အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
အခန်း (၁၆၀) ကောင်းကင်နှင့် မြေကြီးရဲ့ အရှိန်အဟုန်ကို အသုံးပြုခြင်း
မင်မိသားစု၏ စံအိမ်။ မင်မိသားစုသည် ယနေ့တွင် အလွန် စည်ကားနေခဲ့သည်။ ဟွာရှား၏ အရပ်ရပ်မှ ဖုန်းရွှေ ကျွမ်းကျင်ပညာရှင်များအပြင် နိုင်ငံရပ်ခြားမှ ပညာရှင်များပင် ဆက်တိုက် ရောက်ရှိလာခဲ့ကြသည်။ အရပ်ရပ်မှ ဧည့်သည်များကို ဧည့်ခံရန်အတွက် မင်ယွေ့ဖုန်းက တံခါးဝတွင် ကိုယ်တိုင်ကိုယ်ကျ ရပ်နေသည်။
သို့သော်လည်း ရွှယ်အန်းနှင့် ဆုန်ယိတို့ ရောက်ရှိလာသောအခါ မင်ယွေ့ဖုန်းက အနည်းငယ် အံ့ဩသွားသည်။
'သူတို့က ဘာလို့ မိသားစုဝင်တွေပါ ခေါ်လာရတာလဲ'
သို့သော် သူမတူသည့် ကိုယ်နေဟန်ထားရှိသော မင်ယွေ့ဖုန်းက ပုံမှန်အမူအရာသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားပြီးနောက် ဆုန်ယိကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
“မစ္စတာဆုန်ပါလား။ ပြီးတော့ ဒါက…” ဆုန်ယိက စကားမပြောမီတွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
"ကျုပ်က သူ့တပည့်ပါ"
မင်ယွေ့ဖုန်းက အခြေအနေကို သဘောပေါက်သွားသည်။ ၎င်းတို့၏ အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့် ဆရာ တပည့်နှစ်ဦး ဖြစ်ပုံပေါ်သည်။ သူသည် အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
“ဒါဆိုရင် နှစ်ယောက်လုံး ကျေးဇူးပြုပြီး ဝင်လာကြပါ ဗျာ”
မင်မိသားစု၏ အိမ်ခြံဝင်းထဲသို့ ရောက်သည်နှင့် ဆုန်ယိက အိမ်၏ဗိသုကာ ပုံပန်းသဏ္ဌာန်ကို မျှော်ကြည့်၍ လေ့လာနေခဲ့သည်။
"ထူးဆန်းလိုက်တာ၊ မင်မိသားစုကို ကမ္ဘာတစ်ဝှမ်းလုံးမှာ အထင်ရှားဆုံး ဖုန်းရွှေဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ထားပုံအရဆိုရင် ဒီဗိသုကာပုံသဏ္ဌာန်က ရိုးရှင်းလွန်းနေတယ်"
ဆုန်ယိသည် သူ၏ အံ့သြမှုကို ဖုံးကွယ်မထားနိုင်ပေ။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါက ခင်ဗျားရဲ့ အမြင်က မကျယ်ပြန့်သေးလို့ပဲ။ ဖုန်းရွှေ ပညာက အရိုးရှင်းဆုံးအဆင့်မှာ အိမ်တွေရဲ့ အရှိန်အဟုန်ကို ဖန်တီးတယ်၊ အလယ်အလတ်အဆင့်ကို တောင်တွေနဲ့ မြစ်တွေမှာ အသုံးပြုပြီး အပြောင်မြောက်ဆုံးအဆင့်မှာ ကောင်းကင်နဲ့ မြေကြီးကို အသုံးပြုကြတယ်။ ဒီမင်မိသားစုရဲ့ ဗိသုကာလက်ရာက ကောင်းကင်နှင့်မြေကြီးကို အသုံးပြုထားတာ။ ရုတ်တရက်ကြည့်ရင် ထူးခြားပုံမပေါ်ပေမယ့် ဟွာရှားတစ်ခုလုံးက အပြင်အဆင်တွေကို ကြည့်မယ်ဆိုရင် ဒီနေရာရဲ့ ထူးခြားမှုကို ခင်ဗျား သတိထားမိလိမ့်မယ်"
အမြင်အာရုံရသွားသော ဆုန်ယိက ကြည်ညိုလေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“မစ္စတာရွှယ်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေက တကယ့်ကို ထူးခြားပဲ"
သို့သော် ရွှယ်အန်းက ပြုံးရုံသာပြုံးပြ၍ သူ ထုတ်ဖော်မပြောခဲ့သော အတွေးများကို ထိန်းချုပ်ထားကာ နှုတ်ဆိတ်နေလိုက်သည်။ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ဖုန်းရွှေ နည်းပညာများသည် ကောင်းကင်ကို ပြောင်းလဲကာ မြေကြီးကို ရွှေ့ပြောင်းခြင်းဖြစ်၍၊ လူတစ်ဦး၏လက်ဖဝါးမှ မိုင်ပေါင်း ထောင်ချီရှိသော ဖုန်းရွှေကို လွှမ်းခြုံခြင်းဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို လျှောက်လှမ်းခြင်းဖြင့် ပြောင်းပြန်လှန်နိုင်ကြသည့် ပုဂ္ဂိုလ်များ၏ စွမ်းအင်ဖြစ်သည်။
"ယို၊ ဒါဆရာဆုန်ယိ မဟုတ်ဘူးလား။ ကျွတ် ကျွတ်၊ ကျုပ်တို့ မတွေ့တာ ဘယ်လောက်မှတောင်မကြာသေးဘူး၊ ခင်ဗျားက အဆင့်ဖြတ်ကျော်ပြီး ရှောင်ယောင်အဆင့်ကို ရောက်နိုင်သွားပြီပေါ့လေ။ ကျုပ်က ခင်ဗျား တစ်နေရာရာမှာ သေသွားလောက်ပြီလို့တောင် ထင်နေတာ"
အကြားအာရုံတွင် မနှစ်မြို့ဖွယ်ကောင်းသော နှာသံတစ်ခု ထွက်ပေါ်လာသည်။ အံ့ဩသွားသော ဆုန်ယိက မော့ကြည့်လိုက်ချိန်တွင် အကျည်းတန်သည့် မျက်နှာထားရှိသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စိမ်ပြေနပြေ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ဤလူကို မြင်လိုက်သည်နှင့် မျက်နှာအမူအရာ အလွန်ချို့ယွင်းသွားသော ဆုန်ယိက အံကြိတ်၍ ပြောလိုက်သည်။
“ဖန်ယင်၊ မင်း ငါ့ရှေ့မှာ မျက်နှာပြရဲတယ်ပေါ့လေ"
"ဟားဟား၊ ကျုပ်က ဘာလို့ မျက်နှာမပြဝံ့ရမှာလဲ၊ ချစ်ရတဲ့…ဆရာ"
ဖန်ယင်က အေးစက်စွာ ရယ်မောလိုက်သည်။
ဆုန်ယိ၏ မျက်နှာ ဖြူဖျော့သွား၍ ဒေါသစိတ်ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေတော့သည်။ ထိုအခိုက်အတန့်တွင် ဖန်ယင်က ၎င်းတို့နံဘေးတွင် ရပ်နေသော ရွှယ်အန်းကို သတိထားမိလိုက်သည်။
"ကျွတ် ကျွတ်၊ နောက်ထပ် တပည့်တစ်ယောက်တောင် လက်ခံပြီးသွားပြီလား ဆရာ။ ဂုဏ်ယူပါတယ် ဗျာ"
ပြီးနောက် ဖန်ယင်က ကျေနပ်စွာ ရယ်မောလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်ရှန်းက နူးညံ့၍ ချစ်စဖွယ်ကောင်းသော အသံဖြင့် ရွှယ်အန်းကို ပြောလိုက်သည်။
"ဖေဖေ၊ ဒီဦးလေးရဲ့အသံက Donald Duck ရဲ့ အသံနဲ့ တူတယ်နော်"
ရွှယ်နျန်းက သူမ၏ ခေါင်းလေးကို ခါယမ်းလိုက်သည်။
“မဟုတ်ပါဘူး Donald Duck ရဲ့အသံက သူ့ထက် ပိုပြီးကောင်းပါတယ်"
ဤမှတ်ချက်သည် လူတိုင်းကို မပြုံး၍ မနေနိုင်ဖြစ်သွားစေသည်။မျက်နှာအမူအရာ မည်းမှောင်လာသော ဖန်ယင်သည်သာ ရွှယ်အန်းကို အေးစက်စွာ ကြည့်ပြီးနောက် သရော်ပြု၍ ထွက်သွားလေသည်။ ဖြူဖျော့သွားသော ဆုန်ယိက ဖန်ယင်ထွက်သွားသည်နှင့် ခါးသီးစွာ ပြုံး၍ ခေါင်းခါလိုက်သည်။
"မစ္စတာရွှယ် အရှေ့မှာ ရှက်ရွံ့မိပါတယ်။ အဲဒီလူက တစ်ချိန်က ကျုပ် တပည့်ဖြစ်ခဲ့သူပါ"
ဆုန်ယိက သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“အဲဒီတုန်းက သူက အရမ်းထက်မြက်ခဲ့တာ ပြီးတော့ ကျုပ်ရဲ့ အာရုံစိုက် သင်ကြားပေးမှုကြောင့် ကျုပ်ရဲ့ ပညာတွေကိုလည်း မြန်မြန် တတ်မြောက်ခဲ့တယ်လေ။ ဒါပေမယ့် ကျုပ် မထင်ထားတာက သူ့မှာ ယုတ်ညံ့တဲ့ စိတ်ထားမျိုးရှိနေခဲ့တယ်"
“အဲ့ဒီ့အချိန်က ကျန့်ရန်အဆင့်ကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးကို ကံကောင်းပြီး ကျုပ် ရခဲ့တယ်။ ဒါပေမယ့် ကျုပ်ဘက်က သတိမမူမိတဲ့အချိန်မှာ သူက ကျုပ်ကို တိုက်ခိုက်ပြီး ဆေးလုံးနဲ့ ထွက်ပြေးခဲ့တယ်လေ"
"အဲဒါကြောင့် ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လုံးဝ မတိုးတက်ခဲ့တာ"
ရွှယ်အန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ ဆရာများနှင့် တပည့်များကြားက ဤကဲ့သို့သော ပဋိပက္ခများနှင့် သစ္စာဖောက်မှုများက လွန်ခဲ့သည့် နှစ်သုံးထောင်အတွင်း သူ မကြာခဏ မြင်တွေ့ခဲ့ဖူးသည်။
"ဒီဖုန်းရွှေပညာရှင်တွေ စုဝေးပွဲကို သူရောက်လာလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး"
ဆုန်ယိက နာကျည်းစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ဆရာ တပည့်နှစ်ဦးဖြစ်သော ချန်ကျူနှင့် ချန်ရှောင်ရှောင်တို့သည်လည်း ရောက်လာကြသည်။ ၎င်းတို့ ရောက်ရှိလာသည်နှင့်၊ ကမ္ဘာ့ပေါ်ရှိ နာမည်ကြီး ဖုန်းရွှေ ပညာရှင်များ အားလုံးနီးပါး ရောက်ရှိနေပြီဖြစ်သည်။ မင်ယွေ့ဖုန်းသည် ကြီးကျယ်ခမ်းနားသော ညစာစားပွဲကို စီစဉ်ထားခဲ့သည်။ ညစာစားပွဲအတွင်း ဟွာရှား၏ နေရာအရပ်ရပ်မှ ဤဖုန်းရွှေ ပညာရှင်များအားလုံး အတူတကွ စုရုံးကာ ၎င်းတို့၏ အသိပညာများကို စိတ်အားထက်သန်စွာ ဆွေးနွေး၍ အလွန်ပျော်ရွှင်နေကြသည်။
ထိုအချိန်တွင်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ရေခဲမုန့်စားနေကြသည်။ ခရင်မ်များဖြင့် လိမ်းကျံထားသော မျက်နှာ ပြည့်ပြည့်လေးများက ထူးထူးခြားခြား ချစ်စဖွယ်ကောင်းနေသည်။ ဤမြင်ကွင်းသည် လူများစွာ၏ အံ့အားသင့်ဖွယ် အကြည့်များကို ဆွဲဆောင်နိုင်ခဲ့ရာ အဆုံးတွင် မြောက်မြားစွာသော လူများအနက် ရွှယ်အန်းသာလျှင် သူ၏မိသားစုကို ခေါ်ဆောင်လာခြင်းဖြစ်သောကြောင့် ၎င်းတို့က ထင်ရှားပေါ်လွင်နေမည်မှာ သေချာသည်။
ထိုအတောအတွင်း ဖန်ယင်၊ ချန်ကျူနှင့် သူမ၏ တပည့်ဖြစ်သူတို့က အတူတကွ စုရုံးကာ မလှမ်းမကမ်းတွင် ရပ်နေသော ရွှယ်အန်းကို ရံဖန်ရံခါ စိုက်ကြည့်နေကြသည်။
"ဒါဆို ဒီလူက ရှင့် ဆရာ မကြာသေးခင်ကမှ လက်ခံထားတဲ့ တပည့်အသစ်ပေါ့လေ" ချန်ကျူက မေးလိုက်သည်။
ဖန်ယင်က ခေါင်းညိတ်ပြ၍ သူ၏ နံဘေးတွင် ထိုင်နေသော ချန်ရှောင်ရှောင်ကို ရမက်ကြီးစွာ ခိုးကြည့်နေခဲ့သည်။
"မမှားနိုင်ဘူး၊ ပင်လယ်မိစ္ဆာ သွေးပုတီးက ကျုပ် ဆရာဆီက လက်ဆောင်ပဲ ဖြစ်မယ်။ အဲ့ဒီ့သောက် အဖိုးကြီး၊ ပစ္စည်းကောင်းတွေ ဒီလောက် အများကြီးရှိတာတောင် ကျုပ်ကို တစ်ခုမှ မပေးချင်ခဲ့ဘူး" ဖန်ယင်က အရှက်မဲ့စွာ ပြောလိုက်သည်။
ချန်ကျူက ခေါင်းညိတ်ပြီးနောက် စိတ်ထဲတွင် စဉ်းစားနေ၏။ ထိုအချိန်တွင် မင်ကန်ဟိုက်က အခမ်းအနားပွဲသို့ ရောက်ရှိလာသည်။ လူများစွာသည် အလျင်အမြန် မတ်တတ်ထရပ်၍ ၎င်းတို့၏ ဝိုင်ခွက်များကို မြှောက်ကာ မျက်နှာချိုသွေးနေကြသည်။
“မိသားစုခေါင်းဆောင် မင်”
"မစ္စတာမင် ကျန်းမာရေးနဲ့ အားမာန်ကတော့ အရင်တိုင်းပဲ"
မင်ကန်ဟိုက်က စင်မြင့်ပေါ်သို့ ပြုံးရယ်ကာ လျှောက်သွားပြီးနောက် လူအများကို ငြိမ်သက်စေရန်အတွက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ပြီးနောက် မင်ကန်ဟိုက်က ပြောလိုက်သည်။
“ဒီနေ့ ဒီမှာ စုရုံးလိုက်ရတဲ့ အကြောင်းအရင်းက နှစ်ခုရှိတယ်။ ပထမအချက်က ကျုပ်တို့ လုပ်ဖော်ကိုင်ဖက်တွေကြားက မိတ်သဟာ ခိုင်မာစေဖို့အတွက်၊ ဒုတိယအချက်က ကျုပ်တို့ မင်မိသားစုက ခင်ဗျားတို့ကို မေးစရာကိစ္စရှိလို့”
ဘုံး
ပွဲသို့ တက်ရောက်လာသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။
'မင်မိသားစုက ဘာများတောင်းဆိုနိုင်စရာ ရှိလို့လဲ'
"ဒါပေမယ့်၊ ဒီကိစ္စက အရမ်းအရေးကြီးတယ်၊အဲဒါကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖွဲ့စည်းပုံတည်ဆောက်မှုနဲ့ ဖုန်းရွှေပညာကို နက်နက်နဲနဲ နားလည်ထားတဲ့လူဖြစ်ဖို့ လိုအပ်တယ်၊ ဒါကြောင့် ကျုပ်တို့က ဂိမ်းလေးတစ်ခု ပြင်ဆင်ထားပါတယ်"
မင်ယွေ့ဖုန်းသည် စာရွက်များကို ကိုင်ဆောင်ကာ အရှေ့သို့ တိုးလာခဲ့သည်။
“ဒါတွေက ဖွဲ့စည်းပုံ ပုံသဏ္ဌာန်တွေပါ။ အဓိပ္ပာယ်ကို ဖော်နိုင်တဲ့လူတွေက ပွဲအပြီးမှာ ကျန်ရစ်ပေးဖို့ မေတ္တာရပ်ခံပါတယ်"
ဖြန့်ဝေပြီးသည်နှင့် စာရွက်များကို သေချာ ဆန်းစစ်လိုက်ကြပြီးနောက် လူအများက မျက်မှောင်ကြုတ်သွားကြသည်။ ဤဖွဲ့စည်းပုံ ပုံသဏ္ဌာန်သည် သာမန်မဟုတ်ဘဲ ရှုပ်ထွေးသော ဖွဲ့စည်းပုံဖြစ်သည်မှာ သိသာထင်ရှားသည်။ လူတစ်ချို့သည် ၎င်းက မည်သို့သောအရာမျိုးဖြစ်သည်ကိုပင် မသိကြပေ။ တစ်ချိန်တည်း၌ပင်၊ မင်ယွေ့ဖုန်းသည် ယွမ်ယွင်ရှင်း၏ အနားတွင် မတ်တပ်ရပ်၍ တီးတိုးပြောလိုက်သည်။
"ညီမလေး ယွင်ရှင်း၊ ဘယ်သူက ဒါကို ရှင်းနိုင်မယ်ထင်လဲ” ယွမ်ယွင်ရှင်းက ဘာသိဘာသာ ပြောလိုက်သည်။
" ဒီပဟေဋ္ဌိက အင်မော်တယ် အမွေအနှစ်အပေါ်မှာ အခြေခံပြီး ကျွန်မ နည်းနည်းပြောင်းလဲခဲ့တဲ့ဟာ။ ဒါက ဒီကမ္ဘာကြီးရဲ့ ပုံမှန်ဖွဲ့စည်းပုံတွေနဲ့ အရမ်းကွာခြားတော့ ဘယ်သူက ဖြေရှင်းနိုင်မလဲဆိုတာ ကျွန်မလည်း တကယ် မသိဘူး”
ရွှယ်အန်းနှင့် ဆုန်ယိတို့သည်လည်း စာရွက်တစ်ရွက်စီ ရရှိခဲ့ကြသည်။
အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ဆုန်ယိက ၎င်းကို နားမလည်နိုင်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ရွှယ်အန်းက တစ်ချက်ကြည့်ပြီးသည်နှင့် ပြုံးရုံသာ ပြုံးနေလိုက်သည်။
'လက်စသတ်တော့ ရွှေအင်မော်တယ်အဆင့် ဖွဲ့စည်းပုံတစ်ခု ဖြစ်နေတာပေါ့လေ။ မဟုတ်ဘူး၊ ရွှေအင်မော်တယ်အဆင့်တောင် မရှိသေးဘူး။ အလွန်ဆုံးမှာ ရွှေအင်မော်တယ်အဆင့်ရဲ့ ခြေလှမ်းတစ်ဝက် အရည်အချင်းလို့ပဲ ယူဆနိုင်သေးတယ်'
ဤဖွဲ့စည်းမှုသည် ရွှယ်အန်းအတွက် တစ်အပေါင်းတစ် ပုစ္ဆာသကဲ့သို့ ရိုးရှင်းလှသည်။သို့သော် ထိုသို့သောဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာခြင်းကို ကြည့်ခြင်းအားဖြင့်၊ အင်မော်တယ်များ နေရာထိုင်ရာ ဂူ မဟုတ်လျှင် အင်မော်တယ် အမွေအနှစ်တစ်ခု ကမ္ဘာပေါ်သို့ ပေါ်ပေါက်လာတော့မည်ဟု ဆိုနိုင်သည်။
ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် လင်းလက်လာသည်၊ အန်းချင်၏ ဖမ်းဆီးခံရမှုသည် ဤအင်မော်တယ် အမွေအနှစ်ကြောင့်များ ဖြစ်နေလေသလော။
ရွှယ်အန်းက အလျင်မလိုခဲ့ပေ။ ၎င်းကို အခြား မည်သူက အဓိပ္ပာယ်ဖော်နိုင်မည်ကို သိရရန်အတွက် လူအုပ်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဖန်ယင်က လေးနက်စွာ တွေးတောနေ၍ ချန်ကျူသည်လည်း ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်နေလေသည်။ သူမ၏ အကန့်အသတ်ရှိသော စွမ်းရည်ကို သိထားသော ချန်ရှောင်ရှောင်သာလျှင် သူမ၏ဦးနှောက်ကို အသုံးပြုခြင်း မရှိခဲ့ပေ။ သို့သော်လည်း ရွှယ်အန်းက ပတ်ဝန်းကျင်ကို ပေါ့ပါးစွာ လှည့်ပတ်ကြည့်နေသည်ကို သူမ သတိပြုမိလိုက်သည်။ ဤလူသည် အပေါ်ယံ ရွှေမှုန့်ကြဲထားခြင်းထက် မပိုသည့် လူမျိုးသာဖြစ်ပုံပေါ်သည်ဟု ထင်မိသော ချန်ရှောင်ရှောင်က သူမ၏ အတွင်းစိတ်တွင် လှောင်ရယ်နေမိသည်။
ထိုအခိုက်အတန့်တွင် ဖန်ယင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းလိုက်တဲ့ ဖွဲ့စည်းပုံ၊ ဒါပေမယ့် ကျုပ်ကို မတားဆီးနိုင်ပါဘူး"
အခန်း (၁၆၁) ဖွဲ့စည်းပုံအတွက် ဒီဖြေရှင်းချက်ကို... ဘယ်လိုထင်လဲ
ချန်ကျူ၏ မျက်ခုံးများ ပြေလျော့သွားပုံအရ သူမသည်လည်း အဖြေကို ရှာတွေ့သွားပုံပေါ်သည်။ ၎င်းတို့နှစ်ဦးမှလွဲ၍ အခြားသော သုံးဦး၊ ငါးဦးမျှသာ ဤဖွဲ့စည်းပုံကို ဖြေရှင်းနိုင်ခဲ့ကြသည်။
ကျန်ရှိနေသော လူများက အကြံကုန်နေကြပြီဖြစ်သည်။
လူတိုင်းတင်ပြခဲ့သည့် ဖြေရှင်းချက်များကို ယွမ်ယွင်ရှင်းက ပြန်လည်သုံးသပ်ခဲ့သည်။ ၎င်းတို့အားလုံး၏ ဖြေရှင်းချက်များသည် အခြေခံအားဖြင့် လက်ခံနိုင်လောက်သော အဆင့်တွင်ရှိနေသည်။ ၎င်းတို့အနက် ဖန်ယင်၏ ဖြေရှင်းချက်က အဆင်ပြေဆုံးဖြစ်သည်။ ထို့ကြောင့် ယွမ်ယွင်ရှင်းက ဖန်ယင်ကို နှစ်ခါပြန် လှည့်ကြည့်လိုက်မိသည်။ ဤမိန်းကလေးက လူသိများသော ဖွဲ့စည်းပုံ ပါရမီရှင်ဖြစ်သည်ကို သိလိုက်ရသဖြင့် ဖန်ယင်က ဘဝင်ခိုက်စွာ ပြုံးနေမိသည်။
ပြီးနောက် ဆုန်ယိက အဝေးတစ်နေရာတွင် လေးလေးနက်နက် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသော ဖန်ယင်က အေးစက်စွာ ရယ်မော၍ ၎င်းဆီ ဦးတည်သွားခဲ့သည်။
“ဆရာ” သူက မေးလိုက်သည်။
“ဒီဖွဲ့စည်းပုံနဲ့ အကျပ်ရိုက်နေပြီလား”
ဆုန်ယိ၏ မျက်နှာအမူအရာ ပို၍ ဆိုးရွားလာသည်။ ချန်ရှောင်ရှောင်သည်လည်း အနားသို့ရောက်လာကာ တမင်ရည်ရွယ်၍ ပြောလိုက်သည်။
"ဆရာ ဦးလေးဖန်က အရမ်းအံ့သြစရာကောင်းတာပဲ၊ ဖွဲ့စည်းပုံကို ဖြေရှင်းသွားတာ အရမ်းမြန်တာပဲ"
“ဒီကိစ္စလောက်နဲ့ ကျုပ်ကို ဘယ်လိုလုပ် ထိမ်ချန်ထားနိုင်မှာလဲ။ တစ်ချို့လူတွေကသာ အသက်ကြီးပြီး ခေတ်ကို မလိုက်နိုင်တော့ မဖြေရှင်းနိုင်ဘူးပေါ့။ အဲ့ဒီ့လူတွေက တတ်နိုင်သမျှ အိမ်အမြန်ပြန်ပြီး မြေးထိန်းနေတာပဲ ကောင်းလိမ့်မယ်နော်" ဖန်ယင်က ဟက်ဟက်ပက်ပက် ရယ်မောလျက် ပြောလိုက်သည်။
ဆုန်ယိ၏ မျက်နှာသည် ဖြူဖျော့လာသည်။ သို့သော် မဖြေရှင်းနိုင်သည့် ဖွဲ့စည်းပုံ ပုစ္ဆာနှင့် ပတ်သက်၍ မည်သို့မျှ မလုပ်နိုင်သောကြောင့် လက်တုံ့ပြန်ရန် နည်းလမ်းမရှိပေ။ အဝေးမှကြည့်နေသော ယွမ်ယွင်ရှင်းက သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ဆုန်ယိ၏ ကျော်ကြားမှုကို သူမ သိထားသည်။ သို့သော်လည်း ကျော်ကြားခြင်းက အရည်အချင်းရှိမည်ဟု မဆိုလိုနိုင်ပေ။ ဖွဲ့စည်းပုံ ပုစ္ဆာကို ဖြေရှင်းရန်အတွက် ဖွဲ့စည်းပုံများနှင့် ဖုန်းရွှေပညာတို့ကို နက်နဲစွာ နားလည်ထားရန် လိုအပ်သည်။
ထိုအချိန်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ ဆရာ၊ ဒီလိုပုစ္ဆာမျိုးကို ပုံမှန်အိမ်စာအဖြစ် ကျုပ်ကို အမြဲတမ်း ပေးနေကြ မဟုတ်ဘူးလား။ ဒါက ဘာတွေများ ခက်ခဲနေလို့လဲ"
သူ၏စကားကြောင့် ဖန်ယင်နှင့် ချန်ရှောင်ရှောင်တို့က မအောင့်အည်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။
"ပုံမှန်အိမ်စာတဲ့လား တကယ့် ဟာသပဲ။ ဖြေရှင်းဖို့ နေနေသာသာ ဒီလိုပုစ္ဆာမျိုးကို ရှင် နားလည်မှာတောင် မဟုတ်ဘူး၊ အထူးသဖြင့် ရှင့် ဆရာက ဘာမှ မသိနားမလည်ထားတဲ့ ပုစ္ဆာမျိုးကို ”
ချန်ရှောင်ရှောင်က လှောင်ပြောင်လိုက်သည်။ ရွှယ်အန်းက ချန်ရှောင်ရှောင်ကို တစ်ချက် အကြည့်လိုက်ချိန်တွင် သူမ၏အပြုံးများ အေးခဲသွားလေသည်။
ရွှယ်အန်း၏အကြည့်များသည် သူမ၏ဝိညာဉ်ကိုပင် အေးခဲစေသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးနောက် ရွှယ်အန်းသည် ဘောပင်တစ်ချောင်းကို ကောက်ယူလိုက်ကာ တစ်ချက်နှစ်ချက် ရေးခြစ်လိုက်၍ ခဏအကြာတွင် ပြီးသွားခဲ့လေသည်။ ဖန်ယင်က အရေးမထားဘဲ လှောင်ရယ်လိုက်သည်။
“ဒါပဲလား။ မင်းက အဖြေကို ချရေးဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ ဟား"
ရွှယ်အန်းက ဖန်ယင်ကို လျစ်လျူရှုပြီးနောက် ဆုန်ယိထံသို့ စာရွက်ကို လက်ကမ်းပေးလိုက်သည်။
၎င်းကို မြင်လိုက်သည်နှင့် ဆုန်ယိ၏ ခန္ဓာကိုယ် တုန်လှုပ်သွား၍ သူ၏မျက်လုံးများ တောက်ပလာသည်။ ဤဖွဲ့စည်းပုံ ပုစ္ဆာ၏ အခက်ခဲဆုံး အပိုင်းသည် တွေးခေါ်ပုံ ပြောင်းလဲခြင်းပင်ဖြစ်သည်။ သဲလွန်စကို ချဉ်းကပ်နိုင်သည်နှင့် တစ်ပြိုင်နက်တည်း ကျန်အရာများအားလုံး ရိုးရှင်းသွားပေလိမ့်မည်။ ထို့ကြောင့် ဆုန်ယိက ဘောပင်ဖြင့် လျင်မြန်စွာ ရေးခြစ်ပြီးသည်နှင့် အဖြေကို ရရှိသွားခဲ့သည်။ အငြင်းပွားမှုကို ကြားလိုက်သော ယွမ်ယွင်ရှင်းက တစ်လှမ်းခြင်း လျှောက်လှမ်းလာခဲ့မိသည်။
ကနဦးတွင် သူမသည်လည်း ဖန်ယင်ကဲ့သို့ တွေးထင်မိတာကြောင့် ၎င်းကို ဂရုမစိုက်ခဲ့ပေ။ ဤကဲ့သို့သော ဖွဲ့စည်းပုံ ပုစ္ဆာကို တစ်စုံတစ်ယောက်က မည်သို့ ဖြေရှင်းနေပါစေ အလွန်ရှည်လျားသည့် လုပ်ငန်းစဉ်မျိုး လိုအပ်ပေလိမ့်မည်။
'ဘယ်လိုလုပ်ပြီး ရွှယ်အန်း တစ်ချက်နှစ်ချက်လောက် ရေးခြစ်ရုံနဲ့ အဖြေရအောင် လုပ်နိုင်ခဲ့တာလဲ'
သို့သော် ရွှယ်အန်း၏ စာရွက်ကို မြင်လိုက်သည်နှင့် သူမ အလွန် အံ့အားသင့်သွားသည်။ ယွမ်ယွင်ရှင်း၏ မှင်သက်နေသော တုံ့ပြန်မှုကို မြင်လိုက်ရသော ဖန်ယင်၊ ချန်ရှောင်ရှောင်နှင့် အခြားသူများက အံ့သြသွားကြသည်။
'ဘာဖြစ်သွားတာလဲ၊ ယွမ်မိသားစုရဲ့ ပါရမီရှင် မိန်းကလေးက ဘာလို့ ဒီလောက် မှင်သက်သွားရတာလဲ'
ရွှယ်အန်း တစ်ဦးတည်းကသာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒီဖွဲ့စည်းပုံရဲ့ အဖြေကို... ခင်ဗျား ဘယ်လိုထင်လဲ"
ယွမ်ယွင်ရှင်းသည် အလွန် အံ့အားသင့်နေရာမှ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်၍ အသိစိတ် ပြန်ကပ်လာခဲ့သည်၊ သူမ၏ နှလုံးသားသည်လည်း ကြီးမားသော လှိုင်းလုံးများဖြင့် ရိုက်ခတ်ခံနေရပုံပေါ်သည်။ မည်သို့ဆိုသော် ရွှယ်အန်းက ဖွဲ့စည်းပုံ၏ ပုစ္ဆာပေါ်ရှိ အချို့နေရာ အနည်းငယ်ကို အမှတ်အသားပြုလုပ်၍ ၎င်းကိုချိုးဖျက်နိုင်မည့် နည်းလမ်းကို ချရေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ရိုးရှင်းသော ဖြေရှင်းချက်က သူမကို တံခါးဖွင့်ပေးခဲ့သကဲ့သို့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေသည်။
'ဖွဲ့စည်းပုံ ပုစ္ဆာကို ဒီနည်းနဲ့ ဖြေရှင်းလို့ရတယ်တဲ့လား။ အရင်က ဒါကို မမြင်ရအောင် ငါ ဘယ်လောက်တောင် တုံးအနေခဲ့တာလဲ'
ပြီးနောက် သူမက ဆုန်ယိ၏ အဖြေကို အမြန် လှည့်ကြည့်လိုက်သည်။ ရွှယ်အန်း၏ တိကျပြတ်သားသည့် ဖြေရှင်းချက်နှင့် နှိုင်းယှဉ်ပါက ဆုန်ယိ၏ ဖြေရှင်းချက်က ပိုမိုခက်ခဲ၍ ရှုပ်ထွေးပုံပေါ်သည်။ မင်ယွေ့ဖုန်းသည်လည်း ယခု အနားသို့ ချဉ်းကပ်လာသည်။
"ဘာဖြစ်လို့လဲ၊ ညီမလေး ယွင်ရှင်း"
ယွမ်ယွင်ရှင်းက အသက်ပြင်းပြင်းရှူ၍ ခေါင်းခါလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီပုဂ္ဂိုလ်ရဲ့ အဖြေက တီထွင်ဖန်တီးမှု ကောင်းလွန်းတာကို တွေ့ပြီး၊ ခဏလောက် အံ့ဩသွားလို့ပါ"
ဤပြောဆိုချက်သည် ဖန်ယင်နှင့် ချန်ရှောင်ရှောင်တို့၏ မျက်နှာပေါ်ရှိ အပြုံးများကို ပျောက်ကွယ်သွားစေသည်။
'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သူ တကယ်ဖြေရှင်းနိုင်ခဲ့တာလား'
ပြီးနောက် ယွမ်ယွင်ရှင်းက ရွှယ်အန်းနှင့် ဆုန်ယိတို့ဆီသို့ အလွန်ရိုသေစွာ ဦးညွှတ်လိုက်သည်။
“မစ္စတာဆုန်က ဂုဏ်သတင်းနဲ့ လိုက်လျောညီထွေတဲ့အပြင် သင်ပေးခဲ့တဲ့ တပည့်ကလည်း အံ့မခန်း ထက်မြက်လွန်းပါတယ်၊ ယွင်ရှင်းက မစ္စတာဆုန်ကို လေးစားမိပါတယ်"
ထိုစကားဖြင့် နေရာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ယွမ်ယွင်ရှင်းသည် ဖုန်းရွှေနှင့် ဝိဇ္ဇာပညာအပြင် သိုင်းပညာလောကတွင်ပင် မကြာသေးမီနှစ်များအတွင်း အတောက်ပဆုံးသော ကြယ်ပွင့်များအနက် တစ်ဦးဖြစ်ခဲ့သည်။ သူမ၏ ကျင့်ကြံမှုအဆင့်ကြောင့် ကျော်ကြားလာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံး၏ အသိအမှတ်ပြုမှုကို ခံထားရသူဖြစ်သည့်အပြင် ရှုပ်ထွေး ကျယ်ပြန့်သော အသိပညာများနှင့် ဖွဲ့စည်းပုံများအပေါ် သူမ၏ စေ့စပ်သော သုံးသပ်မှုများက ကျော်ကြားသော အကြီးအကဲများကိုပင် အရှက်ရစေသည်အထိ လက်ရာမြောက်ခဲ့သည်။
ထို့ကြောင့် မင်မိသားစုက ယွမ်ယွင်ရှင်းကို ဖိတ်ကြားရန်အတွက် ယွမ်မိသားစုနှင့် ပူးပေါင်းရန် မတုံ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
မစ္စတာရွှယ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်ပါက ပဟေဠိကို လုံးလုံးလျားလျား ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ကောင်းစွာသိနေသော ဆုန်ယိက စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ရွှယ်အန်းက ခပ်ပါးပါး ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး၊ ခင်ဗျားလည်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဒီလိုလေ့လာထားနိုင်တာက တကယ် ချီးကျူးစရာပါပဲ၊ ဒါက ခင်ဗျားအတွက် လက်ဆောင်တစ်ခုလို့ပဲ မှတ်လိုက်ပါ"
ရွှယ်အန်း၏ ပေါ့တန်၍ အထက်စီးဆန်သော လေသံသည် မင်ယွေ့ဖုန်းကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ရွှယ်အန်းက အလွန်မောက်မာလွန်းသည်ဟု လူအများက ခံစားနေမိသည်။ သို့သော် ယွမ်ယွင်ရှင်းက စိတ်ရင်းဖြင့် ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရွှယ်အန်း ပေးခဲ့သည့် လက်ဆောင်က မည်မျှအရေးပါသည်ကို ယွမ်ယွင်ရှင်းသာလျှင် သိနေသည်။ ၎င်းသည် သူမ၏ အကန့်အသတ်မဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကိုပင် ပေးစွမ်းနိုင်သည်ဟု ဆိုနိုင်ပါသည်။ ဖန်ယင်၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူ၏အမြင်တွင် ရွှယ်အန်းက ဤမျှ အရည်အချင်းရှိနေခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်သည် ဆုန်ယိက ပိုမို လျှို့ဝှက်နက်နဲ၍ အစွမ်းထက်သော အသိပညာများကို သင်ကြားပေးခဲ့သောကြောင့် ဖြစ်မည်ဟု ထင်နေသည်။
ဤသို့တွေးမိသော ဖန်ယင်က အလွန် ဒေါသထွက်နေမိသည်။
'ဟမ်၊ ကျုပ် ဘယ်လောက် အင်အားကြီးလဲဆိုတာ ခင်ဗျား မကြာခင် သိစေရမယ်'
အခမ်းအနားပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ပဟေဠိကို မဖြေရှင်းနိုင်သူများက သက်ပြင်းချ၍ ပြန်သွားကြသည်။ ရွှယ်အန်းနှင့် ကျန်ရစ်ခဲ့သော လူအနည်းငယ်ကို မင်ယွေ့ဖုန်းက အတွင်းခန်းထဲသို့ ဦးဆောင်သွားခဲ့သည်။ ခဏအကြာတွင် မင်ကန်ဟိုက် ဝင်ရောက်လာခဲ့သည်။
အလွန်ကျေနပ်နေပုံရသော မင်ကန်ဟိုက်က ယဉ်ကျေးသိမ်မွေ့သော မှတ်ချက်အချို့ဖြင့် စကားစမြည်ပြောပြီးနောက် စကားလမ်းကြောင်း ပြောင်းသွားလေသည်။
"ခင်ဗျားတို့အားလုံးက ဖုန်းရွှေနက္ခတ်ပညာမှာ ထိပ်တန်းကျွမ်းကျင်သူတွေဆိုတော့၊ ခုနက ပဟေဠိကို ဘယ်လိုထင်ကြလဲ"
အားလုံးက တစ်ဦးကို တစ်ဦး လှည့်ကြည့်နေကြစဉ်တွင် ဦးစွာ ဖြေကြားခဲ့သူမှာ ဖန်ယင်ဖြစ်သည်။
“အရမ်းခက်တယ်”
မင်ကန်ဟိုက်က ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ရော"
လူတိုင်းက ခေတ္တ တုံ့ဆိုင်းသွားကြချိန်တွင်၊ သူ၏လက်များကို ကစားနေသော ရွှယ်အန်းက အမူမထားဘဲ ဖြေလိုက်သည်။
"ဒီပဟေဋ္ဌိက... အင်မော်တယ် ဖွဲ့စည်းပုံကနေ အခြေခံထားတာ မဟုတ်လား"
သူ၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း အလွန်ကျယ်လောင်သော ဖော်ပြမှုတစ်ခုဖြစ်သည်။
လူတိုင်းက ထိတ်လန့်သွားကြသည်။ မင်ကန်ဟိုက် တစ်ဦးတည်းကသာ လက်ခုပ်တီး၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"မစ္စတာဆုန်ရဲ့ ထူးချွန်တဲ့ တပည့်ဖြစ်ဖို့ တကယ် ထိုက်တန်ပါတယ်။ ခင်ဗျား မှန်တယ် ဒါက အင်မော်တယ်တွေ ချန်ရစ်ထားခဲ့တဲ့ ဖွဲ့စည်းပုံပဲ"
'အင်မော်တယ် အမွေအနှစ်တဲ့လား'
ဤအမည်နာမသည် လူတိုင်းကို ပဟေဠိဆန်သော အကြည့်များဖြင့် ပြည့်နှက်သွားစေသည်။ ချန်ကျူသာလျှင် သိသိသာသာ ထိတ်လန့်သွား၍ ဇဝေဇဝါဖြင့် ပြောလိုက်လေသည်။
"မဟုတ်မှလွဲရော၊ ဒဏ္ဍာရီတွေ တကယ်များ ဖြစ်နေမလား"
ထိုအချိန်တွင် ယွမ်ယွင်ရှင်းက ပေါ့လျော့စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ ဒဏ္ဍာရီတွေက တကယ် အမှန်ပါ၊ အင်မော်တယ် အမွေအနှစ်ဆိုတာ တကယ် တည်ရှိတဲ့နေပြီး၊ အခု ရှန်ကျန်းဆိပ်ကမ်းမှာ ရှိနေပါတယ်"
အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
'အင်မော်တယ် အမွေအနှစ်'
ဤသည်မှာ အင်မော်တယ်တစ်ဦးက ချန်ရစ်ခဲ့သော အရာဖြစ်သည်။
'အင်မော်တယ်၊ ဟာ'
ဤကမ္ဘာပေါ်တွင် အင်မော်တယ်များနှင့် ပတ်သက်သည့် သဲလွန်စများ မပေါ်ပေါက်လာခဲ့သည်မှာ မည်မျှကြာခဲ့ပြီဖြစ်သလော။ ထာဝရရှင်သန်ခြင်းလျှင်ပင် ရှားပါးလာခဲ့သည်။ လူအများ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။
အကယ်၍ လူတစ်ဦးတစ်ယောက်က အင်မော်တယ် ရတနာတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါက၊ ၎င်းသည် ကောင်းကင်ဘုံကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် တက်လှမ်းသွားနိုင်မည် မဟုတ်သလော။
အခန်း (၁၆၂) အင်မော်တယ်အဆင့်ကို ပြီးမြောက်တာနဲ့၊ နတ်စွမ်းရည်တွေ အလိုလို ထွက်ပေါ်လာမယ်
ထိုအချိန်တွင် မင်ကန်ဟိုက်သည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
" ဒီအင်မော်တယ် အမွေအနှစ်အတွက် ကမ္ဘာပေါ်က ဖုန်းရွှေပညာရှင်တွေ အားလုံးကို ကျုပ် ဒီနေရာကို ဖိတ်ခေါ်လိုက်ရတာပဲ။ ခင်ဗျားတို့အားလုံးက ဖွဲ့စည်းပုံရဲ့ ပဟေဋ္ဌိကို အဖြေရှာနိုင်ကြတယ်ဆိုတော့ ဒီအင်မော်တယ် အမွေအနှစ်ရဲ့ ဖွဲ့စည်းပုံ ခင်းကျင်းမှုကို ဖွင့်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို ပြသနေတာပဲ"
"ဒါပြင်... ဖွဲ့စည်းပုံ ခင်းကျင်းမှုကို ဖွင့်ပြီးတာနဲ့ အင်မော်တယ် အမွေအနှစ်ထဲက ရတနာတွေကို ကျုပ်တို့ မင်မိသားစုနဲ့ ခင်ဗျားအားလုံးကြားမှာ အညီအမျှ ခွဲဝေပေးမယ်လို့ ကျုပ် မင်ကန်ဟိုက်က ကတိပေးတယ်" မင်ကန်ဟိုက်က လေးနက်စွာ ပြောလိုက်သည်။
ဤစကားသည် လူအများစုကို တိတ်တဆိတ် အံ့အားသင့်သည်အထိ ဖြစ်စေခဲ့သည်။ စားပွဲကို ပထမဦးဆုံး ပုတ်၍ လက်ခံစကား ပြောခဲ့သူမှာ ဖန်ယင်ဖြစ်သည်။
“ကောင်းပြီလေ။ မင်မိသားစုရဲ့ မိသားစုခေါင်းဆောင်က ဒီလိုပြောခဲ့မှတော့ ကျုပ်၊ ဖန်ယင်ကလည်း ပါဝင်အားဖြည့်ပေးရတာပေါ့"
ချန်ကျူသည်လည်း သဘောတူရန် မစောင့်နိုင်တော့ပေ။
"ချီကျို့ရဲ့ ချန်မိသားစုက ကျွန်မတို့လည်း လက်ခံမယ်"
"ပြီးတော့ ကျုပ်"
"ကျုပ်လည်း ပါမယ်"
လူအုပ်ကြီးက တစ်ဦးပြီး တစ်ဦး သဘောတူခဲ့ကြသည်။ ရွှယ်အန်းနှင့် ဆုန်ယိသာလျှင် အဆုံးထိ ၎င်းတို့၏ စိတ်ဆန္ဒကို ဖော်ပြခြင်း မရှိသေးပေ။ အားလုံး၏ မျက်လုံးများက ၎င်းတို့နှစ်ယောက်ဆီသို့ မလွှဲမရှောင်သာ လှည့်ကြည့်လိုက်ကြသည်။ ယွမ်ယွင်ရှင်းသည် ရွှယ်အန်းကို ယခင်ကထပ် ပို၍ စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူမ၏အမြင်တွင် ဤလူများအနက် မည်သူကမှ ရွှယ်အန်းလောက် အရေးမပါပေ။ ဤလူ၏ ဖွဲ့စည်းပုံဆိုင်ရာ ခင်းကျင်းမှုအပေါ် နားလည်နိုင်စွမ်းက ဤကမ္ဘာတွင် တုနှိုင်းမဲ့လှသည့်အပြင် ပါရမီရှင်များအနက် အမှန်တကယ် ပါရမီရှင်တစ်ဦးဟုပင် ဆိုနိုင်သည်။
"ဆရာဆုန်နဲ့ တပည့်ဖြစ်သူကရော ပူးပေါင်းဖို့ ဆန္ဒရှိမလားလို့ မေးလို့ရမလား" မင်ကန်ဟိုက်က မေးလိုက်သည်။
သို့သော် ဆုန်ယိက ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ တက်ရောက်သူအားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ရွှယ်အန်းက အပြုံးနှင့်မတူသော အပြုံးတစ်ခုဖြင့် ခေါင်းမော့၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒီအင်မော်တယ် အမွေအနှစ်က ဘယ်လောက် အင်အားကြီးလဲဆိုတာ၊ ကျုပ်လည်း ကိုယ်တိုင် ကြည့်ချင်သေးတယ်”
“ဒါဆို အဆင်ပြေသွားပြီ။ ကျုပ်တို့တွေ အင်မော်တယ် အမွေအနှစ်ကို သုံးရက်အတွင်း ချိုးဖျက်ကြမယ်”
မင်ကန်ဟိုက်က သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ လူအုပ်ကြီးသည်လည်း ၎င်းတို့၏ ဝိုင်ခွက်များကိုမြှောက်၍ တုံ့ပြန်လိုက်ကြသည်။
ပြီးနောက် အားလုံး လူစုခွဲသွားကြသည်။
ရွှယ်အန်း ပေးခဲ့သော အကြံဥာဏ်သစ်များကို လေ့လာရန်အတွက် ယွမ်ယွင်ရှင်းက သူမ အခန်းသို့ ပြန်သွားရန် မစောင့်နိုင်တော့ပေ။
"အဖေ၊ ဆုန်ယိနဲ့ သူ့တပည့်က တစ်ခုခု ထူးဆန်းနေသလိုပဲ" မင်ယွေ့ဖုန်းက ချဉ်းကပ်လာ၍ ပြောလိုက်သည်။
မင်ကန်ဟိုက်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါပေါ့ သူတို့က ထူးဆန်းတာပေါ့"
“ဒါဆို ကျွန်တော်တို့…”
“ဟားဟား၊ အင်မော်တယ် အမွေအနှစ်လို ရတနာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ လူတွေမှာ အကောက်ကြံတဲ့ ရည်ရွယ်ချက်တွေ ရှိကြတာ သာမာန်ပါပဲ။ ဒါ့အပြင် ဆုန်ယိရဲ့ တပည့်က သူ့မိသားစုကိုပါ ခေါ်လာခဲ့တာ မဟုတ်လား။ သူတို့ကို တောင်ခြေက ဟိုတယ်မှာ နေဖို့ စီစဉ်ပေးပြီး ကောင်းကောင်း ဆက်ဆံထားလိုက်၊ ဒါပေမယ့် တစ်ယောက်ယောက်ကို အနီးကပ် စောင့်ကြည့်ခိုင်းထားလိုက်"
"နားလည်ပါပြီ"
"မင်းရဲ့ ဦးလေးသာ ဒီမှာရှိနေရင် ဒီလိုတွေလုပ်နေစရာ လိုမှာတောင် မဟုတ်ဘူး၊ ဒါပေမယ့် သူ ဘယ်ကိုသွားလို့ သွားနေမှန်းမသိတာက နှမြောစရာပဲ"
မင်ကန်ဟိုက်က သက်ပြင်းချလိုက်သည်။
သူ၏ဖခင်ဖြစ်သူ ရည်ညွှန်းနေသူသည် မင်မိသားစုအနက် ဖွဲ့စည်းပုံ ခင်းကျင်းမှုနှင့် ဖုန်းရွှေပညာတွင် အနက်ရှိုင်းဆုံး ကျွမ်းကျင် တတ်ကျွမ်းသူဖြစ်သည့် မင်ယွမ်ဖြစ်ကြောင်းကို မင်ယွေ့ဖုန်းက သိနေသည်။
"ဒါပေမယ့်... ဒီလူတွေကို ကောင်းကောင်း ဆုပ်ကိုင်ထားသရွေ့တော့ အင်မော်တယ် အမွေအနှစ်က ငါတို့လက်ထဲမှာပဲ အလွယ်တကူ ရှိနေမှာ မဟုတ်လား"
ကမ္ဘာကြီးက သူ၏လက်ထဲတွင် ရှိနေသကဲ့သို့သော ဂုဏ်ယူမှု အရိပ်အမြွက်များ မင်ကန်ဟိုက် ၏မျက်နှာပေါ်တွင် တောက်ပလာခဲ့သည်။ ယခုအခါ လူတိုင်းက မင်မိသားစု၏ ဧည့်သည်တော်များအဖြစ် သတ်မှတ်ခံထားရသောကြောင့် ယခင်နှင့်မတူဘဲ ၎င်းတို့ကို ဧည့်ဝတ်ပြု ခစားသူများရှိနေပြီဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးငယ်တစ်ဦးသည် ရွှယ်အန်းထံ ချဉ်းကပ်လာ၍ ပြောလိုက်သည်။
“မစ္စတာရွှယ်၊ ဒီနေရာမှာ မိသားစုနဲ့ နေရတာ အဆင်မပြေဘူးဆိုတာ ကျွန်မတို့ဘက်က နားလည်ပါတယ်။ တောင်ခြေက ဟိုတယ်ကလည်း မင်မိသားစုရဲ့ အိမ်ရာပါ အထဲက အပြင်အဆင်တွေလည်း တော်တော် သပ်သပ်ရပ်ရပ်ရှိပါတယ်။ ကျေးဇူးပြုပြီး ရှင့် ဇနီးနဲ့ ကလေးတွေကို အဲဒီနေရာမှာပဲ နေခွင့်ပြုလို့ရမလား" ရွှယ်အန်းသည် တိုက်ရိုက်ပြန်မဖြေဘဲ အန်းယန်ကို လှည့်ကြည့်လိုက်သည်။ ဤနေရာတွင် မနေချင်သော အန်းယန်သည်လည်း ခေါင်းညိတ် သဘောတူလိုက်၏။
"ကောင်းပြီ"
ပြီးနောက် ရွှယ်အန်းသည် အန်းယန်နှင့်အတူ ဟိုတယ်ဘက်သို့ လိုက်ပါသွားခဲ့သည်။
သူ၏ဇနီးနှင့် သမီးလေးများ ရေချိုးသန့်စင်နေစဉ် ရွှယ်အန်းက သူ၏မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို စိတ်အာရုံဖြင့် စတင်စူးစမ်းလိုက်သည်။ မျှော်မှန်းထားသည့် စောင့်ကြည့် ကင်မရာများမှလွဲ၍ အခြား မည့်သည့် အန္တရာယ်မှ မရှိပေ။ မသက်မသာ ခံစားနေရဆဲဖြစ်သော ရွှယ်အန်းက သူ၏နဖူးကို လက်ညိုးဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ၊ ရွှေရောင် သွေးတစ်စက် ထွက်ပေါ်လာသည်။
၎င်းသည်ရွှယ်အန်း၏ မူလစွမ်းအင်ဖြစ်၍ အလွန်အဖိုးတန်လှသည်။
ထို့နောက် ရွှယ်အန်းသည် လေးနက်သော အမူအရာဖြင့် ကောင်းကင်ကိုးခု၏ သင်္ကေတသုံးခု အကာအကွယ်ကို လေထဲတွင်ရေးဆွဲ၍ သူ၏လက်ကို တောက်ထုတ်လိုက်သည်။ နတ်ဘုရား အဆောင်လက်ဖွဲ့ သုံးခုစလုံးသည် အန်းယန်နှင့် သမီးနှစ်ယောက်၏ စိတ်ဝိညာဉ်များတွင် ကပ်တွယ်သွားကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စစ်မှန်အင်မော်တယ်အဆင့် ဆင်းသက်ခဲ့ခြင်းမျိုး မဟုတ်ပါက ၎င်းတို့သား အမိကို မည်သူမှ ဒုက္ခပေးနိုင်မည် မဟုတ်ပေ။
မှန်ကန်စွာ ပြောရမည်ဆိုလျှင် ရွှယ်အန်းသည် ၎င်းတို့ သုံးဦးအပေါ် အလွန်များပြား၍ အစွမ်းထက်သော ကာကွယ်မှု ဖွဲ့စည်းပုံများ ပေးအပ်ထားပြီးသာဖြစ်သည်။ သို့သော် ဇနီးဖြစ်သူနှင့် သမီးလေးများနှင့် ပတ်သက်လျှင် မည်သည့်အခါမျှ လုံခြုံမှု လွန်ကဲနေသည်ဟု ရွှယ်အန်း မမှတ်ယူခဲ့ပေ။ ဤအရာအားလုံး ပြီးသွားချိန်တွင် ရွှယ်အန်းက ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ပြီးနောက် တောင်ပေါ်ရှိ ဝေးလံလှသော မင်မိသားစု၏ အိမ်တော်ကြီးကို မျက်နှာသေဖြင့် ငေးကြည့်နေသည်။ မင်မိသားစုတွင်ရှိစဉ်အတွင်း သူ၏ စိတ်အာရုံကိုအသုံးပြု၍ တစ်ကြိမ်ထက်မနည်း ရှာဖွေခဲ့သော်လည်း အန်းချင်၏ တည်နေရာကိုပင် မကောက်ယူနိုင်ခဲ့ပေ။
သို့သော် ယခုအချိန်တွင် အန်းချင်ကို မင်မိသားစုက ချုပ်နှောင်ထားကြောင်း ရွှယ်အန်း တထစ်ချ ယုံကြည်နေပြီဖြစ်သည်။ စိတ်အာရုံကို ကာကွယ်ထားနိုင်သည့် ရတနာများစွာရှိနေသောကြောင့် ထိုဖြစ်စဉ်က အထူးအဆန်း မဟုတ်လှပေ။ အန်းချင်က ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း သိထားသရွေ့ ၎င်းကိုကိုင်တွယ်ရ လွယ်ကူပေလိမ့်မည်။ ရွှယ်အန်း၏ စိတ်ဝင်စားမှုကို အတန်ငယ် ဆွဲဆောင်ခဲ့သောအရာမှာ ဤအင်မော်တယ် အမွေအနှစ်ဖြစ်သည်။ သို့သော်လည်း ဤအင်မော်တယ် ဟုခေါ်သည့် အရာက အထူးကြောက်မက်ဖွယ်ဖြစ်နေခြင်း ကြောင့် မဟုတ်ပေ။
ရွှယ်အန်း၏အမြင်တွင် ဤအင်မော်တယ် ဖွဲ့စည်းပုံကို ဖန်တီးသူသည် ရွှေအင်မော်တယ်အဆင့် တစ်ဝက်အဆင့်တွင်သာ ရှိပေလိမ့်မည်။ သို့သော် ရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် နတ်ဂုဏ်ဒြပ်သို့ တဖြည်းဖြည်း ဖွဲ့စည်းလာခြင်းဟု ဆိုလိုသည်။ ရွှယ်အန်းသာ နတ်ဂုဏ်ဒြပ်တစ်ခုကို ရယူနိုင်ပါက၊ ၎င်းက ပျက်စီးနေသော အရာဆိုလျှင်ပင် ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ရှိ ချိပ်ပိတ်သော စည်းကို ပယ်ဖျက်ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။
နတ်ဂုဏ်ဒြပ်ဟု ခေါ်တွင်ခြင်းသည် သဘာဝတရားရှိ နတ်ဂုဏ်ဒြပ်နှင့် ဆင်တူသော်လည်း ၎င်းက ပို၍ တန်ခိုးကြီးသည်။ နတ်ဂုဏ်ဒြပ်ရှိနေမှသာလျှင် လူတစ်ဦးသည် အင်မော်တယ်တစ်ဦး အမှန်တကယ် ဖြစ်လာပေလိမ့်မည်။
သို့သော် သေမျိုးများအတွက် အင်မော်တယ်လမ်းစဉ်သည် မျှော်လင့်ထားသည်ထက် ပိုမို ခဲယင်းလွန်းသည်။ ကျင့်ကြံခြင်း တာအိုသည် စစ်မှန်ဆရာသခင်အဆင့်၊ ရှောင်ယောင်းအဆင့်၊ ကောင်းကင်လူသားအဆင့်နှင့် အဆုံးတွင် လွတ်မြောက်အင်မော်တယ်အဆင့်ဟူ၍ အဆင့်ဖြတ်ကျော်စေမည် ဖြစ်သော်လည်း ဤအဆင့်ထိ အောင်မြင်နိုင်သူသည် အနည်းငယ်သာ ရှိသေးသည်။
ထိုလူနည်းစုအနက် အရှေသို့တက်လှမ်း၍ နတ်ဂုဏ်ဒြပ်တစ်ခုကို အမှန်တကယ် ဖွဲ့စည်းနိုင်သူသည် အရေအတွက် တစ်သောင်းတွင် တစ်ဦးသာရှိသည်။ ၎င်းကို ထာဝရရှင်သန်သူများနှင့် သေမျိုးများကြားတွင် အနက်ရှိုင်းဆုံး ချောက်တစ်ခုဟု၍လည်း လူသိများကြသည်။ တစ်ချိန်တည်းမှာပင် နတ်ဂုဏ်ဒြပ်၏ အရည်အသွေးသည် အနာဂတ်တွင် မိမိတို့ ရရှိနိုင်မည့် စွမ်းအင် အဆင့်ကိုလည်း သက်ရောက်စေသည်။
အကန့်အသတ်မဲ့သော စကြာဝဠာကြီးတွင် သာမန်ဖြစ်သည့် ဒြပ်စင်ငါးသွယ် နတ်ဂုဏ်ဒြပ်အပြင် ဒဏ္ဍာရီတွင်သာ တွေ့ရှိနိုင်သည့် အဆင့်အမြင့်ဆုံးသော တော်ဝင်ကမ္ဘာဦးနတ်ဂုဏ်ဒြပ်ဟူ၍ အမျိုးမျိုးရှိနေသည်။
သို့သော် သာလွန်အဆင့်နှင့် နတ်အဆင့်ရှိ နတ်ဂုဏ်ဒြပ်များကို ပေါင်းစည်းနိုင်သည့် ကျင့်ကြံခြင်း သိုင်းပညာများသည် စကြဝဠာရှိ ကြီးမားသော အင်မော်တယ် ကျင့်ကြံခြင်းဂိုဏ်းများ၏ အမြင့်ဆုံး လျှို့ဝှက်သိုင်းပညာများဖြစ်သည်။ ရွှယ်အန်းသည် သူ၏ ယခင်ဘဝတွင် အသုံးများသည့် ဒြပ်စင်ငါးသွယ် နတ်ဂုဏ်ဒြပ်ကို ဖွဲ့စည်းခဲ့ခြင်းကြောင့်သာ နောက်ပိုင်း ကျင့်ကြံမှုများတွင် ဖြတ်လမ်းများကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့အပြင် ကောင်းမွန်စွာ ပေါင်းစည်းထားသော နတ်ဂုဏ်ဒြပ်တစ်ခုသည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းရည်များကို မွေးထုတ်ပေးနိုင်သည်။
၎င်းသည် 'နတ်ဂုဏ်ဒြပ် ပြီးမြောက်သည်နှင့်၊ နတ်စွမ်းရည်များ အလိုလို ရောက်ရှိလာမည်' ဟူ၍ အင်မော်တယ်နယ်မြေတွင် လူသိများကြသည့် သာမန်ဗဟုသုတဖြစ်သည်။
'မင်းတို့ မင်မိသားစုမှာ ဘယ်လိုလှည့်ကွက်တွေရှိဦးမလဲ ကြည့်ရသေးတာပေါ့'
ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော လူများစွာက ရှန်ကျန်းဆိပ်ကမ်းမြို့၌ စတင်ပေါ်ပေါက်လာသည်။ ဤလူများသည် သာမန်လူများနှင့် ဆင်တူကြ၍ ရှန်ကျန်မြို့ရှိ လူအုပ်ကြီးထဲတွင် လျင်မြန်စွာ ရောနှော ပျောက်ကွယ်သွားခဲ့သည်။ မြို့အတွင်းသို့ အင်အားကြီး ကျွမ်းကျင်ပညာရှင် အများအပြား ဝင်ရောက်လာကြသည်။ ရှန်ကျန်းမြို့ရှိ အထပ်မြင့် အဆောက်အအုံတစ်ခု၏ ထိပ်ဖျားတွင်၊ ဟွားပိုင်ကျဲသည် အောက်တွင် သွားလာနေသော လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ဂျူနီယာညီမ ဟွား၊ အစွန်းမှာ နီးနီးကပ်ကပ် ရပ်နေတာ၊ ပြုတ်ကျမယ် သတိထားနော်"
စူးရှသောအသံနှင့်အတူ ခေါင်မိုးပေါ်ရှိ ရေကန်အရိပ် နောက်ကွယ်မှ အမျိုးသားတစ်ဦး ဖြည်းညင်းစွာ ရုပ်လုံးပေါ်လာခဲ့သည်။ ပျော်ရွှင်ရိပ် ဝမ်းနည်းရိပ် မပြသသော အမူအရာနှင့် ဟွားပိုင်ကျဲက ပြန်ပြောလိုက်သည်။
"ချိုင်ရွှီခွန်၊ နောက်တစ်ခါ ပေါက်ကရ ပြောရဲရင် ပြောကြည့် ငါ နင့်ကို ချက်ချင်းသတ်ပစ်လိုက်မယ်"
"အို ဂျူနီယာညီမလေး ဟွား၊ မင်းရဲ့ ဒေါသက အရမ်းပြင်းထန်နေတုန်းပဲ။ ကျွတ် ကျွတ်၊ အပျိုကြီးအဖြစ် မကျန်ရစ်ခဲ့အောင် ဂရုစိုက်ဦးနော်"
ချိုင်ရွှီခွန်၏လည်ပင်းတွင် လေထုဖြင့် ဖွဲ့စည်းထားသော ဓားသွားတစ်ခု တိတ်တဆိတ် ပေါ်လာပြီးနောက် ၎င်းကို လုံးလုံးလျားလျား ဖြတ်တောက်လုနီးပါး ဖြစ်သွားလေသည်။
"ဟွားပိုင်ကျဲ ၊ ချီးပဲ။ နင် တကယ်လုပ်တယ်ပေါ့လေ" ချွေးစေးများ ထွက်လာသော ချိုင်ရွှီခွန်က ဟစ်အော်လိုက်သည်။
"နင်က ဘယ်လိုထင်လို့လဲ။ ဒီနေရာမှာ နင်နဲ့အတူ အပျော်တမ်း ဘတ်စကတ်ဘော ကစားဖို့ လာခဲ့တာလို့ ထင်နေတာလား"
တုံ့ပြန်မှုမှန်သမျှကို ထိန်းထားနိုင်ရန်အတွက် ချိုင်ရွှီခွန်က သူ၏နှုတ်ခမ်းကို ကိုက်ထားခဲ့သည်။ထို့နောက် ဟွားပိုင်ကျဲသည် အဝေးကို လှမ်းမျှော်ကြည့်၍ ဘာသိဘာသာ ပြောလိုက်သည်။
"ရှင့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို နည်းနည်းလေးတောင် ရှာမတွေ့နိုင်ရအောင်၊ ရှင်က ဘယ်လို ကျင့်ကြံခြင်း အဆင့်မျိုးကို ပိုင်ဆိုင်ထားလို့လဲ။ ယွီယွမ်ယိကို ဓားချက် တစ်ချက်တည်းနဲ့ အဆုံးသတ်ခဲ့ပြီး လရောင်ရိပ်မြုံ တစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ ရွှယ်အန်း..."