← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁) ကမ္ဘာကြီးက အိပ်မက်တစ်ခုဖြစ်ပြီး၊ ကိုယ်သာလျှင် ထာဝရ

“မရဘူး။ သေရင်တောင် ငါ သဘောမတူဘူး" တကဲအုချီ ဂျန်ဂျီက အော်ဟစ်လိုက်သည်။

"ကောင်းပြီ ဒါဆို မင်း သေလိုက်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြင့် တကဲအုချီ ဂျန်ဂျီ၏ ဦးခေါင်း ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ဘေးနားက လူများထံသို့ သွေးများ လွင့်စင်သွားလေသည်။ ဤကဲ့သို့သော သရဲတစ္ဆေ နတ်ဘုရားသဖွယ် နည်းလမ်းများသည် လူတိုင်းကို နှလုံးသားထဲထိ ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

အီနိုအုအဲ ယူက တဆတ်ဆတ်တုန်ယင်လျက် ဟန်ဆောင် ပြုံးလိုက်သည်။

"ငါ... သဘောတူတယ်"

ရွှယ်အန်းက သူ့ကို လှည့်ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်က မြင့်မြတ်လွန်းတယ်၊ ခင်ဗျားရဲ့ စကားလုံးတွေက ဧကရာဇ်ရဲ့ အမိန့်တွေ အတိုင်းပါပဲ၊ ကျွန်တော် သဘောတူတယ်" အီနိုအုအဲ ယူက မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။

ပြီးနောက် အီနိုအုအဲ ယူသည် တကဲအုချီ ခီရိုခိုကို မျက်နှာချိုသွေးလျက် ကြည့်လိုက်၏။

“ခီရိုခို…”

တကဲအုချီ ခီရိုခိုသည် တင်းမာသော မျက်နှာထားဖြင့် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ မင်း သဘောတူတဲ့အတွက်။ ပြီးရင်…”

ရွှယ်အန်းက ပေါ့ပါးစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အီနိုအုအဲ ယူ၏လည်ချောင်းမှ သွေးအစင်းကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် သွေးများ စိမ့်ထွက်လာသည်။ အီနိုအုအဲ ယူသည် ရွှယ်အန်းကို ထိတ်လန့်စွာကြည့်လျက် သူ၏လည်ပင်းကို အပြင်းအထန် ဆုပ်ကိုင်ထားသည်။

"ငါ သဘောတူတာတောင် ဘာလို့... သတ်တာလဲ"

"ကျုပ်က ဘယ်သူ သဘောတူမှာလဲလို့ပဲ မေးတာ၊ သဘောတူရင် ခင်ဗျားတို့ကို အသက်ရှင်ခွင့် ပေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

အီနိုအုအဲ ယူ၏လည်ချောင်းမှ သွေးပွက်သံများ ထွက်ပေါ်လာကာ ရွှယ်အန်းကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် မြေပြင်ပေါ်သို့ မလိုလားစွာ လဲကျ၍ သေဆုံးသွားလေသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုနေရာသို့ ရောက်ရှိနေသူများစွာသည် တိုကျို၏ မှောင်ခိုလောကကို နှစ်အတော်ကြာ လွှမ်းမိုးထားသော်လည်း ရွှယ်အန်းက ၎င်းတို့အနက် လူနှစ်ဦးကို အားစိုက်ထုတ်ခြင်း မရှိဘဲ သတ်ဖြတ်ကာ သတိပေးခြင်းမရှိဘဲ အသက်များသုတ်သင်ပစ်လိုက်သည်ကို မြင်လိုက်ရသည်။ ဤသို့သော နည်းလမ်းများက အရည်အချင်းရှိသော ပုဂ္ဂိုလ်ကြီးများကိုပင် ကြောက်လန့်စေသည်။

ရွှယ်အန်းက အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြန်သည်။

"အခု တခြား ဘယ်သူတွေ ကန့်ကွက်စရာရှိလဲ"

ထိုအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က တကဲအုချီနေအိမ် အဝင်ပေါက်သို့ ချဉ်းကပ်လာကြသည်။ အမျိုးသားသည် ဓားသွားများပြည့်နှက်နေသည့် လက်ရှည်အင်္ကျီကို ၀တ်ဆင်ထားကာ ကောင်းကင်မှ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ ထူးကဲသော အရောင်အဝါများ ထွက်ပေါ်နေပုံရသည်။ အမျိုးသမီးသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးကာ လေးစားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ၏နောက်သို့ လိုက်လာခဲ့သည်။

တကဲအုချီနေအိမ်သို့ ဝင်ရောက်ပြီးနောက် ထိုလူသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ သူ၏အမူအရာသည်လည်း ပို၍လေးနက်လာသည်။

အမျိုးသမီးက ရိုသေလေးစားစွာ မေးမြန်းလိုက်သည်။

“ဆရာ ဘာဖြစ်လို့ပါလဲ”

“တော်တော်ပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်ပဲ"

ထိုအမျိုးသားက လေးနက်စွာ ပြောလိုက်သည်။

ပြီးနောက် အမျိုးသားသည် တစ်လှမ်း လှမ်းခြင်းဖြင့် ခြံဝင်းတစ်ခုလုံးကို ဖြတ်ကျော်ကာ အိမ်ရှေ့တံခါးမှ ဝင်သွားသည်။ ထိုအမျိုးသား၏ ရောက်ရှိလာမှုသည် ဂျပန်နိုင်ငံ၏ စိတ်ပျက်အားငယ်နေသော အင်အားကြီးပုဂ္ဂိုလ်များကို ရွှင်လန်းမှုများဖြင့် လွှမ်းခြုံသွားစေသည်။

တကဲအုချီ မာဆာအိုသည် သူ၏ အသံပြာပြာဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ဓားသူတော်စင်၊ ကျွန်တော်တို့ကို ကယ်တင်ပေးပါ။ ဒီလူက မကောင်းဆိုးဝါးပါ”

သို့သော်လည်း တကဲအုချီ ခီရိုခို၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၍ သူမ၏ နှလုံးသားသည်လည်း တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ မည်သို့ဆိုသော် ထိုအမျိုးသားသည် ဂျပန်နိုင်ငံ၏ နှလုံးသားရောင်ပြန်၊ ဓားသူတော်စင် ချန်ရှန်ယိဖျယ်မှလွဲ၍ အခြားလူမဟုတ်သောကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံရှိ ဓားတာအိုကို အတန်းအမျိုးမျိုး ခွဲခြားထားသည်၊ ပေချန်ဓားသခင်သိုင်း၊ ကောင်းကင်ဘုံဒုတိယအရှင်ဓားသိုင်း၊ နှလုံးသားရောင်ပြန်ဓားသိုင်း၊ ရှင်းတိုမုနန်ဓားသိုင်းနှင့် စသည်တို့ ဖြစ်သည်။

၎င်းတို့အနက် အင်အားအကြီးဆုံးကို ဓားသူတော်စင်ဟု လူသိများကြသည်။ နှလုံးသားရောင်ပြန်၏ ဓားပညာသည် တိုကျိုတွင် တည်ရှိနေသောကြောင့် ဓားသူတော်စင် ချန်ရှန်ယိဖျယ်က ဖိတ်ကြားချက်လက်ခံရရှိကာ တကဲအုချီနေအိမ်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ချန်ရှန်ယိဖျယ်သည် ရွှယ်အန်းကို ကြည့်၍ သူ၏အမူအရာ လေးနက်လာသည်။

"ဟွာရှားက သိုင်းပညာရှင်တစ်ယောက်လား"

ရွှယ်အန်းက ခေါင်းညိတ်ပြီးနောက် ပေါ့လျော့စွာ ပြန်ဖြေလိုက်သည်။

"ခင်ဗျားက ဘယ်သူပါလိမ့်"

"ကျွန်တော်က ချန်ရှန်ယိဖျယ်ပါ။ သိုင်းပညာ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီသာမန်လူတွေကို ဘာလို့ ရက်ရက်စက်စက် သတ်ဖြတ်ရတာလဲ” ချန်ရှန်ယိဖျယ်က အေးစက်စွာ မေးလိုက်သည်။

"သာမန်လူတဲ့လား" ရွှယ်အန်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာသည်။

"ခင်ဗျားက ဒီလူတွေကို သာမာန်လို့ ခေါ်တာလား"

ရွှယ်အန်း၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သောကြောင့် ချန်ရှန်ယိဖျယ်၏ မျက်နှာအမူအရာ ခက်ထန်နေသည်။ ဤလူ၏ အရောင်အဝါသည် သာမန်မျှသာဖြစ်သော်လည်း သူ၏မျက်လုံးများက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသည်။ သူ၏ကျင့်ကြံမှု အဆင့်က မည်သို့သော အဆင့်တွင် ရှိနေရခြင်းဖြစ်သနည်း။ ချန်ရှန်ယိဖျယ်၏ စိတ်ထဲသို့ မသင်္ကာမှုများ ဖြတ်သန်းသွားသော်လည်း သူသည် ကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

“သူတို့က မှောင်ခိုလောကက ဆိုရင်တောင် အဲ့ဒီ့လောက်ထိ လုပ်ဖို့လိုလို့လား။ ဒါဟွာရှားက သိုင်းပညာရှင်တွေရဲ့ ရက်စက်မှုမျိုးလား"

ရွှယ်အန်းက သူ၏ခေါင်းယမ်း၍ ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"ကျုပ်အတွက်ကတော့ သတ်ဖြတ်မှုက အတွေးတစ်ခုစာလောက်ပဲ ရှိပြီး၊ စကားလုံးတွေက အသုံးမဝင်ဘူး။ ခင်ဗျားက ဓားသူစင်တစ်ယောက်လို့ ပြောနေမှတော့ ခင်ဗျားလည်း ဒီနေ့ ဒီမှာပဲ ဆက်နေလိုက်"

စကားပြောပြီးနောက် ရွှယ်အန်းက ခက်ထန်စွာ ပြုံးလိုက်သည်။ ရုတ်တရက်ဆိုသလိုပင်၊ သူသည် မည်သည့်စကားမျှ မပြောဘဲ ချန်ရှန်ယိဖျယ်၏ အရှေ့သို့ ရောက်ရှိလာကာ လက်သီးဖြင့် ထိုးနှက်လိုက်သောကြောင့် ချန်ရှန်ယိဖျယ်က သူ၏အရှိန်အဟုန်ကြောင့် တုန်လှုပ်သွားသည်။

ထိုလက်သီးချက်ကို ရှောင်တိမ်းလိုက်ရုံဖြင့် ချန်ရှန်ယိဖျယ်၏ ခြေနင်းကွက်များ ပြောင်းလဲသွား၍ သူ့ကို ထူးခြားသည့် တွေ့ရခဲသော အနေအထားသို့ ရောက်ရှိသွားစေသည်။ ခိုင်မြဲစွာဖြင့် ပြန်လည် မတ်တပ်ရပ်လိုက်သည်နှင့် သူ၏ အရောင်အဝါများ ပြောင်းလဲသွားကာ အခန်းတစ်ခုလုံးသို့ အင်အားကြီး ဓားချီများ ပြည့်နှက်လာသည်။ ၎င်း၏နက်ရှိုင်းသော ခြေနင်းကွက် လေ့လာမှုနှင့်အတူ ခြေလှမ်းတိုင်းတွင် ခြိမ်းခြောက်မှုများ ပေးပို့နိုင်စွမ်းရှိသည်ဟု လူသိများသော နှလုံးသားရောင်ပြန်ကျောင်း၏ အမှတ်အသားတစ်ခုဖြစ်သည်။ ရွှယ်အန်းသည် သူ၏လက်သီးချက် လွဲချော်သွားသော်လည်း အမူအရာကင်းမဲ့စွာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"မဆိုးပါဘူး၊ ထပ်လုပ်တာပေါ့"

ထိုမှတစ်ဆင့် ရွှယ်အန်းက နောက်ထပ် လက်သီး တစ်ချက်ကို ပစ်သွင်းလိုက်သည်။ ယခုအချိန်တွင် ရွှယ်အန်းက သူ၏ ကျင့်ကြံမှုအဆင့်ကိုပင် အသုံးမချသေးဘဲ ချန်ရှန်ယိဖျယ်နှင့် တိုက်ခိုက်ရန်အတွက် သူ၏ခန္ဓာကိုယ်ခွန်အားကိုသာ အားကိုးနေသော်လည်း ၎င်းတို့နှစ်ဦးက လက်ရည် တူညီနေပုံပေါ်ရသည်။

ရောက်ရှိလာသော ရွှယ်အန်း၏ လက်သီးချက် နောက်တစ်ချက်ကို ပွတ်ကာသီသာ ရှောင်တိမ်းပြီးနောက်၊ ချန်ရှန်ယိဖျယ်က မျက်နှာအမူအရာ လေးနက်စွာဖြင့် ကြွေးကြော်လိုက်သည်။

"ချန်ရှန် ဓားသိုင်း"

စူးရှတောက်ပသော ဓားချီများ ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားချက်သည် အလွန်အမင်း အင်အားကြီး၍ မြင်ရသူတိုင်းကို ယစ်မူးသွားစေသည်။ တကဲအုချီ မာဆာအိုနှင့် အခြားလူများသည် ၎င်းကို မိန်းမော၍ ငေးငိုင်စွာဖြင့် ကြည့်နေကြသည်။

ချန်ရှန်ယိဖျယ်၏ အနောက်မှ လိုက်ပါလာသောအမျိုးသမီးသည် ဘဝင်ခိုက်နေသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။ သူမ၏အမြင်အရ ဤအိပ်မက်ကဲ့သို့သော ဓားချက်ဖြင့် ထိုးနှက်ခံရလျှင် မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော် ရွှယ်အန်းသည် ၎င်းကို မော့ကြည့်ရုံမျှသာ ပြုလုပ်ပြီးနောက် သူ၏ ပေါ့ပါးစွာဖြင့် လက်ဖျောက်တီးလိုက်သည်။ အလွန် အင်အားကြီးမားပုံပေါ်သော ဤဓားချက်သည် ချက်ချင်းပင် ပျက်ဆီးသွား၏။

ချန်ရှန်ယိဖျယ်က အနောက်သို့ ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွားခဲ့ရရာ သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာ၍ သူ၏ခါးမှ ဓားအစစ်အမှန်ကို ဖြည်းညှင်းစွာ ဆွဲထုတ်ပြီးနောက် အံကြိတ်လိုက်သည်။ ဤဖြစ်စဉ်သည် လူအများစုကို စိတ်လှုပ်ရှားသွားစေသည်။ သူ၏အနောက်မှ လိုက်ပါလာသော အမျိုးသမီးလျှင်ပင် အံ့သြ၍ မဆုံးနိုင်ဖြစ်နေသည်။ သူမ၏ ဆရာသည် ၎င်းဓားကို ဆယ်နှစ်အတွင်း မဆွဲထုတ်ခဲ့ပေ။ ယခုအချိန်တွင် ဓားအစစ်အမှန်ကို ဆွဲထုတ်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

ချန်ရှန်ယိဖျယ်သည် လေးနက်သော အမူအရာဖြင့် ကြွေးကြော်လိုက်သည်။

"ဒီဓားကို 'ကြီးမြတ်တဲ့ အိပ်မက်' လို့ နာမည်ပေးထားတယ်။ ကျုပ်ဘက်က ဒီဓား ထုတ်သုံးရတဲ့အထိ တွန်းအားပေးခဲ့တဲ့အတွက် ခင်ဗျား ဂုဏ်ယူသင့်တယ်"

ရွှယ်အန်းက ခက်ထန်စွာ ပြုံး၍ သူ၏လက်သီးကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။

"လာထား"

သူသည် စကားပြောနေစဉ်တွင် နောက်ထပ် လက်သီး တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင်၊ ချန်ရှန်ယိဖျယ်က မျက်ခုံးပင့်၍ အော်ဟစ်လိုက်သည်။

"ကြီးမြတ်သော အိပ်မက်"

ပြီးနောက် ဓားချက် ကွယ်ပျောက်သွား၍ ရွှယ်အန်း၏ အနောက်ဘက်တွင် တခဏအတွင်း ပြန်လည်ပေါ်လာကာ ပြင်းထန်စွာ ပြိုကျသွားလေသည်။ ခီရိုခိုက ထိတ်လန့်တကြား အော်ဟစ်နေစဉ်တွင်၊ တကဲအုချီ မာဆာအိုနှင့် အခြားလူများက ခက်ထန်စွာ ရယ်မောနေသည်။

'သေချာပေါက်… ဓားသူတော်စင်က အောင်နိုင်သူပဲ'

သို့သော် ထိုအချိန်တွင် ရွှယ်အန်း၏နောက်ကျောနှင့် နီးကပ်နေပြီဖြစ်သော ကြီးမြတ်သော အိပ်မက် ဓားသည် ရုတ်တရတ် ရပ်တန့်သွားသည်။ လက်များကို သူ၏နောက်ကျောတွင် ယှက်ထားသည့် ရွှယ်အန်းက ၎င်းဓားကို အနည်းငယ် အားစိုက်ထုတ်မှုမရှိဘဲ လက်ချောင်း နှစ်ချောင်းဖြင့် ဖမ်းယူလိုက်ရာ၊ ဓားသည် အပိုင်းပိုင်း ပြတ်တောက်သွားလေသည်။ ခြေလှမ်းပေါင်းများစွာ အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် ချန်ရှန်ယိဖျယ်၏ မျက်နှာတွင် အလွန်အမင်း အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။

ရွှယ်အန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ကစားရတာ ပျော်စရာကောင်းခဲ့ပါတယ်၊ ဒါပေမယ့် မင်းရဲ့ သန်မာမှုက မလုံလောက်သေးဘူး"

စကားပြောနေစဉ်အတွင်း ရွှယ်အန်း၏ခန္ဓာကိုယ်မှ ခမ်းနားသော အရောင်အဝါများ ရုတ်တရက် ဖြာထွက်လာသည်။ ချန်ရှန်ယိဖျယ်သည် ဤအရောင်အဝါ၏ မျက်မှောက်တွင် မည်သည့်အချိန်မဆို နစ်မြုပ်သွားနိုင်သည့် မုန်တိုင်းထဲရှိ လှေငယ်တစ်စင်းကဲ့သို့ဖြစ်နေသည်။

"ဘယ်လိုလုပ်ပြီး... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" တကဲအုချီ မာဆာအိုနှင့် အခြားလူများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုလူသည် မည်သို့ကြောင့် ဤမျှ သန်မာနေရခြင်းဖြစ်သနည်း။ ချန်ရှန်ယိဖျယ်သည် စိုးရိမ်ဖွယ် အမူအရာဖြင့် ရင်ဘက်နားရှိ ဓားမြှောင်တစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်၍ လက်ဖဝါးကို ထိုးဖောက်လိုက်သည်နှင့် သူ၏သွေးများဖြင့် ဖွဲ့စည်းထားသော သွေးရောင် ဓားတစ်ချောင်းက လက်ထဲတွင် သိသိသာသာ ပေါ်ပေါက်လာသည်။

"သွေးကို ဓားအဖြစ်ပြောင်းလဲတာ"

အမျိုးသမီးငယ်သည် ဖြူဖျော့သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။ ၎င်းသည် နှလုံးသားရောင်ပြန်သိုင်း၏ နောက်ဆုံးအခြေအနေတွင်သာ အသုံးပြုရသည့် ပညာမျိုးဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရွှယ်အန်းက မော့ကြည့်၍ ခပ်ဖျော့ဖျော့ ပြုံးနေလေ၏။

"ကြီးမြတ်တဲ့ အိပ်မက်တဲ့လား။ ဟားဟား စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဒါပေမယ့်…”

"ဘဝက အိပ်မက်တစ်ခုဖြစ်ပြီး၊ ကိုယ်သာလျှင် ထာဝရပဲ"

အခန်း (၂၁၂) တိုကျိုကို လှုပ်ခတ်စေသည့် အမြင့်မြတ်ဆုံး ဩဇာအာဏာ

ထိုကြွေးကြော်သံနှင့်အတူ ချန်ရှန်ယိဖျယ်၏လက်ထဲရှိ သွေးရောင် ဓားသွား ပြင်းထန်စွာ ကွဲအက်သွားသည်။ ထိုပြင်းထန်သော ဖိအားသည် ချန်ရှန်ယိဖျယ်ဘက်မှက ခုခံမှုမပြုလုပ်နိုင်မီတွင် သွေးအစိုင်အခဲများအဖြစ်သို့ ကြေမွသွားစေသည်။ ဓားသူတော်စင်၊ သေဆုံးသွားခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။ ချန်ရှန်ယိဖျယ်နှင့်အတူ လိုက်ပါလာသော တပည့်အမျိုးသမီး၊ ချန်ယဲ့ကျန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။

သူမ၏မျက်လုံးထဲတွင် သူမ၏ဆရာသည် ပြိုင်ဘက်ကင်းသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။ သို့သော် ဤလူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် တစ်မိနစ်ပင် မကြာမြင့်ခဲ့ဘဲ ပွဲချင်းပြီး သေဆုံးသွားမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ဤအခိုက်အတန့်တွင်၊ တကဲအုချီ မာဆာအို၏ မျက်နှာသည် ချွေးစေးများဖြင့် စိုရွှဲနေခဲ့ရာ၊ ရွှယ်အန်းက သူ့ကို မော့ကြည့်လိုက်ခြင်းကို မြင်လိုက်ရသည်နှင့် အရှေ့သို့ အမြန်လှမ်းလာ၍ နှိမ့်ချစွာ ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော် ခီရိုခိုကို တကဲအုချီ မိသားစုရဲ့ မိသားစုခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိပါတယ်"

ရွှယ်အန်းက ပြုံး၍ တကဲအုချီ ခီရိုခိုကို လှည့်ကြည့်လိုက်သည်။

"သူ့ကို မင်းပဲ ရှင်းလိုက်"

“အကြီးအကဲ….” တကဲအုချီ မာဆာအိုသည် ထိတ်လန့်တုန်လှုပ်သွားသည်။

သူမ၏ မျက်နှာပေါ်တွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသော တကဲအုချီ ခီရိုခိုက လျှောက်လှမ်းလာသည်။

"ခီရိုခို... ဘယ်လိုပဲဖြစ်ဖြစ် အဖေက သမီးရဲ့ ဖခင်ပါ၊ သမီး..." တကဲအုချီ မာဆာအိုက မိသားစုဆက်ဆံရေးကို အသုံးပြုရန် ကြိုးစားလိုက်သည်။ တကဲအုချီ ခီရိုခိုသည် ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်၍ တကဲအုချီ မာဆာအို၏ ရင်ဘတ်ထဲသို့ ထိုးသွင်းပြီးနောက် အံကြိတ်လျက် ပြောလိုက်သည်။

“ရှင့်မျက်လုံးထဲမှာ ကျွန်မက ခွေးတွေ ဝက်တွေလောက်တောင် အသုံးမကျဘူး မဟုတ်လား”

ဤသို့ဖြင့် တကဲအုချီ ခီရိုခိုက ဓားမြှောင်ကို ဆွဲထုတ်ပြီးနောက် ပြင်းထန်စွာ ပြန်ထိုးနှက်လိုက်သည်။ အကြိမ်ပေါင်းများစွာ ထိုးနှက်ပြီးနောက် ၊တကဲအုချီ မာဆာအိုသည် ဓားအပေါက်များနှင့် ထပ်ထပ်ကျဲနေသည်။ သို့သော် တကဲအုချီ ခီရိုခိုက စိတ်မကျေနပ်ဖြစ်နေသေးရာ၊ ဒေါသစိတ်ကြောင့် မျက်လုံးများ နီရဲစွာဖြင့် ဓားကို အရူးအမူး ဆွဲထုတ်၍ အဆက်မပြတ် ထိုးစိုက်နေသည်။

ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"တော်သင့်ပြီ"

ထိုအချိန်မှသာ တကဲအုချီ ခီရိုခိုက လွှတ်ပေးလိုက်သော်လည်း သူမ၏ပါးပြင်များတွင် မျက်ရည်များဖြင့် စိုစွတ်နေပြီဖြစ်သည်။ ပြီးနောက် သူမသည် ရွှယ်အန်းအရှေ့သို့ လှည့်၍ ဒူးထောက်ချလိုက်သည်။

"အကြီးအကဲ၊ ခီရိုခိုက အကြီးအကဲရဲ့ ကျွန်အဖြစ် တစ်သက်လုံး ထမ်းဆောင်ချင်ပါတယ်"

မိမိကိုယ်ကို ကျွန်အဖြစ် ပေးဆပ်ခြင်းသည် ဂျပန်နိုင်ငံရှိ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပေးအပ်နိုင်သော အမြင့်မားဆုံး လေးစားမှုတစ်ခုဖြစ်သည်။ သို့သော် ရွှယ်အန်းက လက်ခံခြင်းမရှိသည့်အပြင် ငြင်းဆိုခြင်းလည်း မရှိဘဲ ခပ်ပါးပါး ပြုံးလိုက်သည်။

“ဒီလူတွေ…” ရွှယ်အန်းက ကျန်ရှိနေသော လူများကို တစ်ချက်ကြည့်လိုက်သည်။ လူတိုင်းက တိတ်ဆိတ်စွာဖြင့် ၎င်းတို့၏ခေါင်းကို အလျင်စလို ငုံ့လိုက်ကြသည်။

“မိန်းကလေး ခီရိုခိုက ရန်သူကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုစကားပါးအပ်ပါတယ်။ ကျွန်တော်တို့အားလုံးက တကဲအုချီမိသားစုရဲ့ မိသားစုခေါင်းဆောင်အသစ်ကို ဆုမွန်ကောင်း တောင်းအပ်ပါတယ်”

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ရှင်းလင်းစွာပင်၊ ပတ်ဝန်းကျင်တွင် ဉာဏ်ပညာရှိသည့် လူပေါင်းများစွာ ရှိနေသည်။ ဉာဏ်ပညာမရှိလျှင်ပင် သေခြင်းတရားနှင့် သွေးထွက်သံယို ဖြစ်စဉ်မျိုးဖြင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့က ပညာရှိရန် သင်ယူကြပေလိမ့်မည်။ တကဲအုချီ ဟိဒဲအိုတစ်ယောက်ကိုသာ ဖြေရှင်းရန် ကျန်ရစ်တော့သည်။

သို့သော်လည်း တကဲအုချီ ခီရိုခိုက တကဲအုချီ ဟိဒဲအိုကို လှည့်ကြည့်လိုက်သောအခါ ၎င်းက ထွက်ပြေးသွားသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။ မြေကြီးပေါ်တွင် သွေးအိုင်ကြီးတစ်ခုသာ ကျန်ရစ်လေသည်။ တကဲအုချီ ခီရိုခိုအနည်းငယ် စိုးရိမ်နေသော်လည်း ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။

'သူ ပြေးချင်ရင် ပြေးပေါ့။ ဘယ်သူက ပုရွက်ဆိတ်တစ်ကောင်ရဲ့ သေရေး ရှင်ရေးကို ဂရုစိုက်နေမှာလဲ'

ပြီးနောက် မလှုပ်မဝံ့ရဲဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေဆဲဖြစ်သည့် နာဂါ့တ ယူအိချိကို ရွှယ်အန်းက လှည့်ကြည့်လိုက်သည်။

"အကြီးအကဲ...ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ကျွန်တော်…”

ရွှယ်အန်းသည် အရှေ့သို့ လျှောက်သွားကာ သူ၏ခေါင်းကို ညင်သာစွာ ထိကိုင်ခြင်းဖြင့် သူ၏စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များကို တိုက်ရိုက် ရှာဖွေလိုက်သည်။ ၎င်းအနက် မြင်ကွင်းများစွာက ရွှယ်အန်းကို မျက်မှောင်ကြုတ်သွားစေသည်။ ဤဘုန်းကြီးသုံးပါးသည် ရက်စက်ကြမ်းကြုတ်သော အမှုကိစ္စများစွာကို ပြုလုပ်ရန်အတွက် အိုရိုချိဘုရားကျောင်း၏ သြဇာလွှမ်းမိုးမှုကို အားကိုးခဲ့သည်။ ဥပမာအားဖြင့် သက်ရှိ ယဇ်ပူဇော်မှုများပြုရန်အတွက် မိန်းကလေးငယ်များကို ပြန်ပေးဆွဲခြင်းကဲ့သို့သော ကိစ္စများကို ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ရွှယ်အန်းသည် သူ၏လက်ကို ပေါ့လျော့စွာ ဝှေ့ယမ်းခြင်းဖြင့် လူသေအလောင်း သုံးခုကို ဗလာနတ္ထိဖြစ်သည်အထိ ပြုလုပ်လိုက်သည်။

ယင်းကြောင့် တိုကျိုတွင် နှစ်ရာနှင့်ချီ တည်ရှိခဲ့သော အိုရိုချိဘုရားကျောင်းသည် ၎င်း၏ အမွေအနှစ်ဖြတ်တောက်ခြင်းခံလိုက်ရ၏။ ထိုညတွင် တကဲအုချီမိသားစု ကျဆုံးမှုနှင့် နှလုံးသားရောင်ပြန်ပညာရှင် ဓားသူတော်စင် ချန်ရှန်ယိဖျယ်တို့ သေဆုံးသွားသည့် သတင်းများက တိုကျိုမြို့တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ အမြင့်ဆုံး အာဏာစက်ကို ကိုင်ဆွဲထားသော ရွှယ်အန်းသည် တာအိုမိသားစုများအားလုံးကို ကြောက်ရွံ့စေခဲ့သည်။

တခြားသော မိသားစုများက သိမ်းပိုက်ထားခဲ့သော နယ်မြေများကိုပင် တိတ်တဆိတ် ပြန်လည်ပေးအပ်နေကြသည့်အပြင် ထပ်မံ ကျူးကျော်ရန် အတွေးမျိုး မရှိရဲကြတော့ပေ။ လူအများစုက ရွှယ်အန်း၏ မူလဇစ်မြစ်အကြောင်း တိတ်တဆိတ် တွေးဆနေကြရာ ၎င်းတို့အားလုံးသည် ဟွာရှားမှ လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးသည့် ဤအမျိုးသားနှင့် ပတ်သက်သည့် အကြောင်းများကို အကန့်အသတ်မရှိ စူးစမ်းလာကြသည်။

ပြင်ပတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ရွှယ်အန်းက ရေပူစမ်းတွင် ရေစိမ်နေခဲ့သည်။ တကဲအုချီမိသားစုသည် ဘဝတွင် မည်သို့ အပျော်ရှာရမည်ကို ကောင်းကောင်းသိသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့သည် တိုကျိုဒေသ၌ ရေပူစမ်းတစ်ခုကို အမှန်တကယ် ထွင်းထုထားခဲ့သည်။

ရွှယ်အန်းသည် မူလတွင် အန်းယန်နှင့်အတူ မန်ဒါရင်ဘဲများကဲ့သို့ ရေချိုးချင်ခဲ့သော်လည်း အန်းယန်က အလွန် ရှက်နေသောကြောင့် ထိုသို့မပြုလုပ်ရန် အခိုင်အမာ ငြင်းဆိုခဲ့သည်။ ရွှယ်အန်းသည် ရေပူစမ်း၏ အံ့ဖွယ်ကောင်းမှုများကို တစ်ယောက်တည်း ခံစားရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တကဲအုချီ ခီရိုခို၏ အသံ ထွက်ပေါ်လာသည်။

"သခင်၊ စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ သတင်းရထားပါတယ်"

ညီလာခံရှိ တိုက်ပွဲပြီးဆုံးစဥ်မှစ၍ တကဲအုချီ ခီရိုခိုက သူ့ကို သခင်အဖြစ် ခေါ်ဆိုနေသောအခါ ရွှယ်အန်းက သူမကို အကြိမ်ကြိမ် ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ပြောင်းလဲခေါ်ဆိုရန် ငြင်းဆိုခဲ့သောကြောင့် ရွှယ်အန်းက ခွင့်ပြုထားလိုက်သည်။

“ကောင်းပြီ” ရွှယ်အန်းက တုံ့ပြန်လိုက်သည်။

သို့သော် တကဲအုချီ ခီရိုခိုက ကန့်လန့်ကာကို မတင်၍ အထဲသို့ ဝင်ခာခဲ့သည်။ ယခုအချိန်တွင် တကဲအုချီ ခီရိုခိုသည် အလွန် တိုတောင်းသော အစေခံဝတ်စုံကို ၀တ်ဆင်ထားသောကြောင့် သူမ၏ရှည်လျား၍ လှပသော ခြေထောက်များ ပေါ်လွင်နေ၏။

"သခင့်ကို ကျွန်မ ပုခုံးနှိပ်ပေးပါရစေ" တကဲအုချီ ခီရိုခိုက ညင်သာစွာ ကမ်းလှမ်းလိုက်သည်။

ရွှယ်အန်းက အမူအရာကင်းမဲ့စွာဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ တကဲအုချီ ခီရိုခိုသည် ရေပူစမ်းအနားသို့ လျှောက်သွားပြီးနောက် သစ်သားပျဉ်ပေါ်တွင် ဒူးထောက်ထိုင်ကာ ရွှယ်အန်း၏ ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။

"မင်း ဘာသိထားလဲ" ရွှယ်အန်းက သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်၍ အမှုမထားဘဲ မေးလိုက်သည်။

ဤအချိန်တွင် တကဲအုချီ ခီရိုခို၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူမသည် ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ထားသည့် ရွှယ်အန်း၏ခန္ဓာကိုယ်ကို ရေပူစမ်းအတွင်း၌ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ရာမှ ပုံကြီးချဲ့ ကြီးမားလာသော ကိုယ်လုံးကိုယ်ထည်များနှင့် မတူဘဲ ရွှယ်အန်း၏ ခန္ဓာကိုယ်သည် အလွန် အချိုးအစားကျနေသည်။

၎င်းသည် တစ်အောင်စမျှ လျော့လျှင် ပိန်ပါးသူဟု ထင်မှတ်ရ၍ တစ်အောင်စမျှ တက်လာလျှင် ဝမည်ဟု ထင်မှတ်ရစေသော ခန္ဓာကိုယ်ဖြစ်သည်။ ထို့အပြင် သူ၏အသားအရည်က ဖြူဖွေးလှသည်။ သို့သော် ထိုအရေပြားအောက်တွင် အလွန် အင်အားကြီးသည့် စွမ်းအင်များ ရှိနေသည်။ ကြွက်သားလိုင်းများသည် ပုဆိန်များ ဆောက်များဖြင့် ထွင်းထုထားသကဲ့သို့ ထိတ်လန့်ဖွယ်ရာ အနုသုခုမဒဿနများဖြင့် ပြည့်နှက်နေသည်။ ဤသက်ရောက်မှုသည် အပျိုစင်ဖြစ်ဆဲဖြစ်သော တကဲအုချီ ခီရိုခိုကို မျက်နှာများ နီရဲလာစေ၍ နှလုံးခုန်သံများ မြင့်မားလာစေသည်။

ထို့ကြောင့် သူမသည် ရွှယ်အန်းကို့ ပေးပို့ရမည့် သတင်းအချက်များကို ပြောပြရန်ပင် မေ့သွားလေသည်။ ရွှယ်အန်းက မေးမြန်းလိုက်ချိန်မှ တကဲအုချီ ခီရိုခိုက အသိစိတ်ပြန်ဝင်လာခဲ့သည်။

“သခင်၊ နတ်ဆိုး နတ်ဘုရားတွေ ကိန်းဝပ်နေတဲ့ ဆိုင်းတမစီရင်စုမှာ ရှိတဲ့ တဲနိချိ ဂျင်းဂျဘုရားကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို အခုပဲ ရထားတာပါ။ ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး၊ ဒါက လျှို့ဝှက်ထားတဲ့ကိစ္စဆိုပေမယ့် သိပ်မကြာသေးခင် နှစ်တွေအတွင်း အွန်တခဲတောင် အနီးတစ်ဝိုက်မှာ ပျောက်ဆုံးမှု အများအပြား ရှိနေပါတယ်။ ကျွန်မ သိပ်မသင်္ကာလာလို့ သခင့်ကို အကြောင်းကြားဖို့ လာခဲ့တာပါ"

နားထောင်ပြီးနောက် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အပြင်ထွက်တော့ ငါ အဝတ်အစား လဲလိုက်ဦးမယ်"

တကဲအုချီ ခီရိုခိုက နှိပ်နယ်မှုကို ရပ်တန့်၍ ရိုသေလေးစားစွာ ပြောလိုက်သည်။

"အဝတ်အစားလဲနေရာမှာ သခင့်ကို ခစားခွင့်ပြုပါ သခင်"

"အဲဒါတွေ မလိုဘူး" ရွှယ်အန်းက ပြုံးလိုက်သည်။

"ဒါပေမယ့် အစေခံတစ်ယောက်အနေနဲ့ အဲ့ဒါတွေက ကျွန်မလုပ်ရမယ့် တာဝန်တွေပါ" တကဲအုချီ ခီရိုခိုက မရမနေ ဇွဲကောင်းနေသည်။

"ငါက မလိုအပ်ဘူးလို့ ပြောရင် မလိုအပ်ဘူး" ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်" တကဲအုချီ ခီရိုခိုစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းက အဝတ်အစားလဲဝတ်၍ ထွက်လာချိန်အထိပင် တကဲအုချီ ခီရိုခိုက အပြင်ဘက်တွင် စောင့်နေဆဲဖြစ်သည်။

"အခြား ဘာဖြစ်ရှိသေးလို့လဲ"

“သခင်မက သခင်မလေးနှစ်ယောက်ကို အနားယူဖို့ ခေါ်သွားပြီးပြီမို့လို့ ကျွန်မ အိပ်ခန်းထဲမှာ ခစားပေးရမလား သခင်" တကဲအုချီ ခီရိုခိုက သူမ၏ခေါင်းကို ငုံ့၍ ခပ်တိုးတိုး ပြောလိုက်သည်။

ထိုသို့ကြားသော ရွှယ်အန်းက အနည်းငယ် ဇဝေဇဝါဖြစ်သွား၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုဘူး၊ မင်း သွားလို့ရပြီ"

တကဲအုချီ ခီရိုခိုက ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်သည်။

“သခင်၊ ကျွန်မ ခန္ဓာကိုယ်က မစွန်းထင်းထားပါဘူး၊ သန့်ရှင်းပါတယ်"

ထိုသို့သော ညမျိုးတွင် လှပသည့် မိန်းမပျိုတစ်ဦးက သူမ၏ ခန္ဓာကိုယ်က ဖြူစင်ကြောင်း ရှင်းပြ၍ အိပ်ရာပေါ်တွင် ခစားရန် ကမ်းလှမ်းသည့် သွေးဆောင်မှုသည် အမျိုးသားအများစုအတွက် သည်းခံနိုင်သည့် အရာမဟုတ်ပေ။ သို့သော် ရွှယ်အန်းက ထိုသို့သော အမျိုးသားအများစုအနက် တစ်ဦး မဟုတ်သောကြောင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ငါ မလိုအပ်ဘူးလို့ ပြောပြီးပြီ၊ အခု သွားလိုက်တော့"

“ဟုတ်ကဲ့” တကဲအုချီ ခီရိုခိုက ပြန်လည် ဖြေကြားပြီးနောက် ထွက်သွားလေသည်။

သူမ၏ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်ချိန်တွင် အနည်းငယ် စိတ်ပျက်အားငယ်စွာ ခံစားနေသော တကဲအုချီ ခီရိုခို၏ အပြုအမူကို မိခင်ဖြစ်သူ ဆုန်အန်းကျန်က မြင်သောအခါ သက်ပြင်းချလိုက်သည်။

"ခီရိုခို"

"အမေ"

"သမီးကို အမေ ပြောပြီးပြီလေ၊ မစ္စတာရွှယ်က သာမန်လူ မဟုတ်ဘူး၊ သမီးရဲ့ နည်းလမ်းတွေက ထိရောက်မှာ မဟုတ်ဘူး"

"ဒါပေမယ့်... သခင်က သမီးကို စွန့်ပစ်သွားမှာကို သမီး ကြောက်နေတယ်" တကဲအုချီ ခီရိုခိုက စိုးရိမ်တကြီး ပြောလိုက်သည်။

"မစ္စတာရွှယ်က တကယ်ကို အရေးပါတဲ့ လူတစ်ယောက်ဆိုတာကို အမေ မြင်နိုင်တယ်၊ သူက သမီးကို ကူညီပေးခဲ့မှတော့ သေချာပေါက် နောက်ဆုံးအထိ ကူညီမှာပါ" ဆုန်အန်းကျန်က စိတ်ထက်သန်စွာ ပြောလိုက်သည်။ တကဲအုချီ ခီရိုခိုသည် ခေါင်းငုံ့လိုက်သော်လည်း သူမ၏အတွင်းစိတ်ထဲတွင် ဆုံးရှုံးမှုမျိုးကို ခံစားရဆဲဖြစ်သည်။

အခန်း (၂၁၃) ကောင်းကင်ဘုံ နတ်နန်းတော်

ယွင်ထိုက်တောင်သည် တိုကျိုနှင့် ဆိုင်းတမစီရင်စု နယ်နိမိတ်တွင် တည်ရှိနေ၍ ထင်ရှားသော ရှုခင်းသာနေရာတစ်ခု ဖြစ်သည်။ တကဲအုချီ ခီရိုခိုက အတူလိုက်လာရန် သူမ၏ဆန္ဒကို ထပ်ခါတလဲလဲ ထုတ်ဖော်ခဲ့သော်လည်း ရွှယ်အန်းက သူမကို ငြင်းဆန်ခဲ့သည်။ သူသည် ဤအခွင့်အရေးကို အရယူကာ သူ၏ဇနီးဖြစ်သူ၊ သမီးလေးများနှင့်အတူ ခရီးထွက်ချင်နေသည်။ ၎င်းတို့အားလုံး ကားပေါ်မှ ဆင်းလာ၍ မြင့်မားသော တောင်တန်းကို မျှော်ကြည့်လိုက်သည်နှင့် ၎င်းတို့၏ စိတ်နေသဘောထားများ သိသိသာသာ တိုးတက်လာသည်။

"ဖေဖေ၊ ဒီတောင်က အရမ်းမြင့်တာပဲနော်" ရွှယ်ရှန်းက အံ့အားသင့်စွာ အော်ပြောလိုက်သည်။

"ဖေဖေ၊ ကြည့်ပါဦး တောင်ကြီးက ရေခဲမုန့်နဲ့တောင် တူတယ်" နျန်နျန်၏ ပထမဆုံး အတွေးက ခါတိုင်းကဲ့သို့ပင် အစားအသောက်အကြောင်း ဖြစ်သည်။

ရွှယ်အန်းက ဤဖြစ်စဉ်ကို ရယ်မောလိုက်မိသည်။ ယွင်ထိုက်တောင်ထိပ်သည် မီတာနှစ်ထောင်ကျော်မြင့်မား၍ တောင်ထိပ်သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများစုစည်းနေသည်။ အမှန်တကယ်ပင်၊ ၎င်းကို ဤရှု့ထောင့်မှ ကြည့်လျှက် ဧရာမ ရေခဲမုန့်ကြီးတစ်ခုနှင့် ဆင်တူသည်။

“ဟန်နီ၊ ဟန်နီ ပြောထားတဲ့ ကိစ္စက ဒီမှာလားဟင်” အန်းယန်က တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဖြစ်ဖို့များတယ်။ ဒါပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ 'ပေချီတီကောင်' သတ္တဝါက တော်တော်လေး လိမ္မာပါးနပ်ပုံပဲ၊ စိတ်အာရုံနဲ့ ကြည့်နိုင်ဖို့ မဖြစ်နိုင်ဘူး"

အန်းယန်က ခေါင်းညိတ်ပြ၍ ရွှယ်အန်း၏ လက်ကို ကိုင်လိုက်သည်။ ၎င်းတို့မိသားစု တောင်ပေါ်သို့ တက်သွားချိန်တွင် လမ်းတစ်လျှောက်တွင် ခရီးသွားဧည့်သည်အများအပြား၏ ငေးမောမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ ပွဲတော်ရာသီ မဟုတ်သောကြောင့် ပတ်၀န်းကျင်တွင် ခရီးသွားအများအပြား မရှိလှပေ။

တောင်ခြေရင်းရှိ ဆိုင်ငယ်လေးတွင် ရွှယ်အန်းက သူ၏သမီးနှစ်ယောက်အတွက် ရေခဲမုန့်များ ဝယ်ပေးနေစဉ်တွင် နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံတစ်ခုက ဂျပန်ဘာသာဖြင့် ပြောလိုက်ခြင်းကို ကြားလိုက်ရသည်။

“ဝိုး၊ အရမ်း ချစ်စရာကောင်းတဲ့ ကောင်မလေးတွေပဲ”

ရွှယ်အန်းက လှည့်ကြည့်လိုက်ချိန်တွင် အနီးနားတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေခြင်းကို တွေ့လိုက်ရသည်။ လှပသော အမျိုးသမီးသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှစ်ဦး၏ အရှေ့တွင် ထိုင်ချ၍ ပြုံးရွှင်စွာ နှုတ်ဆက်နေသည်။

ကလေးမလေးနှစ်ဦးသည် ကြီးပြင်းလာသည်နှင့်အမျှ ပိုမိုလှပလာသည်။ လူငယ်များအပါအဝင် လူကြီးများကိုပါ ဆွဲဆောင်နိုင်သည့် ၎င်းတို့၏ ချစ်စဖွယ်ကောင်းမှုကို လူနည်းစုကသာ ခံနိုင်ရည်ရှိပေလိမ့်မည်။ ချစ်စဖွယ်ကောင်းသည့် ယဉ်ကျေးမှုများဖြင့် ပျံ့နှံ့နေသော ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံမျိုးတွင် အထူးသဖြင့် ပို၍ပင် မှန်ကန်မည်ဖြစ်သည်။

"မင်းတို့အထဲမှာ ဘယ်သူက အစ်မဖြစ်ပြီး ဘယ်သူက ညီမလေးလဲ" ထိုအမျိုးသမီးက နွေးထွေးစွာ ပြုံး၍ မေးလိုက်သည်။

၎င်းဖြစ်စဉ်သည် စကားဝိုင်း၏ စံသတ်မှတ်ချက်ပင်ဖြစ်သည်။ သို့သော် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အနည်းငယ် စိတ်မရှည်ပုံရ၍ ရေခဲမုန့်ဝယ်နေသော ရွှယ်အန်းကိုသာ စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် အမျိုးသားက မျက်မှောင်ကြုတ်ကာ မျက်နှာချိုသွေးသော အပြုံးဖြင့် အမျိုးသမီးကို ပြောလိုက်သည်။

"မိန်းကလေး ပင်ချောင်၊ ကျွန်တော်တို့ မြန်မြန်သွားသင့်တယ်၊ ဒါမှမဟုတ်ရင် နတ်ခေါင်းလောင်း ဘုရားကျောင်းကို အချိန်မီ မရောက်ဘဲနေမယ်"

ထိုအချိန်တွင် ရွှယ်အန်းနှင့် အန်းယန်က ရေခဲမုန့်များကို ကိုင်ဆောင်ကာ ပြန်လာခဲ့ကြသည်။ ကလေးမလေးနှစ်ဦးသည် ၎င်းတို့၏ရေခဲမုန့်များကို ပျော်ရွှင်စွာ ဆုပ်ကိုင်၍ နှစ်ခြိုက်စွာ စတင်စားသောက်နေကြသည်။

အမျိုးသမီးက မတ်တပ်ထရပ်ပြီးနောက် နှစ်သက်အားကျစွာကြည့်၍ ပြောလိုက်သည်။

“မစ္စတာ၊ ဒီလိုလှပတဲ့ သမီးလေးတွေ ရထားတာ အရမ်းကံကောင်းတာပဲ”

ရွှယ်အန်းက မှတ်ချက်မပေးဘဲ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"ကျွန်မနာမည် ပင်ချောင်ပါ၊ ကျွန်တို့ မိတ်ဆွေဖွဲ့ကြမယ်လေ" အမျိုးသမီးက သူမ၏လက်ကို ဆန့်ထုတ်၍ ပြုံးပြလိုက်သည်။

သို့သော်လည်း ရွှယ်အန်းက သူမ၏လက်ကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ရှန်းရှန်း၊ နျန်နျန် သွားကြရအောင်"

ရွှယ်အန်းက သူမကို မမှတ်မိသည့်အတွက် အံ့အားသင့်နေသကဲ့သို့ အမျိုးသမီး၏မျက်နှာပေါ်တွင် အံ့ဩနေသည့်အငွေ့အသက်များကို အတိုင်းသားမြင်နေရသည်။ ထိုအချိန်တွင် သူမ၏ နံဘေးက အမျိုးသားက လှောင်ရယ်လိုက်သည်။

"ဪ၊ ဟွာရှားကလူတွေ ဖြစ်နေတာကို"

"ခင်ဗျား ဘာပြောလိုက်တာလဲ" ရွှယ်အန်းက မျက်မှောင်ကြုတ်၍ ထိုလူကို လှည့်ကြည့်လိုက်သည်။

ထိုအမျိုးသားသည် အံ့ဩသွားပြီးနောက် အောက်သို့ ငုံ့ကြည့်၍ ပင်ချောင်ကို ပြောလိုက်သည်။

"ဟွာရှားလူမျိုးတွေ ယဉ်ကျေးမှုမရှိဆုံး လူမျိုးတွေ၊ ဒီကနေ ထွက်သွားကြရအောင် မိန်းကလေး ပင်ချောင်"

ပင်ချောင်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။

"ယင်ဆန် ရှင်လည်း ဟွာရှားလူမျိုးပဲ မဟုတ်ဘူးလား။ ကိုယ့်နိုင်ငံကို ဘာလို့ ဒီလို ထိခိုက်အောင် ပြောရတာလဲ”

ယင်ဟွာဟွေ့၏ မျက်နှာ အေးခဲတောင့်တင်းသွားပြီးနောက် သူ၏ ဦးခေါင်းကို ကိုးရိုးကားရား ထိကိုင်လိုက်သည်။

“ကျွန်တော်က ဟွာရှားလို့ ခေါ်လို့မရတော့ဘူးလေ။ နိုင်ငံသားပြုခွင့်လျှောက်လွှာ တင်သွင်းပြီး အခု အတည်ပြုပြီးပြီဆိုတော့ အခုကစပြီး ကျွန်တော်က ဂျပန်နိုင်ငံသား ဖြစ်သွားပြီလေ”

ရွှယ်အန်းက ခေါင်းယမ်းလျက် ရယ်မော၍ အန်းယန်ကို ပြောလိုက်သည်။

"ကြည့်စမ်း၊ ဒါက 'ဝရမ်းပြေးတစ်ယောက်' လို့ လူသိများတဲ့ အရာမျိုးပဲ။ လာ သွားကြရအောင်"

ဤကဲ့ရဲ့ရှုံ့ချမှုသည် ယင်ဟွာဟွေ့၏မျက်နှာကို အလွန် အကျည်းတန်စေခဲ့ရာ၊ ရွှယ်အန်းကို ပြင်းထန်၍ ရက်စက်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သို့သော် ရွှယ်အန်းက သူ့ကို ဂရုစိုက်ခြင်း မရှိဘဲ သူ၏ဇနီးနှင့် သမီးလေးများကို ခေါ်ဆောင်ကာ လှည့်ထွက်သွားပြီးနောက် တောင်ပေါ်သို့ ဆက်တက်သွားလေ၏။ ပင်ချောင်သည် ရွှယ်အန်း၏ နောက်ကျော ပုံရိပ်ကို စူးစမ်းလိုစိတ် အရိပ်အမြွက်များဖြင့် ကြည့်နေခဲ့သည်။

"ယောက်ျား၊ ခုနက ဟိုအမျိုးသမီးက ဂျပန်နိုင်ငံက နာမည်ကြီး ရုပ်ရှင်မင်းသမီးဖြစ်ပုံရတယ်" ထိုအချိန်တွင် အန်းယန်က ရွှယ်အန်းကို ခပ်တိုးတိုး ပြောလိုက်သည်။

'နာမည်ကြီး ရုပ်ရှင်မင်းသမီးတဲ့လား'

ရွှယ်အန်း၏ အတွေးများက ချက်ချင်းပင် လွဲချော်သွားလေသည်။

"ရုပ်ရှင်ရိုက်ဖို့ လူ နှစ်ယောက် သုံးယောက်ပဲလိုတဲ့ ရုပ်ရှင်မင်းသမီးမျိုးကို ပြောတာလား" ရွှယ်အန်းက ရွှတ်နောက်နောက် အပြုံးဖြင့် ပြောလိုက်သည်။

အန်းယန်သည် အစပိုင်းတွင် ကြောင်အမ်းအမ်းဖြစ်နေခဲ့၍၊ အဆုံးတွင် ဆိုလိုရင်းကို သဘောပေါက်သွားသည့်အချိန်မှ ရှက်ရွံ့စိတ်များကြောင့် သူမ မျက်နှာ နီမြန်းစွာဖြင့် ရွှယ်အန်း၏ခါးကို ဆွဲလိမ်လိုက်သည်။

"ရှင်က မကောင်းတဲ့လူကြီးပဲ၊ နှာဘူးကြီး"

"ကိုယ်က ဘာလုပ်လို့ နှာဘူးဖြစ်ရတာလဲ" ရွှယ်အန်းက သူမ၏အသုံးအနှုန်းကို ကန့်ကွက်လိုက်သည်။

"ဟင်း... ရှင် တွေးနေတာတွေ မှန်သမျှက နှာဘူးနဲ့ တူတယ်" အန်းယန်က မျက်နှာတစ်ခုလုံး နီရဲစွာဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက အန်းယန်၏နားရွက် နားသို့ တိုးကပ်၍ တီးတိုးပြောလိုက်သည်။

"ဒါဆို မင်းက ဘယ်လိုလုပ် သိသွားလဲ"

အန်ယန်က တံတွေးနှင့် ထွေးဟန်ပြုလိုက်သည်။

“ထွီ၊ ကျွန်မ အတည်ပြောနေတာ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း အိမ်ထဲမှာ ဘာမှလုပ်စရာမရှိတာတဲ့ တစ်နေ့လုံး တီဗွီပဲကြည့်နေတာ။ ဒီအမျိုးသမီးကို တီဗီမှာ ခဏခဏ တွေ့လိုက်ရပုံပဲ”

"သူက အနုပညာရှင် တစ်ယောက်ဆိုရင် အနုပညာရှင် တစ်ယောက်ပဲပေါ့။ အဲ့ဒါ ကိုယ်နဲ့ ဘာဆိုင်လို့လဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ဟီးဟီး... မနေ့က ကိုယ့်ကို ခီရိုခို လာရှာသေးတယ် မဟုတ်လား" ဤတစ်ကြိမ်တွင် ရွှယ်အန်း၏နားထဲသို့ တီးတိုး ပြောသူက အန်းယန်ဖြစ်သည်။

ရွှယ်အန်းက အေးခဲတောင့်တင်းသွားပြီးနောက် မဲ့ရွဲ့စွာဖြင့် ရယ်မောလိုက်သည်။

"ကိုယ့်ရဲ့ ချစ်ဇနီးရယ် ကိုယ် ဘာမှ မလုပ်ဘူးဆိုတာ အာမခံရဲပါတယ်"

"ဟမ်၊ လုပ်ရဲလို့ကတော့ မလွယ်ဘူးမှတ်"

အန်းယန်သည် ကြမ်းတမ်း၍ ကြောက်မက်ဖွယ်ကောင်းပုံဖြင့် ဟန်ဆောင်လိုက်သော်လည်း သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။

"စိတ်တိုဖို့ကောင်းတယ်၊ ဘာလို့ ရှင့်ကို စိတ်ဆိုးလို့ မရရတာလဲ"

“ကိုယ်က ဒီလောက် ချောလွန်းနေမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ မယုံရင် ရှန်းရှန်းနဲ့ နျန်နျန်ကို မေးကြည့်လိုက်” ရွှယ်အန်းက ပြုံးရယ်၍ ပြောလိုက်သည်။

ရေခဲမုန့် စားရာတွင် အာရုံစိုက်နေသော ကလေးမလေးနှစ်ဦးက ရွှယ်အန်း၏ စကားကိုကြားသည်နှင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

“ဟုတ်တယ်။ ဖေဖေက အချောဆုံးပဲ"

ရွှယ်အန်းက ဂုဏ်ယူစွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ၎င်းတို့အနောက်ရှိ မနီးမဝေးတွင် လမ်းလျှောက်နေသော ယင်ဟွာဟွေ့သည် သူ၏ ရယ်မောသံကိုကြားသည့်အခါတိုင်း သူ၏မျက်နှာအမူအရာ အကျည်းတန်လာလေသည်။

နတ်အာရုံဘုရားကျောင်းသည် ယွင်ချူးတောင်၏ လမ်းတစ်ဝက်တွင် တည်ရှိနေသည်။ ပတ်ဝန်းကျင်က အေးချမ်း၍ ရှုခင်းသည်လည်း လှပသည့်အပြင်၊ ဗိမာန်တော်အရှေ့တွင် ရံဖန်ရံခါ တိမ်များနှင့် မြူများ မျောလွင့်နေခြင်းက နတ်ဘုံနတ်နန်း အငွေ့အသက်မျိုးကို အမှန်တကယ် ရရှိစေသည်။ ရွှယ်အန်းတို့ ဘုရားကျောင်းသို့ ရောက်လာသောအခါ တံခါးများက ခိုင်ခံ့စွာ ပိတ်ထားသည့်အပြင် တံခါး၏အရှေ့တွင်လည်း ခရီးသွားလာသူများ ရှိနေခြင်းကို တွေ့လိုက်ရသည်။ ရွှယ်အန်းသည် အထဲသို့ဝင်ရောက်ရန် အလျင်စဖြစ်ခြင်းမရှိဘဲ ထိုနေရာ၏ ပထဝီဝင်ရှုထောင့်ကို မော့ကြည့်၍ စူးစမ်းလေ့လာနေသည်။

ဤနေရာ၌ ဘုရားကျောင်းကို ဆောက်လုပ်ရန် ရွေးချယ်သူသည် ဟွာရှား ဘူမိဗေဒဆိုင်ရာတွင် ကျွမ်းကျင်သူဖြစ်၍ လေထုများကို ပိတ်ပင်၍ ချီများ စုစည်းသည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်းက အမှန်တကယ် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်စေသည်။ သို့သော်၊ ရွှယ်အန်းသည် ဤနေရာနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သော အရာတစ်ခုကို တချို့သော သဲလွန်စများမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်သေးသည်။

ဥပမာအားဖြင့်၊ နာကြည်းမှုအလွှာများက ဗိမာန်တော်၏ အထက်တွင် လွင့်မျောနေသည်။ ဤသည်မှာ တစ်စုံတစ်ဦး၏ စွဲကျန်ရစ်သော နာကြည်းမှုကို ပြေပျောက်အောင် မစွမ်းဆောင်နိုင်ဘဲ တရားမမျှတစွာ သေဆုံးရခြင်း၏ ရလဒ်ဖြစ်သည်မှာ သိသာထင်ရှားသည်။ ရွှယ်အန်းက စောင့်ကြည့်နေစဉ်တွင် ယင်ဟွာဟွေ့နှင့် ပင်ချောင်တို့သည်လည်း ချဉ်းကပ်လာသည်။

ယင်ဟွာဟွေ့က သူမကို စိတ်အားထက်သန်စွာ ဧည့်ဝတ်ပြု၍ ပြောလိုက်သည်။

“မိန်းကလေး ပင်ချောင်၊ နတ်အာရုံဘုရားကျောင်းရဲ့ နတ်ခေါင်းလောင်းက တော်တော်လေး ထိရောက်တယ်လို့ ပြောကြတယ်။ သွားပြီး တီးကြည့်ပါလား”

ဂျပန်နိုင်ငံ၏ နတ်ကွန်းများရှိ တံစက်မြိတ်တွင် ရှည်လျားသော လေတိုက်ခေါင်းလောင်းများကို မကြာခဏ ချိတ်ဆွဲထား၍ ၎င်းတို့ကို လှုပ်ခတ်ခြင်းက ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးနိုင်သည်ဟု ကောလာဟလများ ရှိကြသည်။ ပင်ချောင်က ခေါင်းညိတ်၍ ရွှယ်အန်းကို ပြုံးပြပြီးနောက် ခေါင်းလောင်းတီးခေါက်ရန် အရှေ့သို့ တိုးသွားလေသည်။ ယင်ဟွာဟွေ့သည် စက်ဆုပ်မှုများဖြင့် ရွှယ်အန်းကို အေးစက်စွာ ကြည့်လိုက်သည်။

'ဒီကောင်က ဒီလိုအရာတွေနဲ့ ပတ်သက်ပြီး ဘာမှတောင် သိမှာမဟုတ်ဘူး'

ထိုအချိန်တွင် ရွှယ်အန်းက သူ၏ စူးစမ်းလေ့လာနေသော အကြည့်များကို ရုပ်သိမ်းပြီးနောက် ဇနီးဖြစ်သူကို ပြုံးပြလိုက်သည်။

" ရှန်းရှန်နဲ့ နျန်နျန်နဲ့အတူ ဒီမှာနေခဲ့ဦး၊ ကိုယ် တံခါးခေါက်လိုက်ဦးမယ်"

All Chapters