အပိုင်း ၁၀၉-၁၁၂
Vol. 6 Ch. 109-112
အပိုင်း (၁၀၉)
ရယ်စရာကောင်းတဲ့လိမ်ညာမှု။
ကျောင်းမိန်မိန်းသည် ယဲ့ဖန်ကို ကောင်ချောလေးဟု စော်ကားသည့်အဓိပ္ပာယ်နှင့်ပြောတာကို ကြားသည့်အခါ ကျိုးရှုယောင်း ဒေါသထွက်လာသည်။
" ဘယ်သူ့ကို ယောက်ျားလှလေးလို့ခေါ်နေတာလဲ "
တစ်ခွန်းတည်းနဲ့ ကျိုးရှုယောင်းကို စိတ်တိုအောင် လုပ်လိုက်နိုင်သည့်အတွက် ကျောင်းမိန်မိန်းမျက်နှာက ဂုဏ်ဆာသွားသည်။
" ငါပြောတာမှန်သွားတယ်ထင်ပါတယ်။ မဟုတ်ရင် နင်က ဘာလို့ ဒေါသထွက်နေတာလဲ။ ဟူး၊ ရှုယောင်းရေ၊ ဘယ်လိုဘဲဖြစ်ဖြစ် ငါတို့က လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပါ။ မင်းအစ်မရဲ့စကားကိုနားထောင်။ ငါတို့လိုမိန်းကလေးတွေက ကိုယ့်ကိုဈေးကောင်းပေးမယ့်သူကိုစောင့်ပြီးမှရောင်းရတယ်။ နင့်ကိုယ်နင်လည်းပြန်ကြည့်လိုက်ပါဦး၊ ဘယ်သူကများ နင့်ကို လာပြီးချစ်ပေးမှာလဲ "
ကျိုးရှုယောင်းသည် သူမစကားတွေကြောင့် ဒေါသထွက်လွန်းလို့ တုန်လှုပ်နေပြီး သူမကို မျက်စောင်းထိုးလိုက်သည်။
သို့ပေမဲ့ ကျောင်းမိန်မိန်းကတော့ ရပ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူမက ဆက်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။
" နင့်ရဲ့ ဒီအလှလေးကိုကြည့်ပါဦး။ ကြည့်လို့တော့ကောင်းပေမဲ့ သူက နင့်ကိုရုပ်ရည်နဲ့ကျွေးနိုင်လို့လား "
ယဲ့ဖန် မတတ်နိုင်ဘဲ နှာခေါင်းကိုပွတ်လိုက်သည်။
သူ့ပုံစံက ပိုက်ကွန်ထဲကငါးကို မီးမြှိုက်ခံရတာနှင့်တူနေသည်။
ဘယ်သူ့ကိုများ စော်ကားမိထားလို့လဲ။
ရုပ်ချောတာက တရားမဝင်လို့လား။
" ပြီးတော့ သူက ငယ်သေးတယ်လေ။ သူ့မှာနှုတ်ခမ်းမွှေးတောင်မရှိသေးဘူး။ အဲ့တာက ယုံလိုမရဘူးလို့ဆိုလိုတာဘဲ။ နင် ပြဿနာကြုံရင် သူက လေတွေမိုးတွေဆီကနေ ကာကွယ်ပေးနိုင်မှာမလို့လား "
" ငါတို့ရဲ့ လျုံလူကြီးကိုကြည့်လိုက်။ သူ့ရုပ်ရည်ကသာမန်မလို့ အရမ်းကြီးကြည့်မကောင်းပေမဲ့ ညဘက်တွေမီးပိတ်လိုက်ရင် ဘာမှကွာခြားမှုမရှိဘူးမဟုတ်လား...... "
" လျုံလူကြီးက နည်းနည်းလေးအိုနေပေမဲ့ သူ့ထက် ဘဝအတွေ့အကြုံပိုရှိပြီး သူ့ထက် ထမင်းပိုစားခဲ့ရတာ "
" အရေးအကြီးက သူက ချမ်းသာတယ်လေ။ သူက နေ့တိုင်း စံအိမ်ကြီးတွေမှာနေတာ။ ပြီးတော့ စားကောင်းသောက်ဖွယ်တွေစားရတယ်....နင်ကတော့ အဲ့လိုမျိုးတွေ နင့်ဘဝမှာ တွေ့ဖူးရဲ့လားလို့တောင် စိတ်ပူမိတယ် ........ "
ကျိုးရှုယောင်းသည် သူမ၏ကြွားဝါမှုတွေကိုကြားပြီး ဒေါသထွက်ကာ ချက်ချင်းရယ်ချလိုက်သည်။
" ယဲ့ဖန်က သေချာပေါက် နင့်ရဲ့လူအိုကြီးလျုံလိုတော့ မချမ်းသာပါဘူး။ သူက ပင်းရှန်းတိုက်ခန်းအဆောက်အဦးဆယ်ခုဘဲပိုင်တာပါ။ အို၊ ဒါနဲ့ အဲ့အဆောက်အဦးဆယ်ခုလုံးကို တာဝန်ယူနေရတာငါလေ "
ထိုစကားကိုကြားတဲ့အခါ ကျောင်းမိန်မိန်းသည် ယဲ့ဖန်ကို အမြန်ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျိုးရှုယောင်းသည် ပိုကောင်းတဲ့အလုပ်ရှာတွေ့သွားပြီဟုပြောကာ အလုပ်ထွက်စာတင်ခဲ့သည်။
ထို့နောက်တွင် ကျိုးရှုယောင်းက တကယ်ဘဲ ပင်းရှန်းတိုက်ခန်းအဆောက်အဦးဆယ်ခုကို စီမံခန့်ခွဲနေကြောင်း သိလိုက်ရသည်။
ရာထူးအရဖြစ်စေ၊ အခွင့်ထူးအရဖြစ်စေ ထိုအလုပ်သည် သူမအရင်အလုပ်ထက်အဆပေါင်းစွာသာလေသည်။
ထိုအကြောင်းက သူတို့ကုမ္ပဏီရှိ ဝန်ထမ်းတိုင်းကို အတော်လေးမနာလိုရှုစိမ့်ဖြစ်စေသည်။
ကျိုးရှုယောင်းသည် သူဌေးကြီးတစ်ယောက်၏သားလေးကို အပိုင်ဖမ်းမိသွားပြီဟု ခန့်မှန်းခဲ့ကြသည်။
အဲ့ဒီကောင်လေးက သူ့ရှေ့က လူငယ်လေးများလား။
" ဟားဟားဟား၊ နင် ငါ့ကို ဒေါသဆွချင်ရင်တောင် ဒီလိုရယ်စရာကောင်းတဲ့အလိမ်တွေလာပြောမနေပါနဲ့လား။ ဒီကလေးပုံစံကဖြင့် ဆင်းရဲမွဲတေနေတဲ့ပုံကို။ တိုက်ခန်းအဆောက်အဦးဆယ်ခုပိုင်မယ့်ပုံ မပေါ်ပါဘူး "
ယဲ့ဖန်သည် သာမန်အဝတ်အစားများကိုဘဲ ဝတ်ဆင်ထားသည်ကို ကျောင်းမိန်မိန်းတွေ့လိုက်သည်။ သူ့ကိုယ်ရောင်ကိုယ်ဝါက သူမအရင်ကတွေ့ဖူးသော ဒုတိယမျိုးဆက်သူဌေးသားမျိုးပုံစံမဟုတ်ပေ။
ထို့ကြောင့် ကျိုးရှုယောင်းက သူမကို လိမ်ညာနေကြောင်း ပိုသေချာသည်ဟု ထင်သွားသည်။
ကျိုးရှုယောင်းသည် စကားပြန်မပြောနိုင်ဖြစ်သွားသည်။
သူမသည် ဒီလိုမျိုး ကျိုးကြောင်းမဆီလျော်တဲ့မိန်းမမျိုးနဲ့ ယှဉ်စရာမလိုပေ။
ယဲ့ဖန်ကိုလည်း အိမ်စာချုပ်တွေထုတ်ပြခိုင်းလို့မရဘူး၊ မဟုတ်လား။
သူမ အရှက်ကွဲသလိုခံစားနေရတုန်းမှာဘဲ ယဲ့ဖန်က ရုတ်တရက်ထပြောသည်။
" ရှုယောင်း၊ ငါ နင့်ကို ဒီနေ့ခေါ်လိုက်တာက အဆောက်အဦးရုံးခန်းတစ်ခုကို စီမံစေချင်လို့။ နင် အဲ့ဒီအလုပ်ကိုရောလုပ်ဖို့ အင်အားရှိသေးရဲ့လား "
ကျိုးရှုယောင်းက အံ့အားသင့်သွားသည်။
" ဘယ်အဆောက်အဦးရဲ့ရုံးခန်းလဲ "
ယဲ့ဖန်၏အမူအရာက တည်ငြိမ်နေသည်။
" Silver Brilliance အဆောက်အဦး "
ကျိုးရှုယောင်း၊ ကျောင်းမိန်မိန်းနှင့် သူမ၏လူအိုကြီးတို့ အားလုံး အံ့ဩသွားကြသည်။
စားသောက်ဆိုင်ထဲမှ ဧည့်သည့်တစ်ချို့ကလည်း တအံ့တဩလှမ်းကြည့်ကြသည်။
Silver Brillianceအဆောက်အဦးသည် ကျုံးဟိုင်မြို့တွင် အတော်လေးနာမည်ကြီးပြီး ကျုံးဟိုင်မြို့၏အထင်ကရနေရာဟုတောင် ပြောနိုင်သည်။
Silver Brilliance အဆောက်အဦးပိုင်ရှင်ဆိုပါက ပေါ့သေးသေးလုံးဝမဟုတ်ပေ။
ကျောင်းမိန်မိန်က သေချာပေါက် သူ့ကိုမယုံပေ။
" နင်က Silver Brilliance အဆောက်အဦးပိုင်ရှင်လား။ အဲ့တာဆို ငါက ကျုံးဟိုင်မြို့တော်ဝန်ဘဲ "
သို့ပေမဲ့ သူမဘေးက လူလတ်ပိုင်းယောက်ျားကတော့ သတိထားပြီးကြည့်နေသည်။
" ဒီက မိတ်ဆွေရဲ့နာမည်ကဘာများလဲ "
" မျိုးရိုးနာမည်က ယဲ့ "
ယဲ့ဖန် အမူအရာကတည်ငြိမ်နေဆဲဖြစ်သည်။
" Silver Brillianceအဆောက်အဦးပိုင်ရှင်လို့ပြောတယ်မလား။ ကျွန်တော့်မိတ်ဆွေတစ်ဦးရဲ့ ကုမ္ပဏီက Silver Brillianceအဆောက်အဦးထဲမှာပါ၊ သူက မြေငှားပါ။ သူ့ကို သိမလားလို့သိချင်ပါတယ် "
ထိုလူကြီးက ယဲ့ဖန်ကို မဝံ့မရဲကြည့်နေသည်။
" ခင်ဗျားမိတ်ဆွေရဲ့ ကုမ္ပဏီနာမည်ကဘာလဲ "
ယဲ့ဖန်သည် စားပွဲပေါ်မှ ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။
" ဒုန်းအန်းငွေကြေးအာမခံပါ "
ထို သက်လတ်ပိုင်းလူကြီးက အမှန်တိုင်းဖြေသည်။
" အို၊ ခင်ဗျားမိတ်ဆွေမျိုးရိုးက ကောင်း ဟုတ်တယ်မလား။ မနေ့ကတောင် ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီဆီသွားပြီး ကိုယ်တိုင် အငှားငွေသွားယူသေးတယ်။ ပြီးတော့ သူဌေးကောင်းက ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုပါတယ် "
ယဲ့ဖန် ခွက်ကိုချပြီး ထိုလူကြီးကို ပြုံးပြကာကြည့်လိုက်သည်။
ထိုစကားကို ကြားတဲ့အခါ သက်လတ်ပိုင်းလူကြီးက ချက်ချင်းသတိကပ်ပြီး တရိုတသေပြောသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် မဆင်မခြင်လုပ်မိလို့ တောင်းပန်ပါတယ် "
ထို့နောက် သူက ကျောင်းမိန်မိန်းကို တို့ပြီးပြောလိုက်သည်။
" မင်းက ဘာလို့ ယဲ့လူကြီးမင်းကို မတောင်းပန်သေးတာလဲ "
ကျောင်းမိန်မိန်းက အံ့အားသင့်သွားသည်။
" သူ့ကို တောင်းပန်ရမှာလား။ ဘာလို့လဲ "
ထိုသက်လတ်ပိုင်းလူကြီးက ဒေါသကြောင့်သေတော့မတတ်ဖြစ်သွားသည်။
အစောပိုင်းက စကားတီးခေါက်မိသည့်အရ သူသည် Silver Brilliance အဆောက်အဦးပိုင်ရှင်သစ် ယဲ့ဖန်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
သူ မနေ့ညက ညစာစားပွဲတွင် ကောဟွိုက်လျန်နှင့်တွေ့ခဲ့သည်။
သေချာပေါက် ကောဟွိုက်လျန်က သူဌေးထိုင်ခုံမှာထိုင်နေပြီး သူကတော့ ဒုတိယခုံမှာသာ ထိုင်နေခဲ့တာဖြစ်သည်။
စားပွဲတွင် ကောဟွိုက်လျန်က နေ့လယ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတဲ့အကြောင်းပြောသံကို သူကြားခဲ့သည်။
ကောဟွိုက်လျန်ပြောပုံအရ Silver Brilliance အဆောက်အဦးပိုင်ရှင်အသစ်သည် အတော်လေးငယ်ပြီး ပိုနီမားနှင့်လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသည်ဟုဆိုသည်။
အဲ့တာသာအမှန်ဆိုပါက သူတို့ရှေ့က ထိုလူငယ်လေးရဲ့အင်အားဘယ်လောက်ကြီးလဲဆိုတာ ခန့်မှန်းနိုင်သည်။
ထိုအတွေးကြောင့် သက်လတ်ပိုင်းလူကြီးက ကျောင်းမိန်မိန်းကို ချက်ချင်း ပါးရိုက်လိုက်သည်။
" ခွေးမ၊ နင် ဘာတွေ သောက်စားထားလဲမသိပေမဲ့ ငါ့ကိုပါ သေအောင်လုပ်နေတာလား။ မြန်မြန် ယဲ့လူကြီးမင်းကို တောင်းပန်လိုက် "
ကျောင်းမိန်မိန်းသညိ လုံးဝကြောင်အသွားတော့သည်။
ဒီလူအိုကြီးသည် သူမကို အမြဲတမ်းလက်ခုပ်ထားမှာ သိမ်းထားချင်သည့်အလား တတ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ချော့မော့ဂရုစိုက်သည်။
အခုတော့ သူက ဒီကောင်လေးအလှလေးအတွက် သူမကိုရိုက်သည်။
ဒီကိစ္စက ဘယ်လောက် အရေးပါလဲဆိုတာ မြင်နိုင်သည်။
ကျိုးရှုယောင်းရှေ့တွင် အမှားကိုဝန်ခံပြီး ခေါင်းငုံ့တာက မျက်နှာပျက်စရာဟု ခံစားရပေမဲ့ အခု သူမ မနာခံလို့ မရပေ။ ထို့ကြောင့် ယဲ့ဖန်ကို မြန်မြန်ဦးညွတ်လိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်မ တောင်းပန်ပါတယ်။ ဒါတွေအားလုံး ကျွန်မအပြစ်မလို့ ခွင့်လွှတ်ပေးပါ "
အပိုင်း (၁၁၀)
အကုန်ကြားတယ်မလား။
ကျောင်းမိန်မိန်းသည် ခေါင်းကိုငုံ့ပြီး ယဲ့ဖန်ကို တောင်းပန်သည်။
ကျိုးရှုယောင်း အံ့ဩသွားရသည်။
သူမသည် ကျောင်းမိန်မိန်းနှင့် အကြာကြီး လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တာကြောင့် သူမ ဘယ်လောက်မာနကြီးလဲဆိုတာသိသည်။
ဒီအချိန်တွင်တော့ ကျောင်းမိန်မိန်းသည် လူအများကြီးအရှေ့တွင် အမှားကို ဝန်ခံကာ လိုလိုလားလားခေါင်းငုံ့ခဲ့သည်။
ဒါက အမှန်ပင် မယုံနိုင်စရာကောင်းသည်။
ယဲ့ဖန်သည် ကျောင်းမိန်မိန်းကို ရွံရှာသလိုကြည့်ပြီးနောက် ကျိုးရှုယောင်းကိုဆွဲကာ ထိုင်ခုံတွင် ပြန်ထိုင်သည်။
" ကျေးဇူးဘဲ "
ကျိုးရှုယောင်းသည် မျက်နှာတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်လျက် အသံတိုးတိုးဖြင့်ပြောသည်။
သူမကို ကျောင်းမိန်မိန်းက အရင်ကုမ္ပဏီတွင် အနိုင်ကျင့်ခဲ့သည်။
ဒီတစ်ခါမှာတော့ ယဲ့ဖန်ကြောင့် သူမဒေါသတွေအတွက် ပေါက်ကွဲခွင့်ရခဲ့သည်။
" ဒီအတိုင်း ကျေးဇူးတင်တယ်လို့ဘဲပြောမှာလား "
ယဲ့ဖန်က ခပ်ရိရိပြုံးလိုက်သည်။
" ဘာလိုချင်သေးလို့လဲ "
ကျိုးရှုယောင်းသည် ယဲ့ဖန် မျက်လုံးကိုကြည့်ပြီး နှလုံးခုန်သံစည်းတစ်ချက်ကျော်သွားသည်။
" နင် ဒေါသထွက်လို့ရအောင် ကူညီပေးထားတာလေ။ ဘာမှပြောစရာမရှိတော့ဘူးလား "
ယဲ့ဖန်သည် သူ့ကံကောင်းနေမှုကို ရှေ့ဆက်သည်။
ကျိုးရှုယောင်းသည် ယဲ့ဖန်ရဲ့ အကြည့်ပြင်းပြင်းတွေကြောင့် အနည်းငယ်ရှက်သွေးဖြာသွားသည်။
စားပွဲပေါ်မှ အာလူးကြော်ချောင်းတွေကိုယူပြီး ချက်ချင်း သူ့ပါးစပ်ထဲထည့်ပေးလိုက်သည်။
" ရော့ ဒါကို ဆုအဖြစ်ယူလိုက် "
ယဲ့ဖန်က တွေးတောင်မတွေးဘဲ ပါးစပ်ဟပြီး အာလူးချောင်းကြော်ကိုစားလိုက်သည်။
ကျိုးရှုယောင်း လက်ပြန်မရုတ်ခင်မှာဘဲ သူမလက်နှစ်ချောင်းက ယဲ့ဖန်ပါးစပ်နဲ့ထိသွားသည်။
သူမ၏နူးညံ့တဲ့ခန္ဓာကိုယ်လေးက တုန်လှုပ်သွားပြီး အော်လိုက်သည်။
" အာ့ ........ "
သူမအသံကြောင့် စားသောက်ဆိုင်တစ်ခုလုံးရဲ့အာရုံက သူမဆီရောက်လာသည်။
ပတ်ဝန်းကျင်က သူတွေက သူတို့နှစ်ယောက်မြင်ကွင်းကိုတွေ့တဲ့အခါ သူတို့ပါးစပ်တစ်ခုလုံး ခွေးစာအပြည့်ဖြစ်သွားသည်။
ထို့နောက် ခေါင်းကိုလှည့်ပြီး ပြောဆိုကြတော့သည်။
" ကဲသဲနေလိုက်တာ "
ယဲ့ဖန်ကတော့ အခြားသူတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ လက်နှင့်ထိမိသွားတဲ့နှုတ်ခမ်းကိုထိကာ ခုနက အခြေအနေကို တမ်းတနေပုံပေါက်သည်။
" နင် အကျင့်ပုတ် "
ကျိုးရှုယောင်းသည် နားရွက်တွေအထိ ရဲတွတ်နေပြီး တွင်းရှာပြီးသာ ပုန်းနေချင်လိုက်တော့သည်။
သို့ပေမဲ့ သူမ ဘယ်လိုဘဲပြောလိုက်ပါစေ စိတ်ထဲကတော့ ကြိတ်ပျော်နေသည်။
ပြီးတော့ ယဲ့ဖန်က သူမကို ပေါ်ပေါ်ထင်ထင် အီစီကလီလုပ်ခဲ့တော့ သူက သူမအပေါ်စိတ်ဝင်စားတယ်လို့ဆိုလိုတာလား။
အဲ့တာဆို သူမ ဘယ်လို တုန့်ပြန်သင့်လဲ။
သူမ ဒီအတိုင်းဆက်ပြီး ဟန်ဖို့နေသင့်လား။
ဒါမှမဟုတ် သူမဘက်ကရော စိတ်လိုလက်ရ ပြန်အီစီကလီလုပ်သင့်လား။
အဲ့လိုကြီးကတော့ ကြည့်ရမကောင်းဘူး၊ ဟုတ်တယ်မလား။
ထိုသို့ ရှုပ်ထွေးပြီး အတွေးပြိုင်နေတာကြောင့် ကျိုးရှုယောင်းစားရတာ ခံတွင်းမတွေ့တော့ပေ။
စားပြီးတဲ့နောက် ယဲ့ဖန်က ငွေရှင်းဖို့သွားသည်။
ထို့နောက် သူတို့နှစ်ယောက်အတူထွက်လာသည်။
သူတို့နှစ်ယောက်အတူထွက်သွားတာကိုကြည့်ပြီး ကျောင်းမိန်မိန်း၏မျက်လုံးထဲတွင် မနာလိုမှုတွေပြည့်လာသည်။
ကျိုးရှုယောင်းသည် သူမကို အပြစ်ပေးဖို့ ကောင်းကင်မှ လွှတ်လိုက်သည်ဟုခံစားရသည်။
အရင်တုန်းက ကုမ္ပဏီတွင် ကျောင်းမိန်မိန်းက အလှဆုံးဖြစ်သည်။
နောက်ပိုင်းတွင် ကျိုးရှုယောင်းရောက်လာသည့်အခါ သူမ ချက်ချင်းရှုံးနိမ့်သွားရတော့သည်။
ထို့နောက် ကံကောင်းထောက်မစွာဖြင့် လက်ရှိမွေးစာအဖေကိုတွေ့ပြီး ကျိုးရှုယောင်းကို ကျော်နိုင်ပြီဟုတွေးခဲ့တာဖြစ်သည်။
မထင်မှတ်ထားဘဲ ကျိုးရှုယောင်းတွင် ငယ်ရွယ်ချောမောပြီး ချမ်းသာသောကောင်လေးရှိနေခဲ့သည်။
ကျိုးရှုယောင်းသည် သူမ၏နတ်ဆိုးဖြစ်သည်။
ကျောင်းမိန်မိန်းသည် သူမဘဝကို ကျိန်ဆဲနေရင်း ကျိုးရှုယောင်းနှင့် ယဲ့ဖန်တို့ စားသောက်ဆိုင်ထဲမှ ထွက်ကာ ကားပါကင်ရှိ Ferrari Enzo ကားရှိရာသို့သွားနေသည်ကိုတွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် သူမမျက်လုံး ကျွတ်ကျမတတ်ဖြစ်သွားသည်။
သူမ အဲ့ဒီပြိုင်ကားကို သတိထားမိပြီးသားဖြစ်သည်။
မထင်မှတ်ထားဘဲ ထိုကားအကောင်းစားက ယဲ့ဖန်၏ကားဖြစ်နေခဲ့သည်။
ထိုကားသည် အနည်းဆုံးယွမ်သန်း၂၀၀ရှိသည်။
ယဲ့ဖန်၏ချမ်းသာမှုသည် ထင်ထားတာထက် ပိုများပုံရသည်။
ကျောင်းမိန်မိန်းသည် သူမ၏ မနာလိုမှုကို မထိန်းနိုင်တော့ပေ။
သူမ၏ မွေးစားဖေဖေ သန့်စင်ခန်းသို့သွားစဉ်တွင် ချက်ချင်းထထွက်လာသည်။
ယဲ့ဖန်သည် ကားစက်နှိုးမည့်အချိန်တွင် ကျောင်းမိန်မိန်းမှ သူတို့ဆီသို့လျှောက်လာသည်ကိုတွေ့လိုက်သည်
" ဘာလိုလို့လဲ "
ယဲ့ဖန် စက်နှိုးတာကို တစ်ခဏမျှရပ်မေးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်မ ရှင့်ကို ဆက်သွယ်ဖို့ အချက်အလက်ရနိုင်မလား "
ကျောင်းမိန်မိန်းသည် သူမ၏ရင်ဘတ်ကို တမင်လှစ်ဟပြပြီး ကားပြတင်းပေါက်ကိုမှီလိုက်သည်။
" ပေးဖို့မလိုဘူး၊ မဟုတ်လား "
ယဲ့ဖန်က သူမ၏အီစီကလီလုပ်မှုကို စိတ်မဝင်စားပေ။ သူမကို ကြည့်တောင် မကြည့်ပေ။
" ယဲ့လူကြီးမင်း၊ ကျွန်မနဲ့အတွင်းသိအဆင်းသိ မဖြစ်ချင်ဘူးလား "
ကျောင်းမိန်မိန်း၏ အတွင်းသိအဆင်းသိဆိုသည့်စကားသည် နက်နဲပြီး လူတိုင်းကို အတွေးရိုင်းစေသည်။
ယဲ့ဖန် သူမကို ပြတ်ပြတ်သားသားငြင်းလိုက်ပြီး မျက်နှာသာလုံးဝမပေးပေ။
ကျောင်းမိန်မိန်းမျက်နှာပျက်သွားသည်။
သို့ပေမဲ့ သူမက ပုံမှန်မျက်နှာပြန်လုပ်ပြီး ကျိုးရှုယောင်းကို အထင်သေးစွာ လှမ်းကြည့်သည်။
" ယဲ့လူကြီးမင်းက သူမကို ဘယ်လိုမြင်လဲဆိုတာတော့ ကျွန်မ မသိဘူး။ သူမက ကိုယ်လုံးကိုယ်ပေါက်ရော အရည်အချင်းရောမရှိဘူး။ ကျွန်မနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
ယဲ့လူကြီးမင်းသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့ ဒီညကို ပန်းတွေနဲ့ လရောင်အောက်မှာ အတူတူကုန်ဆုံးနိုင်ပါတယ်။ ရှင်စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ် "
ထိုသို့ပြောပြီး ယဲ့ဖန်ကို အီစီကလီအကြည့်ဖြင့်ကြည့်ဖို့လည်း မမေ့ပေ။
ယဲ့ဖန်က သူမ၏အရှက်မရှိတဲ့စကားတွေကိုကြားပြီးနောက် ပြုံးကာ တည်ငြိမ်စွာဖြင့်ပြောသည်။
" မင်းမှာ ကောင်လေးရှိတယ်လေ။ သူက မင်းပြောတဲ့စကားတွေကို ကြားသွားမှာမစိုးရိမ်ဘူးလား "
ကျောင်းမိန်မိန်းသည် သူမကိုယ်သူမ လှသည်ဟုထင်သော အပြုံးပြုံးလိုက်သည်။
" လူတွေက အမြင့်ကိုမှန်းကြတာဘဲလေ။ အဲ့လူကြီးက အိုပြီးရုပ်ဆိုးတဲ့အပြင် တစ်ချို့အပိုင်းမှာ ကျွန်မကို စိတ်ပျော်ရွှင်အောင်လုပ်မပေးနိုင်ဘူး။ သူက ယဲ့လူကြီးမင်းလို ငယ်ပြီး မချောမောနိုင်ဘူးလေ "
ယဲ့ဖန်က ခပ်ညစ်ညစ်ပြုံးလိုက်ပြီး သူမအနောက်ကိုလှမ်းကြည့်လိုက်သည်။
" အကုန်ကြားတယ်မလား။ ခင်ဗျား ဘာတွေးနေမလဲ သိချင်မိတယ် "
ကျောင်းမိန်မိန်းလည်း လန့်ပြီး အနောက်ကို အမြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် ထိပ်ပြောင်နေသည့် သက်လတ်ပိုင်းလူကြီးသည် သူမအနောက်တွင်ရပ်ကာ မျက်လုံးထဲတွင် ဒေါသတဟုန်းဟုန်းတောက်နေသည်။
" မွေးစားဖေဖေ....... ကျွန်မ .... ကျွန်မက နောက်နေတာပါ "
ကျောင်းမိန်မိန်းသည် သူ့ကိုတွေ့တဲ့အခါ ကြောက်လွန်းလို့ မျက်နှာဖြူဖျော့သွားပြီး စကားကိုပင်ကောင်းကောင်းမပြောနိုင်တော့ပေ။
သို့ပေမဲ့ သူမ ဖြေရှင်းလို့မပြီးသေးခင်မှာဘဲ ထိုလူကြီးက သူမကို ပါးထပ်ရိုက်လိုက်သည်။
" ခွေးမ၊ ငါက မင်းကို ဘဝကောင်းကောင်းမှာနေခွင့်ပေးပြီး ဇိမ်ခံအိမ်တွေတောင်ဝယ်ပေးထားတာကို နင်ကတော့ ငါ့ကို အိုပြီးရုပ်ဆိုးတယ်လို့ပြောတယ်ပေါ့၊ ဟုတ်လား "
ထိုသက်လတ်ပိုင်းလူကြီးသည် ဒေါသကြောင့် တုန်နေပြီး သူမကို နေရာမှာတင်သတ်ပစ်ချင်နေသည်။
" မွေးစားဖေဖေ၊ ကျွန်မမှားသွားပါတယ်။ နောက်ထပ်အခွင့်အရေးပေးပါ။ ထပ်မလုပ်တော့ပါဘူး "
ကျောင်းမိန်မိန်းသည် မြေကြီးပေါ်သို့ ဒူးထောက်ချပြီး ထိုလူကြီး၏ပေါင်ကိုဖက်ထားပေမဲ့ ထိုလူကြီးက သူ့ကို ကန်ထုတ်လိုက်သည်။
" သွားစမ်းပါ၊ မင်းကိုကြည့်ရတာနဲ့တင်ရွံနေပြီ။ မင်းကို ထပ်မတွေ့မိစေနဲ့ "
ကျောင်းမိန်မိန်း ဘယ်လောက်ဘဲ အော်ဟစ်နေပါစေ သူက လုံးဝလှည့်မကြည့်ပေ။
ထိုမြင်ကွင်းကြောင့် ယဲ့ဖန်၏နှုတ်ခမ်းသည် အေးစက်သည့်အပြုံးတစ်ခုပေါ်လာပြီး ကားကို ချက်ချင်းစက်နှိုးကာ မောင်းထွက်သွားသည်။
စားသောက်ဆိုင်ထဲမှ ဧည့်သည်တစ်ချို့ကလည်း ကျောင်းမိန်မိန်းကို ရွံရှာစွာကြည့်ကြသည်။
ထိုကဲ့သို့မိန်းမမျိုးသည် သနားဖို့ပင် မထိုက်တန်ပေ။
မိန်းကလေးတွေ ပစ္စည်းပကာသနမက်ခြင်းသည် မမှားပေ။
သို့ပေမဲ့ အနည်းဆုံးတော့ အသိတရားစည်းရှိသင့်သည်။
ရည်းစားရဲ့နောက်ကွယ်မှာ အခြားယောကျ်ားတစ်ယောက်ကို မြှူစွယ်ခြင်းကို ဘယ်ယောက်ျားလေးကမှ သည်းမခံနိုင်ပေ။
မကြာခင်တွင် ကျောင်းမိန်မိန်း၏အော်ဟစ်ငိုကြွေးသံသည် လမ်းတစ်လျှောက်တွင် ပေါ်ထွက်လာခဲ့သည်။
အပိုင်း (၁၁၁)
မပူနဲ့၊ ဆက်တူး။
တစ်ဖက်တွင် ယဲ့ဖန်သည် ကားကိုမောင်းပြီး ကျိုးရှုယောင်းကို Silver Brilliance အဆောက်အဦးရှိ စီမံခန့်ခွဲရေးဌာနသို့ ခေါ်လာခဲ့သည်။
ထို့နောက် သူမကို ငွေကြေးရေးရာဌာန၏တာဝန်ရှိသူအဖြစ် ကြေညာခဲ့သည်။
ထိုစကားတွေထွက်လာတာနဲ့ Silver Brilliance အဆောက်အဦး၏ စီမံခန့်ခွဲရေးဌာန၏ အရင်ကတာဝန်ရှိသူ ထန်းယုံတိက နေရာမှာတွင် မျက်နှာပျက်သွားခဲ့သည်။
ယဲ့ဖန်သည် သူ့ကိုမယုံတာကြောင့် လူယုံကို သွင်းထားမှန်း ထန်းယုံတိကောင်းကောင်းကြီးသိသည်။
သို့ပေမဲ့ ထိုစီစဉ်မှုကို မကျေနပ်ကြောင်း ထုတ်မပြရဲပေ။
ဘယ်လိုဘဲဖြစ်ဖြစ် ဧကရာဇ်တိုင်းတွင် သူတို့၏လူယုံကိုယ်စီရှိကြသည်။
စီမံခန့်ခွဲရေးဌာနမှ တခြားလူတွေကလည်း ယဲ့ဖန်ကို အံ့ဩနေကြသည်။
ယဲ့ဖန်သည် ငယ်ရွယ်သောကြောင့် လှည့်စားရလွယ်မည်ဟု ထင်ခဲ့ပြသည်။
ယဲ့ဖန်က ဤကဲ့သို့ ကိုင်တွယ်ရခက်သည့်သူတစ်ယောက်ဖြစ်မည်ဟု ထင်မထားကြပေ။
သူသည် စီမံခန့်ခွဲရေးဌာန၏ ငွေကြေးအင်အားကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။
အဆောက်အဦးစီမံခန့်ခွဲရေးဌာနမှ အမျိုးသမီးဝန်ထမ်းများက ကျိုးရှုယောင်းကို မနာလိုသည့်အကြည့်ဖြင့်ကြည့်ကြသည်။
သူတို့၏မျက်လုံးထဲတွင် ဒီမိန်းကလေးက ယဲ့သူဌေးရဲ့အိပ်ရာပေါ်ကိုတက်ပြီးလို့ ဒီလို ကဏ္ဍကြီးကြီးတစ်ခုမှာ နေရာရတာဟုထင်နေကြသည်။
ကျိုးရှုယောင်းသည် သူတို့ ဘာတွေတွေးနေလဲဆိုတာသိသည်။
သို့ပေမဲ့ သူမက ဒီလိုကိစ္စမျိုးကို တကူးတရှင်းပြဖို့ နည်းလမ်းမရှိပေ။
သူမ ဒီနေ့မှာရရှိသည့် ဂုဏ်ပုဒ်သည် ယဲ့ဖန် ကုတင်ပေါ်တက်ပြီးမှ ရလာတာမဟုတ်သော်လည်း ယဲ့ဖန်၏ထောက်ပံ့ပေးမှုကြောင့်သာ ရတာဖြစ်သည်။
မဟုတ်ပါက သူမ၏အသက်နှင့်အရည်အချင်းတို့ဖြင့်သာဆိုလျှင် ပင်းရှန်းတိုက်ခန်းနှင့် Silver Brilliance လိုအဆောက်အဦးကြီး၏ ခန့်ခွဲမှုအနေအထားကို ဒီလောက်မြန်မြန်နဲ့ ဘယ်လိုလုပ်ရနိုင်မှာလဲ။
လွှဲပြောင်းရေးကိစ္စပြီးတဲ့နောက် ယဲ့ဖန်နောက်မှလိုက်ကာ Silver Brilliance အဆောက်အဦးထဲကထွက်လာသည်။
" ငါတို့အခု ဘယ်သွားမလို့လဲ "
ကျိုးရှုယောင်းသည် လက်ထဲတွင် စာရွက်စာတမ်းအထပ်လိုက်ကိုကိုင်ပြီး ယဲ့ဖန်ဘက်ကို လှည့်မေးသည်။
ယဲ့ဖန်ဖြေတော့မည့်အချိန်မှာဘဲ စနစ်အကြောင်းကြားသံက နားထဲတွင် ရုတ်တရက်မြည်လာသည်။
[ ရတနာအသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ ထူးဆန်းသည့်ရတနာမြေပုံ အပိုင်းအစ ]
[ စနစ်မှ ညွှန်ကြားရေးစတင်ပါပြီ။ လက်ရှိလမ်းမှ တည့်တည့်သွားပြီးနောက် ဘယ်ဘက်ကို မီတာ ၅၀၀ ကွေ့ပါ ]
ယဲ့ဖန်သည် ကျိုးရှုယောင်းကို တည်ငြိမ်စွာကြည့်လိုက်သည်။
" ငါ လုပ်စရာလေးတွေရှိသေးတယ်။ နင်အရင်ပြန်ပြီးတော့ Silver Brilliance အဆောက်အဦးနဲ့ပတ်သက်တဲ့ငွေကြေးအချက်အလက်တွေကိုစစ်ပြီး ရင်းနှီးအောင်လုပ်ထားလိုက် "
ကျိုးရှုယောင်းကလည်း မငြင်းဘဲ ချက်ချင်း လက်ခံလိုက်သည်။
ယဲ့ဖန်သည် ဘာမှထပ်မပြောတော့ဘဲ ကားကို အဝေးသို့မောင်းထွက်သွားသည်။
ဒီတစ်ခေါက်ခရီးသည် ပုံမှန်ထက်ပိုဝေးသည်။
စနစ်ညွှန်ကြားရာနောက်ကို လိုက်ခဲ့သည်။
ယဲ့ဖန်သည် နယ်ဘက်ပိုင်းသို့ မိနစ် ၄၀ ကျော်ကြာပြီးနောက် ရောက်လာခဲ့သည်။
ဒါတောင်မှ စနစ်က သူ့ကိုဆက်ပြီးညွှန်ကြားပေးနေသေးသည်။
ယဲ့ဖန် ဒီနေရာတစ်ဝိုက်ကိုရောက်ဖူးသည်။ ဒီတစ်ဝိုက်တွင် နှစ်ပေါင်းထောင်ကျော်သမိုင်းရှိသည့် ရှေးဟောင်းမြို့တော်ကြီးရှိသည်။
စနစ်၏ညွှန်ကြားရာလမ်းကြောင်းနောက်ကိုကြည့်ရသလောက် အဲ့ဒီကိုသွားနေတာဖြစ်ရမည်။
ယဲ့ဖန် ထင်ထားသည့်အတိုင်းဖြစ်ခဲ့သည်။
စနစ်၏ညွှန်ကြားချက်နောက်ပြီး ယဲ့ဖန်ကားသည် ပျက်စီးနေသော ရှေးဟောင်းမြို့တော်နားကို ရောက်လာခဲ့သည်။
နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေတဲ့နောက် ထိုနေရာက အတော်လေးခြောက်ကပ်နေသည်။
သို့ပေမဲ့ ပျက်စီးနေသည့် ရှေးဟောင်းမြို့တော်အရှေ့တွင် ရိုက်ကူးရေးအုပ်စုတစ်စုကို ယဲ့ဖန် တအံ့တဩတွေ့လိုက်ရသည်။
ကားထဲကထွက်ရမလား၊ မထွက်ရဘူးလား တွေဝေနေတုန်းမှာဘဲ ရင်းနှီးတဲ့မျက်နှာတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။
အဲ့တာက ရှချူး၏မန်နေဂျာ အစ်မဝမ်ဖြစ်သည်။
ယဲ့ဖန် စိတ်ထဲမှ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
ဒါဆို ရိုက်ကူးရေးက ရှချူးရဲ့ရုပ်ရှင်ပေါ့။
" ယဲ့လူကြီးမင်းလား "
သူ ဘာမှမပြောရသေးခင်မှာဘဲ အစ်မဝမ်က သူ့ကို အဝေးကနေ သတိထားမိသွားပြီး ရိုက်ကူးရေးအုပ်စုရှိရာဘက်ကို လှမ်းအော်လိုက်သည်။
" ရှချူး၊ ရှရှရေ၊ ယဲ့လူကြီးမင်း ရောက်နေတယ် "
ရိုက်ကူးရေးလုပ်နေရင်းတန်းလန်းကနေ ထိုအော်သံကိုကြားတဲ့အခါ ရိုက်ကူးရေးကို ခဏရပ်ပြီး ပြေးလာသည်။
ဒါရိုက်တာသည် စိတ်ဆိုးသွားပေမဲ့ ဘာမှမပြောရဲပေ။
ပထမဆုံးအနေနဲ့ သူ့လို ဒါရိုက်တာအငယ်တန်းတစ်ယောက်က ရှချူးလို ကြယ်ပွင့်ကြီးတစ်ယောက်ကို ခိုင်းစေလို့မရပေ။
ထို့အပြင် ရေပူစမ်းအပန်းဖြေစခန်းမှအတွေ့အကြုံအရ ယဲ့ဖန်တွင် ကြီးမားသောနောက်ခံရှိသည်။
ဤကဲ့သို့ ဘိုးဘေးကြီးနှစ်ယောက်က သူ စော်ကားမိလို့မရပေ။
ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သားများကို ခဏနားရန် ညွှန်ကြားလိုက်သည်။
ရှချူးသည် အပြေးလာပြီး မျက်နှာနီနေသည်။
" ရှင် ...... ရှင်ဒီကိုလာတာ ကျွန်မကိုတွေ့ဖို့လား။ ကျွန်မတို့ ဒီမှာရိုက်ကူးရေးရှိတာ ရှင်ဘယ်လိုလုပ်ပြီးသိတာလဲ "
ယဲ့ဖန်သည် သူမ၏မေးခွန်းကြောင့် အနည်းငယ်ရှက်သွားသည်။
ရှချူးကို ဒီလိုတောထဲမှာ တွေ့မယ်လို့ သူ ဘယ်လိုလုပ်ပြီးသိခဲ့မှာလဲ။
" အဲ့တာက တိုက်ဆိုင်တာလို့ပြောရင် မင်းယုံမှာလား "
" ဟွန့်၊ သရဲကိုသွားပြောမှ ယုံလိမ့်မယ် "
ရှချူးသည် သူမ၏ပျော်ရွှင်နေသောမျက်နှာကို ဖုံးမထားနိုင်ပေ။
ယဲ့ဖန်က သူမကိုတွေ့ဖို့ ဒီရောက်လာတာဟု ထင်နေသည်။
ယဲ့ဖန် ဘယ်လိုရှင်းပြရမလဲမသိပေ။ ဘာမှမဖြစ်သလိုသာ အပျက်အစီးတွေကိုကြည့်နေလိုက်သည်။
" ဒီမှာရတနာတွေရှိတယ်လို့ ကိုယ့်မိတ်ဆွေတစ်ယောက်ဆီက သိလာတာ။ တကယ် ဟုတ်မဟုတ်သိချင်လို့ "
ယဲ့ဖန်စကားတွေက အနည်းငယ်ကလေးဆန်သည်ဟုထင်တာကြောင့် ရှချူးက သူ့ကို ချက်ချင်းစနောက်လိုက်သည်။
" အဲ့လိုပေါက်တက်ကရတွေကိုလည်း ယုံတာဘဲလား။ တကယ်လို့ ရတနာသာရှိမယ်ဆို တူးဖော်ပြီးတာကြာလှရောပေါ့။ ဘာလို့ ရှင့်အလှည့်ကိုစောင့်နေမှာလဲ "
ယဲ့ဖန် သူ့နှာခေါင်းကိုထိလိုက်သည်။
" အဲ့လိုလည်းဖြစ်နိုင်ပေမဲ့ ကိုယ်က အမြဲတမ်းကံကောင်းတတ်တယ်လေ "
ရှချူးက ဆက်ပြောလိုက်သည်။
" ဒါဆို ကျွန်မ လောင်းမယ်။ ရှင် ဒီမှာသာ ရတနာရှာနိုင်မယ်ဆိုရင် ကျွန်မ ရှင်တောင်းဆိုတဲ့ ဘာမဆို ဖြည့်ဆည်းပေးမယ် "
ယဲ့ဖန်က မျက်ခုံးပင့်လိုက်သည်။
" မင်းပြောတာနော် "
ရှချူးကလည်း မျက်နှာမော့ကာ အရှုံးမပေးပေ။
" လူကြီးလူကောင်းတစ်ယောက်ရဲ့စကားက ပြန်ရုတ်သိမ်းလို့မရဘူး "
ယဲ့ဖန် ဘာမှဆက်အပြောဘဲ ရှေးဟောင်းမြို့တော်၏ပျက်စီးနေသည့်နေရာကို ချက်ချင်းလျှောက်သွားခဲ့သည်။
ရိုက်ကူးရေးအဖွဲ့သားတွေက တွေ့တဲ့အခါ သူ့နောက်မှ စူးစမ်းစွာဖြင့် လိုက်သွားကြသည်။
ယဲ့ဖန်သည် စနစ်၏ညွှန်ကြားရေးအတိုင်းလိုက်နာပြီး အပျက်အစီးတွေရဲ့အစွန်းတစ်နေရာကို ရောက်သွားခဲ့သည်။
[ သင့်ရဲ့ခရီးပန်းတိုင်ကိုရောက်ရှိပါပြီ။ ညွှန်ကြားရေးစနစ် ပြီးဆုံးပါပြီ ]
စနစ်၏အကြောင်းကြားသံကိုကြားတဲ့အခါ ယဲ့ဖန် ချက်ချင်းရပ်လိုက်သည်။
ထို့နောက် ယဲ့ဖန်သည် ဖုန်းရွှေပညာရှင်ကြီးပမာဟန်ဆောင်ပြီး လက်ချောင်းတွေကိုချိုးကာ ရေတွက်ချင်ဟန်ဆောင်လိုက်သည်။
ထို့နောက် ယဲ့ဖန်သည်မြေကြီးပေါ်မှ သစ်သားတစ်ချောင်းကိုကောက်ပြီး သူရပ်နေသည့်နေရာကို စက်ဝိုင်းဝိုင်းကာ မှတ်သားလိုက်သည်။
" ကိုယ့်အထင် ရတနာက ဒီမှာ "
" အဲ့မှာ မရှိရင်ရော "
ရှချူးက ချက်ချင်းပြန်ပြောသည်။
" မရှိရင် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကို အသားကင်ချောင်းဝယ်ကျွေးမယ် "
ယဲ့ဖန်က ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
" လူတိုင်း သူပြောတာကြားတယ်နော်။ ရတနာရှာလို့မရရင် သူက ကျွန်မတို့ကို ဘာဘီကျူးဝယ်ကျွေးလိမ့်မယ်။ မြန်မြန် ကူရှာလိုက်ကြပါဦး "
ရှချူးက အဖွဲ့သားတွေကို လှည့်ပြီး ရှာခိုင်းစေသည်။
ထိုစကားကိုကြားတဲ့အခါ အဖွဲ့သားတစ်ခုလုံးက အားတက်သွားကြသည်။
မကြာခင်တွင် သန်မာသည့်သူအချို့ကရောက်လာပြီး ဂေါ်ပြားတွေဖြင့်တူးတော့သည်။
.....................
လူသန်ကြီးတွေက နာရီဝက်လောက်တူးပြီးတဲ့အခါ နေရာတိုင်းတွင် ဖုန်တွေသဲတွေအပြည့်ဖြစ်သွားသည်။
ထိုအချိန်တွင် တွင်းကို တစ်မီတာကျော်လောက် တူးပြီးပြီဖြစ်ပေမဲ့ ဘာရတနာအရိပ်အယောင်မှမတွေ့ရပေ။
ရှချူးက ယဲ့ဖန်ကို ခပ်ထေ့ထေ့ကြည့်လိုက်သည်။
" ဘယ်လိုလဲ၊ ယဲ့ဆရာကြီး။ ကျွန်မပြောတယ်မလား ဘာမှမရှိပါဘူးဆိုနေ "
ယဲ့ဖန် အမူအရာကတော့ နဂိုအတိုင်းဘဲဖြစ်နေသည်။
" မပူနဲ့၊ ဆက်ပြီးတူး "
အပိုင်း (၁၁၂)
ဒါက ဘယ်လိုတောင်းဆိုမှုမျိုးလဲ။
ယဲ့ဖန်၏စကားကိုကြားပြီးတဲ့နောက် လူသန်ကြီးတွေက ဆက်ပြီးသာတူးနေကြရတော့သည်။
ထိုနေရာတွင်ရှိသောသူများသည် ယဲ့ဖန်စကားကို မယုံကြပေ။
သို့ပေမဲ့ ယဲ့ဖန်၏အနေအထားကြောင့် သူ့ကို ဘယ်သူကမှ ပေါ်ပေါ်ထင်ထင်မလှောင်ပြောင်ရဲကြချေ။
ထို့အပြင် ရိုက်ကူးရေးအဖွဲ့သားများကလည်း အနည်းငယ်ပျင်းနေတာကြောင့် ပျော်စရာကိစ္စတစ်ခုအဖြစ်သတ်မှတ်ပြီး လုပ်နေကြတာဖြစ်သည်။
သို့ပေမဲ့ လူတိုင်းက ယဲ့ဖန်စကားကို မယုံကြည်နေကြစဉ်မှာဘဲ .....….....
ရိုက်ကူးရေးအဖွဲ့သားထဲကတစ်ယောက်ကပြောလိုက်သည်။
" ဒါက ဘာကြီးလဲ "
သူ့စကားကိုကြားပြီးနောက် လူတိုင်းက ရှေ့တိုးလာပြီး ဘာဖြစ်တာလဲဟု လာကြည့်ကြသည်။
ထို့နောက် တွင်းထဲမှ အစိမ်းရောင်သတ္တုပစ္စည်းတစ်ခုကပေါ်လာသည်။
ယဲ့ဖန်က လူသန်ကြီးတစ်ချို့ကို တွန်းဖယ်ပြီး တွင်းထဲကိုခုန်ဆင်းကာ လက်ဖြင့် သေချာဂရုတစိုက်တူးလေသည်။
တစ်ခဏကြာပြီးတဲ့နောက် ရှေးဟောင်းကြေးအိုးတစ်ခုကို တူးမိသည်။
ထိုကြေးအိုးကိုတွေ့တဲ့အခါ လူတိုင်းက အံ့ဩထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ဒါက တကယ်ဘဲ ရတနာလား။
ရှချူးက ပို၍တောင်ကြောင်အသွားသည်။
ယဲ့ဖန်က ရတနာရှိသည်ဟုပြောတုန်းက သူသည် ပေါက်ကရပြောနေသည်ဟုသာ ရှချူးက ထင်ခဲ့သည်။
ဒီမှာ ရတနာအစစ်ရှိနေမည်ဟု သူမ လုံးဝကို ထင်မှတ်မထားပေ။
ဒါက လုံးဝကို ယုံကြည်ချင်စရာ မကောင်းပေ။
သို့ပေမဲ့ ကြေးအိုးရှာတွေ့ခြင်းက အဆုံးသတ်မဟုတ်ပေ။
ယဲ့ဖန်က အထဲသို့ဆက်ပြီးတူးသည့်အခါ ရှေးဟောင်းပစ္စည်းတွေ တစ်ခုပြီးတစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာသည်။
ကြေးအမွှေးတိုင်အိုး၊ ကြေးသေးခံအိုး၊ ကြေးအကြွေစေ့ ..........
ထိုသို့ဖြင့် ယဲ့ဖန် ကြေးထည်ပစ္စည်း ၆မျိုး၊ ၇မျိုးလောက်ကို တူးဖော်ခဲ့သည်။
ပစ္စည်းတစ်ခုချင်းစီတိုင်းက မြို့တစ်မြို့စာလောက် တန်ဖိုးရှိသည်။
ထိုပစ္စည်းများကိုကြည့်ပြီး ရိုက်ကူးရေးအဖွဲ့သားများက အားကျ မနာလိုဖြစ်ကြသည်။
ကြည့်ပါဦး။ သူတို့တစ်ဘဝလုံးရှာရင်တောင် မရနိုင်တဲ့ ချမ်းသာမှုမျိုးကို သူက မြေကြီးထဲကနေ မိနစ်ပိုင်းအတွင်း တူးဖော်သွားတာ။
လူတွေအချင်းချင်းကို ယှဉ်ရတာ ဒေါသဖြစ်စရာကောင်းသည်။
ယဲ့ဖန်သည် အတော်ကြာဆက်တူးနေခဲ့ပြီး အထဲမှာ ပစ္စည်းအားလုံး မကုန်မချင်း မရပ်ခဲ့ပေ။
ထို့နောက် လူသန်ကြီးများ၏အကူအညီဖြင့် တွင်းထဲမှ လွယ်ကူစွာပြန်ထွက်လာပြီး ရှချူးကို ဂုဏ်ယူစွာကြည့်လိုက်သည်။
" ဘယ်လိုလဲ။ ဒီမှာ ရတနာတွေရှိတယ်လို့ ကိုယ်မပြောခဲ့ဘူးလား "
" အဲ့တာ ...... အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှင် ဒီမှာ ရတနာတွေရှိမှန်း ဘယ်လိုလုပ်သိလဲ "
ရှချူးသည် အခုထိ မယုံနိုင်ဖြစ်နေသေးသည်။
ဒီအပျက်အစီးတွေအောက်မှာ ရတနာတွေရှိတယ်ဆိုရင်တောင် ယဲ့ဖန်က ဘယ်လိုသိလဲ။
ထို့အပြင် သူက တူးဖော်ရမည့်နေရာကိုတောင် အတိအကျတွက်ချက်နိုင်ခဲ့သည်။ သူ ပြောခဲ့သည့်နေရာမှာဘဲ ရှာတွေ့ခဲ့တာဖြစ်သည်။
ဒါက သူမကို စိတ်ရှုပ်ထွေးစေသည်။
" စိတ်မပူပါနဲ့၊ ကိုယ်ပြောလည်း ယုံမှာမဟုတ်ဘူးမလား "
ဒါတွေက စနစ်ကြောင့်ရတာဆိုတာကို သေချာပေါက် ယဲ့ဖန်ပြောပြမှာတော့မဟုတ်ပေ။
" ယုံပါတယ် "
ရှချူးသည် ကူကယ်ရာမဲ့စွာ အရှုံးကို ဝန်ခံလိုက်တော့သည်။
" ဒီကနေ ရတနာတွေ တကယ်ရှာတွေ့ရင် ကိုယ့်ရဲ့ ဘယ်လိုတောင်းဆိုချက်မျိုးမဆို ဖြည့်ဆည်းပေးမယ်လို့ ဘယ်သူပြောတာပါလိမ့် "
ယဲ့ဖန်က သူမကို လူယုတ်မာအပြုံးဖြင့် ကြည့်သည်။
ရှချူးမျက်နှာ နီရဲသွားသည်။
" ကျွန်မပြောတာပါ။ ကျွန်မ ဘာလုပ်ပေးရမလဲ "
ယဲ့ဖန် ချက်ချင်းယုတ်မာတဲ့အမူအရာပေါ်လာပြီး သူမကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
" ကိုယ်က မင်းကို ....... "
" ရှင် လွန်မလာနဲ့နော် "
ရှချူး၏မျက်နှာလှလှလေးက နီသထက်နီလာပြီး သူမအနားက ဝန်ထမ်းတွေကို အမြန်လှည့်ကြည့်လိုက်သည်။
အကယ်၍ ယဲ့ဖန်မှ လွန်လွန်ကြူးကြူးတောင်းဆိုမှုတွေလုပ်လျှင် သူမ ဒီအဖွဲ့သားတွေနဲ့ ရှေ့လျှောက် အလုပ်ဘယ်လိုလုပ်ရမည်လဲ။
" ကိုယ်က မင်းကို .......... ဒီရိုက်ကူးရေးအဖွဲ့သားညီအစ်ကိုတွေအတွက် အသားကင်ချောင်းတွေ ဝယ်ပေးစေချင်တယ် "
ယဲ့ဖန်က သူ၏တောင်းဆိုမှုကို ပြောလိုက်သည်။
" အာ "
ဒါ ဘယ်လိုတောင်းဆိုမှုကြီးလဲ။
ရှချုး ကြောင်သွားသည်။
" ဘာလို့လဲ။ မဖြစ်နိုင်တာ။ ကိုယ် တခြားတစ်ခုပြောင်းပြောသင့်လား "
ယဲ့ဖန် ခပ်ညစ်ညစ်ပြုံးလိုက်သည်။
" ကောင်းပြီ၊ နောက်ကျ ကျွန်မ ရိုက်ကူးရေးအဖွဲ့သားတွေကို အသားကင်ချောင်းဝယ်ကျွေးလိုက်မယ် "
ရှချူးသည် တခြားထပ်ပြီးတောင်းဆိုခံရမှာကြောက်၍ အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။
" ကောင်းပြီ၊ မင်းတို့အလုပ်ဆက်လုပ်နှင့်လေ။ ကိုယ်အရင် ပြန်နှင့်တော့မယ် "
ယဲ့ဖန်သည် အစိမ်းရောင်ကြေးထည်ပစ္စည်းများကို ကုတ်အင်္ကျီဖြင့် ပတ်ယူသွားသည်။
ထို့နောက် ပြိုင်ကားဆီကိုသွားပြီးနောက် ရှချူးကို လက်ယမ်းပြကာ မောင်းထွက်သွားခဲ့သည်။
ရှချူးသည် ယဲ့ဖန်၏ကား မြင်ကွင်းထဲကပျောက်သွားမှသာ အသိစိတ်ပြန်ကပ်လာခဲ့သည်။
ထို့နောက် ရိုက်ကူးရေးအဖွဲ့သားတွေကို လှည့်ကြည့်လိုက်သည်။
" ဒီနေ့ဖြစ်ခဲ့တာကို ဘယ်သူ့ကိုမှ ပြောခွင့်မပြုဘူး။ တစ်ယောက်ယောက်ကများ အသံထွက်လာရင် ဒီလောထဲမှာ ရှင်သန်ဖို့ အာမ မခံဘူး "
သူမသည် ယဲ့ဖန်ရှေ့မှ ရှက်ပြီးချစ်စရာကောင်းသည့်ပုံစံမျိုးမရှိတော့ဘဲ ဘုရင်မတစ်ယောက်မှာရှိတဲ့ အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။
ရိုက်ကူးရေးအဖွဲ့သားတွေလည်း ကြောက်တာကြောင့် ချက်ချင်း အသံတိတ်ပြီး ဘာစကားမှ အပြင်မပေါက်ကြားဖို့ ကတိပေးလိုက်သည်။
ရှချူးသည် နောက်ဆုံးတွင် စိတ်ကျေနပ်သွားတော့မှ ပြုံးလိုက်သည်။
" ကောင်းပြီ၊ ရှင်တို့ကို အသားကင်ချောင်းဝယ်ကျွေးဖို့ ယဲ့လူကြီးမင်းကို ကတိပေးထားတယ်။ ကျွန်မ စကားတည်မှာမလို့ ဒီနေ့ စောစောသိမ်းပြီး ဘာဘီကျူး အတူတူသွားစားကြတာပေါ့ "
အဖွဲ့သားတွေက အော်ဟစ်အားပေးကြသည်။
ထိုမြင်ကွင်းကို အစ်မဝမ်က အဝေးကကြည့်ပြီး စိတ်ထဲတွင် ခံစားချက်ပေါင်းစုံဖြစ်လာသည်။
ဒီကောင်မလေးကတော့ တဖြည်းဖြည်းနဲ့ အစ်မကြီးတစ်ယောက်ပုံစံဖြစ်လာတာဘဲ။
ယဲ့ဖန်ရဲ့အဆက်အသွယ်နဲ့ အင်အားတွေသာ ချိတ်ဆက်နိုင်မယ်ဆိုရင် ..........
သူမ အနာဂတ်က တိုင်းထွာလို့တောင် ရမည်မဟုတ်ပေ။
................
ယဲ့ဖန်သည် ကားကို အဝေးသို့မောင်းသွားပြီး လမ်းဘေးတစ်နေရာတွင်ရပ်လိုက်သည်။
ထို့နောက် ကြေးပစ္စည်းတွေကိုထုတ်ပြီး သေချာကြည့်သည်။
မကြာခင်တွင် ကြေးအမွေးတိုင်အိုးထဲမှ လက်ဖဝါးစာသိုးသားရေစာလိပ်တစ်ခုကို ရှာတွေ့သည်။
ဖြန့်ကြည့်သည့်အခါ စာလိပ်ထဲတွင် မြေပုံတစ်ခုဆွဲထားသည်ကိုတွေ့သည်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စာလိပ်ဖြစ်ပေမဲ့ လက်ရေးစာတွေနှင့် လမ်းကြောင်းတို့ကို ရှင်းရှင်းလင်းလင်းမြင်ရနိုင်သေးသည်။
ကံမကောင်းစွာဖြင့် မြေပုံစာလိပ်သည် တစ်ပိုင်းတစ်စသာပါပြီး မပြည့်စုံပေ။
မြေပုံတစ်ခုလုံး၏ထောင့်စွန်းလေးဖြစ်ရမည်။
ယဲ့ဖန် အကြာကြီးကြည့်နေပေမဲ့ ဘာမှရှာမတွေ့ပေ။ ထို့ကြောင် သိုးသားရေစာလိပ်ကို ပြန်သိမ်းလိုက်သည်။
ထို့နောက် ကျုံးထျန်းကန်သာယာစံအိမ်သို့ ပြန်မောင်းခဲ့သည်။
....................
ကျုံးထျန်းကန်သာယာအိမ်တော်သို့ပြန်ရောက်လာပြီးနောက် ယဲ့ဖန် သူ့ကိုယ်ပေါ်က ဖုန်အညစ်အကြေးတွေကိုတောင် ဆေးကြောချိန်မရဘဲ အလျင်အမြန် ကွန်ပျူတာကို ဖွင့်လိုက်ကာ သိုးသားရေစာလိပ်နှင့်ပတ်သက်သည့်အကြောင်းအရာကိုရှာဖွေသည်။
သို့ပေမဲ့ သူရှာဖွေတဲ့နည်းမှားနေတာကြောင့်လား တခြားကြောင့်လားမသိပေမဲ့ မှောင်တဲ့အထိရှာတာတောင်မှ သဲလွန်စတစ်ခုလေးတောင် မရသေးပေ။
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းကုတ်လိုက်တော့သည်။
ဒီသိုးသားရေစာလိပ်သည် စနစ်၏ညွှန်ကြားချက်ဖြင့် ရှာတွေ့ခဲ့တာကြောင့် သာမန်ရတနာမျိုးမဖြစ်နိုင်ပေ။
သို့ပေမဲ့ ဘယ်လိုသုံးရမယ်မှန်းလည်း ယဲ့ဖန် မသိဖြစ်နေသည်။
ဒါက အနည်းငယ် အူကြောင်ကြောင်အခြေအနေဖြစ်နေသည်။
ဒီကိစ္စကြောင့် ယဲ့ဖန် ခေါင်းကိုက်နေတုန်းမှာဘဲ သူ၏မျက်လုံးသည် ရုတ်တရက်တောက်ပလာသည်။
ဒီသိုးသားရေစာလိပ်အကြောင်းကို သူမသိပေမဲ့ အခြားတစ်ယောက်ယောက်က သိနိုင်သည်။
ထိုအတွေးကြောင့် ယဲ့ဖန် ချက်ချင်းဖုန်းထုတ်ကာ ချန်းချုံရှန်းဆီသို့ ဗီဒီယိုဖုန်းကောလ် ခေါ်လိုက်သည်။
ဗီဒီယိုဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားတဲ့အခါ ချန်းချုံရှန်းက အံ့ဩတဲ့မျက်နှာဖြင့်မေးလိုက်သည်။
" ယဲ့ညီလေး၊ မင်း ဒီနေ့ ငါ့ကို ဘာလို့ခေါ်တာလဲ "
" အစ်ကိုချန်း၊ ကျွန်တော် သိုးသားရေပေါ်မှာရေးထားတဲ့စာလိပ်ရထားပေမဲ့ ဘာမှန်းမသိဘူး။ တစ်ချက်လောက် ကူကြည့်ပေးလို့ရမလား "
ယဲ့ဖန်သည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းရှင်းပြလိုက်သည်။
" ပို့လိုက်၊ တစ်ချက် ကြည့်ပေးမယ် "
ချန်းချုံရှန်းမှ ချက်ချင်း သဘောတူခေါင်းငြိမ့်လိုက်သည်။
ယဲ့ဖန်သည် ဘာမှဆက်မပြောတော့ပေ။ ရတနာမြေပုံကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်သည်။
အစမှာတော့ ပြုံးနေတဲ့ ချန်းချံရှန်းသည် ဓာတ်ပုံကိုမြင်တဲ့အခါ ရုပ်တည်သွားတော့သည်။
" ဟာ ........ ဒီဟာက အဲ့တာများလား "