← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇) ကိုယ့်ကိုယ်ကို အကဲဖြတ်ခြင်း

ဂျင်ဇာ ကလပ်အိမ်

ယခုအချိန်တွင် တိုကျိုမြို့၏ အဓိက မိသားစုကြီးများအားလုံးက ဤနေရာတွင် စုရုံးရောက်ရှိနေကြသည်။ ထို့အပြင် အိနိုအုအဲမိသားစုနှင့် မဆုရှိတမိသားစုများကဲ့သို့သော စီးပွားရေးကော်ပိုရေးရှင်း လုပ်ငန်းစုကြီးများသည်လည်း တက်ရောက်လာကြသည်။ ဤအခန်းထဲတွင် ရှိနေသူ တစ်ဦးတစ်ယောက်စီတိုင်းကို အပြင်ဘက်တွင်သာ ထားရှိမည်ဆိုလျှင် ရာထူးကြီး ပုဂ္ဂိုလ်များ ဖြစ်ပေလိမ့်မည်ဟု ဆိုနိုင်သည်။

သို့သော် လူအများစု ထိုင်ရန် ထိုင်ခုံပင် မရှိကြပေ။ မည်သို့ဆိုသော် ဤနေရာတွင် ဂျပန်နိုင်ငံ၏ အထက်တန်းလွှာအဖြစ်ဆုံး ပုဂ္ဂိုလ်များသာ ထိုင်နိုင်ကြသောကြောင့် ဖြစ်သည်။

"ကျုပ်ဘက်က ပြောရရင် ဒီတရုတ်သိုင်းပညာရှင် ရွှယ်အန်းက မောက်မာလွန်းတယ်၊ သူရောက်လာကတည်းက တကဲအုချီမိသားစုရဲ့ တကဲအုချီ ခီရိုခိုက ပိုပိုပြီး ကြီးစိုးလာတယ်" တင်းမာသည့် မျက်နှာထားနှင့် ရာဇဝတ်ခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။

"ဟုတ်တယ်၊ ကျုပ်တို့မိသားစုလည်း ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရတယ်။ ဒီရွှယ်အန်းကို ရှင်းပစ်ရလိမ့်မယ်" တစ်စုံတစ်ယောက်က သံယောင်လိုက်၍ ပြောလိုက်သည်။

အခန်းထဲတွင် ဆွေးနွေးမှုများဖြင့် စတင် လှုပ်ရှားလာသော်လည်း အဓိကအကြောင်းအရာသည် ရွှယ်အန်းကို မည်ကဲ့သို့ ဖယ်ရှားရမည်ဟူသော ဆွေးနွေးမှုသာဖြစ်သည်။ ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"ညီမဆုန်မု၊ မင်းအရမ်းဖြူဖျော့နေတယ် ဘာဖြစ်နေတာလဲ"

မည်သူမျှ စကားမပြောဝံ့ကြပေ။ အင်မတန် ညှို့ဓာတ်ပြင်း၍ ချောမောသော အမျိုးသားတစ်ဦးက ဆုန်မုဖေးဟွာကို စိတ်ဝင်တစား စိုက်ကြည့်နေခြင်းကို ၎င်းတို့တွေ့လိုက်ရသည်။ ဆုန်မုဖေးဟွာ၏မျက်နှာသည် နီရဲလာပြီးနောက် သူမက ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ နေသိပ်မကောင်းလို့ပါ"

ထိုလူက ဆိုဖာပေါ်သို့ ပြန်လှဲ၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ညီမဆုန်မုက ဒီရွှယ်အန်းနဲ့ အဆက်အသွယ်ရထားတယ်လို့ ကျုပ် ကြားထားတယ်၊ ဒီတော့ မင်းသူ့ကို ဘယ်လိုထင်လဲ"

အခန်းအတွင်းရှိ လူတိုင်း၏မျက်လုံးများက ဆုန်မုဖေးဟွာဆီ ရောက်ရှိသွားကြ၍ လူတချို့က တိတ်တဆိတ် တံတွေးမျိုချမိသွားသည်။ ဤအမျိုးသမီးသည်… အလွန်တရာ ဆွဲဆောင်မှုရှိလွန်းလှသည်။

ဆုန်မုဖေးဟွာက သူမ၏ခေါင်းကို ခါယမ်း၍ ဟန်လုပ်ပြုံးလိုက်သည်။

"ဒီလူကို ကျွန်မ သေချာ ပုံမဖော်နိုင်ပေမယ့် သူက တစ်ခုခုရှာဖို့ ဂျပန်နိုင်ငံကိုလာခဲ့တာဖြစ်ပြီး တွေ့တာနဲ့ ပြန်ထွက်သွားမယ်လို့တော့ သူကိုယ်တိုင် ပြောခဲ့တာပဲ"

"အို၊ တစ်ခုခုကို ရှာဖို့တဲ့လား။ ဘာများလဲ" ထိုအမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ကျွန်မလည်း မသိဘူး" ဆုန်မုဖေးဟွာသည် မျက်နှာအမူအရာ အနည်းငယ် ဖြူဖျော့သွား၍ ခေါင်းယမ်းလိုက်သည်။

မည်သို့ဆိုသော် ထိုညက သူမ မြင်ခဲ့သည့် မြင်ကွင်းအပြင် ရွှယ်အန်း၏ အကြည့်များကို အမှတ်ရမိသွားသောကြောင့် ဖြစ်သည်။ ထိုအမျိုးသားက အေးစက်စက် ရယ်မောလိုက်သည်။

“မသိဘူးလား။ ဒါဆိုရင် သူ တစ်သက်လုံး ရှာမတွေ့ရင် တစ်သက်လုံး ထွက်မသွားဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား"

ဆုန်မုဖေးဟွာက မည်သည့်စကားကိုမျှ ပြန်မပြောဝံ့ပေ။ အမျိုးသမီးတစ်ဦးတမျှ ချောမောလှပသော ဤအမျိုးသားသည် တစ်ချိန်က တိုကျိုမြို့၏ မြေအောက်လောကကို ခုနစ်နှစ် ရှစ်နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မင်ရှီဖုန်းဖြစ်သည်။ ဤလူသည် ပြောင်းလဲလွယ်၍ နက်နဲသော စိတ်နေသဘောထားရှိသည့်အပြင် ဂျပန်နိုင်ငံ၏ ထိပ်တန်းဓားတာအို လေ့ကျင့်သူအများအပြားနှင့် အဆက်အသွယ်ရှိသူဖြစ်ကြောင်း ဆုန်မုဖေးဟွာက ကောင်းစွာသိနေသည်။

ထို့အတွက်ကြောင့် သူမလျှင်ပင် ထိုအမျိုးသားကို မစော်ကားဝံ့ပေ။ မင်ရှီဖုန်းသည် စားပွဲပေါ်မှ တိတ်တဆိတ် ရိုက်ကူးထားသော ဓာတ်ပုံအချို့ကို ကြည့်ပြီးနောက် သူ၏နှုတ်ခမ်းများကို ကွေးညွတ်၍ အေးစက်စွာ ပြုံးလိုက်သည်။

"တရုတ်ပြည်မှာ 'အားကြီးတဲ့နဂါးတောင်မှ ဒေသခံမြွေကို မနှိမ်နင်းနိုင်ဘူး' ဆိုတဲ့ စကားပုံမျိုးရှိတယ်။ ဒီကို ရောက်လာတယ်ဆိုမှတော့ ကျုပ်ကလည်း ကောင်းကောင်းဧည့်ခံရမှာပေါ့"

ဆုန်မုဖေးဟွာက မထိန်းချုပ်နိုင်ဘဲ ပြောလိုက်မိသည်။

“သခင် မင်ရှီဖုန်း၊ ဒီရွှယ်အန်းက ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်ဆိုတော့ သာမန်လူတွေက သူ့အနားကို ချဉ်းကပ်လို့ မရနိုင်လောက်ဘူး"

မင်ရှီဖုန်းက ခေါင်းညိတ်လိုက်သည်။

"ဒါကို ကျုပ် သိပါတယ်၊ ဒါပေမယ့် ကျုပ်ကလည်း ဒီကိစ္စကို အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့တာပါ"

ဤသို့ဖြင့် မင်ရှီဖုန်းက မတ်တပ်ထရပ်၍ ပြတင်းပေါက်ဆီသို့ လျှောက်လှမ်းသွားလေသည်။

"ကြည့်၊ အိုဘွန်းပွဲတော် မကြာခင် ရောက်လာတော့မှာဆိုတော့ မိသားစုတိုင်းက ဘိုးဘေးတွေကို ဂါရဝပြုဖို့အတွက် နတ်ဆိုင်းဘုတ်တွေ လုပ်နေကြပြီ"

ဤကြုံရာကျပန်း ပြောဆိုချက်သည် အခန်းအတွင်းရှိလူတိုင်းကို ပဟေဌိဖြစ်စေခဲ့သည်။

"အိုဘွန်းပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း ဟိုခုရှင်း အိတို ယူး၊ ရှင်းတိုမုနန်း ယူးနဲ့ အိအအိ ဘတိုအသင်းက ကျင့်ကြံသူတွေ အားလုံး ကျင်းတုက ဆန်းဆိုဂျိဘုရားကျောင်းကို ဒီနှစ်လည်း ခြွင်းချက်မရှိဘဲ လာရောက်ဖူးမြော်ကြမှာ" မင်ရှီဖုန်းက ဆက်ပြောလိုက်သည်။ ဆုန်မုဖေးဟွာက တုန်ယင်သွားပြီးနောက် သူမ၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ပြီးတော့ မဟာနေမင်း ဘုရားကျောင်းက ဆခတ ခင်းဂျိ၊ ကျိုဝဘုရားကျောင်းက အဆင့်မြင့်အရာရှိ အိုဟရတွေကိုလည်း ကျုပ် ဒီနှစ် အကုန် ဖိတ်ထားပြီးပြီ"

မနှစ်မြို့ဖွယ် သဘာဝဗီဇမျိုးဖြစ်သည့် စိတ်လှုပ်ရှားမှုများသည် မင်ရှီဖုန်း၏ မျက်နှာအနှံ့တွင် ပျံ့လွင့်လာသည်။

"ဒါ့အပြင်၊ အိုဘွန်းပွဲတော်အတွင်း ဗိုလ်မှူး ဟဲအိုဒို မိသားစုတွေလည်း ဆန်းဆိုဂျိ ဘုရားကျောင်းကို နှစ်စဉ်နှစ်တိုင်း လာရောက်ဂါရဝပြုကြမှာ"

“ဂျပန်နိုင်ငံက ပညာရှင်တွေအားလုံး စုရုံးတဲ့အခါ၊ ဒီရွှယ်အန်းမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း ရှိနေမယ်လို့ ကျုပ်တော့ မယုံဘူး။ အေး၊ တကယ်လို့ ရှိနေရင်တောင် ကျုပ်ကတော့ တစ်ချောင်းပြီး တစ်ချောင်း ဖြတ်ထုတ်ပစ်မယ်"

အခန်းထဲရှိလူများသည် ခေါင်းညိတ် သဘောတူခြင်းဖြင့် ကျေနပ်မှု အမူအရာများကို ပြသလိုက်ကြသည်။

“မစ္စတာ မင်ရှီဖုန်းက နည်းဗျူဟာနဲ့ ပတ်သက်ရင် တကယ့်ကို တုနှိုင်းမဲ့သူပါပဲ”

ဆုန်မုဖေးဟွာသာလျှင် အံ့သြမှုနှင့် သံသယဖြစ်မှုများ ခံစားနေရသဖြင့် သူမ၏ မျက်လုံးများတွင် အလင်းရောင်များ လှုပ်ခတ်သွားလေသည်။

'ဒီအရာတွေက တကယ်ပဲ ဒီလောက်ရိုးရှင်းပါ့မလား'

ထိုအချိန် လူတိုင်းက ဆွေးနွေးနေကြစဉ် အနက်ရောင် ဓားရှည်တစ်လက် ကိုင်ဆောင်ထားသော လူငယ်တစ်ဦးသည် လရောင်အောက်တွင် တိုကျိုမြို့သို့ ဝင်ရောက်လာခဲ့သည်။

"ဒီကိုမရောက်တာတောင် နှစ်တော်တော်ကြာခဲ့ပြီ၊ တိုကျိုက တော်တော်လေး ပြောင်းလဲသွားတာပဲ" ဝတန ခိယိုမိက မီးရောင်စုံများဖြင့် လင်းလက်လျက်ရှိသော မိုးမျှော်တိုက်များကို ကြည့်၍ ပြောလိုက်သည်။

သို့သော် ဤမြို့တော်၏လျှပ်တပြက် လှပမှုများ၏ နောက်ကွယ်တွင် မှောင်မိုက်သောလေထုများနှင့် ယိုစိမ့်နေသည့် ထောင့်နေရာတစ်ခုရှိနေသည်။ ဓားရှည်သည် ဤတည်ရှိမှုကို အာရုံခံလိုက်ရသောကြောင့် မစောင့်ဆိုင်းနိုင်တော့သကဲ့သို့ အနည်းငယ် လှုပ်ခတ်နေသည်။

ဝတန ခိယိုမိက ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့ နတ်ဆိုးသခင် ဒီနှစ်လယ်ပွဲတော်မှာ အရှင် သွေးဝဝ သောက်သုံးရမှာပါ"

"သခင်" တကဲအုချီ ခီရိုခိုသည် အခန်းထဲသို့ ဝင်လာခဲ့၍ ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဘာ သတင်းရထားသေးလဲ"

“မရသေးပါဘူး၊ ဒါပေမယ့် မနက်ဖြန်က နှစ်လယ်ပွဲတော်ဆိုတော့ အစဉ်အလာအရ မိသားစုတိုင်းက ဆန်းဆိုဂျိဘုရားကျောင်းကို ဂါရဝပြုဖို့ သွားကြမှာပါ။ အရင်တုန်းက အဲ့ဒီ့ကို သွားတဲ့လူက ကျွန်မအဖေဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့…”

တကဲအုချီ ခီရိုခို၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာတစ်မျိုး ဖြတ်သန်းလာသည်။ သူမသည် မကြာသေးမီကမှ တကဲအုချီမိသားစုကို လွှဲပြောင်းယူခဲ့သောကြောင့် သူမ၏ အမိန့်အာဏာနှင့် ပတ်သက်၍ ခိုင်မာခြင်း မရှိသေးပေ။ သူမသည် ရွှယ်အန်း၏သြဇာလွှမ်းမိုးမှုကို အသုံးချခြင်းဖြင့်သာ လူတိုင်းထံမှ လေးစားမှုကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်သည် တာအိုမိသားစုများ စုဝေးခြင်းဖြစ်သောကြောင့် သူမ တစ်ယောက်တည်းသွားလျှင် မထင်မှတ်ထားသည့် ကိစ္စများဖြစ်ပွားလာလိမ့်မည်ကို သူမ စိုးရိမ်နေမိသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"မနက်ဖြန် ငါလည်း လိုက်ခဲ့မယ်"

"ကျေးဇူးတင်ပါတယ် သခင်" တကဲအုချီ ခီရိုခိုက ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။

“ဖေဖေ၊ နှစ်လယ်ပွဲတော်က ဘာလဲဟင်။ ပျော်ဖို့ကောင်းလား" ရွှယ်ရှန်းက မေးလိုက်သည်။

ရွှယ်အန်းက မေးခွန်းကို မဖြေခင်မှာပင် တကဲအုချီ ခီရိုခိုက ဖြေနှင့်နေပြီဖြစ်သည်။

"နှစ်လယ်ပွဲတော်ဆိုတာ ကျင်းတုမှာ အရမ်းအရေးပါတဲ့ အားလပ်ရက်မျိုးပါ သခင်မလေး။ အဲ့ဒီ့နေ့မှာ မိသားစုတိုင်းသည် ကွယ်လွန်သွားသူတွေကို ဂါရဝပြုတဲ့အနေနဲ့ ဆုတောင်း အလံတွေ ပြုလုပ်ပြီး၊ ဘုရားကျောင်းကြီးတွေမှာ နတ်တွေကို ဖိတ်ခေါ်တဲ့ အခမ်းအနားပွဲမျိုဒ ပြုလုပ်ကြတယ်လေ။ ကြီးကျယ်ခမ်းနားတဲ့ မီးရှူးမီးပန်းတွေလည်း ပြသမှုမှာဆိုတော့ တော်တော် သက်ဝင်လှုပ်ရှားတဲ့ နေ့မျိုးလေ"

ရွှယ်ရှန်း၏ မျက်လုံးများ တောက်ပလာလေသည်။

"ဖေဖေ၊ သမီးတို့ရော သွားလို့ရလား"

"ဒါပေါ့၊ သွားလို့ရတာပေါ့" ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

အန်းယန်က အနည်းငယ် တုံ့ဆိုင်းနေသည်။

"ယောက်ျား၊ ဟိုလူတွေက ရက်စက်ပြီး ကြမ်းတမ်းလွန်းတယ်၊ ကျွန်မတို့ လိုက်လာလို့ ရှင်ဒုက္ခမများပါဘူး နော်"

"ကိုယ့် လက်ချက်နဲ့ ယဉ်ပါးအောင် မထိန်းနိုင်တဲ့ သားရဲဆိုပြီး မရှိပါဘူး၊ ဘာမှ စိတ်မပူနဲ့" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ပင်ချောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စိတ်ကသိကအောက် ဖြစ်နေခဲ့သည်။

သူမ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့်အပြင် ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းဖြစ်သူ ခဝဒ ခဲအိခို တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။

"ပင်ချောင်၊ ဘာဖြစ်နေတာလဲ။ ဒီရက်ပိုင်း နင် စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ"

ပင်ချောင်က ခေါင်းခါလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ စိတ်ထဲမှာ နည်းနည်း ဗဝင်မကျဖြစ်နေလို့ပါ"

“မနက်ဖြန်ဆိုရင် နှစ်လယ်ပွဲတော်လေ ဆန်းဆိဂျိဘုရားကျောင်းမှာ ဒီနှစ် မီးရှူးမီးပန်းတွေ ပိုပြီးခမ်းနားမယ်လို့ ငါ ကြားတယ်။ ဟိုဟိုသည်သည် လျှောက်ကြည့်ရအောင်လေ၊ ဒါဆိုရင် နင်လည်း နည်းနည်းတော့ စိတ်သက်သာရာရမှာပါ”

ပင်ချောင်က တုံ့ဆိုင်းနေသည့်အခိုက်တွင် ခဝဒ ခဲအိခို က အရှေ့သို့ တိုးလာ၍ သူမ၏ပခုံးကို လှုပ်ယမ်းလိုက်သည်။

“နော်လို့၊ ငါ့အတွက် သွားတာလိုပဲ ဟန်ဆောင်လိုက်ပါ နော်"

ပင်ချောင်က ဟန်ဆောင် ပြုံးလိုက်သည်။

“ကောင်းပါပြီ။ ဒါပေမယ့် နေကာမျက်မှန်တပ်ပြီး မျက်နှာကိုတော့ ကွယ်ထားရမယ်"

ပင်ချောင်သည် ပရိတ်သတ်များ သူမကို သတိပြုမိသွားမှုမျိုး မဖြစ်စေချင်ပေ၊ ထိုသို့ဖြစ်လျှင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

“ရေး၊ ပင်ချောင်က အကောင်းဆုံးပဲ"

ပင်ချောင်က ပြုံးနေသော်လည်း အမျိုးသားတစ်ဦး၏ ပုံပန်းအသွင်အပြင်သည် သူမ၏ မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ ကောင်းကင်ဘုံ နတ်နန်းတော်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ဘုန်းကြီးများ အားလုံး ဆုံးပါးသွားသည့်အကြောင်းကို သူမ နောက်ပိုင်းတွင် သိခဲ့ရသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် နည်းလမ်းများသည် ထိုလျှို့ဝှက်ဆန်းကြယ်သသည့် အမျိုးသား၏ လုပ်ရပ်များ ဖြစ်လေသလော။

'အဲ့လူကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်ပါ့မလား'

အခန်း (၂၁၈) သရဲပွဲတော် မီးပန်းများ

အဆုံးတွင် ကျုံးယွမ်ပွဲတော်သို့ ရောက်လာပြီဖြစ်သည်။ လူတိုင်းသည် အမွှေးတိုင်များ ပူဇော်၍ ဝတ်ပြရန်အတွက် ဆန်းဆိုဂျိဘုရားကျောင်းသို့ မနက်စောစောကတည်းက လာရောက်နေကြသည်။ ထိုအချိန်တွင် ဆန်းဆိုဂျိဘုရားကျောင်း အနောက်ကွယ်ရှိ မြင့်မားသော သစ်သားအဆောက်အအုံတစ်ခု၏ ပြတင်းပေါက်ဘေးတွင် ထူးခြားစွာ ချောမောခန့်ညားသော အမျိုးသားသုံးဦးက စိမ်ပြေနပြေ စကားစမြည် ပြောနေကြသည်။

"ယိုရှိအိုခ တရို၊ ဒီလူတွေ ကပ်လှူနေတဲ့ အမွှေးတိုင်တွေကို နတ်တွေက တကယ် လက်ခံရရှိလိမ့်မယ်လို့ မင်း ယုံလား" လူငယ်တစ်ဦးက ပြုံး၍ မေးလိုက်သည်။

ရှင်းတို မုနန်၏ မျက်မှောက်ခေတ် ဓားသူတော်စင် ယိုရှိအိုခ တရိုက ခေါင်းယမ်းလိုက်သည်။

"ဒီအပြုအမူတွေဆိုတာ လူတစ်ယောက်ရဲ့ ဝမ်းနည်းမှုကို ဖော်ပြရာရောက်တာကလွဲရင် ဘာမှ မဟုတ်ပါဘူး"

မျက်နှာတွင် မိတ်ကပ်များ လိမ်းခြယ်ထားသော အခြားလူတစ်ဦးက လက်ကိုအနောက်သို့ ပစ်၍ ရယ်မောလိုက်သည်။

"ကြည့်ရတာတော၊ အွန်းအိုက နည်းနည်းကြောက်နေပုံပဲ"

အွန်းအိုက စူးစိုက်၍ ကြည့်လိုက်သည်။

"အခိယမ၊ ပေါက်ကရ စကားတွေ ပြောနေတာ ရပ်လိုက်တော့။ ငါက ဘာကိစ္စ ကြောက်ရမှာလဲ"

"အို၊ မကြောက်ရင် ဘာလို့ ဒီလိုထူးဆန်းတဲ့မေးခွန်းတွေ မေးနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အိအအိ ဂျူဂျုစုရဲ့ အမွေဆက်ခံသူပဲလေ"

အွန်းအို ယုဂျိ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီးနောက် မိန်းမဆန်သည်အထိ ဆွဲဆောင်မှုရှိသော အမျိုးသားကို စူးစိုက်ကြည့်လိုက်သည်။ ထိုအမျိုးသားသည် ဟိုခုတို အိုတိုယူးကျောင်း၏ အကြီးအကဲဖြစ်သူ အခိယမ ဟယတိုဖြစ်သည်။ ၎င်းတို့သုံးဦးသည် ဂျပန်နိုင်ငံ ဓားတာအို၏ အထွတ်အထိပ်ကို ကိုယ်စားပြုသူများ ဖြစ်သည်။

“တော်တော့ အခိယမ၊ ဆက်မပြောနဲ့တော့။ ရွှယ်အန်းက တကယ် အင်အားကြီးတဲ့လူ ဖြစ်တာကြောင့် သူ့ကို အနိုင်ယူဖို့က ငါတို့ သုံးယောက်ရဲ့ အင်အားတွေပေါင်းစပ်မှ ဖြစ်လိမ့်မယ်" ယိုရှိအိုခ တရိုက တီးတိုး ပြောလိုက်သည်။

အခိယမ ဟယတိုက နှာခေါင်း ရှုံ့လိုက်သည်။

"သူက အဲ့လောက် အထင်ကြီးဖို့ကောင်းလိမ့်မယ်လို့ ငါ မယုံဘူး"

"သူသာ အထင်ကြီးစရာမဟုတ်ရင် ကျို ရှင်းမြို မိဆု ယူး ထဲက ချန်ရှန်ယိဖျယ်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ" အွန်းအို ယုဂျိက အေးစက်စွာ ပြောလိုက်သည်။

“ဟားဟား၊ ကြီးမြတ်တဲ့ ဂျပန်နိုင်ငံရဲ့ သိုင်းပညာရှင် တစ်ယောက်အနေနဲ့ အရေးကြီးဆုံးက အောင်ပွဲအပေါ် ယုံကြည်မှုရှိဖို့ပဲ။ ချန်ရှန်ယိဖျယ်က အရမ်း ရှေးရိုးဆွဲလွန်းတယ်၊ သူသေရတာ နည်းတောင် နည်းသေးတယ်” အခိယမ ဟယတိုက အေးစက်စွာပြောသည်။

၎င်းတို့သုံးဦး စကားပြောနေစဉ်အတွင်း မင်ရှီဖုန်းက ဆခတ ခင်ဂျိနှင့် အခြားလူများကို ဦးဆောင်၍ လှေကားမှ တက်လာခဲ့သည်။ ဆုန်မုဖေးဟွာ၏အသွင်အပြင်နှင့်အတူ အခန်းအတွင်းရှိ လေထုသည်လည်း သိသိသာသာ ပေါ့ပါးလာခဲ့သည်။

ထို့သို့မြင်သော အခိယမ ဟယတိုက မထိန်းနိုင်ဘဲ လှောင်ရယ်လိုက်သည်။

“အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ရွှယ်အန်းက အင်မော်တယ် တစ်ယောက်ဆိုရင်တောင် ဒီနေရာမှာ ရှိနေတဲ့လူတွေနဲ့ဆိုရင် သူလည်း သေရမှာပဲ။ ဘာများ ကြောက်စရာရှိလို့လဲ"

အွန်းအို ယုဂျိက သူ၏ပါးစပ်ကို အလိုအလျောက် ပိတ်ထားလိုက်လေသည်။ ညနေအချိန် ရောက်ရှိလာသောအခါ၊ ရွှယ်အန်းက အန်းယန်နှင့် အခြားလူများကို ဆန်းဆိုဂျိဘုရားကျောင်းအပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် ဆန်းဆိုဂျိ ဘုရားကျောင်း အပြင်ဘက်ရှိ ပွင့်လင်းမြင်သာသော နေရာသည် လူအများနှင့် စည်ကားနေကာ အထူးတလည် အသက်ဝင်လှုပ်ရှားနေသည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံတွင် မီးရှူးမီးပန်းတစ်စင်း ပေါက်ကွဲသွားလေသည်။ တောက်ပသော မီးရှူးမီးပန်းများက လူတိုင်းထံမှ အာမေဋိတ်သံများကို တိတ်တဆိတ် ရရှိစေသည်။

"ဖေဖေ၊ ဖေဖေ၊ ကြည့်ပါဦး။ မီးရှူးမီးပန်းတွေက အရမ်းလှတာပဲ” ရွှယ်ရှန်းနှင့် ရွှယ်နျန်းတို့က မြူးတူး ရွှင်လန်းနေကြသည်။

ရွှယ်အန်းကပြုံး၍ မော့ကြည့်လိုက်သည်။ မီးရှူးမီးပန်းများ တစ်ခုပြီးတစ်ခု တစ်ဟုန်ထိုး မြင့်တက်လာပြီးနောက် ကောင်းကင်တစ်ဝက်ခန့်ကို လင်းထိန်သွားစေသည်။ ထိုအချိန်တွင် ပင်ချောင်နှင့် ခဝဒ ခဲအိခိုတို့သည်လည်း မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

"အရမ်းလှတာပဲ" ခဝဒ ခဲအိခိုက အော်ပြောပြီးသည်နှင့် သူမ၏မျက်လုံးများကို တည်ငြိမ်စွာ မှိတ်ထား၍ ဝတ်ပြု ဆုတောင်းနေခဲ့သည်။

"ဘာလုပ်နေတာလဲ" ပင်ချောင်က ပြုံး၍ မေးလိုက်သည်။

"ဆုတောင်းတာလေ၊ မကြားဖူးဘူးလား။ ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ပြည့်တယ်တဲ့”

"ဒါပေမယ့် အခု ကောင်းကင်မှာ ရှိနေတာက မီးရှူးမီးပန်းတွေလေ"

"ကိစ္စမရှိပါဘူး၊ သူတို့နှစ်ခုစလုံးက တစ်လက်လက် တောက်ပနေတာဆိုတော့ သိပ်မကွာလောက်ပါတယ်"

ပင်ချောင်က ကူကယ်ရာမဲ့ ခေါင်းခါလိုက်ပြီးနောက် သူမသည်လည်း တုံ့ဆိုင်းစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

'ဟိုအမျိုးသားကို ပြန်တွေ့နိုင်မလား မသိဘူး'

သို့သော်လည်း သူမက ဆုတောင်းပြီးနောက်တွင် သူမ၏ အလွန် ရူးကြောင်ကြောင်နိုင်သော အပြုအမူကို ရယ်မောနေမိသည်။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ပင်ချောင်၏ အပြုအမူများ အေးခဲသွားလေသည်။

ထိုအချိန်တွင်၊ ခဝဒ ခဲအိခိုက ပြောလိုက်သည်။

"ပင်ချောင်၊ အထဲဝင်ရအောင်လေ"

မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့သောကြောင့်၊ ခဝဒ ခဲအိခိုက ခေတ္တရပ်တန့်၍ ပင်ချောင်၏အကြည့်နောက်သို့ ကြည့်ခဲ့သော်လည်း မည့်သည့် ထူးခြားမှုကိုမျှ သူမ မတွေ့ခဲ့ပေ။

"ပင်ချောင်၊ ဘာဖြစ်နေတာလဲ"

ပင်ချောင်က အသက်ပြင်းပြင်းရှူလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ငါ့ကို ခဏစောင့်ဦး"

ဤသို့ဖြင့် ပင်ချောင်က သတ္တိမွေးပြီးနောက် အရှေ့ကို ဆက်လျှောက်သွားလေသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် သမီးနှစ်ယောက်၏ အငြင်းပွားမှုကို နားထောင်နေခဲ့သည်။

“ဒီမီးရှူးမီးပန်းက လှတယ်"

"ဘာမှမဟုတ်ဘူး၊ ဒီတစ်ခုက ပိုလှတာ"

"ဟမ် ငါ နင့်ကို မခေါ်တော့ဘူး"

"မခေါ်နဲ့ပေါ့၊ ငါ့ကို လျစ်လျူရှုလိုက်၊ အစားကြူးတဲ့ အစားပုပ်မလေး" ရွှယ်ရှန်းက ရွှယ်နျန်းကို ရှုံ့မဲ့ကာ ကဲ့ရဲ့လိုက်သည်။

ရွှယ်နျန်၏ မျက်နှာသည် ဒေါသစိတ်ကြောင့် နီရဲသွားသော်လည်း တုံ့ပြန်ရန် မည်သည့်စကားမျှ မစဉ်းစားနိုင်ပေ။ အဆုံးတွင် သူမ၏မျက်လုံးများအနက် နာကျင်မှုများနှင့်အတူ မျက်ရည်များ စီးကျရန် အသင့်ဖြစ်နေသော သူမက အန်းယန်၏ ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်သည်။

"မေမေ၊ မမက သမီးကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ"

အန်းယန်သည် မရယ်မိစေရန် ထိန်းချုပ်ပြီးနောက် ရွှယ်ရှန်းကို ဟန်ဆောင် ကြိမ်းမောင်းလိုက်သည်။

"ရှန်းရှန်း၊ ဘယ်လုပ်ပြီး အဲ့လိုပြောရတာလဲ"

မိခင်ဖြစ်သူက သူမ ဘက်မှ ကူပြောနေသည်ကို တွေ့သော ရွှယ်နျန်းက ရွှယ်ရှန်း အဆူခံရသည်ကို အားရနေသည့်ဟန်ဖြင့် မျက်စပစ်ပြလိုက်သည်။ သို့သော် ထိုအချိန်တွင် အန်းယန်းက ဆက်ပြောလိုက်သည်။

“ညီမလေးက အစားပုပ်တယ်ဆိုရင်တောင် အဲ့လို အသံထွက်ပြီး မပြောရဘူးလေ”

ထိုသို့ကြားသောအခါ ရွှယ်နျန်း၏ မျက်ရည်များက အတားအဆီးမရှိ စီးကျလာလေသည်။ ရွှယ်အန်းက ဤဖြစ်စဉ်များကို ကြည်နူးမှုအပြည့်ဖြင့် ကြည့်နေချိန်တွင် အနောက်မှ မဝံ့မရဲအသံတစ်ခု ထွက်ပေါ်လာသည်။

“စိတ်မရှိပါနဲ့…”

ရွှယ်အန်းက လှည့်ကြည့်လိုက်သောအခါ ယွင်ချူးတောင်တွင် တွေ့ခဲ့ဖူးသော ရုပ်ရှင်မင်းသမီးကို မြင်လိုက်ရသောကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ပြုံးပြလိုက်သည်။

"တိုက်ဆိုင်လိုက်တာ"

ပင်ချောင်၏ နှလုံးခုန်သံများ စတင်မြန်ဆန်လာ၍ သူမက ထစ်ငေါ့စွာ ပြောလိုက်သည်။

"အမ်... မီးရှူးမီးပန်းတွေ ကြည့်ဖို့ ဒီကို လာခဲ့တာလေ၊ ရှင့်ကို တွေ့လိုက်တာနဲ့ လာနှုတ်ဆက်တာ"

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ပင်ချောင်က နောက်ထပ် တစ်ခုခု ပြောချင်သော်လည်း သူမ၏ စကားများက ရုတ်တရက် ပျောက်ကွယ်သွားပုံပေါ်သည်။ စက္ကန့်အနည်းငယ်အကြာတွင် အန်းယန်က ချိုသာစွာ ပြောလိုက်သည်။

“ဟန်နီ၊ အထဲကို ဝင်ကြရအောင်။ ခီရိုခိုတောင် အထဲဝင်နေပြီ"

“ကောင်းပြီ"

ရွှယ်အန်းက ထွက်ခွာသွားလေသည်။ ပင်ချောင်သည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်တန့်၍ ဆွံ့အနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ခဝဒ ခဲအိခိုက သူမဆီသို့ လှမ်းလာသည်။

“ပင်ချောင်၊ ဒီလောက် အာရုံပျက်နေတာ မဆန်းပါဘူးလေ။ နင်က လူချောလေးအပေါ် မျက်စိကျနေတာကို"

ပင်ချောင်က မချိပြုံး ပြုံးလိုက်သည်။

"ပေါက်ကရ မပြောနဲ့၊ ခဲအိခိုသူက အိမ်ထောင်သည်"

ခဝဒ ခဲအိခိုက လျှာထုတ်ပြလိုက်သည်။

"ငါလည်း မြင်လိုက်ပါတယ်၊ သူ့မိန်းမရဲ့ အမူအရာတွေက ကြော့ရှင်းလိုက်တာနော်။ ဟေ့ အဲဒီလူရဲ့ နာမည်က ဘယ်လိုခေါ်လဲ။ ချမ်းသာတဲ့ မိသားစုတစ်ခု အမျိုးကောင်းသားတစ်ယောက်လား"

ပင်ချောင်၏ မျက်နှာအမူအရာ ဖြူဖျော့လာပြီးနောက် သူမက ခေါင်းခါလိုက်သည်။

"ငါ... ငါ သူ့နာမည်ကို မသိဘူး"

"ဘယ်လို" ခဝဒ ခဲအိခိုက သူမ နားကြားမှားနေသည်ဟုပင် ထင်မှတ်နေသည်။

"သူ့နာမည်ကိုတောင် မသိဘူးလား"

"အဲ့နေ့က ငါ သူနဲ့ ဆုံခဲ့ရုံပါ" ပင်ချောင်က တီးတိုး ပြောလိုက်သည်။

ထိုအချိန်တွင် ရွှယ်အန်းက သူ၏မိသားစုကို ဆန်းဆိုဂျိဘုရားကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အနှစ်တစ်ထောင်ကြာမျှ တည်ရှိနေသော ရှေးဟောင်းဘုရားကျောင်းကြီးသည် အတွင်းတွင် လူသူထူထပ်ခြင်း မရှိလှပေ။

ခန်းမအပြင်ဘက်တွင် အနက်ရောင် ၀တ်စုံနှင့် အမျိုးသား အများအပြား မတ်တပ်ရပ်နေခြင်းသည် ဖြတ်သွားဖြတ်လာသူတိုင်းကို ခြေလျင်တင်ခြင်းဖြင့် ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာနိုင်ရန်အတွက် စိတ်အားထက်သန်စေခဲ့သည်။ ရွှယ်အန်းသည် လှေခါးထစ်များဆီ တက်လှမ်းလိုက်သည်။

“ရပ်လိုက်၊ ဘုရားကျောင်းက ဒီနေ့ ပိတ်သွားပါပြီ။ ကျေးဇူးပြုပြီး တခြားနေရာကို သွားပေးပါ ဧည့်သည်တို့” လူတစ်ယောက်သည် ရွယ်အန်း၏လမ်းကို တားဆီး၍ အေးစက်စွာ ပြောလိုက်သည်။

“ဘေးဖယ်” ရွှယ်အန်းက လျစ်လျူရှု၍ ပြောလိုက်သည်။

ထိုလူက မျက်ခုံးများကို အနည်းငယ် ပင့်ထားလိုက်သည်။

"ကျုပ် ထပ်ပြောမယ်၊ ဒီနေရာက ဒီနေ့ အပြင်လူတွေအတွက် မဖွင့်ထားဘူး" ရွှယ်အန်းက ထိုအမျိုးသားကို ကြည့်လိုက်သည်။

မမြင်နိုင်သည့် ဖိအားတစ်ခုသည် ပတ်ဝန်းကျင်ရှိ လူအများကို ဖြူဖျော့သွားစေသည်။ ထိုလူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် အဝင်ဝနေရာ၌ ရပ်နေသည့် ခပ်ဝဝ အမျိုးသားတစ်ဦးက ပြောလိုက်သည်။

"နောက်ဆုတ်"

လူတိုင်းက လမ်းဖယ်ပေးလိုက်သည်နှင့် ထိုအမျိုးသားက ရွှယ်အန်းကို လှောင်ရယ်လိုက်သည်။

"ခင်ဗျားက တရုတ်ပြည်က မစ္စတာရွှယ် ဖြစ်မယ်ထင်တယ်"

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က အိနိုအုအဲမိသားစုရဲ့ မိသားစုအကြီးအကဲ အိနိုအုအဲ ရှင်းအိပါ။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"

မျက်လုံးများတွင် ဒေါသများ ပလုံစီနေသော ထိုလူက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ သို့သော် ရွှယ်အန်းက ပြုံးရုံသာ ပြုံးပြ၍ အန်းယန်နှင့်အတူ ခန်းမထဲသို့ ၀င်သွားခဲ့သည်။

အခန်း (၂၁၉) နတ်ဆိုးပေါင်းတစ်ရာ၏ ညပွဲတော် လှည့်လည်ခြင်း

ဝတန ခိယိုရှိသည် ဆန်းဆိုဂျီဘုရားကျောင်းရှေ့တွင် စည်ကားနေသော လူစုလူဝေးနှင့် မလှမ်းမကမ်းရှိ အထပ်မြင့် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်နေခဲ့သည်။

"ဘယ်လောက်တောင် စွဲလန်းစရာကောင်းတဲ့ မွှေးရနံ့လဲလို့၊ ဒါ့အပြင် သိုင်းပညာရှင်တွေရဲ့ ပြင်းထန်တဲ့ သွေးချီတွေကိုလည်း ခံစားမိနေတယ်။ နတ်ဆိုး နတ်ဘုရား၊ ဒီတစ်ခါတော့ အရှင့်ရဲ့မူလအခြေအနေအထိ ပြန်ကောင်းနိုင်လောတယ်"

ဝတန ခိယိုရှိသည် စကားပြောနေစဉ် သူ၏ဓားရှည်ကို နောက်ကျောမှ ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။ သူ့မျက်လုံးများတွင် တစ္ဆေမီးတောက်နှစ်ခု ရုတ်တရက် ပေါ်လာ၍ ပေါ့ပါးသော အော်သံနှင့်အတူ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ ညအမှောင်ထက် ပိုမိုမှောင်မိုက်၍ မှိန်ဖျော့နေသော မီးတောက်သည် လေထဲတွင် လွင့်ပျံနေသည်။ ကောင်းကင်ယံရှိ လမင်းသည် အောက်ဘက်တွင် ဖြစ်ပေါ်တော့မည့် မြင်ကွင်းကို ကြည့်ရှုနိုင်သည့် ခွန်အားမရှိသကဲ့သို့ တိမ်တိုက်များဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းနေသည်။

"ယာခိ... ယာဂယို" ဝတန ခိယိုရှိက ဤစကားလေးခွန်းကို ရေရွတ်ပြီးချိန်၌ သူ၏အမူအရာ အလွန်ဆွေးမြေ့၍ ယိမ်းယိုင်လာကာ အဆောက်အဦးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

သို့သော် သူ၏အသံ ကျသွားသည်နှင့် အနက်ရောင် နတ်ဆိုးမီးလျှံများထဲမှ အရိပ်များ လွင့်ပျံလာသည်။ မျက်နှာမဲ့ တစ္ဆေအမျိုးသမီး၊ ယာခိ ယာဂယို ရှန်ကော ယုကုရှန်း ရှိရာနို...စသည့် ဂျပန်နိုင်ငံ၏ဒဏ္ဍာရီများမှ နတ်ဆိုးအမျိုးမျိုးနှင့် သရဲတစ္ဆေသတ္တဝါများစွာ ထွက်ပေါ်လာသည်။ ပြီးနောက် ၎င်းတို့အားလုံးက အောက်ခြေရှိ လူအုပ်ဆီသို့ ဦးတည်သွားနေကြသည်။

နတ်ဆိုး စွမ်းအင်များသည် ကောင်းကင်ယံဆီသို့ ပျံတက်သွားလေ၏။ ဆန်းဆိုဂျိဘုရားကျောင်းအတွင်းရှိ လေထုအခြေအနေသည်လည်း အလွန် ပြင်းထန်နေသည်။ အထက်တန်းလွှာ မိသားစုဝင် အများအပြားနှင့် အထင်ကရ ငွေကြေးလုပ်ငန်းစုကြီးများ၏ ကိုယ်စားလှယ်များအားလုံးသည် မင်ရှီဖုန်း၏နောက်တွင် မတ်တပ်ရပ်နေကြ၍ ရွှယ်အန်းက အခြားတစ်ဖက်တွင် ထိုင်နေသည်။

“မစ္စတာရွှယ်၊ ကျွန်တော် အရမ်းသိချင်မိတာ ရှိတယ်၊ ခင်ဗျား ပြောခဲ့တဲ့ ဂျပန်နိုင်ငံမှာ ရှာနေတယ်ဆိုတဲ့အရာက ဘာများလဲ" မင်ရှီဖုန်းက ဘာသိဘာသာ ပြောလိုက်သည်။

အခြားတစ်ဖက်၏ ခိုင်မာသော တည်ရှိမှုနှင့်မတူသည်က ရွှယ်အန်း၏ အနောက်တွင် လူအနည်းငယ်သာရှိနေသည်။ ထိုသို့ဆိုလျှင်ပင် ရွှယ်အန်း၏ မျက်နှာက ပုံမှန်အချိန်ကဲ့သို့ ငြိမ်သက်နေသည်။

"သိချင်လို့လား" ရွှယ်အန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"ဟုတ်တယ်"

“ဒါပေမယ့် သိရခြင်းရဲ့ အဖိုးအခအတွက် မင်းရဲ့အသက်ကို ပြန်ပေးရမယ်။ မင်း ကြားချင်သေးလား"

မင်ရှီဖုန်း၏ မျက်နှာအမူအရာ အကျည်းတန်သွား၍ နောက်ဆုံးတွင် သူက အေးစက်စွာ ပြောလိုက်သည်။

"မစ္စတာရွှယ်၊ ခင်ဗျားက ဟွာနိုင်ငံက သိုင်းပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ကျုပ်ဘက်က လေးစားပါတယ်၊ ဒါပေမယ့် တိုကျိုမြို့က မှောင်ခိုလောကရဲ့ စည်းမျဉ်းတွေကို မနှောင့်ယှက်သင့်ဘူး"

"စည်းမျဉ်းတွေ" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကျုပ်အတွက်တော့ ကျုပ် စကားက စည်းမျဉ်းပဲ"

မောက်မာလွန်းလှသော ဤစကားသည် လူအများ၏ မျက်နှာအမူအရာကို တစ်ခဲနက် ပြောင်းလဲစေသည်။ လူများစွာသည် ဒေါသထွက်စွာဖြင့် ရှုံ့ချနေကြသည်။ အထူးသဖြင့် အိနိုအုအဲ ရှင်းအိသည် ရွှယ်အန်းကို ယခုအခိုက်အတန့်တွင် ဝါးမျိုချင်သကဲ့သို့ ဆန္ဒရှိနေသည်။ အဆုံးတွင်၊ သူ၏သားဖြစ်သူသည် ရွှယ်အန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

မင်ရှီဖုန်းသည် အန်းယန်နှင့် သူ၏အနောက်မှ အခြားသူများဆီသို့ ရုတ်တရက် ကြည့်လိုက်စဉ် သူ၏ မျက်နှာအမူအရာ မည်းမှောင်သွား၍ အမူမထားဘဲ ပြောလိုက်သည်။

"မစ္စတာရွှယ်၊ မိသားစုကိုပါ အတူ ခေါ်လာတယ်ဆိုတော့ သူတို့တွေပါ ဝင်ပတ်သက်ရမှာကို မကြောက်ဘူးလား။ တိုကျိုမြို့ကနေ ခင်ဗျား ထွက်သွားရင် ကျုပ်တို့ဘက်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီးတော့ ခင်ဗျားကိုလည်း ခက်ခဲအောင် မလုပ်ပါဘူး"

ရွှယ်အန်းက ပြုံး၍ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“ခင်ဗျားက နားမလည်သေးဘူးပဲ။ ကျုပ်က အဲ့ဒါကို ရအောင်ယူမှဖြစ်မှာ၊ ကျုပ်ကို တားတဲ့လူမှန်သမျှကိုတော့ သတ်ပစ်မှရမယ်"

မင်ရှီဖုန်းသည် အဆုံးတွင် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွား၍ ဒေါသတကြီး အော်လိုက်သည်။

“တိုက်ခိုက်ကြ"

အမိန့်ပေးသံ ကျရောက်လာသည်နှင့် မျက်နှာကျက်တစ်ခုလုံး ရုတ်တရက် ကွဲအက်သွား၍ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ယောက် ရွှယ်အန်းဆီသို့ တိုက်ရိုက် ချီတက်လာသည်။ ပြီးနောက် ကြမ်းပြင်များအောက်မှ အခြားလူတစ်ယောက် ထပ်မံ ထွက်ပေါ်လာ၍ ရွှယ်အန်းကို ချိန်ရွယ်ရည်ရွယ်လိုက်လေသည်။

အပြင်ဘက် ပြတင်းပေါက်တွင်လည်း ထိုနည်း၎င်းအတူ ဖြစ်နေသည်။ လူသုံးဦး ဓားသုံးချောင်းနှင့် ၎င်းတို့၏အရှိန်အဟုန်သည် အလွန် ထိတ်လန့်တုန်လှုပ်စေရာ၊ အခန်းအတွင်းရှိ လူတိုင်းသည် ၎င်းတို့၏မျက်နှာကို ပြည့်လျှံနေသော ဓားချီများဖြင့် ပြင်းထန်စွာ လှီးဖြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ထိုဖြစ်စဉ်က အဆုံးသတ် မဟုတ်ပေ။

ဆခတ ခင်းဂျိသည်လည်း ရုတ်တရက် အော်ဟစ်လိုက်သည်။

"ကြီးမြတ်သောဘုရားရှင်၏ စည်းချိပ်"

ဆခတ ခင်းဂျိထံမှ ဖြောင့်မတ်၍ သန့်စင်သည့် အရောင်အဝါများ ထွက်ပေါ်လာကာ ရွှယ်အန်းဆီသို့ ထိပ်တိုက် ဦးတည်နေသည်။ ဒိုင်းဟရ တခရှိသည် သူ၏လက်ကို လှည့်ဖြားစွာ မြှောက်လိုက်ရာ၊ အလွန် အဆိပ်ပြင်းသော မြှားငယ်များစွာက ရွှယ်အန်းဆီသို့ ပျံသန်းသွားလေ၏။

ဤသည်မှာ သေလုနီးပါးဖြစ်စဉ်မျိုးသာဖြစ်သည်။ မင်ရှီဖုန်း၏ နှုတ်ခမ်းထောင့်တွင် ဘဝင်ခိုက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ဤသို့သော လုပ်ကြံသတ်ဖြတ်မှုမျိုးကို အင်မော်တယ်တစ်ဦးလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဤရွှယ်အန်းသည် ယုံကြည်မှု လွန်ကဲနေသေးပုံပေါ်သည်။

ထိုလူများအနက် ဆုန်မုဖေးဟွာတစ်ဦးတည်းကသာ မျက်နှာဖြူဖျော့နေ၍ အနောက်သို့ ဖြည်းညှင်းစွာ ပြန်ဆုတ်သွားလေသည်။ မည်သည့်အရာကမှ ထင်ထားသလောက် မရိုးရှင်းလှသည်ကို သူမသာလျှင် နားလည်သောကြောင့် ဖြစ်သည်။ အမှန်တကယ်ပင် တောင်တစ်ခုကဲ့သို့ မလှုပ်မယှက်ဖြစ်နေသော ရွှယ်အန်းသည် သူ၏ ကြယ်များကဲ့သို့ လင်းလက် တောက်ပနေသည့် မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

"ကောင်းပြီလေ၊ ခင်ဗျားက ကိုယ့်ကိုယ်ကို ဖော်ပြလိုက်ပြီပေါ့လေ"

မင်ရှီဖုန်းက ရွှယ်အန်း၏ စကားများကို နားမလည်သောကြောင့် အံ့အားသင့်သွားလေသည်။ ရွှယ်အန်းသည် သူ၏လက်ကို ဝှေ့ယမ်းခြင်းဖြင့် မျက်နှာတွင် ဘဝင်ခိုက် အပြုံးတစ်ခု ရှိနေသည့် အခိယမ ဟယတို၏ဓားကို ချေဖျက်လိုက်ပြီးနောက် သူ၏လက်ကို တောက်ထုတ်လိုက်သည်။ ဟိုခတို အိချိယူရှိ ဓားသူတော်စင်၏ ဦးခေါင်း ကွဲကြေသွားလေသည်။

ပြီးနောက် ရွှယ်အန်းသည် သူ့အရှေ့ရှိ စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။ စားပွဲသည် မိုးခြိမ်းသံကဲ့သို့ အသံနှင့်အတူ ကွဲထွက်သွားကာ ၎င်း၏ အစိတ်အပိုင်းများက ပြင်းထန်မှုအရှိဆုံး လက်နက်များအဖြစ်သို့ ပြောင်းလဲလျက် သူ့ထံ ချီတက်လာသူတိုင်းကို ဆန်ခါပေါက်များအဖြစ်သို့ ထိုးဖောက်သွားစေသည်။ သို့သော်လည်း ၎င်းက မပြီးဆုံးသေးပေ။ ရွှယ်အန်းက သူ၏ခြေထောက်ကို ရုတ်တရက် စောင့်နင်းလိုက်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။

"အကြွင်းမဲ့ အာဏာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အကြံအစည် လှည့်ကွက်တွေအားလုံးက အချည်းနှီးတွေပဲလို့ ဆိုရိုးစကားမျိုး ရှိဖူးတယ်။ ဒီတော့ ခင်ဗျားတို့အားလုံး သေလိုက်ကြတော့"

ရွှယ်အန်းက စကားပြောပြီးသည်နှင့် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်သီးချက်သည် ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခတ်စေခဲ့၏။ နတ်ဘုရားသုတ်သင်ခြင်းခြောက်သွယ်၏ ပထမသိုင်းကွက်သည် တစ်ဖန် ပြန်လည် အသက်ဝင်လာသည်။

ဘုံး

အရန်ခန်းမတစ်ခုလုံး လွင့်စင်သွား၍ မင်ရှီဖုန်းသည်လည်း အလွန်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“မဖြစ်ဘူး…”

ပြီးနောက် မင်ရှီဖုန်းသည် ဖုန်မှုန့်များအဖြစ် တိုက်ရိုက် ပျက်စီးသွားလေသည်။ ဤလက်သီးချက်၏ ကြောက်မက်ဖွယ် အစွမ်းသည် ဆန်းဆိုဂျိဘုရားကျောင်း၏ တစ်ဝက်ခန့်ကို ပြားသွားစေသည်။

ရွှယ်အန်းကို သေလူအဖြစ် အသေအချာတွက်ချက်ခဲ့ကြသော လူများသည်လည်း ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားသည်။ အလျင်အမြန် ပုန်းအောင်းနိုင်ခဲ့သော ဆုန်မုဖေးဟွာသာလျှင် သူမ၏အသက်ကို ကံကောင်းစွာ ကယ်တင်နိုင်ခဲ့၍ ယခုအချိန်၌ ထောင့်တစ်နေရာတွင် ဝပ်ပြားကာ အဆက်မပြတ် တုန်လှုပ်နေသည်။

မည်သို့ဆိုသော် လမင်းသည် ကောင်းကင်မှ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။ စည်ကားနေသော မြို့သည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်နေ၍ ကြားနေရသည့် တစ်ခုတည်းသော အသံသည် ကြောက်မက်ဖွယ် နတ်ဆိုးများ၏ အော်သံများသာဖြစ်သည်။

"နတ်… နတ်ဆိုးပေါင်းတစ်ရာရဲ့ ညပွဲတော်"

သူမသည် ဂျပန်၏နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံ၏ဒဏ္ဍာရီများနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သို့သော် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤမြင်ကွင်းမျိုးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။ ဆန်းဆိုဂျိဘုရားကျောင်း၏ အပြင်ဘက်တွင် ပွဲတော်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသော လူအုပ်ကြီး၏ ထိခိုက်သေဆုံးမှုများသည် ယခုအခိုက်အတန့် ပို၍ပင် ဆိုးရွားဖွယ်ကောင်းလှသည်။

မရေတွက်နိုင်သော လူပေါင်းများစွာသည် နတ်ဆိုး နတ်ဘုရားများနှင့် မွန်းစတားများအတွက် အစာများ ဖြစ်လာကြသည်။ ပင်ချောင်နှင့် ခဝဒ ခဲအိခိုတို့က ထိုအချိန် ထောင့်တစ်နေရာတွင် ထိတ်လန့်တကြား ပုန်းအောင်းနေကြသည်။

၎င်းတို့နှင့် မနီးမဝေး၌ လေးနှစ် ငါးနှစ် အရွယ်ခန့်ရှိသည် ကလေးငယ်တစ်ဦးရှိနေသည်။ ၎င်းသည် ဂျပန်နိုင်ငံ၏ဒဏ္ဍာရီအတွင်းရှိ ဒဏ္ဍာရီလာသတ္တဝါဖြစ်သည့် တောင် မှင်စာတစ်ကောင်ဖြစ်သည်။ ၎င်းတောင် မှင်စာ၏ ပါးစပ်သည် သွေးများဖြင့် ပေကျံနေ၍ ၎င်း၏သားကောင်အသစ်များကို နေရာတိုင်းတွင် ရှာဖွေနေခဲ့သည်။

ပင်ချောင်နှင့် ခဝဒ ခဲအိခိုတို့သည် ပုစဉ်းရင်ကွဲများကဲ့သို့ပင် ထောင့်နေရာတွင် ပုန်းအောင်းနေ၍ အသက်ပင် ပြင်းပြင်း မရှုထုတ်ဝံ့ကြပေ။ ရုတ်တရက်ဆိုသကဲ့သို့ပငသကဲ့သို့ပင် တောင် မှင်စာက တစ်ခုခုကို ရှာတွေ့လိုက်ပုံဖြင့် ၎င်းတို့နှစ်ဦးဆီသို့ ဦးတည် ချီတက်လိုက်သည်။ ခဝဒ ခဲအိခိုက ကြောက်လန့်တကြား ထအော်လိုက်၍ ပင်ချောင်သည် စိတ်ပျက်အားလျော်စွာဖြင့် သူမ၏မျက်လုံးများကို မှိတ်ထားသည်။

'ငါတော့ အခု သေပြီပဲ'

ထိုအချိန်တွင် လေထုထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"ကမ္ဘာပေါ်ကို နတ်ဆိုးတွေ လွှတ်ပေးလိုက်တယ်ဆိုတော့၊ ဒီကမ္ဘာမှာ တကယ် နှိမ့်နင်းနိုင်တဲ့လူ မရှိဘူးလို့ ထင်နေတာလား"

'အဲဒီအသံက… အရမ်းရင်းနှီးနေတယ်'

ပင်ချောင်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်၌ ဘဝတစ်လျောက်လုံး အမှတ်ရနေမည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ရွှယ်အန်းသည် ကောင်းကင်ဘုံ ကိုးခုမှ ဆင်းသက်လာသည့် အင်မော်တယ်တစ်ပါးကဲ့သို့ အမူအရာ တင်းမာစွာဖြင့် လေထုထဲတွင် ရပ်တန့်နေလေ၏။

အဝေးတစ်နေရာမှ ဝတန ခိယိုရှိသည် ယခုအချိန်တွင် လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်းဖြစ်နေသည်။

ထိုအချိန်တွင်၊ ဝတန ခိယိုရှိက မနှစ်မြို့ဖွယ် ရယ်သံဖြင့် ရယ်မောလိုက်သည်။

"ဟွာနိုင်ငံက သိုင်းပညာရှင်တစ်ယောက်ပါလား။ ဟား ဟား... မင်း နောက်ကျသွားပြီ။ ယခု၊ နတ်ဆိုးသခင်က သွေးတွေ အလုံအလောက်စုပ်ယူပြီး ကမ္ဘာကို အုပ်စိုးတော့မယ်။ မင်းတို့အားလုံးသေကို သေရမယ်"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကျုပ်လည်း... ခင်ဗျား ပြောတဲ့ နတ်ဆိုးသခင်ကို လိုက်ရှာနေတာ"

ရွှယ်အန်းက ထိုသို့ပြောပြီးသည်နှင့် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် သွေးရောင် ကြာပန်းများ ပွင့်လန်းသွားလေသည်။ ပြီးနောက် တောက်ပနေသော ကောင်းကင်ဘုံ လောင်ကျွမ်းခြင်း ကုသိုလ်မီးလျှံအဖြစ်သို့ ပြောင်းလဲသွား၍ သူ၏ခြေရင်းရှိ ၎င်းအတွင်း၌ နတ်ဆိုးများနှင့် မွန်းစတားများကို လွှမ်းခြုံထားလိုက်သည်။

နတ်ဆိုးများနှင့် သရဲတစ္ဆေများသည် ဆိုးရွားစွာ အော်ဟစ်ပြီးနောက် ရုန်းကန်နိုင်မရှိဘဲ ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်၌ တစ်စုံတစ်ဦးကို ဦးညွှတ်ရှိခိုးလိုစိတ်များ ဖြစ်စေသည့် ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သေမျိုးတွေ၊ ငါဆိုတဲ့ ရှန်ကောရောက်လာပြီ"

All Chapters