စာရင်းသွင်းခြင်းနှင့် အမှတ်တရ
Vol. 2 Ch. 24
“ဪ၊ အတန်းဖော် ချန်းယန် ကြီးလာပြီဆို ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်သူထားတာတော့ မကောင်းဘူးနော်” ကျန်းကျဲ့က ရယ်ချင်စိတ်ကို ထိန်းကာ သြဝါဒပေးဟန်ဖြင့် ပြောလိုက်သည်။
“သွားစမ်းပါ! ဘာတွေလာ ပြောနေတာလဲ” ကျန်းကျဲ့က သူမရဲ့ စိတ်ထဲက အရာတွေကို နောက်ပြောင်တဲ့သဘောနဲ့ ပြောလိုက်တဲ့အခါ ချန်းယန် ရှက်ရွံ့ပြီး ဒေါသထွက်ကာ သူ့ကိုလက်သီးနဲ့ ထိုးတော့သည်။
ကျန်းကျဲ့က နောက်ပြောင်တဲ့စကားနဲ့ ငြင်းပယ်ဖို့ ခက်ခဲတဲ့အခြေအနေကို ဖြေရှင်းလိုက်၏။
ချန်းယန်က အလွန်လှပပြီး ရက်အနည်းငယ်ကြာ ခင်လာ ပြီးနောက် သူတို့နှစ်ဦးကြား ခံစားချက် တွေ ရှိလာကြသည် ။ သို့သော် ကျန်းကျဲ့က ချန်းယန်အပေါ် သူ ချစ်မိသည့် အဆင့်ထိ မရောက် သေးဘူးလို့ ခံစားမိနေဆဲပင်။
သူ တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရတဲ့အခါ သူ ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ ဘဝမျိုး ရ ချင် သည်။ သို့သော် သူက သူ့ကိုယ်သူ သတိပေးလေ့ရှိသည်၊ သူ လွတ်လပ်စွာ နေနိုင်သော်လည်း ကိုယ့်ကိုကိုယ် မမောက်မာ သင့်ပေ။
ထို့ပြင် ယခုအချိန်မှာ သူက အခြားအရာများကြောင့် စိတ်ပြန့်လွင့်ပြီး တွေးတောနေခြင်းက သူ့ရဲ့ အခြေအနေကို သက်ရောက်မှုရှိသည် မှာ အမှန်ပင်။ တချို့လူတွေက ပေါ့ပေါ့ပါးပါးနေရင်းနဲ့တောင် တက္ကသိုလ်ဝင်ခွင့် ရနိုင်သည်ဆိုပေမဲ့ ဒီလိုအကျင့်မျိုးက မကောင်းပေ။
စနေနေ့မှာ ကျန်းကျဲ့က လျှပ်စစ် သတင်းအချက်အလက်မြို့ကို ပြေးသွားပြီး ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးနဲ့ ဒီဂျစ်တယ်ကင်မရာတစ်လုံးကိုလည်း ဝယ်ယူခဲ့သည်။
နောင်လာမည့်ခေတ်ရဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒီပစ္စည်းတွေရဲ့ လုပ်ဆောင်ချက်က သိပ်မကောင်း ဘဲ အဆင့်မြင့်လာတာနဲ့အမျှ မကြာခင်မှာ စွန့်ပစ်ခံရတော့မှာ ဖြစ်သည်။
သို့သော်လည်း ဒီအချိန်မှာတော့ လျှပ်စစ် ပစ္စည်းတွေက အလွန်စျေးကြီးလှသည်။ ဒီဂျစ်တယ်ကင်မရာတစ်လုံးနဲ့ လမ်းပေါ်မှာ လျှောက်သွားမယ်ဆိုရင်တော့ မင်းက အထင်ရှားဆုံး လူတစ်ဦးဖြစ်မှာ အမှန်ပင်။
၁၇ လက်မ မျက်နှာပြင်က ကြီးမားပြီး လေးလံလှသည့်အပြင် ပင်မယူနစ်သေတ္တာကလည်း မသေးလှတာကြောင့် ကျန်းကျဲ့က တက္ကစီစီးဖို့ ပြင်ထားသည်။
သူ ကားစောင့်နေတုန်းမှာပဲ လူငယ်လေးတွေရဲ့ အားကျတဲ့အကြည့်တွေကို ခံစားမိလိုက်သည်။ တကယ်တော့ သူ ဒီပစ္စည်းတွေကို ဝယ်တာက အဆင်ပြေဖို့အတွက်ဖြစ်ပြီး နောင်မှာ ပန်းချီရောင်းသည်ဖြစ်စေ၊ ဒီဇိုင်းဆွဲသည်ဖြစ်စေ၊ ဒါတွေက မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေဖြစ်ကြ၏။
သူ ကွန်ပျူတာကို တက္ကစီပေါ် တင်ပြီး ကားထဲ ဝင်ထိုင်လိုက်တဲ့အခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
တကယ်ဆို ကားတစ်စီးရှိရင် ပိုပြီး အဆင်ပြေမှာလား။ ဒီအချိန်မှာ ကိုယ် ပိုင်ကားတွေရဲ့ အရေအတွက်ကလည်း လျင်မြန်စွာ တိုးလာနေပြီ ဖြစ်သည်။
ကောင်းပြီ၊ ငါ ပိုက်ဆံပိုရလာတဲ့အခါ ငါ ကားဝယ်ဖို့ အစီအစဉ် ထဲ ထည့်ထား တာပေါ့။
ကျန်းကျဲ့က သူ့ရဲ့ ပန်းချီခန်းကို ပြန်ရောက်တာနဲ့ ကွန်ပျူတာကို တပ်ဆင်ပြီး အင်တာနက်လိုင်း ချိတ်လိုက်သည်။ အဆောက်အအုံက အဟောင်းဖြစ်နေတာကြောင့် ဖုန်းခေါ်ဆိုမှုနဲ့သာ အင်တာနက် ချိတ်ဆက်ရသည်။ ဒါပေမဲ့ အင်တာနက်ဆိုင်သွားတာထက်တော့ အများကြီး ပိုအဆင်ပြေပါသည်။
မိုဘိုင်းဖုန်း၊ ဒီဂျစ်တယ်ကင်မရာ၊ ကွန်ပျူတာ အစုံအလင်ရှိတော့ သူ့ရဲ့ဘဝက ခေတ်မီတဲ့ အရိပ်အယောင်လေးတွေ ပေါ်လာပြီး ခေတ်မီတဲ့ဘဝရဲ့ အရသာကိုလည်း ရှာတွေ့လာသည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ကျန်းကျဲ့က လသာဆောင်ပေါ် မှာ ရပ်ပြီး အနုပညာအထက်တန်းကျောင်းရဲ့ ဝင်ပေါက်မှာ လူအများအပြား စုနေတာကို မြင်လိုက်တဲ့အခါ ပထမဆုံး အနုပညာစာမေးပွဲအတွက် စာရင်းသွင်းတာ စတင်ပြီဆိုတာကို သိလိုက်ပါတော့သည်။
သူ အောက်ထပ်ဆင်းပြီး အနုပညာအထက်တန်းကျောင်းရဲ့ ကျောင်းတံခါးဝကို လမ်းလျှောက်လာပြီး ကြော်ငြာဘုတ်ကို ကြည့်လိုက်သည်။
လာမယ့် တနင်္လာနေ့မှာ ၂၀၀၁ ခုနှစ် ပင်းဟိုင်အနုပညာစာမေးပွဲစစ်ဆေးရေးဌာန ရဲ့ ပထမဆုံးစာမေးပွဲ စတင်တော့မည် ဖြစ်သည်။ တနင်္လာနေ့မှ သောကြာနေ့အထိ တက္ကသိုလ်ငါးခုက ဆက်တိုက်ဆိုသလို ကျောင်းဝင်ခွင့်အနုပညာစာမေးပွဲများကို ကျင်းပသွားမည် ဖြစ်သည်။
ကျောင်းဝင်ခွင့်ကြော်ငြာစာရွက် များကိုလည်း ကြော်ငြာကျောက်သင်ပုန်း မှာ ကပ်ထားသည်။
ကြော်ငြာကျောက်သင်ပုန်း မှာ စာရင်းသွင်းခြင်းအသေးစိတ် နှင့် စာမေးပွဲလမ်းညွှန်ကိုလည်း ကပ်ထားပေးပေသည်။
ကျောင်းများက သူတို့ကျောင်းသားများအတွက် အနုပညာစာမေးပွဲများကို ပုံမှန်အားဖြင့် တစ်ရက်တည်းမှာ ကျင်းပ လေ့ရှိပြီး နံနက်ပိုင်း နှစ် ချိန်က ပန်းချီ ဆွဲခြင်း သို့မဟုတ် ဒီဇိုင်းအတွက်ဖြစ်ပြီး မွန်းလွဲပိုင်းက အရောင်ခြယ်ခြင်းအတွက် ဖြစ်သည်။
ကျန်းကျဲ့က ကျောင်းဝင်ခွင့်ကြော်ငြာရွက် ကို ကြည့်နေတုန်း ရုတ်တရက် စနစ်အသိပေးသံကို ကြားလိုက်ရသည်။
လူရှင်းတဲ့နေရာကို သွားပြီး စနစ်စာမျက်နှာကို ဖွင့်လိုက်သည်။
စာမျက်နှာပေါ်မှာ အသိပေးချက်တစ်ခု ပေါ်လာသည်။
ပိုင်ရှင် သည် စနစ်၏ ပထမဆုံးသော မစ်ရှင် ကို ဖွင့်လိုက်သည်။
စနစ်က နောက်ဆုံးတော့ လုပ်ဆောင်ချက် အသစ် ပေါ်လာခဲ့ပြီ။ မစ်ရှင်ရှိတယ်ဆိုတာက ဆုလာဘ်တွေ ပိုများလာတယ်ဆိုတာကို ဆိုလိုပါသည်။ နောင်မှာ သူက ပိုပြီးတော့ ကြိုးစားရင် စနစ်မှာ တခြားလုပ်ဆောင်ချက်တွေရော ရှိလာ ဦးမလားလို့ ကျန်းကျဲ့က ပျော်ရွှင်စွာ တွေးလိုက်သည်။
သူက မစ်ရှင်ရှင်းလင်းချက်ကို အသေးစိတ် ကြည့်လိုက်သည်။
ဒီမစ်ရှင်က အတွဲလိုက် မစ်ရှင် ဖြစ်သည်။
ပထမအဆင့်မစ်ရှင်က အနုပညာစာမေးပွဲ အောင်ခြင်း။ ဒုတိယအဆင့်မစ်ရှင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ တတိယအဆင့်မစ်ရှင်က ကျောင်းတက် ခွင့်ရခြင်း။
ပထမအဆင့်မစ်ရှင်လိုအပ်ချက် – ပိုင်ရှင် က အနုပညာစာမေးပွဲ ၆ ခု နှင့် ၆ ခု အထက် ပါဝင်ဖြေဆို ရမည်ဖြစ်ပြီး အနုပညာစာမေးပွဲအောင်လက်မှတ် တစ်စောင်နှင့်အထက် ရရှိရမည်။
စနစ်က ပိုင်ရှင် ရဲ့ အနုပညာစာမေးပွဲရလဒ်တွေကို အကဲဖြတ်ပြီး ဆုလာဘ်တွေ ပေးပါမည်။
စနစ်က ပိုင်ရှင် ဝင်ခွင့်ဖြေဆိုတဲ့ ကျောင်းတွေကို အဆင့်သတ်မှတ်ပါလိမ့်မည်။ အဆင့် (က) ကျောင်း တစ်ကျောင်းထက် မနည်းရ၊ အဆင့် (ခ) ကျောင်းကို ကန့်သတ်မထား၊ အဆင့် (ဂ) ကျောင်း နှစ်ကျောင်းထက် မပိုရ။
သတိပေးချက် – ပိုင်ရှင် က အနုပညာစာမေးပွဲမှာ အောင်လက်မှတ်များများ ရလေလေ၊ အထူးအောင်မြင်မှု ရရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ အထူးအောင်မြင်မှုက အထူးဆုလာဘ်တွေ ရရှိမှာဖြစ်ပြီး အထူးဆုလာဘ်တွေကို ထပ်ခါတလဲလဲ ရနိုင်မည် မဟုတ်ပေ။
နောက်ဆက်တွဲ မစ်ရှင်လိုအပ်ချက်များကို ယခုအဆင့် မစ်ရှင်ပြီးမှသာ ကြည့်နိုင်မည်။
အတွဲလိုက် မစ်ရှင်များ ပြီး ပါက စနစ်က ပိုင်ရှင် ရဲ့ ရမှတ်များကို အခြေခံပြီး အထူးဂုဏ်ပြုဆုများ ပေးအပ်ပါမည်။ ဂုဏ်ပြုဆုများတွင် အထူးစွမ်းရည် များ ပါရှိမည်။
ကျန်းကျဲ့က ရှင်းလင်းချက်ကို သေချာဖတ်လိုက်သည်။ ဒီမစ်ရှင်က ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ကြာမြင့်မည် ဖြစ်သည်။
အချိန်ကြာပေမဲ့ ဆုလာဘ်တွေကလည်း ဆွဲဆောင်မှုရှိလှသည်။
အထူးအောင်မြင်မှု၊ ဂုဏ်ပြု ဆု၊ စွမ်းရည် – နာမည်ကိုကြည့်တာနဲ့ မရိုးရှင်း ဘူးဆိုတာ သိသာ လှပါသည်။
သူ ချက်ချင်းပင် ပန်းချီခန်းကို ပြန်သွားပြီး ပင်းဟိုင်မှာ ကျောင်းသားလက်ခံဖို့ ရောက်လာတဲ့ ကျောင်းစာရင်းအားလုံးကို စနစ်ထဲ ထည့်လိုက်သည်။
စနစ်က အဆင့်သတ်မှတ်ချက်တွေကို ပေးခဲ့သည်။ ပင်းဟိုင်အနုပညာကောလိပ် အပါအဝင် ကျောင်းအချို့ကို အဆင့် (က) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ဘက်စုံတက္ကသိုလ်အချို့ကို အဆင့် (ခ) အဖြစ် သတ်မှတ်ကာ၊ အခုမှ အဆင့်မြှင့်တင်ထားတဲ့ ကောလိပ်အချို့ကို အဆင့် (ဂ) အဖြစ် သတ်မှတ်ခဲ့သည်။
ကျန်းကျဲ့က သူ့ရဲ့ မူလပန်းတိုင်နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ပြောင်းဖို့ လိုအပ်တဲ့နေရာ အနည်းငယ်သာ ရှိတာကို တွေ့လိုက်ရသည်။ မစ်ရှင်လိုအပ်ချက်တွေကို ကြည့်ပြီး ခန့်မှန်းရရင် အခက်အခဲ ပိုများလေလေ၊ အောင်မြင်မှု ပိုကြီးမားလေလေ ဖြစ်နိုင်တာကြောင့် အဆင့် (က) ကျောင်းတစ်ကျောင်း ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်ပြီး စုစုပေါင်း အနုပညာစာမေးပွဲ ခုနစ်ခု ဖြေဆိုဖို့ ဆုံးဖြတ်လိုက်သည်။
ပထမဆုံးအနေနဲ့ ရှန်ဟိုင်း ပုံနှိပ်ကောလိပ်ရဲ့ အနုပညာစာမေးပွဲကို ဖြေဆိုရန်ဖြစ်သည်။ ဒီကျောင်းကို အဆင့် (ခ) ကျောင်းအဖြစ် သတ်မှတ်ထားပြီး ဒီနေ့မှာ စာရင်းသွင်းမှု စတင်နေပြီ ဖြစ်သည်။
ကျန်းကျဲ့က စာရင်းသွင်းဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ပြင်နေတုန်းမှာ သူ့ဖုန်း ရုတ်တရက် မြည်လာသည်။
သူက ဖုန်းခေါ်ဆိုသူရဲ့ နံပါတ်က စိမ်းနေတာကို တွေ့လိုက်တော့ ခဏလောက် တွေဝေပြီးမှ လက်ခံလိုက်သည်။
ဖုန်းထဲမှ ချိုသာတဲ့ အသံတစ်သံက ထွက်ပေါ်လာသည်။
“ကျန်းကျဲ့လား၊ ကျွန်မက ချန်းယန်ပါ”
“ချန်းယန်၊ ဘာကိစ္စရှိလို့လဲ” ကျန်းကျဲ့က လက်တစ်ဖက်နဲ့ ဖုန်းကိုကိုင်ပြီး လက်တစ်ဖက်နဲ့ ပစ္စည်းတွေကို ဖိုင်တွဲထဲ ထည့်နေသည်။
“ရှင် ပထမဆုံး ဘယ်ကျောင်းကို စာရင်းသွင်းမှာ လဲ”
“ငါ ရှန်ဟိုင်း ပုံနှိပ်ကောလိပ်ကို စာရင်းသွင်း ဖို့ စဉ်းစားထားတယ်”
“ရှင် ဘယ်တော့ စာရင်းသွားသွင်းမှာလဲ”
“ခုချက်ချင်းပဲ”
“ဒါဆို ကျွန်မကို ခဏစောင့်ဦး၊ ကျွန်မတို့ အတူတူ စာရင်းသွာယ သွင်းကြတာပေါ့”
ကျန်းကျဲ့က ခဏလောက် စဉ်းစားပြီးမှ “အင်း၊ ငါ မင်းကို ကျောင်းဝမှာ စောင့်နေမယ်” ဟု ပြောလိုက်သည်။
သူ ဖိုင်တွဲကို ကိုင်ပြီး ကျောင်းဝကို ရောက်လာတော့ ခဏအကြာမှာ ကျောပိုးအိတ်လွယ်ပြီး ပြေးလာတဲ့ ချန်းယန်ကို မြင်လိုက်ရသည်။
သူမက ခေါင်းကို ချွန်းလီပုံစံ ဆံပင်ထုံးနဲ့ ထုံးထားတာကြောင့် ထင်ရှားစွာ မြင်ရသည်။ “သွားစို့၊ အတူတူ စာရင်းသွားသွင်းကြရအောင်။ ကျွန်မ စာရင်းသွင်းပြီးတဲ့ သူငယ်ချင်းတွေကို မေးကြည့်ပြီးပြီ။ စာမေးပွဲစစ်ဆေးရေးဌာန က စာရင်းသွင်းတဲ့ နံပါတ်စဉ်အလိုက် စာမေးပွဲခန်းကို စီစဉ်ပေးမှာ။ ကျွန်မတို့ အတူတူ စာရင်းသွင်းရင် စာမေးပွဲခန်း တစ်ခန်းတည်းမှာ ကျမှာ”
လုံခြုံရေးဝန်ထမ်းက သူတို့ကို စာရင်းသွင်းတဲ့နေရာကို ညွှန်ပြပေးသည်။
ကျောင်းသုံးကျောင်းက အနုပညာစာမေးပွဲအတွက် စာရင်းသွင်းတာကို တစ်ချိန်တည်း စတင်ခဲ့ပြီး စာရင်းသွင်းခန်း သုံးခန်းစီ ရှိသည်။
ဒီအချိန်မှာတော့ စာရင်းသွင်းတဲ့လူ အများကြီး မရှိသေးပေ။
လူနှစ်ဦးက ရှန်ဟိုင်းပုံနှိပ်ကောလိပ်ရဲ့ စာရင်းသွင်းခန်းထဲကို ဝင်သွားသည်။
စာရင်းသွင်းခြင်းကို တာဝန်ယူထားတဲ့ ဆရာက သူတို့နှစ်ဦး စာရင်းသွင်းလိုတာကို အတည်ပြုပြီး စာရင်းသွင်းဖောင် တစ်စောင်စီ ပေးကာ လိုအပ်ချက်တွေကို ရှင်းပြပေးသည်။
ကျန်းကျဲ့က ဖောင် ကိုဖြည့်ပြီး သတ်မှတ်ထားတဲ့နေရာမှာ ဓာတ်ပုံနှစ်ပုံ ကပ်လိုက်ပြီးမှ မှတ်ပုံတင်ကတ်နဲ့ စာရင်းသွင်းကြေး ယွမ် ၁၀၀ ကို ထုတ်ကာ တန်းစီလိုက်သည်။
တချို့ကျောင်းသားတွေက စာမေးပွဲ ၁၀ ကြိမ်ကျော် ဖြေဆိုဖို့ စီစဉ်ထားပြီး စာရင်းသွင်းကြေးချည်းပဲ ယွမ် ၁၀၀၀ ကနေ ၂၀၀၀ လောက် ကုန်ကျတယ်လို့ ကြားဖူးသည်။
ချန်းယန်က သူမရှေ့က ကျောင်းသားရဲ့ စာရင်းသွင်းနံပါတ်စဉ်ကို ခိုးကြည့်ထားတာကြောင့် ကျန်းကျဲ့ရဲ့ ရှေ့မှာ တန်းစီပြီး မကြာခင်မှာပဲ ဝင်ခွင့်စာမေးပွဲကတ်ကို ရရှိခဲ့သည်။
ကျန်းကျဲ့ရဲ့ အလှည့် ရောက်လာတော့သည်။
ဆရာက မှတ်ပုံတင်ကတ်ကို ကျွမ်းကျင်စွာ စစ်ဆေးပြီး စာရင်းသွင်းဖောင် နဲ့ စာရင်းသွင်းကြေး ယွမ် ၁၀၀ ကို ယူကာ ဝင်ခွင့်စာမေးပွဲကတ်ကို ပေးလိုက်သည်။
ချန်းယန်နဲ့ ကျန်းကျဲ့တို့ စာရင်းသွင်းခန်းကနေ အတူတူ ထွက်လာသည်။ “ကျွန်မက 0057၊ ရှင်က 0058။ကျွန်မတို့ စာမေးပွဲခန်း တစ်ခန်းတည်း ကျမှာ သေချာတယ်”
ကျန်းကျဲ့က သူ့ရဲ့ ပထမဆုံး အနုပညာစာမေးပွဲကတ်ကို ကြည့်လိုက်သည်။ အဲဒီပေါ်မှာ ကျောင်းအမည်၊ စာမေးပွဲနံပါတ်၊ တံဆိပ်တုံးတုံးထားတဲ့ ဓာတ်ပုံ၊ ပြီးတော့ စာမေးပွဲအချိန်တွေ ပါဝင်သည်။
သူက ဒါက ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး အနုပညာစာမေးပွဲဖြစ်ပြီး အမှတ်တရအခိုက်အတန့် ပဲလို့ ရုတ်တရက် သတိရလိုက်သည်။
သူ လမ်းလျှောက်တာကို ရပ်လိုက်ပြီး သူ့အိတ်ထဲက ဒီဂျစ်တယ်ကင်မရာကို ထုတ်လိုက်သည်။ သူ စမ်းကြည့်တော့ ကင်မရာနဲ့ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်တာက အဆင်မပြေပေ။
“ဒါ ဒီဂျစ်တယ်ကင်မရာလား၊ ရှင့်ရဲ့ဟာလား” ချန်းယန်က ကျန်းကျဲ့ရဲ့ လက်ထဲက ကင်မရာကို တွေ့ လိုက်သည်။
ကျန်းကျဲ့က ဆက်တင်တွေကို ချိန်ပြီး ကင်မရာကို ချန်းယန်ကို ပေးလိုက်သည်- “ငါ့ကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးပါဦး၊ စာရင်းသွင်းခန်းကို နောက်ခံထားပြီး ကိုယ် တစ်ပိုင်းပုံ လောက်ဆို ရပြီ”
“အင်း၊ ရပါတယ်”
ချန်းယန်က ကင်မရာကို ကိုင်ပြီး အနေအထားကို ချိန်လိုက်သည်။
စခရင် (ကင်မရာ မျက်နှာပြင်) ထဲက ကျန်းကျဲ့က ဝင်ခွင့်စာမေးပွဲကတ်တစ်စောင်ကို ကိုင်ပြီး ပြုံးရယ်နေကာ တောက်ပလို့နေပေသည်။
ကလစ်—