ကိုးယောက်တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်း
Vol. 24 Ch. 349
"ဗုဒ္ဓကို နှစ်သုံးထောင်ကြာ ရှိခိုးဦးချခဲ့ပြီးမှ ကံပါသူသာကို ကျွတ်တမ်းဝင်စေကြောင်း သိခဲ့ရတယ်။ မြေနီမှုန့်က နှစ်တစ်သောင်းကြာ နတ်ဆိုးလမ်းစဉ်ကျရောက်သွားခဲ့တယ်။အခု နတ်ဆိုးဗုဒ္ဓတစ်ပါးအဖြစ် ပြန်ပေါ်လာခဲ့ပြီ။"
ဘုန်း!!
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်သည် ဖြေးညှင်းစွာဖြင့် ကဗျာကို ရွတ်ဖတ်နေခဲ့သည်။ သူ၏တာအိုတေးချင်းဟုတောင် ဆိုနိုင်ပါ၏။
ကဗျာကိုရွတ်ဆိုနေတုန်းမှာပဲ ထူးခြားဖြစ်စဉ်မျိုးစုံပေါ်ပေါက်လာခဲ့သည်။ ဗုဒ္ဓသည် သွေးမျက်ရည်ကျလာပြီး နတ်ဆိုးအရှင်ကတော့ အော်ဟစ်နေခဲ့၏။ ထူးခြားဖြစ်စဉ်မျိုးစုံသည် မိုးမြေကိုဖုံးလွှမ်းသွားခဲ့၏။
ဒီကဗျာက ရှေ့ကတစ်ခေါက်နှင့်တော့ အနည်းငယ်ကွဲပြားပါ၏။ ၎င်းက မြေနီမှုန့်၏ ကျင့်ကြံခြင်းအဆင့် တိုးလာခြင်းကို ဆိုလိုနေသည်။ မြေနီမှုန့်သည် အင်မော်တယ်ဘုရင်အဆင့်သို့ရောက်သွားပြီး ကမ္ဘာကြီးထဲမှ အရာခပ်သိမ်းကိုဆင်ခြင်နားလည်နေခဲ့သောကြောင့် ပိုပြီးသန်မာလာရသည်။
"မြေနီမှုန့်ကမ္မအတိဒုက္ခကဲ့သို့သော စစ်မှန်မီးလျှံ"
မြေနီမှုန့်က တိုက်ခိုက်လိုက်သည်။ သူ၏စည်းမျဉ်းလောကသည် ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်ကိုဖုံးအုပ်သွားသောကြောင့် အင်မော်တယ်ဘုရင်ကိုးပါးကိုပါ ဖုံးအုပ်သွားသည်။ သူက အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကိုသုံးလိုက်သည်။
စည်းမျဉ်းလောက။
၎င်းက စည်းမျဉ်းကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ ပြသနိုင်သည့် အခြေခံကျဆုံးသော လောကဖြစ်၏။ ယင်းက စည်းမျဉ်းလောကထဲမှ အရာအားလုံးကို ဖိနှိပ်နိုင်သည်။
ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သူများက ဥပဒေသများကိုကျင့်ကြံသည့်အဆင့်၌ဖြစ်သည်။ သူတို့က ဥပဒေသလောကကိုအသက်သွင်းနိုင်ပေမဲ့ စည်းမျဉ်းလောက၏ဖိအားကိုခုခံဖို့ ခက်ခဲပေသည်။ သူတို့ခွန်အားများက အတော်လေးဖိနှိပ်ခံ လိုက်ရသည်။
၎င်းက ကျင့်ကြံအဆင့်ကွာခြားခြင်း၏ဖိနှိပ်ခြင်းဖြစ်ပါ၏။
ဥပဒေသလောကတွင် ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်သည် သာမန်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို ဖိနှိပ်ကာ အလွယ်တကူ ချေမှုန်းနိုင်သည်။
တူညီစွာဖြင့် စည်းမျဉ်းလောကတွင် စည်းမျဉ်းကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်သည် ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုဖိနှိပ်ကာ အလွယ်တကူ သတ်ဖြတ်နိုင်သည်။
မြေနီမှုန့်က မကောင်းသည့်ကမ္မများကို မြင့်တက်စေလိုက်သည်။ လေဟာနယ်ထဲမှ အနီရောင်ကမ္မမီးတောက်များနှင့်အတူ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး အနားမှ ထူးခြားဖြစ်စဉ်များကို လောင်ကျွမ်းပြာကျသွားစေသည်။
ထိုထူးခြားဖြစ်စဉ်များက မြေနီမှုန့်ကမ္မမီးတောက်များ၏လောင်စာအလားပင်။
"မင်းမြင်သမျှ အရာအကုန်လုံးကို ဖျက်ဆီး" မြေနီမှုန့်သည် ပြောလိုက်၏။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
"ဒါကြီးက..."
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”
"စည်းမျဉ်းကိုကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး။ စည်းမျဉ်းတွေကိုကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးပဲ။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထဲမှာတောင် အဲ့ဒီလိုအဆင့်မျိုးက နည်းနည်းပဲရှိတယ်။"
"ဒါပေမဲ့ စွမ်းအားကြီးစည်းမျဉ်းကျင့်ကြံတဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ကောင်းကင်ဉာဏ်အလင်းကိုလေးလေးစားစားနဲ့ သခင်လို့ခေါ်လိုက်တာလား။ သူက တကယ်ကြီးလေးလေးစားစားနဲ့ သခင်လို့ခေါ်လိုက်တာမလား။"
"ဟူး"
ထိတ်လန့်ခြင်း။
အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။
ထိတ်လန့်တကြားဖြစ်ပြီးနောက်မှာ ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သူများက လျင်မြန်စွာ တည်ငြိမ်သွားတော့၏။ မြေနီမှုန့်ကမ္မမီးတောက်များသည် အရပ်မျက်နှာအနှံ့လောင်မြှိုက်လာပြီး သူတို့ကလည်းသဘာဝအတိုင်း သေဖို့ထိုင်စောင့်မနေချင်ပေ။
သူတို့က မဟာအံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခုထုတ်သုံးလာကြသည်။
နောက်ဆုတ်ပေးလို့မရတော့ပေ။
စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးနှင့်ရင်ဆိုင်ရခြင်းက ဂရုသာမစိုက်ထားရင် တစ်ဖက်၏လက်ထဲတွင် သေသွားပေလိမ့်မည်။ သူတို့က အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားရပေမည်။
သို့ပါသော်လည်း အနိုင်ရဖို့ ဖြစ်နိုင်ချေအနည်းငယ်သာရှိသည်။
"ယင်ယန်ပြောင်းပြန်လှန်ခြင်း"
ချီမင်သည် မြေနီမှုန့်၏စည်းမျဉ်းလောကထံမှ ဖိနှိပ်ခံနေရသော ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်ကို အခွင့်ကောင်းယူလိုက်သည်။၎င်းက တခြားသောအင်မော်တယ်အားလုံးကို သတိထားမိသွားစေသည်။
ယင်ယန်ပြောင်းပြန်လှန်ခြင်း
ထိုလျှို့ဝှက်နက်နဲနည်းစနစ်ကိုသုံးပြီးလျှင် ကောင်းကင်နှင့်မြေကြီးသည်အစီစဉ်မကျတော့ပေ။ နေနှင့်လက ပုံမှန်မဟုတ်တော့ကာ အမှန်နှင့်အမှားက ပြောင်းပြန်ဖြစ်သွားပြီး အဖြူအမည်းက ရောထွေးလာပေသည်။ ယင်ယန်မဟာတာအို၏ကန့်သတ်ချက်အထိ ကျွမ်းကျင်သွားခဲ့သည်။ နှစ်ဖက်က ပြောင်းလဲသွားခြင်းဖြစ်သည်။
ချီမင်၏ဘေးတွင် ကြီးမားသည့် ထိုက်ချီယင်ယန်ပုံစံတစ်ခုပေါ်လာသည်။ ၎င်းက နှေးကွေးစွာ လည်ပတ်လာသည်။ ချီမင်အနားတွင် အစီအစဉ်ကျမှုက ပြောင်းလဲလာသည်။
အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်။
ချီမင်သည် သူ၏ဓမ္မစွမ်းအားများကို လျင်မြန်စွာဖြင့် စုစည်းလိုက်သည်။ သူက လျှို့ဝှက်နက်နဲနည်းစနစ်ကို အပြည့်အဝအသုံးပြုလိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏မြှင့်တင်မှုနှင့် မမြင်နိုင်သည့်အားတစ်ခုက ကောင်းကင်စည်းနှောင်ကြိုးပေါ်သို့ သက်ရောက်လာသည်။
အဖြူအနက်အလင်းတန်းများ တောက်ပလာ၏။
ချက်ချင်းပဲ ကောင်းကင်စည်းနှောင်ကြိုး၏စွမ်းအားက ပြောင်းပြန်ဖြစ်သွားရသည်။ မူလက ကောင်းကင်စည်းနှောင်ကြိုး၏စွမ်းရည်က ရန်သူကို ချုပ်နှောင်ခြင်းဖြစ်ပြီး ချီမင်၏အံ့ဖွယ်စွမ်းအားနည်းစနစ်နှင့်ပြောင်းလဲခံလိုက်ရပြီးနောက်မှာ ၎င်းက ထပ်မံမချုပ်နှောင်နိုင်တော့ပေ။ ယင်းစွမ်းရည်က ချုပ်နှောင်ခြင်းမှ လွှတ်ပေးခြင်းဖြစ်သွားသည်။
အတွေးတစ်ချက်ဖြင့် ချီမင်သည် ကောင်းကင်စည်းနှောင်ကြိုးထံမှ အလွယ်တကူလွတ်မြောက်သွားတော့၏။
"စည်းခတ်"
ချီမင်သည် သူ၏လက်ကိုဆန့်ထုတ်ကာ ညွှန်ပြလိုက်သည်။ ဓမ္မစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများအဖြစ်ပြောင်းလဲသွားတော့၏။ ယင်းက ကောင်းကင်စည်းနှောင်ကြိုးပေါ်သို့ကျသွားကာ ကန့်သတ်ပစ်လိုက်သည်။
"အိုးမဟုတ်ဘူး!” ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်သည်ချက်ချင်းတုံ့ပြန်လိုက်၏။ သူက ခေါင်းမော့လိုက်တော့ ချီမင်သည် ကောင်းကင်စည်းနှောင်ကြိုးထံမှ လွတ်မြောက်သွားသည်ကို တွေ့ရသည်။ သူက အနည်းငယ်အံ့ဩသွားတော့၏။"မင်းတကယ်ကြီး ကောင်းကင်စည်းနှောင်ကြိုးကနေ လွတ်လာတာပဲ။"
ချီမင်က သူ့ကို မထူးမခြားသာ ကြည့်လိုက်သည်။
ထိုအခိုက်တွင် မြေနီမှုန့်ကမ္မမီးတောက်သည် အရာအားလုံးကိုလောင်ကျွမ်းပြာကျလာစေသည်။
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ စည်းမျဉ်းလောကထဲတွင် မြေနီမှုန့်ကမ္မမီးတောက်များသည် ကောင်းကင်ကိုဖုံးအုပ်သွားပြီး အနီရင့်ရောင် ကမ္မစစ်မှန်နဂါးကိုးကောင်အဖြစ်ပြောင်းလဲသွား၏။ နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး သူတို့က အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကို ခုန်အုပ်လိုက်ကြသည်။
တစ်ချိန်တည်းမှာ ချီမင်၏သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း ဘေးကနေ ကူညီနေ၏။
"တိုက်ကြ" ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်သွားသည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်ကို သုံးလိုက်သည်။ အထွတ်အထိပ်ဓမ္မစွမ်းအားများဖြင့် သူက ဖျက်ဆီးခြင်းဥပဒေသကို အသက်သွင်းလိုက်သည်။
"ဖျက်ဆီးခြင်းအံ့ဖွယ်အလင်း"
ယင်းက စွမ်းအားကြီးမဟာအံ့ဖွယ်စွမ်းအားတစ်မျိုးဖြစ်သည်။ ၎င်းတွင် ကောင်းကင်ရှောင်တိမ်းခြင်း အင်မော်တယ်ဘုရင်၏ ဓမ္မစွမ်းအားများနှင့် ဥပဒေသများကို ပေါင်းစပ်ထည့်သွင်းထားပြီး ကြောက်မက်ဖွယ်အံ့ဖွယ်အလင်းတန်းအဖြစ် သိပ်သည်းထားခြင်းဖြစ်သည်။
၎င်းကို ဖျက်ဆီးခြင်းအံ့ဖွယ်အလင်းဟုခေါ်သည်။
ခရမ်းရောင်အံ့ဖွယ်အလင်းတန်းက သူဖြတ်သန်းသွားသည့်အရာတိုင်းကို ဖျက်ဆီးပစ်သွားသည်။ အထက်ကမ္ဘာ၏နေရာလွတ်ကတောင် မခုခံနိုင်တော့ပေ။အက်ကွဲကြောင်းများ ပေါ်လာသည်။
မြေနီမှုန့်ကမ္မမီးတောက်စစ်မှန်နဂါးများထဲမှ တစ်ကောင်က တိုက်ခိုက်လိုက်သည်။ စည်းမျဉ်းစွမ်းအားများ ပျံ့နှံ့လာသည်။ ယင်းက မြေနီမှုန့်စည်းမျဉ်း၏စွမ်းအားဖြစ်ပြီး ဖျက်ဆီးခြင်းအံ့ဖွယ်အလင်းတန်းကို ပြိုကွဲသွားစေသည်။
နောက်တခဏမှာ ထိုမြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးက ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်ကို ခုန်အုပ်လိုက်သည်။ ထိုနဂါးက ကြီးမားသည့် ပါးစပ်ကြီးကိဟကာ အစာအိမ်ထဲထိရောက်အောင် မြိုချလိုက်သည်။
"ကောင်းကင်နှင့်မြေကြီးဖုန်းရွှေမဟာအံ့ဖွယ်စွမ်းအား"
"ဗဂျရာ နတ်ဆိုးဖိနှိပ်အံ့ဖွယ်စွမ်းအား"
"ကိုးပြည်နယ်ကြာပန်းစိမ်းဓားကျမ်း"
"ကောင်းကင်ကိုးလွှာ လောင်ကျွမ်းအထွတ်အထိပ်ကျမ်း"
“…”
ဖုန်းရွှေအင်မော်တယ်ဘုရင်၊ဗဂျရာအင်မော်တယ်ဘုရင်၊ကြာပန်းစိမ်းအင်မော်တယ်ဘုရင်၊မီးလျှံရဲအင်မော်တယ်ဘုရင်နှင့်ကျန်သော အင်မော်တယ်ဘုရင်များက မဟာအံ့ဖွယ်စွမ်းအားများကို တစ်ချိန်တည်းထုတ်သုံးကာ မြေနီမှုန့်ကမ္မမီးလျှံကို ခုခံလိုက်ကြသည်။
ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
မြေနီမှုန့်သည် အံ့ဖွယ်စွမ်းအားသုံးကာ မြေနီမှုန့်ကမ္မမီးလျှံကို မြေနီမှုန့်စစ်မှန်နဂါးကိုးကောင်အဖြစ် ပြောင်းလဲလိုက်ပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ၏ အံ့ဖွယ်စွမ်းအားများကို အလွယ်တကူဖြိုခွဲလိုက်၏။
အံ့ဖွယ်စွမ်းအားများမှာ ပြိုကွဲပျက်စီးသွားပြီး အလင်းစက်များအဖြစ်ပြောင်းလဲသွားသည်။
မျက်စိကျိန်းလောက်ဖွယ်တောက်ပသွားသည်။
"ဒါ...ဒါ...ဒါက.."
"ဟူး"
"ဒါက စည်းမျဉ်းကျင့်ကြံတဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးရဲ့စွမ်းအားလား။"
"အရမ်းသန်မာလွန်းတယ်။"
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အင်မတန်ထိတ်လန့်သွားကြတော့သည်။
"အား"
"မဟုတ်ဘူး"
"အော့။"
အော်ဟစ်သံများ အဆက်မပြတ်ထွက်လာသည်။
မြေနီမှုန့်၏ထိန်းချုပ်မှုအောက်တွင် ကျန်တဲ့ မြေနီမှုန့်စစ်မှန်နဂါးခြောက်ကောင်က ဖုန်းရွှေအင်မော်တယ်ဘုရင်၊ဗဂျရာအင်မော်တယ်ဘုရင်၊ကြာပန်းစိမ်းအင်မော်တယ်ဘုရင်၊မီးလျှံရဲအင်မော်တယ်ဘုရင်နှင့် ကျန်သောအင်မော်တယ်ဘုရင်များကို ဝါးမျိုသွားသည်။
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့ကလည်း မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးနှစ်ကောင်ကို တားဆီးနိုင်ရုံမျှသာ။
တခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်ခြောက်ပါးလုံးကတော့ မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးများထံမှ အစာအိမ်ထဲအထိ ဝါးမျိုခံလိုက်ရသည်။ သူတို့အားလုံးကို မြေနီမှုန့်ကမ္မမီးလျှံက လောင်ကျွမ်းပစ်နေသည်။
မြေနီမှုန့်ကမ္မမီးလျှံ။
၎င်းက မြေနီမှုန့်ထံမှ ထွက်ပေါ်လာသည့် မီးလျှံမျိုးမဟုတ်ပေ။ထိုမီးလျှံက နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က နတ်ဆိုးဗုဒ္ဓ၏ဆန်းကြယ်မှုများကိုပေါင်းစပ်ထားသည့် စည်းမျဉ်းများမှ မွေးဖွားလာခြင်းဖြစ်သည်။ မြေနီမှုန့်စည်းမျဉ်းများကို အခြေခံအဖြစ်သုံးပြီး နတ်ဆိုးဗုဒ္ဓကို နက်နဲမှုအဖြစ်ထားကာ စည်းမျဉ်းစစ်မှန်မီးလျှံကို မွေးဖွားခဲ့ခြင်းဖြစ်၏။
မြေနီမှုန့်ကမ္မမီးလျှံက အတော်လေးကြောက်မက်ဖွယ်ကောင်းပြီး အဆုံးမဲ့တန်ခိုးအာဏာကို ပိုင်ဆိုင်လေသည်။ ၎င်းက အရာအားလုံးကိုလောင်ကျွမ်းပစ်နိုင်သည်။ခန္ဓာ၊ဝိညာဉ်နှင့် အမတဓာတ်ပါသောအသိစိတ်တောင် လောင်ကျွမ်းနိုင်သည်။
ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သောသူများက ယင်းကဲသို့သာ ဆက်လက်လောင်ကျွမ်းခံနေရပါက သေသွားပေလိမ့်မည်။
အစကတည်းက သူတို့က မြေနီမှုန့်ကမ္မမီးလျှံကို တားဆီးခဲ့ကြသော်လည်း သူတို့၏ဓမ္မစွမ်းအားများသာ အဆက်မပြတ်ကုန်ဆုံးသွားသည်။မြေနီမှုန့်ကမ္မမီးလျှံကတော့ တဖြည်းဖြည်းဖြင့် သူတို့၏ခန္ဓာကိုယ်၊ဝိညာဉ်နှင့် အင်မော်တယ်ဘုရင်အသိစိတ်ကိုပါ လောင်ကျွမ်းနေသည်။
"ဘယ်လို စစ်မှန်မီးလျှံမျိုးပါလိမ့်။"
"ဟူး"
"မဟုတ်ဘူး"
ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့် ကျန်သောသူများက မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးကိုယ်ထဲမှ ထွက်သွားချင်ပေမဲ့ သူတို့ပတ်ဝန်းကျင်ကပါ မြေနီမှုန့်ကမ္မမီးလျှံများဖြင့် လောင်ကျွမ်းနေသည်။ သူတို့က ထွက်မပြေးနိုင်ပေ။
သူတို့ကဓမ္မစွမ်းအားကိုလည်ပတ်လျက် ခုခံရေးအံ့ဖွယ်စွမ်းအားများသုံးကာ မြေနီမှုန့်ကမ္မမီးလျှံကို ခုခံနေရ၏။ အစတည်းက သူတို့က တစ်ဖက်သူ၏ပြိုင်ဘက်မဟုတ်ပေ။
အချိန်ကုန်လာသည်နှင့်အမျှ မြေနီမှုန့်ကမ္မမီးလျှံ၏စွမ်းအားက ပြသလာသည်။ ပိုပြီးသန်မာအားကောင်းလာကာ သူတို့၏ခုခံရေးအံ့ဖွယ်စွမ်းအားများနှင့် ဓမ္မစွမ်းအားများကို ချိုးဖြတ်လာကြသည်။
တဖြည်းဖြည်းဖြင့် သူတို့ခန္ဓာကိုယ်က မြေနီမှုန့်ကမ္မမီးလျှံကြောင့် လောင်ကျွမ်းသွားပြီဖြစ်သည်။
ပိုပြီးအရေးကြီးသည်က။
သူတို့၏ဝိညာဉ်နှင့်အသိစိတ်က အပူလောင်မှုလှိုင်းလုံးများကို ခံစားနေရခြင်းဖြစ်သည်။
ထိုအခိုက်တွင် သူတို့က အမှန်တကယ်ကြောက်ရွံ့သွားတော့သည်။
သူတို့က အလွန်အမင်းကြောက်ရွံ့သည့် အမူအရာများကို ဖော်ပြလာကြသည်။
"အရမ်းကောင်းတယ်။”
ချီမင်သည် ကောင်းကင်စည်းနှောင်ကြိုးမှလွတ်လာသည်နှင့် သူက ဆက်မတိုက်ခိုက်တော့ပေ။ ထိုအစား နတ်ဆိုးဗုဒ္ဓမြေနီမှုန့်လက်ထဲသို့ လွှဲပေးလိုက်သည်။ သူက မြေနီမှုန့်စည်းမျဉ်းလောကအပြင်ဘက်တွင် လက်နှစ်ဖက်နောက်ပစ်၍ရပ်နေခဲ့သည်။ သူက ဖန်ကုစစ်မှန်ခန္ဓာကိုယ်ကို မဖယ်ရှားရသေးဘဲ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။
"နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ဆိုတဲ့ အတိုင်းပဲ" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူက အတော်လေး ကျေနပ်သွားသည်။"စည်းမျဉ်းတွေကိုကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်။ မဟာအံ့ဖွယ်စွမ်းအားကိုလည်း ဆုပ်ကိုင်ထားတယ်။ သူက ဥပဒေသတွေကိုကျင့်ကြံတဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေကို အသာလေးသတ်နိုင်တယ်။"
"အဟွတ် ဟွတ်"
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်က သွေးအန်လိုက်ရသည်။ သူက ကောင်းကင်နှင့်မြေကြီးဝါးမျိုခြင်းမဟာအံ့ဖွယ်စွမ်းအားကို အမြင့်ဆုံးအဆင့်ဖြစ်သော နက်နဲခြင်းအဆင့်ထိကျင့်ကြံထားပေသည်။ သူက ကောင်းကင်ကိုးလွှာစစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအားကိုနားလည်ထားတော့ ထိုမဟာအံ့ဖွယ်စွမ်းအားနှစ်ခုကိုပေါင်းကာ အစွမ်းကုန်အသုံးပြုလိုက်သည်။ အခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ဖိအားကိုမျှခံနေတော့ သူက မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးတစ်ကောင်ကို တားဆီးလိုက်သည်။
သူက ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။
ခေါင်းအစခြေအဆုံး မီးလောင်ဒဏ်ရာများ ပေါ်လာခဲ့သည်။
"မင်းက ဘယ်သူများလဲ။"
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်က ခေါင်းမော့ကာ ချီမင်ကို လှမ်းကြည့်လိုက်သည်။"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ပဲ စည်းမျဉ်းကျင့်ကြံတဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို လိုလိုလားလားနဲ့သူ့အစေခံဖြစ်လာအောင်လုပ်နိုင်တဲ့ စွမ်းရည်ရှိတာ။"
"အဟွတ် ဟွတ်"
ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏ဆံပင်များက ဖရိုဖရဲဖြစ်နေသည်။သူမက သွေးအန်လိုက်ရသည်။ သူမ၏မျက်နှာခြုံလွှာလေးကလည်း ပြုတ်ကျသွားသောကြောင့် ပြိုင်ဘက်ကင်းလောက်အောင်လှသောမျက်နှာလေးပေါ်လာသည်။ သူမ၏မျက်နှာအစိတ်အပိုင်းများက လှပပြီးကျက်သရေရှိပေသည်။
"ငါတို့ ထွက်ပြေးဖို့စဉ်းစားရမယ်။"
ငရဲဖီးနစ်အင်မော်တယ်ဘုရင်က အင်မတန်သန်မာသည်။သူမက ဝါးမျိုခြင်းအင်မော်တယ်ဘုရင်ထက်အားမနည်းပေ။ပိုပြီးတောင် သန်မာသေးသည်။ သို့ပေမဲ့ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်နှင့်တော့ အတော်လေးကွာခြားပါသေး၏။ ခုနတိုက်ခိုက်မှုမှာတင် သူမက ဒဏ်ရာရနေပြီဖြစ်သည်။
ထိုအခိုက်တွင် ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏တော်ဝင် မျိုးနွယ်တို့၌သာရှိသည့် ထူးခြားသည့်အံ့ဖွယ်စွမ်းအားသွေးမျိုးဆက်ကိုသုံးကာ ဝါးမျိုခြင်းအင်မော်တယ်ဘုရင်ကိုလျှို့ဝှက်စွာဖြင့် ဆက်သွယ်လိုက်သည်။
လက်ရှိအခြေအနေရ သူတို့နိုင်ဖို့ အခွင့်အရေးမရှိသေးချေ။