ဒဏ်ရာရခြင်း
Vol. 24 Ch. 348
"ဗဂျရာနတ်ဆိုးသတ်ဖြတ်ခြင်းတူ"
ဗဂျရာအင်မော်တယ်ဘုရင်က အော်ဟစ်ကာ တူကြီးကို ဝေ့ယမ်းလိုက်သည်။မိစ္ဆာချီများမှာ ကောင်းကင်နှင့်မြေကြီးကို သမုဒ္ဒရာတစ်စင်းပမာ ဖုံးအုပ်သွားပြီး ၎င်းတွင် ပါဝင်နေသည့်ကြောက်မက်ဖွယ်အရှိန်အဝါမှာ ချီမင်ကို ခေါင်းကျိန်းသွားစေသည်။
"သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ။"
ထိုအခိုက်တွင် ချီမင်က ဂရုမစိုက်နိုင်တော့ပေ။ ချက်ချင်းပဲ များစွာသော အံ့ဖွယ်စွမ်းအားများ တစ်ဆက်တည်း ထုတ်သုံးလာသည်။ ပထမဆုံး သူ့ခေါင်းပေါ်ကနေ သန့်စင်ချီတစ်မျှင် ထွက်လာသည်။
ထိုသန့်စင်ချီက သုံးပိုင်းကွဲထွက်သွားကာ ကိုယ်ပွားသုံးခုဖြစ်သွားတော့သည်။
၎င်းက သန့်စင်ခြင်းသုံးပါးကိုယ်ပွားများဖြစ်သည်။
"တိုက်ကြ"
ဘုန်း ဘုန်း ဘုန်း
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ဗဂျရာအင်မော်တယ်ဘုရင်နှင့် ရင်ဆိုင်နေတုန်းမှာပဲ တခြား အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးက တိုက်ခိုက်လာသည်။ သူတို့က ကိုယ်ပိုင်အင်မော်တယ်ရတနာများကို အသီးသီးထုတ်ယူကြလာပြီး ချီမင်၏သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကို တားဆီးလိုက်သည်။
"ဖန်ကုစစ်မှန်ခန္ဓာ"
ချီမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ လင်းလက်သွားသည်။ သူက သန့်စင်ရွှေခန္ဓာကိုသုံးလိုက်တာနဲ့ ရွှေရောင်အလင်းက ပေါ်လာတော့သည်။သို့ပါသော်လည်း သူက ကောင်းကင်စည်းနှောင်ကြိုးမှ မလွတ်မြောက်နိုင်ပေ။ သူက စွမ်းအားအနည်းငယ်ကိုသာ ခုခံနိုင်လိုက်သည်။
သူက ဖန်ကုစစ်မှန်ခန္ဓာကို သုံးလိုက်ပြန်သည်။ သူ့ခန္ဓာကိုယ်က အဆက်မပြတ်ကြီးမားလာသည်။ ဖရိုဖရဲမြူခိုးများ ပျံ့နှံ့လာသည်။ သူက ကောင်းကင်နှင့်မြေကြီးကိုထောက်ပံ့ပေးထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်အလားပင်။
ချီမင်က ကောင်းကင်စည်းနှောင်ကြိုးမှ မလွတ်မြောက်နိုင်သေးပေ။သူ့ခန္ဓာကိုယ်က ကြီးမားလာပေမဲ့ ကြိုးကလည်း လိုက်လံကြီးမားသွားသည်။
"ဟားဟား"
ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်က ရယ်မောလိုက်ပြီး အင်မတန်ဂုဏ်ယူစွာ ပြောလာသည်။"ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင် မင်းနောက်ဆုံးတော့လည်း ကောင်းကင်စည်းနှောင်ကြိုးကနေ မလွတ်နိုင်ပါဘူး။"
"သေပေတော့"
ဗဂျရာအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်နေသည်။သူ၏သတ်ဖြတ်လိုစိတ်များမှာ မြင့်တက်နေ၏။ မိစ္ဆာချီများမှာ ကောင်းကင်ယံထိတိုင် မြင့်တက်ဖြစ်ပေါ်နေသည်။ သူက ချီမင်ပြောင်းလဲသွားတာတွေ့တော့ သူ၏အနက်ရောင်ဗဂျရာတူကြီးလည်း ချက်ချင်းဆိုသလို ကြီးမားသွားပြီး ချီမင်၏ခေါင်းကို ထုချလိုက်သည်။
"ဖရိုဖရဲမဟာပုဆိန်။"
ထိုအရေးကြီးသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲမှ မွေးရာပါကိုယ်ပိုင်အင်မော်တယ်ရတနာသုံးပါးထွက်လာသည်။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့် ဖရိုဖရဲပုကျုံးတောင်တို့ဖြစ်ကြသည်။
ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုက အသက်ဝင်လာပြီး အသိစိတ်ရှိနေသည့်အလား ချီမင်၏အနားတွင် ကခုန်နေသည်။ ချီမင်၏ထိန်းချုပ်မှုအောက်တွင် သူတို့ကပေါင်းစည်းသွားတော့သည်။
မယှဉ်သာလောက်အောင် ကြီးမားသော ဖရိုဖရဲမဟာပုဆိန် ပေါ်လာပါတော့၏။
အလင်းတစ်ချက် လက်သွားသည်။
၎င်းက ကောင်းကင်နှင့်မြေကြီးကိုခွဲခြမ်းနိုင်ပုံရကာ မီး၊ရေ၊လေနှင့်မြေတို့ကို ပြန်လည်ဖန်တီးနိုင်သည်။
"ကောင်းကင်ခွဲခြမ်းခြင်းနည်းစနစ်"
ကောင်းကင်စည်းနှောင်ကြိုးသည် ချီမင်ကို နှောင်ဖွဲ့ထားသောကြောင့် သူက ဖရိုဖရဲမဟာပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့် မကိုင်နိုင်ပေ။ သူက အသိစိတ်ဖြင့်သာထိန်းချုပ်နိုင်ပြီး ဓမ္မစွမ်းအားများနှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများကို ထိုအထဲသို့ လောင်းထည့်နိုင်၏။
ချီမင်က သန့်စင်ရွှေခန္ဓာနှင့်ဖန်ကုစစ်မှန်ခန္ဓာတို့ကို သုံးလိုက်သည်။ သူက ကောင်းကင်စည်းနှောင်ကြိုးမှမလွတ်သေးပေမဲ့ ခုခံနိုင်ပါသေးသည်။ ကောင်းကင်စည်းနှောင်ကြိုး၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့မရောက်သေးပါ။
ဘုန်း
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ချီမင်၏ဖရိုဖရဲမဟာပုဆိန်နှင့် ဗဂျရာနတ်ဆိုးသတ်ဖြတ်ခြင်းတူတို့မှာ ထိပ်တိုက်တွေ့သွားကြသည်။ နှစ်ဖက်တိုက်မိသွားသည်နှင့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။
၎င်းက ခွန်အားသီးသန့်တိုက်ပွဲမျိုးဖြစ်သည်။
ခရက်! ခရက်!
အနားမှ နေရာလွတ်တွင် အက်ကွဲရာများပေါ်လာသည်။ အလင်းရောင်များ တောက်ပလာပြီး မျက်စိကျိန်းသွားရပေသည်။ ကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်းတစ်ခုပျံ့နှံ့သွားသည်။
အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေသည်။
နောက်ထပ် ပေါက်ကွဲသံတစ်ချက်ထွက်လာပြန်သည်။
ကောင်းကင်တွင် ခမ်းနားသည့်အလင်းရောင်များပြည့်နှက်သွားပြီး ချီမင်၏အမူအရာကလည်း အနည်းငယ်ပြောင်းလဲသွားရသည်။ တိုက်ပွဲထဲတွင် သူအရေးနိမ့်နေပြီဖြစ်သည်။ ဖရိုဖရဲမဟာပုဆိန်အလင်းမှာဖိနှိပ်ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့သည်။
ခုနလေးတင်ပေါက်ကွဲသွားမှုနှင့်အတူ ချီမင်၏ဖရိုဖရဲမဟာပုဆိန်သည် ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့် ဖရိုဖရဲပုကျုံးတောင်တို့အဖြစ် ပြန်လည် ပြိုကွဲသွားတော့၏။
ချီမင်သည် သွေးအန်လိုက်ရ၏။ သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာများသည် ထိခိုက်သွားရသည်။ သူကလည်း တန်ပြန်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။ သူက ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ပြီး သူ၏မျက်နှာက ဖျော့တော့သွားရသည်။
"ဟားဟား.."ဗဂျရာအင်မော်တယ်ဘုရင်ကရူးသွပ်စွာ ရယ်မောလေသည်။"သေလိုက်တော့။"
ထို့နောက်မှာ ဗဂျရာနတ်ဆိုးသတ်ဖြတ်ခြင်းတူ၏နောက်ဆက်တွဲအားက ချီမင်၏ကိုယ်ပေါ်သို့ ကျရောက်လာပြန်လေသည်။ ကြောက်မက်ဖွယ်ကောင်းသည့်အားက သက်ရောက်လာသောကြောင့် ချီမင်၏ရင်ဘက်ကို ကြေမွသွားစေ၏။
ဖျော့
ချီမင်က သွေးတစ်ပွက်အန်ထုတ်ရပြန်သည်။ ဖန်ကုစစ်မှန်ခန္ဓာမှာ လွင့်စင်ထွက်သွားပြီး အင်မော်တယ်တောင်ထွတ်များကို တစ်ခုပြီးတစ်ခုဝင်စောင့်သွားခဲ့သည်။ ပတ်ဝန်းကျင်မှမြေပြင်သည် အပိုင်းပိုင်း ကွဲအက်ကုန်သည်။သူက သူ့ခန္ဓာကိုယ်တည်ငြိမ်သွားအောင် အကောင်မွန်ဆုံးကြိုးစားလိုက်၏။
"ဟဲဟဲ"
သူ့နောက်တွင် မတိုက်ခိုက်ရသေးသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးရှိနေသေး၏။ သူတို့က တာအိုကာကွယ်ခြင်းနန်းတော်မှ လာကြသူများဖြစ်သည်။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏တော်ဝင်သွေးဆက်များဖြစ်ကာ မြင့်မြတ်သည့်တော်ဝင်အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။
"ကြည့်ရတာ ငါတို့ဘာမှ ဝင်လုပ်စရာမလိုတော့ဘူးထင်တယ်။" ရွှေရောင်ကျောက်စိမ်းဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်လေးက ခပ်ဖျော့ဖျော့ ပြုံးနေခဲ့သည်။
သူက ဝါးမျိုခြင်းအင်မော်တယ်ဘုရင်ဖြစ်သည်။
ဝါးမျိုခြင်းဥပဒေသကို အဓိကကျင့်ကြံသူဖြစ်သည်။
သူက တာအိုကာကွယ်ခြင်းနန်းတော်မှဖြစ်ကာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အုတ်မြစ်သုံးခုထဲမှ တစ်ခုဖြစ်သည်။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်ပါယာမိသားစုမှာလာကာ လေးစားဖွယ်ရာထူးအဆင့်အတန်းနှင့်ကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
တာအိုကာကွယ်ခြင်းနန်းတော်မှ နောက်ထပ်အင်မော်တယ်ဘုရင်တစ်ပါးလည်းရှိနေသေး၏။ သူမတွင် အနက်ရောင်ဆံပင်ရှည်ကြီးများရှိပြီး အဖြူရောင်မျက်နှာခြုံလွှာကိုဝတ်ဆင်ထားသောကြောင့် သူမ၏အသွင်အပြင်ကိုတော့ မမြင်ရပေ။ သို့ပါသော်လည်း သူမ၏မျက်လုံးများနှင့် ထုတ်ပြထားသည့်အမူအရာများအရ အတော်လေးလှပပြီး ကျက်သရေရှိပြီးထူးခြားသည့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည်။
အနီးကပ်ကြည့်လိုက်ရင် သူမ၏မျက်ခုံးကြားတွင် အနက်ရောင်ဖီးနစ်တစ်ကောင်အမှတ်အသားကိုတွေ့နိုင်သည်။
သူမက ငရဲဖီးနစ်အင်မော်တယ်ဘုရင်ဖြစ်သည်။
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်၏စကားကိုကြားတော့ ငရဲဖီးနစ်အင်မော်တယ်ဘုရင်က ခေါင်းအသာညိတ်ရုံမှအပ ဘာမှမပြောပေ။
"ဖုန်းရွှေတောင်နှင့်မြစ်မီးဖို"
ဖုန်းရွှေအင်မော်တယ်ဘုရင်က ထပ်မံတိုက်ခိုက်လိုက်သည်။ ဒီတစ်ကြိမ်တော့ သူက ကိုယ်ပိုင်အင်မော်တယ်တနာကို ထုတ်ယူလိုက်သည်။ ကြေးရောင်သုံးခြောင်းထောက် မီးဖိုတစ်လုံးသည် ကောင်းကင်ယံမှ ပျံတက်လာသည်။ ၎င်းကို ဖုန်းရွှေဥပဒေသများဝိုင်းရံနေပြီး တခြားသောဥပဒေသစွမ်းအားများလည်း ထောက်ပံ့ပေးနေသည်။
ဖုန်းရွှေတောင်နှင့်မြစ်မီးဖိုသည် ချီမင်ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူ့အကြည့်နှင့်အမူအရာမှာ လေးနက်တည်ကြည်သွားပါ၏။ တိုက်ပွဲစတင်တည်းက သူက ဒီလောက်ထိခံနေရမယ်မှန်း မမျှော်လင့်ထားခဲ့ချေ။
အဓိကသည်တော့ ကောင်းကင်စည်းနှောင်ကြိုးကြောင့် ဖြစ်ပါသည်။
ချီမင်ကကြိုးနဲ့လွတ်နေရင်တောင် သူက ဥပဒေသကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါး၏ပူးပေါင်းတိုက်ခိုက်မှုကို ဆန့်ကျင်၍ အသာစီးယူနိုင်မှာတော့လည်း မဟုတ်ပေ။
မတိုက်ခိုက်ရသေးသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးရှိသေးသသည်။
ကောင်းကင်စည်းနှောင်ကြိုးက ချီမင်ကို ချုပ်နှောင်ထားသေးသည်။ သူက အံ့ဖွယ်စွမ်းအားမျိုးစုံသုံးတာတောင် အကူအညီမဲ့နေရသည်။ ထို့ပြင် ထိုအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အင်အားကုန်မထုတ်ရသေးပေ။
အနည်းဆုံးတော့ သူတို့က မဟာအံ့ဖွယ်စွမ်းအားများ အသုံးမပြုရသေးချေ။
"နတ်ဆိုးဗုဒ္ဓမြေနီမှုန့်"
ချီမင်က ဆက်၍ အချိန်မဖြုန်းတော့ပေ။ အသက်မြစ်က သူ့ရှေ့တွင် ရှိနေ၏။ သူသာ အသက်မြစ်ကိုဖြတ်ကျော်နိုင်သရွေ့ ကမ္ဘာဦးပြည်နယ်သို့ ဝင်ရောက်နိုင်ပေတော့မည်။ ထိုအထက်ကမ္ဘာအင်မော်တယ်ဘုရင်များနှင့် အချိနဖြုန်းရန် မလိုတော့ပေ။
သူက အင်မော်တယ်သားရဲကြီးထွားရာနေရာကိုဖွင့်လိုက်ပြီး ခုနစ်ယောက်မြောက် အင်မော်တယ်သားရဲကို ဆင့်ခေါ်လိုက်သည်။"မင်းပေါ်လာဖို့ အချိန်တန်ပြီ။ သူတို့ကို လက်စွမ်းပြလိုက်။"
အလင်းများ လက်သွားသည်။
ပထမဆုံး ရွှေရောင်ဗုဒ္ဓအလင်းများ လင်းလက်လာကာ ဗုဒ္ဓတစ်ပါးပေါ်လာသည်။ ဗုဒ္ဓဓမ္မရုပ်တုထောင်ကျော်ရှိပေသည်။ ကြီးကျယ်ခမ်းနားစွာဖြင့် ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်သည် ဗုဒ္ဓတိုင်းပြည်အဖြစ်ပြောင်းလဲတော့မည်ဟန်ရ၏။
"ဒါက..."ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်သည် ထိတ်လန့်သွားလေ၏။"ဗုဒ္ဓ..ဗုဒ္ဓလား.."
"ဘာဖြစ်ကုန်တာလဲ။" ဖုန်းရွှေအင်မော်တယ်ဘုရင်လည်းအံ့ဩသွား၏။
"ကောင်းကင်ဉာဏ်အလင်းက တကယ်ကြီး ဗုဒ္ဓကမ္ဘာနဲ့ဆက်စပ်နေတာလား။ ဒီလိုအရေးကြီးတဲ့အချိန်မှ ဗုဒ္ဓကမ္ဘာက စစ်ကူလွှတ်လိုက်တာလား။" ဗဂျရာအင်မော်တယ်ဘုရင်က အံ့ဩဟန်ဖြင့်မေးလိုက်သည်။
"လူတိုင်းသတိထားပါ။” ကြာပန်းစိမ်းအင်မော်တယ်ဘုရင်ကအော်လိုက်သည်။"ဒီလူက တော်တော်ထူးခြားတယ်။"
“…”
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်၏အကြည့်ကတောက်ပလာပြီး တိုက်ခိုက်လိုစိတ်များမြှင့်တက်လာသည်။"နောက်ဆုံးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဘကတစ်ယောက်ရောက်လာပြီ။"
"စောင့်ဦး"ငရဲဖီးနစ်အင်မော်တယ်ဘုရင်က ပြောသည်။
ချက်ချင်းပဲ ရွှေရောင်ဗုဒ္ဓအလင်းများတောက်ပနေသည့် ကမ္ဘာကြီးက ဗုဒ္ဓပြည်ထောင်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ဗုဒ္ဓဓမ္မရုပ်တုများပေါ်လာပြီး ၎င်းတို့က ရုတ်တရက်မျက်စိဖွင့်လာကြသည်။
ဗုဒ္ဓ၏မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာခဲ့သည်။
ချက်ချင်းပဲ သူ့အရှိန်အဝါက လုံးဝပြောင်းလဲသွားခဲ့သည်။
ထူးဆန်းလွန်း၏။
နတ်ဆိုးဆန်သည်။
မကောင်းသည့်စိတ်ဆန္ဒများ မြင့်တက်လာသည်။
"ဒါ...ဒါ...ဒီ.."
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”
"ဗုဒ္ဓလား နတ်ဆိုးလား"
"ဟူး"
အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက ထိုအပြောင်းအလဲကြောင့် ထိတ်လန့်သွားတော့သည်။ အခုလေးတင် ဗုဒ္ဓအလင်းများတောက်ပလာပြီး ဗုဒ္ဓများဖြစ်ပေါ်လာခဲ့သည်။ ရုတ်တရက် ဗုဒ္ဓထံမှ သွေးမျက်ရည်များ စီးကျလာသည်။ နတ်ဆိုးနှင့်ထူးဆန်းမှုများမှာ အတူတကွတည်ရှိနေပြီး နတ်ဆိုးချီများ မြှင့်တက်လာပြန်သည်။
သူတို့အားလုံးထိတ်လန့်သွားကြသည်။
မရေမတွက်နိုင်သောဗုဒ္ဓနည်းစနစ်များကြားမှ ပုံရိပ်တစ်ခုဖြေးညှင်းစွာလျှောက်ထွက်လာသည်။ ထိုသူက ရှည်လျားဖြောင့်မတ်ကာ သူ၏မျက်နှာက အတော်လေးချောမောပြီးပြိုင်ဘက်ကင်းလောက်အောင်လှပလွန်းပေသည်။ အမျိုးသားများတောင် ထိုသူကိုမြင်ရင် နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားရပေလိမ့်မည်။
ကမ္ဘာကြီးထဲမှ အပြီးပြည့်စုံဆုံး အနုပညာလက်ရာတစ်ခုအလားပင်။
"ငါ့နာမည်က မြေနီမှုန့် ငါ့ရဲ့တာအိုနာမည်ကတော့ နတ်ဆိုးဗုဒ္ဓပဲ။"
မြေနီမှုန့်၏အကြည့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏အမူအရာက အလွန်အမင်းတည်ငြိမ်နေပြီး မည်သည့်လှုပ်ခတ်မှုမှ ရှိမနေခဲ့ပေ။ သူ့အနားတွင် ထူးခြားဖြစ်စဉ်များမှာ စုဆုံလာပြီး ကောင်းကင်တခွင် ကြည်လင်သွားခဲ့သည်။
"နတ်ဆိုး...နတ်ဆိုးဗုဒ္ဓ"
"ဒါကြီးက..."
"သူက နတ်ဆိုးလား ဗုဒ္ဓလားဟ"
“…”
အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက မေးလိုက်မိသည်။
"လက်ဝါးပြင်ထက်မှ ဗုဒ္ဓနိုင်ငံ"
မြေနီမှုန့်က လက်မြှောက်လိုက်သည်။ဗုဒ္ဓဓမ္မရုပ်တုတစ်ခုပေါ်လာသည်။ ၎င်းက ကြီးမားသည့်ရွှေရောင်လက်ဝါးကြီးကိုထောက်ပံ့ပေးလျက် ဗုဒ္ဓကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
ထိုလက်ဝါးက ကောင်းကင်ပေါ်တက်သွားပြီး ဖုန်းရွှေအင်မော်တယ်ဘုရင်၏ဖုန်းရွှေတောင်နှင့်မြစ်မီးဖိုကို လွင့်စင်ထွက်သွားအောင် လုပ်ပေးလိုက်သည်။ သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာက ထိခိုက်သွားတော့ သူလည်း ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ ဖျော့တော့သွားတော့၏။
“အရမ်း...အရမ်းအားကောင်းတယ်။”
ဖုန်းရွှေအင်မော်တယ်ဘုရင်က ထိတ်လန့်သွားခဲ့သည်။
"ငရဲဖီးနစ်အင်မော်တယ်ဘုရင်နဲ့ ဝါးမျိုခြင်းအင်မော်တယ်ဘုရင်" ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်က အော်လိုက်သည်။"မင်းတို့ဘာမှမလုပ်ဘဲဘေးမှာဘယ်လောက်ကြာကြာရပ်နေဦးမလို့လဲ။"
လက်ရှိအခြေအနေတွင် ချီမင်သည် သန့်စင်ခြင်းသုံးပါးကိုယ်ပွားများသုံးကာ ကိုယ်ခွဲလိုက်သည်။ သန့်စင်ခြင်းသုံးပါးကိုယ်ပွားက ချီမင်၏အဓိကခန္ဓာနှင့်တူညီသည့်အင်အားမျိုးရှိလေသည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကို အကြမ်းဖျင်း ခဏထိန်းထားနိုင်သည်။
ချီမင်က ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်၊ဖုန်းရွှေအင်မော်တယ်ဘုရင်၊ကြာပန်းစိမ်းအင်မော်တယ်ဘုရင်၊ဗဂျရာအင်မော်တယ်ဘုရင်၊ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့် ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့ကိုရင်ဆိုင်နေရသည်။ ဥပဒေသကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်စုစုပေါင်းခြောက်ယောက်ဖြစ်သည်။
သူ့ကို ကောင်းကင်စည်းနှောင်ကြိုးကလည်းရစ်ပတ်ထားပြီး အချိန်တိုအတွင်းတော့ မလွတ်မြောက်နိုင်သေးပါချေ။
ချီမင်က နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ကိုဆင့်ခေါ်လိုက်ရသည်။သူက အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။ ထို့ပြင် သူကစည်းမျဉ်းကျင့်ကြံသူလည်းဖြစ်သည်။
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အင်မတန်သန်မာပါ၏။
သူက အခြေအနေကို ပြောင်းပြန်လှန်နိုင်ပါ၏။
"ဂါဝရပြုပါတယ် သခင်။"
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က ဖုန်းရွှေအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်အင်မော်တယ်ရတနာကိုအလွယ်တကူတားဆီးပြီးနောက် ချီမင်ကိုဦးညွှတ်လိုက်သည်။
ချီမင်က ခေါင်းညိတ်ကာ အချိန်မဖြန်းပေ။ သူက တိုက်ရိုက်အမိန့်ပေးလိုက်သည်။"တိုက်ခိုက်တော့။ ရှိနေတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အားလုံးကိုသတ်ပစ်။ တစ်ယောက်မှ မရှင်စေနဲ့။"
"ဟုတ်။"
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်၏မျက်လုံးတွင် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။"ဟုတ်ကဲ့ပါ သခင်။"
"သတ်။ သတ်။ သတ်ပစ်လိုက်"
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က ကောင်းကင်ယံ၌ အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့်စည်းမျဉ်းစွမ်းအားများသည် သူ့ကိုဗဟိုပြုပြီး ပျံ့နှံ့လာသည်။ အချိန်တိုလေးအတွင်းမှာ စည်းမျဉ်းလောကတစ်ခုဖွဲ့တည်သွားသည်။
စည်းမျဉ်းလောကသည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကိုဖုံးအုပ်သွားတော့သည်။
၎င်းက ဥပဒေသစွမ်းအားကို ဖိနှိပ်နိုင်သည်။
"စည်းမျဉ်း..စည်းမျဉ်းပဲ။"
"ဒါက စည်းမျဉ်းလောကပဲ။"
"မင်းက စည်းမျဉ်းကျင့်ကြံတဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပဲ။"
"မဖြစ်နိုင်ဘူး။"
ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်တို့ က ကြောင်အသွားတော့၏။