အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
အခန်း(၂၀၅) မဖြစ်နိုင်သော ဓားချက်
ဤသည်ကို ကြားသောအခါ ဘီးတပ်ကုလားထိုင်ပေါ်က ဝေရူလန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"မဖြစ်သင့်တဲ့ စတုတ္ထဓားချက်တစ်ခု ရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဝေ့ရူလန်က ကိုယ့်ဘာသာ ရေရွတ်၍ ပြောသည်။
ကောင်းကင်၊ မြေကြီးနှင့် လူဟူသည့် စည်းသုံးသွယ်ဓားသည် ခေတ်၏ အဆုံးစါန်သော သိုင်းအဖြစ်သတ်မှတ်ခံထားရသော ဗိုလ်ချုပ်လင်း၏ ကိုယ်ပိုင် သိုင်းကွက်ဖြစ်သည်။
သို့တိုင် နောက်ဆုံး မဖြစ်နိုင်သောဓားတစ်ခုအကြောင်း ကောလဟာလများ ရှိခဲ့သည်။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်လင်းသည် ယနေ့တွင် အမှန်တကယ်ပင် ယင်းကို အသုံးပြုခဲ့သည်။
ယင်းသာ မှန်လျှင် ဗိုလ်ချုပ်လင်းတွင် အမှန်တကယ်ပင် အနိုင်ရရန် အခွင့်အရေးရှိပေလိမ့်မည်။ ဝေရူလန်သည် နှလုံးသားကို တင်းတင်းကြပ်ကြပ်ခံစားလိုက်ရပြီးနောက် လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်လင်း၏ မီတာတစ်ရာအတွင်း၌ အရာအားလုံး ရပ်တန့်သွားသည်။
လေက ရပ်တန့်သွားသည်။ လေထဲတွင်လွင့်မျောနေသော ဓားချီလည်း ရပ်သွားသည်။
တကဲအုချီ ခီရိုခို၏ မျက်နှာပေါ် မှ အံ့အားသင့်နေသည့် အကြည့်များပင် အေးခဲသွားသည်။ ယင်းမှာ တစ်စုံတစ်ယောက်က ခေတ္တရပ်ရန်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ပင်ထင်ရ၏။ ဤဓားချက်တစ်ချက်၏ စွမ်းအားသည် တာအိုထံသို့ နီးကပ်လာကာ ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နှောက်ယှက်စပြုလာသည်။
ဘွန်း
ရုတ်တရက် ဓား၏အကွာအဝေးအတွင်းရှိ အရာအားလုံးသည် ဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ အဆတစ်ရာကျော် အရှိန်မြှင့်လာ၍ ပြင်းထန်စွာပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်သည် လူတိုင်းကို မီတာများစွာ နောက်သို့ လွင့်ထွက်စေ၍ ဗိုလ်ချုပ်လင်းသည် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော တကဲအုချီ ခီရိုခိုကို စိုက်ကြည့်လျက် အံကြိတ်ကာ ရပ်နေလိုက်သည်။
အရာအားလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားလေတော့သည်။
မီးခိုးများ မပျောက်သေးသော်လည်း အောင်ပွဲသေချာပြီဟု ယုံကြည်နေကြသော လူအများက ပြုံးလိုက်ကြသည်။ ဤမျှ ပြင်းထန်သော ဓားစွမ်းအင်အောက်တွင် ဤမျှလောက်ပြင်းထန်သော ဓားစွမ်းအားအောက်တွင် မည်သူမျှ မရှင်သန်နိုင်သောကြောင့်ပင်ဖြစ်သည်။
သို့သော်လည်း ဝေရူလန်၏ မျက်နှာသည် ရုတ်တရက် ပြာနှမ်းသွား၏။
"သူ... အစကနေ အဆုံးအထိ သူ့ဓားကို လုံးဝ မဆွဲထုတ်ရသေးဘူး"
ဤသည်မှာ ဝေရူလန် အကြောက်ဆုံးအချက်ဖြစ်သည်။ ဤဓားကိုအသုံးပြုရန် ဗိုလ်ချုပ်လင်း၏ အသက်စွန့်ပေးဆပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် တကဲအုချီ ခီရိုခိုသည် သူမ၏ နတ်ဆိုးဓားကို ဆွဲမထုတ်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်း ဟွာရှားမှ လူများက အောင်ပွဲသေချာပြီဟု တွေးနေကြသောအခိုက်အတန့်တွင် မီးခိုးများလွင့်စင်သွားသည်နှင့် ခေါင်းမှ ခြေအထိ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော တကဲအုချီ ခီရိုခိုကို မြင်လိုက်ရသည်။
"ဟီးဟီး” တကဲအုချီ ခီရိုခိုသည် မနှစ်မြို့ဖွယ် ထူးဆန်းသော ရယ်သံများဖြင့် အဆက်မပြတ်ရယ်မောနေသည်။
“ဗိုလ်ချုပ်လင်း၊ ငါ့ကိုသတ်ဖို့ ကြိုးစားရာမှာ ဒီဓားကို ကိုင်ဆောင်ဖို့ မင်းရဲ့ အရေးကြီးတဲ့ အနှစ်သာရ အားလုံးကို လောင်ကျွမ်းစေခဲ့တဲ့အတွက် မင်းကို ငါလေးစားတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီဓားဟာ ကြောက်မက်ဖွယ်ကောင်းပေမယ့် ငါ့ကိုသတ်လို့မရဘူး။ အကြောင်းကတော့…”
"ငါက ပြိုင်ဘက်ကင်း… အိုရိုချီနတ်ဆိုးပဲ"
မျက်နှာများအားလုံး တစ်ခဲနက် အရောင်ပြောင်းသွားသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်လင်းသည် မတ်တပ်ရပ်မနေနိုင်တော့ဘဲ သူ့ပုံစံက ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သည်။ဤအခိုက်အတန့်တွင် လူများစွာ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
"ဗိုလ်ချုပ်"
"ဗိုလ်ချုပ် နောက်ဆုတ်”
လူအုပ်ကြီး၏ အော်ဟစ်သံများကြားတွင် ဗိုလ်ချုပ်လင်းက ခေါင်းခါလိုက်သည်။
"ဟွာရှားမှာ တိုက်ပွဲမှာ ကျဆုံးတဲ့ ဗိုလ်ချုပ်ကြီး လင်းတစ်ယောက်ပဲရှိမယ်၊ ရှုံးနိမ့်မှုကို ဝန်ခံတဲ့ စစ်ဗိုလ်ချုပ် မရှိဘူး"
ထို့နောက် ဗိုလ်ချုပ်လင်းသည် သူမ၏တစ်ကိုယ်လုံးမှ နတ်ဆိုးမီးလျှံများ ထုတ်လွှတ်နေသော တကဲအုချီ ခီရိုခိုကို ကြည့်လိုက်သည်။
“စပြီ”
ထိုအချိန်တွင် အန်းရွှယ်က နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အလျင်စလို ချော့မော့ ဖားလျားသော အမူအရာမျိုးဖြင့် ချွဲပစ်စွာပြောလိုက်သည်။
"အမျိုးသမီး တကဲအုချီက တကယ့်ကို တုနှိုင်းမရ မြင့်မြတ်တဲ့ စွမ်းအားရှိတာပဲ။ အန်းမိသားစုက အရှင့်ကို လေးစားပါတယ်”
ဤစကားလုံးများထွက်ပေါ်လာပြီး မကြာမီတွင် လူများစွာ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
"အန်းမိသားစု၊ မင်းတို့က ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့"
“ဒါကို သစ္စာဖောက်တယ်လို့ ဘယ်လို ယူဆနိုင်မလဲ။ အရှင်မ တကဲအုချီရဲ့ ကျင့်ကြံရေးအဆင့်ကို ချီးကျူးပြီး ဂုဏ်ယူကြောင်း ပြောလိုက်ရုံပါပဲ”
တကဲအုချီ ခီရိုခိုက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ကောင်းတယ်။ ဟွာရှားမှာ ‘လမ်းကြောင်းကိုသိတဲ့သူက ပညာရှိဖြစ်တယ်’ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ကျန်တာ စိတ်ချပါ ငါမင်းကို စိတ်ပျက်အောင်မလုပ်ပါဘူး”
ထို့နောက်တွင် တကဲအုချီ ခီရိုခိုက ဗိုလ်ချုပ်လင်းကို ပြောလိုက်သည်။
"မင်းဟာ ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ၊ မင်းကို ပို့ဆောင်ပေးဖို့ ငါ့ရဲ့ နတ်ဆိုးဓားကို သုံးမယ်"
စကားပြောပြီးနောက် တကဲအုချီ ခီရိုခိုသည် သူမ၏ဓားကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်ရာ အပြည့်အ၀အစွပ်မထုတ်မီတွင်ပင် ကြီးမားလှသော နတ်ဆိုးရောင်ဝါ ကောင်းကင်သို့ တည့်တည့်တိုးဝင်သွားသည်။
မွန်းတည့်နေရောင်ခြည်ကိုပင် ပိတ်ဆို့သွား၏။ ကောင်းကင်တစ်ခုလုံး မှောင်ပိန်းသွားသကဲ့သို့ ထင်ရသည်။ လူတိုင်း ထိတ်လန့်သွားသည်။ ဗိုလ်ချုပ်လင်းက သက်ပြင်းချ၍ မျက်လုံးများကို မှိတ်လိုက်၏။
ရှုံးနိမ့်ခဲ့သည်မှာ အမှန်ပင် ရှုံးနိမ့်ခဲ့ပြီး ယခုအခါတွင် သူသည် တိုက်ပွဲဝင်ရန် ခွန်အားမရှိတော့ပေ။
ထိုအချိန်တွင် ဝေရူလန်က ခွးသက်စွာပြုံး၍ ခေါင်းခါလိုက်သည်။
"ဒီတိုက်ပွဲမှာ အောင်ပွဲခံရဖို့ ခက်မယ်လို့ ငါပြောခဲ့တယ်၊ တကယ်ဆို အံ့ဩစရာတော့ မရှိဘူး"
ထို့နောက် သူမသည် ရွှယ်အန်းကို လှမ်းကြည့်၍ စိတ်ထဲမှပြောလိုက်၏။
‘အခုရှင့်မှာ ပြောစရာမရှိတော့ဘူးမလား’
ဗိုလ်ချုပ်လင်း ကျဆုံးခြင်းနှင့်အတူ ချန်မိသားစုလည်း အင်အားနည်းသွားမည်မှာသေချာသည်။ ထိုအချိန်တွင် ကောင်းကင်ကံကြမ္မာကို ကိုင်ဆောင်ထားသည့်ရွှယ်အန်းသည် ကျုံးတုရှိ အမျိုးမျိုးသော မျိုးနွယ်စုများမှ ဆုတ်ဖြဲပစ်၍ ရနိုင်မည့် ခံနိုင်ရည်မရှိသော အဆီတစ်တုံးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် ရွှယ်အန်း၏ မျက်နှာထက်တွင် မည်သည့်ကြောက်လန့်ခြင်းအငွေ့အသက်မျှရှိမနေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် အထင်သေးမိသွား၏။
‘အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာတောင် အခြေအနေမှန်ကို မမြင်နိုင်သေးဘူး။ တကယ်ကို ဦးနှောက်မဲ့ အရူးတစ်ယောက်ပဲ’
သို့သော် ထိုခဏ၌ ရွှယ်အန်းသည် ရုတ်တရက် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"သေချင်နေတာပဲ”
ဝေရူလန်သည် ရွှယ်အန်း၏ ဆိုလိုရင်းကို နားမလည်သဖြင့် အံ့သြနေမိ၏။ ထိုစဥ် ရွှယ်အန်းက တောင်ပေါ်သို့ စတင်၍ တက်သွားသည်ကို မြင်လိုက်ရသည်။ သူ့လုပ်ရပ်ကြောင့် လူတိုင်း အာရုံစူးစိုက်လာကြ၏။
အချို့က ရွှယ်အန်းကို သိကြသော်လည်း သူမည်သို့ လုပ်ရန်ကြိုးစားနေသည်ကို မသိကြပေ။
ဝေရူလန်သည် ပို၍ပင် အံ့အားသင့်သွားကာ ခေါင်းကို ခါယမ်းလိုက်သည်။
“အစ်မ ဒီလူက အင်မော်တယ်လို့ အစ်မပြောခဲ့တဲ့လူလား”
သူမ၏လေသံတွင် လှောင်ပြောင်မှုအပြည့်ရှိသည်။ သူမ၏မျက်လုံးထဲတွင် ရွှယ်အန်းသည် ကိုယ့်သေတွင်းကိုယ်တူနေခြင်းဖြစ်၏။ ဝေ့ရူယန်သည်လည်း ရွှယ်အန်းက မည်သို့ လုပ်ရန် ရည်ရွယ်နေကြောင်းမသိသဖြင့် ထိတ်လန့်သွားသည်။
ဤအခိုက်အတန့်တွင် တကဲအုချီ ခီရိုခိုသည် တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိပြုမိကာ ခေါင်းကိုလှည့်၍ ကြည့်လိုက်သည်။
"ဟားဟား ကောင်လေး ဘာလုပ်နေတာလဲ။ သေချင်လို့လား”
ဗိုလ်ချုပ်လင်းသည်လည်း ရွှယ်အန်းကို သတိပြုမိကာ စိုးရိမ်တကြီးပြောလိုက်သည်။
“မစ္စတာရွှယ် နောက်ပြန်ဆုတ်ပါ။ ဒါက သူနဲ့ ကျုပ်ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ဆရာနဲ့ဘာမှမဆိုင်ပါဘူး”
ချီချုန်းရှန်နှင့် ကျင်းရှို့ရုန်တို့သည် တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စွာကြည့်နေကြသည်။ အကယ်၍ ရွှယ်အန်းသည် တကဲအုချီ ခီရိုခို၏လက်၌ သေဆုံးသွားပါက ပို၍ပင်ကောင်းပေလိမ့်မည်။
တကဲအုချီ ခီရိုခိုက တစ်စုံတစ်ခုကို ပြောရန် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ရွှယ်အန်းခေါင်းကို မော့လိုက်ရာ ဒေါသနှင့် လူသတ်ချင်စိတ်များ ပြည့်နေသော သူ့မျက်လုံးများကို မြင်လိုက်ရသည်။
"ကောင်းတယ် တကယ်တော့ မင်းပဲ။ ဟားဟား အောက်တန်းစားနတ်ဆိုး။ မင်း ဒီလိုလုပ်ရဲတာ မင်းတို့အားလုံး သေဖို့ ထိုက်တန်တယ်”
သူ့စကားက မည်သို့ဆိုလိုနေကြောင်းမသိကြသဖြင့် လူတိုင်း စိတ်ရှုပ်ထွေးကုန်ကြသည်။
တစ်ချိန်တည်း၌ပင်၊ ရွှယ်အန်းက ရုတ်တရက် မော့ကြည့်လိုက်ရာ ကောင်းကင်ယံသို့ လူသတ်ရောင်ဝါတစ်ခု ပျံ့လွင့်လာသည်။
ကောင်းကင်ကို ဖုံးကွယ်ထားခဲ့သော နတ်ဆိုးအငွေ့အသက်များ ပျောက်ကွယ်သွားရာ ဤနေရာ၌ ရှိနေသော လူများအားလုံး ထိတ်လန့်ကုန်ကြသည်။ ဝေ့ရူလန်၏ မျက်နှာသည်လည်း သိသိသာသာပြောင်းလဲသွားသည်။
ဝေရူလန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! ဒီ… ဒီရောင်ဝါ…”
ထိုအချိန်တွင် တကဲအုချီ ခီရိုခိုသည်လည်း ထိတ်လန့်စွာဖြင့် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ပြောဆိုလိုက်သည်။
“ဒီအရူးက ဘယ်ကလာတာလဲ…”
သူမ၏ စကားမဆုံးမီ၌ပင် ရွှယ်အန်း၏လက်သီးချက်က သူမ၏ မျက်နှာသို့ တည့်တည့်မှန်သွားသောကြောင့် ခေါင်းသည် တောင်မြေထဲသို့ နစ်ဝင်သွား၏။
အရှိန်က အလွန်လျင်မြန်လွန်းလှသဖြင့် ရွှယ်အန်း၏ လှုပ်ရှားမှုကို သူမမြင်လိုက်ရပေ။ ထို့နောက် ရွှယ်အန်းသည် အလွန်ပြင်းထန်၍ ဝိညာဉ်များကိုပင် အေးခဲသွားစေနိုင်သော နောက်ထပ် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။
ဘမ်း
မင်ဖုန်းတောင်တစ်ခုလုံး တုန်ခါသွားသည်။
မြေပြင်သည် ကြီးမားသော မီးတောင်ဝကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ တကဲအုချီ ခီရိုခို၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည်လည်း ပျော့ဖတ်ဖတ်ဖြစ်သွားပြီဖြစ်သည်။ သို့သော် ရွှယ်အန်းက ရပ်တန့်ခြင်းအလျင်းမရှိဘဲ လက်သီးကို အဆက်မပြတ် ထိုးသွင်းလိုက်၏။
သူက လက်သီးကို မြှောက်၍ နောက်ထပ်တစ်ကြိမ် ထိုးလိုက်သည်။ လူအားလုံးက ဤမြင်ကွင်းကို ကြည့်၍ အံ့သြလျက်ရှိကြသည်။
အင်အားနည်းသော ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံရှိသော လူအချို့၏ ခြေထောက်များသည် အဆက်မပြတ်တုန်ယင်လျက်ရှိသည်။
နောက်ဆုံးတွင် အနက်ရောင် စုတ်ပြဲနေသော အရိပ်တစ်ခုသည် တကဲအုချီ ခီရိုခို၏အလောင်းမှ လွင့်ထွက်သွားကာ လေထဲတွင် မတ်တပ်ရပ်လျက် ဒေါသတကြီး အော်လိုက်သည်။
“မင်းက ဘယ်သူလဲ ကောင်လေး။ မင်းဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်ရတာလဲ။"
ရွှယ်အန်းသည် လေထဲတွင် မြွေတစ်ကောင်၏ ခေါင်းဖြင့် အနက်ရောင် အရိပ်ကိုခေါင်းလှည့်၍ ကြည့်လိုက်သည်။
"ငါကဘာလို့တိုက်ခိုက်တာလဲဟုတ်လား။ ဟား၊ မင်းက ငါ့မိန်းမရဲ့ ကျင့်ကြံရေးအခြေကို စည်းပိတ်ထားပြီးတော့ အခု မင်း ငါ့ကို ဘာလို့ တိုက်ခိုက်တာလဲလို့ မေးရဲသေးတာလား…”
ရွှယ်အန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များထင်ဟပ်နေ၏။
အခန်း (၂၀၆) ဟွာရှားကို ကာကွယ်ပေးဖို့ပဲတောင်းဆိုတာပါ ဆရာ
“မင်းဇနီးရဲ့ ဝိညာဉ်ရင်းမြစ်တွေကို စည်းပိတ်ထားတယ်ဟုတ်လား” အိုရိုချီနတ်ဆိုးဟူခေါ်သော အရိပ်က မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်သည်။
"ဘာတွေလာရှုပ်နေတာလဲ။ မင်းက ငါ့ကို စော်ကားရဲတဲ့ အိုရိုချီနတ်ဆိုးဆိုတော့ သေဖို့သာပြင်ထားလိုက်တော့”
ဤသို့ပြောပြီးနောက် မြေပြင်ပေါ်၌ အသားပြားအဖြစ်ပြောင်းလဲသွားသော တကဲအုချီ ခီရိုခီက လျင်မြန်စွာအသက်ပြန်ရှင်လာရာ မျက်စိတစ်မှိတ်အတွင်း၌ပင် အကောင်းအတိုင်းပြန်ဖြစ်သွားသည်။ ထို့နောက် နတ်ဆိုးမီးတောက်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားကာ သူမ၏ မျက်လုံးများ အနက်ရောင်သို့ ပြန်ပြောင်း၍ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သွား၏။
"ကောင်လေး၊ ဒီနေ့ မင်းသေတဲ့နေ့ပဲ"
ထိုစကားများဖြင့် တကဲအုချီ ခီရိုခီသည် နောက်ဆုံးတွင် နတ်ဆိုးဓားကို ဆွဲထုတ်ခဲ့သည်။ နတ်ဆိုးမီးတောက် မြင့်တက်လာရာ မီတာတစ်ရာအချင်းဝက်အတွင်းတွင် အရာအားလုံးသည် ဤမျှကြီးမားသော ဖိအားကို မခံနိုင်တော့ဘဲ စတင်ပြိုကွဲစပြုလာသည်။
ဗိုလ်ချုပ်လင်း၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။ ဤ တကဲအုချီ ခီရိုခီသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က နာဂါစုကီ အိတိုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ဤကမ္ဘာမြေပြိုကျစေမည့် တွန်းအားကိုရင်ဆိုင်ရသော်လည်း ရွှယ်အန်းက တည်ငြိမ်မြဲတည်ငြိမ်နေသည်။
"အဆင့်နိမ့်နတ်ဆိုးတစ်ကောင်က ဒီ မသန်မစွမ်းခန္ဓာကိုယ်မှာတောင် အာချောင်နိုင်သေးတယ်ပေါ့”
ဤစကားများသည် တကဲအုချီ ခီရိုခီ၏မျက်နှာကို အလွန်ရုပ်ဆိုးသွားစေသည်။
"ကောင်လေး၊ မင်းအသေပဲ"
နတ်ဆိုးဓားသည် မီးဟုန်းဟုန်းတောက်ကာ ကောင်းကင်ယံထက်ကို ပြင်းထန်စွာ ဖြိုခွင်းလိုက်သကဲ့သို့ပင်ထင်ရ၏။ အဆုံးမရှိသော နတ်ဆိုးမီးတောက်များ လောင်မြိုက်လာသည်။ ဤကမ္ဘာဖြိုခွင်းနိုင်လောက်သော ဓားချက်ကြောင့် လူတိုင်း၏ မျက်နှာများ အရောင်ပြောင်းသွားကြသည်။ ဗိုလ်ချုပ်လင်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ ဒေါသတကြီး ခါးသက်စွာပြုံး၍ မျက်လုံးမှိတ်လိုက်သည်။
သူ့အမြင်တွင်ရွှယ်အန်းသည် သေလူသာဖြစ်သည်။
ဤဓားသည် အင်မော်တယ် အဆင့်ကို ကျော်လွန်၍ ရွှေအင်မော်တယ်တစ်ဝက်အဆင့်သို့ရောက်နေပြီဖြစ်၏။
ဝေရူလန်က မထန်းနိုင်တော့ဘဲ သက်ပြင်းခပ်တိုးတိုးချ၍ ခေါင်းငုံ့လိုက်သည်။
“ဝမ်းကွဲအစ်မ၊ သူက တော်တော်ကြောက်စရာကောင်းပေမယ့် ထင်ရာစိုင်းလွန်းတယ်။ သူ့မှာ အဲ့လို မလုပ်ခဲ့သင့်…”
သူမ၏ စကားမဆုံးလိုက်ခင်တွင် မျက်စိရှေ့၌ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာသည်။
ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာမြှောက်၍ ဓားကို ဖမ်းလိုက်သည်။ ထို့နောက် ရွှယ်အန်းကို ထိလိုက်သည်နှင့် အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်သော နတ်ဆိုးမီးတောက်က ရုတ်တရက် ရပ်တန့်သွား၏။ တကဲအုချီခီရိုခီ၏ မျက်လုံးများ ပေါက်ထွက်လုနီးပါး ပြူးကျယ်လာသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဤသည်မှာ နတ်ဆိုးဘုရား၏ စွမ်းအားဖြင့် သူမပြုလုပ်နိုင်သည့် အပြင်းထန်ဆုံး ဓားချက်ဖြစ်သည်။
‘ဒီလူက လွယ်လွယ်နဲ့ဖမ်းလိုက်တာလား’
ထိုအချိန်တွင် ရွှယ်အန်းသည် တကဲအုချီ ခီရိုခီကို မော့ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"မင်းကို ငါပြောပြီးပြီ မင်းဟာ အဆင့်နိမ့် နတ်ဆိုးဘုရားပဲ၊ မင်း နားမလည်သေးဘူးလား"
တကဲအုချီ ခီရိုခီက တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲတွင် လေးနက်ပြင်းထန်၍ အလွန်ဂုဏ်သိက္ခာရှိသော အငွေ့အသက်များ ရွှယ်အန်း၏ မျက်လုံးထဲတွင် တောက်ပလာသည်။ တကဲအုချီ ခီရိုခီ၏ တစ်ကိုယ်လုံး တုန်ခါနေကာ မျက်နှာသည်လည်း သေမင်းတမန်ကဲ့သို့ ဖျော့တော့တော့သာ ကျန်တော့သည်။
"အရှင်… အရှင်… အရှင်..."
“အင်း ငါပဲ”
ပတ်ဝန်းကျင်ရှိလူတိုင်း အံ့သြသွားသည်။
‘သူက ဘယ်သူလဲ’
သို့သော် ယခုအချိန်တွင်၊ တကဲအုချီ ခီရိုခီသည် ခုခံနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်တောင်းပန်လိုက်သည်။
“ဒါဆို ဒါ အရှင်ပေါ့။ အရှင့်ကို တကယ်သတိမထားလိုက်မိတဲ့အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ” ၊
ထို့နောက် တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
သူ၏ ကံကြမ္မာပေါ် ပုံအပ်ထားခဲ့သော ဗိုလ်ချုပ်လင်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်ရာ အလွန်အမင်း အံ့အားသင့်သွားသည်။
ဝေရူလန်သည် အလွန်အံ့အားသင့်လျက် ကြောင်အနေ၏။
‘သူဘယ်သူလဲ’
ဤဂျပန်နိုင်ငံ၏ နတ်ဆိုးကို အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့စေနိုင်ခဲ့သနည်း။
သို့သော် သေချာသောအရာတစ်ခုရှိသည်။
ရွှယ်အန်းသည် ဗိုလ်ချုပ်လင်းထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသ်ည။ ဗိုလ်ချုပ်လင်းက ရှုံးနိမ့်ခဲ့သော်လည်း ရွှယ်အန်းက သူ့ကို လွယ်လွယ်ကူကူ အနိုင်ယူခဲ့ကာ တကဲအုချီ ခီရိုခီပင် ဒူးထောက်ခဲ့ရသည်။
အစမှအဆုံး ဤမျှ မတုန်မလှုပ်ဖြစ်နေခဲ့ခြင်းမှာ အံ့သြဖွယ်မဟုတ်လှပေ။ သူသည် တစ်လျှောက်လုံးယုံကြည်မှုအပြည့်ရှိနေခဲ့၏။ သူ့ကို ဦးနှောက်မဲ့ မဆင်ခြင်တတ်သူဟု လှောင်ပြောင်ခဲ့မိသည်က အလွန်ရယ်ဖွယ်ကောင်းလှသည်။
ဤသို့တွေး၍ ဝေ့ရူလန် အလွန်ရှက်စိတ်ဝင်နေ၏။
အခြားသူများသည်လည်း အလွန်ထိတ်လန့်နေကြသည်။
အမူအရာများ သိသိသာသာပြောင်းလဲသွားသော ချီချုန်းရှန်နှင့် အန်း ရွှယ်တို့ အားလုံးတိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။
ရွှယ်အန်းသည် မြေပြင်ပေါ်တွင် တုန်လှုပ်နေသော တကဲအုချီ ခီရိုခီကို ငုံ့ကြည့်၍ ပြောလိုက်၏။
"မင်းရဲ့ တခြား ခန္ဓာကိုယ်တွေ ဘယ်မှာလဲ"
“အရှင် သူတို့အားလုံးကို ဂျပန်ပြည်ရဲ့ နေရာမျိုးစုံမှာ စည်းချထားပြီးပြီ” တကဲအုချီ ခီရိုခီက လေးလေးစားစား တုံ့ပြန်သည်။
ရွှယ်အန်း၏ မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များရှိနေသေးသည်။ ယခု သူအလွန်အမင်း ဒေါသထွက်ရသည့်အကြောင်းအရင်းမှာ တကဲအုချီ ခီရိုခီ၏ ရောင်ဝါသည် အန်းယန်၏ စည်းချိပ်နှင့် ဆင်တူနေသောကြောင့်ဖြစ်သည်။
ဤအရာက သူ့ကို ဒေါသပေါက်ကွဲစေခဲ့သည်။
မကြာသေးမီကပင် သူ၏ နတ်အာရုံအားဖြင့်၊ ဤအကြွင်းအကျန် အိုရိုချီခန္ဓာကိုယ်သည် ဤကိစ္စရပ်နှင့် ပတ်သက်၍ မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်းသိလိုက်ရသည်။ ထို့ကြောင့်ဖြစ်နိုင်ခြေတစ်ခုသာကျန်တော့သည်။
အိုရိုချီ၏ နောက်ထပ် ခန္ဓာကိုယ်တစ်ခုက လုပ်ခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ ဤအတွေးဖြင့် ရွှီအန်သည် တကဲအုချီ ခီရိုခီအနီးသို့ လျှောက်သွားသည်။ သူမ တကိုယ်လုံး တုန်ရီနေသော်လည်း မခုခံရဲပေ။ သူမ ခံစားမိသည့် ရောင်ဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် တစ်ချိန်က ကြုံတွေ့ခဲ့ရဘူးသော နတ်ဆိုးသခင်အိုရိုချီထက်ပင် အဆပေါင်းထောင်းသောင်းမက ပြင်းထန်သည်။
ရုတ်တရက် ရွှယ်အန်းက လက်ကိုဆန့်၍ တကဲအုချီ ခီရိုခီရဲ့ခေါင်းပေါ်သို့တင်၍ ဖိအားအနည်းငယ်ပေးလိုက်သည်။
ထို့နောက် အနက်ရောင်အရိပ်တစ်ခုကို ဆွဲထုတ်လိုက်၏။
"သက်ညှာပေးပါ အရှင် သက်ညှာပေးပါ။ ကျန်တဲ့ ခန္ဓာကိုယ်တွေရှာပေးနိုင်ပါတယ်” အရိပ်သဖွယ်ဖြစ်နေသော မြွေခေါင်းက တိုးညှင်းစွာအော်လိုက်သည်။
"မလိုပါဘူး" ရွှယ်အန်းက မသိချင်ယောင်ဆောင်ကာ သူ့လက်ဖြင့် ဖိထားသည်။
ဤသို့ဖြင့် အိုရိုချီ ဘုရားကျောင်းတွင် ကိုးကွယ်ထားသော နတ်ဆိုးသည် မီးခိုးများနှင့် တိမ်များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။
တကဲအုချီ ခီရိုခီ၏ ခန္ဓာကိုယ်သည်လည်း မသန်မစွမ်းဖြစ်သွားလျက် မြေပေါ်သို့ မေ့လဲသွားသည်။
တိုက်ပွဲကြီးပြီးဆုံးသွားပြီဖြစ်သည်။
ရွှယ်အန်းသည် ခေါင်းလှည့်၍ လူစုလူဝေးကို ကြည့်လိုက်ပြီးနောက် ဗိုလ်ချုပ်လင်းထံသို့လျှောက်သွားသည်။ ဗိုလ်ချုပ်လင်း၏ အရေပြားသည် ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှ လျော့တွဲကျနေသည်။ ရွှယ်အန်းကသူ့ကို လေးစားစွာကြည့်လိုက်သည်။ မည်သည့်အချိန်ဖြစ်စေကာမူ သေခြင်းတရားကို စိန်ခေါ်ဝံ့သောသူများသည် အမြဲတစေ လေးစားထိုက်သည်။
"ဗိုလ်ချုပ်၊ မင်းပြောစရာရှိသေးလား" ရွှယ်အန်းက ဘာသိဘာသာမေးလိုက်သည်။
ဗိုလ်ချုပ်လင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။
“ငါတို့ ဟွာရှားကို နိုင်ငံခြားနိုင်ငံတွေရဲ့ ဖိနှိပ်မှုကနေ ကာကွယ်ပေးဖို့ မင်းကို တောင်းဆိုချင်ပါတယ်”
လူအုပ်ကြားမှ ငိုသံများ ကြားလိုက်ရသည်။
သူကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်လင်းသည် ဟွာရှားအတွက် စိုးရိမ်ခဲ့သည်။
"စိတ်ချပါ ကျုပ်နဲ့အတူ ဟွာရှားက တည်မြဲနေမှာပါ”
"ဒီအာမခံချက်နဲ့ဆို ငါ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားနိုင်တယ်” ဗိုလ်ချုပ်လင်းသည် လေထဲသို့ အပိုင်းအစများအဖြစ်လွင့်မျောပျောက်ကွယ်သွားသည်။
မြေပြင်ပေါ်ရှိ အလင်းရောင်စီးမျောခြင်းဓားတစ်လတ်သာ သူဒီမှာရှိခဲ့၍ တိုက်ပွဲဝင်ခဲ့ကြောင်း သက်သေပြနေသည်။ ရွှယ်အန်းက ငုံ့ကြည့်၍ အလင်းတန်းဓားကို ကိုင်ကာ လူစုလူဝေးနောက်ဘက်သို့ ပြန်ကျုံ့သွားသောချီမိသားစုနှင့် အန်းမိသားစုဝင်များကို လှည့်ကြည့်လိုက်သည်။
"ကဲ မင်းတို့နဲ့ စာရင်းရှင်းဖို့ အချိန်ရောက်ပြီ”
ချီချုန်းရှန်လှည့်၍ ထွက်ပြေးသွားသည်။ ဤအခိုက်အတန့်တွင် သူသည် အကြောက်တရားနှင့် ပြည့်နှက်နေသည်။ ဤ ရွှယ်အန်းသည် နတ်ဆိုးဘုရားထက် ပို ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ရွှယ်အန်းက သူ့ကို တစ်ချက်မှပင်မကြည့်ဘဲ ဓားကို ခုတ်ပိုင်းလိုက်ရာ ဓားချီသည် ချီချုန်းရှန်ကို အပိုင်းပိုင်းခွဲ၍ စိတ်ဝိဉာဥ်ပင် လုံးလုံးလျားလျား ကြေမွသွားသည်။
ထို့နောက် ရွှယ်အန်းသည် မျက်နှာများက စာရွက်များကဲ့သို့ ဖြူဖွေးနေသော အန်းမိသားစုဝင်များကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
"အရင်ကပြောခဲ့တာကို မှတ်မိသေးလား"
မိသားစုဝင်များ တုန်လှုပ်သွားကြသည်။
"တစ်နေ့ ခင်ဗျားတို့ ကျုပ်ရှေ့မှာ ဒူးထောက်ပြီး သက်ညှာပေးဖို့ တောင်းပန်ရမယ်လို့ ပြောခဲ့ဖူးတယ်”
သူ့စကားများဆုံးပြီး ချက်ချင်းပင် အန်းရွှယ်နှင့် အန်းချန်တို့က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းနှင့် မြေကြီး အကြိမ်ကြိမ်တိုက်လိုက်ကြသည်။
"ရွှယ်... အရှင်၊ သနားတော်မူပါ။ အရှင်၊ သနားတော်မူပါ!”
အထူးသဖြင့် အန်းချန်က ဒူးထောက်လျက် ရှေ့သို့ အနည်းငယ်တိုးကာ ပြောလိုက်သည်။
"အရှင် ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒါက စုန်းမကြီးနဲ့ အန်းရွှယ် ရဲ့ လုပ်ရပ်တွေပဲ၊ သက်ညှာပေးဖို့ တောင်းပန်ပါတယ်”
ရွှယ်အန်းက သူ့ကို စိုက်ကြည့်နေသည်။
"မင်းနဲ့ဘာမှမဆိုင်ဘူးလား"
အန်းချန်က ခေါင်းညိတ်၍ အဆက်မပြတ်ဖြေ၏။
"မှန်ပါတယ် အရှင်၊ ဒါက ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး”
ထိုအချိန်တွင် သခင်မကြီးအန်းဖြစ်သည့် ကျင်းရှို့ရုန်သည် အန်းချန်၏ စကားကိုကြား၍ တစ်ကိုယ်လုံး တုန်ယင်လာကာ ဒေါသအလွန်ဖြစ်သွား၏။
“မင်း သစ္စာမရှိတဲ့သား… မင်း…”
"ဒူးထောက်”
ကျင်းရှို့ရုန်က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သော်လည်း မျက်နှာထက်တွင် မာနအရိပ်အယောင်များ ကျန်နေသေးသည်။
"ရွှယ်အန်း၊ မင်းငါ့ကို သတ်ရဲမယ်လို့ ငါမထင်ဘူး။ မင်းတကယ်လုပ်ရင် ယန်အာ မင်းကို တစ်သက်လုံးမုန်းသွားလိမ့်မယ်” ကျင်းရှို့ရုန်က ဒေါသအပြည့်ဖြင့် ပြောသည်။
သို့သော် ထိုအချိန်တွင် အေးစက်သောအသံတစ်ခု တောင်လမ်းကြောမှ ထွက်ပေါ်လာသည်။
"ရှင်မှားသွားပြီ။ ကျွန်မယောက်ျားကို ကျွန်မဘယ်တော့မှမုန်းမှာမဟုတ်ဘူး”
အခန်း(၂၀၇) ငါဂရုမစိုက်ဘူး
ဤသို့ပြော၍ အန်းယန်က တောင်ပေါ်သို့ တက်လာသည်။
သူမ ပေါ်လာသည်နှင့် တပြိုင်နက် အန်းချန်သည် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို မြင်လိုက်ရသကဲ့သို့ အမြန် အကူအညီတောင်း၏။
“ယန်အာ မြန်မြန်ကယ်ပါနော်၊ အိမ်မှာလုပ်နေတဲ့ကိစ္စတွေအကုန်လုံးက ငါနဲ့ဘာမှမဆိုင်ပါဘူး။ ငါဘာမှမလုပ်…”
သူစကားမဆုံးခင် ရွှယ်အန်းက သူ့ဓားကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ အန်းချန်၏ ဦးခေါင်းသည်
လေထဲသို့ပျံတက်၍ ပြောလက်စစကားများသည်လည်း လေထုအလယ်တွင်အဆုံးသတ်သွားသည်။
“…ခဲ့ပါဘူး”
ထို့နောက် သူ၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ ထိမှန်သွားရာ မျက်နှာထက်၌ ထိတ်လန့်မှုများဖြင့် ပြည့်နေဆဲဖြစ်သည်။
"တကယ်ဆူညံနေတာပဲ" ရွှယ်အန်းက ပြောပြီးနောက် အန်းယန်ကို ပြုံးရွှင်စွာလှမ်းကြည့်လိုက်သည်။
"မင်းဒီကို ဘယ်လိုရောက်လာတာလဲ"
အန်းယန်က ဆံပင်တွေကို နားရွက်တစ်ဖက်နောက်သို့ စုသိမ်း၍ တောက်ပစွာပြုံးလိုက်သည်။
“ရှင့်ကို စိတ်ပူလို့လာတွေ့တာလေ”
ရွှယ်အန်းက ခေါင်းညိတ်ကာ ကျင်းရှို့ရုန်နှင့် အန်းရွှယ်တို့ကို ဓားဖြင့် ချိန်လိုက်သည်။
“သူတို့…”
အန်းယန်က ခေါင်းငုံ့က ပြတ်သားစွာဖြင့် ပြော၏။
"ကျုံးတုမှာ တိုင်းတစ်ပါးရန်သူတွေဆီ ခိုလှိုမယ့် အန်းမိသားစုဆိုတာ မရှိဘူး”
ဤစကားများ ထွက်ပေါ်လာသောအခါ ကျင်းရှို့ရုန်ထံမှ ဆီးနံ့များပျံ့လွင့်လာ၍ ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"ယန်အာ ငါမှားမှန်းသိပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါ" ကျင်းရှို့ရုန်က စိတ်ပျက်အားငယ်စွာဖြင့် တောင်းပန်လိုက်သည်။
အန်းယန်က သူမကို တစ်ချက်ကြည့်၍ ကြမ်းပြင်သို့ အကြည့်လွှဲလိုက်သည်။
“အဘွား ခရီးမှာ အေးဆေးအနားယူပါ”
အန်းယန်၏ စကားအဆုံးသတ်သည်နှင့်ရွှယ်အန်းက ဓားဖြင့် ထိုးလိုက်သည်။
ကျင်းရှို့ရုန်နှင့် အန်းရွှယ် နှစ်ဦးစလုံး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားရသည်။ နေရာအနှံ့သို့ သွေးများ ဖြာထွက်ကာ အလောင်းများသည်လည်း မြေပြင်ပေါ်သို့ လဲကျသွား၏။
ဤနည်းဖြင့် အန်းမိသားစု၏ ခေါင်းကြီးပိုင်းများသည် မီးခိုးငွေ့များသဖွယ်ပျောက်ကွယ်သွားသည်။
အန်းယန်၏ မျက်နှာထက်၌ ရှုပ်ထွေးသောအမူအရာအချို့ပေါ်လာသည်။ ထို့နောက် ရွှယ်အန်းက လက်ကို အန်ယန်၏ ပခုံးတစ်ဝိုက်တွင် ယှက်သိုင်း၍ ခပ်တိုးတိုးပြောလိုက်သည်။
“ကောင်းပြီ။ သူတို့က သေဖို့ထက် ပိုထိုက်တန်တယ်။ ထပ်မတွေးနဲ့တော့။ နောက်ရက်အနည်းငယ်ကြာရင် ကိုယ်တို့ ဂျပန်သွားရအောင်”
“ဟမ် ဘာလို့ ဂျပန်သွားရမှာလဲ”
“ဘာလို့လဲဆိုတော့… မင်းရဲ့ စည်းချိပ်ဖယ်ဖို့ နည်းလမ်းရှာလို့ရရင် ရနိုင်တယ်”
ထိုအချိန်တွင် သတိလစ်သွားသော တကဲအုချီ ခီရိုခိုသည် အသိပြန်ဝင်လာကာ သူမ၏ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါတွင် ကြောက်ရွံ့ထိတ်လန့်မှုအပြည့်နှင့် ကြည့်နေသည်။
ရွှယ်အန်းက အနည်းငယ်ပြုံးကာ သူမအနားသို့တိုးသွားလိုက်သည်။
"မင်္ဂလာပါ ဂျပန်ပြည်ရဲ့မင်းသမီး ဟိုင်းဒေါင်”
တကဲအုချီခီရိုခို၏မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုများ တဖြည်းဖြည်း မှိန်ဖျော့သွားကာ ရွှယ်အန်းကို လေးစားစွာကြည့်နေသည်။ သူမ၏အသိစိတ်သည် ထောင့်တစ်နေရာတွင်သာ ခွေနေနိုင်သော်လည်း နတ်ဆိုး၏ သိမ်းပိုက်ခြင်းကိုခံရပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။
အပြင်လောက၌ ဖြစ်ပျက်နေသမျှကို သူမ ခံစားနိုင်သေးသည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ မြင်ဖူးသည်။
"သခင်လေး" တကဲအုချီ ခီရိုခိုက အလွန် စံပုံစံကျသော ဟွာရှားဘာသာစကားဖြင့် ပြောသည်။
"မကြောက်ပါနဲ့ အိမ်ပြန်ပို့ပေးမယ်"
ရွှယ်အန်း၏ နွေးထွေးသော အပြုံးသည် တကဲအုချီခီရိုခိုကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။
ထိုအချိန်တွင် ဝေ့ရူယ်နသည် သူမ၏ ဝမ်းကွဲကို တွန်းလိုက်၏။
“မစ္စတာရွှယ် ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ အမြင်ကျဉ်းတယ်၊ နုံအတယ်၊ ရှင် ကျွန်မကိုခွင့်လွှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်" ဝေ့ရူလန်က စိတ်အားထက်သန်စွာ တောင်းပန်လိုက်သည်။
သူမသည် အလွန်ရိုးရှင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အမှားလုပ်မိသည့်အခါ သဘာဝအတိုင်း တောင်းပန်သည်။ ရွှယ်အန်းသည် သဘောတူသည်မဟုတ် မတူသည်မဟုတ်သော အပြုံးတစ်ခု ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“မစ္စတာရွှယ် ရှင်ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ" ဝေ့ရူလန်သည် ရွှယ်အန်းကို အလွန်စိတ်ဝင်စားနေပြီဖြစ်သည်။
"အရင်က အကြွေးတွေ လိုက်စုမလို့”
ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် လူစုလူဝေး၏ အမျိုးမျိုးသောအမူအရာများကို လှည့်ကြည့်လိုက်သည်။
“ဗိုလ်ချုပ် သေသွားပြီ။ အခုကစပြီး ဟွာရှားမှာ ငါရှိတယ်။ ဒါကိုလက်မခံတဲ့သူက ဒီတောင်လိုဖြစ်ပါစေ”
ဤသို့ပြော၍ ရွှယ်အန်းက သူ့ဓားကို မြှောက်လိုက်သည်။ ကြီးမားလှသော ဓားတစ်လက်သည် ကောင်းကင်ဆီသို့ လွင့်ပျံလာပြီးနောက် ပြင်းထန်စွာ ခုတ်ပိုင်းကျလာသည်။
ဘမ်း
ဓားသည် မင်ဖုန်းတောင်ကို နှစ်ပိုင်း တိုက်ရိုက်ပိုင်းချလိုက်ရာ ဓား၏ လက်ကျန် စွမ်းအားက မင်ဖုန်းတောင်ခြေရှိ မြစ်ငယ်တစ်စင်းကို ဖြတ်တောက်ပစ်လိုက်၏။
ဤကမ္ဘာဖြိုခွင်းသော ဓား၏ ထိုးနှက်ချက်သည် မြင်သူတိုင်းကို ထိတ်လန့်စေသည်။ ဝေရူလန်သာလျှင် သူမ၏ ယင်းကို စွဲမက်ဖွယ်မက်လုံးများဖြင့် ကြည့်နေ၏။ အသည်မှာ ပြတ်သား၍ စစ်မှန်သော ယောက်ျားတစ်ယောက်၏ ရုပ်သွင်လက္ခဏာဖြစ်သည်။ ထို့နောက် ရွှယ်အန်းက အန်းယန်နှင့်အတူ တောင်ပေါ်မှ ထွက်သွား၏။
ဝေ့ရူလန်သည် ရွှယ်အန်း၏ နောက်ကျောကို ငေးကြည့်လျက် အစ်မဖြစ်သူကို ပြောလိုက်သည်။
"အစ်မပြောတာ မှန်ပါတယ်၊ သူက တကယ်ကိုအင်မော်တယ်တစ်ယောက်အတိုင်းပဲ”
ဝေရူယန်က သက်ပြင်းအနည်းငယ်ချကာ စိတ်ရှုပ်ထွေးသော အမူအရာဖြင့်စကားတစ်ခွန်းမျှမပြောပေ။ ယခု ရွှယ်အန်းသည် ဂျပန်သို့ ချက်ခြင်း သွားနိုင်ရန် ဆန္ဒရှိကာ စည်းချိပ်ကို တတ်နိုင်သမျှ သူ့ဇနီးထံမှ အမြန်ဆုံး ရုတ်သိမ်းချင်နေသည်။ သို့သော် မထွက်ခင်တွင် မပြီးစီးသေးသော လုပ်ငန်းကိစ္စများကို ဂရုစိုက်ရပေဦးမည်ဖြစ်သည်။
အိုရိုချီ၏ အသိစိတ်၏ ပျက်ဆီးနေသော ခန္ဓာကိုယ်များနှင့်ပတ်သက်၍ ချက်အလက်များစွာ ရရှိခဲ့သော်လည်း များစွာလိုအပ်သေးသည်။ ဂျပန်နိုင်ငံတွင် လျှို့ဝှက်နတ်ကွန်းများစွာရှိသည်။ ပျက်စီးနေသော ခန္ဓာကိုယ်များအားလုံးကို မည်သည့်နေရာတွင် ဝှက်ထားလိမ့်မည်ဟု မည်သူက သိမည်နည်း။
ကိုင်တွယ်ဖြေရှင်းရန် ဒေသဆိုင်ရာတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုများစွာ လိုအပ်နေပုံရသည်။
သို့သော် ဤ တကဲအုချီ ခီရိုခိုသည်….
ရွှယ်အန်းသည် သူ့နောက်မှ ကောင်မလေးကို ကြည့်လိုက်သည်။
ဤအမျိုးသမီးသည် ဂျပန်ပြည် တာအိုကျင့်ကြံသူမိသားစုဝင်ဖြစ်ခဲ့သော်လည်း မိသားစုက သူမကို တန်ဖိုးမထားခဲ့ပေ။
ရွှယ်အန်းသွားလည်ခဲ့သည့် ပထမဆုံးနေရာသည် ချီမိသားစုဖြစ်သည်။
မူလက ချီချန်ကောသည် နတ်ဆိုးသခင်ကို ဆရာတင်၍ ရွှယ်အန်းကို အန္တရာယ်ပြုစေချင်ခဲ့သော်လည်း ရွှယ်အန်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်။ သို့သော်လည်း ရွှယ်အန်းသည် သတ်ပစ်ရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် မမျှော်လင့်ဘဲ၊ ချီချုန်းရှန်သည် ဂျပန်မှလူများနှင့် လျှို့ဝှက်ပူးပေါင်းခဲ့ကာ ကိုယ့်သေတွင်းကိုယ် တူးခဲ့သည်။
ရွှယ်အန်းသည် ချီမိသားစု၏ အရှေ့ဘက်တံခါးသို့ ရောက်ရှိလာကာ ခေါင်းမော့၍ ဝင်လိုက်သည်။
"သမင်း ဘာလုပ်နေတာလဲ" လုံခြုံရေးအစောင့်တစ်ယောက်က သူ့ကို တားရန် ပြေးသွားသည်။
ရွှယ်အန်းက ထိုသူများကို ကြည့်လိုက်ရာ ၎င်းတို့အားလုံး နေရာ၌ပင် တောင့်တင်းသွားကြသည်။ ရှ
ရွှယ်အန်းသည် ချီမိသားစု ထဲသို့ ဝင်ရောက်လာကာ ဘာသိဘာသာ ပြောလိုက်၏။
"ချီမိသားစုဝင်တွေ အခုပဲ မင်းတို့ သေမင်းကို လာတွေ့ကြ”
သူ့အသံက ချီမိသားစုတစ်ခုလုံး ပျံ့နှံ့သွား၍ ခဏအကြာတွင် ခြံအနောက်ဘက်မှ ဒေါသတကြီး အသံထွက်လာသည်။
"ချီမိသားစုမှာ ပြဿနာဖန်တီးဖို့ ဘယ်အရူးက သတ္တိရှိလဲ"
ဤသို့ပြော၍ အကြီးအကဲတစ်ဦးသည် ရွှယ်အန်းဆီသို့ တိုက်ရိုက် ခုန်ဆင်းကာ တိုက်ခိုက်ခဲ့သည်။ ရွှယ်အန်းသည် မျက်တောင်မခတ်ဘဲ ပြန်လည် ခုခံလိုက်သည်။
“ဆန်ကုန်မြေလေး”
တစ်ချိန်က ကြီးကျယ်ခမ်းနားသော ကောင်းကင်လူသားအဆင့်မှ ကျွမ်းကျင်သူသည် ကြီးမားသောအမြောက်ဖြင့် ထိမှန်သွားသကဲ့သို့ ဖုန်မှုန့်တိမ်တိုက်အဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ဤမြင်ကွင်းသည် ချီမိသားစု၏ ချဉ်းကပ်လာသူများကို အတိုင်းအတာတစ်ခုအထိ ထိတ်လန့်သွားစေခဲ့သည်။
"ဘယ်သူလဲ...မင်းကဘယ်သူလဲ။ မင်း ငါတို့ ချီမိသားစုကို ဘာလို့ လာတာလဲ။” ချီမိသားစု၏တရားဝင်ဌာနခွဲမှ အကြီးအကဲတစ်ဦးက တုန်တုန်ယင်ယင်မေးသည်။
"ငါ့နာမည် ရွှယ်အန်းပါ"
“ရွှယ်အန်း”
လူအုပ်၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
"မင်းတို့ရဲ့ မိသားစုခေါင်းဆောင်က မင်းတို့ကို တစ်ဖက်ကမ်းမှာ စောင့်နေတာဆိုတော့ မင်းတို့ချီမိသားစုကို ပို့ဆောင်ပေးဖို့ ငါလာပြီ”
ချီမိသားစုမှ အကြီးအကဲ အများအပြားသည် ဖျော့တော့ကာ ထွက်ပြေးရန် ကြိုးစားကြသည်။ ရွှယ်အန်းက ခေါင်းယမ်း၍ သူ၏ အလင်းရောင်စီးမျောခြင်းဓားကို ပေါ့ပါးညင်သာစွာ လှန်လိုက်သည်။
ဖြတ်သွားသော ဓားချီအောက်တွင် ချီမိသားစုမှ အဖွဲ့ဝင်များအားလုံး သေဆုံးသွားခဲ့သည်။
ထို့နောက် ရွှယ်အန်းသည် အတွင်းအိမ်ဆီသို့ လှမ်းကြည့်လိုက်၏။
"အခုထွက်လာခဲ့"
ချီဝေ့ယန်သည် ဖြူဖျော့သော မျက်နှာဖြင့် ထွက်လာသည်။
"ဘာလို့မပြေးတာလဲ"
ချီဝေ့ယန်၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေ၏။
"ဘာလို့ပြေးရမှာလဲ။ ရွှယ်အန်း၊ ရှင့်ကို ကျွန်မမေးမယ်၊ ရှင် ကျွန်မရဲ့ ချီမိသားစုကို ဘာလို့ သုတ်သင်ခဲ့တာလဲ”
"မင်းရဲ့ ချီမိသားစုဟာ တိုင်းတစ်ပါးရန်သူတွေနဲ့ ပူးပေါင်းတဲ့အတွက် မင်းတို့က သေသင့်တာထက်ပိုတယ်။ ပြီးတော့…”
"မင်းရဲ့ ချီမိသားစု တစ်ခုလုံးကို ငါ ရှင်းပစ်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဥပမာ ငါ မင်းကို မသတ်ချင်ဘူး"
ချီဝေ့ယန်အံ့အားသင့်သွားသည်။
"ရှင်… ရှင် ကျွန်မကို မသတ်ဘူးလား။ အနာဂါ့တ်မှာ ကျွန်မ လက်စားချေမှာ မကြောက်ဘူးလား”
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“အသက်နဲ့ သေခြင်းက ငါ့လက်ထဲမှာ ရှိတယ်။ မင်းဘာအမှားမှမလုပ်ထားတာကို ငါက ဘာလို့ သတ်ရမှာလဲ”
“ငါ ဂရုမစိုက်ဘူး”
ရွှယ်အန်းသည် စကားပြောပြီးသည်နှင့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ချီဝေ့ယန်သည် နှစ်များအတွင်း ချီမိသားစု၏ လုပ်ရပ်များကို ကောင်းစွာမသိခဲ့ပေ။ ထို့ကြောင့် သေသင့်သည်ထက် ပိုသည်ဟု ရွှယ်အန်း၏ပြောဆိုချက်နှင့်ပတ်သက်၍ သူမ နှုတ်ဆိတ်နေရုံသာတတ်နိုင်ခဲ့သည်။။
အထူးသဖြင့် ထိုအချိန်မှစ၍ သူမ၏ဖခင် ချီချုန်းရှန်သည် နိုင်ငံခြားရန်သူနှင့် အမှန်တကယ်ပူးပေါင်းခဲ့ကာ ကြီးလေးသောပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သည်။
ဤအတွေးဖြင့် ချီဝေ့ယန်က နှလုံးသားထဲ၌ ဖော်မပြနိုင်သော ခံစားချက်များကို သယ်ဆောင်လျက် သက်ပြင်းချလိုက်သည်။