ရန်ကျောက်ကဲ၏ကြိုတင်ပြင်ဆင်မှုများ
Vol. 24 Ch. 333
အခန်း (၃၃၃) ရန်ကျောက်ကဲ၏ကြိုတင်ပြင်ဆင်မှုများ
ရန်ကျောက်ကဲစကားကိုကြားတော့ အကြီးအကဲ’မုန့်’ က အနည်းငယ် တုန်လှုပ်သွားဟန်ဖြင့်...
“မင်း ဆိုလိုတာက...”
ရန်ကျောက်ကဲက...
“အခုလည်း ကိစ္စနည်းနည်းလောက်ကိုတော့ အတည်ပြုလိုက်နိုင်ပါတယ် ၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမှာပေါ့”
သူက ဆက်ပြောသည်။
“ကျွန်တော့်မျက်လုံးထဲမှာတော့ ပဉ္စမအကြိမ် ၊ ဆဋ္ဌမအကြိမ် ၊ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲဆိုတာ မရှိပါဘူး ၊ ယှဉ်ပြိုင်မှုတစ်ခုကိုပဲ တွေ့မြင်တယ် ၊ ပြိုင်ပွဲမစခင်အချိန် ၊ ပထမအချီပြိုင်ပွဲ ၊ ဒုတိယအချီပြိုင်ပွဲနဲ့ နောက်ဆုံးရလဒ်ကိုပဲ ကျွန်တော် အာရုံစိုက်တယ်”
ထိုစကားကြားတော့ အကြီးအကဲ’မော့’က စကားမဆိုဘဲ ခေါင်းညိတ်လိုက်သည်။
ယခုတော့ လရောင်ကမ္ဘာအတွင်းမှ ဖန်းယွင်ရှန်းနှင့် ဖန်ချိုးတို့၏ ပြင်းထန်သောတိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်သလို နှစ်ယောက်လုံး စွမ်းအားများကုန်ခမ်းသွားကြပေပြီ။
အနိုင်ရခဲ့သည့်တိုင် ဖန်းယွင်ရှန်းမှာ စွမ်းအားမျးအလွန်အမင်း ကုန်ဆုံးသွားခဲ့သဖြင့် မန်ဝမ်နှင့် ဆက်လက်ယှဉ်ပြိုင်ရန် ခွန်အားမရှိတော့ပေ။
သို့ပေသိ သူမက မန်ဝမ်နှင့် ဆက်လက်တိုက်ခိုက်ရန်အတွက် အတင်းအကျပ်အားတင်းကာ တည်ငြိမ်နေဆဲပင်။
မန်ဝမ်နှင့် စတင်တိုက်ခိုက်ချိန်မှာပင် နဂိုကတည်းကအားပျော့နေပြီဖြစ်သော အလင်းနဂါးကြီးသည် ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။
အဆုံးသတ်မှာတော့ စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော ‘မန်ဝမ်’ သည် သူမ၏အသရေကို တစ်ဖန်ပြန်လည်တောက်ပစေကာ လှပသည့်ဇာမဏီမလေးအဖြစ် ကောင်းကင်ကိုးထပ်တစ်ခွင် ကပြခဲ့လေသည်။
ဝါဒတောင်တိုက်ပွဲအပြီးတွင် ဦးခေါင်းတစ်ခုလုံးကွဲကြေသည့်ပမာ ဆုံးရှုံးမှုများခံစားခဲ့ရသော နေသူတော်စင်ဂိုဏ်းအနေဖြင့် ယခုတော့ ထူးကဲယင်သရဖူကို ရယူပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲများတွင် ပြန်လည်အသာစီးရနိုင်ပေတော့မည်။
‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ဆုံးရှုံးလိုက်ရပြီးနောက် ‘ထူးကဲယင်သရဖူ’ ကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း ‘အရှေ့အရပ်မှထွက်သောနေသူတော်စင်’ ဟွမ်ကွမ်လီအနေဖြင့် ထူးကဲယင်သရဖူကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီး ဝါဒတောင်ကို စစ်ချီခဲ့စဉ်ကလောက် အင်အားမကောင်းနိုင်ဘဲ စွမ်းအားနည်းပါးနေဦးမည်သာပင်။
မည်သို့ပင်ဖြစ်စေ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို လက်ဝယ်ကိုင်ဆောင်ထားနိုင်ခြင်းက နေသူတော်စင်ဂိုဏ်းကို ပြန်လည်ရပ်တည်နိုင်စေမည် ဖြစ်၏။ ဝါဒတောင်က သိမ်းပိုက်ထားသဖြင့် ဆုံးရှုံးသွားသောနယ်မြေများကို မည်သို့ပြန်လည်ရယူမည်ကို စဉ်းစားရန်အတွက် အင်အားရှိလာပြီဖြစ်သည်။ ထို့အတူ ကျဆင်းနေသည့်စွမ်းအားကိုလည်း ရပ်တန့်နိုင်ပေမည်။
ကောင်းကင်ထက်တွင် လပြည့်ဝန်းပမာ ဖြူစင်တောက်ပနေသော “သရဖူ” သည် မန်ဝမ်၏ ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ သက်ဆင်းလာလေသည်။ ထိုမြင်ကွင်းကိုတွေ့ရသည့်အခါ ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ မျက်လုံးများကို မှိတ်ထားမိသည်။
ဝါဒတောင်သိုင်းသမားများရှိရာနေရာသို့ ဖန်းယွင်ရှန်း ပြန်လည်ရောက်ရှိလာသည်။ သူမမျက်နှာက ဖြူဖျော့နေဆဲဖြစ်ပြီး အမူအရာကတော့ တည်ငြိမ်နေသည်။ မြူခိုးများဝေသည့်မျက်ဝန်းဖြင့် သူမက တစ်နေရာသို့ စူးစိုက်ကြည့်နေ၏။
ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ သူမ မျက်ဝန်းများက မန်ဝမ်ကို ကြည့်နေခြင်းမဟုတ်ဘဲ တဖြည်းဖြည်းသက်ဆင်းလာသည့် ထူးကဲယင်သရဖူကို ကြည့်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထူးကဲယင်ပြိုင်ပွဲကြည့်ရှုနေသူများအားလုံးက မန်ဝမ်၏ လွှမ်းမိုးနိုင်စွမ်းကို အားကျနေကြသလို ဖန်းယွင်ရှန်းကိုလည်း စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်ကြသည်။
ဖန်းယွင်ရှန်းက ပထမဆုံးပွဲဦးထွက်မှာပင် အံ့မခန်းအစွမ်းပြခဲ့သည်ဟု ဆိုနိုင်သည်။ ထူးကဲယင်ပြိုင်ပွဲကို ဖန်းယွင်ရှန်းက ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သော်လည်း အခြားသောထူးကဲယင်မိန်းမပျိုများအားလုံးကို အနိုင်ယူခဲ့သည်။ သူမအထက်တွင် မန်ဝမ်တစ်ယောက်သာ ရှိနေသည် မဟုတ်လား။
ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် သရဖူဆွတ်ခူးခဲ့သော ဝါရင့်ထူးကဲယင်မိန်းမပျို ‘ချန်စုထင်’ ၊ မနှစ်က ပွဲဦးထွက်မှာပင် အံ့မခန်းအစွမ်းဖြင့် သရဖူပိုင်ဆိုင်ခဲ့သော ‘ဖန်ချိုး’ တို့အပြင် ယခုနှစ်မှ နေသူတော်စင်ဂိုဏ်းက စင်တင်ခဲ့သော စွမ်းအားမြင့်မားလှပါသည်ဆိုသည့် ထူးကဲယင်မိန်းမပျိုအသစ် ‘ယွင်ရှိုးချင်’ ၊ သူတို့အားလုံး ဖန်းယွင်ရှန်းကို ရှုံးနိမ့်ခဲ့ကြကြောင်း ဝန်ခံရမည်ပင်။
အထူးသဖြင့် မနှစ်က ‘ထူးကဲယင်သရဖူ’ ကို ပိုင်ဆိုင်ခဲ့သော ‘ဖန်ချိုး’ သည် သရဖူအစွမ်းဖြင့် ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာခဲသည်။ သူမက ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် အခြားမိန်းမပျိုများအတွက် ကြောက်စရာပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သည်။ သို့ပေသိ အဆုံးသတ်မှာတော့ ဖန်းယွင်ရှန်းကို ရှုံးနိမ့်ခဲ့ရသည်။
ပထမအချီပြိုင်ပွဲနှင့် ဒုတိယအချီ အစပိုင်းတွင် အခြေခံအုတ်မြစ်သန့်စင်သည့် ဖန်ချိုးသည် ဖန်းယွင်ရှန်းထက်သာလွန်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ကြသည်။
သို့သော် တကယ့်တိုက်ပွဲတွင်တော့ ဖန်းယွင်ရှန်းက အနိုင်ရခဲ့၏။
ဖန်းယွင်ရှန်းနှင့် နေသူတော်စင်ဂိုဏ်းကြားမှ ရန်ငြိုးရန်စကို လူအများစုက အနည်းငယ်သာ သိရှိကြသော်လည်း ကောင်းကင်မိုးကြိုးခန်းမမှ လင်ကျိုး၏ကျေးဇူးဖြင့် ဖန်းယွင်ရှန်းက ပျက်ဆီးသွားသည့် ထူးကဲယင်ခန္ဓာပြန်လည်ရှိရန် တိမ်လွှာတောင်ရှိ ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် ကျင့်ကြံနေခဲ့ကြောင်း သတင်းပျံ့သွားခဲ့သည်။ ထိုစဉ်က တတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲ ကျင်းပစဉ် အချိန် ဖြစ်သည်။
ပြန်လည်စတင်ခဲ့ပြီး အချိန် (၂)နှစ်အတွင်းမှာပင် ယခုကဲ့သို့ မကြုံစဖူးရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်လေရာ လူတိုင်း မအံ့သြဘဲ မနေနိုင်ကြပေ။
အကယ်၍ ဖန်းယွင်ရှန်းသာ အချိန်အနည်းငယ်ပိုမိုရရှိမည်ဆိုပါက ၊ သို့မဟုတ် မန်ဝမ် ၊ ချန်စုထင်နှင့် အခြားသော ထူးကဲယင်မိန်းမပျိုများကဲ့သို့ အစမျဉ်းကြောင်းအတိုင်း စတင်ခဲ့မည်ဆိုပါက ယခုအချိန် သူမ မည်သို့သောအဆင့်သို့ ရောက်ရှိနေမည်နည်း။
ထိုသို့ဆိုလျှင် မန်ဝမ်သည် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နိုင်ပါဦးမည်လား။
မန်ဝမ် သရဖူရသွားသည့်တိုင် နေသူတော်စင်ဂိုဏ်းမှလူများ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေကြသည်။
ဖန်းယွင်ရှန်း အနားရောက်လာသည်နှင့် ရန်ကျောက်ကဲက မေးလိုက်သည်။
“ဘယ်လောက်လဲ”
မေးခွန်းက အစမရှိ အဆုံးမရှိ ကြုံသလိုပြောလိုက်သော စကားတစ်ခွန်းပမာ ဖြစ်သော်လည်း ဖန်းယွင်ရှန်းကတော့ ရန်ကျောက်ကဲဆိုလိုသည့်အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။
သူမက ခပ်တိုးတိုးလေသံဖြင့်...
“ကျွန်မက မန်ဝမ်နဲ့တိုက်ခိုက်တော့ အရမ်းအားနည်းနေလို့ ခဏလေးပဲ တိုက်ခိုက်လိုက်ရပေမယ့် အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ခဲ့တယ် ၊ လက်ရှိမှာ ဝမ်လေးက (၇၇) ရာနှုန်းကနေ (၈၂) ရာနှုန်းပဲ”
ရန်ကျောက်ကဲက ခေါင်းကိုမော့ကာ စဉ်းစားလိုက်ရင်း...
“ဒါဆို ယေဘူယျ (၈၀) ရာနှုန်းလို့ သတ်မှတ်ရမှာပေါ့ ၊ စိတ်ချရတဲ့ အနိမ့်ဆုံးအဆင့်ကို (၇၇) ရာနှုန်းလို့ ယူဆနိုင်တယ်”
သူက ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...
“ဘေးကနေကြည့်တာက အသုံးမဝင်ဘူး ၊ အခု မင်းကိုယ်တိုင် သူနဲ့ရင်ဆိုင်ကြည့်တော့ အခြေအနေကို ကောင်းကောင်းနားလည်သွားပြီ ၊ ဆိုတော့... ထိုက်ယင်းကျင့်စဉ်ကျမ်းရဲ့ အကူအညီနဲ့ မန်ဝမ်ရဲ့ထူးကဲယင်ပညာကို ချိုးဖျက်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီလား”
ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားပြီးနောက် စိတ်အားထက်သန်စွာ ဖြေသည်။
“လက်ရှိအခြေအနေမှာ ကျွန်မရဲ့ ယုံကြည်ချက်က (၅၀) ရာနှုန်းထက်နည်းပါတယ် ၊ ဒါပေမဲ့ နောက်နှစ်မှာ ကျွန်မရဲ့ ထူးကဲယင်ပညာ ပြီးပြည့်စုံအောင်ကျင့်ကြံပြီးရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုများလာမှာပါ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“နောက်နှစ်ဆို မန်ဝမ်လည်း တိုးတက်လာမှာပဲလေ ၊ ထိုက်ယင်းပညာကိုတောင် နားလည်ချင်နားလည်လာနိုင်တယ် ၊ ဒါပေမဲ့ သူ့လှုပ်ရှားမှုအသစ်တွေက အရင်နည်းလမ်းဟောင်းတွေရဲ့ ရင်းမြစ်ကိုပဲ အခြေခံနေဦးမယ်ဆိုရင်တော့... အချို့အရာတွေ တူညီနေမယ်ဆိုရင်တောင် မင်းအတွက် အခွင့်အရေးပိုများလိမ့်မယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“စိတ်ချပါ ၊ ကျွန်မ နားလည်ပါတယ်”
သူမက မန်ဝမ်၏ဦးခေါင်းထက်တွင်ရှိနေသော ထူးကဲယင်သရဖူကို လှမ်းကြည့်ပြီး တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။
ရန်ကျောက်ကဲက မန်ဝမ်၏ဦးခေါင်းထက်မှ ထူးကဲယင်သရဖူကို တစ်ချက်လှမ်းကြည့်ပြီး နေသူတော်စင်ဂိုဏ်းသားများ ရှိရာနေရာသို့ လှမ်းကြည့်သည်။
“အားလုံး အစီအစဉ်တကျဖြစ်ပြီဆိုရင် မြောက်ဖျားကို ခရီးထွက်ရမယ် ၊ ငါတွေးထားတာတွေဖြစ်လာဖို့ မျှော်လင့်ပါတယ် ၊ ဒါမှ မင်းတို့ကို လက်ဆောင်ပို့ပေးလို့ရမှာ ၊ ငါတို့ ဝါဒတောင်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ငါက ပြန်ပေးတဲ့ လက်ဆောင်ပေါ့ ၊ ပြီးတော့ ဒီနေ့ ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့အတွက် ဂုဏ်ပြုလက်ဆောင်လို့လည်း မှတ်ယူနိုင်တယ်”
ပဉ္စအကြိမ် ထူကဲယင်ပြိုင်ပွဲက လိုက်ကာချ အဆုံးသတ်သွားပေပြီ။
နှစ်စဉ်နှစ်တိုင်း ယခုလိုနေ့မျိုးတွင် ပျော်ရွှင်သူများရှိသလို အခက်တွေ့သူများရှိမည်မှာလည်း မလွဲမသွေပင်။ ယခုနှစ်တွင်လည်း ချွင်းချက်မရှိခဲ့ပေ။
နေသူတော်စင်ဂိုဏ်းသားများကတော့ ပျော်ရွှင်မှုကြားမှပင် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။ ဝါဒတောင်၏တိုက်ခိုက်မှုကြောင့် အခြေအနေဆုတ်ယုတ်သွားခဲ့သော နေသူတော်စင်ဂိုဏ်းအနေဖြင့် ပြန်လည်ရှင်သန်နိုင်ပြီ ဖြစ်သည်။
နေသူတော်စင်ဂိုဏ်း ပြန်လည်အင်အားကောင်းလာသည်နှင့်အမျှ ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်း မဟာမိတ် (၃)ဖွဲ့အနေဖြင့် နေသူတော်စင်ဂိုဏ်းကို ပစ်မှတ်ထားသည့် အလုံးစုံဗျူဟာများကို မလွဲမသွေ ပြန်လည်ချိန်ညှိရမည် ဖြစ်၏။
လှိုင်းနက်ဂေဟာကတော့ အခြားသူများထက် တည်ငြိမ်နေသည်ထင်ရသော်လည်း အတော်လေး တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ထင်ရသည်။
အရှုတ်ထွေးဆုံးခံစားချက်များ ပိုင်ဆိုင်ထားသူကတော့ ကောင်းကင်မိုးကြိုးခန်းမ ဖြစ်သည်။
နေသူတော်စင်ဂိုဏ်း အင်အားတိုးလာသဖြင့် မဟာမိတ်(၃)ဖွဲ့၏ ဖိအားများကို ရင်ဆိုင်ရာတွင် ကောင်းကင်မိုးကြိုးခန်းမအတွက် အနည်းငယ် အသက်ရှူချောင်သွားသည်ဟု ဆိုနိုင်သည်။
သို့ရာတွင် မူလကပင်အားကောင်းသော ရန်သူမဟာမိတ်(၃)ဖွဲ့နှင့် နေသူတော်စင်ဂိုဏ်းက ပိုမိအားကောင်းလာသည့်တိုင် ကောင်းကင်မိုးကြိုးခန်းမကတော့ သိသိသာသာ အားကောင်းမလာခဲ့ပေ။ ထိုအချက်က ကောင်းကင်မိုးကြိုးခန်းမမှ လူများအားလုံးကို စိတ်ပူပန်စေသည်။
ပို၍စိုးရိမ်စရာကောင်းသည်မှာ သူတို့၏ထူးကဲယင်မိန်းမပျိုက ပိုမိုအားကောင်းလာချိန်တွင် အခြားသောပြိုင်ဘက်မိန်းမပျိုများသည်လည်း ပိုမိုကြောက်စရာကောင်းလာခြင်း ဖြစ်သည်။
အတိတ်ကလွှမ်းမိုးနိုင်စွမ်းရှိသူများကလည်း ပိုမိုအားကောင်းလာကြသလို ယခုနှစ်မှပေါ်လာသော အသစ်စက်စက်များကလည်း အလွန်တောက်ပခဲ့ကြသည်။
ကောင်းကင်မိုးကြိုးခန်းမ တိုးတက်လာသည်နှင့်အမျှ သူတို့၏ပြိုင်ဘက်များသည်လည်း တိုးတက်လာသည့်အပြင် တိုးတက်မှုနှုန်းက သူတို့ထက်ပင် ပိုများနေသေးသည်။ နှိုင်းယှဉ်ကြည့်လျှင် သူတို့က နောက်ပြန်ဆုတ်သွားသလိုပင် ထင်မှတ်ရ၏။
ကောင်းကင်မိုးကြိုးခန်းမ၏ ထူးကဲယင်မိန်းမပျိုသည် သရဖူရရန် အဖြစ်နိုင်သေးသည့်အခြေအနေကို မျက်စိရှေ့တွင်တွေ့မြင်ရသည့်အခါ သူတို့၏မျှော်လင့်ချက်များ ဝေးဝါးသွားကြသည်။
ကောင်းကင်မိုးကြိုးခန်းမ ခံစားနေရသည့် အရှုံးတရားနှင့် ဆုတ်ယုတ်မှုများကို ရန်ကျောက်ကဲက စိတ်မဝင်စားပေ။ သို့သော် သူ မြောက်ဖျားသို့သွားရောက်မည့်ခရီးစဉ်ကို ကောင်းကင်မိုးကြိုးခန်းမက နှောက်ယှက်မည်ကို စိုးရိမ်မိ၏။
ထူးကဲယင်ပြိုင်ပွဲပြီးဆုံးသွားခြင်းက အလုပ်ကိစ္စအတော်များများ ပြီးဆုံးသွားခြင်းဟု ယူဆနိုင်ပြီး ရန်ကျောက်ကဲအနေဖြင့် အရှေ့ပင်လယ်သို့ သွားရောက်ရဦးမည် ဖြစ်သည်။
အရှေ့ပင်လယ်တွင် ဖူအန်းစုနှင့်တွေ့ဆုံပြီး ဝါဒတောင်၏ ထူးကဲယင်မိန်းပမျိုအသစ်လေးကို အကဲဖြတ်ပေးရမည် ဖြစ်သည်။ ထို့နောက် လိုအပ်သည့်အရာများကို စနစ်တကျပြင်ဆင်ပြီး မြောက်ဖျားသို့ ခရီးဆက်ရပေမည်။
ရှီကျွင်းတို့ သားအမိ (၂)ယောက်ကိစ္စ ၊ ရေခဲနဂါးသူတော်စင်၏အမွေအနှစ်များနှင့် နေသူတော်စင်ဂိုဏ်းကိုပေးရန် ပြင်ဆင်နေသည့် ‘လက်ဆောင်’။
ထိုကိစ္စများအားလုံး၏ အဖြေက မြောက်ဖျားဒေသတွင် တည်ရှိနေလေသည်။