အပိုင်း ၁၁၃-၁၁၆
Vol. 6 Ch. 113-116
အပိုင်း (၁၁၃)
ရှန်းဘုရင်၏လျှို့ဝှက်ရတနာ၊ ရတနာမြေပုံ အပိုင်းအစ။
" ဘာလို့လဲ၊ အစ်ကိုချန်း။ ပြဿနာရှိလို့လား "
ယဲ့ဖန်သည် ချန်းချုံရှန်း၏အမူအရာ နည်းနည်းပျက်သွားတာကိုတွေ့ပြီး လျင်မြန်စွာမေးလိုက်သည်။
" ယဲ့ညီလေး၊ ဒီရတနာမြေပုံက တစ်ခုခုရှိရမယ်။ ...... ငါလည်း မသေချာလို့ ခဏလောက်အချိန်ပေးပါဦး "
ချန်းချုံရှန်းက ချက်ချင်းဖြေလိုက်သည်။
ထို့နောက် သူက ဗီဒီိယိုဖုန်းကောထဲသို့ လူတစ်ချို့ကို ထပ်ထည့်လိုက်သည်။
ထိုလူတွေက ငယ်ရွယ်ကြတဲ့သူတွေမဟုတ်ဘဲ တစ်ယောက်ချင်းစီတိုင်းက ပညာရှိအသွင်ပေါက်ကြသည်။
ချန်းချုံချန်းက ယဲ့ဖန်ကို အကျဉ်းချုပ်မိတ်ဆက်ပေးလိုက်သည်။
သူတို့တွေသည် ရှေးဟောင်းပစ္စည်းအဖွဲ့ဥက္ကဌတွေဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် သမိုင်းသုသေသနဌာနမှ ပညာရှင်တွေဖြစ်ကြသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ဆီမှာ ဂုဏ်ရာထူးကြီးတွေရှိကြသည်။
ချန်းချုံရှန်းမှ မိတ်ဆက်ပေးပြီးတဲ့နောက် သူတို့ကို ဖြစ်စဉ်ချက်ချင်းရှင်းပြသည်။
" စီနီယာတို့ ဒီကညီလေးက သိုးသားရေစာလိပ်တစ်ခုရထားပါတယ်။ ကျွန်တော်လည်း မသေချာတာမလို့ တစ်ချက်လောက် ကူညီပြီး ကြည့်ပေးကြပါဦး "
သူတို့က ချက်ချင်းစကားဝိုင်းကို စတင်ကြသည်။
" ချန်း လူကြီးမင်း၊ ခင်ဗျားနောက်နေတာဘဲဖြစ်ရမယ်။ Sotheby လေလံကုမ္ပဏီကြီးရဲ့ အထွေထွေမန်နေဂျာဘဲကို ခင်ဗျားက မသေချာဘူးဆိုတာ ရှိသေးလို့လား "
" ဟုတ်တယ်။ ခင်ဗျားတောင် မသေချာဘူးဆိုမှတော့ ကျွန်တော်တို့လို လူအိုပြီးတွေက ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲမိသလိုဖြစ်နေပါဦးမယ် "
" ကျွန်တော်ကတော့ နည်းနည်းသိချင်လာတယ်။ ညီအစ်ကိုချန်းတောင်မှ မသေမချာဖြစ်စေတာက ဘာများဖြစ်မလဲ "
ချန်းချုံရှန်းမှ သိုးသားရေစာလိပ်ပုံကို ချက်ချင်းပို့လိုက်သည်။
" လူကြီးမင်းတို့၊ တစ်ချက် ကြည့်ကြည့်ကြပါ "
ထိုစာလိပ်ကိုတွေ့ပြီး လူအိုကြီးများက သူတို့ရဲ့ မျက်မှန်နှင့် မှန်ဘီလူးတို့ကိုထုတ်ပြီးသေချာကြည့်ကြသည်။
တစ်ခဏကြာတဲ့နောက် ဆံပင်ဖြူနေတဲ့လူအိုကြီးက အရင်ဆုံးစပြောသည်။
" ဒီဟာက "
" ခင်ဗျားလည်း အဲ့လိုထင်တယ်မလား "
" လူတိုင်းက အဲ့လိုထင်ပုံရတယ် "
" အဲ့တာက သေချာပေါက် .... "
ယဲ့ဖန်သည် ထိုလူကြီးတွေရဲ့ စကားကြောင့် ပိုပြီး ရှုပ်ထွေးသွားရသည်။
" ဘာလဲ။ ဒီအတိုင်းပြောကြပါ "
ထိုအချိန်တွင် ဆံပင်ဖြူနဲ့လူအိုကြီးတစ်ယောက်က ဖြည်းဖြည်းချင်းပြောသည်။
" ထင်တာမမှားဘူးဆိုရင်တော့ ဒါက ရှန်းဘုရင်ရဲ့လျှိူ့ဝှက်ရတနာမြေပုံပါ "
အခြားသူတွေကလည်း သဘောတူခေါင်းငြိမ့်ကြသည်။
" ဟုတ်တယ် ဒါက ရှန်းဘုရင်ရဲ့လျှိူ့ဝှက်ရတနာမြေပုံဘဲ "
" ဒါကို ငယ်ငယ်တုန်းက တစ်ခုမြင်ဖူးတယ်။ ဒီဘဝမှာ နောက်တစ်ခုထပ်မြင်ဖူးရလိမ့်မယ်လို့ ထင်မထားဘူး "
" ဒီဟာက .... နည်းနည်းတော့ထူးဆန်းတယ် "
ယဲ့ဖန် သူတို့ပြောတာကိုနားထောင်လေလေ စိတ်ရှုပ်လေလေဖြစ်လာသည်။
ထို့ကြောင့် သူတို့ကို ဖြတ်ပြောလိုက်သည်။
" ရှန်းဘုရင်ရဲ့လျှိူ့ဝှက်ရတနာမြေပုံဆိုတာ ဘာလဲ "
ချန်းချုံရှန်းက သူ့ကို အစားရှင်းပြသည်။
" ဒဏ္ဍာရီတွေအရ ရှန်းယွီက ကမ္ဘာကြီးကို သိမ်းပိုက်ပြီးတဲ့နောက် ရွှေငွေပေါင်းများစွာ မရေမတွက်နိုင်အောင် လျှို့ဝှက်နေရာမှာ ဖွက်ထားတယ်လို့ ပြောကြပါတယ် "
" အစမှာတော့ စီးပွားရေးပိုင်းကို ပြန်လည်စီစစ်ပြီး ကမ္ဘာကြီးကိုသိမ်းပိုက်ပြီးတဲ့နောက် လူတွေရဲ့ဘဝကောင်းစားဖို့အတွက်လုပ်ဖို့ ပြင်ခဲ့ပါတယ် "
" ဒါပေမဲ့ လူ့အလိုနတ်မလိုက်နိုင်ဘဲ အဆုံးမှာတော့ သူက ဝူမြစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ် "
ယဲ့ဖန်သည် သိုးသားရေစာလိပ်က ရှန်းယွီနှင့်ပတ်သက်နေကြောင်းသိရသည့်အခါ အတော်လေးအံ့ဩသွားသည်။
တရုတ်ပြည်သူတိုင်းသည် ကြီးမြတ်သောအောင်နိုင်သူရှန်းယွီကို သိကြသည်။
ဒီစာလိပ်က တကယ်ဘဲ သူနဲ့ဆက်စပ်နေလိမ့်မည်ဟု မထင်မှတ်ထားပေ။
ချန်းချုံရှန်းသည် ခဏရပ်သွားပြီးနောက် ဆက်ရှင်းပြသည်။
" အဲ့တုန်းက လိုရမည်ရအနေနဲ့ ရှန်းယွီက ဒီနေရာရဲ့လျှိူ့ဝှက်ရတနာမြေပုံဆွဲပြီး ၆ပိုင်းပိုင်းလိုက်ပါတယ်။ သူ့ရဲ့နောက်လိုက်၆ယောက်ကို ပေးခဲ့ပေမဲ့ သူတို့ခြောက်ယောက်က တစ်ယောက်နဲ့တစ်ယောက်ရဲ့တည်ရှိမှုကိုတောင် မသိကြပါဘူး။ ရှန်းယွီသေတဲ့အခါ မြေပုံခြောက်ခုက နေရာအနှံ့မှာပျံ့နှံ့သွားပြီး ရတနာက ဘယ်မှရှိလဲဆိုတာကို ဘယ်သူမှမသိကြတော့ပါဘူး ...... "
ထိုအကြောင်းကိုကြားတဲ့အခါ ယဲ့ဖန်စိတ်မဝင်စားတော့ပေ။
" အခုက နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဆိုတော့ ကျွန်တော့်အထင် ရတနာမြေပုံရဲ့အစိတ်အပိုင်းတွေက လုံးဝပျက်စီးသွားပြီလား "
ချန်းချုံရှန်းအမူအရာက အတော်လေးတည်ကြည်နေသည်။
" ရှန်းဘုရင်ရဲ့ရတနာမြေပုံက ရတနာတွေအများကြီးရှိပေမဲ့ မြေပုံခြောက်ခုလုံးကိုစုဖို့က ကောင်းကင်တက်တာနီးပါးလောက်ခက်ပါတယ်။ နှစ်ပေါင်း ၂၀၀၀ လည်းကျော်ပြီဆိုတော့ ဘယ်သူကမှ ခြောက်ခုလုံးကို မစုနိုင်ခဲ့သေးပါဘူး "
ယဲ့ဖန်သည် လုံးဝစိတ်မဝင်စားတော့ဘဲ ဖုန်းချတော့မလိုပြင်လိုက်သည်။
ချန်းချုံရှန်းသည် အနည်းငယ်တွန့်ဆုတ်နေပြီးတဲ့နောက် ထပ်ပြောသည်။
" စည်းမျဉ်းတွေအရ ဧည့်သည်ရဲ့အချက်အလက်ကို မပြောသင့်ဘူးဆိုပေမဲ့ ယဲ့ညီလေးက အပြင်လူမဟုတ်မှတော့ အချက်အလက်တစ်ချို့ပြောပြပါ့မယ်။ Sotheby က သီးသန့်လေလံပွဲတစ်ခုပြင်ဆင်နေပြီး တက်ရောက်သူတိုင်းက ရွှေရောင်အဖွဲ့ဝင်တွေပါ။ တက်ရောက်ဖို့စိတ်ဝင်စားလားမသိဘူး "
" ကျွန်တော် အတန်းတက်စရာတွေလည်းရှိတဲ့အပြင် ရွှေရောင်အဖွဲ့ဝင်လည်းမဟုတ်တော့ တက်ဖို့ အဆင်မပြေဘူးထင်တယ်၊ မဟုတ်လား "
ယဲ့ဖန်က လေလံပွဲကို စိတ်မဝင်စားပေ။
ထို့ကြောင့် မသွားဖို့ အကြောင်းပြနေတာဖြစ်သည်။
ချန်းချုံရှန်းကဆက်ပြောသည်။
" ကျွန်တော်သိသလောက်ဆိုရင် ရှန်းဘုရင်ရဲ့ရတနာမြေပုံတစ်ခုကို လူတစ်ယောက်က ဒီတစ်ခေါက်လေလံပွဲအတွက် ပို့ထားပါတယ် ........ "
ထိုစကားကိုကြားပြီး ယဲ့ဖန် မျက်လုံးအရောင်တောက်လာသည်။
" တကယ်လား "
ချန်းချုံရှန်းက ရယ်လိုက်သည်။
" ဘာလို့လိမ်ရမှာလဲ "
ယဲ့ဖန်က တစ်ခဏတွန့်ဆုတ်နေပြီးမှ ချက်ချင်း သဘောတူခေါင်းငြိမ့်လိုက်သည်။
" အဲ့တာဆိုလည်း သွားပြီး ကြည့်ပါမယ် "
ချန်းချုံရှန်းက အတော်လေးပျော်သွားသည်။
" ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။ နောက်ကျ ဖိတ်စာပို့ပေးလိုက်မယ် "
ယဲ့ဖန်နဲ့သူတစ်ခဏစကားဆက်ပြောပြီးနောက် ဖုန်းချလိုက်သည်။
ထိုအချိန်တွင် စနစ်အကြောင်းကြားစာရောက်လာသည်။
[ ဂုဏ်ယူပါတယ်၊ လက်ခံသူမှ ရတနာရှာဖွေခြင်း ပြီးဆုံးသွားတဲ့အတွက် စနစ်မှ ပြီးပြည့်စုံသောခန္ဓာကိုယ်ကို ဆုအဖြစ်ပေးပါမည်။ လက်ခံသူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် လူတစ်ယောက်၏အမြင့်ဆုံး အနေအထားကို ရရှိပါလိမ့်မည်။ ]
စနစ်၏အသံပြီးသွားတဲ့အချိန်တွင် ယဲ့ဖန် သူ့၏ခန္ဓာကိုယ်အတွင်းထဲမှ စွမ်းအင်လုံးကြီး ထွက်လာတာကို ခံစားမိသည်။
ဘောလုံးတစ်လုံးပေါက်ထွက်တော့မတတ်ဖြစ်နေသကဲ့သို့ တစ်ကိုယ်လုံးဖောင်းလာသည်။
ဖော်ပြ၍တောင်မရသောနာကျင်မှုကို ဦးနှောက်ထဲမှ ခံစားလိုက်ရပြီး မေ့လဲကျမတတ်ဖြစ်သွားခဲ့သည်။
ကံကောင်းစွာနဲ့ ယဲ့ဖန် အံကိုကြိတ်ပြီး သည်းခံလိုက်သည်။
ထိုပြောင်းလဲမှုက မပြီးဆုံးခင်အထိ နာရီဝက်ကျော်မျှကြာခဲ့သည်။
ယဲ့ဖန် တစ်ကိုယ်လုံးအားယုတ်သွားကာ မြေပေါ်တွင်လှဲပြီး အသက်ပြင်းပြင်းရှူနေရသည်။
သူ့အရေပြားပေါ်က အညစ်အကြေးတွေက သူ့ကို ခေါင်းနောက်စေသည်။
အန်ချင်စိတ်ကို ထိန်းပြီး ရေချိုးခန်းထဲကို တရွတ်တိုက်သွားခဲ့သည်။
နာရီဝက်ကျော်ကြာပြီးတဲ့နောက် သူ့တစ်ကိုယ်လုံးမှ အညစ်အကြေးတွေကို သန့်စင်ပြီးဖြစ်သည်။
ထို့နောက် သူ့တစ်ကိုယ်လုံးပေါ့ပါးသွားရသည်။
သူ့၏အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံနှင့် ခံစားနိုင်စွမ်းတို့က အရင်ကထက်ပိုကောင်းလာသည်။
ကမ္ဘာသစ်ရဲ့တံခါးတစ်ချပ်ပွင့်သွားသလိုဖြစ်သည်။
အရာအားလုံးက အသစ်ဖြစ်နေခဲ့သည်။
အပိုင်း (၁၁၄)
ဘယ်တစ်ခုကို အရင်ကြည့်ချင်လဲ။
နောက်တစ်နေ့နံနက်တွင် ယဲ့ဖန်နိုးလာခဲ့သည်။
ကောင်းကောင်း မအိပ်ရသေးတာလို့ပြောလျှင် ပိုမှန်လိမ့်မည်။
စနစ်ကြောင့် သူ့ခန္ဓာကိုယ်ဆန်းသစ်ပြီးသွားကတည်းက အဆုံးမရှိတဲ့အင်အားတွေရှိနေသည့်အလား အင်အားအပြည့်ဖြစ်နေသည်။
ညက ကောင်းကောင်းမအိပ်ခဲ့ရသော်လည်း အိပ်ချင်စိတ်လုံးဝမဖြစ်ပေ။ ဒိုက်ကို အခါ ၂၀၀ ပင်လုပ်ခဲ့သေးသည်။
အရင်တုန်းကဆိုလျှင် အိပ်ရေးမဝပါက ယဲ့ဖန် ပျော့ခွေနေတတ်သည်။
သို့ပေမဲ့ ဒီနေ့မှာတော့ သူ့မျက်နှာလည်းရဲမနေသည့်အပြင် နှလုံးခုန်နှုန်းလည်း မမြန်သလို ဘာမှလည်း မခံစားရပေ။
သူအံ့ဩနေချိန်မှာဘဲ လင်းကျွင်းကျွင်းဆီမှ ရုတ်တရက်ဖုန်းဝင်လာသည်။
" ယဲ့ဖန်၊ ရှင် ဒီနေ့အားလား "
ဖုန်းဝင်သွားတာနဲ့ လင်းကျွင်းကျွင်းကမေးသည်။
" အားတယ်၊ ဘာလို့လဲ "
ယဲ့ဖန်ကဖုန်းကို နားနဲ့ပုခုံးကြားညှပ်ပြီး သူ့ရဲ့တောင့်တင်းတဲ့ကြွက်သားတွေကို မှန်ထဲမှာ ရှုစားနေသည်။
" ဒီနေ့ အိမ်လာကြည့်မယ့်ဧည့်သည်ရှိပေမဲ့ ကျွန်မက မြို့ပြင်ရောက်နေတာကြောင့် အချိန်မီပြန်မရောက်နိုင်ဘူး။ နောက်ထပ် စီမီခန့်ခွဲရေးဝန်ထမ်းတစ်ယောက်ကို အိမ်ပြပေးဖို့ပြောထားခဲ့တယ်။ ရှင်လည်း ဧည့်သည်နဲ့လိုက်ကြည့်ပေးလို့ရတာပေါ့ "
လင်းကျွင်းကျွင်းက စိတ်ပူစွာဖြင့်ပြောသည်။
" အိမ်ငှားမှာလား။ ယောက်ျားလေးလား၊ မိန်းကလေးလား "
ယဲ့ဖန်သည် ကုတ်အင်္ကျီဝတ်ပြီးကြည့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ပြောင်းလဲမှုကြောင့် သူ့ရဲ့အရှိန်အဝါပါပြောင်းလဲသွားသည်ကို သိလိုက်ရသည်။
" မိန်းကလေးပါ၊ ဘာလို့လဲ။ သူမအပေါ်အခြားအတွေးရှိနေလို့လား "
လင်းကျွင်းကျွင်း၏စကားသံတွင် မနာလိုသံနည်းနည်းပါနေသည်။
" မဟုတ်ပါဘူး။ မိန်းကလေးတွေက နှေးတိနှေးပဲ့နဲ့ကြည့်တတ်ကြတယ်။ မသွားလို့ရလား။ ဝန်ထမ်းကိုဘဲခေါ်သွားခိုင်းလိုက်လေ "
ယဲ့ဖန်က ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
" မပူပါနဲ့၊ အဲ့ဒီကောင်မလေးက အတော်လေးပွင့်လင်းပြီးဖြတ်လတ်ပါတယ်။ သူမက မနေ့ကတောင် စရန်ငွေပို့ထားပြီးပြီ။ အိမ်ကို မကြိုက်ရင် စရန်ငွေပြန်မပေးနဲ့လို့တောင် ပြောထားတာ "
ယဲ့ဖန် လိုက်မကြည့်မှာစိုးတာကြောင့် လင်းကျွင်းကျွင်းက အမြန်ရှင်းပြသည်။
" အို၊ တကယ်လား။ အဲ့တာဆို ကောင်းတယ်။ သူမ ဘယ်အချိန်ရောက်မှာလဲ "
" မကြာခင်ရောက်မှာပါ။ စီမံခန့်ခွဲရေးဌာနကိုသွားပြီး စောင့်နေလို့ရပါတယ် "
" ကောင်းပြီ၊ ဖုန်းချလိုက်တော့မယ် "
ယဲ့ဖန် ဖုန်းချပြီးနောက် ပေါ့ပေါ့ပါးပါးအင်္ကျီလဲဝတ်လိုက်သည်။
ထို့နောက် စီမံခန့်ခွဲရေးဌာနသို့ အလောမကြီးဘဲ ပုံမှန်အတိုင်းလျှောက်သွားခဲ့သည်။
" ယဲ့လူကြီးမင်း၊ ကျွန်မနာမည်က ကျန်းချီပါ။ မန်နေဂျာလင်းက ရှင့်ကို ဒီမှာစောင့်ဖို့ပြောခဲ့ပါတယ် "
ယဲ့ဖန် စီမံခန့်ခွဲရေးဌာနသို့ရောက်တဲ့အခါ နူးညံ့သည့်အသွင်အပြင်ဖြင့်မိန်းကလေးတစ်ယောက်က သူ့ဆီ ချက်ချင်းပြေးလာသည်။
ယဲ့ဖန်က သူ့ကို ခေါင်းငြိမ့်ပြပြီးမေးသည်။
" မင်္ဂလာပါ၊ ဧည့်သည်က အခုထိမရောက်သေးဘူးလား "
" အခုလေးတင်ဖုန်းပြောပြီးတာပါ။ မကြာခင်ရောက်ပါလိမ့်မယ် "
ကျန်းချီသည် ယဲ့ဖန်သည် စကားပြောနေချိန်တွင် အသက်ရှူသံအနည်းငယ်မြန်နေကာ လက်ကို ဘယ်နားထားရမလဲမသိဖြစ်နေသည်။
သူမသည် ယဲ့ဖန်၏ငွေကြေးအခြေအနေများနှင့်ပတ်သက်ပြီး ကောင်းကောင်းကြီးသိသည်။ အခြားနေရာတွေမပါသေးဘဲ ကျုံးထျန်းကန်သာယာစံအိမ်ဝန်းထဲမှာတွင် ပိုင်ဆိုင်မှု အိမ်အလုံး ၂၀ရှိသည်။
သူသည် သေချာပေါက် အလွန်ချမ်းသာသည့်လူဖြစ်သည်။
ယဲ့ဖန်လို ချမ်းသာငယ်ရွယ်ပြီး ချောမောတဲ့သူကို ဘယ်မိန်းကလေးကမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထို့အပြင် ယဲ့ဖန်အပေါ် ထူးဆန်းတဲ့အမြင်တစ်ခုရှိနေသည်။
အရင်တုန်းက ယဲ့ဖန်သည် ချမ်းသာတာကြောင့် ချမ်းသာတဲ့လူတို့၏ကိုယ်ရောင်ကိုယ်ဝါမျိုးရှိသည်။
သို့ပေမဲ့ ဒီနေ့မှာတော့ ယဲ့ဖန်၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ထူးခြားသည့်ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်နေသည်။
ဒီလို ကိုယ်ရောင်ကိုယ်ဝါမျိုးကို စကားလုံးဖြင့်ဖော်ပြရန်ခက်ခဲပြီး အတိုချုတ်ပြောရလျှင် ထိုအရှိန်အဝါက လူတိုင်းက အလွန်သက်တောင့်သက်သာဖြစ်စေသည်။
ဒါပေမဲ့ ကိုယ်ရောင်ကိုယ်ဝါက ညတွင်းချင်း ဘယ်လိုပြောင်းလို့ရမှာလဲ။
တကယ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေတာလား။
ကျန်းချီသည် စဉ်းစားနေတုန်းမှာဘဲ ကားအင်ဂျင်ဟိန်းသံကို ရုတ်တရက်ကြားလိုက်ရသည်။
ထို့နောက်တွင် အနီရောင် McLaren 720S ပြိုင်ကားက သူတို့ဆီကို အရှိန်ပြင်းပြင်းဖြင့်လာနေတာကို တွေ့လိုက်ရသည်။
ကျွီ .......
တာယာနှင့်လမ်းပွတ်တိုက်သံထွက်လာပြီး သူတို့နှစ်ယောက်အရှေ့တွင် ပြိုင်ကားတစ်စီးကရပ်သွားသည်။
ထို့နောက် ကားတံခါးပွင့်လာပြီး အလွန်လှပတဲ့မိန်းကလေးတစ်ယောက် ဖြည်းဖြည်းချင်းထွက်လာသည်။
ယဲ့ဖန် သူမကိုတွေ့တဲ့အခါ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
" ရှန်းပိုင်ထျန်းလား "
ထိုမိန်းကလေးသည် အခြားသူမဟုတ်ဘဲ သူနဲ့မတွေ့ရတာအတော်ကြာပြီဖြစ်သော ရှန်းပိုင်ထျန်းပင်ဖြစ်သည်။
ရှန်းပိုင်ထျန်းမှ သူ့ကိုတွေ့တဲ့အခါ အနည်းငယ်အံ့ဩသွားသည်။
" မန်နေဂျာလင်းပြောနေတဲ့ အိမ်ပိုင်ရှင်က နင်လား "
ယဲ့ဖန်က ရယ်စရာပြောနေသည်ဟုထင်လိုက်သည်။
" ဒီမှာနေတာ မသိဘူးလား "
ရှန်းပိုင်ထျန်းက အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။
" သိပေမဲ့ အိမ်ပိုင်ရှင်မှန်းမသိတာ "
ယဲ့ဖန်သည် ရယ်လိုက်သည်။
ကျန်းချီက အနည်းငယ်ကြောင်အသွားသည်။
" ယဲ့လူကြီးမင်းနဲ့၊ ရှန်းမိန်းကလေးက အချင်းချင်းသိကြတာလား "
ရှန်းပိုင်ထျန်းက ပါးစပ်ကိုအုပ်ကာရယ်လိုက်သည်။
" သိရုံတင်မဟုတ်ဘူး၊ တစ်ကျောင်းတည်းကလေ။ ပြီးတော့ ကျွန်မက သူ့ရဲ့စီနီယာတောင်ဖြစ်နေသေးတယ် "
ယဲ့ဖန်ကလည်း ချက်ချင်းခေါင်းငြိမ့်သည်။
" သူမက ကျွန်တော့်ရဲ့စီနီယာအစ်မဖြစ်ရုံမကဘူး၊ သတင်းထွက်နေတဲ့ ချစ်သူကောင်မလေးဆိုလည်းဟုတ်တယ် "
ရှန်းပိုင်ထျန်းက ချက်ချင်းမကျေမနပ်ဖြစ်သွားခဲ့သည်။
" ဘယ်သူက နင့်ရဲ့ သတင်းထွက်နေတဲ့ ချစ်သူကောင်မလေးမလို့လဲ "
ယဲ့ဖန်က ရိုးသားတဲ့အမူအရာလုပ်လိုက်သည်။
" ကျုံးဟိုင်တက္ကသိုလ်ကလူတိုင်းက အစ်မက ကျွန်တော့်ကောင်မလေးဆိုတာသိတယ်။ အဝါရောင်မြစ်ထဲခုန်ချရင်တောင် ကျွန်တော့်နာမည်ကို ပြန်အဖတ်ဆယ်နိုင်တော့မှာ မဟုတ်ပါဘူး "
ရှန်းပိုင်ထျန်းက သူ့ကို ရိုက်ချင်ယောင်ဆောင်လိုက်သည်။
" ဘာလဲ၊ နင်က ငါ့ရဲ့သတင်းထွက်နေတဲ့ကောင်လေးဖြစ်တာ ရှက်စရာကောင်းနေလို့လား "
ယဲ့ဖန်က ချက်ချင်းထောက်ခံလိုက်သည်။
" အစ်မပြောတာနော်၊ ကျွန်တော်မပြောဘူး "
ကျန်းချီက အမြန်ပြောလိုက်သည်။
" ရှင်တို့နှစ်ယောက် အရင်ဆုံး အိမ်သွားကြည့်ကြရအောင်ပါ "
ထိုအခါမှသာ ရှန်းပိုင်ထျန်းကရပ်ပြီး ဟွန်းခနဲလုပ်လိုက်သည်။
" ဒီနေ့အရေးကြီးကိစ္စသွားစရာရှိနေလို့။ အခုတော့အလွတ်ပေးလိုက်မယ်။ လမ်းပြ "
ယဲ့ဖန်သည် ဘာမှထပ်မပြောဘဲ ရှန်းပိုင်ထျန်းကို သူ၏စံအိမ်နံပါတ်(၁)သို့ခေါ်သွားခဲ့သည်။
ရှန်းပိုင်ထျန်းသည် ကျုံးထျန်းကန်သာယာအိမ်ရာဝန်းကို အခုမှရောက်ဖူးတာဖြစ်ပေမဲ့လည်း စံအိမ်နေရာတွေကိုတည်နေရာနှင့် ဇိမ်ခံအပြင်အဆင်တွေကြောင့် အိမ်တွေရဲ့ဈေးနှုန်းကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်။
ထိုအိမ်က ကျုံးထျန်းကန်သာယာစံအိမ်ဝန်းထဲတွင် ဈေးအကြီးဆုံးဖြစ်ရမည်။
" ဟေး၊ ငါ့ကို ဘာလို့ ဒီခေါ်လာတာလဲ။ အဲ့လောက်အိမ်မျိုး ငါမတတ်နိုင်ဘူး "
ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို တားလိုက်သည်။
" မတတ်နိုင်တာသိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီမှာနေကြောင်းပြတာ။ အချိန်ရှိရင် လာပြီး သန့်ရှင်းရေးကူလုပ်ပေးလေ "
ယဲ့ဖန်သည် သူ၏ဂုဏ်ယူနေတဲ့မျက်နှာပေးကို ဖုံးကွယ်မထားပေ။
ရှန်းပိုင်ထျန်း အံကိုကြိတ်ပြီး မျက်လုံးတို့မှ ဒေါသရိပ်ဖြတ်သွားသည်။
" အခု ငါ့ကို အိမ်လိုက်ပြလို့ရပြီလား "
" သေချာတာပေါ့၊ ရပါတယ်။ အိုဟုတ်သားဘဲ၊
ဘယ်နံပါတ်ကိုကြည့်ချင်လဲ "
" ဘာကိုဆိုလိုတာလဲ "
" ဒီစံအိမ်ဝန်းထဲမှာ ကျွန်တော့်အိမ်တွေကအများကြီးလေ။ ဘယ်တစ်ခုကို အရင်ကြည့်ချင်လဲ "
ယဲ့ဖန်သည် ထိုသို့ပြောပြီး သူ့အနောက်မှ သော့အတွဲလိုက်ကို ထုတ်လိုက်သည်။
ရှားလားလားလားလား ...........
အပိုင်း (၁၁၅)
ကိုရီးယားကိုသွားပြီး ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုလုပ်ခဲ့တာတော့ မဟုတ်ဘူးမလား။
ရှန်းပိုင်ထျန်းသည် သော့အတွဲလိုက်ကြီးကို မယုံနိုင်တဲ့အမူအရာဖြင့်ကြည့်နေခဲ့သည်။
" ဘာပြောလိုက်တယ်။ ဒီစံအိမ်တွေက အကုန်နင့်ဟာလား "
သူမသည် သေချာပေါက်မယုံပေ။
ထိုအချိန်တွင် ဘေးမှရပ်နေတဲ့ ကျန်းချီက ရှင်းပြသည်။
" ယဲ့လူကြီးမင်းက ကျွန်မတို့ ကျုံးထျန်းကန်သာယာစံအိမ်ဝန်းထဲမှာ စံအိမ်အလုံး၂၀ကျော်ရှိပါတယ်။ ဒါပေမဲ့ တစ်ချို့စံအိမ်တွေကိုတော့ အငှားတင်ထားပြီးပါပြီ "
သူမက ထိုသို့ပြောသည့်အခါ သူမကို ဂုဏ်ပြုခံနေရသည့်အလား မျက်နှာထားက ဂုဏ်ယူနေသည်။
ရှန်းပိုင်ထျန်းက သူမပြောတဲ့စကားကြောင့် ယဲ့ဖန်ကို ကြောင်အစွာကြည့်ပြီး စကားပင်မပြောနိုင်ပေ။
ယဲ့ဖန်သည် ချမ်းသာမှန်း သူမ သိသော်လည်း ဒီလောက်ကြီးထိချမ်းသာမယ်လို့ မထင်ထားခဲ့ပေ။
သူမ သိသလောက် ကျုံးထျန်းကန်သာယာစံအိမ်တွေက အတော်လေးဈေးကြီးသည်။
အိမ်တစ်လုံးကိုပင် ယွမ်သန်းဆယ်ချီတန်ဖိုးရှိသည်။
ဒီမှာစံအိမ်တစ်လုံးဝယ်ဖို့ကိုပင် အတော်လေးပိုက်ဆံသုံးရမှာဖြစ်သည်။
အဲ့တာကို ဒီတစ်ယောက်ကတော့ အိမ်အလုံး၂၀တောင်တစ်ပြိုင်တည်းဝယ်ပြီး ပြန်အငှားတင်စားနေတာလား။
သူက ပိုက်ဆံတွေအများကြီးရှိတဲ့အရူးမဟုတ်ဘူးလား။ ဒါမှမဟုတ် ချမ်းသာတဲ့သူတွေက ရူးနေကြတာလား။
" ငြင်းချင်တာမရှိရင် ကူရွေးပေးမယ်။ စံအိမ် နံပါတ် (၃)ကို ရွေးကြတာပေါ့ "
သူမက ပြန်မဖြေတာကြောင့် ယဲ့ဖန်က သူမကို ကူရွေးပေးဖို့ဆုံးဖြတ်လိုက်သည်။
" ဘာလို့ စံအိမ် နံပါတ် (၃)လဲ "
ရှန်းပိုင်ထျန်း နည်းနည်းစိတ်ရှုပ်ထွေးသွားသည်။
" ကျွန်တော့်အိမ်နဲ့နီးလို့လေ။ အားတဲ့အချိန်ဆို လာလည်လို့ရတာပေါ့။ ပြီးတော့ တစ်ခါတလေ ကျွန်တော့်အိမ်လာပြီး သန့်ရှင်းရေးလုပ်၊ အမှိုက်ကူပစ်ပေးဖို့လည်း အဆင်ပြေသွားမယ်လေ "
ယဲ့ဖန်က ရှင်းပြလိုက်သည်။
" ဘယ်သူက နင့်ဆီလာပြီး သန့်ရှင်းရေးလုပ်၊ အမှိုက်ပစ်ပေးမယ်ပြောလို့လဲ "
ရှန်းပိုင်ထျန်း သူ့ကို မျက်စောင်းထိုးလိုက်ပေမဲ့ မငြင်းပေ။
ယဲ့ဖန်သည် သူမကို စံအိမ် (၃)သို့ခေါ်သွားပြီး ကြည့်စေလိုက်သည်။
ရှန်းပိုင်ထျန်းသည် စံအိမ်ကို အတော်လေးသဘောကျကျေနပ်ကြောင်းတွေ့နိုင်ပြီး ငှားဖို့ ချက်ချင်းသဘောတူလိုက်လေသည်။
ကျန်းချီသည် သူမ ဒီလောက်မြန်မြန်ဆုံးဖြတ်ချက်ချမည်ဟု ထင်မထားတာကြောင့် စီမံခန့်ခွဲရေးဌာနသို့အပြေးသွားပြီး စာချုပ်သွားယူသည်။
ယဲ့ဖန်သည် နောက်ဆုံးတွင်တော့ မေးဖို့အခွင့်အရေးရလာခဲ့သည်။
" ဘာလို့ ရုတ်တရက်ကြီး အိမ်ငှားချင်ရတာလဲ။ အဘိုးက အိမ်ကနေ နှင်ချလိုက်လို့လား "
ရှန်းပိုင်ထျန်း သူ့ကို စိုက်ကြည့်လိုက်သည်။
" နင်ကမှ အိမ်က နှင်ချခံရတာ "
" အဲ့တာဆိုဘာလို့လဲ။ အရင်အိမ်က ဒီအိမ်ထက် အများကြီးပိုကျယ်တယ်မဟုတ်ဘူးလား "
ရှန်းပိုင်ထျန်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
" ငါကနောက်နှစ်ဆို ဘွဲ့ရတော့မှာမဟုတ်လား။ အဲ့တာကြောင့် အိမ်ကထွက်လာပြီးတော့ တက်နိုင်သမျှမြန်မြန် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တာ။ အဲ့လိုဆို ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ရာလည်းရောက်တယ်လေ "
သူမ၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် ယဲ့ဖန် အနည်းငယ်ရှုပ်ထွေးနေသေးသည်။
" ဘာမှမကျန်တော့ဘူးလား "
ရှန်းပိုင်ထျန်းကရယ်လိုက်သည်။
" ဘာကျန်ရမှာလဲ။ နင့်ကြောင့်လို့ထင်လို့လား "
ယဲ့ဖန်က ပြုံးလိုက်သည်။
" ပြောရခက်တာဘဲ။ ကျွန်တော်က ချောတဲ့အပြင်ချမ်းသာတော့ ကျွန်တော်နဲ့နီးကပ်ချင်တဲ့မိန်းကလေးတွေက အများကြီးဘဲ "
ရှန်းပိုင်ထျန်းသည် သူ့ကိုကန်ချင်သည်။
သို့ပေမဲ့ သူ့ကို အံ့ဩသွားသလိုကြည့်လိုက်သည်။
" နင်မပြောရင် သတိထားမိမှာတောင်မဟုတ်ဘူး။ ငါတို့မတွေ့တဲ့အချိန်ကြားထဲ နင်တော်တော်ပြောင်းလဲသွားတာဘဲ "
ယဲ့ဖန်သည် အဖြေကိုသိသော်လည်း မေးလိုက်သည်။
" ဟုတ်လား၊ ဘာပြောင်းသွားလို့လဲ "
ရှန်းပိုင်ထျန်းက စဉ်းစားလိုက်သည်။
" မပြောတတ်ဘူး။ တစ်ခုခုပြောင်းလဲသွားတယ်လို့ဘဲ ခံစားမိတာ။ နင် အခုတလော ကိုရီးယားကိုသွားပြီး ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုလုပ်လာခဲ့တာလား။
ယဲ့ဖန် မျက်လုံးကိုဝေ့လိုက်သည်။
" ကျွန်တော်က သဘာဝအလှ။ ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုလိုမယ်ထင်လို့လား "
" နင် ဘယ်နားပြောင်းလဲသွားလဲဆိုတာ ငါအခုသိပြီထင်တယ် "
" ဘယ်နားလဲ "
" နင်က ပိုပိုပြီးအရေထူလာတာလေ "
" အဟွတ်၊ အဟွတ် ..... "
သူတို့နှစ်ဦး စနောက်နေစဉ်မှာဘဲ ကျန်းချီသည် စာချုပ်ကိုထုတ်ပြီး ယူလာခဲ့သည်။
ရှန်းပိုင်ထျန်းစာချုပ်ကိုတွေ့တဲ့အခါ ဘာမှထပ်မပြောဘဲ ချက်ချင်းလက်မှတ်ထိုးလိုက်သည်။
ထို့နောက် ယဲ့ဖန်ဘက်ကိုလှည့်ပြောသည်။
" နေ့လယ်ကြအားလား။ ထမင်းအတူတူစားကြတာပေါ့ "
ယဲ့ဖန်က နှာခေါင်းကိုထိလိုက်သည်။
" ဘာစားချင်လဲ "
ယဲ့ဖန်သည် လက်ထဲမှ သော့အတွဲလိုက်ကို သူမအရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
" ကျွန်တော့်ရဲ့လက်ရှိအခြေအနေနဲ့ သင့်တော်မယ့် ဘယ်ဟာကိုစားသင့်လဲဆိုတာ ပြောကြည့်လေ "
ရှန်းပိုင်ထျန်းက ခေါင်းကိုတည်ကြည်စွာငြိမ့်လိုက်သည်။
" နားလည်ပြီ "
ထို့နောက် ရှေ့မှဦးဆောင်ထွက်သွားသည်။
ယဲ့ဖန်သည် သူမ အနောက်မှလိုက်ပြီး ကားထဲသို့ဝင်လိုက်သည်။
McLaren ကားလေးသည် အနီရောင်ပုံရိပ်သာကျန်ပြီး ဝူးခနဲ ကျုံးထျန်းကန်သာယာစံအိမ်ဧရိယာမှ ထွက်သွားကာ မိနစ် ၂၀ကြာပြီးနောက် ညစ်ပတ်ရှုပ်ပွနေသောလမ်းကြားတစ်ခုတွင်ပေါ်လာခဲ့သည်။
သူတို့ လမ်းတို့ထဲဝင်လိုက်တာနဲ့ မြောင်းပုတ်နံ့တွေရပြီး တစ်ချိန်တည်းမှာဘဲ အော်သံတွေ၊ ဆူညံသံတွေနဲ့ ဆဲဆိုသံတွေကိုကြားရသည်။
ယဲ့ဖန်သည် သူ ဒီလိုနေရာမျိုးကို ရောက်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာကိုပင် မေ့နေပြီဖြစ်ကာ ရှန်းပိုင်ထျန်းကို တွေဝေစွာဖြင့် ကြည့်လိုက်သည်။
" ဘာလို့ ဒီကိုခေါ်လာတာလဲ "
" ချောင်းဖန်စားမယ်လေ "
ရှန်းပိုင်ထျန်းသည်ထိုသို့ပြောပြီး ကားကို စားသောက်ဆိုင်တန်းရှေ့တွင်ရပ်လိုက်သည်။
ထိုဇိမ်ခံပြိုင်ကားကြီးက ညစ်ပတ်ရှုပ်ပွနေသောပတ်ဝန်းကျင်နှင့် မအပ်မစပ်ဖြစ်နေသည်။
ဘေးနားကလူတိုင်းက သူတို့ကို မကောင်းဆိုးဝါးမြင်ရသည့်အလားကြည့်နေကြသည်။
တစ်ယောက်က အလွန်ချောပြီး တစ်ယောက်က အလွန်လှလေသည်။
သူတို့နှစ်ဦးက ရွှေရောင်အတွဲဖြစ်သည်။
ထို့အပြင် သူတို့နှစ်ဦး၏အဝတ်အစားနှင့် ကိုယ်ရောင်ကိုယ်ဝါတို့ကလည်း သာမန်ထက်ထူးကဲနေသည်။
အဲ့လိုလူမျိုးတွေက ဒီနေရာမှာဘယ်လိုပေါ်လာတာလဲ။
ဒီမှာ မုန့်စားတာက ယဲ့ဖန်ကို နေရခက်စေသည်။
လမ်းပေါ်က လူတိုင်းက သူတို့ကို မကောင်းဆိုးဝါးကြည့်သလိုကြည့်နေမှတော့ ဘယ်သူမဆို နေရခက်မှာဘဲလေ။
တစ်လုတ်နှစ်လုတ်လောက်စားပြီးတဲ့နောက် သူ ရှန်းပိုင်ထျန်းကို အဝေးသို့ဆွဲခေါ်သွားခဲ့သည်။
" ဟားဟားဟားဟား ......... "
" ဘာကရယ်စရာကောင်းလို့လဲ။ ကျွန်တော့်ကိုကျွန်တော် အရူးလုပ်မိတာကိုမြင်ရတာ အဲ့လောက်ပျော်စရာကောင်းလား "
ယဲ့ဖန် သူမကို မပျော်မရွှင်ကြည့်လိုက်သည်။
" ဒီလိုစားသောက်တန်းမျိုးက နင့်ရဲ့အခြေအနေနဲ့ အရမ်းလိုက်ဖက်တယ်ထင်တယ်။ ဘယ်လိုအမြင်ရလဲ၊ အိမ်ပိုင်ရှင်ကြီး "
ရှန်းပိုင်ထျန်း ထိုသို့ပြောရင်း ရယ်ချင်လာသည်။
" ဆက်ပြီးရယ်နေမယ်ဆို အိမ်ငှားခတိုးလိုက်မှာ "
ယဲ့ဖန် အံကိုကြိတ်ပြီး ခြိမ်းခြောက်လိုက်သည်။
" ကောင်းပြီ၊ ဒါဆိုလည်း စနောက်တာရပ်လိုက်တော့မယ်။ ဟိုနားမှာ အားကစားရုံရှိတယ်။ လမ်းသွားလျှောက်ကြတာပေါ့ "
ရှန်းပိုင်ထျန်းသည် ယဲ့ဖန်အဖြေကိုမစောင့်ဘဲ ကားကို အားကစားရုံသို့ဦးတည်မောင်းလိုက်သည်။
အားကစားရုံသည် မကြီးသော်လည်း အရေးကြီးသည့်အားကစားများအစုံအလင်ရှိသည်။
ဘောလုံးကွင်း၊ ဘတ်စကတ်ဘောကွင်းနှင့် ပြေးလမ်းမတို့ရှိသည်။
ထိုအချိန်တွင် ယောက်ျားလေးအချို့က ဘတ်စကတ်ဘောကစားနေကြပြီး ကျောတွင် ချွေးရွှဲနေသည်။
ရာသီဥတုပူတာကြောင့် တစ်ချို့သည် သူတို့မမောမချင်းကစားနေကြသည်။
သူတို့ ရှန်းပိုင်ထျန်းကိုတွေ့တဲ့အခါ သွေးကြောထဲကို ကြက်သွေးထိုးထည့်လိုက်သလို သွေးဆူလာကြသည်။
ကြည့်နည်းပေါင်းစုံဖြင့် လှမ်းကြည့်နေကြသည်။
ရှန်းပိုင်ထျန်းသည် ယဲ့ဖန်ကို ' ငါ့ရဲ့ဆွဲဆောင်မှုကို မြင်လား ' ဆိုသည့်အကြည့်ဖြင့် ခပ်ထေ့ထေ့ကြည့်လိုက်သည်။
အပိုင်း (၁၁၆)
မပူပါနဲ့၊ ခင်ဗျားနည်းအတိုင်းဖြစ်စေရပါမယ်။
ဘတ်စကတ်ဘောကစားနေတဲ့ကောင်လေးများသည် မထင်မှတ်ဘဲ ဘတ်စကတ်ဘောကွင်းထဲတွင် နတ်ဘုရားအဆင့်မိန်းမလှလေးပေါ်လာရင် ဘယ်လိုတုန့်ပြန်ကြမလဲ။
ပွက်ပွက်ဆူနေသောဆီအိုးထဲကို ရေတစ်စက်ချလိုက်သကဲ့သို့ သေချာပေါက် နေရာမှာတင် ရှဲခနဲမြည်သွားမည်ဖြစ်သည်။
ထို့ကြောင့် ဘတ်စကတ်ဘောကွင်းထောင့်တွင် ရှန်းပိုင်ထျန်းနှင့် ယဲ့ဖန်တို့ရောက်လာတဲ့အခါ ကောင်လေးတွေက သူတို့အစွမ်းကုန်ကြိုးစားပြီး ရှန်းပိုင်ထျန်းအရှေ့တွင် အထင်ကြီးခံရအောင်ကြိုးစားကြသည်။
သို့ပေမဲ့ သူတို့က သူတို့ရဲ့နတ်ဘုရားမဘေးက ယဲ့ဖန်အပေါ်ကိုတော့ အမြင်ကောင်းမရှိကြပေ။
သူတို့သည် ကစားနေရင်းဖြင့် တစ်ခါတစ်ခါ ယဲ့ဖန်ရှိရာသို့ ကြွက်သားတွေကို လှမ်းပြကြသည်။
ဒါက အားပြင်းတဲ့ခြိမ်းခြောက်မှုဘဲ။
ထိုအချိန်မှာဘဲ ဘတ်စကတ်ဘောကစားနေတဲ့ကောင်လေးထဲကတစ်ယောက်ကို သူ့ကောင်မလေးက လာခေါ်သွားသည်။
ထိုကောင်လေးသည် သုံးလှမ်းလှမ်းပြီးတိုင်းတစ်ခါ ရှန်းပိုင်ထျန်းကို လှည့်ကြည့်ပြီး ထွက်သွားဖို့ တွန့်ဆုတ်နေသည်။
အသင်းထဲမှ လူတစ်ယောက်ထွက်သွားသည့်အခါ ကွင်းထဲမှ အရပ်ရှည်ရှည်၊ ရုပ်ချောချောနဲ့ကောင်လေးတစ်ယောက်က သေချာစဉ်းစားပြီး နောက်ဆုံးတွင် ယဲ့ဖန်ရှိရာသို့လျှောက်လာသည်။
" ဘတ်စကတ်ဘော ဘယ်လိုကစားရမလဲဆိုတာသိလား။ လူတစ်ယောက်လျော့နေတော့ ဘာလို့ ဝင်မကစားလဲ "
ထိုသို့ပြောပေမဲ့ ထိုကောင်လေးမျက်နှာမှာတော့ အထင်သေးတဲ့အရိပ်အယောင်ကို ဖုံးကွယ်မထားပေ။
" တောင်းပန်ပါတယ်၊ ဘယ်လိုကစားရမလဲ ငါမသိဘူး "
ယဲ့ဖန်က ချက်ချင်း ခေါင်းခါကာ ငြင်းလိုက်သည်။
တစ်ဖက်သူရဲ့အထင်သေးမှုကိုမြင်ရသော်လည်း သူအမှန်တကယ် ဘယ်လိုကစားရမလဲဆိုတာကို မသိတာကြောင့် သူတို့နဲ့ အငြင်းမပွားချင်ပေ။
အရင်တုန်းက ယဲ့ဖန် စာကိုသာကြိုးစားခဲ့ပြီး အားကစားများကို ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ ဘတ်စကတ်ဘောကဲ့သို့ ပြင်းထန်သောအားကစားများနှင့် ဝေးဝေးရှောင်ခဲ့သည်။ ထို့ကြောင့် ဘယ်လိုကစားရမလဲဆိုတာကို အမှန်တကယ်မသိပေ။
ကောင်လေးတွေက ယဲ့ဖန်အဖြေကိုကြားတဲ့အခါ ကဲ့ရဲ့သည့်အမူအရာဖြင့်ပြောကြသည်။
" ဘယ်လိုကစားရမလဲဆိုတာမသိလည်းရတယ်။ အလျှော့ပေးမယ်။ လာပါ "
ကွင်းထဲက အခြားသူတွေကလည်း အနားကို စုပြုံလာကြသည်။
" ဟုတ်တယ်၊ ဒီအတိုင် အပျော်ကစားရုံဘဲ၊ လာပါ "
" ယောက်ျားတစ်ယောက်က မလုပ်နိုင်ဘူးဆိုပြီး ဘယ်လိုများပြောနိုင်ရတာလဲ။ ယောက်ျားမှဟုတ်ရဲ့လား "
" ဟုတ်တယ်၊ ခင်ဗျားက ငကြောက်ဘဲ။ အထင်သေးအောင်မလုပ်ပါနဲ့ "
ထိုကောင်လေးတွေက သူ့ကို အတင်းတွန်းအားပေးနေ၍ ယဲ့ဖန် ချက်ချင်းပြုံးကာ လက်ခံလိုက်သည်။
" အဲ့လိုဆိုမှတော့ ဖိတ်ခေါ်ပေးတာကို လက်ခံပါတယ် "
" ထားလိုက်တော့၊ ယဲ့ဖန်။ ဒီအတိုင်းသွားရအောင်။ လမ်းလျှောက်ပြီး မုန့်စားရုံဘဲလေ "
ထိုကောင်လေးတွေသည် မကောင်းတဲ့ရည်ရွယ်ချက်ရှိမှန်း ရှန်းပိုင်ထျန်းခံစားမိ၍ ယဲ့ဖန်ကို အလျင်အမြန်တားလိုက်သည်။
" ရပါတယ်၊ သူတို့နဲ့ ဒီအတိုင်းကစားရုံဘဲ "
ယဲ့ဖန်က သူ့ကို စိတ်ချဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
" အဲ့တာဆိုလည်း ဂရုစိုက် "
ယဲ့ဖန်က ခေါင်းမာနေ၍ ရှန်းပိုင်ထျန်းလည်း လွှတ်ထားပေးလိုက်သည်။
ယဲ့ဖန်က ချက်ချင်းလှည့်ပြီး ကွင်းထဲသို့ လမ်းလျှောက်သွားကာ ကောင်လေးတွေကို ကြင်ကြင်နာနာပြုံးပြလိုက်သည်။
" ငါက ဘယ်လိုကစားရမလဲဆိုတာမသိတော့၊ မင်းတို့က အလျော့ပေးမယ်မဟုတ်လား "
" မပူပါနဲ့၊ မင်းနည်းအတိုင်းလိုက်ဆော့ပေးမှာပါ "
ကောင်လေးတွေက လျင်မြန်စွာခေါင်းငြိမ့်ပြကြသည်။
သို့ပေမဲ့ တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ကို သင်ခန်းစာပေးရန် သူတို့က အချင်းချင်းကြိတ်ပြီး အကြည့်ဖလှယ်လိုက်ကြသည်။
စနစ်၏ဆုကိုရပြီးတဲ့နောက် ယဲ့ဖန်၏ခံစားနိုင်စွမ်းသည် ကြောက်စရာကောင်းလောက်အောင်မြင့်တက်လာခဲ့တာကြောင့် ထိုကောင်လေးတွေ၏လှုပ်ရှားမှုအသေးစိတ်တိုင်းကို ချက်ချင်းတွေ့လိုက်ရသည်။
သို့ပေမဲ့ ခပ်ဖျော့ဖျော့သာပြုံးပြီး ဘာမှမပြောပေ။
ကောင်လေးတွေက ၃ယောက်တစ်ဖွဲ့စီကစားနေကြတာဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်သည် နှစ်ယောက်တည်းကျန်သောအဖွဲ့ထဲကိုဝင်လိုက်သည်။
ထို့နောက် စုံစွမ်စိကစားပြီးတဲ့နောက် တခြားအသင်းက ဘောလုံးအရင်ရသွားသည်။
ယဲ့ဖန်သည် ခံစစ်အဖြစ်တာဝန်ကျသည်။
ဘန်း၊ ဘန်း၊ ဘန်း။
ယဲ့ဖန်ကို ဖိတ်ခေါ်ခဲ့တဲ့ အရပ်ရှည်ရှည်နဲ့ကောင်လေးက ဘတ်စကတ်ဘောလုံးကို စည်းချက်ကျကျပုတ်လိုက်ပြီး ယဲ့ဖန်ဆီကို ဖြည်းဖြည်းချင်းလျှောက်လာသည်။
ရွှီး....…....
သူသည် ခြေလှမ်းမှားချင်ယောင်ဆောင်ပြီး ယဲ့ဖန်နားမှ အရိပ်လို ဝှီးခနဲဖြတ်သွားသည်။
ဘတ်စကတ်ဘောလုံးက ယဲ့ဖန်၏ ခွကြားမှ ဖြတ်သွားသည်။
ယဲ့ဖန် ဘတ်စကတ်ဘောကို ဘယ်လိုကစားရမလဲဆိုတာ မသိပေမဲ့ ထိုပုံစံကအတော်လေးအရှက်ရစရာကောင်းသည်ဆိုတာကိုတော့သိသည်။
ယဲ့ဖန်မျက်ဝန်းထဲမှ အေးစက်သည့်အရိပ်ဖြတ်သွားသည်။
သို့ပေမဲ့ ကောင်လေးတွေကတော့ သတိမထားမိပေ။
ယဲ့ဖန်၏ခံစစ်ကိုကျော်ပြီးတဲ့နောက် လူမရှိသည့်နေရာကိုဝင်လာသည်။
ယဲ့ဖန်၏အသင်းထဲကနှစ်ယောက်ကလည်း သူ့ကို မတားပေ။
ဘန်း
ထိုကောင်လေးသည် ခြင်းထဲကို အရှိန်ပြင်းပြင်းနဲ့ခုန်သွင်းလိုက်ပြီး တစ်ကိုယ်လုံးကို ခြင်းမှာ မှီကိုင်ထားသည်။
ထိုပုံစံက အတော်လေး ဩဇာရှိသည့်ပုံပေါ်သည်။
" ကျောင်းယွီ၊ မင်းကတော်လိုက်တာ "
ကွင်းထဲကလူတစ်ချို့က အားပေးလိုက်ကြသည်။
ကျောင်းယွီလို့ခေါ်တဲ့ကာင်လေးက ခြင်းကို ကိုင်ထားရာကနေ လွှတ်လိုက်ပြီး ယဲ့ဖန်ကိုကြည့်လိုက်သည်။ သူ့အမူအရာက အတော်လေးဘဝင်မြင့်နေပုံပေါ်သည်။
အခုပုံစံကို သုံးသပ်ပြီးတဲ့နောက် ယဲ့ဖန်က တကယ်ဘဲ ဘတ်စကတ်ဘောမကစားတတ်တဲ့သူတစ်ယောက်ဖြစ်မှန်း သူတို့သိနိုင်လိုက်သည်။
သူသည် အခြေခံအကျဆုံး ခံစစ်အကွက်တွေကိုပင်မသိပေ။
ထို့ကြောင့် သူတို့စိတ်ထဲမှာ ယဲ့ဖန်ကို အသုံးမကျတဲ့သူဟု ထင်လိုက်ကြတော့သည်။
ထို့နောက် ဒုတိာအကြိမ်ထပ်ကစားသည်။
ကျောင်းယွီသည် ဘောလုံးကိုကိုင်လာပြီး ယဲ့ဖန်ဆီသို့ ထပ်လျှောက်လာပြန်သည်။
သူ့ရဲ့အမူအရာက ကစားပွဲနဲ့မတူဘဲ ရှိုးလာလျှောက်တဲ့ပုံစံမျိုးဖြင့် ကျေကျေနပ်နပ်ကြီးလျှောက်လာနေသည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်ကို အထင်ကိုမကြီးပေ။
ဘန်းဘန်းဘန်း
ယဲ့ဖန်နှင့် တစ်လှမ်းအကွာရောက်တဲ့အချိန်တွင် သူတို့ မျက်လုံးချင်းဆုံသွားသည်။
" ကလေးလေး၊ နည်းနည်းပါးပါးလေ့လာ "
ထိုသို့ပြောပြီး ခုနကအတိုင်းထပ်ပြီး ခွကြားထဲမှ ဘောလုံးကိုဖြတ်သည့်အကွက်ထပ်လုပ်သည်။
သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အစီအစဉ်ရှုံးနိမ့်သွားရသည်။
ယဲ့ဖန်ကို ထပ်ဖြတ်ပြီး ဘောလုံးကိုယူဖို့လုပ်ချိန်မှာ လွဲသွားရသည်။
ကျောင်းယွီလှည့်ကြည့်လိုက်တဲ့အခါ ဘောလုံးကိုကိုင်ထားသော ယဲ့ဖန်က သူ့ကို ပြုံးပြီးကြည့်နေသည်။
ကျောင်းယွီ အံ့ဩသွားပြီး ချက်ချင်းလှည့်ကာ လုယူဖို့လုပ်သည်။
ထိုအချိန်တွင် ယဲ့ဖန်က ခြေတစ်လှမ်းနောက်ဆုတ်ပြီး လက်ကိုခေါင်းပေါ်သို့ ဖြည်းဖြည်းချင်းမြှောက်ကာ ဘောလုံးကို အသာလေးလှမ်းပစ်လိုက်သည်။
ယဲ့ဖန်၏ပစ်လိုက်တဲ့အကွက်ပုံစံက စံချိန်မမီပေ။ ပြောရလျှင် အတော်လေးကြောင်တောင်တောင်နိုင်သည်။
ထို့အပြင် သူရပ်နေသည့်မျဉ်းသည် သုံးမှတ်တန်မျဉ်းဖြစ်နေသည်။
ထိုအကွအဝေးမျဉ်းတွင် ဝါရင့်ဘတ်စကတ်ဘောကစားသမားတွေတောင်မှ ခြင်းထဲကို လှမ်းပစ်နိုင်သည်ဟု မပြောရဲကြပေ။
ထို့ကြောင့် ကွင်းထဲရှိလူများက မြင်တဲ့အခါ စိတ်ထဲပင်မထည့်ထားကြပေ။
သို့ပေမဲ့ မြင်ကွင်းအပြည့်အစုံကိုမြင်ပြီးတဲ့အခါမှာတော့ လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ဘတ်စကတ်ဘောလုံးက လေထဲမှ လမ်းကြောင်းမလှမပဖြင့် ပျံတက်သွားသည်။
ရွှီး
ဘတ်စကတ်ဘောခြင်းထဲသို့ တကယ်ကြီးကျသွားခဲ့သည်။
ဘတ်စကတ်ဘောကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဘန်း၊ ဘန်း၊ ဘန်း
ဘတ်စကတ်ဘောလုံးခြင်းထဲမှ ပြန်ပြုတ်ကျလာသံသာကြားနေရသည်။
သူတို့အချိန်ဘယ်လောက်တိတ်ဆိတ်နေမိမှန်းမသိကြပေ။
ရှန်းပိုင်ထျန်းက အရင်ဆုံးအသိကပ်လာပြီး ချက်ချင်းအားပေးလိုက်သည်။
" ပစ်လိုက်ပြီ၊ ပစ်လိုက်ပြီ။ ယဲ့ဖန်၊ နင်အရမ်းတော်တာဘဲ "
ထိုအခါမှ ကောင်လေးတွေလည်း အသိကပ်လာကြသည်။
သူတို့အားလုံး ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။
ဒီတစ်ယောက်က ဘတ်စကတ်ဘောတစ်ခါမှ မကစားဖူးဘူးလို့ပြောတယ်မဟုတ်ဘူးလား။
ကျောင်းယွီဆီက ဘောလုံးကိုလုပြီး ဘယ်လိုလုပ် သုံးမှတ်တန်ကို ပစ်လိုက်နိုင်တာလဲ။
သူက မဆော့တတ်ချင်ယောင်ဟန်ဆောင်နေတာများလား။
ယဲ့ဖန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
ဒါက အမှန်တကယ်ပင် သူ ပထမဆုံးအကြိမ် ဘတ်စကတ်ဘောကို ဆော့ဖူးတာဖြစ်သည်။
ဘတ်စကတ်ဘောလုံးက သူ့လက်ထဲရောက်လာချိန်တွင် ယဲ့ဖန် ရုတ်တရက်ထူးဆန်းသောခံစားချက်တစ်ခုကိုရလိုက်ကာ သဘာဝကျကျဖြင့် လွယ်ကူစွာလှမ်းပစ်လိုက်သည်။
ကောင်းကောင်းကြီးဝင်သွားလိမ့်မည်ဟု သူထင်မထားပေ။
သူက အရည်အထျင်းတွေတိမ်မြုတ်နေတဲ့ ဘတ်စကတ်ဘောပညာရှင်ကြီးများလား
သော့အတွဲလိုက်သည် နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသည်။