← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁) အလှလေးရေ၊ ကိုယ် ဒီမှာ

ထန်ရွှမ်အာသည် ရှောင်ရှကို ဆေးရုံ၏ ပင်မဝင်ပေါက်မှ ခေါ်ဆောင်၍ လမ်းဘေးတွင်ရပ်ကာ ကားစောင့်နေခဲ့သည်။ အနီးနားတွင် ဝက်အူချောင်းကင် ရောင်းနေသည့် လမ်းဘေးဈေးသည် တစ်ဦးရှိနေသည်။ မွှေးပျံ့သော အသား၏ရနံ့က ရှောင်ရှကို သရေရည်များပင် ယိုထွက်လုနီးပါးဖြစ်စေသည်။ ထန်ရွှမ်အာက သူမ၏ ခေါင်းကို ခါယမ်း၍ ခပ်ပါးပါး ရယ်မောလိုက်သည်။ သူမသည် ရှောင်ရှ၏ လျှို့ဝှက်ချက်လေးများကို အကုန်သိထား၏။

ထို့ကြောင့် အရသာရှိသော အစားအစာများစားရရန် ခန္ဓာကိုယ်ကို လှည့်ပတ်ပြ၍ ချစ်စဖွယ်ကောင်းအောင်ပြုလုပ်သော ရှောင်ရှ၏ သရုပ်ဆောင်မှုများကို ထန်ရွှမ်အာ မြင်မိတိုင်း ထိုမြင်ကွင်းက အလွန်ဆန်းကြယ်လွန်းသည်ဟု သူမ ထင်မိသည်။

“မင်းက နဂါးတစ်ကောင်နော်၊ အနည်းဆုံးတော့ အပြုအမူလေးဘာလေး ထိန်းဖို့ လုပ်ပါဦး" ထန်ရွှမ်အာက ငုတ်တုတ်ထိုင်၍ တိုးတိုးပြောသည်။

ရှောင်ရှက ဝမ်းနည်းပူဆွေးစွာဖြင့် သူ၏ခေါင်းကို အနည်းငယ် ညိမ့်ပြီးနောက် စိတ်ထဲတွင် ငြီးတွားလိုက်သည်။

'သူက နဂါးတစ်ကောင်ဆိုတာ မှန်ပေမယ့် အနက်ရောင်ရေကန်ထဲမှာ နှစ်ရာချီလောက် ကြာအောင် နေ့တိုင်း ဘာများစားခဲ့ရလို့လဲ။ ငါးစိမ်းနဲ့ ယုန်ရိုင်းတွေကလွဲရင် ဘာမှမစားခဲ့ရဘူး။ ဆားတစ်မှုံတောင် မပါခဲ့ဘူး။ အဲ့ အရသာက ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူမဆို စိတ်ကူးကြည့်လို့ ရတယ်။ နောက်ဆုံးတော့ အခု ဒီလိုအရောင်အသွေးစုံတဲ့ ကမ္ဘာကို ရောက်လာပြီး အရသာရှိတဲ့ အစားအသောက်မျိုးစုံကို မြည်းစမ်းခွင့်ရနေတဲ့ အချိန်မှာ နည်းနည်းလောက်တောင် ထပ်စားခွင့် မပေးတော့ဘူးတဲ့လား'

ရှောင်ရှကို ဤကဲ့သို့မြင်ရသော ထန်ရွှမ်အာသည် ရယ်ရခက် ငိုရခက်ဖြစ်လျက်ရှိ၏။

"ကောင်းပြီ၊ ကောင်းပြီ။ ဒီတစ်ခါပဲနော် ဟုတ်ပြီ လား"

ဤသို့ဖြင့် ထန်ရွှမ်အာက ဈေးသည်အနားသို့ ချဉ်းကပ်လာသည်။

"ကျေးဇူးပြုပြီး... ဝက်အူချောင်းကင် အချောင်းနှစ်ဆယ်ပေးပါ"

ထန်ရွှမ်အာကိုမြင်သောအခါ စျေးသည်က ပြုံးလိုက်သည်။

“မိန်းကလေးထန်၊ ဝက်အူချောင်းတွေကို ခွေးလေးအတွက် ထပ်ဝယ်ပြန်ပြီလား။ ကျွန်တော် ပြောတယ်နော် အမွေးပွခွေးလေးတွေကို အဲ့လောက် အလိုမလိုက်သင့်ဘူး။ ဒီလိုသာ စားနေရင် ဒီကောင်လေးတွေ အနှေးနဲ့အမြန် အဆီတွေ တတ်လာမှာ"

ထန်ရွှမ်အာသာ အနားမှာ ရှိမနေခဲ့လျှင် ဤလူ၏ ပါးစပ်ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်မိမှာ သေချာသည်ဟု ရှောင်ရှက တွေးနေမိသည်။

သို့သော် သူ၏ပါးစပ်ထဲသို့ နွေးထွေးသော ဝက်အူချောင်းကင် ရောက်ရှိသွားသည်နှင့် သူ၏ မကျေနပ်ချက်များ အားလုံးက မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားလေသည်။ ရှောင်ရှက ၎င်း၏အစားအစာကို အပြည့်အ၀ခံစားနေချိန်တွင် ဆန့်ကျင်ဘက်ဘက်ခြမ်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လမ်းဖြတ်ကူးလာသည်။

ထိုလင်မယားနှစ်ဦးသည် အသက်ငါးဆယ်ခန့်ရှိ၍၊ ၎င်းတို့၏ မျက်နှာတွင် စူးရှသည့် ရွဲ့တဲ့တဲ့ အမူအရာများရှိနေသည်။ လမ်းဘေးတွင် ရပ်နေသော ထန်ရွှမ်အာကို တွေ့လိုက်ရစဉ်တွင်၊ ၎င်းတို့၏ မျက်လုံးများ တောက်ပလာကာ အလျင်အမြန် လက်ပြလိုက်ကြသည်။

"ရွှမ်အာ၊ ရွှမ်အာ ငါတို့ပါ"

အော်ဟစ်သံကို ကြားလိုက်သော ထန်ရွှမ်အာက မော့ကြည့်လိုက်ရာ၊ လင်မယားနှစ်ယောက်ကို မြင်လိုက်ရသည်နှင့် သူမ၏မျက်နှာ ဖြူဖျော့သွားသည်။

ထိုအချိန်တွင် ၎င်းတို့နှစ်ဦးက လမ်းကိုဖြတ်ကူး၍ ထန်ရွှမ်အာဆီသို့ ရောက်လာကြသည်။

ပြည့်ဖြိုးသော အမျိုးသမီးက သွားပေါ်သည်အထိ ဦးစွာပထမ ရယ်မောလိုက်သည်။

"ရွှမ်အာ၊ အန်တီတို့ သမီးကို မတွေ့ရတာ နှစ်တော်တော်ကြာနေပြီ၊ သမီးတောင် တော်တော်လေး လှလှပပ ကြီးပြင်းလာတာပဲ"

ထန်ရွှမ်အာ၏ မျက်လုံးများတွင် စိတ်အနှောင့်အယှက်ဖြစ်နေသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း သူမက အသက်ပြင်းပြင်းရှူ၍ ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။

"အန်တီ"

“အာ၊ ဟုတ်သားပဲ။ ရွှမ်အာ၊ ဒီနေ့ သမီး ဦးလေးနဲ့အန်တီက သမီးကိုရှာဖို့လာခဲ့ကြတာလေ ဟီးဟီး"

"ကျွန်မကိုရှာဖို့ လာခဲ့တာလား" ထန်ရွှမ်အာက မျက်မှောင်ကြုတ်လိုက်သည်။

၎င်းတို့ လင်မယားနှစ်ဦးသည် ထန်ရွှမ်အာ၏ ဦးလေး ကျောက်ယင်နှင့် အဒေါ် ကျူးဖုန်းတို့ဖြစ်ကြသည်။ သို့သော်လည်း ထန်ရွှမ်အာက ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က ထန်ရွှမ်အာ၏ မိဘများ မတော်တဆမှုဖြင့် သေဆုံးသွားပြီးနောက်တွင် ဤစုံတွဲသည် ထန်ရွှမ်အာ၏ တရားဝင်အမွေများကို ရယူရန်အတွက် စက်ဆုပ်ဖွယ်နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြသည်။ ထိုအချိန်တွင် ထန်ရွှမ်အာက ငယ်ရွယ်လွန်းသောကြောင့် ထိုကိစ္စများကို မသိနားမလည်ခဲ့ပေ။ အရာကိစ္စများကို နားလည်လာသောအခါတွင်၊ ထန်ရွှမ်အာက ထိုသို့သောလူများကို ဖြေရှင်းရန်ပင် စိတ်မ၀င်စားနိုင်ပေ။

ကျောက်ယင်က ဤအခိုက်အတန့်တွင် ရယ်မောလိုက်သည်။

"ရွှမ်အာ၊ ဘယ်လိုပဲဖြစ်ဖြစ် သမီးက ဦးလေးရဲ့ တူမလေ၊ ဦးလေးက သမီးကို အမြဲဂရုစိုက်ခဲ့တာ။ သမီးလည်း ငယ်တော့တာမဟုတ်ဘူး၊ မိသားစုကောင်းရှာဖို့ အချိန်တန်ပြီလေ…” ကျူးဖုန်းက ဆက်ပြောလိုက်သည်။

“သမီး ဦးလေးပြောတာ မှန်တယ် ရွှမ်အာ။ သမီး ဦးလေး အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ သခင်လေးက မင်းရဲ့ပုံကို မြင်ပြီးကတည်းက သမီးကို အရမ်းစိတ်ဝင်စားနေခဲ့တာ"

ကျောက်ယင်က ထပ်မံ စကားဆက်လိုက်သည်။

“ဟားဟား၊ ဒီကောင်လေးက သာမန်လူမဟုတ်ဘူးနော်။ သူက ပေကျင်းမြို့၊ သန့်မိသားစုကပဲ။ သမီး သန့်မိသားစုကိုသိလား။ ပေကျင်းမှာရှိတဲ့ ကား 4S စတိုးဆိုင်အားလုံးရဲ့ ထက်ဝက်ကျော်က သူတို့ပိုင်တာတွေလေ။ သူတို့ ပိုင်ဆိုင်မှုက ဘီလီယံနဲ့ချီရှိတာ"

ထန်ရွှမ်အာ နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူမ၏ ဆွေမျိုးများသည် သူမအတွက် လက်တွဲဖော် စီစဉ်ပေးရန် သူမထံ ရောက်လာခဲ့ပုံပေါ်သည်။ ဒေါသထွက်လွန်းသော ထန်ရွှမ်အာ၏ နှုတ်ခမ်းများသည် အနည်းငယ်မျှ ဖြူဖျော့သွားတော့သည်။ နှစ်ပေါင်းများစွာကြာမျှ လျစ်လျူရှုခံခဲ့ရပြီးနောက် ယခု သူမကို ရောင်းထုတ်လိုသည့် ကုန်ပစ္စည်းတစ်ခုအဖြစ် ၎င်းတို့က ဆက်ဆံလာခဲ့သည်။

"စိတ်မရှိပါနဲ့၊ ဒီသန့်မိသားစုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်မ လုံးဝစိတ်မဝင်စားဘူး" ထန်ရွှမ်အာက အေးစက်စွာ ပြောလိုက်သည်။

ကျောက်ယင်သည် ငြင်းဆန်မှုကြောင့် ထိတ်လန့်သွားသော်လည်း ယခင်အချိန်ကအတိုင်း အရေထူသော ကျူးဖုန်းက ထန်ရွှမ်အာ၏ အေးစက်သော စကားလုံးများကို အနှောင့်အယှက်ဖြစ်ပုံပေါ်ဘဲ သူမက ဝမ်းနည်းမှုများ အပြည့်ဖြင့်ပြော၏။

"ရွှမ်အာ၊ သမီးကို အရင်တုန်းက နာကျင်စေတဲ့ လုပ်ရပ်တွေက မမှန်ဘူးဆိုတာ အန်တီ သိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး အန်တီတို့လည်း တော်တော်လေး နောင်တရနေခဲ့တာပါ။ အခုလည်း သမီး မိဘတွေရဲ့ အမွေပစ္စည်းတွေကို အန်တီတို့က ကောင်းကောင်း ဂရုစိုက်ထားပြီး သမီး လက်ထပ်တာနဲ့ အဲ့ဒါတွေအကုန်လုံးကို ပြန်ပေးဖို့ စောင့်နေခဲ့တာပါ" ထန်ရွှမ်အာ အံ့အားသင့်သွားသည်။

“အန်တီ…”

ကျူးဖုန်း၏ မျက်ရည်များ ကျဆင်းလာသည်။

"ရွှမ်အာ၊ ကျေးဇူးပြုပြီး အန်တီတို့ကို စိတ်မဆိုးပါနဲ့တော့။ ဒီကိစ္စက သမီးတစ်ယောက်တည်း အပြင်ဘက်မှာ အခက်တွေ့နေရတဲ့ အခြေအနေကို တွေးမိတဲ့ သမီး ဦးလေးက သမီးကို မိသားစု ကောင်းကောင်း ရှာပေးချင်တာကြောင့်ပါ"

ထန်ရွှမ်အာက ခေါင်းခါလိုက်သည်။

"အန်တီတို့ စဉ်းစားပေးတာအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ မသွားဘူး"

"ဘာလို့လဲ"

ထန်ရွှမ်အာက သူမ၏ ငွေရောင်သွားများကို ဖိကိုက်လိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး၊ အခုအချိန်မှာ ကျွန်မ ကြင်ဖက်ထွက်တွေ့ဖို့ စိတ်ကူးမရှိသေးလို့ပါ"

ကျူးဖုန်းနှင့် ကျောက်ယင်တို့သည် အကြည့်ချင်းဖလှယ်ကြပြီးနောက် ၎င်းတို့၏ မျက်နှာတွင် စိတ်ပျက်မှုများ၊ မကျေမချမ်းဖြစ်မှုများဖြင့် ပြည့်နှက်လာသည်။

“ဒါဆိုရင် သမီး အပြင်မသွားချင်ရင်လည်း အိမ်မှာတွေ့ကြရင်ရော ဘယ်လိုလဲ"

အခွင့်အရေးတစ်ခုကို မြင်သော ကျူးဖုန်းက အလျင်အမြန် အကြံပြုလိုက်သည်။

"အိမ်မှာလား"

“ဟုတ်တယ်လေ။ အခု သမီးနေတဲ့ နေရာဆိုရင်ရော ဘယ်လိုလဲ။ သမီး ဦးလေးနဲ့ အန်တီတို့ လိုက်ခဲ့မယ်လေ။ ဒါက သာမန် တွေ့ဆုံပွဲ တစ်ခုလိုပါပဲ။ သန့်ရှောင်ကလည်း အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ သူငယ်ချင်းအသစ် ထားတယ်လို့ပဲ စဉ်းစားမယ်လို့ ပြောပါတယ်"

ထန်ရွှမ်အာက ငြင်းဆန်ချင်သော်လည်း ကျူးဖုန်းက သူမ၏ အဖြေကို မစောင့်ဘဲ အိမ်ပြန်ရန်ပင် တိုက်တွန်းနေခဲ့သည်။ ဤဖြစ်ရပ်ကိုမြင်သော ရှောင်ရှက ဝါးနေသော ဝက်အူချောင်းကို မျိုချပြီးသည်နှင့် အပြင်းအထန် ခုန်အုပ်လိုက်သည်။

ထန်ရွှမ်အာသည် ၎င်းကို နေ့စဉ်နေ့တိုင်း ကျွေးမွေးသည့်အပြင် ၎င်း၏သခင်နှင့် အလွန်ရင်းနှီးသောကြောင့်၊ သူမကို အနိုင်ကျင့်ဝံ့သူတိုင်းသည် နဂါးဘုရင်၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။

"ရှောင်ရှ မလုပ်နဲ့" ထန်ရွှမ်အာက ကမန်းကတန်း အော်ဟစ်လိုက်သည်။

ယခုအချိန် တိုက်ခတ်မိကြလျှင် ကျူးဖုန်းက မသေဆုံးခဲ့လျှင်ပင် ဒဏ်ရာ အပြင်းအထန်ရရှိမည်မှာ သေချာသည်။ ရှောင်ရှက တုံ့ဆိုင်းစွာ ရပ်တန့်လိုက်ပြီးနောက် ၎င်းတို့ နှစ်ဦးကို ခြိမ်းခြောက်စွာ စိုက်ကြည့်လိုက်သည်။ ကျူးဖုန်းက စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း အမွေးပွခွေးကို ထဲထဲဝင်ဝင် ထည့်တွက်စဉ်းစားခြင်း မရှိပေ။

"ရွှမ်အာ၊ ကျေးဇူးပြုပြီး အန်တီတို့ကို သနားပါနော်။ သန့်ရှောင်က သမီး ဦးလေးရဲ့ အလုပ်က တိုက်ရိုက်အထက်လူကြီးမို့လို့ပါ။ တွေ့ကြည့်ပြီး အဆင်မပြေဘူးဆိုရင် သမီး ပြန်ချင်တဲ့ အချိန်ထပြန်လို့ရတယ်လေ မဟုတ်ဘူးလား" ကျူးဖုန်းက သနားစဖွယ် အကြည့်မျိုးဖြင့် တောင်းဆိုနေသည်။

စိတ်အနည်းငယ်ပျော့သော ထန်ရွှမ်အာက ခေါင်းညိတ်လိုက်မိ၏။

"ကောင်းပါပြီ၊ အိမ်မှာပဲ တွေ့ကြတာပေါ့"

“ကောင်းပြီ"

ကျူးဖုန်းနှင့် ကျောက်ယင်တို့သည် ဝမ်းသာအားရစွာဖြင့် ရယ်မော၍ မဆုံးနိုင်ဖြစ်နေကြသည်။ ထန်ရွှမ်အာက ရှောင်ရှကို အနားသို့ ခေါ်ထားလိုက်ရာ၊ သူမ၏ စိတ်ထဲတွင် ပို၍ လုံခြုံစိတ်ချသွားသည်။ ရှောင်ရှသာ သူမ၏ နံဘေးတွင်ရှိနေသရွေ့ သူမ၏လုံခြုံရေးကို အာမခံနိုင်ကြောင်း သူမ သိထားသည်။ သို့သော် ၎င်းတို့သည် နံပါတ်တစ် ရှန်ဗီလာသို့ ပြန်ရန် မဖြစ်နိုင်ပေ။

ထိုသို့တွေးမိသော ထန်ရွှမ်အာက လူနေအိမ်ခြံဝင်းဆီသို့ ဦးစွာပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရွှယ်အန်းသည် ယခုအချိန် ပေကျင်းမြို့တွင် ရှိမနေသောကြောင့် ထိုနေရာတွင်လည်း လူနေထိုင်ခြင်းမရှိပေ။

ထန်ရွှမ်အာက စိတ်ဆုံးဖြတ်ပြီးနောက် ဦးလေးဖြစ်သူ၏ ကားထဲသို့ဝင်ကာ လူနေအိမ်ခြံဝင်းဆီသို့ ထွက်ခွာခဲ့သည်။ ကျောက်ယင်ထံမှ WeChat မက်ဆေ့ဂျ်ကို သန့်မောင်က လက်ခံရရှိသောအခါ အလွန် စိတ်လှုပ်ရှားသွား၏။

ကျူးဖုန်းက အမှန်အတိုင်း မပြောခဲ့ပေ။

သန့်မောင်သည် ထန်ရွှမ်အာကို ဓာတ်ပုံထဲတွင် မြင်တွေ့ခဲ့ခြင်း မဟုတ်ပေ။ သူသည် အစောပိုင်း ရက်အနည်းငယ်က ဆေးရုံတွင် လူနာလာတွေ့စဉ်အချိန်က သူမကို မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

သန့်မောင်က ထန်ရွှမ်အာကို မြင်လိုက်သည့်အခိုက်တွင် သူမ၏ အလှတရားတွင် အငိုက်မိသွားခဲ့သည်။ ပြီးနောက် သူမ၏ နောက်ကြောင်းရာဇဝင်ကို ကမန်းကတန်း တူးဆွရာမှ ထန်ရွှမ်အာ၏မိခင်ဘက်ရှိ ဦးလေးဖြစ်သူက သူ၏မိသားစု ကုမ္ပဏီတွင် အလုပ်လုပ်နေကြောင်း မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။

'သန့်မိသားစုရဲ့ သခင်လေးက သူ့တူမကို စိတ်ဝင်စားနေတာတဲ့လား'

ဤသည်မှာ အလွန် မယုံကြည်နိုင်ဖွယ်ကောင်းသော သတင်းဖြစ်သည်။ ထိုမှစ၍ သူနှင့် သူ၏ဇနီးဖြစ်သူက ထန်ရွှမ်အာကို လာရောက်ရှာဖွေရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။ ယခုကဲ့သို့ အမှုကိစ္စများ အရာရောက်သွားချိန်တွင် သန့်မောင်က အလွန် ဝမ်းသာအားရ ဖြစ်နေမိသည်။

သန့်မောင်သည် မျက်စိကျလောက်သည်အထိ စတိုင်ကျလှသော သူ၏ ပုံရိပ်ကို မှန်မှတစ်ဆင့်ကြည့်လျက် ထိန်းမနိုင်သိမ်းမရ ပြုံးစိစိဖြစ်နေသည်။

'အလှလေးရေ ကိုယ် လာနေပြီ၊ ကိုယ့်ကိုစောင့်နေ'

အခန်း (၁၅၂) သူရဲကောင်းများ စုစည်းခြင်း

ချင်းမိသားစု။

အန်းယန်က ပေကျင်းမြို့သို့ ပြန်ရောက်နေသည်ဟုသော အကြောင်းကို ယနေ့မတိုင်ခင်အထိ ချင်းယွီက မသိခဲ့ပေ။ ဤသတင်းသည် သူမကို အနက်ရှိုင်းဆုံးနေရာအထိ တုန်လှုပ်သွားစေခဲ့သဖြင့် အန်းယန်ကို ချက်ချင်း သွားတွေ့ရန်အတွက် ချင်းယွီက ပြင်ဆင်ခဲ့သည်။

သို့သော် ချင်းယွမ်က သူမကို တားဆီးခဲ့သည်။

“အလျင်စလို မလုပ်နဲ့။ မစ္စတာရွှယ်က ကြီးကြီးမားမား ကြေငြာချက် မထုတ်ပြန်တဲ့အပြင် နံပါတ်တစ် ရှန်ဗီလာကို မပြန်သေးဘဲ သူ့အိမ်အဟောင်းကို ပြန်သွားတယ်ဆိုတော့ သူ့ကိစ္စနဲ့သူ ရှိတယ်ဆိုတာ အသိသာကြီးပဲ"

"သူ့ကိစ္စနဲ့သူတဲ့လား" ချင်းယွီသည် အနည်းငယ် စိတ်ရှုပ်နေသေးသည်။ ချင်းယွမ်က ညင်သာစွာ ရယ်မောလိုက်ပြီးနောက် သူ၏အမူအရာ တဖြည်းဖြည်း တည်ကြည်လာခဲ့သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လင်းနန်မြို့မှာ ဖြစ်သွားတဲ့ ကိစ္စကို သမီးသိလား"

ချင်းယွီက ခေါင်းညိတ်လိုက်သည်။

“အဲဒါကို သမီး ကြားပါတယ်။ မစ္စတာရွှယ်က အင်မော်တယ်အစည်းအဝေး အခမ်းအနားက လူတွေအကုန်လုံးကို သုတ်သင်လိုက်တယ်ဆိုပြီး"

ဤအဖြစ်အပျက်ကို ပြောလိုက်သည်နှင့် ချင်းယွီ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လွင်လာတော့သည်။

ချင်းယွမ်က ခေါင်းခါလိုက်သည်။

"အဲ့လောက်မရိုးရှင်းဘူး။ ဒီထက် ပိုပြီးတောင် လျှို့ဝှက်နက်နဲ့တဲ့ သတင်းမျိုးကို ကြားထားတယ်"

"ဘာသတင်းလဲ"

ချင်းယွမ်၏ မျက်နှာတွင်လည်း ထိတ်လန့်နေသည့် အကြည့်များ ပေါ်ပေါက်လာသည်။

"လျှို့ဝှက်အင်မော်တယ်ဂိုဏ်းထဲက အဓိက ဂိုဏ်းတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားတာတဲ့"

"လုံးဝ ပျောက်သွားတာတဲ့လား" ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"အဲဒီဂိုဏ်းကလူတွေအားလုံး ပျောက်ကွယ်သွားပြီး... ဂိုဏ်းတည်ရှိတဲ့ တောင်ကြီးတစ်ခုလုံးတောင် မြေပြင်နဲ့ တစ်သားတည်းဖြစ်သွားတာ" ချင်းယွီ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။

“အဘိုး ဆိုလိုတာက…”

"အစပိုင်းမှာ သိပ်ပြီးမယုံချင်ခဲ့ပေမဲ့ ဒီသတင်းက လုံးဝ သေချာတယ်၊ ဘာလို့လဲဆိုတော့ အဲဒီဂိုဏ်းမှာ နောက်ဆုံးပေါ်လာတဲ့လူက မစ္စတာရွှယ်ပဲ"

ချင်းယွီသည် ထိတ်လန့်စွာ ပင့်သက်ရှိုက်မိသွားသည်။

“ပြီးတော့… မစ္စတာရွှယ်ရဲ့ အမျက်ဒေါသက အမျိုးသမီးတစ်ယောက်ကြောင့် ဖြစ်ဖို့များတယ်"

'အမျိုးသမီးတစ်ယောက်ကြောင့်တဲ့လား'

မည်သို့သော အမျိုးသမီးမျိုးက မစ္စတာရွှယ်၏ ဒေါသကို နှိုးထစေခဲ့သနည်းဟု ချင်းယွီက စဉ်းစားနေသည်။ ထိုအချိန်တွင်ပင် ချင်းယွီသည် သူမ ဖုန်း၏တုန်ခါမှုကို ခံစားမိလိုက်သဖြင့် ဖုန်းကို ထုတ်ယူလိုက်သောအခါတွင် အန်းယန်ထံမှ စာတိုတစ်စောင်ကို တွေ့လိုက်ရသည်။

အမူအရာ တင်းမာသွားသော ချင်ယွီက ၎င်းကို အမြန်ဖွင့်ကြည့်လိုက်သည်။

“လာခဲ့"

စာတိုသည် စကားလုံးတစ်လုံးမျှသာဖြစ်သည်။

"ဘာဖြစ်လို့လဲ"

မြေးမလေး၏ တုန်လှုပ်ချောက်ချားမှုကို သတိပြုမိလိုက်သော ချင်းယွမ် မေးလိုက်သည်။

"မစ္စတာရွှယ်ဆီက စာတိုတစ်စောင် ရထားတာ ဒါပေမယ့် စာထဲမှာ 'လာခဲ့' ဆိုတဲ့ စကားတစ်ခွန်းပဲပါတယ်"

ချင်းယွမ်က အနည်းငယ် ထိတ်လန့်သွားပြီးနောက် မတ်တပ်ထရပ်လိုက်သည်။

"သွား၊ ကားပြင်ဆင်လာခဲ့"

“အဘိုး…”

"မစ္စတာရွှယ်ရဲ့ ရည်ရွယ်ချက်ကို သမီး နားမလည်ဘူးလား။ သူက အဘိုးတို့ကို သူ့ဆီ လာခိုင်းနေတာ"

ဤသို့ပြောနေစဉ် ချင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။

“မိန်းကလေးတွေ ကြိုက်တတ်တဲ့ ပစ္စည်းတွေ များများယူလာဖို့ မမေ့နဲ့။ လက်ဝတ်ရတနာတွေ၊ လည်ဆွဲတွေ ပိုပြီး အဖိုးတန်လေ ပိုကောင်းလေပဲ"

“အဘိုး ပြောချင်တာက…” ချင်းယွမ်က ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ မစ္စတာရွှယ်က ဟိုကလေးမလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ သူ့ဇနီးသည် ပြန်လာပြီဆိုတဲ့အကြောင်း လူတိုင်းကို ကြေညာဖို့ ရည်ရွယ်ထားတာပဲဖြစ်မယ်"

ရွှယ်အန်းထံမှ စာတို ရရှိခဲ့သူမှာ ချင်းယွီတစ်ဦးတည်းသာမကဘဲ၊ မြောက်ပိုင်းမြို့ သိုင်းပညာကျောင်းရှိ ထန်တုန်နှင့် သူ၏သမီးဖြစ်သူ ထန်ရှောင်ယွီ ကဲ့သို့သော အခြားသူများအပြင်၊ ဟွာရှင်းယွီနှင့် သူ၏မြေးဖြစ်သူ ဟွာတင်းတင်းတို့ အားလုံးသည်လည်း ၎င်းကို ရရှိခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ပြည်နယ်မြို့တော်ရှိ မထင်ရှားလှသော စားသောက်ဆိုင်ငယ်လေးတစ်ခုတွင်၊ ရှီဟောက်နှင့် ဖုန်းချောင်ချုံးတို့က တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထိုင်၍ စားသောက်နေကြသည်။ ဖုန်းချောင်ချုံးက သူ၏ဖန်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အပြစ်ဆိုစွာဖြင့် ပြုံးလိုက်သည်။

"အခု ပြည်နယ်မြို့တော်မှာ ငါနဲ့ သောက်ချင်တဲ့ တစ်ယောက်တည်းသော လူက မင်းဖြစ်နေမယ်လို့ ဘယ်သူသိမှာလဲ"

ရှီဟောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဖုန်းရှောင်၊ ကျွန်တော် ခင်ဗျားကို နည်းနည်းတော့ လေးစားမိတယ် ဗျာ"

"ဘာကို လေးစားတာလဲ။ ကိုယ့်မျိုးနွယ်ကိုယ် ဖျက်ဆီးလိုက်လို့လား"

ဖုန်းချောင်ချုံးက ညင်သာစွာ ပြန်ပြောလိုက်သည်။ ရှီဟောက်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အဲဒီ့ နိမ့်ကျတဲ့ သာမန်လူတွေက ဖုန်းရှောင်ရဲ့ အတွေးတွေကို ဘယ်လိုနားလည်နိုင်ကြမှာလဲ"

"အိုး၊ ငါ့မှာ ဘာအတွေးတွေများရှိလို့လဲ" ဖုန်းချောင်ချုံးက အနည်းငယ် ပြုံး၍ မေးလိုက်သည်။

"အမှန်တော့ အဲနေ့က ဖုန်းရှောင်က အလောင်းအစားတစ်ခု လုပ်နေခဲ့တာလေ"

"ဘာ အလောင်းအစားလဲ" ဖုန်းချောင်ချုံး၏ အပြုံးများ မှေးမှိန်လာသည်။

"မစ္စတာရွှယ်ဘက်က ဂရုမစိုက်တဲ့ အလောင်းအစားတစ်ခုပေါ့"

ထိုစကားပြီးဆုံးသည်နှင် ဖုန်းချောင်ချုံး၏ မျက်နှာပေါ်ရှိ အရယ်အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာသည့်နောက်တွင် ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းလည်း သိပ်တော့ မဆိုးလှပါဘူး"

ရှီဟောက်သည် အလွန်လေးနက်သော အမူအရာဖြင့် သူ၏ဖန်ခွက်ကို မြှောက်လိုက်သည်။

“ဒါကလည်း ကျုပ်က အမှန်တရားကို မြင်လိုက်ရလို့ပါ။ မစ္စတာရွှယ်လို လူမျိုးကသာ ကောင်းကင်ကိုးခုအထက်က နတ်နဂါးလို့ ခေါ်ထိုက်တဲ့လူမျိုး ဗျ"

ဖုန်းချောင်ချုံးက ခေါင်းညိတ်သည်၊ ပြီးနောက် ၎င်းတို့နှစ်ဦးစလုံးသည် ဖန်ခွက်ထဲရှိ ဝိုင်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ ပြီးနောက် ရှီဟောက်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအငွေ့အသက်များ ပေါ်ပေါက်လာသည်။

"ဖုန်းချောင်ချုံး၊ ခင်ဗျား ဟို ကောလဟာလတွေကို ကြားဖူးလား"

ဖုန်းချောင်ချုံးက ခေါင်းညိတ်လိုက်သည်။

"အခုအချိန် သိုင်းပညာလောကမှာ ဒီအကြောင်း မသိသေးတဲ့လူ ရှိပါဦးမလား"

"ဒါပေမယ့် ခင်ဗျားတို့တွေ ဘယ်သူမှ မသိသေးတဲ့ ပိုလို့တောင် ကြောက်စရာကောင်းတဲ့ သတင်းတစ်ခု ရှိနေသေးတယ်"

"အိုး ဟုတ်လား"

ရှီဟောက်သည် သူ၏ ကွဲအက်နေသော နှုတ်ခမ်းများကိုလျှာဖြင့်သပ်ကာ ထိတ်လန့်မှုများပြည့်နေသော မျက်လုံးများဖြင့် ကြည့်လျက်ပြောသည်။

“မစ္စတာရွှယ်... သူလေ လျှို့ဝှက်အင်မော်တယ်ဂိုဏ်းတစ်ခုကို သုတ်သင်ပစ်လိုက်တယ်။ အဲ့ဒီ့ဂိုဏ်းက တံခါးကိုတောင်မချန်ပဲ အကုန်သတ်ပစ်လိုက်တာ”

ဤအခိုက်အတန့်တွင် ရှီဟောက်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"တစ်ချိန်က ဂုဏ်သိက္ခာအတွက် မစ္စတာရွှယ်နဲ့ ယှဉ်ပြိုင်ဖို့ တွေးခဲ့တာက ရယ်စရာတောင် ကောင်းသေးတယ်။ ပြန်ကြည့်မယ်ဆိုရင် ကျုပ်က တကယ့်ကို သေကြောင်းကြံနေတဲ့ အတိုင်းပဲ”

သူသည်လည်း တစ်ချိန်က တူညီသည့် အတွေးများ ထားရှိနေသော ဖုန်းချောင်ချုံးက သူ၏ခေါင်းကို တိတ်တဆိတ် ညိတ်ပြလိုက်သည်။

"ဒါပေမယ့် ကျုပ်တို့နှစ်ယောက်လုံး အလိုက်သင့်ပြုမူလိုက်ကြတာ တော်တော် ကံကောင်းသွားတယ်။ လောလောဆယ် ပြည်နယ်မြို့မှာ ချင်းမိသားစုအပြင် ခင်ဗျားနဲ့ ကျုပ်ပဲရှိတယ်" ရှီဟောက်က ဂုဏ်ယူစွာ ပြောလိုက်သည်။

သူ ပြောခဲ့သော စကားများသည် အမှန်တရားများဖြစ်သည်။ ယနေ့ ပြည်နယ်မြို့တွင် ဒုတိယ သခင်လေးရှီနှင့် ဖုန်းရှောင်တို့ကဲ့သို့သော အကြီးအကဲများ၏ အမည်ကို မည်သူက မသိဘဲ နေကြမည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ မိသားစုအတွင်း၌ပင် ဆုံးဖြတ်ချက်များစွာကို ချမှတ်ရသူများဖြစ်ကြသည်။

"လာ၊ ဒီတစ်ခွက်က မစ္စတာရွှယ်အတွက်" ဖုန်းချောင်ချုံးက သူ၏ဖန်ခွက်ကို မြှောက်လိုက်သည်။

"ဟုတ်တယ်၊ မစ္စတာရွှယ်အတွက် တစ်ခွက်”

ရှီဟောက်သည်လည်း ပြုံး၍ သူ၏ဖန်ခွက်ကို မြှောက်လိုက်သည်။ မော့သောက်ခါနီးမှာတွင် ၎င်းတို့၏ ဖုန်းနှစ်ခုစလုံးက တစ်ပြိုင်နက်တည်း မြည်လာသည်။

ငုံ့ကြည့်လိုက်ချိန်တွင် ဝိုင်ကိုပင် မေ့လျော့သွားသည်အထိ အံ့အားသင့်သွားကြသော ၎င်းတို့နှစ်ဦးစလုံးက ဖုန်းကို ကမန်းကတန်း ကြည့်လိုက်ကြသည်။ ၎င်းတို့နှစ်ယောက်စလုံးသည် ရွှယ်အန်းထံမှ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။

'လာခဲ့'

ရှီဟောက်နှင့် ဖုန်းချောင်ချုံးတို့သည် တစ်ယောက်ကို တစ်ယောက် မော့ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် ၎င်းတို့၏ အမူအရာများ တင်းမာလာသည်။

"မစ္စတာရွှယ်က ကျုပ်တို့ကို ခေါ်နေတာလား"

အသက်ပြင်းပြင်းရှူပြီးနောက် ဖုန်းချောင်ချုံးက မေးလိုက်သည်။

"အင်း"

"ပြည်နယ်မြို့ကနေ ပေကျင်းမြို့အထိ ဘယ်လောက်ဝေးတာလဲ"

“အကြမ်းဖျင်းအရတော့… ကီလိုမီတာ သုံးရာကျော်လောက်ပေါ့"

ရှီဟောက်က မျက်မှောင်ကြုတ်လိုက်သည်။

“အခုက နေ့လည် လေးနာရီနဲ့ သုံးမိနစ်ရှိပြီ။ မစ္စတာရွှယ်က ကျုပ်တို့ကို ညမရောက်ခင် လာခိုင်းတာဖြစ်မယ်။ ဒါပေမယ့် ကီလိုမီတာ သုံးရာကျော်လောက်ကို ကားနဲ့တော့ မီမှာ မဟုတ်လောက်ဘူး…” ဖုန်းချောင်ချုံးက သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်၍ ပြော၏။

ရှီဟောက်က ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျုပ်တို့တွေ ကားနဲ့ မမီနိုင်ရင် လေယာဉ်နဲ့ သွားကြမယ်။ မစ္စတာရွှယ်က ခေါ်နေမှတော့၊ လေယာဉ်စီးရမယ်ဆိုရင်တောင် အဲ့ဒီ့ကို မရောက်ရောက်အောင်သွားရမှာပေါ့"

အဘိုးကြီးရှဲ့စားသောက်ဆိုင်။ အဘိုးကြီးရှဲ့က ဝိုင်သောက်ရန်အတွက် ပျော်စရာအချိန်ကို ရှာနေစဉ်တွင် အန်တီပန်က အသီးအရွက်ရွေး၍ အလုပ်များနေ၏။ ရှဲ့ကျင်းကျင်းသည် အနောက်ခန်းတွင်း၌ အိမ်စာလုပ်နေ၏။

"တော်ရုံပဲ သောက်နော်၊ လိုတာထက် ပိုသောက်လို့ကတော့ ပြီးမှ ရှင် ဘယ်လို ဟင်းချက်မလဲ ကြည့်ရသေးတာပေါ့"

အန်တီဖန်က တတွတ်တွတ် ပြောလျက်ရှိသည်။ အဘိုးကြီးရှဲ့သည် အန်တီဖန်၏ စကားသံကို အမူမထားဘဲ သူ၏အရက်ကိုသာ ရွှင်မြူးစွာ သောက်နေ၏။ ထိုကဲ့သို့ ကြည်နူးနေသော အခိုက်အတန့်တွင် သူ၏ဖုန်း အသံမြည်လာသောကြောင့် အဘိုးကြီးရှဲ့က မျက်မှောင်ကြုတ်လိုက်သည်။

'ဒီအချိန်ကြီးမှ နောက်ထပ် အော်ဒါတစ်ခုပဲ ဖြစ်ဖို့များတယ်'

သူက ဖုန်းကို ပြန်ဖြေလိုက်ချိန်တွင် အော်ဒါအစား ရွှယ်အန်း၏ အသံထွက်ပေါ်လာသည်။

"ဦးလေးရှဲ့"

"ရှောင်အန်း၊ မင်းက ဖုန်းတွေဘာတွေ ဆက်လို့ပါလား"

ရှောင်အန်းဟူသောအမည်သည် အိမ်အတွင်းနှင့်အပြင်ရှိ အမျိုးသမီးနှစ်ဦးစလုံးကို နားစွင့်စေခဲ့သည်။ ဖုန်း၏အခြားတစ်ဖက်တွင် ရှောင်အန်းက ရယ်ပြုံးလျက် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် အခု ပေကျင်းမြို့ကိုပြန်ရောက်နေပြီ။ ဒီည ဦးလေးနဲ့ အန်တီဖန်တို့ အိမ်ကို လာခဲ့ပါလား အန်းယန် ပြန်ရောက်နေပြီ"

အန်းယန်…

အဘိုးကြီးရှဲ့က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အလွန် ဝမ်းမြောက်စွာ အသံပြုလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်။ နောက်ဆုံးတော့ မင်းနဲ့ မင်းဇနီးတို့ ပြန်ပေါင်းစည်းနိုင်ပြီးပေါ့၊ ဒါက ပျော်ပွဲရွှင်ပွဲပဲကို မင်းရဲ့ အန်တီဖန်နဲ့ ဦးလေးတို့က သေချာပေါက် လာရမှာပေါ့ ကွ"

ခေတ္တမျှ စကားခြင်း ဖလှယ်ပြီးနောက် အဘိုးကြီးရှဲ့က ဖုန်းကိုချလိုက်သည်။

"ရှောင်အန်းရဲ့ဇနီး ပြန်လာပြီပေါ့လေ" အန်တီဖန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

အဘိုးကြီးရှဲ့က ခေါင်းညိတ်ပြပြီးနောက် ခမ်းနားသော အမူအရာဖြင့် ကြေညာလိုက်သည်။

“ဆိုင်ပိတ်ကြမယ်။ အဝတ်အစားတွေ လဲထားကြ။ ဒီနေ့ည ရှောင်အန်းနဲ့ သူ့ဇနီးတို့ ပြန်ဆုံဆည်းမှုအတွက် ငါတို့ ဂုဏ်ပြုရမယ်"

အန်တီဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အနည်းငယ်စိုးရိမ်စွာဖြင့် အနောက်ခန်းထဲသို့ လျှောက်သွားသည်။ အခန်းထဲတွင် ရှဲ့ကျင်းကျင်းက သူမ၏ အိမ်စာများကို အာရုံစိုက်နေသည်ကို အန်တီဖန်က တွေ့လိုက်ရ၏။

“အိမ်စာတွေ အပြီးသတ်ပြီး အဝတ်အစား သွားလဲချေ။ ခဏနေရင် ရှောင်အန်းတို့ အိမ်ကို သွားလာလည်မယ်"

အန်တီဖန်က အနည်းငယ်စိတ်သက်သာရာရသွားကာ ညင်သာစွာ ပြောလိုက်သည်။

“အင်း” ရှဲ့ကျင်းကျင်းက တီးတိုးအသံဖြင့် ပြန်ဖြေ၏။

အန်တီဖန် ထွက်သွားပြီးသည့်နောက်တွင်၊ ရှဲ့ကျင်းကျင်း၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ သူမ၏ မှတ်စုစာအုပ်ရှိ စာလုံးများအားလုံး စိုစွတ်သွားသည်။

အခန်း (၁၅၃) သူက ကျွန်မ သူငယ်ချင်းပါ

ရွှယ်အန်းက ဖုန်းချလိုက်ပြီးနောက် အန်းယန်ကို ပြုံးပြလိုက်သည်။

"ခဏနေရင် ဦးလေးရှဲ့နဲ့ တခြားလူတွေလည်း လာကြလိမ့်မယ်"

“ဘာလို့ ဒီလောက်အရေးကြီးခွင်ကျယ် လုပ်ရတာလဲ” အန်းယန်က ကူကယ်ရာမဲ့စွာ ပြောသည်။

ရွှယ်အန်းက လမ်းလျှောက်လာကာ အန်းယန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီးနောက် သူမ၏ဦးခေါင်းပေါ်သို့ သူ၏မေးစေ့ကို ညင်သာစွာ တင်ထားလိုက်သည်။

"ဘာလို့လဲဆိုတော့ ... မင်းက ကိုယ့်ဇနီးဆိုတဲ့အကြောင်းကို လူတွေအကုန်လုံးကို သိစေချင်လို့ပေါ့"

အန်းယန်က တုန်လှုပ်သွားပြီးနောက် ရွှယ်အန်း၏ခါးကို သူမ၏ လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ သဘောတူညီသံပြုလိုက်သည်။

"ရွှမ်အာကိုရော မခေါ်ဘူးလား" အန်းယန် ရုတ်တရက် မေးလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“သူ အခု နံပါတ်တစ် ရှန်ဗီလာမှာ နေနေတယ်။ ခဏနေရင် ကိုယ်တို့တွေ သူ့ကို သွားရှာပြီး အံ့ဩသွားအောင် လုပ်လိုက်ကြမယ်လေ"

အန်းယန်က ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်နှာတွင် စိတ်မသိုးမသန့်ဖြစ်နေသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

“အဲဒီတုန်းက ကျွန်မ ရွှမ်အာအပေါ် ကျေးဇူးကြွေးတွေ အများကြီးတင်ထားတာ။ သူ့ကြောင့်သာ မဟုတ်ရင် ခွဲစိတ်ခန်းထိတောင် ရောက်နိုင်မှာ မဟုတ်ဘူး”

ရွှယ်အန်းက အန်းယန်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

"ဖြစ်ပြီးတာတွေ ပြီးသွားပြီ၊ ဒါတွေအကုန်လုံးကို အတိတ်မှာထားခဲ့လိုက်တော့။ မင်းနဲ့ ကိုယ်တို့ကလေးတွေက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိန်းကလေးတွေဖြစ်လာစေရမယ်လို့ ကိုယ်ပြောရဲတယ်"

ထို့နောက် အန်းယန်က ရွှယ်အန်း၏နားရွက်နားသို့ တိုးကပ်လာ၍ တီးတိုးပြောလိုက်သည်။

“ဒါဆိုရင်… ဟိုရုပ်ရှင်မင်းသမီး ဖန်းမင်ရွှယ်ကရော ဟင်”

ရွှယ်အန်းက အံ့အားသင့်သွားသည်။ အန်းယန်သည် ပန်းကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ တခစ်ခစ်ရယ်မောလိုက်သည်။

"ကလေးတွေက ကျွန်မကို အကုန်ပြောပြထားတယ်နော်"

ရွှယ်အန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ယန်အာရယ်၊ ကိုယ်နဲ့ မင်ရွှယ်တို့ ကြားမှာ တကယ်ကို ဘာမှ... "

အန်းယန်သည် ရွှယ်အန်း၏နှုတ်ခမ်းကို လက်ဖြင့် ဖုံးအုပ်ပြီးနောက် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့်ကြည့်ကာ သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ရှင်းပြစရာမလိုပါဘူး၊ ကျွန်မ နားလည်ပါတယ်" သူမက ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မက အဲ့လောက် စိတ်သဘောထား သေးသိမ်တဲ့လူ မဟုတ်ပါဘူး။ ကျွန်မက ရှင့်နှလုံးသားထဲက တစ်ယောက်တည်းသောလူဆိုတာကို ကျွန်မ သိပါတယ်၊ ဒီလောက်ဆိုရင် လုံလောက်ပြီ။ ဖန်းမင်ရွှယ်ကလည်း မကောင်းတဲ့လူတစ်ယောက်မှ မဟုတ်တာ။ တစ်ယောက်ယောက်ကို သဘောကျမိတာ ဘာမှားလို့လဲ။ သူ့ကိုရော ဘာလို့ မဖိတ်တာလဲ။ သူပါလာမယ်ဆိုရင် ပိုပျော်စရာကောင်းမှာပဲ မဟုတ်လား”

“ကောင်းပါပြီဗျာ၊ ဒါဆိုရင် ကိုယ် သူ့ကိုဖုန်းဆက်လိုက်မယ်" ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ဖန်းမင်ရွှယ်သည် ပေကျင်းမြို့နှင့် သိပ်မဝေးလှသော ရှုခင်းသာယာလှပသည့် နေရာတွင်ရှိနေကာ ရုပ်ရှင်အသစ်ရိုက်ကူးနေသည်။ အချိန်အတော်ကြာမျှ ရိုက်ကူးပြီးနောက် ဒါရိုက်တာက ကျေနပ်စွာ ခေါင်းညိတ်၍ ကင်မရာနောက်မှ ခေါင်းထွက်ကာ ပြုံးရွှင်ကာ ပြောလိုက်သည်။

"မင်ရွှယ်၊ ဒီအခန်းမှာ မင်း သရုပ်ဆောင်တာ တော်တော်လေးအဆင်ပြေတယ်၊ အခုနားလို့ရပြီ"

ဖန်းမင်ရွှယ်က ခေါင်းညိတ်၍ သရုပ်ဆောင်ရာမှ ကျလာသည့် မျက်ရည်များကို သုတ်လိုက်ပြီးနောက် အနီးနားရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ကျန်အဖွဲ့သားများက သူမကို အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဖန်းမင်ရွှယ်ထက် အဆပေါင်းများစွာ ကျော်ကြားသော သရုပ်ဆောင်များစွာသည် ဟိတ်ဟန်ကြီးသော ပင်ကိုစရိုက်များရှိကြသည်။ သို့သော် ဖန်းမင်ရွှယ်က အမြဲတစေ ချဉ်းကပ်ရလွယ်ကူသော စိတ်နေသဘောထားမျိုးရှိ၍ သူမ၏ သရုပ်ဆောင်ချက်များသည်လည်း အလွန်ကောင်းမွန်သည်။

ထိုကဲ့သို့သော ရုပ်ရှင်မင်းသမီးမျိုးကို အဖွဲ့သားအားလုံးက ထုံးစံအတိုင်း အလွန်မြတ်နိုးကြသည်။ အမျိုးသားဇာတ်ဆောင် နေရာတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာမျှ ကျော်ကြားခဲ့သော ရုပ်ရှင်မင်းသားတစ်ဦးက သရုပ်ဆောင်ထားသည်။

ယခုမူ သူက ပြုံး၍ အနားသို့ ချဉ်းကပ်လာသည်။

"မင်ရွှယ်၊ ခုနက ငိုတဲ့အခန်းက အရမ်းပီပြင်လွန်းတော့ ကိုယ် တကယ်လို့တောင် ထင်သွားတာ"

ဖန်းမင်ရွှယ်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အမျိုးသားသရုပ်ဆောင်က အနားသို့ ထပ်တိုးကပ်၍ ပြောလိုက်သည်။

"အခုတလော ရာသီဥတုက အရမ်းပူလာတယ်နော်၊ ရိုက်ကွင်းပြီးရင် ကိုယ်တို့ အကင်သွားစားကြမလား"

ဖန်းမင်ရွှယ်က အနည်းငယ် ပြုံးပြီးနောက် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"စိတ်မရှိပါနဲ့၊ သွားဖို့ အဆင်မပြေလို့ပါ"

“ဪ…”

အမျိုးသားသရုပ်ဆောင်၏ မျက်နှာထက်မှ အပြုံးသည် ဟန်ဆောင်ပြုံးအဖြစ် တဖြည်းဖြည်းပြောင်းလဲလာသည်။

“ဒါဆို… WeChat မှာ အပ်ကြရင်ရော ဘယ်လိုလဲ။ ကိုယ်တို့နှစ်ယောက် ရုပ်ရှင်အတူရိုက်တာ တော်တော်ကြာနေပြီ၊ မင်းရဲ့ ကိုယ်ရေးကိုယ်တာ WeChat အကောင့် အခုထိ ကိုယ့်ဆီမှာ မရှိသေးဘူး”

အမျိုးသားသရုပ်ဆောင်က ဒုတိယရွေးချယ်မှုအဖြစ် အကြံပြုလိုက်သည်။ ဖန်းမင်ရွှယ်က ငြင်းဆန်ရန် ဟန်ပြင်လိုက်သည့်အချိန်တွင် သူမ၏ဖုန်းမြည်လာ၏။

"မင်ရွှယ်"

အမျိုးသားသရုပ်ဆောင်က ဆက်လက်၍ စကားပြောချင်နေပုံပေါ်သည်။ ဖန်းမင်ရွှယ်က ရုတ်တရက် ထရပ်လိုက်၏။

"စိတ်မရှိပါနဲ့ ကျွန်မမှာ WeChat အကောင့်မရှိဘူး"

ထိုစကားကို ပြောပြီးသည်နှင့် ဖန်းမင်ရွှယ်က အဝေးသို့ လှည့်ထွက်သွားသောကြောင့် အမျိုးသားသရုပ်ဆောင်သည် ထိုနေရာတွင် ကသိကအောက်ဖြစ်စွာဖြင့် မတ်တပ်ရပ်၍ ကျန်ရစ်ခဲ့သည်။ ဖန်းမင်ရွှယ်သည် ထောင့်တစ်နေရာသို့သွားကာ အသက်ပြင်းပြင်းရှူပြီးနောက် ဖုန်းကိုင်လိုက်သည်။

"မင်ရွှယ်"

ဖုန်းထဲမှ ရွှယ်အန်း၏အသံ ထွက်ပေါ်လာသည်နှင့် ဖန်းမင်ရွှယ်၏နှာခေါင်းများ စပ်ဖျဉ်းဖျဉ်းဖြစ်လာ၍ ငိုရှိုက်လုနီးပါးဖြစ်သွားလေသည်။

"ဟုတ်တယ် ငါ"

"ဒီည ပေကျင်းကို ပြန်လာခဲ့လေ၊ ငါ ပြန်ရောက်နေပြီ"

“ပြီးရောလေ" ဖန်းမင်ရွှယ်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ပြီးတော့ အန်းယန်လည်း ပြန်ရောက်နေပြီ"

ရွှယ်အန်းမှဆက်ပြောလာသော စကားကြောင့် ဖန်းမင်ရွှယ်၏ အမူအရာ အေးခဲသွားသည်။

အန်းယန်…

ထိုနာမည်သည် သူမဘက်မှ တွေးကြည့်ရန်ပင် ထိတ်လန့်နေမိသော နာမည်မျိုးဖြစ်သည်။

'နောက်ဆုံးတော့ သူ ပြန်ရောက်လာပြီပေါ့'

အချိန်အတော်ကြာသည်နောက်၊ ဖန်းမင်ရွှယ်က စီးကျလာသော မျက်ရည်များကို သုတ်လျက် ရယ်မော၍ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်နော်" ရွှယ်အန်းဘက်မှ တိတ်ဆိတ်သွားသည်။

“ငါလေ…”

ဖန်းမင်ရွှယ်က အလုပ်များနေသောကြောင့် ရောက်လာနိုင်မည် မဟုတ်ကြောင်း ပြောချင်သော်လည်း စကားပင် အစမရှာနိုင်ခဲ့ပေ။ ထိုအချိန်တွင် ရွှယ်အန်း၏ဘေးမှ အန်းယန်က တီးတိုးပြောလိုက်သည်။

"မင်ရွှယ်၊ ကျွန်မ အန်းယန်ပါ။ ကျွန်မတို့ ညစာအတူတူစားရအောင် ပြန်လာခဲ့နော်”

ထိုအသံကို ကြားလိုက်ရချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသော ဖန်းမင်ရွှယ်က တုန်ရီစွာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်နော်"

ဖုန်းချပြီးသည်နှင့် အန်းယန်သည် ရွှယ်အန်း၏ခါးကို သူမ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပြီးနောက် အသားတစ်စိတ်တစ်ပိုင်းကို ရုတ်တရက် ပြင်းထန်စွာ လိမ်ဆွဲလိုက်သည်။ စူးရှသော နာကျင်မှုမျိုး ရိုက်ခတ်လာသည်။

ရွှယ်အန်းသည် အလွန် နာကျင်သွားသည့်ဟန်ဖြင့် ဟန်ဆောင်၍ သူ၏မျက်နှာကို ရှုံ့တွလိုက်၏။ မှန်ကန်စွာပြောရမည်ဆိုလျှင် အန်းယန်၏ ခွန်အားသည် ရွှီအန်းကို ယားယံစေသည်ထက် မပိုခဲ့ပေ။ ထို့အပြင် ရွှယ်အန်းက ခန္ဓာကိုယ်ကို ထိန်းချုပ်နေရသည်၊ မဟုတ်လျှင် သူ၏တုံ့ပြန်မှုတစ်ခုက အန်းယန်ကို အလွယ်တကူ ထိခိုက်ဒဏ်ရာရရှိသွားနိုင်သည်။

အန်းယန်သည် နှုတ်ခမ်းကို စူပုတ်လိုက်ပြီးနောက် သူမ၏လက်ကို လွှတ်ပေးလိုက်သည်။

"ပျင်းစရာကြီး၊ တကယ်လည်း မနာဘဲနဲ့ မဟုတ်လား"

ရွှယ်အန်းက ခါးသက်စွာ ရယ်မောလိုက်သည်။

"မင်းပဲ ကိုယ့်ကို ဖုန်းခေါ်ခိုင်းပြီး အခုပဲ ဆိတ်ဆွဲတယ်။ ဘယ်မှာလဲ တရားမျှတမှု"

အန်းယန်သည် အစပိုင်းတွင် ဒေါသထွက်ချင်ယောင် ဟန်ဆောင်နေသော်လည်း အဆုံးတွင် သူမဘက်မှ မထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်လေသည်။

“တကယ်တော့ ကျွန်မ မနာလို မဖြစ်ပါဘူး။ ကိုယ့်ခင်ပွန်းကို ထူးချွန်တဲ့ မိန်းကလေးတွေက ဝိုင်းပြီး သဘောကျနေတယ်ဆိုတော့၊ ဒါက ကျွန်မ လူရွေးတော်တယ်ဆိုတာကို သက်သေပြနေတာပဲလေ"

ရွှယ်အန်းက တစ်ကြိမ် ချောင်းဟန့်ပြီးနောက် အမျှော်မြင်ရှိစွာဖြင့် နှုတ်ဆိတ်နေခဲ့သည်။

"အဲ့ဒါအပြင် ရှင့်နှလုံးသားထဲမှာ ကျွန်မရှိနေတယ်ဆိုတာကို သိပါတယ်၊ ဒီလောက်ဆို လုံလောက်ပြီ"

အန်းယန်က ခပ်တိုးတိုး ပြော၏။

ရွှယ်အန်းက သက်ပြင်းချပြီးနောက် အန်းယန်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"နှစ်တွေဒီလောက်ကြာတာတောင် အရမ်းကြင်နာတတ်နေသေးတာ အရင်တုန်းကအတိုင်းပဲ။ အဲ့လိုဖြစ်နေတာကိုက ကိုယ့် ရင်ကိုနာကျင်စေတယ်"

၎င်းတို့စကားပြောနေစဉ်တွင် ရွှယ်အန်းက ရုတ်တရက် မျက်ခုံးပင့်၍ ပြတင်းပေါက်သို့ လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"ရွှမ်အာ လာနေတာ"

ရွှယ်အန်းက ရှောင်ရှ၏အရောင်အဝါကို ခံစားလိုက်ရသောကြောင့် ထို့သို့ ပြောခဲ့ခြင်းဖြစ်သည်။

"ရွှမ်အာ လာတော့ ပိုကောင်းတယ်မဟုတ်လား"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"သူနဲ့အတူ တခြားလူတွေလည်းပါလာတယ်"

ထိုအချိန်တွင် ကျောက်ယင်၏ကားသည် လူနေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်။ ပတ်ဝန်းကျင်၏ ပျက်စီးယိုယွင်းနေသော ရှုခင်းများသည် ကျောက်ယင်နှင့် ကျူးဖုန်းတို့၏ မျက်လုံးများ၌ အထင်အမြင်သေးမှုများ ထင်ဟပ်လာစေသည်။

ထန်ရွှမ်အာက ဤနေရာတွင် နေထိုင်ခြင်းကို ကြည့်ခြင်းအားဖြင့်၊ သူမ၏ဘဝသည် ချမ်းသာကြွယ်ဝမှုများနှင့် ဝေးကွာနေမည်မှာ သိသာထင်ရှားသည်။ ကားပေါ်သို့ တက်လာကတည်းက ထိုင်ခုံတွင် ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေသော ရှောင်ရှက ရုတ်တရက် ထထိုင်လိုက်သည်။

၎င်းသည်လည်း ရွှယ်အန်း၏ အငွေ့အသက်ကို သတိထားမိလိုက်သည်။

'သခင် ပြန်ရောက်နေပြီလား။ ဒါဆိုရင် အသားကင်စားလို့ရတော့မှာပေါ့” ရှောင်ရှက ဝမ်းသာသွားသည်။

"အပေါ်ထပ်တက်ပြီး ခဏလောက် ထိုင်ရအောင်။ သန့်ရှောင်ကို အန်တီ ပြောထားပြီးပြီ၊ သူ ဒီကို ခဏနေရင် ရောက်လာမှာပါ” ကျူးဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထန်ရွှမ်အာက မျက်နှာအမူအရာအေးစက်စွာဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ ထန်ရွှမ်အာက တံခါးဖွင့်ခါနီးအချိန်တွင် ရွှယ်အန်းက ပြုံးရွှင်စွာဖြင့် တံခါးဖွင့်နှင့်ပြီးသားဖြစ်နေသည်ကို သူမတွေ့လိုက်ရသည်။

"ရွှမ်အာ၊ ဒီကို ဘာလာလုပ်လာတာလဲ"

ရွှယ်အန်းကို မြင်လိုက်ရသည်နှင့် ကျူးဖုန်းနှင့် ကျောက်ယင်တို့၏ အမူအရာများ ပြောင်းလဲသွား၏။

'ဒီလူက ဘယ်သူလဲ။ မဟုတ်မှလွဲရော ထန်ရွှမ်အာ အပြင်မှာ ပေါင်းသင်းနေတဲ့ လူများဖြစ်နေမလား။ ဒါပေမယ့် ထန်ရွှမ်အာရဲ့ အကြိုက်ကလည်း ညံ့လိုက်တာ၊ ဒီလိုနေရာမျိုးမှာ နေထိုင်နေပုံအရ ဒီလူက မချမ်းသာမယ့်ပုံမပေါ်ဘူး'

ကျူးဖုန်းနှင့် ကျောက်ယင်၏ စိတ်ထဲတွင် ထိုသို့သော အတွေးများစွာ ဖြတ်သန်းသွားပြီးနောက် ၎င်းတို့၏မျက်နှာတွင် မောက်မာသော အမူအရာများပေါ်ပေါက်လာလေသည်။

"ရွှမ်အာ၊ သူက ဘယ်သူလဲ"

ထိုအချိန်တွင် ထန်ရွှမ်အာက ရွှယ်အန်းကို အံ့သြစွာ စိုက်ကြည့်နေ၏။ ထိုမေးခွန်းကိုကြားသည့်အချိန်မှသာ သူမ၏ အသိအာရုံများ ပြန်ကပ်လာသည်။

"ဒါက ကျွန်မ သူငယ်ချင်း ရွှယ်အန်းပါ”

All Chapters