အပိုင်း ၈၅-၈၈
Vol. 5 Ch. 85-88
အပိုင်း (၈၅)
ကောင်းကင်ဘုံမှ ချီးမြှင့်ထားသည့် မျက်စိအမြင်။
ကျောက်စိမ်းဆံထိုးသည် ယွမ် ၁၀သန်းတန်ကြောင်း ချန်းချုံချန်းပြောသည်ကို ကြားတဲ့အခါ ဆိုင်ပိုင်ရှင်သည် အံ့ဩလွန်း၍ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ဘဲ မြေကြီးပေါ်ကိုလဲကျသွားသည်။
" အား၊ ငါ ဆက်ပြီးအသက်မရှင်နိုင်တော့ဘူး။ ဒါက အနိုင်ကျင့်နေတာဘဲ။ သေပါရစေတော့ "
ဒီနေ့ သူ့အတွက် အတော်လေးခက်ခဲသည်။
အစမှာတော့ သူ ယွမ် ၂သောင်းဖိုးရောင်းရမလိုဖြစ်နေပေမဲ့ ယဲ့ဖန်သည် ဘယ်ကမှန်းမသိရောက်လာပြီး ဖျက်လိုဖျက်ဆီးလုပ်သည်။
ထို့နောက် တစ်ဖက်လူသည် သူ့ဆီမှ ကျောက်စိမ်းဆံထိုးကို ယွမ် ၁၀၀၀ ဖြင့် ရောင်းလိုက်ရ၍ အမြတ်ရပြီဟုထင်ခဲ့သော်လည်း အဆုံးတွင် နစ်နာသူက သူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။
သူ့အတွက် အကြီးစားဆုံးရှုံးမှုကြီးဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ သူ့ကိုလျစ်လျူရှုထားသည်။
ချန်းချုံရှန်းနှင့် ဖုန်းချပြီးတဲ့နောက် စနစ်မှအကြောင်းကြားစာရောက်သံကိုကြားလိုက်ရသည်။
[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ရတနာရှာဖွေခြင်းစနစ်ပြီးဆုံးသွားတဲ့အတွက် စနစ်မှ သန်း ၁၀၀၀ ( တစ်ဘီလီယံ ) တန်ဖိုးရှိ ကျုံးထျန်းကန်သာယာစံအိမ်အလုံး ၂၀ ကို ဆုအဖြစ်ပေးအပ်ပါသည်။ ]
စနစ်၏အကြောင်းကြားသံကိုကြားတဲ့အခါ ယဲ့ဖန်ခေါင်းကိုက်သွားသည်။
နောက်ထပ်စံအိမ်အလုံး၂၀တောင်ဆုအဖြစ်ရတာလား။
ပိုင်ဆိုင်မှုဘယ်လောက်တောင် သူ့နာမည်အောက်မှာရှိနေတာဆိုတာတောင် မမှတ်မိတော့ပေ။
' ပြန်ရောက်ပြီး ဘာမှကျန်မနေခဲ့ဘဲ ဘာတွေရှိနေလဲဆိုတာသိအောင် သေချာတစ်ခုချင်းစစ်ကြည့်ရမယ် '
ထိုအတွေးနဲ့အတူ ကျောက်စိမ်းဆံထိုးကိုသိမ်းပြီး ပြန်ဖို့ပြင်သည်။
ထိုအချိန်မှာဘဲ သူ့အနောက်မှ မိန်းကလေးတစ်ယောက်ခေါ်သံကိုကြားလိုက်သည်။
" မောင်လေး၊ ခဏနေပါဦး "
ယဲ့ဖန် သူမကိုထူးဆန်းစွာလှည့်ကြည့်လိုက်သည်။ သူမ ဘာလိုချင်လဲဆိုတာ ယဲ့ဖန်မသိပေ။
ကောင်မလေးသည် သူမဘက်မှအရင်လက်လှမ်းလိုက်သည်။
" ကျွန်မကိုယ်ကျွန်မ နှုတ်မဆက်ရသေးဘူးဘဲ။ နာမည်က လုရှောင်ရပါ။ ရှင့်နာမည်ကရော "
" ယဲ့ဖန်ပါ "
ယဲ့ဖန် မတတ်နိုင်ဘဲ နာမည်မိတ်ဆက်လိုက်ရသည်။
" ယဲ့မောင်လေး၊ တစ်ခုလောက်အကူအညီတောင်းလို့ရမလား "
လုရှောင်ရမှ ဖော်ဖော်ရွေရွေအပြုအမူဖြင့်မိတ်ဆက်လိုက်သည်။
" ဘာကူရမှာလဲ "
ယဲ့ဖန် အနည်းငယ်ရှုပ်သွားသည်။
" ကျွန်မအဖေအတွက် လက်ဆောင်ရွေးပေးလို့ရမလား "
လုရှောင်ရသည် သနားစရာကောင်းစွာကြည့်နေသည်။
" လက်ဆောင်ကူရွေးပေးစေချင်တာလား။ မသင့်တော်ဘူးထင်တယ်၊ မဟုတ်လား။ တကယ်လို့ အရွေးမှားသွားရင်ရော "
ယဲ့ဖန် ရယ်ရယ်မောမောစနောက်လိုက်သည်။
" မဟုတ်ပါဘူး။ ရှင်က တော်တော်လေးစွမ်းရည်ရှိတာပါ။ ရှင်က ဒီရှေးဟောင်းပစ္စည်းလောကမှာ ဆရာကြီးတစ်ဆူဆိုတာ ကျွန်မပြောနိုင်တယ်။ ပြီးတော့ ကျွန်မဘက်က ရှင့်ကိုအရင်စပြီး အကူအညီတောင်းတာမလို့ ရလဒ်ကိုသည်းခံနိုင်ပါတယ် "
လုရှောင်ရသည် အလွန်နားလည်ပေးတတ်သည်။
ယဲ့ဖန် သူမကြောင့် ရင်ခုန်သွားသည်။ သူမအပေါ် ခံစားချက်ကောင်းရှိနေ၍ သူမတောင်းဆိုမှုကိုမငြင်းလိုက်ပေ။
ယဲ့ဖန်သည် အတွင်းကျကျရှာဖွေရေးစနစ်ကို ဖွင့်လိုက်ပြီး ဘေးပတ်လည်ကိုကြည့်လိုက်သည်။
သူ့အနားတစ်မီတာဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းတွေရဲ့အချက်အလက်ကပေါ်လာသည်။
ပတ်ပတ်လည်ကိုရှာကြည့်ပြီးတဲ့နောက် မကြာခင်တွင် ယဲ့ဖန် ဆိုင်တစ်ဆိုင်မှ မှင်ကျောက်တုံးတစ်တုံးကို ရှာတွေ့သွားသည်။
ယဲ့ဖန်တွင် အမြင်ကောင်းရှိမှန်း ဆိုင်ရှင်ကသိသည့်အတွက် ယဲ့ဖန်ရွေးလိုက်သောပစ္စည်းသည် ပစ္စည်းကောင်းဖြစ်မှန်းသိသောကြောင့် ချက်ချင်း ယွမ် ၁သောင်းဈေးခေါ်လိုက်သည်။
ယဲ့ဖန်က ဈေးမဆစ်ဘဲ လုရှောင်ရကို ငွေရှင်းဖို့ပြောလိုက်သည်။
ယဲ့ဖန်ကို အလွယ်တကူငွေရှင်းတာကိုတွေ့တဲ့အခါ ဆိုင်ပိုင်ရှင်က ချက်ချင်းနောင်တရသွားသည်။ အဲ့လိုမှန်းသိခဲ့ပါက သူ ယွမ် ၁သိန်းထိဈေးခေါ်မှာဖြစ်သည်။
လုရှောင်ရသည် အမဲရောင်မှင်တုံးကြီးကိုကြည့်ပြီး စိတ်ဘဝင်မကျပေ။
အမြင်အရဆိုလျှင် ဒီမှင်ကျောက်တုံးသည် သူမ ယူလိုက်တဲ့အလှခေါက်ယပ်တောင်လောက်တောင်ကြည့်မကောင်းပေ။
' ငါ့အဖေက ကြိုက်ပါ့မလား '
ထိုအချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက်ပြောသည်။
" မိန်းကလေး၊ ဒီမှင်ကျောက်တုံးကို ကြည့်လို့ရမလား "
လုရှောင်ရ ကြောင်အသွားပေမဲ့ မှင်ကျောက်တုံးကို ထိုသက်လတ်ပိုင်းလူကြီးဆီသို့ပေးလိုက်သည်။
ထိုလူကြီးက အတော်ကြာကြည့်ပြီးနောက် ချက်ချင်းအံ့ဩထိတ်လန့်သွားတဲ့အမူအရာပေါ်လာသည်။
" ငါ မှင်ကျောက်တုံးတွေက လေ့လာနေတဲ့ နှစ် ၂၀ကျော်ပြီ။ ငါသာ မမှားဘူးဆိုရင် ဒီ မှင်ပြားကို ကျန်းဘန်ချောင်းသုံးခဲ့တာဖြစ်ပြီး ယွမ်သန်းချီတန်လိမ့်မယ် "
ထိုလူပြောစကားပြီးတဲ့နောက် ဘေးလူများက ထပ်ပြီးပွက်ပွက်ညံသွားပြန်သည်။
သူတို့သည် ယဲ့ဖန် မှင်ကျောက်တုံးကို ရွေးလိုက်သည့်ပုံစံကိုမြင်လိုက်သည်။
ယဲ့ဖန်သည် တွေ့ကရာဆိုင်ထဲကိုဝင်သွားပြီး ပတ်တောင်မကြည့်ဘဲ ရွေးလိုက်တာဖြစ်သည်။
ထိုပစ္စည်းက နောက်ထပ်တန်ဖိုးကြီးရတနာတစ်ခုဖြစ်နေလိမ့်မည်ဟုထင်မထားပေ။
ဒါက ကောင်းချီးပေးခံထားရတဲ့မျက်စိအမြင်မဟုတ်ဘူးလား။
မှင်ကျောက်တုံးကိုရောင်းလိုက်သည့်ဆိုင်ပိုင်ရှင်သည် မြေပေါ်လဲသွားပြီး ငိုတော့သည်။
ထို့အပြင် ထိုဆိုင်ပိုင်ရှင်သည် အရင်ဆိုင်ပိုင်ရှင်ထက်တောင် ပိုနာနာကျင်ကျင်ငိုနေသည်။
သူ ယွမ်သန်းချီကို ဆုံးရှုံးသွားတာလား။
ဒါက အနိုင်ကျင့်နေကြတာဘဲ။
ဒီလို သာမန်ပုံစံသာရှိတဲ့ မှင်ကျောက်တုံးမှာ ကြီးကျယ်ခမ်းနားတဲ့နောက်ခံသမိုင်းရှိမည်ဟု လုရှောင်ရထင်မထားပေ။ သူမသည် ယဲ့ဖန်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။
" မောင်လေးယဲ့ဖန် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မအဖေက သေချာပေါက်ကြိုက်မှာဘဲ "
" ပြဿနာမရှိပါဘူး "
ယဲ့ဖန်သည် ထိုသို့ကိစ္စသေးသေးလေးကို စိတ်ထဲမထားပေ။
" မောင်လေးယဲ့ဖန်၊ ကျွန်မ အခုသွားရတော့မှာမလို့ ဆက်သွယ်လို့ရမယ့်နံပါတ်ဖလှယ်လို့ရမလား။ အားတဲ့အခါ ထမင်းလိုက်ကျွေးချင်လို့ပါ "
လုရှောင်ရသည် အငြင်းခံရမှာစိုးရိမ်စွာကြည့်နေသည်။
သို့ပေမဲ့ ယဲ့ဖန်က သူမကို မငြင်းလိုက်ပေ။ သူမနဲ့ ဆက်သွယ်ရမယ့်အချက်အလက် လဲလိုက်သည်။
ထိုသို့ဖြင့် လုရှောင်ရသည် မှင်ကျောက်တုံးကိုယူပြီး ထွက်သွားသည်။
သူမထွက်သွားတာနှင့် လူအုပ်ကြီးက ယဲ့ဖန်ဆီကို တိုးဝှေ့လာတော့သည်။
" သူဌေးကြီး၊ ကျွန်တော့်အဖေလည်း မွေးနေ့ရှိလို့ပါ။ လက်ဆောင်လေး ကူရွေးပေးပါလား "
" အဘိုးမွေးနေ့ကလည်း နီးနေပြီမလို့ ကျွန်တော့်အနေနဲ့ မြေးဝတ္တရားကျေပွန်အောင် လက်ဆောင်လေးကူရွေးပေးပါ "
" အစ်ကိုကြီး၊ ထမင်းလိုက်ကျွေးလို့ရမလား။ ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်ပြီး မေးခွန်းလေးတွေရှိလို့ပါ "
လူတိုင်းက ယဲ့ဖန်နှင့်မိတ်ဆွေဖြစ်ဖို့ စိတ်အားထက်သန်နေကြသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုနတ်မျက်စိနဲ့သူက သူတို့အတွက်ကောင်းကျိုးတွေသာယူလာမှာဖြစ်ပြီး ဆိုးကျိုးမရှိပေ။
ယဲ့ဖန် လူတိုင်းရဲ့စိတ်အားထက်သန်မှုကို ငြင်းလိုက်သည်။
လာနောက်နေတာလား။
ဒီကလူတိုင်းအတွက် လက်ဆောင်ရွေးပေးရင် မောလွန်းလို့ သေသွားနိုင်သည်။
ထို့အပြင် သူတကယ်ရွေးပေးပါက ဒီလမ်းထဲကဆိုင်ရှင်တွေအကုန် အုပ်စုဖွဲ့ပြီး နေရာမှာတင် သူ့ကိုသတ်ကြလိမ့်မည်၊ မဟုတ်လား။
ဆိုင်ရှင်တွေရဲ့ဝင်ငွေကိုဖြတ်လိုက်တာနဲ့မတူဘူးလား။
ယဲ့ဖန်မှာ ဒီလိုအသိတရားတော့ရှိပါသေးသည်။
ရှေးဟောင်းပစ္စည်းအရောင်းလမ်းသို့ လာသူများသည် အခြေခံအားဖြင့် နာမည်ရှိသူဌေးများဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်ကို တွယ်ကပ်နေကြမှာမဟုတ်ပေ။
ယဲ့ဖန်ငြင်းလိုက်သည့်အခါ လူအုပ်ကြီးက အစုကွဲသွားသည်။
ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန်အနောက်မှ မိန်းကလေးတစ်ယောက်အသံကိုကြားလိုက်ရသည်။
" သူဌေးကြီး၊ ကျွန်မအတွက် လက်ဆောင်ကူရွေးပေးပါလား "
" တောင်းပန်ပါတယ် "
ယဲ့ဖန် ငြင်းဆန်ရင်း လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသမီး၏မျက်နှာကိုမြင်တဲ့အခါ ယဲ့ဖန် အံ့ဩသွားသည်။
ဒီအမျိုးသမီးက သူကျောက်ဝိုင်းမှာတွေ့ခဲ့တဲ့တစ်ယောက်မဟုတ်လား။
နာမည်က ဘယ်လိုခေါ်တာပါလိမ့်။
သူမ နာမည်က ရှု ...... ရှုကျင်းရှင်းမလား။
" မိန်းကလေးရှု၊ ဒီမှာ ဘာလုပ်နေတာလဲ "
" ဒီမှာတစ်ချိန်လုံးရှိနေခဲ့တာပါ။ ယဲ့လူကြီးမင်းက အဲ့ဒီအလှလေးကိုဘဲ ဂရုစိုက်နေတော့ ကျွန်မကို မမြင်တာ စိတ်မကောင်းစရာဘဲ "
ရှုကျင်းရှင်း၏စကားလုံးတွေတွင် မနာလိုနေသည့်အရိပ်အယောင်ပါနေသည်။
ကြားရတာထူးဆန်းလိုက်တာ။
အပိုင်း (၈၆)
အလှလေးက အရှေ့မှာရပ်နေတာတောင် အမြဲတမ်းပိုက်ဆံအကြောင်းဘဲတွေးနေတာလား။
ရှုကျင်းရှင်း၏ စကားလုံးတွေကိုကြားပြီးတဲ့အခါ ယဲ့ဖန် ဘယ်လိုပြန်ဖြေရမလဲမသိပေ။
ဘာလို့ သူက နှလုံးသားမရှိတဲ့ယောက်ျားတစ်ယောက်လို့ ပြောလိုက်တယ်ခံစားရတာလဲ။
ရှုကျင်းရှင်းသည်လည်း သူမ၏စကားလုံးတွေက အနည်းငယ်မသင့်လျော်တာကို သတိထားမိလိုက်တာကြောင့် ချက်ချင်း စကားကိုပြန်ပြင်ပြောလိုက်သည်။
" ကျွန်မက စနောက်နေတာပါ။ ရှင်ကိုယ်ရှင်ပြန်ကြည့်လိုက်ပါဦး ကြောက်နေလိုက်တာ "
ယဲ့ဖန် ပြုံးလိုက်ပြီး ဘာမှမပြောပေ။
သူမက နောက်နေတာတဲ့လား။
သူတို့က ရင်းနှီးလို့လား။
ထိုပုံစံကိုမြင်ပြီး ရှူကျင်းရှင်းက မြန်မြန်စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်မ ရှင့်ရဲ့ကျောက်စိမ်းဆံထိုးကိုကြိုက်လို့ပါ။ ကျွန်မကို ရောင်းနိုင်မလား "
ယဲ့ဖန်သည် ထိုစကားကြားတဲ့အခါ တဒင်္ဂကြောင်သွားသည်။
" ဒီကျောက်စိမ်းဆံထိုးကိုလိုချင်တာလား "
ရှုကျင်းရှင်း မြန်မြန်ခေါင်းငြိမ့်ပြသည်။
" ဟုတ်ပါတယ်။ ကျွန်မ ဒီဆံထိုးကို တော်တော်ကြိုက်လို့ပါ။ ရှင်ရောင်းဖို့ ဆန္ဒရှိရဲ့လား "
ယဲ့ဖန်မှ ချက်ချင်းရယ်လိုက်သည်။
" ဒါပေါ့၊ ယောက်ျားတစ်ယောက်က ဒီကျောက်စိမ်းဆံထိုးနဲ့ ဘာလုပ်ရမှာလဲ။ မိန်းကလေးရှုလို အလှလေးက ကြိုက်နှစ်သက်တယ်ဆိုတာ ဝမ်းသာစရာပါဘဲ "
ထိုသို့ပြောပြီး ယဲ့ဖန်က ကျောက်စိမ်းဆံထိုးကို ကမ်းပေးလိုက်သည်။
ရှုကျင်းရှင်းက ချက်ချင်းမယူလိုက်ပေ။
" ကျွန်မနဲ့လိုက်ဖက်ပါ့မလားမသိဘူး။ ယဲ့လူကြီးမင်းက ကျွန်မကို ဆံထိုးထိုးပေးလို့ရမလား "
ယဲ့ဖန် တစ်ခဏကြောင်သွားပေမဲ့ ပြုံးပြီး သူမကို ဆံထိုးကူထိုးပေးလိုက်သည်။
ရှုကျင်းရှင်းသည် ယဲ့ဖန်အနီးကပ်လာ၍ သူ့၏ကိုယ်သင်းနံ့ကိုရတဲ့အခါ နှလုံးခုန်မြန်သွားသည်။
တစ်ချိန်တည်းမှာဘဲ အလျင်စလိုမေးလိုက်မိတဲ့အတွက် သူမကိုယ်သူမ အပြစ်တင်နေသည်။
ဒါဟာ သူတို့နှစ်ဦး ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပေမဲ့ သူမဘက်မှ ထိုကဲ့သို့တောင်းဆိုမှုမျိုးလုပ်မိခဲ့သည်။ တစ်ဖက်သူက သူမကို မတည့်မတံ့မိန်းမမျိုးဟုထင်သွားလောက်မလား။
ထိုသို့ သူမရဲ့ကိုယ်ပိုင်ဆုံးရှုံးမှု၊ ရရှိမှုတွေကို စိတ်ပူနေတုန်းမှာဘဲ ယဲ့ဖန်က ဆံထိုးထိုးပေးပြီးသွားသည်။
" တော်တော်လေးလှတာဘဲ "
ယဲ့ဖန်သည် စိတ်ထဲမှ လိုလိုလားလားထုတ်ပြောလိုက်သည်။
ရှုကျင်းရှင်း၏ဆံပင်တွင်ထိုးလိုက်သည့်အခါ သူမ၏လှပကျော့ရှင်းတဲ့အသွင်အပြင်ကို ပိုလှပသွားစေသည်။
တော်ဝင်ကိုယ်လုပ်တော်ယန်ပြန်ပြီးမွေးဖွားလာသကဲ့သို့ပင်ဖြစ်သည်။
ရှုကျင်းရှင်း၏မျက်နှာသည် ယဲ့ဖန်၏ချီးကျူးမှုကြောင့် ရှက်သွေးဖြန်းသွားသည်။
ထိုအမူအရာလေးက လူတိုင်းရဲ့နှလုံးသားကို ဆွဲဆောင်နိုင်သည်။
ယဲ့ဖန်က သူမကိုစိုက်ကြည့်နေမှန်းသတိထားမိတဲ့အခါ သူမ ပိုပြီးရှက်သွားသည်။
" ယဲ့လူကြီးမင်း၊ ရှင် ဘာလို့ ကျွန်မကို ဆက်ကြည့်နေတာလဲ "
ယဲ့ဖန် ပြောစရာစကားပျောက်သွားသည်။
" ကျွန်တော်က ဘာကြည့်နေတယ်ထင်လို့လဲ။ ငွေရှင်းရမယ်လေ "
" အာ "
ရှုကျင်းရှင်းအံ့ဩသွားသည်။
ယဲ့ဖန်က သူမရဲ့အလှမှာမြောသွားတာဟုထင်ခဲ့ပေမဲ့ သူက သူမပိုက်ဆံရှင်းမှာကိုစောင့်နေတာဖြစ်သည်။
ရှုကျင်းရှင်း ရုတ်တရက်အနည်းငယ်ဒေါသထွက်သွားသည်။
ဒီလောက်လှတဲ့မိန်းကလေးက သူ့အရှေ့မှာရပ်နေတာတောင် ရှင်က ပိုက်ဆံအကြောင်းဘဲတစ်ချိန်လုံးတွေးနေတာလား။
ပိုက်ဆံမက်တဲ့သူဘဲ။
သို့ပေမဲ့ သူမက အပြုအမူကောင်းကိုဆက်ထိန်းထားသည်။ သူမက ယဲ့ဖန်အတွက် နေရာမှာဘဲ ချက်လက်မှတ်ရေးပေးလိုက်သည်။
" ကိစ္စမရှိတော့ဘူးဆိုရင် သွားပါတော့မယ် "
ယဲ့ဖန်က အားနာမနေဘဲ ချက်လက်မှတ်ယူပြီးတဲ့နောက် ကျေကျေနပ်နပ်ကြီးလှည့်ထွက်သွားသည်။ ပြန်တောင်လှည့်မကြည့်ပေ။
ရှုကျင်းရှင်းသည် သူ့နောက်ကျောကိုကြည့်ပြီး ရှုံးနိမ့်သွားသည်ဟုခံစားရသည်။
ထိုအချိန်တွင် သူမကိုတစ်ချိန်လုံးစောင့်ရှောက်နေတဲ့ ဦးလေးလျုံက အရိပ်ထဲမှ တဖြည်းဖြည်းလျှောက်ထွက်လာသည်။
" မမလေး၊ သူ့နောက်ကြောင်းကို စုံစမ်းပေးရမလား။ ဒီတစ်ယောက်က မမလေးအရှေ့ကို တစ်ကြိမ်ပြီးတစ်ကြိမ်ပေါ်ပေါ်လာနေတာ။ ဒါက တိုက်ဆိုင်မှုလား၊ တမင်တကာလားဆိုတာ မသိရပါဘူး "
ဦးလေးလျုံရဲ့မျက်လုံးတို့က စူးရှလာသည်။
" ဦးလေးလျုံ၊ ကျွန်မက ကလေးမဟုတ်တော့ပါဘူး။ ကျွန်မကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့ "
ရှုကျင်းရှင်းသည် သူ့၏စကားတွေကြောင့် အနည်းငယ်စိတ်ရှုပ်သွားသည်။
" မမလေး၊ ကျွန်တော်က ကောင်းစေချင်လို့ပါ "
သူမက စိတ်မပူဘဲနေနေတာကိုမြင်တဲ့အခါ ဦးလေးလျုံက အနည်းငယ်ပူပန်လာသည်။
" ဦးလေးလျုံ၊ ကျွန်မကြီးပြင်းလာတဲ့တစ်လျှောက်ရှိလာခဲ့ပေမဲ့ ကျွန်မဘာကြိုက်လဲဆိုတာကို မသိဘူးဘဲ "
ရှုကျင်းရှင်းသည် အဝေးရောက်သွားတဲ့ယဲ့ဖန်ကိုကြည့်ပြီး ပြောသည်။
" တိုက်ဆိုင်မှုဘဲဖြစ်ဖြစ်၊ တမင်တကာဘဲဖြစ်ဖြစ်။ ကျွန်မဘာသာအဖြေရှာမယ်။ ဘယ်သူမှလာဝင်စွက်ဖက်တာမလိုချင်ဘူး။ လွယ်ကူတဲ့အရာတွေကို ဘယ်ဟာမှ စိတ်မဝင်စားဘူး "
သူမ စကားတွေကြောင့် ဦးလေးလျုံက ဘာမှဆက်မပြောတော့ပေ။
ယဲ့ဖန်သွားသည့်လမ်းကြောင်းကိုသာ သူ၏စူးရှတဲ့မျက်လုံးနဲ့လှမ်းကြည့်သည်။
' လူငယ်လေး၊ မင်း မမလေးအပေါ် ဘာရည်ရွယ်ချက်မှမရှိရင်ကောင်းမယ်။ မဟုတ်ရင်၊ ငါက မင်း ဒီကမ္ဘာမှာမွေးဖွားလာတာတောင် နောင်တရအောင်လုပ်ပစ်မယ် "
..........................
ကျုံးထျန်းကန်သာယာစံအိမ်စံမံခန့်ခွဲရေးဌာန။
လင်းကျွင်းကျွင်းသည် အလုပ်ရှုပ်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ကာ အလုပ်သိမ်းပြီးပြန်ဖို့ပြင်နေသည်။
ထိုအချိန်တွင် အတွင်းရေးမှူးလက်ထောက်က စာရွက်စာတမ်းအပုံလိုက်ကြီးကိုယူပြီး မြန်မြန်ဝင်လျှောက်ဝင်လာသည်။
" မန်နေဂျာလင်း၊ အခုလေးတင် ကျွန်မတို့ဆီက အထက်လူကြီးတွေဆီက အကြောင်းကြားစာဝင်လာပါတယ်။ တစ်စုံတစ်ယောက်က စံအိမ်အလုံး၂၀ကို တစ်ပြိုင်တည်းဝယ်ယူသွားပါတယ်တဲ့ "
" ဘယ်လောက်။ အလုံး ၂၀။ သူက အချမ်းသာလွန်မနေဘူးလား "
လင်းကျွင်းကျွင်းသည် ဝယ်သူ၏အိမ်အလုံးရေကြောင့် ချက်ချင်း အံ့ဩထိတ်လန့်သွားသည်။
ကျုံးထျန်းကန်သာယာစံအိမ်တွေသည် အနိမ့်ဆုံးဈေး ယွမ် သန်း ၂၀ မှ ၃၀ အထိတန်ကြေးရှိပြီး ပိုဈေးကြီးပါက ယွမ် သန်းဆယ်ချီမှ ရာချီအထိရှိသည်။
တစ်ယောက်ယောက်က တကယ်ကြီး တစ်ခါတည်းနဲ့ စံအိမ်အလုံး၂၀ တောင် ဝယ်ယူသွားခဲ့သည်။
ဒါက ယွမ်သန်းရာချီကျော်ကုန်ကျလိမ့်မည်။
ဒါက လူသားတောင်ဆန်သေးရဲ့လား။
လက်ထောက်က မပျော်မရွှင်ဖြင့် အတွန့်တက်သည်။
" အထက်လူကြီးတွေက ကျွန်မတို့ကို ညတွင်းချင်း လွှဲပြောင်းရေးလုပ်ငန်းစဉ်အတွက် ပြင်ဆင်ခိုင်းထားတယ်။ ကျွန်မက ကောင်လေးနဲ့ ညစာသွားစားမလို့ကို အခုတော့ မြောင်းထဲရေသွန်ဖြစ်ကုန်ပြီ "
လင်းကျွင်းကျွင်း မထိန်းနိုင်ဘဲ ခစ်ခစ်ရယ်လိုက်သည်။
" တော်ပြီ၊ ညည်းမနေနဲ့တော့။ သူက စံအိမ် အလုံး ၂၀ တောင်တစ်ခါတည်းဝယ်လိုက်တာလေ။ ကောင်လေးနဲ့ညစာစားတာမပြောနဲ့ နင် မင်္ဂလာဆောင်နေရင်တောင် ပြေးလာပြီး အလုပ်ဖြေရှင်းရလိမ့်မယ်။ ဝယ်သူက နတ်ဘုရားအဆင့်ဘဲ "
လက်ထောက်က သက်ပြင်းချလိုက်ပြီး လွှဲပြောင်းရေးစာရွက်စာတမ်းတွေကို စတင်ပြင်ဆင်တော့သည်။
လင်းကျွင်းကျွင်း ရေသောက်နေရင်း အေးဆေးစွာဖြင့်မေးသည်။
" အို ဟုတ်သားဘဲ။ အဲ့လောက် စံအိမ်တွေအများကြီးကို ဘယ်သူဝယ်သွားတာလဲ "
စံအိမ်တွေအများကြီးကိုတစ်ပြိုင်နက်တည်းဝယ်နိုင်သည့်သူသည် ကျုံးဟိုင်မြို့တွင် အမည်မရှိတဲ့သူတစ်ယောက် မဖြစ်နိုင်ပေ။
လက်ထောက်က ခေါင်းလေးကိုစောင်းပြီးတစ်ခဏတွေးလိုက်တဲ့နောက် ပြန်ဖြေသည်။
" ယဲ့ဖန်လို့ခေါ်တယ်ထင်တယ် "
" ဖူး၊ ဖူး၊ ဖူး "
လင်းကျွင်းကျွင်း ထိုနာမည်ကြောင့် သောက်နေတဲ့ရေပင်သီးသွားသည်။
" ဘယ်သူ။ ယဲ့ဖန် ဟုတ်လား။ စံအိမ်နံပါတ်(၁)မှာနေတဲ့ယဲ့ဖန်လား "
လက်ထောက်က ခေါင်းကိုကုတ်လိုက်သည်။
" ကျွန်မတော့ မထင်ပါဘူး။ သူ့မှာ စံအိမ်ရှိပြီးသားလေ။ ဘာလို့ အများကြီးထပ်ဝယ်ရတာလဲ။ နာမည်တူတာမလား။ ယဲ့ဖန်လို့ခေါ်တဲ့သူတွေအများကြီးရှိပါတယ် "
လင်းကျွင်းကျွင်းတစ်ခဏစဉ်းစားပြီးနောက် လက်ထောက်ပြောတာအဓိပ္ပာယ်ရှိသည်ဟုထင်သည်။
ယဲ့ဖန်မှာ စံအိမ် နံပါတ်(၁)ရှိနေပြီးသားဘဲကို ဘာလို့အများကြီးထပ်ဝယ်မှာလဲ။
ဝက်မွေးဖို့ သုံးမလို့လား။
နာမည်တူတာဘဲဖြစ်မှာပါ။
ဟုတ်တယ်၊ နာမည်တူတာဘဲနေမှာပါ။
အပိုင်း (၈၇)
အရင်တုန်းက မုန်းခဲ့တဲ့သူတစ်ယောက်ပုံစံ ဖြစ်လာတယ်။
တစ်ချိန်တည်းမှာဘဲ၊ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီတွင်။
ရှုမန်သည် သူမကွန်ပျူတာရှေ့တွင်ထိုင်နေပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ယဲ့ဖန်ဝယ်ခဲ့သည့် စတော့ဇယား သုံးခု၏ K မျဉ်းအတက်အကျကို ငေးငိုင်စွာစိုက်ကြည့်နေသည်။
အခုထိတောင်မှ ယဲ့ဖန် အဲ့လိုနတ်ဘုရားဆန်တဲ့ အကွက်ရွှေ့မှုမျိုးကို သူမ ဘယ်လိုမှ နားမလည်နိုင်ဖြစ်နေသည်။
သူမသည် စတော့ဈေးကွက်တွင် နှစ်ပေါင်းများစွာရှိလာခဲ့သူဖြစ်ပေမဲ့ ဘယ်သူကမှ စတော့ဈေးကွက်ကို ယဲ့ဖန်လောက် တိကျအောင် ခန့်မှန်းနိုင်သူမရှိပေ။
ပုံမှန်လူတစ်ယောက်၏နားလည်နိုင်စွမ်းဖြင့် မဖြစ်နိုင်ပေ။ ဒါမျိုးကို နတ်ဘုရားစီစဉ်မှဘဲဖြစ်နိုင်သည်။
ယဲ့ဖန်ကို ခေါ်ပြီး အကြောင်းပြချက်ကို မေးဖို့ အကြိမ်ကြိမ်ကြိုးစားချင်ခဲ့သည်။
သို့ပေမဲ့ အဆုံးတွင် ရှုမန် သူမကိုယ်သူမ မဆက်သွယ်ဖို့ ထိန်းချုပ်ခဲ့သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ဖန်ကြောင့် သူမလည်း အမြတ်အကြီးစားရရှိခဲ့ပြီးဖြစ်သည်။
သူမ ဘာလို့ အဆုံးထိနှိုက်ချွတ်မေးရမည်လဲ။
သူမ တွေးတောနေစဉ်မှာဘဲ တစ်စုံတစ်ယောက်မှ ရုတ်တရက် တံခါးလာခေါက်သည်။
ထို့နောက် မသတီစရာကောင်းတဲ့မျက်နှာဖြင့် ယောက်ျားတစ်ယောက်မှ ခပ်ပေါ့ပေါ့ခြေလှမ်းလျှောက်ကာ ဝင်လာသည်။
" အစ်မမန်၊ အလုပ်ရှုပ်နေလား "
ထိုယောက်ျားဝင်လာတဲ့အခါ သူက ရှုမန်ကို အလေးမထားဘဲ သူမ စားပွဲခုံတွင်ဝင်ထိုင်သည်။
ထိုပုံစံကိုမြင်ပြီး ရှုမန် မျက်မှောင်ကြုတ်လိုက်သည်။
ထိုယောက်ျား၏နာမည်သည် ဟွမ်းဘင်းဖြစ်သည်။ သူသည် သိပ်မကြာခင်မှ ခန့်အပ်ခံထားရသော ဌာနမန်နေဂျာဖြစ်သည်။
ဒုန်းအန်းငွေကြေးအာမခံလိုကုမ္ပဏီကြီးမှာ အလုပ်အတွေ့အကြုံမရှိဘဲ ဘွဲ့ရပြီးခါစတစ်ယောက်များ ဌာနမန်နေဂျာ ဘယ်လိုဖြစ်လာတာလဲ။
ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီ၏အကြီးပိုင်းထဲတွင် ဟွမ်းမျိုးရိုးဖြင့်လူတစ်ယောက်ရှိသည့် အကြောင်းပြချက်ကြောင့်မှန်း ကုမ္ပဏီမှလူတိုင်းကသိသည်။
သူတို့နှစ်ဦးက ကုမ္ပဏီတွင် ဆက်ဆံတာရှားပေမဲ့ လူတိုင်းအတွက်တော့သိသာထင်ရှားနေသည်။
အတိုချုန်းပြောရပါက ကုမ္ပဏီကဝန်ထမ်းများသည် သူ့ကို ပြဿနာမရှာရဲကြပေ။
" ကျွန်မဆီက ဘာလိုချင်တာများရှိလို့လဲ "
ရှုမန်သည် ပြဿနာမရှာချင်ပေမဲ့ ချဉ်းကပ်၍မရနိုင်သည့်အမူအရာမျိုးဖြင့်သာပြောသည်။
" ဘာမှလုပ်စရာမရှိရင် လာလို့မရဘူးလား "
ဟွမ်းဘင်း၏အသံအနေအထားက အနည်းငယ်မသတီစရာကောင်းသည်။
ရှုမန်အမူအရာက ပို၍တောင်ဆိုးလာသည်။
" ရှင်နဲ့ကျွန်မနဲ့ မခင်ပါဘူး။ ဘာပြောစရာရှိမှာမလို့လဲ "
ဟွမ်းဘင်းသည် သူမစားပွဲပေါ်မှ ဖောင်တိန်တစ်ချောင်းကို ကောက်ယူလိုက်ပြီး လက်ထဲထည့်ကစားနေသည်။
" ဘဝအကြောင်း၊ စိတ်ကူးတွေအကြောင်းပြောမှာပေါ့။ ပြောစရာတွေက အများကြီးရှိပါတယ် "
ရှုမန်သည် သူမမျက်နှာပေါ်က စိတ်ပျက်နေမှုကို ဖုံးကွယ်ဖို့တောင်မကြိုးစားတော့ပေ။
" မန်နေဂျာဟွမ်း၊ ဒါက အလုပ်ချိန်ပါ။ လုပ်စရာအလုပ်မရှိရင် ကျွန်မတို့မှာ ပြောစရာရှိမယ် မထင်ပါဘူး "
ဟွမ်းဘင်းကလည်း နောက်ဆုတ်ဖို့ အကြံမရှိပေ။
" အလုပ်ချိန်မှာပြောလို့မရဘူးဆိုရင် အလုပ်ပြီးမှပြောကြမလား။ အလုပ်ပြီးရင် ဘာအစီအစဉ်ရှိလဲ။ ထမင်းလိုက်ကျွေးမယ်လေ "
ရှုမန်သည် လက်သီးကိုဆုပ်ပြီး စိတ်ထဲမှဒေါသကို ခက်ခက်ခဲခဲမြိုသိပ်လိုက်ရသည်။
" ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ကောင်လေးနဲ့ နောက်ကျအတူညစာစားဖို့ချိန်းပြီးထားပါပြီ "
ဟွမ်းဘင်းသည် သူမ၏အဖြေစကားကို ကြားတဲ့အခါ ရယ်ချလိုက်သည်။
" အစ်မမန်၊ ခင်ဗျားက ပျင်းစရာကောင်းလိုက်တာ "
" ကျွန်တော်ပတ်မေးကြည့်ပြီးပြီ။ ခင်ဗျားမှာ ကောင်လေး လုံးဝမရှိဘူး။ ကျွန်တော့်ကိုငြင်းဖို့အတွက်နဲ့ လိမ်ဖို့မလိုပါဘူး၊ ဟုတ်တယ်မလား "
" ပြီးတော့ ရည်းစားရှိတယ်ဆိုတဲ့အကြောင်းပြချက်က နည်းနည်းလေးခေတ်ဟောင်းဆန်လွန်းတယ် "
ရှုမန်သည် ရှက်ရွံ့မှုမှ ဒေါသအဖြစ်သို့ပြောင်းလဲသွားသည်။
" ငါ့မှာကောင်လေးမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါက နင့်ကိုလိမ်ဖို့အတွက်နဲ့ ဒီလိုအကွက်တွေသုံးမယ်လို့ တကယ်ထင်နေတာလား "
ဟွမ်းဘင်းက မယုတ်မလွန်ပြုံးလိုက်သည်။
" ဒါဆို သူ့ကို အခုဖုန်းခေါ်လိုက်လေ။ ခင်ဗျားမှာ ကောင်လေးတကယ်ရှိတယ်ဆို ကျွန်တော်မနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ် "
ရှုမန်သည် ထိုစကားကိုကြားတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
သူမသည် ဒီနှစ်ပိုင်းတွေအတွင်းမှာ အလုပ်သာရှုပ်နေခဲ့ပြီး ဆန့်ကျင်ဘက်ယောက်ျားလေးတွေနှင့် ဆက်သွယ်မှု အနည်းငယ်သာရှိခဲ့သည်။
ယခုတွင် သူမနှင့်အတူသရုပ်ဆောင်ပေးဖို့လူတစ်ယောက်လိုလျှင်တောင်မှ ချက်ချင်းကူဟန်ဆောင်ပေးနိုင်မည့်သူရှာဖို့မလွယ်ပေ။
သူမ၏အခက်အခဲဖြစ်နေတဲ့ပုံစံကြောင့် ဟွမ်းဘင်းခန့်မှန်းချက်မှန်ကြောင်း သက်သေပြနေသည်။
" ဘာလဲ၊ ကောင်လေးရဲ့ဖုန်းနံပါတ်ကိုမေ့သွားတာလို့တော့ မပြောနဲ့နော်။ ဒါမှမဟုတ် ကျွန်တော်ထင်သလို ကောင်လေးလုံးဝမရှိတာမဟုတ်လား "
ရှမန်က ပြန်ပြောလိုက်သည်။
" ဘယ်သူက မရှိဘူးလို့ပြောလို့လဲ။ အခုဘဲဖုန်းခေါ်လိုက်မယ် "
ထိုသို့ပြောပြီး ဖုန်းကိုထုတ်ကာ ခေါ်လို့ရမည့်သူကိုရှာတော့သည်။
ထိုအချိန်တွင် ယဲ့ဖန်နာမည်က မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာသည်။
သူမ မျက်လုံးတို့တောက်ပသွားပြီး သိပ်အများကြီးမတွေးဘဲ ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။
ယဲ့ဖန်သည် လက်ရှိတွင် သူ့စံအိမ်ထဲမှာထိုင်နေသည်။ ဒီအတောအတွင်း သူရရှိခဲ့သည့် ပိုင်ဆိုင်မှုများကို စုစည်းတွက်ချက်ကြည့်ချင်နေသည်။
ထိုအချိန်တွင် ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)၏ ဧည့်ခန်းစားပွဲပေါ်တွင် ပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့် ရှယ်ယာပိုင်ဆိုင်မှုစာရွက်စာတမ်းများ အပုံလိုက်ကြီးရှိနေသည်။
အကယ်၍ ယဲ့ဖန်သာ ထုတ်မကြည့်ပါက ဒီလောက်များနေမှန်းသိမည်မဟုတ်ပေ။ စစ်ကြည့်လိုက်သည့်အခါမှာလည်း အံ့ဩသွားရသည်။ သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာဘဲ အရမ်းချမ်းသာတဲ့သူတစ်ယောက်ဖြစ်လာသည်။
သူ၏ပိုင်ဆိုင်မှုစုစုပေါင်းသည် ဘီလီယံဆယ်ချီရှိနေပြီး အရင်းရှင်လူတန်းစားတစ်ရပ်ဖြစ်လာသည်။
" ဟား၊ အဆုံးတော့ ငါမုန်းခဲ့တဲ့သူပုံစံမျိုးဖြစ်လာတာဘဲ "
ယဲ့ဖန် သက်ပြင်းချနေတုန်းမှာဘဲ ရှုမန်ဆီမှဖုန်းဝင်လာသည်။
ဘာကြောင့် သူ့ကိုခေါ်လဲ သိချင်နေတုန်းမှာဘဲ ယဲ့ဖန် ဖုန်းကိုင်လိုက်သည်။
သို့ပေမဲ့ ယဲ့ဖန်ဘာမှမပြောနိုင်သေးခင်မှာဘဲ ဖုန်းတစ်ဖက်မှ ရှုမန်၏ချိုသာသောအသံကိုကြားလိုက်ရသည်။
" အချစ်လေး၊ အလုပ်ရှုပ်နေလား "
ယဲ့ဖန်ကြောင်အသွားသည်။ သူ ဖုန်းခေါ်သူနံပါတ်ကို ထပ်ကြည့်လိုက်သည်။
ရှုမန်ပါဘဲ။
ဒီအမျိုးသမီးက ဘာဖြစ်တာလဲ။
သူ့ကို 'အချစ်လေး'လို့ခေါ်လိုက်တာလား။
ယဲ့ဖန် စိတ်ရှုပ်ထွေးနေတာတောင်မှဘဲ အမှန်တိုင်းဖြေလိုက်သည်။
" အိမ်မှာ စာရွက်စာတမ်းတွေစီနေတာ။ ဘာဖြစ်လို့လဲ "
ရှုမန် ချက်ချင်းဖုန်းစပီကာဖွင့်လိုက်သည်။
" ညကျ ညစာအတူတူစားဖို့ပြောထားတယ်မဟုတ်လား။ ထွက်လာပြီလား "
ယဲ့ဖန် အခုပိုတောင်နားမလည်ဖြစ်သွားသည်။
' သူ ဘယ်တုန်းက ရှုမန်နဲ့အတူညစာစားဖို့ချိန်းထားလို့လဲ။ ဘာလို့ မသိရတာလဲ '
" ချိန်းထားလို့လား။ ဘာလို့မမှတ်မိတာလဲ "
ရှုမန်သည် သူမ အလိမ်ပေါ်မှာကို စောင့်နေသည့် ဟွမ်းဘင်းကိုကြည့်ပြီး မြန်မြန်စိတ်ဆိုးချင်ဟန်ဆောင်လိုက်သည်။
" ရှင်က သူများကိစ္စတွေဆို ဘယ်တော့မှဂရုမစိုက်ဘူးဘဲ "
" ဒီနေ့ ပြင်သစ်စာအတူတူစားမယ်လို့ပြောထားတယ်မဟုတ်ဘူးလား။ မေ့သွားပြီလား "
ယဲ့ဖန် ဘယ်လောက်ဘဲကြောင်အနေပါစေ အခြေအနေ တစ်ခုခုမှားနေပြီမှန်းသိလိုက်တာကြောင့် သုံးသပ်ပြီးပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
" အာ၊ ဟုတ်သားဘဲ၊ ဟုတ်သားဘဲ၊ ဟုတ်သားဘဲ။ ဒီနေ့အလုပ်များနေလို့မေ့သွားတာပါ။ ချက်ချင်းထွက်လာခဲ့မယ် "
ရှုမန် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။
ဒီတစ်ယောက်က ဉာဏ်ကောင်းတာဘဲ သူမကို ပြဿနာမဖြစ်သွားစေဘူး။
" ကျွန်မကို အရင်လာကြိုလှည့်နော်။ ပြီးမှ စားသောက်ဆိုင်ကို အတူတူသွားမယ် "
" ကိစ္စမရှိဘူး၊ မကြာခင် ရောက်မယ် "
ယဲ့ဖန်၏အဖြေကိုရပြီးနောက် ရှုမန် ဖုန်းချလိုက်သည်။
ထို့နောက် ဟွမ်းဘင်းကို ခပ်ထေ့ထေ့ပြုံးလိုက်သည်။
" ဘယ်လိုထင်လဲ။ မေးစရာရှိသေးလား "
ဟွမ်းဘင်းအနည်းငယ်ကြောင်သွားသည်။
ဒါကြီးကမဟုတ်သေးပါဘူး။
လုပ်ဖော်ကိုင်ဖက်တွေဆီကကြားထားရသလောက် ရှုမန်မှာ ကောင်လေးမရှိတဲ့အပြင် ဆန့်ကျင်ဘက်ယောက်ျားလေးတွေနဲ့တောင် အဆက်အသွယ်သိပ်မရှိဘူးဟုပြောသည်။
ဘယ်ကနေ ရုတ်တရက်ကြီးကောင်လေးရှိသွားတာလဲ။
" ကျွန်တော့်ဆီကပြေးဖို့နဲ့ ဒိုင်းကာရှာလိုက်တာတော့မဟုတ်ဘူးမလား "
အပိုင်း (၈၈)
လုံးလုံးလျားလျားရှုံးနိမ့်ခြင်း။
ဟွမ်းဘင်း၏မေးခွန်းကိုကြားတဲ့အခါ ရှုမန်အပြစ်မကင်းစိတ်အနည်းငယ်ဖြစ်သွားပေမဲ့ ဆက်ပြီးတည်ငြိမ်ချင်ယောင်ဆောင်ကာ မေးလိုက်သည်။
" အဲ့လိုလုပ်ဖို့လိုတယ်ထင်လို့လား "
ဟွမ်းဘင်က သူမကို သံသယအပြည့်ဖြင့်ကြည့်သည်။
" ဒါပေါ့၊ ခင်ဗျားကောင်လေးနဲ့တွေ့ဖို့စောင့်နေပါ့မယ်။ အဲ့ကျမှဘဲ လက်လျှော့ပေးမယ် "
ထို့နောက် လှည့်ပြီး ရုံးခန်းထဲမှထွက်သွားသည်။
သူထွက်သွားပြီးတဲ့နောက်တွင် ရှုမန်သည် ဖုန်းကိုအမြန်ကောက်ကိုင်ပြီး ယဲ့ဖန်ကို အခြေအနေတစ်ခုလုံးအား မက်ဆေ့ချ်ပို့ပြီးရှင်းပြလိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ဂိုဒေါင်ထဲမှ Ferrari Enzo ကားကိုထုတ်နေချိန်ဖြစ်သည်။
ရောက်လာသည့်စာကိုဖတ်ပြီးတဲ့နောက် စိတ်အေးသွားပြီး စာပြန်ပို့လိုက်သည်။
" အခု လာကြိုပေးဖို့လိုသေးလား "
ရှုမန်ဆီမှ လျင်မြန်စွာပြန်စာရောက်လာသည်။
" ဒါပေါ့၊ နင်မလာရင် သူက လက်လျှော့မှာမဟုတ်ဘူး။ အခု နင်ဘဲ ငါ့ကိုကူပေးနိုင်မှာ "
ယဲ့ဖန်က စစနောက်နောက်ဖြင့်ပြောလိုက်သည်။
" ကျွန်တော်ကူပေးရင် ဘာရမှာလဲ "
ရှုမန် အောက်နှုတ်ခမ်းကိုကိုက်ပြီး ပြန်ဖြေလိုက်သည်။
" ဘာလိုချင်လဲ။ ငါလုပ်ပေးနိုင်တဲ့ဟာဖြစ်သရွေ့ရတယ် "
ယဲ့ဖန် နှလုံးခုန်သံစည်းတစ်ချက်ကျော်သွားသည်။
" တကယ်လား "
" ဒါပေမဲ့ လွန်လွန်ကြူးကြူးမတောင်းဆိုရဘူး "
ရှုမန်က ထပ်ဖြည့်ပြောလိုက်သည်။
" ဘာတွေတွေးနေတာလဲ။ ကျွန်တော်က လူကောင်းပါ "
" နင့်ကိုဆက်မပြောတော့ဘူး၊ ဟွန့် "
ရှုမန် သူမ နာရီကိုကြည့်လိုက်သည်။ အလုပ်ဆင်းချိန်နီးပြီဖြစ်သည်။
ပစ္စည်းတွေသိမ်းဆည်းပြီး ရုံးခန်းထဲမှထွက်လာသည်။
အပြင်မှာအကြာကြီးစောင့်နေတဲ့ဟွမ်းဘင်းက သူမထွက်လာတာမြင်တဲ့အခါ ချက်ချင်းအနောက်ကလိုက်လာသည်။
သူတို့နှစ်ဦးသား ဓာတ်လှေကားထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်လိုက်သည်။
ထိုအချိန် ဓာတ်လှေကားထဲတွင် ကုမ္ပဏီမှဝန်ထမ်းတွေလည်းရှိနေသည်။
" ဘယ်လိုလဲ။ ကောင်လေးက လာကြိုမှာတဲ့လား "
ဟွမ်းဘင်းက စိတ်ဆွပြီးမေးသည်။
" ဟုတ်တယ်၊ ပြဿနာရှိလို့လား "
ရှုမန်ကလည်း အရှုံးပေးမည့်ပုံမပေါ်ပေ။
" ဟုတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ်တွန်းအားမပေးပါနဲ့။ ဒီအတိုင်း ကောင်လေးမရှိဘူးဆိုတာ ဝန်ခံလိုက်ပါ "
" စိတ်မကောင်းစရာဘဲ၊ နင့်ကို စိတ်ပျက်စေတော့မှာ။ ငါ့မှာကောင်လေးရှိနေလို့လေ "
" ဟုတ်ပြီ၊ ကောင်လေးရှိတော့ရော။ ကျွန်တော့်ထက်တော်လို့လား။ ပိုက်ဆံရောပိုရှိလို့လား။ ခင်ဗျားနဲ့တန်တာ ကျွန်တော်ဘဲရှိတယ်ဆိုတာ သိအောင်ပြောနေတာ "
" ဟီးဟီးဟီး "
ရှုမန်သည် ခပ်ထေ့ထေ့ရယ်လိုက်ပြီး ဘာမှဆက်မပြောပေ။
ဟွမ်းဘင်းသည် ကားပါကင်သို့အရင်သွားသည်။
မကြာခင်တွင် ဟွမ်းဘင်းသည် တောက်ပြောင်နေသော Porsche 911 ကိုစီးပြီး ရှုမန်အရှေ့တွင်ရပ်လိုက်သည်။
ထိုသို့ဖြင့်ဘေးမှ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ချို့၏အာရုံကို ချက်ချင်းဖမ်းစားလိုက်နိုင်သည်။
ဤကဲ့သို့ ပြိုင်ကားမျိုးသည် ဘယ်လိုဘဲဖြစ်ဖြစ် အနည်းဆုံး ယွမ် ၂သန်းလောက်တန်သည်။
ဒီလိုကားမျိုးနှင့်ဈေးမျိုးသည် မိန်းကလေးတော်တော်များများကို သေလောက်အောင်ဆွဲဆောင်နိုင်သည်။
ရဲတင်းသည့်မိန်းကလေးတစ်ချို့သည် ဟွမ်းဘင်းဆီသို့ အီစီကလီအကြည့်များပစ်လွှတ်နေသည်။
သို့ပေမဲ့ ဟွမ်းဘင်းသည် ထိုကဲ့သို့သာမန်မိန်းကလေးများကို စိတ်မဝင်စားဘဲ ရှုမန်ကိုသာ အီစီကလီအကြည့်ဖြင့်ကြည့်နေသည်။
" ကျွန်တော်ပြောမယ်၊ ခင်ဗျားနဲ့တန်တာ ကျွန်တော်ဘဲရှိတာ "
ရှုမန်သည် အထင်သေးသည့်အပြုံးမျိုးပြုံးပြီး ခေါင်းကိုမော့ကာ ဘယ်ဘက်ကိုကြည့်လိုက်သည်။
လျင်မြန်စွာပင် အလွန်ကိုကြည့်ရမိုက်သည့် Ferrari Enzo ကားက သူတို့ရှိရာကို အရှိန်တင်လာနေမှန်း မြင်လိုက်ရသည်။
ထို့နောက် လှပစွာလျှောတိုက်မောင်းပြီး ယဲ့ဖန်ကားကို ဟွမ်းဘင်း၏ Porsche ကားအရှေ့တွင်ရပ်ပစ်လိုက်သည်။
ကားနှစ်စီးယှဉ်လိုက်တဲ့အခါ အစောပိုင်းမှာ တောက်ပြောင်နေသည်ဟုထင်ရသော ဟွမ်းဘင်း၏ကားသည် ချက်ချင်းအရောင်မှိန်ကျသွားသည်။
လှပတဲ့မိန်းကလေးတစ်ယောက်ကို ရုပ်ဆိုးတဲ့မိန်းကလေးများဝိုင်းရံထားတဲ့အခါ ပိုပြီးထင်ပေါ်နေတာမျိုးနှင့်ဆင်တူသည်။
သို့ပေမဲ့ စစ်မှန်သည့်အလှလေးထွက်လာသည့်အခါ သူမက ချက်ချင်းအဆင့်ကျသွားရသည်။
ထိုပုံစံကြောင့် မိန်းကလေးအများစုက သူမတို့ရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်တော့ဘဲ အော်ဟစ်ကြတော့သည်။
သူတို့သည် Ferrari Enzo ၏ဈေးနှုန်းကို မသိကြသော်လည်း ပုံပန်းသွင်ပြင်အရ ဟွမ်းဘင်း၏ကားထက် ဆယ်ဆမကသာကြောင်း ပြောနိုင်သည်။
ထို့အပြင် သူတို့ဘယ်လောက်ဘဲတုံးအပါစေ Porsche ထက် Ferrari က ပိုသာကြောင်းသိလေသည်။
သူတို့သာ အဲ့လိုကားမျိုးရဲ့ဘေးခုံမှာ လိုက်ထိုင်စီးနိုင်မည်ဆိုပါက ဘယ်လောက်ကောင်းလိုက်မည်လဲ။
ကားပိုင်ရှင်ဘယ်သူလဲဆိုတာ လူတိုင်းက ခန့်မှန်းနေစဉ်မှာဘဲ ကားပြတင်းပေါက်ကျလာပြီး ယဲ့ဖန်က ရှုမန်ကို ခပ်ဖျော့ဖျော့ပြုံးကာပြောသည်။
" အချစ်လေး၊ နောက်ကျသွားလို့ ကိုယ်တောင်းပန်ပါတယ် "
ယဲ့ဖန် ဒီနေ့အပြင်သွားထားတာဖြစ်၍ သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားသည်။
ဈေးကြီးဝတ်စုံက သူနှင့် လိုက်ဖက်ညီနေပြီး ယဲ့ဖန်၏ချောမောသောမျက်နှာကို ပိုပြီးကျက်သရေရှိစေသည်။
မိန်းကလေးအများစုက သူ့ကို ချက်ချင်းကြွေဆင်းသွားကြတော့သည်။
ငယ်ရွယ်ချောမောပြီးချမ်းသာတဲ့ သူ့လိုလူမျိုးက မိန်းကလေးတိုင်းအိပ်မက်မက်ရသည့် မင်းသားချောလေးဖြစ်သည်။
ထို့ကြောင့် မိန်းကလေးတွေက ရှုမန်ကို အားကျမနာလိုသည့်အကြည့်ဖြင့်ကြည့်ကြသည်။
ရှုမန်သည် သူမဘေးမှသူတွေရဲ့အကြည့်ကို အာရုံခံမိတာကြောင့် အနည်းငယ်ဘဝင်မြင့်သလိုခံစားလိုက်ရသည်။ ရှုမန်သည် စိတ်ပျက်သွားတဲ့ဟွမ်းဘင်းကိုကြည့်ပြီးမေးလိုက်သည်။
" ရှင် ကျွန်မနဲ့တန်တယ်လို့ ထင်သေးရဲ့လား "
ဟွမ်းဘင်းသည် အရှက်ရကာမျက်နှာပူနေသည်ကိုသာ ခံစားရသည်။
ယဲ့ဖန်မှ အလွန်မိုက်သော Ferrari Enzo ကားကို မျက်နှာစာရှေ့မောင်းလာစဉ်ကတည်းက သူရှုံးနိမ့်သွားပြီဖြစ်ကြောင်းသိခဲ့သည်။
သူ လုံးဝကို ရှုံးနိမ့်သွားခဲ့ရသည်။
တစ်ဖက်လူ၏စူပါပြိုင်ကားနှင့်ယှဉ်ပါက သူ၏ Porsche ကားသည် အမှိုက်လောက်တောင်မကောင်းပေ။
နှိုင်းယှဉ်၍ပင်မရချေ။
ရှုမန်သည် သူမမျက်နှာပေါ်တွင် အောင်နိုင်သူအပြုံးပေါ်လာကာ ယဲ့ဖန်ဆီကို ပေါ့ပါးတဲ့ခြေလှမ်းတွေဖြင့်လျှောက်လှမ်းလိုက်သည်။
ရှုမန်သည် ယဲ့ဖန်မျက်နှာပေါ်သို့ ဖွဖွလေးနမ်းလိုက်ပြီး လှည့်ကာ ဘေးထိုင်ခုံတွင်ဝင်ထိုင်သည်။
ထိုနေရာမှာရှိနေတဲ့ အမျိုးသားလုပ်ဖော်ကိုင်ဖက်များက သူတို့ရှေ့ကမြင်ကွင်းကြောင့် ဝမ်းနည်းသွားကြတော့သည်။
သူတို့ရင်ထဲကနတ်ဘုရားမရှုမန်မှာ တကယ်ကြီးကောင်လေးရှိတယ်။
ရှုမန်နှင့်စိတ်ကူးယဉ်အိပ်မက်တွေရှိနေတဲ့သူများအတွက် ရုတ်တရက်ဆန်သည့်ရိုက်ခတ်မှုကြီးဖြစ်သည်။
ထို့အပြင် သူတို့မှာ ယဲ့ဖန်ကောင်လေးအပေါ် စိတ်တိုပိုင်ခွင့်တောင်မရှိကြပေ။
ထိုတစ်ယောက်က သူတို့အားလုံးထက်သာလွန်နေကြောင်း မြင်သာနေသည်။
ဟွမ်းဘင်းသည် ရှုမန်မှ ယဲ့ဖန်ကိုနမ်းနေတာမြင်တဲ့အခါ နှလုံးမှသွေးရှင်ရှင်ထွက်သလိုခံစားရသည်။
ဒီလောကတွင် အင်အားကြီးသူကသာ ဘုရင်ဖြစ်သည်။ တစ်ဖက်သူက သူ့ထက်အင်အားသာရမယ်လို့ ဘယ်သူကပြောထားလို့လဲ။ ဟွမ်းဘင်းမကျေနပ်သော်လည်း သည်းခံရုံသာတတ်နိုင်သည်။
ယဲ့ဖန်လည်း ရှုမန်ဘက်မှ စပြီး ဒီလိုလုပ်ခဲ့လိမ့်မည်ဟု ထင်မှတ်မထားတာကြောင့် အစမှာကြောင်သွားပေမဲ့ ချက်ချင်း အသိကပ်ပြီး စက်ကိုနှိုးလိုက်သည်။
အင်ဂျင်သံနှစ်ချက်ထွက်လာပြီးနောက် အနီရောင်လျှပ်စီးတန်းအဖြစ် ဝူးခနဲ လူတိုင်းမျက်စိရှေ့မှပျောက်သွားတော့သည်။
အလဲလဲအနိုင်ပိုင်းခံလိုက်ရသော ဝမ်းနည်းနေသည့်အမျိုးသားများနှင့် မနာလိုနေသောအမျိုးသမီးများ ကျန်နေခဲ့သည်။