← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄) ကျုပ် တစ်နာရီ လောင်းကြေးထပ်တယ်

ဤစစ်ရေးပြိုင်ပွဲကို ကျင်းပမည့်နေရာအတွက် ကျုံးတု၏ ဆင်ခြေဖုံးရှိ တောင်တန်းဒေသကို ရွေးချယ်ထားခဲ့သည်။ တောင်ခြေရင်းရှိ ဟိုတယ်တစ်ခုကို ရုံးချုပ်အဖြစ် တည်ထောင်ထားသည်။

ဗိုလ်ချုပ်လင်းနှင့် ရွှယ်အန်းတို့ ရောက်ရှိလာချိန်တွင် ဗိုလ်ချုပ်ဟူက ထိုနေရာတွင် ရောက်ရှိနေသည်မှာကြာမြင့်ပြီဖြစ်ရာ သူ၏ ဘေးတွင် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နှင့် အပြာရောင်မျက်လုံးရှိသည့် နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးက အဖော်အဖြစ် လိုက်ပါလာသည်။

"ဗိုလ်ချုပ်လင်း၊ ခင်ဗျားသာ ခဏနေလို့မှ ရောက်မလာသေးရင်၊ ဒီနှစ်ပြိုင်ပွဲကို ကျော်လိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကျုပ် တကယ် ထင်သွားမိမှာ" ဗိုလ်ချုပ်ဟူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဗိုလ်ချုပ်လင်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

"သေချာပေါက် လာရမှာပေါ့။ ဒီမှာတင်မကဘူး၊ ဒီပြိုင်ပွဲမှာ အနိုင်ရပြီးတာနဲ့ နိုင်ငံခြားက နိုင်ငံတကာ အထူးတပ်ဖွဲ့ ပြိုင်ပွဲတွေမှာပါ ကျုပ်တပ်ဖွဲ့ကို ဝင်ပြိုင်ခိုင်းဖို့ စီစဉ်ထားတာ"

ဤစကားကို ကြားသော ဗိုလ်ချုပ်ဟူက ပေါ်ပေါ်လွင်လွင် ပြုံးပြလိုက်သည်။

"အင်း၊ ဒါက တကယ် ကြီးမားတဲ့ ရည်မှန်းချက်မျိုးပဲ။ ဒါပေမယ့် ခက်တာက ဆယ်ရက်အတွင်းမှာ ဘယ်လိုလေ့ကျင့်မှုမျိုးကို ပြီးမြောက်နိုင်မှာမို့လို့လဲ"

ဗိုလ်ချုပ်လင်းက အနည်းငယ် ဆွံ့အစွာ ကျန်ရစ်နေခဲ့သည်။ မီးဖီးနစ်တပ်ဖွဲ့၏ လေ့ကျင့်ရေး အခြေအနေနှင့် ပတ်သက်၍ ယခုအချိန်ထိ မသိရသေးသောကြောင့် ဤနေရာသို့ လာသည့်လမ်းတွင် ဗိုလ်ချုပ်လင်းက ရွှယ်အန်းကို မေးချင်နေခဲ့သည်။

သို့သော်လည်း ရွှယ်အန်းက ပြုံးရုံသာပြုံးပြ၍ "စိတ်ချပါ" ဟူသော စကားများကိုသာ ပြောခဲ့သည်။

ဤအခိုက်အတန့်တွင် နိုင်ငံခြားသူ အမျိုးသမီးက ခပ်ပါးပါး ပြုံး၍ တရုတ်ဘာသာစကားကို ပြီးပြည့်စုံသည့် အသံထွက်ဖြင့် ပြောလိုက်သည်။

“ဗိုလ်ချုပ်ဟူရယ် ဆယ်ရက်လောက် မပြောနဲ့၊ စစ်မှန်တဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ကို တစ်နှစ်ထက်မနည်း အချိန်မျိုးနဲ့တောင် လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး"

စကားပြောနေစဉ် နိုင်ငံခြားသူ အမျိုးသမီးက ဗိုလ်ချုပ်လင်းဆီသို့ သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ဟယ်လို ဗိုလ်ချုပ်လင်း၊ ကျွန်မက အိုလန်ဒိုနိုင်ငံရဲ့ စပါယ်ရှယ် စစ်တပ်အကြံပေး ဆုရှနာပါ။ ကျွန်မက ဗိုလ်ချုပ်ဟူရဲ့ သားရဲအစွယ်များ အထူးတပ်ဖွဲ့ရဲ့ နည်းပြချုပ်လည်း ဟုတ်တယ်"

ဗိုလ်ချုပ်လင်းး၏ အမူအရာ မည်းမှောင်သွားပြီးနောက် သူ၏လက်ကို ဆန့်ထုတ်၍ ဤ ဆုရှနာနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဆုရှနာက မည်သူဖြစ်သည်ကို သူ သိနေသည်။ သူမသည် အရှေ့ဘက်ပိုင်းရှိ အထူးတပ်ဖွဲ့များ၏ ထိပ်တန်း ကျွမ်းကျင်သူအဖြစ် အမွှမ်းတင်ခံရ၍ အထူးတပ်ဖွဲ့များအတွက် လေ့ကျင့်ရေး လက်စွဲများစွာကို ရေးသားခဲ့သူဖြစ်သည်။ သားရဲအစွယ်များ အထူးတပ်ဖွဲ့၏ နည်းပြချုပ်ဖြစ်လာရန် မဆိုနှင့် ဗိုလ်ချုပ်ဟူက ဤအမျိုးသမီးကို ဖိတ်ကြားနိုင်လိမ့်မည်ဟုပင် သူ မမျှော်လင့်ထားခဲ့ပေ။

"ဗိုလ်ချုပ်လင်း၊ ကျွန်မ အိုလန်ဒိုနိုင်ငံမှာရှိတုန်းက ရှင့်ရဲ့ စွန်းစားမှုတွေအကြောင်း အများကြီးကြားခဲ့ရလို့ ရှင့်ကို အရမ်း ကြည်ညိုခဲ့တာ၊ ဒါပေမယ့် ဒီပြိုင်ပွဲအတွက် ရှင် နည်းနည်းတော့ အလျင်လိုသွားတယ်။ ဘယ်သူကမှ သားရဲအစွယ်များတပ်ဖွဲကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ အထူးသဖြင့် ဆယ်ရက်ပဲ လေ့ကျင့်ထားတဲ့ ရှင်ရဲ့တပ်ဖွဲ့တွေပေါ့” ဆုရှနာက ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။

ဤအမျိုးသမီးသည် အိူလန်ဒိုရှိ အမျိုးသမီးအများစုနှင့် မတူပေ၊ သူမ၏ အသက်အရွယ်က သူမကို မချို့ယွင်းသွားစေဘဲ ပို၍ တင့်တယ်လာစေသည်။ သူမ၏ အပြုံးများသည် ရုရှားအရက်တစ်မျိုး၏ ထက်မြက်မှုမျိုးကို သယ်ဆောင်ထားသည်။

ဗိုလ်ချုပ်လင်းး၏ မျက်နှာအမူအရာ မှောင်ရိပ်သန်းလာသည်။ ထိုအချိန်တွင် ရွှယ်အန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"တစ်ခါတလေမှာ အားနည်းမှုနဲ့ မသိနားမလည်မှုက ကျရှုံးမှုရဲ့ အကြောင်းရင်း မဟုတ်ဘဲ၊ မောက်မာခြင်းကမှ တကယ့် ကျရှုံးမှုရဲ့ အကြောင်းရင်းပဲ"

ထိုသို့ ပြောပြီးသည့်နှင့် ဆုရှနာ၏ မျက်နှာအမူအရာ မသိမသာဖြင့် ပြောင်းလဲသွားပြီးနောက် သူမက ရွှယ်အန်းကို အနည်းငယ် စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

“ဒါက ဘယ်သူများဖြစ်မလဲ…”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟယ်လို၊ ကျုပ်က မီးဖီးနစ်ရဲ့ လေ့ကျင့်ရေးနည်းပြဖြစ်တဲ့ သာမန် အရပ်သားတစ်ယောက်ပါ"

ဤမိတ်ဆက်မှုသည် လူအများက ၎င်းတို့၏ ရယ်မောမှုများကို ဖုံးကွယ်ရန်အတွက် ပါးစပ်များကို ဖုံးဖိခြင်းပင် ဖြစ်စေခဲ့သည်။

ဆုရှနာက ပြုံး၍ ပြောလိုက်သည်။

"စိတ်မရှိပါနဲ့၊ ကျွန်မ တရုတ်ဘာသာနဲ့ ပတ်သက်ပြီး သိပ်မကျွမ်းကျင်ပေမယ့် ရှင့်ရဲ့နောက်ဆုံးစကားက ကျွန်မကို မာနကြီးတယ်လို့ သရော်တဲ့ စကားမျိုးလား"

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

"သရော်တာ မဟုတ်ပါဘူး၊ အမှန်ကို ပြောရုံပါ"

မျက်နှာအမူအရာ အကျဉ်းတန်စပြုလာသော ဗိုလ်ချုပ်ဟူက အနည်းငယ် စိတ်မကျေနပ်စွာ ပြောလိုက်သည်။

"ဗိုလ်ချုပ်လင်း၊ ခင်ဗျား အနိုင်ရဖို့ မစီစဉ်ထားဘူးဆိုတာ ကျုပ် သိတယ်၊ ဒါပေမယ့် သာမန် အရပ်သားကို နည်းပြဆရာအဖြစ် ရွေးတဲ့အထိ ကိုယ့်ကိုယ်ကို နှိမ့်ချနေစရာတော့ မလိုဘူး မဟုတ်လား"

အခန်းတွင်းရှိ လေထုအခြေအနေ အနည်းငယ် တင်းမာသွားလေသည်။ ဗိုလ်ချုပ်လင်းက စကားမပြောမီတွင် ရွှယ်အန်းက သူ၏ ခေါင်းကို ခါယမ်း၍ အနည်းငယ် ရယ်မောပြီးနောက် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

"ကျုပ်ဘက်က တစ်နာရီ လောင်းမယ်"

"ဘာအတွက် တစ်နာရီလဲ" ဆုရှနာက အံ့သြစွာ မေးလိုက်သည်။

"တစ်နာရီအတွင်း ကျုပ်တပ်တွေ တိုက်ပွဲကိုအဆုံးသတ်ပြီး ပထမနေရာကို အနိုင်ရလိမ့်မယ်" ရွယ်အန်းက တည်ငြိမ်စွာ ပြောနေသော်လည်း ကြီးမားသော ယုံကြည်မှုမျိုး ရှိနေဆဲဖြစ်သည်။

ဤစကားများသည် အခန်းအတွင်းရှိ လူများကို အချင်းချင်း လှည့်ကြည့်နေစေ၍ အချို့လူများကို ကျယ်လောင်စွာဖြင့် ရယ်စေခဲ့သည်။ ဗိုလ်ချုပ်ဟူက ပို၍ပင် ရွှင်မြူးစွာ ရယ်မောလိုက်သည်။

“သိပ်ကောင်းတယ်။ ဗိုလ်ချုပ်လင်းး၊ ဒီလိုမျိုး လူမျိုးကို နည်းပြအဖြစ် ရှာထားတဲ့အတွက် ခင်ဗျားကို ကျုပ် လေးစားတယ် ဗျာ။ သိပ်ကို ရဲတင်းတဲ့ အကွက်ပဲ”

သို့သော် ဆုရှနာက မျက်မှောင်ကြုတ်လိုက်သည်။ ရွှယ်အန်းသည် သူမ၏အာရုံစိုက်မှုကို ရရှိရန်အတွက် ကြီးကျယ်ခမ်းနားသော ပေါက်ကရ စကားများကို တမင်တကာ ပြောနေခြင်းဟုသာ ထင်မှတ်နေသည်။

သူမသည် ယခင်က ဤသို့သော နည်းဗျူဟာများစွာကို တွေ့ခဲ့ဖူးသည်။ ထို့အတွက်ကြောင့် ကဲ့ရဲ့ရှုံ့ချမှုများဖြင့် ရောထွေးနေသော အကြည့်များက သူမ၏မျက်လုံးများတွင် ဖျတ်ခနဲ ပေါ်ပေါက်လာသည်။

ရွှယ်အန်းသည် ရရှိခဲ့သော အကြည့်များကို စိတ်မ၀င်စားဘဲ နာရီကိုသာ မော့ကြည့်လိုက်သည်။

"ပြိုင်ပွဲက ဘယ်တော့ စမှာလဲ"

"စနေပြီ။ တပ်ဖွဲ့အားလုံးကို ဒီတောင်တန်းတွေမှာ တပ်ဖြန့်ထားလိုက်ပြီ” တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် တစ်နာရီအတွင်းမှာ အဖြေက သူ့အလိုလို ပေါ်လာလိမ့်မယ်"

ထိုအချိန်တွင် မီးဖီးနစ် တပ်ဖွဲ့သည် ကျယ်ပြောလှသော တောင်များထဲသို့ လေထီးများဖြင့် ခုန်ဆင်းနေကြသည်။ စွန်းလင်သည် မြေပြင်သို့ ဆင်းသက်ပြီးနောက် အနီးနားရှိ အမြင့်ဆုံးသစ်ပင်ကို ရှာဖွေ၍ မျောက်တစ်ကောင်ကဲ့သို့ တွယ်တက်လိုက်သည်။

မကြာမီတွင် အနီးနားရှိ တောင်ကုန်းတစ်ခုပေါ်တွင် အချို့သစ်ပင်များ၏ ပုံသဏ္ဍာန် အနည်းငယ် ကွဲပြားနေမှုကို သူ သတိပြုမိလိုက်သည်။ ၎င်းတို့သည် မီးဖီးနစ်၏ ကြိုတင်စီစဉ်ထားသော လျှို့ဝှက် အချက်ပြမှုများ ဖြစ်သည်။ စွန်းလင်သည် သစ်ပင်ပေါ်မှ ဆင်းပြီးနောက် တောင်ပေါ်သို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ ထိုအချိန်တွင် မီးဖီးနစ်၏ အဖွဲ့ဝင်အားလုံးနီးပါးက အချက်ပြမှုကို မြင်သွားကြ၍ ကြိုတင်စီစဉ်မှုမရှိဘဲ တစ်နေရာတည်းသို့ ရောက်ရှိလာကြသည်။ အချက်ပြမှုကို ပြုလုပ်ပေးခဲ့သူသည် ချန်‌ဟောက်ဖြစ်သည်။

ငရဲတွင်းကဲ့သို့ စိတ်နတ်ဆိုး စမ်းသပ်မှုကို ဆယ်ရက်ကြာမျှ သည်းခံပြီးနောက်၊ တည်မြဲသည့် ဦးဆောင်မှု အရည်အချင်းမျိုး ပိုင်ဆိုင်ထားသော ချန်‌ဟောက်က သဘောထားကွဲလွဲမှု မရှိဘဲ ကပ္ပတိန် ဖြစ်လာသည်။ ထိုဆယ်ရက်အတွင်း ၎င်းတို့တစ်ဦးချင်းစီက အဖွဲ့ထဲမှ အခြားတစ်ဦးစီအတွက် အကြိမ်ပေါင်းများစွာ “သေဆုံး” ခဲ့ကြခြင်းဖြစ်နိုင်သည်။

သွေးများ မီးလျှံများဖြင့် ထုနှက်ထားသော ရဲဘော်ရဲဘက်စိတ်ဓာတ်သည် အခိုင်မာဆုံးဖြစ်သည်။ ထိုအချိန်တွင် အဝေးမှ အသံအနည်းငယ်ထွက်ပေါ်လာသည်။ ချန်‌ဟောက်သည် သိုဝှက်သောနေရာတွင် အလိုအလျောက် တုံ့ပြန်လုနီးပါး ပုန်းအောင်းနေလိုက်သည်။

လူသုံးယောက်အဖွဲ့တစ်ဖွဲ့ ချဉ်းကပ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် တြိဂံဖွဲ့စည်းပုံဖြင့် လှုပ်ရှားနေကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ သံသယဖြစ်ဖွယ် လှုပ်ရှားမှုမှန်သမျှကို အသင့်အနေအထားဖြင့် ရှာဖွေနေကြသည်။

သို့သော် ချန်‌ဟောက်၏ ဖုံးကွယ်နိုင်စွမ်းသည် ရာနှင့်ချီသော “သေခြင်းများ” မှတဆင့် ပြီးပြည့်စုံခြင်းသို့ တိုးမြင့်လာခဲ့သည်။ ၎င်းတို့သည် ချန်‌ဟောက်ကို ရှာမတွေ့သွားကြပေ။ ပြီးနောက် ၎င်းတို့သုံးယောက်က သက်ပြင်းချလိုက်ကြသည်။

"ဟေး၊ လွန်ခဲ့တဲ့ ဆယ်ရက်ကမှ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဝင်လာလို့ကြားတယ်၊ ငါတို့ရမှတ်တွေကို မြှင့်တင်ဖို့ ရောက်လာကြတာလား မသိဘူး"

၎င်းတို့ထဲက တစ်ဦးက ရယ်မော၍ ပြောသည်။

“ဖြစ်နိုင်တယ်၊ သူတို့က ဘာရယ် မီးဖီးနစ်ဆိုလားပဲ။ ငါ့အထင် 'ကြက်ကင်' က ပိုအဆင်ပြေမယ်ထင်တယ်"

၎င်းတို့သုံးဦးက လွတ်လပ်စွာဖြင့် စတင် လှောင်ပြောင်ရယ်မောနေကြသည်။ ထောင့်တွင် ပုန်းနေသော ချန်‌ဟောက်၏ မျက်နှာတွင် အမူအရာကင်းမဲ့နေဆဲဖြစ်သည်။ သူ၏မျက်လုံးထဲတွင် ၎င်းတို့၏ လက်ရှိအပြုအမူများက နည်းဗျူဟာကျင့်ဝတ် ကင်းမဲ့ခြင်းမျှသာ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းနှင့်ပင် ဆင်တူသည်။

ချန်‌ဟောက်က ၎င်းတို့ကို တိတ်တဆိတ် ချဉ်းကပ်လာသည်။ ရုတ်တရက်ဆိုသလိုပင် ချန်‌ဟောက်က ခုန်ထွက်လာ၍ အံ့အားသင့်နေသော အထူးတပ်ဖွဲ့ဝင် သုံးဦး၏ မျက်လုံးများအောက်တွင် တစ်ဦးကို မြေပြင်ပေါ်သို့ ရိုက်ချကာ နောက်တစ်ဦးကို တံတောင်ဆစ်ဖြင့် ထုချလိုက်လေသည်။

ချန်‌ဟောက်က နောက်ဆုံးလူကို လက်သီးဖြင့် ထိုးနှက်လိုက်သည့်အချိန်မှ ထိုလူက စတင်တုံ့ပြန်မိလေသည်။ ဤသည်မှာ စစ်မြေပြင်မဟုတ်ဘဲ ပြိုင်ပွဲတစ်ခုဖြစ်နေခြင်းကို မှတ်မိသွားသောကြောင့် ခွန်အားအချို့ကို ပြန်လည် မရုတ်သိမ်းခဲ့လျှင် ချန်‌ဟောက်၏လက်သီးချက်က ထိုလူကို အဆုံးသတ်သွားစေနိုင်သည်။

တိုက်ပွဲသည် သုံးစက္ကန့်ခွဲအတွင်း ပြီးဆုံးသွားလေသည်။ အချိန်ကို ကိုယ့်ဘာသာ ခန့်မှန်းခဲ့သော ချန်‌ဟောက် အတော်အတန် ကျေနပ်သွားသည်။ ပြီးနောက် အောက်သို့ငုံ့ကာ လူသုံးဦးဆီမှ ဆက်သွယ်ရေး ကိရိယာများကို ဆွဲထုတ်၍ အမှုန့်ဖြစ်သည်အထိ ကြိတ်ချေလိုက်သည်။ အမိန့်ပေးစင်တာရှိ ကွန်ပျူတာဖန်သားပြင်မှ အစက်သုံးစက် ပျောက်ကွယ်သွားသည်။

"ဗိုလ်ချုပ်လင်းကို သတင်းပို့ပါတယ်၊ ကျနော်တို့ အသေအပျောက် ရှိနေပါတယ်"

ဟိုတယ်ဧည့်ခန်းတွင် လက်ဖက်ရည်သောက်နေသော ဗိုလ်ချုပ်ဟူက ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ရယ်မောလိုက်သည်။

“ဟားဟား၊ ဘယ်လိုလဲ ဗိုလ်ချုပ်လင်း။ လမ်းပေါ်က မှော်ဆရာလို လူကို ခင်ဗျားက အရမ်းယုံခဲ့တာကို။ ဆယ်ရက်ပဲ လက်တွဲရသေးတဲ့ အဖွဲ့တစ်ဖွဲ့က ဘယ်လိုလုပ်ပြီး…”

"အစီရင်ခံစာကို အတည်ပြုပါတယ်။ အသေအပျောက် ၃ ဦးက သားရဲအစွယ်များ အထူးတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ သတ်ဖြတ်သူက မီးဖီးနစ် အဖွဲ့ဝင်တစ်ဦးပါ"

ဗိုလ်ချုပ်ဟူ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲတောင့်တင်းသွားလေသည်။

အခန်း (၁၈၅) အသေအပျောက်မရှိ

"တစ်ခုခုများ မှားနေတာလား" တစ်စုံတစ်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။

"အတိအကျ အတည်ပြုပါတယ်။ နောက်ဆုံး သတင်း၊ သားရဲ အစွယ်များအဖွဲ့ရဲ့ အသေအပျောက်အရေအတွက် ရှစ်ဦးအထိ တိုးလာပါတယ်။ သတ်ဖြတ်သူက မီးဖီးနစ်ရဲ့ အဖွဲ့ဝင်ပါ"

ထပ်မံ ကြားသိရသော အသေအပျောက် အစီရင်ခံစာသည် လေထုတစ်ခုလုံးကို မသိမသာ ပြောင်းလဲသွားစေသည်။ ဗိုလ်ချုပ်ဟူ၏ မျက်နှာသည် ဖြူဖျော့ရာမှ နီမြန်းလာ၍ ခဏအကြာတွင် ခြောက်ကပ်စွာဖြင့် ဟန်လုပ် ရယ်မောလိုက်သည်။

"ပြိုင်ပွဲက အခုမှစတာပါ၊ အသေအပျောက်နဲ့ ပတ်သက်ပြီး ရှောင်လွှဲလို့ မရပါဘူး၊ ဆက်ပြီးကြည့်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ရယ်နိုင်တဲ့သူက အောင်နိုင်သူပဲ မဟုတ်လား"

သူ၏ ထောက်ပြမှုကို သက်သေပြနေသကဲ့သို့ ရုတ်တရက်ဆိုသလိုပင် ဖန်သားပြင်ကြီးပေါ်ရှိ မီးရောင်များ လျင်မြန်စွာ လျော့ပါးလာကြသည်။ အစီရင်ခံမှု အသံများက အမိန့်ပေးစင်တာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။

"အတည်ပြုပြီး၊ သားရဲအစွယ်များ အထူးတပ်ဖွဲ့မှ ဆယ့်ရှစ်ဦး သေဆုံး၊ သတ်ဖြတ်သူ မီးဖီးနစ် အဖွဲ့ဝင်"

"အတည်ပြုပြီး၊ ခလောက်မြွေ အထူးတပ်ဖွဲ့ နှစ်ဆယ့်ခုနစ်ယောက် သေဆုံး၊ စံနှုန်း မပြည့်မီတော့တာကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရ။ သတ်ဖြတ်သူ မီးဖီးနစ် တပ်ဖွဲ့ဝင်"

ထိုအစီရင်ခံစာများကြားတွင် ချွန်ထက်သောဓားသွားကဲ့သို့ အလင်းတန်း နှစ်ဆယ်ခန့်သည် စစ်မြေပြင်ကို ဖြတ်ကျော်သွားလေသည်။မည်သူမျှ ၎င်းတို့နှင့် မယှဉ်ပြိုင်နိုင်ခဲ့ပေ။ ၎င်းတို့ ဖြတ်သန်းသွားချိန်တွင် မည်သူမျှ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသော ဆုရှနာသည် အမိန့်ပေးစင်တာသို့ အပြေးနှင်၍ ဖန်သားပြင်ပေါ်ရှိ လျင်မြန်စွာ လျော့နည်းလာသော အလင်းအစက်များကို စိုက်ကြည့်နေလိုက်သည်။

သူမသည် ရုရှားဘာသာစကားဖြင့် တီးတိုးပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အိုလန်ဒိုနိုင်ငံက ထိပ်တန်း အထူးတပ်ဖွဲ့တွေတောင် သူတို့ ပြိုင်ဘက်တွေ အားလုံးကို အချိန်တိုလေးအတွင်း ချေမှုန်းနိုင်မှာ မဟုတ်ဘူး"

ပြီးနောက် ဆုရှနာက မည်သည့် အမူအရာမျှ ပြပုံမပေါ်သော ရွှယ်အန်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ရှင့်ရဲ့ မီးဖီးနစ်တပ်ဖွဲ့က တားမြစ်ထားတဲ့ လက်နက် တစ်မျိုးမျိုးကို ယူလာခဲ့တာလား"

ဆုရှနာက ရေသေများကဲ့သို့ ခက်ထန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

ဗိုလ်ချုပ်ဟူသည်လည်း မတ်တပ်ထရပ်ကာ သူ၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာသည်။

“မှန်တယ်။ မင်းတို့လူတွေက ကွင်းထဲကို တားမြစ်လက်နက်တွေ ယူလာတာလား၊ ဗိုလ်ချုပ်လင်း"

ဗိုလ်ချုပ်လင်းက မျက်ခုံးပင့်၍ အေးစက်စွာ ပြောလိုက်သည်။

"မစ္စတာဟူ အရှုံးကိုလက်မခံနိုင်ရင် လက်မခံနိုင်ဘူးလို့ ဝန်ခံလိုက်။ ဒီမှာ ကျုပ်ဂုဏ်သိက္ခာကို ထိခိုက်ဖို့ မစဉ်းစားနဲ့"

“ဒါဆိုရင် ဘယ်လို…”

ဤအခိုက်အတန့်တွင် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်း၍ ဆုရှနာကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျားက ကျုပ်တို့ကို မယုံမှတော့ ကျဆုံးသွားတဲ့ စစ်သားတွေ ဆင်းလာရင် မေးကြည့်လိုက်ပါလား။ အဲဒါဆိုရင် ရှင်းသွားမှာ မဟုတ်ဘူးလား”

“ကောင်းပြီ” ဆုရှနာက အံကြိတ်၍ ပြောလိုက်သည်။

မကြာမီတွင် ပြိုင်ပွဲဧရိယာထဲမှ ကျဆုံးသွားသည့် စစ်သားများ ထွက်ခွာလာကြသည်။ ဆုရှနာက ၎င်းတို့ကို မြင်သောအခါ သူမ အလွန် တုန်လှုပ်သွားလေသည်။ ဤလူများသည် စစ်မြေပြင်အစစ်မှ ပြန်ရောက်လာကြသကဲ့သို့ ၎င်းတို့၏ မျက်နှာများတွင် တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသည်။

ဗိုလ်ချုပ်ဟူက တင်းမာစွာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ၊ မင်းတို့က ဘာလို့ ဒီလောက်မြန်မြန် အပယ်ခံလိုက်ရတာလဲ"

ခေတ္တငြိမ်သက်သွားပြီးနောက် စစ်သားတစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။

“သူတို့က လူတွေမဟုတ်ဘူး… နတ်ဆိုးတွေပဲ။ မဟုတ်ဘူး၊ နတ်ဆိုးတွေထက်တောင် ပိုကြောက်စရာကောင်းလွန်းတယ်"

ဆုရှနာသည် မျက်မှောင်ကြုတ်ပြီးနောက် တစ်ချိန်က သူမအလွန် တန်ဖိုးထားစွာဖြင့် မကြာခဏ အပြင်းအထန် လေ့ကျင့်ပေးခဲ့သူ အမျိုးသားဖြစ်သည့် သားရဲအစွယ်များ တပ်ဖွဲ့မှ ထိပ်တန်း စစ်သားတစ်ဦးကို လှည့်ကြည့်လိုက်သည်။

"တကယ်ပဲ ဘာဖြစ်သွားတာလဲ"

သားရဲအစွယ်များတပ်ဖွဲ့မှ ထိပ်တန်း စစ်သား၏ မျက်နှာသည် အလွန် ဖြူဖျော့နေ၍ တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။

“မီးဖီးနစ်က လူတွေက တကယ့်စစ်မြေပြင်က စစ်ပြန်တွေလိုပဲ။ ကျွန်တော်တို့ လူတွေက သူတို့ကို နည်နည်းလေးတောင် မခုခံနိုင်ကြဘဲ ချက်ချင်း ရှင်းထုတ်ခံလိုက်ရတယ်"

ဟူး

လူပေါင်းများစွာက ပင့်သက်ရှိုက်လိုက်ကြသည်။

'စစ်မြေပြင်အစစ်က ပြန်လာတဲ့ စစ်မှုထမ်းဟောင်းတွေလိုပဲ တဲ့လား'

ထိုကဲ့သို့သော လူများက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တာဝန် ထမ်းဆောင်ဖူးသူများကသာ သိနိုင်မည်ဖြစ်သည်။ သို့သော်လည်း မည်သို့မျှ ဖြစ်နိုင်မည်နည်း။ ၎င်းတို့ကို ဆယ်ရက်အတွင်း အလယ်ပိုင်းပြည်နယ်သို့ ပို့ဆောင်ခဲ့လျှင်ပင် တိုက်ပွဲပေါင်း တစ်ရာမျှကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဆုရှနာ၏ မျက်နှာသည်လည်း ဖြူဖျော့သွားလေသည်။ ထိုအချိန်တွင် ဖန်သားပြင်ပေါ်ရှိ ကျန်အလင်းတန်းများ တဖြုတ်ဖြုတ် ငြိမ်းသတ်သွားပြီးနောက် ကြေငြာချက်တစ်ခု ထွက်ပေါ်လာသည်။

"ပြိုင်ပွဲ ပြီးဆုံးသွားပါပြီ၊ သားရဲအစွယ်များ အထူးတပ်ဖွဲ့ သုတ်သင်ခံရ။ ခလောက်မြွေ အထူးတပ်ဖွဲ့ သုတ်သင်ခံရ။ ညအရိပ် အထူးတပ်ဖွဲ့သုတ်သင်ခံရ….”

ဒါဇင်နှင့်ချီသော အထူးတပ်ဖွဲ့များအနက် တစ်ဖွဲ့မျှ ရှောင်ရှားနိုင်ခြင်းမရှိဘဲ ၎င်းတို့အားလုံး ပျက်သုဉ်းသွားကြသည်။ လူတိုင်းက လုံးလုံးလျားလျား ထိတ်လန့်သွားကြသည်။ ပြီးနောက် တစ်ချိန်တည်းမှာပင် ကြေညာချက်တစ်ခု ထွက်ပေါ်လာပြန်သည်။

"အနိုင်ရရှိသူများ၊ မီးဖီးနစ် အထူးတပ်ဖွဲ့။ အသေအပျောက်... မရှိ"

အခန်းတစ်ခုလုံး လုံးလုံးလျားလျား တိတ်ဆိတ်သွားလေသည်။

"ဘုရားရေ၊ ဒါ…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ငေးငိုင်စွာ ရေရွတ်နေသော ဆုရှနာ၏ မျက်နှာသည် အမူအရာ ကင်းမဲ့နေသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးပြလိုက်သည်၊ ဖြစ်မြောက်ခဲ့သော ဤရလဒ်သည် သူ၏မျှော်လင့်ချက်နှင့် တစ်ထပ်တည်းကျနေသည်။ ဤဆယ်ရက်အတွင်း မီးဖီးနစ်သည် စိတ်နတ်ဆိုးအတွင်း၌ အနည်းဆုံးလျှင် စစ်ပွဲပေါင်း သောင်းနှင့်ချီ၍ တိုက်ခိုက်ခဲ့ရသည်ကို သိထားရပေလိမ့်မည်။

၎င်းတို့၏ နည်းဗျူဟာတိုင်းသည် သွေးများ မီးလျှံများဖြင့် ချွန်ထက်စေခဲ့သည်။ ၎င်းဖြစ်စဉ်သည် ရက်စက်သော်လည်း ထိရောက်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် ပြဋ္ဌာန်းစာအုပ်များမှ လေ့ကျင့်သင်ကြားထားသည့် အထူးတပ်ဖွဲ့များသည် ၎င်းတို့နှင့်ရင်ဆိုင်ရာတွင် ခြိမ်းခြောက်နိုင်ခြင်း မရှိဘဲ သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသည့် သိုးငယ်များကဲ့သို့ ဖြစ်နေသည်။

မျက်နှာအမူအရာ ဖြူဖျော့နေသော ဗိုလ်ချုပ်ဟူကို ရွှင်မြူးမှုများဖြင့် တောက်ပနေသော ဗိုလ်ချုပ်လင်းက ပြောလိုက်သည်။

“အဘိုးကြီး ဟူ။ ရာစုနှစ် သက်တမ်းရှိတဲ့ အရက်ပုလင်းကို သယ်ဖို့အတွက် ကျုပ်ဘက်က တစ်ယောက်ယောက် လွှတ်လိုက်ရမလား၊ ဒါမှမဟုတ်ရင် ခင်ဗျားဘာသာ ကျုပ်ဆီ ယူလာပေးမှာလား"

ပြီးနောက် ရွှယ်အန်းက သူ၏နာရီကိုကြည့်၍ ပေါ့ပါးစွာ ပြောလိုက်သည်

"စုစုပေါင်း အချိန် လေးဆယ့်ငါးမိနစ်။ တစ်နာရီမပြည့်သေးဘူး"

သူ၏စကားများသည် တိတ်ဆိတ်နေသော ခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။ ယခုအခါ ရွှယ်အန်းကို ကဲ့ရဲ့ လှောင်ပြောင်ခဲ့သော လူများစွာက ၎င်းတို့၏ ခေါင်းများကို အရှက်ရစွာဖြင့် ငုံ့ထားကြလေသည်။

မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် မလှုပ်မယှက် မတ်တပ်ရပ်နေခဲ့သော ဆုရှနာသည် ရွှယ်အန်း၏ စကားများကို ကြားသည့်အချိန်မှ အသိပြန်ကပ်လာသည်။ ပြီးနောက် သူမသည် ရွှယ်အန်းဆီသို့ လျှောက်သွား၍ လေးနက်သော အမူအရာဖြင့် ရုတ်တရက် ဦးညွှတ်လိုက်သည်။

“မစ္စတာရွှယ်၊ ကျွန်မရဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ်၊ ရှင်က တကယ်သန်မာတဲ့သူဆိုတာ၊ ကျွန်မ ဝန်ခံပါတယ်"

စစ်မက်ရေးရာတွင် အင်အားကြီးသူများက အမြဲတစေ လေးစားခံရလေ့ရှိသည်။ ရွှယ်အန်းက မည်သည့် အမူအရာမျှ မပြသပေ။ ဤအခိုက်အတန့်တွင် ဆုရှနာက မတ်တပ်ထရပ်၍ ရွှယ်အန်းကို အသနားခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“မစ္စတာရွှယ်၊ ကျွန်မမှာ နောက်ထပ် မသက်ဆိုင်တဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ အဖွဲ့တွေအားလုံးကို အသေအပျောက်မရှိဘဲ ဖျက်ဆီးပစ်ခဲ့တဲ့ မီးဖီးနစ်တပ်ဖွဲ့ကို မြင်တွေ့ခွင့်များ ရနိုင်မလား"

လေထုသည် အနည်းငယ် ကိုးရိုးကားရားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ဤအချိန်တွင် ဗိုလ်ချုပ်ဟူက သူ၏လက်များကို အနည်းငယ် ရှက်ရွံ့စွာ ပွတ်သပ်၍ ပြောလိုက်သည်။

“ဗိုလ်ချုပ်လင်း၊ ဒီရာစုနှစ်ဟောင်း အရက်ပုလင်းကို ခဏနေရင် ခင်ဗျားကို ယူလာပေးပါ့မယ်၊ ပြီးတော့ အနှစ်နှစ်ဆယ် သက်တမ်းရှိတဲ့ Maotai ဆယ်ပုလင်းကိုလည်း ထပ်ထည့်ပေးမယ်။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားရဲ့တပ်ဖွဲ့နဲ့ တွေ့ခွင့်ပေးလို့ရမလား"

ဗိုလ်ချုပ်လင်းက အကြောင်းပြန်မည့်အစား ရွှယ်အန်းကို ကြည့်လိုက်သည်။ လူတိုင်း၏ စိုက်ကြည့်မှုများ ကြားတွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကောင်းပြီ"

မီးဖီးနစ် တပ်ဖွဲ့ဝင်များ တောင်ပေါ်မှဆင်းလာစဉ် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကို ချန်‌ဟောက်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေသည်။

“စွန်းလင်တိုက်ခိုက်တာ ခုနက တော်တော်လေး အဆင်ပြေတယ်၊ ဒါပေမယ့် နည်းနည်းစောသွားတယ်။ ဝိုင်းရံပြီးတဲ့အထိ စက္ကန့်နည်းနည်းလောက် စောင့်ခဲ့ရင်၊ ငါတို့ တိုက်ပွဲက သုံးမိနစ်လောက် စောစော ပြီးသွားနိုင်တယ်"

စွန်းလင်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ကပ္ပတိန်"

“ကျိုယိက စိတ်မရှည်လွန်းတော့ ရန်သူတွေ ရှာတွေ့လုနီးပါးဖြစ်သွားတယ်။ သာ့နျိုသာ ဝင်မပါခဲ့ဘူးဆိုရင် မင်း ရှင်းထုတ်ခံရနိုင်တယ်"

ကျိုယိသည် ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် ခေါင်းနောက်ကို ကုတ်လျက် မျက်နှာအမူအရာ ကင်းမဲ့နေသော ကျိုးသာ့နျို၏ ပုခုံးကို ညင်သာစွာ ထိုးနှက်လိုက်သည်။

"မင်းက ငတုံးလား။ ဒီလောက် လူတွေအများကြီးရှိနေတာတောင် အရှေ့ကို ဇွတ်တွန်းလာတော့ မင်းသေရင် ငါတို့ ဘာလုပ်ကြမလဲ"

သူ၏မျက်နှာတွင် ပူပင်သောကဖြစ်ခြင်းနှင့် ဒေါသဖြစ်ခြင်းများဖြင့် ရောယှက်နေသည့် ကျိုယိက ပြောလိုက်သည်။

ကျိုးသာ့နျိုက အကြိမ်အနည်းငယ် ရယ်မောလိုက်သော်လည်း မည်သည့် စကားမျှ ပြန်မပြောခဲ့ပေ။ လမ်းတစ်လျှောက်တွင် ချန်‌ဟောက်က လူတိုင်း၏ပြဿနာများကို အကျဉ်းချုံး၍ ပြောပြနေသည်။ ဤသည်မှာ စိတ်နတ်ဆိုး စမ်းသပ်မှုအတွင်း၌ ၎င်းတို့ ရရှိခဲ့သည့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ တိုက်ပွဲတစ်ခုပြီးဆုံးတိုင်း ပြဿနာများနှင့် ချို့ယွင်းချက်များကို ဖော်ထုတ်ရန် ရည်မှန်းထား၍ ၎င်းချို့ယွင်းချက်များအတွက် ထပ်မံ ကြိုးစားရမည်ဖြစ်သည်။ ဤသည်မှာ… အလုံးစုံ ကျော်လွှားနိုင်သည့် အင်မော်တယ် စစ်တပ်တစ်ခုကို တည်ဆောက်ရန်အတွက် နည်းလမ်းဖြစ်သည်။

၎င်းတို့သည် တောင်ပေါ်မှ ဆင်းလာ၍ အမိန်ပေးစင်တာသို့ ရောက်ရှိလာသည်။ ရှုံးနိမ့်ခဲ့သော အထူးတပ်ဖွဲ့ဝင်များအပါအဝင် လူတိုင်းက ၎င်းတို့ကို တံခါးဝတွင် စောင့်ကြိုနေကြသည်။

အခန်း (၁၈၆) မီးငှက်ဗိုလ်ချုပ်အဖြစ်... အဆင့် ပေးအပ်ခြင်း

ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အရောင်အဝါများဖြင့် ဖြာထွက်နေသော စစ်တပ်တစ်ခုက ဆုရှနာ၏ အရှေ့တွင် ပေါ်ပေါက်လာသောအခါ သူမ လုံးလုံးလျားလျား အံ့ဩသွားသည်။ ထိုသို့သော ကိုယ်နေဟန်ထားမျိုးကို ကာကွယ်ရေး စစ်ပွဲများတွင် ပါဝင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများတွင်သာ သူမ မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ယခုခေတ်တွင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲမျိုးက မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ဆုရှနာသည် ရှေ့မလှမ်းမကမ်းရှိ ရွှယ်အန်းကို လှမ်းကြည့်လိုက်သည်။

သူသည် အသစ်ဖွဲ့စည်းထားသော အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဆယ်ရက်အတွင်း မည်ကဲ့သို့ပြုလုပ်၍ ပုံသွင်းခဲ့ခြင်းဖြစ်သနည်း။ သူမ၏ စိတ်ထဲရှိ သံသယများက ရွှယ်အန်းအပေါ် စူးစမ်းလိုစိတ်များ ပို၍ပင် ဖြစ်ပေါ်လာစေသည်။

ဤအခိုက်အတန့်တွင် မီးဖီးနစ် တပ်ဖွဲ့ဝင်များအားလုံးက ရွှယ်အန်း၏ရှေ့တွင် မြဲမြံစွာ ရပ်တန့်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် ရွှယ်အန်းကို တယူသန်လုနီးပါး အကြည့်များဖြင့် ကြည့်လိုက်ကြပြီးနောက် တညီတညွတ်တည်း ရုတ်တရက် အလေးပြုလိုက်ကြသည်။

"ဒီတိုက်ပွဲမှာ၊ ရန်သူ ၃၇၂ ယောက်ကို သုတ်သင်နိုင်ခဲ့ပြီး ကျွန်တော်တို့ မီးဖီးနစ် အဖွဲ့ဝင်အားလုံး ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဆရာ့ရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ်"

၎င်းတို့၏ အသံများသည် နေရာတစ်ခုလုံးကို မြည်ဟည်းသွားစေ၍ ၎င်းတို့၏ စိတ်ဓာတ် ခွန်အားများက လူများစွာ၏ အမူအရာများကို အရောင်ပြောင်းလဲသွားစေသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"လက်ခံနိုင်ရုံလောက်ပါပဲ"

ဤပြောဆိုချက်သည် လူအများကို အံ့အားသင့်စေသည်။

'ဒီလောက် ထူးခြားတဲ့ ရလဒ်တစ်ခုက 'လက်ခံနိုင်လောက်ရုံပဲ' တဲ့လား'

ဗိုလ်ချုပ်ဟူသည် အလှပ‌ဂေးလေးကို ကိုက်စားရန် ဆန္ဒရှိသောကြောင့် ကြာကြည့်ကြည့်နေသည့် တဏှာရူးတစ်ယောက်ကဲ့သို့ ဤတပ်ဖွဲ့ဝင်များကို စွဲမက်စွာ ကြည့်နေခဲ့သည်။ ရှုံးနိမ့်သွားသော စစ်သားများလျှင်ပင် မီးဖီးနစ်တပ်ဖွဲ့ဝင်များကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။

စစ်မက်ရေးရာတွင် အင်အားကြီးသူများကိုသာ ကြည်ညိုလေးစားလေ့ ရှိကြသည်။ မီးဖီးနစ်တပ်ဖွဲ့သည် အကြွင်းမဲ့ ခွန်အားကို ပြသခြင်းဖြင့် သန်မာမှု၏ အဓိပ္ပါယ်ကို သက်သေပြခဲ့၍ လူအများ၏ ကြည်ညိုလေးစားမှုကို ရရှိခဲ့လေသည်။

ယနေ့ ပြိုင်ဆိုင်မှု၏ရလဒ်သည် တောမီးကဲ့သို့ပျံ့နှံ့သွား၍ မီးဖီးနစ်၏ ဂုဏ်သတင်းကို ချက်ချင်း မြှင့်တင်စေခဲ့သည်။ ဗိုလ်ချုပ်ဟူသည် သူ၏ဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ရွှယ်အန်းကို အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သည့်အပြင် ရွှယ်အန်းသာ လက်ခံပါက၊ ဗိုလ်ချုပ်ရာထူး မဟုတ်လျှင်ပင်၊ ဗိုလ်မှူး ရာထူးကို ပေးအပ်မည်ဟု သူ၏ရင်ဘတ်ကို ပုတ်ခတ်၍ အာမခံနေခဲ့သည်။ သို့သော် ရွှယ်အန်းက မတုန်လှုပ်ဘဲ ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။ ဤတစ်ကြိမ်တွင် ဗိုလ်ချုပ်လင်း၏ အဆုံးမဲ့ သစ္စာရှိမှုကြောင့်သာ ရွှယ်အန်းက အကူအညီပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရွှယ်အန်းသာ စစ်ဘက်ရေးရာများတွင် အလွန်အမင်း နစ်မြုပ်သွားပါက၊ သူ၏ မူလရည်ရွယ်ချက်ကို သစ္စာဖောက်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

အဆုံးတွင် ဗိုလ်ချုပ်ဟူက စိတ်ပျက်လက်ပျက် ထွက်ခွာရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။ ဆုရှနာသည် မထွက်ခွာမီတွင် ရွှယ်အန်းနှင့် ပြန်လည်တွေ့ဆုံရန် ချိန်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

“မစ္စတာရွှယ်၊ ရှင်က တကယ့်ကို ထူးခြားတဲ့ စစ်မက်ရေးရာ ဗျူဟာသမားပဲ၊ ဒီနှစ်ရဲ့ အထူးတပ်ဖွဲ့ပြိုင်ပွဲမှာ ပြန်ဆုံနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"

ဆုရှနာသည် စကားပြောနေစဉ် ပြုံးပြ၍ သူမ၏လက်ကို ဆန့်လိုက်သည်။

ရွှယ်အန်းက တုံ့ပြန်၍ ပြုံးပြလိုက်သည်။

"မီးဖီးနစ်တပ်ဖွဲ့ကနေ ထွက်တော့မှာမို့လို့ ဆုံဖို့ မဖြစ်နိုင်လောက်ဘူး ထင်တယ်"

"ဘာလို့လဲ" ဆုရှနာက ထိတ်လန့်သွားသည်။

"ဒီမှာ နည်းပြတစ်ယောက်အဖြစ် ထမ်းဆောင်တာက မိတ်ဆွေတစ်ယောက်ကို အကူအညီပေးချင်လို့၊ အခုချိန်မှာ မီးဖီးနစ်က ပြာပုံထဲကနေ ပြန်လည် မွေးဖွားလာပြီဆိုတော့ သူတို့လမ်းကြောင်းကို သူတို့ဘာသာ လျှောက်လှမ်းလို့ရနေပြီ" ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

ဆုရှနာ၏အမူအရာသည် တဖြည်းဖြည်း လေးနက်လာပြီးနောက် ရုတ်တရက် သတိအနေအထားဖြင့် ရပ်တန့်၍ ရွှယ်အန်းကို အလေးပြုလိုက်သည်။

"ရှင်က တကယ်ကို ဂုဏ်ပြုထိုက်တဲ့ စစ်သားအစစ်အမှန်ပါပဲ"

ရွှယ်အန်း ထွက်ခွာတော့မည့်ဟူသော သတင်းစကားများ မီးဖီးနစ်တပ်ဖွဲ့သို့ ရောက်ရှိသွားသောအခါ ချန်‌ဟောက်နှင့် အခြားလူများက အံ့သြသွားကြသည်။

"ဆရာရွှယ်က ထွက်သွားတော့မှာလား။ ဘာလို့ ထွက်သွားမှာလဲ"

"ငါလည်း မသိဘူး။ ဒါပေမယ့် အဲ့သတင်းကတော့ တော်တော်လေး ပြန့်နေတယ်"

"တစ်စုံတစ်ယောက်က ငါတို့ရဲ့အောင်မြင်မှုတွေကို မနာလိုဖြစ်ပြီး ဆရာရွှယ်ကို တွန်းထုတ်ဖို့ ကြိုးစားနေတာများလား" သူ၏မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသော ကျိုယိက ပြောလိုက်သည်။

ဤဖော်ပြချက်သည် မီးဖီးနစ်တပ်ဖွဲ့ကို စတင်လောင်ကျွမ်းစေသည့် မီးပွားတစ်ခုနှင့်ပင် ဆင်တူသည်။ ချန်‌ဟောက်နှင့် အခြားလူများက မျက်မှောင်ကြုတ်လိုက်ကြသည်။

"ဆရာရွှယ်ကို တွန်းထုတ်ရဲတဲ့လူက ဘယ်သူပဲဖြစ်ဖြစ်၊ ငါတို့တွေ ကောင်းကင်နှင့် မြေကြီးကို တွန်းလှန်ပစ်မယ်"

"ဟုတ်တယ်။ ငါတို့တွေ နည်းပြဆရာရွှယ်ကလွဲလို့ တခြားဘယ်သူ့ကိုမှ အသိအမှတ်မပြုနိုင်ဘူး"

အားလုံးက မကျေနပ်ချက်ကို ဖော်ပြရန်အတွက် ဒေါနှင့်မောနှင့် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် တံခါးကို ဖွင့်လိုက်သောအခါ ရွှယ်အန်းက ဝင်ပေါက်တွင် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာ"

လူအုပ်ကြီးက ဖွဲ့စည်းပုံနှင့်အညီ တန်းစီ၍ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဒါက ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်နဲ့ အသေအကျေ တိုက်ခိုက်ဖို့ စီစဉ်နေတာလား"

လူတိုင်းက ထိတ်လန့်သွားကြသည်။ ပြီးနောက် ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"မီးဖီးနစ်ကနေ ထွက်ခွာဖို့ လုပ်တာက တခြားလူရဲ့ ဝင်စွက်ဖက်မှုကြောင့် မဟုတ်ဘူး၊ ငါ့ ဆုံးဖြတ်ချက်ပဲ"

"ဘာလို့လဲ ဆရာ၊ ကျွန်တော်တို့တွေ ဆရာ စိတ်မကျေနပ်တာ တစ်ခုခု လုပ်ထားမိ ထိုက်သင့်သလို အပြစ်ပေးလို့ရပါတယ်။ ဘာလို့ထွက်သွားမှာလဲ" စွန်းလင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မင်းတို့က တော်ကြပါတယ်၊ အစတုန်းက မင်းတို့ကို အမှိုက်လို့ ခေါ်ခဲ့တာကို ငါ ပြန်ရုပ်သိမ်းတယ်။ ဒါပေမယ့် ထွက်သွားဖို့ကတော့ သေချာပေါက် လုပ်ရမယ်၊ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်"

၎င်းတို့အားလုံး၏ စိတ်ဓာတ်များ ကျဆင်းသွားကြသည်။ အမှန်တကယ်ပင်၊ ဤဆယ်ရက်အတွင်း ရွှယ်အန်းက ၎င်းတို့ကို ကောင်းမွန်သည့် အမူအရာမျိုး တစ်ခါမျှ မပြခဲ့ပေ။

သို့သော် ဤဆယ်ရက်သည် ၎င်းတို့အတွက် ပြန်လည်မွေးဖွားလာသည့် ကာလဖြစ်သည်။ ရွှယ်အန်း၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့အားလုံး စိန်ခေါ်ရန် ပြုလုပ်ခဲ့သည့် အရာများသည် လူအများစု၏ တစ်သက်တာတွင် မည်သည့်အခါမျှ အောင်မြင်နိုင်မည့် အရာများ မဟုတ်ပေ။

ထိုအချိန်တွင် ရွှယ်အန်းက ညင်သာစွာ ပြောလိုက်သည်။

“ငါ ဘာလို့ မင်းတို့ကို မီးဖီးနစ်လို့ ခေါ်တာလဲ သိလား”

တစ်ဖွဲ့လုံးက စူးစိုက်စွာ နားထောင်နေကြသည်။

"ဘာလို့လဲဆိုတော့ မင်းတို့က သာမာန် အထူးတပ်ဖွဲ့တွေ မဟုတ်ကြလို့ပဲ။ ဒီကမ္ဘာပေါ်မှာ သာမန်လူတွေရဲ့ စိတ်ကူးစိတ်သန်းထက် ကျော်လွန်တဲ့ ဖြစ်တည်မှုတွေ အများကြီး ရှိနေတယ်"

"ပုံမှန်ဆိုရင် လောကီတန်ခိုးကို ကြောက်ရွံ့လို့ ပေါ့ပေါ့တန်တန် ပြုမူရဲကြမှာ မဟုတ်ကြပေမဲ့ တစ်နေ့နေ့မှာ ဒီဟန့်တားမှုမျိုး မရှိတော့ရင် မကောင်းမှုမျိုးစုံကို ကျူးလွန်လာကြလိမ့်မယ်"

"ပြီးတော့ မင်းတို့က အဲ့ဒီ့ဖြစ်တည်မှုတွေရဲ့ လည်ပင်းကို ချိန်ရွယ်ကြမယ့် ချွန်ထက်တဲ့ ဓားသွားမျိုးဖြစ်လာမယ့် အင်မော်တယ် သတ်ဖြတ်သူတွေပဲ"

ရွှယ်အန်း၏စကားများသည် မီးဖီးနစ်တပ်ဖွဲ့ဝင်များကို တုန်လှုပ်သွားစေသည်။ သို့သော်လည်း လျို့ဝှက်ချက်များနှင့် ထိတွေ့ဖူးသော ချန်‌ဟောက်ကဲ့သို့သော လူများသည် ရွှယ်အန်း ပြောခဲ့သော စကားများ၏ စစ်မှန်မှုကို သိထားသည်။

"မင်းတို့ရဲ့လက်ရှိ အရည်အချင်းတွေက တော်တော်လေး ကောင်းတဲ့အပြင် ကမ္ဘာမှာ တခြား ဘယ်အင်အားစုကမှ မင်းတို့ရဲ့ လက်ရှိ အရည်အချင်းထက် မသာလွန်ဘူးလို့တောင် ပြောလို့ရတယ်၊ ဒါပေမယ့် အဲဒါက မလုံလောက်သေးဘူး။ ဒီတော့ အခု မင်းတို့ကို နောက်ထပ် ဆုတစ်ခု ပေးလိုက်မယ်"

ဤသို့ဖြင့် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လူတိုင်း၏အာရုံတွင် သတင်းအချက်အလက် အသစ်များဖြင့် ပြည့်နှက်သွားလေသည်။ လူတစ်ဦးစီသည် မတူညီသော အရာများကို ရရှိလိုက်ကြသည်။ဘရွှယ်အန်းသည် ကျင့်ကြံနည်းစနစ်များကို ၎င်းတို့ တစ်ဦးချင်း၏ အခြေအနေအလိုက် အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့် မီးဖီးနစ်၏ ကပ္ပတိန် ချန်‌ဟောက်အတွက် ဖြောင့်မှန်၍ ပြတ်သားသော ကြယ်ကိုးပွင့် အာဏာရှင်ဧကရာဇ် သိုင်းပညာကို ရွှယ်အန်းက ပေးအပ်ခဲ့သည်။ ကိုယ်ပျောက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် သင့်တော်သော စွန်းလင်သည် ကျိန်စာသင့်သတ်ဖြတ်ခြင်းသိုင်းကို လက်ခံရရှိခဲ့သည်။ သန်မာသည့် ခန္ဓာကိုယ်နှင့် မာကျောမှု သိုင်းပညာများတွင် အခြေခံရှိသည့် ကျိုးသာ့နျိုက ဝိဇ္ဇာလမ်းစဉ်ကို ရရှိခဲ့သည်။ ကနဦးတွင် လူတိုင်းက အနည်းငယ် တွေဝေသွားကြသော်လည်း ၎င်းတို့ရရှိခဲ့သော အရာများကို သိလိုက်ရချိန်တွင် အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် ချန်‌ဟောက်နှင့် စွန်းလင်တို့ ကဲ့သို့သောလူများက အလွန် စိတ်လှုပ်ရှားနေကြသည်။

ရွှယ်အန်း ပေးခဲ့သော သိုင်းပညာများက မည်မျှ အဖိုးတန်သည်ကို ၎င်းတို့ ရှင်းလင်းစွာ သိထားကြသည်။ ဤသိုင်းပညာများအနက် တစ်ခုခုက ပေါက်ကြားသွားလျှင်ပင် အဆုံးမဲ့ သတ်ဖြတ်မှုများဆီသို့ ဦးတည်သွားနိုင်သည်။

“ဒါတွေက ငါ့အတွက် အသုံးမဝင်ဘူး။ ဒီတော့ အပျော်အနေနဲ့ လေ့ကျင့်ကြည့်လိုက်ပေါ့"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် ချန်‌ဟောက်နှင့် အခြားလူများက တည်ကြည်သော အမူအရာဖြင့် အရှေ့သို့ တက်လှမ်းလာကြ၍ လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။

“ကျွန်တော်တို့တွေ ဆရာ့ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ မီးဖီးနစ် တပ်ဖွဲ့ဝင်တွေက ထာဝစဉ် ဆရာရဲ့တပည့်တွေ ဖြစ်နေမှာပါ။ ကျွန်တော်တို့သာ မနာခံတာမျိုး ပြုလုပ်ခဲ့ရင် ကောင်းကင်နဲ့မြေကြီးတောင် ကျွန်တော်တို့ကို သည်းမခံပါစေနဲ့"

၎င်းတို့၏အသံများက ကောင်းကင်တစ်လျှောက် ပျံ့လွင့်သွားလေသည်။ ရွှယ်အန်းက ရယ်မောလျက် သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။

“ကောင်းပြီ၊ ငါ သွားတော့မယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက လှည့်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် အဝေးက အဆောက်အဦးတစ်ခုတွင် ဗိုလ်ချုပ်လင်းက နောက်ကျောသို့ လက်နှစ်ဖက်ကို ပစ်၍ ပြတင်းပေါက်အရှေ့တွင် ရပ်နေလေသည်။

"ဗိုလ်ချုပ်၊ သူက မီးဖီးနစ်အပေါ် ဒီလောက် ဩဇာရှိနေရင် ကျွန်တော် စိုးရိမ်တာက... " တစ်စုံတစ်ယောက်က အနောက်မှ တီးတိုး ပြောလိုက်သည်။

"သူက ဘာဖြစ်လဲ" ဗိုလ်ချုပ်လင်းက ထိုလူကို လှည့်ကြည့်လိုက်သည်။

"အပြောင်းအလဲတွေ ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်"

ဗိုလ်ချုပ်လင်း၏ နှုတ်ခမ်းများက တွန့်တက်လာသည်။

“မင်း ငါ့ဆီမှာ ဘယ်တုန်းက စပြီး တာဝန်ထမ်းဆောင်ခဲ့တာလဲ”

"ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်လောက်က လာခဲ့တာပါ၊ ဗိုလ်ချုပ်"

"ကောင်းပြီ အခုကစပြီး လာစရာ မလိုတော့ဘူး"

ဤစကားကို ပြောပြီးနောက် အစောင့်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားခြင်းကို ဂရုစိုက်ခြင်းမရှိသော ဗိုလ်ချုပ်လင်းသည် အဝေးရှိ မီးဖီးနစ်စခန်းကို လှည့်ကြည့်လိုက်ရာ သူ၏အကြည့်များ တရိပ်ရိပ် လှုပ်ခတ်လာသည်။ ထိုလူသည် ကောင်းကင်နှင့်မြေကြီးကို ကွပ်ကဲ၍ အပြောင်းအလဲကို အလွယ်တကူ ကြားဝင်စေ့စပ်ပေးကာ ရိုးရှင်းသော စိတ်သဘောဖြင့် သူရဲကောင်းများကို ဦးညွှတ်စေနိုင်ခဲ့သူ ဖြစ်သည်။

'ဒီလိုလူမျိုးက… နိုင်ငံတစ်ခုလုံးမှာ တကယ် ပြိုင်ဘက်ကင်းတဲ့ လူလို့တောင် ဆိုလို့ရတယ်'

"အမိန့်ထုတ်လိုက်၊ မစ္စတာရွှယ်ကို ... မီးငှက်ဗိုလ်ချုပ်အဖြစ် စစ်တပ်ရာထူး အပ်နှင်းမယ်"

All Chapters