← Chapters

အပိုင်း ၈၉-၉၂

Vol. 5 Ch. 89-92

အပိုင်း ၈၉-၉၂

Vol. 5 Ch. 89-92

အပိုင်း (၈၉)

အလျော်ပေးရမယ်။

တစ်ချိန်တည်းမှာဘဲ ကားမောင်းသူဘေးထိုင်ခုံမှရှုမန်သည် အတော်လေးရှက်သွေးဖြာနေသည်။

ဟွမ်းဘင်း သူမအပေါ်ထပ်ပြီး လုံးဝအတွေးမမှားစေရန် ယဲ့ဖန်ကို လူအများရှေ့မှာနမ်းခဲ့သည်။

အခုပြန်တွေးကြည့်ပါက သူမလုပ်ခဲ့သည့်အပြုအမူသည်ရဲတင်းလွန်းသည်။ မြေကြီးထဲမှာ တွင်းတစ်ခုတူးပြီးသာ ပုန်းနေလိုက်ချင်တော့သည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ ကားမောင်းရင်း သူမကိုကြည့်လိုက်သည်။

" ပြောပါဦး၊ ကျွန်တော့်ကို ဘယ်လိုပြန်အလျော်ပေးမှာလဲ "

" ဟမ် "

ရှုမန် အံ့ဩသွားသည်။

" ဘာအလျော်လဲ "

ယဲ့ဖန်က နည်းလမ်းတကျရှင်းပြသည်။

" ကျွန်တော်က ကောင်လေးအဖြစ်ဟန်ဆောင်ပေးမယ်လို့ဘဲ သဘောတူခဲ့တာလေ။ ကျွန်တော့်ခန္ဓာကိုယ်ကိုပါ အစွန့်လွှတ်ခံမယ်လို့ပြောမထားဘူး။ ကျွန်တော့်ကို အစ်မက ခွင့်မတောင်းဘဲနမ်းသွားတာဆိုတော့ ဒီတစ်ခါ တော်တော်ကြီးနစ်နာသွားတာဘဲ။ အဲ့တာကြောင့် အလျော်ပေးရမယ်လေ "

ရှုမန် ပြောစရာစကားပင်ရှာမရတော့ချေ။

" ဘာကို အလျော်လိုချင်လို့လဲ "

ယဲ့ဖန်အမူအရာက အတော်လေး တည်ကြည်နေသည်။

" ကျွန်တော်က မျက်လုံးဆိုမျက်လုံး၊ သွားဆိုသွားမှ လိုချင်တာ။ အစ်မက ကျွန်တော့်ကိုနမ်းမှတော့ ပြန်နမ်းရမှာပေါ့ "

ထိုသို့ပြောပြီး ခေါင်းကို ရှုမန်ဘက်တိုးလာပြီး နမ်းချင်ယောင်ဆောင်သည်။

ရှုမန်က ကိုယ်ကိုကျုံ့လိုက်ပြီး အမြန်ရှောင်လိုက်သည်။

ယဲ့ဖန်က လက်မလျှော့ဘဲ ဆက်နမ်းဖို့လုပ်သည်။

" ကားမောင်းနေတာကို စနောက်မနေနဲ့တော့ "

ရှုမန်က သနားစရာလေးပြောသည်။

ထိုအခါမှ ယဲ့ဖန်က သူ့ကိုလွှတ်ပေးပြီး ကားဆက်မောင်းသည်။

သို့ပေမဲ့ ရှုမန်သည် ယဲ့ဖန်၏နောက်တီးနောက်တောက်အမူအရာကြောင့် ပိုရှက်နေတော့သည်။

သူမ နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်နေသည်။

အမှန်တိုင်းပြောရလျှင် ယဲ့ဖန်ကဲ့သို့ ထူးချွန်သောယောက်ျားလေးမျိုးကို ဘယ်လိုမိန်းကလေးမျိူးကများ ရင်မခုန်စိတ်မလှုပ်ရှားဘဲနေနိုင်မည်လဲ။

အထူးသဖြင့် ဒီနေ့အဖြစ်အပျက်ပြီးတဲ့နောက် ရှုမန်ရုတ်တရက်နားလည်လိုက်သည်။

ဒီလို အရေးကြုံတဲ့ကိစ္စမျိုးကြုံတဲ့အခါ သူမမှာသာ ယဲ့ဖန်လိုကောင်လေးမျိုးရှိပါက အတော်လေးကောင်းမွန်လိမ့်မည်။

ထိုအတွေးကြောင့် ရှုမန်က ယဲ့ဖန်ကို ကြည့်လိုက်သည်။

ယဲ့ဖန်သည် ကားမောင်းနေသည့်အခါ အတော်လေးချောသည်။

ယဲ့ဖန်သည် ရှုမန်၏မျက်လုံးထဲမှ ပြောင်းလဲသွားမှုကို သတိထားမိလိုက်ပေမဲ့ တည်ငြိမ်ချင်ဟန်ဆောင်ပြီး သူမအိမ်ဆီသို့ မြန်မြန်မောင်းပို့လိုက်သည်။

ရှုမန်က အံ့ဩသွားသည်။

" ဘာလို့ ငါ့ကိုပြန်ပို့နေတာလဲ "

ယဲ့ဖန်က သူမကို ပြန်ပြီး တအံ့တဩကြည့်သည်။

" အစ်မအိမ်ကိုမပို့ရင် ကျွန်တော့်အိမ်ကိုခေါ်သွားပေးရမှာလား "

ရှုမန်က ရှင်းပြရင်း မျက်နှာနီရဲလာသည်။

" ငါပြောချင်တာက နင်က ဒီနေ့ငါ့ကိုကူပေးထားလေ။ အဲ့တော့ ကျေးဇူးတင်တဲ့အနေနဲ့ ညစာလိုက်ကျွေးသင့်တာပေါ့ "

ယဲ့ဖန်မှ စိတ်လိုလက်ရရယ်လိုက်သည်။

" ဘာလို့ တယဉ်တကျေးဖြစ်နေတာလဲ။ ကိစ္စအသေးလေးပါ၊ အစ်မ ပြန်ပြီးသာ စောစောနားလိုက် "

ရှုမန်က ယဲ့ဖန်ပြောစကားကိုကြားပြီးတဲ့နောက် ဘာမှမပြောတော့ပေ။ ထို့နောက် ကားထဲမှ ထွက်လိုက်သည်။

ယဲ့ဖန်သည် သူမကို လက်ပြနှုတ်ဆက်ပြီး ကားကိုမောင်းပြန်သွားသည်။

ရှုမန်သည် အဝေးသို့မောင်းထွက်သွားသည့်ကားကိုကြည့်ပြီး ရယ်လိုက်သည်။

ယဲ့ဖန်က တကယ့်ကိုငတုံးဘဲ။

ဒီနေ့အနေအထားက အခြေအနေတစ်ခုဆီကို ရောက်သွားခဲ့သည်။

ပုံမှန်အနေအထားအရဆိုလျှင် ယောက်ျားလေးတစ်ယောက်ဘက်က အရင်စပြီး မိန်းကလေးတစ်ယောက်ကို ထမင်းလိုက်ဝယ်ကျွေးဖို့ ခေါ်သွားပြီး သူတို့ဆက်ဆံရေးကို ရှေ့ဆက်တိုးမှာဖြစ်သည်။

ဒါပေမဲ့ ဒီတစ်ယောက်ကတော့ သူမကို အိမ်အထိ တိုက်ရိုက်လိုက်ပို့ပေးလေသည်။

ရှုမန် ပျော်သင့်လား ဝမ်းနည်းသင့်လားမသိပေ။

ဝမ်းနည်းစရာကောင်းသည်က ယဲ့ဖန်မျက်လုံးထဲတွင် ဆွဲဆောင်မှုမရှိဘူးဟုထင်တာကြောင့်ဖြစ်သည်။

သူမပျော်ရသည်က ယဲ့ဖန်သည် ပွေရှုပ်တဲ့သူတစ်ယောက်မဟုတ်တာကြောင့်ဖြစ်သည်။

အနည်းဆုံးတော့ သူမ ယဲ့ဖန်ကို အကဲခတ်မမှားပေ။

ခံစားချက်ပေါင်းစုံနှင့်အတူ ရှုမန်လှည့်ဝင်ပြီး လှေကားပေါ်တက်လိုက်သည်။

..............................

ယဲ့ဖန် စံအိမ်သို့ပြန်ရောက်လာပြီး ရေချိုးဖို့ပြင်နေစဉ်တွင် လင်းကျွင်းကျွင်းဆီမှ ရုတ်တရက် ဖုန်းဝင်လာသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မက ပိုင်ဆိုင်မှုစီမံခံခန့်ခွဲရေးဌာနက လင်းကျွင်းကျွင်းပါ။ မနေ့က စံအိမ်အလုံး၂၀ ဝယ်ခဲ့တာကြောင့် လွှဲပြောင်းရေးလုပ်ငန်းစဉ်လေးလုပ်ဖို့ အခု အဆင်ပြေမလားမသိဘူး "

ယဲ့ဖန် တစ်ခဏတွေးပြီးနောက်ဖြေသည်။

" အခုအိမ်မှာရှိပါတယ်။ လာလိုက်ပါ "

လင်းကျွင်းကျွင်း၏အလုပ်ကျွမ်းကျင်မှုသည် ပုံမှန်အတိုင်း လျင်မြန်သည်။ ထို့ကြောင့် မကြာခင်မှာဘဲ တံခါးခေါင်းလောင်းသံမြည်လာသည်။

ယဲ့ဖန် တံခါးကိုဖွင့်ပြီး လင်းကျွင်းကျွင်းကိုတွေ့တဲ့အခါ သူ့မျက်လုံးတို့တောက်သွားသည်။

သူမသည် အနက်ရောင်အမျိုးသမီးယူနီဖောင်းဝတ်စုံကိုဝတ်ထားသည်။

စကတ်အောက်မှ သွယ်လျသောခြေတံလေးတို့ကပေါ်နေပြီး အနက်ရောင်အသားကပ်ခြေအိတ်ဝတ်ထားသည်။

အနက်ရောင်ဒေါက်မြင့်ဖိနပ်ကိုလည်းစီးထားတာကြောင့် အရပ်ရှည်သည့်ပုံပေါက်နေသည်။

အချိန်က အတော်လေးနောက်ကျနေပြီဖြစ်သည်။

ပြီးတော့ ဤကဲ့သို့ အလှလေးက သူ့ဆီသို့ ကိုယ်တိုင်ကိုယ်ကျရောက်လာသည့်အတွက် ယဲ့ဖန် အနည်းနှင့်အများ စိတ်လှုပ်ရှားနေရသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ အကြိမ်အနည်းငယ်ထပ်ကြည့်လိုက်သည်။

လင်းကျွင်းကျွင်းသည်လည်း သူ၏အကြည့်တွေကို သတိထားမိပြီး အနည်းငယ်ရှက်သွေးဖြန်းနေသည်။

" ယဲ့လူကြီးမင်း၊ ဒီလောက်နောက်ကျတဲ့အချိန်ကြီးမှ နှောင့်ယှက်ရလို့ ကျွန်မတောင်းပန်ပါတယ် "

ယဲ့ဖန်က အလျင်အမြန် သူမကို အထဲခေါ်လိုက်သည်။

" ဘာသောက်ချင်လဲ "

သူမ ဆိုဖာပေါ်ထိုင်ပြီးတဲ့နောက် ယဲ့ဖန်က သာမန်ဘဲမေးလိုက်သည်။

" ရေဆိုရင် ရပါတယ်၊ ကျေးဇူးတင်ပါတယ် "

လင်းကျွင်းကျွင်းက မြန်မြန်အရိုအသေပေးလိုက်သည်။

ယဲ့ဖန်သည် လှည့်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။

ယဲ့ဖန် ရေသွားယူနေချိန်တွင် လင်းကျွင်းကျွင်းက အခွင့်အရေးယူပြီး အခန်းကို လှည့်ပတ်ကြည့်သည်။

သူမကြည့်နေရင်း ကော်ဖီစားပွဲပေါ်မှ အိမ်ခြံမြေပိုင်ဆိုင်မှုစာရွက်စာတမ်းအထပ်လိုက်နှင့် ရှယ်ယာစာရွက်စာတမ်းအပုံလိုက်ဆီသို့ အကြည့်ရောက်သွားတဲ့အခါ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ယဲ့ဖန်ချမ်းသာမှန်း သူမ သိသော်လည်း ဒီလောက်ကြီးထိချမ်းသာမည်ဟုထင်မထားပေ။

ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေအပုံလိုက်နဲ့တင် နက္ခတ်တာဝါတိုင်ကြီးတောင်ဆောက်လို့ရလောက်တယ်မလား။

သူ့ကိုလက်ထပ်တဲ့ဘယ်သူမဆို တစ်ဘဝလုံးစာချမ်းသာပြီးပြည့်စုံကြွယ်ဝလိမ့်မည်။

ထိုအချိန်မှာဘဲ ယဲ့ဖန်က ရေတစ်ခွက်ယူပြီးပြန်လာသည်။

" အိမ်မှာကတော့ နည်းနည်းရှုပ်နေတယ်ဆိုတော့ စိတ်မရှိပါနဲ့ "

ယဲ့ဖန်က ထိုသို့ပြောပြီး ရေခွက်ကိုတွန်းပေးလိုက်သည်။

လင်းကျွင်းကျွင်း ရေခွက်ကိုလှမ်းယူရင်း ယဲ့ဖန်လက်ကို မတော်တဆထိမိသွားသည်။

သူမ မျက်နှာက နီသထက်နီလာပြီး ခေါင်းကိုငုံ့လိုက်သည်။

ယဲ့ဖန်သည် သူမ မျက်နှာရဲနေတာတွေ့တဲ့အခါ စိတ်ပူပြီးမေးသည်။

" အဆင်ပြေရဲ့လား။ ဆေးရုံသွားချင်လား "

လင်းကျွင်းကျွင်း ခေါင်းကိုအမြန်ခါလိုက်သည်။

" ရပါတယ်။ လွှဲပြောင်းရေးကိစ္စအရင်လုပ်ကြတာပေါ့ "

ထိုသို့ပြောပြီး သူမအိတ်ထဲမှ စာရွက်အထုပ်ကြီးကို ထုတ်လိုက်သည်။

ယဲ့ဖန် ထူးဆန်းသည်ဟုခံစားရပေမဲ့ တစ်ဖက်မှ ဘာမှမဖြစ်ဘူးဟုပြောတာကြောင့် ဆက်မမေးတော့ပေ။

သူတို့နှစ်ဦးသား ပိုင်ဆိုင်မှုလွှဲပြောင်းရေးကိစ္စများလုပ်ခဲ့ကြသည်။

ယဲ့ဖန်သည် လုပ်ငန်းစဉ်နှင့် ရင်းနှီးနေပြီဖြစ်၍ နာရီဝက်အတွင်းမှာဘဲ လက်မှတ်ထိုးပြီးသွားခဲ့သည်။

သို့ပေမဲ့ လင်းကျွင်းကျွင်းက ပြန်ဖို့ အလောမကြီးပေ။ အဲ့ဒီအစား သူမက ယဲ့ဖန်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ကြည့်နေသည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။

" မိန်းကလေးလင်း၊ ဘာပြောစရာရှိလို့လဲ။ လွတ်လွတ်လပ်လပ်ပြောပါ "

ထိုအခါမှ လင်းကျွင်းကျွင်းကပြောသည်။

" ယဲ့လူကြီးမင်း၊ ဘာလို့တစ်ခါတည်း အိမ်တွေအများကြီးဝယ်တာလဲ "

ယဲ့ဖန် ပြုံးလိုက်သည်။

" ရွှေအိမ်ကြီးထဲမှာ အိမ်ရှင်မအလှလေးကိုဖွက်ထားမလို့လေ၊ စိတ်ဝင်စားလို့လား "

အပိုင်း (၉၀)

အလှလေးကိုဖွက်ထားမလို့လေ၊ စိတ်ဝင်စားလို့လား။

ယဲ့ဖန်၏စကားကြောင့် လင်းကျွင်းကျွင်း၏မျက်နှာ ချက်ချင်းရဲတွတ်သွားသည်။

" ယဲ့လူကြီးမင်း၊ ရှင်နောက်နေတာ ဟုတ်တယ်မလား "

ယဲ့ဖန်သည်လည်း သူ၏စနောက်မှုက မသင့်လျော်ကြောင်း ခံစားမိသည်။ ယဲ့ဖန် ပြုံးလိုက်သည်။

" အမှန်တိုင်းပြောရရင် ဒီအိမ်တွေကို ဘယ်လိုသုံးရမလဲဆိုတာ မတွေးရသေးဘူး "

လင်းကျွင်းကျွင်း ထိုစကားကြောင့် ကြိတ်ပြီးတောက်ခေါက်လိုက်သည်။

သူမ လူချမ်းသာတွေရဲ့ကမ္ဘာကြီးကို နားမလည်နိုင်ပေ။

သူ့ပိုက်ဆံတွေ အဲ့လောက်အများကြီးသုံးပြီး အိမ်တွေဝယ်ထားတာတောင်မှ ဘယ်လိုသုံးရမလဲဆိုတာ မတွေးရသေးဘူးတဲ့လား။

လင်းကျွင်းကျွင်းသည် တစ်ခုခုကိုပြောချင်နေပေမဲ့ မပြောဘဲရပ်လိုက်သည်ကို ယဲ့ဖန်တွေ့လိုက်တာကြောင့်သူ့ဘက်မှ အရင်အစပျိုးပြောလိုက်သည်။

" မိန်းကလေးလင်းက ပညာရှင်ဆိုတော့ အိမ်ခြံမြေအကြောင်းတွေကို ပိုပြီးသိမှာပါ။ အကြံကောင်းများရှိလို့လား "

လင်းကျွင်းကျွင်းမှ ချက်ချင်း မတ်မတ်ထိုင်ကာ ရှင်းပြသည်။

" ဒါက ဒီလိုပါ။ ကျွန်မမှာ အဆင့်မြင့်စံအိမ်တွေကို ငှားချင်နေတဲ့ ဖောက်သည်တစ်ချို့ရှိပါတယ်။ အကယ်၍ ယဲ့လူကြီးမင်းသာ သဘောတူမယ်ဆို ကျွန်မ ကူညီပြီးဆက်သွယ်ပေးပါမယ် "

ယဲ့ဖန်က ချက်ချင်း မဖြေဘဲ ပြန်မေးလိုက်သည်။

" အထူးဖောက်သည်တွေဆိုတာ ဘာပြောတာလဲ "

လင်းကျွင်းကျွင်းမှ တစ်ခဏတွန့်ဆုတ်သွားပြီးနောက် အမှန်တိုင်းပြောပြသည်။

" ဥပမာ တစ်ချို့အရာရှိတွေက အဆင်မြင့်အိမ်ခြံမြေတွေဝယ်နိုင်ဖို့အထိပိုက်ဆံမလောက်ကြပါဘူး။ ဒါမှမဟုတ် အင်တာနက်နာမည်ကြီးတွေနဲ့ ကြယ်ပွင့်လေးတွေက ကြွားချင်တာမျိုးတွေက ဒီလိုတောင်းဆိုမှုမျိုးလုပ်ကြပါတယ် "

ယဲ့ဖန် အချိန်အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းငြိမ့်သဘောတူလိုက်သည်။

" ဒါဆို ကူညီပြီးဆက်သွယ်ပေးပါဦး "

ဘယ်လိုဘဲဖြစ်ဖြစ် ထိုအိမ်တွေက ယဲ့ဖန် အသုံးမလိုတာဖြစ်တဲ့အတွက် အငှားထားလိုက်ပါက ဝင်ငွေတစ်ချို့ရလာမည်ဖြစ်သည်။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏သဘောတူစကားကြောင့် ပျော်ရွှင်ကာ မျက်နှာလန်းသွားသည်။

" အဲ့လိုဆို ကောင်းပါတယ်။ အိမ်ငှားချင်နေတဲ့ ဧည့်သည်တစ်ယောက်ရှိထားပါတယ်။ ယဲ့လူကြီးမင်းသာ အဆင်ပြေမယ်ဆိုရင် အိမ်ကြည့်ဖို့ မနက်ဖြန်ကျ သူ့ကိုခေါ်လာလိုက်ပါမယ် "

ယဲ့ဖန် ခေါင်းငြိမ့်လိုက်သည်။

" ရပါတယ် "

လင်းကျွင်းကျွင်း မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။

" ဒါဆို ယဲ့လူကြီးမင်းရဲ့ အနားယူချိန်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ မနက်ဖြန်ကျမှ ဆက်သွယ်လိုက်ပါ့မယ် "

ထိုသို့ဖြင့် သူမက လှည့်ပြီး ထွက်သွားသည်။

ယဲ့ဖန်သည် လျှောက်ထွက်သွားတဲ့ သူမ၏ဆွဲဆောင်မှုရှိတဲ့နောက်ကျောပြင်ကိုကြည့်ပြီး သူမနဲ့ ခွဲခွာရဖို့ အနည်းငယ်နှမြောတသဖြစ်နေသည်။

ဒီလိုအိမ်ကြီးထဲမှာ သူတစ်ယောက်တည်းနေရတာ နှမြောစရာကောင်းလွန်းသည်။

အမျိုးသမီးပိုင်ရှင်လေးပါ ရှိမနေသင့်ဘူးလား။

.….....................

နောက်တစ်နေ့နံနက် ယဲ့ဖန် အိပ်နေတုန်းမှာဘဲ လင်းကျွင်းကျွင်းဆီမှ ဖုန်းဝင်လာသည်။ အိမ်ကြည့်မည့်သူတွေရောက်နေပြီး ပိုင်ဆိုင်မှုခန့်ခွဲရေးဌာနတွင်စောင့်နေသည်ဟုပြောလာသည်။

ယဲ့ဖန် ရွေးချယ်စရာမရှိဘဲ အိပ်ရာမှထကာ ကိုယ်လက်သန့်စင်သည်။

ခေါင်းမလျှော်တော့ဘဲ ပုံမှန်အဝတ်အစားတွေလဲကာ ထွက်လာသည်။

ယဲ့ဖန်ရောက်သည့်အခါ လင်းကျွင်းကျွင်းသည် သက်လတ်ပိုင်းယောက်ျားတစ်ယောက်နှင့် စကားပြောနေသည်ကို အဝေးမှတွေ့လိုက်ရသည်။

ထို သက်လတ်ပိုင်းလူကြီး၏လှုပ်ရှားမှုများသည် အတော်လေးဟိတ်ဟန်ကြီးပြီး ရာထူးမြင့်ပိုင်းတွင် အချိန်အတော်ကြာရှိခဲ့တဲ့သူတစ်ယောက်ဖြစ်မည်။

ထိုလူကြီး၏ဘေးတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ယောက်ရပ်နေသည်။ သူတို့သည် မိသားစုလေးဦးဖြစ်ရမည်။

လင်းကျွင်းကျွင်းက ယဲ့ဖန်ကိုမြင်တဲ့အခါ လှမ်းခေါ်သည်။

ယဲ့ဖန် အနားရောက်လာတဲ့အခါ သူမက သူတို့ကို အချင်းချင်းမိတ်ဆက်ပေးသည်။

" လော့လူကြီးမင်း၊ ဒါက လူကြီးမင်းယဲ့ဖန်ပါ။ လူကြီးမင်းငှားချင်တာက သူ့အိမ်ပါ "

ထို့နောက် ယဲ့ဖန်ကို သူမက မိတ်ဆက်ပေးသည်။

" ဒါက လော့မိသားစုက လူကြီးမင်းလော့ကျားချန်ပါ။ သူက ဒီနေ့ အိမ်ကြည့်ဖို့ရောက်လာတာပါ "

ယဲ့ဖန်က လက်လှမ်းနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ၊ လော့လူကြီးမင်း "

လော့ကျားချန်းသည် တစ်ခဏတွန့်ဆုတ်နေပြီးနောက်မှ လက်လှမ်းလိုက်သည်။

" ယဲ့လူကြီးမင်းကို ဒီလောက်ငယ်မယ်ထင်မထားဘူးဘ"

ထိုလူကြီး၏တွန့်ဆုတ်မှု ကွယ်ပျောက်သွားသော်လည်း ယဲ့ဖန်သိလိုက်သည်။

သိသာစွာပင် ထိုလော့လူကြီးမင်းက သူ့ကို အထင်သေးနေတာဖြစ်သည်။

သို့ပေမဲ့ အဲ့တာက နားလည်ပေးလို့ရသည့်အရာဖြစ်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ဖန်သည် အသက်နှစ်ဆယ်ပိုင်းသာရှိသေးပြီး အလျင်အမြန်ထခဲ့တာကြောင့် ဆံပင်က ရှုပ်ပွနေကာ ပေါ့ပေါ့ပါးပါးဝတ်စားထားသေးသည်။ ဇိမ်ခံစံအိမ်ပိုင်ရှင်တစ်ယောက်ပုံစံနှင့်မတူပေ။

လင်းကျွင်းကျွင်းသည် သူတို့နှစ်ဦး ပြဿနာတက်မည်စိုးရိမ်သောကြောင့် အလျင်အမြန်ကြားဖြတ်ပြောလိုက်သည်။

" လော့လူကြီးမင်း၊ ဒီအိမ်တွေကို အရင်ကြည့်ကြည့်ပါဦး "

လော့ကျားချန်လည်း ရွေးစရာမရှိဘဲ စံအိမ်ကြည့်ရန် သူမအနောက်ကိုလိုက်ခဲ့သည်။

တကယ်တော့ ယဲ့ဖန်အတွက်လည်း သူ့အိမ်တွေကို အခုမှပထမဆုံးတွေ့ဖူးမှာဖြစ်တဲ့အတွက် မျှော်လင့်နေသည်။

သို့ပေမဲ့ လင်းကျွင်းကျွင်းအနောက်ကိုလိုက်ကြည့်ရင်း ယဲ့ဖန်အတော်လေးစိတ်ပျက်မိသည်။

သူ့ရှေ့က ဇိမ်ခံစံအိမ်ကြီးသည် အတော်လေးကြီးကျယ်ခမ်းနားသည်ဟုထင်ရသော်လည်း သူ့၏နံပါတ်(၁)စံအိမ်နှင့် ယှဉ်ပါက အတော်လေးလိုအပ်နေသေးသည်။

သို့ပေမဲ့တွေးကြည့်ပါက သူ့၏စံအိမ်သည် ကျုံးထျန်းကန်သာယာစံအိမ်ဝန်းထဲတွင် အခမ်းနားဆုံးစံအိမ်ကြီးဖြစ်သည့်အတွက် ကျန်အိမ်များနှင့်ယှဉ်မရပေ

ထိုစံအိမ်သည် ယဲ့ဖန်မျက်လုံးထဲတွင်တော့ သာမန်ဆန်သည်ဟုထင်ရပေမဲ့ လော့မိသားစု၏မျက်လုံးထဲတွင်တော့ ကွဲပြားသည်။

" အမလေး၊ ဒီအိမ်ကြီးက လှလိုက်တာ "

လော့ကျားချန်၏မိန်းမသည် အိမ်ထဲကိုဝင်တာနဲ့ပြောလိုက်သည်။

စံအိမ်ထဲတွင် ခြံဝန်းလေးအသေးစားတစ်ခုပါပြီး အမျိုးအစားစုံလင်သော သစ်ပင်ပန်းမန်များစိုက်ပျိုးထားတာကြောင့် စံအိမ်က အတော်လေးအသက်ဝင်နေသည်။

စံအိမ်၏အတွင်းပိုင်းကိုဝင်လာတဲ့အခါ အပေါ်အောက်နှစ်ထပ်ရှိပြီး ၇မီတာကျော်မြင့်တာကြောင့် အတော်လေးကျယ်ဝန်းသည်ဟုထင်ရသည်။

လော့မိသားစု၏ကလေးတွေသည် အခန်းထဲတွင် ချက်ချင်းပြေးလွှားကစားကြတော့သည်။

လော့ကျားချန်သည်လည်း အတော်လေးအံ့ဩသွားသည်။ ဒီအိမ်သည် သူ့မျှော်မှန်းချက်ထက် ပိုပြီးသာလွန်လေသည်။

လင်းကျွင်းကျွင်းသည် လော့မိသားစုဝင်တို့ရဲ့မျက်နှာအမူအရာကို သတိထားမိတာကြောင့် အခွင့်အရေးယူပြီးပြောလိုက်သည်။

" လော့လူကြီးမင်း၊ အိမ်က ပြဿနာမရှိဘူးဆိုရင် ကျွန်မတို့ ငှားရမ်းဖို့ပြောကြတော့မလား "

လော့ကျားချန်သည် အသိပြန်ဝင်လာပြီး ချက်ချင်း မေးလိုက်သည်။

" နှစ်စဉ် ငှားခက ဘယ်လောက်ကျလဲပြောပါ "

လင်းကျွင်းကျွင်းသည် ယဲ့ဖန်ကိုတစ်ခဏလှမ်းကြည့်ပြီးတဲ့နောက် သေချာဂရုစိုက်ပြောလိုက်သည်။

" ကျွန်မတို့က အဆင့်မြင့်အိမ်ရာဝန်းဖြစ်တာကြောင့် ငှားခက နည်းနည်းတော့ဈေးကြီးပါတယ်။ တစ်နှစ်ကို ငှားခ ယွမ် ၁သန်းကျသင့်ပြီး တစ်နှစ်စာအတွက် ငွေပေးသွင်းနိုင်ပါတယ် "

သူမ စကားမဆုံးသေးခင်မှာဘဲ လော့ကျားချန်သည် သူ့အိတ်ထဲမှ ချက်လက်မှတ်စာအုပ်ကိုထုတ်ပြီး လက်မှတ်ထိုးလိုက်သည်။

" ယွမ် ၂သန်း ယူလိုက်ပါ "

လင်းကျွင်းကျွင်းသည် ချက်လက်မှတ်ကိုယူလိုက်ပြီး အနည်းငယ်လန့်သွားသည်။

" လော့လူကြီးမင်း၊ ရှင်ထပ်ပြီးမစဉ်းစားတော့ဘူးလား "

တစ်ဖက်မှငှားသူက တစ်ချက်သာကြည့်ပြီး အိမ်ကို ငှားဖို့ ဆုံးဖြတ်လိုက်သည်။

ယွမ် ၂သန်းတောင်ကို နည်းနည်းလေး မလောလွန်းဘူးလား။

လော့ကျားချန်သည် လက်ကိုယမ်းလိုက်သည်။

" ဘဝမှ အရေးကြီးဆုံးက ပျော်ရွှင်ရဖို့လေ။ ငါ့ဇနီးနဲ့ကလေးတွေကို ကြည့်လိုက်။ သူတို့ ဒီကိုရောက်လာကတည်းက ပျော်နေကြတာ။ အဲ့တာမျိုးက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ဟာမဟုတ်ဘူး "

လော့လူကြီးမင်းမှ စိတ်ပိုင်းဖြတ်ထားတာကိုမြင်ပြီး လင်းကျွင်းကျွင်းထပ်မပြောတော့ပေ။

ထို့နောက် ကြိုတင်ပြင်ဆင်ထားသော စာချုပ်ကိုထုတ်ပြီး သူတို့နှစ်ဦးနှစ်ဖက်ကို လက်မှတ်ထိုးစေလိုက်သည်။

ယဲ့ဖန် စာချုပ်ချုပ်နေတာကိုကြည့်ပြီး သူမ အားကျလာသည်။

ကြည့်ပါဦး ယွမ် ၂ သန်းကို လွယ်လွယ်လေးရသွားတာ။

ဝင်ငွေတွေနှိုင်းယှဉ်ရတာ စိတ်တိုစရာကောင်းလိုက်တာ။

အပိုင်း (၉၁)

ဒီမိန်းကလေးက နည်းနည်းစိတ်ဝင်စရာကောင်းတယ်။

စာချုပ်ချုပ်ပြီးတဲ့နောက် လော့ကျားချန်ဘက်မှ အရင်စပြီး ယဲ့ဖန်ကို လက်ဆွဲနှုတ်ဆက်သည်။

" ယဲ့လူကြီးမင်း၊ ဒီအိမ်ကိုအတော်လေးသဘောကျတာမလို့ အတော်ကြာ ငှားဖြစ်မယ်ထင်တယ်။ ရှေ့လျှောက်လည်းတွေ့ရဦးမှာဆိုတော့ ဂရုစိုက်ပေးပါဦး "

ယဲ့ဖန်သည် ဤမျှအသက်လောက်လေးဖြင့် ဒီလိုစံအိမ်ကြီးကို ပိုင်ဆိုင်ထားသည့်အတွက် သာမန်လူတစ်ယောက်မဖြစ်နိုင်မှန်း လော့ကျားချန်ပြောနိုင်သည်။

ထို့ကြောင့် လော့ကျားချန် သူ့ဘက်မှစပြီးမိတ်ဖွဲ့လိုက်သည်။

" ဒါပေါ့၊ ရပါတယ် "

ပြုံးပြနေသည့် သူတစ်ယောက်ကို သွားရိုက်လို့မရပေ။ တစ်ဖက်မှ ကြင်နာမှုကိုပြသနေ၍ ယဲ့ဖန်ဘက်မှ ငြင်းဆန်ခြင်းလည်း မလုပ်ခဲ့ချေ။

ထိုအချိန်တွင် လော့ဇနီးသည်မှ ရုတ်တရက် သူတို့ဆီသို့ အမြန်လျှောက်လာသည်။

" လင်းမိန်းကလေး၊ ရှင့်မှာ တခြားငှားဖို့အိမ်တွေရှိသေးလား။ ဒီအိမ်ကို WeChat မှာတင်လိုက်တာ သူငယ်ချင်းတွေတော်တော်များများက အားကျနေကြတယ်။ အိမ်အလွတ်တွေရှိသေးလား၊ သူတို့ရောငှားချင်တယ်လို့မေးနေကြလို့ပါ "

လင်းကျွင်းကျွင်းက ပြုံးပြီး ပြောသည်။

" ယဲ့လူကြီးမင်းကို ကျွန်မ မေးရမှာပါဘဲ "

လော့ကျားချန်နှင့် သူ၏ဇနီးတို့သည် လင်းကျွင်းကျွင်း၏စကားကြောင့် လန့်သွားကြသည်။ သူမ ဘာကိုဆိုလိုချင်မှန်း နားမလည်ကြပေ။

လင်းကျွင်းကျွင်းမှ အလျင်အမြန်ရှင်းပြသည်။

" ဒါက ဒီလိုပါ။ ယဲ့လူကြီးမင်းဆီမှာ ဒီလိုစံအိမ်တွေ ၁၉လုံးရှိပါသေးတယ်။ သူက အကုန်လုံးကို ငှားချင်ရဲ့လားဆိုတာ ကျွန်မက မသေချာလို့ပါ "

သူမ၏ရှင်းပြချက်ကိုကြားပြီးတဲ့နောက် လော့ကျားချန်နှင့် သူ၏ဇနီးတို့သည် လုံးဝကို အံ့ဩသွားကြတော့သည်။

ယဲ့ဖန်တွင် ဒီလိုစံအိမ်မျိုးရှိသည့်အတွက် သူတို့အတော်လေးအထင်ကြီးနေပြီးသားဖြစ်သည်။

သို့ပေမဲ့ နောက်ထပ် အိမ် ၁၉ လုံးရှိနေသေးဦးမည်ဟုတော့ ထင်မထားပေ။

ဒါက ဘယ်လိုမျိုးပါလိမ့်။

စံအိမ်တစ်ခုကို ယွမ် သန်း ၅၀ လောက်ကျပါက အိမ် အလုံး ၂၀ ဆိုလျှင် ယွမ် သန်း ၁၀၀၀ ( တစ်ဘီလီယံ ) ကျော်ပေလိမ့်မည်။

လော့ကျားချန်သည် တစ်ဖက်သူကို အဆင့်အတန်းမြင့်မြင့်တွေးပေမဲ့ အထင်သေးနေဆဲဖြစ်သည်။

ဒီလို ယွမ်သန်းထောင်ချီရှိသည့် လူငယ်လေးတွင် မိသားစုကြီးတစ်ခု နောက်ခံရှိပေလိမ့်မည်။

ထိုကဲ့သို့အာဏာမျိုးကို သူ ပြဿနာရှာလို့မဖြစ်ပေ။

ထိုအတွေးကြောင့် လော့ကျားချန်က ယဲ့ဖန်ကို လေးလေးစားစားဆက်ဆံသည်။

" ယဲ့လူကြီးမင်း၊ ကျန်တဲ့ စံအိမ် ၁၉ လုံးကိုရော ငှားချင်ပါသလား "

ယဲ့ဖန် တွေးကြည့်လိုက်သည်။ အိမ်တွေကို အသုံးမလိုသည့်အတွက် ယဲ့ဖန် ငှားဖြစ်မည်ဖြစ်သည်။

ထို့ကြောင့် ခေါင်းငြိမ့်သဘောတူလိုက်သည်။

" ရပါတယ် "

ယဲ့ဖန်၏ ပြောစကားကိုကြားပြီးတဲ့အခါ လော့ဇနီးသည်မှ ပျော်ရွှင်မှုကြောင့် မျက်နှာဝင်းသွားသည်။

သူမ သူငယ်ချင်းတွေကို သတင်းကောင်း ချက်ချင်းပြောလိုက်သည်။

သူမ သူငယ်ချင်းတွေကလည်း ချက်ချင်းတုန့်ပြန်ကြသည်။ စရံငွေကို လော့လူကြီးမင်းကို လွှဲပေးကြပြီး သူတို့အစား စာချုပ်ကူချုပ်ဆိုပေးရန် အကူအညီတောင်းကြသည်။

အချိန်တိုအတွင်းမှာဘဲ စံအိမ် ၁၀ လုံး အငှားထွက်သွားသည်။

ယဲ့ဖန် ဘဏ်အကောင့်ထဲတွင် ယွမ် သန်း ၂၀ ချက်ချင်းဝင်လာသည်။

ထိုဝင်ငွေကြောင့် လင်းကျွင်းကျွင်းအတော်လေး အားကျမိသည်။

ယွမ်သန်း၂၀ဟူသော ပမာဏသည် သာမန်လူအများစုအတွက် အလွန်ကိုများပြားတဲ့ပမာဏတစ်ခုဖြစ်သည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ တစ်မနက်တည်းဖြင့်ရသွားသည်။

သူမ ဘယ်လိုလုပ်ပြီး အားမကျ၊ မနာလိုမဖြစ်ဘဲနေနိုင်မှာလဲ။

သို့ပေမဲ့ ယဲ့ဖန်ကတော့ အတော်လေးတည်ငြိမ်နေသည်။

သူ့အမူအရာသည် ယွမ် သန်း ၂၀ ရလိုက်တာနဲ့မတူဘဲ ၂ ယွမ်သာ ကောက်ရတဲ့အလား စိတ်တည်ငြိမ်နေသည်။

ယဲ့ဖန် တည်ငြိမ်သည့်ပုံပေါ်လေလေ လော့ကျားချန်မှ အံ့ဩလေလေဖြစ်သည်။

လော့ကျားချန်သည် အထက်တန်းလွှာထဲတွင် အတော်လေးအောင်မြင်ပြီးကျော်ကြားတဲ့သူတစ်ယောက်အဖြစ် အထင်ခံရတဲ့သော်လည်း သူ့ကိုယ်သူ ဉာဏ်ထက်မြက်ကာ တည်ငြိမ်တဲ့သူတစ်ယောက်အဖြစ် ခံစားရသည်။

သို့ပေမဲ့ ယွမ်သန်း၂၀ ဝင်ငွေကို မျက်မြင်ကြုံရတဲ့အခါ တည်ငြိမ်စွာနေနိုင်ဖို့ ခက်ခဲလေသည်။

တစ်ဖက်လူသည် ဤကဲ့သို့ဝင်ငွေမျိုးကို မကြာခဏကြုံနေရသူဖြစ်ပြီး ဒီလောက်ငွေပမာဏကို ဂရုမစိုက်ဘူးဟုဆိုလိုတာဖြစ်သည်။

ထိုသို့နားလည်မှုနှင့်အတူ ယဲ့ဖန်အပေါ် လော့ကျားချန်သည် ပို၍ပို၍လေးစားလာသည်။

သူ့ဘက်ကစပြီး ယဲ့ဖန်ကို ဆက်သွယ်ရမည့်အချက်အလက်ပင်ဖလှယ်လိုက်သည်။

အိမ်အငှားချသည့်ကိစ္စများဆောင်ရွက်ပြီးတဲ့နောက် ယဲ့ဖန်နှင့် လင်းကျွင်းကျွင်းတို့အတူ ထွက်သွားသည်။

အပြန်လမ်းတွင် ယဲ့ဖန်သည် လင်းကျွင်းကျွင်းကို WeChat မှ ယွမ် ၅သောင်းလွှဲလိုက်သည်။

လင်းကျွင်းကျွင်းသည် တစ်ခဏကြောင်သွားပြီးမှ နောက်ပြောင်လိုက်သည်။

" ဒါကဘာလဲ၊ ကျွန်မကို ထောက်ပံ့ပေးတော့မလို့လား။ ယွမ် ၅ သောင်းကတော့ မလောက်ဘူးနော် "

ယဲ့ဖန်သည်လည်း ရယ်လိုက်သည်။

" ဒါဆို ပမာဏပြောလေ၊ မိန်းကလေးလင်းကို ထောက်ပံ့ပေးဖို့ ဘယ်လောက်လိုမလဲ။ ဘာလို့ ကျွန်တော့်စံအိမ်ထဲကတစ်ခုကို မယူလိုက်တာလဲ။ အလှလေးကိုဖွက်ထားတဲ့ ရွှေအိမ်ကြီးအဖြစ်သဘောထားတာပေါ့ "

ထိုစကားကြောင့် လင်းကျွင်းကျွင်းနှလုံးသားဝုန်းဒိုင်းကြဲကုန်တော့သည်။

အမှန်တိုင်းပြောရလျှင် သူမ အတော်လေးစိတ်လှုပ်ရှားသွားသည်။

ယဲ့ဖန်ကဲ့သို့ ငယ်ရွယ်ချောမောပြီးချမ်းသာတဲ့သူတစ်ယောက်ဘေးမှာရှိနိုင်ဖို့က မိန်းကလေးတော်တော်များများ၏အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ပေမဲ့ အတွေးတစ်ခုက သူမစိတ်ထဲကိုဖြတ်သွားသည်။

မိန်းမတွေသည် ငွေကြေးအားဖြင့် အမှီအခိုကင်းသင့်သည်ဟု ယုံကြည်သည်။ ထိုမှသာ သူတို့သည် ယောက်ျားများဖြင့် မျှတသည့်အခွင့်အရေး၊ ရပိုင်ခွင့်များကို ရင်ဘောင်တန်းနိုင်မှာဖြစ်သည်။ မဟုတ်ပါက သူမတို့သည် တခြားသူများကို အမြဲတမ်း မှီခိုနေရမှာဖြစ်သည်

" မလိုပါဘူး "

လင်းကျွင်းကျွင်း ပိုက်ဆံကိုငြင်းလိုက်သည်။

" မင်း ရသင့်လို့ပါ။ မိန်းကလေးလင်းသာ မကူညီဘူးဆိုရင် အိမ်တွေကို ဒီလောက် မြန်မြန်ငှားလို့ရမှာ မဟုတ်ပါဘူး "

ယဲ့ဖန်၏လေသံသည် အတော်လေးရိုးသားကာ စိတ်ရင်းဖြစ်သည်။

" တကယ်တော့ အများကြီးမလုပ်လိုက်ပါဘူး။ ဒီအတိုင်း အဆက်အသွယ်လေးပါဘဲ။ ရှင့်ဆီက ပိုက်ဆံအများကြီးယူလိုက်ရင် စိတ်ထဲနေလို့ကောင်းမှာမဟုတ်ဘူး "

လင်းကျွင်းကျွင်းစိတ်ထားကပြတ်သားနေသည်။

ထို့ကြောင့် ယဲ့ဖန်သည် သူမကို ငွေလက်ခံဖို့ ဆက်မတိုက်တွန်းတော့ပေ။

" ဒါဆိုလည်း ကောင်းပါပြီ။ နောက်ကျ တစ်ခုခုစားချင်တာဖြစ်ဖြစ်၊ အိတ်တို့၊ အလှအပပစ္စည်းတို့ လိုချင်တာဝယ်ချင်ရင် ပိုက်ဆံကို ကျွန်တော့်ဆီက ဘယ်အချိန်မဆိုလာထုတ်လို့ရပါတယ် "

လင်းကျွင်းကျွင်းသည် သူ့စကားတွေကြောင့် ရှက်သွေးဖြန်းသွားပြန်သည်။

" ဒါက ရှင့်အိမ်ရှင်မပုံစံမဆန်ဘူးလား "

ယဲ့ဖန် သူမကို ချက်ချင်းကြည့်လိုက်သည်။

" မင်း နည်းနည်းလေးဖြူစင်လို့မရဘူးလား။ တကယ်ကြီး ကိုယ့်အိမ်ရှင်မဖြစ်ချင်လို့လား "

လင်းကျွင်းကျွင်းသည် သူ၏စွပ်စွဲချက်ကြောင့် ပြောစရာစကားမဲ့ကြောင်အသွားသည်။

" ဟုတ်တယ်၊ ရှင့်အိမ်ရှင်မဖြစ်ချင်တာ။ ရှင် ယူရဲ့လို့လား "

လင်းကျွင်းကျွင်းသည် အနည်းငယ်စိတ်ဆိုးနေတာကြောင့် အသံနည်းနည်းကျယ်သွားသည်။

သူမစကားကို ဖြတ်သွားဖြတ်လာတွေကကြားတဲ့အခါ သူတို့နှစ်ယောက်ကို ထူးဆန်းတဲ့အကြည့်ဖြင့်ကြည့်ကြသည်။

လင်းကျွင်းကျွင်းမျက်နှာသည် နီရဲတွတ်သွားပြီး တွင်းရှာပြီးသာ ပြေးပုန်းချင်မိတော့သည်။

" လူယုတ်မာ၊ ရှင့်ကို အဖတ်မလုပ်တော့ဘူး "

ထိုသို့ပြောပြီး အလျင်အမြန်ထွက်သွားတော့သည်။

ယဲ့ဖန်သည် ထွက်ပြေးသွားသည့် သူမနောက်ကျောကိုကြည့်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

ဒီမိန်းကလေးက တော်တော်စိတ်ဝင်စားစရာကောင်းတာဘဲ။

အပိုင်း (၉၂)

ဒီကို အဲ့တာကြီးစီးလာတာတော့ မဟုတ်ဘူးမလား။

နောက်တစ်နေ့ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီတွင်။

ဒီနေ့ ရှုမန် အလုပ်သို့လာတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေက သူမကိုကြည့်သည့်အကြည့်သည် ပုံမှန်နှင့်မတူကြောင်း သေချာစွာ ခံစားမိသည်

အမျိုးသမီးဝန်ထမ်းအများစုက သိသာသည့်မနာလိုအားကျသောအကြည့်ဖြင့်ကြည့်ကြသည်။

သူမ ရည်းစားသည် မနေ့က ယွမ်သန်း၂၀ကျော်တန် ပြိုင်ကားကြီးကိုမောင်းပြီး သူမကိုလာကြိုကြောင်း သတင်းတွေကြားပြီးလောက်ပြီဖြစ်သည်။

ဒီပုံစံကို ရှုမန်လိုချင်ခဲ့တာဖြစ်သည်။ ထိုမှသာ ပျင်းစရာကောင်းတဲ့ယောက်ျားတွေက သူမကို ဆက်မနှောင့်ယှက်ကြတော့မှာဖြစ်သည်

ရှုမန်စိတ်အခြေအနေသည် ချက်ချင်းမြင့်တက်သွားတော့သည်။ မနက်ခင်းအစည်းအဝေးအပြီးတွင် သူဌေးသည် သူမ၏လစဉ်ရောင်းအားအကြောင်း ကြေညာပြီးတဲ့အခါ ရှုမန်သည် သံသယဝင်စရာပင်မလိုဘဲ ထိပ်ဆုံးမှ ဦးဆောင်နေပြန်သည်။ ထို့ကြောင့် ကုမ္ပဏီညစာစားပွဲအကြောင်းတွေးရင်း ပျော်ရွှင်မှုကြောင့် ရှုမန်သီချင်းလေးညည်းနေသည်။

သို့ပေမဲ့ သူမ သီချင်းညည်းနေတုန်းမှာဘဲ ဟိုဖော်ဒီဖော်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦးက ရှုမန်ရှိရာသို့ ပြုံးလျက်လမ်းလျှောက်လာသည်။

" ဂုဏ်ယူပါတယ်၊ အစ်မရှု။ အရင်လကလည်း ရောင်းအားထပ်ပြီးတိုးသွားပြန်တယ်နော် "

ရှုမန်သည် သီချင်းညည်းနေတာကိုရပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြလိုက်သည်။

" ရှောင်ကျယ်လည်း အရင်လမှာ အများကြီးတိုးလာတာဘဲ။ ဒီလလည်း ဆက်ကြိုးစားကြမယ်နော် "

ထိုအမျိုးသမီးနာမည်သည် ကျိုးကျယ်ဖြစ်သည်။ သူမသည် ဒီလုပ်ငန်းလောကကိုဝင်လာတာ တစ်နှစ်မပြည့်သေးသော်လည်း လုပ်ငန်းဆောင်ရွက်မှုတိုးတက်နှုန်းက အတော်လေးမြန်သည်။

အခုတွင် ကျိုးကျယ်သည် ရှုမန်ကိုတောင် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။

အရေးအကြီးဆုံးသည် ထိုမိန်းကလေးက ရှုမန်ကို ပေါ်ပေါ်ထင်ထင်ရော လျှို့ဝှက်၍ပါ ယှဉ်ပြိုင်နေတာဖြစ်သည်။

ကျိုးကျယ်၏ နှုတ်ခမ်းနီတောက်တောက်ဆိုးထားသောနှုတ်ခမ်းတို့က အနည်းငယ်ကွေးညွတ်သွားသည်။

" ကျွန်မ ဘယ်လောက်ဘဲတိုးတက်ပါစေ အစ်မရှုမန်ကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အဲ့ဒီချမ်းသာတဲ့ရည်းစားက တစ်ချီတည်းနဲ့ အစ်မကို ယွမ်သန်းရာချီဖိုး လုပ်ငန်းဆောင်ရွက်ချက်တိုးတက်အောင် ဖန်တီးပေးသွားတာလေ။ ဘယ်လိုလုပ်ပြီးယှဉ်နိုင်ပါ့မလဲ "

တစ်ခြားစကားလုံးဖြင့်ပြောရလျှင် ရှုမန်၏အောင်မြင်မှုများသည့် သူမ ရည်းစားကြောင့်ဖြစ်ပြီး သူမကိုယ်သူမ အားကိုးစရာမလိုဘူးဟု သွယ်ဝိုက်ပြောနေခြင်းဖြစ်သည်။

" အဲ့လိုချမ်းသာတဲ့ရည်းစားရှာရတာလည်း အရည်အချင်းတစ်မျိုးဘဲ။ နင်လည်းကြိုးစားရင် တစ်ယောက်လောက် ရှာလို့ရမှာပါ "

ရှုမန် အကြောပေးဖို့ ဆန္ဒမရှိဘဲ ပြန်ခံပြောလိုက်သည်။

" ရှာချင်ပါတယ်။ ဒါပေမဲ့ အစ်မလို ငယ်ရွယ်ချမ်းသာချောမောတဲ့သူရှာဖို့က တကယ်ဘဲခက်ခဲတယ်လေ။ အစ်မနဲ့ မျှမျှတတယှဉ်ပြီး အစ်မကောင်လေးကို ပြိုင်လုလို့ရတယ်မလား "

ကျိုးကျယ်သည် သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့တောင်မကြိုးစားပေ။

အစည်းအဝေးခန်းထဲက မထွက်သေးတဲ့ဝန်ထမ်းတွေကလည်း ထိုစကားကြားပြီး ဘာမှဝင်မပြောရဲကြပေ။

ဘယ်လိုဘဲဖြစ်ဖြစ် ဒါက ကုမ္ပဏီတွင်းနတ်ဘုရားမတွေ၏တိုက်ပွဲဖြစ်သည်။ သူတို့ပါဝင်မပတ်သက်ချင်ကြပေ။

ရှုမန်သည် သူမ၏စိန်ခေါ်မှုကြောင့် မတတ်နိုင်ဘဲ ရယ်လိုက်သည်။

" ဒါပေါ့၊ အဲ့တာဆိုလည်း စမ်းကြည့်လေ။ သူ့ကို လုယူလို့ရမလားဆိုတာ ကြည့်ကြသေးတာပေါ့ "

ကျိုးကျယ်သည် ချက်ချင်း သဘောခွေ့သွားသည်။

" အဲ့လောက် ယုံကြည်ချက်ရှိလား။ ဒီညကုမ္ပဏီညစာစားပွဲရှိတယ်လေ။ သူ့ကိုခေါ်ရဲလား "

ရှုမန်သည် အတော်လေးကျဉ်းထဲကြပ်ထဲရောက်နေသည်။ သို့ပေမဲ့ နှာမှုတ်လိုက်သည်။

" ဘာလို့ မခေါ်ရဲရမှာလဲ "

ထို့နောက် ဖုန်းကိုထုတ်ပြီး ယဲ့ဖန်ကိုခေါ်လိုက်သည်။

ယဲ့ဖန်သည် စံအိမ်ကိုပြန်ရောက်ခါစဖြစ်ကာ အိမ်အငှားစာရွက်တွေကို ကြည့်နေတာဖြစ်သည်။

ရှုမန် ဖုန်းဝင်လာတာတွေ့တဲ့အခါ ဘာမှထပ်မတွေးဘဲ ဖုန်းကိုင်လိုက်သည်။

" အချစ်လေး၊ ဘာလုပ်နေတာလဲ "

ရှုမန်အသံသည် ဖုန်းထဲမှထွက်လာသည်။

ယဲ့ဖန် ချက်ချင်းနားလည်လိုက်သည်။ ရှုမန်သည် သူ့ကို ဟန်ဆောင်မှု အကူအညီတောင်းနေတာဖြစ်သည်။

ယဲ့ဖန်လည်ချောင်းရှင်းလိုက်ပြီး ရည်းစားအသွင်ဟန်ဆောင်လိုက်သည်။

" ဒါပေါ့၊ ကိုယ်မင်းကိုလွမ်းနေတာလေ "

ထိုသို့ပြောပြီးတာနဲ့ ယဲ့ဖန် အန်ထွက်မတတ်ဖြစ်သွားသည်။

ရှုမန်သည် ထိုစကားကြောင့် မျက်နှာနီရဲသွားသည်။

" ကျွန်မတို့ ကုမ္ပဏီညစာစားပွဲရှိတာ ဘာမှလုပ်စရာမရှိရင် လာခဲ့ပေးလို့ရမလား "

ယဲ့ဖန်သည် ညပိုင်းတွင် ဘာမှလုပ်စရာမရှိသည့်အတွက် သဘောတူဖို့ပြင်လိုက်ပေမဲ့ ဖုန်းထဲမှ WeChat အကြောင်းကြားစာရောက်သံထွက်လာသည်။

[ ငါပြန်ရောက်ပြီ။ ဒီည ညစာအတူတူစားလို့ရမလား ]

နာမည်တွင် လုရိရိဟု ပေါ်နေသည်။

ယဲ့ဖန်သည် ထိုနာမည်ကိုတွေ့တဲ့အခါ တစ်ခဏတွေဝေသွားသည်။

" ဘာလို့ ဘာမှမပြောတာလဲ "

ရှုမန်က မေးလိုက်သည်။

ထိုအခါမှ အသိပြန်ကပ်လာပြီး တစ်ခဏတွန့်ဆုတ်နေပြီးနောက်မှ ဖြေလိုက်သည်။

" တောင်းပန်ပါတယ်၊ ဒီညလုပ်စရာရှိလို့ မလာနိုင်လောက်ဘူး "

" ကောင်းပြီ၊ ဒါဆို ဖုန်းအရင်ချလိုက်မယ် "

ရှုမန်သည် ဖုန်းချလိုက်ပြီးနောက် ကျိုးကျယ်ကို ပုခုံးတွန့်ပြလိုက်သည်။

" ကြားတယ်မလား။ နင် သူ့ကို ကြောင်တောင်နှိုက်ဖို့ ငါက အခွင့်အရေးမပေးချင်တာ မဟုတ်ပါဘူး။ သူက ဒီညမအားလို့ပါ "

ကျိုးကျယ်သည် ချက်ချင်း စိတ်ပျက်သွားပေမဲ့ ရယ်ပြီး ပြန်ပြောသည်။

" ဒီတစ်ကြိမ်အလုပ်မဖြစ်လည်း နောက်တစ်ကြိမ်ရှိသေးတာဘဲ။ သူ့ကို မျက်လုံးဒေါက်ထောက်ကြည့်ထား။ မကြာခင် သူ့ကိုရအောင်ယူပြမယ် "

သူမ စကားပြီးတဲ့နောက် အစည်းအဝေးခန်းထဲမှ လျှောက်ထွက်သွားသည်။

ရှုမန် စိတ်အေးသွား၍ သက်ပြင်းချလိုက်သည်။

ကျိုးကျယ်၏ ဆွဲဆောင်နည်းပုံစံကို ရှုမန်သိသည်။ ထိုကဲ့သို့နေရာမျိုးတွင် ကျိုးကျယ်ကို သူမ မယှဉ်နိုင်ပေ။

ယဲ့ဖန်ကို သူမ ပြုစားသွားမှာ ရှုမန်စိုးရိမ်သည်။

ရှုမန် သူမကိုယ်သူမ သတိမထားမိလိုက်ခင်မှာဘဲ ယဲ့ဖန်ကို သူမ၏အပိုင်အဖြစ် သတ်မှတ်မိနေသည်။

..........................

ထိုအချိန်တွင် ယဲ့ဖန်သည် အတိတ်မှတ်ဉာဏ်များကို တွေးတောနေသည်။

လုရိရိသည် သူ၏အထက်တန်းအတန်းဖော်ဟောင်းဖြစ်သည်

သူမသည် ယဲ့ဖန်ကို အရူးအမူးလိုက်ကြိုက်ဖူးကာ ကျောင်းမှ လူတိုင်း ထိုအကြောင်းကိုသိသည်။

သို့ပေမဲ့ ယဲ့ဖန်၏မိသားစုငွေကြေးအခြေအနေကြောင့် စာကိုသာ အာရုံစိုက်ခဲ့ပြီး သမီးရည်းစားကိစ္စများတွင် အာရုံမထားခဲ့ပေ။ သူမကို ဆက်တိုက်ငြင်းနေခဲ့သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးသည့်နောက်တွင် လုရိရိသည် နိုင်ငံခြားသို့ ပညာတော်သင်ထွက်သွားကြောင်း ယဲ့ဖန်သိလိုက်ရသည်။ ထို့နောက် ယဲ့ဖန်နှင့်သူမ အဆက်အသွယ်မရှိတော့ပေ။

ဒီနေ့တွင် သူမဆီမှ ရုတ်တရက် စာရောက်လာလိမ့်မည်ဟု ယဲ့ဖန်ထင်မထားပေ။

အတော်ကြာတွန့်ဆုတ်နေပြီးနောက်မှ ယဲ့ဖန် သူမကို ပြန်စာပို့လိုက်သည်။

[ ကောင်းပြီ၊ လိပ်စာပို့လိုက်လေ ]

ယဲ့ဖန်စာပြန်ပြီး စက္ကန့်အနည်းငယ်ကြာတဲ့နောက် တစ်ဖက်မှ အချိန်နှင့်လိပ်စာပို့လာသည်။

ယဲ့ဖန်သည် ဖုန်းကိုဘေးချပြီး သူ၏အငှားစာချုပ်တွေကို သေချာစီနေသည်။

အချိန်ဘယ်လောက်ကုန်သွားမှန်း မသိလိုက်ပေ။

ယဲ့ဖန် အချိန်ကြည့်လိုက်ပြီးနောက် သိမ်းဆည်းလိုက်သည်။

ထို့နောက် Ferrari Enzo ကိုစီးပြီး ချိန်းဆိုထားသောနေရာသို့မောင်းသွားခဲ့သည်။

လုရိရိသည် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်တွင် ကြိုတင်အမှာယူထားတာဖြစ်ပြီး ထိုဆိုင်သည် ကျုံးဟိုင်မြို့တွင် အလယ်အလတ်တန်းအဆင့်လောက်သာရှိသည်။

ယဲ့ဖန်သည် ပါကင်ထိုးစရာနေရာရှာပြီး သူ့ကားကို ပါကင်ထိုးလိုက်သည်။

ယဲ့ဖန်ကားပါကင်မှထွက်လာသည့်အခါ လမ်းမပေါ်တွင် လေတိုက်သောကြောင့်လဲကျနေသည်ဖြစ်မည့် လျှစ်စစ်စက်ဘီးတစ်စီးကိုတွေ့လိုက်သည်။

ယဲ့ဖန်သည် အများကြီးမတွေးဘဲ စက်ဘီးကို သွားထောင်ပေးသည်။

ထိုအချိန်တွင် Lamborghini Huracan တစ်စီးသည် ယဲ့ဖန်အရှေ့တွင် ထိုးရပ်သွားသည်။

ကားမောင်းသူနေရာမှမိန်းကလေးသည် သူမ၏နေကာမျက်မှန်ကို ဖြည်းဖြည်းချင်းချွတ်လိုက်ပြီး ယဲ့ဖန်ကိုပြုံးပြသည်။

" ယဲ့ဖန်၊ မတွေ့ရတာကြာပြီ "

ထိုမိန်းကလေးသည် လှပသူတစ်ယောက်မဟုတ်ပေ။

ရှုမန်၊ ရှန်းပိုင်ထျန်းနှင့် ရှချူးတို့လို အလှထိပ်ခေါင်တွေနဲ့ယှဉ်ပါက ပို၍တောင်ဆိုးသေးသည်။

သို့ပေမဲ့ သူမသည် ကောင်းကောင်းဝတ်စားတတ်သူတစ်ယောက်ဖြစ်သည်။ ဝိုင်နီကဲ့သို့ဆံပင်ဆိုးထားပြီး နားကွင်းအကြီးကြီးတွေဝတ်ထားကာ ပုံစံက အနောက်တိုင်းဆန်သည်။

ခရီးသည်ထိုင်ခုံတွင် အလွန်ချောသော နိုင်ငံခြားသားတစ်ယောက်ထိုင်နေသည်။

ထိုအမျိုးသားသည် သန့်ပြန့်နေသောဝတ်စုံကိုဝတ်ထားပြီး အနောက်တိုင်းကမ္ဘာမှမင်းသားလေးတစ်ပါးဟုထင်ရသည်။

ယဲ့ဖန် လျှပ်စစ်စက်ဘီးကိုဘေးကပ်ထောင်လိုက်ပြီး ပြုံးကာပြောသည်။

" ရိရိ၊ မတွေ့ရတာကြာပြီ "

သူ့စကားမဆုံးသေးခင်မှာဘဲ လက်ညှိုးကိုယမ်းပြလိုက်သည်။

" ငါက လုရိရိမဟုတ်ဘူး၊ အီဗန်ကာလု။ နင်အဲ့ဒါကြီးစီးလာတာတော့ မဟုတ်ဘူးမလား "

ထိုသို့ပြောပြီး သူမသည် ယဲ့ဖန်ဘေးရှိစက်ဘီးကိုကြည့်လိုက်သည်။

All Chapters