အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
အခန်း (၁၅၇) အန်းချင် အန္တရာယ်ရှိနေပြီ
တုဖန်းသည် မြစ်ကမ်းနားတွင်ထိုင်၍ သူ၏ဝမ်းနည်းမှုများကို ဖယ်ရှားရန် အရက်သောက်နေခဲ့သည်။ ယနေ့တွင် သူ၏စိတ်အခြေအနေ အလွန်ဆိုးရွားနေသည်။
ရွှယ်အန်းက ပြန်ရောက်လာချိန်တွင် ရိုးရှင်းသော စာတိုတစ်စောင်ဖြင့် ပြည်နယ်မြို့၏ အထက်တန်းလွှာမိသားစုများကို စည်းဝေးရန် ဆင့်ခေါ်နိုင်ခဲ့သည်။
ထိုသို့သော လွှမ်းမိုးမှုမျိုးကပင် သူ့ကို အလွန်ထိတ်လန့်စေရန် လုံလောက်နေသည်။ ရွှယ်အန်းနှင့် ပတ်သက်၍ ကြားခဲ့ရသည့် ကောလာဟလများကို တွေးလိုက်သည်နှင့် ၎င်းသတင်းတစ်ခုချင်းစီတိုင်းက တုဖန်းကို အလွန် အေးစက်၍ တုန်လှုပ်သွားစေသည်။
ထိုအချိန်တွင် လုခွန်းက သိုးသားကင် အကင်ချောင်းဖြင့် ရွှင်မြူးစွာ ရောက်ရှိလာသည်။
"ဟေ့ အစ်ကိုဖန်း၊ အကင် အဆင်သင့်ဖြစ်နေပြီ၊ ကျွန်တော့် လက်ရာကို မြည်းကြည့်ပါဦး"
တုဖန်းက လုခွန်းကို မြင်လိုက်သည်နှင့် အလွန် ဒေါသထွက်လာ၍ မြေပြင်ပေါ် တိုက်ရိုက် ကန်ထုတ်လိုက်လေသည်။ သိုးသားကင်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လုခွန်းက ကန်ချက်ကြောင့် မှင်တက်သွားခဲ့သည်။
"ဘာဖြစ်တာလဲ အစ်ကိုဖန်း၊ ကျွန်တော့်ကို ဘာလို့ ကန်တာလဲ"
"ဘာလို့ ကန်တာလဲ ဟုတ်လား" တုဖန်းက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အဲဒီနေ့က မင်းကြောင့်သာ မဟုတ်ရင် ငါ မစ္စတာရွှယ်ကို စော်ကားမိပါ့မလား။ အခုကြည့်လေ၊ သူ့အင်အားက ပိုပြီးကြီးမားလာပြီ၊ ငါတို့ပါ ဝင်ပါတော့မယ်"
ရွှယ်အန်းဟူသော နာမည်ကို ကြားလိုက်သည်နှင့် လုခွန်း၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။
"ဒါဆို ... ကျွန်တော်တို့ ဘယ်လိုလုပ်ကြလဲ။ အခုသွားတောင်းပန်ကြမလား"
"တောင်းပန်မယ် ဟုတ်လား" တုဖန်းက သရော်လိုက်သည်။
"ငါတို့ လက်ရှိအင်အားလောက်နဲ့ သူ့ကို စကားပြောဖို့တောင် အရည်အချင်းပြည့်မီမယ်လို့ မင်းက ထင်နေတာလား"
လုခွန်းက ဆွံ့အ သွားလေသည်။
တုဖန်းက သက်ပြင်းချလိုက်ပြီးနောက် ထိုင်ခုံပေါ်သို့ ပြန်လှဲချလိုက်သည်။
"ငါအခုပဲ စဉ်းစားနေတာ တကယ်လို့ ငါတို့တွေ ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ပေကျင်းမြို့ကနေပဲ ထွက်ကြရအောင်။ ပိုက်ဆံဘယ်လောက်ပဲရှာနိုင်ပါစေ၊ ငါတို့အသက်လောက် ဘာကမှပိုပြီး အရေးမကြီးဘူး"
တုဖန်းက ဤသို့တွေးတောနေစဉ်တွင် လုခွန်းက မလှမ်းမကမ်း လမ်းမပေါ်တွင် လျှောက်နေသော လူကို အံသြစွာ စိုက်ကြည့်နေသည်။
“ဟေ့… အစ်ကိုဖန်း၊ ဟိုမှာ အဲ့ဒါက လူလား သရဲလား”
လုခွန်းက တုန်လှုပ်စွာ ပြောလိုက်သည်။
"ချီးကို သရဲရမှာလား၊ မင်းက ကြွက်ထက်တောင် ပိုပြီး သတ္တိကြောင်လွန်းတယ်"
တုဖန်းက ကျယ်လောင်စွာ ကျိန်ဆဲလိုက်၍ လှည့်ကြည့်လိုက်ချိန်တွင် သူသည်လည်း အေးခဲသွားလေသည်။
ထိုအမျိုးသားသည် အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေ၍ သွေးများ ဖုံးလွှမ်းနေသည့်အပြင် သူ၏ ခြေထောက်တစ်ဖက်သည် သဘာဝမကျစွာ လိမ်ကွေးနေသည့်ပုံအရ ၎င်းခြေထောက်က ကျိုးနေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသို့ဆိုလျှင်ပင် ထိုအမျိုးသားက ခြေတစ်ဖက်ထောက်၍ လမ်းလျှောက်နေသေးသည်။
ညသန်းခေါင်အချိန်၏ မြို့စွန်နေရာတွင် ဤကဲ့သို့သော တစ်စုံတစ်ဦးနှင့် ရုတ်တရက် ကြုံတွေ့မိလျှင် မည်သူက ကျောချမ်းသည်အထိ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
တုဖန်းက အနည်းငယ် ဖြူဖျော့သွားသော်လည်း၊ သူသည် ပေကျင်းမြို့တွင် နှစ်အတော်ကြာမျှ ကျင်လည်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ရင်ဘတ်ထဲမှ ခုခံကာကွယ်ရေး ဓားမြှောင်ကို ဆွဲထုတ်ပြီးသည်နှင့် အဆုံးတွင် သူ၏ အာရုံများ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"သွားမယ်၊ သွားကြည့်ရအောင်"
လုခွန်းက တုံ့ဆိုင်းနေသည်။
"ကျွန်တော်တို့... ရဲ ခေါ်သင့်တယ် မဟုတ်ဘူးလား"
"အဓိပ္ပာယ် မရှိတာ၊ ငါ ရဲခေါ်လိုက်လို့ အပြင်လူတွေသိကုန်ရင် ရယ်စရာတွေ မဖြစ်သွားဘူးလား "
ဤသို့ပြောပြီးသည်နှင့် တုဖန်းက လမ်းမပေါ်သို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် ၎င်းအမျိုးသားသည်လည်း နီးကပ်လာပြီဖြစ်ရာ ဤအကွာအဝေးတွင် ထိုလူ၏မျက်နှာပေါ်ရှိ အမူအရာကင်းမဲ့နေမှုကိုပင် တွေ့မြင်နိုင်ပြီဖြစ်သည်။
ဓားကိုကိုင်ထားသော တုဖန်းက သတ္တိကို စုစည်း၍ မေးလိုက်သည်။
“ဟေ့၊ ကောင်လေး၊ မင်း ဘယ်ကလာတာလဲ။ ဒီဒဏ်ရာတွေကရော ဘယ်လိုရလာတာလဲ"
ထိုအမျိုးသားသည် သူ၏ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီးနောက် ခံစားချက်ကင်းမဲ့နေသော မျက်လုံးများဖြင့် ရေရွတ်နေခဲ့သည်။
“ပေကျင်းမြို့… ရွှယ်အန်း… လူ ကယ်ဖို့”
ဤကွဲအက်နေသည့် ဗလုံးဗထွေးအသံသည် တုဖန်း၏ ဦးရေပြားထဲအထိ တုန်လှုပ်စေခဲ့သည်။ သို့သော် ရွှယ်အန်းဟူသော အမည်ကို ကြားလိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် အလွန်လှုပ်ရှားသွားသည်။
"ညီလေး၊ ပေကျင်းမြို့ မှာ လူ တစ်ယောက်ယောက်ကို ရှာချင်လို့လား"
ထိုအမျိုးသားသည် တုဖန်းကို လျစ်လျူရှုပြီးနောက် ဆက်လက် ရေရွတ်နေခဲ့သည်။
“ရွှယ်အန်း… လူ ကယ်ရမယ်…”
ဤတစ်ကြိမ်တွင် တုဖန်းက ရှင်းလင်းကြားရသောကြောင့် သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာကာ အလျင်အမြန် ပြောလိုက်သည်။
"ငါက ပေကျင်းမြို့မှာနေတာ၊ မင်းက လူကယ်တင်ဖို့ မစ္စတာရွှယ်ကို လာရှာတာ မဟုတ်လား"
နောက်ဆုံးတွင် ထိုလူက ခေါင်းညိတ်ပြလိုက်သည်။ တုဖန်းသည် ဝမ်းသာအားရ ဖြစ်သွားလေသည်။
'ဒါက ကောင်းကင်ပေါ်က ကျလာတဲ့ မုန့်ပျားသလက်လိုပဲ'
မိမိက ရွှယ်အန်းနှင့် နီးစပ်ရန် အခွင့်အရေးမရှိနိုင်မည်ကို စိုးရိမ်ပူပန်နေချိန်တွင် ဤအမျိုးသားက ပေါ်ပေါက်လာခဲ့သည်။ တုဖန်းသည် တုံးအသူမဟုတ်ပေ၊ ထိုအမျိုးသား၏ ဆိုးရွားသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်းကို သူ သိနိုင်သည်။
ထို့ကြောင့် သူသည် ချက်ချင်း အနောက်သို့ ပြန်လှည့်၍ လုခွန်းကို အော်ပြောလိုက်သည်။
"မင်း အဲ့မှာ ဘာတွေငေးနေတာလဲ။ မြန်မြန် ကားသွားပြင်ချေ။ ဒီညီလေးကို မြို့ထဲခေါ်သွားရမယ်"
လန့်ဖျပ်သွားသော်လည်း လုခွန်းက အမြန်ပြေး၍ ကားကို ပြင်ဆင်လိုက်သည်။ ကားပြင်ဆင်ပြီးသည်နှင့် တုဖန်းက ထိုအမျိုးသားကို ထိုင်ခုံပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ကူညီတွဲခေါ်ပေးခဲ့သည်။ ထိုအမျိုးသားက ကုလားထိုင်တွင် မှီလိုက်သည်နှင့် တပြိုင်နက်တည်း အိပ်မောကျသွားလေသည်။
တုဖန်းသည်လည်း ဤအမျိုးသားက မည်မျှ ဝေးလံသည့် ခရီးမှလာခဲ့သောကြောင့် အလွန် ပင်ပန်းနေရခြင်းဖြစ်သည်ကို စဉ်းစားမိ၍ အနည်းငယ် ခံစားထိခိုက်သွားမိသည်။
ပြီးနောက် တုဖန်းသည် မြို့ဆီသို့ တစ်နာရီလျှင် ကီလိုမီတာ နှစ်ရာထက်မနည်းသော အရှိန်ဖြင့် ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်လာခဲ့သည်။ ၎င်းတို့သည် လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော မီးနီများကို ဖြတ်သန်းမောင်းနှင်လာကြရာ၊ အဆုံးတွင် ရွှယ်အန်း နေထိုင်သည့် လူနေအိမ်ခြံဝင်းသို့ ရောက်ရှိခဲ့သည်။
ကားပေါ်မှ ဆင်းလာပြီးနောက်တွင် ရွှယ်အန်းက မည်သည့်အထပ်တွင် နေထိုင်ကြောင်းကို မသိသော တုဖန်းက စိုးရိမ်နေခဲ့သည်။ သို့သော် ဤကိစ္စကို နှောင့်နှေးရန် မသင့်ကြောင်း သိထားရာ၊ တုဖန်းက အဆုံးတွင် သတ္တိခဲ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မစ္စတာရွှယ် ဒီနားမှာ ရှိလား"
သူ၏အသံသည် တိတ်ဆိတ်သောညအမှောင်တွင် အလွန် မြည်ဟည်းနေသည်။
“မစ္စတာရွှယ်….”
ဒုတိယခေါ်ဆိုမှု မပြီးဆုံးမီတွင် တုဖန်း၏မျက်လုံးရှေ့တွင် မှုန်ဝါးဝါးဖြစ်သွားပြီးသည်နှင့် ရွှယ်အန်းက သူ၏အရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဤသရဲတစ္ဆေကဲ့သို့သော အမြန်နှုန်းသည် တုဖန်း၏နှလုံးသားကို ပြင်းထန်စွာ ခုန်လှုပ်သွားစေသည်။ ရွှယ်အန်းက မျက်မှောင်ကြုတ်၍ တုဖန်းကိုကြည့်လိုက်သည်။
“မင်းက… ဟို အစ်ကိုဖန်း မဟုတ်လား။ ညသန်းခေါင်ကြီး ဘာကိစ္စရှိလို့လဲ"
တုဖန်းက ခေါင်းညိတ်ပြီးနောက် မျက်နှာချိုသွေးသော အပြုံးဖြင့် ဦးညွှတ်လိုက်သည်။
“မဝံ့ရဲပါဘူး၊ မဝံ့ရဲပါဘူး ကျွန်တော့်ကို ရှောင်ဖန်းပဲ ခေါ်ပါ မစ္စတာရွှယ်။ ဒီအချိန်ကြီး မစ္စတာရွှယ် အနားယူနေတာကို မနှောက်ယှက်ချင်ပေမယ့် တကယ် အရေးကြီးကိစ္စရှိနေလို့ပါ၊ ဒါက ဒီလိုရှိပါတယ်..."
တုဖန်းက ဆက်မပြောနိုင်ခင် သွေးညှိနံ့ကို သတိထားမိလိုက်သော ရွှယ်အန်းက အေးစက်စက် အမူအရာဖြင့် ကားဆီသို့ တည့်တည့်လျှောက်လှမ်းကာ ကားတံခါးကို ဆွဲဖွင့်လိုက်သည်။
၎င်းအမျိုးသားက သတိမေ့မြောနေဆဲဖြစ်သည်။
“ဒါက အဲ့လူပါ၊ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ခင်ဗျားကို တွေ့ချင်တယ်ချည်းပဲ ပြောနေလို့၊ အရေးကြီးကိစ္စ နှောင့်နှေးမှာ ကြောက်လို့ မစ္စတာရွှယ်ကို အမြန်လာရှာဖို့ ဆုံးဖြတ်လိုက်တာပါ"
တုဖန်းသည် နံဘေးမှ တီးတိုးပြောလိုက်သည်။ မျက်နှာအမူအရာ လေးနက်နေသော ရွှယ်အန်းက ထိုအမျိုးသား၏ ခန္ဓာကိုယ်ဆီသို့ လက်လှမ်းလိုက်ပြီးနောက် ဆေးတစ်လုံးကို ထုတ်ယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဤသည်မှာ ရွှယ်အန်း ယခင်က ဖော်စပ်ထားသော သက်စောင့်ဆေးဖြစ်သည်။ သက်ရောက်မှု အလွန်နည်းပါးမည်ဖြစ်သော်လည်း လူတစ်ဦးကို ကယ်တင်ရန်အတွက် လုံလောက်သည့် ဆေးလုံးဖြစ်သည်။ တကယ်ကိုပင် ဆေးလုံးကို သောက်သုံး၍ တစ်မိနစ် မပြည့်မီအချိန်တွင် သာမန်မျက်စိဖြင့် ကြည့်မြင်နိုင်သည့် အရှိန်နှုန်းမျိုးဖြင့် အမျိုးသား၏ ဒဏ်ရာများ ပျောက်ကင်းစပြုလာသည့်အပြင် ကျိုးနေသော ခြေထောက်များသည်လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန် ပြုပြင်လာ၍ သူ၏အမူအရာ ပန်းရောင်သန်းလာခဲ့သည်။ ပြီးနောက် ထိုအမျိုးသားက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ထိုအံ့အားသင့်ဖွယ် မြင်ကွင်းက တုဖန်းကို လုံးလုံးလျားလျား မှင်သက်သွားစေသည်။
တစ်ခြားသော အရာများမဆိုနှင့် ဤဖြစ်ရပ်တစ်ခုတည်းဖြင့်ပင် တုဖန်း၏အမြင်တွင် ရွှယ်အန်းကို အင်မော်တယ်တစ်ဦးအဖြစ် သတ်မှတ်စေခဲ့သည်။ ကနဦးတွင် ၎င်းအမျိုးသားက ဇဝေဇဝါဖြစ်နေသေးသော်လည်း ရွှယ်အန်းကို မြင်လိုက်ရသည့်အခါ သူက ချက်ချင်း ပြောလိုက်သည်။
“မစ္စတာရွှယ် ကျေးဇူးပြုပြီး အန်းချင်ကို ကယ်ပေးပါ"
"အန်းချင် ဘာဖြစ်လို့လဲ"
ရွှယ်အန်းသည် မျက်ခုံးတစ်ဖက်ပင့်ကြည့်၍ မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ ထိုအမျိုးသားက အလျင်အမြန် ပြောလိုက်သည်။
"ကျွန်တော်က အင်မော်တယ် ဖီးနစ်တပ်ဖွဲ့က စစ်သားပါ၊ ကျွန်တော့်နာမည်က ရွှီမု။ ကျွန်တော်တို့ မစ်ရှင် ထမ်းဆောင်နေတဲ့အချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်စုရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံရပြီး မိန်းကလေးအန်းကိုလည်း သူတို့ ဖမ်းဆီးထားကြတယ်"
“အဲ့ဒီ့အချိန် ကျွန်တော်က မိန်းကလေးအန်းရဲ့ အနားမှာ ရှိနေတာ၊ ခင်ဗျားတစ်ယောက်တည်းကပဲ အင်မော်တယ် ဖီးနစ်တပ်ဖွဲ့တပ်ဖွဲ့ကို ကယ်တင်နိုင်မယ်လို့ သူက ကျွန်တော့်ကို ပြောခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော် သက်စွန့်ဆံဖျား ထွက်ပြေးပြီး ပေကျင်းမြို့ကို အမြန်ကားမောင်းလာတဲ့အချိန်၊ မြို့နဲ့ ကီလိုမီတာ တစ်ရာကျော်လောက်မှာ မတော်တဆမှု ဖြစ်တာနဲ့၊ ကျန်ခရီးကို လမ်းလျှောက်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့လို့ပါ…”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကျုပ် နားလည်ပြီ။ မစ်ရှင်လုပ်နေတုန်း ခင်ဗျားတို့ တိုက်ခိုက်ခံရတဲ့ နေရာက ဘယ်နေရာလဲ"
ရွှီမုက ခေတ္တတုံ့ဆိုင်းသွားပြီးနောက် သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အမြွက်များဖြင့် လင်းလက်သွားသည်။
"အဲ့ဒါက... ရှန်ကျန်းဆိပ်ကမ်း"
"ရှန်ကျန်း ဆိပ်ကမ်းလား"
ရွှယ်အန်း၏ နှလုံးသား နိုးကြားလာသည်။
“ဟုတ်ကဲ့"
ရွှီမုက ခေါင်းညိတ်ပြလိုက်သည်။
အမူအရာ တည်ငြိမ်နေဆဲဖြစ်နေသော ရွှယ်အန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ရှန်ကျန်း... မင်မိသားစုလား"
အခန်း ( ၁၅၈) အင်မော်တယ် ရတနာ
ရွှယ်အန်းသည် မင်မိသားစုကို မည်သို့မျှ မေ့သွားမည် မဟုတ်ပေ။ထိုအချိန်တွင် မင်းမိသားစု၏ လူငယ် မျိုးဆက်တစ်ဦးဖြစ်သော မင်ယွမ်သည် ကျွန်းအပန်းဖြေစခန်း ဆောက်လုပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက်၊ ၎င်း၏ တစ်ကိုယ်ကောင်းဆန်သော အကျိုးစီးပွားအတွက် ပင်လယ်မျက်လုံးကို ချိပ်ပိတ်၍ ပင်လယ်မိစ္ဆာကို အကျဉ်းချထားခဲ့သည်။ သူ၏ ရည်ရွယ်ချက်များသည် မည်မျှ ဤကဲ့သို့ရက်စက်ကြမ်းကြုတ်ခဲ့ခြင်း ဖြစ်သနည်း။
ရွှယ်အန်းက ၎င်းကို ဖော်ထုတ်၍ သတ်ဖြတ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်၊ ပို၍ များပြားသော လူများစွာက ဒုက္ခရောက်သွားကြမည်ကို ခန့်မှန်းရုံဖြင့် သိနိုင်သည်။ ယခုမူကား အန်းချင်သည် ရှန့်ကျန်းဆိပ်ကမ်းတွင် ပျောက်ဆုံးနေသဖြင့်၊ ၎င်းသည် မင်မိသားစုနှင့် သက်ဆိုင်မှုရှိမည် မဟုတ်ဟု ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
"ခင်ဗျား ခန္ဓာကိုယ်က ဒဏ်ရာတွေရော အခုဘယ်လိုနေသေးလဲ"ရွှယ်အန်းက ရွှီမုကို လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရွှီမုက ကားပေါ်မှ ဆင်းလာ၍ နှစ်လှမ်းသုံးလှမ်းလိုက်သည်နှင့် သူ၏မျက်နှာတွင် ယုံကြည့်မှုကင်းမဲ့သော အမူအရာများဖြင့် ပြည့်နှက်လာသည်။
“မစ္စတာရွှယ်၊ ကျွန်တော့် ခန္ဓာကိုယ်က ဒဏ်ရာတွေ အကုန် သက်သာသွားပြီ၊ ကျွန်တော် စိတ်အခြေအနေတောင် တော်တော်လေး တိုးတက်လာတယ်"
ထိုအခိုက်အတန့်တွင် တုဖန်းက အားကျစွာဖြင့် ပြောလိုက်သည်။
“ဘယ်လိုလုပ် မကောင်းဘဲ နေမှာလဲ။ မစ္စတာရွှယ်က ခင်ဗျားကို အင်မော်တယ် ဆေးလုံး ကျွေးလိုက်တာကို"
"ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်"
အလွန် အံ့အားသင့်သွားသော ရွှီမုက လျင်မြန်စွာ လျင်မြန်စွာ ပြောလိုက်သည်။
"ခင်ဗျားက အန်းချင်ကို ကယ်တင်ဖို့အတွက် ကျုပ်ဆီ မိုင်ထောင်ချီအောင် ခရီးထွက်ခဲ့တာ။ ဒီတော့ ခင်ဗျားက သစ္စာရှိတဲ့လူလို့ ယူဆလို့ရတယ်။ ဒါက ခင်ဗျားအတွက် လက်ဆောင် အသေးလေး တစ်ခုလို့ သတ်မှတ်လိုက်ပါ"
ရွှယ်အန်းက တစ်ဖက်သို့ လှည့်၍ တုဖန်းကို ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျား လုပ်တာလည်း မဆိုးပါဘူး"
တုဖန်းသည် ဝမ်းသာအားရစွာဖြင့် အကြိမ်ကြိမ် ဦးညွှတ်၍ ပြော၏။
“မစ္စတာရွှယ်က အရမ်း ကြင်နာတတ်တာပဲ။ ဒါက ကျွန်တော် လုပ်သင့်တဲ့ တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပါ ဗျာ"
ထိုအချိန်တွင် အန်းယန်သည်လည်း အနည်းငယ် စိုးရိမ်စွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"ဘာဖြစ်တာလဲ၊ ယောက်ျား"
ရွှယ်အန်းက ဖုံးကွယ်ထားခြင်းမရှိဘဲ ခပ်ဖျော့ဖျော့ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး၊ အန်းချင်ဘက်မှာ ပြဿနာနည်းနည်းရှိလို့ပါ"
သူမ၏ ညီမဖြစ်သူ ဒုက္ခရောက်နေကြောင်း ကြားလိုက်ရသည်နှင့် အန်းယန်၏ မျက်နှာ ဖြူဖျော့သွားလေသည်။
"ချင်အာ...ချင်အာ ဘာဖြစ်လို့လဲ"
ရွှယ်အန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောင် နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ယန်အာ၊ ဒါက ချင်အာနဲ့ပတ်သက်တဲ့ အသေးအဖွဲ့ ကိစ္စလေးတစ်ခုပါ။ မင်းလည်း အခုမှ ပြန်ရောက်ပြီး အပန်းဖြေခရီးလည်း မထွက်သေးဘူးဆိုတော့ မင်းနဲ့ ကလေးတွေကို ရှန်ကျန်းဆိပ်ကမ်းကို ကိုယ် ခဏလောက် ခေါ်သွားပေးမယ်လေ"
အန်းယန်က နာခံစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ရွှယ်အန်းအပေါ် အလွန် ယုံကြည်ထားသည်။ သူမ၏မျက်လုံးထဲတွင် ခင်ပွန်းဖြစ်သူက ပြုလုပ်လျှင် ဖြေရှင်း၍မရနိုင်သည့် ကိစ္စဟူ၍ လောကတွင် ရှိမည်မဟုတ်ပေ။
'အမှန်တော့၊ အဲတာက အမှန်တကယ် အတိအကျပဲလေ'
ဤအခိုက်အတန့်တွင် အရှေ့အရပ်မှ မိုးလင်း၍ နေ့အလင်းရောင် ကျရောက်လုနီးပါးဖြစ်လာသည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
'ကြည့်ရတာတော့… တစ်ချို့လူတွေက နာကျင်မှုကို မခံစားရသေးခင်အထိ အကြောက်တရားကို မသိကြဘူးပဲ'
ကျိပေ၏ ယွမ်မိသားစု။
ယွမ်ချန်းယွီသည် လျှို့ဝှက်ခန်းထဲရှိ ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေစဉ် ဘဏ္ဍာစိုး ခေါင်းဆောင်က လက်နှစ်ဖက်ကို အောက်ချ၍ ရပ်နေလေ၏။
"မိသားစုခေါင်းဆောင်၊ လွန်ခဲ့တဲ့ ၂ ရက်လောက်က အနီးစပ်ဆုံးနေရာကို ရှာတွေ့ပြီးတဲ့အချိန်မှာ စစ်တပ်က အရာရှိတွေ ပေါ်လာပြီး နှစ်ဘက်ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်သွားတယ်လို့ သခင်မလေးက မင်မိသားစုကို သတင်းပို့ထားပါတယ်"
"အိုး စစ်တပ်တဲ့လား။ ဗိုလ်ချုပ်လင်ရဲ့ လူတွေများလား”
ယွမ်ချန်းယွီ၏ အမူအရာ လေးနက်လာသည်။
“ဒါက မသေချာသေးပါဘူး၊ ဒါပေမယ့် တိုက်ပွဲအပြီးမှာ အဲ့ဒီ့အဖွဲ့ကို သေချာ ဖမ်းမိထားပါတယ်"
ယွမ်ချန်းယွီက ခေါင်းညိတ်လိုက်သည်။
"အရာအားလုံးကို သေချာ သတိထားဖို့ ယွင်ရှင်းကို ပြောလိုက်။ မင်းမိသားစုက ကျုပ်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားပေမယ့် မင်ကန်ဟိုက်က ဉာဏ်နီဉာဏ်နက်များတဲ့ သူပဲ၊ ဒီတော့ ကျုပ်တို့တွေ သတိကပ်ထားမှရမယ်"
“ဟုတ်ကဲ့"
“အဲ့ဒါအပြင် ဆုကြေးငွေနဲ့ ပတ်သက်တဲ့ သတင်းရော ရပြီလား”
"ဒုတိယအဆင့် The Finger Killers လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းက မိသားစုအကြီးအကဲဆီ ပြန်လည်တုံ့ပြန်ထားပါတယ်၊ ဒါပေမယ့် ရွှယ်အန်း အသက်အတွက် ဘယ်လောက်ပေးဖို့ ရည်ရွယ်ထားလဲဆိုတာကို မေးနေပါတယ်"
"ဘယ်လောက်ပေးမလဲ..."
ယွမ်ချန်းယွီ၏ မျက်နှာပြင်တွင် မုန်းတီးမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
"ရွှယ်အန်းက အင်အားကြီးတာ မှန်ပေမယ့် ပြိုင်ဘက်ကင်းလိမ့်မယ်လို့တော့ ကျုပ် မထင်ဘူး။ သူ့အသက်အတွက် ဆုငွေသန်းတစ်ရာ ထုတ်ထားလိုက်၊ သူ့အလောင်းကို တစ်လအတွင်း ကျုပ် တွေ့ချင်တယ်"
"နားလည်ပါပြီ"ဘဏ္ဍာစိုး ခေါင်းဆောင်က ဦးညွှတ်၍ ဆုတ်ခွာသွားသည်။
ယွမ်ချန်းယွီက မတ်တပ်ထရပ်ပြီးနောက် အခန်းထဲတွင် ခေါက်ထုတ် ခေါက်ပြန် လျှောက်နေခဲ့သည်။
“အင်မော်တယ် အမွေအနှစ်၊ ဟားဟား။ ဒီလောက်ကြီးတဲ့ ကိတ်မုန့်ကြီးတစ်ချပ်။ ခင်ဗျားတို့ မင်မိသားစုက ကျုပ်တို့ကို သုံးဆောင်ဖို့ ဖိတ်ခေါ်တယ်ဆိုတော့ ဘယ်လောက်တောင် ကြင်နာလိုက်သလဲလို့။ စစ်တပ်ကတောင် ဝင်ပါလာပြီဆိုတော့ ကြည့်ရတာ ဒီကိတ်မုန့်ကြီးက အစာချေဖျက်ဖို့ သိပ်မလွယ်ပုံပဲ"
"ရွှယ်အန်း၊ မင်းက အင်အားကြီးတဲ့လူဆိုတာကို ငါ ဝန်ခံတယ်၊ ဒါပေမယ့် ခြင်္သေ့တွေတောင် အိပ်တဲ့အချိန် ရှိသေးတာပဲ။ လက်တစ်ချောင်းသတ်ဖြတ်သူအဖွဲ့က ထိပ်တန်းကျွမ်းကျင်သူတွေကို ဖြေရှင်းတဲ့နေရာမှာ အထူးပြုတဲ့ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတစ်ခုပဲ။ အခု သူတို့တွေက စာချုပ်ကို လက်ခံပြီးပြီဆိုတော့ မင်းအသက်ရှင်ရမယ့် နေရက်တွေ သိပ် မများတော့ဘူး”
ဤအတွေးများဖြင့် ယွမ်ချန်းယွီက အေးစက်စွာ ရယ်မောလိုက်လေသည်။
ရှန်ကျန်းဆိပ်ကမ်း။
မင်မိသားစု၏ အိမ်ခြံဝင်းသည် ကျယ်ပြောလှသော ရှေးဟောင်း အဆောက်အဦးများစွာ ပါဝင်သော ရှန်ကျန်းမြို့၏ စျေးအကြီးဆုံး စီရင်စုတွင် တည်ရှိသည်။ ခြံမြေ၏တန်ဖိုးကို မဆိုနှင့်၊ ဤရှေးဟောင်း အဆောက်အအုံများ၏ ကျက်သရေရှိမှုများဖြင့်ပင် အလွန် အဖိုးထိုက်တန်နေလေသည်။
ယခုအချိန်တွင် မင်မိသားစု၏ အတွင်းအိမ်ထဲတွင်၊ မင်ယွေ့ဖုန်းက မျက်မှောင်ကြုတ်နေသည်။
"အခုထိ ဝန်မခံသေးဘူးလား"
"ဟုတ်ကဲ့ ဝန်မခံသေးပါဘူး သခင်လေး"
“ထားလိုက်ပါ၊ ဝန်မခံရင်လည်း ဝန်မခံနဲ့ပေါ့။ သူတို့က ဗိုလ်ချုပ်လင်ရဲ့ လူတွေဆိုတာ အသိသာကြီးပဲ။ အခုလောလောဆယ် သူတို့ကို ချုပ်ထားလိုက်၊ ဖွဲ့စည်းပုံ ပျက်စီးတာနဲ့ သူတို့ကို ဖြေရှင်းမယ်" မင်ယွေ့ဖုန်းက လျစ်လျူရှု့စွာဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့"
"ဒါနဲ့ သူတို့ကို ကောင်းကင်အကျဉ်းထောင်ရဲ့ အခန်းနံပါတ်တစ်ထဲမှာ ထည့်ထားလိုက်ပါ၊ ဒါမှ ဘယ်သူကမှ စိတ်အာရုံနဲ့ မစူးစမ်းနိုင်မှာ"
"နားလည်ပါပြီ"
မင်ယွေ့ဖုန်းသည် သူ၏နံဘေးတွင် ထိုင်နေသော အမျိုးသမီးကို လှည့်၍ ကြည့်လိုက်သည်။ ဤအမျိုးသမီးသည် ရွက်ကြမ်းရေကျို အသွင်အပြင်ရှိ၍ သာမန်အဝတ်အစားများကို ၀တ်ဆင်ထားသည်။ မင်မိသားစုကဲ့သို့သော ရာစုနှစ်တစ်ခုကြာမြင့်နေသည့် အထက်တန်းလွှာ မိသားစုမျိုးတွင်၊ သူမ၏ ၀တ်စားဆင်ယင်မှုက အငယ်တန်း အိမ်အကူထက်ပင် နိမ့်ကျလွန်းနေသည်။
သို့သော်ငြား မင်ယွေ့ဖုန်း၏ မျက်လုံးများတွင် လေးစားမှုများဖြင့် တောက်ပနေခဲ့သည်။
"ဘယ်လို ဖြစ်သွားလဲ၊ ညီမလေး ယွင်ရှင်း"
ယွမ်ယွင်ရှင်းက သက်ပြင်းချလိုက်သည်။
" အင်မော်တယ်တွေ ချန်ထားခဲ့တဲ့ ဖွဲ့စည်းပုံဆိုတဲ့အတိုင်းပဲ၊ နှစ်ရက်ကြာလောက် ကြည့်နေတာတောင် ခုထိ သဲလွန်စတစ်ချို့ပဲ ရထားတယ်၊ ဖျက်ဆီးဖို့အတွက်ဆိုရင် အဝေးကြီးလိုဦးမှာ"
မင်ကန်ဟိုက် ဝင်ရောက်လာချိန်တွင် ၎င်းတို့နှစ်ဦးက စကားစမြည် ပြောနေကြသည်။ မင်ကန်ဟိုက်သည် အသက်လေးဆယ်၊ ငါးဆယ်ကျော်ခန့်သာ ရှိပုံရသေးသော်လည်း၊ သူ၏ဆံပင်များက လုံးလုံးလျားလျား ဖြူဆွတ်နေပြီဖြစ်သည်။
မင်ယွေ့ဖုန်းနှင့် ယွမ်ယွင်ရှင်းတို့ နှစ်ဦးစလုံးက မတ်တပ် ထရပ်လိုက်ကြသည်။ မင်ကန်ဟိုက်က ယွမ်ယွင်ရှင်းကို ပြုံးပြလိုက်သည်။
"တူမလေး၊ တစ်ခုခု တွေးပြီလား"
"ကျွန်မက အခုထိ သဲလွန်စနည်းနည်းပဲ ရထားပါသေးတယ်" ယွမ်ယွင်ရှင်းက ညင်သာစွာ ပြောလိုက်သည်။
“အချိန်တိုအတွင်း အဓိကအချက်ကို ပိုင်းခြားသိမြင်နိုင်တာက ယွမ်မိသားစုရဲ့ တစ်ခေတ်တစ်ခါမှာ ထွန်းကားတဲ့ ပါရမီရှင် မိန်းကလေးအဖြစ် တကယ် ထိုက်တန်ပါတယ်လေ။ ကျုပ်တို့ မင်မိသားစုက ဖုန်းရွှေနက္ခတ်ပညာကို နှစ်ပေါင်းတစ်ထောင်ချီကြာ လေ့လာခဲ့ပေမယ့် ဒီအထင်ကရ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ဘာမှနားမလည်နိုင်တာက တကယ် နှမြောဖို့ကောင်းလွန်းတယ်" မင်ကန်ဟိုက်က ငိုကြွေးမှု တစ်ဝက် လှောင်ပြောင်မှု တစ်ဝက်ဖြင့် ငိုချင်းချပြီးနောက် ပြုံးရယ်၍ ပြောလိုက်သည်။
"ဒါပေမယ့် အလျင်စလို လုပ်ဖို့ မလိုပါဘူး။ လာမယ့်ရက်အနည်းငယ်မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဖုန်းရွှေနက္ခတ်ပညာရှင်တွေ အားလုံးကို စုစည်းပြီး ဖုန်းရွှေ ညီလာခံကို ကျင်းပမယ်လို့ ကျုပ် ကြေညာထားပြီးသားပါ။ ကျုပ်တို့တွေ ဒီဖွဲ့စည်းပုံကို ဖျက်ဆီးနိုင်မှာ သေချာတယ်"
ယွမ်ယွင်ရှင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ကျွန်မ အခန်းကို ပြန်လိုက်ပါဦးမယ်"
ထို့နောက် မင်ယွေ့ဖုန်းက အရှေ့သို့လှမ်းလာခဲ့သည်။
“အဖေ၊ ကမ္ဘာပေါ်က ဖုန်းရွှေပညာရှင်တွေအားလုံးကို ဒီဖွဲ့စည်းပုံကို လေ့လာဖို့အတွက် ဘာလို့ဖိတ်ကြားလိုက်တာလဲ။ ဒီသတင်းသာ ပေါက်ကြားသွားရင်…”
မင်ကန်ဟိုက်က သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် ဂရုမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အင်မော်တယ် အမွေအနှစ်နဲ့ ပတ်သက်တဲ့ သတင်းကို ဖုံးကွယ်ထားလို့မရဘူးဆိုတာကို ဟိုစစ်တပ်အဖွဲ့က သက်သေပြလိုက်တာပဲ။ ဒါကြောင့် ကြန့်ကြာစေတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် ဒီဖွဲ့စည်းပုံကို မြန်မြန် ထိုးဖောက်လိုက်တာက ပိုကောင်းမယ်"
“ဟုတ်ကဲ့"
“အဲ့ဒါပြင်…”
မင်ကန်ဟိုက်သည် ယွမ်ယွင်ရှင်း ထွက်သွားသည့် တည်နေရာကို ခေါင်းမော့ကြည့်လိုက်သည်။
"ဒီကောင်မလေးက ပုံမှန်ဆိုရင် စကားသိပ်မပြောပေမယ့် သူက ဟိုငတုံး ယွမ်ချန်းယွီထက်စာရင် အဆပေါင်းများစွာ သန်မာပြီး ဥာဏ်များတဲ့ လူမျိုးဆိုတာ အသိသာကြီးပဲ။ အဖေတို့တွေ အကြာကြီး ကြန့်ကြာရင် သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိလာမှာကို စိုးရိမ်မိတယ်"
“ဒါဆို အဖေ ပြောချင်တာက…”
“ဖွဲ့စည်းပုံကို ချိုးဖျက်ပြီးတာနဲ့၊ သိထားတဲ့လူတွေ အကုန်လုံးကို…”
မင်ကန်ဟိုက်က လည်ပင်းကို ဖြတ်တောက်သည့် အပြုအမူကို လက်ဖြင့်လုပ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
မင်ယွေ့ဖုန်းက ခေါင်းငုံ့ကာ တုံ့ပြန်လိုက်ပြီးနောက် သူ၏မျက်လုံးများတွင် အေးစက်သည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မြေအောက် အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံထားသော အန်းချင်သည် ပြတင်းပေါက်ငယ်လေးမှ ဖြတ်သန်းလာသော အလင်းရောင်ကို ငေးငိုင်၍ စိုက်ကြည့်နေခဲ့သည်။
'ခဲအိုရေ၊ ကျွန်မ ပို့လိုက်တဲ့ သတင်းစကားကို ရမှရဲ့လား'
အခန်း (၁၅၉) မင်း မိဘတွေက ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ မသင်ပေးထားဘူးလား
လေယာဉ်သည် ရှန်ကျန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ နိုင်ငံတကာ မြို့ကြီးပြကြီးတစ်ခုအနေဖြင့် မကြာသေးမီ နှစ်များအတွင်း ပြည်မကြီးရှိ မြို့ကြီးများနှင့်အညီ လိုက်မီလာခဲ့သော်လည်း ၎င်း၏အမွေအနှစ် အရှိန်အဟုန်များက ကျန်ရှိနေဆဲဖြစ်သည်။ လေယာဉ်ဆင်းသက်ပြီးသည်နှင့် အနည်းငယ် စိုးရိမ်လာသော အန်းယန်က ပြောလိုက်သည်။
"ဒီလောက်ကျယ်တဲ့ ရှန်ကျန်းမြို့ကြီးမှာ၊ ကျွန်မတို့ ဘယ်ကနေများ စပြီးရှာရမှာလဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"အရင်ဆုံး ကိုယ့်ကို မင်းလက်ပေး"
အန်းယန်က သူမ၏လက်ကို နာခံစွာ အပ်နှံလိုက်ရာ ရွှယ်အန်းက အန်းယန်၏လက်ကို ဆုပ်ကိုင်၍ သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူသည် အန်းယန်နှင့် အန်းချင်တို့အကြားက သွေးသား ဆက်သွယ်မှုကို အသုံးပြု၍ ရှာဖွေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အလွယ်ကူဆုံး ရှာဖွေခြင်း နည်းလမ်းလည်းဖြစ်သည်။
တခဏအကြာတွင် ရွှယ်အန်းက မျက်လုံးများကိုဖွင့်လိုက်၍ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုလဲ ဟင်"
"မတွေ့ဘူး"
အန်းယန်သည် သူမ၏ စိတ်ပျက်အားငယ်မှုကို ဖုံးကွယ်မထားနိုင်ပေ။
ရွှယ်အန်းက ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကိုယ်တို့ သူ့ကို ရှာမတွေ့ပေမယ့် မင်းရဲ့သွေးသား ဆက်ဆက်မှု စွမ်းအင်ကြောင့်၊ အန်းချင်ရဲ့ တည်ရှိမှုကိုတော့ ကိုယ် ခံစားမိနေတုန်းပါ။ ဒါက သူ အသက်ရှင်ပြီး ကောင်းကောင်း နေထိုင်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
"ဒါဆို ကျွန်မတို့ သူ့ကို ဘာလို့ ရှာမတွေ့ရတာလဲ"
အန်းယန်က စိတ်ထင့်နေဆဲဖြစ်သည်။
ရွှယ်အန်းသည် ဝေးလံသော မြို့လယ်ခေါင်ရှိ အထပ်မြင့် အဆောက်အဦးများကို တစ်ချက်လှည့်ကြည့်၍ အမူမထားဘဲ ပြောလိုက်သည်။
"သူမကို လျှို့ဝှက်နည်းပညာ တစ်ခုခုနဲ့ ဖုံးကွယ်ထားလို့ သူ့ အသိဉာဏ်ကို ဖော်ထုတ်လို့မရတာဖြစ်မယ်။ ကြည့်ရတာတော့ ဒီနေရာကို ရာစုနှစ်တစ်ခုကျော်လောက် အုပ်ချုပ်ပြီးတဲ့နောက်မှာ ခင်ဗျားတို့ရဲ့ မင်မိသားစုက တကယ် သြဇာလွှမ်းမိုးနိုင်နေပြီပေါ့လေ"
ရွှယ်အန်းသည် ထိုမိုးမျှော်တိုက်များစွာကို ဖုန်းရွှေ လျှို့ဝှက်နည်းပညာများဖြင့် ခိုင်ခံ့အောင်ပြုလုပ်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်နိုင်သည်။ ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် ရှန်ကျန်းတစ်ခုလုံးသည် ဤ ဖုန်းရွှေ အဆောက်အအုံများ၏ ဖြစ်တည်မှုကြောင့် ကြီးမားသော ဖုန်းရွှေ ပုံသဏ္ဍာန်တစ်ခုဖြစ်လာခဲ့သည်။ ဤအရာသည် အထက်တန်းလွှာ မိသားစုများအတွက် အောင်မြင်မှုတစ်ခုဟု မှတ်ယူနိုင်သည်။
သို့သော် ၎င်းသည် ရွှယ်အန်းကို တားဆီးရန်အတွက် မလုံလောက်သေးပေ။
အင်မော်တယ်နယ်မြေရှိ ထိုဖုန်းရွှေဂိုဏ်းများသည် ကြယ်များကို ၎င်းတို့၏ဖွဲ့စည်းပုံများ၏ ဆုံမှတ်များအဖြစ် ပုံမှန်အားဖြင့် အသုံးပြုကြ၍ ကောင်းကင်ဘုံ ကြယ်စနစ်ကို ကြီးမားသော ဖွဲ့စည်းပုံ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲစေသောကြောင့် ၎င်းတို့၏ အလွန်ကြီးမားသော ခွန်အားကို နတ်ဘုရားအဆင့်မှ လွဲလျှင် မည်သူမှ ရန်မစွရဲကြပေ။
ထိုအချိန်တွင် ၎င်းတို့၏နောက်ကွယ်မှ မောက်မာ၍ မယဉ်ကျေးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့ အဲ့လည်ဆွဲ ငါ့ကို ရောင်းမလား"
လှည့်ကြည့်လိုက်ချိန်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက အန်းယန်ကို စိတ်မရှည်စွာဖြင့် စိုက်ကြည့်နေခြင်းကို ရွှယ်အန်းနှင့် အခြားလူများက တွေ့လိုက်ရသည်။
"ဟုတ်တယ်၊ ငါ နင့်ကိုပြောနေတာ။ နင့် လည်ပင်းမှာ ဝတ်ထားတဲ့ လည်ဆွဲကို ငါ အရမ်းကြိုက်တယ်။ ငါ့ကို ရောင်းမလား"
အန်းယန် ဝတ်ဆင်ထားသော လည်ဆွဲသည် ရွှယ်အန်းက သူမကိုပေးခဲ့သည့် ပင်လယ်မိစ္ဆာ သွေးပုတီးလည်ဆွဲဖြစ်သည်။
ရွှယ်အန်းသည် မျက်ခုံးပင့်၍ စကားပြောမည် ဟန်အပြင်တွင် အန်းယန်က တဖြည်းဖြည်း အေးစက်လာသော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။
“မရောင်းပါဘူး"
"ငါ တစ်သန်း ပေးမယ်"
အမျိုးသမီးငယ်က မောက်မာစွာဖြင့် လက်ညိုးထောင်ပြလိုက်သည်။
ရွှယ်အန်းနှင့် အန်းယန်တို့က သာမာန်အဝတ်စားများ ဝတ်ဆင်ထားသောကြောင့် ချမ်းသာကြွယ်ဝသည့် မိသားစုများမှ ဆင်းသက်လာသည့်ပုံ မပေါ်ပေ။ ငွေတစ်သန်းသည် သူတို့အတွက် အလွန် အရေးပါသော ပမာဏဖြစ်သင့်သည်။
ရွှယ်အန်းက အေးဆေးတည်ငြိမ်သော လေသံဖြင့် ခေါင်းခါလိုက်သည်။
"လိုချင်တယ်ဆိုရင်လည်း ဒီပစ္စည်းရဲ့တန်ဖိုးကိုတော့ သိသင့်တာပေါ့။ တစ်သန်းတဲ့၊ ဟား ကြည့်ရတာတော့... "
ရွှယ်အန်းက ခေတ္တရပ်လိုက်ပြီးနောက် သူ၏အကြည့်များ ပိုမိုအေးစက်လာခဲ့သည်။
"မင်းမိဘတွေက သွန်သင်မဆုံးမထားဘူး ထင်တယ်"
အမျိုးသမီးငယ်သည် မျက်နှာအမူအရာ ဖြူဖျော့ရာမှ နီမြန်းသွားပြီးနောက် ရွှယ်အန်း၏ စကားကြောင့် မခံမရပ်နိုင်ဖြစ်၍ နီမြန်းရာမှ ခရမ်းရောင်သို့ ပြောင်းသွားလေသည်။
“ဒါဆို ငါ ဆယ်သန်း ပေးမယ်။ ဆယ်သန်းနဲ့ရောင်းမှာလား"
ရွှယ်အန်းက အနည်းငယ်မျှ စိတ်မရှည်ဖြစ်လာခဲ့သည်။ ဤအမျိုးသမီးငယ်သည် သူ၏သည်းခံနိုင်စွမ်းကို လျော့နည်းအောင် ပြုလုပ်နေခြင်းဖြစ်၏။ ထိုအချိန်တွင် တင့်တယ်သည့် အသက်လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးက လေဆိပ်ဂိတ်မှ ထွက်လာခဲ့သည်။
"ရှောင်ရှောင်၊ ဘေးဖယ်စမ်း"
အမျိုးသမီးငယ်က ရွှယ်အန်းကို မုန်းတီးသည့် အကြည့်ဖြင့် ကြည့်ပြီးနောက် ဘေးသို့ ရွှေ့သွားခဲ့သည်။
ချဉ်းကပ်လာသော အမျိုးသမီးက အနည်းငယ်ပြုံးလိုက်သည်။
“မစ္စတာ၊ ကလေးက စကား ကောင်းကောင်း မပြောတတ်လို့။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
ရွှယ်အန်းက လက်ခံခဲ့ခြင်းမရှိသည့်အပြင် ငြင်းဆန်ခဲ့ခြင်းလည်း မရှိဘဲ မထုံတက်သေး ပြုမူနေလိုက်သည်။
“ဒါပေမယ့် ရှင်တို့ရဲ့ဒီပစ္စည်းက ကျွန်မတို့အတွက် အရမ်းအရေးကြီးလို့၊ ရောင်းဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ချီကျို့ရဲ့ ချန်မိသားစုက အလေးအနက်ထားပြီး ကျေးဇူးဆပ်မှာပါ"
ထိုအမျိုးသမီးသည် ချီကျို့၏ ချန်မိသားစုဟု ပြောသည့်အချိန်တွင် သူမ၏မျက်နှာပြင်တွင် ဂုဏ်ယူသော အရိပ်အယောင်များ လင်းလက်လာသည်။
ရွှယ်အန်းသည် ထိုအမည်နာမကို တစ်ခါမှ မကြားဖူးသကဲ့သို့ အံ့အားသင့်မှုများ မပြသခဲ့သည့် အပြုအမူသည် သူမကို အံ့ဩသွားစေသည်။ အမျိုးသမီးက သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်တင်၍ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် ဆုန်ယိက ချွေးသံတရဲရဲဖြင့် လေဆိပ်ဂိတ်မှ ပြေးထွက်လာခဲ့သည်။
“မစ္စတာရွှယ်၊ ကျွန်တော် တောင်းပန်ပါတယ် ဂိတ်ကနေ ထွက်လာတဲ့အချိန်မှာ လုံခြုံရေးက ကျွန်တော့် ပစ္စည်းတွေကို မှောင်ခိုပစ္စည်းတွေလို့ ပြောပြီး စစ်ဆေးနေကြတာနဲ့ ကြန့်ကြာသွားတာပါ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာပင် အမျိုးသမီးက အံ့အားသင့်စွာ ပြောလိုက်သည်။
“ရှင်က… မစ္စတာဆုန်၊ မစ္စတာဆုန်ယိ မဟုတ်ဘူးလား”
ဆုန်ယိက အမျိုးသမီးကို လှည့်ကြည့်လိုက်ချိန်တွင်၊ ဦးစွာ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ဪ၊ ဂျူနီယာ ညီမလေး ချန်ကျူကို။ ဖုန်းရွှေ စာတမ်းဖတ်ပွဲကို တက်ရောက်ဖို့အတွက် ညီမလည်း မင်မိသားစုဆီက ဖိတ်ခေါ်ခံထားရတာလား"
ထိုအချိန်တွင် ချန်ကျူက အလွန်အံ့သြနေသည်။
ချီကျို့၏ ချန်မိသားစုသည် ဖုန်းရွှေနှင့် ပတ်သက်၍ ကောင်းမွန်စွာ တတ်မြောက်ထား၍ အင်အားကြီးသည့် အဖွဲ့အစည်းတစ်ခုဟု ယူဆနိုင်သည်။ ဆုန်ယိသည် တစ်ချိန်က ကျုံးတုမြို့တွင် အလွန်ကျော်ကြားသည့် ဖုန်းရွှေပညာရှင် ဖြစ်ခဲ့ဖူးသည်။ ချန်ကျူသည် ယခင်က သူ့ကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့၍ ဖုန်းရွှေနက္ခတ်ပညာနှင့် ပတ်သက်၍ သူ၏ နက်နဲသော အောင်မြင်မှုများကို အလွန်လေးစားခဲ့သည်။ ယနေ့ ရှန်ကျန်း ဆိပ်ကမ်းမြို့ကို ဆုန်ယိသည်လည်း ရောက်လာလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ပေ။ ပြီးနောက် သူမ၏ အရှေ့ရှိ ဤအမျိုးသားကို ရိုသေလေးစားစွာ ဆက်ဆံနေသည်ကိုလည်း သူမ တွေ့လိုက်ရသည်။
'ဒီလူက တကယ်ပဲ ဘယ်သူများလဲ။ ကျုံးတုမြို့က အထင်ကရ မိသားစုတစ်ခုက အမျိုးကောင်းသားတစ်ဦးများ ဖြစ်နေလေမလား'
ချန်ကျူက စိတ်ထဲတွင် စဉ်းစားနေမိသည်။
“မစ္စတာရွှယ်၊ အခု ကျွန်တော်တို့ မင်မိသားစုဆီကို သွားကြတော့မလား"
ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက် ချန်ကျူနှင့် အမျိုးသမီးငယ်ကို ပေါ့လျော့စွာ ဖျတ်ခနဲကြည့်၍ လှည့်ထွက်သွားသည်။
၎င်းတို့အုပ်စုနှင့် အတော်အတန်မျှ ဝေးကွာသွားပြီးနောက်တွင်၊ ချန်ရှောင်ရှောင်က အနားတိုး၍ စိတ်မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
“ဆရာ၊ သူတို့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ။ အဲ့ပုလဲက သမီးတို့ ဖုန်းရွှေ ကျင့်ကြံရေးကို အများကြီး အထောက်အကူပြုပေးနိုင်တဲ့ ရှားပါးပင်လယ်မိစ္ဆာ သွေးပုတီးစေ့လို့ ဆရာပဲ ပြောခဲ့တာ မဟုတ်လား"
ချန်ကျူက အလွန်လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
"အဲဒီ ဆုန်ယိက သာမန်လူမဟုတ်ဘူး။ အရင်က သူ့ကို ခဏတစ်ဖြုတ်ပဲ တွေ့ဖူးတာ။ အဲဒီတုန်းက သူက ဆံပင်ဖြူနဲ့ အဘိုးကြီးတစ်ယောက်ပဲ၊ အခု နှစ်အနည်းငယ်အတွင်းမှာ ရှောင်ယောင်းအဆင့်ကို ဖြတ်ကျော်ပြီး ပြန်နုပျိုလာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
“အဲဒီလူရဲ့ ဝတ်စားဆင်ယင်မှု အသွင်အပြင်က သာမန်လူတစ်ယောက်လို့ ထင်ရပေမယ့် သူ့အဆင့်အတန်းက နိမ့်ကျမယ့်ပုံမပေါ်ဘူး၊ မဟုတ်ရင် ဆုန်ယိက သူ့ကို ဒီလောက် လေးစားနေမှာ မဟုတ်ဘူး။ ငါတို့တွေ တခြားနည်းလမ်းကိုပဲ စဉ်းစားကြတာပေါ့"
ထိုသို့ကြားသော ချန်ရှောင်ရှောင်က ခပ်လှမ်းလှမ်းတွင် ရောက်နေသော ရွှယ်အန်းတို့ကို လက်မခံနိုင်သော အကြည့်မျိုးဖြင့် မော့ကြည့်လိုက်သည်။
"သူတို့တွေလည်း မင်မိသားစုကို သွားကြမှာဆိုတော့ မတူကွဲပြားတဲ့ အစီအစဥ်တစ်ခုလုပ်ဖို့ ပြီးပြည့်စုံတဲ့အခွင့်အရေး ရသွားတာပေါ့"
ချန်ကျူ၏ မျက်လုံးများတွင် လောဘ အရိပ်အယောင်များ လင်းလက်လာသည်။ ထိုအချိန်တွင် ကားထဲရောက်နေသော ဆုန်ယိက မေးလိုက်သည်။
“မစ္စတာရွှယ်၊ ချန်ရှောင်ရှောင်နဲ့ တခြားလူတွေကို ဘယ်လိုသိလဲ"
"သူတို့ကို သိရမလား"
ရွှယ်အန်းက ခေါင်းခါ၍ ဖြစ်ပျက်သမျှကို အတိုချုံး ပြန်ပြောပြလိုက်သည်။ နားထောင်ပြီးနောက် ဆုန်ယိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ချီကျို့ရဲ့ ချန်မိသားစုက အထက်စီးဆန်ဆန် ပြုမူနေထိုင်ကြတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ဒီလို ဗိုလ်ကျအနိုင်ကျင့်တာမျိုး လုပ်ပုံအရတော့ တကယ်ဟုတ်နေပြီထင်တယ်။ ပြီးတော့ သူတို့က မစ္စတာရွှယ်ဆီကို ဒီလိုလုပ်ရဲတယ်ဆိုတော့ သူတို့တော့ ကိုယ့်ဒုက္ခကိုယ်ရှာနေကြတာပဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
“ကျုပ်က ပုံမှန်ဆိုရင် အမျိုးသမီးတွေကို မသတ်ပေမယ့်၊ ကျုပ်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ဆက်နှောက်ယှက်နေမယ်ဆိုရင်တော့ ကျုပ် အဆိုးမဆိုကြနဲ့ပေါ့”
ရွှယ်အန်း၏ အပြုံးကို မြင်လိုက်ရသော ဆုန်ယိက တုန်လှုပ်သွားလေသည်။ ရွှယ်အန်းကို ကနဦးကတည်းက သိဖူးသူတစ်ယောက်အနေဖြင့်၊ သူ၏ စိတ်နေစိတ်ထားကို ဆုန်ယိက ကောင်းကောင်းသိထားသည်။
ဤလူသည် ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူဖြစ်၍ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုများကြောင့် မည်သည့်အခါမျှ ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့သူမဟုတ်ပေ။ တစ်စုံတစ်ဦးက ထင်ရှားသည့် မိသားစုနှင့် အထက်တန်းလွှာ မျိုးနွယ်မှ မည်မျှ ဆင်းသက်လာသူ ဖြစ်ပါစေ၊ ၎င်းကို လာရောက် စွက်ဖက်လာလျှင် ကရုဏာထားမှု ပြသခြင်းမရှိဘဲ မဆိုင်းမတွ သတ်ဖြတ်တတ်သူဖြစ်သည်။
ဤတစ်ကြိမ်တွင် ဆုန်ယိသည် မင်မိသားစုထံမှ ဖိတ်ခေါ်မှုကို လက်ခံရရှိပြီးနောက် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားမိသောကြောင့် ရွှယ်အန်းနှင့် တွေ့ဆုံရန် ပေကျင်းမြို့သို့ အမြန် ခရီးနှင်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရွှယ်အန်းက ပေကျင်းမြို့မှ မထွက်ခွာခဲ့သေးပေ။ ဆုန်ယိက အခြေအနေကို ရှင်းပြပြီးနောက် ရွှယ်အန်းသည်လည်း စိတ်ဝင်စားမိသွားသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ ဖုန်းရွှေ ကျွမ်းကျင်သူများကို ရှန်ကျန်းမြို့တွင် စုဝေးရန်အတွက် ဖိတ်ကြားခဲ့ကြသည်။
'မင်မိသားစုက တကယ်ပဲ ဘာတွေလုပ်ချင်တာလဲ'