← Chapters

အပိုင်း ၆၅-၆၈

Vol. 4 Ch. 65-68

အပိုင်း ၆၅-၆၈

Vol. 4 Ch. 65-68

အပိုင်း (၆၅)

ရှင်းပြစရာလိုသေးလို့လား။

" သေချာရဲ့လား။ မှားမကြည့်မိဘူးမလား "

ရှုမန်သည် အချိန်အတော်ကြာအံ့ဩနေပြီး မသေမချာဖြစ်နေဆဲဖြစ်ကာ မယုံနိုင်ပေ။

လက်ထောက်က ခေါင်းကိုတသွင်သွင်ငြိမ့်ပြီး အတည်ပြုပေးသည်။

" လုံးဝကိုသေချာပါတယ်အစ်မ။ ခဏခဏကို စစ်ပြီးအတည်ပြုထားတာပါ။ သူက စတော့သုံးခုကို တစ်ခုစီယွမ်သန်း၁၀၀ကျော်ဖိုးစီ ဝယ်လိုက်ပါတယ် "

ဝမ်ချန်းကန်ချက်ချင်းရှုမန်ကို စိုက်ကြည့်သည်။

" မန်နေဂျာရှု၊ ပြောတော့ အဲ့ကောင်လေးက မင်းရဲ့အိမ်နီးချင်းဆို။ ဒါကို ဘယ်လိုရှင်းပြမှာလဲ "

ဒီလအတွက် သူ့ရဲ့လုပ်ဆောင်ချက်က ရှုမန်ထက်ကျော်သွားပြီဖြစ်သည်။

ဒါဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်။

နောက်ဆုံးမှာတော့ သူ ခေါင်းထောင်နိုင်ပြီဟု တထစ်ချတွက်ထားခဲ့မိသည်။

သာပြီဟု တွေးပြီးခါမှာဘဲ တစ်ဖက်သူရဲ့ အနိုင်ယူမှုကြောင့် ချက်ချင်း နေရာဆင်းပေးရမည်ဟု မမျှော်လင့်ထားပေ။

သူ အတော်လေးဒေါသထွက်လာသည်။

သူ့ရဲ့လေသံကြောင့် ရှုမန်မျက်နှာထားမှုန်သုန်သွားသည်။

" ကျွန်မက ရှင့်ကိုရှင်းပြဖို့လိုသေးတာလား "

ဝမ်ချန်းကန်သည် သူမစကားကြောင့် ရုတ်တရက် အတော်လေးအရှက်ရသွားပြီး ထိုနေရာမှာပင် အချိန်အတော်ကြာရပ်နေကာ ဘာမှပြန်မပြောနိုင်ပေ။

အချိန်အတော်ကြာမှ အနည်းငယ်အရှက်ပြေချောင်းဟန့်ပြီး ပြောသည်။

" ကောင်းပြီလေ၊ မင်းနိုင်တယ်ဘဲထားပါ။ စောင့်ကြည့်ကြသေးတာပေါ့ "

ထိုသို့ပြောပြီးနောက် ဟက်ခနဲအသံပြုကာ ထွက်သွားသည်။

ရှုမန် သူ့ကို လျစ်လျူရှုလိုက်ကာ ဖုန်းကိုထုတ်ပြီး ယဲ့ဖန်ကို ခေါ်လိုက်သည်။

" ယဲ့ဖန်၊ စတော့သုံးခုလုံးကိုဝယ်လိုက်တာလား "

" ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ "

ယဲ့ဖန်အသံအနေအထားက အတော်လေးကိုတည်ငြိမ်နေသည်။ ယွမ်သန်း၃၀၀ဖိုး စတော့တွေကိုဝယ်လိုက်ပုံမရဘဲ ခေါက်ဆွဲထုတ်သုံးထုတ်ဝယ်လိုက်သည့်လေသံဖြင့်ဖြေနေသည်။

" နင် ဘယ်ကနေ ပိုက်ဆံတွေရလာတာလဲ "

ရှုမန်စိတ်ထဲမှာ ရှုပ်ထွေးနေကာ မယုံကြည်နိုင်ဖြစ်နေသည်။

" သိပ်မကြာသေးခင်က မထင်မှတ်ဘဲ ကံအသေးစားလေးကောင်းသွားတာပါ "

ယဲ့ဖန် အကြောင်းပြချက်တစ်ခုပေးလိုက်သည်။

" ယွမ်သန်း၃၀၀က ကံကောင်းမှုအသေးစားလေးဆို ပမာဏဘယ်လောက်မှကြီးတယ်လို့ပြောမှာလဲ "

ရှုမန် အော်လိုက်တာကြောင့် ဖြတ်သွားဖြတ်လာလူတစ်ချို့အာရုံက သူမဆီရောက်လာသည်။

ထိုကဲ့သို့ရေးကြီးခွင်ကျယ်ပြုမှုကို ရှုမန်အား အပြစ်တင်မရပေ။

ယဲ့ဖန်၏မိသားစုနောက်ခံအရ ဘယ်လိုအခြေအနေရှိလဲဆိုတာကို သူမသိသည်။

သူမသာ ယဲ့ဖန်၏ပင်ကိုယ်စိတ်ထားကိုမသိပါက ယဲ့ဖန်သည် တရားမဝင်လုပ်ငန်းများကိုလုပ်ကိုင်နေသည်ဟု သံသယဝင်မိမှာဖြစ်သည်။

" မပူပါနဲ့၊ အစ်မမန်ရဲ့။ ကျွန်တော့်ကိုမယုံဘူးလား။ ဒီပိုက်ဆံတွေက သန့်ရှင်းပါတယ် "

ယဲ့ဖန်သည် သူမအတွေးကို ခန့်မှန်းပြီးဖြစ်တာကြောင့် ချက်ချင်းရှင်းပြလိုက်သည်။

" အဲ့တာဆိုကောင်းတယ်။ ဒါပေမဲ့ ငါနင့်ကို စတော့တစ်ခုဘဲညွှန်းပေးလိုက်မဟုတ်လား။ ဘာလို့ အဲ့လောက်အခြေအနေဆိုးနေတဲ့စတော့သုံးခုကို ဝယ်ဖို့ဆုံးဖြတ်လိုက်တာလဲ "

အခုလေးတင်မှ ငြိမ်ကျသွားသည့် ရှုမန်စိတ်သည် ဒေါသနဲ့အတူ ပါးစပ်မှထပ်ထွက်လာသည်။

သူမ၏နှစ်ပေါင်းများစွာအတွေ့အကြုံအရ ယဲ့ဖန်ဝယ်ခဲ့သည့်စတော့သုံးခုသည် အခြေအနေမကောင်းမှန်းပြောနိုင်သည်။

အမှိုက်တွေလို့တောင် ပြောလို့ရနိုင်သည်။

ဘယ်သူက အဲ့လိုစတော့မျိုးကိုဝယ်မှာလဲ။

" ကျွန်တော့်အထင် ဒီစတော့သုံးခုမှာ ဖြစ်နိုင်ချေအလားအလာတွေအများကြီးရှိတယ်။ တကယ်လို့ အဲ့တာတွေက အံ့ဖွယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်အသံသည် ယုံကြည်ချက်အပြည့်ဖြစ်နေသည်။

ထိုအသံအနေအထားက ရှုမန်ကို အံ့ဩစေသည်။

" အတွင်းသတင်းတစ်ချို့သိထားလို့လား "

ယဲ့ဖန်သည် ဒီလောက်အချိန်တိုအတွင်းမှာ ငွေသန်းရာချီကိုရှာနိုင်ထားမှတော့ သူ့မှာအရမ်းကိုရင်းနှီးတဲ့သူဌေးအကြီးစားတွေရှိကောင်းရှိနိုင်သည်။

ယဲ့ဖန် ထူးခြားစွာပြုံးလိုက်သည်။

" အစ်မရှုမန်၊ ကျွန်တော့်ကိုယုံရင် နည်းနည်းစီလောက်လိုက်ဝယ်ပါလား။ တကယ်လို့ အမြတ်ရရင် အစ်မယူလိုက်။ ရှုံးရင် ကျွန်တော်ပြန်ပေးမယ် "

ရှုမန်ကတော့ အယုံအကြည်မရှိပေ။

" အဲ့လိုစတော့စုတ်စုတ်ပြတ်ပြတ်တွေကိုမဝယ်ပါဘူး "

သူတို့နှစ်ဦးသား အတော်ကြာစကားပြောပြီးနောက် ဖုန်းချလိုက်သည်။

ရှုမန်မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားခန်းဖွင့်နေခဲ့သည်။

ယဲ့ဖန်အသံအနေအထားအရ ဒီစတော့သုံးခုအပေါ်အတော်လေးယုံကြည်ချက်ရှိနေသည်။

သူမလည်း အနည်းငယ်ဝယ်သင့်လား။

သူမ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ စုဆောင်းခဲ့သည့် ငွေပမာဏ ယွမ်ငါးသန်းလောက်ရှိသည်။

သို့ပေမဲ့ သူမ၏ခန့်မှန်းချိန်ဆချက်အရ ထိုစတော့သုံးခုသည် အခြေအနေကောင်းလာဖို့ မဖြစ်နိုင်ပေ။

ဝယ်သမျှအလကားဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ဘေးတွင်ရပ်နေသောလက်ထောက်သည် သူမ မျက်မှောင်ကြုတ်နေတာကိုမြင်သည့်အခါ စိတ်ပူလာသည်။

" အစ်မမန်၊ အဆင်ပြေရဲ့လား။ "

ရှုမန် ခေါင်းကိုဖြည်းဖြည်းချင်းမော့လာရင်း ဆုံးဖြတ်ချက်ချလိုက်သည်။

" ငါ့အကောင့်ထဲကပိုက်ဆံတွေအားလုံးကိုသုံးပြီး ဒီစတော့သုံးခုကိုဝယ်လိုက် "

တစ်ခဏကြာတွန့်ဆုတ်နေပြီးတဲ့နောက် ဒီတစ်ကြိမ် ယဲ့ဖန်ကိုယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်။

တိကျသည့်အကြောင်းပြချက်တော့မပေးနိုင်ပေ။

လက်ထောက်လေးမှအတော်လန့်သွားသည်။

" အစ်မမန်၊ နောက်နေတာတော့မဟုတ်ဘူးမလား။ ဒီစတော့သုံးခုက ထိုးကျနေတာလေ။ အဆုံးမရှိတဲ့တွင်းနက်ကြီးထဲကိုကျနေတာနော် "

ရှုမန်မျက်ဝန်းတို့က ဆုံးဖြတ်ချက်ပြတ်သားနေပြီး ယဲ့ဖန်၏လေသံကို အတုခိုးပြောလိုက်သည်။

" ဒီစတော့သုံးခုက ဖြစ်နိုင်ချေအလားအလာကောင်းတွေရှိတယ်။ တကယ်လို့ အံ့ဖွယ်ဖြစ်ချင်လည်းဖြစ်လာနိုင်တာဘဲလေ "

လက်ထောက်သည် ရွေးချယ်စရာမရှိဘဲ သူမ၏ညွှန်ကြားချက်ကို လိုက်နာရသည်။

သို့ပေမဲ့ သူမစိတ်ထဲမှာတော့ အပြစ်တင်နေသည်။

အစ်မမန်သည် စီးပွားရေးနှင့်ပတ်သက်သည့်အခါ တည်ငြိမ်အေးဆေးတဲ့သူတစ်ယောက်ဖြစ်သည်။

ထိုဖုန်းခေါ်ဆိုမှုပြီးတဲ့နောက် ဘာကြောင့်အခြားလူတစ်ယောက်ပုံစံပြောင်းလဲသွားရတာလဲ။

စိတ်လွတ်သွားတာလား။

...........................

အချိန်တွေကုန်လာပြီးတဲ့နောက်။

ရှုမန်သည် သူမရုံးခန်းထဲမှာထိုင်ပြီး ရေနွေးကြမ်းကို ဖြည်းညှင်းစွာသောက်နေသည်။

အပေါ်ယံတွင်တော့ သူမပုံစံကအတော်လေးတည်ငြိမ်နေသည်။

သို့ပေမဲ့ သူမလက်ထဲကရေခွက်ကတော့ စိတ်လှုပ်ရှားမှုကြောင့်တုန်လှုပ်နေပြီး သူမကိုသစ္စာဖောက်နေသည်။

သူမ ကွန်ပျူတာကိုတောင် မဖွင့်ရဲပေ။

ထိုစတော့သုံးခုက ထိုးကျမည့်အဖြစ်ကိုကြည့်ဖို့ ကြောက်နေသည်။

ဘာဘဲဖြစ်ဖြစ် သူမရှိသမျှပိုင်ဆိုင်မှုကို ရင်းနှီးမြှုပ်နှံခဲ့သည်။

သူမသာရှုံးသွားပါက နှစ်များစွာစုဆောင်းခဲ့သမျှအချည်းနှီးဖြစ်သွားပေလိမ့်မည်။

ဘာကြောင့် ရူးနှမ်းစွာဖြင့် ယဲ့ဖန်နှင့်အတူလိုက်ဝယ်မိမှန်း မသိပေ။

အခုတော့ နောင်တရဖို့ နောက်ကျနေပြီဖြစ်သည်။

ကံကြမ္မာဆီကိုသာ ပုံအပ်ထားရတော့မည်ဖြစ်သည်။

သူမ အတော်လေး စိတ်ဆင်းရဲနေချိန်မှာဘဲ ရုံးခန်းတံခါးက ရုတ်တရက်ပွင့်လာသည်။

လက်ထောက်က တုန်လှုပ်စွာဖြင့်ဝင်လာသည်။

" အစ်မမန်၊ အစ်မမန်၊ အဲ့ဒီစတော့တွေက ......... "

သူမသည်စိတ်လှုပ်ရှားလွန်းနေတာကြောင့် စကားကိုရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။

ရှုမန်နှလုံးခုန်သံစည်းတစ်ချက်ကျော်သွားသည်။ စတော့ရှယ်ယာတွေထိုးကျသွားတာများလား။

" အဲ့စတော့သုံးခုက ရူးလောက်အောင်ကိုထိုးတက်နေတာပါ "

လက်ထောက်သည် ရှုမန်ဆီမှ ရေတစ်ငုံသောက်လိုက်ပြီး ပြောသည်။

" တကယ်လား။ ဘယ်လောက်ရာခိုင်နှုန်းလောက်တက်သွားတာလဲ "

ရှုမန် အံ့ဩမှုကြောင့် ချက်ချင်းထရပ်လိုက်သည်။

" လွန်ခဲ့တဲ့ဆယ်မိနစ်ကတည်းကတက်နေတာပါ။ ပြီးတော့ အတော်လေးမြန်တဲ့နှုန်းနဲ့တက်နေပြီးတော့ အခုဆို ၅%တောင်ဖြစ်နေပါပြီ။ ဟင့် ဟင့် "

လက်ထောက်မှ စကားမဆုံးခင်မှာဘဲ ရှုမန်သည် ကွန်ပျူတာကိုဖွင့်လိုက်ပြီး စတော့ဈေးကွက်ဇယားကိုကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်း ယဲ့ဖန်က သူမကိုဝယ်ဖို့ပြောသည့်စတော့သုံးခုသည် အရင်ကထိုးကျနေခဲ့သော်လည်း အခုတော့ ဈေးရာခိုင်နှုန်းတက်နေပြီဖြစ်သည်။

လွန်ခဲ့တဲ့ကျဆုံးမှုတွေနဲ့ဆန့်ကျင်ပြီး အတက်က အတော်လေးကို မြန်သထက်မြန်နေသည်။

စုစုပေါင်း ၈%တိုးလာသည်။

၁၂%

၁၅%

၁၈%

.....................................

ရှုမန်သည် ငွေကစားသည့်လုပ်ငန်းတွင် ကျင်လည်လာတာ နှစ်အတော်ကြာပေမဲ့ ဒီလို အတက်နှုန်းကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။

ခံစားချက်တွေက လည်ချောင်းထဲမှာစို့တစ်နေသည်။

သူမသည် ချက်ချင်းယဲ့ဖန်ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။

" ယဲ့ဖန်၊ ဘာတွေဖြစ်နေတာလဲ "

အပိုင်း (၆၆)

ဘာမှမမေးပါနဲ့။

" ဘာဖြစ်လို့လဲ၊ အစ်မမန် "

ရှုမန်ဆီမှဖုန်းဝင်လာတဲ့အခါ ယဲ့ဖန်သည် အိမ်ပြန်ရောက်ခါစဖြစ်ပြီး ရေနွေးနွေးလေးချိုးမလို့ပြင်နေတာဖြစ်သည်။

သူမ၏တုန်ခါနေသည့်အသံကိုကြားတဲ့အခါ တစ်ခုခုဖြစ်ပြီဟုထင်လိုက်သည်။

" နင်ဝယ်လိုက်တဲ့စတော့သုံးခုကတော့ ရူးချင်စရာတွေဖြစ်ကုန်ပြီ "

ရှုမန်အသံတုန်နေသည်။

" ကောင်းတဲ့အရာမဟုတ်လား။ ဘာလို့အထိတ်တလန့်ဖြစ်နေတာလဲ "

ယဲ့ဖန်သည် စိတ်သက်သာရာရသွားပြီး ရေချိုးကန်ထဲဝင်လိုက်သည်။

" ဘာလို့ မထိတ်လန့်ရမှာလဲ။ ငါ ဒီလုပ်ငန်းခွင်မှာ နှစ်တွေအများကြီးရှိလာခဲ့ပေမဲ့ ဈေးကွက်ထဲမှာ ဒီလိုရူးချင်စရာကောင်းတဲ့အတက်နှုန်းမျိုးကို တစ်ခါမှမမြင်ခဲ့ဖူးဘူး "

ရှုမန်သည် ယဲ့ဖန်၏တည်ငြိမ်နေတဲ့အသံကြောင့် အံ့ဩသွားရသည်။

" နေလာတာကြာလာတာနဲ့ အကုန်လုံးကိုမြင်လာနိုင်တာဘဲလေ။ နေသားကျသွားရင်ကောင်းတာပေါ့။ ဒါနဲ့ ဘယ်လောက်တက်သွားတာလဲ။ "

ယဲ့ဖန်သည် ရေချိုးကန်အစွန်နားက အနီရောင်ဝိုင်ခွက်ကိုယူလိုက်ပြီး လက်ထဲတွင်လှည့်လိုက်သည်။ သူသည် အလွန်ကိုကျေနပ်နေသည်။

" အခု ငါတို့ရှုံးသွားတဲ့ဆယ်ခုပါထည့်ပေါင်းမယ်ဆိုရင်တောင် ၁၈%အတက်ပြထားတယ်။ မဟုတ်ဘူး၊ ၂၀%တောင်ဖြစ်နေပြီ။ ရပ်လို့ရတုန်းရပ်လိုက်ရအောင် "

ရှုမန်သည် ယဲ့ဖန်ကိုစကားပြောနေရင်းဖြင့် နောက်ထပ် ၂%တက်လာသည်ကိုတွေ့လိုက်ရပြီး သူမနှလုံးသာက ဆက်ပြီး လက်မခံနိုင်တော့ပေ။

" မပူပါနဲ့၊ ကျည်ဆံကိုနည်းနည်းလောက်ထပ်သွားခိုင်းလိုက်ပါဦး "

ယဲ့ဖန်အသံသည် ယုံကြည်မှုတွေအပြည့်ဖြစ်နေသည်။

" ယဲ့ဖန်၊ ငါ့အကြံကိုနားထောင်။ လောဘကိုမတင်းတိမ်နိုင်တာက စတော့ဈေးကွက်မှာအဆိုးဆုံးဘဲ။ ငါတို့ လုံလုံလောက်လောက်ရပြီးပြီလေ။ ပြန်ရောင်းကြစို့ "

ရှုမန်သည် နည်းနည်းစိတ်ပူပန်လာသည်။

" ကျွန်တော်ပြောသလိုလုပ်ပါ။ စတော့က ၃၀%ထိရောက်သွားရင် ရောင်းလိုက် "

ယဲ့ဖန် ဂဏန်းတစ်ခုပြောလိုက်သည်။

စနစ်သည် သူ့ကို ဘယ်အချိန်မှာဝယ်ပြီး ဘယ်အချိန်မှာရောင်းရန်ပါပြောထားသည်။

ဒါကြောင့် သူ အေးဆေးစွာထိုင်ကြည့်နေနိုင်တာဖြစ်သည်။

ယဲ့ဖန်ကို ဆက်ပြီးနားမချနိုင်မှန်းသိတဲ့အခါ ရှုမန်ဖုန်းချလိုက်တော့သည်။

သို့ပေမဲပ ရှုမန်သည်လည်း လက်မလွှတ်နိုင်တာကြောင့် ဈေးကွက်ဇယားကိုသာထိုင်ကြည့်နေခဲ့သည်။

အသေးငယ်ဆုံးအတက်အကျလေးကတောင် သူမကိုစိတ်လှုပ်ရှားစေသည်။

ထို့နောက် စတော့သုံးခုက သူမမျက်စိရှေ့တွင်ထိုးတက်သွားတာကိုတွေ့လိုက်ရသည်။

စုစုပေါင်းအတက် ၂၃%။

ရှုံးသွားတဲ့ပမာဏအပါအဝင်ကိုပင် ၂၅% ။

စုစုပေါင်း ၂၇%

.

.

.

အမြတ်ပမာဏ ၃၀%

K မျဉ်းကနေကျော်သွားလေလေ အတက်နှုန်းက နှေးလာလေလေဖြစ်သည်။

" မြန်မြန်၊ အကုန်ရောင်းပစ်လိုက်တော့ "

ရှုမန်သည် စတော့သုံးခုက ယဲ့ဖန်ပြောသည့်ရာခိုင်နှုန်းရောက်သည့်အခါ ချက်ချင်းအော်ပြောလိုက်သည်။

လက်ထောက်မလေးသည် အသိစိတ်ပြန်ဝင်လာပြီး မြန်မြန်ဆောင်ရွက်လိုက်တော့သည်။

လက်ထောက်မလေးလိုလူမပြောနှင့် ရှုမန်သည်တောင်မှ ဒီလိုရူးလောက်တဲ့အတက်နှုန်းကိုမမြင်ဖူးပေ။

လက်ထောက်မလေးသည် ကွန်ပျူတာကိုရိုက်နေရင်း လက်တွေတုန်နေသည်။

တစ်ချိန်တည်းမှာဘဲ နောင်တလည်းရသည်။

စတော့သုံးခုသည် ဒီလိုနှုန်းနဲ့ဈေးတက်သွားမယ်မှန်းသိခဲ့ပါက သူမလည်းရှုမန်နဲ့အတူ လိုက်ဝယ်မှာဖြစ်သည်။

အချိန်တိုအတွင်းမှာဘဲ ၃၀%အတက်ပြသွားခြင်းက ပိုက်ဆံကောက်ရခြင်းနှင့်ပင်ဆင်တူသည်။

ရှုမန်ကိုစိတ်လွှတ်သွားပြီဟုထင်ခဲ့ခြင်းက ရယ်စရာကောင်းနေခဲ့သည်။

အခု သူမက အရူးဖြစ်သွားတာလား။

လက်ထောက်မလေး၏လုပ်ဆောင်မှုဖြင့် စတော့သုံးခုက ရောင်းထွက်သွားသည်။

ရှုမန်သည် ထိုင်ခုံပေါ်ခြေပစ်လက်ပစ်ကျသွားပြီး ရေဓာတ်တွေခမ်းခြောက်သွားတော့သည်။

စိတ်စွမ်းအင်ကုန်ခမ်းစေသည့်လုပ်ငန်းစဉ်ဖြစ်ကာ တိုက်ပွဲဝင်ခြင်းနှင့် မခြားနားပေ။

သူမ လုံးဝကို ခြေကုန်လက်ပမ်းကျသွားသည်။

သို့ပေမဲ့ ဒီတစ်ကြိမ်အမြတ်စားလိုက်ရခြင်းက အတော်လေးကောင်းမွန်သည်။

အချိန်တိုအတွင်းမှာဘဲ အရင်းငွေ ၅သန်းထဲမှ လုပ်ငန်းစဉ်အတွက်ပေးဆောင်ခတွေနှုတ်လိုက်လျှင်တောင်မှ သူမ ၁.၅သန်းနီးပါးရလိုက်သည်။

သူမ အိပ်မက်အလားဟုထင်မှတ်စေသည်။

သူမသည် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပြီးတောင်မှ ယွမ်၅သန်းလောက်သာစုဆောင်းနိုင်ခဲ့သည်။

ယခုအချိန်တိုအတွင်းမှာတော့ သူမစုဆောင်းခဲ့တဲ့ပမာဏရဲ့တစ်ဝက်နီးပါးကိုအမြတ်ရလိုက်သည်။

ဒီအဖြစ်အပျက်က ရူးချင်စရာကောင်းသည်။

သို့ပေမဲ့ ယဲ့ဖန်နှင့်ယှဉ်ပါက သူမဝင်ငွေသည် မပြောပလောက်ပေ။

အချိန်တိုလုပ်ဆောင်ချက်အတွင်းမှာဘဲ ယဲ့ဖန်ပိုင်ဆိုင်မှုက သန်း၉၀ထိတိုးသွားသည်။

ဒါက အမှန်တကယ်ကိုကြောက်စရာကောင်းလှသည်။

သူမ ငေးမှိုင်နေတုန်းမှာဘဲ .............

ရုတ်တရက် သူမလက်ထောက်၏ပြောသံကိုကြားလိုက်ရသည်။

" ကျနေပြီ။ အစ်မမန်၊ အဲ့ဒီ စတော့ ရှယ်ယာသုံးခုက စပြီးကျနေပြီ "

ရှုမန် ချက်ချင်းလှည့်ပြီး ကြည့်လိုက်တဲ့အခါ စတော့တွေက ဘာအချက်ပေးမှုမှမရှိဘဲ တရစပ်ထိုးကျနေတာကိုတွေ့လိုက်ရသည်။

ဆယ်မိနစ်အတွင်းမှာဘဲ သူမဝယ်ခဲ့တုန်းက အနိမ့်ဆုံးအမှတ်ထိပြန်ရောက်သွားသည်။

ဆက်တိုက်ကိုကျနေပြီး အဆုံးမရှိပေ။

ထိုမြင်ကွင်းက သူမကိုချွေးပျံစေသည်။

သူမသာ နည်းနည်းနောက်ကျပြီးမှရောင်းပါက ရလဒ်တွေက မတွေးရဲစရာတွေဖြစ်ကုန်လိမ့်မည်။

ထိုအချိန်တွင် သူမစိတ်ထဲမှာ မေးခွန်းအကြီးစားတစ်ခုပေါ်လာသည်။

ယဲ့ဖန်ရဲ့ခန့်မှန်းချက်က ဘယ်လိုဖြစ်ပြီးအဲ့လောက်တိကျနေရတာလဲ။

ဒီနေ့ ဒီစတော့သုံးခုက ထိုးတက်မည်ဆိုတဲ့အကြောင်းကိုသိရုံသာမက အမြင့်ဆုံးအချိန်မှာ ငွေပြန်ထုတ်ဖို့ကိုလည်းသိနေသေးသည်။

သူ့မှာ အထူးစွမ်းရည်တွေရှိနေတာများလား။

ထိုအတွေးနှင့်အတူ ဖုန်းကိုကောက်ကိုင်ပြီး ယဲ့ဖန်ကိုဆက်လိုက်သည်။

" အကုန်ရောင်းပစ်လိုက်ပြီလား "

သူမ မပြောရသေးခင်မှာဘဲ ယဲ့ဖန်ကမေးလိုက်သည်။

" ယဲ့ဖန်၊ အမှန်တိုင်းပြော။ ဘာတွေလုပ်နေတာလဲ "

သူမ ဆက်မမေးခင်မှာဘဲ ယဲ့ဖန်က စကားဖြတ်ပြောလိုက်သည်။

" ဘာမှမမေးပါနဲ့၊ အစ်မမေးရင်တောင် ကျွန်တော်မပြောပြဘူး "

ရှုမန် သူ့စကားကိုရယ်လိုက်သည်။

အမှန်ပင် လူတိုင်းမှာ မပြောပြနိုင်တဲ့လျှို့ဝှက်ချက်တွေရှိကြလေသည်။

အဆုံးထိသိရဖို့ ဘာလို့စိတ်ရှုပ်ခံနေရမှာလဲ။

ပြီးတော့ သူမလည်း ဒီတစ်ခေါက်အမြတ်အကြီးစားရလိုက်တယ်မဟုတ်လား။

ဘယ်အချိန်မှာရပ်သင့်လဲဆိုတာကိုသိတတ်ရမည်။

" အေးပါ၊ ဆက်မမေးတော့ဘူး။ အားလား၊ ရေနွေးကြမ်းလိုက်တိုက်မယ်လေ "

ရှုမန်က သူ့ကိုစဖိတ်ခေါ်လိုက်သည်။

" ကျွန်တော်က အစ်မကို ငွေပမာဏအများကြီးရအောင်ကူပေးထားတာကို ရေနွေးလောက်ဘဲတိုက်မယ်ပေါ့။ ကပ်စေးမနည်းလွန်းဘူးလား "

ယဲ့ဖန်က ရယ်မောစနောက်သည်။

" အဲ့တာဆို ဘာစားချင်လဲ။ ကျုံးဟိုင်က ဘယ်စားသောက်ဆိုင်မဆိုရွေးထားလိုက် "

ရှုမန်သည် ပျော်စရာကိစ္စတွေအတွက်ဆို တက်ကြွတာကြောင့် သူမစကားတွေက နည်းနည်းလေးပိုရဲတင်းနေသည်။

" ထားလိုက်ပါ၊ ရေနွေးသောက်ကျတာပေါ့။ လိပ်စာပို့လိုက်လေ "

ယဲ့ဖန်ဖုန်းချလိုက်ပြီးနောက် ဝတ်စုံသစ်ကိုဝတ်လိုက်သည်။

အဲ့ဒီနောက် Ferrari Enzo ကိုစီးပြီး ရှုမန်နှင့်တွေ့မည့်နေရာကိုထွက်လာခဲ့သည်။

ယဲ့ဖန်သည် သီချင်းလေးညည်းရင်း လမ်းတစ်လျှောက်ရှုခင်းတွေကိုကြည့်နေသည်။ ထိုအချိန်မှာ စနစ်အကြောင်းကြားစာရောက်လာသည်။

[ ရတနာရှာဖွေခြင်းတာဝန်အသစ်ရှာတွေ့ထားပါသည်။ တော်ဝင်ကျောက်စိမ်းအရိုင်းတုံး ]

[ စနစ်ညွှန်ကြားရေးစနစ်စတင်ပါပြီ။ လက်ရှိလမ်းကြောင်းမှ ညာဘက်ကို မီတာ၁၀၀ခန့်ကွေ့ပါ။ ]

ယဲ့ဖန် အံ့ဩသွားသည်။

ရတနာရှာဖွေခြင်းတာဝန်လား။

ရှမန်ကို အမြန်စာပို့လိုက်ပြီး လမ်းမှာပြဿနာတစ်ခုတွေ့တာကြောင့် နောက်ကျမည်ဟုပြောလိုက်သည်။

အဲ့ဒီနောက် စနစ်ညွှန်ကြားသည့်လမ်းကြောင်းပေါ်သို့ပြောင်းလိုက်သည်။

အပိုင်း (၆၇)

လူချမ်းသာတွေရဲ့ကမ္ဘာကိုနားမလည်နိုင်ဘူး။

ယဲ့ဖန် စနစ်ညွှန်ကြားချက်နောက်ကိုလိုက်သည်။

နာရီဝက်မျှကြာပြီးတဲ့နောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုရောက်သွားသည်။

အလုပ်ရှုပ်နေတဲ့လုပ်သားတွေက အလွန်မိုက်တဲ့ပြိုင်ကားတစ်စီးဝင်လာတာမြင်တဲ့အခါ အလုပ်တွေကိုဘေးချပြီး တအံ့တဩလှမ်းကြည့်ကြသည်။

အောက်ခြေအလုပ်တွေကိုလုပ်ရသည့်လူများသည် ဒီလိုအဆင့်အတန်းမြင့်ကားမျိုးကို တီဗီထဲမှာသာမြင်ဖူးကြသည်။

လက်တွေ့မှာမြင်ဖူးမယ်လို့ မထင်မှတ်ထားကြပေ။

လမ်းပေါ်မှ ချိုင့်ခွက်တွေကြောင့် ကားက ရှေ့ဆက်တိုးမရပေ။

ယဲ့ဖန်သည် ရွေးစရာမရှိတော့ဘဲ ကားကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်ဘက်မှာထားခဲ့ပြီး စနစ်၏ညွှန်ကြားရေးလမ်းကြောင်းအတိုင်း လမ်းဆက်လျှောက်ခဲ့သည်။

တစ်အောင့်ကြာပြီးတဲ့နောက် ကျောက်တုံးပုံကြီးရှေ့ရောက်လာသည်။

[ ညွှန်ကြားမှုပြီးဆုံးပါပြီ ]

ကျောက်စိမ်းအရိုင်းတုံးက ဒီကျောက်တုံးအပုံကြီးထဲမှာလား။

ကျောက်တုံးသေးသေးလေးတွေစုထားတဲ့အပုံလိုက်ကြီးကိုကြည့်ပြီး နောက်ဆုတ်ဖို့စဉ်းစားလိုက်သည်။

သို့ပေမဲ့ တော်ဝင်ကျောက်စိမ်းရိုင်းတုံး၏ တန်ဖိုးကြီးမားပုံကိုတွေးမိတဲ့အခါ အံကိုကြိတ်ပြီး ခြေဆောင့်လိုက်ကာ ကျောက်တုံးပုံပေါ်တက်လိုက်ကာ စတင်ရှာဖွေသည်။

လုပ်သားတွေက ယဲ့ဖန်ကိုငေးကြည့်နေကြသည်။

ဒီသူဌေးလေးက ရုတ်တရက်ကြီး ဘာကြောင့် အရူးထသွားပြီးကျောက်တုံးတွေကိုရွှေ့နေသလဲ မသိကြပေ။

မသိသလို မေးလည်းမမေးရဲကြပေ။

ယဲ့ဖန်သည် လေ့ကျင့်ခန်းလုပ်လေ့မရှိသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ အတော်ကြာလှုပ်ရှားပြီးတဲ့နောက် ရပ်လိုက်ရသည်။

ထို့နောက် သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့လုပ်သားတစ်ချို့ကို လက်ပြခေါ်လိုက်သည်။

" ဒီဟာတွေကူရွှေ့ပေးပါ။ ပြီးတာနဲ့တစ်ယောက်စီကို ယွမ်၁၀၀၀ပေးမယ် "

ယဲ့ဖန်အကူအညီလိုကြောင်းကြားတဲ့အခါ လုပ်သားတွေက ကူဖို့ကို ငြင်းဆန်လိုကြသည်။

လူချမ်းသာတစ်ယောက်က သူတို့ရှေ့မှာခွေးလိုအလုပ်လုပ်နေတာကိုတွေ့ရခြင်းက ကြည့်လို့ကောင်းသည်။

သို့ပေမဲ့ လုပ်အားကြေးယွမ်၁၀၀၀ထိရမည်ဟုကြားလိုက်ရတဲ့အခါ ဆက်ကြည့်မနေနိုင်ကြတော့ဘဲ ချက်ချင်းပြေးကူကြတော့သည်။

သူတို့တစ်နေကုန်လုပ်ငန်းခွင်မှာ ကြိုးကြိုးစားစားလုပ်မှ တစ်နေ့ကို ယွမ်၂၀၀သာရသည်။

အခုတော့ ကျောက်တုံးလေးရွှေ့ရုံဖြင့် ယွမ်၁၀၀၀ရလိမ့်မည်။ ဤအရာဟာကောင်းကင်မှ မု့န်ပြုတ်ကျလာခြင်းနှင့်တူသည်။

လုပ်ငန်းတိုင်းမှာ ကျွမ်းကျင်မှုဆိုတာ လိုအပ်သည်။

ထိုလုပ်သားတွေကျောက်တုံးရွှေ့နေခြင်းက ယဲ့ဖန်ထက်အဆပေါင်းများစွာပိုမြန်ကာ တစ်ဝက်ကျော်ကျော်ဖယ်ပြီးသွားပြီဖြစ်သည်။

ထိုအချိန်တွင် လုပ်သားတစ်ယောက်က အနက်ရောင်ကျောက်တုံးတစ်တုံးကို သယ်ထားကြောင့် ယဲ့ဖန်တွေ့လိုက်ရသည်။

ထိုလုပ်သားက ဆဲဆိုနေသည်။

" ဒီကျောက်တုံးက သေအောင်လေးတာဘဲ "

နောက်စကားတစ်ခွန်းထွက်မလာခင်မှာဘဲ ယဲ့ဖန်အပြေးသွားပြီး ထိုလူဆီမှ ကျောက်တုံးကိုဆွဲယူလိုက်သည်။

သူ သေချာကြည့်ဖို့ လုပ်နေတုန်းမှာဘဲ စနစ်အကြောင်းကြားစာရောက်လာသံကို ကြားရပြန်သည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူမှ ရတနာရှာဖွေခြင်းစနစ်ကို အောင်မြင်ပြီးဆုံးသွားပါပြီ။ ထပ်ပေါင်းဆုလာဘ်အဖြစ် ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းတွေမှ ရှယ်ယာအားလုံးအဖြစ် ယွမ်သန်း၆၀၀ကို ရရှိပါသည်။ ]

ယဲ့ဖန် ချက်ချင်းအပျော်လွန်သွားသည်။ ကြည့်တောင့်ကြည့်မနေတော့ဘဲ ကျောက်စိမ်းရိုင်းတုံးကို ကားခန်းထဲထည့်လိုက်သည်။

ထို့နောက် ပိုက်ဆံအထပ်လိုက်ကိုထုတ်ပြီး ရေတောင်မရေဘဲ လုပ်သားတွေကို ပေးခဲ့လိုက်သည်။

အဲ့ဒီနောက် သူ့ Ferrari ကိုစီးပြီး ပြန်ထွက်လာခဲ့သည်။

ကျန်ခဲ့တဲ့လူတွေကတော့ ကြောင်အနေကြသည်။

လူချမ်းသာတွေရဲ့ကမ္ဘာကိုနားမလည်တော့ပါဘူး။

........................

ယဲ့ဖန်သည် ရေနွေးကြမ်းဆိုင်ကိုရောက်လာပြီး ရှုမန်ကြိုတင်ယူထားသည့် သီးသန့်ခန်းကိုရှာတွေ့ခဲ့သည်။

အခန်းထဲမှ ရေနွေးကြမ်းကို ဖြည်းညှင်းစွာသောက်နေသောရှုမန်ကိုတွေ့လိုက်သည်။

ယဲ့ဖန်ရောက်လာတာမြင်တဲ့အခါ သူမက ချက်ချင်းထရပ်ပြီး သူ့ကို စိတ်လှုပ်ရှားစွာနှုတ်ဆက်ပြောသည်။

" ယဲ့ဖန်၊ ငါ ဒီနေ့ ၁.၅သန်းတောင်ရသွားတာ၊ ၁.၅သန်းတောင်လေ။ "

နေ့တစ်ဝက်တည်းနဲ့ သူမ ၁.၅သန်းရခဲ့တာကို မယုံနိုင်သေးပေ။

" ၁သန်းခွဲတည်းမဟုတ်လား။ ဘာလို့အရမ်းစိတ်လှုပ်ရှားနေရတာလဲ "

ယဲ့ဖန်သည် သူမမျက်နှာချင်းဆိုင်မှာ တည်တည်ငြိမ်ငြိမ်ထိုင်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ငှဲ့လိုက်သည်။

" အေးပေါ့၊ နင့်လို သူဌေးအကြီးစားကြီးနဲ့ယှဉ်ရင်တော့ ဘယ်တူပါ့မလဲ။ ဒါပေမဲ့ ငါ့လို ဆင်းရဲသားအတွက်တော့ အဲ့တာက ပမာဏအများကြီးဘဲ "

ရှုမန်သည် ယဲ့ဖန်က မပျော်တာကိုတွေ့တဲ့အခါ ပျင်းစရာကောင်းသည်ဟုတွေးလိုက်သည်။

" ဒါက ဘာမှမဟုတ်ပါဘူး။ အနာဂတ်မှာ ပိုက်ဆံတွေရဖို့ အခွင့်အရေးတွေရှိပါသေးတယ် " ဟု ယဲ့ဖန်က ပဟေဠိဆန်စွာဖြေလိုက်သည်။

" အတွင်းသတင်းတွေရထားလို့လား "

ရှုမန် မျက်လုံးကချက်ချင်းအရောင်တောက်လာသည်။

" အဲ့တာ လျှို့ဝှက်ချက် "

ယဲ့ဖန်က တမင်စကားကိုအထာဖြင့်ပြောသည်။

" မပြောချင်လည်းရပါတယ်။ ဒါပေမဲ့ ငါကတော့ နင့်ကိုဖက်တွယ်ထားမှာဘဲ။ ငါ့ကိုပစ်ထားဖို့မစဉ်းစားနဲ့နော်၊ ဟွန့် "

ရှုမန်သည် ခပ်ညှို့ညှို့ဖြင့်ပြောနေသည်။

ထိုအသံက ယဲ့ဖန်ကို နှလုံးခုန်သံတွေမှားစေသည်။

ဒီမိန်းမက အရမ်းကိုဆွဲဆောင်မှုရှိလွန်းသည်။

ဝန်ထမ်းတွေအတွက် စမ်းသပ်ရာမရောက်ဘူးလား။

" ငါ့ကိုအမှန်တိုင်းပြော၊ နင့်မှာ အခုပိုက်ဆံဘယ်လောက်ရှိလဲ "

ရှုမန်သည် ယဲ့ဖန်ကို သူမ၏သိချင်စိတ်အပြည့်ရှိနေသာမျက်လုံးရွဲလေးဖြင့်ပြောသည်။

" ကျွန်တော်ကဆင်းရဲပါတယ်။ အဲ့ဒီသန်း ၃၀၀က ကျွန်တော့်မှာရှိသမျှမ၏အကုန်ဘဲ "

ယဲ့ဖန်က ငိုတော့မတတ်လုပ်ပြသည်။

" တကယ်ကြီးလား "

ရှုမန်မယုံနိုင်ဖြစ်နေသည်။

" အမှန်ပါ၊ ကျွန်တော်က အစ်မကို လိမ်မယ့်သူမလို့လား "

ယဲ့ဖန်အကြည့်တို့က အတော်လေးကိုရိုးသားဖြူစင်နေသည်။

ထိုအချိန်မှာဘဲ သူ့ဖုန်းက နှစ်ခါတုန်ခါလာသည်။

ဘဏ်ဝင်စာနှင့် WeChat မှမက်ဆေ့ချ်ရောက်လာမှုကြောင့် ဖုန်းကလင်းသွားသည်။

[ ၁၂၆၃ဖြင့်ဆုံးသော သင့်ဘဏ်ကတ်ထဲသို့ သန်း၅၅၀ ရောက်လာပါသည်။ ]

" ဖူး၊ ဖူး၊ ဖူး "

ရေနွေးကြမ်းသောက်နေသောရှုမန်သည် သူ့မျက်နှာပေါ်မှုတ်ထုတ်မိသွားသည်။

ထိုအချိန်မှာဘဲ ရေနွေးကြမ်းခွက်က သူမရင်ဘတ်ပေါ်သို့ဖိတ်ကျသွားသည်။

" တောင်းပန်ပါတယ် .......... "

သူမ ကိုယ်ဟန်ကြောင့်ဖြစ်သွားတာကိုသတိထားမိတဲ့အခါ လက်လှမ်းပြီး ယဲ့ဖန်မျက်နှာပေါ်ကရေတွေကိုသုတ်ပေးသည်။

" မပူသွားဘူးမလား၊ အဆင်ပြေရဲ့လား "

ယဲ့ဖန်ကလည်း တစ်ရှူးကိုထုတ်ပြီး သူမရင်ဘတ်ပေါ်ကပေနေတဲ့ရေတွေကိုသုတ်ပေးသည်။

ထို့နောက် အခန်းတွင်းလေထုက ရုတ်တရက်အေးခဲသွားတော့သည်။

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မလှုပ်မယှက်ဖြစ်ကုန်ကြသည်။

" အာ "

အတော်ကြာမှ ရှုမန်က အရင် အသိစိတ်ပြန်ဝင်လာသည်။ သူ့ကို အမြန်အဝေးတွန်းထုတ်လိုက်ပြီး သူမနေရာမှာပြန်ထိုင်လိုက်သည်။

ယဲ့ဖန်သည်လည်း လက်ကို ကြောင်ကြောင်အအဖြင့် ပြန်ရုတ်လိုက်သည်။

သူ တိတ်တဆိတ်လက်ချောင်းတွေကို ပွတ်လိုက်သည်။

" ရေနွေးကြမ်းသောက်လေ "

" ရေမဆာဘူးလေ "

" အဲ့တာဆို အချိုပွဲနည်းနည်းစား "

" ဗိုက်မဆာဘူး "

" ................. "

အခုလေးတင်ဖြစ်သွားတဲ့ ရှက်စရာကိစ္စပြီးတဲ့နောက်

သူတို့နှစ်ယောက်ကြားလေထုက အနည်းငယ်ထူးဆန်းသွားသည်။

ထိုအချိန်တွင် ယဲ့ဖန်ဖုန်းမှ ရုတ်တရက်မြည်လာသည်။

သူ ပြေးပေါက်ရသွားပြီး မြန်မြန်ဖုန်းကိုင်လိုက်သည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ မင်းရဲ့ ဦးထုပ်နီနှင့်မိန်းကလေး ပန်းချီကားက ယွမ်သန်း၅၅၀နှင့် လေလံအောင်ရောင်းချလိုက်နိုင်ပါတယ်။ မင်းရဲ့ဘဏ်အကောင့်ထဲကိုလွှဲပြီးပါပြီ။ လက်ခံရရှိရဲ့လား "

ရှုမန်သည် ဖုန်းထဲမှအသံတွေကို အတိုင်းသားကြားနေရသည်။

အဲ့ဒီနောက် အံ့ဩမှုကြောင့် သူမ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ပန်းချီကားတစ်ချပ်ကို ယွမ်သန်း ၅၅၀နဲ့ လေလံအောင်သွားတာတဲ့လား။

အပိုင်း (၆၈)

စနစ်၏အတွင်းကျကျညွှန်ကြားမှုစနစ်စတင်ခြင်း။

ဖုန်းခေါ်ဆိုသူသည် Sotheby လေလံကုမ္ပဏီ၏အထွေထွေမန်နေဂျာ ချန်းချုံရှန်းဖြစ်သည်။

" ရပြီးပါပြီ။ ကျေးဇူးတင်ပါတယ်၊ မန်နေဂျာချန်း "

ယဲ့ဖန်ချက်ချင်းပြန်ဖြေလိုက်သည်။

" ယဲ့လူကြီးမင်းလေး၊ မင်းက ယဉ်ကျေးလွန်းနေပါပြီ။ ဒီတစ်ကြိမ်မှာ မင်းက ငါ့ကိုကူညီပေးလိုက်နိုင်တာပါ။ မင်းရဲ့ပန်းချီကားကြောင့်သာမဟုတ်ရင် ငါ မျက်နှာပျက်ရမှာပါ "

" မန်နေဂျာချန်းက ကြင်နာလွန်းနေပါပြီ။ ဒီလိုဈေးမြင့်မြင့်နဲ့ရောင်းလိုက်နိုင်တဲ့အတွက် ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါ "

" ကောင်းပါပြီ၊ အရမ်းကြီးတရိုတသေမပြောကြရအောင်ပါ။ ဒီတစ်ကြိမ်ငါတို့ကမိတ်ဆွေတွေဖြစ်သွားကြပြီဆိုတော့ မင်းကိုအနာဂတ်မှာ ကူညီပေးနိုင်တာရှိမယ်ဆိုရင် ငါ့ကိုအသိပေးပါ "

" တိုက်ဆိုင်လိုက်တာ၊ ကျွန်တော် မေးချင်တာလေးရှိတယ် "

ယဲ့ဖန် တစ်ခုခုကို ရုတ်တရက်တွေးမိပြီး အလျင်အမြန်ပြောလိုက်သည်။

" ပြောပါ "

ချန်းချုံရှန်းက မြန်မြန်ဘဲသဘောတူလိုက်သည်။

" ဒီလိုပါ၊ ကျွန်တော်ရောင်းချင်နေတဲ့ကျောက်စိမ်းအရိုင်းတုံးတစ်ခုရှိတယ်။ အသိများရှိသလား "

ယဲ့ဖန်စိတ်ထားက အတော်လေးရိုးရှင်းတည့်တိုးဆန်သည်။

" ဟာ၊ ကိစ္စကြီးတစ်ခုလို့ထင်လိုက်တာ။ ဒါကတော့ အသေးအဖွဲပါ "

ချန်းချုံရှန်းအသံသည် အနည်းငယ်စိတ်ပျက်သွားပုံရပေမဲ့ မြန်မြန်ဘဲ ဖြေပေးသည်။

" ကျုံးဟိုင်မှာ ကျောက်ရိုင်းတွေကို ရောင်း၀◌ယ်တဲ့ဆိုင်တစ်ခုဖွင့်ထားတဲ့ အသိတစ်ယောက်ရှိတယ်။ သူ့ကိုပြောထားလိုက်မယ်၊ သူ့ဆီကိုတိုက်ရိုက်သွားလိုက်ပါ "

အဲ့ဒီနောက် ယဲ့ဖန်ကို လိပ်စာပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ်၊ မန်နေဂျာချန်း "

ယဲ့ဖန်သည် ချန်းချုံရှန်းနှင့် အတော်ကြာစကားဆက်ပြောပြီးတဲ့နောက်မှ ဖုန်းချလိုက်သည်။

တစ်ချိန်လုံးနားထောင်နေခဲ့တဲ့ရှုမန်ကမေးလာသည်။

" နင်ပြောနေတဲ့မန်နေဂျာချန်းက ဘယ်သူလဲ "

ယဲ့ဖန်သည် ရေနွေးကြမ်းခွက်ကိုမြှောက်ပြီးတစ်ငုံသောက်လိုက်သည်။

" Sotheby လေလံကုမ္ပဏီက ချန်းချုံရှန်း "

" ချန်းချုံရှန်းတဲ့လား "

ရှုမန် အံ့ဩသွားသည်။

" ဘာလို့လဲ၊ သူက နာမည်ကြီးလို့လား "

ယဲ့ဖန်သည် သူမအမူအရာကိုမြင်တဲ့အခါ ရယ်ချင်သွားသည်။

" သူက နာမည်ကြီးရုံတင်မဟုတ်ဘူး။ သူက စီးပွားရေးလောကရဲ့ဂန္တဝင်ကြီးဘဲ။ သူ့ရဲ့စီးပွားရေးဖြေရှင်းချက်တွေကို စာအုပ်တွေထဲမှာတောင် ထည့်ရေးကြတာ၊ နင်နဲ့သူသိလိမ့်မယ်လို့ထင်မထားဘူး။ ငါတော့နင့်ကို ထင်ထားတဲ့အမြင်ကနေ ကွဲကြည့်ရတော့မယ်ထင်တယ် "

ရှုမန်သည် ယဲ့ဖန်ကို သိချင်စိတ်အပြည့်ဖြင့်ကြည့်နေသည်။

သူမဘေးအိမ်ကနေကြီးပြင်းလာတဲ့ဒီကောင်လေးကို သူမ ဘယ်လိုမှနားမလည်နိုင်တော့ပေ။

ဒီတစ်ယောက် ဘာတွေကြုံခဲ့တာလဲ။

ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုနဲ့ ဒီလောက်အပြောင်းအလဲအကြီးကြီး ဘယ်လိုဖြစ်သွားတာလဲ။

သူမက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်နေတဲ့အခါ ယဲ့ဖန်ကူကယ်ရာမဲ့လာသည်။

သူလုပ်ခဲ့သမျှက ချန်းချုံရှန်းကိုသိရုံမျှသာဖြစ်သည်။

ဒီလိုကြည့်ဖို့လိုလို့လား။

....................

သူတို့နှစ်ဦးသား နေ့လယ်တွင် ရေနွေးကြမ်းအတူသောက်ပြီးတဲ့နောက် ရှုမန်သည် အလုပ်လုပ်စရာရှိသေးတဲ့အတွက် ကုမ္ပဏီသို့အရင်ပြန်သွားခဲ့သည်။

ယဲ့ဖန်ကတော့ ကျောက်စိမ်းရိုင်းတုံးကိုယူပြီး ချန်းချုံရှန်းပြောသည့် ကျောက်လောင်းတဲ့နေရာသို့ သွားသည်။

ထိုကျောက်ဝိုင်းသည် အနည်းဆုံး ဆယ်မီတာထောင်ချီပတ်လည်ရှိသည်။

ဈေးကွက်ထဲတွင် ဈေးဆိုင်တန်းလေးတွေဖြင့်ပြည့်နေသည်။

ဈေးဆိုင်တန်းလေးများထဲတွင် အရွယ်အစားမျိုးစုံရှိသောကျောက်တုံးတွေစုပုံနေသည်။

ကျောက်စိမ်းဝိုင်းထဲတွင် လူတွေပြည့်နှက်နေပြီး ငါးစိမ်းတန်းကဲ့သို့ဆူညံနေသည်။

သို့ပေမဲ့ ညတွင်းချင်းမချမ်းသာချင်တဲ့သူ မရှိပေ။

" အား၊ သေပါပြီ။ ငါ့မိသားစုရဲ့ပိုင်ဆိုင်သမျှ အကုန်ကုန်သွားပြီ။ ဆက်ရှင်နေရင် ဘာထူးတော့မှာလဲ "

ယဲ့ဖန် ဈေးထဲဝင်လာတဲ့အခါ ဆံပင်ဘုတ်သိုက်ရှိကာ နာကျင်မှုကြောင့်ညစ်ပတ်နေသည့်မျက်နှာဖြင့်သက်သတ်ပိုင်းလူတစ်ယောက်ကိုတွေ့လိုက်သည်။

သို့ပေမဲ့ မကြာခင်မှာဘဲ ထိုလူကြီးကို လုံခြုံရေးတွေကလာဆွဲခေါ်သွားကြသည်။

ယဲ့ဖန်သည် ထိုလူကြီး၏မြည်ကြွေးအော်ငိုသံကိုကြားနေရသေးသည်။

အရှင်းဆုံးပြောရလျှင် ကျောက်ဈေးကွက်သည် ကောင်းကင်သို့အရောက်ပို့ပေးမည့်ဓားတစ်လက်ဖြစ်နိုင်သလို ငရဲသို့လည်းပို့ပေးနိုင်သည်။

အကယ်၍ ကျောက်စမ်းတာသာအောင်သွားလျှင် ညတွင်းချင်းချမ်းသာသွားနိုင်သည်။

ဇိမ်ခံကားတွေ၊ မိန်းမလှလေးတွေ၊ စံအိမ်တွေနှင့် အားလုံးရနိုင်သည်။

ပြီးတော့ ရှုံးတဲ့သူတွေကတော့ ချက်ချင်းကို ချိတ်ပိတ်ခံရနိုင်သည်။

ဘယ်လိုဘဲဖြစ်ပါစေ ကျောက်လောင်းသည့်လောကသည့် မသေချာမှုတွေဖြင့်ပြည့်နှက်နေသည်။

ကျောက်တုံးအထဲကိုမြင်နိုင်သည့် ဓာတ်မှန်လိုမျက်လုံးမျိုး ဘယ်သူ့မှာမှမရှိပေ။

သူတို့ကံကောင်းမှုအပေါ်ကိုသာ ပုံအပ်နိုင်သည်။

ယဲ့ဖန်ခေါင်းခါလိုက်ပြီး ချန်းချုံရှန်းမိတ်ဆက်ပေးသည့် မိတ်ဆွေဆီကိုဖုန်းဆက်လိုက်သည်။

ထိုအချိန်တွင် စနစ်မှအသံက ရုတ်တရက်စိတ်ထဲပေါ်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ စနစ်၏အတွင်းကျကျညွှန်ကြားမှုကို ရရှိသွားပါပြီ။ ဤလုပ်ငန်းဆောင်တာသည် သင့်အနီးအနားရှိတစ်မီတာပတ်လည်အတွင်းမှရတနာတွေကို ရှာဖွေပေးနိုင်ပါသည်။ ဒီအသုံးဝင်မှုကို ဖွင့်ဖို့အတွက် ယွမ်၁၀သန်းကျသင့်ပါသည်။ ဖွင့်ဖို့ဝယ်ယူချင်ပါသလား ]

ယဲ့ဖန်သည် စနစ်အကြောင်းကြားစာအသံကိုကြားတဲ့အခါ အတော်လေးအံ့ဩသွားသည်။

ဒီလိုကစားလို့ရောရတာလား။

တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း 'လက်ခံသည်'ကိုနှိပ်လိုက်သည်။

ဆယ်သန်းလောက်ဘဲလေ။

သူ့အတွက် ဘာမှမပြောပလောက်ပေ။

[ စနစ်၏အတွင်းကျကျရှာဖွေညွှန်ကြားခြင်းလုပ်ငန်းဆောင်တာစနစ်ပါပြီ။ ]

စနစ်၏လုပ်ငန်းစဉ်အရ အံ့ဩစရာကောင်းသော မျက်နှာပြင်တစ်ခုပေါ်လာသည်။

စနစ်မှ မျက်နှာပြင်အမည်းဖြင့်ကျောက်ရိုင်းတုံးတွေကို အရာမရှိသောအတုံးတွေကို မှတ်ချက်ပေးနေသည်။

[ သာမန်ကျောက်တုံး၊ တန်ဖိုး - ၀ ]

[ ကျောက်စိမ်းစေး၊ အလေးချိန် - ၁.၂ ကီလိုဂရမ်၊ တန်ဖိုး - ယွမ်၂သန်းခန့် ]

[ ကျောက်စိမ်းအေး၊ အလေးချိန် - ၀.၇ ကီလိုဂရမ်၊ ...... ]

ကျောက်တုံးတွေ၏ဈေးကို တစ်ခုစီချင်းစီအသေးစိတ်ပြသထားသည်။

ယဲ့ဖန်နှလုံးခုန်နှုန်း နှစ်ဆမြန်လာသည်။

ဒါတွေက ရွှေတောင်ကြီးပင်ဖြစ်သည်။

သို့ပေမဲ့ အဲ့တာက သူ့ဆန္ဒအရပြသပေးတဲ့စနစ်ဖြစ်သည်။

ပြဿနာက တခြားဟာဖြစ်သည်။

အတွင်းကျကျစနစ်လုပ်ဆောင်ချက်က ကျောက်ရိုင်းတုံးတွေရဲ့အချက်အလက်ကိုပြသပေးနိုင်လျှင် လူတစ်ယောက်ရဲ့အချက်အလက်တွေကိုရောပြနိုင်လား။

ဥပမာ၊ ကောင်မလေး ဘယ်လိုအောက်ခံအရောင်ဝတ်ထားလဲဆိုတာမျိုး။

အရွယ်အစားကရော။

ဘာဒီဇိုင်းလဲဆိုတာရော။

ထိုအချိန်တွင် ကျောက်လောင်းဝိုင်းမှ အမျိုးသမီးဝန်ထမ်းတစ်ယောက်က ဝင်လာသည်။

" လူကြီးမင်း၊ ဘာများကူညီပေးရမလဲ "

ယဲ့ဖန် သူမကိုကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

အတွင်းကျကျစနစ်လုပ်ဆောင်ချက်သည် ရတနာရှာဖို့အတွက်သာသုံးလို့ရသည်။

လူတွေအပေါ်မှာတော့ သက်ရောက်မှမရှိပေ။

" ရပါတယ်၊ ဒီအတိုင်းကြည့်နေတာပါ "

ယဲ့ဖန်သည် သူမ၏ကူညီမှုကိုငြင်းလိုက်သည်။ ဈေးဆိုင်တန်းတစ်ခုဆီသွားပြီး ကျောက်စိမ်းရိုင်းတုံးတစ်ချို့ကိုရွေးယူလိုက်သည်။

" ဒါတွေယူမယ် "

အဲ့ဒီနောက်တခြားဈေးတန်းကိုသွားလိုက်သည်။

" အဲ့တာ၊ အဲ့တာ၊ အဲ့တာ။ အဲ့တာတွေအကုန်ယူမယ် "

အဲ့လိုနဲ့ ဟိုဟိုဒီဒီဈေးဆိုင်တန်းတွေကိုပတ်သွားနေခဲ့သည်။

သူ၏ထူးဆန်းတဲ့အပြုအမူက ကျောက်ဝိုင်းထဲကသူတွေရဲ့အာရုံကိုဖမ်းစားမိသွားစေသည်။

ဒီတစ်ယောက်က ဘာလို့ ကျောက်တုံးတွေက ဟင်းသီးဟင်းရွက်ဝယ်သလိုဝယ်နေရတာလဲ။

All Chapters