အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အခန်း (၁၈၇) အတိတ်အကြောင်းပြောရန် နေရာဟောင်းကို ပြန်လည်ပတ်ခြင်း
"ဖေဖေ၊ ဒါက ချောကလက်နဲ့ တူတယ်နော်" ရွှယ်အန်း၏ မီးငှက်တံဆိပ်ပြားကို ကိုင်၍ အချိန်အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် ရွှယ်နျန်က ပြောလိုက်သည်။
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"တကယ်လား၊ ဒါဆို ဘာလို့စားမကြည့်တာလဲ"
တီဗီကြည့်ရန် စိတ်အားထက်သန်နေသော ရွှယ်ရှန်းက လှည့်ကြည့်၍ ပြောလိုက်သည်။
"သူ မစားဘူးလို့ ဘယ်သူပြောလဲ ဖေဖေ။ ခုနလေးတင် သုံး လေးချက်လောက် ကိုက်နေတာ၊ သမီးသာ မတားထားရင် ကိုက်ဖြတ်ပစ်လိုက်တာ ကြာပြီ"
အန်းယန်သည် သာမန်ဟူသော စကားလုံးနှင့် အလှမ်းဝေးနေသော အဖေနှင့်သမီး သုံးယောက်ကို ကြည့်၍ မျက်ရည်များနှင့် ရယ်မောမှုများ ရောယှက်နေမိသည်။
“ဒီလောက် အရေးကြီးတဲ့ ပစ္စည်းကို ဘာလို့ နျန်နျန့်ကို ပေးထားတာလဲ။ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ” အန်းယန်က တံတွေးများ ဖုံးလွှမ်းနေသော ဆုတံဆိပ်ကို ရွှယ်နျန်၏ လက်ထဲမှ ယူပြီးနောက် အနည်းငယ် အပြစ်တင်သော အသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။
"နျန်နျန် ကြိုက်တယ်ဆိုရင် သူ့ကို ကစားခွင့်ပေးလိုက်တာ၊ အဲ့လောက် အထင်ကြီးစရာ ပစ္စည်းလည်း မဟုတ်ပါဘူး"
အန်းယန်က မီးငှက်တံဆိပ်ကို သန့်ရှင်းသွားသည်အထိ ဂရုတစိုက် သုတ်လိုက်သည်။
"အထင်ကြီးဖို့ ကောင်းတာပေါ့၊ ဒါက ကျွန်မ ခင်ပွန်းရဲ့ ဆုတံဆိပ်ပဲကို။ အပြင်မှာ လူတွေ ဘယ်လောက် တောင်းဆိုဆို မရနိုင်တာကိုတောင်၊ ရှင်က ပေါ့ပျက်ပျက်နဲ့"
စကားပြောနေစဉ် အန်းယန်က ဆုတံဆိပ်ကို ရွှယ်အန်း၏ ရင်ဘတ်ပေါ်သို့ ဂုဏ်ယူစွာတင်၍ ၎င်းနှင့် လက်ဟန်ပြနေသည်။
"အရမ်းခန့်ညားတာပဲ ကျွန်မ ခင်ပွန်းက ဗိုလ်ချုပ်ဖြစ်ရင် ကျွန်မက ဗိုလ်ချုပ် ဇနီးပေါ့" အန်းယန်က ရူးကြောင်ကြောင် အပြုံးဖြင့် ပြောနေသည်။
ရွှယ်အန်းက ရယ်မောပြီးနောက် အောက်ငုံ့၍ သူမ၏ နားရွက်နားတွင် တီးတိုး ပြောလိုက်သည်။
"ဒါဆိုရင် အခုမှစပြီး 'ဗိုလ်ချုပ်'လို့ ခေါ်တော့မှာလား ချစ်ဇနီးလေး"
အန်းယန်၏ မျက်နှာ ချက်ချင်း နီရဲလာ၍ သူမက အနည်းငယ် မခို့တရို့ ပြောလာသည်။
"ရှန်းရှန်းနဲ့ နျန်နျန်တို့တွေ ကြည့်နေကြတယ်လေ"
ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“အခု ကိုယ်တို့ကို မတွေ့ရတော့ဘူး"
ရွှယ်အန်း၏ အကြည့်အောက်တွင် အန်းယန်၏မျက်နှာမှ နားရွက်ထိပ်များအထိ တဖြည်းဖြည်း နီမြန်းလာသည်။
"အင်းပါ၊ အင်းပါ၊ ကိုယ် မင်းကို မစတော့ဘူး"
ရွှယ်အန်းက လွှတ်လိုက်ပြီးနောက် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ရှန်းရှန်းနဲ့ နျန်နျန်ကို မနက်ဖြန်ကျရင် အပြင်ခေါ်သွားကြရအောင်၊ တစ်မိသားစုလုံး ပျော်ကြတာပေါ့"
"အင်း" အန်းယန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
နောက်နေ့နံနက်တွင် ရွှယ်အန်းသည် ချန်မိသားစု၏ ကားတစ်စီးပို့မည့် ကမ်းလှမ်းချက်ကို ငြင်းဆို၍ အန်းယန်နှင့် ကလေးမလေးနှစ်ဦးတို့ကိုကျုံးတု၏ရှုခင်းများအား စတင်စူးစမ်းလေ့လာရန် ခေါ်ဆောင်သွားလေသည်။
ရုပ်ရည်အထူးကောင်းမွန်သော ဤမိသားစုသည် ၎င်းတို့သွားလေရာ နေရာတိုင်းတွင် စူးစမ်းလိုသော အကြည့်များစွာဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ကလေးမလေးနှစ်ဦး၏ အဖျက်စွမ်းအင်သည် အံ့မခန်းပင်ဖြစ်သည်။ အိမ်မှ ထွက်လာချိန်ကတည်းက ရှန်းရှန်းနှင့် နျန်နျန်တို့ကို ဓာတ်ပုံရိုက်ကူးချင်သောကြောင့် ရောက်လာကြသူများသည် ဆယ်ဦးထက်မနည်းရှိခဲ့သည်။
အထူးသဖြင့် ဂျီနန်းတော်တွင် နိုင်ငံခြားခရီးသွားများစွာက ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို အံ့သြမှုအပြည့်ဖြင့် "အို ဘုရားသခင်" ဟု ရေရွတ်၍ ဓာတ်ပုံများ အဆက်မပြတ်ရိုက်နေကြသည်။
ထို့အပြင် အခြားနေရာများသို့ သွားရောက်လည်ပတ်စဉ်တွင်၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် တံခါးစောင့် အဒေါ်ကြီးများထံမှ ချစ်ခင်နှစ်သက်မှု အကြည့်များကဲ့သို့ ဦးစားပေးဆက်ဆံမှုအမျိုးမျိုးကို အမြဲခံယူခဲ့ကြသည်။ ဤအရာအားလုံးသည် ၎င်းတို့၏ ခရီးစဉ်ကို ပို၍ သက်တောင့်သက်သာဖြစ်စေ၍ ပျော်ရွှင်ဖွယ်ကောင်းစေခဲ့သည်။
ထိုနေ့တွင် ရွှယ်အန်းက ၎င်းတို့ သုံးဦးကို ထင်ရှားကျော်ကြားသော သမိုင်းဝင်နေရာများသို့ လျင်လျင်မြန်မြန် သွားရောက်လည်ပတ်ရန် ခေါ်ဆောင်သွားခဲ့သည်။ နေ့ခင်းဘက်သို့ ရောက်လာချိန်တွင် မောပန်းနွမ်းနယ်နေသော ကလေးမလေးနှစ်ဦးကို ရွှယ်အန်းက လက်တစ်ဖက်စီတွင် သယ်ဆောင်၍ ၎င်းတို့ကို တက္ကသိုလ်တစ်ခု၏ တံခါးပေါက်ဆီ ခေါ်သွားလေသည်။
ယန်ကျင်းတက္ကသိုလ်သည် ရွှယ်အန်းနှင့် အန်းယန်တို့ တက်ခဲ့သော တက္ကသိုလ်ဖြစ်၍ ၎င်းတို့နှစ်ဦး တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ကြသည့် နေရာလည်းဖြစ်သည်။
"ဒီကို ဘာလို့ လာတာလဲ" အန်းယန်က အံ့ဩစွာ မေးလိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ကိုယ်တို့ ငယ်ဘဝက အမှတ်တရတွေကို ပြန်ခံစားဖို့လေ။ အဓိပ္ပါယ်မရှိဘူးလား"
၎င်းတို့မိသားစုက တက္ကသိုလ်ထဲသို့ ဝင်သွားကြသည်။ ဤနေရာမှ ငါးနှစ်ခြောက်နှစ်မျှသာ ဝေးကွာခဲ့သော အန်ယန်အတွက်မူ စိတ်ခံစားချက်များစွာ မရှိခဲ့ပေ။ သို့သော် ရွှယ်အန်းအတွက်မူ နှစ်ပေါင်းသုံးထောင်ကျော် ကြာမြင့်ပြီးချိန်မှ ဤနေရာသို့ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုရင်းနှီးဖွယ်ရာ အဆောက်အဦများကို ကြည့်နေသော ရွှယ်အန်းက အနည်းငယ် လွမ်းဆွတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီအားကစားကွင်းကို မှတ်မိလား" ရွှယ်အန်းသည် လမ်းမ၏ နံဘေးတွင် ရပ်ကာ ဝိုင်ယာကြိုးများဖြင့် ကာဆီးထားသော ကွင်းပြင်ကို ကြည့်၍ ခပ်ပါးပါး ရယ်မောလိုက်သည်။
"ဒါပေါ့ မှတ်မိတာပေါ့။ ဒါ ကျွန်မတို့ ပထမဆုံးတွေ့တဲ့ နေရာလေ" အန်းယန်က တီးတိုး ပြောလိုက်သည်။
ထိုနှစ်တွင် အန်းယန်သည် ကျောင်းတွင် စာရင်းပေးသွင်းပြီးသည်နှင့် ကျောင်းအလှမယ် ဖြစ်လာခဲ့သည်။ ယောက်ျားလေးအများစုက နေ့စဉ် နေ့တိုင်း ယင်ကောင်များကဲ့သို့ ဝန်းရံနေကြခြင်းသည် သူမကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် အန်းယန်က အပန်းဖြေရန်အတွက် ဤသီးသန့် အားကစားကွင်းသို့ မကြာခဏ လာရောက်ခဲ့သည်။ ပြီးနောက် အားကစားကွင်းသို့ မကြာခဏ လာရောက်၍ စာဖတ်လေ့ရှိသူ ရွှယ်အန်းကို သတိပြုမိသွားသည်။
သူမကို ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာသော တခြားယောက်ျားလေးများနှင့် မတူသည်မှာ ရွှယ်အန်းက ထိုနေရာတွင် အမြဲတမ်း ငြိမ်သက်စွာ စာဖတ်နေခဲ့၍ သူမကို တစ်ချက်မျှ ပိုမကြည့်ခဲ့ပေ။ အတော်အတန်အကြာတွင် အန်းယန်က သူမ၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ ရွှယ်အန်းကို ပထမဆုံးအကြိမ် စကားစမြည်ပြောခဲ့သည်။ ထိုမှတစ်ဆင့် ဤရက်မြတ်သည်… ၎င်းတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမှုကို အမှတ်အသားပြုခဲ့လေသည်။
ပြန်တွေးကြည့်ချိန်တွင် အန်းယန်က ရုတ်တရက် ဒေါသထွက်စွာ နှုတ်ခမ်းစူ၍ ရွှန်းအန်း၏ခါးကို ကလူကျီစယ်စွာ ဆွဲလိမ်လိုက်သည်။
"မကောင်းတဲ့ လူကြီး၊ အစတုန်းက စာလုပ်ရတာ ဝါသနာပါတဲ့ လူလို့ ကျွန်မက ထင်ခဲ့တယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ ရှင်... ရှင်က 'ကျင်းဖျင်းမေ့' ကိုဖတ်နေတယ်ပေါ့"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကျင်းဖျင်းမေ့တင် မဟုတ်ဘူး၊ ထူးဆန်းသောပုံပြင်များနဲ့ မြို့တော်၏အငွေ့အသက်လို စာအုပ်တွေအပါအဝင် ရှေးခေတ်က ရှုပ်ယှက်ခတ်နေတဲ့ စာအုပ်တွေကိုပါ ကိုယ် ဖတ်ဖူးတယ်။ နောက်ပြီး…”
ရွှယ်အန်းက လျှို့ဝှက်ဆန်းကြယ်စွာ ခေါင်းငုံ့၍ အန်းယန်၏ နားထဲကို တီးတိုးပြောလိုက်သည်။
"အမှန်တော့ ချဉ်းကပ်ဖို့ ရှက်နေလို့သာ မချဉ်းကပ်တာ ကိုယ် မင်းကို သတိထားမိနေတာကြာပြီ၊ မင်းလို ချောမောလှပတဲ့ ကောင်မလေးတွေက အမြဲတမ်း ပိုးပန်းနေတဲ့ ကောင်လေးတွေ အများကြီးရှိတော့ အနှောင့်အယှက်ဖြစ်လေ့ရှိကြတယ်လို့ စာအုပ်တွေထဲမှာ ကိုယ် ဖတ်ဖူးတယ်"
"ကိုယ်က တည်ကြည်တဲ့ အပြုအမူကို ထိန်းထားနိုင်သရွေ့ မင်းက စူးစမ်းလိုစိတ် ဖြစ်လာပြီး နောက်ဆုံးကျရင် ကိုယ့်ကို အရင်စပြီး စကားပြောလာလိမ့်မယ်လေ"
ရယ်စရာတစ်မျိုး စိတ်တိုဖွယ်တစ်မျိုး ဖြစ်နေသော အန်းယန်က အံကြိတ်၍ ပြောလိုက်သည်။
“ရှင်က မကောင်းတဲ့လူပဲ၊ လူဆိုးကောင်ကြီး။ ကျွန်မကို လှည့်စားနေတာ ကြာပြီပေါ့လေ"
ကံကောင်းထောက်မစွာ၊ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ရွှယ်အန်း၏ပခုံးပေါ်၌ အိပ်ပျော်သွားခဲ့သည်၊ မဟုတ်လျှင် ဤအချိုလွန်ကဲမှု အခြေအနေကို ၎င်းတို့ မျက်မြင်တွေ့ရပေလိမ့်မည်။ ၎င်းတို့နှစ်ဦးသား ပရောပရီ လုပ်နေကြစဉ်တွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက...ရွှယ်အန်းမဟုတ်လား"
ရွှယ်အန်းက မော့ကြည့်လိုက်ချိန်တွင် စာပေပညာရှင် အရိပ်အမြွက်မျိုးရှိသည့် မျက်မှန်နှင့် လူတစ်ဦးက မိမိကို တအံ့တသြ စိုက်ကြည့်နေခြင်းကို တွေ့လိုက်ရသည်။
"မင်းက... ချောင်လဲ့မဟုတ်လား"
ရွှယ်အန်းက ခေတ္တတုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် ထိုလူကို မှတ်မိသွားလေသည်။
ချောင်လဲ့သည် အပြေးအလွှား လာ၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နောက်ကျောကနေ ကြည့်လိုက်တာ မင်းနဲ့တူနေလို့၊ မင်းမိန်းမကို တွေ့တော့မှ မင်းမှန်း သေချာသွားတာ ကောင်စုတ်လေးရဲ့"
ပြီးနောက် ချောင်လဲ့က အန်းယန်ကို ပြုံးပြ၍ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ခယ်မလေး"
ထိုအချိန်တွင် ရွှယ်အန်းက သူ၏နှလုံးသားထဲတွင် နွေးထွေးမှုများ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအမျိုးသားသည် သူ၏အခန်းဖော်ဟောင်း ချောင်လဲ့ဖြစ်သည်။ ချောင်လဲ့သည် တက္ကသိုလ်တက်နေစဉ်ကာလတွင် သူ၏အချစ်ဆုံး သူငယ်ချင်းများထဲမှ တစ်ဦးလည်းဖြစ်သည်။ နှစ်အတော်ကြာပြီးနောက် ကျောင်းတွင် အချင်းချင်း ပြန်တွေ့ကြမည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ" ရွှယ်အန်းက မေးလိုက်သည်။
"ငါ လမ်းညွှန်အကြံပေးဆရာ တစ်ယောက်အနေနဲ့ ကျောင်းမှာ အလုပ်ဝင်နေတာလေ။ မင်းကိုကြည့်စမ်း၊ ကလေးတွေတောင် ရနေပြီ" ချောင်လဲ့က ဝမ်းသာအားရပြောပြီးနောက် သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။
"မင်းနဲ့ လေးနှစ်လောက် အဆက်အသွယ်ပြတ်သွားတော့၊ အစ်ကိုကြီးနဲ့ ညီ(၄)က မင်းကို အရမ်းစိတ်ပူနေတာ။ အခု မင်းပြန်လာပြီဆိုတော့၊ ငါတို့ ညီအကိုတွေ အတူဆုံကြတာပေါ့"
ချောင်လဲ့က စကားပြောနေစဉ် ဖုန်းဆက်လိုက်လေသည်။
"ကျောက်ကြီးနဲ့ တစ်ခြားကောင်တွေလည်း ကျုံးတုမှာပဲလား" ရွှယ်အန်းက ခေတ္တအံ့ဩသွားပြီးနောက် မေးလိုက်သည်။
"ဟုတ်တယ် သူတို့ရောက်တာ သိပ်မကြာသေးဘူး" ချောင်လဲ့က ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက် အနည်းငယ် ပျော်ရွှင်နေမိသည်။ ၎င်းတို့၏အဆောင်တွင် စုစုပေါင်း လူလေးယောက်ရှိ၍ ၎င်းတို့အားလုံးက သူငယ်ချင်းကောင်းများဖြစ်ကြသည်။
အစ်ကိုကြီးက ကျောက်ရွှယ်ဟွေ့၊ နံပါတ်နှစ်က ရွှယ်အန်း၊ နံပါတ်သုံးက ချောင်လဲ့ဖြစ်၍ နံပါတ်လေးက ယန်ပင်းယီဖြစ်သည်။ ၎င်းတို့ကို 'ရန်ကျင်းတက္ကသိုလ်၏ လူဆိုးလေးယောက်' ဟု တစ်ချိန်က လူသိများခဲ့သည်။ ကျန်နှစ်ယောက်က ရွှယ်အန်း ပြန်ရောက်လာသည်ကို သိလိုက်ရသည်နှင့် ဖုန်းထဲတွင် စတင် အော်ဟစ်နေကြသည်။
"အဲ့ကောင်ကို စောင့်ခိုင်းထားလိုက်၊ ဒီလေးနှစ်လုံး ဘယ်မှာ သဝေထိုးနေလဲဆိုတာ သိရအောင် ဒင်းကို ဒီည ကောင်းကောင်းကြီး ကင်ပစ်ရမယ်"
အခန်း (၁၈၈) ဘယ်ကိုဖြစ်ရမှာလဲ... အိမ်ကိုပေါ့
ညနေအချိန်တွင် ခြောက်ကပ်ကပ် ရာသီဥတု၏ ပူပြင်းမှုကို နွေလေညင်းက တိုက်ခတ်နိုင်ခြင်းမရှိပေ။ ထိုသို့သော ရာသီဥတုမျိုးတွင် အသင့်တော်ဆုံး အပြုအမူသည် လမ်းဘေးဈေးဆိုင်တွင် ထိုင်၍ သိုးသားကဘတ် အနည်းငယ်ကို ကင်ခြင်းသာဖြစ်သည်။
ယန်လင်းတက္ကသိုလ် အနီးတစ်ဝိုက်တွင် အသားကင်ဆိုင်များဖြင့် ပြည့်နှက်နေသည်။ ယနေ့တွင် အသားကင်ဆိုင်တစ်ခုတွင် အထူး မျက်စိကျစရာ လူတစ်ယောက်ရှိနေသည်။ မည်သို့ဆိုသော် ဤစားပွဲတွင် ထူးထူးခြားခြား ချောမောလှပသည့် အမျိုးသမီးတစ်ဦးသာမက နူးညံ့သိမ်မွေ့၍ ချစ်စဖွယ်ကောင်းလှသော ကလေးမလေး နှစ်ဦးလည်း ရှိနေသည်။
ထိုအချိန်တွင် ကျောက်ရွှယ်ဟွေ့က ဘီယာကြမ်းတစ်ပိုင်းကို မြှောက်၍ ရွှယ်အန်းကို ပြောလိုက်သည်။
"ညီ(၂)၊ တခြားဘာမှ မပြောနဲ့ ဒီခွက်ကို အရင်သောက်"
ရွှယ်အန်းကပြုံး၍ ဖန်ခွက်ကိုယူပြီးနောက် ခေါင်းကိုမော့ကာ သောက်ချလိုက်လေသည်။
"အိုး၊ အစ်ကို(၂)ရဲ့ သောက်နိုင်စွမ်းက တိုးတက်လာပုံပဲ" ကျောက်ရွှယ်ဟွေ့က ရယ်မော၍ ပြောလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည်လည်း သူ၏ သတိအနေအထားကို လျှော့ချထားလိုက်သည်။ မည်သို့ဆိုသော် တက္ကသိုလ်တက်နေစဉ် လေးနှစ်အတွင်း ဤလူသုံးဦးက သူ့အပေါ် နွေးထွေးမှုများစွာပေးခဲ့သောကြောင့်ဖြစ်သည်။
ရွှယ်အန်းက အသုံးစရိတ်အတွက် ပိုက်ဆံမရှိသောကြောင် မစားမသောက်ဘဲ တစ်နေကုန် အိပ်နေသည့်အချိန်ကို သူ သတိရမိသွား၏။ သူသည် မာနကြောင့် စားချင်စိတ်မရှိခြင်းဟုသာ ပြောလိုက်၍ ၎င်းတို့ သုံးဦးက မည်သည့် စကားမျှ သိပ်မပြောခဲ့ပေ။
သို့သော် ညနေရောက်သောအခါ အစ်ကိုကြီးက ပါဆယ်အထုပ်တစ်ခုဖြင့် သောကဖြစ်စွာ ရောက်လာသည်။
“ညီ(၂)၊ ငါ ညီ(၃) အတွက် ပါဆယ်မှာထားပေမယ့် ဒီကောင်က စားပြီးသွားပြီတဲ့လေ။ ငါ့ကို ကူညီပြီး စားပေးပါလား" ထိုသို့ပြောပြီးသည်နှင့် ကျောက်ရွှယ်ဟွေ့က ပါဆယ်ထုတ်ကိုချ၍ ထွက်သွားလေသည်။
ထိုအချိန်တွင်၊ ရွှယ်အန်းသည်လည်း သိပ်မစဉ်းစားဘဲ ပါဆယ်ထုတ်ကို ယူ၍ စားရန်ပြင်ဆင်လိုက်သည်။ ပြီးနောက် ညီ(၃) ဖြစ်သည့် ချောင်လဲ့က ပါဆယ်ထုပ် တစ်ထုပ်နှင့်အတူ ဝင်လာခဲ့သည်။
“ဒုတိယအစ်ကိုရေ ကျွန်တော် ဒါကို အစ်ကိုကြီးအတွက် ဝယ်လာတဲ့ဟာကို သူက စားပြီးသွားပြီတဲ့လေ။ အစ်ကို သူ့အတွက် စားပေးလိုက်နော်" ထိုသို့ဖြင့် ချောင်လဲ့သည်လည်း ထွက်သွားပြန်သည်။
ရွှယ်အန်းက အံ့အားသင့်သွားသည်။ ခဏအကြာတွင် ညီ(၄) ဖြစ်သည့် ယန်ပင်းယီသည်လည်း KFC ပါဆယ်ထုပ်ကို ကိုင်၍ ချွေးတလုံးလုံးဖြင့် ရောက်လာလေသည်။
“ဒုတိယအစ်ကို၊ တတိယအစ်ကိုက KFC စာချင်တယ်လို့ ပြောပြီး၊ ကျွန်တော်လည်း သွားဝယ်ပြီးရော အခု မစားချင်တော့ဘူးတဲ့လေ။ အစ်ကိုပဲ စားလိုက်တော့" အထုပ်ကို ချလိုက်ပြီးနောက် ယန်ပင်းယီသည်လည်း ကမန်းကတန်း ထွက်သွားခဲ့သည်။
ထိုညတွင် ရွှယ်အန်းက ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျလျက် ညစာသုံးနပ်စားခဲ့ရသည်။
“ဒီလေးနှစ်မှာ…” ရွှယ်အန်းက ဘီယာကြမ်းတစ်ခွက်ကို ထပ်ဖြည့်၍ စကားပြောခါနီးတွင် ကျောက်ရွှယ်ဟွေ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘာမှပြောစရာမလိုဘူး၊ ငါတို့ ညီအစ်ကိုတွေ ဘာမှ မလိုဘူး၊ မင်း ဘေးကင်းကင်း ပြန်လာရုံနဲ့ လုံလောက်ပြီ"
ရွှယ်အန်းက ခေတ္တရပ်တန့်ပြီးနောက် ပြုံးလိုက်သည်။
“ကောင်းပြီ။ ဒီနေ့တော့ မမူးမချင်း အိမ်မပြန်ဘူး ကွာ"
အန်းယန်က တစ်ချိန်လုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူမသည် ဘီယာ ကုန်သွားသည်နှင့် ထပ်ဖြည့်ပေး၍ အမြည်းမကျန်တော့သည့်အခါ ထပ်မှာပေးနေခဲ့သည်။
သူမ၏ နူးညံ့သိမ်မွေ့၍ နာခံမှုရှိသော အမူအရာသည် ကြည့်ရှုသူအများအပြားကို မနာလိုဖြစ်စေခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်းမှလွဲ၍ ကျန်သုံးယောက်က အနည်းငယ် မူးနေကြသည်။
“ဒုတိယအစ်ကို၊ မင်းနဲ့ခယ်မလေးတို့ သေချာပေါက် အဆင်ပြေမှာလို့ ငါ အမြဲပြောခဲ့တယ် မဟုတ်လား။ ကြည့်စမ်း၊ ကလေးတွေတောင် တော်တော်ကြီးနေပြီ။ ဒါပေမယ့် မင်္ဂလာဆောင်ကို ငါတို့ကို လာမဖိတ်တာတော့ မင်း မကောင်းဘူးနော်” ချောင်လဲ့က ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ငါတို့ မင်္ဂလာပွဲ မလုပ်ရသေးဘူး"
စကားပြောမှားနေမှန်း သိသွား၍ တောင်းပန်တော့မည့် ချောင်လဲ့ကို ကျောက်ရွှယ်ဟွေ့က မျက်မှောင်ကြုတ်၍ တံတောင်နှင့် တို့လိုက်သည်။ ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်း၍ ပေါ့ပါးစွာ ရယ်မောလိုက်သည်။
“မင်္ဂလာပွဲ မလုပ်ရသေးတဲ့ အကြောင်းရင်းက ကျွန်တော် သူ့ကို ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ ရင်ခုန်ဖို့အကောင်းဆုံး မင်္ဂလာပွဲမျိုး ပေးချင်တာကြောင့်ပါ။ ပြီးရင် ကျွန်တော် သူ့ကို အပျော်ရွှင်ဆုံး သတို့သမီးဖြစ်စေချင်လို့"
ရွှယ်အန်း၏ စကားလုံးများသည် အန်းယန်၏ မျက်လုံးများကို မျက်ရည်များဖြင့် ဝင်းလက်စေခဲ့သည်။ သို့သော်လည်း ရွှယ်အန်း မူးနေပြီဟု ထင်ကြသော ညီအကို သုံးယောက်က အလေးအနက်မထားကြပေ။
"ညီ(၂) ပြန်လာတာကို ဂုဏ်ပြုဖို့အတွက် အားလုံးအတူတူ သောက်ကြရအောင်" အစ်ကိုကြီးက မတ်တတ်ထရပ်၍ သူ၏ဖန်ခွက်ကို မြှောက်လိုက်သည်။
“ကောင်းပြီ”
လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်၍ အတူတူ သောက်လိုက်ကြသည်။ အရက်၏အရှိန်က အထွတ်အထိပ်သို့ ရောက်နေချိန်တွင် တက္ကစီတစ်စီး လမ်းဘေးတွင် ထိုးရပ်၍ အထဲမှ ပြင်ပြင်ဆင်ဆင် ဝတ်စားထားသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။
အမျိုးသမီးက ပတ်ပတ်လည်ကို လှမ်းကြည့်၍ ယန်ပင်းယီကိုတွေ့သောအခါ သူ့ဆီသို့ လှမ်းလာသည်။ ထိုအမျိုးသမီးကို တွေ့သောအခါ ယန်ပင်းယီက ပျော်ရွှင်စွာ ပြုံး၍ အလျင်အမြန် မတ်တပ်ထရပ်လိုက်သည်။
"လော့ကျာ့၊ ရောက်လာပြီလား"
လော့ကျာ့က အနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် အေးစက်စွာ ခေါင်းညိတ်ပြပြီး၍ ထိုင်လိုက်သည်။
ယန်ပင်းယီက ရွှယ်အန်းကို ပြုံးပြ၍ မိတ်ဆက်ပေးလိုက်သည်။
"ဒုတိယအစ်ကို၊ ဒါက ကျွန်တော့် ကောင်မလေး လော့ကျာ့လေ"
"လော့ကျာ့၊ ဒါ ကိုယ့်ရဲ့ ဒုတိယအစ်ကိုလေ"
လော့ကျာ့က ရွှယ်အန်းကို လှည့်ကြည့်ပြီးနောက် အရေးမထားဘဲ ပြောလိုက်သည်။
" ကျွန်မကတော့ အရေးကြီးတဲ့ လူများ ဖြစ်နေမလားလို့။ နေ့တစ်ဝက်လောက် အချိန်အကုန်ခံပြီး မိတ်ကပ်လိမ်းခဲ့တာပဲ အဖတ်တင်တယ်"
လေထုသည် ကိုးရိုးကားရားအခြေအနေသို့ ရောက်ရှိသွားလေသည်။ ယန်ပင်းယီ၏ မျက်နှာသည်လည်း အစိမ်းရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်။
ရွှယ်အန်းက လော့ကျာ့၏ မှတ်ချက်ကြောင့် အနှောင့်အယှက်ဖြစ်ခြင်း မရှိဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့က အကြည့်ချင်းဖလှယ်၍ လေထုအခြေအနေကို စတင် ပြောင်းလဲနေကြသည်။
"ကဲပါ၊ သောက်ကြရအောင်လေ ဒုတိယအစ်ကို" ချောင်လဲ့က ရွှင်မြူးစွာ ပြောလိုက်သည်။
စားပွဲဝိုင်း၏ လေထုအခြေအနေ ပုံမှန်ပြန်ဖြစ်သွားသည်နှင့်အမျှ၊ လော့ကျာ့၏ လက်ကိုင်ဖုန်း မြည်လာလေသည်။ ခေါ်ဆိုသူကို စစ်ဆေးလိုက်သောအခါ သူမ၏ အပြုံးများ တောက်ပလာသည်။
"ဟယ်လို သခင်လေးဝမ်လား၊ ဖုန်းတွေ ဘာတွေဆက်လို့ပါလား။ အိုး၊ ဒီနေ့က ရှင့်ရဲ့ မွေးနေ့ပါတီလား။ ကောင်းပါပြီ ကျွန်မ ခဏနေ ရောက်မယ်နော်"
ဖုန်းချပြီးနောက်၊ လော့ကျာ့က ယန်ပင်းယီကို မောက်မာစွာ ပြောလိုက်သည်။
"နန်းမြို့တော် KTV ကို အခု လိုက်ပို့ပေး။ သခင်လေးဝမ်က သူ့မွေးနေ့ပါတီကို ဖိတ်ထားလို့ ကျွန်မ သွားမှရမယ်"
ယန်ပင်းယီ၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာများ ပေါ်လွင်နေသည်။
“ဒါပေမယ့် ကိုယ် အခု…”
"အို တော်စမ်းပါ၊ အသုံးမဝင်တဲ့ အရက်ကို ဒီတစ်နေကုန် သောက်ပြီး ဘာလုပ်မလို့လဲ။ အဲဒါ သခင်လေးဝမ်နော်၊ ရှင် သိရဲ့လား။ ရှင်ပါ လိုက်ခဲ့မယ်ဆိုရင် အသုံးဝင်တဲ့ သူငယ်ချင်းကောင်းတွေ ရလာနိုင်တယ်” လော့ကျာ့က စိတ်မရှည်စွာ ပြောလိုက်သည်။
ယန်ပင်းယီ၏မျက်နှာသည် သံမဏိ အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ကျောက်ရွှယ်ဟွေ့က အလျင်စလို ပြောလိုက်သည်။
"ကောင်းပါပြီ၊ ငါ့ ညီရယ် ခယ်မလေးကို လိုက်ပို့လိုက်ပါ။ မင် ပြန်လာနိုင်တယ်ဆိုရင် ငါတို့တွေ စောင့်နေမှာပါ။ ညနက်ကြီး ခယ်မလေးကို တစ်ယောက်တည်း သွားခိုင်းရင် မလုံခြုံဘူးလေကွာ"
ယန်ပင်းယီသည် ရွှယ်အန်းကို တောင်းတောင်းပန်ပန် ကြည့်လိုက်သည်။ ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"အစ်ကိုကြီး ပြောတာ မှန်တယ်၊ လိုက်ပို့လိုက်ပါ"
ယန်ပင်းယီ ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ မင်းတို့ ငါ့ကို စောင့်ရမယ်နော်၊ ဒီည ငါတို့ညီအစ်ကိုတွေ မမူးမချင်း အိမ်မပြန်ကြဘူး"
လော့ကျာ့က သရော်ပြု၍ မတ်တပ်ရပ်ပြီးနောက် မောက်မာစွာဖြင့် ထွက်ခွာသွားလေသည်။
ယန်ပင်းယီနှင့် လော့ကျာ့ထွက်သွားပြီးနောက်၊ စိတ်ဆိုးနေဆဲဖြစ်သော ချောင်လဲ့က စားပွဲကို ထုရိုက်လိုက်သည်။
"ငါ တကယ် သည်းမခံနိုင်တော့ဘူး၊ အဲဒီမိန်းမက ဘာတွေများ ကောင်းနေလို့လဲ။ သူ ညီ(၄)ကို ဘယ်လောက်တောင် လှည့်စားထားလဲ ကြည့်ကြဦး၊ ပြုစားခံထားရတဲ့ အတိုင်းပဲ”
ကျောက်ရွှယ်ဟွေ့က သက်ပြင်းချလိုက်သည်။
"လူအမျိုးမျိုး စရိုက်အထွေထွေပါပဲ ညီ(၃)ရယ်။ ညီ(၄)ရဲ့ မိသားစုနောက်ခံအသိုင်းအဝိုင်းက ခက်ခဲပြီး လော့ကျာ့က သူ အထက်တန်းကျောင်းသားဘဝကတည်းက သူ့ရဲ့ အတန်းဖော်လေ။ ဒီလောက် နှစ်ပေါင်းများစွာ ပိုးပန်းပြီးမှ ရခဲ့တော့ သဘာဝအတိုင်း လော့ကျာ့အပေါ် ချစ်ရှာမှာပေါ့"
“ဒါကို ချစ်တယ်လို့ ခေါ်နေတာလား။ အဲ့မိန်းမရဲ့ မျက်နှာကိုလည်း ကြည့်ဦး၊ သူ့ကို တစ်စုံတစ်ယောက်က အကြွေးတင်ထားသလိုမျိုး ပြုမူနေတာ” ချောင်လဲ့က အလွန် ဒေါသထွက်နေဆဲ ဖြစ်သည်။
သို့သော် ရွှယ်အန်းက ပြုံးရုံသာပြုံးလိုက်သည်။
"အစ်ကိုကြီးပြောတာ မှန်တယ်၊ ညီ(၄) က ဆန္ဒရှိနေရင် ငါတို့က ဝင်ပြောရအောင် ဘယ်သူတွေမို့လို့လဲ"
ကျန်သုံးယောက်က အရက်ဆက်သောက်၍ စကားစမြည် ပြောနေကြသည်။ ၎င်းတို့၏ တက်ကြွစွာ စကားပြောသံများကြားတွင် ကျောက်ရွှယ်ဟွေ့၏ ဖုန်းသံမြည်လာခဲ့သည်။
"ဟယ်လို ညီ(၄)။ ဘာဖြစ်လို့လဲ"
ခဏအကြာတွင် ကျောက်ရွှယ်ဟွေ့က ရုတ်တရက်ထရပ်၍ သူ၏မျက်နှာအမူအရာ အလွန်လေးနက်နေသည်။
"ကောင်းပြီ၊ ငါ အခုချက်ချင်း လာခဲ့မယ်"
ချောင်လဲ့သည်လည်း ထိတ်လန့်သွားသည်။
"အစ်ကိုကြီး ဘာဖြစ်တာလဲ"
"ပါတီပွဲမှာ ညီ(၄)က ဟိုကကောင်တွေနဲ့ ခိုက်ရန်ဖြစ်နေတာတဲ့" ကျောက်ရွှယ်ဟွေ့က ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ချီးပဲ၊ ငါ့ညီကို အနိုင်ကျင့်ရဲတယ်ပေါ့လေ" ချောင်လဲ့သည် စားပွဲပေါ်ရှိ ဘီယာပုလင်းကို ဆွဲယူ၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ကျောက်ရွှယ်ဟွေ့က ချောင်လဲ့ကို တားဆီးလိုက်သည်။
"ညီ(၃)စိတ်ကို လျော့ပါဦး။ ငါတို့ ရင်ဆိုင်ရမယ့် လူက ဝမ်ခယ့်နော်”
ဝမ်ခယ့်ဟူသော အမည်၏ဖော်ပြချက်တွင် ချောင်လဲ့သည်လည်း အရေးနိမ့်သွားပုံပေါ်သည်။
"ဒါဆို ငါတို့ ဘာလိုလုပ်ကြမလဲ။ ညီ(၄)က အနိုင်ကျင့်ခံရတာကို ဒီအတိုင်း ထိုင်ပြီး ကြည့်နေရမှာလား"
ကျောက်ရွှယ်ဟွေ့သည် သိသိသာသာ တုန်လှုပ်သွား၍ ညီ(၄)ကို ကယ်တင်ရန်အတွက် အကြံခက်နေသည်။ ထိုအချိန်တွင် ရွှယ်အန်းက သူ၏ဖန်ခွက်ကို ချ၍ အမူမထားဘဲ မေးလိုက်သည်။
"ဝမ်ခယ့်က ဘယ်သူလဲ"
“ဒုတိယအစ်ကို၊ ဝမ်ခယ့်က ငါတို့ကျောင်းက ကျောင်းသားကောင်စီရဲ့ ဥက္ကဋ္ဌဟောင်းလေ။ သူ့မိသားစုအင်အားကို သုံးပြီး အခု ကျုံးတုမှာ အဆင်ပြေရုံတင်မကဘဲ နာမည်တောင်ရနေတယ်လေ” ချောင်လဲ့က ရှင်းပြလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်၍ ခပ်ပါးပါး ပြုံးပြပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
"နာမည်က ရင်းနှီးနေတာ မဆန်းပါဘူး။ သွားကြရအောင်"
"ဘယ်ကိုလဲ"
"ဘယ်ကိုဖြစ်ရမှာလဲ... အိမ်ကိုပေါ့" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
အခန်း (၁၈၉) မင်းကို အရောက်ပို့ပေးမလို့လေ
နန်းမြို့တော် KTV
ဆိုဖာပေါ်တွင် ထိုင်နေသော ဝမ်ခယ့်၏မျက်နှာသည် ရေသေကဲ့သို့ မည်းမှောင်နေသည်။ ပွန်းပဲ့၍ ရောင်ရမ်းနေသော ယန်ပင်းယီသည် ထောင့်တစ်နေရာတွင် တွန်းအားပေး၍ ထိုင်ခိုင်းခံခဲ့ရသည်။
“ကျေးဇူးပြုပြီး စိတ်လျှော့ပါ သခင်လေးဝမ်။ သူက စိတ်လိုလက်ရ လုပ်လိုက်မိတာပါ။ အတန်းဖော်ဖြစ်ခဲ့တဲ့ မျက်နှာကို ထောက်ထားပြီး ဒီတစ်ခါတော့ ခွင့်လွတ်ပေးလိုက်ပါ" ဤအခိုက်အတန့်တွင် လော့ကျာ့က တိုက်တွန်းနေသည်။
"ငါက သူ့ကို လွှတ်ပေးရမယ်တဲ့လား။ ဟားဟား၊ သူတို့မှာ လေးယောက်တောင် ရှိတယ်မဟုတ်ဘူးလား။ တက္ကသိုလ်ရဲ့ လူမိုက်လေးယောက်လို့ နာမည်ကြီးကြတယ် မဟုတ်ဘူးလား။ ကျောင်းတုန်းက ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ဘာတွေဖြစ်လာလဲဆိုတာ ငါ ဒီနေ့ မြင်ချင်သေးတယ်” လော့ကျာ့ကို စိုက်ကြည့်နေသော ဝမ်ခယ့် ၏ လေသံသည် ခံစားချက် ကင်းမဲ့နေသည်။
ဝမ်ခယ့်၏ သာပေါင်းညာစား သူငယ်ချင်းများအားလုံးက ရယ်မောလိုက်ကြသည်။ ယန်ပင်းယီ၏ အရည်အချင်းမရှိမှုကို စိတ်ပျက်နေသော လော့ကျာ့သည်လည်း အလွန် ဒေါသထွက်နေသည်။
သူမသည် အစပိုင်းတွင် ယန်ပင်းယီကို ဤ “အထက်တန်းလွှာ ပုဂ္ဂိုလ်များ” နှင့် ပေါင်းသင်းနိုင်ရန်အတွက် ဤနေရာသို့ ခေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ယန်ပင်းယီက စကားအနည်းငယ် ပြောပြီးနောက် ဤလူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ ခိုက်ရန်ဖြစ်ပွားမည်ဟု သူမ မမျှော်လင့်ထားပေ။ ထိုအချိန်တွင် ဝမ်ခယ့်က မတ်တပ်ထရပ်၍ ယန်ပင်းယီရှိရာသို့ လျှောက်သွားကာ ဘဝင်ခိုက်သော အပြုံးတစ်ခုဖြင့် ငုံ့ကြည့်လိုက်လေသည်။
"မင်းတို့တွေ ကျောင်းတုန်းက တော်တော် မာနကြီးခဲ့တာလေ မဟုတ်လား။ အခု ဘာဖြစ်သွားတာလဲ။ ကြောက်သွားပြီလား။ ကျွတ် ကျွတ်၊ ခန့်မှန်းကြည့်ရအောင် မင်း အစ်ကိုကြီးက မင်းကိုကယ်တင်ဖို့အတွက် စစ်ကူတွေ ဘယ်မှာရှာရမှာလဲဆိုပြီး စိုးရိမ်နေတာများလား"
ယန်ပင်းယီသည် ဖီဆန်မှုများဖြင့် ပြည့်နှက်နေသည့် အကြည့်များနှင့် ဝမ်ခယ့်ကို မော့ကြည့်လိုက်သည်။
"ပြီးတော့ မင်းရဲ့ ဒုတိယအစ်ကို ရွှယ်အန်းရောပဲ" ဝမ်ခယ့်၏ မျက်လုံးများတွင် အေးစက်သော အငွေ့အသက်များ လင်းလက်လာသည်။
“အဲဒီတုန်းက ကျောင်းက ဘုရင်မကို မြှူဆွယ်ခဲ့ပြီး အခု ဘာဖြစ်သွားလဲ။ ပျောက်သွားတယ် မဟုတ်လား သူ့ခန္ဓာကိုယ်က ပုပ်ပွနေပြီလို့ ငါ လောင်းကြေးထပ်ရဲတယ်” ဝမ်ခယ့်က ရယ်မော၍ ပြောလိုက်သည်။
“ဒီတော့ ဒီလူ့အဖွဲ့အစည်းမှာ တခြားဘာမှ အရေးမကြီးဘူး။ အာဏာနဲ့ စည်းစိမ်ဥစ္စာကသာ အရေးကြီးဆုံးပဲ"
ယန်ပင်းယီ၏ မျက်နှာအမူအရာ ပို၍ စိတ်ပျက်အားငယ်လာခြင်းကို မြင်လိုက်ရသော ဝမ်ခယ့်သည် အလွန်ကျေနပ်နေသည်။ ထိုအချိန်တွင်၊ လော့ကျာ့လျှင်ပင် ယန်ပင်းယီကို ရှုတ်ချစ ပြုလာသည်။
သူမ၏အမြင်အရ ယန်ပင်းယီတွင် အရည်အချင်းနှင့် ပိုက်ဆံလည်းမရှိသကဲ့သို့ ခေါင်းကျောမာသူဖြစ်ရာ၊ ဝမ်မိသားစုမှ ဤသခင်လေး ဝမ်ခယ့်၏ ခြေဖျားကိုပင် မမီနိုင်ပေ။ သူမသည် ဝမ်ခယ့်ကဲ့သို့သော တစ်စုံတစ်ယောက်ကို တွယ်ကပ်နိုင်လျှင် အနာဂတ်တွင် ရွှေငွေများဖြင့် အလှဆင်နိုင်ပေလိမ့်မည်။ ထိုသို့ တွေးနေသော လော့ကျာ့၏မျက်လုံးများ တောက်ပနေသည်။ စားပွဲသောက်ပွဲက ဆက်လက် ကျင်းပနေသော်လည်း ဤတစ်ကြိမ်တွင် ယန်ပင်းယီက ထောင့်တစ်နေရာတွင် ထိုင်နေခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ချစ်သူအမျိုးသမီးဆိုသူက ချမ်းသာသော ဒုတိယမျိုးဆက်များနှင့် အတူ စားသောက်၍ ပျော်ရွှင်မြူးထူးစွာ ရယ်မောနေခဲ့သည်။
ယန်ပင်းယီသည် သူ၏နှလုံးသား နစ်မြုပ်သွားသကဲ့သို့ ခံစားရနေကာ ပိုပို၍ အေးစက်လာလေသည်။ စားပွဲသောက်ပွဲ အခမ်းအနားအတွင်း တစ်စုံတစ်ယောက်က သီးသန့်အခန်း၏ တံခါးကိုဖွင့်လိုက်သည်။
ပြီးနောက် ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့ ဝင်လာကြသည်။ ၎င်းတို့ နှစ်ဦးကို တွေ့လိုက်သည်နှင့် ယန်ပင်းယီက စိတ်လှုပ်ရှားကာ မတ်တပ်ရပ်ချင်သော်လည်း ဖိချခံခဲ့ရသောကြောင့် မလှုပ်ရှားနိုင်တော့ပေ။ သီချင်းသံများ ရပ်တန့်သွား၍ ဝမ်ခယ့်က လျှော့ပေါ့သော ကိုယ်နေဟန်ထားဖြင့် သူ၏ခြေထောက်များကို ချိတ်ကာ ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့ကို ရွှတ်နောက်နောက် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါက ဘာလဲ။ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ စီစဉ်နေတာလား" ဝမ်ခယ့်က ပြုံး၍ ပြောလိုက်သည်။
“သခင်လေးဝမ်၊ ကျွန်တော်တို့ ညီ(၄) က ဒေါသကြီးတတ်လို့ပါ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ကျွန်တော့်မျက်နှာကို ထောက်ပြီး ခွင့်လွှတ်လိုက်ပါ" ရဲရင့်ရန် ကြိုးစားနေသော ကျောက်ရွှယ်ဟွေ့က ပြောလိုက်သည်။
"မင်း မျက်နှာကို ထောက်ပြီး..." ဝမ်ခယ့်က ထပ်ခါတလဲလဲ ရေရွတ်နေသည်။ သူ၏အပေါင်းအဖော်များက လှောင်ပြောင် ရယ်မောလိုက်ကြသည်။
"မင်းမှာ ငါနဲ့ အဆင့်ခြင်းတူတယ်လို့ ထင်နေတာလား"
"ဝမ်၊ မင်းက ဘာလိုချင်လို့လဲ" ထိုအချိန်တွင်၊ ချောင်လဲ့သည် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။
"ငါ ဘာလိုချင်လို့လဲဆိုတော့" ဝမ်ခယ့်က လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
"ငါ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်။ အဲဒီလိုလုပ်ရင် မင်းတို့ညီကို ငါ လွှတ်ပေးလိုက်မယ်။ ဘယ်လိုလဲ။ ဒီအပေးအယူ ကောင်းတယ် မဟုတ်လား"
ဝမ်ခယ့်၏စကားများက အဆုံးတွင် ယန်ပင်းယီကို ဒေါသထွက်စေတော့သည်။
“အကိုကြီး၊ အစ်ကို(၃)၊ သူ့စကားကို နားမထောင်နဲ့။ ဒီကောင် သတ္တိရှိရင် ငါ့ကို သတ်ပါလေ့စေ"
ကျောက်ရွှယ်ဟွေ့အသက်ပြင်းပြင်းရှူလိုက်သည်။
"ငါ ဒူးထောက်ရင် သူ့ကို လွှတ်ပေးမှာလား"
“ဒါပေါ့”
“ကောင်းပြီ” ကျောက်ရွှယ်ဟွေ့က အရှေ့တိုးလာ၍ ဒူးထောက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်ခုထွက်လာသည်။
"ဝမ်မိသားစုရဲ့ ပါဝါပြမှုက ကြီးကျယ်လှချည်လား"
ဤပျင်းရိ၍ ခံစားချက် ကင်းမဲ့သော အသံသည် လူတိုင်းကို အံ့အားသင့်စွာ ရပ်တန့်သွားစေသည်။ ပြီးနောက် ကြော့မော့သော ကိုယ်နေဟန်ထားဖြင့် အရပ်ရှည်၍ ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။ ထိုလူကို မြင်လိုက်သောအခါ ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့က အေးခဲတောင့်တင်းသွားလေသည်။
"အစ်ကို...အစ်ကို(၂)"
"ညီ(၂)"
ထိုအမျိုးသားက အမှန်တကယ်ပင် ရွှယ်အန်းဖြစ်သည်။ သူသည် အံ့အားသင့်နေသော ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့ကို ပြုံးပြလိုက်သည်။
"ဘာလဲ၊ ငါအိမ်ပြန်သွားပြီလို့ မင်းတို့က တကယ်ထင်ခဲ့တာလား"
မကြာသေးမီက အသားကင်ဆိုင်တွင် ရွှယ်အန်းက အိမ်ပြန်တော့မည်ဟု ပြော၍ တက္ကစီစီးကာ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့က သက်ပြင်းချခဲ့သော်လည်း သူတို့၏သက်ပြင်းချမှုတွင် မည်သည့် နာကြည်းမှု အရိပ်အမြွက်မျှ မရှိခဲ့ပေ။ ၎င်းတို့၏ မျက်လုံးထဲတွင် ရွှယ်အန်းက ဇနီးနှင့် သားသမီးများ ရှိနေပြီဖြစ်သောကြောင့် သတိထား၍ ပြုမူခြင်းက သဘာဝပင်ဖြစ်သည်။ အနက်ရှိုင်းဆုံးနေရာတွင် အနည်းငယ် နေရခက်ခြင်းမှလွဲလျှင် ဤကိစ္စနှင့် ပတ်သက်၍ အပြစ်ရှာရန် မရှိပေ။ သို့သော် ရွှယ်အန်းက ရုတ်ချည်း ပြန်ပေါ်လာလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားပေ။
"ကလေးနှစ်ယောက်က အရမ်းပင်ပန်းနေတော့ သူတို့ကို အိမ်ပြန်ပို့ပေးလိုက်တာ၊ ပြီးတာနဲ့ အမြန်ပြန်လာခဲ့တာ" ရွှယ်အန်းက ထိုသို့ပြောပြီးနောက် ထောင့်တွင်ရှိနေသည့် ယန်ပင်းယီဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဒါ ဘယ်သူလုပ်တာလဲ" ရွှယ်အန်းက ခံစားချက်ကင်းမဲ့နေသော လေသံဖြင့် မေးလိုက်သည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ရွှယ်အန်းက သူ၏လက်ကို မြှောက်၍ ယန်ပင်းယီ၏ မျက်နှာပေါ်က ဒဏ်ရာများကို ညွှန်ပြလိုက်သည်။
"ငါမေးနေတယ်လေ၊ ဒါ ဘယ်သူလုပ်တာလဲ"
ဤအခိုက်အတန့်တွင် ဝမ်ခယ့်က အသက်ရှူထုတ်လိုက်ပြီးနောက် ဆိုဖာပေါ်သို့ မှီချ၍ ရွှယ်အန်းကို စိတ်ဝင်တစားကြည့်၍ အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။
"ငါ မမှားဘူးဆိုရင် မင်းက ရွှယ်အန်း ဟုတ်တယ်ဟုတ်။ ဟေး၊ လေးနှစ်လောက် ပျောက်သွားတာတောင် မင်း အသက်ရှင်နေမယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး"
ရွှယ်အန်း လှည့်ကြည့်လိုက်ချိန်တွင် သူ၏ ခံစားချက် ကင်းမဲ့သော အကြည့်များက ဝမ်ခယ့်၏ နှလုံးသားကို အနည်းငယ် တင်းကျပ်သွားစေသည်။ သို့သော် မကြာခင်မီတွင် ဝမ်ခယ့်က စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွား၍ ရွှယ်အန်းကို ဖီဆန်စွာ ကြည့်နေခဲ့သည်။ သို့သော်လည်း ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
"ငါ့ ညီကိုရိုက်တဲ့လူက မင်းလား"
ဝမ်ခယ့်က မောက်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
"သူက တောင်းဆိုနေတာကို။ မင်း မယုံရင် သူ့ကောင်မလေးကို မေးကြည့်လို့ရတယ်”
လော့ကျာ့သည် ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများကို အထင်သေးစွာ ကြည့်ပြီးနောက် စိတ်မရှည်စွာ ပြောလိုက်သည်။
“သခင်လေးဝမ် ပြောတာ မှန်တယ်။ ရှင်တို့တွေ မြန်မြန်ထွက်သွားဖို့ ကျွန်မ အကြံပေးလိုက်မယ်။ သခင်လေးဝမ် ဒေါသထွက်လာရင် ရှင်တို့ ဒီနေရာက ထွက်သွားနိုင်မယ် မထင်နဲ့"
လော့ကျာ့၏ ကဲ့ရဲ့မှုများနှင့် ပြည့်နှက်နေသော မျက်နှာကို မြင်လိုက်ရသော ယန်ပင်းယီသည် အဆုံးတွင် မျှော်လင့်ချက်များ ဆုံးရှုံးသွား၍ သူ၏မျက်လုံးများကို စိတ်ပျက်အားငယ်စွာ မှိတ်ထားလိုက်သည်။
ရွှယ်အန်းက အရာအားလုံးကို လုံးလုံးလျားလျား လျစ်လျူရှုထား၍ ဝမ်ခယ့်ကို တည်ငြိမ်စွာ ကြည့်နေဆဲဖြစ်သည်။
"ငါ့ညီကို ဒူးထောက်ခိုင်းထားတဲ့ လူကလည်း မင်း မဟုတ်လား"
ဝမ်ခယ့်က မျက်မှောင်ကြုတ်လိုက်သည်။
“ရွှယ်အန်း၊ ငါ့ရှေ့မှာ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြမနေနဲ့။ ငါ ပြောပြမယ် ဒီအချိန်က ငါတို့ကျောင်းတက်တုန်းကနဲ့ မတူတော့ဘူး။ ဒီမှာက ငါ့ စကားလုံးတွေကပဲ အကျုံးဝင်တာ နားလည်လား"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"မင်း ဝန်ခံလိုက်တော့ ကောင်းတာပေါ့"
သူ၏ စကားများ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ရွှယ်အန်းက ဝမ်ခယ့်ကို ကော်လာမှ လျင်မြန်စွာ ဆုပ်ကိုင်၍ ဆိုဖာပေါ်မှ မြှောက်တင်လိုက်လေသည်။
သူ၏ခြေထောက်များကို လွတ်သွားသည်အထိ မြှောက်တင်ခံလိုက်ရသော ဝမ်ခယ့်က အဆုံးတွင် ကြောက်လန့်သော အရိပ်အမြွက်များ ပြသလာသည်။
“မင်း… မင်း ဘာလုပ်မလို့လဲ”
ရွှယ်အန်း၏အမူအရာက ထူးမခြားနားပေ။
"ဒါတွေအကုန်လုံးက မင်းလုပ်ထားတာ ဆိုမှတော့ ထုံးစံအတိုင်း မင်းကို အရောက်ပို့ပေးရမယ့် အချိန်ရောက်ပြီလေ"
ဝမ်ခယ့်သည် မူလက အခြေအနေများကို ပြင်ဆင်ရန်အတွက် တစ်ခုခုပြောလိုသော်လည်း ရွှယ်အန်း၏မျက်လုံး အကြည့်များကို မြင်လိုက်ရသည်နှင့် အံ့ဩသွားလေသည်။ ရွှယ်အန်း၏အကြည့်များက ကြောက်မက်ဖွယ်ကောင်းသည်အထိ ငြိမ်သက်နေသည့်အပြင် အနည်းငယ်မျှ လှိုင်းဂယက်ထနေခြင်း မရှိသောကြောင့်ဖြစ်သည်။ ထိုသို့သော အကြည့်မျိုးသည် ဝမ်ခယ့်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေသည်။
“မဟုတ်ဘူး။ မင်း ငါ့ကို မသတ်နိုင်ပါဘူး။ ငါက ဝမ်မိသားစု လူပဲ..."
"ဝမ်မိသားစုလား" ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဝမ်ခယ့်က ကြောက်ရွံ့မှုဖြင့် ဘောင်းဘီ စိုစွတ်လုနီးပါး အချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၍ ထစ်ငေါ့စွာ ပြောလိုက်လေသည်။
“ငါက မီးဖီးနစ် တပ်ဖွဲ့က လူတစ်ယောက်ပဲ၊ မင်း ငါ့ကို သတ်ရဲရင် မီးဖီးနစ် အထူးတပ်ဖွဲ့က လာရှာမှာမယ့် အချိန်အတွက် အသင့်ပြင်ထားလိုက်"
ဤစကားများသည် ရွှယ်အန်း၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည်။
"မင်း ဘာပြောလိုက်တယ်"
ဝမ်ခယ့်က သက်ပြင်း တစ်ချက်ချပြီးနောက် ရွှယ်အန်းသည် လုံးလုံးလျားလျား ကြောက်ရွံ့မှုကင်းမဲ့သူမျိုး ဟုတ်မည့်ပုံ မပေါ်ပေဟု တွေးမိ၍ လှောင်ရယ်လိုက်သည်။
“ငါ ပြောတာကို သေချာ မကြားလိုက်ဘူးလား။ ငါက မီးဖီးနစ် အထူးတပ်ဖွဲ့ဝင် တစ်ယောက်လို့၊ မင်း ငါ့ကို လက်ဖျားနဲ့တောင် ထိရဲရင် မင်း အသက်ကို သတိထားပေတော့"