အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း (၁၇၂) သာမန်လူတစ်ယောက်၏ဒေါသ
အန်းရွှယ်၏ မျက်နှာသည် ပြာသွားသော်လည်း သူ့တွင် ပြောစရာမရှိ၊ မြင်းစီးပြိုင်ပွဲကို အဆိုပြုသူက သူဖြစ်သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်ကနူးညံ့စွာပြော၏။
“မင်းရဲ့ လှံရေးက မဆိုးပါဘူး၊ နှမျောစရာ ဒါက သာမန်လူတစ်ယောက်လုပ်နိုင်တာပါပဲ”
ထိုစကားနှင့်အတူ လူတစ်ယောက်သည် အဝေးမှ ဖြည်းညှင်းစွာ လျှောက်လာသည်။ ဘေးမှကြည့်သူများသည် လက်နှစ်ဖက်ကို ဘေးသို့ ချပ်၍ မတ်မတ်ရပ်၍ လေးစားစွာပြောလိုက်သည်။ “တတိယသခင်ကြီး”
အသစ်ရောက်လာသူသည် အန်းမိသားစု၏ လက်ရှိအချက်အချာကျသော အကြီးအကဲ အန်းယန်၏ ဦးလေး အန်းချန်မှလွဲ၍ အခြားသူမဟုတ်ပေ။ အန်းချန်သည် ယခုနှစ်တွင် အသက် လေးဆယ်ကျော် ဖြစ်သော်လည်း မှန်ကန်သော စောင့်ရှောက်မှုကြောင့် သိသိသာသာ ငယ်သွားခဲ့သည်။ထို့အပြင် သူ၏အမူအရာ ပြေပြစ်သည်၊ သူ၏ စိတ်နေသဘောထား မွန်မြတ်သည်၊ သူသည် အချိန်အတော်ကြာ ရာထူးကြီးကြီး ချုပ်ကိုင်ထားသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
ယခုအချိန်တွင် အန်းချန်၏ မျက်နှာပေါ်တွင် မောက်မာမှုအရိပ်အမြွက်များထင်ဟပ်နေ၏။
"မင်းက ရွှယ်အန်းလား"
ရွှယ်အန်း၏အမူအရာသည် ထူးမခြားနားဆဲပင်ဖြစ်ကာ စကားအပိုမပြောပေ။
"မင်းရဲ့ကွန်ဖူးက မဆိုးပါဘူး ဒါပေမယ့် ကျုံးတုမှာ မင်းလက်ထဲမှာရှိတဲ့ ပါဝါနဲ့ စည်းစိမ်ဥစ္စာက သာမာန်လူတစ်ယောက်ရဲ့ အဆင့်ကို ပြနေတာမဟုတ်ဘူးလား" လို့ အန်းချန်က လျစ်လျူရှု့၍ ပြောသည်။
သူပြောပြီးသည်နှင့်ပင် ရွှယ်အန်း၏အောက်ရှိ မြင်းနက်ကြီးသည် စီးနင်းကွင်းလက်ရန်းများပေါ်မှ ရုတ်တရက် ခုန်တက်ကာ အန်းချန်ဆီသို့ တည့်တည့်ပြေးလာသည်။ အန်းချန်၏ ရင်ဘတ်မှ လက်ညှိုးအကွာအဝေးသို့ရောက်သောအခါ မြင်းနက်သည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
အန်းချန်သည် မြင်းမှ ရှူထုတ်လိုက်သော ပူပြင်းသော အသက်ရှုသံကိုပင် အနံ့ခံနိုင်သည်။
“သာမာန်လူတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိဟုတ်လား။ အကြွင်းမဲ့ ခွန်အားမရသေးခင် သာမန်လူတစ်ယောက် ဒေါသထွက်ရင် ကမ္ဘာကြီးတစ်ခုလုံး ဦးညွှတ်ရမယ်ဆိုတာကို ယုံသလား”
အန်းချန်၏မျက်နှာသည် ချက်ချင်းဆိုသကဲ့သို့ပင် စာရွက်များကဲ့သို့ ဖြူဖျော့သွားကာ ရွှယ်အန်းကို အဆိပ်ပြင်းစွာ စိုက်ကြည့်နေသည်။
လေထုက တင်းမာလာသည်။
သို့သော် ထိုအချိန်တွင် ခမ်းနားစွာဝတ်စားဆင်ယင်ထားသော အဘိုးကြီးတစ်ဦးသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာ၏။
“သခင်မကြီး အမိန့်ပေးထားတယ်၊ အခု အန်းယန်နဲ့ တခြားလူတွေကို အိမ်ထဲမှာနေခွင့်ပေးလိုက်ပါ။ မွေးနေ့ပွဲပြီးရင် အားလုံးဆွေးနွေးကြမယ်”
အဘွားအို၏ စကားကြောင့် အန်းချန်သည် သူ့အား ငုံ့ကြည့်ကာ ဘေးဘက်သို့ လျှောက်သွားခဲ့သည်။
"မင်း အရမ်းတော်တယ်၊ ဒါပေမယ့် ကံမကောင်းတာက မင်းလိုလူတွေက ကျုံးတုလို နေရာမျိုးမှာ အသက်မရှည်ဘူး" အဘိုးကြီးထွက်သွားပြီးနောက် အန်းချန်က ပြော၏။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အိုး… ဟုတ်လား ဒါဆို ကျုပ်...စောင့်ကြည့်မယ်"
အန်းချန်ထွက်သွားပြီးနောက် အန်းရွှယ်သည် ရုပ်ဆိုးသောအမူအရာဖြင့် မြင်းပေါ်မှဆင်းသွားသည်။ ထို့နောက် တစ်စုံတစ်ယောက် ချဥ်းကပ်လာ၏။
“သခင်မလေး၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ”
အန်းယန်နှင့် အခြားလူများကို ချောင်ကျသော အိမ်ဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ သီးသန့်ဖြစ်နေသော်လည်း ဤနေရာသည် လှပ၏။
သခင်မကြီးက မမလေး ဒီမှာနေလို့ ရတယ်လို့ ပြောတယ်” အဆိုပါလူက ဆက်ပြောသည်။ "တစ်ခုခုလိုအပ်ရင် ကျွန်တော်မျိုးကို လှမ်းခေါ်လိုက်ပါ”
ထိုစကားကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူသည် ဦးညွှတ်ကာ ပြန်ထွက်သွား၏။ ကျေးကျွန်များ၏ အရည်အသွေးအရ ချင်းမိသားစုနှင့် အန်မိသားစုကဲ့သို့သော ထိပ်တန်းမြင့်မြတ်သောမိသားစုများကြား ကွာဟချက်ကို ပိုင်းခြားသိမြင်နိုင်သည်။
အခန်းထဲတွင် မိသားစုသာကျန်တော့သည်နှင့် တပြိုင်နက် အန်းယန်က အနည်းငယ် စိတ်ရှုပ်သွားကာ ခေါင်းငုံ့လိုက်၏။
“ယောက်ျား… တောင်းပန်ပါတယ်”
ရွှယ်အန်းက ပြုံး၍ပြောသည်။
"မင်းငါ့ကို ဘာလို့ တောင်းပန်ချင်တာလဲ"
“ဘာလို့လဲဆိုတော့….”
ရွှယ်အန်းက လက်များကို ဝှေ့ယမ်း၍ ပြောသည်။
“မင်း အစအဆုံး အမှားမလုပ်ခဲ့ဘူး၊ မှားတဲ့လူတွေက မာနထောင်လွှားနေပြီးတော့ မှန်တဲ့လူတွေကသာ အမှန်တကယ် မြင့်မြတ်တဲ့လူတွေပဲ”
အန်းယန် အံ့အားသင့်သွားသည်။
ရွှယ်အန်းသည် တံခါးပေါက်ဆီသို့ လျှောက်သွားကာ မြင့်မြတ်သော နံရံအလွှာများနောက်တွင် ဝှက်ထားသော အန်းမိသားစု၏ အိမ်ကြီးကို လှမ်းကြည့်လိုက်သည်။
“တချို့လူတွေက သူတို့မှားတာကို ဘယ်တော့မှ ဝန်မခံဘူး။ သေခြင်းကပဲ သူတို့ကို အကြောက်တရားကို သင်ပေးနိုင်သည်။”
ထို့နောက် ထိုအခိုက်အတန့်တွင် မိသားစုအိမ်ခြံဝင်းအတွင်းရှိ ဗုဒ္ဓဘာသာခန်းမအတွင်း၌ အန်းယန်၏အဖွားဖြစ်သူ သခင်မကြီးအန်းသည် သူမ၏ဆုတောင်းပုတီးစေ့များကို ကိုင်လျက် မျက်လုံးမှိတ်ကာ ထိုင်နေသည်။
အသက်ကြီးနေသော အဘိုးအိုသည် ခန်းမထဲသို့ ဝင်လာကာ ခြေလှမ်းကို ခပ်ဖော့ဖော့လှမ်းလိုက်သည်။
“သခင်မကြီး၊ တတိယသခင်ကြီး အပြင်မှာစောင့်နေပါတယ်”
သခင်မကြီးအန်းက ခေါင်းညိတ်ပြလိုက်၏။
“သူ့ကို ဝင်ခိုင်းလိုက်ပါ”
အန်းချန်သည် အခန်းထဲသို့ ဝင်လာ၍ လေးနက်စွာပြောသည်။
“အမေ၊ အန်းယန်နဲ့ တခြားသူတွေကို နေခွင့်ပေးဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ”
သခင်မကြီးအန်းသည် သူမ၏ဆုတောင်းပုတီးစေ့ကိုချ၍ပြော၏။
"ငါ့မွေးနေ့ပွဲရောက်ဖို့ ဘယ်နှစ်ရက်ကျန်သေးလဲ"
“အမေ၊ ခုနစ်ရက်ရှိသေးတယ်”
သခင်မကြီးအန်း၏ မျက်နှာပေါ်တွင် မြင့်မြတ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“အဲဒီမိန်းကလေး အန်းယန်က ယောက်ျားတစ်ယောက်နဲ့ မြို့တော်ကနေ ထွက်သွားပြီး ငါတို့မိသားစုအတွက် မျက်နှာပျက်စရာဖြစ်ခဲ့တယ်။ သူပြန်လာတော့ ချီမိသားစုရဲ့ အကြီးဆုံးသခင်ကြီး ချီချန်ကောက အတိတ်ကို အမှုမထားဘဲ လက်ထပ်ဖို့ တောင်းဆိုခဲ့ပေမယ့် နောက်တစ်ခေါက်ထွက်ပြေးခဲ့တယ်”
"သူက ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို နှစ်ကြိမ်တိုင်တိုင် ညှိုးနွမ်းစေခဲ့တယ်၊ အခုသူပြန်လာတော့ မောင်းထုတ်လိုက်ရင် မရိုးရှင်းလွန်းဘူးလား”
“ဒါဆို အမေက ဘာကိုဆိုလိုတာလဲ…”
"ချီမိသားစုကိုအကြောင်းကြားပါ။ အန်ယန် ပြန်လာပြီလို့ သူတို့ကို ပြောပါ” သခင်မကြီးအန်းက အေးစက်စွာပြောသည်။
“ဟုတ်”
“ဒါ့အပြင် မွေးနေ့ပွဲမှာ သိုင်းပညာရှင်တွေကို ခေါ်ထားတယ်။ အဲ့ ရွှယ်အန်းက ငါတို့ အိမ်က ဒုတိယသားကြီးကို အနိုင်ယူခဲ့တဲ့အတွက် တစ်ခုခုတော့ ကျွမ်းကျင်ရမယ်။ ကံကောင်းချင်တော့ ကျုံးတုမှာ ငါ့မိသားစုက သူ့ကိုသတ်ချင်ရင် ပိုးကောင်တွေကို ချေမှုန်းတာထက် ပိုခက်ခဲမှာမဟုတ်ဘူးဆိုတာကို သူနားမလည်ဘူး"
"နားလည်ပါပြီ"
အန်းချန်က ဦးညွှတ်၍ အခန်းထဲက ထွက်သွားသည်။
“တတိယသခင်ကြီး သခင်မကြီးက ဘာကိုဆိုလိုတာလဲ” အန်းချန်၏နောက်သို့လိုက်သော အစေခံအကြီးအကဲက မေးသည်။
အန်းချန်း၏ မျက်နှာတစ်ခုလုံးသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့်ပြည့်သွား၏။
"မွေးနေ့ပွဲနေ့မှာ ငါတို့မိသားစု ကျွမ်းကျင်သူတွေကို ခေါ်လိုက်ပါ"
အစေခံအကြီးအကဲ၏ တကိုယ်လုံး တုန်လှုပ်သွားပြီးနောက် ခေါင်းကို ငုံ့ကာပြောလိုက်သည်။
"ဟုတ်ကဲ့"
ချီမိသားစု၌။
ချီချန်ကောက ဖုန်းကို ချလိုက်ပြီးနောက် မျက်နှာတစ်ခုလုံးနီရဲနေသည်။ ထိုအချိန်တွင် ချီဝေ့ယန်သည် အပြင်မှပြန်လာ၏။ ငယ်ရွယ်နုပျိုမှုနှင့် တောက်ပြောင်နေသော မိန်းကလေးသည် အစ်ကိုဖြစ်သူ၏ မနှစ်မြို့ဖွယ်အမူအရာများကို မြင်သောအခါ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“အစ်ကို ဘာဖြစ်နေတာလဲ”
ချီချန်ကောက အေးစက်စွာပြောသည်။
"အန်းယန်ပြန်လာပြီ"
"အန်း" ချီဝေ့ယန်က တုန်လှုပ်သွား၏။ "အန်းမိသားစုထဲက အန်းယန်"
ချီချန်ကောခေါင်းညိတ်လိုက်သည်။
ချီဝေ့ယန်၏ မျက်နှာပေါ်တွင် ဒေါသများထင်ဟပ်လာ’။
"ဒီမိန်းမ၊ သူတော်တော် မိုက်မဲတာပဲ။ ဟိုတုန်းကတော့ အစ်ကို၊ သူအရင်က အိမ်ထောင်ပြုတာကို စိတ်ထဲမထားဘဲ လက်ထပ်ချင်ပေမယ့် ထွက်ပြေးသွားတယ်။ အခု သူပြန်လာပြီ…”
"သူ ကလေးတစ်ယောက်နဲ့ ပြန်လာပြီ" ချီချန်ကောက ဆက်ပြောသည်။
ချီဝေ့ယန်သည် တစ်ခဏမျှ အေးခဲသွားပြီး သက်ပြင်းချလိုက်၏။
“အစ်ကို ဒါဆို လက်လွှတ်လိုက်ပါ။ အစ်ကို စိတ်ပါရင် အစ်ကို့ကို လက်ထပ်ချင်တဲ့ မိန်းမတွေ မင်းကိုလက်ထပ်လိုတဲ့ ကျုံးတုရဲ့ ဘေးကင်းရေးတံခါးက ပေါင်အိမ်တော်မှာ အများကြီးရှိတယ်။ ဘာလို့ သူပဲဖြစ်စရာလိုလဲ"
ချီချန်ကောက တိတ်ဆိတ်နေခဲ့သည်။ ဤသည်ကို မြင်သောအခါ ချီဝေ့ယန်က သက်ပြင်းတစ်ချက်ချ၍ ပြန်ထွက်သွားသည်။ ချီချန်ကော၏ မျက်လုံးများတွင် မီးတောက်များ တောက်လောင်နေပုံရသည်။
အန်းယန်နှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်သတိရမိသည်။ တက္ကသိုလ်တက်နေစဉ်အတွင်း အန်းယန်တက်ခဲ့သည့် တက္ကသိုလ်တွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသောအခါ အန်းယန်နှင့် ရွှယ်အန်းတို့ အတူတူဖြစ်ခဲ့သည်။ ထိုအချိန်တွင်ပင် ချီချန်ကောသည် အန်းယန်ကို လေးလေးနက်နက် စွဲမှတ်ထားခဲ့၍ ထို့နောက်တွင် သူမကို မေ့မရနိုင်ခဲ့ပေ။ သူ့မိသားစုလည်း သိသွားသောအခါ သဘောတူညီမှု ရခဲ့သည်။
ချီမိသားစုနှင့် အန်းမိသားစုနှစ်ခုလုံးကို ကျုံးတုတွင် အဆင့်အတန်းမြင့်သော မြင့်မြတ်သောမိသားစုများအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ သို့သော် အန်းယန်က ဤမျှ ခေါင်းမာ၍ မြို့တော်မှ ခိုးထွက်ပြေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤအရာသည် ချီချန်ကောအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ကာ သူ့ကို မည်သည့်အမျိုးသမီးကိုမျှ အလွတ်မပေးသည့် လူဆိုးတစ်ယောက်အဖြစ် အမြန်ပြောင်းလဲသွားစေခဲ့သည်။
ယခုမူ အန်းယန် ပြန်ရောက်လာသည်။
ချီချန်ကော၏ မျက်လုံးများတွင် တွေဝေမှုများ ပြည့်နှက်နေသည်။
‘ငါမတတ်နိုင်တဲ့အရာကို ဘယ်သူမှ အိပ်မက်တောင်မက်ခွင့်မရစေရဘူး။
... အဲဒါကို ဖျက်ဆီးပစ်ရမယ် ဆိုရင်တောင် ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး’
ထိုအတွေးများထဲတွင် နစ်မြုပ်နေသော ချီချန်ကော၏ မျက်နှာသည် ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ကျုံးတုအတွင်းရှိ အလွန်လျှို့ဝှက်သော စစ်စခန်းတစ်ခုတွင် အန်းချင်တစ်ယောက်သည် အလင်းတန်းဓားကို စားပွဲပေါ်တင်၍ ဓားဘေးတွင် တလေးတစားမတ်တပ်ရပ်ကာ သူမရှေ့မှ ခမ်းနားထည်ဝါသော ပုဂ္ဂိုလ်ကို စောင့်ဆိုင်းကြည့်နေသည်။
ထာဝရကာလတစ်ခုကြာသွားသကဲ့သို့ ခံစားခဲ့ရပြီးနောက် ထိုလူ၏အသံထွက်လာသည်။
"မင်းပြောနေတာကဒီ အင်မော်တယ်အမွေကို ဖောက်ဖျက်ခဲ့တဲ့သူက ရွှယ်အန်းပဲလား"
အန်းချင်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
ထိုလူက လှည့်လာ၏။ သူသည် စစ်ဝတ်စုံကို ၀တ်ဆင်ထားကာ ဖြောင့်မတ်ရဲရင့်၍ ယောက်ျားပီသသော ကျက်သရေ အဖြာဖြာတို့ဖြင့် ပြည့်ဝနေသည်။ တစ်စုံတစ်ယောက်သာရှိလျှင် သူ့ကို မြင်သည်နှင့် ထိတ်လန့်သွားရပေလိမ့်မည်။ ဤလူသည် ဟွာရှား စစ်ကမ္ဘာ၏ ကောင်းကင်တ၀က်ကို ထောက်ပံ့ပေးထားသည်ဟု ဆိုကြသော ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးမှတပါး အခြားသူမဟုတ်ပေ။
ဗိုလ်ချုပ်လင်းပင်ဖြစ်သည်။
အခန်း(၁၇၃) အခု မင်းဘယ်ဟာရွေးချင်လဲ
ဗိုလ်ချုပ်လင်းသည် စားပွဲဆီသို့ လျှောက်သွားကာ အလင်းရောင်ဓားအိမ်ကို ကောက်ယူ၍ ဓားကို နူးညံ့စွာဆွဲထုတ်လိုက်သည်။ ဓားချီသည် သူ၏ မျက်ခုံးများသို့ တည့်တည့် ထိုးဖောက်သွား၏။ သက်ပြင်းအနည်းငယ်ချပြီးနောက် ဗိုလ်ချုပ်လင်းက ရတနာဓားကို ပြန်ထည့်လိုက်၏။
“တကယ့်ကို နတ်သမီးရတနာပဲ။ မင်းငါ့ကိုပြောတဲ့အတိုင်းဆို ဒီ ရွှယ်အန်းက မင်းခဲအိုလား"
အန်းချင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ဗိုလ်ချုပ်လင်းက ဘာသိဘာသာ ပြုံးလိုက်၏။
“အဲ့တာဆို ပိုတောင် သိချင်သွားပြီ။ အစပိုင်းမှာတော့ ငါ့ဒဏ်ရာတွေ ပိုပြင်းထန်လာတုန်းက ချန်မိသားစုကချန်ရုရှီဆိုတဲ့ ကလေးမလေးက ငါ့ကို ဝိဉာဥ်ရေးဆေးတစ်မျိုးပေးခဲ့တယ်။ အဲ့တာကို သောက်ပြီးတော့ ငါ့ဒဏ်ရာတွေကို ထိန်းနိုင်ခဲ့တယ်”
"ပြီးတော့ အဲ့ကောင်မလေးက ရွှယ်အန်းဆိုတဲ့နာမည်ကို ပြောခဲ့တယ်"
အန်းချင်က မည်သို့ ပြန်ပြောရမည်ကို မသိသဖြင့် တိတ်ဆိတ်စွာခေါင်းငုံ့ထားလိုက်သည်။
“အရည်အချင်းမခွဲခြားဘဲ အဲ့လိုရတနာမျိုးကို အလကားပေးဖို့ဆိုတာ သတ္တိရှိရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူး” ဗိုလ်ချုပ်လင်းက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
အန်းမိသားစု။
ပြောင်ပြောင်တင်းတင်း ပြုပြင်ထားသော Hummer ကားတစ်စီးသည် တံခါးရှေ့တွင် ရပ်သွားသည်။
အန်းမင်ကယင်းကို ကြိုဆိုရန် အမြန်သွားခဲ့ရာ ကားတံခါးပွင့်လာပြီးသည့်နောက် လူနှစ်ယောက်ထွက်လာသည်။ ယင်းနှစ်ဦးအနက် ငယ်ရွယ်သော အမျိုးသားတစ်ဦးသည် ဟဲဗီးမက်တယ်စတိုင်လ် အဝတ်အစားများကို ၀တ်ဆင်ထားကာ မျက်နှာပေါ်တွင် ကင်းမြီးကောက်တက်တူးများထိုးထား၍ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
"အစ်ကို နောက်ဆုံးတော့ မင်းပြန်လာပြီ" အန်းမင်က အော်လိုက်သည်။
ထိုလူက အနည်းငယ် ခေါင်းညိတ်၍ သြရှရှ အသံဖြင့် ပြောလိုက်၏။
"ဒီခွေးမ အန်းယန် ပြန်ရောက်ပြီလား။ သူ့အတွက်ဘာမှမကောင်းတဲ့ ယောက်ျားလား"
အန်းမင်က ခေါင်းညိတ်လိုက်သည်။ ဤလူသည် အန်းမိသားစု၏ နာမည်ဆိုးဖြင့်ကျော်ကြားသော သူမ၏အစ်ကို နတ်ဆိုးဘုရင် အန်းကျုံးဖြစ်သည်။
"ပြန်လာရဲလား။ ဒီတစ်ခါတော့ မိသားစုရဲ့ ခွန်အားကို သူတို့သိအောင်ပြလိုက်မယ်”
ထိုစကားပြောပြီးသည့်နောက် အန်းကျုံးသည် အထဲသို့ ဝင်လာခဲ့သည်။
“အစ်ကို၊ ဒီ ရွှယ်အန်းက တော်တော်ကြောက်ဖို့ကောင်းပုံပဲ”
"ကြောက်စရာကြီးဟုတ်လား” အန်းကျုံးက သူ့နောက်က လူငယ်ကို ညွှန်ပြသည်။
"သူဘာလုပ်နေလဲသိလား"
“ညီမလေးမသိဘူး”
“သူက ကျွန်တော် အရှေ့တောင်အာရှကနေ ဝယ်ထားတဲ့ မြေအောက် ချန်ပီယံတစ်ယောက်ပဲ။ သူက နာမည်ဆိုးနဲ့ ကျော်ကြားပြီး အဆိပ်ပြင်းတယ်။ သာမာန်သိုင်းပညာရှင်တွေက သူ့တစ်ကွက်လောက်ကိုတောင် မယှဥ်နိုင်ဘူး” အန်းကျုံးက ဂုဏ်ယူစွာပြောလာသဖြင့် အန်းမင်စိတ်ချသွားသည်။
အန်းကျုံးက ဦးဆောင်၍ ရွှယ်အန်းနေထိုင်သော ဝင်းထဲသို့ ဝင်ရန် တံခါးကို ခြေထောက်တစ်ဖက်ဖြင့် ကန်လိုက်သည်။ ထိုအချိန်တွင် အန်းယန်သည် ခြံဝင်းထဲတွင် ပန်းများကို ရေလောင်းနေသည်ဖြစ်ရာ အန်းကျုံးကို လှမ်းကြည့်၍ အံ့အားသင့်သွားသည်။
"နင် ဘယ်သူလဲ"
အန်းကျုံးက လှောင်ပြောင်၏။
“အစ်မ အန်းယန်၊ ကျုပ်ကိုတောင် မမှတ်မိဘူးလား”
"မင်းက... အန်းကျုံးလား"
"အင်း ဟုတ်တယ် ကျုပ်ပဲ။ ရွှယ်အန်းကို ခေါ်လိုက်ပါ" အန်းကျုံးက အသံနက်ဖြင့် ပြော၏။
အန်းယန်က အဖြစ်အပျက်များကို နားမလည်နိုင်သေးပေ။ ထို့နောက် ရွှယ်ရှန်း နှင့် ရွှယ်နျန်တို့သည် ရေသေနတ်တစ်လတ်စီကို အသီးသီးကိုင်လျက် ပြေးထွက်လာကြသည်။ ၎င်းတို့သည် ရေသေနတ်တိုက်ပွဲကျင်းပနေကြခြင်းဖြစ်သောလည်း အန်းကျုံးက ခြံထဲဝင်လာသည်ကို တွေ့သောအခါ စုစည်းလိုက်ကြ၏။
"ဒီဦးလေး ဝတ်ထားတာ အရမ်းရုပ်ဆိုးတာပဲ" ရွှယ်နျန် က ပြောသည်။
"ဒါက ရုပ်ဆိုးတင်မဟုတ်ဘူး တော်တော် ဆိုးဆိုးပဲ” ရွှယ်ရှန်းက ပြောသည်။
အန်းကျုံးသည် ဤစကားများကို သဘာဝအတိုင်း ကြားနေရသဖြင့် သူ့အမူအရာက ပို၍ပင် ဆိုးဝါးလာသည်။
“ဒီကလေးနှစ်ယောက်က စောက်ကောင်းကျိုးမပေးတဲ့သူနဲ့ ရတဲ့ကလေးတွေလား”
"မမ၊ သူက ဖေဖေ့ကို ကျိန်ဆဲနေတာလား" ရွှယ်နျန်က ခပ်တိုးတိုးပြော၏။
ရွှယ်ရှန်း၏ မျက်နှာငယ်လေးသည် တင်းမာသွား၏။
"ဟုတ်တယ်၊ သူက အဖေ့ကို ကျိန်ဆဲနေတာ။ သူ့ကိုရိုက်”
စကားပြောရင်း၍ ရွှယ်ရှန်းသည် သူမ၏ ရေသေနတ်ကို မြှောက်ကာ အန်းကျုံးကို ချိန်ရွယ်လိုက်သည်။
ရွှယ်နျန်ကလည်း အလိုအလျောက်ပင် လိုက်လုပ်၏။ ရေသေနတ်နှစ်လက်က အန်းကျုံးကို စိုရွှဲသွားစေသောအခါတွင် သူ့ထံမှ ဟောက်သံထွက်လာသည်။
"လုံလောက်ပြီ"
သို့သော် ကလေးမလေးနှစ်ယောက်က ကြောက်လန့်ခြင်းအလျင်းမရှိ ရေသေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်၏။ အန်းကျုံးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကောင်မလေးများထံမှ ရေသေနတ်များကို လုယူ၍ လက်ဖြင့် ချိုးပစ်လိုက်သည်။
"တော်ပြီလို့ ငါပြောနေတယ်လေ" အန်းကျုံးက ဒေါသတကြီး အော်လိုက်သည်။
ခဏအကြာတွင် သူ့နောက်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။
“ပြန်ပေးရင်ပေး မပေးရင် ဒီရေသေနတ်နှစ်ခုလုံးကို မင်းကို စားခိုင်းမယ်”
အန်းကျုံးသည် ဝင်းအဝင်ဝတွင် ရပ်နေသော ရွှယ်အန်းကို မြင်လိုက်သဖြင့် အေးစက်စွာကြည့်လိုက်၏။
အန်းကျုံးက အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့ လေးနှစ်လောက်က မင်းကို ငါတွေ့ဖူးတယ်၊ မင်းက မလိုချင်တဲ့ ခွေးတစ်ကောင်လို ငါတို့မိသားစုမှာ ပေါ်လာတယ်။ လေးနှစ်ကြာပြီ။ မင်းအခုထိ အရင်တိုင်း အရှုံးသမားဖြစ်နေတုန်းလား"
ရွှယ်အန်းက သူ့ကို မတုံ့ပြန်သော်လည်း ဝမ်းနည်းနေသော သမီးငယ်လေးနှစ်ယောက်ကို ငုံ့ကြည့်ကာပြောလိုက်၏။
"ငါပြောတာကို မင်းမကြားဘူးလား"
အန်းကျုံးက ပြင်းပြင်းထန်ထန် ရယ်မောလိုက်သည်။
"ဒါကို ပြန်ပြင်ပေးလို့မရတော့ဘူးဆိုပေမယ့် မင်းသေပြီးရင်တော့ မင်းနဲ့အတူ မီးရှို့ပေးမယ်။ သူ့ကို သတ်လိုက်”
အန်းကျုံး၏နောက်ကွယ်တွင် တိတ်တဆိတ် လိုက်နေသည့် အရှေ့တောင်အာရှ ဆယ်ကျော်သက်လူငယ်သည် မျောက်တစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်လာသည်။ ဤလူမျိုးကို ငယ်ရွယ်စဥ်မှစ၍ လူသတ်စက်အဖြစ်လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ သင်ယူခဲ့သော သိုင်းကွက်တိုင်းသည် ရိုးရှင်းစွာပင် သတ်ဖြတ်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်၏။
ထို့ကြောင့် သာမန် သိုင်းပညာကျွမ်းကျင်သူ တစ်ယောက်က ၎င်းတို့ကို တွေ့၍ သတိမထားမိပါက အမှန်ပင် အံ့သြထိတ်လန့်သွားကြနိုင်သည်။
သို့သော် ရွှယ်အန်းကမူ အနည်းငယ်မျှ မလှုပ်ပေ။
ဆယ်ကျော်သက် လူငယ်လေးက မွေထိုင်းဒူးသိုင်းဖြင့် တိုက်ခိုက်ရန်ပြေးလာသောအခါ ရွှယ်အန်းက ရုတ်တရက် လက်ဖျောက်တီးလိုက်၏။
အက်ကွဲသံတစ်ခုထွက်လာပြီးနောက် ထို ထူးချွန်လှသော လူငယ်၏ ဒူးခေါင်းကျိုးသွားသည်။
ဆယ်ကျော်သက်'လူငယ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း နောက်မဆုတ်သွားဘဲ ရှေ့သို့ ဆက်လက်ချီတက်ကာ တိုက်ခိုက်ခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်မှုနှင့် သေခြင်းတရားကို လျစ်လျူရှုခြင်းမျိုးသည် ကျ့င်ကြံရေးအဆင့် မြင့်မားသူများကိုပင် ထိတ်လန့်စေနိုင်သည်။
အန်းကျုံး၏ မျက်နှာပေါ်တွင် ညစ်ညမ်းသော အကြည့်တစ်ခု ပေါ်လာသည်။သူ့မျက်လုံးထဲတွင် ရွှယ်အန်းသည် လူသေမျှသာဖြစ်သော်လည်း ရွှယ်အန်းက သူ့သမီးနှစ်ယောက်ကို ပေါ့ပါးစွာဖြင့် လက်ညှိုးထောင်ပြလိုက်သည်။
"လာပြီ။ ဒီတစ်ခါ လူဆိုးကို အနိုင်ယူဖို့ ဖေဖေ ဘယ်လောက်ကြာမယ်ထင်လဲ” ရွှယ်ရှန်းက မေးသည်။
"ဟမ်... ခန့်မှန်းလို့ မရဘူး" ရွှယ်နျန်က ခေါင်းယမ်းလိုက်သည်။
"အရူး ရေခဲမုန့်စားဖို့ အချိန်တန်ပြီလို့ ထင်တယ်” ရွှယ်ရှန်းက ကြေညာ၏။
"အိုး ဟုတ်လား" ရေခဲမုန့်ဟူသော စကားလုံးကြောင့် ရွှယ်နျန်၏ မျက်လုံးများအရောင်တောက်လာသည်။
"ညီမလေး ခန့်မှန်းတာမှန်ရင် ရေခဲမုန့်စားလို့ရမလား"
သူမ တစ်နေ့ကို သကြားလုံး မည်မျှစားရမည်မှာ ရွှယ်ရှန်းအပေါ်၌သာ မူတည်နေသည်။
"ဟုတ်ပါတယ်" ရွှယ်ရှန်းက ပြုံး၍ပြောသည်။
"ဒါဆို ရေခဲမုန့်နှစ်ခွက်စားဖို့ အချိန်ယူရဦးမယ်ထင်တယ်"
ထိုအချိန်တွင် လူငယ်သည် ရွှယ်အန်းအနီးတွင် ရှိနေသည်။ သံမဏိခြေသည်းများကဲ့သို့ ထက်မြက်သော သူ၏လက်ချောင်းများသည် ရွှယ်အန်း၏လည်ပင်းနှင့် လက်မအကွာတွင် ရှိနေသည်။
သို့သော် ရွှယ်အန်းက လက်ကို မြှောက်ရုံသာ မြှောက်လိုက်၏။
ပါးရိုက်လိုက်ပြီးနောက် လူငယ်၏ဦးခေါင်းသည် ၃၆၀ ဒီဂရီအပြည့်လှည့်သွားသည်။
မူလက အန်းကျုံးကို ကျောခိုင်းထားရာမှ ယခု သူ့ကို မျက်နှာချင်းဆိုင်နေပြီဖြစ်ရာ ကျွမ်းကျင်သူလူငယ်၏ မျက်နှာတွင် အံ့သြမှုအငွေ့အသက်များပြည့်နေသည်။
ထို့နောက် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့သည်။
ဤသို့ဖြင့် လျှင်မြန်စွာပြုလုပ်ခဲ့သည့် ရိုက်ချက်ကြောင့် အန်းကျုံးသည် သူ့နေရာ၌ပင် အေးခဲသွားသည်။
ရွှယ်အန်းက လူတစ်ယောက်ကို အမှန်ပင် သတ်ဝံ့လိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မထင်ထားခဲ့ပေ။
"မင်း... ပြီးသွားပြီ၊ မင်းက အန်းမိသားစုရဲ့ မြက်ခင်းပြင်မှာ လူတစ်ယောက်ကို သတ်ဖို့ သတ္တိရှိတယ်ပေါ့" အန်းကျုံးသည် ရွှယ်အန်းချဉ်းကပ်လာသည်ကို ကြည့်၍ တအံ့တသြ တုန်လှုပ်နေသည်။
"အရင်ကပြောခဲ့သလိုပဲ ရေသေနတ်ကို အရင်အတိုင်းပြန်ပေးမလား။ ဒုတိယ၊ မျိုချမလား။ ကဲ ဘယ်ကိုရွေးမလဲ"
အန်းကျုံး၏ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်မှုများပြည့်နေသည်။
ဤအခိုက်အတန့်တွင် အန်းမင်က နောက်ပြန်ဆုတ်လိုက်၏။
"ရွှယ်... ရွှယ်အန်း၊ လုံလောက်ပြီ၊ သူက ငါ့ အစ်ကို..."
ရွှယ်အန်း၏အကြည့်များသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသောကြောင့် သူမ၏ အသံက ကွယ်ပျောက်သွားသည်။
အန်းကျုံးလှည့်ထွက်ပြေးသွားသည်။
"ငါ မရွေးဘူး၊ မင်း ငါ့ကို ဘာလုပ်နိုင်လဲ"
သို့သော် ခြေလှမ်းအနည်းငယ်သာ ပြေးနိုင်ခဲ့ပြီးနောက် လေထဲသို့ မြောက်တက်သွားသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ ရွှယ်အန်းက သူ့ကို အင်္ကျီကော်လာမှဆွဲထားသည်ကို မြင်လိုက်ရသည်။
“ရွှယ်အန်း … မင်းဘာလုပ်ချင်လို့လဲ”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"နောက်ဆုံးအခွင့်အရေး ပထမတစ်ခု ရေသေနတ်ကို အကောင်းအတိုင်းဖြစ်အောင်ပြန်လုပ်ပေး ဒုတိယ မျိုချလိုက်"
“ကဲ ပြောပါ… ဘယ်ဟာကို ရွေးမလဲ”
အခန်း(၁၇၄) ထူးဆန်းသောတောင်းဆိုမှု
အန်းကျုံးက သူ့အရေပြားများ တွန့်ကြေသွားသကဲ့သို့ ခံဏားလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"ရွှယ်အန်း၊ ငါမင်းကို ပြောနေတာ၊ ဒါက ကျုံးတု အန်းမိသားစုရဲ့ အိမ်ပါ။ မောက်မာလွန်းရင် သတိထား...”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်း ဒုတိယရွေးချယ်မှုကို ရွေးပြီးပြီ"
ထို့ စကားနှင့်အတူ ရွှယ်အန်းက သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဒိုင်း
နေရာတိုင်းတွင် ဖုန်မှုန့်များ တက်လာသည်။ အန်းကျုံးသည် ပြင်းထန်စွာ ပက်လက်လန်ကျ၍ သွေးထွက်လုမတတ် ဖြစ်ခဲ့ရသည်။ သူ ပြန်မထခင် ရွှယ်အန်းက သူ့ခေါင်းပေါ် လှမ်းတက်လိုက်ကာ ရေသေနတ် အပိုင်းအစများကို မြေပြင်မှ ကောက်ယူလိုက်သည်။
"အရသာရှိမယ်လို့ မျှော်လင့်ပါတယ်"
ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းကျုံး၏မေးရိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
အန်းကျုံး၏ မေးရိုးသည် ဖိအားကြောင့် နေရာပြောင်းသွားသည်။ ထို့နောက် ရွှယ်အန်းက ရေသေနတ်၏ ပလတ်စတစ် အပိုင်းအစများကို အန်းကျုံး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက်တွင် သူသည် အန်းကျုံး ၏ပါးစပ်ကို အပြင်းအထန်ထိုးချလိုက်၏။ သွေး၏အရသာနှင့် ပြင်းထန်သောနာကျင်မှုတို့က ပလတ်စတစ်အပိုင်းအစများကို အလိုအလျောက် မျိုချခိုင်းစေခဲ့သည်။ ထိုမှသာ ရွှယ်အန်း မတ်တပ်ထရပ်၍ အဆက်မပြတ်ဆုတ်ခွာနေသော အန်းကျုံး ကိုကြည့်လျက် လက်ကိုင်ပုဝါကိုထုတ်ကာ သူ့လက်ကို ဖြည်းညှင်းစွာသုတ်လိုက်သည်။ အန်းမင်သည် မြင်ကွင်းတစ်ခုလုံးကို ကြည့်ပြီးနောက် ရေခဲခန်းထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
အန်းကျုံးသည် နောက်ဆုံးတွင် သူ့ဗိုက်ထဲက မသက်မသာမှု ရပ်တန့်သွားသောအခါမှ ခေါင်းကို မော့ကာ ရွှယ်အန်းကို နာကြည်းစိတ်နှင့် အဆိပ်အပြည့်ဖြင့် ကြည့်နေသည်။
"ရွှယ်အန်း မင်းမှာ သတ္တိရှိရင် ငါ့ကို အခုသတ်လိုက်။ မဟုတ်ရင် ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ အဲဒီမိန်းကလေးနှစ်ယောက်ကို ဘယ်တော့မှ ခွင့်မပြုဘူး..."
သူက ပြောနေစဥ်၌ပင် လက်သုတ်နေသော ရွှယ်အန်းက သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်၍ သူ့မျက်လုံးများထဲမှ စူးရှသော တောက်ပသည့် အငွေ့အသက်များထွက်ပေါ်လာသည်။
ထို့နောက် အန်းကျုံး၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သည်။
သွေးများ ပန်းထွက်လာပြီးနောက် အန်းကျုံးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။
"အာ ရွှယ်အန်း၊ ဒါမပြီးသေးဘူး။ မင်းမှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်။ မဟုတ်ရင် ငါ မင်းကို တစ်သက်လုံး မှတ်ထားမှာ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ထူးထူးခြားခြား တောင်းဆိုနေတာပဲ။ ဒါပေမဲ့ မင်းပြောနေတာဆိုတော့ ငါလုပ်ပေးပါ့မယ်”
ထိုသို့ပြော၍ ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်ရာ အန်းကျုံး၏ ခေါင်းသည် လေထဲသို့ လွင့်သွားသည်။ နေရာအနှံ့သို့ သွေးများကျလာသည်။ အန်းကျုံး၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ လွင့်ကျသွားပြီးနောက် သူ့မျက်နှာထက်၌ မယုံကြည်နိုင်မှု အငွေ့အသက်များပြည့်နေသည်။ ရွှယ်အန်းက သူ့ကို တကယ်သတ်ဝံ့လိမ့်မည်ဟု မည်သည့်အချိန်ကမျှ မထင်ထားခဲ့ပေ။ ယင်းနှင့်အတူ ထပ်တူထပ်မျှ ထိတ်လန့်သွားသည်မှာ အန်းမင်ဖြစ်သည်။
"နင်...နင် သူ့ကို တကယ်သတ်တာလား" အန်းမင်က ထိတ်လန့်စွာပြောသည်။
"အရမ်းထူးဆန်းနေလား။ မင်းမနာလိုရင် မင်းကို ငါလိုက်ပို့ပေးနိုင်တယ်"
အန်းမင်သည် တကိုယ်လုံး တုန်လှုပ်သွားကာ စကားပြန်မပြောဝံ့တော့ဘဲ အောက်သို့သာ စိုက်စိုက်ကြည့်နေ၏။ သို့သော် ရွှယ်အန်းကမူ ကြက်တစ်ကောင်သတ်သည်ထက် မပိုသည့်အလားပင် ဘာသိဘာသာမျက်နှာမျိုးဖြင့်ရှိနေသည်။
"မင်းခန္ဓာကိုယ်ကို မလိုချင်ဘူးဆိုရင် ငါမင်းအတွက် အလကား ရှင်းပေးလို့ရတယ်"
အန်းမင်က မျက်ရည်ကျလုမတတ် ကြောက်လန့်စွာဖြင့် တုန်တုန်ယင်ယင်ပြော၏။
"မဟုတ်ဘူး... ဖယ်ထုတ်ဖို့ တစ်ယောက်ယောက် ရှာလိုက်မယ်"
ဤသို့ဖြင့် သူမက ထိတ်လန့်တကြား ထွက်ပြေးသွားသည်။ ရွှယ်အန်းက အန်းယန်ဘက်သို့ လှည့်ကာ အနည်းငယ်ပြုံးပြလိုက်၏။
“မကြောက်နဲ့။ ပိုဆိုးလာလို့ အဆိုးဆုံးဖြစ်ရင်.. .တစ်မိသားစုလုံးသေသွားပါစေ”
အန်းမင်က အလောင်းကို သယ်ယူရန် လူများရှာပြီးမှသာ ရွှယ်အန်းက သူ့သမီးများ၏ အမြင်ကိုဝှက်ထားသော လျှို့ဝှက်နည်းပညာကို ဖယ်ရားလိုက်သည်။
ထိုအချိန်တွင် ကောင်မလေးနှစ်ယောက်က စကားများရန်ဖြစ်နေကြသည်။
"မမက အချိန်က ရေခဲမုန့်နှစ်ခွက်စားစာအချိန်ပဲကို ဘာလို့ တစ်ခွက်ပဲလို့ အတင်းပြောနေတာလဲ”
"ဟမ်၊ မဟုတ်ဘူး၊ လူတိုင်းက ရေခဲမုန့်စားတာ မြန်တယ်လို့ မင်းထင်နေတာလား။ အဲ့အချိန်က ရေခဲမုန့်တစ်ခွက်စားရမယ့်အချိန်ပဲ" ရွှယ်ရှန်းက သူမ၏ တင်ပါးကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ကာပြောလိုက်သည်။
ရွှယ်နျန်သည် အလွန်ဒေါသဖြစ်လှသဖြင့် ငိုလုမတက်ဖြစ်နေ၏။ ရွှယ်အန်က အခြေအနေကို ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
"ကောင်းပြီ ကြိုက်သလောက်စား"
အန်းယန်က စိုးရိမ်တကြီးဖြင့် ပြော၏။
“ဒီလို ဘယ်ဖြစ်မလဲ အချိုတွေ အများကြီးစားရင် ကလေးတွေရဲ့ သွားတွေ ပုပ်သွားလိမ့်မယ်။”
ရွှယ်အန်းက ခပ်ပါးပါးရယ်မောလျက်ပြော၏။
"ဟုတ်ကဲ့ ဒါဆို နည်းနည်းလျှော့စားပါ"
တကယ်တမ်းတွင် ရွှယ်ရှန်း နဲ့ ရွှယ်နျန် တို့က ၎င်းတို့၏ သွာများကို နေ့စဥ်နေ့တိုင်း သကြားလုံးဖြင့် တိုက်လျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။
နောက်ဆုံးတွင် ရွှယ်အန်းသည် ၎င်းတို့၏ ခြင်ဆီကို သန့်စင်ရန်အတွက်မူလစွမ်းအားကို အသုံးပြုခဲ့သည်။ သို့သော် မျှော်လင့်ထားသည်များနှင့် ဆန့်ကျင်ဘက်မှာ ညတာသည် ကုန်ဆုံးသွား၍ လက်စားချေရန် မည်သူမျှ မလာခဲ့ကြပေ။
လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။
အကယ်၍ ၎င်းတို့ လာခဲ့ပါက ဤမာနကြီးသော မြင့်မြတ်သော မိသားစုကို အနည်းငယ် စောစီးစွာ ဖျက်ဆီးပစ်သည့် ကိစ္စသာ ဖြစ်သည်။ ထိုအချိန်တွင် အန်းရွှယ် နေထိုင်သည့် ဝင်းအတွင်း၌ အန်းရွှယ်သည် မှုန်ပြာနေသော မျက်နှာဖြင့် သားဖြစ်သူ၏အလောင်းကို စိုက်ကြည့်နေသည်။
အန်းချန်သည် ခံစားချက်မဲ့စွာ ရပ်နေ၏။
"ရွှယ်အန်း၊ ငါ မင်းကို အပိုင်းပိုင်းဖြတ်မယ်" အန်းရွှယ်က ကြုံးဝါး၍ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
အန်းချန်က သူ့ကို တားလိုက်သည်။
"ညီလေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" အန်းရွှယ်က အေးစက်စွာ မေးသည်။
"အမေ့စကားမေ့သွားပြီလား မွေးနေ့ပွဲကျင်းပတဲ့ အချိန်မှာ အရေးယူဆောင်ရွက်သွားမှာပါ။ မင်းနားမလည်ဘူးလား”
“ကျွန်တော် မစောင့်နိုင်တော့ဘူး။ ရွှယ်အန်း က ငါ့သားကို သတ်ခဲ့တာလေ ဘာလို့ ကလဲ့စားချေလို့မရရမှာလဲ”
"ဒါပေမယ့် မင်းအမေရဲ့စကားတွေကို မင်းနားထောင်ရမယ်၊ အခု မင်းသူ့ကိုသတ်ရင် မွေးနေ့ပွဲမှာ အန်းယန်တစ်ခုခုမှားသွားရင် ချီမိသားစုကို မင်းဘယ်လို ပြန်ပြောမလဲ"
အန်းရွှယ်၏ အမူအရာသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
အန်းချန်က လျစ်လျူရှုလိုက်၏။
“နောက်ပြီး… အန်းကျုံးက အမြဲတမ်း လျှောက်သွားနေတာ သူက မိသားစုစီးပွားရေးကို တာဝန်ယူသင့်ယူထိုက်တဲ့လူမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူအခု သေပြီ။ ဘာဖြစ်လဲ။ ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ”
အန်းရွှယ်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ဒုတိယမြောက်အစ်ကိုဖြစ်ခဲ့သော်လည်း မိသားစုကိစ္စများတွင်မူ အန်းချန်၏စကားကို နားထောင်ခဲ့ရသေးသည်။
သို့သော် ဤသတင်းသည် ဒုံးပျံအမြန်နှုန်းဖြင့် ပျံ့နှံ့သွားသည်။
အံ့သြဖွယ်ကောင်းသည်မှာ လူအနည်းစုက လျှို့ဝှက်စွာ လက်ခုပ်တီးကြခြင်းဖြစ်သည်။
အန်းကျုံးသည် လူချစ်လူခင်မများပေ။
ဤအချိန်တွင် ကျုံးတုရှိ ဇိမ်ခံဘားတစ်ခုအတွင်း၊ အန်းယင်သည် သူငယ်ချင်းအနည်းငယ်နှင့် အရက်သောက်နေသည်။ သူ့ဖုန်း တုန်ခါသွားသည်နှင့် အန်းယင်က ၎င်းကို မော့ကြည့်လိုက်ရာ ခဏတာ အံ့အားသင့်သွား၍ သူ့အပြုံးသည် ပို၍တောက်ပလာသည်။
"ဆရာကြီးအန်း၊ အဲ့တာဘာလဲ"
"ဟီးဟီး၊အဲ့လူမိုက် အန်းကျုံး သေသွားပြီ"
"သေပြီဟုတ်လား သူဘယ်လိုသေတာလဲ"
"ငါ့ယောက်ဖသတ်လိုက်တာ ဟားဟား" အန်းယင်က ဝမ်းသာအားရပြောသည်။
အခြားသူများကအလည်း အံ့သြကုန်၏။
"မင်းယောက်ဖဟုတ်လား”
"ဟုတ်တယ် ငါ့ အစ်မဝမ်းကွဲ အန်းယန်" အန်းယင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြန်ဖြေသည်။
"အဲ့တာက တစ်ယောက်ယောက်နဲ့ ခိုးပြေးသွားတဲ့ အန်းယန်လား"
အန်းယင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်လာ၏။
"မင်း ဘာပြောလိုက်တာလဲ"
ထိုလူသည် ၎င်းတို့၏ အမှားကို သတိပြုမိကာ လျင်မြန်စွာ တောင်းပန်သည်။
"ဆရာကြီး၊ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်မှားပါတယ် ကိုယ့်ကိုယ်ကိုယ် ရိုက်မယ်”
ဤသို့ပြော၍ ထိုသူက စတင်၍ ကိုယ့်ပါးကိုယ်ရိုက်တော့သည်။ အန်းယင်သည် ဥပက္ခာပြုထား၍ ကုလားထိုင်၏ နောက်သို့မှီလိုက်ကာ မျက်နှာကျက်ကို ငုံ့ကြည့်လျက် သူ့မျက်လုံးများတွင် အတွေးရိပ်များ ဖြတ်ပြေးသွားသည်။
လွန်ခဲ့သည့် လေးနှစ်က သူသည် ရွှယ်အန်း နှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်က ရွှယ်အန်း သည် ဆင်းရဲနွမ်းပါးသော ကျောင်းသားတစ်ဦးမျှသာဖြစ်၍ သူ့ကံကြမ္မာကို အလွန် အထင်သေးခဲ့သည်။ သို့သော် ထိုစဥ်က အန်းယင်သည် သူ့ကို လေးစားခဲ့ဖူးသည်။ မိသားစုဝင်များနှင့်နှိုင်းယှဥ်လျှင် အန်းယင်သည် အန်းချင်အပြင် ရွှယ်အန်းကို အကောင်းအမြင်ဆုံးသော လူတစ်ယောက်ဖြစ်သည်။
ယခုတွင် သူရုတ်တရက် အန်းယန်နှင့် ပြန်လာခဲ့ကာ သူ့အဖေ အန်းချန်နှင့် သူ့ဦးလေး အန်းရွှယ်တို့သည် ရွှယ်အန်း က သူတို့သဘောအတိုင်းလုပ်ရန် ရွှယ်အန်းကရောက်လာခဲ့ခြင်းဟု အမှန်ထင်နေကြခြင်းမှာ ရယ်ဖွယ်ကောင်းလှသည်။
အန်းယင်သာသိသည်၊
ထိုသူသည်…
မည်သူ့ကိုမျှ ဦးမညွတ်ပေ။
ချူးဝေ့ယန်နှင့် သူငယ်ချင်းအချို့သည် နေ့ခင်းဘက် လက်ဖက်ရည်သောက်လျက် အေးအေးဆေးဆေး နေနေကြသည်။ စကားစမြည်ပြောပြီးနောက် ရက်အနည်းငယ်အကြာတွင် အန်းမိသားစုဝင်များ၏ မွေးနေ့ပွဲအကြောင်း စတင်ပြောဆိုကြသည်။
"ဒီတစ်ခါ အန်းမိသားစုရဲ့ မွေးနေ့ပွဲက အရမ်းခမ်းနားတော့မယ်လို့ ကြားတယ်၊ ကျုံးတုမှာ အဆင့်အတန်းရှိတဲ့လူတိုင်းကို ဖိတ်ကြားထားတယ်"
"ဟုတ်ကဲ့ သခင်ဝေ့၊ ဖိတ်စာရပြီလား" တစ်ယောက်ယောက်က စိတ်ဝင်တစားမေးသည်။
“ငါရခဲ့တယ်၊ ဒါပေမယ့် ငါမသွားဘူး”ပြေပြစ်သောအမူအရာအသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက ပြန်ဖြေ၏။
“ကျုပ်ထင်သားပဲ။ သခင်ဝေ့က ဘယ်လိုလုပ်အဲ့လိုနေရာကိုသွားရမှာလဲ”
ဝေ့ရူယန်က ပေါ့ပေါ့ပါးပါး ပြုံး၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
ထိုအချိန်တွင် ချူးဝေ့ယန်က သက်ပြင်းတစ်ချက်ချလိုက်၏။
"ကျွန်မအစ်ကို တိတ်တိတ်လေးချစ်တဲ့ အမျိုးသမီးကလည်း ကျုံးတုကို ပြန်လာတာ နှမျောစရာပဲ”
"ဘယ်သူလဲ အန်းယန်လား" အမျိုးသမီးအားလုံး အံ့ဩသွားကြသည်။
ချူးဝေ့ယန်က ခေါင်းညိတ်လိုက်သည်။
“သူကလွဲပြီးဘယ်သူရှိလို့လဲ ဒီတစ်ခါ အန်းယန်က သူ့ယောက်ျားကိုပါ ခေါ်လာခဲ့တယ်... ရွှယ်အန်းတဲ့"
လက်ဖက်ရည်သောက်နေသော ဝေ့ရူယန်က ခေတ္တရပ်လိုက်သည်။
“ဘယ်သူလို့ပြောလိုက်တယ်"