ဝင်ခွင့်တပည့်၊ တစ်ရာ့ကိုးခုမြောက်မျိုးနွယ် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်
Vol. 24 Ch. 355
ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ကျဆင်းလာတော့ ချီမင်သည် ကမ္ဘာဦးကောင်းကင်အရှင်၏ဖိအား ကို အနီးကပ်ခံစားလိုက်ရသည်။ ကောင်းကင်တာအိုကျဆင်းလာသည့်အတိုင်းပင်။ အတော်လေးစွမ်းအားကြီး၍ လေးစားသွားရသည်။
ကမ္ဘာဦးကောင်းကင်အရှင်က အင်မော်တယ်နယ်ပယ်ထက်ကျော်လွန်ပြီး တာအိုခြောက်ပါးကောင်းကင်အရှင်နှင့်ယှဉ်နိုင်သည့် သူဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နှင့်ယှဉ်ပြိုင်ရဲခြင်းဖြစ်သည်။
ချီမင်၏ရှေ့မှ မြင်ကွင်းက မှုန်ဝါးနေခဲ့သည်။ သူက ဆန်းကြယ်သည့် သီးခြားကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားခဲ့၏။
သူ့ရှေ့မှ တာအိုကြာပန်းပေါ်တွင် စွမ်းအားကြီးပုံရိပ်တစ်ခုက တင်ပျဉ်ခွေချိတ်ထိုင်နေသည်။ သူ့အနားတွင် တာအိုဥပဒေသများပေါင်းစပ်နေ၍ မှုန်ဝါးနေခဲ့သောကြောင့် ထိုသူကို ရှင်းလင်းစွာဖြင့် မမြင်ရပေ။
"တာအိုကျင့်ကြံသူချီမင်။ ငါက ကမ္ဘာဦးကောင်းကင်အရှင်ပဲ။"
ချီမင်က သူ့ရှေ့မှလာသော ထည်ဝါသည့်အသံကို ကြားလိုက်ရသည်။"မင်းနဲ့ငါက ဆရာတပည့်ဖြစ်ဖို့ ကံပါလာခဲ့တယ်။ ဒီနေ ငါမင်းကို ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးကို ပေးမယ်။ ငါ မင်းရဲ့တာအိုလမ်းကြောင်းကို ကာကွယ်ပေးမယ်။ မင်းကို ငါ့ရဲ့ဝင်ခွင့်တပည့်အနေနဲ့ ခေါ်ထားမယ်။"
"ဒီခေတ်ကာလကပ်ဘေးဒုက္ခပြီးရင် ကုသိုလ်ကပြည့်ဝသွားလိမ့်မယ်။မင်း ကမ္ဘာဦးကောင်းကင်ကိုဝင်နိုင်ပြီး ငါ့ရဲ့အတွင်းတပည့်တစ်ဦး ဖြစ်လာလိမ့်မယ်။"
ချီမင်၏ရှေ့မှ ပုံရိပ်က အလင်းစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲကာ ချီမင်၏ခန္ဓာကိုယ်ထဲသို့ မျက်ခုံးမှစတင်ကာ ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားတော့၏။
ချီမင်၏စိတ်ထဲသို့ အချက်အလက်များ ပေါ်လာသည်။
တစ်ချိန်တည်းမှာ ချီမင်၏မျက်လုံးများ ပွင့်လာသည်။
သူ့မျက်လုံးထဲတွင် နားလည်မှုများ ပေါ်လာသည်။
ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်က သိပ်သည်းသွားပြီး ရုပ်ဝတ္တုအဖြစ်ပြောင်းလဲသွားသည်။ ယင်းက ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးဖြစ်သွားသည်။ ထီးသည်ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးပေ။ ဖန်သားကဲ့သို့ အရောင်ဖြစ်ကာ နက်နဲမှုများ ပါဝင်နေသည်။
ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးက ချီမင်၏လက်ထဲသို့ကျရောက်လာသည်။
"ဒါက..."
မျိုးနွယ်သခင်(၁၀၈)ပါးက အသက်ပြင်းပြင်းရှုလိုက်မိ၏။ သူတို့တွေက အခြေအနေကိုမြင်ပြီးနောက်မှာ ထိတ်လန့်တကြားဖြစ်သွားကြသည်။ပြီးမှသာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွား၏။
သူတို့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုရောက်လာပြီးနောက်မှာ ကျင့်ကြံခြင်းအဆင့်များကို တိုးတက်အောင်လုပ်ရင်း မျိုးနွယ်သခင်အဆင့်သို့ တစ်ဆင့်ချင်းစီတက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူတို့က ကမ္ဘာဦးကောင်းကင်အရှင်၏မျက်လုံးထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း သူတို့က ရွှေကြာပန်း၊ရွှေမီးအိမ်၊ကျောက်စိမ်းပုလဲနှင့် ပုတီးစေ့လေးများသာရရှိခဲ့ သည်။ ဆိုလိုချင်တာသည် သူတို့က ကမ္ဘာဦးကောင်းကင်အရှင်၏အသိမှတ်ပြုမှုကို မရရှိခဲ့ပေ။သူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အမည်ခံတပည့်များသာဖြစ်လာကြသည်။
ချီမင်ကတော့ မတူညီပေ။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏အစစ်အမှန်အသိပြုမှုကို ရလိုက်ခြင်းဖြစ်သည်။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်များစုဝေးလာပြီး ထီးတစ်လက်အဖြစ်ပြောင်းလဲသွားခဲ့သည်။
သူက ကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်သွားခဲ့သည်။
သိသာစွာဖြင့် ၎င်းအဆင့်အတန်းက သဘာဝအတိုင်း အမည်ခံတပည့်များထက် ပို၍မြင့်မားပေသည်။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏အံ့ဖွယ်စွမ်းအားများကို အမွေဆက်ခံနိုင်ပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင် သူ့အဆင့်အတန်းကမြင့်တက်သွားတော့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးတွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်တစ်ဦးသာ ကမ္ဘာဦးကောင်းကင်အရှင်နှင့်တွေ့ပြီးနောက်မှာ အသိအမှတ်ပြုခံရပြီး ဝင်ခွင့်တပည့်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
"ဂုဏ်ပြုပါတယ် စီနီယာချီ"
"ဂုဏ်ပြုပါတယ် စီနီယာအစ်ကိုချီ။ အစ်ကိုချီက ကောင်းကင်အရှင်ရဲ့မျက်နှာသာပေးမှုကို ရသွားပြီ။ ကောင်းကင်က စီနီယာရဲ့တပည့်ဖြစ်ခြင်းကို ဂုဏ်ပြုနေပါတယ်။"
"ဂုဏ်ပြုပါတယ်။"
ပတ်ဝန်းကျင်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၊ရုပ်သေးမျိုးနွယ်သခင်နှင့်ကျန်သော မျိုးနွယ်သခင်(၁၀၆)ပါးက ချီမင်ကို အရိုအသေပြုလိုက်သည်။ သူတို့အသံများက လေးစားမှုများ ပြည့်နှက်နေခဲ့သည်။ သူတို့က ချီမင်ထက်အရင်ဂိုဏ်းကိုရောက်လာတာဆိုပေမဲ့ သူတို့က အမည်ခံတပည့်အဆင့်သာရှိသေးလေသည်။
ချီမင်က သူရောက်လာသည့်အချိန်မှာပဲ ကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်လာခဲ့သည်။ သူ့အဆင့်အတန်းက သဘာဝအတိုင်း သူတို့ထက်ကျော်လွန်သွားပါတော့၏။
အခု ချီမင်သည် သူတို့၏စီနီယာအစ်ကိုကြီးဖြစ်သွားပြီဖြစ်သည်။
သူတို့က အားကျရုံသာတတ်နိုင်ပြီး မလိုတမာ မလုပ်ရဲပါပေ။
ချီမင်လည်း အခြေအနေက ထိုလောက်ထိဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်လာပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှ (၁၀၈)ခုသော မျိုးနွယ်သခင်တို့၏စီနီယာအစ်ကိုဖြစ်လာခဲ့သည်။
အတော်လေး အံ့အားသင့်စရာပေ။
ပိုပြီးအရေးကြီးသည်က။
အစကနေ အဆုံးထိ ချီမင်သည် ကမ္ဘာဦးကောင်းကင်အရှင်ကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပါချေ။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားကို မှုန်ဝါးဝါးနောက်ကျော်ဘက်ခြမ်းမှသာ မြင်ခဲ့ရသည်။ သို့ပါသော်လည်း သူ မမြင်လိုက်ရလျှင်ပင် ကမ္ဘာဦးကောင်းကင်အရှင်၏စွမ်းအားကို ခံစားမိသည်။
ချီမင်က ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးကိုလက်ခံပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူ၏စိတ်ထဲသို့ သက်ဆိုင်ရာသတင်းအချက်အလက်များ ဝင်ရောက်လာသည်။
ပထမဆုံး ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲသို့ဝင်ဖို့ မည်သည့်တန်ကြေးမှပေးရန်မလိုပေ။သို့ပေမဲ့ သူက ကမ္ဘာဦးကောင်းကင်အရှင်ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်ဖြစ်သည်။ သူသာ စည်းကမ်းများကိုချိုးဖောက်ခဲ့လျှင် အပြစ်ပေးခံရမှာဖြစ်သည်။
သူက နှစ်တစ်သိန်းလောက် အကျဉ်းချခံရနိုင်သည်။
အဆိုးဆုံးအနေဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်ဖျက်ဆီးခံရပြီး ပြန်လည်မွေးဖွားရ(သတ်ခံရ)ပေမည်။
ဂိုဏ်းစည်းကမ်းများက များစွာတော့မရှိပေ။
သုံးခုသာရှိပါသေး၏။
ပထမစည်းကမ်းက သင်၏ဆရာသခင်ကို ရိုသေလေးစားပါ။
ဒုတိယစည်းကမ်း ဂိုဏ်တူတပည့်ချင်း မသတ်ဖြတ်ရ။
တတိယစည်းကမ်း ကောင်းကင်တာအိုနောက်လိုက်ကာ ကောင်းကင်ကိုမဆန့်ကျင်ရ။
သူသာ ထိုဂိုဏ်းစည်းကမ်းသုံးခုကိုသာ မချိုးဖောက်သရွေ့ အခြေခံအားဖြင့် ထွေထွေထူးထူး တော့ပြဿနာမရှိပေ။ သို့ပါသော်လည်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်မှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အနိုင်ယူတိုက်ခိုက်ရာတွင် ကူညီပေးရမှာတော့ဖြစ်သည်။
ချီမင်သည် ကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်လာခဲ့သည်။ သူက သဘာဝအတိုင်း ဂိုဏ်း၏ဂုဏ်သတင်းကို ကာကွယ်ဖို့ လိုအပ်သည်။
ထို့ပြင် သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ အမှန်တကယ်ဝင်ထားခြင်းမဟုတ်ပေ။ သူ့ဆရာ၏ ကမ္ဘာဦးတာအိုဂိုဏ်းသို့ဖြစ်သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် ပြည်နယ်ကိုးလောက၌ရှိသော ကမ္ဘာဦးတာအိုဂိုဏ်း၏ဂိုဏ်းခွဲတစ်ခုသာဖြစ်သည်။
ချီမင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နှင့် ပြေလည်လို့မရတော့သည့်မုန်တီးမှု မျိုးရှိသွား၏။ လက်စားချေဖို့အခွင့်အရေးတစ်ခုသာရှိလာရင် သူက ထိုသူများကို အလွတ်ပေးမှာမဟုတ်ပေ။
အခု ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့အပေါ်ယံ ဝင်ရောက်ထားခြင်းဖြစ်ပြီး ကမ္ဘာဦးတာအိုဂိုဏ်းကိုသာ အမှန်တကယ် ဝင်ရောက်ထားခြင်းဖြစ်သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးတွင် ချီမင်နှင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်သာ အမှန်တရားကို သိလေသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏(၁၀၈)ခုသော မျိုးနွယ်သခင်တို့မှာ အမည်ခံတပည့်များသာ ဖြစ်သည်။ သူတို့က ကမ္ဘာဦးတာအိုဂိုဏ်း၏တည်ရှိမှုကို သိဖို့ အရည်အချင်းမပြည့်မှီပေ။ သူတို့က ခန်းမှန်းထားသည့်အချက်အလက်အချို့သာ သိသည်။
ကမ္ဘာဦးတာအိုဂိုဏ်းက သဘာဝအတိုင်း နတ်ဆိုးဂိုဏ်းတစ်ခုမဟုတ်ပေ။ ၎င်းက ကမ္ဘာဦးကောင်းကင်အရှင်ချမှတ်ထားသော ဂိုဏ်းစည်းမျဉ်းများကြောင့်ဖြစ်ဟန်ရမည်။ သို့ပေမဲ့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကတော့ နတ်ဆိုးဂိုဏ်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်မှာ အနည်းငယ်မယုံကြည်နိုင်စရာကောင်းသည်။
အကြောင်းအရင်းကတော့ ထိုအတွက်များစွာရှိပါ၏။
အခုလောလောဆယ်တော့ ချီမင်မသိရှိသေးပေ။
သို့ပေမဲ့ သူက အနာဂတ်တွင် ဖြည်းဖြည်းချင်း သိလာပါလိမ့်မည်။
"ဂျူနီယာညီလေးတို့ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။"
ချီမင်က ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးကို ကိုင်ဆောင်ထားသည်။ ထိုအထဲတွင်ကမ္ဘာဦးကောင်းကင်အရှင်လက်ဆင့်ကမ်းပေးထားသော အံ့ဖွယ်စွမ်းအားနှင့်ကျင့်ကြံခြင်းနည်းစနစ်များ ရှိသည်။ သူက အခုတော့ နားမလည်သေးပေ။
"စီနီယာအစ်ကိုချီ နောက်ထပ်ဘာဆက်လုပ်မယ်စီစဉ်ထားတုန်း။" ရုပ်သေးမျိုးနွယ်သခင် အစိမ်းရောင်ဆံပင်ဖြင့်မိန်းကလေးက မေးလာသည်။
"စီနီယာအစ်ကိုချီ ဘာလို့ကျွန်တော်တို့ ပျက်စီးခြင်းမျိုးနွယ်ကို မလာတာလဲ။" ပျက်စီးခြင်းမျိုးနွယ်သခင်က အကြံပြုလိုက်၏။
"မဟုတ်တာ စီနီယာအစ်ကိုချီ။ စီနီယာက ကျွန်တော်တို့ ငရဲမျိုးနွယ်ကိုလာသင့်တာ။" ငရဲမျိုးနွယ်သခင်ကပြောလိုက်သည်။
“…”
ချက်ချင်းဆိုသလိုပဲ မျိုးနွယ်သခင်များက ချီမင်ကို ခေါ်ဆောင်ရန်ကြိုးစားလာကြသည်။
"မဟုတ်ပါဘူး" ချီမင်က ပြုံးကာ လက်နှစ်ဖက်ကိုစုလျက် မျိုးနွယ်သခင်များကို ပြောလိုက်သည်။"ဂျူနီယာညီလေးတို့ရဲ့ ကြင်နာပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ ငါက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာ နောက်ထပ်မျိုးနွယ်တစ်ခုထောင်ဖို့ စီစဉ်ထားပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်လို့ နာမည်ပေးထားတယ်။"
"အဲ့ဒီ မျိုးနွယ်တည်ထောင်တဲ့အချိန်ကျရောက်လာရင် ဂျူနီယာညီလေးတို့ လာရောက်ထောက်ခံ ပေးမှာကို မျှော်လင့်နေပါတယ်။"
"ဒါက..."
"နောက်ထပ်မျိုးနွယ်တစ်ခု တည်ထောင်မယ်။"
"ဟုတ်ပါတယ်လေ။ စီနီယာအစ်ကိုချီရဲ့အဆင့်အတန်းနဲ့ဆို တခြားမျိုးနွယ်တစ်ခုကိုပူးပေါင်းတာက သူ့ရဲ့အလားအလာကို ဖြုန်းတီးပစ်တာနဲ့တူတူပါပဲ။ သူက နောက်ထပ်မျိုးနွယ်တစ်ခုကို တည်ထောင်သင့်တယ်။"
"ဟုတ်တယ်။ဟုတ်တယ်။"
"စီနီယာအစ်ကိုချီရဲ့ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို တည်ထောင်ပြီးရင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးမှာ မျိုးနွယ်(၁၀၉)ခုဖြစ်သွားပြီး ဂိုဏ်းက ပိုပြီးအင်အားကြီးလာလိမ့်မယ်။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
"ကျွန်တော် စီနီယာအစ်ကိုချီရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။"
“…”
မျိုးနွယ်သခင်များက တစ်ဦးကိုတစ်ဦးကြည့်ကာ ဆိုသည်။
"ကျေးဇူးတင်ပါတယ်..."
ချီမင်က ခေါင်းညိတ်လိုက်သည်။
အချိန်များကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် (၁၀၉)ခုမြောက်မျိုးနွယ် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်။
မယုံနိုင်လောင်အောင် ခမ်းနားထည်ဝါးသည့် မြင့်မြတ်တောင်ကြီးဖြစ်သည်။ နတ်ဆိုးနယ်မြေကို နတ်ဆိုးချီနှင့်မိစ္ဆာချီများဖြင့် ဝန်းရံထားသည်။ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကတော့ ထူးခြားလေသည်။ သိပ်သည်းသည့်အစိမ်းရောင်ချီများဖြင့် ဝိုင်းရံထားပြီး သီးခြားဆန်လှပေသည်။
ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို နှစ်တစ်ရာအချိန်သုံးပြီးတည်ထောင်ခဲ့သည်။ ထို့ပြင် သူက လွန်ခဲ့သည့်နှစ်တစ်သောင်းအတွင်း အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ ရရှိခဲ့သော အစေခံအားလုံးကိုထုတ်သုံးခဲ့သည်။
ချီမင်က အခြေခံအားဖြင့် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏ဖွဲ့စည်းပုံကို တခြားသောမျိုးနွယ်(၁၀၈)ခုမှ ကူးယူထားသည်။
ချီမင်က ဂိုဏ်းဖွဲ့စည်းပုံကို အပြောင်းအလဲအချို့သာပြုလုပ်ခဲ့သည်။
ပထမဆုံး သူက ကောင်းကင်ဉာဏ်အလင်း၏မျိုးနွယ်သခင်ဖြစ်သည်။ သူ့အဆင့်အတန်းက အမြင့်ဆုံးဖြစ်သည်။ မျိုးနွယ်သခင်အောက်တွင် အကြီးအကဲ၊ နည်းပြနှင့် တပည့်ဟူ၍ရှိသည်။
အကြီးအကဲ။
အကြီးအကဲအဆင့်အတန်းကို မဟာအကြီးအကဲ၊အမွေခံအကြီးအကဲ၊အတွင်းစည်းအကြီးအကဲ၊အပြင်စည်းအကြီးအကဲနှင့်အစေခံအကြီးအကဲဟူ၍ခွဲထားသည်။
နည်းပြ။
နည်းပြအဆင့်အတန်းကို စည်းကမ်းနည်းပြ၊အမွေခံနည်းပြ၊အတွင်းစည်းနည်းပြ၊အပြင်စည်းနည်းပြနှင့် အစေခံနည်းပြတို့ဟူ၍ခွဲထားသည်။
တပည့်။
သူတို့အဆင့်အတန်းကို တာအိုကလေး၊အမွေခံတပည့်(ကိုယ်ပိုင်တပည့်)၊အတွင်းစည်းတပည့်၊အပြင်စည်းတပည့်နှင့်အစေခံတပည့်ဟူ၍ခွဲထားသည်။
ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်တစ်ခုလုံးတွင် မဟာအကြီးအကဲတစ်ဦးသာရှိသည်။
ထိုသူက နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ဖြစ်သည်။
ထို့ပြင် ချီမင်က အင်မော်တယ်သားရဲခြောက်ကောင်ကိုလည်း ထုတ်ထားသည်။ သူတို့အားလုံးက ဥပဒေသကျင့်ကြံသည့်မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များဖြစ်သည်။ သူတို့က စည်းကမ်းနည်းပြဖြစ်ကာ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်တစ်ခုလုံးကို ကြီးကြပ်ထိန်းသိမ်းပေးသည်။
နည်းပြ၏လုပ်ပိုင်ခွင့်က ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏ စီမံဆောင်ရွက်သူများဖြစ်သည်။ ဂိုဏ်းစည်းကမ်းချိုးဖောက်သူများကို နည်းပြများက ဂိုဏ်းစည်းမျဉ်းအတိုင်းအရေးယူ အပြစ်ပေးနိုင်သည်။
စည်းကမ်းနည်းပြတစ်ယောက်၏အခွင့်အာဏာက အကြီးဆုံးဖြစ်သည်။ စည်းကမ်းနည်းပြများက ချီမင်ကလွဲပြီး ကျန်တဲ့ဘယ်တပည့် ဘယ်အကြီးအကဲမဆို အပြစ်ပေးနိုင်သည်။ သူက ဘဘာဝအတိုင်း သူအယုံကြည်ရဆုံးအင်မော်တယ်သားရဲခြောက်ကောင်ကို ထိုရာထူးပေးထားခြင်းဖြစ်သည်။
နှစ်တစ်ရာအတွင်းမှာ ချီမင်က ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်တစ်ခုလုံးကို ပြီးပြည့်စုံစွာ တည်ဆောက်နိုင်ခဲ့သည်။ ထိုနှစ်များတွင် ချီမင်က အင်အားများစွာစိုက်ထုတ်ခဲ့ပြီး တန်ဖိုးတစ်ခုပေးကာ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ကို သန့်စင်ခဲ့သည်။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်က စွမ်းအားကြီးအင်မော်တယ်ရတနာတစ်ခုဖြစ်သည်။
ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုတပ်ဆင်ပြီး ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင် တစ်ခုလုံးကိုထိုအစီအရင်ဖြင့် ဖုံးအုပ်ထားသည်။ ထိုသို့ဖြင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များတောင် ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်၏အခြေအနေ ကို အလွယ်တကူစူးစမ်း၍မရပေ။
များစွာသော တပည့်များက ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်သို့ ပူးပေါင်းလာခဲ့သည်။ မသိလိုက်စွာဖြင့် သူတို့က ပိုပြီးသန်မာလာကြသည်။ နှစ်တစ်ရာမပြည့်ခင်မှာပဲ တခြားသောမျိုးနွယ်(၁၀၈)ခုနှင့် ယှဉ်နိုင်လာသည်။
၎င်းက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ ရရှိထားသော အစေခံများအပေါ် အဓိက မူတည်လေသည်။ ထိုအစေခံများက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏လုပ်ငန်းနေရာအသီးသီးကို ဖြည့်တင်းပေးခဲ့သည်။
ယင်းတို့က လျင်မြန်စွာဖြည့်တင်းပေးသွားခဲ့ခြင်းဖြစ်သည်။
ချီမင်က ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏စွမ်းအားနှင့်အလားအလာကိုဆက်တိုက်ဆိုသလိုပြသခဲ့၍ နတ်ဆိုးတာအိုအင်မော်တယ်များကို သဘာဝအတိုင်းဆွဲဆောင်နိုင်ခဲ့ပြီး ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်က ပိုပြီးသန်မာလာခဲ့ရသည်။
နှစ်များတလျှောက် သူက မရေမတွက်နိုင်လောက်သောအံ့ဖွယ်စွမ်းအားများ ၊ကျင့်ကြံခြင်းနည်းစနစ် များ၊သိုင်းနည်းစနစ်များ၊ကုန်ကြမ်းပစ္စည်းများ၊ဆေးလုံးများ၊ရတနာများစသဖြင့်ရရှိခဲ့သည်။ ၎င်းတို့အားလုံးက အခြေခံအားဖြင့် ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏အုတ်မြစ်များဖြစ်သွားသည်။
ချီမင်သည် သူ၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုပြီး တခြားသောမျိုးနွယ်(၁၀၈)ခုနှင့်ယှဉ်နိုင်သော ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို တည်ထောင်နိုင်ခဲ့သည်။ အတော်လေးကို မယုံနိုင်စရာကောင်းပါသည်။