← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း ( ၁၆၃) စကြဝဠာကြီးဆီက အမြဲတမ်း ချေးငှားပြီး ဘယ်တော့မှ ပြန်မပေးခဲ့ဘူး၊ အခုတော့ စကြဝဠာကြီးက မချေးငှားချင်တော့ဘူးပေါ့

“ဦးလေးဖန်၊ ဒီလိုမလုပ်ပါနဲ့…”

"လိမ္မာရင်၊ ဦးလေးက မင်းကို နက်နဲတဲ့ ဖုန်းရွှေ လျှို့ဝှက်နည်းပညာတွေကို သင်ပေးမယ်"

နှစ်မိနစ် ကြာမြင့်သွားပြီးနောက်၊ ဖန်ယင်က တတ်ကြွ လန်းဆန်းစွာဖြင့် အခန်းထဲမှ ထွက်လာစဉ်တွင် မျက်နှာနီမြန်းနေသော ချန်ရှောင်ရှောင်က သူမ၏ ဖရိုဖရဲဖြစ်နေသည့် အဝတ်အစားကို ဆွဲဆန့်လျက် အနောက်မှ လိုက်ပါလာလေ၏။

“အန်ကယ်ဖန်၊ ကျွန်မကို ဖုန်းရွှေ လျှို့ဝှက်နည်းပညာတွေ သင်ပေးမယ်လို့ ပြောတာ တကယ်လား ဟင်"

"အင်းလေ၊ သင်ပေးမှာပေါ့။ အရည်အချင်းနဲ့ ပတ်သက်ရင် မင်းရဲ့ ဆရာတောင် ဦးလေးနဲ့ မယှဉ်နိုင်ဘူး" ဖန်ယင်က လှောင်ပြောင် ရယ်မောလိုက်သည်။

"ဟုတ် ဟုတ်။ ကျေးဇူးတင်ပါတယ် ဦးလေးဖန်"

ချန်ရှောင်ရှောင်က အလွန် ပျော်ရွှင်နေမိသည်။

နောက်ထပ် ဆယ်မိနစ်ကျော်ခန့် ကုန်ဆုံးသွားချိန်တွင် ချန်ကျူ တစ်ယောက် အပြင်မှ ပြန်ရောက်လာသည်။

"စုံစမ်းတာ ဘယ်လိုလဲ" ဖန်ယင်က ပြုံး၍ မေးလိုက်သည်။

ချန်ကျူက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒီက သူငယ်ချင်းတစ်ချို့ကို ကျွန်မ မေးကြည့်ပြီးပြီ၊ ရှန်ကျန်းဆိပ်ကမ်းမှာ ပုံမှန်မဟုတ်တာ ဘာမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတာတဲ့"

“မင်မိသားစုက ဒီမှာ နှစ်ရာနဲ့ချီပြီး လည်ပတ်နေတော့၊ ကြေးနီနံရံတွေ သံတံတိုင်းတွေနဲ့ ခံစစ်လုပ်ထားသလို အခိုင်အမာ တည်ဆောက်ထားတာပဲ။ မူမမှန်တာတွေရှိရင်တောင် အပြင်လူတွေက သူတို့အကြောင်း ဘာမှ မသိကြဘူးဆိုတော့"

ပြီးနောက် ဖန်ယင်က လေးလံသော အသံဖြင့် ပြောလိုက်သည်။

“နောက်ပိုင်း ကိစ္စတွေ အဆင်ပြေချောမွေ့ဖို့ အတွက်ဆိုရင် အခုက ကျုပ်တို့တွေ မဟာမိတ်ဖွဲ့ဖို့ အကောင်းဆုံး အချိန်ပဲ”

"အဲ့လိုဆိုရင် ကောင်းတာပေါ့"

ချန်ကျူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဖန်ယင်၏ စကားများသည် ချန်ကျူ၏ အတွေးများနှင့် တစ်ထပ်တည်းကျနေသည်။ မိမိတစ်ယောက်တည်း လှုပ်ရှားမည်ဆိုလျှင် လုပ်ဆောင် အားနည်းနေမည်ဖြစ်သည်။ ဖန်ယင်သည် မိမိထက် ပိုမို အင်အားကြီးသူဖြစ်သောကြောင့် ၎င်းနှင့် ပူပေါင်းမည်ဆိုလျှင် မိမိအတွက် များစွာ အကျိုးရှိနိုင်သည်။

“အဲ့ဒါ အပြင်၊ ဟို ပင်လယ်မိစ္ဆာ သွေးပုတီးစေ့ကို မင်း အမြဲလိုချင်နေခဲ့တာ မဟုတ်လား။ ဖွဲ့စည်းပုံကို ချိုးဖျက်တဲ့ အချိန်ကျရင် ကျုပ်တို့တွေ တိတ်တဆိတ် လှည့်ကွက်လုပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ် အမွေအနှစ်ကို ယူရင်းကနေ တစ်စုံတစ်ယောက် ပျက်သုဉ်းသွားတာလောက်က ပုံမှန်ပဲ မဟုတ်လား" ဖန်ယင်က ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါဆို… ကောင်းပြီလေ” ချန်ကျူက တုံ့ဆိုင်းစွာဖြင့် သဘောတူလိုက်သည်။

ဖန်ယင်သည် ချန်ရှောင်ရှောင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် သူ့အခန်းရှိရာသို့ ပြန်သွားခဲ့သည်။ အခန်းထဲတွင် ၎င်းတို့နှစ်ဦးသာ ကျန်ရစ်တော့သည်နှင့် ချန်ကျူက လေးနက်စွာ မေးလိုက်သည်။

"ဘယ်လိုဖြစ်လဲ။ သူ့ဆီကနေ တစ်ခုခု သိလိုက်ရလား" ချန်ရှောင်ရှောင်က စိတ်မကျေမနပ်စွာဖြင့် စူပုပ်လိုက်သည်။

“ဒီကောင်က ယုန်ကို မတွေ့မချင်း လက်သည်းကို ထုတ်ပြမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မကို ကသိကအောက်နဲ့ထားခဲ့တာ ဘာမှလည်း အရည်အချင်းမရှိဘူး။ စိတ်တိုလိုက်တာ"

"ဒါပေမယ့် နောက်ကျရင် ဖုန်းရွှေ လျှို့ဝှက်နည်းပညာတွေ သင်ပေးမယ်လို့တော့ ပြောသွားတယ်"

ချန်ကျူက ခေါင်းညိတ်လိုက်သည်။

"သူ့ဆီကနေ အသေးစိတ် အချက်အလက်တွေကို အကုန်မေးဖို့ မမေ့နဲ့"

"နားလည်ပါပြီ"

အခြားသော ဖုန်းရွှေပညာရှင်များသည်လည်း ၎င်းတို့၏ မဟာမိတ်၊ ရန်ငြိုးဖွဲ့ ဂိမ်းများကို တိတ်တဆိတ် ကစားခြင်းဖြင့် ကိုယ်ပိုင် အကြံအစည်များ ထားရှိနေကြသည်။ ဤသို့ဖြင့် လူတိုင်းက ၎င်းတို့၏ အကောက်ကြံစည်နေသော စိတ်ဆန္ဒများကို ဖုံးကွယ်ထားရာမှ သုံးရက်ကြာမြင့်သွားခဲ့သည်။ ဤနေ့ရောက်လာချိန်တွင် လူတိုင်းက မင်အိမ်တော်တွင် နံနက်စောစော စုရုံးနေကြသည်။ မင်ယွေ့ဖုန်းသည် မင်းမိသားစု၏ လက်ရွေးစင် လက်အောက်ငယ်သားများကို ဦးဆောင်၍ စောင့်နေပြီဖြစ်သည်။

နောက်ဆုံး ရောက်လာသူသည် ရွှယ်အန်းဖြစ်သည်။ ရွှယ်အန်း၏ စိမ်ပြေနပြေ လျှောက်လာသော အပြုအမူကို လူအများက စိတ်မရှည် ဖြစ်လာကြသည်။ မင်ယွေ့ဖုန်းက မည်သည့်စကားမျှ ပြောဆိုခြင်း မရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“အားလုံးပဲ ကားပေါ်ကို တက်ကြပါ။ ကျွန်တော်တို့ သွားမယ့်နေရာက နည်းနည်း ဝေးတယ်။ အဲဒီကိုရောက်ဖို့ နေ့ဝက်လောက်ကြာလိမ့်မယ်"

လူတိုင်းက ဘတ်စ်ကားကြီးပေါ်သို့ တက်သွားကြ၍ ယွမ်ယွင်ရှင်းသည် ရွှယ်အန်း၏ နံဘေးတွင် ထိုင်လိုက်သည်။ ကား စတင်ထွက်ခွာသည်နှင့် လူအများက ၎င်းကိစ္စရပ်ကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

ရွှယ်အန်း တစ်ဦးတည်းကသာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်နေလိုက်သည်။

"မစ္စတာ၊ ကျွန်မ ရှင့်နာမည်ကို မသိရသေးဘူးနော်"

ယွမ်ယွင်ရှင်းက မနေနိုင် မထိုင်နိုင်ဖြင့် မေးလိုက်သည်။ ရွှယ်အန်းက ဤသာမန် ရုပ်ရည်ဖြင့် အမျိုးသမီးကို လှည့်ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် ပြတင်းပေါက်ဘက်သို့ ပြန်လှည့်သွားခဲ့သည်။

"မျိုးရိုးနာမည်က ရွှယ်ပါ"

"ဪ မစ္စတာရွှယ်၊ ကျွန်မက ကျိပေမြို့၊ ယွမ်မိသားစုက ယွမ်ယွင်ရှင်းပါ။ မိတ်ဆွေဖွဲ့ရအောင်လေ"

ယွမ်ယွင်ရှင်းသည် ရွှယ်အန်းနှင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ ရွှယ်အန်းက အနည်းငယ်မျှ ပြုံးလိုက်သည်။

"ကျုပ် သိပါတယ်၊ လူသိများတဲ့ ပါရမီရှင်ပဲကို။ ဒါပေမယ့် ကျုပ်က မိတ်ဆက်ဖွဲ့ရတာ မကြိုက်လို့ စိတ်မရှိပါနဲ့"

ဤမှတ်ချက်သည် အနီးနားရှိ လူများကို လှည့်ကြည့်လာစေသည်။ ယွမ်ယွင်ရှင်းအပေါ် ထားရှိသော ရွှယ်အန်း၏ အေးစက်သည့် အပြုအမူကို စိတ်မကျေမနပ်ဖြစ်နေသော အများစုက မဖော်ရွေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။ သို့သော် ယွမ်ယွင်ရှင်းက ခပ်ပါးပါး ပြုံး၍ သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"ကျွန်မက မစ္စတာရွှယ်ရဲ့ ဖွဲ့စည်းပုံတွေအပေါ် နားလည်နိုင်စွမ်းကို လေးစားရုံပါ၊ တခြားမဟုတ်ပါဘူး"

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် နှုတ်ဆိတ်နေလိုက်သည်။

'မင်း အစ်ကိုကို သတ်ခဲ့တဲ့သူက ကျုပ်မှန်းသာ သိရင် ဘယ်လိုနေမလဲဆိုတာ သိချင်မိသား'

ဘတ်စ်ကားသည် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာပြီးနောက် ၎င်းတို့အားလုံး သင်္ဘောပေါ်သို့ ထပ်မံ ရွေ့ပြောင်း၍ နှစ်နာရီကျော်မျှ ရွက်လွှင့်နေကြသည်။ မင်ယွေ့ဖုန်းက သင်္ဘောဦးတွင် ရပ်၍ လေးနက်စွာ ပြောလိုက်သည်။

"ကျုပ်တို့ သွားရမယ့် တည်နေရာက ဟိုအရှေ့မှာပဲ"

မြောက်မြားစွာသော ဖွဲ့စည်းပုံ ပညာရှင်များက ထိတ်လန့်သွားကြသည်။

'အင်မော်တယ် အမွေအနှစ်က ပင်လယ်ထဲမှာ တကယ် ရှိနေတာလား'

တကယ်ကိုပင် ၎င်းတို့အရှေ့ရှိ ပင်လယ်ပြင်ကျယ်ကြီးတွင် တစ်လုံးစ နှစ်လုံးစ ကျောက်တုံးတချို့ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ နက်မှောင်သော သံထည်ရောင် ကျောက်တုံးကြီးများနှင့် ရေလှိုင်းလုံးများ တိုက်မိချိန်တွင် အဖြူရောင် ရေမြှုပ်များ ဖြစ်ပေါ်စေသည်။ ဤနေရာတွင် လေနှင့် ရေလှိုင်းများ ပိုမိုပြင်းထန်လာသည်။ ဤသည်မှာ သင်္ဘောလမ်းကြောင်းမဟုတ်သကဲ့သို့ ငါးများလည်းမရှိသောကြောင့် များသောအားဖြင့် ဤကဲ့သို့သောနေရာကို သင်္ဘောများ လာရောက်ခြင်း မရှိကြပေ။

ထိုအချိန်တွင် ရွှယ်အန်းက အဝေးတစ်နေရာကို စူးစိုက်ကြည့်လိုက်သည်။ ပင်လယ် လေညင်းများအကြားရှိ ဤနေရာသည် အလင်းရောင်များက အလိုလို တွန့်လိမ်နေသကဲ့သို့ဖြစ်နေ၍ အလွန် ထူးဆန်းနေပုံပေါ်သည်။ တစ်ချိန်တည်းမှာပင် မင်ယွေ့ဖုန်းက သူ၏ပစ္စတိုသေနတ်ကို ဆွဲထုတ်၍ အရှေ့ဘက် ပင်လယ်ပြင်ကို သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

ပစ်ခတ်မှုများပြီးဆုံးသည်နှင့် ပင်လယ်ဧရိယာပြင်ရှေ့တွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းကို ထိမှန်သွားသည်နှင့် ကျည်ဆံများအားလုံး ပင်လယ်ထဲသို့ ပြန်ကန်ထွက်လာကြသည်။ လူအုပ်ကြီးကြားတွင် အံ့ဩမှု ရေရွတ်သံများ ပျံ့နှံ့သွားသည်။

“ကျုပ်တို့ တွက်ချက်မှုအရ ဒီဖွဲ့စည်းပုံရဲ့ အကွာအဝေးက ငါးမိုင်လောက်ရှိတယ်။ သေနတ်နဲ့လည်း မထိုးမဖောက်နိုင်ဘူး။ အခုကစပြီး ခင်ဗျားတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်သွားပြီ"

“ကောင်းပြီလေ"

တစ်စုံတစ်ယောက်က ညင်သာစွာဖြင့် အသံပြုလိုက်သည်။ ပြီးနောက် တခြားလူများက တားဆီးမည်ကို ကြောက်ရွံ့နေသကဲ့သို့ အလံငယ်တစ်ချို့ကို စိတ်အားထက်သန်စွာ ထုတ်ယူ၍ အရှေ့သို့ ပစ်လွှတ်လိုက်လေသည်။

"အကန့်အသတ်မဲ့သော ကောင်းကင်နဲ့ မြေကြီး၊ ကျွန်ုပ်အား စွမ်းအင်များ ချေးငှားပေးပါ စကြဝဠာကြီး"

ဘုံး

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ လေထုထဲတွင် အလံများ ရုတ်တရက် ကြီးမားလာ၍ ကျောက်ဆောင်များဆီသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။ ဤလှုပ်ရှားမှုသည် ကြည့်ရှုနေသူများစွာ၏ အားပေးမှုကို ရရှိစေခဲ့သည်။

"အထင်ကြီးလောက်စရာပဲ။ ဆရာဟူရဲ့ နည်းလမ်းတွေက တကယ့်ကို ထူးခြားတာပဲ…”

“အထင်ကြီးလောက်ဖွယ်” ဟူသော စကားလုံးကို အပြည့်အ၀ မပြောနိုင်ခင် လေထုအလယ်တွင် အပြာရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၍ ပျံ့နှံ့သွားခဲ့သည်။ အလံများသည်လည်း လျင်မြန်စွာ ချိုးဖျက်ခံခဲ့ရသည်။

ထိုအချိန်တွင် ယွမ်ယွင်ရှင်းက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။

“အရူးတွေ။ ဖွဲ့စည်းပုံက ချိုးဖျက်ဖို့ ဒီလောက်လွယ်ရင် ဒီလိုလုပ်ဖို့ ရှင်တို့ အလှည့်တောင် ရောက်လိမ့်မယ်လို့ ထင်နေတာလား"

ပြီးနောက် ရွှယ်အန်းက အနည်းငယ်ပြုံး၍ ဆုန်ယိကို မေးလိုက်သည်။

"သူ ဘာလို့ ကျရှုံးသွားတာလဲ ခင်ဗျား သိလား"

ဆုန်ယိက ခေါင်းခါလိုက်သည်။

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ သူက စကြဝဠာထဲက စွမ်းအင်ကို အမြဲတမ်း ချေးယူ သုံးစွဲပြီး ဘယ်တော့မှ ပြန်မပေးတဲ့အတွက် အခုတော့ စကြဝဠာက မချေးချင်တော့ဘူးပေါ့"

ရွှယ်အန်း၏ စကားများသည် ယွမ်ယွင်ရှင်းကို မျက်ရည်ကျသည်အထိ ရယ်မောစေခဲ့သည်။

'ဒီလူရဲ့ တွေးခေါ်မှုပုံစံက ဘယ်လောက် ထူးခြားလိုက်သလဲလို့။ ဒီလိုအချိန်မျိုးမှာတောင် ဟာသပြောနိုင်နေတုန်းပါလား'

ယွမ်ယွင်ရှင်းက တစ်ခုခုပြောဆိုရန် ပြင်ဆင်နေအချိန်တွင် ဆရာကြီးဟူက တုန်ယင်လာ၍ သူ၏ ခြေထောက်အောက်မှ အစိမ်းရောင် အလင်းလုံးတစ်ခု ထွက်ပေါ်လာသည်ကို သူမ တွေ့လိုက်ရသည်။

"အား"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆရာကြီးဟူသည် အော်ဟစ်သံများနှင့်အတူ အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူ၏အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဤကဲ့သို့ ဆိုးရွားသည့် နည်းလမ်းသည် လူတိုင်း၏မျက်နှာများကို ဖြူဖျော့သွားစေသည်။ ထိုမှသာလျှင် ဤအရာသည် အင်မော်တယ်တစ်ဦး ချန်ရစ်ထားခဲ့သည့် ဖွဲ့စည်းပုံတစ်ခုဖြစ်ကြောင်း လူအများက မှတ်မိသွားကြသည်။ ၎င်းကို မည်သို့မျှ အလွယ်တကူ ဖျက်ဆီးနိုင်မည်နည်း။ ထိုအချိန်တွင် ယွမ်ယွင်ရှင်းက လေးနက်စွာ ပြောလိုက်သည်။

“ဒီအင်မော်တယ် အမွေအနှစ်က အရမ်း အန္တရာယ်များတယ်။ အားလုံးပဲ ပေါ့ပေါ့ဆဆ မလုပ်ကြဘဲ ကျွန်မ အမိန့်ကို လိုက်နာကြပါ။ အခု ကျွန်မတို့ ဒီကျောက်တုံးကြီးကို ဖြေရှင်းမှရမယ်”

ယွမ်ယွင်ရှင်းက စကားပြောနေစဉ်တွင် အရှေ့ဆုံးရှိ ကျောက်တုံးဆီသို့ ညွှန်ပြလိုက်သည်။

“ခဏနေရင် လူတိုင်းက ဒီကျောက်တုံးကြီးကို ပူးပေါင်း ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ်ပိုင်နည်းလမ်းတွေကို အသုံးပြုရမယ်။ ဒါကိုချိုးဖျက်မှ အင်မော်တယ် အမွေအနှစ်ကို ဖွင့်နိုင်မှာ"

ယွမ်ယွင်ရှင်း၏ အမူအရာသည် အလွန်လေးနက်လာသည်။ လူအုပ်ကြီးက ခေါင်းညိတ်လိုက်ကြသည်။

"၃၊၂၊ ၁၊ စကြ" ယွမ်ယွင်ရှင်းက အမိန့်ပေးလိုက်သည်။

ထို့နောက် လူများစွာသည် ၎င်းတို့၏ မှော်လက်နက်များကို အသုံးပြု၍ ကျောက်တုံးကြီးကို တခဲနက် တိုက်ခိုက်နေကြသည်။ ရွှယ်အန်း တစ်ဦးတည်းကသာ လက်ပိုက်၍ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ မင်ယွေ့ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဘာလို့ ဘာမှ မလုပ်တာလဲ"

ရွှယ်အန်းက မင်ယွေ့ဖုန်းကို လှည့်ကြည့်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီ 'မျက်လုံးဖွဲ့စည်းပုံ' က အတုကြီးမို့လို့ပဲ"

အခန်း (၁၆၄) ကွေ့ယီဖွဲ့စည်းပုံ တစ်သောင်း

အရှေ့ဘက်ရှိ သန္တာကျောက်တန်းသည် အဆတစ်ရာကျော်မျှ ရုတ်တရက် ကျယ်ပြန့်လာသောအခါ ရွှယ်အန်း၏အသံ မှိန်ဖျော့သွားလေသည်။ ဧရာမ ကျောက်တိုင်ကြီးတစ်ခုသည် ပင်လယ်ရေမျက်နှာပြင်မှ တိမ်တိုက်များဆီ ရောက်ရှိနေသည့်နှယ် ရုတ်တရက် ထိုးတက်လာခဲ့သည်။

ဤကြီးမားလှသော ကျောက်ဆောင်အရှေ့တွင် ၎င်းတို့၏ တိုက်ခိုက်မှုများက သမုဒ္ဒရာထဲသို့ တိုးဝင်သွားသည့် ရွှံ့စေးနွားတစ်ကောင်ကဲ့သို့ဖြစ်နေ၍ လှိုင်းဂယက်ငယ် တစ်ခုကိုပင် မဖြစ်ပေါ်စေခဲ့ပေ။ ယွမ်ယွင်ရှင်း၏ မျက်နှာအမူအရာ အလွန်ပြောင်းလဲသွားပြီးနောက် သူမက အံ့ဩထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

သူမသည် ဤမျက်လုံးဖွဲ့စည်းပုံကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွက်ချက်ထားခြင်းဖြစ်သည်၊ ယခုမူကား မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားခြင်းဖြစ်သနည်း။ လူတိုင်းက ဆွံ့အ နေကြသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံအထိ မြင့်တတ်နေသော ကျောက်တိုင်ကြီးတွင် ရွှေရောင်အက္ခရာ စာတန်းတစ်ခု ထွက်ပေါ်လာသည်။

“အင်မော်တယ် ဘုရင်ရဲ့ စံအိမ်ကို ကျူးကျော်သူမှန်သမျှ သေရလိမ့်မယ်"

ဤစကားများ ပေါ်လာသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။

“ ကြည့်စမ်း... သင်္ဘောကို"

လူတိုင်းက ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် ကြီးမားကျယ်ပြန့်သော ပင်လယ်သင်္ဘောကြီးက ပင်လယ်ရေမျက်နှာပြင်မှ ဖြည်းညှင်းစွာ လွင့်မျောသွားသည်ကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ကို မြေပြင်ပေါ်သို့ ဖိနှိပ်စေသည့် ကြောက်မက်ဖွယ် စွမ်းအင်ကို လူတိုင်းက ခံစားလိုက်ရ၍ ခေါင်းမမော့နိုင်တော့ပေ။

ဤကြောက်မက်ဖွယ် ဖိအား၏အောက်တွင် သင်္ဘောတစ်ခုလုံး သိသိသာသာဖြင့် တကျွီကျီမြည်သွားလေသည်၊ ၎င်းသည် ကြီးမားည့် ဖိအားကြောင့် ပျက်စီးသွားသော သတ္တုများ၏ ကျိုးပဲ့သံဖြစ်သည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ် အင်အားသည် လူတိုင်း၏ စိတ်နှလုံးကို ထိတ်လန့်သွားစေသည်။ ယွမ်ယွင်ရှင်း၏မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အကြည့်များဖြင့် ပြည့်နှက်နေသည်။ အဆုံးတွင် သူမက သဘောပေါက်သွားခဲ့သည်။

ထိုသို့သော လွှမ်းမိုးမှု စွမ်းအင်မျိုးဖြင့် ရင်ဆိုင်ရသောအခါ လူသားတို့၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးပင်ဖြစ်သည်။ ၎င်းတို့၏ အစီအစဥ်များနှင့် တွက်ချက်မှုအားလုံးက ဟာသတစ်ခုကဲ့သို့ပင် ရယ်ဖွယ်ရာကောင်းနေသည်။ ကြောက်ရွံ့နေသော ဖန်ယင်က စတင် ငိုကြွေးလာတော့သည်။

"ငါ မသေချင်သေးဘူး။ ဒါ မင်မိသားစုရဲ့အမှား၊ မင်းတို့ ကြောင့်ပဲ၊ အား"

လူတိုင်း၏မျက်နှာများတွင် တင်းမာသော အမူအရာများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် သင်္ဘောဦးဆီမှ ငြိမ်သက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်လောက်ကများ အင်မော်တယ် ဘုရင်ဘွဲ့ကို ဟန်လုပ် ပြောရဲရတယ်လို့"

လူတိုင်းက ခေါင်းမော့ကြည့်ရန် ရုန်းကန်လိုက်ကြသည်။ ပင်လယ်လေညင်းဖြင့် သူ၏အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခတ်နေသော ရွှယ်အန်းက သင်္ဘောဦးတွင်ရပ်၍ ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ယွမ်ယွင်ရှင်းနှင့် အခြားလူများ အံ့အားသင့်သွားကြသည်။

'သူ ဘာလုပ်မလို့လဲ'

လူတိုင်း၏ ပဟေဋ္ဌိဖြစ်နေသော အကြည့်များကြားတွင် ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ထွက်ပေါ်လာစမ်း"

ထိုကျောက်တုံးကြီးပေါ်တွင် သိပ်သည်းထူထပ်သော ရွှေရောင် လက်ဖွဲ့အဆောင် မန္တန်များ ရုတ်တရက် ပေါ်ထွက်လာသည်။ လေထုထဲတွင် မရေမတွက်နိုင်သော ဓားအလင်းရောင်များနှင့် လေထုဖြင့် ဖွဲ့စည်းထားသော ဓားသွားများ ပေါ်လာပြီးနောက် ဦးတည်ချက်ပြောင်းလဲ၍ ရွှယ်အန်းကို ချိန်ရွယ်လိုက်ကြသည်။

ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် ယွမ်ယွင်ရှင်းနှင့် အခြားလူများကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော် ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

“ဪ၊ ဒါဆို ပဋိသန္ဓေဒြပ်စင်ငါးသွယ်ရဲ့ ဆန့်ကျင်ဘက် ဖွဲ့စည်းပုံပေါ့လေ။ ခင်ဗျားရဲ့ ရွှေအင်မော်တယ် အဆင့်တစ်ဝက် ကျင့်ကြံမှုလောက်နဲ့ ဒါကို ရေးဆွဲခဲ့တာ တော်ရုံတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်ကို ဒီလောက်နဲ့ ထိခိုက်အောင်လုပ်ဖို့ မလုံလောက်သေးဘူး"

ဓားအလင်းရောင်များနှင့် လေထု ဓားသွားများသည် ရွှယ်အန်း၏ စကားကို နားလည်နေသည့် ဟန်ဖြင့် အနောက်သို့ အနည်းငယ် ဆုတ်ခွာပြီးနောက် နေကြတ်သွားသကဲ့သို့ ထိုးစိုက်ချလိုက်လေသည်။

ရွှယ်အန်း ဆုံးပါးသွားတော့မည်ဟု ထင်မှတ်နေသော ယွမ်ယွင်ရှင်းက စိတ်ပျက်အားငယ်စွာဖြင့် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

သို့တိုင်ပင် ဖန်ယင်နှင့် ချန်ကျူတို့က တစ်ဖက်သား၏ ကံဆိုးမှုကို အားရနေသည့်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုအချိန်တွင် တည်ငြိမ်သည့် အမိန့်ပေး အသံတစ်ခု ထွက်ပေါ်လာသည်။

“ဒီနေ့၊ မင်းတို့အားလုံးကို အင်မော်တယ် ဖွဲ့စည်းပုံအစစ်က ဘာလဲဆိုတာ မြင်ခွင့်ပေးလိုက်မယ်”

ရွှယ်အန်းသည် ထိုစကားများပြောပြီးသည်နှင့် ရှုပ်ထွေး၍ နက်နဲသော အမူအရာမျိုးကို လက်ဖြင့်ဖန်တီးကာ ဟစ်အော်လိုက်သည်။

"ဖွဲ့စည်းပုံအားလုံး...ကွေ့ယီ"

ဘုံး

ရွှယ်အန်း၏ အနီးရှိ ဓားအလင်းရောင်များနှင့် လေထု ဓားသွားများ ရပ်တန့်သွားကာ တဖြည်းဖြည်း ကြည်လင်လာ၍ အဆုံးတွင် ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။

ကြီးမားသော ကျောက်တုံးကြီးပေါ်ရှိ ရွှေရောင် မန္တန်များ တစ်ခဏမျှ တောက်ပလာ၍ ပြန်လည် မှိန်ဖျော့သွားပြီးနောက် ကျောက်တုံးအတွင်းမှ ကျိုးပဲ့ပျက်စီးသံများ ထွက်ပေါ်လာကာ ပေါက်ကွဲနှင့်အတူ ကြေမွသွားလေသည်။

ပင်လယ်မျက်နှာပြင်ကို အပြာရောင် အမိုးခုံးနှင့်ဆင်တူသော အလင်းတန်းတစ်ခု ဖုံးအုပ်သွားပြီးနောက် ဆပ်ပြာပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားသည်။

ကြောက်မက်ဖွယ် ဖိအားများ ပျောက်ကွယ်သွားသောကြောင့် လူတိုင်းက ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သင်္ဘောသည်လည်း ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပြန်လည် ငြိမ်သက်သွားသည်။

အားလုံးက မတ်တပ် ထရပ်ပြီးနောက် ၎င်းတို့၏ အရှေ့တွင် ရှိနေသော အရာကို မှင်သက်စွာ ငေးကြည့်နေကြသည်။

ယခင်က နေရာလွတ်နေသော ပင်လယ်ပြင်တွင် ကြည်လင်၍ လက်ရာမြောင်အောင် အနုစိတ်လွန်းသည့် ကျွန်းငယ်လေးတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။

ကျွန်းသည် လုံးပတ် တစ်မိုင်ထက် ကျယ်ပြန့်ပုံ မပေါ်သည့်အပြင် ၎င်း၏အလယ်ဗဟိုတွင် မြင့်မားသော နန်းတော်တစ်ခုက ထောင်မတ်စွာ တည်ရှိနေသည်။

“ဒါက... အင်မော်တယ် အမွေအနှစ်လား”

ယွမ်ယွင်ရှင်းက တီးတိုး ရေရွတ်လိုက်သည်။

ရွှယ်အန်းကို ကြည့်နေသော မင်ယွေ့ဖုန်း၏ မျက်လုံးများက တစ်ခုခုကို တွေးတောနေသည့်နှယ် တဖျတ်ဖျတ် လင်းလက်လာသည်။

ရွှယ်အန်းက အရှေ့ကို ခြေတစ်လှမ်းတိုး၍ လေထုကို ဖြတ်သန်းကာ ကျွန်းဆီသို့ လျှောက်သွားခဲ့သည်။ ဖန်ယင်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ အသိစိတ်ပြန်ဝင်လာခဲ့သည်။

“သွား၊ ကမ်းကို မြန်မြန်သွား"

အခြားလူများသည်လည်း အသိပြန်ကပ်လာကြသည်။ ဖွဲ့စည်းပုံကို ချိုးဖျက်ခဲ့သူက ရွှယ်အန်းဖြစ်သော်လည်း တံခါးဝသို့ ရောက်ရှိနေကြသော ၎င်းတို့က မည်သို့မျှ ဝင်မကြည့်ဘဲ နေနိုင်ကြမည်နည်း။ ထို့ကြောင့် ၎င်တို့အားလုံးက မျက်နှာပြောင်တိုက်စွာဖြင့် ကမ်းစပ်သို့ လိုက်ပါသွားကြသည်။

ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် ကျွန်း၏အလယ်ဗဟိုသို့ လျှောက်သွားကာ ခမ်းနားထည်ဝါ၍ ဆိတ်ညံသော နန်းတော်ကို မျှော်ကြည့်သည်။

နန်းတော်ပေါ်တွင် စကားလုံးသုံးလုံးကို ရှေးခေတ် စည်းတံဆိပ် အက္ခရာများဖြင့် ရေးသားထားသည်။

ရှောင်ဖန်းလိုင်။

ရွှယ်အန်းက အနည်းငယ် ပြုံး၍ နန်းတော်ထဲသို့ လျှောက်သွားခဲ့သည်။ ရွှယ်အန်း ဝင်ရောက်သွားပြီး မကြာမီတွင် မင်ယွေ့ဖုန်း၊ ဖန်ယင်နှင့် အခြားလူများ ဝင်ရောက်လာကြသည်။

ဤကျွန်းငယ်လေးရှိ တစ်ခုတည်းသော အဆောက်အဦသည် ဤနန်းတော်ဖြစ်သည်။ ၎င်းအထဲအတွင်း၌ အင်မော်တယ် ရတနာများအားလုံး ရှိရမည်ကို တွေးကြည့်ရုံ အလွယ်တကူ သိနိုင်သည်။ ဤအတွေးသည် မင်ယွေ့ဖုန်းနှင့် တခြားလူများ၏ မျက်လုံးများကို နီရဲလာစေသည်။

စောင့်ဆိုင်းရန် စိတ်မရှည်တော့သော ဖုန်းရွှေပညာရှင်တစ်ဦးက အပြေးအလွှား ဝင်ရောက်ချင်သည့် ကြံရွယ်ချက်ဖြင့် အရှေ့သို့ တိုးလိုက်သည်။ သို့သော် ထိုခြေလှမ်းအပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်။

၎င်းတို့ပတ်ဝန်းကျင်ရှိ လူများအားလုံး ပျောက်ကွယ်သွား၍ ကျယ်ပြောလှသော တောနက်ကြီးထဲသို့ ရုတ်တရက် ရောက်ရှိသွားခြင်းကို တွေ့လိုက်ရသည်။

ထိုအမျိုးသား၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

'ဘာတွေဖြစ်နေတာလဲ။ ဒါက ပုံရိပ်ယောင်များ ဖြစ်နေမလား'

၎င်းဖုန်းရွှေပညာရှင်က ထိတ်လန့်စိတ်နှင့် သံသယစိတ်ကြား နစ်မွန်းနေချိန်တွင် သူ၏ အနောက်မှ ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အမြင့် မီတာတစ်ရာကျော်မျှ မြင့်မားသော သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေခြင်းကို တွေ့လိုက်ရသည်။

အလွန်ကြောက်လန့်သွားသော ထိုလူက ဘောင်းဘီ စိုစွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ လှည့်ပြေးရန်ပြင်ဆင်ခဲ့သော်လည်း ခြေတစ်လှမ်းပင် မလှမ်းနိုင်မီတွင် သူ၏ ကျယ်ပြန့်သော ပါးစပ်ကြီးကို ဖွင့်လိုက်သော သားရဲက သနားစဖွယ် ဖုန်းရွှေပညာရှင်ကို တစ်ချက်တည်း ဝါးမျိုသွားလေသည်။

ယွမ်ယွင်ရှင်းနှင့် အခြားလူများ၏ အမြင်တွင်၊ ထိုလူက နေရာတွင် ရပ်တန့်နေရာမှ သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် အသွေး သားစိုင်များအဖြစ်သို့ ပြောင်းလဲကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဤမြင်ကွင်းသည် လူတိုင်း၏ အမူအရာကို အရောင်ပြောင်းသွားစေသည်။ အထူးသဖြင့် အလွန် တုန်လှုပ်သွားသော ယွမ်ယွင်ရှင်းက အော်ဟစ်လိုက်သည်။

"ပုံရိပ်ယောင်ပဲဖြစ်မယ်။ အားလုံးပဲ သတိထားကြ"

သို့သော် သူမ ထိုစကားများပြောပြီး မကြာမီတွင် ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ အပြင်ဘက်ရှိ လူများအားလုံးက ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေကြချိန်စဉ်၊ ရွှယ်အန်းသည် နန်းတော်အတွင်း၌ ရပ်နေသည်။

အလယ်ဗဟိုရှိ တရားထိုင်သည့် ကူရှင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် အရိုးစုတစ်ခုမှလွဲ၍ အခြားသော ပရိဘောဂ ပစ္စည်းများ မရှိဘဲ နေရာတစ်ခုလုံး လစ်ဟင်းနေသည်။ ရွှယ်အန်းက အနီးသို့ ချဉ်းကပ်လာ၍ အရိုးစုအရှေ့တွင် သွေးဖြင့် ရေးသားထားသော စကားလုံးများကို တွေ့လိုက်ရသည်။

'အနှစ်တစ်ထောင်ကျော်လောက် အင်မော်တယ် လမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး၊ လူတွေက ငါ့ရဲ့ ရှောင်ယောင်းကို အားကျခဲ့ကြပေမယ့် ဒီကမ္ဘာကြီးက ငါ့ကို မတိုးတက်နိုင်အောင် ဟန့်တားထားတဲ့ လှောင်အိမ်လိုပဲဆိုတာ လူတွေက မသိကြဘူး။ ငါ ဒီနေ့ အနိစ္စကမ္မဋ္ဌာန်းကို ဝင်ရောက်မယ်။ ငါသာ ဒီနယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့ရင် ဒီနေရာကို ကံအလျဉ်းသင့်သူအတွက် ချန်ရစ်နိုင်ခဲ့စေသလော'

နောက်ဆုံး ရေးသားထားသော စကားလုံးများသည် သက်ပြင်းချမှုများဖြစ်၍၊ သုံးကြိမ်မျှ ထပ်ခါတလည်းလည်း ညည်းညူနေခဲ့သည်။

ရွှယ်အန်းသည် အချိန်အတော်ကြာ သေဆုံးခဲ့ပြီးဖြစ်သော အရိုးစုကို ကြည့်၍ အနည်းငယ် လွမ်းတသသ ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

အင်မော်တယ် ကျင့်ကြံခြင်းသို့ သွားရောက်ရာ လမ်းစဉ်သည် စတင်ပြီးသည်နှင့် တပြိုင်နက် ပြန်လည်ပြောင်းလဲ၍ မရနိုင်ပေ။

မိမိတို့သည် ရဲရင့်စွာဖြင့် မနားတမ်း အားသွန်ခွန်စိုက် အဆင့်ဖြတ်ကျော်ရမည်ဖြစ်၍၊ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းအဆင့်၏ နယ်နိမိတ်တွင် ပိတ်မိနေပါက သေခြင်းထက် ပိုမို ဆိုးရွားစေမည်ဖြစ်သည်။

ဤကဲ့သို့ ရှင်းလင်းပြတ်သားသော ခံယူချက်ဖြင့် သေဆုံးနိုင်သည့် ဤရွှေအင်မော်တယ်အဆင့်တစ်ဝက် ပုဂ္ဂိုလ်သည် ကျင့်ကြံသူ အစစ်အမှန်ဟုလည်း ယူဆနိုင်သည်။

ရွှယ်အန်းသည် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ၎င်းအရိုးစုသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွား၍ လေနှင့်အတူ ပြန့်ကျဲသွားလေသည်။ မြေမှုန့်မှ မြေမှုန့်သို့၊ မြေကြီးမှ မြေကြီးဆီသို့၊ အင်မော်တယ် လမ်းစဉ်ကို အသစ်တစ်ဖန် ကျင့်ကြံရန်အတွက် လူဝင်စားသံသရာသို့ ဝင်ရောက်နိုင်ပါစေသလော။

ရွှယ်အန်းက သက်ပြင်းချပြီးနောက် စာအုပ်တစ်အုပ်နှင့် ဓားတစ်ချောင်းကို မြေပြင်မှ ကောက်ယူလိုက်သည်။ စာအုပ်တွင် စာကြောင်း တစ်ကြောင်းပါရှိသည်။

ဖွဲ့စည်းပုံများအကြောင်း စစ်မှန်သည့် သိမြင်နိုင်စွမ်း။

ဤလူသည် ရွှေအင်မော်တယ် တစ်ဝက်အဆင့် ကျင့်ကြံခြင်းဖြင့် ပဋိသန္ဓေဒြပ်စင်ငါးသွယ်ရဲ့ ဆန့်ကျင်ဘက် ဖွဲ့စည်းပုံကို တည်ထောင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူသည် ဖွဲ့စည်းပုံတွင် အထူးကျွမ်းကျင်သည့် ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် ဖြစ်၏။

ဤဓားသည် နှစ်ထောင်ပေါင်းများစွာကြာမျှ တိုက်စားခံခဲ့ရသကဲ့သို့ မကြည်မလင်ဖြင့် မှိန်ပြနေသည်။ ရွှယ်အန်းက ၎င်းကို ပေါ့ပါးစွာဖြင့် သုတ်လိုက်သည်။ ပြီးနောက် ဓားသည် ၎င်း၏ ထက်မြက်မှုကို ဖော်ပြလာသည်။ ဓားလက်ကိုင်ပေါ်တွင် ရှေးဟောင်း စည်းတံဆိပ်အက္ခရာ နှစ်ခုကို ရေးသားထားသည်။

လျို့ကွမ်။

ရွှယ်အန်းက ပြုံးလိုက်သည်။ ဤရတနာကို အင်မော်တယ် အမွေအနှစ်မှ အချည်းနှီး ရှာဖွေခဲ့ခြင်း မဟုတ်ပေ။ နှမြောစရာကောင်းသည်မှာ ဤပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာသည် အလွန် ကြာမြင့်စွာ ယိုယွင်းနေပြီဖြစ်သည်၊ မဟုတ်လျှင် ၎င်း၏ အင်မော်တယ် အနှစ်သာရ တပိုင်းတစမျှ ရယူနိုင်ပါက အလွန် အကျိုးရှိပေလိမ့်မည်။ ရွှယ်အန်းက ထိုပစ္စည်းများကို ကောက်ယူပြီးသည်နှင့် ကနဦးတွင် ခမ်းနားထည်ဝါသော နန်းတော်သည်လည်း လျင်မြန်စွာ ပျက်စီးယိုယွင်းသွားလေသည်။ ရွှယ်အန်းက လာရာလမ်းကို လှည့်ကြည့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

'သူတို့တွေ အကုန်လုံး ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေကြတာလား။ ကောင်းသွားတာပေါ့၊ အကြွေးဟောင်းဆက်ဖို့ အချိန်တန်ပြီ'

အခန်း (၁၆၅) သက်ရှိသတ္တဝါများ၏ ပုံရိပ်ယောင်နယ်ပယ်

ချန်ကျူနှင့် ချန်ရှောင်ရှောင်တို့ ဆရာ၊ တပည့်နှစ်ဦးသည် ၎င်းတို့အရှေ့ရှိ မရေတွက်နိုင်သည့် အရောင်အသွေးစုံသော အဆိပ်ပြင်းမြွေများကို ခိုက်ခိုက်တုန်၍ ကြည့်နေကြသည်။ ဤပုံရိပ်ယောက်နယ်မြေသည် လူတစ်ဦးစီ၏ အနက်ရှိုင်းဆုံး အကြောက်တရားများကို ထင်ရှားစေရန် ပုံဖော်ထားခြင်းဖြစ်သည်။

“ဆရာ… ဆရာ ပြောတော့ ဒါက ပုံရိပ်ယောင်တွေဆို၊ ဘယ်လိုလုပ်ပြီး ဒီမြွေတွေအကုန်လုံးက အစစ်တွေနဲ့ တူနေရတာလဲ"

ချန်ရှောင်ရှောင်က မျက်ရည်များဝဲလာသည်။ထိုအချိန်တွင် မျက်နှာအမူအရာ နက်မှောင်လာသော ချန်ကျူက ချန်ရှောင်ရှောင်ကို ရုတ်တရက် တွန်းထုတ်လိုက်သည်။ ချန်ရှောင်ရှောင်သည် အော်ဟစ်သံနှင့်အတူ အဆိပ်ပြင်း မြွေများ၏ ဝိုင်းရံမှုကို ခံလိုက်ရသည်။ သူမက ငိုယိုလျက် အော်ဟစ်လိုက်သည်။

“ဆရာ၊ ကျွန်မကို မြန်မြန်ကယ်ပါ”

ချန်ကျူက မတုန်လှုပ်ပေ။ စားစရာတစ်ခုခုရရှိသွားလျှင် မြွေများက သူမကို လွှတ်ပေးနိုင်ချေရှိမည်လားဟု သူမ စမ်းသပ်ချင်ခဲ့သည်။ သို့သော် ရလဒ်များက သူမကို စိတ်ပျက်သွားစေမည်မှာ သေချာသည်။

မြွေများသည် ချန်ရှောင်ရှောင်ကို အရိုးများသာကျန်ရစ်သည်အထိ ဝါးမျိုခဲ့သော်လည်း ပုံရိပ်ယောင်က မပျောက်ကွယ်သွားခဲ့ပေ။ ထိုအချိန်တွင် သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။

"ခင်ဗျားကို ဆယ်နှစ်ကျော်လောက် ဆရာလို့ ခေါ်ခဲ့တာတောင်၊ အခုလို့ မြွေတွေကြားမှာ ဆိုးဆိုးရွားရွား အဆုံးသတ်ခိုင်းခဲ့တယ်။ ခင်ဗျားက တကယ် ရက်စက်ကြမ်းကြုတ်တဲ့သူပဲ"

အလွန်ထိတ်လန့်သွားသော ချန်ကျူက လှည့်ကြည့်လိုက်ချိန်တွင် မြွေများကြားမှ လမ်းလျှောက်လာသော ရွှယ်အန်းကို မြင်လိုက်ရသည်။

ရွှယ်အန်း ခြေထောက် ကျရောက်ရာနေရာ၌ မြွေများအားလုံး ပြန့်ကျဲကာ သူ့ကို ဝတ်ပြုနေကြဟန်ဖြင့် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်တွားနေကြသည်။

ချန်ကျူ၏ နှလုံးသားထဲတွင် နောင်တလှိုင်းများ ခံစားလိုက်ရသော်လည်း အလွန်တရာမှ ကျိုးနွံသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

“... မစ္စတာရွှယ်၊ ရှင်က တကယ့်ကို နတ်ကျင့်စဉ် စွမ်းရည်မျိုးရှိတဲ့ လူပဲ။ ကျွန်မ ရှင့်ကို လေးစားမိပါတယ်။ အဲ့ဒီ့နေ့က လေဆိပ်မှာ ကျွန်မတပည့်က ရှင့်ကို စော်ကားခဲ့လို့ အခုလည်း သူနဲ့ ထိုက်တာကို ရသွားပါပြီ။ ကျွန်မကို ကယ်ပေးပါဦး နော်"

နှုတ်ဆိတ်၍ နားထောင်နေသော ရွှယ်အန်းက ချန်ကျူ၏ စကားများ ပြီးဆုံးသွားချိန်မှသာ သူ၏ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

"ပြီးပြီလား"

နှလုံးသားထဲအထိ အေးစက်တုန်လှုပ်သွားသော ချန်ကျူက တုန်ယင်စွာ ပြောလိုက်သည်။

"မစ္စတာရွှယ်၊ ကျွန်မက... ချီကျို့မြို့က ချန်မိသားစုဝင်တစ်ယောက်ပါ၊ ရှင် ကျွန်မကို..."

သူမ စကားမပြီးဆုံးမီတွင် ရွှယ်အန်း၏ ပေါ့လျော့သော ဝှေ့ယမ်းမှုနှင့်အတူ သူမ၏ဦးခေါင်း ပေါက်ကွဲထွက်သွားလေသည်။

မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သော ချန်ကျူသည် သေဆုံးသွားသည်အထိ ရွှယ်အန်းက ရုတ်တရက် တိုက်ခိုက်လိမ့်မယ်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏အလောင်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ချီကျို့ရဲ့ ချန်မိသားစုအကြောင်းပဲ အမြဲတမ်း ပြောနေတာက ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလဲဆိုတာ မသိဘူးလား"

ဤသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဖန်ယင်နှင့် ဆုန်ယိတို့သည်လည်း တူညီသော ပုံရိပ်ယောင်ထဲတွင် ရှိနေခဲ့ကြ၍ မရေတွက်နိုင်လောက်အောင် ထက်မြက်သည့် ဓားရှည်များဖြင့် စိုက်ထူထားသော ဓားတောင်တန်းကြီးတစ်ခုနှင့် ရင်ဆိုင်နေကြသည်။ ၎င်းတို့နှစ်ဦးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာသော ဓားတောင်ကြီးပေါ်ရှိ ကျောက်တုံးငယ်လေးပေါ်တွင် ရပ်နေကြသည်။

ဒေါသတကြီးဖြင့် ပြောနေသော ဖန်ယင်၏မျက်နှာထားသည် အလွန်တင်းမာနေသည်။

"ဆုန်ယိ၊ သောက်အဘိုးကြီး၊ ခင်ဗျားက ရွှယ်အန်းကို ပညာတွေအကုန်လုံး သင်ပေးထားတာ မဟုတ်လား"

ထိုအချိန်တွင် ဆုန်ယိက လှောင်ရယ်လိုက်သည်။

"ဖန်ယင်၊ မင်းက ရှောင်ယောင်းအဆင့်ကလွဲပြီး ဘာမှမဖြစ်သေးတာ ဘာလို့လဲ မင်းသိလား။ ဘာလို့လဲဆိုတော့ မင်းက ငတုံးမို့လို့လဲ။ မစ္စတာရွှယ်က ကျုပ်ဆီက ခေါင်းစဉ်ကို ငှားရုံပဲ ငှားခဲ့တာ။ သူ့လို ပုဂ္ဂိုလ်မျိုးက ကျုပ်တပည့်ဖြစ်နိုင်မလား"

တုန်လှုပ်သွားသော ဖန်ယင်သည် အင်မော်တယ် ဖွဲ့စည်းပုံကို ရွှယ်အန်း၏ လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးလိုက်သည့် မြင်ကွင်းကို သတိရသွားမိသည်။

ဆုန်ယိက အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့အားလုံးက အမှားတစ်ခု လုပ်ထားကြတယ်။ အဲ့ဒါက မစ္စတာရွှယ်ကို ဆန့်ကျင်ထားတာပဲ။ မစ္စတာရွှယ်နဲ့ ထိပ်တိုက်တွေ့ပြီး အသက်ရှင်နေတဲ့ လူမျိုးကို ဒီအဘိုးကြီး တခါမှ မတွေ့ဖူးဘူး ကွ"

ဖန်ယင်၏မျက်နှာသည် တဖြည်းဖြည်း ဖြူဖျော့လာပြီးနောက် နောက်ဆုံးတွင် ဆုန်ယိကို နာကြည်းမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“ကြွားလုံးထုတ်တာ ရပ်လိုက်စမ်းပါ၊ ကျုပ်က လွယ်လွယ်နဲ့ ကြောက်တတ်တဲ့လူ မဟုတ်ဘူး။ ကျုပ် သေရမယ်ဆိုရင်တောင် ခင်ဗျားက ကျုပ်အရင် သေစေရမယ်"

ဤသို့ဖြင့် ဖန်ယင်က လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဆုန်ယိက ရှောင်တိမ်းလိုက်သော်လည်း ခြေထောက်အောက်ရှိ ကျောက်တုံးက လွန်စွာ ချော်ထွက်နေသောကြောင့် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

ဆုန်ယိက အဆက်မပြတ် အန္တရာယ်ကျရောက်နေချိန်တွင် ဖန်ယင်သည် ကြမ်းကြုတ်စွာ ပြုံး၍ ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် ရှန်းအန်းက တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ဆုန်ယိက အလွန်ဝမ်းသာသွားသည်။

“မစ္စတာရွှယ်"

ဖန်ယင်၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။ ထိုအခါ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဆုန်ယိ၊ ခင်ဗျားက တကယ်တော်တဲ့ တပည့်မျိုးကို ရွေးထားတာပဲ။ သစ္စာဖောက်မှုနဲ့ အဂတိလိုက်စားမှုမှာ မကျွမ်းကျင် လွန်းဘူးလား"

ဆုန်ယိက မချိပြုံး ပြုံးလိုက်သည်။ ပြီးနောက် ရွှယ်အန်းက ပြောလိုက်သည်။

"ကဲ အခု ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဖြေရှင်းဖို့ ကျုပ် အခွင့်အရေး ပေးလိုက်မယ်"

ရွှယ်အန်းက ပေါ့ပေါ့တန်တန် ညွှန်ပြလိုက်သည်နှင့်၊ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားသည့် အကန့်အသတ်မဲ့ ခွန်အားများကို ဆုန်ယိက ခံစားလိုက်ရသည်။

သူ၏ ကိုယ်ရောင်ကိုယ်ဝါများ တစ်ဟုန်ထိုးဘတိုးမြင့်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖန်ယင်၏ အရောင်အဝါများ လျော့နည်းလာခဲ့သည်။ ဖန်ယင်၏ မျက်နှာသည် ဒေါသဖြင့် တွန့်လိမ်လာခဲ့သည်။

"ခင်ဗျား... ဘာလုပ်ချင်လို့လဲ"

"ငါက ဘာလုပ်ချင်လို့လဲ ဟုတ်လား"

ဆုန်ယိက အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။

“ငါက မင်းကို သနားလို့ ခေါ်ယူပြီး မင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့တယ်။ ဒါကို မင်းက ဆရာကို သစ္စာဖောက်ပြီး ပုန်ကန်ချင်တဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်မျိုး ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အခု မစ္စတာရွှယ်ရဲ့အကူအညီနဲ့၊ ဒီဆုန်ယိက ကိုယ်ရေးကိုယ်တာကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းပစ်မယ်"

ထိုစကားဖြင့် ဆုန်ယိက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။ မြေပြင်ပေါ်သို့ ရိုက်နှက်ခံခဲ့ရသော ဖန်ယင်သည် ဓားတောင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

အလွန် ကြောက်လန့်သွားသော ဖန်ယင်က မြေပြင်ပေါ်တွင် တွားသွား၍ ငိုကြွေးနေသည်။

“ဆရာ၊ ကျွန်တော့် အသက်ကို ငဲ့ညှာပေးပါ ဆရာ။ ကျွန်တော် အရင်က မျက်လုံးကန်းနေလို့ပါ၊ ဒီတစ်ကြိမ်တော့ သက်ညှာပေးပါ”

ဆုန်ယိက မတုန်လှုပ်ခဲ့ပေ။

"ကောင်းကင်ဘုံက မင်းကို ခွင့်လွှတ်ရင် ခွင့်လွှတ်လိမ့်မယ် ဒါပေမယ့် ငါတော့ ခွင့်မလွှတ်ဘူး"

သူသည် အော်ဟစ်နေသော ဖန်ယင်ကို ကန်ချက် တစ်ချက်ဖြင့် ဓါးသွားတောင်ပေါ်မှ ကန်ထုတ်လိုက်လေသည်။ ဓါးသွားတောင်ပေါ်မှ လှိမ့်ဆင်းသွားသော ဖန်ယင်သည် ဆိုးရွားစွာ အော်ဟစ်နေသည်။ သူသည် အောက်ခြေသို့ရောက်ရှိသွားချိန်တွင် အသားစိုင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်နယ်မြေ ပျက်ပြယ်သွား၍ ကျွန်းငယ်လေးဆီသို့ ၎င်းတို့ပြန်ရောက်သွားကြသည်။ ဆုန်ယိက ပင့်သက်ရှိုက်ပြီးနောက် ရွှယ်အန်း၏အရှေ့တွင် လေးစားစွာ ဒူးထောက်ချလိုက်သည်။

“မစ္စတာရွှယ်၊ ဒီနေ့ အကူအညီအတွက် ကျုပ် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"

ဆုန်ယိက ကျိန်ဆိုလိုက်သည်။

"အခုကစပြီး မစ္စတာရွှယ်ဆီမှာ နှိမ့်ကျတဲ့ အစေခံအဖြစ် ထမ်းဆောင်သွားပါမယ်"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် လက်ထဲရှိ စာအုပ်ကို ပေါ့လျော့စွာ ပစ်ပေးလိုက်သည်။

"ဒါက ကျုပ်အတွက် အသုံးမဝင်ဘူး၊ ဒါပေမယ့် ခင်ဗျားနဲ့တော့ အံဝင်ခွင်ကျဖြစ်လောက်တာမို့လို့ ကိုယ့်ဘာသာ လေ့ကျင့်လိုက်ပေါ့"

ဆုန်ယိက စာအုပ်ကိုကြည့်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

"ဒါ...ဒါကဘာလဲ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဒါက အင်မော်တယ် ချန်ထားခဲ့တဲ့ စာအုပ်ပဲ"

ဆုန်ယိ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့သည်။ ပြီးနောက် လက်ကို ရုတ်တရက် ဆန့်ထုတ်ပြီးသည်နှင့် လက်ခလယ်ကို ကိုက်ကာ သူ၏နဖူးပေါ်တွင် မန္တန်များကို ရေးသား၍ ကျယ်လောင်စွာ ကြေငြာလိုက်သည်။

"တပည့် ဆုန်ယိက မစ္စတာရွှယ်ကို တစ်သက်လုံး ခစားသွားမယ်လို့ ကတိပြုပြီး သစ္စာဖောက်ခဲ့ပါက ကျွန်ုပ် စိတ်ဝိညာဉ် ပျက်စီးသွားပါလေသတည်း"

ဤသည်မှာ ဆုန်ယိ ကျိန်ဆိုခဲ့သော သစ္စာစကားဖြစ်သည်။

ရွှယ်အန်းသည် ဤဖြစ်စဉ်ကို ပြုံးရုံသာ ပြုံးပြပြီးနောက် မင်ယွေ့ဖုန်းနှင့် ယွမ်ယွင်ရှင်းတို့ရှိနေသည့် ပုံရိပ်ယောင်နယ်မြေထဲသို့ လှည့်ထွက်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် စစ်မက်သံများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်နှင့် ရင်ဆိုင်နေကြသည်။

ထိုအချိန်တွင် မင်ယွေ့ဖုန်းသည် ဒဏ်ရာများနှင့် ပြည့်နှက်နေ၍ ယွမ်ယွင်ရှင်းသည်လည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။

"ယွမ်ယွင်ရှင်း၊ မင်းပြောတော့ ဒါက ပုံရိပ်ယောင်နယ်မြေတစ်ခုဆို။ ဒါဆို ဘာလို့တကယ်လို့ ခံစားရတာလဲ"

မင်ယွေ့ဖုန်းသည် စစ်သားတစ်ဦးကို သတ်ဖြတ်ရန် ရုန်းကန်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကြံရာမရဖြစ်နေသော ယွမ်ယွင်ရှင်းက မှင်သက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါက အင်မော်တယ် ပုံရိပ်ယောင်ပဲ။ ပိတ်မိပြီးတာနဲ့ အသေခံတာနဲ့ လွတ်မြောက်ဖို့ နည်းလမ်းရှာတာကလွဲရင် တခြားနည်းလမ်းမရှိဘူး"

“မဟုတ်ဘူး။ ငါ အသေမခံနိုင်ဘူး။ ဒါ မင်းရဲ့အမှားပဲ၊ ငတုံးမ။ မင်းက ပါရမီရှင်ဆို၊ ဒါဆိုရင့် ငါကို ဒီနေရာကနေ ရအောင် ခေါ်ထုတ်ပေး”

မင်ယွေ့ဖုန်းက ဒေါသူပုန်ထ၍ ဟစ်အော်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် စစ်မြေပြင်ရှိ အရာအားလုံး ရပ်တန့်သွားသည်။

အံ့အားသင့်သွားသော မင်ယွေ့ဖုန်းက မော့ကြည့်လိုက်ချိန်တွင် တဖြည်းဖြည်း ချဉ်းကပ်လာသော ရွှယ်အန်းကို တွေ့လိုက်ရသည်။ ယွမ်ယွင်ရှင်း၏ မျက်နှာပြင်တွင် ယုံကြည်မှုကင်းမဲ့မှုများ ပေါ်ပေါက်လာသည်။

"ရှင်က... ဘယ်လိုဖြစ်ပြီး..."

ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် လက်ကို ညင်သာစွာ လှုပ်ယမ်းလိုက်သည်နှင့် စစ်သားများအားလုံး မီးခိုးငွေ့များကဲ့သို့ လူစုခွဲသွားကြသည်။

"ဒီလိုပုံရိပ်ယောင်လောက်က ကျုပ်အတွက် အသေးအဖွဲလေးပါ"

ပြီးနောက် ရွှယ်အန်းသည် မင်ယွေ့ဖုန်းဆီသို့ လှမ်းကြည့်လိုက်သည်။

"မင်မိသားစုရဲ့ ကြီးမြတ်တဲ့ သခင်လေးက သေမှာကို ကြောက်နေတာလား"

မင်ယွေ့ဖုန်း၏အမူအရာ အလွန်ပြောင်းလဲသွားသည်။

"မင်း... မင်းက ဘယ်သူလဲ"

ယခုအချိန်တွင် ရွှယ်အန်းက ဆုန်ယိ၏ တပည့်မဟုတ်ကြောင်း သူ သဘောပေါက်သွားသည်။

ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျုပ်ပြောပြီးပြီပဲ။ မျိုးရိုးနာမည်က ရွှယ်ဖြစ်ပြီး၊ ကျုပ်နာမည်က ရွှယ်အန်း"

'ရွှယ်အန်းတဲ့လား'

မင်ယွေ့ဖုန်းက မျက်မှောင်ကြုတ် လိုက်သည်။

'ဒီနာမည်က တော်တော်လေး ရင်းနှီးနေတယ်'

ထိုအချိန်တွင် ယွမ်ယွင်ရှင်းက တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်သည်။

"ရှင်... ရှင်က ရွှယ်အန်းလား။ ကျွန်မ အစ်ကိုကိုသတ်ခဲ့တဲ့ ရွှယ်အန်းလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ မင်ယွေ့ဖုန်းသည် ပေါက်ကွဲသံတစ်ခုနှင့်အတူ သူ၏အသိစိတ်များ ဗလာနတ္ထိဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

'ဒါဆို သူပေါ့။ လရောင်ရိပ်မြုံက လူတွေကို သတ်ပစ်ပြီး ဓားအင်မော်တယ်ကို ဓားတစ်လက်တည်းနဲ့ သုတ်သင်ခဲ့ ရွှယ်အန်း'

မင်ယွေ့ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ ယွမ်ယွင်ရှင်း၏ မျက်နှာတွင်လည်း ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် ရွှယ်အန်းက မင်ယွေ့ဖုန်းကို အပြုံးဖြင့် ကြည့်လိုက်သည်။

"သခင်လေးမင်၊ ကျုပ်မှာ တခြား အမှတ်အသားတစ်ခုလည်း ရှိသေးတယ်၊ အဲ့ဒါက ကျုပ်က အန်းချင်ရဲ့ ခဲအိုပဲ"

'အန်းချင်လား'

မင်ယွေ့ဖုန်းသည် သူ ဖမ်းဆီးရမိထားသော စစ်မှုထမ်းများအနက် အန်းချင်ဟု အမည်ရှိသော အမျိုးသမီးတစ်ဦးရှိကြောင်းကို ရုတ်တရက် သတိရသွားသည်။ သူ၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ရွှယ်အန်းက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။

"ဒါ့အပြင် မင်းတို့ မိသားစုထဲက ဟို မင်ယွမ်ဆိုတဲ့ လူကလည်း ကျုပ်လက်ချက်နဲ့ သေသွားတာ"

ရွှယ်အန်းက ခေတ္တရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ဒါတွေက ဘာမှ အရေးမကြီးပါဘူးလေ။ အရေးကြီးတာက မင်းတို့ရဲ့ မင်မိသားစုက မကြာခင် ပျောက်ကွယ်သွားရတော့မယ်ဆိုတာပဲ"

All Chapters