အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း(၂၀၈) ဂျပန်နိုင်ငံသို့ ဦးတည်ခြင်း
အန်းမိသားစု။
အန်းယင်နှင့် အန်းမင်သည် သတင်းကြားသည်နှင့် ဖြူဖျော့သွားသည် ။
“အစ်ကို၊ ငါတို့ ဘာလုပ်ရမလဲ။ ငါတို့ ပြေးရမှာလား"
"ပြေးမယ်ဟုတ်လား” အန်းယင်က ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
“မင်း သူ့ကို ဖုံးကွယ်ထားနိုင်တဲ့ ကမ္ဘာပေါ်မှာ ဘယ်နေရာမဆို ရှိတယ်လို့ မင်းထင်လား။ ဒီအခြေအနေ တစ်ခုလုံးဟာ မျိုးဆက်ဟောင်းတွေရဲ့ မိုက်မဲမှုကြောင့် စတင်ခဲ့တာပါ၊ ဒါကို ဆန့်ကျင်ဖို့ အကြိမ်ကြိမ် အကြံပေးခဲ့ပေမယ့် ဘယ်သူမှ နားမထောင်ဘူး”
အန်းမင်က တုန်တုန်ယင်ယင်ဖြင့် ပြော၏။
“ဒါဆို ငါတို့ ဘာလုပ်ရမလဲ”
"ခဏစောင့်၊ မကြာခင် သူရောက်လာလိမ့်မယ်ထင်တယ်”
မျှော်လင့်ထားသည့်အတိုင်း။
ညနေစောင်းတွင် ရွှယ်အန်း၊ အန်ယန်နှင့် အန်းချင်တို့သည် အန်မိသားစုနေထိုင်ရာသို့ ရောက်ရှိလာသည်။ အန်မိသားစု၏ ကြီးမားသော တံခါးများကို ကြည့်လိုက်ရာ အန်ယန်၏ အမူအရာမှာ ရှုပ်ထွေးနေသည်။
အန်းချင်ကမူ စိတ်ပျက်လက်ပျက်ဖြင့်ဖြစ်နေ၏။ တကယ်တမ်းတွင် ဗိုလ်ချုပ်လင်း ကွယ်လွန်သွားခြင်းသည် တပ်မတော်သားများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ပြီ။
ဘမ်း
ကြီးမားသော ဇိမ်ခံတံခါးကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားသည်။ အမှုန်အမွှားများ တက်လာ၍ ဧရိယာတစ်ခုလုံး တုန်ခါသွားသည်။
"မိန်းမ၊ မင်း ဒီတံခါးကို မကြိုက်မှန်း ငါသိတယ်၊ ဒါကြောင့် မင်းအတွက် ဖျက်ဆီးပစ်လိုက်တာ”
သူပြောနေစဥ် အန်းယင်နှင့် အခြားသူများပြေးထွက်လာကြသည်။
“မစ္စတာရွှယ်” အန်းယန်က ရွှယ်အန်းကို တွေ့သည်နှင့်ပြော၏။
ရွှယ်အန်းသည် အန်းယင်ကို ကြည့်လိုက်သည်။
‘ဒီချာတိတ်က သူ့ကို အစပိုင်းမှာ အကောင်းမြင်ပေးတယ်’
ထို့ကြောင့် သူက ပြုံးကာပြော၏။
“ခဲအိုလို့ပဲခေါ်ပါ”
ဤသည်ကို ကြားပြီးနောက် အန်းယင်၏ အမူအရာ အနည်းငယ်ပြောင်းသွားသည်။
“အစ်ကို…”
"ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ ငါက သွေးဆာနေတဲ့လူမဟုတ်ဘူး" ရွှယ်အန်းကပြော၍ ဖြူဖျော့နေသည့် အန်းမင်ကို ကြည့်၍ ပြောလိုက်သည်။
အန်းမင်က ရွှယ်အန်းကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်ကြောက်လန့်၍ ခြေထောက်များတုန်ယင်နေသည်။
"ခဲ… ခဲအို"
ရွှယ်အန်းမျက်မှောင်ကြုတ်လိုက်သည်။
ဤအမျိုးသမီးသည် အန်းယန်ကို လှောင်ပြောင်၍ မိုက်မဲစွာ ပြုမူခဲ့သည်။ ရွှယ်အန်းသည် သူမကို အလွန် အမြင်မကြည်လှပေ။
"ခဲအို၊ ခဲအို၊ ကျွန်မမှားမှန်းသိပါတယ်။ ဟိုတုန်းက မသိနားမလည်ခဲ့တာပါ၊ အခွင့်အရေးပေးပါ၊ ကတိပေးပါတယ်... " ရွှယ်အန်း၏စက်ဆုပ်ရွံရှာပုံကို သတိပြုမိပုံရပြီးနောက် အန်းမင်က မျက်ရည်များဝဲကာပြော၏။
ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
"လုံလောက်ပြီ"
ထို့နောက် သူသည် အန်ယန်နှင့် အခြားလူများကို အထဲသို့ ခေါ်သွားခဲ့သည်။ အန်းမင်သည် ရွှယ်အန်းမည်သည်ကို ဆိုလိုကြောင်း မသိသဖြင့် ကြောင်အစွာရပ်နေ၏။ ဤအခိုက်အတန့်တွင် အန်းယင်က သက်ပြင်းချလိုက်သည်။ “အဆင်ပြေပါတယ်၊ ခဲအိုက ဗွေမယူပါဘူး။ ဒါပေမယ့် နင်သတိထားသင့်တယ်။ နင်နောက်ထပ်အမှားလုပ်ရင် ဘယ်သူမှ ကယ်နိုင်တော့မှာမဟုတ်ဘူး”
အန်းမင်က တုန်တုန်ယင်ယင် ခေါင်းညိတ်ပြလိုက်သည်။
ယခုအခါ အန်မိသားစု၏ အာဏာဖွဲ့စည်းပုံသည် သန့်စင်သွားခဲ့ပြီဖြစ်၍ သဘာဝအတိုင်းပင် ပြန်လည်ရောက်ရှိလာသော အန်းယန်နှင့် အန်းချင်တို့က တာဝန်ယူခဲ့သည်။
ဤသည်ကို မည်သူမျှ မကန့်ကွက်ကြပေ။
တကယ့်ဟာသတစ်ပုဒ်ပင်ဖြစ်သည်။
ကန့်ကွက်သူများ၏ ဦးခေါင်းများ မြေပြင်ပေါ်သို့ ပြိုလဲကုန်ပြိဖြစ်ရာ မည်သူက ငြင်းဆိုဝံ့မည်နည်း။
တကယ်တမ်းတွင် လူများစွာက တိတ်တဆိတ် စိတ်သက်သာရာရခဲ့ကြသည်။
ကျင်းရှို့ရုန်သသည် ယုတ်ညံ့ပြီး မကြင်နာတတ်သူဟု နာမည်ကြီးခဲ့သည်။ အန်းယန်သည် အန်းမိသားစု၏အကြီးဆုံးသမီးဖြစ်စဥ်အချိန်က ရိုးသား၍ ယုံကြည်စိတ်ချရသူဟု လူသိများသည်။
မှန်သည်။ ယခု အန်းယန်၏ ရှေ့တွင်လည်း မည်သူမျှ ကလန်ကဆန်မပြုလုပ်ဝံ့ကြပေ။
နောက်ဆုံးတွင်…
နတ်ဘုရားသုတ်သင်သူကြီးသည် ဤနေရာတွင်ရှိနေသည်မဟုတ်သလော။
အစေခံဟောင်းများစွာက ခန်းမထဲ၌ အေးဆေးထိုင်နေသော ရွှယ်အန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
လောလောဆယ်တွင် ရွှယ်အန်းသည် တကဲအုချီ ခီရိုခီကို မေးခွန်းထုတ်နေသည်။
"ဒါဆို မင်းပြောနေတာက တကဲအုချီမိသားစုထဲမှာ မင်းက လွှင့်ပစ်ထားတဲ့ အစိတ်အပိုင်းတစ်ခုလိုပဲပေါ့" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။
တကဲအုချီ ခီရိုခီ၏မျက်နှာတွင် ဝမ်းနည်းမှုအရိပ်အယောင်များထင်ဟပ်လာ၏။
"ဟုတ်ပါတယ်၊ မဟုတ်ရင် နတ်ဆိုးအတွက် ပူဇော်ဖို့ အိုရိုချီဘုရားကျောင်းကို ပို့မှာမဟုတ်ဘူး”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် မင်းရဲ့တရုတ်စကားပြောပုံက မဆိုးဘူးပဲ”
“ကျွန်မအမေက တရုတ်လူမျိုးပါ”
"ကောင်းပြီ ဒါဆို မနက်ဖြန် မင်းကို ငါနဲ့အတူ ဂျပန်ကို ခေါ်သွားလိုက်မယ်"
တကဲအုချီ ခီရိုခီတုန်လှုပ်သွားသည်။
“သခင်…”
"ဟမ်" ရွှယ်အန်းက သူမကို ကြည့်လိုက်သည်။
တကဲအုချီ ခီရိုခီက အံကို တင်းတင်းကြိတ်လိုက်၏။
“ရှင်ရှာနေတာကို ကျွန်မသိပါတယ် သခင်။ ရှင်သာ ကျွန်မကို မိသားစုခေါင်းဆောင်ဖြစ်လာအောင်လုပ်ပေးနိုင်ရင် ကျွန်မ အကောင်းဆုံးကြိုးစားပြီး ကူညီပေးပါ့မယ်”
ရွှယ်အန်းသည် တကဲအုချီ ခီရိုခီ၏ မျက်နှာပေါ်မှ အမုန်းတရားများကို မြင်၍ ပြုံးလိုက်သည်။
"မင်း အဲ့လူတွေကို မုန်းလိုက်တာလား”
တကဲအုချီ ခီရိုခီ၏ မျက်လုံးများတွင် အမုန်းတရားများ တောက်လောင်နေသည်။
"မူလက၊ ကျွန်မညီမ တကဲအုချီ ဂျန်ဂျီက အိုရိုချီဘုရားကျောင်းကို ပို့ခံရမှာဆိုပေမယ့် သူက မျက်နှာသာရတာမို့ သူ့နေရာမှာ ကျွန်မကို အစားထိုးလိုက်တယ်။ ကျွန်မသာရှင်နဲ့မတွေ့ခဲ့ရင် ကျွန်မဟာ ရုပ်သေးရုပ်ဖြစ်လာပြီး ဒီခန္ဓာကိုယ်ထဲမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်။”
အပြင်က အရာအားလုံးကို မြင်နေရသော်လည်း သူမခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်၍မရတော့သော
ပိတ်မိနေသည့် ခံစားချက်ကို သတိရလိုက်မိကာ တကဲအုချီ ခီရိုခီ၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။
"ကောင်းပြီ"
ထိုအချိန်တွင် မင်ဖုန်းတောင်ပေါ်မှ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျုံးတုနှင့် ဟွာရှားတစ်ခွင်လုံးကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်လင်း၏ ကွယ်လွန်မှုကြောင့် မရေမတွက်နိုင်သော ဟွာရှားလူမျိုးများ ဝမ်းနည်းပူဆွေးခဲ့ကြရသည်။
မင်ဖုန်းတောင်ပေါ်တွင် ရွှယ်အန်းလုပ်ခဲ့သောအရာများသည် လူအများ၏ ပါးစပ်များကြားမှ ဒဏ္ဍာရီဖြစ်လာသည်။
သူသည် ဝိဉာဥ်နတ်ဘုရားဓားသမားကိုအနိုင်ယူ၍ သက်ညှာပေးရန် တောင်းဆိုရသည်အထိ ဖြစ်စေခဲ့သည်။
သူသည် တိုင်းတစ်ပါးရန်သူများနှင့် ပူးပေါင်းသော မြင့်မြတ်သောမိသားစုများကို ချေမှုန်းပစ်ခဲ့သည်။
သူသည် သူ၏ ဓားကို မင်ဖုန်းတောင်ပေါ်သို့ ခုတ်ပိုင်း၍ သူ၏သြဇာအာဏာကို ခိုင်ခံ့စေသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး လင်းသေဆုံးသွားသော်လည်း ဟွာရှား၏ စိတ်ဓာတ်က လျော့မသွားဘဲ ပိုမို သန်မာလာသည်။ ကျုံးတု၏ မြင့်မြတ်သောမိသားစုများ ခေတ္တတိတ်ဆိတ်သွားပြီးနောက် ၎င်းတို့၏စေတနာကိုပြသရန် ကြိုးပမ်းကာ အန်းမိသားစုအိမ်သို့ စုပြုံရောက်ရှိလာကြသည်။
သို့သော် ရွှယ်အန်းက ကျောက်ရွှယ်ဟွေ့နှင့် သူ့ညီနှစ်ယောက်ကိုသာ သတိပေး၍ ယင်းတို့ကို ဂရုမစိုက်ခဲ့ပေ။
ကောင်းကင်ကံကြမ္မာရောင်းချမှုစတင်ပြီဖြစ်သည်။
အမှောင်ထဲ၌ ခိုအောင်းနေသော မျက်လုံးများသည် ဆောင်းရာသီတွင် ပုစဥ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေရာမှ ယခု အသံပြန်ထွက်လာကြသည်။
အမေရိကနိုင်ငံ။။
"သေစမ်း ဒီကောင်က လူရောဟုတ်သေးရဲ့လား” ဂြိုဟ်တုမှ ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို သက်ကြီးဆံပင်ဖြူဖြူ အဘိုးအိုတစ်ဦးက အံသြစွာ စိုက်ကြည့်နေသည်။
ဗီဒီယိုထဲက အမျိုးသားသည် ပေါ့ပါးလွတ်လပ်မှုအပြည့်ဖြင့် လှုပ်ရှားနေကာ မည်သူမျှ သူ့ကို မတားနိုင်ဟုထင်ရသည်။ အထူးသဖြင့် နောက်ဆုံးဓားချက်များကို မြင်သောအခါ အဘိုးအို၏ မျက်လုံးများသည် မျက်လုံးအိမ်မှ ထွက်လုမတတ် ပြူးလာသည်။
“စစ်ဦးစီးချုပ်၊ စနစ်က သူ့အတွက် တိုက်ခိုက်ရေးအကဲဖြတ်ချက်တစ်ခု လုပ်လိုက်ပါတယ်"
ထိုသို့ပြော၍ စာရွက်တစ်ရွက်ပေးလိုက်သည်။
အမေရိကနိုင်ငံ၏ အထူးထောက်လှမ်းရေးဌာနခွဲမှ စစ်ဦးစီးချုပ် အက်ဒ်ဝက်သည် စာရွက်ကိုယူပြီးနောက် အေးခဲသွားသည်။
စာရွက်ပေါ်တွင် အနီရောင် S သုံးလုံး ရေးထားသည်။
"SSS အဆင့်ရှိတဲ့ မွန်းစတားလား" အက်ဒ်ဝက်က သူ့ဘာသာ ရေရွတ်လိုက်သည်။
“သေစမ်း။ လှုပ်ရှားပြီး သူ့အချက်အလက်အားလုံးကို စုဆောင်းပါ။ ကလေးဘဝတုန်းက ဝမ်းချုပ်တဲ့ရက်တွေတောင် အားလုံးကို လိုချင်တယ်။ မှတ်ထား အားလုံးကို သိချင်တယ်”
"ဟုတ်ကဲ့ပါဆရာ"
အိုလန်ဒိုနိုင်ငံ။
မက်ဆင် သည် ရွှယ်အန်း၏ ဓားချက်များကို ကွန်ပြူတာမှကြည့်၍ ဗော့ကာသောက်နေသည်။ ရုတ်တရက် သူ့အရက်ကို ထွေးထုတ်ကာ ဖုန်းကို အဒေါသတကြီးကောက်ကိုင်လိုက်သည်။
"မြန်မြန် အားလုံးကို ခေါ်လိုက်ပါ"
လူတိုင်းရောက်လာကာ ထိပ်တန်းလျှို့ဝှက်ဗီဒီယိုကို ကြည့်ပြီးနောက်တွင် မက်ဆင်က လေးနက်သောအမူအရာဖြင့်ပြောသည်။
"လူကြီးမင်းတို့၊ ဒီလိုပုဂ္ဂိုလ်မျိုး ငါတို့မြို့တော်မှာ ပေါ်လာခဲ့ရင်၊ ငါတို့မှာ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေရှိလား"
လူအများက တစ်ယောက်ကို တစ်ယောက်ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“ငါတို့ စူပါစစ်သားတွေ.. “
“ကျုပ်တို့ရဲ့ စူပါစစ်သားတွေတောင်မှာ ဒီလူကို ရန်ပြုဖို့ အခွင့်အရေး မရှိလောက်ဘူး။ သူက အစွမ်းထက်လွန်းပြီး အားနည်းချက်မရှိသလောက်ပဲ” လူတစ်ယောက်က အော်သည်။
မက်ဆင်က စားပွဲကို လက်ဖြင့် ရိုက်လိုက်သည်။
"ဒါဆို မင်းငါ့ကိုပြောနေတာက မြို့တော်မှာ သူပေါ်လာရင် အဲ့နျူကလီးယားလက်နက်တွေသုံးတာအပြင် ငါတို့မှာ ရွေးချယ်စရာဘာမှမရှိဘူးပေါ့”
"ဟုတ် အဲ့လို ထင်ရပါတယ်”
အခန်းသည် တိတ်ဆိတ်သွား၏။
ဤမြင်ကွင်းသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် ပြသနေသည်။
ရွှယ်အန်း၏ အံ့မခန်းဓားဖြင့် ထိုးနှက်မှုကြောင့် နိုင်ငံများစွာကို အကြီးအကျယ် စိုးရိမ်သွားစေခဲ့ကာ ရွှယ်အန်း၏ ဇာတိစွမ်းအားဇာစ်မြစ်ကို လေ့လာရန် သုတေသနအဖွဲ့ အသီးသီးကို အမြန်ဖွဲ့စည်းခဲ့ကြသည်။
ပြင်ပကမ္ဘာက ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ရွှယ်အန်းသည် အန်းယန်၊ သူ့သမီးနှစ်ယောက်၊ တကဲအုချီ ခီရိုခီတို့နှင့်အတူ ဂျပန်သို့ လေယာဉ်ဖြင့်ထွက်သွား၏။
အခန်း(၂၀၉) တကဲအုချီ မိသားစစု
ဂျပန်နိုင်ငံ၊ တိုကျို။
အိုရိုချီ ဘုရားကျောင်း။
ဘုန်းကြီးသုံးပါးက မျက်လုံးဖွင့်လိုက်ရာ ၎င်းတို့၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နေသည်။
"အိုရိုချီ နတ်ဘုရားရဲ့ ဂုဏ်အသရေတော်ရဲ့ တည်ရှိမှုကို ကျုပ်တို့ ဘာလို့ ရုတ်တရက် ခံစားလို့မရတော့တာလဲ" သက်ကြီး ဘုန်းကြီးများထဲမှ တစ်ဦးဖြစ်သော စုရုအိုခါ မာဆာကီသည် လေးပင်သောအသံဖြင့် ပြောလိုက်သည်။
“မှန်တယ်။ ကျုပ်တို့က နတ်ဘုရားကို အချိန်အတော်ကြာ ခစားခဲ့ကြတာ။ သူ့ဘုန်းတော်က အတိုင်းအဆမရှိဘူး။ ဗိုလ်ချုပ်လင်းကို တိုက်ဖို့ ဟွာရှားကို သွားတာ ပြဿနာမရှိသင့်ဘူး" အခြားသောဘုန်းကြီး ဖုရုယာ့ ခါဇုမားက ပြောသည်။
“မှန်တယ် သူ့စွမ်းအားက အရမ်းကြီးတယ်။ ယာယီကိစ္စတစ်ခုခုတော့ရှိရမယ်။ အခု ကျုပ်တို့ လုပ်နိုင်သမျှက အရှင့်ရဲ့ ဂုဏ်တော်ပြန်ရောက်လာအောင် စောင့်ဖို့ပဲ။ ဒါဆို သူ ကျုပ်တို့ကို အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်ထဲ ပြောင်းပေးနိုင်လိမ့်မယ်” နာဂါ့တ ယူအိချိက စိတ်လှုပ်ရှားစွာဖြင့် လောဘကြီးစွာပြောသည်။ သုံးယောက်လုံး ခေါင်းညိတ်ကာ သဘောတူကြပြီးနောက် ထာဝရ ရှင်သန်မှုကို တောင့်တကြသည်။
"အိုး၊ ပြီးတော့ တကဲအုချီ မိသားစုက မနက်ဖြန် သူတို့ရဲ့ တခြားသမီးအတွက် စေ့စပ်ပွဲတက်ဖို့ ဖိတ်ပြီး ဖုန်းချသွားတယ်” ဖုရုယာ့ ခါဇုမားကဆက်ပြောသည်။
"ဒါဆို တကဲအုချီ မိသားစုက နတ်ဆိုးသခင်ကို ပူဇော်တဲ့အတွက် လေးလေးစားစားသွားရအောင်” စုရုအိုခါ မာဆာကီက လေးနက်စွာ ကြေငြာလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် တိုကျိုမြို့ရှိ နေအိမ်တစ်ခု၏ အပြင်ဘက်တွင် ရပ်နေပြီဖြစ်သည်။
“အရှင်၊ ဒီအိမ်က အမေနဲ့ ကျွန်မ နှစ်ယောက်တည်းနေတာပါ။ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ” တကဲအုချီ ခီရိုခိုက လေးစားစွာပြောသည်။
ခမ်းနားထည်ဝါစွာ မွမ်းမံပြင်ဆင်ထားခြင်းမဟုတ်သော်လည်း အိမ်ထဲသို့ လျှောက်သွားသောအခါ အတွင်း၌ အရာအားလုံးသည် သပ်ရပ်လှပနေသည်။ ခြံဝင်းတစ်ခုလုံးသည် သဘာဝအလှကို လွှမ်းခြုံထားသည်။
တကဲအုချီခီရိုခို၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုအရိပ်အမြွက်များ ထင်ဟပ်နေ၏။
"ဒီခြံကို အမေနဲ့ ကျွန်မ စီစဥ်ထားတာ”
ရွှယ်အန်းက ပြုံးလိုက်သည်။
ခြံဝင်းအတွင်း လှုပ်ရှားမှုကို ကြားလိုက်ရသောအခါ ဆံပင်ဖြူဖြင့် အမျိုးသမီးတစ်ယောက်က တံခါးတွန်းဖွင့်လိုက်သည်။ ထိုအမျိုးသမီးကိုတွေ့သောအခါ တကဲအုချီခီရိုခိုက ခေါင်းငုံ့၍မေးလိုက်သည်။
အမျိုးသမီးက ထိတ်လန့်သွား၏။
“တကယ်ခီရိုခိုလား”
"မေမေ၊သမီးလေ သမီးပြန်လာပြီ" တကဲအုချီခီရိုခိုသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
အမျိုးသမီးက တကဲအုချီခီရိုခိုကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လျက် မျက်ရည်များဝဲလာသည်။ ခဏအကြာ ငိုပြီးနောက် အမျိုးသမီးသည် သူမ၏ မျက်ရည်များကို သုတ်ကာ ရွှယ်အန်းနှင့် အခြားသူတို့အား တောင်းပန်စကားပြော၍ ပြုံးပြသည်။
"ကျွန်တော် စိတ်မကောင်းပါဘူး၊ နည်းနည်းတော့ ရှုပ်သွားတယ်။ ပြီးတော့ ဒီလူကြီးမင်းက…”
"မေမေ၊ ဒါက ဟွာရှားမှာ သြဇာကြီးတဲ့ မစ္စတာရွှယ်အန်းပါ”
‘ဟွာရှား’ ဟူသော စကားလုံးကို ကြားလိုက်ရတော့ အမျိုးသမီး၏ မျက်လုံးများထဲသို့ အလင်းရောင် တဖျပ်ဖျပ် လတ်သွားသည်။ သူမင ခေါင်းကို တလေးတစား ငုံ့၍ ပြော၏။
“မစ္စတာရွှယ်၊ မင်္ဂလာပါ၊ ငါ့နာမည်က ဆုန်အန်းကျန်ပါ။ ခီရိုခိုကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”
ရွှယ်အန်းသည် ရုပ်ရည်သန့်ပြန့်သော အမျိုးသမီးကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဆုန်အန်းကျန်က ရွှယ်အန်းနှင့် အခြားသူများကို အိမ်ထဲသို့ ခေါ်သွားသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် အိမ်ပတ်ပတ်လည်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ နိုင်ငံခြားသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၍ အရာအားလုံးက ဆန်းသစ်သည်ဟုခံစားရသည်။
ဆုန်အန်းကျန်သည် ကလေးမလေးနှစ်ယောက်ကို မိခင်မေတ္တာဖြင့်ကြည့်ကာ မနာလိုစွာဖြင့် ပြော၏။
“မစ္စတာရွှယ်က ဒီလိုချောမောလှပတဲ့ သမီးနှစ်ယောက်ရှိလို့ အရမ်းကံကောင်းတာပဲ”
ထို့နောက် လေးနက်သောအမူအရာဖြင့် ခီရိုခိုဘက်သို့ လှည့်ပြောလိုက်သည်။
"ခီရိုခို၊ ဘာဖြစ်တာလဲ"
တကဲအုချီ ခီရိုခိုသည် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အကျဉ်းချုံး၍ ပြောလိုက်ရာ ဆုန်အန်းကျန်၏ မျက်လုံးများတွင် မျက်ရည်များဝဲလာသည်။
"ခီရိုခို၊ သမီးအဖမ်းခံရတာ အမေ့အပြစ်တွေပါပဲ"
တကဲအုချီ ခီရိုခိုက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
“အမေ၊ မေမေက အမြဲတမ်း ကြင်နာလွန်းတော့ သူတို့က မေမေ့ကို အခွင့်ကောင်းယူလိုက်တာပဲ။ အခုပြန်လာပြီဆိုတော့ အဲဒီအကြွေးတွေကို ပြန်တောင်းရမှာပေါ့”
ဆုန်အန်းချန်၏ မျက်နှာတစ်ခုလုံးကို နောင်တတရားများက လွှမ်းခြုံသွားသည်။
"ခီရိုခို၊ မနက်ဖြန်က အီနိုအုအဲမိသားစုရဲ့ သခင်လေးနဲ့သမီးညီမ တကဲအုချီ ဂျန်ချီတို့ရဲ့ စေ့စပ်ပွဲပဲ။ သမီးပြန်ရောက်လာတာ အရမ်းနောက်ကျသွားပြီ”
ထိုစကားကိုကြားသောအခါ တကဲအုချီခီရိုခို၏မျက်လုံးများမှ ရက်စက်သောအကြည့်များ မှိန်ဖျော့သွားခဲ့သည်။
"သမီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ တကဲအုချီ ဂျန်ဂျီက အီနုအုအဲ ယူကိုလက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးပေါ့"
ဆုန်အန်းချန်က သက်ပြင်းချ၍ ခေါင်းခါလိုက်သည်။
"တကယ်ကတော့ အီနိုအုအဲ ယူက ဂျန်ဂျီကို ပိုးပန်းခဲ့လို့ပါပဲ”
ထိုစကားကိုကြားပြီးနောက် တကဲအုချီခီရိုခို၏ မျက်နှာ အရောင်ဖျော့သွားခဲ့သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ…”
ထို့နောက် စိတ်ပိုင်းဖြတ်မှုဖြင့် သူမသည် ရွှယ်အန်းဘက်သို့လှည့်ကာ ဦးညွှတ်၍ ပြောလိုက်သည်။
"သခင်၊ မနက်ဖြန်ပွဲက ကျွန်မတို့ မိသားစုအတွက် အရမ်းအရေးကြီးတဲ့ပွဲဖြစ်ပြီးတော့ အဓိကကျတဲ့လူတွေအများကြီး တက်ရောက်ကြလိမ့်မယ်။ သွားဖို့ အသင့်တော်ဆုံးအခွင့်အရေးပါပဲ”
ထိုအချိန်တွင် တကဲအုချီမိသားစု စံအိမ်ကြီးအတွင်းတွင် အစေခံများက မနက်ဖြန်ကျရောက်မည့် စေ့စပ်ပွဲအတွက် ပြင်ဆင်နေကြသည်။ တကဲအုချီ ဂျန်ဂျီသည် နောက်ရက်ဝတ်ရမည့်အဝတ်အစားများကို အကြိုဝတ်ကြည့်နေသည်။ မှန်ထဲမှ စွဲမက်ဖွယ်ကောင်းလှသော အလှကို ကြည့်၍ တကဲအုချီ ဂျန်ဂျီက ဂုဏ်ယူစွာပြုံးလိုက်သည်။
‘အခု ခီရိုခိုအရူးမက ကြောက်နေလောက်ပြီ’
နောက်ဆုံးတွင်၊ နတ်ဆိုးဘုရားအား ပူဇော်သက္ကာအဖြစ် ပူဇော်ခံရသူ မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိပေ။
‘နောက်ဆုံးမိနစ်မှာ လုပ်လိုက်နိုင်တဲ့ ငါ့လှည့်ကွက်လေးတွေကြောင့်သာမဟုတ်ရင် သေသွားတာငါဖြစ်နေလိမ့်မယ်’ ငါ့ရဲ့လှည့်ကွက်လေးတွေမှ မဟုတ်ရင် ငါက ကမ်းလှမ်းတဲ့သူ ဖြစ်ကောင်းဖြစ်မယ်။
ထိုအချိန်တွင် အရပ်မြင့်မြင့် ချောမောသော အမျိုးသားတစ်ဦးက တံခါးဘောင်ကို မှီကပြောလိုက်၏။
“ဂျန်ဂျီ ဖေဖေ ခေါ်နေတယ်”
စကားပြောသူမှာ တကဲအုချီ မိသားစု၏ သခင်ငယ် တကဲအုချီမာဆာအိုဖြစ်သည်။
ဂျန်ဂျီက ခေါင်းညိတ်၍ သူမ၏ ဂါဝန်ကို ယူ၍ အနောက်ဘက်သို့လျှောက်သွားလိုက်သည်။
"ဖေဖေ၊ သမီးကို ခေါ်လိုက်သေးလား"
တကဲအုချီ မျိုးနွယ်စု၏ မိသားစုအကြီးအကဲ တကဲအုချီမာဆာအိုက သူ့သမီးကို ကြည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
“မနက်ဖြန် အိုရိုချီ ဘုရားကျောင်းက ဘုန်းတော်ကြီး သုံးပါး ပွဲတက်မှာမို့ ပြင်ဆင်ထားဖို့ လိုတယ်”
“ဒါဆို ခီရိုခို…”
“သူအခု ဟွာရှားကို သွားပြီ။ တော်တော်ကြာတဲ့ထိပြန်လာတော့မှာမဟုတ်ဘူး။ သူက ခီရိုခိုမဟုတ်တော့ဘူး။ အခု သူက အိုရိုချီဘုရားကျောင်းရဲ့ နတ်ဆိုးပဲ” တကဲအုချီ မာဆာအိုက ပြတ်သားစွာပြောသည်။
တကဲအုချီ ဂျန်ဂျီက စိတ်သက်သာရာရကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဖေဖေ"
နောက်တစ်နေ့။
တကဲအုချီ မိသားစုသည် တိုကျိုဒေသရှိ ထိပ်တန်းမိသားစုတစ်ခုဖြစ်ကာ ယခု တကဲအုချီ မိသားစု၏ အကြီးဆုံးသမီးဖြစ်သူသည် စီးပွားရေးလောက၏ သြဇာကြီးသော အီနိုအုအဲမိသားစုမှ သခင်လေးဖြစ်သူနှင့် စေ့စပ်ပွဲကျင်းပတော့မည်ဖြစ်သည်။
ဤအဖြစ်အပျက်သည် သဘာဝကျစွာင် အလွန်အံ့သြဖွယ်ကောင်း၏။။
နံနက်ပိုင်းမှစတင်၍ တကဲအုချီ မိသားစုနေထိုင်သော ချမ်းသာသောခရိုင်ရှိ အိမ်ကြီးအပြင်ဘက်တွင် ကားအမြောက်အမြား စတင်ဝင်ရောက်လာခဲ့သည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားအများအပြားသည် သပ်ရပ်စွာဝတ်ဆင်ထား၍ အလွန်သိသာမြင်သာသော တံဆိပ်များကို ကပ်ထားကြသည်။
နေ့လယ်သို့ရောက်သောအခါ အဘက်ဘက်မှ အဖွဲ့အစည်းများရောက်ရှိလာသည်။ ခန်းမသည် အသံပေါင်းစုံဖြင့် ဆူညံလျက်ရှိသည်။ တကဲအုချီ ဂျန်ဂျီ နှင့် အီနိုအုအဲ ယူတို့ စေ့စပ်လက်စွပ်ကို လဲလှယ်ကြပြီးနောက် အောက်မှ လူအုပ်ကြီးက ဂုဏ်ပြုလက်ခုပ်တီးကြသည်။ အိုရိုချီဘုရားကျောင်းမှ ဘုန်းတော်ကြီးသုံးဦးသည် ၎င်းတို့ ဇနီးမောင်နှံကို ကောင်းချီးပေးရန်အတွက် ရှေ့သို့တိုးလာကြသည်။
ရယ်ဖွယ်ကောင်းသည်မှာ အိုရိုချီသည် နတ်ဆိုးဖြစ်သော်လည်း ထိုသူများက ယခု ဤစုံတွဲကို ကောင်းချီးပေးရန် လုပ်နေခြင်းဖြစ်သည်။ ထိုအချိန်မှာပင် ရွှယ်အန်းနှင့် တကဲအုချီ ခီရိုခိုသည် ခန်းမအပြင်ဘက်သို့ ရောက်လာသည်။
ဘေးပတ်လည်ရှိ လုံခြုံရေးများက ၎င်းတို့ ရောက်ရှိလာခြင်းကို သတိမထားမိကြပေ။
တကဲအုချီ ခီရိုခိုက အတွင်းခန်းသို့ ဝင်လာသောအခါမှသာ အစေခံများက သူမကို သတိထားမိ၍ ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။
“မမလေး… မမလေး ခီရိုခို”
တကဲအုချီ ခီရိုခိုသည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ ရွှယ်အန်းသည် သမီးနှစ်ယောက်ကို ပွေ့ချီ၍ နောက်စားမည့်အစားအစာများအကြောင်း ဆွေးနွေးကာ သူမနောက်သို့ လိုက်လာ၏။
ဘမ်း
တကဲအုချီ ခီရိုခိုသည် ခန်းမတံခါးကို တွန်းဖွင့်၍ ခေါင်းမော့ကာ ဝင်လာသည်။ သူမ ဝင်လာသောအခါ အခန်းတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။
တကဲအုချီ ဂျန်ဂျီက လှည့်ကြည့်ပြီးနောက် မျက်နှာတစ်ခုလုံး နီရဲလာသည်။ အခြားသူများက တကဲအုချီ ခီရိုခို ကို သတိပြုမိ၍ အချင်းချင်း တီးတိုးပြောလာကြသည်။
"အဲဒါခီရိုခိုမဟုတ်ဘူးလား။ ဘုရားကျောင်းကို ပို့လိုက်ပြီမလား”
သူမက တကဲအုချီ ဂျန်ဂျီ နှင့် အီနိုအုအဲ ယူကို အေးစက်စွာ စိုက်ကြည့်၍ ပြော၏။
"ငါ့ကို သိပ်မကြာလိုက်ဘဲ ပြန်တွေ့တာ အံ့သြနေလား”
“ခီရိုခို၊ နင်တကယ် သတိပြန်ရလာပြီလား။ တကယ် အံ့သြစရာပဲ။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ဘုန်းတော်ကြီး သုံးယောက်ကို လွန်ဆန်ပြီး နင်လုပ်ချင်သလို လုပ်လို့ရမယ်လို့ ထင်နေလား” တကဲအုချီ ဂျန်ဂျီက အံကြိတ်၍ နှာခေါင်းရှုံ့လျက်ပြောသည်။
အိုရိုချီ ဘုရားကျောင်းမှ ဘုန်းတော်ကြီးသုံးဦးလုံးလည်း အံ့အားသင့်သွားကြသည်။ တကဲအုချီ ခီရိုခိုဆီမှ နတ်ဆိုး၏ ရောင်ဝါ၏ မမြင်နိုင်ပေ။
"ဒီမှာ ဘာဖြစ်နေတာလဲ" အိုရိုချီ ဘုရားကျောင်းမှ ဘုန်းတော်ကြီး စုရုအိုခါ မာဆာကီသည် ရှေ့သို့ လှမ်းလာကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ မင်းတို့ရဲ့ လေးစားအပ်တဲ့နတ်ဘုရားကို ငါသတ်လိုက်ပြီ” ထိုတည်ငြိမ်သော အသံဖြင့်အတူ ရွှယ်အန်းက ခန်းမအတွင်းသို့လမ်းလျှောက်ဝင်လာသည်။
အခန်း(၂၁၀) ကွင်းပြင်တစ်ခုလုံးကို ပေါ့ပါးစွာသုတ်သင်ခြင်း
ဤဝါကျ၏ ပထမဆုံးစကားလုံးကို ပြောလိုက်သောအခါတွင် သူသုံးနှုန်းသော ဂျပန်စကားသည် အလွန် ထူးဆန်းနေသောလည်း ဝါကျသည် တိုးတက်လာသည်နှင့်အမျှ ပို၍ သွက်လက်လာသည်။ နောက်ဆုံးစကားတွင်မူ သူနှင့် ဂျပန်နိုင်ငံသားများကြား၌ ကွာဟမှုမရှိသလောက်ပင် နည်းပါးသွားပြီဖြစ်သည်။
တကဲအုချီ ခီရိုခိုသည် ဤတွေ့ရှိမှုနှင့်ပတ်သက်၍ အံ့အားသင့်သွားမိ၏။
အကယ်၍ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် နတ်ဘုရားနှင့် ဆက်သွယ်မှုအဆင့်သို့ ရောက်ရှိသွားပါက ဂျပန်စာကို ဤမျှ မြန်ဆန်စွာသင်ယူနိုင်လိမ့်မည်လော။
ယခုအချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူများစွာက မျက်မှောင်ကြုတ်လိုက်မိကြသည်။
‘ဒီကောင်က ဘယ်သူလဲ’
‘ဟွာရှားက ဖြစ်မယ်ထင်တယ်’
တကဲအုချီ ယိုအိချိသည် မျက်မှောင်ကြုတ်၍ တကဲအုချီ ခီရိုခိုကို ဦးစွာ ကြိမ်းမောင်းရန် ခြေလှမ်းပြင်လိုက်သည်။
"မင်းဘာဖြစ်နေတာလဲ။ ဒီနေ့ မိသားစုစုဝေးပွဲကြီးကို မင်းက ဘာလို့ သူစိမ်းကို ခေါ်လာတာလဲ”
တကဲအုချီ ယိုအိချိသည် ဤသို့ပြော၍ ရိုက်နှက်ရန် လက်ကို မြှောက်လိုက်သည်။
ဤအရာသည် အလေ့အထ တစ်ခုကဲ့သို့ဖြစ်နေပြီဖြစ်သည်။
နှစ်များကြာလာသည်နှင့်အမျှ တကဲအုချီ ခီရိုခိုနှင့် သူ၏ မိခင်သည် မိသားစုအတွင်းရှိ လက်ဝှေ့အိတ်များဖြင့်တူသည်။ တရားဝငမိသားစုကြီးတစ်ခုမှ လူတစ်ယောက်အနေဖြင့် တကဲအုချီ ယိုအိချိသည် အဆင့်အတန်းမြင့်သူဖြစ်၍ သူမကို တစ်ကြိမ် နှစ်ကြိမ်ထက်မက ရိုက်နှက်ခဲ့သည်။ သို့သော် ယနေ့တွင် လက်ကို မြှောက်၍ ရိုက်ရန် ပြင်လိုက်သည်နှင့်ပင် ပြင်းထန်သော အင်အားဖြင့် ထိမှန်သွားကဲ့သို့ ခံစားလိုက်ရကာ မီတာဒါဇင်ပေါင်းများစွာ အကွာအဝေးသို့ လွင့်ထွက်သွားလျက် စားပွဲများကို ကျော်ဖြတ်ကာ မြေပြင်ပေါ်ပြုတ်ကျ သတိလစ်သွားသည်။
ဤလှုပ်ရှားမှုသည် အပြာရောင်လျှပ်စီးတစ်ခုကဲ့သို့ လျှင်မြန်လွန်းသောကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွား၏။
ထိုသို့ ပြုလုပ်လိုက်သော ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“တစ်ချက်တောင် မခံနိုင်ဘူးပဲ။ ငါ လက်ညှိုးလေးတစ်ချောင်းတည်းလှုပ်လိုက်တာ လွင့်ထွက်သွားတယ်ပေါ့”
လူများစွာက အလွန်အမင်း ဒေါသထွက်လျက် ရှေ့သို့ အပြေးချီတက်လာချင်ကြသည်။ တကဲအုချီ မာဆာအိုက ၎င်းတို့ကို တား၍ ရွှယ်အန်းကို အေးစက်စွာ ကြည့်နေသည်။
"ဟွာရှားကသိုင်းပညာရှင်လား" တကဲအုချီ မာဆာအိုက အေးစက်စွာပြောသည်။
ရွှယ်အန်းက ပြုံးလိုက်၏။
"အိုး ဟွာရှားသိုင်းပညာကို ခင်ဗျားသိတာလား"
“သူတို့အကြောင်း ငါသိရုံတင်မကဘူး၊ ငါကိုယ်တိုင်လည်း အများကြီး သတ်ဖူးတယ်။ အခု ငါ့ကို ပြော။ မင်း ဒီကို ဘာလာလုပ်တာလဲ”
“ကျုပ် အများကြီးမလုပ်ချင်ပါဘူး။ ခင်ဗျားတို့အားလုံး တကဲအုချီ ခီရိုခို အပေါ်မှာ မတရားလွန်းတယ်လို့ ခံစားမိတဲ့အတွက် သူ့ကို မိသားစုခေါင်းဆောင်ဖြစ်အောင် လုပ်ပေးမယ်လို့ တွေးထားလို့”
တကဲအုချီ မာဆာအိုက ဒေါသတကြီးဖြင့် တကဲအုချီ ခီရိုခို ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ခီရိုခို မင်းဘာတွေလုပ်နေတယ်ထင်လဲ”
ခီရိုခိုသည် မူလက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ယခု စိတ်လျှော့၍ ပေါ့ပါးစွာရယ်လိုက်သည်။
“ကျွန်မ ဘာလုပ်နေတာလဲဟုတ်လား။ သခင်ပြောသလိုပဲ တကဲအုချီ မိသားစုရဲ့ အကြီးအကဲဖြစ်လာတော့မှာလေ။ ဒါပေါ့”
"မင်းက သေချင်နေတာပဲ” တကဲအုချီ မာဆာအိုက အော်၍ ဘုန်းတော်ကြီး သုံးဦးဘက်သို့ လှဉ့်၍ ပြောလိုက်သည်။
“ဒီလူက လူမိုက်ပဲ။ သူ့ကို အပြစ်ပေး အရေးယူပေးပါ"
ဘုန်းကြီးသုံးပါးတို့ကလည်း တကဲအုချီ ခီရိုခို မှ အိုရိုချိ နတ်ဆိုး၏ အငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားရခြင်းနှင့်ပတ်သက်၍ အခြေအနေကို အသေးစိတ် မေးမြန်းချင်ကြသည်။
ရွှယ်အန်းက ၎င်းကို သတ်ခဲ့သည်ဟု ဆိုသော်လည်း ဘုန်းတော်ကြီးသုံးပါးက သူ့ကို လုံးဝမယုံပေ။
ထို့နောက် ထိုသုံးယောက်သည် စတင်၍ တြိဂံသဖွယ် အဘက်သုံးဘက်မှ ချီတက်လာကြသည်။
"မင်းရဲ့သိုင်းပညာက ထူးထူးခြားခြားပါပဲ၊ ဒါပေမယ့် ဒီစကားမကြားဖူးဘူးလား။ သိုင်းပညာရှင် ဘယ်လောက်ပဲ သန်မာနေပါစေ မှော်ပညာကျင့်ကြံသူတွေကို ကြောက်ရတာပဲတဲ့” စုရုအိုခါ မာဆာကီက မျက်ခုံးပင့်၍ပြောသည်။
ရွှယ်အန်းက ခေါင်းခါလိုက်၏။
"ကျုပ်မကြားဖူးဘူး။ ဒါပေမယ့် ခင်ဗျားကြိုးစားကြည့်လို့ရပါတယ်။ ကျုပ်က ကြောက်နေတဲ့ပုံပေါ်လား "
ရွှယ်အန်း၏ ဂရုမစိုက်သော အမူအရာက ၎င်းတို့ သုံးဦးကို ဒေါသထွက်စေခဲ့သည်။ သုံးယောက်သား ဒေါသတကြီး အော်လိုက်ကြပြီးနောက် နတ်ဆိုးစွမ်းအင် အစုလိုက် အပြုံလိုက် ထွက်လာသည်။
ခန်းမထဲက လူအားလုံးက တလေးတစားဖြင့် ဘေးဖယ်လိုက်ကြသည်။
တကဲအုချီ ဂျန်ဂျီက လှောင်ပြောင်၍ ပြော၏။
"ငါ့ညီမ ဟွာရှားသိုင်းပညာရှင်ကို ပြန်ခေါ်လာတဲ့ပုံပဲ။ တော်တော် တုံးတာပဲ ငါ့ညီမက။ အဟက် ရလဒ်က အတူတူပဲ မဟုတ်လား”
တကဲအုချီ ဂျန်ဂျီ၏ပခုံးကို လက်နှစ်ဖက်ဖြင့် ဖက်ထားသော အီနိုအုအဲ ယူက အနည်းငယ်ပြုံးလိုက်သည်။ "သူက ငတုံးမှန်း ကိုယ်သိလို့ မင်းကို ချစ်ရေးဆိုခဲ့တာပေါ့”
ဤစကားများသည် တကဲအုချီ ခီရိုခို၏ မျက်နှာကို ဖြူဖျော့သွားစေသည်။
ဤအီနိုအုအဲ ယူသည် တစ်ချိန်က သူမကို စိတ်အားထက်သန်စွာ ပိုးပန်းခဲ့ဖူးသော်လည်း သူမ ပြဿနာတက်သည်နှင့်တပြိုင်နက် တကဲအုချီ ဂျန်ဂျီနှင့် ပေါင်းဖက်ရန် ဆောင်ရွက်ခဲ့သည်။
သို့သော် သူမလည်း စိတ်ပူလျက်ရှိသည်။
နောက်ဆုံးတွင်မူ ရွှယ်အန်း၏သိုင်းပညာသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုသုံးဦးသည် နတ်မှော်ပညာကို လေ့ကျင့်ထားသည့် ဘုန်းတော်ကြီးများဖြစ်သည်။
“ဝိညာဉ်သတ္တဝါတွေ ပေါ်လာကြ”
သုံးယောက်သား ညီညီညွတ်ညွတ် အော်လိုက်ကြရာ ခန်းမထဲ၌ အရိပ်နှင့်တူသော အရာသုံးခု ပေါ်လာသည်။
လူများစွာက တအံ့တသြအော်ကြသည်။
“သူတို့က နာမ်ဝိညာဉ်သတ္တဝါတွေကို တကယ်ခေါ်နိုင်တယ်ပေါ့။ အိုရိုချီ ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးသုံးယောက်က တကယ်ကြောက်ဖို့ကောင်းတာပဲ” အီနိုအုအဲ ယူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“သွား” ၎င်းတို့သုံးဦးသည် ၎င်းတို့၏ ဆင့်ခေါ်ထားသော သတ္တဝါများကို ရွှယ်အန်းကို တိုက်ခိုက်ရန် ညွှန်ကြားလိုက်သောအခါ ထိုသတ္တဝါများက သူ့ဆီသို့ တပြိုင်နက်တည်းချီတက်လာကြသည်။
နာမ်ဝိညာဉ်သတ္တဝါများကို ဖိတ်ခေါ်ခြင်းသည် ဂျပန်နိုင်ငံအတွက် ထူးခြားသော မှော်ပညာအမျိုးအစားတစ်ခုဖြစ်သည်။ ရိုးရှင်းစွာပြော၍လျှင် ၎င်းသည် ဆာမူရိုင်း သို့မဟုတ် အခြားအရာများသေဆုံးပြီးနောက် ဖြစ်ပေါ်လာသော ဝိဉာဥ်များနှင့် စိတ်ဝိဉာဥ်များကို ကိုးကွယ်၍ ကျင့်ကြံခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းလှ၏။ အထူးသဖြင့် စုရုရိုခါ မာဆာကီ နှင့် အခြားနှစ်ဦးတို့သည် အိုရိုချီနတ်ဆိုးကို ကိုးကွယ်ကြသောကြောင့် ၎င်းတို့ ဆင့်ခေါ်လာသော သတ္တဝါများသည်လည်း နတ်ဆိုး၏ စွမ်းပကားများပြည့်နေသည်။
သို့သော ထိုရှိခိဂမိ သုံးကောင်က ရွှယ်အန်းထံသို့ ချီတက်လာသည်နှင့် ရွှယ်အန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု တောက်ပလာသည်။
“သေစမ်း”
ရှိခိဂမိ သုံးကောင်က စူးစူးဝါးဝါးအော်လိုက်ကြပြီးနောက် ချက်ချင်းပင် မီးခိုးနှင့် တိမ်များအဖြစ် ပျောက်ကွယ်သွားသည်။
ဤအရာသည် ဘုန်းကြီးသုံးပါးကို အံ့အားသင့်စေရုံသာမက အခြားလူများလည်း အံသြသွားကြသည်။
‘ဒါဘယ်လို သိုင်းပညာမျိုးလဲ”
‘ရှိခိဂမိတွေကို စကားတစ်ခွန်းတည်းနဲ့ ချေမှုန်းလိုက်တာလား’
ဤအခိုက်အတန့်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ခင်ဗျားတို့ တတ်နိုင်တာ ဒါပဲလား’
ထို့နောက် ရွှယ်အန်းက သမီးနှစ်ယောက်ကို ရင်ခွင်ထဲသို့ ထည့်ဖက်ထားလိုက်သည်။
“သမီးတို့ မျက်လုံးတွေမှိတ်ပြီး ဖေဖေ့ရင်ခွင်ထဲမှာ ခွေခွေလေး ကွေးနေ”
ရွှယ်ရှန်းနှင့် ညီမဖြစ်သူတို့က ချက်ချင်းပင် ရွှယ်အန်း၏ ရင်ခွင်ထဲ၌ ကွေးဝင်လိုက်ကြသည်။ ထို့နောက် ရွှယ်အန်းက ပုလဲဖြူသွာများကို ဖြဲ၍ ပြုံးပြလိုက်သည်။
“အခု ငါ့အလှည့်ပဲ”
ထိုစကားပြောပြီးနောက် ရွှယ်အန်းသည် ၎င်းတို့ သုံးယောက်အလယ်တွင် ရုတ်တရက်ပေါ်လာကာ သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
စုရုအိုခါ မာဆာကီသည် အော်ရန်အချိန်ပင်မရလိုက်ဘဲ သွေးမြူတိမ်များအဖြစ်ပြောင်းလဲသွားသည်။
ဖုရုယာ့ ခါဇုမားသည် အလွန်ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစား၏။ ရွှယ်အန်းသည် ချီဓားတစ်ချောင်းကို ထုတ်၍ ဖုရုယာ့ ခါဇုမား၏ ခေါင်းကို ခုတ်ဖြတ်လိုက်သည်။
နာဂါ့တ ယူအိချိ တစ်ယောက်သာ ကျန်တော့သည်။
ယခုအချိန်တွင် နာဂါ့တ ယူအိချိသည် ဖွဲကဲ့သို့ တုန်ယင်နေသည်။ နောက်ဆုံးတွင် သူသည် ရွှယ်အန်းစောစောကပြောခဲ့သည့်စကားကို ယုံကြည်သွားပြီဖြစ်သည်။ နတ်ဆိုးဘုရားကို သတ်ခဲ့သောသူသည် ဤလူဖြစ်နိုင်ချေများသည်။
ထို့ကြောင့် ရွှယ်အန်းက သူ့ကို ကြည့်လိုက်သောအခါ နဂါ့တ ယူအိချိက ခြေလက် ဆန့်တန်း၍ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
နယူအိချိ ၏ ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"ကျေးဇူးပြုပြီး သက်ညှာပေးပါ သခင်”
ရွှယ်အန်းက သူ့ကို ဂရုမစိုက်တော့ဘဲ မျက်နှာများ ဖြူဖျော့နေသည့် တကဲအုချီ ယိုအိချိနှင့် အခြားသူများကို ကြည့်လိုက်သည်။
"မင်းတို့...ပြောစရာရှိသေးလား" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။
တကဲအုချီ ယိုအိချိက အံကြိတ်၍ အမိန့်ပေးလိုက်သည်။
“သူ့ကို ပစ်သတ်လိုက်ပါ။ သူ ကျည်တွေကို ရှောင်လို့ရမယ်လို့ ငါမယုံဘူး”
ဂျပန်နိုင်ငံအများသူငှာ ဘေးကင်းရေးမှာ အတော်အတန်ကောင်းမွန်သည်။ ၎င်းတို့ကဲ့သို့ မြင့်မြတ်သော တာအိုကျင့်ကြံသူ မိသားစု၌ပင် သေနတ်အနည်းငယ်သာရှိသည်။ သို့သော် သေနတ်သမားများ ထွက်လာသောအခါ ပတ်ဝန်းကျင်အခြေအနေ လေထုက ပြောင်းလဲသွားသည်။
“မင်းဟာ သိုင်းပညာရှင်တစ်ယောက်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အဲ့တာ ဘာအရေးလဲ။ ဒီခေတ်က ဆာမူရိုင်းတွေ အထွတ်အထိပ်ရောက်တဲ့ခေတ်တော့ မဟုတ်တော့ဘူး။ ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ကျည်ဆန်ထက် ပိုမြန်နိုင်မလား” တကဲအုချီ ယိုအိချိက ပြော၏။
ရွှယ်အန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဒါဆို ခင်ဗျားတို့ ကြိုးစားကြည့်လေ။ ကျုပ်ကြောက်လား မကြောက်ဘူးလား ကြည့်စမ်း”
"သူ့ကိုသတ်ကြ" တကဲအုချီ ယိုအိချိက အမိန့်ပေးသည်။
မရဏကမ္ဘာကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ယောက်အနေဖြင့် သူသည် ပြတ်သားလှသည်။ သေနတ်များသုံးခြင်းက လူအများကို ထိတ်လန့်သွားစေနိုင်သော်လည်း ယခုအချိန်တွင် သူ ဤအချက်ကို ဂရုမစိုက်တော့ပေ။
ဒိုင်း ဒိုင်း ဒိုင်း
စက်သေနတ်များနှင့် ပစ္စတိုများဆီမှ မီးတောက်များထွက်ပေါ်လာသည်။
ဤကဲ့သို့ မီးများအောက်တွင် ရွှယ်အန်းက ရယ်လိုက်သည် ။
“ဆိုတော့ ဒါပဲရှိတာပေါ့”
သူ့အသံ မှိန်ဖျော့သွားသည်နှင့်တပြိုင်နက် သိပ္ပံနည်းပညာဇာတ်ကားများထဲမှကဲ့သို့ မြင်ကွင်းတစ်ခုထွက်ပေါ်လာသည်။ သူ့ဆီသို့ ပစ်ခတ်လိုက်သော ကျည်ဆန်များသည် ကော်ရေကန်ထဲသို့ ဝင်ရောက်လာသကဲ့သို့ လေထုအလယ်တွင် ရပ်တန့်သွားသည်အထိ တဖြည်းဖြည်း နှေးကွေးလာသည်။
ထို့နောက် ရွှယ်အန်းမှ နောက်ထပ် အမိန့်တစ်ခုပေးလိုက်သည်။
"သွား”
ကျည်ဆန်များသည် ၎င်းတို့၏ ကနဦးအမြန်နှုန်းထက် ဆယ်ဆပိုမြန်သော အရှိန်ဖြင့် နောက်သို့ပြန်ထိုးထွက်ကာ လာရာလမ်းအတိုင်း ပြန်သွားကြသည်။
သေနတ်သမား တစ်ဒါဇင် မြေပြင်ပေါ်သို့ ကျသွားသည်။ ကျည်ဆန်များ၏ တွန်းအားသည်အလွန်ပြင်းထန်လှလွန်းသဖြင့် အနောက်နံရံကို ထိုးဖောက်ပြီးမှသာ ရပ်တန့်သွားကြသည်။
နောက်ဆုံးတွင် ဤအပြုအမူကြောင့် တကဲအုချီ ယိုအိချိ ကြောက်လန့်သွား၏။
ထိုအချိန်တွင် ရွှယ်အန်းက ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။
သူလှမ်းလိုက်သည့်အခြားတိုင်း အခြားသူများက ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။ နောက်ဆုံးတွင် ၎င်းတို့ ဆက်လက်ဆုတ်ခွာရန် လမ်းမရှိကြတော့ပေ။
ထိုမှသာ ရွှယ်အန်းက ရပ်လိုက်၏။
"ကဲ၊ သူ့ကို မိသားစုခေါင်းဆောင်ခန့်ဖို့ သဘောတူသလား”