အပိုင်း ၆၉-၇၂
Vol. 4 Ch. 69-72
အပိုင်း (၆၉)
ထူးဆန်းပြီးရူးနေတဲ့တကယ့်သူဌေးကြီးတွေလား။
" ဒီတစ်ယောက်ကတော့ ပိုက်ဆံအများကြီးရှိတဲ့အရူးနေမှာဘဲ "
" ဟုတ်တယ်။ ဘာလို့ ကျောက်တုံးအရိုင်းတွေကို အဲ့လိုဝယ်နေရတာလဲ။ ပိုက်ဆံတွေကိုလွှင့်ပစ်နေတာနဲ့မတူဘူးလား "
" ဒီကျောက်လောကမှာ ပညာတွေအများကြီးလိုတယ်လေ။ အဲ့လိုပေါက်စလေးက ဘယ်လိုနားလည်မှာလဲ "
" စောင့်ကြည့်ကြတာပေါ့။ နောက်ကျမှ သူ ငိုဖို့နေရာတောင်ပျောက်နေလိမ့်မယ် "
ကျောက်ဝိုင်းထဲမှ ကျင်လည်တဲ့သူအဟောင်းတွေက ထိုပုံစံကိုမြင်တဲ့အခါ ယဲ့ဖန်လုပ်ဆောင်ချက်ကို လှောင်ပြောင်ကြသည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ လုံးဝဂရုမစိုက်ပေ။
ကျောက်အရိုင်းတုံးရှစ်တုံးကိုးတုံးလောက်ဝယ်ပြီးတဲ့နောက် ဆက်မဝယ်တော့ပေ။
လက်ရှိနေရာတွင် အဖိုးတန်အရိုင်းတုံးများစွာရှိနေသေးသော်လည်း အရောင်မလှသလို အချက်အလက်တွေလည်းမကောင်းပေ။
ပိုက်ဆံအချို့ရနိုင်သော်လည်း သူ့အချိန်ကုန်ဖို့မတန်ပေ။
ထိုအချိန်တွင် သူ့ကိုစောင့်ကြည့်နေကြတဲ့သူတွေက စပြောဆိုကြတော့သည်။
" ညီလေး၊ မင်းဝယ်လာတဲ့ကျောက်တွေကိုဖြတ်ပြီး ငါတို့မြင်အောင်ပြပေးပါလား "
" ဟုတ်တယ်၊ ဟုတ်တယ်။ ကျောက်ရိုင်းတွေကို ဒီလိုဝယ်တဲ့သူမျိုးမတွေ့ဖူးသေးဘူး။ ဒီညီလေးက တကယ်ကိုကြမ်းတမ်းတာဘဲ "
" အဲ့လိုပြောမနေနဲ့။ ငါက ငါးပိုမိအောင်ချထားတဲ့ ပိုက်ကွန်ဘဲ။ ကြောင်မျက်ကန်းက ကြွက်သေကိုတွေ့တာဖြစ်နိုင်ပါ့မလား "
" ဟားဟားဟား၊ သူသာ ဒီကျောက်တွေထဲက အမြတ်ရရင် ငါအဲ့ကျောက်တွေကိုဒီမှာတင်စားပြလိုက်မယ် "
လူတိုင်းရဲ့စကားတွေကိုကြားပြီး ယဲ့ဖန်ရယ်ရုံသာရယ်လိုက်သည်။
" ကောင်းပြီလေ၊ ခင်ဗျားတို့ကြုံစေရပါမယ် "
အဲ့လိုနှင့် ယဲ့ဖန်က ကျောက်တုံးတွေကိုဖြတ်ပေးဖို့ ဝန်ထမ်းကိုပြောလိုက်သည်။
" ကျစ်၊ သူ့ကိုယ်သူဘဝင်မြင့်နေတယ်လို့ပြောလိုက်တာနဲ့ ဒေါသထွက်သွားရောလား။ မင်းကိုယ်မင်း ကျောက်ဆရာကြီးလို့ထင်နေလား "
လူအုပ်ကြီးက သူ့ကိုဝိုင်းရယ်ကြသည်။
ထိုအချိန်တွင် မလှမ်းမကမ်းကျောက်ရိုင်းတုံးဆိုင်တွင် ........
ကျောက်ရွေးနေတဲ့အဖြူရောင်ဂါဝန်နှင့်မိန်းကလေးက ဖြည်းဖြည်းချင်းခေါင်းထောင်လာသည်။ သူမ၏လှပတဲ့မျက်နှာလေးက သိချင်စိတ်အပြည့်ဖြစ်နေသည်။
" ဦးလေးလျုံ၊ ဟိုမှာဘာဖြစ်နေတာလဲ "
သူမနောက်က လူကြီးတစ်ယောက်က ရိုရိုသေသေပြန်ဖြေလိုက်သည်။
" တစ်ယောက်ယောက်က ကျောက်ဖြတ်မလို့ထင်တယ် "
ထိုမိန်းကလေးက ချက်ချင်းဘဲ အရမ်းသိချင်သွားသည်။
" သွားကြည့်ရအောင် "
ထိုလူကြီးကကြားတဲ့အခါ အနောက်မြန်မြန်လိုက်သွားသည်။
သူ့စူးရှတဲ့မျက်လုံးတွေက ပတ်ဝန်းကျင်မှုလှုပ်ရှားမှာများကို အဆက်မပြတ်သေချာဂရုစိုက်ကြည့်နေသည်။
သိမ်းငှက်တစ်ကောင်အသွင်ဖြစ်နေသည်။
ယဲ့ဖန်သည်ဝန်ထမ်းကို ကျောက်ခြင်းထဲမှ ကျောက်ရိုင်းတုံးတွေကိုရွှေ့ခိုင်းလိုက်သည်။
အဲ့ဒီနောက် မထင်မရှားဆုံးအတုံးကိုရွေးပြီး ဘောပင်ဖြင့်အမှတ်အသားလုပ်လိုက်သည်။
ထို့နောက် ကျောက်ဖြတ်တဲ့ဆရာကိုပေးလိုက်သည်။
" ကျွန်တော်မှတ်ထားတဲ့နေရာကနေဖြတ်ပေးပါ "
ထိုကျောက်ဖြတ်ဆရာသည် ခေါင်းကိုခါရင်း သက်ပြင်းချလိုက်ကာ ကျောက်တုံးကိုဖြတ်မည့်စက်ထဲထည့်လိုက်သည်။
သူသည် ယဲ့ဖန်ရွေးလိုက်သည့်ကျောက်အပေါ်အားရမှုမရှိပေ။
သို့ပေမဲ့ပညာရှင်ဆန်စွာဖြင့် စက်ကိုစဖွင့်လိုက်သည်။
ကျွီ၊ ကျွီ၊ ကျွီ။
နားထဲစူးနေသည့်စက်လည်နေသည့်အသံနှင့် ကျောက်အချင်းချင်းပွတ်တိုက်နေသည့်အသံတို့ကျယ်လောင်စွာထွက်လာသည်။
လူအုပ်ကြီးကလည်း မျှော်လင့်နေကြသည်။
ကျောက်ဖြတ်ပြီးသွားတာနဲ့ ဖြစ်သွားမယ့် လက်ဖွာခဲ့တဲ့ယဲ့ဖန်ရဲ့အမူအရာကို စိတ်ဝင်တစားမြင်ချင်ကြတာဖြစ်သည်။
ထိုအချိန်မှာဘဲ ကျောက်ဖြတ်ဆရာရဲ့အံ့ဩတဲ့အသံကရုတ်တရက်ထွက်လာသည်။
" တကယ်ကြီးထွက်လာတာလား "
သူ့အသံတွင် မယုံကြည်နိုင်ခြင်းတို့ပြည့်နေသည်။
ထိုစကားကိုကြားတဲ့အခါ ပွဲကြည့်သူများ၏မျက်လုံးတို့ပြူးကျယ်ကုန်ကြသည်။
ထွက်လာတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒီကလေးတွေ့ကရာရွေးလိုက်တဲ့ကျောက်ရိုင်းတုံးတွေက ကျောက်အောင်သွားတာလား။
ချက်ချင်းဘဲ စိတ်မရှည်တဲ့သူတစ်ချို့ ရှေ့တိုးလာပြီးလာစစ်ကြသည်။
အဲ့ဒီနောက် ကျောက်ရိုင်းတုံးထဲမှ တလက်လက်ဖြင့်အရည်ရွှမ်းနေသောအစိမ်းရောင်ကိုမြင်လိုက်ရသည်။
" တကယ်ကြီးကျောက်အောင်သွားတာလား "
တစ်ချို့သူတွေက ယဲ့ဖန်ကိုလှည့်ကြည့်ကြသည်။
သူတို့မျက်ဝန်းထဲမှာ အံ့ဩမှုတွေပြည့်နေကြသည်။
ယဲ့ဖန်အမူအရာကတော့ အတော်လေးတည်ငြိမ်နေသည်။ သူက ကျောက်ဖြတ်ဆရာကို ခေါင်းငြိမ့်ပြလိုက်သည်။
" ဆက်ဖြတ် "
ကျောက်ဖြတ်ဆရာက အံ့ဩနေတဲ့အမူအရာကိုအမြန်ဖယ်လိုက်ပြီး ကျောက်တွေကိုဆက်ဖြတ်သည်။
မကြာခင်မှာဘဲ ကျောက်ရိုင်းတုံးကိုဖြတ်လို့ပြီးသွားသည်။
ထုတ်ပြီးသေချာကြည့်လိုက်သည်။
နှလုံးသားကိုဖောက်ထွက်သွားနိုင်သည့်အစိမ်းရောင်ဖြစ်သည်။ လူတိုင်းရှေ့မှာ တလက်လက်တောက်ပနေသည်။
လူအုပ်ထဲမှ အဖြူရောင်နှင့်မိန်းကလေးမျက်လုံးတို့ကလည်း တောက်ပလာသည်။
" ျီးဘဲ၊ ဒီကောင်က တကယ်ကြီးပွသွားတာလား "
" ပြီးတော့ အဲ့တာက ပုတီးသားကျောက်စိမ်းကွ။ အဲ့လောက်အတုံးကြီးဆို ယွမ်ထောင်ချီလောက်အနည်းဆုံးတန်လောက်တယ်၊ မဟုတ်လား "
" ဒီကလေးက တကယ်ကံကောင်းတာဘဲ။ တွေ့ကရာရွေးလိုက်ပြီး မြတ်သွားတာဘဲ "
" ဘယ်သူပြောတာလဲကွ။ အဲ့ကောင်လေးသာတကယ်ကျောက်အောင်သွားရင် ကျောက်တုံးတွေကိုစားပြမယ်ဆိုတာလေ "
" သူက ကြွက်သေနဲ့တိုးသွားတဲ့ ကြောင်မျက်ကန်းသာသာပါကွာ။ ဘာအစွမ်းအစမှမရှိပါဘူး။ သူသာလုပ်နိုင်ရင် နောက်တစ်ခုရွေးပြီး ကျောက်ထပ်အောင်ရင် ကျောက်တုံးတွေကို မစားပြရဲတဲ့အကောင်က အမှိုက်သရိုက်လိုကောင်ဘဲဟေး "
ယဲ့ဖန်သည် လူတိုင်းစကားကို မကြားချင်ယောင်ဆောင်နေလိုက်သည်။
ကျောက်တုံးရိုင်းကိုထပ်ကောက်ပြီး ကြည့်လိုက်ကာ ဘေးပို့လိုက်သည်။
ထိုပုံစံက အမှိုက်ပစ်နေတဲ့ပုံနဲ့တောင်တူသည်။
အဲ့ဒီနောက် ကျောက်ပုံထဲကနောက်တစ်လုံးကိုယူလိုက်ပြီး အမှတ်မှတ်ကာ ကျောက်ဖြတ်ဆရာကို ထပ်ပေးလိုက်သည်။
" ဆက်ဖြတ်ပါ "
ကျောက်ဖြတ်ဆရာသည် ယဲ့ဖန်အပေါ်လေးစားမှူအဆင့်မြင့်သွားသော်လည်း ယဲ့ဖန်သည် တစ်ခါတည်းကျောက်နှစ်ခုလုံးကို ကံစမ်းလိမ့်မည်ဟုထင်မထားပေ။
ဘယ်လိုလုပ်ပြီး လူတစ်ယောက်က နှစ်ခါလုံးကံကောင်းနိုင်မှာလဲ။
ထိုသို့တွေးနေသော်လည်း စက်ကိုစဖွင့်လိုက်သည်။
ကျွီ၊ ကျွီ၊ ကျွီ။
စက် ဘီးလည်နေသံက ထပ်ထွက်လာသည်။
စက် ဘီးသည် တစ်လက်မလောက်သာဖြတ်ရသေးသော်လည်း ရုတ်တရက် ငေးရလောက်တဲ့အစိမ်းရောင်ကစိမ့်ထွက်လာသည်။
ကျောက်ဖြတ်ဆရာလက်တွေ တုန်လှုပ်သွားကာ ကျောက်ကိုဖြတ်မိမတတ်ဖြစ်သွားသည်။
" ထပ်အောင်ပြန်ပြီလား "
သူ့အသံသည် အတော်လေးတုန်နေသည်။
သို့ပေမဲ့ နေရာမှာရှိတဲ့သူတိုင်းက မယုံပေ။
ကျောက်ထပ်အောင်တာလား။
လူအုပ်ကြီးက ရှေ့တက်လာပြီးကြည့်ကြသည်။
ထိုအချိန်မှာဘဲ ကျောက်ဖြတ်ဆရာက ကျောက်ရိုင်းတုံးကို စက်ထဲကနေ တုန်တုန်ရီရီဖြင့်ထုတ်လိုက်သည်။
" ရေခဲသားကျောက်စိမ်းလား။ တကယ်ကြီးရေခဲသားလား "
" ဒါက ပုတီးသားထက်တောင် ပိုကောင်းသေးတယ်ကွ။ ဒီကလေးရဲ့ကံကတော့ ကောင်းကင်က ကောင်းချီးပေးထားတယ်ထင်တယ်၊ မဟုတ်လား "
" ငါဆို ကျောက်လောကမှာကစားလာတာ နှစ်အများကြီးရှိပြီကို၊ တစ်ခါမှ ရေခဲသားကျောက်မအောင်ဖူးသေးဘူးကွ "
" ဟုတ်တယ်၊ ကောင်းကင်က ငါတို့ကိုကျ မျက်ကွယ်ပြုထားတယ် "
လူအုပ်ကြီးက အုတ်အော်သောင်းနင်းတွေဖြစ်ကုန်သည်။
သူတို့သည် မနာလိုအားကျနေကြသည်။
အများစုကတော့ မလိုမုန်းတီးကြသည်။
သူတို့ဒီလောက်နှစ်တွေအများကြီးလုပ်ခဲ့တာတောင် ဘာကြောင့် ဒီလူငယ်လေးလောက် ကံမကောင်းရတာလဲ။
အင်္ကျီဖြူနဲ့မိန်းကလေးကလည်း ယဲ့ဖန်ကို တအံ့တဩကြည့်နေခဲ့သည်။
သူမသည်လည်း ကျောက်လောကမှာရှိတာမကြာသေးသော်ငြား တစ်ချီတည်းနှင့် ကျောက်နှစ်ခါပွင့်ဖို့ဆိုတာ မလွယ်ကူမှန်းသိလေသည်။
ဒါက ကံကောင်းတာလား၊ စွမ်းရည်လား။
ယဲ့ဖန်အမူအရာသည် နည်းနည်းလေးမှမပြောင်းလဲပေ။ တတိယမြောက်အတုံးကိုဆက်ပြီး ကျောက်ဖြတ်သမားကိုဖြတ်ခိုင်းသည်။
" ဆက်ဖြတ်ပါ "
အပိုင်း (၇၀)
ရိုးရှင်းစွာဖြင့် ကျောက်တုံးမှ ရွှေအဖြစ်ပြောင်းလဲခြင်း။
ဒီအခြေအနေတွင်တော့ ကျောက်ဖြတ်ဆရာသည် ယဲ့ဖန်ကို တစ်စက်မှ အထင်မသေးရဲတော့ပေ။
လာနောက်နေတာလား။
သူ ကံကို မယုံပေ။
ဒီလိုကျောက်အရိုင်းတုံးနှစ်တုံးကို တစ်ချီတည်းနဲ့ ကျောက်ပွင့်သွားတာမျိုးသည် သူ့အရှေ့မှလူငယ်လေးတွင် အရည်အချင်းတစ်ချို့ရှိကြောင်း ပြသဖို့အတွက် လုံလောက်တာထက်ကိုပိုသည်။
ကျောက်တုံးကို သေချာယူပြီးတဲ့နောက် ကျောက်ဖြတ်ဆရာမှ ကျောက်ဖြတ်စက်ကို ထပ်ဖွင့်လိုက်သည်။
ကျွီ၊ ကျွီ .........
ဒီတစ်ကြိမ်တွင်တော့ ကျောက်ဖြတ်ဆရာက ဘာမှအံ့ဩသံမပြုပေ။
ဘေးမှာဝိုင်းနေတဲ့လူအုပ်ကြီးက အချင်းချင်းကြည့်လိုက်ကြသည်။
ဘာကိုဆိုလိုတာလဲ။
ဒီတစ်ခါတော့ ကျောက်မပွင့်သွားဘူးမလား။
လူတိုင်းက သက်ပြင်းချကြသည်။
အကယ်၍ ဒီကလေးသာဆက်ပြီး ကျောက်အောင်နေပါက သူတို့ တကယ်ပင်သေချင်စိတ်ပေါက်လာတော့မည်ဖြစ်သည်။
သို့ပေမဲ့ သူတို့အောင်ပွဲမခံနိုင်ခင်မှာပင် ...........
ကျောက်ဖြတ်ဆရာမှ ကျောက်တုံးကို စက်မှဖယ်လိုက်တာကိုတွေ့လိုက်သည်။
အရှေ့နှစ်တုံးထက်ကို ပိုပြီးကျောက်ရည်ကောင်းတဲ့အစိမ်းရောင်သည် လူတိုင်း၏မျက်စိရှေ့တွင်ပေါ်ထွက်လာတော့သည်။
" ဖန်သား၊ မှန်သား အမျိုးအစားကျောက်စိမ်းလား "
ပွဲကြည့်ပရိတ်သတ်တွေက မိုးကြိုးပစ်ခံလိုက်ရသည့်အလား နေရာမှာတင် ကြက်သေသေကုန်ကြသည်။
ဖန်သား၊ မှန်သားကျောက်စိမ်းမျိုးသည် အတော်လေးရှားပါးသည်။
ကျောက်လောကမှ အသက်အရွယ်ကြီးရင့်သူများပင် သူတို့ဘဝတစ်လျှောက်လုံးမှာ ဒီလိုကျောက်မျိုးမအောင်ဖူးကြပေ။
အရှုံးသမားဟု သူတို့လှောင်ရယ်ခဲ့ကြတဲ့ ဒီလူငယ်လေးကတော့ သုံးခါဆက်တိုက်ကို ကျောက်အောင်သွားခဲ့သည်။
ထို့အပြင် တတိယမြောက်အတုံးက ရှားပါးဖန်သားကျောက်စိမ်းအမျိုးအစားဖြစ်သည်။
သူတို့ ဒါကို ဘယ်လိုများ သည်းခံနိုင်မှာလဲ။
အဖြူရောင်နဲ့ကောင်မလေးက သူမအနောက်ဘက်ကလူကြီးဘက်ကိုလှည့်ပြီးမေးသည်။
" ဦးလေးလျုံ၊ ဘယ်လိုထင်လဲ "
ဦးလေးလျုံဟုခေါ်သည့်လူကြီးက ယဲ့ဖန်ကိုသေချာစူးစိုက်ကြည့်သည်။
" ဒီကလေး သာမန်တော့မဟုတ်ဘူး "
ထိုအဖြူဝတ်နဲ့မိန်းကလေးက တောက်ခေါက်လိုက်သည်။
ဦးလေးလျုံက လူငယ်တစ်ယောက်ကို ဒီလိုချီးကျူးတာမျိုး ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်သည်။
ကြည့်ရတာ ဒီလူက တကယ်စိတ်ဝင်စားစရာကောင်းတာဘဲ။
သို့ပေမဲ့ လူတိုင်းအံ့ဩနေတဲ့ကိစ္စကမပြီးသေးပေ။
လေးတုံးမြောက်က ကျောက်ပွင့်သွားပြန်သည်။
ငါးတုံးမြောက်။
ခြောက်တုံးမြောက်ထပ်အောင်ပြန်သည်။
မကြာခင်တွင် ယဲ့ဖန်၏ကျောက်တုံး၉တုံးလုံးကို ဖြတ်ပြီးသွားပြီဖြစ်သည်။
အဲ့တာတွေအားလုံးက ကျောက်တုံးတွေသာဖြစ်ခဲ့သည်။
အခုတော့ အရူးတောင်မြင်နိုင်သည်။
ဒီလူငယ်လေးက လက်ဖွာတဲ့သူဌေးသားလေးမဟုတ်ဘဲ တကယ့်ဆရာကြီးဘဲ။
မဟုတ်ဘူး၊ သူက ဆရာကြီးတွေထက်တောင် ပိုအစွမ်းထက်သေးတယ်။
သူ ဘာမှမလုပ်သေးသရွေ့တော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ လုပ်ပြီဆိုတာနဲ့ အကောင်းချည်းဘဲ။
ဒါက ကျောက်တုံးကိုရွှေပြောင်းနေတာမဟုတ်ဘူးလား။
လူတိုင်းက ယဲ့ဖန်ကိုကြည့်လိုက်ကြကာ လေးစားသမှုအပြည့်ဖြစ်နေသည်။
အဖြူနဲ့ကောင်မလေးက တစ်ခဏစဉ်းစားပြီးတဲ့နောက် ယဲ့ဖန်ဆီသို့လျှောက်သွားသည်။
" မင်္ဂလာပါ၊ လူကြီးမင်း။ ကျွန်မက ရှုကျင်းရှင်းပါ။ ရှင့်ကိုသိလို့ရမလား "
ယဲ့ဖန် တစ်ခဏအံ့ဩသွားပြီးနောက် ဖြေတော့မည့်အချိန်မှာဘဲ သက်လတ်ပိုင်းခပ်ဝဝယောက်ျားတစ်ဦးက မြန်မြန်လျှောက်လာသည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်းလား။ ကျွန်တော်က မန်နေဂျာချန်းရဲ့သူငယ်ချင်း၊ ထျန်းသာ့ကွမ်းပါ "
ယဲ့ဖန်သည် ရှုကျင်းရှန်းကို အဖတ်မလုပ်တော့ဘဲ ထျန်းသာ့ကွမ်းလက်ကိုဆွဲနှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ၊ ထျန်းလူကြီးမင်း။ မန်နေဂျာချန်းက ကျွန်တော်ဘာလို့ဒီရောက်လာလဲဆိုတာကို ပြောပြီးပြီထင်ပါတယ် "
ထျန်းသာ့ကွမ်းမှ မြန်မြန် ခေါင်းငြိမ့်လိုက်သည်။
" ယဲ့လူကြီးမင်းမှာရောင်းချင်နေတဲ့ကျောက်ရိုင်းတုံးရှိတယ်လို့ကြားပါတယ်။ မင်းက ချန်းလူကြီးမင်းရဲ့မိတ်ဆွေဆိုမှတော့ ကျွန်တော့်မိတ်ဆွေပါဘဲ။ အရှုံးမရှိစေရဘူးလို့ ကတိပေးပါတယ် "
ယဲ့ဖန်မှ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" ထျန်းလူကြီးမင်း၊ ခဏစောင့်ပါဦး။ ကျောက်ရိုင်းတုံးကို သွားယူလိုက်ပါဦးမယ် "
ယဲ့ဖန်လှည့်ပြီး ကျောက်ဝိုင်းထဲမှထွက်လာသည်။
ဘေးမှ လျစ်လျူရှုခံလိုက်ရတဲ့ ရှုကျင်းရှင်းက ထိုမြင်ကွင်းကြောင့် အနည်းငယ်မျက်မှောင်ကုတ်လိုက်သည်။
ဒါသည် သူမဘက်မှအရင်စပြီး တစ်ဖက်ယောက်ျားလေးကို မိတ်ဆွေဖွဲ့တာဖြစ်သည်။
တစ်ဖက်လူမှ လျစ်လျူရှုသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီလူကတော့ ..........
တကယ်ကို မာန်တက်နေတာဘဲ။
မကြာမီတွင် ယဲ့ဖန်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှရလာသည့် ကျောက်စိမ်းတုံးကိုယူပြီးပြန်လာသည်။
အဲ့ဒီနောက် မျဉ်းတစ်ကြောင်းဆွဲမှတ်လိုက်သည်။
ထို့နောက် ကျောက်ဖြတ်ဆရာကို အသေအချာပေးလိုက်ပြီး ထပ်ခါထပ်ခါသတိပေးလိုက်သည်။
" ဖြတ်တဲ့အခါ သေချာဂရုစိုက်ပါ "
ကျောက်တုံးတွေကိုဖြတ်နေတဲ့ဆရာကြီးက ရုတ်တရက် ပုခုံးပေါ်တောင်ပုံလာသလိုခံစားလိုက်ရသည်။
အစောပိုင်းတွင် သူကျောက်တုံးတွေကိုဖြတ်တုန်းက တစ်ဖက်လူက သူ့ကို ဂရုစိုက်ဖို့ ဘာသတိပေးချက်မှမပြောခဲ့ပေ။
သို့ပေမဲ့ ဒီတစ်တုံးကိုတော့ အတော်လေးဂရုစိုက်နေသည်။
ဒီတစ်တုံးက တစ်ခုခုထူးခြားတာရှိလို့လား။
ပွဲကြည့်လူတွေက ပို၍မျှော်လင့်စောင့်စားနေကြသည်။
ကျောက်ဖြတ်ဆရာက အသက်ပြင်းပြင်းရှူသွင်းပြီး ကျောက်စိမ်းတုံးကို ကျောက်ဖြတ်စက်ပေါ်တင်လိုက်သည်။ ထို့နောက် ကျောက်စက်ကိုဖွင့်လိုက်သည်။
ကျွီ၊ ကျွီ ........
ကျောက်စက်ဘီးသွားက ကျောက်တုံးကိုဖြတ်နေသံထပ်ထွက်လာသည်။
လူတိုင်းက အသက်ကိုအောင့်ပြီး မျှော်လင့်တကြီးကြည့်နေကြသည်။
ဂျောက်။
ပထမတစ်ဖြတ်ကို ဖြတ်ပြီးသွားသည်။
ကျောက်တုံးကို ဖြတ်လိုက်တဲ့ဆရာက နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ လန့်ဖျပ်အေးခဲသွားသည်။
ဘာ တုန့်ပြန်မှုမှမရှိပေ။
" အခြေအနေဘယ်လိုဘဲ။ ဘာလို့ရပ်လိုက်တာလဲ "
" ဆရာကြီး၊ ဘာလုပ်နေတာလဲ။ အခြေအနေပြောပါဦး "
" အိုက်ယား၊ စိတ်ပူလို့သေတော့မယ်။ ပြောပါဦး "
" ........ "
သူက ဘာပုံစံမှမပြတဲ့အခါ လူတိုင်းက သူ့ကို အလောတကြီးပြောကြတော့သည်။
အတော်ကြာတဲ့အခါမှ ကျောက်ဖြတ်ဆရာက နောက်ဆုံးမှာ အသိပြန်ဝင်လာပြီး တုန်တုန်ရီရီဖြင့် ကျောက်တုံးကို စက်ပေါ်မှချကာ ကျောက်ကို ပြတင်းပေါက်ဖွင့်လိုက်သည့်အတိုင်း ခေါင်းပေါ်မြှောက်ကာ လူတိုင်းမြင်အောင်ပြလိုက်သည်။
" တော်ဝင်ကျောက်စိမ်းကွ။ ငါ တကယ်ကြီးတော်ဝင်ကျော်စိမ်းကို ဖြတ်ခဲ့တာ "
သူ၏စိတ်လှုပ်ရှားနေတဲ့အသံက ဟိန်းထွက်လာသည်။
ကျောက်ဝိုင်းတစ်ခုလုံးတိတ်သွားတော့သည်။
လူတိုင်းက ထိုကျောက်တုံးကိုကြည့်ပြီး မျက်စိရောနားပါ ပြူးကျယ်ကုန်ကြပြီး အံ့ဩမှင်သက်ကုန်ကြသည်။
ထိုအစိမ်းရောင်မှာ လူတိုင်းကိုယစ်မူးပျော်ဝင်စေနိုင်သည်။
ကမ္ဘာပေါ်တွင် အလှဆုံးအရောင်ဖြစ်သည်။
သေစေလောက်သည့်ပဉ္စလက်စွမ်းအားတွေကိန်းအောင်းနေသည်ဟု ထင်ရစေသည်။
လူတိုင်းကို ထိုအစိမ်းရောင်ကညှို့ယူဖမ်းစားထားသည်။
ရှုကျင်းရှင်းသည်လည်း ထိုမြင်ကွင်းကြောင့် အံ့ဩနေသည်။
တော်ဝင်ကျောက်စိမ်း။
နာမည်အတိုင်းပင် ကျောက်စိမ်းထဲတွင် ဘုရင်မျိုးဖြစ်သည်။
မြစိမ်းအဖြစ်လည်းသိကြသည်။
လက်ထိပ်သာသာလောက်အရွယ်အစားဆိုပါက မိသားစုဘိုးဘွားပိုင်ပစ္စည်းဟုပြောနိုင်သည်။
သို့ပေမဲ့ သူတို့ရှေ့မှကျောက်တုံးကတော့ ကီလိုအနည်းငယ်လောက် လေးနိုင်သည်။
တော်ဝင်ကျောက်စိမ်းနှင့်ယှဉ်ပါက ကျောက်တွေအားလုံးသည် အိမ်သာထဲက ကျောက်ခဲသာသာပင်ဖြစ်ကုန်သည်။
၎င်းတို့၏အရည်အသွေးတွေအားလုံးမှေးမှိန်ကုန်သည်။
ယဲ့ဖန်တောင်မှ တော်ဝင်ကျောက်စိမ်း၏ပုံစံကို အတော်လေးမျက်စိကျနေသည်။
တော်ဝင်ကျောက်စိမ်းကို ဒီလိုတလက်လက်တောက်နေလိမ့်မည်ဟု မထင်ထားပေ။
တကယ်ကိုတောက်ပနေတာဘဲ။
ထျန်းသာ့ကွမ်းမှ အရင်ဆုံးတုန့်ပြန်လိုက်ကာ ယဲ့ဖန်လက်ကိုဆွဲလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို မင်း အဲ့ကျောက်တုံးရောင်းမှဖြစ်မယ်။ ကျွန်တော် သန်း၆၀၀ပေးပြီးဝယ်ဖို့ ဆန္ဒရှိပါတယ် "
ဝိုး၊ ဝိုး။
သူပြောပြီးတာနဲ့ ကျောက်ဝိုင်းတစ်ခုလုံး ပွက်လောရိုက်ကုန်ကြတော့သည်။
ယွမ်သန်း ၆၀၀။
ကျောက်တုံးလေးတစ်တုံးက သူ့ကို ဘဝပေါင်းများစွာစားမကုန်တဲ့ ပိုက်ဆံပမာဏကိုပေးနေသည်။
ထိုအရာက လူတိုင်းကို မနာလိုမှုကြောင့် ရူးသွပ်စေနိုင်သည်။
ယဲ့ဖန်တစ်ခဏမျှ ရေရွတ်စဉ်းစားပြီးတဲ့နောက် ခေါင်းကိုခါလိုက်သည်။
" ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီကျောက်ရိုင်းတုံးကို ကျွန်တော်မရောင်းချင်ဘူး "
အပိုင်း (၇၁)
ပထမဆုံးနေ့တဲ့လား။ ဘယ်သူ့ကိုလာအရူးလုပ်နေတာလဲ။
ယဲ့ဖန်မှ မရောင်းချင်တော့ကြောင်းကို ထျန်းသာ့ကွမ်းကြားတဲ့အခါ သူ စိတ်လှုပ်ရှားလာသည်။
" ယဲ့လူကြီးမင်း၊ ဈေးကို စိတ်တိုင်းမကျလို့များလား။ မင်း ဈေးသတ်မှတ်လို့ရပါတယ်။ ကျွန်တော် ဈေးမဆစ်ပါဘူး "
ယဲ့ဖန်မှ ခေါင်းခါလိုက်သည်။
" ပိုက်ဆံကြောင့်မဟုတ်ပါဘူး၊ ကျွန်တော် စိတ်ပြောင်းသွားလို့ပါ "
ထျန်းသာ့ကွမ်းသည် နည်းနည်းစိတ်ပျက်သွားပေမဲ့ ဘာမှမပြောပေ။
တစ်ဖက်လူသည် ချန်းချုံရှန်းလိုအဆင့်ကလူကိုတောင်သိမှတော့ သူသည်လည်း သာမန်လူမဖြစ်နိုင်ပေ။
သေချာပေါက် ဒီလိုငွေပမာဏလေးကို ဂရုစိုက်မည်မဟုတ်ပေ။
ယဲ့ဖန် အနည်းငယ်အားနာသွားသည်။
" ကျွန်တော့်မှာ ကျောက်အရိုင်းတုံးတွေရှိပါသေးတယ်။ တကယ်လို့ ထျန်းလူကြီးမင်းသာ စိတ်မရှိဘူးဆိုရင် ကျေးဇူးပြုပြီးလက်ခံပေးပါ။ ကျွန်တော့်ကို ဘယ်ဈေးနဲ့မဆိုပေးလို့ရပါတယ် "
ထျန်းသာ့ကွမ်းစိတ်မကောင်းမှုက ပျော်ရွှင်မှုအဖြစ်ချက်ချင်းပြောင်းသွားသည်။
ကျောက်ရိုင်းတုံးအပုံလိုက်ကို စုလိုက်လျှင်တောင်မှ ဒီလိုတော်ဝင်ကျောက်စိမ်းမျိုးကို ယှဉ်နိုင်မည်မဟုတ်ပေ။
သို့ပေမဲ့ သူတို့သည်လည်း ရှားပါးပစ္စည်းကောင်းလေးတွေဖြစ်သည်။
အကြမ်းဖျင်းတွက်ချက်မှုအရ ယွမ်သန်း၃၀ကျော်ဖိုးလောက်ရှိသည်။
ထျန်းသာ့ကွမ်းမှ ယဲ့ဖန်ကို ချက်ချင်းငွေလွှဲပေးလိုက်သည်။
ယဲ့ဖန်သည် ထိုငွေအတွက်ကျေနပ်သွားသည်။
စနစ်ညွှန်ကြားရေးအဆင့်မြင့်ခြင်းနှင့် ကျောက်ရိုင်းတုံးတွေကိုဝယ်လိုက်သည့် ကျသင့်ငွေကို နှုတ်လိုက်လျှင်တောင်မှ ယဲ့ဖန်ယွမ်၁၀သန်းကျော်ရလိုက်သည်။
ထိုအချိန်တွင် ရှုကျင်းရှင်းမှ အခွင့်အရေးရှာပြီး ရှေ့ထပ်တိုးလာသည်။
" ယဲ့လူကြီးမင်း၊ ကျွန်မတို့အခုစကားပြောလို့ရပြီလား "
ယဲ့ဖန်မှ သူမကို ထူးဆန်းစွာကြည့်လိုက်သည်။
" ပြောစရာရှိလို့လား "
ချစ်စရာကောင်းတဲ့အပြုံးနှင့်အတူ ရှုကျင်းရှင်းမှပြောသည်။
" အခုတလော ကျောက်လောကကိုစိတ်ဝင်စားနေလို့ပါ။ အကယ်၍ ယဲ့လူကြီးမင်းဆီက ကျောက်ဝယ်တာနဲ့ပတ်သက်ပြီး ပညာလေးရနိုင်မလားလို့ပါ "
ထိုစကားကြားတဲ့အခါ ယဲ့ဖန်မှ ချက်ချင်းခေါင်းခါပြီးငြင်းလိုက်သည်။
" တောင်းပန်ပါတယ်၊ ဒီနေ့က ပထမဆုံးကျောက်ဝိုင်းထဲလာတာပါ။ မင်းကိုသင်ပေးနိုင်တာ ဘာမှမရှိပါဘူး "
ယဲ့ဖန်သည် အမှန်ပြောနေတာဖြစ်သည်။
သူ ကျောက်အောင်တာတွေက စနစ်၏ညွှန်ကြားချက်ကြောင့်သာဖြစ်သည်။
အမှန်တကယ်ပင် ကျောက်ကစားခြင်းနဲ့ပတ်သက်ပြီး သူ ဘာမှမသိပေ။
သို့ပေမဲ့ ရှုကျင်းရှင်းနားထဲတွင်တော့ ထိုစကားတွေက တခြားအဓိပ္ပာယ်သက်ရောက်နေသည်။
ဒီတစ်ယောက် သူမကို ပထုတ်ဖို့ သိသိသာသာလိမ်ပြောနေတာဖြစ်သည်။
ဒီလို ကျောက်ရိုင်းတုံးတွေကို ဆက်တိုက် ကျောက်ပွင့်အောင်လုပ်ထားပြီးမှ ဒီနေ့က သူ့ပထမဆုံးနေ့လို့ပြောရဲသေးတယ်ပေါ့။
ဘယ်သူ့ကို လာအရူးလုပ်နေတာလဲ။
ဒါဟာ သူမဘဝတွင် ယောက်ျားလေးဘက်မှ သူမကိုငြင်းဆန်တာ ပထမဆုံးဖြစ်သည်။
သူမတစ်ခုခုပြန်ပြောဖို့လုပ်နေတုန်းဆိုပေမဲ့ ယဲ့ဖန်က သူမကို အခွင့်အရေးလေးတောင်မပေးပေ။ တော်ဝင်ကျောက်စိမ်းတုံးကို သယ်ပြီး ထွက်သွားတော့သည်။
ရှုကျင်းရှင်းသည် သူ့နောက်ကျောကိုကြည့်ပြီး သူမမျက်ဝန်းထဲမှ သိချင်စိတ်တို့က ကြီးသထက်ကြီးလာသည်။
ထိုအချိန်တွင် သူမအနောက်ကိုတစ်လျှောက်လုံးလိုက်နေတဲ့ ဦးလေးလျုံက ဖြည်းဖြည်းချင်း သူမအနားကို လျှောက်လာသည်။
" သခင်မလေး၊ သူ့နောက်ခံကိုစုံစမ်းပေးရမလား "
ရှုကျင်းရှင်းတစ်ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
" ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ သူ့အကြောင်းပိုသိချင်ရင် ကျွန်မဘာသာစုံစမ်းမှာပေါ့ "
ဦးလေးလျုံမှ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
သူ့သခင်မလေးသည် အရာရာတွင်တော်ပေမဲ့ သိချင်စိတ်များလွန်းသည်။
ယောက်ျားတစ်ယောက်အကြောင်းကိုသိချင်တာက အန္တရာယ်များမှန်း သူမ မသိဘူးလား။
.....................
ယဲ့ဖန်သည် တော်ဝင်ကျောက်စိမ်းတုံးကို ကားခန်းထဲထည့်ကာ ကားစက်နှိုးလိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်ဆီသို့ ရေပူစမ်းအပန်းဖြေစခန်းမှ ရုတ်တရက်ဖုန်းဝင်လာကာ သူ့ကို စာရွက်စာတမ်းလွှဲပြောင်းရေးလုပ်ရန်မေးသည်။
ထိုအခါမှသာ ယဲ့ဖန်သည် ဒီနေ့ရတနာရှာဖွေခြင်းတာဝန်ပြီးမြောက်သည့်အတွက် စနစ်မှ သူ့ကို အားလပ်ရက်အပန်းဖြေစခန်းကို ဆုပေးထားမှန်း သတိရသည်။
သူ ချက်ချင်း ကားကိုစက်နှိုးပြီး အပန်းဖြေစခန်းဆီသို့ဦးတည်သွားသည်။
တကယ်တော့ ယဲ့ဖန် ထိုအပန်းဖြေစခန်းအကြောင်ဒကို ကြားခဲ့ဖူးတာ အတော်ကြာပြီဖြစ်သည်။
ထိုနေရာသည် အတော်လေးကြီးကျယ်ခမ်းနားကာ လာရောက်အပန်းဖြေသူများသည် ဝင်ငွေယွမ်၁၀သန်းနှင့်အထက်ရှိသူများဟု ပြောကြသည်။
အရင်တုန်းကတော့ ယဲ့ဖန်မှာ ထိုသို့ခမ်းနားထည်ဝါလွန်းတဲ့မျှော်လင့်ချက် များများစားစားမရှိခဲ့ပေ။
တစ်နေ့မှာ သူဒီနေရာရဲ့ သူဌေးတစ်ယောက်ဖြစ်လာမယ်လို့လဲ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
ယဲ့ဖန်အပန်းဖြေအခြေစိုက်စခန်းကိုရောက်တဲ့အခါ လူကြီးပိုင်းတွေမှ စခန်းရှေ့ပေါက်တွင်စောင့်နေကြသည်ကိုတွေ့လိုက်ရသည်။
ယဲ့ဖန်ရောက်လာသည်ကိုမြင်တဲ့အခါ တည်ကြည်တဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက်က အခြားသူများကိုဦးဆောင်ပြီး သူ့ကိုကြိုဆိုသည်။
" ယဲ့လူကြီးမင်းဖြစ်မယ်ထင်တယ်။ ကျွန်တော်က ရေပူစမ်းအပန်းဖြေစခန်းက သူဌေး ဟူဝမ်မင်းပါ "
ယဲ့ဖန်သည် သူနှင့်လက်ကိုဆွဲကာ ယဉ်ကျေးစွာပြန်နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ၊ သူဌေးဟူ။ လွှဲပြောင်းရေးစာရွက်စာတမ်းတွေပြင်ဆင်လို့ပြီးပါပြီလား "
ဟူဝမ်မင်း အလျင်အမြန်ခေါင်းငြိမ့်သည်။
" အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ယဲ့လူကြီးမင်း လက်မှတ်ထိုးဖို့ဘဲ ကျွန်တော်တို့ကစောင့်နေတာပါ "
ယဲ့ဖန် ဘာမှဆက်မပြောဘဲ အကြီးပိုင်းအုပ်စုလိုက်ပို့တဲ့ရုံးခန်းရှိရာ အဆောက်အဦးဆီသို့သာ ဦးတည်သွားလိုက်သည်။
ယဲ့ဖန်သည် ဒီလိုလုပ်ငန်းစဉ်တွေနှင့် အတော်လေးရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။
လွှဲပြောင်းရေးလုပ်ငန်းအတွက် နာရီဝက်မျှသာကြာမြင့်ခဲ့သည်။
ဟူဝမ်မင်းက ထရပ်ပြီး ပြီးမြောက်သွားတဲ့အတွက် စိတ်သက်သာရာရသွားသည်။
" ဂုဏ်ပြုပါတယ်၊ ယဲ့လူကြီးမင်း။ သူဌေးယဲ့က အခုကစပြီး ဒီရေပူစမ်းအပန်းဖြေစခန်းရဲ့ပိုင်ရှင်ဖြစ်သွားပါပြီ "
ထိုသို့ပြောရင်း သူ၏လက်အောက်ငယ်သားထံမှ အနက်ရောင်ကတ်တစ်ကတ်ကိုယူလိုက်သည်။
" ဒါက ကျွန်တော်တို့ရေပူစမ်းအပန်းဖြေစခန်းရဲ့ စူပါဗွီအိုင်ပီကတ်ပါ။ ကတ်နံပါတ်က ၀၀၁ ပါ။ ကျေးဇူးပြုပြီးလက်ခံပေးပါ သူဌေးယဲ့ "
ယဲ့ဖန်သည် ထိုအနက်ရောင်ကတ်ကို စူးစူးစမ်းစမ်းယူလိုက်သည်။
" ဒီဗွီအိုင်ပီကတ်က ဘာလုပ်လို့ရတာလဲ "
ဟူဝမ်မင်းမှ အလျင်အမြန်ရှင်းပြသည်။
" ကျွန်တော်တို့ အပန်းဖြေစခန်းမှာ နာမည်ကြီးတဲ့ ' ကောင်းကင်ဘုံနတ်ရေကန် ' ဆိုတာရှိပါတယ်။ ဒီစူပါဗွီအိုင်ပီကတ်ရှိတဲ့သူတွေမှသာ ဝင်လို့ရတာပါ "
ယဲ့ဖန်၏သိချင်စိတ်မှ ချက်ချင်းမေးခွန်းတစ်ခုပေါ်လာသည်။
" ဒီကတ်က ဘယ်နှစ်ခုရှိတာလဲ "
ဟူဝမ်မင်းက လက်သုံးချောင်းထောင်ပြသည်။
" အခုတော့ သုံးခုတည်းရှိတာပါ။ ကျန်တဲ့နှစ်ခုကိုတော့ ကျုံးဟိုင်မြို့ရဲ့သူဌေးအကြီးစားနှစ်ယောက်ကို ပေးထားပါတယ် "
" အဲ့တာဆို အဲ့ကန်ရဲ့အနှစ်သာရကို ခံစားချင်ပါသေးရဲ့ "
ဟူဝမ်မင်းမှ လျင်မြန်စွာဆက်ပြောသည်။
" ကျွန်တော် သူဌေးယဲ့အတွက် ညစာပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ သွားစားကြမလား "
ယဲ့ဖန်ပြုံးပြီး ခေါင်းကိုခါလိုက်သည်။
" ညစာအတွက်မလိုပါဘူး။ နောက်တစ်ခေါက်အခွင့်အရေးကြုံမှပေါ့ "
ယဲ့ဖန်၏ငြင်းဆိုချက်ကိုကြားတဲ့အခါ ဟူဝမ်မင်းသည် ဘာမှဆက်မပြောတော့ပေ။
ထို့နောက် သူကိုယ်တိုင် တံခါးကိုဖွင့်ပေးပြီးလိုက်ပို့သည်။
ယဲ့ဖန်သည် အပန်းဖြေစခန်းတစ်လျှောက်ကို တစ်ယောက်တည်း လှည့်ပတ်ကာ ရှုခင်းကြည့်နေခဲ့သည်။
ဒီရေပူစမ်းအပန်းဖြေစခန်းသည် ကျော်ကြားထိုက်ပေသည်။
ရှုမျှော်ခင်းတို့က အတော်လေးကို သာယာသည်။
လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားတွေလည်း အများအပြားရှိနေသည်။
ထိုအချိန် သူအရှေ့တွင် စုဝေးနေသောလူအုပ်ကြီးကို ရုတ်တရက် ယဲ့ဖန်တွေ့လိုက်သည်။
တစ်ချက်တစ်ချက် လူအုပ်ထဲမှ စကားများသံထွက်လာသည်။
ပြဿနာတက်နေတာများလား။
ယဲ့ဖန်သည် သိချင်လာတာကြောင့် ထိုနားသို့လမ်းလျှောက်သွားသည်။
ထို့နောက် သူ လူအုပ်ထဲမှ ရင်းနှီးသည့်ပုံရိပ်လေးကိုတွေ့လိုက်ရသည်။
အဲ့တာ ရှချူးမဟုတ်လား။
အပိုင်း (၇၂)
ရှင့်ကို ကျွန်မလိုမိန်းကလေးဘက်ကနေ အရင်စပြီး ခေါ်စေချင်တာလား။
ယဲ့ဖန်သည် ဒီနေရာမှာ ရှချူးကိုတွေ့လိမ့်မည်ဟု ထင်မထားပေ။
သူမအနောက်တွင် ရိုက်ကူးရေးပစ္စည်းများကိုကိုင်ထားသော ရိုက်ကူးရေးအဖွဲ့သားများရှိနေသည်။
ကြည့်ရတာ သူတို့ဒီမှာ ရုပ်ရှင်ရိုက်ဖို့ရောက်နေတာဖြစ်ရမည်။
သို့ပေမဲ့ သူတို့ပြဿနာတစ်ခုခုကြုံနေပုံပေါ်သည်။
ဒါရိုက်တာဟုထင်ရသည့် မုတ်ဆိတ်နှင့်သက်လတ်ပိုင်းလူကြီးက အပန်းဖြေစခန်းဝန်ထမ်းနှင့် စကားများနေသည်။
" ပိုက်ဆံဘယ်လောက်လိုချင်တာလဲ။ ငါတို့ပေးမှာပါ။ ဘာလို့ အထဲကိုသွားလို့မရတာလဲ "
စခန်းဝန်ထမ်း၏သဘောထားကလည်း မပြောင်းဘဲအတော်လေးတင်းမာနေသည်။
" တကယ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံနတ်ရေကန်က လူတိုင်းအတွက်ဖွင့်မပေးဘူးဆိုတဲ့စည်းမျဉ်းရှိပါတယ်။ ခင်ဗျားတို့ရိုက်ကူးရေးလုပ်ချင်ရင် သာမန်ရေချိုးကန်ကိုသွားလို့ရပါတယ် "
မုတ်ဆိတ်နှင့်ဒါရိုက်တာကြီးက ဒေါသထွက်လွန်းလို့ ရယ်ချပလိုက်သည်။
" ဟာသဘဲ။ ဒီဟာက အားလပ်ရက်အပန်းဖြေစခန်းလေ။ ဘာလို့ နတ်ရေကန်ကို လူတိုင်းအတွက်ဖွင့်မပေးထားရတာလဲ။ ငါတို့က မတတ်နိုင်မှာစိုးလို့လား။ ဘာစကားပြောတာလဲ။ ပိုက်ဆံဘယ်လောက်သုံးမှ ဝင်ခွင့်ပြုမှာလဲ "
ဝန်ထမ်းကလည်း အနည်းငယ်ဒေါသထွက်လာသည်။
" ကျွန်တော်ပြောပြီးပြီလေ၊ နတ်ရေကန်က စူပါဗွီအိုင်ပီတွေအတွက် အထူးတလည်ပြုလုပ်ထားတာပါဆို။ ခင်ဗျားတို့မှာ စူပါဗွီအိုင်ပီကတ်မရှိရင် ပိုက်ဆံဘယ်လောက်သုံးသုံး အဲ့ထဲကို ဝင်လို့မရဘူး "
ထိုမုတ်ဆိတ်နှင့်ဒါရိုက်တာက သူ့ဒေါသကိုအကောင်းဆုံးချုပ်တည်းလိုက်သည်။
" ကောင်းပြီ၊ ဒါဆိုလည်း ငါ့ကိုပြော၊ ဘယ်မှာ အဲ့ဒီစူပါဗွီအိုင်ပီကတ်ကိုရနိုင်မလဲ။ ငါတို့စီစဉ်လိုက်မယ် "
ဝန်ထမ်းမှ ခေါင်းကို ဂရုမစိုက်ဟန်ဖြင့် ခါလိုက်သည်။
" အဲ့လိုလုပ်ပေးလို့မရဘူး "
ဒါရိုက်တာက ဆက်ပြီးသည်းမခံနိုင်တော့ပေ။
" မင်းက ငါတို့ကို တမင်သက်သက်ခက်ခဲအောင်လုပ်နေတာလား။ မင်းပြောတော့ စူပါဗွီအိုင်ပီကတ်ရှိတဲ့သူတွေဘဲဝင်လို့ရတာဆို။ အခုကျတော့ စူပါဗွီအိုင်ပီကတ်က သုံးမရဘူးလို့ပြောနေတာလား။ ငါတို့ကို လာကစားနေတာလား "
ထိုဝန်ထမ်းက မျက်နှာရှုံ့လိုက်သည်။
" ကျွန်တော်တို့ရဲ့စူပါဗွီအိုင်ပီကတ်တွေကို တကယ်ထိပ်တန်းသူဌေးကြီးတွေကိုဘဲပေးတာပါ။ ပြီးတော့ အခုထိ နှစ်ကတ်ဘဲပေးရပါသေးတယ်။ ပိုက်ဆံရှိရုံနဲ့ရနိုင်တာမျိုးမဟုတ်ပါဘူး "
" တစ်နည်းပြောရရင် ခင်ဗျားတို့က စူပါဗွီအိုင်ပီကတ်ရဖို့ အရည်အချင်းမပြည့်မီပါဘူး "
မုတ်ဆိတ်နဲ့ဒါရိုက်တာက ဒေါသကြောင့်တုန်နေပြီး ဆက်ပြီးရန်ဖြစ်ဖို့ပြင်နေသည်။
ထိုအချိန်မှာပင် ရှချူးက သူ့ကိုအလျင်အမြန်တားလိုက်သည်။
" ဒါရိုက်တာကြီး၊ ထားလိုက်ပါတော့။ သူတို့ကမဝင်ခိုင်းမှတော့ ရိုက်ဖို့နေရာပြောင်းရအောင်ပါ "
ဒါရိုက်တာကြီးက ချက်ချင်းစိတ်တွေဂနာမငြိမ်ဖြစ်လာတော့သည်။
" အဲ့လိုဆိုမရဘူး။ ဒါက အဓိကဇာတ်ဝင်ခန်းဘဲ။ ဒီလောက်အချိန်တိုအတွင်းမှာ တခြားဘယ်နေရာကိုသွားရှာရမှာလဲ "
ရှချူးလည်း ဘာလုပ်ရမလဲမသိတော့ပေ။
ထိုအချိန်တွင် လူအုပ်ထဲမှ ရင်းနှီးတဲ့ပုံရိပ်ကို သူမတွေ့လိုက်သည်။
အမြင်မှားသည်ဟုထင်တာကြောင့် အနီးကပ်တိုးကြည့်လိုက်သည်။
အဲ့တာ ယဲ့ဖန်ဖြစ်သည်။
" ယဲ့ဖန် "
ရှချူးက တအံ့တဩဖြင့် သူ့ကိုလှမ်းနှုတ်ဆက်သည်။
သူမအော်သံကြောင့် နေရာမှ လူတိုင်းက လှည့်လာပြီး ကြည့်သည်။
အထူးသဖြင့် လူအုပ်ထဲမှ ပွဲကြည့်ပရိတ်များဟာ ရှချူး၏ပရိတ်သတ်များဖြစ်သည်။
သူတို့၏နတ်ဘုရားမကို ပျော်အောင်လုပ်ပေးတာ ဘယ်သူလဲဟု သူတို့က သိချင်ကြသည်။
ယဲ့ဖန်သည် အာရုံစိုက်ခံရဖို့ မလိုလားပေမဲ့ ရှချူးက သူ့ကိုအော်ခေါ်လိုက်တာကြောင့် ရွေးစရာမရှိဘဲ ရှေ့ကိုတိုးလာသည်။
" တိုက်တိုက်ဆိုင်ဆိုင် ဒီမှာတွေ့တာဘဲ "
ရှချူး၏လှပတဲ့မျက်လုံးလေးများက သူ့ကိုငေးနေခဲ့သည်။
" ဟုတ်တယ်၊ တစ်စုံတစ်ယောက်က ကျွန်မကိုဖုန်းမခေါ်ဘူးလေ။ ကျွန်မလိုမိန်းကလေးဘက်ကခေါ်တာကိုလိုချင်တာလား "
သူမ၏စကားလုံးတွေက အလွယ်တကူ အထင်လွဲမှုဖြစ်စေနိုင်သည်။
သူမသည် ချစ်သူရည်းစားကို ချွဲချွဲနွဲ့နွဲ့ပြောနေသည့်ပုံနှင့်တူသည်။
အစ်မဝမ်က ပရိတ်သတ်တွေအထင်လွဲမှာစိုးရိမ်တာကြောင့် ချောင်းဟန့်ပြီးပြောသည်။
" ယဲ့လူကြီးမင်း၊ မတွေ့တာကြာပါပြီ "
ယဲ့ဖန်မှ အစ်မဝမ်ကို နှုတ်ဆက်လိုက်သည်။
" အခက်အခဲကြုံနေတာလား "
အစ်မဝမ်မှ သက်ပြင်းချလိုက်သည်။
" အဲ့တာဆိုမှ ဒီအတွက် ကျေးဇူးတင်ရဦးမယ်။ အကြီးအကဲထန်းက ရှင့်အကူအညီနဲ့ကျွန်မတို့ကို ကူညီပေးလိုက်တယ်။ အကြီးအကဲတွေက ကျွန်မတို့ရဲ့ဇာတ်ညွှန်းကိုလက်ခံပေးလိုက်ပြီးတော့ အခု ကျွန်မတို့က ရိုက်ကူးရေးအဆင့်မှာပါ "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" အဲ့တာကောင်းတဲ့ကိစ္စမဟုတ်ဘူးလား "
အစ်မဝမ်မှ အနည်းငယ်စိတ်ပူနေပုံရသည်။
" ဒီနေ့ နတ်ရေကန်မှာ ကျွန်မတို့ အဓိကဇာတ်ဝင်ခန်းကိုရိုက်ဖို့ စီစဉ်ထားပေမဲ့ ဝန်ထမ်းတွေက ဝင်ဖို့လက်မခံကြဘူး "
ယဲ့ဖန်က ရှချူးကိုလှည့်ကြည့်လိုက်သည်။
" ဒီအခန်းကို ရိုက်မှဖြစ်မှာလား "
ရှချူးမှ နူးညံ့စွာခေါင်းငြိမ့်လိုက်သည်။
" ဒီအခန်းက ဇာတ်ကားတစ်ခုလုံးရဲ့အဓိကဇာတ်ဝင်ခန်း။ နေရာတွေအများကြီးရှိထားပေမဲ့ ဒီနေရာက အသင့်တော်ဆုံးဘဲ "
ယဲ့ဖန်တစ်ခဏစဉ်းစားပြီးတဲ့နောက် ချက်ချင်းထရပ်ပြီး ဝန်ထမ်းဆီသို့သွားသည်။
" ဘယ်လိုဘဲဖြစ်ဖြစ် အထဲမှာလည်း ဘယ်သူမှမရှိတော့ သူတို့ကို အထဲဝင်ခွင့်ပြုပြီး ရိုက်ခိုင်းလိုက်ပါ "
သူ့စကားကြောင့် ရှိသမျှလူတိုင်းက အံ့ဩသွားကြသည်။
နတ်ရေကန်သည် စူပါဗွီအိုင်ပီတွေအတွက်သာဖွင့်ကြောင်း ဝန်ထမ်းမှပြောထားပြီးသားဖြစ်သည်။
ဒါရိုက်တာကြီးက သူ့ကို အကြာကြီးညှိနှိုင်းဖို့လုပ်ခဲ့ပေမဲ့ အချည်းနှီးသာဖြစ်ခဲ့သည်။
ဒီတစ်ယောက်က အရှက်ကွဲချင်နေတာလား။
ဒါရိုက်တာကြီးက မတတ်နိုင်ဘဲ မျက်လုံးလှန်လိုက်သည်။
ရှချူးက ဒီလိုတဇောက်ကန်းလူကို သိလိမ့်မည်ဟု ထင်မထားပေ။
ရှချူးက ဒီတစ်ယောက်ရဲ့အပြောတွေမှာ လှည့်ဖြားခံလိုက်ရတာလား။
ရှချူးက မြန်မြန် ယဲ့ဖန်ဘက်ကိုလှည့်ပြောလိုက်သည်။
" ထားလိုက်တော့၊ သူတို့က ပေးဝင်မှာမဟုတ်ဘူး "
သေချာပေါက်ပင် ဝန်ထမ်းမှလည်း အထင်သေးသည့်အမူအရာလုပ်ပြသည်။
" အထဲကိုဝင်လို့ပြောတိုင်း ဝင်ရအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ထင်နေတာလဲ။ အထဲကိုဝင်ချင်ရင် စူပါဗွီအိုင်ပီကတ်ပါသရွေ့ရတယ်။ နောက်တစ်ခွန်းထပ်မပြောဘဲ ဝင်ခွင့်ပေးမယ် "
သူ့စကားမဆုံးသေးခင်မှာဘဲ ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ အနက်ရောင်ကတ်ကိုထုတ်ပြီး သူ့ကိုကမ်းပေးလိုက်သည်။
" အခုဝင်လို့ရပြီလား "
ဝန်ထမ်း၏မျက်လုံးသည် ချက်ချင်းပြူးကျယ်သွားတော့သည်။
" စူပါဗွီအိုင်ပီကတ်လား "
ထိုသို့ပြောတဲ့အခါ လူတိုင်းက အံ့ဩသွားကြသည်။
ဝန်ထမ်း၏ပြောစကားများအရ ထိုစူပါဗွီအိုင်ပီကတ်ရဲ့တန်ဖိုးကြီးပုံကို သိထားပြီးဖြစ်သည်။
ပြီးတော့ အခုလက်ရှိထိ နှစ်ကတ်ထဲသာပေးရသေးသည်။
အရမ်းချမ်းသာအာဏာရှိတဲ့သူတွေမှာသာ ထိုကတ်ရှိနိုင်သည်။
သူတို့ရှေ့က ဒီလူငယ်လေးရဲ့နောက်ခံက ဘယ်လောက်တောင်ကြီးတာလဲ။
ဒါရိုက်တာကြီးလည်းဘဲ အံ့ဩသွားသည်။
ရှချူးက ဒီလိုအဆင့်ကလူနဲ့သိတာလား။
နည်းနည်းကြောက်စရာမကောင်းဘူးလား။
ဒါရိုက်တာတောင်မပြောနှင့် ရှချူးနှင့်အစ်မဝမ်ပါအတော်လေး ထင်မှတ်မထားကြပေ။
ယဲ့ဖန်အတော်အင်အားကြီးမှန်း သူတို့သိပေမဲ့လည်း .......
ဒီလောက်ထိအာဏာရှိမယ်မှန်းထင်မထားပေ။
ဒီလိုစူပါဗွီအိုင်ပီကတ်ရှိနေခြင်းက ဒီအပန်းဖြေစခန်းမှာ သူ ဘယ်လောက်အရေးပါလဲဆိုတာကို ပြသနေသည်။
သူ့မှာ လျှို့ဝှက်ချက်တွေဘယ်လောက်တောင်ရှိတာလဲ။
ဝန်ထမ်းသည် စူပါဗွီအိုင်ပီကတ်ပေါ်မှနံပါတ်ကိုတွေ့တဲ့အခါ လန့်လွန်းလို့မြေပေါ်ပါလဲကျသွားသည်။
ဒါက ကတ်နံပါတ် ၀၀၁ ဘဲ။
ကျုံးဟိုင်မြို့မှ သူဌေးကြီးတွေကိုပေးထားသော ကတ်နံပါတ်တွေဟာ ၀၀၂ နှင့် ၀၀၃ ဖြစ်သည်။
ဒီ ကတ်နံပါတ် ၀၀၁ က ဘယ်လောက်တန်ဖိုးကြီးမှန်း ခန့်မှန်းလို့မရပေ။
" အခု သူတို့ကို ခေါ်သွားလို့ရပြီလား "
ယဲ့ဖန်က ထပ်မေးလိုက်သည်။
" ဟုတ်ဟုတ်ဟုတ်။ သူတို့ကို အခုဘဲ အထဲခေါ်သွားပေးပါ့မယ် "
ဝန်ထမ်းမှ သွားရမည့်လမ်းကို အလျင်အမြန်ပြပေးသည်။