အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း (၁၈၁) အစားကြူးသော နျန်နျန်
နောက်တစ်နေ့တွင် ရွှယ်အန်းကို စစ်စခန်းသို့ လာရောက်ခေါ်ဆောင်သူသည် အန်းချင်ဖြစ်သည်။ ရွှယ်အန်းက အပြင်ထွက်လာချိန်တွင် သူမကို တွေ့လိုက်သည်နှင့် ရယ်မိသွားလေသည်။ အန်းချင်သည် ယခုအခါ စစ်ယူနီဖောင်းကို ၀တ်ဆင်ထား၍ စစ်စိမ်းရောင် Hummer ကို စွဲမက်ဖွယ်ကောင်းသည့် အမူအရာဖြင့် မောင်းနှင်နေသောကြောင့် ဖြစ်သည်။
"မဆိုးဘူးပဲ၊ ရာထူးတိုးသွားတာလား" ရွှယ်အန်းက အပြုံးဖြင့် ပြောလိုက်သည်။
"အဲ့ဒါတွေအကုန်လုံးက ခဲအိုရဲ့ ကံကောင်းမှု ကျေးဇူးတွေကြောင့် မဟုတ်ဘူးလား" အန်းချင်က တခစ်ခစ် ရယ်မောလိုက်သည်။
ထိုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည်လည်း ပြေးထွက်လာကြသည်။
“အန်တီ၊ အန်တီ၊ သမီးတို့ထဲက ဘယ်သူက အကြီး ဘယ်သူက အငယ်ဆိုတာကို ခန့်မှန်းကြည့်ပါဦး"
ဤနေ့တွင် ကလေးမလေးနှစ်ဦးက တူညီစွာ ၀တ်ဆင်ထားကြ၍ ၎င်းတို့၏ ဆံပင်ပုံစံများကိုပင် အန်းယန်က ပုံစံတူ ပြုလုပ်ထားခဲ့သည်။ အန်းချင်သည် ထိုင်ချ၍ အချိန်အတော်ကြာ စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ပြီးနောက် အဆုံးတွင် ရွှယ်နျန်ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။
"မင်းက ညီမလေးပဲ"
"ဘာလို့ ထပ်ပြီး မှန်းနိုင်သွားရတာလဲ" ရွှယ်နျန်က နှုတ်ခမ်းစူလိုက်သည်။
"ဘာလို့လဲဆိုတော့ သမီးရဲ့ နှုတ်ခမ်းထောင့်မှာ ရေခဲမုန့်တွေ ရှိနေသေးလို့ပဲ။ ဒီလောက် အစားပုပ်နေမှတော့ နျန်နျန်လေးပဲ ဖြစ်ရမယ်" အန်းချင်က ပြုံး၍ ပြောသည်။
ရွှယ်ရှန်းက ဟန်ဆောင်ပန်ဆောင်ဖြင့် သက်ပြင်းချလိုက်သည်။
"အိုး ဒုက္ခပဲ၊ ညီမလေးရေ။ ညီမလေး အစားပုပ်တာကို ဘာလို့လူတိုင်းက သိနေကြတာလဲ"
မတရားခံလိုက်ရသည်ဟု ခံစားလိုက်ရသော ရွှယ်နျန်က ခေါင်းငုံ့နေလိုက်သည်။
"အစားအသောက် ကြိုက်တာ ဘာများ မှားလို့လဲ။ အန်တီလည်း ရေခဲမုန့်စားရတာ ကြိုက်တာပဲလေ" ထိုသို့ပြောနေရာမှ အန်းချင်က သူမ၏နောက်ကွယ်မှ မုန့်ထုပ်ကြီးတစ်ထုပ်ကို မျက်လှည့်ဆန်စွာဖြင့် ထုတ်ပြလိုက်သည်။
"ကြိုက်ကြလား"
"သမီးတို့ ကြိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် အန်တီ" ကလေးမလေးနှစ်ဦးက ဝမ်းသာသွားသည်။
"နင်တို့အားလုံးက ကလေးတွေကို အလိုလိုက်လွန်းအားကြီးတယ်၊ အမြဲတမ်း မုန့်တွေ ကျွေးနေတော့တာပဲ" အန်းယန်က ကြိတ်မှိတ်သည်းခံ၍ ပြောလိုက်သည်။
“ဒါပေမယ့် ညီမက သူတို့ရဲ့ အဒေါ်လေ။ ညီမက သူတို့ကို အလိုမလိုက်ရင် ဘယ်သူက အလိုလိုက်မှာလဲ" အန်းချင်က ကိုယ့်ကိုယ်ကို တရားမျှတကြောင်းပြလိုက်သည်။
"ဖေဖေ ဘာလုပ်မလို့လဲ ဟင်" ဤအချိန်တွင် ရွှယ်ရှန်းက မေးလိုက်သည်။
"သမီးတို့ ဖေဖေက စစ်သားတွေကို သွားပြီး လေ့ကျင့်ပေးမလို့လေ" အန်းချင်က ရယ်မော၍ ပြောလိုက်သည်။
"သမီးတို့လည်း သွားလို့ရမလား" ရွှယ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။
“ဟုတ်တယ်၊ သမီးလည်းသွားချင်တယ်။ အိမ်မှာနေရတာ ပျင်းတယ်" ရွှယ်နျန်သည်လည်း ပြောလိုက်သည်။ ရွှယ်အန်းသည် အနည်းငယ် အပြစ်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ကျုံးတုကို ရောက်သည့်အချိန်မှစ၍ သူ၏သမီးလေးများကို ကစားရန်အတွက် အပြင်သို့ မခေါ်သွားရသေးပေ။
"ကဲ ကောင်းပြီလေ။ ဖေဖေ သမီးတို့ နှစ်ယောက်စလုံးကို ခေါ်သွားပေးမယ်"
"ရေး ရေး"
"ခဲအို၊ ကလေးတွေကို ခေါ်လာလို့ အဆင်ပြေပါ့လား" အန်းချင်က အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။
"ဘာလို့ အဆင်မပြေရမှာလဲ၊ ဒါက ကလေးတွေကို အပြင်ကို ကစားဖို့ ခေါ်သလိုပါပဲ"
အန်းချင်သည် ကားကို မောင်းနှင်လာပြီးနောက် မကြာမီတွင် စစ်တန်းလျားဆီသို့ ရောက်လာသည်။ အန်းချင် စစ်တန်းလျားထဲသို့ လျှောက်လာသော အပြုအမူသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ စစ်တပ်၏ ရှေ့တန်းတွင် အမျိုးသမီးပါဝင်မှုနှင့် ပတ်သက်၍ ၎င်းတို့ မမြင်ခဲ့ဖူးပေ။ ဆိုရိုးစကားအတိုင်း ဤနေရာတွင် ယင်ကောင်များလျှင်ပင် အထီးများဖြစ်ကြသည်။ အန်းချင်သည် အမျိုးသမီးတစ်ဦးဖြစ်ရုံသာမကဘဲ အလွန်လှပသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ ဤအချက်သည် သဘာဝအတိုင်း အကြည့်များစွာကို ဆွဲဆောင်စေသည်။
ထို့အပြင် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ ချစ်စဖွယ်ကောင်းသည့် ကလေးမလေး နှစ်ဦးသည်လည်း သူမ အနောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။ ဤပေါင်းစပ်မှုသည် စစ်သားများစွာကို အံ့အားသင့်စေသော အကြည့်ဖြင့် အချင်းအချင်း ဖလှယ်စေခဲ့သည်။ စစ်တန်းလျားထဲသို့ ရောက်သည်နှင့်၊ အန်းချင်က ရပ်တန့်ပြီးနောက် အခန်းတစ်ခုလုံးနီးပါး ပြည့်နှက်နေသည့် စစ်သားများကို ကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
"အားလုံးငြိမ်ငြိမ်နေကြ၊ မင်းတို့ရဲ့ နည်းပြအသစ်နဲ့ မိတ်ဆက်ပေးမယ်"
၎င်းတို့အားလုံး၏ မျက်လုံးများက ရွှယ်အန်းဆီသို့ ရောက်သွားကြသည်။ ၎င်းတို့၏ အကြည့်များသည် ဆန်းစစ်မှုများဖြင့် စတင်ခဲ့ပြီးနောက် အထင်အမြင်သေးခြင်းအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။ ရွှယ်အန်းသည် စစ်ရေး ကျွမ်းကျင်သူတစ်ဦးနှင့် အနည်းငယ်မျှ မတူဘဲ ပေါ့ပေါ့ပါးပါးဖြင့် သိမ်နုတ်စွာ ၀တ်စားဆင်ယင်ထားသည်။
“ညီမလေးကို နည်းပြအဖြစ် ခန့်အပ်ဖို့ အစ်ကိုတို့တွေ အကြံပြုလို့ ရမလား။ ဒီတစ်ယောက်က အရမ်း အားနည်းလွန်းသလိုပဲ" လူအုပ်ကြီးထဲက တစ်စုံတစ်ယောက်က ထေ့ငေါ့စွာ ပြောလိုက်သည်။
"သဘောတူတယ်" အသံများစွာက သံပြိုင်ရွတ်ဆို၍ ရယ်မောလိုက်ကြသည်။
အန်းချင်က မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ လွယ်ကူသည့် အရာမဟုတ်ကြောင်း သူမ သိထားသည်။ ဤလူများသည် သာမာန်လူများ မဟုတ်ကြဘဲ ပြဿနာကောင်များသာ ဖြစ်ကြသည်။
"ပေါက်ကရတွေ လျှောက်မပြောနဲ့၊ သမီးတို့ ဖေဖေက တကယ် သန်မာတဲ့လူ" ရွှယ်ရှန်းနှင့် ရွှယ်နျန်က လေးနက်စွာ ပြောလိုက်သည်။
"အို ကလေး၊ သမီးရဲ့ ဖေဖေက ဘယ်လို သန်မာတာလဲ" တစ်စုံတစ်ယောက်က ရယ်ရယ်မောမော မေးသည်။
"ဟင်း... ဖေဖေက လူဆိုးတွေ အများကြီးကို သူ့ဘာသာသူ ရှင်းပစ်နိုင်တယ်" ရွှယ်ရှန်းက သူမ၏ လက်သီးလေးကို ဝှေ့ယမ်း၍ ကြေငြာလိုက်သည်။
"ဟား၊ ဒါဖြင့်ရင် ကွန်ပြူတာဂိမ်းထဲက လူဆိုးတွေပဲ ဖြစ်ရမယ်။ အဲ့ဒီ့ခန္ဓာကိုယ် အရွှယ်အစားမျိုးနဲ့ဆိုရင် ငါ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးပစ်နိုင်တယ်” လူအုပ်ထဲက တစ်စုံတစ်ယောက်က ပြက်ရယ်ပြုလိုက်သည်။
လူအုပ်ကြားထဲမှ ချန်ဟောက်သည် အေးစက်သော အမူအရာဖြင့် ရွှယ်အန်းကို ခေတ္တလှည့်ကြည့်ပြီးနောက် အာရုံထဲမှ ပြန်လည် ထုတ်ပယ်ကာ သူ၏အကြည့်များကို အန်းချင်အပေါ် အာရုံစိုက်လိုက်သည်။ ဤအမျိုးသမီးက ချန်ဟောက်၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ထိုအချိန်တွင် စွန်းလင်က ရွှယ်အန်းကို ရွှတ်နောက်နောက် အကြည့်ဖြင့် ကြည့်လိုက်သည်။ လူငယ်တစ်ယောက်ကို စစ်စခန်းသို့ ခေါ်ဆောင်လာခြင်းအရ ယနေ့ခေတ် နည်းပြများအားလုံး စိတ်ရူးပေါက်သွားခြင်းဖြစ်လေသလော။
အခန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်တွင် ရွှယ်အန်းက လှေကားထစ်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကာ အောက်ရှိ လူများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အသံများက တဖြေးဖြေး တိတ်ဆိတ်သွားလေသည်။
ရွှယ်အန်းက တိတ်ဆိတ်စွာ ရပ်တန့်နေပြီးနောက် ခေါင်းခါ၍ ပြောလိုက်သည်။
"ငါ အရမ်းစိတ်ပျက်မိတယ်"
“မင်းတို့က သက်ဆိုင်ရာ တပ်အသီးသီးရဲ့ လက်ရွေးစင်ထဲက လက်ရွေးစင်တွေဆိုပြီး မနေ့က ဗိုလ်ချုပ်လင်းက ပြောခဲ့ပြီး၊ မင်းတို့ကို လေ့ကျင့်ပေးဖို့အတွက် ဖိတ်ခဲ့တယ်၊ ဒါပေမယ့် ငါ့ အမြင်အရတော့ မင်းတို့က အမှိုက်တွေနဲ့တောင် မယှဉ်သာနိုင်တဲ့ လူတွေ"
ဤစကားများသည် လူများစွာ၏ မျက်နှာများကို အရောင်ပြောင်းစေခဲ့သည်။ အချို့က ဒေါသတကြီးပင် ဟစ်အော်လိုက်ကြသည်။
"မင်းတို့ ဒါကို လက်မခံဘူးဆိုတာ ငါ သိတယ်။ ကောင်းပြီ၊ ငါ ဒီမှာရပ်နေတယ်။ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ကို ဒီနေရာကနေ ရွှေ့အောင်လုပ်နိုင်ရင် ငါ ပြောခဲ့တဲ့စကားအတွက် တောင်းပန်ပြီးတာနဲ့ နောက်လှည့်ပြီး ထွက်သွားပေးမယ်" ရွှယ်အန်းက ဆက်ပြောလိုက်သည်။
“ကောင်းပြီ” တစ်စုံတစ်ယောက်က ဟိန်းဟောက်၍ တုံ့ပြန်ပြီးနောက် လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူသည် ယခင်နေ့က ထိုင်ခုံကူရှင်အတွက် စွန်းလင်နှင့် ယှဉ်ပြိုင်ခဲ့သည့် ထွားကျိုင်းသော အမျိုးသားဖြစ်သည်။
ထိုလူကို မှတ်မိသူများက မနေနိုင် မထိုင်နိုင်ဖြင့် တီးတိုးပြောလိုက်သည်။
“အဲ့တစ်ယောက်ရဲ့ နာမည်က ကျိုးသာ့နျိုတဲ့၊ သူ့ နာမည်ပြောင်က ယန်ရှုံး။ သူက နည်းနည်းနှေးပေမယ့် တော်တော်လေး သန်မာတာ။ ဒီနည်းပြတော့ သွားပြီ ထင်ပါတယ်"
ကျိုးသာ့နျိုသည် ရွှယ်အန်း၏ အနားသို့ ရောက်လာပြီးနောက် အသက်ပြင်းပြင်းရှူ၍ ရွှယ်အန်း၏ခြေထောက်များကို ပွေ့ဖက်ကာ သူ့ကို မြှောက်တင်ရန် ပြင်ဆင်လိုက်သည်။ ကျိုးသာ့နျိုသည် တစ်ချိန်က တစ်တန်ကျော်ရှိသည့် ပစ္စည်းတစ်ခုကို မြှောက်တင်ခြင်းဖြင့် ရောက်ရှိလာသူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် သက်ရှိလူသားတစ်ဦးကို မြှောက်တင်ခြင်းက သူ၏အမြင်တွင် ရိုးရှင်းလွယ်ကူလွန်းလှသည်။ သို့သော် ကျိုးသာ့နျိုက မည်မျှ ကြိုးစားပါစေ ရွှယ်အန်းကို ရွေ့လျားအောင် မပြုလုပ်နိုင်ခဲ့ပေ။
ရွှယ်အန်းက ခေါင်းခါ၍ ကျိုးသာ့နျို၏ ပခုံးကို ပေါ့လျော့စွာ တွန်းလိုက်ရာ ကျိုးသာ့နျိုသည် ရထားတစ်စင်းဖြင့် တိုက်ထုတ်ခံရသည့်နှယ် အနောက်သို့ တည့်တည့် လွင့်ပျံသွားလေသည်။ ဤခွန်အားပြသမှုသည် ချန်ဟောက်နှင့် စွန်းလင်တို့ နှစ်ဦးစလုံး၏ သူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေသည်။ ပြီးနောက် ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
“ငါက မင်းတို့အားလုံးကို အထင်ကြီးခဲ့မိတာပဲ။ အမှိုက်က အမှိုက်ပါပဲ၊ မင်းတို့တွေ…”
ရွှယ်အန်းက သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်းတို့အားလုံး တစ်ပြိုင်တည်း လာကြစမ်း"
ထိုစကားများသည် ဤလက်ရွေးစင် စစ်သည်များ၏ နားထဲတွင် မခံမရပ်နိုင်ဖြစ်စေသည်။ ချန်ဟောက်က စွန်းလင်ကို လှည့်ကြည့်လိုက်ချိန်တွင် ၎င်းက နေရာမှ ပျောက်ကွယ်သွားခြင်းကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်း၌ပင် စွန်းလင်သည် ရွှယ်အန်း၏ နောက်ကျောတွင် တိတ်တဆိတ် ပေါ်ပေါက်လာ၍ အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသော ဓားမြှောင်ဖြင့် သူ၏လည်ချောင်းဆီသို့ ဦးတည် ချိန်ရွယ်လိုက်သည်။
ဤသည်မှာ စွန်းလင်ကို နာမည်ကြီးစေခဲ့သည့် မှောင်ရိပ်ကွယ်သတ်ဖြတ်ခြင်းသိုင်း ဖြစ်သည်။ ဓားမြှောင်က တဖြည်းဖြည်း ပိုပို၍ နီးကပ်လာသောအခါ စွန်းလင်၏နှုတ်ခမ်းတွင် အပြုံး အရိပ်အမြွက်တစ်ခု ပေါ်ပေါက်လာသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏အပြုံးများ အေးခဲတောင့်တင်းသွားလေသည်။ ရွှယ်အန်းသည် သူ၏ဦးခေါင်းကိုပင် မလှည့်ခဲ့ဘဲ လက်ကို အနောက်သို့ ဆန့်ထုတ်ကာ စွန်းလင်၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ စွန်းလင်အံ့သြသွား၍ ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် ရွှယ်အန်းက ထွက်ပြေးရန် အခွင့်အရေးမပေးဘဲ သူ၏လက်တစ်ဖက်ကို လှုပ်ရှားခြင်းဖြင့် စွန်းလင်ကို မြေပြင်ပေါ်မှ ဆွဲမလိုက်သည်။ ချန်ဟောက်က အံကြိတ်ထားလိုက်သည်။
'အခုလုပ်ရင်လုပ်၊ မဟုတ်ရင် အရှုံးပေးလိုက်တော့၊ တစ်ပြိုင်နက်တည်း မင်းကို တိုက်ခိုက်ဖို့ ပြောမှတော့၊ ရိုင်းသွားရင် ငါတို့ကို အပြစ်မတင်နဲ့ပေါ့'
လူအများစုသည်လည်း အရှေ့သို့ တက်လာကြသည်။
ဦးဆောင်ချီတက်လိုက်သော ချန်ဟောက်သည် အစွမ်းကုန် ထုတ်သုံး၍ သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သည်။ သူသည် လွှမ်းမိုးနိုင်ခြင်း စွမ်းအင်ဖြင့် လူသိများသော ရှေးဟောင်းလက်သီးကို လေ့ကျင့်ခဲ့သည်။ သို့သော် ဤလက်သီးချက်သည် ရွှယ်အန်းကို မျက်တောင်ခတ်ရန်ပင် မပြုလုပ်နိုင်ခဲ့ပေ။
ရွှယ်အန်းသည် သူ၏ ပေါ့လျော့သော လက်ဝှေ့ယမ်းမှုဖြင့် ချီတက်နေသူများကို လွင့်ပျံသွားသည်အထိ ရိုက်ထုတ်လိုက်သည်။ ချန်ဟောက်က မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် ငါးကြင်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်၍ ထရပ်လိုက်ပြီးနောက် ရွှယ်အန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ သူက လက်ကိုတောင် မလှုပ်ရသေးဘဲ ငါတို့အားလုံးကို လွင့်ပျံသွားအောင် လုပ်ခဲ့တာလား'
တစ်ချိန်တည်း၌ပင် ရွှယ်အန်းက စွန်းလင်ကို ဘေးတစ်ဖက်သို့ ပစ်လိုက်ပြီးနောက် စစ်တန်းလျားရှိ ခွန်အားစမ်းသပ် ကိရိယာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ခွန်အားစမ်းသပ် ကိရိယာသည် စစ်သားများ၏ လက်မောင်း ခွန်အားကို တိုင်းတာရန်အတွက် အလွန်ခိုင်ခံ့သော ဘိလပ်မြေသွန်းလောင်းမှု အခြေခံဖြင့် ဒီဇိုင်းပြုလုပ်ထားသည်။ ရွှယ်အန်းသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်၍ လက်သီးဖြင့် ပြင်းထန်စွာ ထုချလိုက်သည်။
ဘန်း
လက်သီးချက်ဖြင့် အခြေပြုတ်သွားသော ခွန်အားစမ်းသပ် ကိရိယာသည် နံရံကို ဝင်တိုက်၍ မီတာရာချီ အကွာအဝေးသို့ လွင့်ပျံသွားကာ အဆုံးတွင် ကျယ်လောင်သံတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရွှယ်အန်းက သူ၏လက်သီးကို ပြန်ရုပ်သိမ်း၍ အံ့ဩမှင်သက်သွားသော လူတိုင်းကို လှည့်ကြည့်လိုက်သည်။
"သဘောမတူတဲ့လူ ဘယ်သူရှိလဲ"
အခန်း (၁၈၂) ဆယ်ရက်အတွင်း သိုင်းပညာပြိုင်ပွဲမှာ တွေ့ကြတာပေါ့
မည်သူမှ စကားမပြောရဲကြပေ။ အမြဲတစေ မောက်မာခဲ့သော ချန်ဟောက်လျှင်ပင် ယခုအခါ ခေါင်းကို ငုံ့ထားလိုက်သည်။
'မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပေါ့။ အခုအချိန်မှာ သေလောက်အောင် ဒေါသထွက်နေရင်တောင် ဘာမှပြန်လုပ်နိုင်မှာ မဟုတ်ဘူး'
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အခု ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးဆိုတော့၊ နာခံမှုအပြည့်နဲ့ တန်းစီထားလိုက်"
ကနဦးတွင် ဤလူများက ဖွဲ့စည်းပုံသဏ္ဍာန်မရှိဘဲ ပျင်းရိစွာ စုရုံးနေကြသည်။ ယခုအခါ ရွယ်အန်းထံမှ ဟောက်သံနှင့်အတူ ငေးငိုင်မှုမှ အသိပြန်ကပ်လာသော ၎င်းတို့သည် ကိုယ့်အသိစိတ်ဖြင့် အဆင့်တန်းများကို အမြန်ဖွဲ့စည်းလိုက်ကြသည်။ အဆုံးတွင် စစ်တပ်၏ လက်ရွေးစင်များ ဖြစ်ကြသော ၎င်းတို့သည် အရပ်အမောင်းနှင့်အညီ အလျင်အမြန် တန်းစီလိုက်ကြသည်။ ရွှယ်အန်းသည် ပြုတ်ကျရာမှ မျက်နှာတစ်ခုလုံး ဖောရောင်နေသည့် စွန်းလင်ကို လှည့်ကြည့်လိုက်သည်။
"မင်း မဆိုးဘူး၊ ဘယ်လို ချောင်ခိုတိုက်ခိုက်ရမလဲဆိုတာ သိသားပဲ"
စွန်းလင်သည် နာကျင်မှုများကြားမှ ဘဝင်ခိုက်စွာဖြင့် ပြုံးပြနိုင်သေးသည်။
"ဒါပေမယ့် မင်းရဲ့ နည်းစနစ်က အားနည်းချက် များပြီး၊ ညံ့လွန်းတယ်"
ပြီးနောက် ရွှယ်အန်းက ချန်ဟောက်ဘက်သို့ လှည့်လိုက်သည်။
"မင်းက ရှေးဟောင်းလက်သီးကို လေ့ကျင့်ထားတာ မဟုတ်လား"
“ဟုတ်ကဲ့” ချန်ဟောက်က တုံ့ပြန် ဖြေကြားလိုက်သည်။
"ရှေးဟောင်းလက်သီးက တကယ်သာ ဒီလောက်ပဲဆိုရင် ဆုန်မင်းဆက်ရဲ့ ဧကရာဇ် ထိုက်ဇူက သူ့ကိုယ်သူ ကြိုးဆွဲချဖို့ ကြိုးလိုက်ရှာနေလောက်ပြီ"
ချန်ဟောက်၏မျက်နှာတွင် ဖီဆန်လိုသော အရိပ်အမြွက်များ ပြသနေသည်။
ရွှယ်အန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“မင်းက သဘောမတူချင်ဘူးလား။ ငါက စကားကြီး စကားကျယ် ပြောနေတယ်လို့ ထင်တယ်ပေါ့။ ကောင်းပြီ၊ ရှေးဟောင်းလက်သီး အစစ်အမှန်က ဘယ်လိုမျိုးလဲဆိုတာ ငါ မင်းကို သက်သေပြမယ်"
ထိုမှတစ်ဆင့် ရွှယ်အန်းက သူ၏ လက်သီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ လက်သီးချက်သည် စစ်တန်းလျားတစ်လျှောက်ကို လေပြင်းများ ဖြတ်သန်း တိုက်ခိုက်လာခြင်းနှင့်ပင် ဆင်တူသည်။
ရွှယ်အန်း၏လက်ချက်သည် သေရေးနှင့် ရှင်ရေးကို အမိန့်ပေးနိုင်သည့် ခမ်းနားထည်ဝါသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ချန်ဟောက်၏ အမြင်တွင် ထင်မှတ်ရစေသည်။ လက်သီးချက်သည် ချန်ဟောက်၏နှာခေါင်းနှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားသည်။
ရွှယ်အန်းက တင်းမာစွာ ပြောလိုက်သည်။
“ကဲ၊ အခု မင်းရဲ့ ရှေးဟောင်းလက်သီးက အဘွားအိုတစ်ယောက်ရဲ့ ပန်းထိုးလက်ရာထက် မပိုဘူးဆိုတာကို ဝန်ခံပြီလား"
"ဟုတ်ကဲ့" ချွေးစေးများ စီးကျလာကာ မာနများ ပျောက်ကွယ်သွားသော ချန်ဟောက်က ပြောလိုက်သည်။
ရွှယ်အန်းက အနောက်လှည့်၍ လှေကားပေါ်သို့ တက်လှမ်းသွားသည်။
“ကဲ အခု ငါ့ကိုယ်ငါ မိတ်ဆက်မယ်။ ငါ့ နာမည်က ရွှယ်အန်း။ အခုကစပြီး မင်းတို့ကို လေ့ကျင့်ပေးမယ့် လူ။ စိတ်မပူပါနဲ့ ငါ မင်းတို့ကို ငဲ့ညှာမှာ မဟုတ်ဘူး။ ဘာလိုလဲဆိုတော့ မင်းတို့အားလုံးက အမှိုက်တွေဖြစ်နေလို့ မင်းတို့ကို အမှိုက်ထက် နည်းနည်း ပိုသာအောင်ပဲ လေ့ကျင့်ပေးနိုင်တယ်။ နားလည်ကြလား"
"နားလည်ပါပြီ" အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“မင်းတို့က ဘယ်ဌာနက လက်ရွေးစင်တွေလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခုစပြီး မင်းတို့အားလုံးသည် မီးဖီးနစ်ရဲ့ စစ်သားတွေပဲ။ ရှင်းကြလား"
“ရှင်းပါတယ်"
"ကောင်းပြီ" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ထိုအချိန်တွင် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေကြသည်။
"ဖေဖေက အရမ်းအံ့သြဖို့ ကောင်းတာပဲ"
အန်းချင်က ရွှယ်အန်းကို အားကျမှု အနည်းငယ်ဖြင့် ကြည့်နေလိုက်သည်။ သူမသည် ဤနေရာသို့ မလာခင်တွင် ရွှယ်အန်းက ဤမျှကြမ်းတမ်းသော စစ်သားများစွာနှင့် ပတ်သက်၍ အနိုင်မယူနိုင်ဘဲ ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ရွှယ်အန်းက ဆယ့်ငါးမိနစ်ပင် မကြာမြင့်ဘဲ ၎င်းတို့အားလုံးကို တန်းစီရန် ပြုလုပ်နိုင်ခဲ့သည်။ ရွှယ်အန်း၏ လေ့ကျင့်မှုသည် အခြားလူများနှင့် မတူပေ၊ သူ၏ ထိုးထွင်းသိမြင်မှုသည် အလွန် စူးရှသောကြောင့် စစ်သားတစ်ဦးစီ၏ အားနည်းချက်နှင့် အားသာချက်များကို အမြန် ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် လူတစ်ဦးချင်းစီ၏ အားနည်းချက်များကို ပစ်မှတ်ထားသော လေ့ကျင့်မှုများက အလုံးစုံ ကွဲပြားနေသည်။ ယင်းဖြစ်စဉ်သည် စစ်သားများကို အကြီးအကျယ် ဒုက္ခခံစားရစေသည်။ မွန်းတည့် အနားယူချိန်များတွင် လှုပ်ရှားနိုင်ခြင်း မရှိကြတော့ဘဲ ၎င်းတို့အားလုံး မြေပြင်ပေါ်သို့ ပစ်လဲကျသွားကြသည်။
သူ၏ဘဝတွင် ဤမျှ မပင်ပန်းခဲ့ဖူးသကဲ့သို့ ခံစားရသော ချန်ဟောက်သည် ပြင်းထန်စွာ မောဟိုက်နေသည်။ သို့သော် ဤပင်ပန်းနွမ်းနယ်မှုက ချန်ဟောက်ကို စိတ်လှုပ်ရှားစေသည်။ ဤနှစ်များစွာအတွင်း သူ၏လေ့ကျင့်မှုများက ပင်ပန်းနွမ်းနယ်မှု မရှိသလောက် နည်းပါးခဲ့သည်။ ဤအချက်သည် မိမိကို ကုန်းပြင်မြင့်သို့ ရောက်နေပြီဟု ညွှန်ပြနေခြင်း ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်း ရှိမှသာလျှင် တိုးတက် အောင်မြင်နိုင်မည် ဖြစ်သည်။ ချန်ဟောက်သည်သာ ထို့သို့ ခံစားနေရခြင်း မဟုတ်ဘဲ လူများစွာသည်လည်း ၎င်းတို့၏ နှလုံးသားထဲတွင် အလွန် စိတ်သက်သာရာရနေမိသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်လင်းက စစ်တန်းလျားသို့ ရောက်ရှိလာသည်။ ကားပေါ်မှ ဆင်းပြီးနောက် မြေပြင်ပေါ်တွင် မောဟိုက်နေသော စစ်သားများကို ကြည့်ကာ ရယ်မော၍ မဆုံးနိုင်ဖြစ်နေသည်။
“မစ္စတာရွှယ်၊ ဒီကောင်တွေက တော်တော်လေး နာခံကြတယ် မဟုတ်လား"
ရွှယ်အန်းက ပြုံးလိုက်သည်။
"အစပိုင်းတော့ မနာခံကြပေမယ့် နောက်ပိုင်းမှာတော့ နာခံလာကြပါတယ်"
ဗိုလ်ချုပ်လင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"မစ္စတာရွှယ်က ဒီကောင်တွေကို ထိန်းကျောင်းနိုင်မယ်ဆိုတာ ကျုပ် သိနေတယ်"
ဗိုလ်ချုပ်လင်းက အခြေအနေများကို အတိအကျ သိရရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ဤသည်မှာ ဗိုလ်ချုပ်လင်းဘက်မှ ကြိုးစားအားထုတ်မှုနှင့် အဆုံးမဲ့သည့် မျှော်လင့်ချက်ပေါင်းများစွာကို သွန်းလောင်းခဲ့သည့် ဌာနတစ်ခုဖြစ်သည်။
ပြီးနောက် ဗိုလ်ချုပ်လင်းသည် ရွှယ်အန်းနှင့် ခေတ္တ စကားပြောပြီးသည့်နောက်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ထိုအချိန် စစ်သားတစ်ဦးက အမြန်ပြေးလာသည်။
"ဖုန်းလာနေပါတယ်၊ ဗိုလ်ချုပ်"
"အိုး၊ ဘယ်သူလဲ"
"ဗိုလ်ချုပ်ဟူ ခေါ်နေတာပါ"
'ဗိုလ်ချုပ်ဟူ'
ဤနာမည်ကို ကြားသည်နှင့် ဗိုလ်ချုပ်လင်းး၏ မျက်နှာအမူအရာ ညှိုးသွားသော်လည်း၊ မျက်မှောင်ကြုတ်၍ ဖုန်းကို ကိုင်လိုက်သည်။ ပြီးနောက် အခြားတစ်ဖက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟားဟား၊ လင်းဇီလေး၊ မင်းရဲ့ အင်မော်တယ် ဖီးနစ် ဒုက္ခရောက်သွားတယ်လို့ ငါ ကြားတယ်၊ အပြတ်ရှင်းခံရ လုနီးပါးပဲဆို"
ဗိုလ်ချုပ်လင်းက သက်ပြင်းချလိုက်သည်။
“ခင်ဗျားက ဘယ်လိုလုပ် အကုန်လုံး သိနေရတာလဲ”
"ဒါတင်မကသေးပါဘူး၊ မင်းရဲ့ အင်မော်တယ် ဖီးနစ်က အခု နာမည်တစ်ခုပဲ ရှိတော့တာကိုလည်း ငါ သိထားတယ်၊ ဘယ်လိုလဲ၊ ဆယ်ရက်အတွင်း စစ်ကြောရေးပြိုင်ပွဲမှာ အရှုံးခံတော့မှာလား" ဗိုလ်ချုပ်ဟူ၏ အသံတွင် ပါဝင်သော သူတစ်ပါးအပေါ် မလိုတမာမှုများက သိသာထင်ရှားသည်။
ဗိုလ်ချုပ်လင်းက မျက်မှောင်ကြုတ်ထားဆဲဖြစ်သော်လည်း ခိုကိုးရာမဲ့ သက်ပြင်းချလိုက်သည်။
“ကျုပ်လည်း ဌာနအသစ် ပြန်တည်ထောင်ထားပါတယ်၊ ဒါပေမယ့် အချိန်က လောက်မှာ မဟုတ်တော့၊ ဒီနှစ်တော့…”
ဗိုလ်ချုပ်လင်းက အရေးနိမ့်ကြောင်း ဝန်ခံရန် ပြင်ဆင်တော့မည့် အချိန်တွင်၊ နံဘေးမှ နားထောင်နေသော ရွှယ်အန်းက ဘာသိဘာသာဖြင့် ပြောလိုက်သည်။
"သူ့ကို ပြောလိုက်ပါ၊ ကျုပ်တို့တွေ ဆယ်ရက်အတွင်း ပြိုင်ကွင်းထဲမှာ ဆုံကြမယ်လို့"
ဗိုလ်ချုပ်လင်းသည် ရုတ်တရက် အံ့ဩသွားသော်လည်း ရွှယ်အန်း၏ စကားများအတိုင်း အံကြိတ်၍ တစ်ထပ်တည်း ပြန်ပြောလိုက်သည်။
"ကျုပ်တို့တွေ သေချာပေါက် ဝင်ပြိုင်မှာပေါ့၊ ဆယ်ရက်အတွင်း ပြိုင်ကွင်းမှာ ဆုံကြမယ်"
ဗိုလ်ချုပ်ဟူက ယုံကြည်မှုကင်းမဲ့သော အသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားရဲ့ အသစ်ဖွဲ့စည်းထားတဲ့ ဌာနက ကျုပ်တို့ သားရဲအစွယ်များ အဖွဲ့နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။ ဟားဟား ဗိုလ်ချုပ်လင်း... ဗိုလ်ချုပ်လင်း၊ ခင်ဗျား မူးနေတာတော့ မဟုတ်ပါဘူးနော်"
"ကျုပ် မမူးဘူး"
"ကောင်းပြီလေ၊ ပြိုင်ကွင်းမှာပဲ တွေ့ကြတာပေါ့၊ ဒါပေမယ့် ခင်ဗျား ရှုံးရင် အနှစ်သုံးဆယ် မောက်ထိုက်ပုလင်းတွေ ကျုပ်ကို ပေးဖို့ မမေ့နဲ့နော်"
"ကောင်းပြီ၊ ခင်ဗျားရှုံးရင်တော့ ကျုပ်ကို အဲဒီသက်တမ်းတစ်ရာရှိတဲ့ မြေအောက်ခန်းဝိုင်ကို ပေးရမယ်"
သဘောတူညီမှု ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်လင်းက ဖုန်းကိုချ၍ ရွှယ်အန်းကို ကြည့်လိုက်သည်။
“မစ္စတာရွှယ်… ဆယ်ရက်က အချိန်နည်းနည်း ကြပ်မနေဘူးလား”
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျုပ်တို့တွေ နိုင်မယ်လို့ ပြောထားရင် ကျုပ်တို့ သေချာပေါက် နိုင်မှာပါ"
ထိုအချိန်တွင် ဗိုလ်ချုပ်ဟူသည်လည်း အခြားတစ်ဖက်တွင် သံသယဖြစ်စွာဖြင့် မျက်မှောင်ကြုတ်နေလေသည်။ မည်သို့ကြောင့် ဗိုလ်ချုပ်လင်း၏ လေသံက ရုတ်တရက် ပြောင်းလဲသွားရသနည်း။ အင်မော်တယ်တစ်ပါးကို စစ်တပ်ထဲသို့ ခေါ်ဆောင်ထားခြင်း မဟုတ်လျှင် အရည်အချင်းပြည့်မီသည့် အထူးတပ်ဖွဲ့တစ်ခုကို ဆယ်ရက်အတွင်း တည်ဆောက်ရန် မဖြစ်နိုင်ပေ။
ထိုညတွင် စစ်တန်းလျားအတွင်း၌ သံပြိုင် ညည်းညူ အော်မြည်သံများ ထွက်ပေါ်လာသည်။ လူအများစုက ၎င်းတို့၏ ကြွက်သားများ နာကျင်ကိုက်ခဲမှုကြောင့် အိပ်မပျော်နိုင်ကြပေ။ ချန်ဟောက်သည် ယနေ့ လေ့ကျင့်ရေးအတွင်း သူ၏ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်ဟုပင် ခံစားမိသည်။ သို့သော် ထိုသို့ဖြစ်လေ မိမိက ပို၍ပင် အိပ်စက်ရန် လိုအပ်လေဖြစ်သည်။ သူ၏ခွန်အားများ ပြန်လည် မဖြည့်တင်းနိုင်လျှင် မနက်ဖြန်တွင် သူ၏အခြေအနေက ပို၍ ဆိုးရွားပေလိမ့်မည်။
ထူးဆန်းသည်က နောက်တစ်နေ့ မနက် အိပ်ရာထပြီးနောက်တွင် ချန်ဟောက်က သူ၏ခွန်အားများ အနည်းငယ် တိုးတက်လာသည်ကို တွေ့လိုက်ရ၍ အလွန် အံ့အားသင့်သွားသည်။ ဤရှာဖွေတွေ့ရှိမှုသည် သူ့ကို မြူးကြွရွှင်လန်းစေသည်။ သူသည် ဤသုံးနှစ်အတွင်း ပို၍ သန်မာလာမှုကို မခံစားမိခဲ့ပေ။ ချန်ဟောက်သာမမက လူတိုင်းသည်လည်း ဤသို့သော ခံစားချက်မျိုး ရှိနေသည်။ ဤသို့ဖြင့် နောက်တစ်နေ့ လေ့ကျင့်ရေးတွင် လူတိုင်းက ရူးနှမ်းနေသကဲ့သို့ အလွန် စိတ်လှုပ်ရှား တက်ကြွစွာ လေ့ကျင့်နေကြသည်။
ရွှယ်အန်းက အပေါ်စီးမှ ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ ကန့်သတ်ချက်သို့ ရောက်သည်နှင့် ထိုလူကို ရွှယ်အန်းက ရပ်တန့်ခိုင်းမည်ဖြစ်သည်။ ဤသည်မှာ လူတိုင်းကို လဲကျခါနီးအစွန်းတွင် ထိန်းသိမ်းထားနိုင်ခဲ့သည့် အထိရောက်ဆုံး လေ့ကျင့်မှုမျိုးဖြစ်သည်။
ညနေခင်းသို့ တစ်ဖန် ရောက်လာချိန်တွင်၊ လူတိုင်းက လက်ဖျားပင် မလှုပ်ရှားနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ရွှယ်အန်းသည် လှေကားထစ်များပေါ်တွင် မတ်တပ်ရပ်နေရာမှ ပြုံး၍ မေးလိုက်သည်။
"ပင်ပန်းနေကြပြီလား"
"မပင်ပန်းပါဘူး" အောက်မှ အနည်းငယ် ပြန့်ကျဲနေသော အသံတစ်ချို့ ထွက်ပေါ်လာသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"မပင်ပန်းကြဘူးဆိုတော့ ဒီည မင်းတို့ရဲ့ ညစာကို နည်းနည်း ထပ်ထည့်ပေးမယ်"
အခန်း (၁၈၃) နှလုံးသားနတ်ဆိုးကျင့်ကြံရေးနည်းစနစ်
မြို့၏အပျက်အစီးများပေါ်တွင် မတ်တပ်ရပ်နေသော ချန်ဟောက်၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် အဝေးမှ ခြေသံများထွက်ပေါ်လာသည်။ ချန်ဟောက်သည် အလိုအလျောက် တုံ့ပြန်မှုဖြင့် ထောင့်တစ်နေရာတွင် ပုန်းအောင်းလိုက်သည်။ ချဉ်းကပ်လာသော ပုံရိပ်များသည် ရာထူးအမှတ်အသားများ မပါရှိသည့် စစ်သားများဖြစ်ကြ၍ တစ်ဦးချင်းစီသည် ကြောက်မက်ဖွယ် အရောင်အဝါများ ထုတ်လွှင့်နေသည့် လက်ရွေးစင်တပ်များဖြစ်သည်မှာ သိသာထင်ရှားသည်။ ချန်ဟောက်က အသက်ရှုနှုန်းကို ထိန်းချုပ်၍ ချောင်တွင် တိတ်ဆိတ်စွာ ဆက်လက် ပုန်းအောင်းနေခဲ့သည်။
သို့သော် ထိုလူများက ချန်ဟောက် နံဘေးမှ ဖြတ်သွားစဉ် ရုတ်တရက်ဆိုသလိုပင် စစ်သားအချို့က ခေါင်းလှည့်လာ၍ သူ့ထံသို့ ခုန်အုပ်လိုက်ကြသည်။ ချန်ဟောက်က အံ့သြသွားသည်။ ထိုလူများ၏ သွက်လက်မှုသည် အလွန် မြန်ဆန်လှသည်။ ချန်ဟောက်သည် မြေပြင်ပေါ်တွင် လူးလိမ့်ခြင်းဖြင့် တိုက်ခိုက်မှုကို ပွတ်ကာသီသာ ရှောင်တိမ်းပြီးနောက် လေးနက်သော အမူအရာဖြင့် မတ်တပ်ထရပ်၍ ရှေးဟောင်းလက်သီးချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ချန်ဟောက်သည် လူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း လူနှစ်ဦးကို ဖြေရှင်းရခြင်းက သူ့အတွက် ခက်ခဲနေသည်။
ထို့အပြင် ရန်သူအရေအတွက်သည် နှစ်ဆယ် သုံးဆယ်ခန့် ရှိနေသည်။ အနည်းငယ် လှုပ်ရှားပြီးနောက် ချန်ဟောက်က မြေပြင်ပေါ်သို့ ကန်ထုတ်ခံလိုက်ရသည်။ ပြီးနောက် တစ်စုံတစ်ယောက်က ချဉ်းကပ်လာကာ သူ့ကို ဓားဖြင့် ထိုးစိုက်လိုက်လေသည်။ ချန်ဟောက်သည် ထိတ်လန့်တကြား အော်ဟစ်၍ နိုးလာခဲ့သည်။ ရွှယ်အန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်၍ သူ့ကို အေးစက်စွာ စိုက်ကြည့်နေခြင်းကို တွေ့လိုက်ရသည်။
"ရှုံးသွားတာလား"
သူ၏နဖူးရှိ ချွေးစေးများကို သုတ်လိုက်သော ချန်ဟောက်သည် သူ၏ရဲဘော်များအားလုံး ကုတင်ပေါ်တွင် လဲလျောင်းနေ၍ မျက်နှာပေါ်တွင် နာကျင်မှုနှင့် အံ့သြမှု အမူအရာများဖြင့် အိပ်ပျော်နေခြင်းကို သတိထားလိုက်မိသည်။ ချန်ဟောက်က တစ်စုံတစ်ခု မေးမြန်းခါနီးတွင် ရွှယ်အန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဆက်လုပ်"
ထိုစကားများ ပြီးဆုံးသည်နှင့် ချန်ဟောက်က သူ၏မျက်လုံးရှေ့တွင် အမှောင်ထုကို ခံစားလိုက်ရ၍ အိပ်မက်မြင်ကွင်းထဲသို့ နောက်တစ်ကြိမ် နစ်ဝင်သွားလေသည်။ ၎င်းသည် တူညီသည့် မြို့အပျက်အစီးများဖြစ်၍ တူညီသည့် စစ်သားများဖြစ်သည်။
ချန်ဟောက်က ငိုချင်သော်လည်း မျက်ရည်မကျလာခဲ့ပေ သူ၏ ကနဦးသင်ခန်းစာအရ ပို၍ သိုဝှက်သည့် နေရာတွင် ကြိုတင် ပုန်းအောင်းနေလိုက်သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့က သူ့ကို ရှာမတွေ့သွားကြပေ၊ သို့သော် ချန်ဟောက်က သက်ပြင်းချလိုက်ချိန်တွင် အနက်ရောင် ပုံရိပ်များစွာက အရိပ်ထဲမှ ထွက်ပေါ်လာ၍ သူ့ဆီသို့ ချီတက်လိုက်သည်။
"ချီးပဲ၊ ဘာလဲ ဟ" ချန်ဟောက်က ကျိန်ဆဲပြီးနောက် ၎င်းတို့နှင့် ရင်ဆိုင်လိုက်သည်။
အနည်းငယ် တိုက်ခိုက်ပြီးနောက် သူ၏လည်ချောင်းသည် ဓါးဖြင့် နောက်တစ်ကြိမ် လှီးဖြတ်ခံလိုက်ရသည်။ ချန်ဟောက်က ဤတစ်ကြိမ်တွင် ပြန်မနိုးထလာဘဲ ကနဦးမှ ပြန်လည် အစပြုလိုက်သည်။
စွန်းလင်သည် လက်ရှိတွင် အမေဇုန်မိုးသစ်တော၏ ရွှံ့နွံထဲတွင် ရှိနေခဲ့သည်။ နေရာတိုင်းတွင် အဆိပ်ပြင်း မြွေများနှင့် ပိုးကောင်များ ရှိနေ၍ မြေပြင်ပေါ်ရှိ ရွှံ့ကျင်းများက ပြင်းထန်သည့် အနံ့အသက်များ ထုတ်လွှင့်နေသည်။ သို့သော် စွန်းလင်သည် ယခုအခါ အလွန် လျှိုသိပ်သည့် မြက်ခင်းအကွက်တွင် လဲလျောင်းနေသောကြောင့် မလှုပ်ရှားဝံ့ပေ။ ဤသည်မှာ စွန်းလင်သေဆုံးခဲ့သည့် ဆယ့်ရှစ်ကြိမ်မြောက် ဖြစ်သည်။
ပထမ ဆယ့်ခုနစ်ကြိမ် ကြိုးစားမှုတွင် မည်သည့်နေရာတွင် ပုန်းအောင်းနေမှန်း မသိနိုင်သည့် ကျွမ်းကျင်သူ တစ်ဦးက သူ့ကို ဤနေရာအတိအကျတွင် သတ်ဖြတ်ခဲ့သည်။ စက်ဆုပ်ဖွယ်ကောင်းခြင်းသည် သေဆုံးရသော နည်းလမ်းများသည် အကြိမ်တိုင်း မတူညီခဲ့ပေ။ တခါတရံ နှလုံးထဲသို့ ဓားဖြင့် ထိုးစိုက်ခံရကာ တခြားအချိန်များတွင် လက်သီးချက်ဖြင့် သူ၏ဦးခေါင်းကို ပေါက်ကွဲထွက်ကာ သေဆုံးခဲ့ရသည်။ သို့သော် သေခြင်းတရားကို ရင်ဆိုင်ရာတွင် ခံစားရသော ကြောက်ရွံ့မှုနှင့် နာကျင်မှုများက အမြဲတစေ တစ်ထပ်တည်းကျနေသည်။
စွန်းလင်သည် သူ၏ခန္ဓာကိုယ်အပူချိန်ကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည်အထိ ကြိုးစားပြီးနောက် သူ၏အသက်ရှုနှုန်းကို တဖြည်းဖြည်းချင်း ချိန်ညှိလိုက်သည်။ ခဏအကြာတွင် အဆိပ်ပြင်း မြွေတစ်ကောင်လျှင်ပင် စွန်းလင်ကို သစ်သားပိုင်းတစ်ခုဟု ထင်မှတ်၍ သူ့အပေါ်မှ ဖြည်းညှင်းစွာ တွားသွားနေသည်။
စွန်းလင်က ရန်သူ၏ခြေရာများကို ဂရုတစိုက် ရှာဖွေနေသည်။ ရုတ်တရက်ဆိုသလိုပင် သူ၏အရှေ့နှင့် မနီးမဝေး လက်ဝဲဘက်ရှိ အနံထွက်နေသည့် ရေကန်တွင် လွင့်မျောနေသော ပူဖောင်းများက အနည်းငယ် ထူးဆန်းနေကြောင်း စွန်းလင်က သတိပြုမိသည်။ သူသည် အသက်အောင့်၍ ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ အမှားအယွင်း မရှိစွာဖြင့် ၎င်းအထဲတွင် ပုန်းအောင်းနေသူ တစ်စုံတစ်ယောက် ရှိပေလိမ့်မည်။ စွန်းလင်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာသည်။ ဆယ့်ခုနစ်ကြိမ် အသတ်ခံရခြင်း၏ အရှက်တကွဲ အကျိုးနည်းရခြင်းကြောင့် သူ၏မျက်လုံးများ နီရဲလာသည်။
သူသည် အနှေးကွေးဆုံး အရှိန်ဖြင့် တွင်းဆီသို့ ဖြည်းညှင်းစွာ တွားသွားလိုက်သည်။ အဆုံးတွင် စွန်းလင်က နေရာ၏ အနီးသို့ ရောက်ရှိသွားသည်။ စွန်းလင်က ရုတ်တရက် ခုန်ထွက်လာပြီးနောက် တမူထူးခြားသည့် အရှိန်ဖြင့် သူ၏ဓားကို အသုံးပြုကာ အနံထွက်နေသော တွင်းထဲ့သို့ ထိုးစိုက်လိုက်လေသည်။ သို့သော် မထင်မှတ်ထားသည်မှာ ဓားသွားက လေထုကိုသာ ထိုးစိုက်မိခဲ့သည်။ အလွန် ထိတ်လန့်သွားသော စွန်းလင်က အနောက်သို့ လှည့်ကြည့်ချင်သော်လည်း သူ၏နောက်ကျောတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်နှင့် အမြင်အာရုံအရှေ့တွင် အမှောင်ထုများ ဖုံးလွှမ်းသွားလေသည်။ စွန်းလင်က ထပ်မံ ကျရှုံးသွားပြန်သည်။
ချန်ဟောက်နှင့် စွန်းလင်တို့က အိပ်မက်ထဲတွင် ရုန်းကန်နေကြစဉ်၊ ကျိုးသာ့နျိုနှင့် ကျိုယိတို့က ၎င်းတို့၏ အိပ်မက်ထဲတွင် မဟာမိတ်ဖွဲ့ခဲ့ကြသည်။ နောက်တစ်ကြိမ် ထပ်မံ ရှင်သန်လာပြီးနောက်၊ ကျိုယိသည် နောက်ဆုံးတစ်ကြိမ်က ဓားဖြင့် ထိုးသတ်ခံခဲ့ရသော ကျောပြင်ပေါ်ရှိ နေရာကို ပွတ်သပ်၍ ရှုံ့မဲ့နေသည်။
“ချီးပဲ၊ ဒါက ဘာကြီးလဲကွာ၊ ဘာလို့ ဒီလောက်တောင် အစစ်အမှန်လိုမျိုး ခံစားနေရတာလဲ"
"မသိဘူးလေ" ကျိုးသာ့နျိုခေါင်းခါလိုက်သည်။
"ငါလည်း မင်းကို သိတယ်လို့ မပြောပါဘူး"
ကျိုယိသည် ကျိုးသာ့နျိုကို စိတ်တိုနေသော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်၍ အတွေးရွက်လွင့်နေသည်။
“ချီးပဲ၊ အထဲခိုးဝင်ပြီး အဲဒီ သောက်ကျိုးနည်း ခေါင်းဆောင်ကို လုပ်ကြံရမှာ၊ ဒါပေမယ့် သူ့ဘေးက ကျွမ်းကျင်သူတွေက ယုန်တွေထက်တောင် ပိုများသေးတယ်။ ဒီနေရာမှ ငါတို့က နှစ်ယောက်တည်း ရှိနေတာ၊ ပြီးတော့ မင်းကလည်း တုံးလိုက်တာမှ လွန်ရော။ ဒီကိစ္စကို ငါတို့က ဘယ်လို လုပ်ရမှာလဲ"
ကျိုးသာ့နျိုသည် ထိုနေရာတွင် ရပ်နေ၍ ငေးငိုင်စွာ နားထောင်နေခဲ့သည်။
"ကဲပါ ထားပါတော့၊ မင်းကို ပြောနေလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်" ကျိုယိက မတ်တပ်ထရပ်ပြီးနောက် မြက်ခင်းပြင်တစ်လျှောက်တွင် အရှေ့ အနောက် လျှောက်နေလိုက်သည်။
"ဒီတစ်ခါ ငါအရင် ဝင်သွားလိုက်မယ် မင်းက အပြင်မှာ တမင် အဖမ်းခံလိုက်၊ ပြီးရင်..." ကျိုယိက အစီအစဉ်ကို နောက်တစ်ကြိမ် ထပ်မံ ပြင်ဆင်လိုက်သည်။
ညအချိန် ထိုလူများက အိပ်မက်ထဲမှာ ရုန်းကန်နေကြသည်။ မိုးလင်းလာသောအခါ ရွှယ်အန်းက လက်ခုပ်တီးလိုက်သည်။ ၎င်းတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။ ပြီးနောက် ၎င်းတို့အားလုံးက ပတ်ပတ်လည်ကို ကြည့်၍ အနည်းငယ် အံ့သြသွားကြသည်။ ထိုအခါ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ဘယ်လိုနေလဲ။ မစ်ရှင်က အဆင်ပြေရဲ့လား"
လူတိုင်းက ထိတ်လန့်သွားကြသည်။ ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။
"ငါ မင်းတို့ကို တစ်ညလုံး စောင့်ကြည့်နေခဲ့တာ၊ မင်းတို့ထဲက တစ်ယောက်မှ မစ်ရှင်ကို မပြီးမြောက်ခဲ့ဘူး။ ဒါသာ စစ်မြေပြင်ဖြစ်ခဲ့ရင် မင်းတို့တွေ အကြိမ်ရှစ်ရာလောက် အသတ်ခံရပြီးလောက်ပြီ"
ဤစကားများသည် လူအများ၏ ခေါင်းများကို ကိုင်းညွှတ်သွားစေသည်။
အချို့က လက်မခံနိုင်ဖြစ်နေသည်။
"စစ်မြေပြင်က ဒီလိုမဟုတ်ဘူးလေ"
ရွှယ်အန်းက ပြုံးလိုက်သည်။
“ဟုတ်တယ်၊ မင်းတို့ အတွေးထဲက စစ်မြေပြင်က ဒီလိုမဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က အထူးတပ်ဖွဲ့တစ်ခုဖြစ်ပြီး အနာဂတ်မှာ လူတစ်ချို့ကို ရင်ဆိုင်တဲ့အချိန် အသုံးပြုရမယ့် ဓားသွားတွေ ဖြစ်လာလိမ့်မယ်"
"ဒီရိုးရှင်းတဲ့ စမ်းသပ်မှုကိုတောင် မကျော်ဖြတ်နိုင်ခဲ့ရင် မင်းတို့အားလုံး ဖယ်ထုတ်ခံရလိမ့်မယ်" ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
နောက်တစ်နေ့တွင် ဤလူများသည် လေ့ကျင့်မှုများကို အရူးအမူး ဆက်လက် ပြုလုပ်နေကြသည်။ ရွှယ်အန်း ၎င်းတို့ကို ကြည့်၍ သူ၏စိတ်ထဲတွင် ချင့်ချိန်စဉ်းစားနေသည်။ ယခင်ညက ၎င်းတို့ တွေ့ကြုံခဲ့ရသော အရာများ သည် အိပ်မက်များမဟုတ်သကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုးလည်း မဟုတ်ပေ။
၎င်းသည် ရွှယ်အန်း တစ်ချိန်က ရရှိခဲ့သည့် နှလုံးသားနတ်ဆိုးကျင့်ကြံရေးနည်းစနစ်ဟုခေါ်သော လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ ဤလျှို့ဝှက်နည်းပညာသည် နတ်ဆိုးဂိုဏ်းများက ၎င်းတို့၏ အသေခံတပ်သား နောက်လိုက်များကို လေ့ကျင့်ပေးရန်အတွက် အထူးတလည် အသုံးပြုလေ့ရှိသည်။ ၎င်းသည် မသိနားမလည်သည့် သာမန်လူတစ်ဦးကို အသေးငယ်ဆုံးသော စွန့်လွှတ်အနစ်နာခံမှုမျိုးဖြင့် တိုက်ပွဲ ခံနိုင်ရည်ရှိသည့် သွေးအေးစစ်သည်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ရွှယ်အန်းသည် ယခုမှစ၍ နောက်ဆယ်ရက်အတွင်း ကျရောက်လာမည့် သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ရန် ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။
ညအချိန် ကျရောက်လာသောအခါ မြို့၏ အပျက်အစီးများကြားတွင် ချန်ဟောက်က မိမိကိုယ်ကို ပြန်လည် တွေ့ရှိလိုက်ရသည်။ သို့သော် သူသည် ဤတစ်ကြိမ်တွင် ထောင့်တစ်နေရာ၌ ပုန်းအောင်းမနေဘဲ ယင်အစား အလောင်းတစ်ခုရှိ အဝတ်အစားများကို အမြန်ချွတ်ယူ၍ ဝတ်ဆင်ပြီးနောက် စစ်သားများနှင့် ရောနှောလိုက်သည်။
သို့သော် အသတ်ခံရမှုက မရပ်တန့်ခဲ့ပေ။ သို့သော်လည်း ချန်ဟောက်က အရှုံးမပေးဘဲ အံကြိတ်ထားလိုက်သည်။ အဆုံးတွင် နောက်တစ်ကြိမ် ပြန်လည် စတင်ချိန်၌ အလွန် အင်အားကြီးသည့် စစ်သားတပ်စုကို အမြင့်ဆုံးသို့ ပေါက်ခွဲပစ်လိုက်နိုင်သည့် ပါးနပ်သော ထောင်ချောက်တစ်ခုကို ချန်ဟောက်က ဖန်တီးနိုင်ခဲ့သည်။
စွန်းလင်သည်လည်း ပြုလုပ်နိုင်ခဲ့သည်။ အကြိမ်တစ်ရာကျော်ခန့် သေဆုံးပြီးနောက် တောတွင်း၏ ရွှံ့များနှင့် မိုးရေများထဲတွင် သုံးရက်လုံး လဲလျောင်းနေခဲ့သည်။ စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားသော ရန်သူက ၎င်း၏ ချို့ယွင်းချက်များကို ဖော်ထုတ်လိုက်သည်နှင့် စွန်းလင်က ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ကျိုယိနှင့် ကျိုးသာ့နျိုတို့နှစ်ဦးသည် ပစ်မှတ်၏ ကိုယ်ရံတော်တစ်ဦးကို ပြောင်းလဲနိုင်ရန်အတွက် တန်ပြန်ထောက်လှမ်းရေး ဗျူဟာကို အသုံးပြုခဲ့သည်။ ပြီးနောက် အထဲသို့ ထိုးဖောက်ဝင်ရောက်၍ ၎င်းတို့၏ ပစ်မှတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။ ထိုညတွင် ၎င်းတို့အနက် ကိုးဆယ်ရာခိုင်နှုန်းနီးပါးက တာဝန်များကို ပြီးဆုံးခဲ့သည်။
နောက်တစ်နေ့ အိပ်ရာမှ နိုးလာသည်အခါ ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်မှုများကို ထပ်မံ ကြုံတွေ့ရပြန်သည်။ သို့သော် ညဘက်ရောက်လာ၍ အိပ်မက်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားသည့်အခါ ၎င်းတို့အဖွဲ့တစ်ခုလုံးက အိပ်မက်တစ်ခုတည်းတွင် ရှိနေခြင်းကို တွေ့လိုက်ရသည်။ နောက်ထပ် တစ်ညတာ၏ အဆက်မပြတ် သုတ်သင်ရှင်းလင်းမှုများ လိုက်ပါလာသည်။
သို့သော် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်မှုမျိုးကို ဖြတ်သန်းခဲ့သော မီးဖီးနစ် ဌာနသည် ပြာပုံထဲမှ အမှန်တကယ် တိုးထွက်လာခဲ့သည်။ အဆုံးတွင် စစ်ရေးပြိုင်ပွဲနေ့သို့ ရောက်ရှိလာလေသည်။