အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း (၂၁၄) နတ်ဆိုးသခင်ကို အရှင်လတ်လတ် ဆုတ်ဖြဲခြင်း
'တံခါးခေါက်မယ်တဲ့လား'
ယင်ဟွာဟွေ့သည် သူ၏ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ကောင်းကင်ဘုံနတ်နန်းတော်၏ တင်းကျပ်သော စည်းမျဉ်းများနှင့် ပတ်သက်၍ လူတိုင်းက သိထားကြသည်။ အရေးကြီးသော ဧည့်သည်မျိုး မဟုတ်လျှင် သာမန်လူများအတွက် တံခါးဖွင့်ပေးလေ့မရှိပေ။
ပင်ချောင်ကိုယ်တိုင်လျှင်ပင် အပြင်ဘက်တွင် နာခံစွာ စောင့်ဆိုင်းနေခြင်း မဟုတ်လေသလော။ ဤအမျိုးသားက မသိနားမလည်သော တောသားတစ်ယောက်သာ ဖြစ်ပေလိမ့်မည်ဟု ယင်ဟွာဟွေ့က တွေးတော၍ လှောင်ရယ်လျက် ကြည့်နေခဲ့သည်။ သူသည် ရွှယ်အန်းက ခဏအကြာတွင် မည်သို့သော ဩချစရာကိစ္စများ ပြုလုပ်မည်ကို မြင်ချင်နေမိသည်။ ထိုအချိန်တွင် ပင်ချောင်သည် ရွှယ်အန်းက တံခါးအနီးသို့ ချဉ်းကပ်လာခြင်းကို သတိပြုမိသောကြောင့် အပြုံးဖြင့် ပြောလိုက်သည်။
“မစ္စတာ ကောင်းကင်ဘုံနတ်နန်းတော်က တံခါးဖွင့်ခဲတယ်။ ရှင် တံခါးမခေါက်တာ ကောင်းပါလိမ့်မယ်"
ရွှယ်အန်းက သူမကို ပြုံးပြလိုက်သည်။
"တခြားလူတွေ ခေါက်တဲ့အခါ တုံ့ပြန်မှု မရနိုင်ပေမယ့် ကျုပ် တံခါးခေါက်ရင်တော့ သေချာပေါက် ပွင့်လာလိမ့်မယ်"
"အို၊ အဲ့ဒါက ဘာဖြစ်လို့လဲ" ပင်ချောင်က အနည်းငယ် စူးစမ်းစွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့…” ရွှယ်အန်းက သူ၏လက်ကို ထူထဲသော သစ်သားတံခါးပေါ်သို့ တင်လိုက်သည်။
"ဒီလို ခေါက်မှာမို့လို့ပဲ"
စကားအဆုံးသတ်သည်နှင့် ဧရာမသစ်သားတံခါးကြီးက ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားလေသည်။ ပြီးနောက် ဂိတ်တံခါးများ လွင့်စဉ်၍ ပွင့်ထွက်သွား၏။ ရွှယ်အန်းသည် မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်နေသော ပင်ချောင်နှင့် ယင်ဟွာဟွေ့ကို လှည့်ကြည့်လိုက်သည်။
"ကြည့်၊ မရိုးရှင်းဘူးလား"
ပင်ချောင်သည် ဆွံ့အသွားသည်အထိ အလွန် ထိတ်လန့်နေသည်။ နူးညံ့သိမ်မွေ့သော ဤလူသည် ဤမျှ ကြမ်းတမ်းစွာ ပြုမူလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဤအခိုက်အတန့်တွင် ယင်ဟွာဟွေ့က ရယ်မောလိုက်သည်။
"ကောင်းတယ်၊ ကောင်းကင်ဘုံနတ်နန်းတော်ရဲ့ တံခါးတွေကို ဖျက်ဆီးရဲတဲ့ မင်းတော့ သေပြီးပဲ။ ဟား"
ယင်ဟွာဟွေ့သည် သူတစ်ပါး ဒုက္ခရောက်နေသည်ကို အားရသော အကြည့်မျိုးဖြင့် စောင့်ကြည့်နေသည်။ ထိုအချိန်၌ ကောင်းကင်ဘုံ နတ်နန်းတော်အတွင်းရှိ ဘုန်းကြီးများသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသံကို ကြား၍ ပြေးလာကြလေသည်။
"ဒါ ဘယ်သူလုပ်တာလဲ" အရှေ့ဆုံးရှိ ဘုန်းကြီး တစ်ပါးက မည်းမှောင်သော မျက်နှာထားနှင့် မေးလိုက်သည်။
ယင်ဟွာဟွေ့က ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်သည်။
"ဘုန်းတော်ကြီး ခင်ဗျ၊ အဲ့တာ ဒီလူပါ သူ့ကို ခွင့်မလွှတ်ပါနဲ့"
ဘုန်းကြီးက ရွှယ်အန်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
"မစ္စတာ၊ ခင်ဗျားက ကျုပ်တို့ တံခါးကို အကြောင်းမရှိဘဲ ဖျက်ဆီးလိုက်တယ်၊ ခင်ဗျားရဲ့ ရည်ရွယ်က ဘာလဲ"
ရွှယ်အန်းက ဘုန်းကြီးကို စောင့်ကြည့်နေခဲ့ရာ၊ မေးခွန်းကိုကြားသောအခါ သူက ခပ်ဖျော့ဖျော့ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ငါ နေရာမှန်ကို ရောက်လာတာပဲ"
ဤဘုန်းကြီးထံမှ ထွက်ပေါ်နေသည့် ခပ်ဖျော့ဖျော့ နတ်ဆိုး အရောင်အဝါကို ရွှယ်အန်းက သတိပြုမိသည်။
"ခင်ဗျား ဘာလုပ်ချင်တာလဲ မစ္စတာ" ဤဘုန်းကြီးသည် ရွှယ်အန်း၏အကြည့်များက လုံးလုံးလျားလျား ကြောက်လန့်ဖွယ်ကြောင်းသည်ဟု ခံစားလိုက်ရ၍ လေးနက်စွာ မေးလိုက်သည်။
ရွှယ်အန်းသည် သူ၏သမီးများကို ဘေးသို့ဖယ်စေ၍ အမျိုးသမီး သုံးဦးကို အကာအကွယ်ပေးပြီးနောက် အရှေ့သို့ လှမ်းလာကာ ဘုန်းကြီးကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ထိုကဲ့သို့သော တစ္ဆေသရဲ အရှိန်အဟုန်သည် ရှိနေသူတိုင်းကို ထိတ်လန့်သွားစေသည်။
ဘုန်းကြီးသည် ထိတ်လန့်သွားပြီးနောက် တစ်ခုခုလွဲမှားနေသည်ကို သိသွားသဖြင့် တုံ့ပြန်ရန် ပြုလုပ်လိုက်သည်။ သို့သော် ရွှယ်အန်းက သူ၏လက်ကို ဆန့်ထုတ်၍ အရပ်ရှည်သော ဘုန်းကြီးကို ဖမ်းကိုင်လိုက်ပြီးနောက် လေထဲကို တဖြည်းဖြည်း မြှောက်တင်လိုက်သည်။
"ဘာ... ခင်ဗျား ဘာလုပ်ချင်လို့လဲ" ဘုန်းကြီးသည်လည်း ကြောက်လန့်သွားသည်။ သူ၏ အရည်အချင်းများသည် ဤလူနှင့် ရင်ဆိုင်ရာတွင် အလုပ်မဖြစ်သည့်အပြင် လုံးလုံးလျားလျား သက်ရောက်မှုမရှိကြောင်း သူ သဘောပေါက်သွားသည်။
ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။
"နတ်ဆိုးသခင်ကို ခစားနေတဲ့လူကို၊ ကျုပ်က ဘာလုပ်မယ်လို့ ခင်ဗျားထင်လဲ"
ထိုစကားကိုကြားသောအခါ ဘုန်းကြီး၏ မူလက ဖြူဖျော့နေသော မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“မင်း…”
"ကျုပ် ဘယ်လိုသိသွားတာလဲဆိုပြီး အံ့သြနေတာလား။ ငရဲကိုသွားပြီး မေးလိုက်ပေါ့” ရွှယ်အန်းက ပြုံးလိုက်သည်။
ဤဘုန်းကြီးသည် နက်နဲသော အငြိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် အတိတ်တွင် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ရွှယ်အန်းက သူ၏လက်ကို အားစိုက်ရုံဖြင့် ဘုန်းကြီး၏ လည်ပင်းကို ထိုနေရာတွင်ပင် ချိုးလိမ်လိုက်လေသည်။ ၎င်းခန္ဓာကိုယ် အောက်သို့ ပြုတ်ကျသွားသောအခါ တစ္ဆေနှင့်တူသော ပုံရိပ်တစ်ခု လွင့်ထွက်လာကာ နတ်ကွန်းဆီသို့ ဦးတည်သွားနေသည်။
ရွှယ်အန်းက တီးတိုး ပြောလိုက်သည်။
"ထွက်ပြေးဖို့ လုပ်နေတုန်းပဲလား"
သူ၏ လက်ကို ပေါ့လျော့စွာ လက်ဝှေ့ယမ်းလိုက်သည်နှင့် ထိုဝိညာဉ်ကို အပိုင်းပိုင်း ကြေမွသွားအောင် ပြုလုပ်လိုက်သည်။ ပြီးနောက် ရုပ်ထုများကဲ့သို့ ထိုနေရာတွင် ရပ်တန့်နေသော ပင်ချောင်နှင့် ယင်ဟွာဟွေ့တို့ကို လှည့်ကြည့်လိုက်သည်။
"အခု ဘာလို့ တံခါးခေါက်တာလဲဆိုတာ နားလည်ပြီလား"
ယင်ဟွာဟွေ့သည် သူ၏ခြေထောက်များထံသို့ နွေးထွေးမှုများ စီးဆင်းသွားခြင်းကို ခံစားလိုက်ရပြီးနောက် ပြင်းထန်သော ဆီးနံ့များ ထွက်ပေါ်လာလေသည်။ ပင်ချောင်က အာရုံပြန်ကပ်လာခဲ့ရာ၊ ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်၍ ယင်ဟွာဟွေ့၏ဘေးမှ တိတ်တဆိတ် ဆုတ်ခွာသွားလိုက်သည်၊ ပြီးနောက် နတ်ကွန်းထဲသို့ ဝင်သွားသော ရွှယ်အန်း၏ ဖီဆန်သော ပုံရိပ်ကို တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
'ဒီလူက အရမ်း ကြောက်စရာကောင်းပြီး အင်အားကြီးလိုက်တာ'
ကောင်းကင်ဘုံ နတ်နန်းတော်၏ အခြားဘုန်းကြီးများလည်း ထိတ်လန့်နေကြသည်။
"ဘယ်သူလဲ" အော်ဟစ်သံများနှင့် အတူ၊ အနက်ရောင် ဝတ်ရုံများ ဝတ်ဆင်ထားသည့် မရေတွက်နိုင်သော အမျိုးသားများက ရွှယ်အန်းကို ဝိုင်းရံလိုက်ကြသည်။
ပြီးနောက် သင်္ကန်းအနီရောင် ဝတ်ဆင်ထားသည့် ဘုန်းကြီးသုံးပါးက ဖြည်းညင်းစွာ ထွက်လာခဲ့ရာ၊ ၎င်းတို့၏ ဖြစ်တည်မှုသည် ဧရာမ တောင်တန်းကြီးကဲ့သို့ ခိုင်ခံ့နေ၍ ကြီးကျယ်ခမ်းနားသော ကျင့်ကြံမှုအဆင့်မျိုးရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားစွာ ညွှန်ပြနေလေသည်။ ၎င်းတို့ဆီမှ ထွက်ပေါ်လာသော ပိုမိုနက်ရှိုင်းသော နတ်ဆိုးစွမ်းအင်များနှင့် အာဃာတများကို ရွှယ်အန်းက မြင်လိုက်ရသည်။
"မင်းက ဘယ်သူလဲ၊ ဘာကိစ္စနဲ့ ကျုပ်တို့ရဲ့ ကောင်းကင်ဘုံ နတ်နန်းတော်ကို ပြဿနာလာရှာရတာလဲ" ဘုန်းကြီးတစ်ဦးက အေးစက်စက်အသံဖြင့် မေးသည်။
"နတ်ဆိုးတွေကို ခစားခြင်းရဲ့အပြစ်ဒဏ်ကို ခင်ဗျား သိလား" ရွှယ်အန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဤသို့ကြားသောအခါ ၎င်းတို့အားလုံး၏ အမူအရာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားလေသည်။ ဘုန်းကြီးများ၏ မျက်နှာအမူအရာများ ပြင်းထန်စွာ အတက်အကျဖြစ်သွားပြီးနောက် ၎င်းက တင်းမာစွာ ပြောလိုက်သည်။
"သူ့ကို သတ်လိုက်"
၎င်းဘုန်းကြီးသည် ရွှယ်အန်းကို အသက်ရှင်လျက် ထားရန် ရည်ရွယ်ချက် မရှိပေ။ အနက်ရောင်ဝတ်ရုံဖြင့် လူများအားလုံးက ရွှယ်အန်းထံသို့ ချီတတ်လိုက်ကြသည်။ ရွှယ်အန်းသည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် သူ၏ခြေထောက်ကို ရုတ်တရက် စောင့်နင်းလိုက်သည်။
ဘုံး
သူ၏ခြေဆောင့်ချက်သည် အနီးတစ်ဝိုက် မီတာတစ်ရာ အကွာအဝေး၌ ရှိနေသော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားများ၏ အတွင်းအင်္ဂါ အစိတ်အပိုင်းများကို ပြိုကျပျက်စီးကာ ပွဲချင်းပြီး သေဆုံးစေခဲ့သည်။ ဤရွေ့လျားမှုသည် ဘုန်းကြီးသုံးပါးလုံးကို ထိတ်လန့်စေခဲ့သည်။
"လွတ်မြောက်... လွတ်မြောက်အင်မော်တယ်အဆင့် "
ရွှယ်အန်းသည် ဤလူများနှင့် ပတ်သက်၍ သူ၏ စကားများကို ဖြုန်းတီးချင်စိတ်မရှိဘဲ လက်သီးနှစ်ချက်ဖြင့် အရှေ့သို့ ချီတက်လိုက်သည်။ ၎င်းတို့အနက် ဘုန်းကြီးနှစ်ပါးသည် ထွက်ပြေးရန် အခွင့်အလမ်းပင် မရှိခဲ့ဘဲ ဗလာနတ္ထိအဖြစ်သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ပြီးနောက် အသက်အကြီးဆုံး ဘုန်းကြီးဆီသို့ ရွှယ်အန်းက လှည့်ကြည့်လိုက်သည်။
“ကဲ၊ ခင်ဗျားတို့ နတ်ဆိုးသခင်ကို ကိုးကွယ်တဲ့နေရာဆီ ကျုပ်ကို လမ်းပြ” ရွှယ်အန်းက အဆိုပြုလိုက်သည်။
ဘုန်းကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေ၍ အလျင်စလို ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့"
ထျန်ယိနတ်နန်းတော်သည် အလွန် ကျယ်ပြောလှ၍ သာမန်အချိန်တွင် ဘုန်းကြီးများနှင့် ပြည့်နှက်နေသော်လည်း ရွှယ်အန်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးနောက် အနည်းငယ်မျှသာ ကျန်ရစ်တော့သည်။ အလွန် လျှိုသိပ်သော အခန်းအရှေ့သို့ ၎င်းတို့ ရောက်သောအခါ၊ ဘုန်းကြီးက ရိုသေစွာ ပြောလိုက်သည်။
"ဒီနေရာပါ၊ အရှင်"
ရွှယ်အန်းက မော့ကြည့်လိုက်ချိန်တွင် အခန်းကို ထူးဆန်းသော အလှဆင်မှုများဖြင့် ဆင်ယင်ထားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် အမှန်တကယ်ပင် မန္တန်လက်ဖွဲ့များဖြစ်ကြသည်။ ဤနေရာတွင် စိတ်အာရုံဖြင့် မထိုးဖောက်နိုင်ခြင်းက အံ့သြစရာမဟုတ်ပေ။ ဤသို့တွေးနေသော ရွှယ်အန်းက အရှေ့သို့ လျှောက်လှမ်းသွားလိုက်ရာ တံခါးဆီသို့ ရောက်သွားလေသည်။ ဤအခိုက်အတန့်တွင် ဘုန်းကြီး၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်မှုနှင့် စိတ်သက်သာရာရမှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
၎င်းတံခါးဖွင့်လိုက်သည်နှင့် နတ်ဆိုးသခင် အိုရိုချိ ပေါ်လာမည်ဖြစ်သောကြောင့် ဤအမျိုးသားက သံသယဖြစ်စရာမလိုဘဲ သေဆုံးရပေလိမ့်မည်။ ရွှယ်အန်း၏လက်သည် တံခါးကို ဖိလိုက်ချိန်တွင် ပေါက်ကွဲသံနှင့်အတူ ခိုင်ခံ့သောတံခါးနှင့် ပြတင်းပေါက်များ ကွဲအက်သွားလေသည်။
အနက်ရောင်ချီစွမ်းအင်များသည် ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ခုန်တက်သွားသည်။ အနက်ရောင်ချီစွမ်းအင်များအတွင်း၌ ရောယှက်နေသည့် မြွေခေါင်းနှစ်ကောင် ပေါ်ပေါက်လာပြီးနောက် ၎င်းတို့ထဲမှ တစ်ကောင်က အေးစက်စွာ ပြောလိုက်သည်။
"ဘယ်သူလဲ၊ ငါ့ရဲ့ နှစ်တစ်ထောင်အိပ်စက်ခြင်းကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ"
ဘုန်းကြီးက ဝမ်းမြောက်ဝမ်းသာစွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချ၍ အော်ဟစ်လိုက်သည်။
“အရှင်အိုရိုချိ၊ ကျွန်တော့်ကို ကယ်တင်တော်မူပါ။ ဒီလူက ကျွန်တော့်တပည့်တွေကို သတ်လိုက်ပါတယ်၊ ဒီလူ့ကို ကျေးဇူးပြု၍ မြန်မြန် သတ်ပေးတော်မူပါ"
မြွေခေါင်းသည် ၎င်း၏မျက်လုံးများကို ဖွင့်၍ မြေပြင်ပေါ်တွင် ရပ်နေသော ရွှယ်အန်းဆီသို့ လှမ်းကြည့်လိုက်သည်။
“မင်းလို သေမျိုးကများ၊ ဒီနတ်ဆိုးသခင်ရဲ့ အိပ်စက်မှုကို နှောင့်ယှက်ရဲရတယ်လို့၊ မင်းရဲ့ဝိညာဉ်ကို ငရဲမီးနဲ့ အနှစ်တစ်သောင်း ညှဉ်းပန်းနှိပ်စက်ဖို့ ငါ ချမှတ်လိုက်မယ်”
ဟိန်းဟောက်သံများကြားတွင် ရွှယ်အန်းက သူ၏နားရွက်ကို တည်ငြိမ်စွာ ကုတ်ခြစ်ပြီးနောက် ခေါင်းခါလိုက်သည်။
“တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"
ပြီးနောက် ရွှယ်အန်းက ကောင်းကင်ယံသို့ ပျံတက်ကာ မြွေခေါင်းနှစ်ခေါင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လိုက်သည်။ ၎င်းသည် ကောင်းကင်ဘုံ နတ်နန်းတော်တွင် မည်သည့် အချိန်ကမှန်းမသိ ၎င်းတို့ ကိုးကွယ်ခဲ့သည့် အိုရိုချိ၏ ဦးခေါင်းနှစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်းသည် နှစ်များစွာအတွင်း သတ်ဖြတ်မှု ကံတရားပေါင်းများပြားစွာ စုစည်းခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ရွှယ်အန်းက ၎င်းတို့ဆီသို့ ချီတက်နေသည်ကို မြင်သောအခါ မြွေခေါင်းတစ်ခေါင်းက သူ၏ပါးစပ်ကို ဖွင့်ဟ၍ အနက်ရောင် နတ်ဆိုးမီးတောက်များကို ထုတ်လွှတ်လိုက်သည်။
သို့သော် ရွှယ်အန်းက ရှောင်တိမ်းခြင်း မရှိဘဲ သူ၏လက်ကို ဆန့်ထုတ်၍ ပြင်းထန်ပုံရသော နတ်ဆိုးမီးတောက်များကို ဗလာနတ္ထိဖြစ်သည်အထိ ဖျက်ဆီးပစ်လိုက်သည်။ မြွေခေါင်းများ အံ့အားသင့်နေချိန်တွင် ရွှယ်အန်းက ၎င်းခေါင်းများကို သူ၏လက်ထဲတွင် ဖမ်းဆုပ်၍ အော်ငေါက်လိုက်သည်။
“ပွင့်ထွက်စေ"
ရွှယ်အန်း၏ ပြင်းထန်သော အင်အားကြောင့် မြွေခေါင်းများက ဆိုးရွားသော အော်ဟစ်သံနှင့်အတူ ကွဲထွက်သွားခဲ့သည်။ ရှေးခေတ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့သည့် ဦးခေါင်းနှစ်ခုသည် ရွှယ်အန်း၏ လက်ချက်ဖြင့် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
မြေပြင်ပေါ်သို့ လွင့်စဉ်သွားသော နတ်ဆိုး၏သွေးများသည် အနက်ရောင် ငရဲမီးအစုအဝေးများအဖြစ် လောင်ကျွမ်းသွားစေသည်။ ဤမြင်ကွင်းသည် ရွှယ်အန်းက သေလူဟု အသေအချာ မှတ်ယူထားသော ဘုန်းကြီးကို အံ့သြထိတ်လန့်မှုများစွာဖြင့် စိုက်ကြည့်စေခဲ့သည်။ ရွှယ်အန်းသည် နတ်ဆိုး နတ်ဘုရားတစ်ပါးကို ဆုတ်ဖြဲခဲ့ခြင်း ဖြစ်သည်။
'ဒါက...လူရော ဟုတ်သေးရဲ့လား'
အခန်း (၂၁၅) အပြစ်အားလုံးကို ပြာအဖြစ်သို့ ပြောင်းလဲခြင်း
ဘုန်းကြီးသည်သာ မက အိုရိုချိမြွေခေါင်းနှစ်ကောင်သည်လည်း ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်နေသည်။ ၎င်းတို့သည် ထောင်စုနှစ် နတ်ဆိုးသခင်များဖြစ်ကြသော်လည်း၊ ဤအမျိုးသား၏လက်ဗလာဖြင့် ဆွဲဖြဲခြင်းကို ခံခဲ့ရသည်။ ထိုသို့ပြုလုပ်ရန် မည်သို့သော ကျင့်ကြံမှုအဆင့်မျိုး လိုအပ်သနည်း။ ဤကဲ့သို့ ကြီးစိုးသော ပုဂ္ဂိုလ်သည် ဤလောကတွင် မည်သည့်အချိန်က ပေါ်လာခဲ့သနည်း။
"မင်း...မင်းက ဘယ်သူလဲ" မြွေခေါင်းထဲမှ တစ်ခေါင်းက မေးလိုက်သည်။
ရွှယ်အန်းက စကားမပြောဘဲ သူ၏လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။
ဘုံး
ထိုမြွေခေါင်းသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွား၍ မီးခိုးငွေ့များကဲ့သို့ ပျံ့လွင့်သွားလေသည်။ ထိုအခါမှ ရွှယ်အန်းက အခြားသော မြွေဦးခေါင်းဘက်သို့ လှည့်လာသည်။
"ကဲ အခု မင်းရဲ့နတ်ဆိုးခန္ဓာကိုယ်တွေကို ဘယ်မှာဖွက်ထားလဲဆိုတာ ငါ့ကိုပြောပါဦး"
အကယ်၍ ဤမြွေဦးခေါင်းတွင်သာ ခန္ဓာကိုယ်ရှိနေလျှင် ကြောက်ရွံ့မှုကြောင့် ကျင်ငယ်များစွန့်မိသွားမည်မှာ သေချာသည်။
“နတ်ဆိုးခန္ဓာကိုယ်တွေက ဂျပန်နိုင်ငံ အနှံ့မှာ ပြန့်ကျဲနေတယ်။ ငါတို့ အချင်းချင်းလည်း ဆက်သွယ်လို့ မရဘူး။ ငါ တောင်းပန်ပါတယ် ငါ့အသက်ကို ချမ်းသာပေးပါ" မြွေဦးခေါင်းက တုန်လှုပ်နေသော အသံဖြင့် တောင်းဆိုလိုက်သည်။
စည်းတံဆိပ်ခတ်ခြင်းသည် ၎င်းတို့၏ လုပ်ရပ်မဟုတ်ကြောင်းကို ရွှယ်အန်းက တွေ့ရှိလိုက်ရသည်။ သူသည်လည်း အနည်းငယ် ပဟေဋ္ဌိဖြစ်သွားလေသည်။ အိုရိုချီနတ်ဆိုးသခင်များသည် အဆင့်နိမ့် နတ်ဆိုးများဖြစ်သည်။ ၎င်းသည် ဤကမ္ဘာကြီးအတွက် ရွှေအင်မော်တယ်အဆင့်မျှသာ သန်မာသည့် ထိပ်တန်းဖြစ်တည်မှုမျိုး ဖြစ်လေသည်။
သို့တိုင်ပင်၊ ရှေးခေတ်က အိုရိုချိသည် တကွဲတပြားစီဖြစ်နေသောကြောင့် ၎င်း၏အကြွင်းအကျန်များ၏ ကျင့်ကြံမှုအဆင့်သည် လွတ်မြောက်အင်မော်တယ်အဆင့်တွင်သာ ရှိနေသည်။
ထိုသို့သော ကျင့်ကြံမှုအဆင့်ဖြင့်၊ ဤမျှကြီးမားသော စည်းတံဆိပ်မျိုးကို ၎င်းတို့က မည်ကဲ့သို့ ချမှတ်ခဲ့ခြင်းဖြစ်သနည်း။ သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း၊ အိုရိုချိ၏ နတ်ဆိုးခန္ဓာကိုယ်များအားလုံးကို ရှာတွေ့သရွေ့ မေးခွန်းများက သဘာဝအတိုင်း ပျက်ပြယ်သွားလိမ့်မည်ဟု ရွှယ်အန်းက ခံစားနေမိသေးသည်။
"မင်း ပြောခဲ့တာတွေက ဘာမှ မပြောခဲ့တာနဲ့ ထူးမခြားနားပဲ”" ရွှယ်အန်းက ပြောပြီးသည်နှင့် အခြားသောမြွေခေါင်းကို သူ၏လက်ဖြင့် ဖိချေလိုက်သည်။
ဤသို့ဖြင့် အိုရိုချိ၏မြွေခေါင်းသုံးခေါင်း ပျောက်ကွယ်သွားလေ၏။ ပြီးနောက် ရွှယ်အန်းသည် ထိတ်လန့်မှုကြောင့် သစ်သားတုံးတစ်ခု ဖြစ်သွားသကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော ဘုန်းကြီးကို လှည့်ကြည့်လိုက်သည်။
"အသက်ရှည်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းရာမှာ ကြီးလေးတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် ငါ ဒီနေ့ မင်းရဲ့ နတ်ကွန်းကို ဖျက်ဆီးပစ်မယ်"
ရွှယ်အန်းသည် အိုရိုချိ၏ စိတ်အာရုံမှ သည်းခံနိုင်စွမ်း မရှိသော မြင်ကွင်းများစွာကို ယခုတင် မြင်တွေ့ခဲ့ရသည်။ ကျိုဝနတ်ကွန်းက ခေါင်းနှစ်ခေါင်းရှိ အိုရိုချိမြွေကြီးကို ကိုးကွယ်ရသည့် အကြောင်းရင်းသည် ဤနတ်ဆိုးသခင်များ၏ စွမ်းအားကို အားကိုး၍ အသက်ရှည်ခြင်းကို လေ့လာလိုက်စားရန်သာ ဖြစ်ပေသည်။
၎င်းတို့သည် နတ်ဆိုးသခင်များ၏ အစားအစာအဖြစ် ပူဇော်ရန်အတွက် အပြစ်မဲ့သော လူပေါင်းများစွာကို ဒုက္ခဖြစ်စေခဲ့သည်။ ရွှယ်အန်းသည် အခြားသူများ၏ ဆင်းရဲဒုက္ခအတွက် ဝမ်းနည်းမည့်လူမျိုး မဟုတ်သော်လည်း ထိုအပြုအမူများက သူ၏ စက်ဆုပ်မှုကို ရရှိရန် လုံလောက်နေပြီဖြစ်သည်။
ဘုန်းကြီးသည် အလွန်ထိတ်လန့်နေ၍ အိုရိုချိမြွေခေါင်းများ ပျက်ဆီးခံရခြင်းကို မြင်လိုက်ရသဖြင့် နေရာတွင်ပင် သတိလစ်သွားလေသည်။ ရွှယ်အန်းသည် လေထုထဲတွင် ခြေလှမ်းလေးလှမ်းလိုက်ရာ၊ ခြေလှမ်းတိုင်းတွင် သွေးရောင် ကြာပန်းတစ်ပွင့် ပွင့်လန်းသွားလေသည်။
မကြာမီတွင် သွေးရောင်ကြာပန်းများသည် ကျိုဝဘုရားကျောင်းကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည့် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှယ်အန်းက တံခါးဝသို့ ရောက်လာသောအခါ၊ အလွန် မြင့်မားသော ၎င်းက မီးတောက်ကြီးတစ်ခုအဖြစ် စတင် လောင်ကျွမ်းနေပြီဖြစ်သည်။
ရွှယ်အန်းသည် စည်းတံဆိပ်ကို အလွယ်တကူ ရုတ်သိမ်းလိုက်သောအခါ အန်းယန်က သူမ၏ခင်ပွန်းဖြစ်သူ ဒဏ်ရာကင်းမဲ့နေခြင်းကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ကျိုဝဘုရားကျောင်းတွင် လောင်ကျွမ်းနေသော မီးတောက်များကို မြင်လိုက်ရသောအခါတွင် သူမက အံ့အားသင့်စွာ ထုတ်ပြောလိုက်မိသည်။
“ယောက်ျား၊ ဒါက…”
ရွှယ်အန်းက အမူမထားဘဲ ပြောလိုက်သည်။
“သူတို့ရဲ့ အပြစ်တွေအကုန်လုံး ပြာအဖြစ် ပြောင်းသွားပြီ။ လာ သွားကြရအောင်"
ရွှယ်အန်းသည် သူ့ဇနီးနှင့် ကလေးမလေးများကို ခေါ်ဆောင်၍ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ပင်ချောင်နှင့် ယင်ဟွာဟွေ့တို့သည်လည်း အသိစိတ်ပြန်ကပ်လာ၍ တောင်ပေါ်မှ အလျင်အမြန် လိုက်ပါလာကြသည်။ ပင်ချောင်သည် ထိုတစ်ချိန်လုံး ရွှယ်အန်း အနောက်သို့ လိုက်ပါကာ စကားစမြည်ပြောရန် ဆန္ဒရှိနေခဲ့သည်။ သို့သော် ရွှယ်အန်းနှင့် သူ၏မိသားစုသည် လျင်မြန်စွာ ရွေ့လျားနေသောကြောင့် မကြာမီ၌ပင် မျက်စိအောက်မှ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ယင်ဟွာဟွေ့က ချဉ်းကပ်လာသည်။
“မိန်းကလေးပင်ချောင်၊ ဒီလူက မီးရှို့ပြီး လူတွေကို သတ်ထားတာဆိုတော့ ကျွန်တော်တို့တွေ ရဲကို အမြန်ခေါ်သင့်တယ် မဟုတ်ဘူးလား"
ပင်ချောင်က ယင်ဟွာဟွေ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ရဲခေါ်ချင်ရင် ရှင့်ဘာသာ သွားခေါ်။ ပြီးတော့ ကျွန်မကို ကျေးဇူးပြုပြီး လာမနှောင့်ယှက်ပါနဲ့တော့"
ထိုသို့ပြောပြီးသည်နှင့် ပင်ချောင်က ဦးစွာ ထွက်ခွာသွားလေသည်။ ယင်ဟွာဟွေ့သည် မျက်နှာအမူအမူအရာ မိန်းမောတွေဝေစွာဖြင့် ထိုနေရာတွင် ရပ်တန့်နေလေသည်။ သူသည် ပင်ချောင်ကို အပန်းဖြေရန်အတွက် ဤနေရာသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။
သို့သော် ဤသို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သို့သော် ရွှယ်အန်း၏ တစ္ဆေသရဲကဲ့သို့သော နည်းလမ်းများကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကျောရိုးတစ်လျှောက် အေးစက်မှုကိုခံစားလိုက်ရ၍ ၎င်းနှင့်ပတ်သက်၍ အပုပ်ချစကားမျိုးပင် မပြောဝံ့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာခဲ့ရသည်။
ကောင်းကင်ဘုံ နတ်နန်းတော် ပျက်သုဉ်းသွားခြင်းသည် ဂျပန်နိုင်ငံ၏ သိုင်းပညာလောကတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ၎င်းသည် အနှစ်တစ်ထောင်ဂိုဏ်းတစ်ခု၍ ညတွင်းချင်း သုတ်သင်ခံရခြင်း ဖြစ်သောကြောင့် ကြီးမားသည့် ရုန်းရင်းဆန်ခတ် ကိစ္စများ ဖြစ်ပေါ်သွားစေသည်။
မဟာနေမင်း ဘုရားကျောင်း။
ဂျပန်နိုင်ငံ၏ သိုင်းပညာရှင်လောကနှင့် နတ်ကွန်းအသိုင်းအဝိုင်းရှိ ထိပ်တန်းကျွမ်းကျင်သူများစွာသည် ဤနေရာတွင် စုရုံးခဲ့ကြသည်။
“ကောင်းကင်ဘုံ နတ်နန်းတော်တစ်ခုလုံးကို တစ်နာရီအတွင်း ချေမှုန်းခဲ့တာက ဘယ်သူဖြစ်နိုင်လဲ” အကြီးအကဲတစ်ဦးသည် အကြွင်းမဲ့ အာဏာကို ကိုင်ဆောင်ထားသည့် လေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
သူသည် မဟာနေမင်း ဘုရားကျောင်းကို ဆယ်စုနှစ်များစွာ အုပ်စိုးနေသော အင်မော်တယ်အဆင့် ခြေလှမ်းတစ်ဝက်သို့ ရောက်လုနီးပါးဖြစ်နေသူဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည့် ထိပ်တန်းကျွမ်းကျင်ပညာရှင် ဆခတ ခင်ဂျိဖြစ်သည်။
“ဟိုတလောကပဲ အင်အားကြီးတဲ့ ဟွာရှားသိုင်းပညာရှင်တစ်ယောက်က တိုကျိုမြို့ကို ရောက်လာခဲ့တယ်လို့ သတင်းရထားပြီး၊ အခု ဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ရတယ်ဆိုတော့။ အဆက်အစပ်ရှိနေနိုင်မလား" ကွေးကောက်သောခန္ဓာကိုယ် အလှတရားရှိ၍ အသည်းဘဝင်ခိုက်အောင် မလုံမလဲ၀တ်ရုံမျှသာ ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရမက်ပြင်းသော အသံဖြင့် ပြောလိုက်သည်။
ပန်းပွင့်လန်းခြင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဆုန်မုဖေးဟွာသည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ ဂျပန်နိုင်ငံရှိ သိုင်းပညာလောက၏ ကင်းမြီးကောက်မျိုးအဖြစ် လူသိများသည်။ သူမသည် မယုံကြည်နိုင်လောက်အောင် လှပသော်လည်း သူမ၏ နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူမ၏ လက်ချက်ဖြင့် သေသွားသည့် လူအရေအတွက်သည် တစ်ထောင်မဟုတ်လျှင် ရှစ်ရာထက်မနည်း များပြားလှသည်။
“ဟား၊ ဟွာရှားသိုင်းပညာရှင်တဲ့လား။ ဟွာရှားက သိုင်းပညာရှင်တစ်ယောက်ရဲ့လက်ချက်နဲ့ နတ်ကွန်းတစ်ခုက မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားနိုင်မယ်လို့ မင်း ထင်နေတာလား" အမျိုးသားတစ်ယောက် မည်းမှောင်သောအမူအရာဖြင့် လှောင်ရယ်လိုက်သည်။
ကျိုဝဘုရားကျောင်းရှိ ဒိုက်ဂန် တာခါမဆအပြင် ဤနေရာရှိ စကားပြောနေကြသူ အားလုံးသည် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုသို့ကြားသောအခါ ဆုန်မုဖေးဟွာက ပြောလိုက်၏။
"ဒိုက်ဂန် တာခါမဆ၊ ဟွာရှား သိုင်းပညာရှင်ကို လျှော့မတွက်ပါနဲ့။ ဒီလူက ကျိုရှင်း မဲအိချိကျောင်းက ချန်ရှန်ယိဖျယ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာဆိုတဲ့ သတင်းလည်း ရှိနေတယ်နော်"
"ချန်ရှန်ယိဖျယ်လား၊ ဟား၊ ရှုံးနိမ့်သွားတဲ့ စစ်သူကြီးလောက်ကို စကားထဲ ထည့်မပြောသင့်ပါဘူး” ဒိုက်ဂန် တာခါမဆက ဆုန်မုဖေးဟွာကို တပ်မက်စွာ တစ်ချက်ကြည့်ပြီးနောက် အထင်အမြင်သေးစွာ ပြောလိုက်သည်။ ဤအမျိုးသမီးသည် အမှန်တကယ် ရှားပါးသော အလှတရားမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထိုအချိန်တွင် ဆခတ ခင်ဂျိက သူ၏လက်ကို မြှောက်၍ လေးနက်စွာ ပြောလိုက်သည်။
"ဒီလူရဲ့နာမည်က ဘယ်လိုခေါ်လဲ"
"ရွှယ်အန်း" ဆုန်မုဖေးဟွာက လေးနက်စွာပြောလိုက်သည်။
'ရွှယ်အန်းတဲ့လား၊ ဒီနာမည်ကို နည်းနည်း ရင်းနှီးနေသလိုပဲ'
လူအုပ်ကြီးသည် သံသယဖြစ်မှုနှင့် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။
“မဟုတ်မှလွဲရော… ဓားတစ်ချောင်းတည်းနဲ့ ဓားအင်မော်တယ်ကို သုတ်သင်ခဲ့ပြီး အင်မော်တယ် ညီလာခံကို အလွယ်တကူ ဖျက်ဆီးခဲ့တဲ့ ရွှယ်အန်းလား”
လူတိုင်းက တုန်လှုပ်သွားကြသည်။ ဆခတ ခင်ဂျိ၏ မျက်လုံးများမှ စူးရှသောအလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
"တကယ်ပဲ သူလား။ သူက ဘာလို့ ဂျပန်နိုင်ငံကို ရောက်လာတာလဲ။ ဒါ့အပြင်၊ သူက ကောင်းကင်ဘုံနတ်နန်းတော်ကို ဘာလို့ ဖျက်ဆီးခဲ့တာလဲ။ သူ ဘာလုပ်ချင်နေတာလဲ"
သူ၏အသံတွင် အလွယ်တကူ မရိပ်မိနိုင်သည့် အထိတ်တလန့်ဖြစ်နေသော အရိပ်အမြွက်များ ရှိနေသည်။ အမှန်တကယ်ပင်၊ ဤဂျပန်နိုင်ငံ၏ ထိပ်တန်းဖြစ်တည်မှုများက ယခုအခါ ထိတ်လန့်တကြားဖြစ်နေကြလေသည်။ ထိုအချိန်တွင်၊ ဆုန်မုဖေးဟွာသည် ရှက်ရွံ့နေပုံရသော ဒိုက်ဂန် တာခါမဆကို လှည့်ကြည့်လိုက်သည်။
“မစ္စတာ ဒိုက်ဂန် တာခါမဆ၊ အခု... ဒီလူက ရှင့်ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်သေးဘူးလို့ ရှင် ထင်လား" သူမ၏အသံတွင် လှောင်ရယ်မှုများဖြင့် ပြည့်နှက်နေသည်။
“ဆုန်မု ဖေးဟွာ၊ မင်း…” ဒိုက်ဂန် တာခါမဆအနည်းငယ် စိတ်တိုသွားလေသည်။
အမှန်တကယ်ပင် ထိုလူက ရွှယ်အန်းဖြစ်နေမည်ဟု ဒိုက်ဂန် တာခါမဆက မသိခဲ့ပေ။ ယခုအချိန်တွင် ရွှယ်အန်း၏ ဂုဏ်သတင်းသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေသည်။ အထူးသဖြင့် သူ ပြုလုပ်နိုင်ခဲ့သော အံ့အားသင့်ဖွယ်ဖြစ်လုနီးပါး ကိစ္စများသည် သိုင်းပညာလောက၏ နေရာတိုင်း၌ ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားစေသည်။
ဒိုက်ဂန် တာခါမဆသည် မောက်မာသူဖြစ်သော်လည်း ရွှယ်အန်းနှင့် ရင်ဆိုင်ရခြင်းက သူ့ကို အနည်းငယ်မျှ စိတ်မသက်မသာဖြစ်စေလိမ့်မည်။ ဆခတ ခင်ဂျိက ဆုန်မုဖေးဟွာကိုကြည့်လိုက်သည်။
"မိန်းကလေးဆုန်မု မင်းက တိုကျိုနဲ့ အနီးစပ်ဆုံးဆိုတော့ သတင်းနည်းနည်းလောက် အရင်ဆုံး စုံစမ်းပေးလို့ ရမလား"
ဆုန်မုဖေးဟွာသည် အနည်းငယ်မျှ ပြည်တည်တည် ရယ်မောပြီးနောက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဂရုမစိုက်ဘဲ သူမ၏ ရှည်လျားဖြောင့်စင်းသော ခြေတံများကို ခွေလိုက်လေသည်။
“ကောင်းပြီလေ၊ ဒီဟွာရှားက လူငယ်ကို ကျွန်မလည်း အရမ်းသိချင်နေတာ။ ဒီလောက်ကြီးမြတ်တာမျိုး လုပ်နိုင်တဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်မလည်း ကြည့်ချင်မိသား"
ဤအတောအတွင်း ဂျပန်နိုင်ငံရှိ ဝေးလံခေါင်သီသော ရွာတစ်ရွာ၏ ရိုးရှင်းသော တစ်ခန်းငယ်တစ်ခုတွင်၊ ရက်စက်သော အမူအရာနှင့် ဆယ်ကျော်သက်တစ်ဦးက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ရှေ့တွင် ပြင်းထန်သော တားမြစ်ချက်ကဲ့သို့ အာရုံမျိုး ထုတ်လွှင့်နေသည့် ဓားရှည်တစ်စင်း ရှိနေသည်။
"သွေးဆာနေပြီလား” ၎င်းဆယ်ကျော်သက်အရွယ် အမျိုးသားသည် ဓားရှည်ကို ညင်သာစွာ ပွတ်သပ်၍ ရေရွတ်လိုက်သည်။
အခန်း (၂၁၆) ကမ္ဘာပေါ်မှာ အရသာအရှိဆုံးက ချင်ဟွမ်
ဓားရှည်သည် တုန်ခါမှုများ ဆက်တိုက်ပြုလုပ်နေသည်။ လူငယ် အမျိုးသားသည် ဓားကို လက်ဖြင့်သုတ်လိမ်း၍ လတ်ဆတ်သော သွေးများ ထွက်ကျလာသည့်အချိန်မှ ၎င်းဓားရှည်က တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ သို့သော်၊ ထိုလူငယ်သည် သူ၏အသက်ကို စုပ်ယူခံလိုက်သကဲ့သို့ အလွန် လျင်မြန်စွာ အားနည်းသွားသည်။
ဤနေရာတွင် ဂျပန်နိုင်ငံ၏ ရှင်းတိုအီ သမိုင်းကြောင်းနှင့် ရင်းနှီးသူတစ်ဦးရှိနေလျှင် ၎င်းတို့က အံ့အားသင့်စွာ အော်ဟစ်နေမည်မှာ သေချာသည်။ မည်သို့ဆိုသော် စက္ကူကဲ့သို့ ဖြူဖျော့နေသော ဤလူငယ်သည် လွန်ခဲ့သော နှစ်တစ်ရာခန့်ရှိ အွန်းမြိုဂျိ ပါရမီရှင် ဝတနဘဲ ဆဲမဲမှလွဲ၍ အခြားလူ မဟုတ်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင်၊ ဝတန ဆဲမဲသည် နတ်ဘုရားများနှင့် နတ်များကို ဆက်သွယ်ပြောဆိုနိုင်သော ထိပ်တန်း အွန်းမြိုဂျိတစ်ဦးအဖြစ် ကျော်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် အလွန် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ အံ့သြဖွယ်ကောင်းသည်က သူသည် ဤသို့ဆိတ်ငြိမ်သော တောင်ပေါ် ရွာငယ်လေးတစ်ခုတွင် ရှိနေသည့်အပြင် ပို၍အံ့ဩဖွယ်ကောင်းခြင်းက အနည်းငယ်မျှပင် အသက်အရွယ် အိုမင်းခဲ့ခြင်းမရှိပေ။
(အွန်းမြိုဂျိ (onmyoji) ။ ။ ယင်နှင့် ယန် ဒြပ်စင် ငါးမျိုးကို အသုံးပြု၍ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ဆက်သွယ်နိုင်သည့် ဂျပန်ဒဏ္ဍာရီလာ နတ်ဆရာ)
"ဆာလောင်တဲ့ သရဲတစ္ဆေပွဲတော်ကြီး နီးကပ်လာပြီဆိုတော့ သွေးထောက်ပံ့မှုတွေကို ပြန်ရှာဖို့ အချိန်ကျပြီ ထင်ပါတယ်" ဝတန ဆဲမဲ၏မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းများ လင်းလက်လာပြီးနောက် တီးတိုးပြောလိုက်သည်။
တိုကျိုမြို့ရှိ ဒစ္စနေးလန်း။
ခုမိုတိုရိတောင်မှ ပြန်လာပြီးနောက် ရွှယ်အန်းသည် သူ၏သမီးလေးနှစ်ယောက်ကို ခေါ်ဆောင်၍ ပန်းခြံတွင် တစ်နေကုန် မြူးတူးနေခဲ့သည်။ နောက်ဆုံးတွင် ညနေခင်းသို့ ရောက်လာသည့်အခါ အန်းယန်က တွန့်ဆုတ်နေသော ရှန်းရှန်းနှင့် နျန်နျန်တို့ကို ဒစ္စနေးလန်းမှ ဆွဲထုတ်နိုင်ခဲ့သည်။
"ကြည့်ဦး၊ အကုန်လုံး မောခေါနေတာပဲ" အန်းယန်က ကလေးမလေးများ၏ ဆံပင်များကို ပြန်လည်ချည်နှောင်ရာမှ ရွှယ်အန်းကို ကြိမ်းမောင်းလိုက်သည်။ သို့သော်လည်း ရွှယ်အန်းက ပြုံးပြ၍ ကလေးမလေးနှစ်ဦးကို မျက်စပစ်ပြပြီးနောက် သူ၏ နှုတ်ခမ်းကို တိတ်တဆိတ် လှုပ်ခတ်ကာ ပြောလိုက်သည်။
"အရသာရှိတာတစ်ခုခု... သွားစားကြရအောင်"
ကလေးမလေးနှစ်ဦးက မရပ်မနား တခစ်ခစ် ရယ်မောနေကြသည်။ အန်းယန်းက ရွှယ်အန်းကို မျက်စောင်းထိုးလိုက်သည်။
"ရှင်ကတော့ ဒီအတိုင်းသာဆိုရင် သူတို့ကို ဆိုးပေတဲ့အထိ အလိုလိုက်မိတော့မှာပဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကိုယ့် သမီးတွေကိုမှ အလိုမလိုက်ရင် ကိုယ်က ဘယ်သူ့ကို အလိုလိုက်ရမှာလဲ။ လာ သွားစားရအောင်"
"ပင်လယ်စာလား"
"မကြိုက်ဘူး" အန်းယန်က ခေါင်းခါလိုက်သည်။
"စတိတ်ဆိုရင်ရော ဘယ်လိုလဲ"
"မကြိုက်ဘူး" ရွှယ်ရှန်းနှင့် ရွှယ်နျန်းတို့က ခေါင်းယမ်းလိုက်သည်။
"ဒါဆို တို့တွေ ဘာစားကြမလဲ"
"ဘာပဲဖြစ်ဖြစ်" အမျိုးသမီးသုံးယောက်က တညီတညွတ်တည်း ပြန်ပြောလိုက်ကြသည်။
ရွှယ်အန်းက ခြောက်ကပ်ကပ် ရယ်မောပြီးနောက် 'ဘာပဲဖြစ်ဖြစ်' ဆိုသော စကားသည် အမျိုးသမီးများ၏ အနှစ်သက်ဆုံးစကားမျိုး ဖြစ်ပုံရသည်ဟု တွေးနေမိသည်။
တခြား ရွေးချယ်စရာ မရှိတော့သော ရွှယ်အန်းသည် သူ၏မိသားစုကို လမ်းတလျှောက်လုံး စိမ်ပြေနပြေ လမ်းလျှောက်၍ နေအိမ်ဆီသို့ ခေါ်သွားခဲ့သည်။ အနည်းငယ် လမ်းလျှောက်ပြီး ခဏအကြာတွင် ဂျပန်နိုင်ငံတွင် ယာတိုင်းဟု ခေါ်သည့် ကန်တိုစတိုင် ချက်ပြုတ်ထားသော အကင်နှင့် အကြော်များ ရောင်းချနေသည့် လမ်းဘေးဈေးဆိုင်တစ်ခု ရှိနေသည်။
အန်းယန်၏ မျက်လုံးများ တောက်ပလာသည်။
"ဒါ စားရအောင်"
ဂျပန်နိုင်ငံသို့ရောက်ခဲ့သော်လည်း လမ်းဘေးအကင်များ စားသောက်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ရွှယ်အန်းက ရယ်ချင်နေမိသည်။ သို့သော် သူ၏ဇနီးဖြစ်သူက ၎င်းကို ကြိုက်နှစ်သက်နေသောကြောင့် ရွှယ်အန်းက ထုံးစံအတိုင်း မကျေမနပ်ဖြစ်မည် မဟုတ်ပေ။ ၎င်းတို့မိသားစုက ဈေးဆိုင်၏အနားတွင် ဝိုင်းဖွဲ့လိုက်ကြရာ၊ ပိုင်ရှင်ဖြစ်သူ သက်လတ်ပိုင်းအရွယ် အမျိုးသားက ဖောက်သည်များကိုတွေ့သောအခါ အလျင်အမြန် လှုပ်ရှားနေလေသည်။
ပထမကိုက်ချက်တွင် စားသုံးသူ၏ အာသီသကို အနိုင်ယူရန် ပြုလုပ်ထုတ်ထားသောကြောင့် ဤလမ်းဘေးဆိုင်များရှိ အစားအသောက်များသည် အရသာ ပြင်းထန်လှသည်။ အနည်းဆုံးလျှင် အန်းယန်နှင့် ကလေးမလေး နှစ်ဦးတို့က ၎င်းတို့၏ အစားအသောက်ကို ကျေကျေနပ်နပ် စားသောက်နေပုံရသည်။
ရွှယ်အန်းက ၎င်းတို့ကို ပြုံး၍ ကြည့်နေလိုက်သည်။ ဆိုင်ပိုင်ရှင်က ရွှယ်အန်းကို တိတ်တဆိတ် လက်မထောင်ကြလိုက်သည်။
"မစ္စတာ၊ ခင်ဗျား မိသားစုက သိပ်အားကျဖို့ ကောင်းတာပဲ"
ရွှယ်အန်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။ ပြီးနောက် ဤမိသားစုသည် စူးစမ်းလေ့လာသည့် အကြည့်များစွာကို ဆွဲဆောင်စေသည်။ အဆုံးတွင် အန်းယန်၏ အနေအထိုင် အပြုအမူက ကြော့ရှင်းလှ၍ ကလေးမလေးနှစ်ဦးက နူးညံ့သိမ်မွေ့ကာ ချစ်စဖွယ်ကောင်းလှသည်။ ၎င်းတို့သည် သာမန်မိသားစုမှ ဆင်းသက်လာသူများ မဟုတ်ကြောင်း သိသာလှသော်လည်း ဤနေရာတွင် ဈေးပေါသော လမ်းဘေးအစားအသောက်များ စားသုံးနေသည့် အပြုအမူသည် အာရုံစိုက်မှုများရရှိစေသည်။
ထိုအချိန်တွင် လမ်းဘေးသို့ မာစီးဒီးတစ်စီး တဖြည်းဖြည်း ရပ်တန့်လာ၍ တံခါးပွင့်လာသောအခါ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာလေသည်။ ထိုအမျိုးသမီး၏ အသွင်အပြင်သည် လမ်းတစ်ခုလုံးရှိ လူအများ၏အာရုံကို ဖမ်းစားစေသည်။ သူမသည် အံဝင်ခွင်ကျ ချုပ်လုပ်ထားသည့် ပေါင်ရင်းအထိ ဖြတ်ထုတ်သော ပွဲတက်ဂါဝန်ကို ၀တ်ဆင်ထား၍ ရွေ့လျားသွားလာမှုများနှင့်အတူ လျှပ်တစ်ပြက် ပေါ်လွင်လာသော သူမ၏ခြေတံရှည်များက ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
သို့သော် ခြေလှမ်းတိုင်းတွင် တုန်လှုပ်နေပုံရသည့် အမျိုးသမီး၏ တိမ်တိုက်များကဲ့သို့ မို့မောက်သော ရင်အုံများက စွဲမက်စရာအကောင်းဆုံးဖြစ်သည်။ အမျိုးသားများက မထိန်းချုပ်နိုင်ဘဲ စိုက်ကြည့်နေကြသည်။ ထိုအမျိုးသမီးသည် ဈေးဆိုင်နားသို့ ပြုံးရွှင်စွာ ရောက်ရှိလာပြီးနောက် ကျွမ်းကျင်သော တရုတ်ဘာသာဖြင့် ပြောလိုက်သည်။
"ကန်တိုမပါတဲ့ ကန်တိုစတိုင် တစ်ပွဲပေးပါ၊ ချက်ပေးစရာမလိုဘူး"
ထိုမှာကြားချက်က ဆိုင်ပိုင်ရှင်ကို လုံးလုံးလျားလျား ဝေခွဲမရဖြစ်သွားစေသည်။ ပြီးနောက် အမျိုးသမီးက ရွှယ်အန်းကို ပြုံးပြ၍ သူမ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
“ဟယ်လို၊ တွေ့ရတာဝမ်းသာပါတယ် မစ္စတာရွှယ် ကျွန်မ နာမည်က ဆုန်းမုဖေးဟွာပါ"
ရွှယ်အန်းသည် စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးကို တသီးတခြား အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျုပ်ကို သိလို့လား"
ဆုန်းမုဖေးဟွာက ပြုံးလိုက်သည်။
"ဓားတစ်ချက်တည်းနဲ့ ဓားအင်မော်တယ်ကို အံတုပြီး အင်မော်တယ် အစည်းအဝေးကို အလွယ်တကူ ချေမှုန်းပစ်ခဲ့တဲ့ မစ္စတာရွှယ်ရဲ့ အကြောင်းကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူက မသိဘဲနေမှာလဲ"
စကားပြောနေစဉ်တွင်၊ ဆုန်းမုဖေးဟွာက ရွှယ်အန်း၏ဘေးခုံတွင် သဘာဝကျကျ ထိုင်ချ၍ ပိုးသားကဲ့သို့ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဒါပေမယ့် မထင်ထားတာက မစ္စတာရွှယ်က အရမ်းငယ်ရွယ်ပြီး ချောမောလွန်းတော့ ကျွန်မ နှလုံးသားကို ကလိကလိဖြစ်စေမယ် ဆိုတာပဲ"
သူမ၏အသံသည် ပျားရည်များ ယိုဖိတ်တော့မည့်ဟန်ဖြင့် အလွန် စွဲလန်းဖွယ်ကောင်းနေသည်။ ဆိုင်ပိုင်ရှင်သည် ထိုဖြစ်စဉ်ကို ငေးငိုင်စွာ ကြည်နေရာမှ သူ၏ မျက်နှာနှင့် နားရွက်များ နီမြန်းလာလေသည်။
သို့သော် ရွှယ်အန်းက သူ၏ခေါင်းကို အနည်းငယ်ခါ ယမ်းလိုက်သည်။
"ကျုပ် စိတ်ရှည်နေတုန်း မြန်မြန်ထွက်သွားလိုက် မဟုတ်ရင်..."
ဆုန်းမုဖေးဟွာက ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။
"မဟုတ်ရင် ဘာဖြစ်လဲ"
ရွှယ်အန်းက သူမကို အနည်းငယ် အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မဟုတ်ရင် ခင်ဗျားကို အရောက်ပို့ပေးလိုက်မယ်"
ဆုန်းမုဖေးဟွာသည် သူမ၏နားရွက်မှ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ ဆံပင်ရှိ ဆံညှပ်ကို တိုက်ရိုက် ဖြတ်တောက်၍ သူမ၏အနက်ရောင်ဆံပင်များကို ပြုတ်ကျသွားစေသည့်အချိန်မှ ရွှယ်အန်း၏ စကားကို နားလည်သွားလေသည်။ ဆုန်းမုဖေးဟွာသည် ကြောက်ရွံ့စိတ်ဖြင့် ဖျော့တော့သွားလေသည်။
“ရှင်…”
ရွှယ်အန်းက သူ၏မျက်လုံးများကို အောက်ငိုက်စိုက်၍ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
“ကျုပ်ကို စမ်းသပ်ဖို့ မကြိုးစားနဲ့။ ကျုပ် ဂျပန်နိုင်ငံကို ရှာစရာတစ်ခုလို့ ရောက်လာတာ။ တွေ့တာနဲ့ ပြန်ထွက်သွားမှာ၊ ဒါပေမယ့် ကျုပ်ကို တစ်ယောက်ယောက်က တားဖို့စဉ်းစားရင်...."
"ဒါဆို ဘုရားပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ကျုပ်လမ်းကို ပိတ်ဆို့နေတဲ့ ဘယ်သူ့ကို မဆို သတ်ပစ်မှာ"
ထိုစကားများရှိ ကြောက်မက်ဖွယ် အရောင်အဝါများသည် ဆုန်းမုဖေးဟွာကို အနည်းငယ် တုန်လှုပ်သွားစေပြီးနောက် သူမ၏ ထိုင်ခုံမှ စိတ်ဓာတ်ပျက်ပြားသော အခြေအနေဖြင့် ထရပ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ"
ပြီးနောက် ဆုန်းမုဖေးဟွာတစ်ယောက် ထိတ်လန့်စွာ ပြေးထွက်သွားလေသည်။ အန်းယန်သည် တူများကို စားပွဲပေါ်သို့ ချ၍ သူမ၏ ဗိုက်ကို စိတ်ကျေနပ်စွာ ပွတ်သပ်ပြီးနောက် မကြာသေးမီက ဖြစ်ပျက်သွားသော ကိစ္စရပ်များကို သူမ မမြင်ခဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
“အရမ်းအရသာရှိတာပဲ။ အိမ်ပြန်ရအောင် ဟန်နီ"
"ကောင်းပြီ၊ အိမ်ပြန်ကြရအောင်" ရွှယ်အန်းက ပေါ်ပေါ်လွင်လွင် ပြုံးရယ်လိုက်သည်။
ဆုန်းမုဖေးဟွာသည် ကားထဲတွင် ထိုင်နေသော်လည်း အနည်းငယ် တုန်လှုပ်နေဆဲဖြစ်၍ ရွှယ်အန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။ ဤလူ၏ ယဉ်ကျေးသိမ်မွေ့၍ ခံ့ညားသော အသွင်အပြင်အောက်တွင် ထရိုင်နိုဆောကဲ့သို့သော နှလုံးသားမျိုးရှိနေသည်။
ပြီးနောက် ဆုန်းမုဖေးဟွာကို အလွန် ထိတ်လန့်စေဆုံးအရာသည် ရွှယ်အန်း၏ လျစ်လျူရှု၍ ဟိတ်ဟန်ကြီးသော အကြည့်ဖြစ်သည်။ သူမသည် သူ၏မျက်လုံးများရှေ့တွင် ဝတ်လစ်စားလစ် ချွတ်ပစ်ခံရကာ သူမ၏ လျှို့ဝှက်ချက်များအားလုံး ထုတ်ဖော်ခံသကဲ့သို့ ခံစားလိုက်ရသည်။
"မိသားစုခေါင်းဆောင်၊ ကျွန်တော် ဘယ်ကို မောင်းရမလဲ ခင်ဗျ" ယာဉ်မောင်းက မေးလိုက်သည်။
"ကျင်းတုကလပ်ကို ပြန်မယ်" ဆုန်းမုဖေးဟွာက အံကြိတ်လိုက်သည်။
တကဲအုချီ ခီရိုခိုက ၎င်းတို့အတွက် အထူးပြင်ဆင်ထားသော ဗီလာကို ပြန်ရောက်လာချိန်တွင် တစ်နေ့လုံး ကစားခဲ့ကြသော ကလေးမလေးနှစ်ယောက်က ရွှယ်အန်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေပြီဖြစ်သည်။ ရွှယ်အန်းသည် ၎င်းတို့နှစ်ဦးကို ကုတင်ပေါ်တင်၍ အိပ်ခန်းထဲမှ တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။
"ခုနက ဘာမှမစားလာတော့ အခု ဗိုက်ဆာနေပြီလား၊ ဟန်နီ"
အန်းယန်သည် ရွှယ်အန်း၏ပခုံးပေါ်သို့ သူမ၏လက်နှစ်ဖက်ကို တင်၍ ပြောလိုက်သည်။
"ဘယ်လိုထင်လို့လဲ" ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါဆို ခေါက်ဆွဲတစ်ပွဲလောက် သွားချက်ပေးမယ်လေ"
အန်းယန်သည် ဤသို့ပြောပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ အန်းယန်၏ အလုပ်ရှုပ်နေသော ပုံသဏ္ဍာန်ကို ကြည့်နေသော ရွှယ်အန်းက အနည်းငယ် လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေ့ရက်များတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အိမ်သို့ ပြန်ရောက်သောအခါ အန်းယန်သည် သူမ၏ ကိုယ်ဝန်အခြေအနေ မည်သို့ပင် ရှိစေကာမူ သူ့အတွက် အမြဲတစေ ထမင်းဟင်း ချက်ပေးလေ့ရှိသည်။
ထိုအချိန်တွင် ၎င်းတို့၏ဘဝအခြေအနေက ခက်ခဲခဲ့သောကြောင့် ခေါက်ဆွဲတစ်ပန်းကန်မှလွဲ၍ တခြားသော ဟင်းလျာများ ချက်ပြုတ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် အန်းယန်က ခေါက်ဆွဲထဲတွင် ကြက်ဥပြုတ်တစ်လုံးကို တိတ်တဆိတ် ဝှက်ထားလေ့ရှိသည်။
ဤသည်မှာ ထိုအချိန်က ၎င်းတို့တတ်နိုင်သည့် အကောင်းဆုံးအရာတစ်ခုဖြစ်သည်။ ထိုသို့တွေးမိသော ရွှယ်အန်းသည် အဆုံးမဲ့သည့် နောင်တများကို ခံစားနေမိသည်။ ဤအမျိုးသမီးသည် သူ့အတွက် အများအပြား ပေးဆပ်ခဲ့သူဖြစ်သည်။
ခေါက်ဆွဲကို အမြန်ပြင်ဆင်ပြီးနောက် အန်းယန်က ကြက်သွန်စိမ်းအချို့ကို ခေါက်ဆွဲပေါ်သို့ ဂရုတစိုက် လှီးဖြတ်ထားသည်။ ရွှယ်အန်းက အားရပါးရ စားသောက်လိုက်ချိန်တွင် သူ၏ခံတွင်းထဲတွင် ရင်းနှီးကျွမ်းဝင်မှုရှိသည့် အရသာတစ်ခု ပျံ့နှံ့သွားလေသည်။
"စားလို့ကောင်းလား၊ ဟန်နီ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ၎င်းသည် ရွှယ်အန်း စားဖူးသမျှထဲတွင် အကောင်းဆုံး ခေါက်ဆွဲတစ်ပွဲဖြစ်သည်။ ဘဝ၏ အကောင်းဆုံးသော အရသာသည် ရိုးရှင်းသော ပျော်ရွှင်မှုမျိုးဖြစ်ကြောင်းကို ကြုံတွေ့ဖူးသူများသာ နားလည်ပေလိမ့်မည်။