အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အခန်း (၁၉၀) သူ့ကိုသတ်လိုက်
သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွား၍ လူတိုင်းက ရွှယ်အန်းဆီသို့ လှမ်းကြည့်လိုက်ကြသည်။
"မီးဖီးနစ်လား" ရွှယ်အန်းသည် မျက်ခုံးပင့်၍ အမူမထားဘဲ မေးလိုက်သည်။
"အတိအကျပဲ၊ စစ်ဘက်ဆိုရင်ရာပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အသေအပျောက်မရှိဘဲ အနိုင်ယူခဲ့ပြီး အခု နိုင်ငံတွင်းမှာ ပထမနေရာက ရပ်တည်နေတဲ့ မီးဖီးနစ်တပ်ဖွဲ့ပဲ"
ဝမ်ခယ့်က ဂုဏ်ယူမှုများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ ဝမ်ခယ့်၏စကားကိုကြားသောအခါ ကျောက်ရွှယ်ဟွေ့၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၍ သူက အရှေ့သို့ တိုးလိုက်သည်။
"ညီ(၂)၊ မင်း ဝမ်ခယ့်ကို မြန်မြန် အောက်ချလိုက်"
ဘန်း
ရွှယ်အန်းက သူ၏လက်ကို လွှတ်ပေးလိုက်သည်။ ဝမ်ခယ့်သည် ကော်ဖီ စားပွဲပေါ်သို့ လဲကျကာ အဖျော်ယမကာများဖြင့် ပက်ဖျန်းမိသွားသည်။
"သခင်လေးဝမ်၊ ကျွန်တော့် ညီက ကျုံးတုကို အခုမှ ရောက်လာတော့ စည်းကမ်း တော်တော်များများကို နားမလည်သေးလို့ပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့” ကျောက်ရွှယ်ဟွေ့က ချဉ်းကပ်လာ၍ ပြောလိုက်သည်။
သို့သော် ဝမ်ခယ့်သည် စကားတစ်ခွန်းမျှ မဆိုဘဲ ရွှယ်အန်းကို နာကြည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။
သူ၏စိတ်ထဲတွင် စိုးရိမ်နေသော ကျောက်ရွှယ်ဟွေ့က ရွှယ်အန်းဘက်သို့ လှည့်လိုက်သည်။
"ညီ(၂) ၊ သခင်လေးဝမ်ကို မြန်မြန် တောင်းပန်လိုက်"
တစ်ချိန်တည်းမှာပင် ကျောက်ရွှယ်ဟွေ့က ရွှယ်အန်းကို အဓိပ္ပာယ်ရှိသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။ သို့သော် အတွေးရွက်လွှင့် နေပုံပေါ်သော ရွှယ်အန်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။
“အေး၊ ဒီငတုံးက ဘယ်က ရောက်လာတာလဲ။ သူကများ သခင်ဝမ်ကို စော်ကားရဲရတယ်လို့” ဝမ်ခယ့်၏ သာပေါင်းညာစား သူငယ်ချင်းများသည်လည်း ကျယ်လောင်သည့်အသံများ စတင် ပြုလုပ်လာကြသည်။
"ဒူးထောက်ပြီး တောင်းပန်လိုက်။ ဒါမှမဟုတ် ဒီနေ့ မင်းကို ဒုက္ခိတဖြစ်သွားအောင် လုပ်ပစ်မယ်"
ဤအော်သံများကြားတွင် ဝမ်ခယ့်သည် ကျောရိုးထဲထိ အေးစက်စေသည့် စကားများကို ပြောလိုက်သည်။
"တောင်းပန်မယ်တဲ့လား။ သူ ဒီနေ့ ဒူးထောက်ရင်တောင် ခွင့်လွှတ်မယ် မထင်နဲ့။ မီးဖီးနစ်ရဲ့ အစ်ကို စွန်းနဲ့ ငါ အခုပဲ အဆက်အသွယ်ရထားတယ်။ ဖြစ်ချင်တော့ သူတို့တွေ ဒီနားမှာ လာပြီးစားသောက်နေကြမို့လို့ ခဏလောက်နေရင် ဒီနေရာကို ရောက်လာတော့မှာ... ဟားဟား"
ဝမ်ခယ့်သည် ယုတ်မာမှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ရယ်မောလိုက်သည်။
"ငါ မင်းကို ငါးမိနစ် ပေးလိုက်မယ်"
ရွှယ်အန်းသည် ဝမ်ခယ့်ကို ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။ အခန်းတစ်ခုလုံးသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြန်သည်။ ဝမ်ခယ့်သည် မျက်ခုံးပင့်၍ သေလူတစ်ယောက်ကို ကြည့်နေသော အကြည့်များဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။
" ဘာကို ပေးတာလဲ"
"ငါပြောတာက မင်းကို ငါးမိနစ်ပေးမယ်။ ငါးမိနစ်အတွင်း မင်းပြောခဲ့တဲ့လူတွေ မပေါ်လာရင် ငါမင်းကို အရောက်ပို့ပစ်မယ်" ရွှယ်အန်းသည် သူ၏အစွယ်များကို ထုတ်ဖော်၍ ခြိမ်းခြောက်စွာ ပြုံးလိုက်သည်။
"တစ်နည်းဆိုရရင် မင်းကို သတ်ပစ်မယ်"
ဘုံး
ဗုံးကြဲလိုက်ခြင်းသကဲ့သို့သော ရွှယ်အန်း၏စကားများက လူများစွာ၏ မျက်နှာတွင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားနေစေသည်။
'ဒီကောင်က အရူးများလား'
ဝမ်ခယ့်၏မျက်နှာတွင် ဝိရောဓိဖြစ်သော ခံစားချက်များ ပြသနေခဲ့ပြီးနောက် အဆုံးတွင် ခက်ထန်စွာ ပြောလိုက်သည်။
“ကောင်းပြီ။ မင်းက သေချင်နေမှတော့ ကျုံးတု မှာ ဘယ်လိုလူမျိုးက မစော်ကားသင့်ဆုံးလဲဆိုတာ မင်း နားလည်အောင် ငါ ပြလိုက်မယ်"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ယန်ပင်းယီကို လွှတ်ပေးလိုက်သောကြောင့် သူ၏စိုးရိမ်နေသော ညီအစ်ကို သုံးယောက်က ဝန်းရံလာကြသည်။
"အစ်ကို(၂)..."
ယန်ပင်းယီက မျက်လုံးများ နီရဲလျက် ရွှယ်အန်းကို ခေါ်လိုက်သည်။ ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်း၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဘာမှမဖြစ်ဘူး၊ ငါ ဒီမှာရှိတယ်"
ချောင်လဲ့သည် ရွှယ်အန်း၏ နံဘေးတွင် တိတ်တဆိတ် ရပ်နေ၍ ပုဆိန် ဝှက်ထားသော ကို သူ၏အင်္ကျီလက်ကို ထိုးသိပ်နေခဲ့သည်။
ကျောက်ရွှယ်ဟွေ့က အံကြိတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“ခဏနေ တိုက်ရယ် ခိုက်ရယ်ဖြစ်လာရင် ငါ အနောက်ကနေ ကာထားလိုက်မယ်။ ညီ(၂) မင်းမှာက မိန်းမနဲ့ ကလေးတွေရှိတယ်၊ ဒါကြောင့် အခွင့်အရေးရတာနဲ့ မြန်မြန်သွားပြီး ကျုံးတုကနေ ညတွင်းခြင်း ထွက်သွားတော့။ ငါပြောတာ နားလည်လား"
နှလုံးသားထဲတွင် နွေးထွေးမှုများ ဖြစ်ပေါ်လာသော ရွှယ်အန်း က ကျောက်ရွှယ်ဟွေ့၏ ပုခုံးကို ပုတ်လိုက်သည်။
“အစ်ကိုကြီး၊ သိပ်ပြီး စိတ်ပူမနေနဲ့၊ ကိစ္စတွေက အဲ့လောက်လည်း မဆိုးသေးပါဘူး”
ကျောက်ရွှယ်ဟွေ့သက်ပြင်းချပြီးနောက် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"ဘယ်လိုလုပ် မဆိုးဘဲ နေရမှာလဲ။ ငါ့ မိသားစုထဲက လူတစ်ယောက်ကလည်း စစ်တပ်ထဲမှာပဲ၊ အခုတလော မီးဖီးနစ်ဆိုတဲ့ နာမည်က ငါ့နားထဲမှာ ပဲ့တင်ထပ်နေခဲ့တာ။ သူတို့က တကယ့် ထိပ်တန်း အင်အားစုတွေ။ ဝမ်ခယ့်က သူတို့ကို တကယ် သိနေတယ်ဆိုရင် ဒီအခြေအနေက… ဟာ”
ကျောက်ရွှယ်ဟွေ့သည် စကားပြောနေရာမှ သူ၏ အမူအရာပို၍ ဆိုးရွားလာသည်။ ထိုအချိန်တွင် ယန်ပင်းယီက တိတ်ဆိတ်နေသော်လည်း အဝေးမှ လော့ကျာ့ကို သတ်ဖြတ်ချင်စိတ်များဖြင့် စိုက်ကြည့်နေသည်။
ယန်ပင်းယီ၏အကြည့်ကို သတိပြုမိသော လော့ကျာ့သည် အနားသို့ လျှောက်လာပြီးနောက် သူမ၏နှုတ်ခမ်းများကို ကွေးကောက်၍ ပြောလိုက်သည်။
“ဘာလဲ၊ ကျေနပ်ဘူးလား"
“ခွေးမ…” ယန်ပင်းယီက ထိုစကားများကို အံကြိတ်လျက် ပြောလိုက်သည်။
လော့ကျာ့၏အမူအရာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီးနောက် သူမက လှောင်ရယ်လိုက်သည်။
"ကျွန်မကမှ ခွေးမတစ်ကောင်ဖြစ်နိုင်သေးတယ်၊ ရှင်က ခွေးမတစ်ကောင်လောက်တောင် အဖြစ်မရှိဘူး၊ ဟ"
သူမသည် ထိုစကားကို ပြောပြီးနောက် ခံစားချက် ကင်းမဲ့စွာဖြင့် လှည့်ထွက်သွားလေသည်။ ရွှယ်အန်းသည် ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်စောင့်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးမိနစ် ကုန်ဆုံးသွားသည်။ အဆုံးတွင် သီးသန့်အခန်း၏ အပြင်ဘက်မှ အလျင်လိုနေသည့် ခြေသံများ ထွက်ပေါ်လာသည်။ ဝမ်ခယ့်ကရွှင်မြူးနေသော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် စွန်းလင်က လူတစ်စုကို ဦးဆောင်၍ တံခါးပေါက်မှ ဝင်ရောက်လာသည်ကို သူ တွေ့လိုက်ရသည်။ ဝမ်ခယ့်သည် သူ့ကိုမြင်သည်နှင့် အလျင်အမြန်ရောက်လာကာ ခေါင်းတညိတ်ညိတ်ဖြင့် ခယစွာ ဦးညွှတ်လိုက်သည်။
“ရောက်လာပြီလား အစ်ကိုစွန်း"
စွန်းလင်က ခေါင်းညိတ်လိုက်ပြီးနောက် လေးနက်သည့် အသံဖြင့် မေးလိုက်သည်။
"ဒီမှာ တစ်ယောက်ယောက်က ပြဿနာရှာနေတယ်ဆိုတာ ဟုတ်လား"
"ဟုတ်ပါတယ်၊ အဲ့ဒီ့ကောင်ပါ"
ဝမ်ခယ့်သည် သူ၏လက်ကို ဆန့်ထုတ်၍ ညွှန်ပြလိုက်သည်။
စွန်းလင်က မော့ကြည့်လိုက်ချိန်တွင် ဆိုဖာပေါ်တွင် ထိုင်နေ၍ သူ့ကို ကျောခိုင်းထားသည် ပုံရိပ်ကိုသာ တွေ့လိုက်ရသည်။ စွန်းလင်၏ အမူအရာ မည်းမှောင်သွား၍ ၎င်းက မည်သူဖြစ်သည်ကို သွားကြည့်တော့မည့်အချိန်တွင် ခံစားချက်ကင်းမဲ့သော အသံတစ်ခုကို ကြားလိုက်ရသည်။
“ငါ သင်ပေးထားတဲ့ သိုင်းပညာကို အထက်တန်းလွှာ မိသားစုတွေရဲ့ မျိုးဆက်တွေကို ခစားဖို့အတွက် သုံးတယ်ပေါ့လေ”
ထိုစကားများကို ကြားလိုက်ချိန်တွင် စွန်းလင်နှင့် အခြားလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားလေသည်။ ထိုအချိန်တွင် ဝမ်ခယ့်က ခြိမ်းခြောက်ကြိမ်းမောင်းလိုက်သည်။
"ကောင်စုတ်လေး၊ သေခါနီးမှာတောင် အရေထူနေတုန်းပဲ..."
အလွန်ပြတ်သားလွန်းသော ရိုက်နှက်သံကြောင့် ဝမ်ခယ့် အသံတိတ်သွားလေသည်။ ရိုက်နှက်ချက်၏ အင်အားသည် ဝမ်ခယ့်၏ မျက်နှာတစ်ဝက်ကို ရောင်ရမ်းသွားစေသည်။ အံ့အားသင့်သွားသော ဝမ်ခယ့်က သူ၏ပါးကို ဆုပ်ကိုင်၍ ဖြူဖျော့နေသော စွန်းလင်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေသည်။
"အစ်ကိုစွန်း၊ ဘယ်လို လုပ်ပြီး..."
စွန်းလင်က သူ့ကိုစိတ်၀င်စားခြင်းမရှိဘဲ သူ၏လူများကို အရှေ့သို့ လျင်မြန်စွာ ဦးဆောင်ပြီးနောက် ဆိုဖာနှင့် ခြေငါးလှမ်းအကွာတွင် ရပ်လိုက်သည်။ ၎င်းတို့အားလုံးသည် တညီတညွတ်တည်း ဦးညွှတ်၍ အလွန် ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
“မီးဖီးနစ် စွန်းလင်နဲ့ တခြားသူတွေက… ဆရာ့ကို ဂါရဝပြုပါတယ်"
ထိုစကားများပြောပြီးသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ လူတိုင်းက အံ့အားသင့်စွာဖြင့် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ဆိုဖာပေါ်ရှိ ပုံရိပ်သည်သာ လှုပ်ရှားခြင်း မရှိပေ။
ထာဝရ တည်မြဲနေသော တိတ်ဆိတ်မှုမျိုးသကဲ့သို့ ခံစားလိုက်ရသည်။ အခန်းအတွင်းရှိ လေထုသည် အေးခဲတောင့်တင်းသွားပုံပေါ်သည်။ စွန်းလငါက ခါးညွှတ်ထားလိုက်၍ သူ၏မျက်နှာပေါ်ရှိ ချွေးစေးများမှလွဲလျှင် မည်သည့် ခံစားချက်မျှ ရှိမနေပေ။
"ငါပြောတာ ဟုတ်လား စွန်းလင်" ရွှယ်အန်းက ဆိုဖာပေါ်တွင် မှီနေလျက် စွန်းလင်နှင့် အခြားလူများကို လှည့်ကြည့်လိုက်သည်။
စွန်းလင်က အလွန်တုန်လှုပ်နေ၍ ဖြူဖျော့နေသော သူ၏ မျက်နှာကို မော့ကြည့်လိုက်ရာ ရွှယ်အန်း၏ ရေခဲပြင်ကဲ့သို့ အေးစက်နေသော မျက်လုံးများဖြင့် အကြည့်ခြင်း စုံမိချိန်တွင် အံကြိတ်လိုက်လေသည်။
"ဆရာ၊ လူတစ်ယောက်က ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေပြီး မီးဖီးနစ်ကိုတောင် ဆဲဆိုနေတယ်လို့ ဝမ်ခယ့်က ပြောလို့ ကျွန်တော် ရောက်လာခဲ့တာပါ..."
ရွှယ်အန်းသည် သူ၏လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်နှင့် စွန်းလင်က ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ရွှယ်အန်း၏ သွယ်လျသော လက်ချောင်းများက ဆိုဖာ၏လက်တင်တန်းကို ညင်သာစွာ ခေါက်လိုက်ရာ ၎င်းခေါက်သံက လူတိုင်း၏နှလုံးကို တုန်လှုပ်သွားစေသည်။
ပြီးနောက် ရွှယ်အန်းက စွန်းလင်ကို သဘောတွေ့နေသော အမူအရာဖြင့် ကြည့်လိုက်သည်။
“စစ်မှန်တဲ့ စွမ်းအားရှင်တွေက ရှင်းပြတဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ ငါ ပြောဖူးတယ်။ မှားရင် မှားတယ်ပဲ"
“ဟုတ်ကဲ့” စွန်းလင်က ခေါင်းညိတ်လိုက်သည်။
ဤမြင်ကွင်းသည် ဝမ်ခယ့်၊ လော့ကျာ့နှင့် အခြားလူများ၏ ဝိညာဉ်များ ကြောက်လန့်တကြား ထွက်ပြေးသွားသကဲ့သို့ ခံစားရစေသည်။ ရွှယ်အန်း၏ ပုံသဏ္ဌာန် အစစ်အမှန်က သာမန်မဟုတ်ကြောင်းကို အရူးတစ်ယောက်လျှငါပင် မြင်တွေ့နိုင်သည်။
မဟုတ်လျှင် ရွှယ်အန်းက မည်သို့ကြောင့် ကလေးတစ်ယောက်ကို ကြိမ်းမောင်းနေသည့်နှယ် စွန်းလင်ကို ဆိုဆုံးမနေရခြင်းဖြစ်သနည်း။ ထိုအချိန်တွင် ရွှယ်အန်းသည် မတ်တပ်ထရပ်၍ စွန်းလင်ထံသို့ လျှောက်သွားခဲ့သည်။
“ဝတ္တရားအရဆိုရင်၊ မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို ဖြိုဖျက်သင့်တယ်။ ဒီပြစ်ဒဏ်ကို မင်း လက်ခံလား"
"ကျွန်တော် လက်ခံပါတယ်" စွန်းလင်က ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။
ရွှယ်အန်းသည် စွန်းလင်၏ခေါင်းနောက်ဘက်သို့ သူ၏လက်ကို တင်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။
"ထားလိုက်ပါ၊ ဒါတွေအားလုံးက ဝမ်ခယ့်က စတာဆိုတော့၊ မင်းကို ငါ အခွင့်အရေးပေးမယ်"
စွန်းလင်သည် ချက်ချင်းပင် ခါးမတ်စွာ ရပ်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားချက်ပေးပါ”
ရွှယ်အန်းသည် ထောင့်တွင် ဖျော့တော့စွာ တုန်လှုပ်နေသော ဝမ်ခယ့်ကို လက်ညှိုးထိုး၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“သူ့ကို သတ်လိုက်"
စွန်းလင်သည် အချိန်မဖြုန်းဘဲ ချီတက်လိုက်သည်။
ဝမ်ခယ့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" အစ်ကိုစွန်း၊ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။ ရွှယ်အန်း ငါ့ကို ချမ်းသာပေးပါ၊ ငါ…”
စွန်းလင်သည် တစ်စုံတစ်ဦးကို ဤမျှလောက် မမုန်းခဲ့ဖူးပေ။ ဤလူ၏ ပြဿနာရှာမှုသည် သူ၏ကျင့်ကြံမှု အဆင့်များကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သောကြောင့် စွန်းလင်၏ မျက်လုံးများ နီရဲလာသည်။ စွန်းလင်က စတင် လှုပ်ရှားလိုက်သည်နှင့် ဝမ်ခယ့်၏လက်နှစ်ဖက်လုံးကို ဖြတ်တောက်ပစ်လိုက်သည်။
သွေးအိုင်ထဲတွင် လဲလျောင်းနေသော ဝမ်ခယ့်သည် အလွန်အမင်း ထိတ်လန့်စွာ အော်ငို၍ ရွှယ်အန်းဆီသို့ အသဲအသန် တွားသွားလိုက်သည်။
"အစ်ကိုရွှယ် မဟုတ်ပါဘူး... မစ္စတာရွှယ်၊ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် မလုပ်ရဲတော့ပါဘူး…”
စွန်းလင်သည် ဝမ်ခယ့်၏ဆံပင်ကို ဆွဲယူကာ လည်ပင်းကိုအနောက်မှ ဖြတ်တောက်ခဲ့သောကြောင့် သူ၏ အသနားခံမှုသည် မည်သည့်အခါမျှ မပြီးဆုံးနိုင်ခဲ့ပေ။
ဝမ်ခယ့်၏ မျက်လုံးများသည် တောက်ပြောင်မှုများ တဖြည်းဖြည်း လျော့ပါးလာသည်၊ မသေဆုံးမီ နောက်ဆုံးမြင်ခဲ့ရသော ပုံရိပ်သည် ရွှယ်အန်းက တသီးတခြားတည်ရှိသော အမူအရာဖြင့် သူ၏နောက်တွင် လက်နှစ်ဖက်ကို ပိုက်လျက် မတ်တပ်ရပ်နေခြင်းဖြစ်သည်။
'ငါ သူ့ကို လုံးဝ မနှောင့်ယှက်သင့်ဘူး'
ဝမ်ခယ့်သည် နောင်တကြီးစွာ တွေးတောပြီးနောက် အဆုံးမဲ့ အမှောင်ထုထဲသို့ ထိုးကျသွားခဲ့သည်။
အခန်း (၁၉၁) မင်းကို ခမ်းနားတဲ့ စည်းစိမ်နဲ့ အာဏာတွေ ပေးမယ်
အခန်းမထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ မည်သူမှ စကား မပြောရဲကြသည့်အပြင် ရွှယ်အန်းကို ဘယ်သူမျှ မကြည့်ဝံ့ကြပေ။ စွန်းလင်သည် ဝမ်ခယ့်ကို သတ်ပြီးနောက်တွင် သူ၏နေရာတွင် တလေးတစား ရပ်နေပြန်သည်။
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"မဆိုးပါဘူး။ ဒါပေမယ့် မင်းသော်၎င်းမီးဖီနစ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ယောက်သော်လည်းကောင်း အထက်တန်းလွှာ မိသားစုရဲ့ မျိုးဆက်တွေနဲ့ ထပ်ပြီး ပူပေါင်းခဲ့တယ်ဆိုတာကို ငါသိခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ မင်း သိပါတယ်”
စကား၏အဆုံးတွင် ရွှယ်အန်း၏ လေသံသည် အေးခဲမှုသို့ ပြောင်းလဲသွားသည်။
စွန်းလင်က တုန်ယင်နေသည်။
“ဟုတ်ကဲ့"
ပြီးနောက် ရွှယ်အန်းသည် ဝမ်ခယ့်၏ သာပေါင်းညာစား သူငယ်ချင်းများနှင့် ယန်ပင်းယီ၏ ချစ်သူ လော့ကျာ့ဘက်သို့ လှည့်သွားသည်။ ဤအခိုက်အတန့်တွင် လော့ကျာ့၏ခြေထောက်များသည် သူမကို ထောက်ရုံသာ ထောက်ထားနိုင်၍ ရွှယ်အန်း၏အကြည့်ကို မြင်သောအခါ ဒူးထောက်ကျသွားသည်။
“ချမ်းသာပေးပါ… ကျွန်မ အသက်ကို ချမ်းသာပေးပါ” လော့ကျာ့က ထစ်ငေါ့စွာ ပြောနေသည်။ ရွှယ်အန်းက အနည်းငယ်ပြုံး၍ ယန်ပင်းယီကိုကြည့်လိုက်သည်။
"ညီလေး၊ ဒီမိန်းမကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ထိုသို့ကြားသောအခါ လော့ကျာ့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ တိုးမြင့်လာ၍ ယန်ပင်းယီကို လှည့်ကြည့်လိုက်သည်။
“ပင်းယီ…”
ယန်ပင်းယီသည် ယခင်အချိန်က သူမကို ချစ်ခင်ကြင်နာစွာ ကြည့်လေ့ရှိသည်။ သို့သော်လည်း ယခုအချိန်၌ ယန်ပင်းယီ၏ မျက်နှာတွင် ရွံရှာစက်ဆုပ်မှုများကိုသာ လော့ကျာ့တွေ့လိုက်ရသည်။
လော့ကျာ့သည် တွားသွား၍ တုန်ယင်စွာ ပြောလိုက်သည်။
"ပင်းယီi၊ ကျွန်မကို နောက်ထပ် အခွင့်အရေးတစ်ခုပေးပါ။ ဘယ်တော့မှ အဲ့လို ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။ ကျွန်မ အိမ်မှာပဲ ရိုးရိုးသားသားနေပြီး ရှင့်ရဲ့ရည်းစားအဖြစ်နေပါ့မယ် နော်"
စကား၏ အဆုံးတွင် လော့ကျာ့သည် ယန်ပင်းယီ၏အဝတ်အစားထောင့်ကို ဆုပ်ကိုင်လိုက်၍ အသနားခံစွာ ကြည့်လိုက်သည်။ သို့သော် ယန်ပင်းယီက သူမ လက်ကို အေးစက်စွာ ခါထုတ်၍ အနောက်သို့ ဆုတ်လိုက်ပြီးနောက် လော့ကျာ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။
"အကိုကြီး၊ သူ့အသက်ကို ချမ်းသာပေးလိုက်ရအောင်"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ယန်ပင်းယီက အေးစက်စွာ ပြောသည်။
“ငါ မင်းကို ထပ်မတွေ့ချင်ဘူး။ ထွက်သွားတော့"
လော့ကျာ့၏ မျက်နှာသည် တဖြည်းဖြည်း ဖြူဖျော့လာသည်။
“ပင်း…”
"ထွက်သွားတော့။ ဆက်ပြောနေရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်လိုက်မယ်"
ယန်ပင်းယီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
လော့ကျာ့က ချည့်နဲ့စွာ မတ်တပ်ထရပ်လိုက်၍ ယန်ပင်းယီကိုကြည့်နေသော သူမ၏မျက်လုံးများတွင် နှောင်တများဖြင့် ပြည့်နှက်နေသည်။ သူမသည် အခြေအနေကို ကောင်းစွာသိနေသည့်အတွက် ယခုချိန်တွင် အမှန်တကယ်ကို နောင်တရနေမိသည်။ ရွှယ်အန်းကဲ့သို့သော သူငယ်ချင်းမျိုး ရှိနေသည့် ယန်ပင်းယီသည် အနာဂတ်တွင် ကြီးမြတ်သော အမြင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
'ငါသာ အရင်က ဒီလောက် အမြင်မကျဉ်းခဲ့ဘူးဆိုရင်...။ ဒါဆိုရင် အခု ယန်ပင်းယီရဲ့ဘေးမှာ ရပ်နေတဲ့လူက ငါပဲဖြစ်နေမှာ'
ထိုသို့ တွေးမိသော လော့ကျာ့သည် သေချင်စိတ်များပင် ရှိနေသည်။ လော့ကျာ့ထွက်သွားပြီးနောက် ယန်ပင်းယီ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ကျောက်ရွှယ်ဟွေ့က သက်ပြင်းချ၍ ယန်ပင်းယီ၏ပုခုံးကို ပုတ်လိုက်သည်။
"အစ်ကိုကြီး ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ နောက်ဆုံးတော့ အဲ့ခွေးမရဲ့ စိတ်ရင်းကို တွေ့လိုက်ရတာ ကျွန်တော် ဝမ်းသာပါတယ်၊ ဟားဟား" ယန်ပင်းယီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် KTV ၏လုံခြုံရေးများ အလျင်အမြန် ဝင်ရောက်လာကာ ကြမ်းပြင်ပေါ်ရှိ အလောင်းကို တွေ့လိုက်ရသောအခါ ၎င်းတို့အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
"သခင်လေးဝမ်ကို ဘယ်သူသတ်တာလဲ" လုံခြုံရေးခေါင်းဆောင်က တင်းမာသော လေသံဖြင့် မေးလိုက်သည်။
စွန်းလင်က အရှေ့သို့ တိုးလာ၍ အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ကျုပ်ပဲ"
လုံခြုံရေးခေါင်းဆောင်၏ မျက်နှာသည် မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီ၊ ဒီမှာ လူသတ်ရဲတဲ့အပြင် သခင်လေးဝမ်ကို သတ်ပစ်ခဲ့တဲ့ မင်းတို့တွေ တစ်ယောက်မှ ဒီနေ့က ထွက်သွားဖို့ မပြင်ကြနဲ့"
စွန်းလင်က အေးစက်စွာ လှောင်ရယ်၍ စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"မစ္စတာရွှယ်က ဒီမှာလား"
ရွှယ်အန်းက မော့ကြည့်လိုက်ချိန်တွင် တံခါးအပြင်ဘက်မှ အကြီးအကဲတစ်ဦး ဝင်ရောက်လာခြင်းကို တွေ့လိုက်ရသည်။
ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ..."
အကြီးအကဲက ရိုသေစွာ ဦးညွှတ်သည်။
“ကျွန်တော်က ဒီနယ်မြေရဲ့ ကိစ္စတွေကို တာဝန်ယူထားတဲ့ ချန်မိသားစုထဲက အိမ်တော်ထိန်းပါ။ ဝမ်ခယ့် ကွယ်လွန်သွားတယ်လို့ ကြားလိုက်လို့ အမြန်ရောက်လာတာပါ၊ မစ္စတာရွှယ်လည်း ဒီမှာရှိနေဖို့ ကျွန်တော် မမျှော်လင့်ထားဘူး”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို အိမ်တော်ထိန်းချန်ပေါ့"
"မစ္စတာရွှယ်၊ ဒီဝမ်ခယ့်က ဘယ်လိုဖြစ်တာလဲ မေးလို့ရမလား..."
“ကျုပ်ဘက်ကလူ သတ်လိုက်တာ။ ဒါနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား”
ရွှယ်အန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။
အိမ်တော်ထန်းချန်၏ မျက်နှာသည် ချွေးစေးများဖြင့် ဖုံးလွှမ်းနေပြီးနောက် အောက်ကျို့စွာ ပြုံးလိုက်သည်။
"အဲ့လိုဆိုမှတော့ ကိစ္စမရှိပါဘူး"
'ကိစ္စမရှိဘူးတဲ့လား'
လွန်စွာ တင်းမာနေကြသည့် ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့တို့တွင် ယခုအခါ ရှုပ်ထွေးသော မျက်နှာအမူအရာများ ရှိနေကြသည်။
'လူတစ်ယောက် သေသွားပေမယ့် ဒီလိုနဲ့ ဘာပြဿနာမှ မရှိတော့ဘူးတဲ့လား'
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကျန်တဲ့ကိစ္စတွေ ကျွန်တော် ခင်ဗျားကို အပ်ထားခဲ့မယ်"
“မစ္စတာရွှယ်က အဲ့လောက်ထိ ယဉ်ကျေးစရာမလိုပါဘူး ဗျာ။ ကျေးဇူးပြုပြီး ဂရုစိုက်သွားပါ"
ချန်မိသားစု၏ အိမ်တော်ထိန်းက တလေးတစား ပြောလိုက်သည်။ ပြီးနောက် ရွှယ်အန်းနှင့် သူ၏လူများက ထွက်ခွာသွားကြသည်။
လုံခြုံရေးခေါင်းဆောင်က တီးတိုး ပြောလိုက်သည်။
“အကြီးအကဲ၊ ခုနက အဲဒီလူက ဘယ်သူလဲ။ အကြီးအကဲလို လူမျိုးတောင် အရမ်းကြောက်ရတဲ့ လူတစ်ယောက်လား"
သူ၏နဖူးမှ ချွေးစေးများကို သုတ်နေသော ချန်မိသားစု၏ အိမ်တော်ထိန်းက အသက်ပြင်းပြင်းရှူလိုက်သည်။
“ဘယ်သူလဲ ဟုတ်လား။ ဟေး၊ ကောင်းကင်ကိုးပါးအထက်က ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ယောက်ျားတွေထဲက နဂါးအစစ်အမှန်ပေါ့ ။ သူနဲ့ နှိုင်းယှဥ်ရင် ဝမ်ခယ့်က ငါးရှဉ့်တစ်ကောင်ထက် မပိုဘူး။ အလောင်းကို ဝမ်မိသားစုဆီ ပြန်ပေးပြီး ကလဲ့စားချေဖို့ အကြံအစည်မျိုး မလုပ်ဖို့ သတိပေးလိုက်၊ မဟုတ်ရင် ချန်မိသားစုက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး"
“ဟုတ်ကဲ့" လုံခြုံရေးခေါင်းဆောင်က တုန်လှုပ်ခြောက်ခြားစွာဖြင့် အလျင်အမြန် တီးတိုး တုံ့ပြန်လိုက်သည်။
KTV မှ ထွက်လိုက်သည်နှင့် အပြင်ဘက်ရှိ သန်းရှင်းသော လေထုသည် လူတိုင်းကို လန်းဆန်းသွားစေသည်။ ပြန်တွေးကြည့်မည်ဆိုလျှင် ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ စွန်းလင်နှင့် အခြားလူများသည် ရွှယ်အန်းကို လေးစားစွာ နှုတ်ဆက်၍ စခန်းသို့ ပြန်လှည့်သွားကြသည်။
၎င်းတို့လေးယောက်သည် ညသန်းခေါင်၏ လမ်းမပေါ်တွင် တိတ်တဆိတ် လျှောက်သွားနေကြသည်။ အချိန်တော်အတန် ကြာသည့်နောက် ၎င်းတို့အားလုံး မော့ကြည့်လိုက်ချိန်တွင် ၎င်းတို့၏တက္ကသိုလ် အရှေ့သို့ ရောက်လာခဲ့ကြောင်း သတိပြုမိသွားကြသည်။
မနက်မိုးလင်းနေပြီဖြစ်သောကြောင့် ၎င်းတို့အဖွဲ့သည် တက္ကသိုလ်၏ စားသောက်ဆိုင်ထဲသို့ ဝင်သွား၍ ယခင်အချိန်က စားခဲ့သည့် အစားအသောက်များကို မှာယူလိုက်ကြသည်။ နှစ်များကြာလာခဲ့သော်လည်း အစားအသောက်က မည်သို့မျှ မပြောင်းလဲသွားကြောင်းကို ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများက စားသောက်နေရာမှ ညည်းညူနေကြသည်။ တစ်ဖက်တွင် ရွှယ်အန်းက တိတ်ဆိတ်စွာ ပြုံးနေခဲ့သည်။
ထမင်းစားပြီးသောအခါ၊ ရွှယ်အန်းသည် ကျောက်ရွှယ်ဟွေ့ကိုကြည့်၍ ရုတ်ချည်း မေးလိုက်သည်။
"မင်း မသိချင်ဘူးလား"
ကျောက်ရွှယ်ဟွေ့က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါတို့တွေ အစတုန်းက အရမ်းသိချင်နေပေမယ့် အခုတော့ မသိချင်တော့ဘူး"
ချောင်လဲ့က သူ၏နောက်ဆုံး ဆန်ပြုတ် တစ်လုတ်ကို သောက်ပြီးနောက် သက်ပြင်းချလိုက်သည်။
"မင်း ဘယ်လောက်ပဲ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါစေ၊ မင်းက ငါ့ရဲ့ အစ်ကို(၂) ဖြစ်နေတုန်းပဲဆိုတာ ငါ သိတယ်၊ ဒီလောက်ဆို လုံလောက်ပြီ"
"အတိအကျပဲ" ယန်ပင်းသည်လည်း ခေါင်းညိတ် သဘောတူလိုက်သည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။ သူ၏ရယ်သံများက ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို ဆွဲဆောင်စေခဲ့သည်။ ပြီးနောက် ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။
"ငါတို့အားလုံးက ညီအကိုတွေဆိုမှတော့ မင်းတို့ကို ခမ်းနားတဲ့ စည်းစိမ်နဲ့ အာဏာတွေ ငါ ပေးမယ်"
'ခမ်းနားတဲ့ စည်းစိမ်နဲ့ အာဏာတွေ' ချောင်လဲ့နှင့် အခြားလူများက ရွှယ်အန်းပြောနေသည့် စကားများကို နားမလည်သောကြောင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။
သို့သော် ကျောက်ရွှယ်ဟွေ့က မဲ့ရွဲ့၍ ပြုံးလိုက်သည်။
"အခု ငါတို့မှာ အရင်းအနှီးရော အဆက်အသွယ်တွေရော ဘာမှ မရှိဘူး၊ ဒီခမ်းနားတဲ့ စည်းစိမ်နဲ့ အာဏာတွေက ဘယ်ကလာမှာလဲ"
ရွှယ်အန်းက ရယ်မောပြီးနောက် စိုစွတ်သော လက်ချောင်းဖြင့် စားပွဲပေါ်တွင် စာလုံးနှစ်လုံးကို ရေးလိုက်သည်။
“အသက်ရှည်ခြင်း” ကျောက်ရွှယ်ဟွေ့က တအံ့တသြ အော်ဟစ်လိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“တကယ် အသက်ရှည်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒါက လူတစ်ယောက်ရဲ့ အလားအလာတွေကို လှုံ့ဆော်နိုင်ပြီး သူတို့ရဲ့ သက်တမ်းကို အနည်းဆုံး အနှစ်နှစ်ဆယ်လောက်အထိ တိုးစေနိုင်တယ်”
ဟူး
ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများသည် ၎င်းတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယနေ့ကမ္ဘာကြီးရှိ ဆေးပညာသည် ခေတ်မီသော်လည်း ၎င်းတို့၏ အသက်ကို အနှစ်နှစ်ဆယ်အထိ ဆွဲဆန့်နိုင်မည်ဟု မည်သူမျှ မပြောဆိုဝံ့ကြပေ။ အစစ်အမှန်သာဆိုလျှင် ဤသည်မှာ ငွေထုတ်စက်ကဲ့သို့သော ဖြစ်တည်မှုမျိုး ဖြစ်ပေလိမ့်မည်။ ၎င်းသည် တခြားလူများအတွက် ခက်ခဲနိုင်သော်လည်း ရွှယ်အန်းအတွက် ရိုးရှင်းလွန်းလှသည်။ ရင်းမြစ်သန့်စင်ဆေး၏ ရိုးရှင်းလွယ်ကူသော ဗားရှင်းကို ထုတ်လုပ်ရုံဖြင့် ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ကျောက်ရွှယ်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။
"ညီ(၂)၊ မင်းပြောတာကို ငါ သံသယမရှိပေမယ့် ငါတို့ကို အားကိုးရုံနဲ့ ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်တွေက ရနိုင်ပါ့မလား..."
ကျောက်ရွှယ်ဟွေ့၏ အဓိပ္ပါယ်က ရိုးရှင်းလှသည်။ ဤကြီးမားသော အကျိုးအမြတ်များသည် မည်သည့် အဖွဲ့အစည်းမျိုးကိုမဆို ရူးသွပ်စေနိုင်သည်။ ၎င်းတို့၏ အင်အားအရဆိုလျှင် ၎င်းတို့ကိုယ်၎င်းတို့ သေဆုံးအောင် ပို့ဆောင်နေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။
“ဒါက မင်းတို့ကောင်တွေချည်းပဲ လုပ်ရမှာ မဟုတ်ပါဘူး၊ ဒါကို မင်းတို့တွေ မထိန်းချုပ်နိုင်ရင် ချန်မိသားစုနဲ့ စစ်တပ်ကိုလည်း မင်းတို့ကို ကူညီဖို့အတွက် ပြောလိုက်မယ်"
"ချန်မိသားစုလား" ကျောက်ရွှယ်ဟွေ့က တုန်ယင်နေမိသည်။
"အဲ့ဒီ့ ချန်းမိသားစုလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ၎င်းတို့သုံးဦးက တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ချိန်တွင် ၎င်းတို့ အချင်းချင်း၏ မျက်လုံးထဲရှိ မျှော်လင့်ချက် မီးတောက်များကို မြင်လိုက်ရသည်။
"ကဲကွာ၊ လုပ်ကြရအောင်။ အခု အစ်ကို(၂)က အရမ်း အစွမ်းထက်နေမှတော့၊ ငါတို့လည်း နောက်ကျနေလို့ မဖြစ်ဘူး”
ချောင်လဲ့က ပြင်းပြစွာ ပြောလိုက်သည်။
အခန်း (၁၉၂) ခေါင်းရှစ်လုံး မြွေကြီး ပေါ်ပေါက်လာခြင်း
ဂျပန်နိုင်ငံရှိ အိုချိရိုဘုရားကျောင်း။
တခဲအုချိ ခီရိုခိုသည် အိုရိုချိ၏ ရုပ်တုအရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၍ သူမ၏ လှပသော မျက်နှာသည် နတ်ဆိုးစွမ်းအင်များ ပျံ့နှံ့လာသည်။ အကြီးအကဲ အများအပြားက အဝေးတွင် ရပ်နေကြကာ ၎င်းတို့၏ အမူအရာသည် တည်ကြည်၍ လေးနက်နေကြသည်။
အဆုံးတွင် အိုရိုချိရုပ်တုမှ အနက်ရောင် မြူခိုးများ မြင့်တက်လာ၍ ကောင်းကင်သို့ ပျံတက်သွားလေသည်။ အကြီးအကဲများသည် မြေပေါ်တွင် စိတ်လှုပ်ရှားစွာ ဒူးထောက်၍ ရှစ်ခိုးနေကြသည်။ အလွန် သိမ်မွေ့နူးညံ့၍ ကျက်သရေရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
“သေမျိုးတွေ၊ မင်းတို့ ဘာအကြောင်းနဲ့ ငါ့ကို ဆင့်ခေါ်တာလဲ”
ရွှေရောင်ချည်များဖြင့် အနားသတ်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးက အရှေ့သို့ ခြေလှမ်းအနည်းငယ် တွားသွားပြီးနောက် ရိုသေကျိုးနွံဆုံး အပြုအမူဖြင့် ပြောလိုက်သည်။
“ကြီးမြတ်သော အိုရိုချိ၊ ဒါက အရှင့်အတွက် ကျွန်တော်တို့ ရှာထားတဲ့ အစားထိုး သေမျိုးပါ”
တခဲအုချိ ခီရိုခိုကို ငုံ့ကြည့်နေသော အနက်ရောင်မြူခိုးများအတွင်းမှ မြွေခေါင်းတစ်ခု မှိန်ပြပြ ပေါ်ပေါက်လာသည်။
"ကောင်းတယ်။ အင်မော်တယ် နတ်ဆိုးခန္ဓာနဲ့ မွေးဖွားလာတာကို၊ သိပ် ကောင်းတယ်"
"ကျေးဇူးတင်ပါတယ် အရှင်" အကြီးအကဲများသည် စိုးရိမ်ကြောင့်ကြမှုကြောင့် မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာ၍ ငိုယိုနေကြသည်။
အနက်ရောင် မြူခိုးများက ရုတ်တရက် အရှေ့သို့ လွင့်ထွက်လာပြီးနောက် တကဲအုချီ ခီရိုခိုကို ၎င်း၏အထဲတွင် ဖုံးအုပ်ထားလိုက်သည်။ တကဲအုချီ ခီရိုခို၏ မျက်နှာသည် ပြင်းထန်စွာ နာကျင်နေ၍ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ တဖြည်းဖြည်း စီးကျလာသည်။
ရုတ်တရက်ဆိုသကဲ့သို့ပင် အနက်ရောင် မြူခိုးများ သဲလွန်စမရှိစွာ ပျောက်ကွယ်သွားသည်။ ပြီးနောက် တကဲအုချီ ခီရိုခိုသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်၊ ယခုအခါတွင် မျက်လုံးများက စိန်ပုံသဏ္ဌာန်ဖြစ်နေ၍ ခံစားချက် ကင်းမဲ့မှုများနှင့် အေးစက်သည့် ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။
အကြီးအကဲများအားလုံး မြေကြီးပေါ်သို့ တလေးတစား ဒူးထောက်လျက် နှုတ်ဆက်လိုက်သည်။
“အို ကြီးမြတ်သော အရှင့်ကို အရိုအသေပေးပါတယ်"
“ဒီတစ်ခါတော့ ဒီခန္ဓာကိုယ်ကို ငါ အရမ်းကျေနပ်တယ်။ ဒါကြောင့် ဒီတစ်ခါ ငါ ဆင်းလာတဲ့အချိန်မှာ ငါ့ရဲ့တခြား ခေါင်းတွေကို စုစည်းပြီး အင်မော်တယ် နတ်ဆိုးခန္ဓာကို ပေါင်းစည်းလိုက်မယ်" တကဲအုချီ ခီရိုခိုက အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့"
“အခုတော့…” တကဲအုချီ ခီရိုခိုတစ်ဖက်လှည့်၍ နတ်ကွန်းရှိရာသို့ လျှောက်သွားပြီးနောက် ရုပ်တုဘေးမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဤဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်နှင့် တစ်ခန်းလုံး မှောင်မိုက်သွားလေသည်။
၎င်းဓားမှ ပြင်းထန်၍ အေးစက် စူးရှသော စွမ်းအင်များ နိုးထလာသည်။
တကဲအုချီ ခီရိုခိုသည် ကြောက်မက် ထိတ်လန့်ဖွယ်ကောင်းသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
“ဟွာရှားက ဓားအင်မော်တယ်ရဲ့ အရောင်အဝါ ပျောက်ကွယ်သွားပြီ၊ အခု ဗိုလ်ချုပ်လင်းတစ်ယောက်ပဲ ကျန်တော့တယ်။ ငါ သူ့ကိုသတ်ပြီးတာနဲ့၊ ဟွာရှားတစ်ခုလုံးက ငါ့ရဲ့ အစွမ်းထက်လှတဲ့ တစ္ဆေနတ်ဘုရား ခုတ်ချက်နဲ့ ရင်ဆိုင်ရာမှာ စွမ်းအားမဲ့သွားကြလိမ့်မယ်”
သူမ၏ စကားသည် ကိုးရိုးကားရားနိုင်စွာ အစပြုခဲ့သော်လည်း စကားဆက်ပြောနေသည်နှင့်အမျှ ပို၍ သွက်လက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အကြီးအကဲများ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ အိုရိုချိ၏ လူဝင်စားမှုများသည် စုံလင်စွာ ပေါင်းစည်းရန်အတွက် အနည်းဆုံးလျှင် လပေါင်းများစွာ ကြာတတ်သည်။
သို့သော် ဤတစ်ကြိမ် ပေါင်းစပ်မှုသည် အချိန်တိုတိုအတွင်း ပြီးမြောက်ခဲ့သည်။ ယခင် ခန္ဓာကိုယ်ပိုင်ရှင် နာဂစုကီ အီတိုထက်ပင် ပို၍ မြန်ဆန်လှသည်။
တကဲအုချီ ခီရိုခိုသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများကို လှည့်ကြည့်လိုက်သည်။
"မင်း လုပ်တာ တော်တယ်။ ငါ အင်မော်တယ် နတ်ဆိုး ခန္ဓာကိုယ်ကို ပြန်လည်ပေါင်းစည်းပြီး ဒီနယ်ပယ်ကို အုပ်စိုးပြီးတာနဲ့၊ မင်းတို့အားလုံးကို အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်တွေအဖြစ် ပြောင်းလဲပြီး ထာဝရအသက်ရှည်မှု ပေးအပ်မယ်"
အကြီးအကဲများက ၎င်းတို့၏ ခေါင်းများကို ကြမ်းပြင်ပေါ်သို့ ကျေးဇူးတင်စွာ ဦးညွှတ်လိုက်ကြ၍ ၎င်းတို့၏ မျက်နှာတွင် မျက်ရည်များ စိတ်လှုပ်ရှားစွာ စီးကျလာသည်။
"ဗိုလ်ချုပ်လင်းက ငါ့ကို ပေးခဲ့တဲ့ရိုက်ချက်ကို လက်စားချေဖို့ လဝက်အတွင်း ပင်လယ်ကို ဖြတ်ပြီး အရှေ့ဘက်ကို သွားမယ်လို့ အမိန့်ပေးလိုက်"
“ဟုတ်ကဲ့"
ရွှယ်အန်းသည် ရင်းမြစ်သန့်စင်ဆေး ထုတ်လုပ်မှုကို အတတ်နိုင်ဆုံး ရိုးရှင်းစေလိုသောကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင် အိမ်ထဲတွင်သာ ရှိနေခဲ့သည်။
အဆုံးတွင် ၎င်းတွင်ပါဝင်သော ဆေးဖက်ဝင်ပစ္စည်း အများအပြားက အလွန် အဖိုးတန်သည့်အပြင် မူရင်းဖော်မြူလာအတိုင်း တစ်သက်မှတ်တည်း ပြုလုပ်ပါက၊ စျေးနှုန်း အလွန်မြင့်မားသောကြောင့် လူအများအပြားက တတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် တပ်ဆင်ထုတ်လုပ်ရေး၏ လိုအပ်ချက်များနှင့် ကိုက်ညီရပေလိမ့်မည်။ မဟုတ်လျှင် ၎င်းတို့အားလုံးကို လက်ဖြင့်သာ ပြုလုပ်မည်ဆိုပါက ထုတ်လုပ်မှုကို အာမခံနိုင်မည် မဟုတ်ပေ။ ထိုနေ့တွင် သူ၏ အစ်ကိုကြီး ကျောက်ရွှယ်ဟွေ့ထံမှ ဖုန်းဝင်လာခဲ့သည်။
“ဟေ့ ညီလေး၊ ငါ ရောင်းဖို့လုပ်နေတဲ့ ဆေးစက်ရုံတစ်ခုနဲ့ အဆက်အသွယ်ရထားတယ်၊ ဈေးလည်း အရမ်းသက်သာတယ်။ ငါတို့ သွားကြည့်ကြမလား"
အဆုံးတွင် ဆေးဝါးစက်ရုံတစ်ရုံကို အောက်ခြေမှ တည်ဆောက်ခြင်းသည် အနည်းဆုံးလျှင် တစ်နှစ်ခန့် လိုအပ်သည်။ ထို့ကြောင့် ရွှယ်အန်း၏ အကြံပြုချက်သည် တည်ရှိပြီးသား စက်ရုံတစ်ခုကို ဝယ်ယူခြင်းသာဖြစ်သည်။
"ကောင်းပြီ၊ ငါ ခဏနေလာခဲ့မယ်"
သတ်မှတ်ထားသော နေရာ၌ စောင့်ဆိုင်းနေရာမှ ၎င်းတို့ သုံးဦးစလုံးက အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထား၍ အောင်မြင်သော စီးပွားရေးသမားများနှင့် ဆင်တူနေခြင်းကို ရွှယ်အန်းက သတိပြုမိသွားကာ ရယ်မောနေမိသည်။
"အစ်ကို၊ မင်း အဲ့ဒါပဲ ဝတ်တော့မှာလား" ချောင်လဲ့က မေးလိုက်သည်။
"ဒါက ဘာဖြစ်လို့လဲ" ရွှယ်အန်းက သူ၏ ဖိနပ်အပါးများကို ငုံ့ကြည့်လိုက်သည်။
"ဟင်...ဘာမှမဟုတ်ပါဘူး။ ငါအရင်က ကြင်ဖက်တွေ့ဖို့အတွက် ဝယ်ထားတဲ့ အဝတ်အစားတွေဝတ်ထားတာ၊ ဒီဟာက တော်တော်ပူတယ်ကွာ” ချောင်လဲ့သည် သူ၏မျက်နှာမှ ချွေးများကို သုတ်လိုက်သည်။
"သွားစို့" ကျောက်ရွှယ်ဟွေ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် အမြင်ကောင်းရရှိစေရန်အတွက် ကျောက်ရွှယ်ဟွေ့တစ်ယောက် အံကြိတ်၍ BMW ကားတစ်စီးကို ငှားရမ်းထားသည်။ ၎င်းတို့သုံးဦးက စီးပွားရေးလုပ်ငန်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေခြင်းကို နောက်ခုံမှ ထိုင်ကြည့်နေသော ရွှယ်အန်း၏ စိတ်ခံစားချက်များသည်လည်း များစွာတိုးတက်လာခဲ့သည်။
သူ၏သူငယ်ချင်းကောင်း သုံးဦးစလုံးသည် ကြိုးစားလိုစိတ် အပြည့်ရှိသည့်အပြင် အရာအားလုံးအတွက် သူ့ကို အားမကိုးကြပေ။ ရွှယ်အန်းက အကြံဥာဏ်တစ်ခုပေးပြီးသည်နှင့် ၎င်းတို့သုံးဦးက ထိုနေရာမှ စတင်ပြုလုပ်သွားကြသည်။ ထို့အပြင် ကုမ္ပဏီ၏ရှယ်ယာတစ်ဝက်ကို ရွှယ်အန်းမှ ပိုင်ဆိုင်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။
ရွှယ်အန်းက ထိုကိစ္စနှင့်ပတ်သက်၍ ပြုံးရုံသာ ပြုံးလိုက်သည်။ ရှယ်ယာများကိုလိုချင်လျှင် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်းက ပို၍ လွယ်ကူမည် မဟုတ်သလော။ ၎င်းတို့၏ ဦးတည်ရာသို့ ရောက်လာသောအခါ ရွှယ်အန်းက ကျယ်ပြန့်၍ အလွန်ခေတ်မီသော ဆေးဝါးစက်ရုံကို လှမ်းကြည့်လိုက်သည်။
"ဟဲလို၊ ခင်ဗျားက မစ္စတာကျောက်လား ဗျ" တံခါးဝတွင် စောင့်နေသော အတွင်းရေးမှူးတစ်ဦးက ၎င်းတို့ဆီ ချဉ်းကပ်လာသည်။
ကျောက်ရွှယ်ဟွေ့က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ကျွန်တော်ပါ"
“ကျေးဇူးပြုပြီး၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ။ ကျွန်တော်တို့ ဥက္ကဌက ရုံးခန်းထဲမှာစောင့်နေပါတယ်"
ကျယ်ဝန်းသော ပလာဇာကို ဖြတ်လျှောက်လာပြီးနောက် အသစ်စက်စက် ရုံးခန်းအဆောက် အအုံရှေ့သို့ ရောက်ရှိလာကြသည်။
“ကျေးဇူးပြုပြီး ဒီမှာပဲ ခဏစောင့်ပါ။ ကျွန်တော်တို့ ဥက္ကဌက အခြားဖောက်သည်တွေနဲ့ တွေ့နေလို့ပါ”
ကျောက်ရွှယ်ဟွေ့နှင့် သူ၏အဖော်များသည် ဆိုဖာပေါ်တွင် ထိုင်၍ လာမည့်အစည်းအဝေးအတွက် တိတ်တဆိတ် ဆွေးနွေးနေကြသည်။ ရွှယ်အန်းသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ၎င်းတို့ကြားတွင် နံရံများစွာရှိနေသော်လည်း ရွှယ်အန်းက အလိုရှိလျှင် အတွင်းရှိ စကားပြောသံများကို ကြားသိနိုင်သေးသည်။
"ရှင့်ကိုပြောလိုက်မယ် ကျွန်မဆိုတဲ့ ရှုလျိုက ရှင်တို့ဆီမှာ အညံ့ခံတာထက် ဒီစက်ရုံကို အရှုံးခံပြီးပဲ ရောင်းလိုက်မယ်" အမျိုးသမီးတစ်ဦး၏ ဒေါသသံဖြင့် ပြောလိုက်သည်။
"ဟားဟား၊ ဥက္ကဌရှု့၊ ချီမိသားစုကို စော်ကားပြီးရင် တခြားလူတွေက မင်းရဲ့စက်ရုံကို လိုချင်ကြမယ်တဲ့လား" မောက်မာသော အမျိုးသားအသံက ပြောလိုက်သည်။
"ကျွန်မကိုယ်တိုင် စက်ရုံကို ဖြိုပစ်ရမယ်ဆိုရင်တောင် ရှင်တို့လက်ကို မအပ်နိုင်ဘူး"
"ကောင်းပြီ၊ မင်း စိတ်ကြိုက်လုပ်နိုင်တယ်၊ ဒါပေမယ့် ကျုံးတုမှာ ချီမိသားစုပြောတာက ဥပဒေပဲဆိုတာကို ငါ မင်းကို သတိပေးလိုက်မယ်" အမျိုးသားက လှောင်ရယ်လိုက်သည်။
ခြေသံအနည်းငယ် ထွက်ပေါ်လာပြီးနောက်တွင် ထိုလူများ ထွက်သွားခဲ့ပုံပေါ်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အမျိုးသမီး၏ ငိုကြွေးသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ ရွှယ်အန်း၏နှလုံးသား တုန်လှုပ်သွားသည်၊ ဤစက်ရုံတွင် ကိစ္စတစ်ခုခု အမှန်တကယ် ဖြစ်ပေါ်နေကြောင်းကို သူ သတိပြုမိသွားသည်။
ခဏအကြာတွင် အတွင်းရေးမှူးက ချဉ်းကပ်လာသည်။
"ကြန့်ကြာသွားတဲ့အတွက် စိတ်မရှိပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
ရွှယ်အန်းက ဦးဆောင်၍ အရှေ့မှ လျှောက်သွားသောအခါ အတွင်းရေးမှူးက ထပ်ခါတလဲလဲ ကြည့်နေမိသည်။ ရွှယ်အန်းသည် လမ်းလျှောက်ထွက်နေသကဲ့သို့ ဖိနပ်အပါးနှင့် သာမန် အဝတ်အစားများကို ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ထားသည်။
ရုံးခန်းထဲသို့ ဝင်လာသောအခါ၊ လှပစွာ ဝတ်စားဆင်ယင်ထားသော အမျိုးသမီးတစ်ဦးက မတ်တတ်ထရပ်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကျွန်မက ဒီဆေးဝါးစက်ရုံရဲ့ ဥက္ကဌ ရှုလျိုပါ။ ကြန့်ကြာမှုအတွက် စိတ်မရှိပါနဲ့။ ဂရုစိုက်ဖို့ လိုအပ်နေတဲ့ ကိစ္စတချို့ရှိနေလို့ပါ"
ရွှယ်အန်းသည် ထိုအမျိုးသမီး၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ နီရဲနေခြင်းကို သတိပြုမိလိုက်သည်၊ သူမက ငိုယိုထားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဟယ်လို၊ ကျွန်တော်က ကျောက်ရွှယ်ဟွေ့ပါ။ ခင်ဗျားရဲ့စက်ရုံက ဘယ်လောက်ကျယ်ပြီး၊ စက်ပစ္စည်းနဲ့ စာရွက်စာတမ်းတွေကရော ဘယ်လိုလဲ ဗျ"
ကျောက်ရွှယ်ဟွေ့သည် အလွန် ပညာရှင်ဆန်သော မေးခွန်းများ မေးနေခြင်းအရ ကြိုတင်လေ့လာထားခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့နှစ်ဦးသည် အမျိုးမျိုးသော အသေးစိတ် အချက်အလက်များကို စတင်ဆွေးနွေးကြသည်။ ရွယ်အန်းက မတ်တပ်ရပ်၍ အမူအရာ ပြောင်းလဲခြင်းမရှိဘဲ နားထောင်နေခဲ့သည်။
ဆေးဝါးစက်ရုံ၏ အဆောက်အဦများ၊ စက်ကိရိယာများနှင့် စာရွက်စာတမ်းများအားလုံးသည် ပြီးပြည့်စုံ၍ ချို့ယွင်းချက်မရှိသည့်အပြင် ရောင်းဈေးသည်လည်း အလွန် တန်လှသည်။ ထို့ကြောင့် ကျောက်ရွှယ်ဟွေ့သည် အဆုံးတွင် အလွန် ကျေနပ်နေသည်။
“မစ္စတာ ကျောက်၊ ရှင် တကယ်စိတ်ဝင်စားတယ်ဆိုရင် အခုဆုံးဖြတ်လိုက်တာက အကောင်းဆုံးဖြစ်မယ်၊ မဟုတ်ရင် စက်ရုံက မနက်ဖြန် ဒီစျေးနဲ့ ဆက်ရောင်းဖြစ်မယ်လို့ ကျွန်မ အာမမခံနိုင်ဘူး"ရှု့လျို ညင်သာစွာ ပြောလိုက်သည်။
ကျောက်ရွှယ်ဟွေ့က ရွှယ်အန်းကို မေးခွန်းထုတ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ပြီးနောက် ရွှယ်အန်းက မော့ကြည့်၍ ရှု့လျိုကို ခပ်ပါးပါး ပြုံးပြလိုက်သည်။
"ဥက္ကဌရှု့ကို မေးပါရစေ၊ ဘာလို့ စက်ရုံကောင်းတစ်ခုကို ဒီလောက် မြန်မြန်ရောင်းချင်နေရတာလဲ"