အခန်း ၉၃-၉၆
Vol. 5 Ch. 93-96
အပိုင်း (၉၃)
မျက်နှာသာပေးနေတုန်း အရှက်မရှိတာမလုပ်နဲ့။
ယဲ့ဖန်သည် သူမ၏စကားလုံးတွေမှ လှောင်ရိပ်သံပါနေတာကိုသိပေမဲ့လည်း ရှင်းပြမနေဘဲ သာမန်အတိုင်းပြုံးလိုက်သည်။
" မင်း အခုတလော နေရထိုင်ရတာအဆင်ပြေနေပုံရတယ်။"
လုရိရိ ပြိုင်ကားတံခါးကို တွန်းဖွင့်ပြီး ဖြည်းညှင်းစွာ ထွက်လာသည်။
" အဆင်ပြေပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေက ငါတို့နိုင်ငံထက် ပိုတိုးတက်နေတာ အမှန်ပဲ။ အခွင့်အလမ်းတွေပိုများပြီး ရွှေဆိုတာ နေရာတိုင်းမှာရှိတယ်။ ရိုးရိုးသားသားပြောရရင် အခုပြန်တောင်မလာချင်ဘူး "
ယဲ့ဖန် သူမကို ခပ်မဲ့မဲ့ပြုံးလိုက်သည်။
" တကယ်လား။ နင်လည်း အများကြီးပြောင်းလဲသွားတာဘဲ၊ မဟုတ်လား "
လုရိရိသည် ယဲ့ဖန်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
" ဒါပေမဲ့ နင်ကတော့ အရင်အတိုင်းဘဲ။ ဒီလို အဝတ်အစားတွေငှားရတာ ဈေးကြီးတယ်မဟုတ်လား "
ယဲ့ဖန် ပြောစရာစကားပျောက်သွားသည်။ ဘယ်လိုပြန်ဖြေရမလဲမသိပေ။
လုရိရိသည် နိုင်ငံခြားသား၏လက်မောင်းကိုဆွဲလိုက်သည်။
" မိတ်ဆက်ပေးရဦးမယ်။ သူက မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်က ထိပ်တန်းကျောင်းသားတစ်ယောက်လေ၊ နာမည်က ဝေးလ်စ်တဲ့။ သူ့မိသားစုပိုင်ကုမ္ပဏီက အမေရိကန်မှာ အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးတစ်ခုလေ။
ယဲ့ဖန်သည် စိတ်ကိုထိန်းပြီး စွမ်းအင်ကုမ္ပဏီသူဌေးသားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ထို့နောက် ယဲ့ဖန်သည် လုရိရိကိုထပ်ကြည့်လိုက်သည်။
" ဒီနေ့ ငါ့ကို ဘာလို့ခေါ်တာလဲ "
လုရိရိက ပြုံးလိုက်သည်။
" အထဲဝင်ပြီး ငါတို့စားရင်း စကားပြောကြတာပေါ့ "
ထိုသို့ပြောပြီးနောက် လုရိရိသည် ယဲ့ဖန်သဘောတူတာတောင်မစောင့်ဘဲ ဝေးလ်စ်ရဲ့လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်သွားခဲ့သည်။
သူတို့ သုံးယောက်သား ပြတင်းပေါက်နားမှ ထိုင်ခုံတွင် ထိုင်လိုက်သည် ။
လုရိရိသည် စားပွဲထိုးကို ခေါ်ပြီး ဟင်းလျာများကို အင်္ဂလိပ်လို ကျွမ်းကျင်စွာဖြင့် မှာလိုက်သည်။ နောက်ဆုံးမှာတော့ သူမသည် စားပွဲထိုးရဲ့ပါးစပ်ထဲသို့ ယွမ် ၁၀၀ တန်ကိုတောင် ထည့်လိုက်သေးတယ်။
ယဲ့ဖန်သည် သူမ၏ အပြုအမူကိုကြည့်ပြီး ပို၍ပင် စိတ်မရှည်ဖြစ်လာတော့သည်။
လုရိရိသည် ဈေးကြီးသောဟင်းပွဲများ၏ဈေးနှုန်းကြောင့် ယဲ့ဖန် အံ့သြသွားသည်ဟုထင်ကာ ချက်ချင်း ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့။ နင့်ရဲ့ငွေရေးကြေးရေးအခြေအနေကို ငါသိပါတယ်။ ငါ နင့်ကို ငွေမရှင်းခိုင်းပါဘူး "
ယဲ့ဖန်သည် ပြောစရာစကားပျောက်သွားသည်။
" စိတ်မပူပါနဲ့၊ ငါ ဒီလောက်ကိုတော့ တတ်နိုင်ပါသေးတယ် "
လုရိရိသည် ယဲ့ဖန်ပြောစကားကို စိတ်မ၀င်စားပေ။
" နင်က အရင်ကအတိုင်းဘဲ။ မျက်နှာလုပ်ဖို့လုပ်ရင်း ဒုက္ခရောက်နေတာ။ ဘယ်လိုမိန်းကလေးက နင့်ကို ကြိုက်မှာလဲ။ အခုရော နင့်မှာ ရည်းစားရှိလား "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" မရှိဘူး "
လုရိရိ ရယ်လိုက်သည်။
" ငါ နင့်ကို အကြာကြီးလိုက်ခဲ့ပေမယ့် နင်က ငါ့ကို လက်မခံခဲ့ဘူးလေ။ အခုတော့ နောင်တရပြီမလား "
ယဲ့ဖန် ဆက်သည်းမခံနိုင်တော့ပေ။
" နင် ငါ့ကို ဒီနေ့ခေါ်လိုက်တာ လှောင်ပြောင်ဖို့မလား "
လုရိရိသည် လှောင်ပြုံးပြုံးလိုက်သည်။
" ဟုတ်တယ်။ နင် ငါ့ကို ငြင်းတာက ဘယ်လောက်တောင်မိုက်မဲတဲ့လုပ်ရပ်လဲဆိုတာကို ငါကမြင်စေချင်တာ။ နင့်ရဲ့ လက်ရှိအခြေအနေနဲ့သာဆို နင့်ဘဝမှာ ငါ့လို မိန်းကလေးမျိုးနဲ့ ထပ်မတွေ့နိုင်တော့မှာကို ငါကစိုးရိမ်လို့ပါ၊ ဟုတ်တယ်မလား"
ယဲ့ဖန်သည် ရယ်မောပြီး ခေါင်းညိတ်လိုက်သည်။
" အမှန်ဘဲ၊ တကယ်တော့ ငါ့ဘဝမှာ မင်းလိုမိန်းမတစ်ယောက်ရှိလာဖို့က ခက်ခဲတယ်။”
လက်ရှိတွင် ယဲ့ဖန်နဲ့ အဆက်အသွယ်ရှိတဲ့ မိန်းကလေးတွေ အားလုံးသည် ရှုမန်၊ ရှန်းပိုင်ထျန်းနှင့် ရှချူးတို့လို အလှထိပ်ခေါင်လေးတွေချည်းဖြစ်သည်။
ရုပ်ရည်မလှသလို အကျင့်စာရိတ္တဆိုးတဲ့သူတွေနဲ့ အဆက်အဆံရှိဖို့ဆိုတာ ယဲ့ဖန်အတွက်တော့ တကယ်ပင် မလွယ်ပါချေ။
ထိုစကားကိုကြားတဲ့အခါ လုရိရိက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းတွင် သည်းခံခဲ့သော အမုန်းတရားတို့ကို ထုတ်ကာပေါက်ကွဲသကဲ့သို့ လှောင်ပြောင်ဟားတိုက်ရယ်သည်။
တစ်ချိန်တည်းမှာဘဲ ရှုမန်တို့၏ကုမ္ပဏီညစာစားပွဲကလည်း ပြီးသွားပြီဖြစ်သည်။
ဝန်ထမ်းအုပ်စုတွေက စကားပြောရင်းရယ်မောပြီး ကားပါကင်သို့လျှောက်လာကာ သူတို့ရဲ့ကားတွေကိုရှာနေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်ကပြောလိုက်သည်။
" အစ်မမန်၊ အဲ့တာ အစ်မရဲ့ကောင်လေးကားမဟုတ်ဘူးလား "
ရှုမန် လှမ်းကြည့်လိုက်သည်။
ထင်သည့်အတိုင်း ထိုကားသည် ယဲ့ဖန်၏ Ferrari Enzo ကားဖြစ်သည်။
သူ ဒီမှာ ဘာလုပ်နေတာလဲ။
ထိုအချိန်တွင် ကျိုးကျယ်၏ထေ့ငေါ့ပြောဆိုသံကိုကြားလိုက်ရသည်။
" သူ့ကြည့်ရတာ မိန်းကလေးတစ်ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတဲ့ပုံဘဲ။ တစ်စုံတစ်ယောက်တော့ အန္တရာယ်ရှိနေပြီထင်တယ် "
ရှုမန်သည် ကျိုးကျယ်အကြည့်နေရာသို့ လိုက်ကြည့်တဲ့အခါ ယဲ့ဖန်သည် သူမ မရင်းနှီးတဲ့မိန်းကလေးတစ်ယောက်နဲ့ အနောက်တိုင်းစားသောက်ဆိုင်ထဲတွင် စကားပြောနေသည်က်ုတွေ့လိုက်ရသည်။
သူမနှင့် ယဲ့ဖန်တို့သည် သမီးရည်းစားအဖြစ်ဟန်ဆောင်ထားတာသာဖြစ်မှန်း ကောင်းကောင်းကြီးသိသော်လည်း...
သို့သော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် ရှုမန် အနည်းငယ်စိတ်ပျက်သွားရသည်။
" အစ်မမန်၊ မြန်မြန်သွားကြည့်လေ။ မဟုတ်ရင် အစ်မရဲ့ကောင်လေးကို သူများက လုသွားလိမ့်မယ် "
" ဟုတ်တယ်။ အဲ့ဒီမိန်းကလေးပုံစံက လူကောင်းတစ်ယောက်ဟုတ်မယ့်ပုံမပေါ်ဘူး။ အစ်မရဲ့ကောင်လေး အနီးကပ်စောင့်ကြည့်ရမယ် "
" အစ်မမန်၊ ကျွန်တော်တို့ အစ်မနဲ့ လိုက်ပြီး သူမကိုရိုက်ပေးရမလား"
ရှုမန်သည် ဝန်ထမ်းတွေ၏ မြှောက်ပေးသံကို ကြားပြီးတာတောင်မှ တွန့်ဆုတ်နေဆဲဖြစ်သည်။
ထိုအချိန်တွင် ကျိုးကျယ်က ဟင်းခနဲ နှာမှုတ်လိုက်သည်။
" သူက အစ်မရဲ့ရည်းစားဟုတ်လား၊ မဟုတ်ဘူးလား။ အစ်မက ဘာလို့ နည်းနည်းလေးတောင်စိတ်မလှုပ်ရှားရတာလဲ "
ရှုမန်သည် ခက်ခဲသော အနေအထားတစ်ခုတွင် ရှိနေပြီး ရွေးချယ်စရာမရှိတာကြောင့် စားသောက်ဆိုင်ဆီသို့ လျှောက်သွားခဲ့သည်။
.........................
လုရိရိသည် ယဲ့ဖန်ကို မောက်မာစွာ ကြည့်လိုက်သည်။ " ဒါပေါ့၊ နင်သာ အခုနောင်တရတယ်ဆို ငါနင့်ကိုနောက်ထပ်အခွင့်အရေးတစ်ခုတော့ ထပ်ပေးနိုင်ပါသေးတယ်"
ယဲ့ဖန် ရယ်ချင်စိတ်ကို သည်းခံလိုက်သည်။
" ဘာအခွင့်အရေးလဲ "
လုရိရိ၏ မျက်နှာထားသည် လေးလေးနက်နက်ဖြစ်နေသည်။
" သေချာပေါက် ငါ့ရည်းစားဖြစ်ဖို့ အခွင့်အရေးပေါ့ "
ယဲ့ဖန်က မင်းသားလေးကဲ့သို့သော နိုင်ငံခြားသားကိုညွှန်ပြလိုက်သည်။
" သူကရော "
လုရိရိက ဂရုမစိုက်သည့်မျက်နှာထားဖြင့်ဖြေသည်။
"ငါ သူ့ကို ဖျက်လိုက်နိုင်တယ် "
ယဲ့ဖန်သည် သူမစကားလုံးတွေကြောင့် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
" ငါနဲ့တွဲဖို့ နင်က စွမ်းအင်ကုမ္ပဏီသူဌေးသားကြီးကို ပစ်ဖို့ဆန္ဒရှိတယ်ပေါ့။ ငါ တကယ်ရင်တောင်ခုန်သွားပြီ "
လုရိရိသည် ယဲ့ဖန်ကိုကြည့်လိုက်သည်။
" ဘယ်လိုလဲ၊ တွဲမှာလား "
ယဲ့ဖန် ပြုံးကာ ခေါင်းခါလိုက်သည်။
" တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတွဲမှာမဟုတ်ဘူး "
လုရိရိသည် ချက်ချင်း ပျာယာခတ်ပြီး ဒေါသပေါက်ကွဲထွက်ကာ ထိုင်ခုံမှ ထရပ်လိုက်သည်။
" ယဲ့ဖန်၊ နင် ကျက်သရေမရှိမလုပ်နဲ့။ နင့်လက်ရှိအခြေအနေနဲ့သာဆို ငါကလွဲပြီး ဘယ်လိုမိန်းမက နင့်ကိုကြိုက်မှာလဲ။ အသိစိတ်လေးကပ်၊ ဟုတ်ပြီလား "
စားသောက်ဆိုင်ထဲမှ စားသုံးသူတွေအားလုံးက လှည့်ကြည့်လာသည်။
ယဲ့ဖန်သည် သူမ အခုလိုရုတ်တရက်ပေါက်ကွဲထွက်မည်ဟု မထင်တာကြောင့် ဘယ်လိုဖြေရှင်းရမလဲမသိပေ။
ထိုအချိန်တွင် ရင်းနှီးတဲ့အသံတစ်ခုကို အနောက်မှ ရုတ်တရက်ကြားလိုက်ရသည်။
" အချစ်လေး၊ အဆင်ပြေရဲ့လား "
ယဲ့ဖန်လှည့်ကြည့်လိုက်တဲ့အခါ ရှုမန်က ဖြည်းဖြည်းချင်းလျှောက်လာနေသည်။
ချက်ချင်းပင် စားသောက်ဆိုင်ထဲမှ လူတိုင်း၏အကြည့်က တောက်ပသွားသည်။
အထူးသဖြင့် အမျိုးသားဧည့်သည်များသည် ရှုမန်အလှမှာငေးမောနေကြသည်။
အစမှာတော့ သူတို့သည် လုရိရိကို လှသည်ဟုထင်ခဲ့ကြပေမဲ့ ရှုမန်နှင့် ယှဉ်လိုက်ပါက သူမသည် အတော်လေးအားနည်းသည်။
ကျီးကန်းနှင့် ဖီးနစ်ငှက်ကိုယှဉ်သလိုဖြစ်နေမှန်း သူတို့သိခဲ့ကြပါမလား။
အပိုင်း (၉၄)
သူက ကြွားဝါးရတာမကြိုက်ဘူးလေ။
လုရိရိသည် ရှုမန်ကိုတွေ့တဲ့အခါ လုံးဝက အံ့ဩသွားရသည်။
မိန်းမတစ်ယောက်အနေဖြင့် တစ်ဖက်သူ၏အလှတရားသည် အမြင့်ဆုံးအနေအထားတစ်ခုမှာရှိနေမှန်း လက်ခံရပေမည်။
ထို့အပြင် သူမ၏လှုပ်ရှားမှုတိုင်းသည် ကျက်သရေရှိသည့်စိတ်နေစိတ်ထားကိုလည်း ပြသနေသေးသည်။
သူမသည် စစ်မှန်တဲ့နတ်ဘုရားမဖြစ်သည်။
ထို့အပြင် လုရိရိပိုအံ့ဩသွားရသည်က တစ်ဖက်မိန်းကလေးသည် ယဲ့ဖန်ကို အမှန်တကယ်ပင် အချစ်လေးဟု ခေါ်လိုက်ခြင်းဖြစ်သည်။
ဘာတွေဖြစ်နေတာလဲ။
သူ့မှ ကောင်မလေးမရှိဘူးလို့ ယဲ့ဖန်ပြောလိုက်တယ်မဟုတ်လား။
ယဲ့ဖန်က သူမကို ညာနေတာလား။
" ဒီမှာ ဘာလုပ်နေတာလဲ "
ယဲ့ဖန်သည်လည်း ရှုမန်ကို ဒီမှာတွေ့လိုက်ရသည့်အတွက် အနည်းငယ်အံ့ဩသွားသည်။
" ငါတို့ကုမ္ပဏီညစာစားတာက ဟိုဘက်မှာလေ။ ကားကို အပြင်မှာတွေ့လိုက်လို့ လာကြည့်တာ "
ရှုမန်သည် ယဲ့ဖန်ရှိရာကိုလျှောက်လာပြီး သဘာဝကျကျ လက်ကိုတွဲလိုက်သည်။
ယဲ့ဖန် ခေါင်းလှည့်ပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။
လှမ်းကြည့်နေသည့် ဝန်ထမ်းတွေကို တွေ့လိုက်တဲ့အခါ ရှုမန်၏အခြေအနေကို ယဲ့ဖန်ချက်ချင်းနားလည်သွားသည်။
" ဒီကိုရောက်လာမှတော့ ထိုင်လေ "
ယဲ့ဖန်သည် ရှုမန်ထိုင်လို့ရစေရန် ဘေးကိုနည်းနည်းတိုးပေးလိုက်သည်။
ရှုမန်သည် ယဲ့ဖန်ဘေးတွင်ထိုင်ပြီး လုရိရိကိုကြည့်လိုက်သည်။
" အချစ်လေး၊ မိတ်မဆက်ပေးရသေးဘူးမလား။ သူမက ဘယ်သူလဲ "
" သူမက ကိုယ့်ရဲ့ အထက်တန်းကအတန်းဖော်ဟောင်း၊ လုရိရိ "
ယဲ့ဖန် ရွေးစရာမရှိဘဲ သူမကို မိတ်ဆက်ပေးလိုက်ရသည်။
ထို့နောက် လုရိရိကို မိတ်ဆက်ပေးဖို့ပြင်သည်။
" ဒါက ....…... "
" ကျွန်မက ယဲ့ဖန် ကောင်မလေးပါ၊ နာမည်က ရှုမန်ပါ "
ရှုမန်သည် ယဲ့ဖန် မိတ်ဆက်ပေးတာကို ပြီးအောင်မစောင့်ဘဲဖြတ်ပြောလိုက်သည်။
ရှုမန် အထဲဝင်လာရင်းဖြင့် ထိုမိန်းကလေးမှ ယဲ့ဖန်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောသံ ကြားလိုက်ရသည်။
ထို့ကြောင့် ရှုမန်သည် အခွင့်အရေးယူပြီး ကြွားလိုက်သည်။
လုရိရိသည် လက်မခံနိုင်ဖြစ်နေသည်။
" ရှင်က သူ့ကောင်မလေးလား။ မဖြစ်နိုင်ဘူး၊ ယဲ့ဖန်က ရှင်လိုလှတဲ့သူမျိုးကို ဘယ်လိုလုပ်ရနိုင်မှာလဲ "
သိသာစွာပင် သူမစိတ်ထဲတွင် ယဲ့ဖန်သည် အမည်မရှိဆင်းဆင်းရဲရဲကောင်လေးတစ်ယောက်ဟု ထင်နေတာဖြစ်သည်။
အဲ့လိုရုပ်ရည်စိတ်ထားရှိတဲ့ ရှုမန်လိုကောင်မလေးက ဘာလို့ သူ့ကို ကြိုက်ရတာလဲ။
ရှုမန် လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။ သူမ မျက်နှာတွင် ပျော်ရွှင်မှုတို့ပြည့်နှက်သွားသည်။
" ရှင်မသိပါဘူး၊ သူက အရမ်းခေါင်းမာတာ။ အဲ့တုန်းက ကျွန်မ ရှိသမျှအားအကုန်သုံးပြီး သူ့နောက်လိုက်ခဲ့ရတာလေ "
လုရိရိသည် ရုတ်တရက် ပြောစရာစကားပျောက်သွားသည်။
" ရှင်က သူ့ကို လိုက်ခဲ့တာလား "
သူမဦးနှောက် လိုက်မမီတော့ဘူးဟု ခံစားရသည်။
ရှုမန်သည် ယဲ့ဖန်၏ကောင်မလေးဟု ဝန်ခံလိုက်တုန်းက အတော်လေး အံ့ဩသွားရသည်။
အခု မိန်းကလေးဘက်မှ အရင်စပြီး ယဲ့ဖန်ကို လိုက်ခဲ့ရတယ်လို့ ကြားလိုက်ရတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ယဲ့ဖန်မှာ ဘာဆွဲဆောင်မှုရှိလို့လဲ။
ရှုမန်ထရပ်ပြီး ယဲ့ဖန်ဘက်လှည့်လိုက်သည်။
" အခု သောက်ထားတာလား "
ယဲ့ဖန် အနည်းငယ်ရှက်သွားသည်။
" တစ်ငုံလောက်ပါဘဲ "
ရှုမန်မှ သူ့ကို ဆူပူသလိုကြည့်လိုက်သည်။
" ကားမောင်းရမှာကို သောက်ရဲသေးတယ်ပေါ့။ သွားကြစို့၊ ပြန်လိုက်ပို့ပေးမယ် "
အခုလက်ရှိ ရှုမန်၏ပုံစံသည် တကယ်ပင် ကောင်မလေးအစစ်နှင့်တူနေသည်။
ယဲ့ဖန်သည် ထရပ်လိုက်ပြီး လုရိရိကို အားနာစွာပြုံးပြလိုက်သည်။
" ဒါဆို အရင်သွားလို့ရမလား "
လုရိရိသည် မသွားစေချင်သေးပေမဲ့ ရွေးစရာမရှိတာကြောင့် ထပြီး လိုက်လာခဲ့သည်။
" ကားသော့ပေး "
ရှုမန်သည် စားသောက်ဆိုင်ထဲမှထွက်လာပြီး ယဲ့ဖန်ဆီကို လက်လှမ်းလိုက်သည်။
ယဲ့ဖန်သည် ရွေးစရာမရှိတာကြောင့် ရှုမန်ကို Ferrari ကားသော့ပေးလိုက်သည်။
ရှုမန်သည် ကားသော့ကို တမင်တကာဝေ့ယမ်းလိုက်သည်။
လုရိရိသည် ထိုမြင်ကွင်းကြောင့် ပြောလိုက်သည်။
" Ferrari ကားလား "
ရှုမန်က လှည့်ပြီး လုရိရိကို တောရွာမှ ငနုံငအလေးကိုကြည့်သည့်အကြည့်ဖြင့်ကြည့်သည်။
" ဟုတ်တယ်၊ ဘာလို့လဲ။ ယဲ့ဖန်မှာကားတစ်ချို့ရှိပေမဲ့ ဒီကားက အဆိုးဆုံးတစ်စီးလေ။ သူက ကြွားရတာမကြိုက်ဘူး "
ထို့နောက် ရှုမန်သည် ကားပါကင်ဆီသို့လျှောက်သွားသည်။
တစ်ခဏကြာတဲ့နောက် ရှုမန်သည် Ferrari Enzo ကားကိုမောင်းထွက်လာသည်။
လုရိရိ မြေပေါ်လဲကျမတတ်ဖြစ်သွားသည်။
သူမ ပြိုင်ကားတွေကို အများကြီးမသိပေမဲ့ ဒီ Ferrari Enzo ကား၏ဈေးနှုန်းကိုတော့ သိသည်။
ဒီကားသည် အနည်းဆုံး ယွမ်သန်း၂၀လောက်တန်သည်။
ပြီးတော့ ရှုမန်ပြောပုံအရ ဒီကားသည် ယဲ့ဖန်ကားတွေထဲက မကောင်းဆုံးတစ်စီးဖြစ်သည်။
အကောင်းဆုံးဆို ဘာများဖြစ်မလဲ။
လုရိရိသည် ယဲ့ဖန်ဘက်ကို လှည့်ပြီးကြည့်လိုက်သည်။
သူတို့နောက်ဆုံးတွေ့ခဲ့တာ တစ်နှစ်ကျော်ဘဲရှိသေးသည်။ ဒီဆင်းရဲတဲ့ကလေးက ဘယ်လိုဖြစ်ပြီး အဲ့လောက်ချမ်းသာလာရတာလဲ။
" ဘာကြည့်နေတာလဲ။ ကားထဲဝင်လေ "
ယဲ့ဖန်သည် ထိုနေရာတွင်ရပ်နေတာကိုတွေ့ပြီး ရှုမန်က အလောပေးလိုက်သည်။
ယဲ့ဖန်သည် ရွေးစရာမရှိဘဲ လှည့်ပြီး လုရိရိကိုနှုတ်ဆက်လိုက်ကာ ကားထဲမှခရီးသည်ထိုင်ခုံတွင် နာနာခံခံဝင်ထိုင်လိုက်သည်။
ရှုမန်သည် သူမရှိရာသို့ ကြည့်နေသော ဝန်ထမ်းတွေကို လှည့်ပြီး လက်ယမ်းနှုတ်ဆက်လိုက်သည်။
" သွားနှင့်တော့မယ် "
ထိုသို့ပြောပြီးနောက် ကားအရှိန်တင်ကာ မောင်းထွက်ခဲ့သည်။
ရှုမန်၏လုပ်ဖော်ကိုင်ဖက်တွေသည် မောင်းထွက်သွားတဲ့ပြိုင်ကားကို အားကျစွာကြည့်နေကြသည်။
အထူးသဖြင့် အချို့မိန်းကလေးဝန်ထမ်းတွေက သူတို့ မနာလိုမှုကို ဖုံးတောင်မဖုံးထားနိုင်ကြတော့ပေ။
အချင်းချင်းနှိုင်းယှဉ်ရတာက စိတ်တိုစရာကောင်းသည်။
ရှုမန်သည် လှပရုံသာမက လုပ်ရည်ကိုင်ရည်လည်းရှိသည်။
အခု သူမကောင်လေးကလည်း အလွန်ချမ်းသာသေးသည်။
သူတို့တွေကရော ဘယ်လိုနေကြရမှာလဲ။
ကျိုးကျယ် အံကြိတ်လိုက်သည်။
" ဘာကြည့်နေကြတာလဲ။ လူစုခွဲကြ၊ လူစုခွဲကြ "
ထို့နောက် သူမ၏ Audi Q3 ကားဆီသို့လျှောက်သွားခဲ့သည်။
ယဲ့ဖန်၏ Ferrari Enzo ကားနှင့်ယှဉ်ပါက သူမအရှေ့ရှိ Audi Q3ကားသည် မျက်လုံးထဲတွင် စိတ်မချမ်းမြေ့စရာဖြစ်လာသည်။
ထို့အပြင် အဲ့ဒီဇိမ်ခံကားကို ရှုမန်မောင်းသွားသည်ဆိုသည့်အတွေးက သူမကို ဒေါသပိုထွက်စေသည်။
သို့ပေမဲ့ သူမကို ဘယ်သူကများ ယဲ့ဖန်လိုကောင်လေးမရှာပါနဲ့လို့ပြောထားလို့လဲ။
ကျိုးကျယ်နှင့်ယှဉ်ပါက လုရိရိသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ပါတုန်နေသည်။
သူမသည် ယဲ့ဖန်ကို ဒီနေ့ သူ့ကိုယ်သူ အရူးလုပ်မည့်ပုံစံကိုတွေ့ချင်တာဖြစ်ပြီး သူမကို ငြင်းခဲ့တာကြောင့် ဒေါသပေါက်ကွဲချင်တာဖြစ်သည်။
သူမကဘဲ ပြန်ပြီး လူရွှင်တော်ကြီးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
သူမ ဒေါသထွက်ဖို့ မလုပ်လိုက်နိုင်ရုံသာမက သူမကဘဲ မရှူနိုင်မကယ်နိုင်ဖြစ်နေရသည်။
စိတ်ဓာတ်ကျစရာကောင်းသည်။
ထိုအချိန်တွင် မင်းသားလေးနှင့်တူသည့်လူကရောက်လာပြီးပြောသည်။
" မိန်းကလေး၊ မင်းငွေရှင်းလို့ရပြီလား "
လုရိရိသည် စိတ်ညစ်နေဆဲဖြစ်ကာ သူ့ကို ချက်ချင်းစောင်းကြည့်လိုက်သည်။
" ဘာငွေလဲ "
ထိုလူ၏အမူအရာက တလေးတစားဖြစ်သည်။
" ကားငှားခက ယွမ် ၅၀၀၀ ကျပြီး ကောင်လေးအဖြစ်ဟန်ဆောင်ပေးဖို့ပြောပြီး ဟန်ဆောင်ပြီးရင် ယွမ် ၅၀၀၀ ပေးမယ်လို့ပြောခဲ့ပါတယ်။ အဲ့တာကြောင့် စုစုပေါင်း ယွမ် ၁၀,၀၀၀ ပါ။ ငွေသားနဲ့ရှင်းမလား၊ ကတ်နဲ့ရှင်းပါမလား "
လုရိရိသည် သူ၏ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် စိတ်ညစ်လွန်းလို့ သွေးအန်မတတ်ဖြစ်သွားသည်။
တကယ်တော့ သူမ နိုင်ငံခြားမှာ အချိန်ပိုင်းအလုပ်အဖြစ် စားသောက်ဆိုင်မှာ နေ့တိုင်းပန်းကန်ဆေးခဲ့ရတာဖြစ်သည်။
ဘယ်ကနေ စွမ်းအင်သူဌေးသားကို ရရမှာလဲ။
ဒီယောက်ျားလေးသည် သူမ ကားအငှားအေဂျင်စီမှ အရောင်းဝန်ထမ်းဖြစ်သည်။ တစ်နေ့ ယွမ် ၅၀၀၀ ပေးပြီး ငှားလာတာဖြစ်ကာ ကားကိုလည်း ငှားလာတာဖြစ်သည်။
ယဲ့ဖန်၏နောင်တရတဲ့မျက်နှာကို မြင်ချင်ခဲ့တာဖြစ်သည်။
ထိုအတွက် သူမ၏စုဆောင်းထားတဲ့ငွေထဲမှ နှစ်လစာကို သုံးခဲ့ရသည်။
အဆုံးမှာ သူမကသာနှစ်ဆရှုံးသွားခဲ့မယ်ဆိုတာကို ဘယ်သူသိမှာလဲ။
သူမ ဒေါသဖြေလို့ မရခဲ့သည့်အပြင် ယွမ် ၁၀,၀၀၀ပါ ရှုံးလိုက်ရသည်။
သူမ နှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်လာသလို ခံစားရသည်။
အပိုင်း (၉၅)
အခု နောင်တရဖို့ နောက်မကျသေးဘူး။
တစ်ဖက်တွင် ရှုမန်သည် Ferrari Enzo ကားကို အဝေးသို့မောင်းသွားပေမဲ့ သူမ ပြုံးနေသေးသည်။
" အဲ့လောက်ပျော်ဖို့လိုလို့လား "
ယဲ့ဖန်က မထိန်းနိုင်ဘဲ စနောက်သည်။
" လုပ်ဖော်ကိုင်ဖက်တွေရဲ့မျက်နှာပေါ်က အမူအရာကိုကြည့်မိရင် ရယ်ချင်လာတယ် "
ရှုမန်သည် အတော်လေးစိတ်အခြေအနေကောင်းနေသည်။
အထူးသဖြင့် နှာထိပ်ကို ဖြတ်ရိုက်ခံလိုက်ရ၍ ဒေါသထွက်နေမည့် ကျိုးကျယ်အကြောင်းကိုတွေးမိတဲ့အခါ ပို၍တောင်ရယ်ချင်လာသည်။ ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းကိုခါကာ ပြုံးလိုက်သည်။
ပုံမှန်အားဖြင့် ထက်မြက်ပြီးလုပ်ရည်ကိုင်ရည်ရှိတဲ့ ရှုမန်မှာ ဒီလို ကလေးဆန်တဲ့ပုံစံရှိမည်ဟု ယဲ့ဖန်ထင်မထားပေ။
ရှုမန်သည် အတော်ကြာရယ်နေပြီးတဲ့နောက် သက်ပြင်းချလိုက်သည်။
ယဲ့ဖန်သည် သူမကို စူးစူးစမ်းစမ်းကြည့်လိုက်သည်။
" အခုလေးတင် ပျော်နေတာမဟုတ်ဘူးလား။ ဘာလို့ သက်ပြင်းချနေရတာလဲ "
ရှုမန် ခေါင်းကိုခါလိုက်သည်။
" ပျင်းစရာကောင်းတယ်ထင်လို့ပါ။ ငါတို့က သရုပ်ဆောင်နေတာဘဲလေ "
သူမစကားကိုကြားတဲ့အခါ ယဲ့ဖန် ဘာပြောရမလဲမသိပေ။
ရှုမန် ရုတ်တရက်လှည့်လာပြီးပြောသည်။
" လမ်းခွဲကြတော့မလား "
" အာ "
ယဲ့ဖန်ကြောင်သွားသည်။
" ဆက်ပြီး မလိမ်ချင်တော့ဘူး။ ငါတို့ ပြတ်သွားပြီလို့ပြောလိုက်မယ် "
ရှုမန်က အတည်အကြည်ပြောသည်။
" အစ်မကို ယောက်ျားလေးဝန်ထမ်းတွေက ထပ်လာကပ်မှာ မစိုးရိမ်ဘူးလား "
ယဲ့ဖန်က အနည်းငယ်ပူပန်ပေးနေသည်။
" ကပ်လည်း ကပ်ပါစေတော့။ အလိမ်တစ်ခုပြီးတစ်ခုဆင့်နေတာ မလိုချင်တော့ဘူး။ အတော်ပင်ပန်းတယ် "
ရှုမန်က ဆုံးဖြတ်ချက်ချပြီးပုံပေါ်သည်။
" ကောင်းပါပြီ၊ အစ်မသဘောပါ "
ယဲ့ဖန်က အတော်ကြာတိတ်ဆိတ်နေပြီးမှ သဘောတူခေါင်းငြိမ့်လိုက်သည်။
" ဒါဆို သင့်တော်တဲ့အချိန်တစ်ခုကိုရှာပြီး တရားဝင်လမ်းခွဲကြတာပေါ့ "
ရှုမန် ထိုကဲ့သို့ပြောပြီး သူမသည် ချစ်သူအစစ်ကိုလမ်းခွဲရသည့်အလား မျက်နှာပေါ်တွင် ခါးသီးတဲ့အမူအရာတစ်ခုပေါ်လာသည်။
ယဲ့ဖန်သည် မထိန်းနိုင်ဘဲ သူမကို စနောက်သည်။
" အခု အမူအရာကိုကြည့်ရတာ ဘာလို့ အပြစ်ရှိသလိုခံစားနေရတာပါလိမ့်။ ကျွန်တော့်ကို တကယ်ကြီးကြွေသွားတယ်လို့တော့ မပြောနဲ့နော် "
ရှုမန်သည်လည်း ရယ်မောလိုက်သည်။
" နင် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေတာဘဲ။ ဘယ်သူက နင့်ကြိုက်မှာလဲ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
" ကျွန်တော့်ကို ကြိုက်နေတဲ့သူတွေအများကြီးဘဲ။ ရွေးရင်းနဲ့ ခေါင်းတောင်ကိုက်နေပြီ "
ရှုမန်သည် ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
" ကိုယ့်ဟာကိုယ် အထင်ကြီးနေတာကို ရပ်ပါဦး၊ နင့်ရဲ့လိပ်စာ ငါ့ကို မပြောရသေးဘူး "
ယဲ့ဖန်သည် သူ့အပြုံးကို ရုတ်သိမ်းလိုက်သည်။
" ကျုံးထျန်း ကန်သာယာ စံအိမ်ဝန်း "
ရှုမန်သည် ချက်ချင်းပင် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
" နင် တကယ်ကို ဇိမ်ကျကျနေနေရတာဘဲ။ သိပ်ချမ်းသာလွန်းနေတာမဟုတ်ဘူးလား "
ယဲ့ဖန်သည် သူ့လက်ကို အကြောက်အကန်ဝေ့ယမ်းလိုက်သည်။
" မဟုတ်ပါဘူး၊ ကျွန်တော့်လက်ထဲမှာ ဆယ်အိမ်ကျော်ကျန်ပါသေးတယ်။ အစ်မကြိုက်ရင် ကျွန်တော် အစ်မကို တစ်လုံးလောက်ပေးလို့ရတယ် "
ရှုမန်သည် အနည်းငယ်စိတ်လှုပ်ရှားသွားသော်လည်း ချက်ချင်း ခေါင်းခါလိုက်သည်။
" ထားလိုက်ပါ။ အခုလေးတင် ငါ နင်နဲ့ လမ်းခွဲဖို့ကိုဆုံးဖြတ်ထားတာလေ။ နင့်အိမ်ကို ငါက ဘယ်လိုလုပ်ပြီးယူရမှာလဲ။ အိုက်ယား၊ နင်က အဲ့ဒီလောက်ထိ ကျိကျိတက်ချမ်းသာတဲ့သူဌေးမှန်းသိရင် ငါလည်းနင်နဲ့ ဟန်ဆောင်မနေဘဲ အစစ်ဖြစ်အောင်လုပ်ပါတယ် "
ယဲ့ဖန်သည် ရှုမန်နောက်ပြောင်နေမှန်း သိတာကြောင့် ပြန်စနောက်သည်။
" အခု နောင်တရဖို့ သိပ်မနောက်ကျသေးဘူး။ ဒီည ကျွန်တော်နဲ့အတူ အိပ်ချင်လား"
ရှုမန်သည် ချက်ချင်း ယဲ့ဖန်ပခုံးကို ရိုက်ပုတ်လိုက်သည်။
" ငရဲကိုဘဲသွားလိုက်တော့။ နင် နောက်ထပ် မဟုတ်တာထပ်ပြောရင် ငါ ကားကို မြစ်ထဲ မောင်းသွားပြီး ငါနဲ့အတူ နင့်ကိုပါ ခေါ်သွားမယ်။"
ယဲ့ဖန်သည် ချက်ချင်း တုန်လှုပ်သွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။
ဒီရူးသွပ်တဲ့မိန်းကလေးသည် သူမပြောသည့်အတိုင်း တကယ်လုပ်လိုက်မှာကို ယဲ့ဖန်အတည်ကြောက်သည်။
ငယ်ငယ်လေးနဲ့ သူ မသေချင်သေးဘူး။
ထိုအခါမှ ရှုမန်သည် အနိုင်ရသွားသော အပြုံးဖြင့် ဆက်လက်မောင်းနှင်သွားခဲ့သည်။
…...................
နောက်တစ်နေ့တွင် ယဲ့ဖန်သည် မနက်အစောကြီးနိုးလာခဲ့သည်။
သူ ကျောင်းမတက်တာ ရက်အတော်ကြာပြီဖြစ်သည်။
ကျောင်းအုပ်ကြီးဟူသည် ယဲ့ဖန်ကို ကျောင်းတက်မလား၊ မတက်ဘူးလား ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သည်ဟု ပြောခဲ့သည်။
သို့သော် ယဲ့ဖန် တရားလွန်မလုပ်သင့်ပေ။
ထို့ကြောင့် ဒီနေ့ ကျောင်းတက်ရန် ယဲ့ဖန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဤသို့ဖြင့် လူတိုင်းအတွက် ပိုမိုအဆင်ပြေလွယ်ကူပေလိမ့်မည်ဖြစ်သည်။
ယဲ့ဖန်သည် Ferrari Enzo ကိုစီးပြီး ကျောင်းသို့မောင်းနေချိန်တွင်။
ရုတ်တရက် သူ့နားထဲတွင် စနစ်သတိပေးအကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။ [ ကံကောင်းသောလမ်းညွှန်မှုအသစ်တွေ့ရှိထားပါသည်။ ငါးမိနစ်အတွင်းတွင် လုရှောင်ရသည် ကားမတော်တဆမှုဖြစ်ပါလိမ့်မည်။ ]
[ စနစ်လမ်းညွှန်ကြားရေးစတင်ပါပြီ။ လက်ရှိလမ်းအတိုင်း ရှေ့သို့မီတာ ၁၀၀ မောင်းပြီး ဘယ်ဘက်သို့ ကွေ့ပါ။ ]
ထိုစကားကိုကြားသောအခါ ယဲ့ဖန် အတော်အံ့အားသင့်သွားသည်။
လုရှောင်ရလား?
ကားမတော်တဆမှုတဲ့လား?
ယဲ့ဖန်သည် နှေးကွေးတုန့်ဆိုင်းမနေရဲပေ။ စနစ်၏လမ်းညွှန်ချက်အတိုင်း အလျင်အမြန် အရှိန်မြှင့်ကာ မောင်းသွားခဲ့သည်။
မကြာခင်တွင် ရှေ့လမ်းခွဆုံမှာ ရပ်ထားသော အနီရောင် McLaren GTကားကို တွေ့လိုက်တယ်။
McLaren ကားဘေးမှာ လျှပ်စစ်စက်ဘီးတစ်စီးရှိတယ်။
McLaren ကားမောင်းသူအမျိုးသမီးကို အမျိုးသားတစ်ဦးက အော်ဟစ်နေသည်။
ထိုအမျိုးသမီးယာဉ်မောင်းမှာ လုရှောင်ရဖြစ်သည်။
ထိုအချိန်တွင် ပြဿနာဖြစ်တာကို ဝိုင်းအုံကြည့်နေကြသူတွေ အများကြီးရှိနေသည်။
ယဲ့ဖန်သည် စနစ်၏သတိပေးချက်ကိုတွေးပြီး ကားကို လမ်းဘေးတွင် အမြန်ရပ်လိုက်ပြီး လုရှောင်ရရှိရာဆီသို့ အမြန်ချဉ်းကပ်သွားခဲ့သည်။
" ကျသင့်တဲ့ဆေးဖိုးဝါးခပေးမယ်လို့ပြောထားတယ်မလား၊ ရှင် ဘယ်လောက်လိုချင်နေတာလဲ "
လုရှောင်ရသည် သူမ၏ဒေါသကို အတတ်နိုင်ဆုံးဖိနှိပ်ထားခဲ့သည်။
သူမ၏ပြိုင်ကားကိုမောင်းလာရင်း နေရာတွင် မီးပွိုင့်မိတာကြောင့်စောင့်နေခဲ့သည်။
မီးစိမ်းသွားသည်ကိုမြင်သည့်အခါ သူမကားကိုစက်နှိုးတော့မည့်အချိန်တွင် မီးနီကိုဖြတ်မောင်းနှင်လာသည့် လျှပ်စစ်စက်ဘီးတစ်စီးသည် ညာဘက်ခြမ်းမှ သူမကားကို ရုတ်တရက် ဝင်တိုက်ခဲ့သည်။
ထို့နောက်တွင် အဲ့ဒီပိုင်ရှင်အမျိုးသားက သူမကို နားပူနားဆာလုပ်ကာ အလွတ်မပေးပေ။
တစ်ဖက်သူကသာ မီးနီဖြတ်မောင်းလာသူဖြစ်၍ အပြည့်အဝတာဝန်ယူရမှာဖြစ်သည်။
သို့သော် လုရှောင်ရသည် ယခုအချိန်တွင် အရေးတကြီးတက်ရောက်စရာ ကိစ္စတစ်ခုခုရှိနေတာကြောင့် တစ်ဖက်သူနှင့် အချိန်ဖြုန်းမနေနိုင်ပေ။
အလွန်ဆုံးကတော့ ထိုလူအတွက် ဆေးဖိုးလျော်ကြေးပေးလိုက်မည်ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒီယောက်ျားက သူမကို အလွတ်မပေးဘဲဆွဲထားမယ်လို့ ဘယ်သူသိမှာလဲ။
" ဘာလဲ။ မင်းဆီကနေ ငါက တမင်တကာ ငွေညှစ်နေတယ်လို့ မင်းပြောနေတာလား။ ချမ်းသာတယ်ဆိုတိုင်း အနိုင်ကျင့်လို့ရမလား”
လုရှောင်ရသည် လျင်မြန်စွာရှင်းပြသည်။
" ရှင် ကျွန်မဆီကနေ ပိုက်ဆံတောင်းနေတယ်လို့ ပြောတာမဟုတ်ပအဘူး။ ပိုက်ဆံဘယ်လောက်လိုချင်လဲလို့ဘဲမေးတာပါ။ လျော်ကြေးပေးဖို့ပါ "
ထိုလူက ပိုဒေါသဖြစ်သွားသည်။
" ချမ်းသာတဲ့သူတွေက အရာအားလုံးကို ငွေနဲ့ဖြေရှင်းလို့ရတယ်လို့ ထင်နေတာလား။ ငါကဆင်းရဲပေမယ့် ငါ့မှာ အဆင့်အတန်းရှိတယ်။ မင်းဆီကနေ တစ်ပြားတစ်ချပ်မှ ငါမယူဘူး "
ထိုလူ၏စကားတွေက အတော်လေးပြင်းထန်ပြတ်သားသည်။
ပွဲကြည့်နေသူများက အားပေးအော်ဟစ်လိုက် ကြသည်။
လုရှောင်ရသည် သူမ၏နဖူးကို ပွတ်သပ်ပြီး မနည်း စိတ်တည်ငြိမ်အောင် လုပ်နေရသည်။
" ဒါဆို ရှင်က ဘယ်လိုဖြေရှင်းချင်တာလဲ "
ထိုလူက အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဘယ်လိုဖြေရှင်းချင်လဲတဲ့လား။ ငါမင်းကိုအဲဒါမေးရမှာမဟုတ်ဘူးလား။ မင်းက ဘယ်လိုဖြေရှင်းပေးမှာလဲ "
လုရှောင်ရသည် ထိုလူက သူမကို တမင်တကာတွယ်ကပ်နှောင့်ယှက်နေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။
လုရှောင်ရသည် အရေးတကြီးဖြေရှင်းရန် ကိစ္စတစ်ခုခုရှိနေတာကြောင့် ထိုသူနှင့် စကားနိုင်လုရန် အချိန်မရှိပေ။
သူမ ချက်ချင်းလှည့်ပြီး ကားပေါ်တက်လိုက်သည်။
သူမထွက်သွားတော့မည်ကိုမြင်တဲ့အခါ ထိုလူက သူမကိုဆွဲလိုက်ပြီး မေးသည်။
" ဘာလဲ။ မင်းက ငါ့ကိုတိုက်ပြီး ထွက်ပြေးချင်နေတာလား။ ဒီကမ္ဘာမှာ တရားမျှတဆိုတာမှု ရှိကြသေးရဲ့လား "
" ကျွန်မကိုလွှတ် "
လုရှောင်ရသည် အနည်းငယ်ဒေါသထွက်နေပြီဖြစ်ပြီး ထိုလူ၏လက်မှ လွတ်မြောက်ချင်နေသည်။
သို့သော် ထိုယောက်ျား၏လက်ကိုဆွဲထားတဲ့အားသည် အလွန်တင်းကျပ်နေသောကြောင့် လုရှောင်ရ လွတ်အောင် လုံးဝ ရုန်းမရဖြစ်နေသည်။
နှစ်ယောက်သား ဆွဲလားရမ်းလားဖြစ်နေစဉ်မှာဘဲ ........
ရုတ်တရက် ထရပ်ကားကြီးတစ်စီးသည် လမ်း၏တစ်ဖက်ခြမ်းမှ အရှိန်ပြင်းပြင်းနှင့် သူတို့ရှိရာသို့ ဦးတည်လာနေသည်။
အနီးနားရှိ လူအုပ်ကြီးက ထိုကားကို မြင်သောအခါ ငှက်များနှင့်တိရစ္ဆာန်များကဲ့သို့ ချက်ချင်း ပြန့်ကျဲသွားကြသည်။
ထိုပြဿနာရှာနေသည့်လူက လုရှောင်ရကို လမ်းမအလယ်သို့ တွန်းပို့လိုက်သည်။
လုရှောင်ရ ကြောင်အသွားသည်။
ထရပ်ကားကြီးသည် သူမဆီသို့ ဦးတည်လာတိုက်တော့မည်ကို ကူကယ်ရာမဲ့စွာဖြင့်သာစောင့်ကြည့်နေနိုင်ခဲ့တော့သည်။
' ငါသေရတော့မှာလား '
အပိုင်း (၉၆)
ဆက်ဆံရေးအတုကို အဆုံးသတ်ဖို့ အခွင့်အရေး။
လုရှောင်ရ စိတ်လွတ်သွားချိန်မှာဘဲ ရုတ်တရက်သူမလက်ကို သန်မာသောလက်တစ်စုံက ဆွဲလိုက်တာကို ခံစားလိုက်ရသည်။
သူမ၏တစ်ကိုယ်လုံးသည် တစ်ဖက်လူ၏လက်ပေါ်သို့ စွေ့ခနဲကျသွားသည်။
ဟူး....
အကြီးစားထရပ်ကားကြီးက သူမကို ဖြတ်တိုက်လုမတတ်ဖြစ်သွားခဲ့သည်။
လေအဝေ့ကြောင့် သူမ၏ပါးပြင်မှာ နာကျင်သွားသည်။
ကားသည် သူတို့ကိုထိသွားပါက အကျိုးဆက်ကို တွေးပင်မကြည့်နိုင်ပေ။
လုရှောင်ရသည် ထိတ်လန့်ကြောက်ရွံ့မှုမှ ပြန်အသိကပ်လာတဲ့အခါ အလျင်အမြန် မော့ကြည့်လိုက်သည်။
ထို့နောက် ရင်းနှီးသောမျက်နှာကို မြင်လိုက်ရသည်။
ယဲ့ဖန်လား။
ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ။
ယဲ့ဖန်သည် လက်ရှိထွက်သွားသောထရပ်ကားကို ကြည့်နေသည်။
ကုန်ပါသောထရပ်ကားကြီး သူ့ဘေးမှဖြတ်သွားသည့်အခါ ယဲ့ဖန်သည် ယာဉ်မောင်း၏ အဆိပ်မီးတောက်နေသောမျက်လုံးများကို သတိပြုမိလိုက်သည်။
ထိုအကြည့်က လူကို တုန်လှုပ်သွားစေနိုင်သည်။
ဒါသည် တိုက်ဆိုင်သည့် ယာဉ်မတော်တဆမှု မဟုတ်မှန်း သိသာထင်ရှားသည်။
ဒီမတော်တဆမှုသည် အစောကြီးကြိုတင်ကြံစည်ထားသောလူသတ်မှုတစ်ခု ဖြစ်နိုင်ချေရှိသည်။
ယဲ့ဖန် မတတ်နိုင်ဘဲ တွေးမိသည်။
လုရှောင်ရက ဘယ်သူလဲ။
ဘယ်သူကများ သူမကို ဘယ်လိုသတ်နိုင်ရတာလဲ။
"မင်းအဆင်ပြေရဲ့လား?"
ထိုအခါမှ ယဲ့ဖန်ရင်ခွင်ထဲမှ ကောင်မလေးကိုသတိရပြီး မြန်မြန်မေးလိုက်သည်။
" ကျွန်မ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ် "
လုရှောင်ရ၏မျက်နှာသည် ဖြူဖျော့နေသေးသော်လည်း သူမ၏လေသံမှာ တည်ငြိမ်နေသည်။
ထိုပုံစံကြောင့် ယဲ့ဖန်အတော်လေးအံ့သြသွားခဲ့ရသည်။
သာမန်မိန်းကလေးတစ်ယောက်သာ ဤကဲ့သို့ကပ်ဘေးဆိုးကြီးနှင့် ကြုံတွေ့ရပါက သူမသည် သေချာပေါက် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားမှာဖြစ်သည်။
သို့ပေမဲ့ လုရှောင်ရသည် လျှင်မြန်စွာပင် စိတ်ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ထိုပုံစံကြောင့် သူမသည် သာမန်လူမဟုတ်မှန်း သိသာစေသည်။
" ရှင် ဘာလို့ဒီကိုရောက်နေတာလဲ "
လုရှောင်ရသည် သူမ၏ရှုပ်ပွနေသောဆံပင်များကို ဘေးသို့သပ်လိုက်ပြီး ယဲ့ဖန်၏ရင်ခွင်ထဲမှ ထွက်လိုက်သည်။
" ကျောင်းသွားရင်းနဲ့ ဒီလမ်းကို ဖြတ်တော့ တစ်ယောက်ယောက်နဲ့ ငြင်းခုံနေတာ မြင်လိုက်လို့ပါ "
ယဲ့ဖန်မှ ရှင်းပြနေရင်းဖြင့် လုရှောင်ရကို ပြဿနာရှာနေ ခဲ့သောလူသည် ရုတ်တရက် ရှောင်ထွက်သွားတော့မလိုလုပ်နေသည်ကို ယဲ့ဖန်တွေ့လိုက်သည်။
ယဲ့ဖန်သည် ထိုလူကို အလျင်အမြန်ဆွဲဖမ်းလိုက်သည်။
ကားမတော်တဆမှုသည် ကြိုတင်ပြင်ဆင်ထားသော လူသတ်မှုတစ်ခုဖြစ်တာကြောင့် လုရှောင်ရကို တမင်တကာ နှောင့်ယှက်ပြီး ကားလာသည့်အချိန်မှာမှ လမ်းဆုံသို့ တွန်းပို့လိုက်သည့်သူသည် သေချာပေါက် ကြံရာပါဖြစ်လိမ့်မည်။
" ပြော၊ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ "
ယဲ့ဖန်သည် ထိုလူ၏လက်ကို ကျောနောက်ပို့ပြီး မြေပြင်ပေါ်သို့ ဖိထားလိုက်သည်။
" မင်း ဘာတွေပြောနေတာလဲ။ ငါ မင်းပြောတွေတာကို ဘာမှနားမလည်ဘူး "
ထိုလူသည် နာကျင်မှုကို အံကြိတ်သည်းခံနေပေမဲ့ ဆက်ငြင်းခဲ့သည်။
"မင်း မေးနေတာနားမလည်ဘူးလား "
ယဲ့ဖန်သည် သူ့လက်ကို ပိုအားထည့်ပြီးတွန်းလိုက်သည်။
" အား၊ ပြောပါ့မယ်၊ ပြောပါ့မယ် "
ထိုလူသည် နာကျင်မှုကြောင့် အော်လိုက်ပြီး သူ၏ အသွင်အပြင်မှာလည်း အတော်လေးနာကျင်နေပုံပေါ်လေသည်။
" မင်း ရိုးရိုးသားသားဖြေပြီး လှည့်စားတာမျိုးတွေ မလုပ်တာ ပိုကောင်းလိမ့်မယ် "
ယဲ့ဖန်၏ လေသံသည် အနည်းငယ်ပြင်းထန်နေသည်။
" ကျွန်တော် အလုပ်သွားတဲ့လမ်းမှာ တစ်ယောက်ယောက်က ကျွန်တော့်ကိုတားပြီး ဒီမိန်းမကို တွယ်ကပ်နှောင့်ယှက်ဖို့ ယွမ် ၂၀၀၀ ပေးခဲ့တာပါ။ ပိုက်ဆံကြောင့် အမှောင်ဖုံးပြီး လုပ်ဖို့ သဘောတူခဲ့တာပါ " ဟု ထိုလူကြီးက ရိုးရိုးသားသား ဝန်ခံခဲ့သည်။
" မင်း မရိုးသားသေးဘူးထင်တယ် "
ယဲ့ဖန်က အားပိုထည့်လိုက်သည်။
" ကျွန်တော် အမှန်အတိုင်းပြောတာနေပါ။ တခြားဘာမှ မသိပါဘူး "
ထိုလူမှ အသနားခံ တောင်းဆိုသည်။
လုရှောင်ရသည် ထိုလူပြောစကားကိုကြားပြီးနောက် မျက်နှာသည်ထပ်ပြီးဖြူဖျော့သွားပြန်သည်။
ဒါမတော်တဆမှုသည် သူမကို တမင်ဦးတည်ထားသော လူသတ်မှုတစ်ခုဖြစ်လိမ့်မည်ဟု လုရှောင်ရ မျှော်လင့်မထားခဲ့ချေ။
ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက...
သူမကို အလောင်းတောင် အကောင်းတိုင်းမရှိဘဲ သေဆုံးကောင်း သေဆုံးသွားနိုင်သည်။
ယဲ့ဖန်သည် ထိုလူကို ခဏထပ်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ထိုလူသည် တခြားဘာမှ ထပ်မပြောနိုင်တော့သည့်အခါမှ ယဲ့ဖန် လုရှောင်ရကို မော့ကြည့်လိုက်သည်။
" ကျွန်တော်တို့ ရဲခေါ်ကြမလား "
လုရှောင်ရသည် မျက်မှောင်ကိုကြုတ်ကာ ခဏလောက် စဉ်းစားလိုက်သည်။
" သူ့ကိုလွှတ်ပေးလိုက်ပါ "
ယဲ့ဖန်သည် မထိန်းနိုင်ဘဲ အတော်လေးအံ့အားသင့်သွားသည်။
" သူ့ကိုသွားခွင့်ပေးလိုက်ရမှာလား "
လုရှောင်ရ ခေါင်းညိတ်လိုက်သည်။
" အခုက သူ့ကို အသုံးချခံနေရတာ။ နောက်ကွယ်က စေခိုင်းတဲ့သူရဲ့ပုံစံအစစ်အမှန်ကို ဖော်ထုတ်ဖို့ ကျွန်မဘာသာနည်းလမ်းရှာရမယ် "
ယဲ့ဖန်သည် သူမပြောသည်ကိုကြားပြီးနောက် ဘာမှထပ်ပြန်မပြောတော့ဘဲ ထိုလူကို လွှတ်ပေးလိုက်သည်။
ထိုလူသည် ချက်ချင်း သူ့ခေါင်းကို ဖုံးကာ ထွက်ပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ ခြေရာရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။
" အခု ဘယ်သွားမလို့လဲ။ ကျွန်တော် မင်းကို ကားမောင်းပို့ပေးရမလား "
ယဲ့ဖန် လှည့်ပြီး လုရှောင်ရကို ကြည့်လိုက်သည်။
" ရပါတယ်။ ကျွန်မ ကိုယ်တိုင်ဘဲမောင်းလိုက်ပါ့မယ်"
လုရှောင်ရသည် သူမစကားပြောလို့ မပြီးသေးခင်မှာဘဲ ရုတ်တရက် နာကျင်စွာအော်ဟစ်လိုက်ပြီး လဲကျမတတ်ဖြစ်သွားခဲ့သည်။
" မင်းအဆင်ပြေရဲ့လား "
ယဲ့ဖန်၏ မျက်လုံးများသည် စူးရှပြီး သူ့လက်များက လျင်မြန်သည်။ ထို့ကြောင့် သူမကို လျင်မြန်စွာထိန်းလိုက်နိုင်သည်။
" ခြေထောက်ခေါက်သွားတယ်ထင်တယ် "
လုရှောင်ရ၏နဖူးတွင် ချွေးများထွက်နေသည်။
လက်ရှိအဖြစ်အပျက်၏ ရုတ်တရက်ဆန်မှုကြောင့် သူမ အနည်းငယ်မူးဝေသွားခဲ့ပေမဲ့ အခြား ဘာမှထူးထူးခြားခြား သတိမထားမိပေ။
အခုမှသာ သူမ၏ညာဘက်ခြေကျင်းဝတ်သည် ရောင်ရမ်းပြီး နာကျင်နေကြောင်း သိလိုက်ရသည်။
" အဲ့လိုအခြေအနေမျိုးနဲ့ ကားကိုဘယ်လိုမောင်းမှာလဲ။ ကျွန်တော် မင်းကို လိုက်ပို့ပေးပါ့မယ် "
ယဲ့ဖန်သည် သူမကို ဘာရှင်းပြချက်မှမပါလည်း ကူညီပေးခဲ့သည်။
" ဘယ်ကိုသွားမှာလဲ "
" Silver Brilliance အဆောက်အဦးဆီကိုပါ "
လုရှောင်ရသည် ယဲ့ဖန်ကို နာမည်ပြောလိုက်သည်။
" Silver Brilliance အဆောက်အဦးလား "
ထိုစကားကိုကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။
ရှုမန်အလုပ်လုပ်သည့် ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီသည် Silver Brilliance အဆောက်အဦးတွင် တည်ရှိတာဖြစ်သည်။
ဒါက တိုက်ဆိုင်မှုတစ်ခုလား။
" ဟုတ်တယ်။ ကျွန်မအဖေရဲ့ကုမ္ပဏီက အဲ့မှာရှိပါတယ်။ ဘာဖြစ်လို့လဲ "
လုရှောင်ရသည် ယဲ့ဖန်၏အမူအရာကိုမြင်သည်အခါ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
" ဘာမှမဟုတ်ပါဘူး။ သွားကြစို့ "
ယဲ့ဖန်သညိ သူ့ခေါင်းကို ခါလိုက်ပြီး ဆက်ရှင်းမပြတော့ပေ။
ယဲ့ဖန်သည် ချက်ချင်းဘဲ ကားစက်ကိုနှိုးလိုက်သည်။
မိနစ် ၂၀မျှကြာပြီးတဲ့နောက် ယဲ့ဖန်သည် Silver Brilliance အဆောက်အဦးသို့ ရောက်လာခဲ့သည်။
ထို့နောက် ယဲ့ဖန်သည် ကားပေါ်မှအမြန်ဆင်းကာ ရှေ့ဘေးထိုင်ခုံမှ လုရှောင်ရဆီသို့ ကူညီရန် ပြေးသွားခဲ့သည်။
ထော့နဲ့ထော့နဲ့ဖြစ်နေတာကြောင့် သူမရဲ့ကိုယ်အလေးချိန်အားလုံးကို ယဲ့ဖန်အပေါ်မှီထားဖို့ကလွဲပြီး လုရှောင်ရတွင် ရွေးချယ်စရာမရှိပေ။
သူတို့နှစ်ဦးသည် ရှောင်လွှဲလို့မရစွာဖြင့် ရုပ်ပိုင်းဆိုင်ရာအစိတ်အပိုင်းအချို့ ထိနေကြရသည်။
တစ်ဖက်မှ ယဲ့ဖန်ကတော့ ဘယ်လိုမှမနေပေမဲ့ လုရှောင်ရ၏အမူအရာကတော့ အနည်းငယ် သဘာဝမကျဖြစ်နေသည်။
ဒါသည် သူမအဖေမှလွဲ၍ တခြားဆန့်ကျင်ဘက်ယောက်ျားလေးနှင့် ပထမဆုံးအကြိမ် တရင်းတနှီးထိတွေ့ဆက်ဆံခြင်းဖြစ်သည်။
သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မှီတွဲပြီး Silver Brilliance အဆောက်အဦးထဲသို့ လျှောက်ဝင်လာခဲ့သည်။
" ယဲ့ဖန် "
ရုတ်တရက် သူတို့နောက်မှ အမျိုးသမီးတစ်ယောက်၏အသံကိုကြားလိုက်ရသည်။
သူမ၏အသံတွင် ဒေါသအရိပ်အယောင်များရှိနေပုံရသည်။
ယဲ့ဖန်လှည့်ကြည့်သည့်အခါ ရှုမန်သည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် သူ့အနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာဘဲ ရှုမန်သည် လုရှောင်ရကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။
" သူမက ဘယ်သူလဲ "
Silver Brilliance အဆောက်အဦးထဲသို့ အဝင်အထွက်လုပ်နေတဲ့လူများက အသံကြားပြီး ချက်ချင်းရပ်ကြည့်ကြသည်။
တစ်ချို့သည် ရှုမန်၏လုပ်ဖော်ကိုင်ဖက်တွေဖြစ်သည်။
မနေ့က ရှုမန်ပြောခဲ့သည့်အကြောင်းကို ယဲ့ဖန် ရုတ်တရက် သတိရသွားသည်။
သူမသည် ချစ်သူရည်းစားအဖြစ် ဆက်ပြီးဟန်ဆောင်မနေချင်တာကြောင့် ယဲ့ဖန်နှင့် 'လမ်းခွဲရန်' အခွင့်အရေးကို ရှာချင်ကြောင်း သူမက ပြောခဲ့သည်။
သူမသည် အခုအကြောင်းပြချက်တစ်ခု ရှာတွေ့သွားတာဖြစ်နိုင်သည်။
ထိုသို့တွေးရင်း ယဲ့ဖန်ဘက်မှ ပူးပေါင်းကာ ဗလုံးဗထွေးရှင်းပြခဲ့သည်။
" အချစ်လေး၊ ကိုယ်ရှင်းပြပါရစေဦး .....… "
ရှုမန်သည် ချက်ချင်း သူမ၏နားရွက်တွေကို အုပ်လိုက်သည်။
" နားမထောင်ချင်ဘူး၊ နားမထောင်ချင်ဘူး။ မနေ့ကတော့ ကျွန်မကို ချစ်တယ်လို့ ပြောပြီး ဒီနေ့ကျတော့ ရှင်က တခြားမိန်းမနဲ့ တွဲနေတာလား။ ကျွန်မခံစားချက်တွေကို ရှင် ဂရုစိုက်ရောစိုက်ဖူးရဲ့လား "
ယဲ့ဖန်သည် ရှုမန်၏ အကဲပိုသောသရုပ်ဆောင်စွမ်းရည်ကိုကြည့်ကာ စကားပင်မပြောနိုင်တော့ချေ။
" ကိုယ်တို့က သာမန်သူငယ်ချင်းတွေပါပဲ "
ရှုမန်သည် ယဲ့ဖန်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။
" သာမန်သူငယ်ချင်းတဲ့လား။ အဲ့လောက် ရင်းရင်းနှီးနှီးပွေ့ဖက်ထားတာတောင် သာမန်သူငယ်ချင်းတွေဘဲလို့ ရှင်က ပြောနေသေးတာလား "
" ယဲ့ဖန်၊ နောက်ဆုံးတော့ ကျွန်မ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ။ လမ်းခွဲကြစို့ "
" အခုကစပြီး ရှင်လည်း ရှင့်လမ်းရှင်သွား၊ ကျွန်မလည်း ကျွန်မလမ်းကျွန်မသွားမယ် "
ထိုကဲ့သို့ပြောပြီးနောက် အဆောက်အဦးထဲသို့လျှောက်သွားသည်။
ကြည့်နေကြသည့် လူတစ်စုကသာ ကြောင်အအဖြင့်ကျန်နေခဲ့သည်။