အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
အခန်း(၁၉၉) ကော်ဖီနှင့် Isatis အမြစ်အရသာ
ချန်ရုရှီသည် ခေါင်းမှခြေအဆုံး အလွန် စွမ်းအားကြီးသည့် ရောင်ဝါများဖြာထွက်နေသည့် လူကို ခံစားချက်များရှုပ်ထွေးစွာငေးကြည့်နေမိသည်။ သို့သော် သူမက ယင်းကို မတုံ့ပြန်နိုင်မီ၌ ရွှယ်နျန်က စားပွဲပေါ်ဥ စီတန်းထားသော ပုလင်းငယ်များကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“ဖေဖေ ဒါတွေက အရသာကောင်းလား”
ဤသည်ကို ကြားသောအခါ ရွှယ်ရှန်းက လူကြီးလေးတစ်ယောက်ကဲ့သို့ သက်ပြင်းချကာ နျန်နျန်၏ တင်ပါးလေးကို ရိုက်လိုက်သည်။
“ရွှယ်နျန် နင်က တကယ်အငတ်ပဲ”
“ဒါပေမယ်… ဖေဖေ သူတို့က တကယ် အရသာရှိတဲ့ပုံပဲ” ရွှယ်ရှန်းကလည်း အနည်းငယ် သွားရည်ကျလျက်ပြောလိုက်သည်။
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မော၍ ပုလင်းနှစ်ပုလင်းကို ပေါ့ပေါ့ပါးပါး ကောက်ကာသမီးနှစ်ယောက်ကို ပေးလိုက်သည်။
“သောက်ကြည့်လိုက်”
ကောင်မလေးနှစ်ယောက်က အချိုရည်သောက်နေသကဲ့သို့ ကောင်းကကင်ကံကြမ္မာနှစ်ပုလင်းကို သောက်ချလိုက်သည်။ ဤမြင်ကွင်းက လူများစွာကို အံ့သြသွားစေသည်။
ယခုအချိန်တွင် ကောင်းကင်ကံကြမ္မာတစ်ပုလင်းထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ တစ်သန်းဝန်းကျင်ရှိသော်လည်း ရွှယ်အန်းသည် ၎င်းတို့ကိကို ၎င်း၏သမီးများအတွက် အချိုရည်အဖြစ် ပေါ့ပေါ့ဆဆ အသုံးပြုခဲ့သည်။
သောက်ပြီးသွားသောအခါ ကောင်မလေးနှစ်ယောက်လုံး မျက်လုံးပြူးသွားကြသည်။
"အရသာကောင်းလား" ထိုအချိန်တွင် အန်းယန်က မေးသည်။
"အွန်း အွန်း ချိုလည်း ချို ချဥ်လည်းချဥ်တယ်။ အသီးဖျော်ရည်လိုပဲ” ရွှယ်နျန်က ပြောသည်။
"မဟုတ်ဘူး၊ သမီးဟာက ကော်ဖီအရသာရှိတယ်"ရွှယ်ရှန်းက ပြောသည်။
"ငါတို့ ကော်ဖီသောက်ဖူးလား"ရွှယ်နျန်က သံသယရှိစွာဖြင့် မေးလိုက်၏။
"သောက်ဖူးတာပေါ့။ အန်တီရွှမ်အာက ငါတို့ကို Banlangen (Isatis root : တရုတ်လက်ဖက်ရည်တစ်မျိုး) သောက်ခိုင်းတုန်းက မှတ်မိလား။ အရသာက ကော်ဖီနဲ့တူတယ်လို့ ပြောတယ်” ရွှယ်ရှန်းက ယုံကြည်ချက်အပြည့်ဖြင့် ငြင်း၏။
ကလေးမလေးနှစ်ယောက်က Banlangen နှင့် ကော်ဖီ၏ တကယ့်အရသာအကြောင်း ငြင်းခုံကြသည်။ ထို့နောက် ရွှယ်အန်းသည် အခြားပုလင်းကိုယူ၍ အန်းယန်အားပေးလိုက်သည်။
“မင်းလည်းသောက်ကြည့်”
အန်းယန်က ခေါင်းခါလိုက်သည်။
“ငါ့ခန္ဓာကိုယ်က အခု အဲ့လို ဝိဉာဥ်ဆေးမျိုးသောက်လို့လည်းအသုံးမဝင်တော့ဘူး။ ငါ့အတွက်မဖြုန်းတီးပါနဲ့”
ရွှယ်အန်းက ပြုံးလိုက်သည်။
"မင်းယောက်ျားက မင်းအတွက် အဲ့တာကို ဖြုန်းတီးပစ်နိုင်တယ်”
အန်းယန်၏ မျက်နှာများအနည်းငယ်နီမြန်းလာပြီးနောက် ကောင်းကင်ကံကြမ္မာပုလင်းကိုယူကာ အနည်းငယ်သောက်လိုက်၍ ရွှယ်အန်းကို ပြန်ပေးလိုက်သည်။
"ရှင်လည်းသောက်”
ဤမြင်ကွင်းကို မြင်လိုက်ရသော ပတ်ဝန်းကျင်က လူများတွင် မနာလိုမှုများဖြင့် ပြည့်နေသည်။ ချန်ရုရှိက ခေါင်းငုံ့လျက် ငြိမ်ကျသွားသည်။ ယခု သူမခံစားနိုင်သမျှမှာ မနာလိုခြင်းနှင့် ပျော်ရွှင်ခြင်းပင်ဖြစ်သည်။
အန်းယန်ကိုကြည့်နေသော ရွှယ်အန်း၏ အကြည့်များသည် နစ်မွန်းဖွယ်ကောင်းလောက်သည်အထိ နက်ရှိုင်းနူးညံ့လှ၏။ သမီးကဲ့သို့ စွဲလမ်းနေသော ယောက်ျားတစ်ယောက်ကို ရှာတွေ့နိုင်သော မိန်းမတစ်ယောက်သည် မည်မျှကံကောင်းသနည်း။
ချန်ရှို့ဟဲက လျှင်မြန်စွာလှုပ်ရှားလိုက်သည်။ နောက်တစ်နေ့တွင် ချန်မိသားစုမှကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသတင်းသည် ကျုံးတုတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ ကျုံးတုသည် ပြင်းထန်သောတိုက်ပွဲဖြစ်ပေါ်လာနိုင်ခြေ အစွန်းတစ်ဖက်တွင်ရှိနေကာ ယခု တစ်ဖန်ပြန်လည်လှုံ့ဆော်ခြင်းခံရပြန်ပြီဖြစ်သည်။
ချန်မိသားစုမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ။
ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ချန်ရှို့ဟဲက မည်သို့ စီစဥ်နေသနည်း။ လူများစွာက သံသယအပြည့်ဖြင့် ကြည့်နေကြသည်။
သတင်းစာရှင်းလင်းပွဲလုပ်မည့်နေ့သို့ရောက်သောအခါ အစောပိုင်းမှစ၍ ချန်မိသားစုပိုင်ဆိုင်သော ဇိမ်ခံကားများသည် ဟိုတယ်၌ ပြည့်နေသည်။
အများအပြားက အဖွဲ့ငယ်များစုရုံး၍ နောက်လာမည့် သတင်းစာရှင်းလင်းပွဲအကြောင်း ပြောဆိုကြသည်။
ထိုအချိန်တွင်ပင် ကျက်သရေရှိ၍သော ချုန်ဆမ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင်းရှို့ရုန်သည် သူမ၏ သားနှစ်ဦးနှင့်အတူ လမ်းလျှောက်လာသည်။
လူအုပ်ကြီးက သူမအတွက် လမ်းဖယ်ပေးလိုက်ကြကာ လူအချို့က လေးစားစွာဖြင့်
“သခင်မကြီးအန်း ကျန်းမာနေကောင်းပါစေ” ဟု အော်ဟစ်ခဲ့ကြသည်။
ကျင်းရှို့ရုန်သည် အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ခန်းမထဲသို့ မောက်မာသည့်ဟန်ဖြင့် ဆက်သွားခဲ့သည်။ သူမကျော်သွားပြီးနောက် တီးတိုးပြောသံများ ပြန်စလာသည်။
“ဒီသခင်မကြီးအန်းဟာ တကယ်ကို အံ့ဖွယ်တည်ရှိမှုပါပဲ”
“ကျွတ်…ကျွတ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ရဲ့ အာဏာကြီး မိသားစုကို မင်းမြင်ဖူးသင့်တယ်။ သူတို့ ထွက်လာရင် ရှေးခေတ်က နန်းတော်ထဲက ဧကရာဇ်မိသားစုနဲ့တူတယ်”
"အရမ်းမိုက်တာပဲ။ ဒါတောင် လွန်ခဲ့တဲ့ရက်အနည်းငယ်က မွေးနေ့ပွဲအတွက် သူတို့ မရှက်ကြဘူးလား" တစ်ယောက်က ကဲ့ရဲ့သည်။
“ဟယ်၊ အန်းမိသားစုက အခုချိန်မှာ ပိုအားနည်းနေနိုင်ပေမယ့် အစာငတ်နေတဲ့ကုလားအုတ်တစ်ကောင်က မြင်းထက်တောင် ပိုကြီးနေသေးတယ်။ ပွဲပဲဆက်ကြည့်ကြရအောင်"
ရွှယ်အန်းရောက်ရှိလာချိန်တွင် ဟိုတယ်ဧည့်ခန်းသည် အသံများစွာဖြင့် စိတ်လှုပ်ရှားဖွယ် အသက်ဝင်နေပြီဖြစ်သည်။ ရွှယ်အန်းက မည်သို့မျှ မဖြစ်ဘဲ ခန်းမထဲသို့ဝင်ခါနီးတွင် အသံတစ်ခုထွက်ပေါ်လာသည်။
"မစ္စတာရွှယ် လား”
ရွှယ်အန်းက လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရသည်။
"မင်းက... ချန်ရှောင်းယီလား"
ချန်ရှောင်းယီသည် ပြည်နယ်မြို့တော်၌ ပြန်လည်ရောက်ရှိလာသော ရွှယ်အန်းကို တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီး သတင်းထောက်ဖြစ်သည်။ မမျှော်လင့်ဘဲ သူမ ဒီနေ့ ကျုံးတုသို့ ရောက်လာကာ ဤသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည်။ ချန်ရှောင်းယီက ရွှယ်အန်းကို မြင်လိုက်ရသောအခါ အလွန်ပျော်ရွှင်နေသည်။
“မစ္စတာရွှယ်၊ ရှင့်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားဘူး”
"သတင်းထောက်ချန်က ပြည်နယ်မြို့တော်မှာ မရှိတော့ဘူးလား။"
"မဟုတ်ဘူး၊ ဒီတစ်ခါ ကျွန်မ ကျုံးတုမှာ ကိစ္စတချို့ ကိုင်တွယ်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ လိုက်လာတာ။ ဒီညီလာခံပွဲကို ကြုံလာရလို့ အပျော်ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ချန်ရှောင်းယီက သူ့ဘေးနားက ကောင်မလေးကို လက်ညှိုးထိုးပြသည်။
"ဒါ ကျွန်မသူငယ်ချင်း ဟွမ်ရှန်းယန် ပါ”
ရွှယ်အန်းသည် သာမန်ကြည့်ကောင်းသော်လည်း ဖက်ရှင်ကျကျ ၀တ်ဆင်ထားသည့် ဟွမ်ရှန်းယန်ကို စိုက်ကြည့်လိုက်သည်။ သူမ အမူအရာက အနည်းငယ်မောက်မာနေသည့်တိုင် ဆွဲဆောင်မှုအပြည့်ရှိ၏။
ချန်ရှောင်းယီ မိတ်ဆက်ပြီးနောက် သူမသည် ရွှယ်အန်းကို ခဏမျှ အကဲဖြတ်ကြည့်ကာ အထင်သေးမှုများဖြင့် ခေါင်းလှည့်သွားသည်။
"ရှောင်းယီ မင်းအရင် စကားပြောပါ၊ ငါ မင်းကို ဟိုနားမှာစောင့်နေမယ်"
ဤသို့ပြော၍ လှည့်ထွက်သွားသည်။
ချန်ရှောင်းယီက ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်သည်။
“တောင်းပန်ပါတယ်။ ငါ့သူငယ်ချင်းက လူတိုင်းနဲ့ ဒီလိုမျိုးပဲ”
ရွှယ်အန်းက ပြုံးပြပြီး သူ့နောက်ကို လက်ဟန်ပြသည်။
ချန်ရှောင်းယီ လှည့်ကြည့်လိုက်သောအခါ ဟွမ်ရှန်းယန်က သူ့ဘေး၌ လူချမ်းသာမိသားစုမှလူငယ်တစ်ယောက်နှင့် ထိုင်စကားပြောလျက် ပြုံးရွှင်နေသည်ကို သူမသိလိုက်ရသည်။ သူမ၏ အီစီကလီလုပ်နေသော အမူအရာသည် ယခင် အေးစက်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ချန်ရှောင်းယီ၏ မျက်နှာမှာ အလွန်ရှက်ရွံ့နေ၏။
“မစ္စတာရွှယ်၊ မိန်းကလေးဖန်းက ဟောလိဝုဒ်ကို သွားခဲ့တာ မင်းသိလား" ချန်ရှောင်းယီ ရုတ်တရက် ပြောလိုက်သည်။
ရွှယ်အန်းက အံ့အားသင့်သွားသည်။
“မသိဘူး။ ဘယ်တုန်းကသွားတာ"
“ကျွန်မကြားလိုက်ရတာ။ သူ့ မူရင်းကုမ္ပဏီနဲ့ စာချုပ်ကို ဖျက်လိုက်ပြီးတော့ အဓိက ရုပ်ရှင်ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ဟောလီးဝုဒ် တစ်ယောက်တည်းကို သွားခဲ့တယ်လို့ ပြောကြတယ်။ တော်တော်များများက သူ ရူးသွားပြီလို့ ပြောနေကြတယ်။” ချန်ရှောင်းယီ သက်ပြင်းချလိုက်သည်။
ဤစကားကိုကြားသောအခါ ရွှယ်အန်းသည် သူ့နှလုံးသားအတွင်းထဲမှ ပျော့ပြောင်းသောနေရာမှ ခံစားချက်တစ်ခုကို ခံစားလိုက်ရကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဒီအကြောင်း ငါတကယ်မသိခဲ့ဘူး"
ချန်ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“မိန်းကလေးဖန်းမှာ သူ့ကိုယ်ပိုင်အစီအစဥ်ရှိတယ်လို့ ထင်တယ်”
အားလုံးက ထိုင်နေကြစဉ် ရွှယ်အန်း၌ထိုင်ခုံမရှိဟုလို့ ထင်နေသော ချန်ရှောင်းယီက ရင်းရင်းနှီးနှီး ဖိတ်ခေါ်လိုက်သည်။
“မစ္စတာရွှယ် ဘာလို့ ကျွန်မဘေးမှာမထိုင်တာလဲ။ ဒီက မြင်ကွင်းကောင်းတော့ သေချာမြင်ရတယ်”
ရွှယ်အန်းက ခဏတာစဥ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။
ဖန်းမင်ရွှယ်၏ အခြေအနေအကြောင်း အသေးစိတ်မေးမြန်းရန် သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချန်ရှောင်းယီ ဝမ်းသာပီတိဖြစ်မိသော်လည်း နှစ်ယောက်သား ထိုင်နေကြစဉ် သူမအနားမှ ချမ်းသာကြွယ်ဝသူ လူငယ်နှင့် စိတ်အားထက်သန်စွာ စကားပြောနေသည့် ဟွမ်ရှန်းယန် သည် မျက်မှောင်ကြုတ်လိုက်သည်။
“မစ္စတာရွှယ် ဒီတစ်ခါလာဖို့ ဖိတ်ထားတာလား" ဟွမ်ရှန်းယန်က ရည်ရွယ်ချက်ရှိရှိမေး၏။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ဖိတ်စာမရှိဘူး"
ဟွမ်ရှန်းယန်၏မျက်နှာပေါ်မှ လှောင်ပြောင်မှုအငွေ့အသက်များ နက်ရှိုင်းလာသည်။
"ရှင့်မှာ ဖိတ်စာတောင်မရှိရင် ဘာလို့ဒီမှာထိုင်နေတာလဲ"
ချန်ရှောင်းယီ၏အမူအရာက မှောင်မိုက်သွား၏။
"ရှန်းယန်"
ဟွမ်ရှန်းယန်က ကဲ့ရဲ့လှောင်ပြောင်ရယ်မောလိုက်၏။
"ရှောင်းယီ မင်းသတိထားရင် ပိုကောင်းမယ်။ တစ်ချို့လူတွေက သူတို့ရဲ့ ရုပ်ရည်ချောမောမှုကို အားကိုးပြီး အမျိုးသမီးတွေကို လှည့်စားကြပြီး ငွေရှာကြတယ်။ မင်းတကယ်သတိထားသင့်တယ်"
ဤတွင် ရွှယ်အန်းရယ်သည်။ ဟွမ်ရှန်းယန်သည် ဤစကားပြောနေစဥ် သူမကိုယ်သူမ အရင်မစဥ်းစားခဲ့သလော။
သို့သော် ချန်ရှောင်းယီ၏ မျက်နှာ ပြာကျသွားသည်။ သူမ ဒေါသထွက်နေသည်မှာထင်ရှားသည်။
ဤသည်ကို မြင်သောအခါ ဟွမ်ရှန်းယန်က အားပါးတရ ရယ်လိုက်သည်။
ရုံးခန်းတွင် ချန်ရှောင်းယီသည် အမြဲတစေ ကြိုးစား၍သြဇာကြီးသော မိန်းမတစ်ယောက်ဖြစ်ကာ ယခုမူ သူမသည် မိုက်မဲသော မိန်းမတစ်ယောက်သာ ဖြစ်ပုံရသည်။
သူမ ဤကဲ့သို့ အမှားမျိုးကို လုပ်မည်မဟုတ်ပေ။ သူမသည် သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ခေါ်ခြင်းခံရရန် အချိန်များစွာကြာ ကြိုးပမ်းခဲ့ကာ သူမ၏ ရည်ရွယ်ချက်မှာ ချမ်းသာကြွယ်ဝသော သူဌေးတစ်ယောက်ကို ဖမ်းမိရန်ဖြစ်သည်။
သူမအတွက် ငွေသည် အရေးကြီးဆုံးဖြစ်သည်။
အခန်း (၂၀၀) ကောင်းကင်ကံကြမ္မာ
“မစ္စတာရွှယ်၊ သူ့အတွက် စိတ်မကောင်းပါဘူး…” ချန်ရှောင်းယီက တောင်းပန်စကားဆိုလိုက်သည်။
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထပ်ပြောစရာ မလိုပါဘူး၊ အဆင်ပြေပါတယ်"
သို့သော် ဟွမ်ရှန်းယန်သည် ရွှယ်အန်း၏ သဘောထားကို အထင်အမြင်သေးနေကြောင်း မဖုံးထားပေ။ သူမ၏အမြင်တွင် ရွှယ်အန်းသည် ရိုးရှင်းစွာပင် မြူဆွယ်နေခြင်းဖြစ်သည်။
ဟွမ်ရှန်းယန်၏ မြှောက်ပင့်ပြောဆိုမှုကို သဘောကျနေသော ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးက ရယ်မောလိုက်၏။
“မိန်းကလေးဟွမ် တချို့ စိတ်ရှုပ်ဖို့ ကောင်းတဲ့လူတွေကြောင့် စိတ်ရှုပ်ခံနေစရာမလိုပါဘူး။ သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ တကယ့်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ဖို့ ခေါ်သွားမယ်”
ဟွမ်ရှန်းယန်၏ မျက်လုံးများ တောက်ပလာသည်။
"တကယ်လား။ ရှင်က တော်တော် အထင်ကြီးစရာပဲ သခင်လေး”
ချမ်းသာသော သူဌေးက ပြုံးလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော့်မိသားစုက ချန်မိသားစုနဲ့ ဆက်ဆံရေးကောင်းတယ်။ ကျွန်တော့်အဖေက အရင် မစ္စတာချန်လက်ထက်မှာတောင် အလုပ်လုပ်ခဲ့တယ်။ အခု မစ္စတာချန်က ကျွန်တော့်ကို မြင်ရင် ခေါင်းညိတ်ပြီး နှုတ်ဆက်နေတုန်းပဲ"
သူရည်ညွှန်းသော မစ္စတာချန်ဟူသည် သဘာဝအတိုင်းပင်ချန်ရှို့ဟဲဖြစ်သည်။ ဟွမ်ရှန်းယန်သည် မျက်လုံးများ တောက်ပြောင်လာကာ နားထောင်လျက် ပိုပို၍ မာန်တက်လာသည်။
ထိုအချိန်တွင် လူတစ်စုက ရှေ့က စင်မြင့်ပေါ်သို့ ဗန်းတစ်လုံးစီကိုင်၍ တက်လာကြသည်။ သို့သော်လည်း ဗူးခွံများအားလုံးကို အနီရောင်အ၀တ်ဖြင့် ဖုံးအုပ်ထားသောကြောင့် အောက်မှ အရာများကို မမြင်နိုင်ပေ။
ထို့နောက် ချန်ရုရှီထွက်လာခဲ့သည်။
သူမရောက်လာသောအခါ အခန်းထဲမှ လူများ အနည်းငယ် တုန်လှုပ်သွားသည်။
ဆွေကြီးမျိုးကြီးများ၏ အမွေဆက်ခံသူ အများအပြားသည် သူမရှေ့သို့ ထွက်လာကြ၏။
"မိန်းကလေးချန် မင်္ဂလာပါ"
"ရုရှီ၊ မင်္ဂလာပါ ညီမငယ်"
ဆက်တိုက် နှုတ်ခွန်းဆက်သံများ ထွက်ပေါ်လာသည်။ ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးကပင် စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်း၍ နှုတ်ဆက်၏။
“မိန်းကလေးချန် ဟဲလို”
သူတို့အတွက်ကတော့ ချန်ရုရှီသည် ၎င်းတို့ နှလုံးသားထဲမှ နတ်သမီးတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ ဟွမ်ရှန်းယန်သည် စင်ပေါ်မှာ ချန်ရုရှီကို မနာလိုစွာဖြင့် ကြည့်၍ တစ်နေ့တွင် သူမ ထိုအခြေအနေသို့ ရောက်နိုင်လျှင် မည်မျှ အံ့သြဖွယ်ကောင်းမည်ကို စဉ်းစားနေမိသည်။ သို့သော် ချန်ရုရှီသည် အောက်ဘက်ရှိ လူအုပ်ကို အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် လက်နှစ်ဖက်ကိုဘေးချလျက် တစ်ဖက်တွင် ရပ်လိုက်သည်။
ထိုအချိန်တွင် ချန်ရှို့ဟဲဖြည်းညှင်းစွာထလာသည်။
သူဝင်လာသောအခါ လူတိုင်း အမှန်ပင် စိတ်လှုပ်ရှားကုန်ကြသည်။ ဆန္ဒရှိသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လူအများက မတ်တပ်ရပ်၍ နှုတ်ဆက်ကြ၏။
"မင်္ဂလာပါ အကြီးအကဲချန်"
ချန်ရှို့ဟဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ အားလုံး၊ အားလုံးပဲ ထိုင်ပါ"
အားလုံးထိုင်ပြီးသောအခါ ချန်ရှို့ဟဲက အေးဆေးတည်ငြိမ်စွာပြောသည်။
"ဒီနေ့ ငါကြေညာချင်တဲ့ကိစ္စရှိလို့ ဒီလူအားလုံးကို ဖိတ်လိုက်တာပဲ။ ဒါပေမယ့်…”
ချန်ရှို့ဟဲက ခေတ္တရပ်လိုက်သည်။
"ဒါပေမယ့် ဒီကိစ္စကို ပြောဖို့ ကျုပ်က အရည်အချင်းမပြည့်မီတဲ့အတွက် လူကြီးလူကောင်းတစ်ယောက်ကို စင်ပေါ်ဖိတ်ခေါ်ချင်ပါတယ်"
စကားပြောပြီးနောက် ချန်ရှို့ဟဲသည်လည်း လက်နှစ်ဖက်ကို ဘေးချ၍ ဘေးနား၌ရပ်လိုက်သည်။ ပရိသတ်က ပထမဆုံး ထိတ်လန့်သွားကာ သံသယအပြည့်ဖြင့် အံ့သြစွာကြည့်နေကြသည်။
‘ဘယ်သူများလဲ’
ချန်ရှို့ဟဲထံမှ ထိုသို့သော လေးစားမှုကို မည်သူက ရနိုင်သနည်း။ ထိုအချိန်တွင် ရွှယ်အန်းမတ်တပ်ထရပ်လိုက်သည်။ သူ့လုပ်ရပ်က သူ့ပတ်ဝန်းကျင်က လူများ၏ အကြည့်များကို သူ့ဘက်သို့ လှည့်လာစေသည်။
“မစ္စတာရွှယ် ရှင်ဘာလုပ်နေတာလဲ" ချန်ရှောင်းယီက ကြောင်အလျက်မေးသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ငါ ရှေ့ကို ခဏလောက် သွားရမှာ"
ထိုအချိန်တွင် ဟွမ်ရှန်းယန်က ပြုံးလိုက်သည်။
“ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလဲ။ ရှင်ဘယ်ရောက်နေလဲဆိုတာရော သိရဲ့လား။ ထင်သလို လျှောက်သွားနေလို့ရလား။ ရှင့်လိုလူက ဘယ်လိုများဒီရောက်လာလဲလို့ တွေးနေမိတာ”
ချန်ရှောင်းယီက ဒေါသမထိန်းနိုင်တော့ဘဲ အော်လိုက်သည်။
"ဟွမ်ရှန်းယန်၊ လွန်မလာနဲ့”
ချန်ရှောင်းယီ၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းခြင်းသည် ဟွမ်ရှန်းယန်ကို စိတ်ရှုပ်စေကာ သူမက လှောင်ရယ်၏။
"ချန်ရှောင်းယီ၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့။ မင်းကိုပြောပြမယ် ဒီမစ္စတာရွှယ်က တကယ်…”
သူမ၏ စကားမဆုံးလိုက်ပေ။
ဟွမ်ရှန်းယန်သည် သူမကို စကာမဆက်မပြောနိုင်စေမည့် အရာတစ်ခုကို မြင်လိုက်ရ၏။ ရွှယ်အန်းသည် ရှေ့ဆုံးတန်းသို့ လျှောက်သွားကာ စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာတက်သွားသည်ကို သူမမြင်လိုက်ရသည်။
ဤလှုပ်ရှားမှုသည် ရှိနေသူတိုင်း၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်လိုက်၏။
ချန်ရှောင်းယီလည်း အေးခဲသွားသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် စင်မြင့်ရှေ့သို့ ရောက်ရှိလာကာ ချန်ရှို့ဟဲနှင့် ချန်ရုရှီတို့က သူ့ အနောက်မှ တလေးတစား ရပ်နေ၏။ ဟွမ်ရှန်းယန်သည် ထိတ်လန့်တကြားတိတ်ဆိတ်နေပြီးမှ ပြော၏။
“ဘုရားရေ ငါဘာတွေမြင်နေတာလဲ”
သို့သော် ထိုအချိန်တွင် ချန်ရှောင်းယီသည် ပြည်နယ်မြို့တော်၌ ရွှယ်အန်းဖန်တီးခဲ့သော အံ့ဖွယ်အမြောက်အမြားကို သတိရကာ ပြုံးလိုက်သည်။
ဤလူနှင့်အတူ၊ မည်သည့်အံ့ဖွယ်အမှုမဆိုဖြစ်နိုင်သည်။
ရွှယ်အန်းက စားပွဲပေါ် မှီ၍ ပရိသတ်ကို ကြည့်လိုက်သည်။
အခန်းသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
“လူတော်တော်များများက ငါဘယ်သူလဲဆိုတာ သိချင်နေကြတယ်”
"ငါ့ကိုမိတ်ဆက်ပါရစေ ငါ့နာမည် ရွှယ်အန်း"
‘ရွှယ်အန်းလား’
ဤနာမည်က လူအုပ်ကြားကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသည်။ ဟွမ်ရှန်းယန်အနားရှိ ကျက်သရေရှိသော ချမ်းသာသည့် ဒုတိယမျိုးဆက်က ထိတ်လန့်တကြား စင်မြင့်ကို လှမ်းကြည့်သည်။
"သူ...တကယ်တော့ သူက ရွှယ်အန်းလား"
"ဒီရွှယ်အန်းအရမ်းကြောက်ဖို့ကောင်းလား" ဟွမ်ရှန်းယန်က ဖြူဖျော့စွာ အသံခပ်တိုးတိုးဖြင့်မေး၏။
"ကြောက်စရာတင်ဟုတ်မလား ကျုံးတုရဲ့ ထိပ်တန်း ထိပ်တန်းမိသားစုတွေထဲက တစ်ခုဖြစ်တဲ့ အန်းမိသားစုကို သူ ခြေချခဲ့ပြီးပြီ၊ အဲ့တာက ကြောက်စရာမကောင်းဘူးလား ငါ့ကို ပြောကြည့်” သူဌေးကြီးက တုန်လှုပ်သော အသံဖြင့် ပြောသည်။
ဤအခိုက်အတန့်တွင် ဤမိုက်မဲသောမိန်းမနှင့် ပေါင်းသင်းမိခြင်းကြောင့် နောင်တနှင့်ပြည့်နေ၏။
ယခု သူပြီးသွားပြီဖြစ်သည်။
သူ ရွှယ်အန်းကို အမှန်ပင် လှောင်ပြောင်ခဲ့မိသလော။
သူပြောခဲ့သည့် စကားလုံးများကို တွေး၍ သူဌေးက တုန်လှုပ်နေသည်။
ဟွမ်ရှန်းယန်က ပို၍ပင် ဖြူဖျော့လာကာ ချန်ရှောင်းယီကို ပြုံးပြ၍ နောင်တရစွာပြော၏။
"ရှောင်းယီ... မင်း... မင်းငါ့ကို မစ္စတာရွှယ်ကို တောင်းပန်ဖို့ ကူညီပေးနိုင်မလား"
ချန်ရှောင်းယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ သူမကို ဂရုမစိုက်ပေ။ ထိုအချိန်တွင် ရွှယ်အန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်လိုက်ရာ လူအုပ်ကြီး တိတ်ဆိတ်သွားသဖြင့် ပြုံးလိုက်သည်။
“တော်တော်များများက ဒီသတင်းစာရှင်းလင်းပွဲကို ဘာကြောင့်ခေါ်ခဲ့တာလဲဆိုတာ သိချင်နေကြတယ်”
"ဒါက ရိုးရှင်းပါတယ်။ ကျွန်တော် တစ်ခုလုပ်နေတာပါ"
ထို့ အတူ ရွှယ်အန်းသည် ဗူးခွံများကို ဖုံးအုပ်ထားသော အနီရောင် အထည်ကို ဖယ်လိုက်သည်။ ဒါဇင်နှင့်ချီသော ပုလင်းလေးများက လူအုပ်ရှေ့၌ပေါ်လာကာ အလင်းရောင်အောက်၌ပင် စွဲမက်ဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်ပေး၍ လူတိုင်းကို မျက်စိစူးစေသည်။
‘အဲ့တာဘာလဲ’
‘ရေမွှေးလား’
လူများစွာက စိတ်ရှုပ်ထွေးနေကြသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒါ...ဒီနေ့ ခင်ဗျားတို့ကို ပြောပြမယ့် ဆေးပဲ၊ 'ကောင်းကင်ကံကြမ္မာ' က အနှစ်နှစ်ဆယ်ထိ အသက်ရှည်စေနိုင်တယ်"
ခန်းမတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားသည်။
‘သက်တမ်းကို အနှစ်နှစ်ဆယ်ထိ တိုးနိုင်တယ်ဟုတ်လား’
‘ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ယနေ့ခေတ် ဆေးပညာအရပင် အသက်ကြီးသူ၏ အသက်ကို တစ်နှစ်ထက်တစ်နှစ် သက်တမ်းတိုးနိုင်သည်ဟု မည်သူမျှ မပြောဝံ့ကြပေ။ သို့တိုင် ရွှယ်အန်းသည် ဤပုလင်းသေးသေးလေးမှ ရွှေဖျော့ဖျော့အရည်သည် အနှစ်နှစ်ဆယ်အထိ သက်တမ်းတိုးနိုင်သည်ဟု ဆိုနေ၏။
လူများစွာက ခေါင်းယမ်း၍ အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။
ရွှယ်အန်းတိတ်တဆိတ်ကြည့်နေသည်။
လူအုပ်ကြီး ငြိမ်သက်သွားသောအခါမှသာ သူကဆက်ပြော၏။
“လူတော်တော်များများ ဒါကို ယုံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ပြဿနာမရှိပါဘူး၊ ငါ့မှာ အတည်ပြုနိုင်တဲ့သူရှိတယ်”
ထို့ အတူ ကောင်းဝမ်ယင်လည်း စင်မြင့်ပေါ်သို့ တက်လာသည်။
"ဒါက နတ်ဆေးဆရာဝန်ကောင်း"
"သူဘာလို့လာတာလဲ"
ကောင်းဝမ်ယင်က ပရိသတ်ကို ပြုံးပြလိုက်သည်။
"လူကြီးမင်းတို့၊ ဒီနေ့ ကျုပ်ပြောချင်တာက မင်းမယုံရင် ကျုပ်ကိုကြည့်စမ်း"
ထိုအချိန်တွင် ယနေ့ကောင်းဝမ်ယင်သည် ယခင်နှင့်မတူသည်ကို လူအများသတိပြုမိခဲ့သည်။ ယခင် ကောင်းဝမ်ယင်သည် သူ့ကိုယ်သူ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသော်လည်း သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် အသက်အရွယ်အရ အသွင်အပြင်နှင့်ပတ်သက်၍ ကန့်သတ်ချက်များရှိနေဆဲဖြစ်သည်။
ယခုမူ သူသည် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးကဲ့သို့ စိတ်ဓာတ်တက်ကြွနေပုံရသည်။
လူများစွာက လှုပ်လှုပ်ရွရွဖြစ်လာသည်။ နောက်ဆုံးတွင် ကောင်းဝမ်ယင်သည် ကျုံးတုတွင် အလွန်နာမည်ကျော်ကြားသည်။
‘သူကတော့ လူတွေကို လှည့်စားလောက်မှာမဟုတ်ဘူး’
“ဒီ 'ကောင်းကင်ကံကြမ္မာ'က အသက်ကို ရှည်စေရုံသာမက၊ ထာဝရလည်း နုပျိုစေနိုင်တယ်”
ထိုစကားကြောင့် အမျိုးသမီးပရိသတ်များ၏ မျက်လုံးများ တောက်ပလာသည်။
အခန်း(၂၀၁) ကျုံးတုကို တုန်လှုပ်သွားစေတဲ့ အင်မော်တယ်ဆေးရည်
ထာဝရနုပျိုခြင်း၏ ဆွဲဆောင်မှုကို မည်သည့်အမျိုးသမီးမှ မခုခံနိုင်ပေ။ ရှိခဲ့လျှင်လည်း မိန်းမတစ်ယောက်မဟုတ်မည်မှာသေချာသည်။
ရွှယ်အန်း၏ စကားများသည် ကြီးမားသော ခံစားချက်ကို ဖြစ်စေသည်။
သို့တိုင် သံသယဝင်နေသူများလည်း ရှိသေးသည်။
ထိုအချိန်တွင် ရွှယ်အန်းက ချန်ရှောင်းယီကို ညွှန်ပြ၍ ခေါ်လိုက်သည်။
"မိန်းကလေးချန် ကျေးဇူးပြုပြီး ဒီကို လာခဲ့ပါ"
ချန်ရှောင်းယီလန့်သွား၏။
"ရှင် ကျွန်မကို ပြောနေတာလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချန်ရှောင်းယီမတ်တပ်ထရပ်ကာ ခေါင်းမော့လျက် စင်မြင့်ပေါ်သို့ တက်သွားသည်။
ဟွမ်ရှန်းယန်၏ မျက်လုံးများသည် မနာလိုစိတ်ဖြင့် တောက်လောင်နေသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ သူမလုပ်နိုင်သောအရာမရှိပေ။
သူမလုပ်နိုင်သမျှမှာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေခြင်းသာဖြစ်သည်။ ချန်ရှောင်းယီစင်ပေါ်တက်ပြီးသည်နှင့် ရွှယ်အန်းက သူမကို ပြုံးပြလိုက်၏။
"မိန်းကလေးချန် ဒီနေ့ ဒီ အင်မော်တယ်ဆေးကို စမ်းသုံးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်”
အသက်သုံးဆယ်ဝန်းကျင်ရှိ ချန်ရှောင်းယီသည် ပုံမှန်အားဖြင့် မိတ်ကပ်မလိမ်းဘဲ မကြာခဏ နောက်ကျထိ စာရေးနေလေ့ရှိသောကြောင့် သူမ၏အသားအရေသည် အလွန်ဆိုးရွား၍ သူမ၏ရုပ်ရည်မှာ အနည်းငယ်ရင့်ရော်နေသည်။
ချန်ရှောင်းယီမှင်တက်စွာကြည့်နေမိသည်။
ရွှယ်အန်းက ‘အင်မော်တယ်’ ဆေးရည်တစ်ပုလင်းကို သူမလက်ထဲသို့ ပေးသောအခါမှသာ ဖြစ်ပျက်နေသည်များကို သူမနားလည်သွားခဲ့သည်။
"ဒီပစ္စည်းက တော်တော်ဈေးကြီးတယ်မဟုတ်လား"
ရွှယ်အန်းက ခေါင်းညိတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ဆယ်သန်းကျော်လောက်ရှိမယ်”
ချန်ရှောင်းယီ၏လက်သည် တုန်ရီနေကာ ပုလင်းကို ပစ်ချလုနီးပါးဖြစ်သွားလျက် အံကြိတ်ကာ အင်မော်တယ်ဆေးရည်ကို သောက်ချလိုက်သည်။ ရွှယ်အန်းက တိတ်တဆိတ်ကြည့်နေသည်။
ဤအရာသည် ချန်ရှောင်းယီအတွက် လက်ဆောင်တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဤအင်မော်တယ်ဆေးရည်သည် အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်၍ ၎င်း၏အကျိုးသက်ရောက်မှုများ ပိုမိုမြန်ဆန်စွာ ထွက်ပေါ်လာမည်ဖြစ်သည်။
ငါးမိနစ်။
ချန်ရှောင်းယီက သူမမျက်လုံးတွေကို မှိတ်ထားလိုက်ကာ တစ်စုံတစ်ခုက ကွဲပြားနေသည်ကို ခံစားလိုက်ရသည်။ အောက်ခြေရှိ လူအုပ်ကြီးက တဖြည်းဖြည်း မငြိမ်မသက်ဖြစ်လာသည်။ ရွှယ်အန်းက လှည့်စားနေသည်ဟုထင်ကာ အနည်းငယ်လှောင်ပြောင်ခဲ့သူများက ကြည့်နေကြသည်။
ရွှယ်အန်းကို လိမ်လည်သူအဖြစ် ပြစ်တင်ရှုတ်ချရန် အဆင်သင့်ဖြစ်နေကြသော ဆေးဘက်ဆိုင်ရာနောက်ခံရှိသူ အနည်းငယ်ပင် ရှိသေးသည်။
ထိုအချိန်တွင် အံ့ဩဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်။ ချန်ရှောင်းယီ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားကာ သူမ၏ အသားရောင်သည်လည်း တောက်ပလာသည်။
ပိုလျှံနေသော အသားစများကို စုစည်းထားသည့် သူမ၏ ခန္ဓာကိုယ်သည်ပင် မျက်စိတစ်မှိတ်အတွင်း နုပျိုသန်စွမ်းမှုကို ပြန်လည်ရရှိလာခဲ့သည်။
ခဏအကြာတွင် အသက်သုံးဆယ်ကျော်ဟုထင်ရသော ချန်ရှောင်းယီသည် ယခုအချိန်တွင် သူမ၏ ငယ်ရွယ်နုပျိုသော အသက်ဆယ့်ရှစ်နှစ် ဒါမှမဟုတ် ဆယ့်ကိုးနှစ်သို့ ပြန်လည်ရောက်ရှိသွားသည်ထင်ရ၏။
ပရိသတ်က လုံးဝတိတ်ဆိတ်သွားသည်။ လူတိုင်းက မယုံမကြည်နိုင်ဖြစ်နေကြရာ အထူးသဖြင့် အမျိုးသမီးတိုင်းက အံ့အားသင့်နေကြသည်။
"ဘုရားရေ" နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးက ခပ်တိုးတိုး ဘုရားတ၏။
ထို့နောက် အခန်းတွင်းရှိ လေထုက ချက်ချင်းပင် တောက်လောင်လာသည်။
“မစ္စတာရွှယ်... ဒီအတွက် ဘယ်လောက်လဲ။ ဆယ်ဗူးလိုချင်တယ်" ချမ်းသာသော အဘွားအို တစ်ယောက်က လှမ်းအော်သည်။
“မစ္စတာရွှယ် မင်းရဲ့ထုတ်ကုန်ကို အရမ်းစိတ်ဝင်စားမိပါတယ်။ ကျွန်တော်တို့ ပူးပေါင်းဖို့ ဆွေးနွေးချင်တာမို့ ဒီမှာ ကျွန်တော့ရဲ့ လုပ်ငန်းကဒ်ပါ” မျက်မှန်တပ်ထားသည့် ဆေးဝါးကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက လေးစားစွာ ပြောခဲ့သည်။
“မစ္စတာရွှယ် မင်းရဲ့ကမ္ဘာ့အဆင့်မီနည်းပညာမှာ ဘေးထွက်ဆိုးကျိုးတွေရှိလားလို့ မေးလို့ရမလား" တစ်ယောက်ယောက်က လူတိုင်းရဲ့စိတ်ထဲတွင်ရှိနေသော မေးခွန်းကို ထုတ်မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းယမ်းလိုက်၏။
"လူတော်တော်များများက ဒါကို အံ့သြဖို့ ကောင်းတယ်လို့ထင်ကြပေမယ့် ဒီ ‘အင်မော်တယ်’ သောက်ဆေး... မှာ ဘေးထွက်ဆိုးကျိုးမရှိဘူး"
ထိုအချိန်တွင် အမျိုးသမီး အများအပြားသည် ရွှယ်အန်းကို အရှင်လတ်လတ် စားနိုင်လောက်သည့် အနေအထားဖြင့် ကြည့်နေကြသည်။
ထို့နောက် ရွှယ်အန်းက ပြုံး၍ ဆက်ပြော၏။
"ဒီနေ့ လူတိုင်း စမ်းသုံးကြည့်လို့ ရပါတယ်၊ ဒါပေမယ့် အဲဒါက တစ်လလောက်ပဲ ထိရောက်မှုရှိမှာပါ"
ဤသို့ပြော၍ ရွှယ်အန်းသည် ပြင်ဆင်ထားသော အစမ်းဗားရှင်းများကို ထုတ်ပေးလိုက်သည်။ အမျိုးသမီးများက စိတ်အားထက်သန်စွာယူ၍ မဆိုင်းမတွသောက်ကြသည်။
အချိန်အတန်ငယ်ကြာပြီးနောက် တစ်ချိန်က အသက်ကြီး၍ အဝလွန်နေသည့် ဤအမျိုးသမီးများအားလုံး သိသိသာသာ နုပျိုလာကြသည်။ ဤမြင်သာထင်သာသောအကျိုးသက်ရောက်မှုကြောင့် အချို့သော အမျိုးသမီးများသည် အစမ်းသုံးဗားရှင်းမျာကိုရရန်ပင် တိုးဝှေ့လာကြသည်။
တစ်ချိန်တည်းတွင် ရွှယ်အန်းနှင့် ကျောထောက်နောက်ခံပြုချန်မိသားစုကို စူးစိုက်စိုက်ကြည့်နေသော မျက်လုံးများက ပိုမိုဆိုးဝါးလာသည်။
နောက်ဆုံးတွင် ‘အင်မော်တယ်’ သောက်ဆေးသည် များပြားလှသော စည်းစိမ်ဥစ္စာများကို ကိုယ်စားပြုကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်းသိကြသဖြင့် မည်သူက မနာလိုမဖြစ်ဘဲနေကြလိမ့်မည်နည်း။
ရွှယ်အန်းသည် ထိုမြင်ကွင်းကို ကြည့်၍ ခပ်ပါးပါးပြုံးလိုက်သည်။
ဤအရာသည် သူလိုချင်သော အကျိုးသက်ရောက်မှု အတိအကျပင်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် ရွှယ်အန်းက သူ့အပေါ် မကျေမနပ် စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
သူက ခေါင်းကိုလှည့်၍ အဝေးကထိုင်နေသော ကျင်းရှို့ရုန်ကို ကြည့်လိုက်သည်။ ကျင်းရှို့ရုန်သည် ဤအခိုက်အတန့်တွင် တစ်ကိုယ်လုံးတုန်နေသည်။
သူမသည် အံကို တင်းတင်းကြိတ်ထား၏။ သူမသည် ငတုံးမဟုတ်သဖြင့် ဤအံ့ဖွယ်အမှုသည် ရွှယ်အန်းလုပ်နေခြင်းဖြစ်ကြောင်း ခန့်မှန်းမိသည်။
ဤသည်က မည်သည်ကို ဆိုလိုပါသနည်း။
ရွှယ်အန်းက သူ့ကို ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာစေရန် လုပ်နိုင်လောက်သော နည်းပညာတစ်ခုကို သူ့လက်ထဲ ဆုပ်ကိုင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤအရာကို ယခင်က တစ်ခါမျှ မပြခဲ့ဖူးပေ။
ဤသို့တွေး၍ ကျင်းရှို့ရုန်၏ နှလုံးသားတွင် ဒေါသများနှင့ နောင်တများရောထွေးလာသည်။
အကယ်၍သာ သူမသာ ထိုစဥ်က ထိုမျှ မတင်းကြပ်ခဲ့လျှင်၊ သူမသာ ပိုကောင်းခဲ့လျှင် …
အန်းယန်သည် မိသားစုကို ခွဲခွာသွားလိမ့်မည်မဟုတ်ပေ၊။ ဤနတ်ဘုရားနှင့်တူသောနည်းပညာသည် အန်းမိသားစုနှင့် သက်ဆိုင်လိမ့်မည်။
သို့သော် ယခုအရာအားလုံးနောက်ကျသွားပြီဖြစ်၏။
ကျင်းရှို့ရုန်သည် ရွှယ်အန်းကို ဒေါသနှင့် ခါးသီးစွာ ကြည့်နေခဲ့သည်။ ရွှယ်အန်းက ခေါင်းကို လှည့်လိုက်သောအခါမှသာ ကျင်းရှို့ရုန်၏ နှလုံးသားက ထိတ်လန့်မှုကြောင့် ခုန်ထွက်လုမတက်ဖြစ်သွားရသည်။
သူ့မျက်လုံးများသည် လျစ်လျူရှုမှုနှင့် ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စွမ်းအားကြီး ဧကရာဇ်မင်းက အပြစ်ရှိသောအရာကို စိစစ်နေသကဲ့သို့ပင်ထင်ရကာ ဤအရာက ကျင်းရှို့ရုန်၏ မျက်နှာကို ဖျော့တော့သွားစေသည်။
အတွင်းဇာတ်လမ်းကို သိသူများစွာက ပါးစပ်ဟ၍ တခစစ်ခစ်ရယ်နေကြသည်။
အန်းမိသားစုသည်… ယခုအခါတွင် လူအများ၏ ပါးစပ်ထဲ၌ ရယ်မောဖွယ် ဖြစ်လာခဲ့သည်။
“မစ္စတာရွှယ်၊ မင်း ဒီဟာကို ဘယ်အချိန်မှာ စရောင်းဖို့ စိတ်ကူးထားလဲ " ဤအရာက လူများအမေးများဆုံးမေးခွန်းဖြစ်သည်။
“ထုတ်လုပ်ရေးက စပြီးပြီ၊ ဘယ်တော့ရောင်းမလဲဆိုတော့… ဗိုလ်ချုပ်လင်းရဲ့ တိုက်ပွဲပြီးတဲ့အထိ စောင့်ကြရအောင်”
ရွှယ်အန်း၏ စကားများသည် လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ ရွှယ်အန်းက အလောင်းအစားလုပ်နေသကဲ့သို့ပင်ဖြစ်သည်။
ဗိုလ်ချုပ်လင်းနိုင်မည်ဟု လောင်းကြေးထပ်လိုက်ခြင်းဖြစ်၏။
သို့သော်လည်း လူစုလူဝေး၏ စိတ်အားထက်သန်မှု သို့မဟုတ် မနာလိုသောအကြည့်များကြားတွင် နူးညံ့သိမ်မွေ့၍ သန့်စင်လှပသော အမျိုးသမီးတစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ အဝေးမှ နားမလည်နိုင်သော အကြည့်များဖြင့် ရွှယ်အန်းကို ကြည့်နေသည်။
‘ရှင်က ဘယ်သူမို့လို့လဲ’
‘ငါ့အစ်ကိုကပြောတာတော့ ရှင်က အင်မော်တယ်လိုလူမျိုးတဲ့..ရွှယ်အန်း’
ထို့နောက် သတင်းစာရှင်းလင်းပွဲသည် တုန်လှုပ်ချောက်ချားစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ နောက်ဆက်တွဲသက်ရောက်မှုက ကျုံးတု ပြောင်းပြန်လှန်ပစ်လိုက်သည်။
ဤအံ့ဖွယ်အဓိပ္ပါယ်ကို လူတိုင်းနားလည်ကြသည်။ ထို့ကြောင့် ရွှယ်အန်းချန်မိသားစုထံ ပြန်ရောက်သောအခါ၊ ဖုန်းခေါ်ဆိုမှုများနှင့် ဖိတ်ကြားမှုများ၏ အောက်၌ နစ်မြုပ်သွားရ၏။
ဤသူများအားလုံးအတွက် ရွှယ်အန်းတွင် စကားသုံးလုံးသာကျန်သည်။
‘သူတို့ကို လုံးဝ လျစ်လျူရှု့ပါ’
ထို့နောက် သူ့မိန်းမနှင့် သမီးများကို အပြင်သို့ အပျော်ခေါ်သွားသည်။ ရွှယ်အန်းမှန်းဆထားသကဲ့သို့ပင် ဤအံ့ဖွယ်အမှုသည် လူတိုင်း၏စိတ်ကို နှိုးဆွပေးခဲ့ကာ မရေမတွက်နိုင်သော လောဘကြီးသောမျက်လုံးများက ယခု ချန်မိသားစုအပေါ်သို့ အာရုံစိုက်လာကြသည်။
ထိုအချိန်တွင် မိသားစုအတွင်း၌ အစေခံအားလုံးသည် အအေးဒဏ်ကြောင့် ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေသကဲ့သို့ တိတ်ဆိတ်နေကြသည်။ အသေးအဖွဲကိစ္စအတွက် ကျင်းရှို့ရုန်သည် အိမ်အကူလေးယောက်ကို အပြစ်ပေးခဲ့ပြီးဖြစ်သည်။ ယခုလည်း ဒေါသများ ပွက်ပွက်ဆူနေဆဲဖြစ်လျက် ကုလားထိုင်၌ ဝင်ထိုင်လိုက်သည်။
အန်းချန်က ဒေါသကို ဖြေဖျောက်ပေးလျက် ဒေါသတကြီးပြုံးသည်။
"ငါဘယ်လိုစိတ်ဖြေနိုင်မလဲ။ အဲ့တာက မူလကငါတို့ဟာဖြစ်ရမှာကို အခု ချန်မိသားစုအပိုင်ဖြစ်သွားပြီဆိုတော့ ဘယ်လို စိတ်မဆိုးဘဲနေရမလဲ” ကျင်းရှို့ရုန်၏ မျက်နှာသည် နာကြည်းမှုများ ပြည့်နှက်နေသည်။
အန်းချန်က ခေါင်းခါလိုက်သည်။
“အမေ၊ အခု သော့ချက်က ဗိုလ်ချုပ်ကြီး လင်းကို ရှုံးဖို့မျှော်လင့်ရမှာပဲ။ သူရှုံးရင် ရွှယ်အန်းက ကျောထောက်နောက်ခံမရှိသလို ချန်မိသားစု တစ်ခုတည်းက ဒီလောက် အာလူးပူပူကို ထိန်းထားနိုင်မှာ မဟုတ်ဘူး”
ကျင်းရှို့ရုန်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းဆိုလိုတာက..."
"သားတို့ အခုထိ စောင့်ကြည့်နေတယ်၊ ဒါပေမယ့် သေချာတာက တချို့လူတွေက တောင့်မခံနိုင်တော့ဘူး"
“ဒီလူဟာ အောင်မြင်ဖို့အတွက် ရက်စက်တတ်သူဖြစ်ရမယ်။ ရွှယ်အန်းက ငါ့သားကိုသတ်ပြီး အဖိုးတန်ရတနာတစ်ခုကို ကိုင်ထားတာမို့၊ ငါတို့ကို အကြင်နာကင်းတယ်ဆိုပြီး အဆိုးမဆိုသင့်ဘူး"
အန်းချန်ပြောခဲ့သကဲ့သို့ပင် ချီမိသားစုအတွင်း၌ ချီချုန်းရှန်က စားပွဲကို လက်ဖြင့် ရိုက်လျက် ဒေါသတကြီး ပြောနေသည်။