဆက်ပြောသည်။

" ကိုယ့်အတိုင်းအတာကိုယ်သိရင်တော့ကောင်းတာပေါ့။ နင့်ကို ရှယ်ယာစီမံရေးအတွက် ကူညီပေးမယ်လေ။ ဝန်ဆောင်ခလည်းအနည်းဆုံးပမာဏနဲ့လုပ်ပေးမယ်။ အမြတ်ရမယ်လို့တော့အာမ မခံပေမဲ့ အနည်းဆုံးတော့ အများကြီးအရှုံးမပေါ်တော့ဘူးပေါ့ "

ယဲ့ဖန် သူမကို လျင်မြန်စွာဘဲ ကျေးဇူးတင်လိုက်သည်။

" အစ်မရှုမန်၊ ကျေးဇူးတင်ပါတယ်။ အစ်မအားတဲ့အခါ ထမင်းလိုက်ကျွေးပါ့မယ် "

ရှုမန်က သူမရဲ့နဂိုပေါ့ပေါ့ပါးပါးလေသံပြန်ဖြစ်သွားပြီး ယဲ့ဖန်ကိုပြောသည်။

" အားအားယားယားမနေနဲ့။ မနက်ဖြန် ငါ့ကုမ္ပဏီလာခဲ့။ လမ်းကြောင်းပြပေးပြီးတော့ အတွင်းသတင်းတစ်ချို့ပြောပြမယ်။ အဲ့တာမှ ဒီစတော့ဈေးကွက်မာယာထဲနစ်သထက်နစ်မသွားမှာ "

သူမစကားတွေကိုကြားပြီးတဲ့အခါ ယဲ့ဖန်စိတ်နှလုံးနွေးထွေးသွားရသည်။

" ဟုတ်ကဲ့ပါ "

သူတို့နှစ်ဦး စကားအနည်းငယ်ဆက်ပြောကြပြီးတဲ့နောက် ဖုန်းချလိုက်သည်။

သူတို့နှစ်ယောက် စိတ်အားထက်သန်စွာဖြင့် စကားပြောနေကြသည်ကိုမြင်တဲ့အခါ ကျိုးရှုယောင်း ရုတ်တရက် ဘေးကျပ်နံကျပ်ဖြစ်လာသည့်ခံစားချက်မျိုးရလိုက်သည်။

ယဲ့ဖန်ကို အစ်မရှုမန်အကြောင်း ဘာလို့ပြောလိုက်မိတာပါလိမ့်။

သူမကိုယ်သူမအတွက် အကြောင်းပြချက်ရေရေရာရာမရှိဘဲ ပြိုင်ဘက်ရန်သူအကြီးစားတစ်ယောက်ကို ဖန်တီးလိုက်မိတာမဟုတ်လား။

ထိုအတွေးနဲ့အတူ ကျိုးရှုယောင်း နောင်တရလာသည်။

................................

နောက်တစ်နေ့ မနက်တွင် ယဲ့ဖန်ဝတ်စုံပြည့်အသစ်ကိုဝတ်လိုက်သည်။

သူ့ကိုယ်သူ မှန်ထဲတွင် အချိန်အတော်ကြာကြည့်ပြီးတဲ့နောက် အဆင်ပြေတာသေချာမှ အိမ်အပြင်ထွက်ပြီး သူ့ Lykan ကားကိုစီးကာ မောင်းထွက်ခဲ့သည်။

ယဲ့ဖန် ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီရှေ့ရောက်တဲ့အခါ မနက် ၉နာရီ ၃၀မိနစ်ဖြစ်သည်။

ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီအဆောက်အဦးသည် အတော်လေးခမ်းနားသည်။ အထပ်ပေါင်းများစွာမြင့်ပြီး အလွန်ထည်ဝါတောက်ပသည်။

ယဲ့ဖန် ကုမ္ပဏီဥပစာထဲကိုဝင်လာပြီး ဧည့်ကြိုကောင်တာဆီကို လျှောက်သွားသည်။

" မင်္ဂလာပါ၊ ကျွန်တော်က ရှုမန်ကိုတွေ့ချင်တာပါ။ ကြိုတင်ချိန်းဆိုမှလုပ်ထားပြီးသားပါ "

ဧည့်ကြိုကောင်တာမှ ကောင်မလေးက ချက်ချင်းပြုံးပြသည်။

" ရှင်က ယဲ့ဖန်ဖြစ်မယ်။ မန်နေဂျာရှုက အခုအစည်းအဝေးခန်းထဲမှာပါ။ ဒါပေမဲ့ သူမက ရှင်လာရင် ရှင့်ကို သူမရဲ့ရုံးခန်းဆီ တစ်ခါတည်းခေါ်သွားပေးဖို့ မှာထားပါတယ်။ ကျေးဇူးပြုပြီး ဒီဘက်လမ်းက လိုက်လာပေးပါ "

ထိုသို့ပြောပြီး သူမက စိတ်အားထက်သန်စွာဖြင့် ယဲ့ဖန်ကို အပေါ်ထပ်သို့ လမ်းပြပေးသည်။

ယဲ့ဖန် အတော်လေးစိတ်လှုပ်ရှားသွားသည်။

ရှုမန်က သူ့ကို လက်အောက်ငယ်သားကို လာကြိုပေးဖို့ မှာထားလောက်တဲ့အထိ အရေးပေးမယ်မှန်း ထင်မထားခဲ့ပေ။

ရှုမန်ရုံးခန်းသည် တတိယအထပ်တွင်ဖြစ်သည်။

ထိုဧည့်ကြိုကောင်မလေးက ယဲ့ဖန်ကို ရုံးခန်းထဲသို့ခေါ်သွားပေးတဲ့အခါ ရုံးခန်းထဲမှစားပွဲနှင့်ကော်ဇောပေါ်တွင် ပန်းမျိုးစုံအပြည့်ရှိနေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန်သည် ထိုဧည့်ကြိုကောင်မလေးကို နားမလည်နိုင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

" ဒါတွေက မန်နေဂျာရှုကို လိုက်ပိုးပန်းနေတဲ့သူတွေဆီက လက်ဆောင်တွေပါ။ ဒါတွေကို နေ့တိုင်း သန့်ရှင်းရေးသမားက ရှင်းရတယ်။ ဒါပေမဲ့ နေ့တိုင်း ထပ်စုပုံလာပြန်ရော "

ထိုဧည့်ကြိုကောင်မလေးက အားကျသည့်လေသံဖြင့်ရှင်းပြသည်။

" မင်းတို့ရဲ့မန်နေဂျာရှုက ယောက်ျားလေးတွေကြား အတော်လေးရေပန်းစားတာဘဲ "

ယဲ့ဖန် မထိန်းနိုင်ဘဲ စိတ်ထဲခံစားချက်တစ်ချို့ပြည့်နှက်လာသည်။

" ယောက်ျားလေးတွေတင်မဟုတ်ပါဘူး။ ကျွန်မ မိန်းကလေးတွေတောင် မန်နေဂျာရှုကို သဘောကျကြပါတယ်။ သူမက လှပပြီး လုပ်ရည်ကိုင်ရည်လည်းရှိတယ်။ ကျွန်မတို့မိန်းကလေးတွေအတွက် စံပြပုဂ္ဂိုလ်ပါ "

ထိုဧည့်ကြိုမလေးသည် ရှုမန်အကြောင်းပြောရင်း မျက်လုံးကတလက်လက်တောက်ပလာသည်။

သူမကိုကြည့်ရတာ ရူးသွပ်နေတဲ့ပရိတ်သတ်တစ်ယောက်နဲ့တူနေသည်။

" သူမက မင်းပြောသလောက်ကောင်းလို့၊ တော်လို့လား "

ယဲ့ဖန် အနည်းငယ်သံသယဖြစ်မိသည်။

သူတို့ငယ်စဉ်တုန်းက သူမက သူ့ကို အမြဲအနိုင်ကျင့်တတ်တာကို မှတ်မိသည်။ သူမက နတ်ဆိုးမိစ္ဆာမနဲ့တောင် ပိုဆင်တူသေးသည်။

" ဒါပေါ့။ ကျွန်မတို့ကုမ္ပဏီကလူတိုင်းက မန်နေဂျာရှုကို အံ့ဩလေးစားကြတယ်။ ရှင် ကျွန်မကို မယုံရင် သွားပြီးဘယ်သူ့ကိုမဆိုရှာမေးလို့ရတယ် "

ယဲ့ဖန်က သူမပြောတာကိုမယုံတာတွေ့တဲ့အခါ ထိုဧည့်ကြိုမလေးက ချက်ချင်းဘဲ နည်းနည်းစိတ်တိုသွားသည်။

ထိုအချိန်တွင် ရုတ်တရက် သူမက ခပ်လေးလေးဖြင့်မိန်းမအသံတစ်ခုကိုကြားလိုက်သည်။

" ဘာကိုရှာမလို့လဲ "

ယဲ့ဖန်လှည့်လိုက်သည်။

အဲ့ဒီနောက် သူ ကျောက်ရုပ်ပမာအေးခဲသွားတော့သည်။

အပိုင်း (၆၄)

ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုလုပ်လိုက်တာလား။

ရှုမန်သည် အနီရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပြီး အနီရောင်စိန်ထိပ်ဒေါက်ဖိနပ်ကိုစီးထားသည်။

သူမ၏ဆံပင်လှိုင်းကောက်က လမ်းလျှောက်ရင်း ဝဲကာလှုပ်ခတ်နေသည်။

သူမ၏ပါးဖြူဖြူလေးနှင့်အတူ အနီရောင်နှုတ်ခမ်းတို့က ဆန်မုန့်ပေါ်မှဆီးပန်းပွင့်လေးနှင့် ဆင်တူနေသည်။

သူမတစ်ကိုယ်လုံးမှ စိတ်ဝိဉာဉ်တွေကိုဖမ်းစားနိုင်သည့်ညှို့ဓာတ်တစ်မျိုးထုတ်လွှတ်နေသည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ တံတွေးမြိုချလိုက်သည်။

ဒီတစ်ယောက်က သူ့မှတ်ဉာဏ်ထဲက ပျင်းတိပျင်းရွဲနဲ့ရူးနှမ်းနှမ်းမိန်းကလေးမှဟုတ်ရဲ့လား။

သူမက ရိုးရှင်းစွာဖြင့် နတ်ဘုရားမအသွင်ဆောင်နေသည်။

" ဘာလဲ၊ ကိုယ့်အစ်မကိုယ်တောင် မမှတ်မိတော့ဘူးလား "

ရှုမန်သည် ယဲ့ဖန်ရှိရာလျှောက်လာပြီး သူ့မျက်စိရှေ့တွင် လက်ကိုဝေ့ယမ်းလိုက်သည်။

" ပလတ်စတစ်ဆာဂျရီလုပ်ပြီးခွဲစိတ်ထားတာလား "

ယဲ့ဖန်အတော်လေးအောင့်အီးသည်းခံထားရာမှ နောက်ဆုံးတွင် ထုတ်မေးလိုက်တော့သည်။

" သွားစမ်းပါ၊ နင်အရိုက်ခံချင်နေတာလား "

ရှုမန် သူ့ကိုစိတ်ရှုပ်စွာဖြင့် မျက်စောင်းထိုးလိုက်သည်။

သူတို့နှစ်ဦးသား ရယ်မောဆူပူနေကြရင်း အနေစိမ်းနေသည့်လေထုက ချက်ချင်းပျောက်ကွယ်သွားတော့သည်။

" မဆိုးပါဘူး၊ အခုတော့ ကြည့်ကောင်းပြီးအဆင်ပြေတဲ့ကလေးဖြစ်နေပြီဘဲ။ ဒီအင်္ကျီတွေက ဈေးမပေါဘူး၊ ဟုတ်တယ်မလား "

ရှုမန်သည် ယဲ့ဖန်ကို ခေါင်းစခြေဆုံးကြည့်လိုက်သည်။ သူမ မျက်ဝန်းထဲမှ ထူးဆန်းသည့်အလင်းတစ်ခုလှစ်ခနဲဖြတ်သွားသည်။

ယဲ့ဖန်သည် သူမအရှေ့တွင် အမြဲနှိမ့်ချတတ်တာကာ သူစကားပြောရင်လည်း အမြဲရှက်နေတတ်တာကို ရှုမန်မှတ်မိနေသည်။

အခုလက်ရှိယဲ့ဖန်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိနေသည့် ကိုယ်ရောင်ကိုယ်ဝါပြင်းပြင်းကိုထုတ်လွှတ်နေသည်။

ထိုကဲ့သို့ ကိုယ်ရောင်ဝါမျိုးကို အောင်မြင်အဆင်ပြေနေတဲ့သူတွေမှာသာ မြင်နိုင်တာဖြစ်သည်။

" သာမန်ပါဘဲ "

ယဲ့ဖန် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

" ငါပြောတာနားထောင်။ နင်ကအခုကျောင်းတက်နေတုန်းလေ၊ ပြီးတော့ နင့်အိမ်ကလည်း အရမ်းကြီးချမ်းသာနေတာမဟုတ်ဘူး။ ပိုက်ဆံကို သုံးသင့်တဲ့နေရာမှာဘဲသုံး။ အရမ်းကြီးဟိတ်ဟန်ထုတ်တဲ့နေရာမှာ အများကြီးလျှောက်မသုံးနဲ့ "

ယဲ့ဖန်မိသားစုဟာ ငွေရေးကြေးရေးအဆင်မပြေမှန်း ရှုမန်သိသည်။ သူကလည်း တက္ကသိုလ်ပထမနှစ်ဘဲရှိသေးတာဆိုတော့ ငွေနည်းပါးနေလောက်မည်ဖြစ်သည်။

သူမက သူ့ကို အထင်သေးမှာစိုးရိမ်တာကြောင့် ဒီလိုဈေးကြီးတဲ့အဝတ်တွေကိုဝယ်လာတာလို့ ရှုမန်ထင်သည်။

ယဲ့ဖန်ကလည်း ရှုမန်ကကောင်းစေချင်လို့ပြောနေမှန်းသိသည်။ အဲ့တာကြောင့် သဘောတူခေါင်းငြိမ့်ပြလိုက်သည်။

အဲ့ဒီနောက် ရှုမန်သည် ယဲ့ဖန်အတွက် အကောင့်တစ်ခုကိုကူဖွင့်ပေးပြီး ခွင့်ပြုစာမှာ လက်မှတ်ထိုးပေးသည်။

လုပ်ငန်းစဉ်တွေပြီးဆုံးသွားတဲ့နောက် ရှုမန်သည် သူမလက်ထောက်ကို ပြန်လွှတ်ပြီး ယဲ့ဖန်ကို လက်ယမ်းပြလိုက်သည်။

" ဒီကိုလာခဲ့ "

ယဲ့ဖန်သည် နာခံစွာဖြင့် ရှုမန်ဆီသို့လျှောက်သွားသည်။

ခပ်ဖျော့ဖျော့ရေမွှေးနံ့က ယဲ့ဖန်နှာခေါင်းနားတွင် ချက်ချင်းရစ်သီလာကာ အနည်းငယ် စိတ်ဂနာမငြိမ်ဖြစ်လာစေသည်။

ရှုမန်ကတော့ ယဲ့ဖန်၏ထူးဆန်းသောအမူအရာကို သတိမထားမိဘဲ ကွန်ပျူတာမျက်နှာပြင်ကိုသာ ညွှန်ပြလိုက်သည်။

" နင် သေချာပေါက် စတော့ဈေးကွက်တစ်ခုမှာမြှုပ်နှံချင်တယ်ဆိုရင် ဒီတစ်ခုကို ငါထောက်ခံပေးချင်တယ်။ အတွင်းသတင်းတွေရထားသလောက်ဆို ဒီစတော့က အနာဂတ်မှာအတော်လေးအဆင်ပြေလိမ့်မယ်တဲ့ "

ယဲ့ဖန်သည် ခေါင်းကို တသွင်သွင်ငြိမ့်ရင်း တိတ်တဆိတ်ဖြင့်ရှုမန်ကို အကဲခတ်နေသည်။

ဘေးအိမ်ကအစ်မက ပိုပိုပြီးကိုဆွဲဆောင်မှုရှိလာကြောင်းကို ဝန်ခံရပေမည်။

သူမ နေ့တိုင်း ပန်းစည်းတွေရနေခြင်းအကြောင်းကို အံ့ဩစရာမရှိတော့ပေ။

ရှုမန်သည် သူ့ကို နောက်ထပ်နာရီဝက်ကျော်လောက် ထပ်ရှင်းပြနေခဲ့သည်။

သို့ပေမဲ့ သူ ရှုမန်ကိုကြည့်နေတာနဲ့တင် သိပ်မကြားလိုက်ချေ။

" ကောင်းပြီ၊ ဒီနေ့အတွက်တော့ ဒီလောက်ဘဲ။ အများကြီးဆိုမှတ်နိုင်မှာမဟုတ်ဘူး။ ပြန်ပြီး သေချာစဉ်းစားကြည့်ပေါ့။ ဘယ်စတော့ကိုဝယ်မလဲဆိုတာ စဉ်းစားပြီးရင် ငါ့ကိုကပြန်ပြောလေ "

ရှုမန် ရှင်းပြတာကိုရပ်ပြီး အညောင်းအညာဆန့်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် သူမဟာ ပျော့ပျောင်းသည့်ခန္ဓာကိုယ်ရှိမှန်းသိနိုင်သည်။

ယဲ့ဖန် နှာခေါင်းသွေးလျှံမတတ်ဖြစ်သွားတာကြောင့် အမြန်အဝေးသို့အကြည့်လွှဲလိုက်သည်။

" အစ်မရှုမန်၊ ဒီနေ့အားလား။ ထမင်းလိုက်ကျွေးမယ်လေ "

ရှုမန် သက်ပြင်းချလိုက်သည်။

" ဒီနေ့လုပ်စရာတွေအများကြီးရှိနေသေးတယ်။ နောက်နေ့မှပေါ့ "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်ပါပြီ၊ နောက်နေ့မှတွေ့တာပေါ့ "

အဲ့ဒီနောက် ရုံးခန်းထဲမှထွက်လာသည်။

ရှုမန်ကလည်း သူ့ကို ဓာတ်လှေကားထိ ကိုယ်တိုင်လိုက်ပို့သည်။

အာမခံကုမ္ပဏီမှ ဖြတ်သွားဖြတ်လာ ဝန်ထမ်းများက သူတို့ကို သိချင်စိတ်ဖြင့် လိုက်ကြည့်ကြသည်။

မန်နေဂျာရှုသည် အများသောအားဖြင့် အေးစက်ပြီး တသီးတခြားနေတတ်သည်။

သူမကိုယ်တိုင်လိုက်ပို့သောဧည့်သည်များဟာ အတော်လေးဂုဏ်သရေရှိဧည့်သည်တော်များဖြစ်သည်။

ဒီလူငယ်လေးက ဘယ်သူများလဲ။

ယဲ့ဖန်ကိုလိုက်ပို့ပြီးတဲ့နောက် ရှုမန် ရုံးခန်းပြန်ဖို့ပြင်နေစဉ်မှာဘဲ ဆံပင်ပြောင်ပြောင်နဲ့သက်လတ်ပိုင်းယောက်ျားတစ်ဦးက ရှုမန်နားသို့ ခပ်မြန်မြန်လျှောက်လာသည်။

" မန်နေဂျာရှု၊ ဧည့်သည်လိုက်ပို့တာလား "

ရှုမန် ထိုတစ်ယောက်ကိုတွေ့တဲ့အခါ မျက်မှောင်ကြုတ်လိုက်သည်။

ထိုယောက်ျားနာမည်မှာ ဝမ်ချန်းကန်ဖြစ်ပြီး ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီအတွင်းမှ သူမ၏အကြီးမားဆုံးပြိုင်ဘက်တစ်ယောက်ဖြစ်သည်။

ပုံမှန်အားဖြင့် ဝယ်ယူသူကာစတန်မာတွေအား လုယူရန်အတွက် သူသည် သူမအပေါ်မကောင်းကြံသည့်ကိစ္စများစွာကို လုပ်ခဲ့သည်။

" ဟုတ်ကဲ့၊ မန်နေဂျာဝမ်။ ဘာများကူညီပေးရမလဲ။ "

နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ခြင်းအတွေ့အကြုံမှ ရှုမန်ကို ခံစားချက်ဖုံးကွယ်တတ်နေစေရန် သင်ကြားပေးခဲ့လေသည်။

" ခုနကတစ်ယောက်က အလုပ်အပ်တဲ့အကြီးစားဧည့်သည်အသစ်လား "

ရှုမန်က ယဲ့ဖန်ကို အပြင်ထိလိုက်ပို့တာကြောင့် ဝမ်ချန်းကန်မှ ထိုလူငယ်လေးကို အကြီးစားအလုပ်အပ်သူဟုထင်လိုက်သည်။

" မဟုတ်ပါဘူး၊ ကျွန်မ အိမ်နီးချင်းပါ။ သူက တက္ကသိုလ်ကျောင်းသားလေးဘဲရှိသေးတာမလို့ နေစားရိတ်ရှာနိုင်အောင် စတော့လေးဝယ်ဖို့ ကူရွေးခိုင်းတာပါ "

ရှုမန်သည် ဘာကိုမှ ဖုံးကွယ်မထားပေ။

ထိုစကားကိုကြားတဲ့အခါ ဝမ်ချန်းကန် ချက်ချင်းစိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

' ဒါဆို သူတို့က အိမ်နီးနားချင်းတင်ဘဲပေါ့ '

" မန်နေဂျာရှုက အိမ်နီးနားချင်းတွေရဲ့အလုပ်ကိုတောင်ကူပေးဖို့အချိန်ရှိတာဘဲလား "

" ရှင် ဘာကိုဆိုလိုချင်တာလဲ "

ရှုမန် ခပ်ဖျော့ဖျော့ပြုံးကာမေးသည်။

ဝမ်ချန်းကန်ကတော့ အောင်နိုင်သူပမာပြုံးသည်။

" မင်းရဲ့ဒီလလုပ်ဆောင်ချက်တွေက အရမ်းမကောင်းဘူးလေ။ ငါ့ထက်ကို အတော်လေးနောက်ကောက်ကျနေတာ။ မန်နေဂျာရှု၊ မင်း ဒီထက်ပိုပြီးအလုပ်ကြိုးစားရမှာဘဲ "

ရှုမန်သည် သူ့ရဲ့ ခပ်ထေ့ထေ့အကြည့်ကို အတော်လေးစိတ်ကုန်နေသည်။

သို့ပေမဲ့ တစ်ဖက်လူပြောသမျှက အမှန်ဖြစ်နေသည်။

သူမရဲ့ဒီလလုပ်ဆောင်ချက်က အတော်လေးကိုဆိုးရွားနေပြီး တစ်ဖက်ကလူထက်ကို လုံးဝနောက်ကောက်ကျန်နေခဲ့တာဖြစ်သည်။

တစ်ဖက်လူက သူမကို လှောင်ပြောင်တဲ့အခါ သူမ ဒေါသမထွက်နိုင်ပေ။

သူမသည် အစွန်းရောက်ပြဿနာမဖြစ်စေရန် လှည့်ထွက်ဖို့ပြင်လိုက်သည်။

ထိုအချိန်မှာဘဲ ရှုမန်၏လက်ထောက်မှ အမြန်ပြေးလာသည်။

" အစ်မရှုမန်၊ အစ်မဖွင့်ပေးလိုက်တဲ့အကောင့်အသစ်က စတော့သုံးခုကို တစ်ခါတည်းဝယ်လိုက်တယ် "

ရှုမန် ဘာမှမတုန့်ပြန်နိုင်ဘဲ တစ်ခဏမျှကြောင်အသွားသည်။

ဝယ်လိုက်တာ ယဲ့ဖန်မလား၊ ဟုတ်တယ်မလား။

သို့ပေမဲ့ သူမက ယဲ့ဖန်ကို တစ်ခုတည်းသာညွှန်းပေးလိုက်တာဖြစ်သည်။

ယဲ့ဖန်က ဘာကြောင့်သုံးခုလုံးကိုတစ်ခါတည်းဝယ်လိုက်ရတာလဲ။

ဒီကောင်လေးကတော့ တွားသွားတာတောင်မသင်ရသေးဘဲ အပြေးပြိုင်ချင်နေတာလား။

" ဘယ်လောက်ဝယ်လိုက်တာလဲ "

ရှုမန်မှ ခပ်တည်တည်ဖြင့်မေးလိုက်သည်။

လက်ထောက်မလေးမှ အလွန်စိတ်လှုပ်ရှားစွာဖြင့်ပြန်ဖြေသည်။

" စတော့တစ်ခုစီမှာ သန်း၁၀၀ စီပါ "

" ဘယ်လောက်စီ ! "

ရှုမန်သာမက ဝမ်ချန်းကန်ပါ တစ်ပြိုင်တည်း တအံ့တဩမေးလိုက်ကြသည်။

စတော့သုံးခုကို တစ်ခုစီ သန်း၁၀၀ဖိုးတဲ့လား။

ဒါက လုံးဝကို ရှယ်ကြီးတဲ့ အမှာစာကြီးဘဲ။

All Chapters